November 30, 2009

မအိမ်ကံ ( For Dec အပိုင်း - ၂)

မအိမ်မြိုင် ကွမ်းတောင်ကိုင် ဖြစ်ရမည့် အရေး ပြောကြဆို ကြတုန်းကများ ကျေးဥပင် အံ့သြခဲ့ရသည်။ ကိုယ်တိုင်မဖြစ် လိုက်ရသည့် ကွမ်းတောင်ကိုင် ဘ၀၊ သမီးကျရင် ဖြစ်စေရမည် ဆိုတာကို ကျေးဥအပြစ် မပြောချင်ပါ။ သို့သော် စိတ်ကကြီး လွန်းလှတာကိုတော့ ကျေးဥ လက်မခံချင်။ မဖြစ်ရတော့ကော ဘာဖြစ်တုံး ဆိုတာမျိုး မရှိ။ ကွမ်းတောင် မကိုင်ရတာနဲ့ပဲ လူဖြစ် ရှုံးရရောလား။ ရွာထဲမှာ ကွမ်းတောင် ကိုင်ရတဲ့ အပျိုချောက တစ်ယောက်တည်း။ မကိုင်ရတာတွေက တစ်အုပ် တစ်မ။ ဘယ်သူမှ ခံစား မနေကြ။ ဘယ်သူမှ ပူဆွေး မနေကြ။ ရွာထဲက သူငယ်ချင်းမ အေးဆုံ ပြောသလို “ကွမ်းတောင် မကိုင်ရလည်း လင်တော့ ရသာပါ ပဲအေ။ ငါဖြင့် ကလေး ခြောက်ယောက်နဲ့ ဖတ်သီကို လိုက်လို့” ဆိုသည့် စကားကိုပင် သတိရမိသေးသည်။ ကျေးဥနှင့် မအိမ်ကံ ကွမ်းတောင်ကိုင် ကိစ္စ အိမ်ကြီးပေါ်မှာ ပြောကြတော့ မလှအုံ အနားတွင် အိပ်နေခဲ့သည်။ မလှအုံက သူတို့နှစ်ယောက် ပြောတာကို အကုန်ကြားသည်။ နောက်တစ်နေ့မှာပဲ ချွေးမ ဖြစ်သူ ကျေးဥကို မေးတော့သည်။ ကျေးဥကလည်း မှန်ရာကို ပြောလိုက်သည်သာ။ ထိုစဉ်က အမေ လှအုံကပင် ပြောခဲ့သေးသည်။

“ငါလည်း နားကြား ဆိုတော့ အံ့လည်း အံ့သြမိသယ်။ ငန်းဖွဲ့တော့မှ လယ်ကျယ်မှန်း သိရသာကိုးအေ့။ တမာလည်းနု ကျေးလည်းဥ၊ တမာလည်းသီး ကျေးလည်းကြီး၊ တမာလည်းရင့် ကျေးလည်း လွင့်ရမယ့်ဟာ သူ့မှာ မလွင့်နိုင်ဘူး။ ပထမတော့ ရီးပန်းရုံကို ပြောဦးမလို့ပဲ။ ခမျာ စိတ်ဆင်းရဲ သွားရှာမှာ စိုးသာနဲ့ပဲ မပြောတော့ပါဘူး။ ကိုယ့်စိတ်ထဲ ကိုယ်ပဲ ထားလိုက် ပါတော့မယ်။ နောင်များ မအိမ်ကံကို ညည်းမပြောနဲ့ သမီး။ အမေ ပြောမယ်။ မအိမ်ကံကို ညည်းမတိုးနိုင်ဘူး”


အမေ လှအုံလည်း ဆုံးရှာပြီ။ မအိမ်ကံကို ပြောသွားနိုင်ခဲ့ပုံ မရ။ ပြောလို့လည်း ရမည် မထင်။ မအိမ်ကံကို ညည်းမတိုး နိုင်ဘူး ဆိုပေသိ အမေလှအုံ ကိုယ်တိုင်လည်း မတိုးနိုင်တာ ကျေးဥ သိပါ၏။ သမီး စိတ္တဇက ကြီးသည့်ကြားထဲ သေကွဲတွေ နှင့် ကြုံရသည်။ ရှင်ကွဲတွေနှင့် ကြုံရသည်။ သည်တော့လည်း မအိမ်ကံ ရင်ထုမနာ ဖြစ်ရှာတာ အပြစ် မတင်ချင်။ ခင်ပုပ်လည်းပျံ ဘုတ်လည်းပျံ ဘ၀တွေ ဆိုတော့ ငယ်က ပေါင်းခဲ့သည့် သူငယ်ချင်းကောင်းယောက်မကို ကပ်ဖဲ့ မတိုက်တာ အကောင်းဆုံးလို့သာ ကျေးဥ ခံယူခဲ့သည်။

အခုတော့ မအိမ်ကံတို့ အိမ်ကြီး ဆူဆူဝေေ၀ မရှိတော့။ အိမ်ဦးခန်းမှာ ထိုင်ပြီး အကြောင်း အကျိုးအကောင်း အဆိုးကို ဝေဖန်ပိုင်းခြား ပေးတတ်သည့် အမေ ပန်းရုံလည်း ငုတ်တုတ် မည်းတည်း မရှိရှာတော့ပြီ။ အမေ့ ဆေးတောင်းကလေးကို မြင်တိုင်း ရင်လှိုက်ရ လွန်းသဖြင့် အိမ် အပေါ်ထပ်က အခန်းထဲ သိမ်းထားခဲ့ရသည်။ မလှအုံ မရှိတော့သဖြင့် ခါတိုင်းလို အိမ်မှာ သောသောညံညံ ဗျစ်တောက်ဗျစ်တောက် မရှိတာကပင် ခြောက်ကပ် သွားသလို ခံစားရသည်။ မုဆိုးဖို ကိုဖိုးငွေကတော့ လူအေးသလောက် ရိုးရှာ လွန်းသဖြင့် သနားရပါ၏။ ရက်ကန်း ရုံကလေးဘက်ရောက်တော့လည်း အရီးကြာညွန့်ကို သတိရ မိရပြန်သည်။ တူဝရီးနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ရက်ကန်း အဆင် ဆန်းကလေးတွေ အကွက်အသွေး ဖော်ခဲ့ကြပုံ တွေ။ သည်လူသည် လူတွေရဲ့ နေရာမှာ မအိမ်ကံ ကိုယ်တိုင် ထဘီ ခါးစောင်း တင်ခဲ့ရပြီ။ မီးဖိုချောင်ကို ကျေးဥ ၀င်ရပြီ။

တောက်တို မယ်ရကလေးတွေအတွက်တော့ ရက်ကန်းသမထဲ က အေးငြိမ်ကို ခေါ်ထားလိုက်သည်။ အေးငြိမ်က ရက်ကန်းရုံလည်း ၀င်နိုင်သည်။ အိမ့်ဗာဟီရမှာလည်း မျက်နှာလွှဲရသူ ကလေးဆိုတော့ အားကိုးရပါ၏။ တောအလုပ်၊ အခင်း အလုပ်တွေကို ဖိုးတုတ်နှင့် ကျေးဥတို့ လင်မယားက တက်ကစီးရှိ ကြသည်။ ဖိုးကူးကတော့ အိမ်မှာ ဂျိုကာရုပ် ဖြစ်ရပါပြီ။ ငယ်စဉ်ကတည်းက မအိမ်ကံ၏ လက်က သုံးတောင်ဝှေး ပီပီ မအိမ်ကံ အထူး အားကိုးရသူလည်း ဖြစ်လာသည်။ လူပျိုသိုးကြီး ပီပီ အပူမရှိ အပင်မရှိ နောက်ဆံ ငင်စရာလည်း မရှိ။ မအိမ်ကံကိုလည်း အင်မတန် ချစ်ရှာသည်။
မအိမ်ကံ ပြန်စဉ်းစားကြည့်တော့ သည်အိမ်ကြီးမှာ သွေးသား ရင်းချာရယ်လို့ မအိမ်ကံနှင့် သမီးငယ်ခိုင်သာ ရှိတော့သည်။ သည်လို အတွေး ရောက်သွားလေတိုင်း မအိမ်ကံ အူချာ ပေါက်အောင် ရူးချင်လာမိခဲ့၏။ သူကြီးမင်း ဦးသာထန်နှင့် အမေ ပန်းရုံတို့ သမီး ခင်ပွန်းက မအိမ်ကံ တစ်ယောက်တည်း မွေးခဲ့သည်။ အသက်ကြီးမှ ပွားစီးရသောသမီးမို့ တုန်နေအောင် ချစ်ခဲ့ကြသည်။ သမီးကလည်း သမီး ဆိုရလောက်အောင် ချောမောလှသူမို့ တစ်ရွာလုံး၊ တစ်နယ်လုံးက သူကြီး သမီး ရုပ်ကလည်း ချောသဟဲ့၊ အသံကလည်း လွင်သဟဲ့၊ လက်ကလည်း ပါသဟဲ့၊ စိတ်ကလည်း နူးညံ့သဟဲ့ ဆိုကြသည် အထိ မျက်နှာ ပန်းပွင့်ခဲ့သည်။

“ကျေးဥရယ် နှစ်ပေါင်းလေးဆယ် ဆိုသာ ခဏကလေး လိုပဲနော်။ ကနေ့ မအိမ်ကံ အသက် လေးဆယ်ပြည့်သယ်။ သည်အနှစ် လေးဆယ်ထဲမှာ အဖြစ်အပျက်တွေက များလိုက်သာ ၀မ်းသာစရာတွေလည်း ပါရဲ့၊ ၀မ်းနည်းစရာတွေလည်း ပါရဲ့၊ ကြောက်စရာတွေလည်း ပါရဲ့၊ ရင်မောစရာတွေလည်း ပါရဲ့ ဘ၀တွေများ တွေးကြည့်ရင် အံ့သြစရာ။ သည်မိသည်ဘနဲ့ တစ်သက်လုံး နေခဲ့ရမယ်လို့ ထင်ခဲ့သယ်။

သည်အရွယ် ရောက်မှ တွေးကြည့်တော့လည်း ရေကြည်လည်း သောက်ရ၊ ရေ နောက်လည်း သောက်ခဲ့ရသလိုပါပဲအေ”

သည်မနက်ပဲ ကျေးဥကို ပြောမိသေးသည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ် သည်လိုရက်မှာ မအိမ်ကံကို အမေ မွေးခဲ့သည်။ တပို့တွဲ လကြီး ချမ်းချမ်းစီးစီး။ မအိမ်ကံ အိမ်ပေါ်တက်ကာ ဇာတာခြင်းထဲက ဇာတာကို သွားယူသည်။ မအိမ်ကံ ငယ်ငယ်ကတည်းက ထိုင်နေကျ ၀ရန်တာ ကလေးဘက် ထွက်ပြီး ဇာတာကို ပြန်ဖတ်သည်။ သည်ဇာတာကလည်း မအိမ်ကံ နှင့် အတူ ရှိလာတာဆိုတော့ နှစ်ပေါင်း လေးဆယ်ပေါ့။ ဇာတာ ပေရွက်ကလေးပင် ရေနံချေးရောင် ပေါက်နေခဲ့ပြီ။

“ဇေယျတု ၅၀၂၁ သကရဇ် ဒီဃ ၁၂၈၂ ခုနှစ် <ကင် ၁၉၄ သူရိယကံ ဝေါဟာရမာသ တပိုတွဲလ္ဆုတ် ၁၂ ရက် ၁ နေ ညစက် ၉ နြီာ၊ မြမ္မာ ၄ ချတ္တီးအချိန်နြီာ ပတ်ပြိ ၉ ဗီဇနာ ရပြံ ၉ ခရာ ကံလဂ်မိန်စမ်း သနွေင်္ ဟောရက် ၅ တြင် ၅ န၀င်လက္စီ နက္ခတ် ၁၂ လုံ ၃ ပတ် ၅၂ လိတ္တာ တက် လက္စီ လျက် ထိုနြီာ၏ တိသမရနက္ခတ်ကား မိကသီ ဒုတိယပတ် တိမတ်သောအခါ ရတနာသုံးပါး ဦးထိတ္တင်၍ သမီးရတနာ ဖွားသည် နာမံ မအိမ်ကံ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော်” ရွာဦး ဆရာတော်ကြီး ဖွဲ့ပေးခဲ့သည်ဆိုသော ဇာတာကို တစ်လုံးချင်း ဖတ်နေမိသည်။ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော် (ပြည့်စေသော်)တဲ့။ အသက် တစ်ရာ့ နှစ်ဆယ်သာ နေရမည်ဆိုလျှင် နောက်ထပ် အသက် ရှစ်ဆယ်နေရဦးမှာတဲ့ လား။ လူတွေအသက် တစ်ရာ့နှစ်ဆယ် အထိ ရှည်ကြလို့လား။ အသက် လေးဆယ်မှာပင် မအိမ်ကံ အတွက် ၀န်တွေ ပိလှပြီ။ အပူတွေ ရွက်ခဲ့ရပြီ။ ကိုယ့်ကိစ္စ ပါသလို သူတစ်ပါး ကိစ္စမှာလည်း ရောယောင် ပါနေခဲ့ရသည်။ အနှစ်လေးဆယ်စာ ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်များကြောင့် နောက်ထပ်အနှစ် ရှစ်ဆယ်လည်း ထပ်ပြီး အသက်မရှည် လိုတော့ပြီ။ တစ်ဖက်က တွေးပြန်တော့ မအိမ်ကံ အဖို့ရာ ကံကောင်းသည်လို့ ဆိုရမည် ထင်၏။ မျိုးကြီး ရိုးကြီးထဲမှာ ၀င်စားခဲ့သည်။ မိကောင်း ဖကောင်းတို့၏ သမီး ဖြစ်ရသည်။ အိမ့်ဝမ်းစာမ ကြောင့်ကြရသည့် အရိပ်မှာ ခိုခွင့်ရခဲ့သည်။ မိဘကို ချစ်သည့် အချစ်၊ လင်သားကို ချစ်ရသည့် အချစ်၊ သားသမီးကို ချစ်ရသည့် အချစ်။ အချစ် သုံးမျိုးစလုံး မအိမ်ကံ ရယူ ခံစားနိုင်ခွင့် ရှိခဲ့သည်။ မအိမ်ကံကို မွေးဖွား ပေးခဲ့သော လက်သည် အမေ ကြီးရိုးပုံကပင် မအေက ဥပဓိသမ္ပတ္တိဖြစ်မှ မွေးမယ့် ကလေးက ဥပဓိသမ္ပတ္တိ ဖြစ်ရတယ်ဟု ပြောကြောင်း အမေပန်းရုံက ပြောဖူးသည်။ မအိမ်ကံကို ကိုယ်ဝန် ဆောင်စဉ်က အမေ့ခမျာ ငှက်ပျောအူ နုနုကလေးတွေ တဂျွမ်းဂျွမ်း ကိုက်စားချင်ခဲ့သတဲ့။ လပြည့်ကျော် ၁၄ ရက်ဖွားဆိုရင်တော့ အဆင်းရော အချင်းပါ လှမတဲ့။ အစ်ကို မောင်မြတ်သာက နှမကလေး လိုချင်တာ မြန်မြန်မွေးကြတော့ဗျာလို့ ပြောသတဲ့။ တကယ် မွေးတော့ တပို့တွဲလပြည့်ကျော် ၁၂ ရက်နေ့။ “ညည်းတို့ သမီးက တနင်္ဂနွေ သမီးဆိုတော့ ကျက်သရေ ဦးခေါင်းမှာ တည်သယ်။ ခေါင်းကို သန့်အောင်ထား။ မင်း မိဖုရားဂြိုဟ်နဲ့ ယှဉ်မွေးသဲ့ မိန်းမဟဲ့။ လပြည့်ကျော်ဆယ့်နှစ် ရက်ဖွားဆိုတော့ ကြွယ်ပိုးကြွယ်ဝ ရှိလိမ့်မယ်။ ကောင်းလိုက်တဲ့ ဇာတာ ညည်းတို့ စောင့်ကြည့်ပါအေ။ မင်းကတော် မဖြစ်တော့ပြော” အမေကြီး ရိုးပုံ ပြောခဲ့သည့် စကားတွေ မှန်ကြောင်း မလှအုံက မကြာခဏ ပြောတတ်လို့ မအိမ်ကံ အလွတ် ရနေခဲ့သည်။ မအိမ်ကံ မွေးသည့်ညက ထူးထူးခြားခြား အနောက်ရမ်း လေကြီး တိုက်ခဲ့သည်။ ၀င်းခနဲ ပြက်လိုက်သော လျှပ်စစ်မိုးကြိုး တစ်ချက်ကြောင့် ပဲမှော် တိုက်ကြီးတောင် သိမ့်ခနဲ ခါသွားခဲ့သည်။ အိမ်ခေါင်းရင်းမှာ နှစ်နှင့်ချီကာ အပွင့် မြုံနေသော ဆပ်သွားဖူးရုံ ကြီးကလည်း မအိမ်ကံ မွေးသည့် ရက်မှ အဖူးတွေ ထိုးခဲ့သည်။ ဘုန်းကြီး ကျောင်းရိပ်က ရေကန်ကြီးပင် ပြည့်သွားအောင် မိုးကြီး တစ်မရွာခဲ့သည်။ မအိမ်ကံ အာရုံတွေထဲမှာ မအိမ်ကံ မွေးခဲ့သည့် နှစ်ပေါင်း လေးဆယ်က အဖြစ်အပျက်တွေ ဖျန်းခနဲ ဖျန်းခနဲ ပေါ်နေခဲ့လေ၏။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ ရွှေအမြုတေမှ ဖေါ်ပြခြင်းဖြစ်ပါသည်။



2 comments:

Welcome said...

စိတ်ရှည်လက်ရှည်နဲ့ ပြန်လည်ဖော်ပြပေးလို့ ကျေးဇူး။
နှစ်သက်စွာနဲ့ ဖတ်သွားကြောင်းပါ။

ခင်မင်စွာနဲ့

ချမ်းလင်းနေ said...

အကိုရေ ဇာတ်လမ်းဆက်လေးက ပိုကောင်းလာပြီဗျာ။Sweet December မှာ ပျော်ရွှင်ချိုမြိန်ပါစေဗျာ။