July 25, 2010

ရီနိုမာန် ပြောတဲ့ ပုံပြင် - ၂

"သားတော်ကြီး ရာဇရေတမာ ရဲ့ နယ်မြေသစ်ရှာဖွေရေး အစီအစဉ်တော်ကြီးကိုလည်း ဖခမည်းတော် သိလိုလှတယ် သားတော်"

" မှန်လှပါ ဖခမည်းတော် .... သားတော် စီစဉ်ဆောင်ရွက်နေတဲ့ နယ်မြေသစ်ရှာဖွေရေး အစီအစဉ်တော်ကြီးကို ထာဝရဗိမာန် စီမံကိန်းလို့ ခေါ်တွင်စေပါတယ် ခမည်းတော် "

" အကျယ်တဝင့် လျှောက်တင်စေ .... သားတော်"

" သားတော်ရဲ့ ထာဝရဗိမာန်မှာ အမတော် မိုးခါးနဲ့ အမတော် မေသူတို့က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီပေးကြပါတယ်။ အခုဆိုရင် သားတော်ရဲ့ ထာဝရဗိမာန်ကို အဓိကပါဝင် ဆောင်ရွက်နေကြတဲ့ သူများကတော့ အရှေ့ပိုင်း မယ်တော် မကီး ၊ အနောက်ပိုင်း မယ်တော် မငုံ၊ တောင်ပိုင်း မယ်တော် မြရေလျဉ် နှင့် မြောက်ပိုင်း မယ်တော် မက်မက် တို့က သားတော်ရဲ့ ထာဝရဗိမာန် မှာ အထူးအထောက်အကူ ဖြစ်စေပါတယ် ဖခမည်းတော် "

" အိမ် .... ကောင်းလှပေတယ် သားတော်...... သားတော်ရဲ့ ထာဝရဗိမာန်ပိုမို အဆင်ပြေချောမွေ့စေရန် ဥာဏ်အမြော်အမြင် ကြီးမာလှတဲ့ သုခမိန်ကြီး ဦးလူထွေး က ထပ်လောင်း ပါဝင် ကူညီစေ..... "

သုခမိန်ကြီးလည်း မဆိုင်မတွ " အမိန့်တော် မြတ် အတိုင်းပါ အရှင်မင်းကြီး "

မင်းကြီးက " သုခမိန်ကြီး ရွာသားလေး ( ဝိုင်တီယူ ) " ........... " ဘုရား "

" အဘယ့်အရေးကြောင့် ညီလာခံ ဝင်ရောက်ခစားဖို့ ပျက်ကွက် နေရတာပါသလဲ မောင်မင်း "

" မှန်လှပါ .... ကျွန်တော်မျိုးကြီး ကျန်းမာရေး မကောင်း သောကြောင့် နန်းတွင်း သမာတော်ကြီး ဇူလိုင်ဒရင်း ရဲ့ ညွှန်ကြားချက် အရ ပြည်တော်ပြန်၍ အနားယူနေခြင်းကြောင့် ညီလာခံသို့ ဝင်ေ၇ာက်ရန်ပျက်ကွက် နေရခြင်းပါ အရှင်မင်းကြီး "

" အခြေအနေ ဘယ်နှယ့်ရှိစ သုခမိန်ကြီး "

" နန်းတွင်း သမာတော်ကြီး ဇူလိုင်ဒရင်း ရဲ့ ဆေးစွမ်းကြောင့် သော၎င်း၊ အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုး ကြောင့်သော၎င်း အကျွန်တော်မျိုးကြီး သက်သာလို့ နေပါပြီ အရှင်မင်းကြီး "

" ကောင်းလေစွ.... ကောင်းလေစွ .... "

ရုတ်တရက် ညီလာခံ ပြုလုပ်ရာ နန်းဆောင်သို့ တံခါးစောင့် လမင်းတာရာ ဝင်ရောက်ခစားလာပြီး......

" မှန်လှပါ အရှင်မင်းကြီး .... အရှင်မင်းကြီးအား ဖူးမြော်ခစားရန် အရှင်မင်းကြီးရဲ့ အဆွေတော် တရုတ်ပြည်မင်း မြစ်ကျိုးအင်း ရောက်ရှိနေကြောင်းပါ ဘုရား"

" ဟဲ့ ... ငမိုက်သား အဘယ့်အရေးကြောင့် စောင့်ဆိုင်းနေရတာလဲ ....... ငါကိုယ်တော် ရှေ့မှောက် အမြန်ဝင်ရောက် ခစားစေ "

" မှန်လှပါ ဘုရား "

ဤတွင် ကျွန်ုပ်၏ တစ်ခန်းရပ် ပုံပြင်အား ခေတ္တ ရပ်နားလိုက်သည်။

လေးစားစွာဖြင့်
ရီနိုမာန်

မောင်နှမများရဲ့ အမည်နာမများအား မပြောမဆိုပဲ နားလည်မှုဖြင့် ယူသုံးထားသောကြောင့် ဒီနေရာကနေ တောင်းပန်လိုက်ရပါ။

July 24, 2010

သူငယ်ချင်းများ သို့ ပေးစာ - ၅

အရှိကို အရှိအတိုင်းသာ ရေးတက်တဲ့ ကိုယ့်အတွက်တော့ ကိုယ်ရဲ့ ဘဝမှာ ဖြတ်သန်းခဲ့တဲ့ အရိပ်တွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်စာသားတွေ ဖြစ်လို့နေခဲ့ပြန်တာပေါ့။ စိတ်ကူးယဉ်တဲ့ ဇာတ်လမ်းတွေ ရေးဖို့ ကြိုးစားလိုက်တိုင်း လမ်းလျှောက်ရင်း လမ်းပျောက်တဲ့လူ အဖြစ်လိုပါပဲ။ အတွေးတစ်ဝက်နဲ့ ဇာတ်လမ်းဆုံးသွားတယ်။ ဘယ်သူတွေ ဘာပဲပြောကြပါစေတော့ ကိုယ့်အကြောင်းပဲ ကိုယ်ရေးနေမိတော့တယ်။

ကိုယ်တို့ တပ်ပြောင်းရတော့မယ်ဆိုတော့ အိမ်မှာရှိတဲ့ ပစ္စည်းတော်တော်များများကို ရောင်းပစ်ခဲ့ရတယ်။ ကိုယ့်အမေကတော့ မိန်းမဆိုတော့ ဘယ်ရောင်းချင်ပါမလဲ။ ကိုယ့်အဖေက ခရီးကဝေးတယ်။ ဟိုးရောက်အောင် သယ်ဖို့က သိပ်မလွယ်ဘူး ဆိုတာကြောင့် ကျွန်းသေတ္တာ အလုံးသုံးဆယ်လောက်ရှိတာကို ထပ်ဝက်လောက် လျှော့လိုက်ရတယ်။ ကိုယ်တို့ နေခဲ့တဲ့ ပုသိမ်ကနေ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ခန္တီးကို ပြောင်းရမှာလေ။

ပုသိမ်ကနေ မုံရွာကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာမှန်းတော့ ကိုယ်လည်း မမှတ်မိတော့တာ အမှန်။ တပ်ပြောင်းတဲ့ အချိန်က ကျောင်းတွေ စဖွင့်တဲ့ ဇွန်လမှာပေါ့။ ခန္တီးကို သွားဖို့ ကိုယ်တို့တွေ မုံရွာက ထောက်ပို့တပ်မှာ တစ်ပတ်လောက် သောင်တင်သွားခဲ့ရတယ်။ ခန္တီးက ဆင်းလာတဲ့ သဘောင်္ကိုစောင့်နေရတာလေ။ ကိုယ်တို့ မုံရွာကနေ စထွက်တော့ သဘောင်္ပေါ်မှာ ကိုယ်တို့လိုပဲ ခန္တီးကို တပ်ပြောင်းလာတဲ့ အရာရှိ လင်းမယားနှစ်ယောက်လည်းပါခဲ့တယ်။

တပ်ပြောင်းလိုက်ပို့တဲ့ ရဲဘော်တွေလည်းပါတယ်။ ကိုယ်တို့ကတော့ အိပ်ခန်းရတော့ သင်္ဘောရဲ့ အပေါ်ထပ်မှာပဲ အေးအေးဆေးဆေးနဲ့ ခန္တီးကိုရောက်ဖို့ လမ်းမှာ ၉ ညအိပ် ၁၀ ရက်ကြာခဲ့တယ်။ ပျော်ဖို့တော့ ကောင်းသား။ တစ်မြို့ရောက် တစ်ခါရပ်နားနဲ့ မိုးတွင်းလည်း ဖြစ်တာကြောင့် ကိုယ်တို့ သင်္ဘောက ခန္တီးအထိ ရောက်အောင်သွားနိုင်ခဲ့တယ်။ လမ်းမှာလည်း ရေတိမ်တဲ့ နေရာတွေမှာ ခဏခဏ သောင်တင်နေခဲ့တာပေါ့။ မိုးတွင်းမဟုတ်ပဲ နွေအခါဆိုရင်တော့ ကိုယ်တို့ အဖြစ်ကလွယ်မှာ မဟုတ်ဘူး။ သင်္ဘောက ဟုမ္မလင်းထိပဲ ရောက်တာတဲ့လေ။ ကိုယ်လည်း စပ်စပ်စုစုမေးကြည့် လိုက်မိပါတယ်။ အဲလိုဆို သားတို့ ဘယ်လို့ ခရီးဆက်သွားရမှာလို့။ ဟုမ္မလင်းကနေ ခန္တီးကို စက်လှေနဲ့ ခရီးစက်ရမှာပေါ့တဲ့။

ခန္တီး သဘောင်္ဆိပ်ကို ရောက်တော့ တပ်ကအရာရှိတွေက လာကြိုနေကြတယ်။ ဖြစ်ချင်တော့ ကိုယ့်အဖေရဲ့ သူငယ်ချင်းက ကိုယ်တို့ ပြောင်းရမဲ့တပ်မှာ ရှိနှင့်နေပြီ။ ကိုယ်အတွက်လို့ ပြောရင်းပိုမှန်လိမ့်မယ်။ အဲတပ်ကိုရောက်မှပဲ အရာရှိနေတဲ့ အိမ်နဲ့နေရတော့တယ်။ တပ်က တပ်ဟောင်းဆိုတော့ အိမ်တွေကလည်း ဟောင်းနေတာပေါ့။ ဒါပင်မဲ့ အိမ်ကြီးတွေကတော့ အကြီးကြီးတွေပါပဲ။ ကိုယ်ကတော့ ဘယ်နားရောက်ရောက် ပျော်နေခဲ့တာပါ။

ဒီတပ်ကိုရောက်လာတာ ကိုယ်တို့အတွက် ဘဝပေး အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲပေးလိမ့်မယ်လို့ ကိုယ်မတွေးထားခဲ့ဘူး။ ကိုယ်နေခဲ့တဲ့ အရပ်ဒေသတွေ ထဲက ဒီအရပ်က ရာသီဥတုအရမ်းကို အေးချမ်းတယ်လို့ ထင်ထားလိုက်မိတယ်။ ကိုယ် အဲမှာ လေးတန်းစတက်တယ်။ ကိုယ်အစ်ကိုက ရှစ်တန်းပေါ့။ ကိုယ်တို့နဲ့ အတူတူပါလာတဲ့ ကိုယ်တို့ရဲ့မွေးစားအစ်ကိုလည်း ရှစ်တန်းပေါ့။ သူ့ကိုတော့ ကျောင်းနှစ်ဝက်လောက်မှာပဲ သူ့အမေကပြန်လာခေါ်လို့ ပြန်သွားခဲ့တယ်။

ကိုယ့်အစ်ကိုရဲ့ ပါရမီလို့ပဲ ပြောရမလားပဲ။ ကျောင်းထားနိုင်တဲ့ မိဘတွေရှိပါလျှက် ရှစ်တန်းနဲ့ ကျောင်းထွက်လိုက်တယ်။ ကျောင်းထွက်ပြီး အလုပ်လုပ်လား ဆိုပြန်တော့ လည်း မဟုတ်ပြန်ဘူး။ မိဘတွေ အဆင်ပြေနေတဲ့ အချိန်ဆိုတော့ သူလုပ်ချင်တာ လုပ်လို့ရတဲ့ အချိန်ပေါ့။ သူလုပ်လို့ ရတဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်ပဲ မလုပ်သင့်တဲ့ အလုပ်ကို လုပ်မိတော့ သူ့ဘဝအတွက် နောက်ဆုံးအချိန်ထိကို သယ်ဆောင်သွားခဲ့တယ်လေ။

ကိုယ်နဲ့ ကိုယ့်အမေကတော့ စိတ်ချင်းစပ်နေတယ်လို့ ထင်တယ်။ ခန္တီးမှာနေတုန်းက ငှက်ဖျားရောဂါ ရလိုက်တယ်။ ကိုယ်ဖျားရင် ကိုယ့်အမေပါ လိုက်ဖျားတယ်။ အမေဖျားခဲ့ရင်လည်း ကိုယ်ပါလိုက်ဖျားတယ်။ ကိုယ့်အမေကတော့ ငှက်ဖျား နောက်ဆုံးဆေးလို့ပြောတဲ့ အာတီမီတာ နဲ့ ကောင်းသွားတယ်။ ကိုယ်ကတော့ အာတီဆူနိပ် နဲ့ ရပ်နေတယ်။ ဘယ်အချိန် ထထဖြစ်မလဲဆိုတဲ့ စိတ်ကတော့ ရှိနေတုန်းပဲ။

ကိုယ်မှတ်မိသေးတယ်။ ကိုယ်က ဆေးထိုးရမှာ အသေကြောက်တာ။ ဆေးသောက်ဆို ဘယ်နှလုံးပဲ ဖြစ်ဖြစ်သောက်နိုင်တယ်။ ကိုယ်နေမကောင်းဖြစ်တော့ ဆေးမှူးက ဆေးထိုးဖို့ပြောတော့ ကိုယ်အကြောက်အကန် ငြင်းခဲ့တယ်။ ဆေးပဲသောက်မယ်ပေါ့။ ဆေးထိုးရင် တစ်ရက်နဲ့ပျောက်မှာကို ကြောက်လို့ မထိုးပဲ ပေးသမျှဆေးကို သောက်တာ နောက်ဆုံး သောက်သမျှဆေးတွေ အကုန်လုံး ပြန်အမ်ထွက်လာတော့မှ ကိုယ်ဆေးထိုးဖို့ လက်ခံခဲ့တာ။ သူငယ်ချင်းတို့ ကြားဖူးမလာတော့ မသိဘူး။ လိပ်ပြာတောင် အပ်ဆိုတာလေ။ အသေးဆုံးဖြစ်တဲ့ လိပ်ပြာတောင်အပ်နဲ့ပဲ ဆေးအထိုးခံခဲ့တာ။ ဆေးထိုးတဲ့ လူကိုလည်း မှတ်ထားသေးတယ်။ သွေးကြောနှစ်ခါ ဖေါက်လို့ကတော့ နောက်တစ်ခေါက် အလှည့်မကျစေရဘူး။

ကိုယ့်အစ်ကို လုပ်ချင်တာ လုပ်လို့ရတဲ့ အချိန်မှာ ဒါဟာ ကိုယ့်အတွက် အခွင့်အရေး တစ်ခုဖြစ်နေခဲ့တာ ခုမှ နားလည်နေမိတော့တယ်။


လေးစားစွာဖြင့်
ရီနိုမာန်


July 23, 2010

ပေါက်တက်ကရ


ဖြစ်ရိုးဖြစ်စဉ် တစ်ခုနဲ့ ငါ့ရင်မှာ
ဗလောင်ဆူနေတဲ့ ငါ့နှလုံးသား
ဘာမှ မရှိတော့တဲ့ ငါ့ ခန္ဓာ
တောင်းတနေမိ အသွေးနဲ့အသား

လှပနေလိုက်တာ ပန်းကလေးတစ်ပွင့်လို
ဆူးခက်တွေ ကာရံနေတာ ငါမသိရပါလား

ဝိုင်းအုံးလာတဲ့ ပျားပိတုန်းများက
နေရောင်ရဲ့ အောက်မှာ တင့်တယ်ဖို့
စောင့်လို့ ကြိုနေကြပြီ

ငါ့ အတ္တတွေ စိန်စီဖို့
ငါ့စိတ်တွေ ငါ ခိုင်း
ငါ ရိုင်းနေပြီလားလို့ ငါတွေး
ငါ့ ကိုယ်ငါ မယိမ်းအောင်
ငါ ထိန်းရင်းနဲ့

လေးစားစွာဖြင့်
ရီနိုမာန်

July 19, 2010

အာဇာနည်နေ့


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်များ အားလုံးကို ဒီနေရာကနေ ( ဒီပိုစ့်လေး)နှင့် လေးစားစွာ အလေးပြုလိုက်ပါသည်။

ကျနော်တို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း
ရှိများရှိနေခဲ့ရင်..........

ဒီ ၆၃နှစ်ဆိုတဲ့ ကာလမှာ
မြန်မာဆိုတာ.........

အကျင့်မကောင်းပဲ အဒွန့်ရှည်နေကြတဲ့
နေရာမှာ
ဘုန်းကြီးပြီး အသက်မရှည်ခဲ့ရတဲ့
ဗိုလ်ချုပ်အောင်ဆန်း သာဆိုလျှင်.............

လေးစားစွာဖြင့်
ရီနိုမာန်

July 18, 2010

သွေး အလှူ

ရခဲလှတဲ့ ကျနော်ရဲ့ လူ့ဘဝ သက်တမ်း ၂၉နှစ် အတွင်းမှာ ပကာသန လုံးဝမပါပဲ ပြုလုပ်နိုင်ခဲ့တဲ့ အလှူနှစ်ခုအဖြစ် သွေးလှူတဲ့ အလှူကိုပဲ မှတ်တမ်းတင်ရမှာပါ။ ပထမဆုံး အကြိမ်တုန်းက ကိုဇူလိုင်ဒရင်း ရဲ့ အကူအညီနဲ့ သွေးလှူနိုင်ခဲ့ပါတယ်။ ခု ဒုတိယ အကြိမ်မှာတော့ ကိုမိုးကုတ်သားကို အကူအညီတောင်းပြီး ကျနော့်ရဲ့ ဒုတိယအကြိမ်မြောက် သွေးလှူခြင်း အလှူအထမြောက်ခဲ့ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တို့တွင် ကူညီပေးကြတဲ့ ကိုဇူလိုင်နှင့် ကိုမိုးကုတ်သားတို့အား ဒီနေရာကနေ ကျေးဇူးတင်ပါကြောင်း နှင့် ကျနော်ပြုခဲ့သော ကုသိုလ်အားလုံးအတွက် ကျွန်တော် မောင်နှမများ အားလုံး မုဒိတာ ပွားနိုင်ကြပါစေလို့ .......

ခင်မင်လေးစားစွာဖြင့်
ရီနိုမာန်

July 16, 2010

ရီနိုမာန် ရဲ့ A to Z က ဒီလိုပါတဲ့ဗျာ

A - American Idol

ကြည့်ဖြစ်တာတော့ ၂၀၀၄ လောက်ကမှ စကြည့်ဖြစ်တာပါ။ သီချင်းဆို ဘာသီချင်းဖြစ်ဖြစ် ကြိုက်တက်တဲ့ ကျနော်အတွက်တော့ ဒီအစီအစဉ်လေး အရမ်းကို စွဲလမ်းစေမိခဲ့ပါတယ်။

B - Books

စာအုပ်တိုင်း လိုလိုမဖတ်ဖြစ်ပေမဲ့၊ စာအုပ်တိုင်း လိုလို စိတ်ဝင်စားတာ ကျနော်ပါ။ အိမ်သာတက်ရင်တောင် လက်ထဲမှာ စာအုပ်တစ်အုပ်အုပ် အမြဲတမ်းပါနေပါတယ်။ ဒါကြောင့် စာအုပ်ကလည်း ကျနော်အတွက် အရေးပါတဲ့ အရာများထဲက တစ်ခုပေါ့။

C - Computer

သူလည်း ကျနော်အတွက် အရေးပါတဲ့ အထဲမှာပါတယ်။ မသုံးတက်ခင်တုန်းကတော့ စိတ်ထဲမှာ သိပ်ရှိခဲ့ပေမဲ့၊ သုံးတက်လာတဲ့ နောက်ပိုင်း ကိုယ့်ကိုအရူးတစ်ယောက်လို ဖြစ်ခြင်းမလှ ဖြစ်သွားအောင် စွဲဆောင်လိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော်ရူးသွပ်တဲ့ အရာထဲမှာ ပါနေရပါတယ်။

D - Diligence

ဒီစကားလုံးကတော့ ကျနော်နဲ့ ရင်းနှီနေခဲ့တာ ကြာပါပြီ။ သူ့ရဲ့ အဓိပ္ပါယ်ကို မသိသေးတဲ့ အချိန်ကတည်းက သူ့ရဲ့ အဓိပ္ပါယ်အတိုင်း ကျနော်ကိုယ်တိုင်း ပြုလုပ်နေခဲ့မိတာ နှစ်ပေါင်းမျာစွာ ကြာခဲ့ပါပြီ။

E - Excellence

လူတိုင်းလိုလို ဒီစကားရဲ့ အဓိပ္ပါယ်ကို ကြိုက်နှစ်သက်ကြတယ်။ အဲဒီ အထဲမှာ ကျနော်လည်း တစ်ယောက်အပါအဝင် ပေါ့။ ဒါပေမဲ့ လူတိုင်းလိုလို အဲစကားရဲ့ အဓိပ္ပါယ် အတိုင်း လိုက်မလုပ်နိုင်ကြဘူး။ ကျနော်ကိုယ်တိုင်းလည်း မလုပ်နိုင်ပါဘူးလေ။ ဒါပင်မဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေပါတယ်။

F - Friends & Family

ဒီနှစ်ခုကတော့ ကျနော်ဘဝအတွက် အရေးပါ အရာရောက်ဆုံးလို့ ပြောရင် မှားတယ်လို့ မထင်ပါဘူး။ အဓိက ကတော့ မိသားစုပေါ့။ ကျနော် အသက်ရှင်နေရတာလဲ ဒီမိသားစုကြောင့် လို့ ပြောရင်ကြားရတဲ့ လူတွေက ပိုတယ်လို့ ပြောကြပါလိမ့်မယ်။ လိုတောင် လိုနေအုံးမှာပါ။ မိသားစုနဲ့က အမြဲတမ်း အတူနေရတဲ့ ကံက ပါမလာတော့ သူငယ်ချင်းတွေက ကျနော်ရဲ့ ဒုတိယ မိသားစုလေး ဖြစ်လာခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ခု ကျနော်အတွက်တော့ အရေးပါဆုံး လို့ ပြောရမှာပါ။

G - Ghost

သေသေချာချာလေး ပြန် စဉ်းစားကြည့်လိုက်ရင် တော်တော် သနားစရာကောင်းတဲ့ သတ္တဝါတွေပါ။ လူသက်တမ်းဆိုတာ တကယ့်ကို တိုတိုလေး အတွင်းမှာ မစွဲလမ်းသင့်တာကို စွဲလမ်းမိလိုက်တော့ မရောက်သင့်ပဲေ၇ာက်သွားကြရတဲ့ သူတို့တွေရဲ့ အကြောင်းကို တွေးပြီး ကိုယ်ကိုတိုင်လည်း တရားရနေမိပြန်တယ်။

H - Hobby

ဘာမှ စွဲစွဲမြဲမြဲ မရှိပါဘူး။ ဒါကြောင့်လည်း ကိုယ့်ကိုကိုယ် ခဏခဏ ပြန်မေးကြည့်ဖူးပါတယ်။ အဖြေက တိတိကျကျ ဘာမှ မရခဲ့ပါဘူး။ အကုန်လုံးကို စိတ်ဝင်စားပင်မဲ့ တစ်ဖက်ကမ်းခတ် ကျွမ်းလှတယ်လို့ မရှိသလောက်ပါ။

I - India Movie

သွေးကပဲ ကုလားသွေးပါနေလို့လာတော့ မပြောတက်ပါ။ ကုလားကား ဆိုကြိုက်တယ်လို့ ပြောလို့ရတဲ့ အထဲမှာ ပါပါတယ်။

J - Jesus Jesus Christ

ကျနော်က ဗုဒ္ဓဘာသာဝင် တစ်ဦးဆိုပင်မဲ့ Jesus ရဲ့ သားတော် သမီးတော် တွေနှင့် အကျွမ်းတဝင် ရင်ထဲကနေ ခင်နေမိ ချစ်နေမိတာတော့ ဘယ်သူတားတား တားလို့ရနိုင်မှာ မဟုတ်ပါဘူး။

K - Karaoke

အမုန်းဆုံး ပါ။ ဘာလို့ မုန်းလည်း တော့ မမေးပါနဲ့။

L - Life

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ Life တွေက မတူညီကြပါဘူး။ မတူညီတာကို ကြည့်ပြီး အားကျနေလို့လည်း အပိုပါ။ ကိုယ့် ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ လက်ရှိ အချိန်ကိုပဲ ဘယ်လိုပုံစံမျိုးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ် ဆိုတာကိုပဲ အမြဲတွေးနေ၊ ဆောင်ရွက်နေမိတော့တာပါပဲ ဗျာ။

M - Music

တော်တော်ကို ရူးသွပ်တယ်လို့ ပြောရမဲ့ အဖြစ်ပါ။ ကျနော်ရဲ့ အေးအေးချမ်းချမ်းနဲ့ နေရမဲ့ အချိန်တွေဆိုရင် ( အလုပ်နားရက်) သီချင်းလေး နားထောင်၊ စာအုပ်လေးဖတ် ဒါဟာ ကျနော်ရဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ နည်းတစ်မျိုးပါ။ စိတ်တစ်အားညစ်လာပြီး ဆိုရင်လည်း သီချင်းနားထောင်ရင်း ထွက်ပေါက်ပေးခဲ့ရပေါင်းများ နေပါပြီ။

N - Natural

အနေအေးတယ်။ စကားပြောနည်းတယ် ( မခင်မိသေးရင်ပေါ့)။ အပို မပြောတက်ဘူး။ လိမ်ညာတဲ့ စကားကို လိုအပ်တဲ့ နေရာမှသာ သုံးတက်ခြင်း။ တစ်ပါးသူ အဆင်ပြေမယ်ဆိုရင်တော့ လိမ်ပြောဖို့ ဝန်မလေးတဲ့သူ။ ပြုံးပြ ပြီးမှ စကားပြောတက်ခြင်း။ ( လိုအပ်တာများရှိသေးရင် ထပ်ဖြည့်ပေးသွား ကြပါအုံးဗျာ)

O - Occupation

2000ခုနှစ်လောက်က အလုပ်စလုပ်တယ်။ စစခြင်း အလုပ်က ဟိုရုံးသွား လက်မှတ်သွားထိုးလိုက် ဒီရုံးသွား လက်မှတ်ထိုးလိုက် အထွေထွေ အလုပ်သမားလေးပါ။ နောက်တော့ ကွန်ပြုတာလေးကိုင်တက်လာတော့ ရုံးထိုင်ပြီး စာရွက်စာတမ်းလေး တွေလုပ်ပေးရတယ်။ နှစ်နဲ့ချီကြာလာတော့ ကျွမ်းကျင်လို့ မဟုတ်ပဲ အတွင်းရေးမှူး လုပ်ခွင့်ရတယ်။ ၂ နှစ်လောက်နေတော့ ပိုက်ဆံမက်လာခဲ့တယ်။ ဒါကြောင့်လည်း GW ရားထူးနဲ့ မလေးရှားရောက်သွားခဲ့တယ်။ ခုတော့ တွေ့တဲ့ လူတိုင်းက ကျနော် ကို PR လား S pass လားလို့ မေးနေကြတော့ ဒီနေရာလေးကနေပဲ ဒီကျွန်းသေးသေးလေးပေါ်မှာ ကျနော် WP နဲ့ အလုပ်လုပ်နေပါတယ်လို့ ........

P - Paula abdul

ဘာကြောင့်မှန်း မသိပဲ သူမကို ကျနော် သဘောကျမိတယ်။ စတင်လို့ ရင်းနှီးခဲ့တာလည်း American Idol စကြည့်လိုက်တဲ့ အချိန်ကပေါ့။ Music ကိုရူးသွပ်တဲ့ ကျနော်အတွက် သူမဟာ ကျနော်ရဲ့ အရူးတစ်ယောက် ဖြစ်ခဲ့ရပြန်တယ်။ music အပေါ်မှာ ရူးသွပ်စွာ ခံစားတက်တဲ့ သူမရဲ့ အကျင့်ကို နှစ်သက်မိတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

Q - Queen

ဒီနေရာမှာ ကျနော်ရည်ရွယ်ပြီး သုံးတဲ့ အဓိပ္ပါယ်က အရေးပါ အရာရောက်ဆုံးသော မိန်းမ ဆိုတဲ့ အနက်ကို ကောက်ယူ အသုံးပြုလိုက်ပါတယ်။ ကျနော်ဘဝအတွက် ဘယ်သူမှ နှိုင်းယှဉ်လို့ မရတဲ့ အရေးပါ အရာရောက်ဆုံးသောမိန်းမ ဆိုလို့ အမေတစ်ယောက်ထဲပါ။ အဲဒီနေရာကို ဘယ်သူမှ မဝင်နိုင်သလို ဘယ်သူကိုမှလဲ မပေးနိုင်ပါဘူး။

R - Ree Noe Mann

http://reenoemann.blogspot.com


S - Simon Cowell

ဒါကျတော့ သူကို သဘောကျတာမဟုတ်ပါ။ သူရဲ့ ဒိုင်းလူကြီး နေရာကို အားကျမိတာ။ စိတ်ကူးထဲမှာလဲ တစ်နေ့ ငါတို့ရဲ့ မြန်မာပြည်ကြီးမှာလည်း Myanmar Idol လုပ်လို့ ရခဲ့ရင် သှူုနေရာမှာ ထိုင်ပြီး အကောင်းဆုံးရွေးချယ်မှုတွေနဲ့ ဆုံးဖြတ်နိုင်လိမ့်မယ် ဆိုရင် တစ်နေ့ ရီနိုမာန်လည်း Myanmar Idol ရဲ့ ဒိုင်းလူကြီးနေရာမှာများ ထိုင်နိုင်ခဲ့ရင်လို့ ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့........

T - Taunggyi မြို့

နေချင်ခဲ့တာက ကလောမြို့ ဆိုပင်မဲ့ ကျနော်ကိုယ်တိုင် သဘောကျမိတာက တောင်ပေါ်မြို့လေး တစ်ခုဖြစ်တဲ့ တောင်ကြီးမြို့ ပါပဲ။ အေးချမ်းပြီး ချစ်စရာကောင်းတဲ့ မြို့လေး ပါ..........

U - Understand

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ နားလည်မှုရှိဖို့ အရေးကြီးဆုံးပါ။ နားလည်မှုသာ မရှိခဲ့ဖူးဆိုရင် မောင်နှမ မပြောနဲ့ လင် နဲ့ မယား လည်း ပြိုကွဲသွားနိုင်ပါတယ်။ သူစိမ်းဆို ပိုဆိုးတာပေါ့။ နားလည်မှု ရှိခဲ့ကြမယ်ဆိုရင်လည်း ရန်သူတောင် မိတ်ဆွေ ဖြစ်နိုင်ပါတယ်။ ဒါကလည်း ကျနော်ရဲ့ လက်ကိုင်ဆောင်ပုဒ် မဟုတ်တောင် ကျနော်အမြဲ အသုံးပြုနေတဲ့ အရာပါ။

V - Volunteer

မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုပင်မဲ့ ငွေရှိမှ လှူနိုင်တာ မဟုတ်ရပါဘူး။ ငွေမရှိလည်း လူရှိတယ်။ ကိုယ်ရဲ့ကိုယ်ပိုင် လုပ်အားလေးနဲ့ လှူလိုက်နိုင်ခြင်း အားဖြစ်လဲ အလှူဆိုတာ အထမြောက်ပါတယ်။ ကမ္ဘာမှာပါ ဒီအလုပ်လေးကို ကိုယ်တက်နိုင်သလောက် လုပ်နေကြတာ ကျနော်တို့ကကော မလုပ်နိုင်ကြဘူးလား။

W - Writer

စာရေး ဆရာ ဆရာမ အားလုံးကို လေးစားသလို၊ ကိုယ်တိုင်လည်း စာရေးဆရာဖြစ်ချင် မိပါတယ်။ စာဖတ်အား အရမ်းနည်းတော့ စာတစ်ကြောင်း ပြေပြစ်လှပအောင် မရေးနိုင်သေးပါဘူး။ ဖြစ်နိုင်ဖို့ ဆိုတာ အဝေးကြီးမှာ ဆိုပင်မဲ့ ကြိုးစားနေမိပါတယ်ဗျာ။

X - X.men

ဟုတ်သောရှိ မဟုတ်သောရှိ ကြည့်လို့ ကောင်းလို့ ကြိုက်ပါတယ်။

Y - Year

နောက်ထပ် ရေးတွက်နေမိတယ်။ ဘယ်လောက်များ နေရပါ့အုံးမလဲလို့။ (

Z - Zero

ဘဝကို သုံည ကနေ စနေရတဲ့ ကောင်လေးတစ်ယောက်ပါ။ လောလောဆယ်တော့ သုံည ဆိုတာကြီးကို လက်ဝယ်ပိုင်ဆိုင် ထားပါကြောင်း ပြောကြားရင်........

မကြီး မနော်ဟရီ (ရေ) လို့ တောင် မအော်နိုင်တော့တဲ့ အဖြစ်ပါ။
ရက်စက်ပါပေ့ လို့ မပြောတော့ပါဘူး ချစ်လို့ တက်ခ့် တယ်လို့ မှတ်ပါတယ်။
တော်တော်လေးကြာမှ ရေးပေးနိုင်တဲ့ အတွက် တ့ဝန်ပူ နဲ့ တောင်းပန်လိုက်ရပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

July 15, 2010

ရီနိုမာန် ပြောတဲ့ ပုံပြင် (၁)

မင်းကြီးသည် ဘယ်ဖက်၌ ခစားနေသော မိဖုရားခေါင်းကြီး ဘက်သို့ လှည့်ပြီး

"
မိဖုရားခေါင်ကြီး စူဠာကောင်းကင်ပြာ "
"
မှန်လှပါမာင်တော် "

"
မယ်တော်ကြီး မေတ္တာရောင်ပြန် ရဲ့ ကျန်းမာရေး အခြေအနေကို သိလိုတော်မူလှ တယ် မိဖုရားခေါင်းကြီး "


" မှန်လှပါမာင်တော်၊မာင်တော်ဘုရားရဲ့ မယ်တော် အပေါ်ထားတဲ့မတ္တာစတနာ မှန်ကန်တာကြောင့် ညီလာခံသို့ ဝင်ရောက်ခစားနိုင်ခြင်း မရှိသေးသည်မှလွဲ၍ ပုံမှန် အနေအထားသို့ပန်လည်ရောက်ရှိ နေကြောင်းပါမာင်တော် "

" အိမ်...
ငါကိုယ်တော် ကြားရတာ သက်သာတော်မူလှပေတယ် "

မင်းကြီးသည် ပလ္လင်ပေါ်မှ ညီလာခံကို ဝင်ရောက်ခစား လာကြတဲ့သူများကို တစ်ချက်ဝေ့ကြည့်ပြီး...

"
အမတော်ကြီး မနော်ဟရီဒေဝီ ကိုလည်း မမြင်ပါ့လား အမတော် ထိပ်ထားအိန္ဒြာ "


" မှန်လှပါမာင်တော် မင်းကြီး .... အမတော်ကြီး မနော်ဟရီဒေဝီ ဟာဆိုရင် သားတော်ကြီး ရာမဇက် နှင့် သားတော်ငယ် လက္ခဏခေတ်နေ တို့ရဲ့ဝရာဝစ္စဗျာများနေသာကြောင့် ညီလာခံ အဝင်နောက်ကျနရခြင်းပါ ..... မောင်တော် "

"
ကဲ ... ကဲ ရှိစေတော့ အမတော် ထိပ်ထားအိန္ဒြာ .... ကိုယ်တော် ပွဲတော်တည်တဲ့ အချိန်တော့ စုံစုံလင်လင်မင်လိုတော်မူတယ် အမတော် "

မင်းကြီးရဲ့ ပွဲတော်စာ အတွကဒိုင်ခံ စီစဉ်ဆာင်ရွက်ပေးနေသော ညီမတော် မေလေးကလျာ အား....

"
ညီမတော် မေလေးကလျာ ..... ပွဲတော်စာများပင်ဆင်ပြီးပါပကော "


" မှန်လှပါ အကိုတော်.... ညီမတော် မေလေးကလျာ အကိုတော် မင်းကြီး စိတ်တိုင်းကျ ဂတွင်းတွေ့စေမယ် ဟင်းအမယ်မျိုးစုံ စီစဉ်ထားကြောင်းပါ အကိုတော်"

"
ငါကိုယ်တော် ဂတွင်းမတွေ့မှာကိုတော့ စိုးရိမ်တော် မမူပေဘူး... ယုံကြည်တော်မူပေးတယ် ငါ့နှမ "

မင်းကြီးလည်း ရုတ်တရက် သတိရသွားသော ဟန်ဖြင့်....

"
ဟဲ့..... ဘဏ္ဍာထိန်းကြီး ဝဏ္ဍဘိုဘို "


" အမိန့်တော် ရှိပါ အရှင်မင်းကြီး "


"မျောက်ကျွန်းကို အပိုင်စားထားတဲ့ ငါ့ရဲ့ အဆွေတော်ကြီး မင်းကနောင်ဖိုးစိန် ရဲ့မွေးနေ့တော် အတွက် ဘာများ ပြင်ဆင်ထားသတုန်း “


“ မှန်လှပါ အရှင်မင်းကြီး …. ကျွန်တော်မျိုးကြီး လက်ဆောင်ပနာ အပြည့်ပါတဲ့ လှည်း ၇စင်းနှင့် အတူ ကညာပျို ၇ ဦးတို့ကို အရှင်မင်းကြီးရဲ့ အဆွေတော် အတွက် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းပါ ဘုရား “


“ အိမ်…. ကောင်းလေစွ ကောင်းလေစွ…. အချိန်အခါ မလင့်စေရန် ဒီညီလာခံ အပြီး တောင်စွယ် နေကွယ်တာနဲ့ အမြန်စေလွှတ်စေ… “


“ မှန်လှပါ အမိန့်တော်မြတ်အတိုင်း နားခံလျှက်ရှိကြောင်းပါ ဘုရား” ဘဏ္ဍာထိန်းကြီး ဝဏ္ဍဘိုဘိုလျှောက်လို့ အပြီးမှာတော့…..


သုခမိန်ကြီး ကိုရင်နော် ခစားလျှက်ပါ အရှင်မင်းကြီး “


လက်ဆောင်ပနာများနှင့်တကွ ကညာပျို ၇ ဦးတို့အား သုခမိန်ကြီးမှ လမ်းခရီးတစ်လျှောက်လုံး စောင့်ရှောက်စေပြီး ငါကိုယ်တော်ရဲ့ မွေးနေ့ဆုတောင်း စာချွန်လွှာကို မျောက်ကျွန်းကို အပိုင်စားတဲ့ မင်းကနောင်ဖိုးစိန် ထံ သုခမိန်ကြီး ကိုယ်တိုင် ဆက်သစေ… “


“ လွန်ဆန်ဖို့ ခွန်အားမရှိကြောင်းပါ အရှင်မင်းကြီး “ သုခမိန်ကြီးရဲ့ လျှောက်တင်ချက်အပြီးမှာတော့…….


ညီတော် သက္ကဆောင်ချမ်းမိုး ……. ညီတော်ရဲ့ တူတော်နှစ်ပါးဖြစ်တဲ့ သားတော်ကြီး နန္ဒနေဝသန် နဲ့ သားတော်ငယ် သူရိယခရေတွန် တို့ဆီက အမှာတော်များရှိရင် မနှေးအမြန် သံတော်ဦး တင်စမ်း ညီတော်”


“ မှန်လှပါ နောင်တော်မင်းကြီး … မင်းညီမင်းသားတို့ တက်အပ်တဲ့ အဌာရသ ပညာရပ်ကို သင်ကြားဖို့ စေလွတ်ထားတဲ့ သားတော်နှစ်ပါးဆီမှ အမှာတော် ရှိကြောင်းပါ နောင်တော်….. သားတော်ကြီး နန္ဒနေဝသန် ဟာ ခမည်းတော် မယ်တော်နှင့် တိုင်းသူပြည်သားတို့ အပေါ်သံယောဇဉ် ကြီးတာကြောင့် လွမ်းဆွတ်နေကြောင်း အမှာတော်ပါပါတယ် နောင်တော် “


သားတော်ငယ် သူရိယခရေတွန် ကတော့ ရောက်ရောက်ချင်းမှာ မပျော်မွေ့ပင်မဲ့ တူတော်ငယ်ရဲ့ ပင်ကိုစရိုက်အတိုင်း ရောက်တဲ့ နေရာမှာ ပျော်အောင်နေတက်တဲ့ အတွက် ပူပင်စရာမရှိကြောင်းပါ နောင်တော်…”


“ ကောင်းလေစွ ညီတော်…. ခြေမြန်တော်များ ဖြစ်ကြတဲ့ မြင်းစိုင်းကိုဂျေး နှင့် ဝန်သိုငချမ်းကောင် တို့ကိုစေလွှတ်၍ သားတော်နှစ်ပါး အတွက် ငါကိုယ်တော်ရဲ့ စာချွန်လွှာကို ပေးအပ်ဖို့ အမြန်ဆုံး စေလွှတ်စေ ညီတော် “


အမိန့်တော် မြတ်အတိုင်း ပါ နောင်တော် “


ဤတွင် ကျွန်ုပ်၏ တစ်ခန်းရပ် ပုံပြင်အား ခေတ္တ ရပ်နားလိုက်သည်။


လေးစားစွာဖြင့်

ရီနိုမာန်


မောင်နှမများရဲ့ အမည်နာမများအား မပြောမဆိုပဲ နားလည်မှုဖြင့် ယူသုံးထားသောကြောင့် ဒီနေရာကနေ တောင်းပန်လိုက်ရပါ။

July 14, 2010

ရီနိုမာန် ပြောတဲ့ ပုံပြင်

့ဟိုးရှေးရှေးတုန်းက တိုင်းပြည်ကြီး တစ်ခုမှာ မျှမျှတတ မင်းလုပ်အုပ်ချုပ်နေတဲ့ ဘုရင်တစ်ပါး ရှိခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေကို တစ်ပတ် တစ်ကြိမ် စုဝေးစေပြီး ညီလာခံ ပြုလုပ်လေ့ရှိတယ်။ ညီလာခံကိုလည်း မင်းညီမင်းသား၊ မှူးကြီးမတ်ကြီးများ နှင့် မောင်းမတွေပါမကျန် စုံညီစွာ တက်ရောက်စေပြန်ပါတယ်။ မင်းကြီးရဲ့ တိုင်းပြည်မှာ လက်ရုံးတစ်ဆူလို အားကိုးရတဲ့ ပညာရှိသုခမိန်ကြီးလေးဦး လည်းရှိပြန်ပါတယ်။ သူတို့ကတော့ သုခမိန်ကြီး ဦးလူထွေးသုခမိန်ကြီး ကိုရင်နော်၊ သုခမိန်ကြီး ရွာသားလေး (ဝိုင်တီယူ) နှင့် သုခမိန်ကြီး စိုင်းစိုင်းလားရှိုး တို့ပဲ ဖြစ်ကြပါတယ်။

တိုင်းပြည်အတွက် သုခမိန်ကြီးလေးဦးဟာ အရေးပါးကြသလို၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို တာဝန်ယူထားကြတဲ့ စစ်သူကြီးများကလည်း အလွန်ကို အရေးပါအရာရောက်ကြပါတယ်။ သူတို့ ကတော့ စစ်သူကြီး စောရစည်သူ နှင့် ခွန်ဏီလင်းညို တို့ပဲ ဖြစ်ကြပါတယ်။ ၄င်းစစ်သူကြီး နှစ်ဦးမှာလဲ မင်းကြီးရဲ့ အားကိုးရသော ညာလက်ရုံးများ သဖွယ် မင်းကြီး ထံတွင် ဆွေစဉ်မျိုးဆက် အမူ့တော် ထမ်းရွက်လာသူများ ဖြစ်ကြပါတယ်။

တပတ်မှာ တစ်ကြိမ်ကျင်းပတဲ့ ညီလာခံသို့ တိုင်းရေးပြည်ရာ ကိစ္စမှလွဲ၍ မပျက်မကွက် တက်ရောက်ကြရပါတယ်။ ထိုသို့ စုံညီစွာ တက်ရောက်ရသော ညီလာခံသို့ အစဉ်ပျက်ကွက်လျှက်ရှိသူမှာ တစ်ခြားသူမဟုတ်ချေ။ မင်းကြီး၏ ချစ်လှစွာသော ညီတော်များထဲမှ ညီတော် သောကဏီကင်း ပင်ဖြစ်သည်။ တိုင်းရေးပြည်ရာ ထူးထူးထွေထွေ ရှိမှသာလျှင် ညီလာခံသို့ ဝင်ရောက်ခစားပြီး ၊ အကြောင်းထူးမရှိပါက ညီလာခံသို့ ဝင်ရောက်ခစားခြင်း မရှိခဲ့ပေ။ တစ်ချက်လွှတ် အမိန့်ဖြင့် ညီလာခံသို့ မပျက်တက်ရောက်ရန် မိန့်နိုင်ပါသောလည်း ညီတော်၊ အမတော်၊ နှမတော်တွေကို ချစ်မြတ်နိုးလှသောကြောင့် အမိန့်တော် မချမှတ်ခဲ့ချေ။

ညီလာခံ ပြုလုပ်ရာ နန်းတော်အတွင်း၌ အသီးသီး နေရာကိုယ်စီ ယူကြပြီး မင်းကြီး ကြွအလာကို စောင့်နေကြတဲ့ အချိန် နန်းတွင်း တံခါးစောင့် လမင်းတာရာ ရဲ့ အသံကြောင့် နန်းတော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

......... အရှင်မင်းကြီး ကြွချီတော်မူလာပြီ ........

မင်းကြီးလည်း ရာဇပလ္လင်ပေါ်၌ ရာဇဣနြေ္ဒဆည်ပြီး ....... မင်းကြီးများ ......

.............. ဘုရား .............

........ ကိုယ်တော်အုပ်ချုပ် မင်းလုပ်နေတဲ့ ဒီတိုင်းပြည်မှာ ပြည်သူပြည်သား အပေါင်းတို့ ကျန်းခံ့သာလို့ မာပါလေစ မောင်မင်းတို့...........

အမတ်ကြီး ဖိုးသင်္ကြန်မှ
......... မှန်လှပါ အရှင်မင်းကြီး ....... အရှင့်ရဲ့ ဘုန်းတန်ခိုး အာနုဘော်တို့ကြောင့် အကျွန်ကျွန်ုပ်နှင့်တကွ ပြည်သူ ပြည်သား အပေါင်း မာကြောင်းပါဘုရား.........

......... အိမ် ... ကောင်းလေစွ... ကောင်းလေစွ...........

မင်းကြီးလည်း ညီတော် အိမ်ရှေ့စံ တောင်ပေါ်မင်းသား ဖက်သို့လှည့်ပြီး
..... တိုင်းရေးပြည်ရာ အခြေအနေကိုလည်း ငါကိုယ်တော် သိလိုတော်မူပေးတယ် ညီတော်......

အိမ်ရှေ့စံတောင်ပေါ်မင်းသားမှ မင်းကြီးအား ဂါရဝပြုပြီး
.......... မှန်လှပါ နောင်တော် ..... အရှေ့အလယ်ပိုင်းမှ သူပုန်တစ်ချို့မှ လွဲ၍ ကျန်တိုင်းပြည် အားလုံး နောင်တော်မင်းကြီးရဲ့ သြဇာအာဏာ ခံယူလျှက်ရှိကြောင်းပါ နောင်တော်.....

....... အရှေ့အလယ်ပိုင်းက သူပုန်များကို ညီတော် တောင်ပေါ်မင်းသားက အဘယ့်သို့ စည်ရုံးသိမ်းသွင်းမည်ကို လည်း နောင်တော် သိလိုတော်မူလှပေတယ်.......

...... မှန်လှပါ နောင်တော် .. ညီတော် ကိုယ်တိုင် တီထွင်ထားတဲ့ ဗျူးဟာ ဆော့ဝဲလ်တစ်မျိုးကို အသုံးပြုပြီး သိမ်းသွင်းရန် စီစဉ်နေကြောင်းပါ နောင်တော်..... ၄င်း နှင့်ပတ်သက်တဲ့ သတင်း အချက်အလက်များကိုလည်း အထောက်တော် အဆိပ်ခွက်ကို စေလွှတ်၍ သတင်းပို့ ရွှေနားတော် သွင်းစေပါ့မယ် နောင်တော်မင်းကြီး....

....... သုခမိန်ကြီး စိုင်းစိုင်းလားရှိုး နဲ့ စစ်သူကြီး စောရစည်သူ တို့ကလည်း အိမ်ရှေ့စံ ညီတော် တောင်ပေါ်မင်းသားနှင့် ပူးပေါင်း ဆောင်ရွက်စေ ... ငါကိုယ်တော် အမိန့်.....

သုခမိန်ကြီးနှင့် စစ်သူကြီးတို့မှာ တစ်ဦးမျက်နှာ တစ်ဦး ကြည့်ပြီး နှစ်လိုလှသော အပြုံးဖြင့် ..

.......... အမိန့်တော် မြတ် အတိုင်း ပါ အရှင်မင်းကြီး ........

ဤတွင် ကျွန်ုပ်၏ တစ်ခန်းရပ် ပုံပြင်အား ခေတ္တ ရပ်နားလိုက်သည်။


လေးစားစွာဖြင့်
ရီနိုမာန်

July 13, 2010

အမှတ်တယ အလွမ်း

အချစ်ရယ် နေရစ်ခဲ့ဆို
အပြစ်မသို ငြိုငြင်ပါဘူး
လိုရာကိုသွား ထားခဲ့လိုက်ပါ။

မတည်မြဲတဲ့ လောက
လွမ်းဆွတ်သမျှဟာ
ဝဋ်ကြွေးတခုပေါ့
ဝေးလိုက်ကြစို့။

အလွမ်းရယ်
မတမ်းတရပါပဲ
မှန်းဆမနိုင်အောင်
ငါ ရခဲ့တယ်...

နွေးထွေးမှုအနမ်းတွေနဲ့ ဝေးတဲ့အခါ
ဆွေးမပြယ် ရင်မှာနွမ်းလျတယ်
ကျွှမ်းမြေ့ကြေကွဲ။

လေးစားစွာဖြင့်
ရီနိုမာန်

ကဗျာပိုင်ရှင် - မမလွင်

မှတ်ချက် ။ ခုတစ်လော အသည်းကွဲနေတဲ့ လူတစ်ယောက်လိုပါပဲ။

July 12, 2010

ဒီလိုနဲ့ ဝေးသွားကြတာပါပဲ

ဒီလိုနဲ့ဝေးသွားကြတာပါပဲ...
တီတျာတျာ မနက်ခင်း
ငှက်ကျေးတွေ ကဗျာရွတ်
လွမ်းဆွတ်မှုအမျှင်
သံယောဇဉ်အချင်းချင်း
ရင်းနှီးခဲ့တို့တွေလေ။

မှုန်ပြာပြာ ညနေခင်း
ကြေကွဲစွာ တေးတွေသီ
ရည်၇ွယ်ရာမဲ့ စကားတွေနဲ့
ကျီစယ်ကာ ကဗျာတွေ ရွတ်တော့
မွတ်သိပ်မှုတွေနဲ့ ငါ့မှာ
ကြာလာရင် ရူးရတော့မယ်
တွယ်တာခဲ့မိလို့။

ညပြူတင်းကနေ
လမင်းလေးကိုနှုတ်ဆက်
အိပ်မက်အတွက်လမ်းခင်း
မဆုံနိုင်မှန်းသိခဲ့ပေမယ့်
သတိရနေမှာပါ ..တဲ။့

ဒီစကားတခွန်းတည်းနဲ့ ဝေးရ..
ဒီစကားတခွန်းတည်းနဲ့ ဆွေးရ..တော့မှာလား။

ကုန်လွန်သွားတဲ့ နေ့တွေကို လွမ်းဆွတ်ဖို့
နောင်လာမယ့်ညတွေကို ရင်မဆိုင်ရဲ
ဒီလိုနဲ့ဝေးသွားကြတာပါပဲ................။

လေးစားစွာဖြင့်
ရီနိုမာန်

ကဗျာပိုင်ရှင် - မမလွင်

July 9, 2010

ထာဝရ ရှိနေမဲ့

တစ်ခါတစ်ခါ ဖြစ်ချင်တာနဲ့ ဖြစ်နေတာကို ယှဉ်ကြည့်လိုက်မိရင် မရှိတော့တဲ့ အဖေ့ကို အပြစ်တင်နေမိတယ်။ တစ်ခါတစ်ခါကျပြန်တော့ မရှိတော့တဲ့ အဖေ့နေရာဝင်ပြီး ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ဖူးတယ်။ " သား ကကော အဖေအတွက် ဘာများလုပ်ပေးဖူးလို့လဲ " ပေါ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူတွေက သိပ်အတ္တကြီးတာ။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး အများအတွက်ကြည့်တဲ့ လူက ခက်ရှားရှားရယ်။
တစ်ခါတစ်ခါလည်း အခုချိန်အဖေသာရှိခဲ့ရင် သိပ်ကောင်းမှာပဲလို့။ အဖေ့ကြောင့် အတွေ့အကြုံတွေ အမျိုးမျိုးသင်ယူ လေ့လာဖြစ်ခဲ့တယ်။ လူမျိုးပေါင်းစုံနဲ့ ပြောဆိုဆက်ဆံ နိုင်ခဲ့တယ်။ လူတွေအကြောင်းကိုလည်း ကောင်းကောင်း သိခဲ့ရတယ်။ ဒါတွေအားလုံး အဖေဆီက အလကားရလိုက်တဲ့ တန်ဖိုးဖြတ်မရတဲ့ အရာတွေပဲပေါ့။ ကျေးဇူးတင်စကားလေး တောင်မပြောဖြစ်လိုက်ဘူး။ အဖေက စိတ်ချလက်ချ ထားသွားခဲ့တယ်။ နောက်ဆုံးတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူး။ ဘယ်သူ့ အပြစ်မှလဲ မဟုတ်ဘူးလေ။ ဒါလူတစ်ယောက်ရဲ့ ထွက်ပေါက်ပဲ။ ဘယ်သူမှ ပိတ်လို့ မရဘူး။ တစ်နေ့ ငါလည်း သွားရမှာ ဒီလမ်းပဲ လို့ နှလုံးသွင်းထားလိုက်တော့တယ်။

တစ်ခါတစ်ခါ လက်ရှိအခြေအနေ အတွက် အဖေ့ကို အရမ်းကိုကျေးဇူးတင်မိတယ်။ အကြောင်းအရာတွေ တစ်နေ့ တစ်မျိုး မရိုးစေရဘူး။ အဖေဆီက အလကားရလိုက်တဲ့ ပညာတွေနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။ အဖေ အရှိတော့ပေမဲ့ အဖေ့ရဲ့ ခွန်အားတွေကိုရနေတယ်။ အဖေရှိနေသလို ခံစားရတယ်။

" ဟုတ်တယ်...... အဖေရှိနေသေးတယ်...... အဖေ သေပြီလို့ ဘယ်သူပြောလဲ....... ဒါဆို ဒီရင်ထဲမှာ အဖေက ထာဝရ ရှိနေတာပေါ့........

လေးစားစွာဖြင့်
ရီနိုမာန်

July 6, 2010

အရူး လက်သစ်

အတိတ်ကို ပြန်မတွေးချင်ဘူး။ အားရကျေနပ်မှု တစ်ခုမှမရှိခဲ့တဲ့ အတိတ်၊ အသစ်အသစ်တွေကို အဟောင်းပြန်ဖြစ်စေတဲ့ အတိတ်၊ အတိတ်မှာဖြစ်တဲ့ အရိပ်ကို အတိတ်မှာပဲ ထားခဲ့ချင်တယ်။ ပစ္စုပ္ပန်နဲ့ ယှဉ်ပြီး အနာဂတ်ထဲကို မခေါ်ချင်ဘူး။ ပစ္စုပ္ပန်ဟာ ပစ္စုပ္ပန်ဆိုသလို၊ အနာဂတ်ကိုလည်း အနာဂတ်ပဲ ဖြစ်စေချင်မိတယ်။ အတိတ်ကိုလည်း အတိတ်မှာထားခဲ့ချင်မိတာ ပြစ်မှုတစ်ခုကို ကျူးလွန်နေသလိုဖြစ်မှာလည်း စိုးရိမ်မိတယ်။ အမှန်တကယ်တော့ အတိတ်ဆိုတာ အနာဂတ်မှာ ဝတ်ဖို့ ပစ္စုပ္ပန်အတွက် ဝတ်စုံကောင်း တစ်စုံပါပဲလေ.....

မပြေးချင်ပဲ ပြေး၊ မပြောချင်ပဲ ပြော၊ မတွေးချင်ပဲ တွေးနေမိတာတော့ မသေသပ်၊ မသပ်ရပ်၊ မလှပတဲ့ ဆေးစက်တွေ ဟိုတစ်စက် ဒီတစ်စက် ထင်နေတဲ့ ပန်ချီးကားတစ်ချပ်လို အမှောင်အတိ ဖုံအုပ်နေတဲ့ အတိတ်ကို ပြန်တွေးနေမိတယ်။

ဘဝဆိုတာ ဒါပါပဲလားလို့ တစ်ခါတစ်ခါတွေးမိ ရက်သားဖြစ်နေပြန်တယ်။ တစ်ခါတစ်ခါလည်း မဆီမဆိုင် ဗေဒင်ကျမ်း သုံးပုံနှစ်ပုံကို ဖျက်ဆီးလိုက်တဲ့ အဖြစ်ကို တွေးနှမျောမိပြန်တယ်။ ဒါပင်မဲ့လည်း ဖျက်ဆီးလိုက်တာပဲ ခက်ကောင်းကောင်းရယ်လို့ ပြန်ပြောနေမိပြန်တယ်။ လောဘ အတောမသပ်နိုင်တဲ့ ဒီဘဝကြီး ရလေလိုလေ အိုတစ္ဆေ အဖြစ်နဲ့ကြုံနေရတာ ရင်မောစရာပါ။

စာတစ်ကြောင်းကို အခေါက်ခေါက် အခါခါ ပြန်ဖတ်ကြည့်လိုက်တော့
" ဘာတွေလဲ " " မင်းရူးနေပြီလား "
" ဟုတ်တယ် သေချာပါတယ် " " မင်းတစ်ခုခု လိုနေတာပဲ ဖြစ်မှာ "


လေးစားစွာဖြင့်
ရီနိုမာန်


July 5, 2010

အိပ်မက် ပြောတဲ့ စကား

အိပ်မက်တွေနဲ့ ရူးသွပ်နေခဲ့တာ
နှစ် ၂၀ ကျော်ခဲ့ပြီ
အိပ်မက်တွေထဲမှာ ပျော်စရာကောင်းနေခဲ့တာ
ငါ့ရဲ့ ဘဝလေး
အိပ်မက်တွေကို လှပစေခဲ့တာ
မင်းလည်း အားလုံးထဲက တစ်ယောက်
အိပ်မက်တွေကို အိမ်မက်လို့ သိလိုက်ရတဲ့အချိန်
ငါ ဝမ်းနည်းကြေကွဲခဲ့ရ
အိပ်မက်တွေကို ပြန်အသက်ဆပ်ဖို့
ငါ့ကိုယ် ငါ စတေးလိုက်ရ
အိပ်မက်တွေ ငါ့ဘဝထဲမှာ မရှိတော့
အထီးကျန်ခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရ
အိပ်မက်ဟာ အတိတ်ရဲ့ အရိပ်
အရိပ်ကို နင်းပြီး အိပ်မက်ကို မေးကြည့်တော့
အိပ်မက်က ပြန်ပြောတယ် တစ်ခွန်းတည်း
" မင်းရောက်နေတာ ပစ္စုပ္ပန် " တဲ့


လေးစားစွာဖြင့်
ရီနိုမာန်