January 29, 2010

ရီနိုမာန်နှင့် အင်တာဗျူးခြင်း (အပိုင်း - ၆ )

အမဝါ လက်ဆောင်ဝယ်ပေးလိုက်တဲ့ အနွေးထည်လေးဝတ်ပြီး လေယာဉ်ပေါ်ကဆင်းလာခဲ့ပါတယ်။ ပန်ပန် ဆီကိုဖုန်း ကြိုဆက်ထားတာကြောင့် လေဆိပ်မှာ ပန်ပန် လာကြိုခဲ့ပါတယ်။ ခရီးရောက်မဆိုက်ဆိုသလိုပဲ ရောက်ရောက်ချင်းပဲ အင်တာဗျူး စခဲ့ကြပါတယ်။ ပန်ပန်မှာလည်း ကျောင်းစာကတစ်ဖက်နဲ့ ဆိုတော့ မေးစရာလေးတွေ မေးပြီးတော့ ကျနော်လည်း ချက်ချင်း ပြန်ခဲ့ပါတော့တယ်။

၁)ညီလေးရဲ့ အကြိုက်ဆုံး အရောင် - အပြာရောင်

၂) အကြိုက်ဆုံး မြန်မာ အစားအစာ က - ကြာဇံချက်

၃) အကြိုက်ဆုံးရေမွှေး ရှိလား - မကြိုက်

၎) အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း ကဘာလဲ - ဖိနပ်

၅) အကြိုက်ဆုံး ဖိနပ် က- ဒီဇိုင်းကြိုက်၇င် အကုန်ကြိုက်

၆) ညီလေးရဲ့ အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း- အခုလက်ရှိ ဂျပန်ဒီဇိုင်းတွေ တအားကြိုက်

၇) ဘလောဂ့်စတင်ခြင်းနှစ် - ၂၀၀၈

၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်းက- စုဗူးကို စသုံးရင်းနဲ့.....

၉) ကိုယ်ပိုင် ဝါသနာ - ငြင်းခုန်ခြင်း

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း - ပိုက်ဆံ

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ - လက်ရှိကောင်မလေးအတိုင်း..

၁၂) အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် - နယူတန် တတိယနိယာမ

ခုလိုဖြေပေးတဲ့ ညီလေး ပန်ပန် ခေါ် ဂျပန်ကောင်လေး ကို ကျေးဇူးတင်ပါတယ် ညီ။ အကိုလည်း အလုပ်ကတစ်ဖက်နဲ့မို့ အေးအေးမနေနိုင်တာ စိတ်မရှိနဲ့ကွာ။ နောက်မှ အေးအေးဆေးဆေး လာလည်တော့မယ်။ တွေ့ရတဲ့ အချိန်က ခဏလေးဆိုတော့ စကား ကောင်းကောင်း မပြောဖြစ်ခဲ့ပင်မဲ့ လမ်းခွဲခါနီး အချစ်ရေးလေး ပြောပါအုံးလို့ မေးလိုက်တော့

.... ဒီမှာ ကျနော်တစ်ယောက်ထဲ အကိုရ.. ဒါကြောင့် မျက်လုံးထဲမှာ အဆင်ပြေရင် တွဲလိုက်တာပဲတဲ့...

လေးစားစွာဖြင့်
ရီနိုမာန်

အဖြေအားလုံး ပန်ပန် ကိုယ်တိုင်ဖြေထားခြင်း ဖြစ်ပါသည်။

January 24, 2010

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ

ခေါင်းစဉ်ကိုကြည့်ပြီး စာလာဖတ်တဲ့ သူငယ်ချင်းများ စိတ်ဝင်စားသွားမယ်ဆိုတာ ကိုယ်သိပါတယ်။ သူငယ်ချင်းတို့နဲ့ ခင်လာခဲ့တာလည်း အတော်လေး ကို ကြာခဲ့ပါပြီ။ ကိုယ်ကသာ သူငယ်ချင်းတို့ရဲ့ အကြောင်းကို စပ်စပ်စုစုနိုင်ပြီး ဟိုမေးဒီမေး မေးခဲ့မိပေမယ့် ကိုယ့်အကြောင်းတွေကိုတော့ သူငယ်ချင်းတို့ သိအောင် သေသေချာချာ မပြောဖြစ်ခဲ့သေးဘူးလေ။ ဒါကြောင့် ဒီခေါင်းစဉ်လေးအတိုင်း ကိုယ့်ရဲ့ ငယ်ငယ်ကနေစပြီး ခုချိန်ထိ မှတ်မိသလောက်ကို နှုတ်တစ်ရာ စာတစ်လုံး ဆိုတဲ့ စကားပုံအတိုင်း ဘလောဂ့်အက္ခရာ တင်ဖို့ကြိုးစားလိုက်မိပါတော့တယ်။

နှစ်တစ်နှစ်ရဲ့ မိုးရာသီအကုန် ဆောင်းရာသီအကူ ဖြစ်တဲ့ စက်တင်ဘာလ (၁၀)နေ့ နေ့လည်(၂)နာရီလောက်မှာ မြန်မာပြည်ရဲ့ ပထမဆုံးမြို့လို့ ခေါ်ရတဲ့ ရန်ကုန်မြို့မှာ ကိုယ့်ကို မွေးခဲ့တယ်။ အမှန်က ကိုယ့်အမေက ရန်ကုန်မှာ မမွေးချင်ပဲ လာမွေးရတာ။ ကိုယ့် အဖေတာဝန်ကျတဲ့ တောင်ငူမှာပဲ မွေးဖို့ စိတ်အားထက်သန်ခဲ့တာကိုး။ တောင်ငူမှာတာဝန်ကျတဲ့ ဆေးမှူးက တောင်ငူမှာမွေးရင် ကြိုက်တဲ့ အသက်တစ်ချောင်း ကိုရွေးလို့ ပြောလာခဲ့လို့ ရန်ကုန်ဆိုတဲ့ ရွှေမြို့တော်ကြီးကို ရောက်လာခဲ့ပြီး ကိုယ်လည်းနေရင်းထိုင်ရင်း နဲ့ ရန်ကုန်သား ကြီး ဖြစ်သွားရတော့တာပေါ့။ ကိုယ်က ရန်ကုန်မှာမွေးပေမယ့် အရပ်တကာမှာကြီးခဲ့တာဆိုတော့ ခုနောက်ပိုင်း လူတွေကမေးကြတယ်။ ..... ဘယ်ဇာတိကလဲတဲ့ ...... ကိုယ်က ပြန်ပြန်မေးရတယ်။ .... မွေးတဲ့နေရာကို ပြောတာလား.. ကြီးပြင်းလာတဲ့ အရပ်ဒေသကိုပြောတာလားလို့....

ကိုယ်ကို အမေကတော့ ခဏခဏ ပြောဖူးတယ်။ကိုယ်က ကိုယ့်အမ ပြန်ဝင်စားတာတဲ့။ ကိုယ့်အမက ကိုယ်ဆိုတာ ဘယ်မှာမှန်း မသိခင် သုံးနှစ်သမီးအရွယ်မှာ ဆုံးသွားခဲ့တယ်။ ကိုယ်အဖေနဲ့ ကိုယ်အမေဆို ရူးမတက်ပေါ့။ သူတို့တွေက သမီး သိပ်ချစ်ကြတာ။ အဲ့ဒီစိတ်နဲ့ပဲ ကိုယ့်အမေက ကလေးကို ဆုံးပြီး (၄၅) ရက်အတွင်း ပြန်တောင်းရင် တောင်းလို့ရတယ်လို့ ပြောလာတဲ့ နတ်ဝင်သည်တွေဆီမှာ ပြန်တောင်းဖို့ ကြိုးစားခဲ့တယ်။ နတ်ဝင်သည်တွေရဲ့ပြောစကားအရတော့ ကိုယ့်အမက သိုက်ကလာတာ။ ပြန်ခေါ်လို့ရတယ်။ ဘဝပြောင်းမှ လူ့သက်တမ်းစေ့ နေလို့ရမယ်တဲ့။ မိန်းကလေး ဘဝနဲ့ပဲ ပြန်လိုချင်ရင် နောက်ထက်သုံးနှစ်ပဲနေခွင့် ရှိမယ်ဆိုလို့ အမေကလည်း သူတို့နဲ့ ကြာကြာနေရရင်ပြီးရောဆိုပြီး ဘာဖြစ်ဖြစ် သူ့သမီးဖြစ်ဖို့ အရေကြီးတယ်။ ကိုယ့်အမေရဲ့ စိတ်ထဲမှာတော့ သူသမီးလေး သူ့တို့ဆီကို လုံးဝပြန်လာမယ်လို့ တစ်ထစ်ချယုံကြည်ထားတယ်။

မိန်းမတို့ရဲ့ သဘာဝ ဗေဒင်၊ လက္ခဏာ၊ အကြားအမြင်၊ နတ်တွေကိုယုံကြည်တက်တဲ့ ကိုယ့်အမေဟာ ကိုယ့်ဗိုက်ကြီးတကာကာနဲ့ အကြားအမြင်ဆရာမ ရောက်နေတဲ့ တောထဲကို လိုက်လာခဲ့တယ်။ တောထဲရောက်တော့ ဆရာမက မရှိဘူး။ တရားသွားထိုင်တယ်တဲ့။ အတူနေတဲ့ အဖေါ်ရဲ့ ပြောပြချက်အရ ဆရာမက ညနေမှ ပြန်လာတက်တာတဲ့။ အမေတို့ အဖွဲ့ကလည်း လုံးဝဇွဲမလျော့ပဲ ရောက်ပြီးမှတော့ တွေ့အောင် စောင့်မယ်ဆိုပြီးစောင့်နေကြတယ်။ အမေတို့ ရောက်ပြီး သိပ်မကြာခင်မှာ ဆရာမ ပြန်ရောက်လာပြီ.... နင့်တို့ထဲမှာ ဗိုက်ကြီးသည်တစ်ယောက်ပါတယ်... သူ့ကြောင့် ငါပြန်လာတာ.... ကလေးအကြောင်း သိချင်လို့ လာတာ မဟုတ်လား... ကလေးက ယောက်ျားလေး.... ဒီမှာမွေးလို့မရဘူး.... တစ်ခြားမြို့မှာပဲ မွေးလို့ရမယ်.... ကိုယ့်အမေတောင် ဘာမှ မမေးလိုက်ရဘူး။ သူကပဲ အကုန်ပြောသွားတာ။ ပြီတော့... ပြန်ကြတော့ ... ဒီနေ့ ဆရာမက ဘယ်သူ့ကိုမှ မဟောဘူး.... ဗိုက်ကြီးသည်ပါလာလို့ ငါခဏပြန်လာတာဆိုပြီ အားလုံးကိုပြန်ခိုင်းလိုက်တယ်။

ဒါတွေက ကိုယ်မမွေးခင်ကပေါ့။ ကိုယ်အမေက အိမ်မက်လည်းမက်ခဲ့သေးတယ်တဲ့။ အိမ်မက်က တစ်ခါတည်း မဟုတ်ဘူး။ ခဏခဏကို မက်တာ။ မက်တဲ့ အကြောင်းအရာကလည်း တူတူပဲ။ ဘာလဲဆိုတော့ ကိုယ့်အမေက ကလေးကိုချီလာတယ်။ ကလေးရဲ့ မျက်နှာကိုကြည့်လိုက်ရင် ကိုယ့်အမ ရဲ့ ရုပ်။ အနှီးလေးကို ဖယ်ကြည့်လိုက်ပြီဆိုတာနဲ့ ကိုယ်အမေက .... ဒါငါ့သမီးမဟုတ်ဘူး... ဒါငါ့ သမီး မဟုတ်ဘူးဆိုပြီး ငိုတော့တာပေါ့။ (အနှီးလေးဖယ်လိုက်တော့ ကိုယ့်အမေ ဘာတွေ့သွားလည်း ဆိုတာတော့ သူငယ်ချင်းတို့ပဲ စဉ်းစားကြည့်လိုက်ပါတော့လေ။ ကိုယ်ရေးပြရင် ဆင်ဆာ မလွတ်ဘူးဖြစ်မှာကြောက်လို့ပါ)

ဆက်ရန် (သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ - ၁) သို့

လေးစားစွာဖြင့်
ရီနိုမာန်

January 20, 2010

မအိမ်ကံ ( For Jan အပိုင်း - ၅)

မမစိမ်းမြကလည်း ၀င်ပြောပြန်ပါ၏။
“တို့စိတ်ထဲ ခိုင်ကလေးကို ခေါ်ချင်ကြသာ ကြာပါပြီအေ။ ပြောမထွက်သာနဲ့ပဲ မပြောခဲ့ကြသာပါ။ ကိုပြေသိမ်း မရှိတော့မှ တို့လည်း ပြောရဲကြသာပါ။ ဖအေဆိုတော့ တစ်မျိုးကိုး။ ငါ့ ညီမလည်း စဉ်းစားပါဦး။ ကလေးကိုလည်း မေးပါဦး။ လူကြီးတွေ စီစဉ်လို့သာ ဖြစ်ရသယ်။ ကလေးစိတ် မချမ်းမသာ ဖြစ်မှာလည်း တွက်ရသာကိုး”

မမစိမ်းမြ စကား ဆုံးတော့မှ မအိမ်ကံ အတွေး ၀င်မိရသည်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ လူကြီးတွေက ဇွတ်စီစဉ်ရတာမျိုးဖြင့် ကလေး စိတ်မဆင်းရဲစေချင်။ သမီးခိုင်က မအေနဲ့ အစ်မနဲ့ ကျေးကျေးနဲ့ သွားချင်သာ ပြောသာပါ အမေရယ်။ အဲသလိုချည်းတော့ သွားမနေချင်ပါဘူး ဆိုရင်ကော။ သမီး စိတ်မချမ်းသာတာ မဖြစ်စေချင်။ သမီးမှာ ဆန္ဒရှိတယ် ဆိုရင်ကော မအိမ်ကံက ထည့်ရက်နိုင်ပါ့မလား။



“မမစိမ်းမြရယ် ပြောထွက်စရာ မရှိပါဘူး။ မအိမ်ကံလည်း ကျဉ်းထဲကျပ်ထဲ ကျနေသာပါ။ ခိုင်ကလေးက အတန်း ရပြီဆိုတော့ သူ့အစ်မလို မြင်းခြံ ပို့ရမလိုလို၊ ကျောင်းပဲနုတ် ရမလိုလို ဖြစ်နေသာကိုး။ မမစိမ်းမြတို့က ရန်ကုန်ခေါ်မယ်၊ ကျောင်းထားမယ် ဆိုရင်လည်း မအိမ်ကံ အဖို့ရာ သားရွှေအိုး ထမ်းပြန်သလိုပါပဲ။ တစ်ခုတော့ ရှိသယ်။ ကလေးသဘော တီးခေါက်ကြည့်ချင်သေးသယ်”

“အေးပါအေ။ သည်တစ်ခေါက်လည်း မခေါ်သေးပါဘူး။ နောက်နှစ် ကျောင်းဖွင့်လို့ လာခေါ်တော့ ဆိုမှ သူ့ဘကြီး လာခေါ် လိမ့်မယ်။ လူကြုံ မလွှတ်ဘူး။ စိတ်ချ။ ကိုင်းပါအေ။ သူတော်ကောင်းမ ငါဖြင့် စိတ်ချမ်းသာ သွားပြီ”

အစ်ကို မောင်မြတ်သာတို့ အိပ်ရာ ၀င်သွားကြတော့မှ မအိမ်ကံက ကျေးဥကို အကျိုးအကြောင်း ပြောပြသည်။ ကျေးဥ ကလည်း ၀မ်းသာ ရှာပါ၏။ မျက်နှာ မကောင်းသော်လည်း ခိုင့်နောင်ရေးကို တွေးမိပုံ ပေါ်သည်။ ဘာမှ ထွေထွေထူးထူး မပြောပါ။ ညီအစ်မနှစ်ယောက်စလုံး ပညာတတ် ဖြစ်တော့ ဘက်ညီသာပေါ့အေ လောက်သာ ဆိုလေသည်။ အစ်ကို မောင်မြတ်သာတို့ မပြန်ခင် တစ်ရက်ရောက်တော့မှ ကိုပြေသိမ်း အကြောင်း မေးလေသည်။ မအိမ်ကံကလည်း သိသလောက်သာ ပြောနိုင်ခဲ့သည်။ မပြောမဆို ထွက်သွားတာကို အစ်ကို မောင်မြတ်သာကလည်း ကြိုက်ပုံ မပေါ်ပါ။ သို့သော် ဖေးဖေး မမ ဆိုရှာပါသည်။

“မောင်ပြေသိမ်းကို အပြစ်တော့လည်း မတင်ချင်ပါဘူး။ အစ်ကိုတို့လည်း နိုင်ငံရေး လုပ်ခဲ့တုန်းက ဘယ်လိုလူမျိုးက တားတား နောက်မှ မဆုတ်ခဲ့ဘဲနဲ့။ ကိုယ့်ဝါဒအရ မှန်သယ် ထင်သာ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်လိုက်ရမှ စိတ်ထဲ ကျေနပ်သာကိုး နှမရဲ့။ ဒါပေသိ အခုဟာက တစ်မျိုး ပေါ့လေ”

“ကွန်မြူနစ်ဆိုသာ ဘာလဲအစ်ကို။ တောခိုသယ် ဆိုတာ ကကော ဘာဖြစ်လို့လဲ။ ဘယ်တော့ ပြန်လာလို့ရမှာလဲ ဟင်”

ဗိုလ်မှူးကြီး မြတ်သာက နှမ၏ အမေး စကားကြောင့် ၀မ်းနည်း သွားရလေ၏။ မအိမ်ကံဟာ တကယ်တော့ ဘာမှ မသိရှာသည့် တောသူ တစ်ယောက်ဆိုတာ ရင်ထဲ ရောက်သွားရလို့ ဖြစ်သည်။
“အယူအဆ မတူလို့ပေါ့အေ။ တစ်ခါက ငါ့နှမ မေးဖူးပါသယ်။ ဒါက တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းချိန်နဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မငြိမ်းနိုင်တဲ့ ၀ါဒ လွန်ဆွဲပွဲလို့ ပြောကြပါစို့။ အင်္ဂလိပ်ခုနှစ် တစ်ထောင့် ကိုးရာသုံးဆယ့် ကိုးခုနှစ်တုန်းက အင်္ဂလိပ် လက်တွင်း ကျနေချိန် ဗမာပြည် ကွန်မြူနစ်ပါတီ ဆိုပြီး သခင် အောင်ဆန်းတို့၊ သခင်စိုးတို့၊ သခင်လှဖေတို့၊ သခင် သိန်းဖေတို့၊ သခင်ဗဟိန်းတို့ သခင်လူငယ်တွေက လျှို့ဝှက်ပြီး ဖွဲ့ခဲ့ကြသာ။ မစ္စတာဂိုရှယ်တို့၊ မစ္စတာနတ်တို့ဆိုသာ လည်းပါတယ်။ ထားပါတော့။ ဂျပန်ခေတ် ရောက်တော့ သခင်စိုးက မြေအောက် အဖွဲ့တွေ ဖွဲ့တာမှာ အားကောင်း လာခဲ့သယ်။

တစ်ထော့င်ကိုးရာ လေးဆယ့်ငါးခုနှစ် စစ်ကြီး ပြီးခါနီးတော့ ရန်ကုန်မှာ မြေပေါ်ပါတီ အဖြစ် ထူထောင်သယ်။ နောက်နှစ်မှာပဲ ကွဲကြသာက စလိုက်သာ နှစ်ဂိုဏ်းကွဲကရော။ အလံနီ ဆိုပြီး ခွဲထောင်ကြသယ်။ တစ်ထောင့် ကိုးရာလေးဆယ့် ခုနစ် ခုနှစ်မှာ မတရားအသင်း ဆိုပြီး ကြေညာလိုက်တော့ တောခို ကြရရော။ သခင်သန်းထွန်းတို့ကလည်း အစိုးရကို ဆန့်ကျင် လာကြရာက လွတ်လပ် ရေးရပြီး နှစ်လလောက်မှာ တောခို ကြပြန်ရော။ သူတို့ကို အလံဖြူ ခေါ်ကြသယ်”

“ကိုပြေသိမ်းက ဘယ်ဘက်ကလဲ အစ်ကို”

“အနီလည်း ဖြစ်နိုင်သယ်၊ အဖြူလည်း ဖြစ်နိုင်သယ်။ အစ်ကို သိသလောက်တော့ သူပြောဖူးတဲ့ လေဖမ်းရသာပေါ့လေ။ အလံဖြူဖြစ်ဖို့ များသယ်။ သူစာအုပ်ကြီးတွေ ဖတ်ပြီဆို ကတည်းက တစ်နေ့ သည်ပြဿနာ ရှိလာတော့မယ် ဆိုသာ အစ်ကိုသိတယ်။ တစ်ညမှာ အစ်ကို တော်တော်လေး ပြောခဲ့သယ်။ အင်္ဂလိပ်လို ပြောခဲ့သာ မှတ်မိမှာပေါ့။ အဲသည်ကတည်းက သူပြင်းထန် နေပါပြီ။ ထားပါလေ။ အခု ငါ့နှမ ဘယ်လို စဉ်းစားထားသလဲ”

မအိမ်ကံ ဘယ်လို ဖြေရပါ့။ အမှန်အတိုင်းပဲ ပြောလိုက်တာ အကောင်းဆုံးပင်။ ဖြစ်ကြောင်းကုန်စင် အားလုံး ပြောပြတော့ အစ်ကိုရော၊ မမစိမ်းမြပါ ဂရုတစိုက် နားထောင်ကြသည်။ မအိမ်ကံကတော့ တောပုန်းရည်သည် လာတာတွေပါ ပြောပြလိုက်ပါ၏။ နောက်ထပ် မဆက်သွယ်တော့ရန် စာရေး ပေးလိုက်ကြောင်းလည်း ပါ၏။ အစ်ကိုဖြစ်သူက သဘောထားတော့ မပေးခဲ့။ ကောင်းသည်လည်း မပြော၊ ဆိုးသည်လည်း မပါ။ တော်တော်ကြီးကြာမှ အစ်ကိုက မပွင့်တပွင့် ပြောရှာပါ၏။

“မောင်ပြေသိမ်းက ကံကလေးကို မြတ်နိုးနေသာ မြင်မြင်ချင်းပါပဲ။ အစ်ကိုကလည်း သူ့သဘောကို သိလို့ ငါ့နှမဆီတောင် စာကြို ရေးလိုက်ပါသေးတယ်။ အစ်ကိုပဲ သဘောတူ ခဲ့သာပဲ။ လူက လူတော် လူမှန်ဆိုသာတော့ အခုထိ အစ်ကို ယုံကြည်လျက်ပဲ။ သည်လိုလုပ် သွားသာကတော့ ပြင်ပ အမှောင့်တွေပါသလို သူကိုယ်တိုင်ကလည်း ယုံကြည်သာပါလို့ ဖြစ်မှာပေါ့လေ။ အစ်ကို မဥပါဒ်ချင်ပါဘူး။ အစ်ကို့ ပယောဂ မကင်းခဲ့ဘူး”

သည်စကားကြားတော့ မအိမ်ကံ စိတ်မချမ်းသာပြန်။ အစ်ကို မြတ်သာက ကိုပြေသိမ်း ဘယ်လို လူစားဆိုတာ နှမထံ စာရေးပြီး ထောက်ခံချက် ပေးခဲ့ဖူးသည်။ အခုတော့ သူ့ကြောင့် နှမဖြစ်သူ သည်ဘ၀မျိုး ကြုံရသည်ဟု ဆိုလိုခြင်း ဖြစ်၏။ မအိမ်ကံနှင့် ကိုပြေသိမ်းတို့ ချစ်ခြင်းအစ ရက်များဆီက ဖြစ်သည်။
“သတ္တ၀ါတစ်ခု၊ ကံတစ်ခုပါ အစ်ကိုရယ်။ မအိမ်ကံ ကလည်း မြင်ကတည်းက ဖူးစာဖက်ရမယ့် လူဆိုသာ သိခဲ့ပါသယ်။ ယုံလည်း ယုံကြည်မိသလို အားလည်း ကိုးခဲ့မိပါသယ်။ ကိုပြေသိမ်းက မေတ္တာရှိကြောင်း ပြောတော့ မအိမ်ကံ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လက်ခံခဲ့သာပါ အစ်ကို။ အစ်ကို့ ပယောဂ မပါပါဘူး။ ဒါကိုတော့ အစ်ကို လိပ်ပြာ သန့်စေချင်သယ်”

“အေးပါလေ။ မနက်ဖြန် အစ်ကိုတို့ ပြန်မယ်။ ခိုင်ကလေးကိုသာ မေးပြုပြီး ဖျောင်းဖျထားပါအေ။ အစ်ကို့ဆီ တယ်လီဖုန်း ဆက်လို့ရသယ်။ မြင်းခြံက မြပွဲရုံက ပွဲစားကြီး ဦးမြဆီမှာ တယ်လီဖုန်း ရှိသယ်။ အစ်ကိုလည်း မှာထားခဲ့မယ်”

နောက်တစ်နေ့ မိုးလင်းတော့ အစ်ကို မြတ်သာနှင့် မမစိမ်း မြတို့ ပြန်ကြပြီ။ မအိမ်ကံက ရွာလက်ဆောင်များနှင့် အစ်ကို သုံးဖို့စွဲဖို့ ရွှေထည်ပစ္စည်း တချို့ ထည့်ပေးလိုက်သည်။ အစ်ကို နှင့်ယောက်မကို မအိမ်ကံ ထိုင်ကန်တော့သည်။ အစ်ကိုက ဆုတွေ ပေးပြန်တော့လည်း အဖေ့ကို သတိရလို့ ငိုမိပါ၏။ အစ်ကို ကြီးတော့ အဖအရာဆိုသည့် စကား မအိမ်ကံ ယုံကြည်ခဲ့ပြီ။

ဇောင်ချမ်းကုန်းမှာ သည်တစ်ခါ လှူမည့် အလှူက ထမင်း ရည်ချောင်းစီးဖြစ်သည်။ ဇောင်ချမ်းကုန်းရွာမှ မဟုတ်ပါ။ ၀န်းကျင်နရန်း ရွာတွေမှာ အလှူတွေ ရှိခဲ့ကြ၏။ အလှူဝ၊ အလှူပိန် အကြိမ်ကြိမ် ရှိခဲ့ပါပြီ။ ရေစာမိုးစာ ကောင်းသည့် နှစ်တွေမှာ ဗြောသံစည်သံ သောသောညံညံ ကြားရတတ်သည့် ရွာတွေ ဆိုတော့ တစ်ရွာ့ တစ်ရွာ အလှူ လိုက်ရတာကပင် အလုပ်တစ်ခု ဖြစ်ရပါ၏။ မျက်နှာ နာစရာချည်းဆိုတော့ လူမရောက် လက်ရောက် ရသလို၊ လက်ရောလူရော ရောက်ရသည်လည်း ရှိသည်။ ဇောင်ချမ်းကုန်းမှာ လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်း နေ၀င်သည်နှင့် မီးခွက် မှုတ်ရသည့် ရက်တွေ ကျော်လွန်ခဲ့သည်နှင့် အလှူတွေ မှိုကျင်းထသလို ရှိကြပါ၏။

“သန်းစုရေ၊ မတဲအလှူ မလိုက်ကြဘူးလားဟေး။ ညည်းတို့သွားရင် အဖက်လိုက် စမ်းပါရစီ”

“လိုက်ခဲ့ပါ။ လှည်းမရလို့ ကုန်းကြောင်းသွားကြမှာနော”

“ကုန်းကြောင်းလည်း ကုန်းကြောင်းပေါ့အေ။ နားရွက် ထမ်းပိုးကျည်းတပ် လျှောက်ကြရုံပေါ့”

“မနက်ထခဲ့လေ။ မိုးလင်းရင် သွားကြမှာ”

တစ်အိမ့်တစ်အိမ် သည်လို အလှူလိုက် အဖော် စပ်နေကျ။ သည်အသံတွေ ကြားရတာကို မအိမ်ကံ ၀မ်းသာရသည်။ ဗုဒ္ဓ ဘာသာတွေဆိုတော့လည်း အလှူသံ ကြားရလျှင်ပင် ပီတိဖြစ် ကြရတာ မဟုတ်လား။ ရွာဦးဆရာတော် ခမျာလည်း မအားရပါ။ ရွာစဉ် အလှူ လိုက်နေရသည်။ ကိုယ့်ရွာအလှူ၊ သူ့ရွာ အလှူ ရက်မတိုက်မိအောင် ရှောင်ကြသော်လည်း တစ်ခါ တလေ နှစ်ရွာ၊ သုံးရွာမှာ အလှူတွေ ဆုံနေတတ်သည်။ သူ့ရွာနှင့် သူ့ကွမ်းတောင်ကိုင် အလှဆုံး ခြယ်သထားကြသော်လည်း ဇောင်ချမ်းကုန်းက အပျိုတွေကို ဘယ်ရွာကမှ မမီတာလည်း ထူးတော့ ထူးဆန်းသည်။ ဇောင်ချမ်း ကုန်းသူတွေ ချောကြ၊ လှကြတာ ဘ၀ ကုသိုလ်ဆိုတာထားတော့။ အသားအရေလှ ကြတာကတော့ ရေကောင်းလို့ဟု ဆိုကြပါသည်။ ဟုတ်တာ မဟုတ်တာထား။ ဇောင်ချမ်းကုန်းရေက ချိုပြီးလေးလေး ပင်ပင်ရှိသည်။

“ညည်းတို့ရွာက ရေတွင်းတွေ ဆားလာခတ်ဦးမှပါအေ။ ရေချိုချက်တော့ တွင်းရေထဲ ရွှေမှုန်များ ပါရောလားအေ”

တခြား ရွာတွေက ပြောကြရသည် အထိပင်။ ဇောင်ချမ်းကုန်းမှာ ဟိုဘက်လေး၊ ငါးနှစ်တုန်းက ကွမ်းတောင်ကိုင်မှာ မ၀င်းလှဖြစ်သည်။ နာမည်နှင့် လိုက်အောင် ၀င်းဝင်းစက်စက် လှသူကလေးပင်။ မိဘကသောင်သာတော့ ရွှေငွေဘယက် လက်ကောက်က အစ ရွှေချည်ပိုးချည် အ၀တ်အဆင်အားဖြင့် ရွာ့ဂုဏ်ဆောင် နိုင်ခဲ့ပါ၏။ မ၀င်းလှ၊ မ၀င်းလှဆိုသည့် အသံတွေ စည်စည်ဝေေ၀ ရှိခဲ့သည် အထိပင်။ မ၀င်းလှ အိမ်ထောင် ကျပြန်တော့ ဇောင်ချမ်းကုန်းက “ညိုချော”ကို ကွမ်းတောင်ကိုင် ရွေးခဲ့ကြသည်။ ညိုချောကလည်း တစ်မျိုး လှရှာပါ၏။ အချမ်းသာကြီး မဟုတ်ပေသိ အကျင့် စာရိတ္တကောင်းကလေး ဖြစ်သည်။ အလှူအတန်း၊ သာရေးနာရေး ရှိလျှင် အိုးဆေး၊ ပန်းကန်ဆေး နေရာကို လိုလိုလားလားယူသူကလေး ဖြစ်ပါ၏။ ရွာက ဦးကျော်မောင့် အလှူမှာ ကွမ်းတောင်စ ကိုင်ရသည်။ ညို ချောကို စိတ်တိုင်းကျ ပြင်ဆင်ပေးသူမှာ မအိမ်ကံဖြစ်၏။ နဂို ချောသူကို မအိမ်ကံက ပြင်လိုက် ဆင်လိုက်တော့ ညိုချော တစ်ခေတ်ထ ရပြန်လေသည်။

“သည်တစ်ခါ အလှူက အလှူကြီး ညိုချောရေ။ မြင်းခြံ ဆိုင်းကလည်း ပါဦးမှာ။ ဆင်တောင် ငှားထားဆိုလား။ ၀က်ဝက် ကွဲပါအေ။ တို့ရွာ ဂုဏ်မငယ်စေနဲ့။ ရွာတကာ လာကြမှာ။ မအိမ်ကံ အလှဆုံး ပြင်ပေးမယ်။ သည်တစ်ပွဲ ကျောက်ထည် တွေချည်းပေါ့အေ”

မအိမ်ကံက အလှူသံ ကြားကတည်းက ညိုချောကို မှာကာ အားပေးနှင့်သည်။ အလှူရက်တွင် ညိုချော ကွမ်းတောင် ပွေ့တာကို အလှူလာတို့ ငေးစေရမည်။ အလှူနေ့က သမီးကြီး မြိုင်ကလည်း ကျောင်းပိတ်ရက်မို့ ရွာကို ပြန်ရောက် နေသည်နှင့် ကြုံသဖြင့် ညိုချောကို ဖြီးလိမ်း ပြင်ဆင် လုပ်နေကြတာကို မြိုင် က ထိုင်ကြည့်နေခဲ့သည်။ မအိမ်မြိုင်က အိမ်နေ အ၀တ်အစား ကပိုကရိုကလေးနှင့်ပင် လှလွန်းသူကလေး ဆိုတော့ ညိုချော အမျိုးတွေက အချင်းချင်း လက်တို့ကြရသည် အထိပင်။

“ရက်စက်ပါ့အေ။ ရှင်အိမ်ကံရယ်။ ပြင်ထားသဲ့ ညိုချောတောင် ညည်းသမီးနဲ့ တွဲထိုင်တော့ မှိန်ရပါပကောအေ။ မအေ မီချက်တော့။ မအိမ်မြိုင် ကွမ်းတောင်ကိုင် အလှည့်များကျရင် မြင်းခြံတောင် တက်ပြိုင်လိုက်ချင်သေးသယ် အဟုတ်”

ညိုချောအမေ မအုန်းရင်က အော်ကြီး ဟစ်ကျယ် ပြောနေသည်။ သမီးကြီး မြိုင်ကို ရွာက အခုကတည်းက အမှတ်ပြည့် ပေးနေကြပါပြီကော။
ညိုချောကို မအိမ်မြိုင်တို့ အိမ်ကြီးမှာ ကျကျနန ပြင်ပေးပြီးတော့ အလှူ အိမ်ကို လှည်းယဉ်နှင့် သွားစေသည်။ လှည်းပေါ်မှာ မအိမ်ကံနှင့် သမီးမြိုင်တို့ ပါလာခဲ့သည်။ မဏ္ဍပ် အ၀င်မှာ ပြင်ဆင်စရာ ရှိလျှင် ပြင်ဆင်ပေးနိုင်အောင် ဖြစ်၏။ မဏ္ဍပ်ကို တန်းမ၀င်နိုင်ပါ။ လူတွေက ကျိတ်ကျိတ်ကြီး စည်နေခဲ့ပြီ။ မဏ္ဍပ်နှင့် မနီးမဝေးမှာ လှည်းယဉ်ကို ရပ်စေပြီး မအိမ်ကံနှင့် မြိုင်တို့ အရင် ဆင်းကြသည်။ ရွာမှ ခွာကာ မြို့ကျောင်းမှာ ကျောင်းတက် နေရသည့် နှစ်ကာလအတွင်း လှချင်တိုင်း လှနေသော မအိမ်မြိုင်ကို လူရှေ့သူရှေ့ ပွဲထုတ်ပြသလို ရှိသည် ဖြစ်၍ အလှူလာကြသူမှန်သမျှ ညိုချောကိုပင် စိတ်မ၀င်စား နိုင်ကြဘဲရှိလေ၏။
ဖက်ဖူးနု ပိုးထဘီနှင့် ရှံစိမ်းစ လက်ရှည်ကလေး ၀တ်ထားသော မအိမ်မြိုင်ကို မြင်လိုက်ကြသည်နှင့် တီးလက်စဒိုးပတ် ၀ိုင်းများပင် ရပ်သွားခဲ့ကြပါ၏။ လူတွေက တဝေါဝေါ အသံပြု ကြရင်း သားအမိ နှစ်ယောက်ကို လာဝိုင်း နေကြလေသည်။ သမီး၏ အလှကြောင့် နဂိုလှသူ မအိမ်ကံပင် သွေးကြီးချင်စိတ် ၀င်ခဲ့ရသည်။
“ကိုင်းပါရှင်၊ ညိုချောကို မဏ္ဍပ်ထဲ သွင်းပါရစီ။ လာဟဲ့ ညိုချော။ ရှေ့က၀င်”

မအိမ်ကံက လူရှင်းပေးရင်း ညိုချောကို ရှေ့က သွားစေသည်။ မဏ္ဍပ်အတွင်း ထိုင်နေကြသည့် အရွာရွာက အလှူလိုက် ပရိသတ်ကြီးတွေက လူတွေကြား တိုးဝင်လာကြသည့် မိန်းမချော သုံးယောက်ကို ကြည့်ကြရင်း ပါးစပ် အဟောင်းသားနှင့် ရှိကြလေ၏။ ထိုခဏတွင်ပင် ကျယ်လောင်လှသော အိုးစည်သံ၊ ဒိုးပတ်သံများ ကြိုင်ကြိုင်ဆူ ထွက်လာခဲ့သည်တွင် ဒိုးပတ်ဝိုင်းမှ အောင်မြင်လှသော သီချင်းသံတစ်သံဟိန်းထွက်လာခဲ့လေ၏။
“လှိုင်းကိုက်ပြန်တိမ်လိပ်နှင့် ဘွဲ့ချိတ်ကိုတဲ့ မ၀တ်ဆင်။ ရပ်ကြီးသူ ဖြူဖြူလတ်ကယ်။ နဂိုယဉ်လေသလားကွယ်။ ရွှေခါးတော်ညိုဆိုင်နှင့် ငွေခါးတော်ညိုဆိုင်နှင့် မတူနိုင်အနေခြား တယ်။ မိုးကျနတ်လား အား ဟား”

မအိမ်ကံ ပြုံးလိုက်သည်။ ဒါသမီး အိမ်မြိုင်ကို စောင်းချိတ် ဆိုလိုက်သံ မဟုတ်လား။ ဆိုကြပါစေလေ။ ဆိုလိုက်ကြ စမ်းပါ။ မတူနိုင် အနေခြားတဲ့ မိုးကျနတ် သမီးကလေး အစစ်ပါရှင်။ တစ်နေ့ရှင်တို့ မျက်ဝါးထင်ထင် မြင်စေ့ရမယ်။ မအိမ်ကံက လူတွေကြားထဲ တိုးဝင်ရင်း ဘေးဘီကို မျက်လုံးဝေ့ကြည့် လိုက်သည်။ လူတွေ လူတွေ။ မဏ္ဍပ်ထဲမှာ လက်ကိုင်ပ၀ါ တစ်ထည် ကျစရာ နေရာမရှိ။ လူတွေနှင့်သာ ပြည့်ကျပ်နေပါ ၏။ များပြားလှသော အကြည့်တွေကြားက ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသူကို မအိမ်ကံ သတိ ထားမိလိုက်သည်။

စိမ်းစိမ်းဝါးဝါးကြည့်နေခဲ့သည့် မျက်လုံးများ။ ၀င်းဝင်း တောက်နေသလား ထင်ရလောက်အောင် စူးရှသော မျက်လုံး တစ်စုံက မအိမ်ကံတို့ သားအမိကို ကြည့်နေသည်ကော။ ထို မျက်လုံးထဲမှာ အားကျခြင်း၊ သိမ်ငယ်ခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း၊ ရက်စက်ခြင်း အဓိပ္ပာယ်တွေ ပါနေတာကိုပင် မအိမ်ကံ ဖျတ်ခနဲ ဆုပ်ဖမ်း လိုက်မိလေသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

လေးစားစွာဖြင့်
ရီနိုမာန်

ရွှေအမြုတေမှ ဖေါ်ပြပါသည်။




January 17, 2010

ပျံသန်းမိတဲ့ နောက်ငါးနှစ် ခရီး ( တက့်ခ်ပိုစ့် )

အကြွေးရှိမှ နေတက်တဲ့ ကျနော့်အတွက်တော့ ပတ်လည်ဝိုင်းနေတဲ့ အကြွေးတွေကိုတော့ မမှု့တော့ပါဘူး။ မဆပ်တာ မဟုတ်ဘူးနော်။ အဆင်မပြေသေးလို့။ အဆင်ပြေရင်တော့ တဖြည်းဖြည်းနဲ့ ဆပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ခုလည်း အချိန်လေး အဆင်ပြေလို့ အမဝါရဲ့တဂ့်ကို ကျနော် ရဲ့ နောက်ငါးနှစ်စိတ်ကူးလေးတွေကို ဖေါ်ပြပေးလိုက်ရပါတယ်။

ကျနော် အလုပ်လုပ်ချင်တယ် ဆိုတဲ့ အချိန်ကတည်းက ကျနော် စိတ်ဝင်စားခဲ့တဲ့ ဆိုင်လေးနှစ်ဆိုင် ရှိခဲ့ဖူးတယ်။ တကယ်လို့ တက်နိုင်ခဲ့ရင်လည်း အရင်ဆုံးလုပ်ဖြစ်မဲ့ ဆိုင်လေးနှစ်ဆိုင်ပေါ့။ အိုးမကွာ အိမ်မကွာလေး လုပ်ချင်မိတာပါ။ ကျနော်ကိုယ်တိုင်တော့ ဆိုင်ထိုင်ဖြစ်မှာမဟုတ်ဘူး။ ကျနော်က အိမ်မြဲတဲ့ အကောင်မဟုတ်တော့။

ပထမဆုံး ဖွင့်ချင်မိတဲ့ ဆိုင်လေးကတော့ ဗီဒီယိုခွေငှားတဲ့ ဆိုင်နဲ့ ခွေဖြန့်ချိရေးလုပ်ငန်းလေး လုပ်ချင်တယ်။ များသောအားဖြင့် မြန်မာပြည်က လူတွေ တော်တော်များများက ဖျော်ဖြေရေးတွေကို ပိုပြီး စိတ်ဝင်စားကြတယ်။ မငှားရမှာတော့ တွေးမပူမိပါဘူး။

နောက်ပြီး ခွေငှားဆိုင်လေးနဲ့ တွဲပြီး စာအုပ်အငှားဆိုင်လေးလဲ ဖွင့်ချင်မိတယ်။ သူများဆီမှာလဲ သွားဖတ်စရာမလိုတော့ဘူးပေါ့။ ကိုယ့်ဆိုင်မှာ ကိုယ်ကြိုက်တာ ကိုယူဖတ်လို့လဲရတယ်။ စိတ်ထဲမှာ အရင်ထဲက ဖြစ်မိတဲ့ ဆန္ဒလေးပါ။ လုပ်နိုင်ခဲ့ရင် လုပ်ချင်နေတဲ့ အသေးစား စီးပွားရေးလေးပေါ့။ နောက်ပိုင်း အဆင်ပြေလာရင်တော့ တဖြည်းဖြည်း တိုးချဲ့ပြီး တစ်ခြားစီးပွားရေးလေးလဲ လုပ်ချင်မိတယ်။

ကော်ဖီဆိုင်သန့်သန့်လေး တစ်ဆိုင်၊ ဖန်စီဆိုင်လေး တစ်ဆိုင်၊ ဖိနပ်ဆိုင်လေး တစ်ဆိုင် ဆိုပြီး နောက်ပိုင်း လုပ်ကိုင်တိုးချဲ့ မိမှာသေချာပါတယ်။ မဖြစ်လာသေးတဲ့ နောက်ငါးနှစ်အတွက်တော့ စိတ်ကူးသက်သက် များသာဖြစ်နိုင်မယ်ထင်ပါတယ်။ စိတ်ကူးဆိုတော့လည်း တွေးကောင်းကောင်းနဲ့ တွေးနေမိတာပေါ့။ ပိုက်ဆံမှ မပေးရတာပဲကိုး။ ဒါတွေကတော့ နောက်ငါးနှစ်မှာဆိုတဲ့ စိတ်ကူပေါ့ဗျာ။ ကဲ ကောင်မလေး အကြောင်း တစ်စခန်း စလိုက်ကြရအောင်။

အချစ်ကံ .. ခေးလွန်တော့ကွယ်... မင်းကိုမောင်ချစ်ခဲ့တယ်... မေရယ်မေရယ် ချစ်မိသမျှ .... လွမ်းရပါပြီကွယ်။ မင်းအောင်ဆိုထားတဲ့ သီချင်းလေးပါ။ စိတ်ထဲမှာ ငြီးနေမိတယ်။ ကိုယ့်ကိုများ စောင်း ဆိုနေသလားပေါ့။ အကယ်ပါ အခုချိန်ထိ ရည်းစားမရှိဘူးလို့ ပြောရင် ကြော်ငြာဝင်တယ်လို့ ဝိုင်းပြောကြအုံးမယ်။ ချစ်သူတော့ ရှိတာပေါ့။ ကျနော်ပြောတာ ရည်းစား။ ကျနော်ချစ်တဲ့ လူတွေကတော့ တော်တော်များပါတယ်။ ကျနော်ကိုတော့ တစ်ယောက်မှ ပြန်မချစ်ခဲ့ကြဘူး။ အဲဒါကိုလည်း ခက်ကောင်းကောင်းလို့ တွေးနေမိပြန်တယ်။

အချစ်အတွက်နဲ့ ပူလောင်တဲ့ ဒဏ်တွေကိုလည်း ခံစားခဲ့ရပြီးပြီ။ ဒါပင်မယ့် ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်မချစ်တော့ တွေ့လာတဲ့ အချစ်တွေကို လက်ခံဖို့ တော်တော်ခဲယဉ်ခဲ့ရပြန်တယ်။ ကိုယ်ချစ်ဆိုတာကြီးကို မုန်းနေမိတော့တယ်။ အခုချိန်ထိ ကျနော်မှာ ၁၅၀၀ နဲ့ ပတ်သက်တဲ့ အချစ်တွေ ရှိမနေတာကိုပဲ ကျေးဇူးတင်နေမိတယ်။ ကျနော့် စိတ်ကလဲ လွတ်လွတ်လပ်လပ်နေချင်နေတော့ ချုပ်နှောင်ထားတဲ့ သံယောဇဉ် ဆိုတာကို မနှစ်သက်တော့ဘူး။ ဘယ်သွားသွားဘာလုပ်လုပ် ကိုယ့်ကိုကိုယ်ပဲ မေးစရာရှိတယ်။

အင်း ဒီပုံစံအတိုင်း ဆိုရင်တော့ နောက်လာမဲ့ ငါးနှစ်လည်း ရွာဦးကျောင်းက ကြေးစည်ကြီး ထုလိုက်တဲ့ အသံအတိုင်း " မထင် " ပဲပေါ့။ ဒါပေမယ့် စိတ်ကူးလေးတော့ ပြောပြချင်ပါတယ် အမဝါရေ။ ကျနော်နှစ်သက် မြတ်နိုးမိတဲ့ မိန်းကလေး တစ်ယောက်တော့ ရှိခဲ့ဖူးတယ်။ ယခုချိန်ထိလည်း ရှိနေဆဲပါ။ ကျနော်ကိုယ်တိုင်လဲ ချစ်နေဆဲပါ။ သူမကတော့ ကျနော်နဲ့ ဟို့ အဝေးမှာပေါ့။ ခုချိန်ထိ အိမ်ထောင်မကျသေးတဲ့ အတွက် ကျနော်ဘက်က မျှော်လင့်နိုင်ခွင့် အပြည့်နဲ့ပေါ့။ သူမအကြောင်း ကို ဒီမှာ ရေးထားဖူးပါတယ်ဗျာ။

အမရေ တကယ်ပါ။ နောက်ငါးနှစ်ဆိုတာ ကျနော် တကယ်ကို မတွေးတက်တာပါ။ တွေးတက်သလောက်တော့ တွေးလိုက်မိတယ်။ ဖတ်ရတာ အဆင်မပြေခဲ့ရင် ကျနော်ရဲ့ ရေးသားမှုညံ့ဖျင်းသော ကြောင့်သာ ဖြစ်ပါတယ်။ ဒီလောက်နဲ့ ပဲ ကျေနပ်ပေးပါဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

January 15, 2010

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၅ )

ဒီနေ့တော့ ဂျပန်မြို့ရဲ့ တိုကျိုလေဆိပ်ကို ရောက်လို့ လာခဲ့ပါပြီ။ သွားဖို့ ပြင်ဆင်နေရင်း ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ လေယာဉ်လက်မှတ်ကို သေချာရက်ရွေးပြီ မနေ့ ညဦးအချိန်လေးမှာပဲ မောင်နှမတွေကို နှုတ်မဆက်ပဲ တိတ်တိတ်လေး ထွက်လာခဲ့ပါတယ်။ လေဆိပ်ကို ရောက်တော့ ကြိုပြီး အကြောင်းကြားထားလို့ ဦးဥာဏ်၊ အမဝါ နဲ့ သမီးလေး ခိုင်တို့ လာကြိုကြပါတယ်။ အချိန်ကလည်း သိပ်မရ ပြီရင်း ပန်ပန်ဆီကလည်း သွားရအုံးမှာဆိုတော့ အချိန်ဇယားက တော့ ကွတ်တိပါပဲ။ ကျနော် ဟိုကိုရောက်တဲ့ အချိန်ကတော့ အသဲပါခိုက်နေအောင်ကို အေးနေတဲ့ အချိန်ဆိုတော့ ကျနော်မှာ ပါသွားတဲ့ အနွေးထည်နဲ့ မလောက်လို့ အမဝါက ကျနော်ကို လက်ဆောင်အဖြစ် အနွေးထည်နှစ်ထည် ထပ်ဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။ ( မသိတဲ့ လူများ မနာလို ဖြစ်နေကြအုံးမှာ။ ပြန်ရောက်မှ ထုတ်ကြွားလိုက်အုံးမယ်)ဟဲဟဲ....

ကဲအမရေ အခုရောက်လာတာကလည်း အလုပ်ကိစ္စနဲ့ ဆိုတော့ သိတဲ့ အတိုင်းပဲလေး။ အချိန်ကသိပ်မရဘူး။ အမကို ဗျူးပြီးတာနဲ့ ပန်ပန် ဆီကို သွားရအုံးမှာ။ ဒါကြောင့် ကျနော်တို့ အင်းတာဗျူးလေးကို စလိုက်ကြရအောင်ဗျာ.......

၁) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရာလေးကနေ စမေးမယ်နော် အမ။ ဘာကြောင့်များရေးဖြစ်သွားတဲ့ အကြောင်းလေး ပြောပြပါအုံး အမဝါ

- အမျိုးသားက အားပေးလို့ ။း) ပြီးတော့ စိတ်ထွက်ပေါက် အဖြစ် ဘလော့ဂ်လေးတစ်ခု ဖန်ဆင်းပြီး ကိုယ့်အကြောင်းတွေကို ဒိုင်ယာရီလေးတစ်ခုလို ရေးချင်ခဲ့တယ်။

၂) အမ ဘလော့ဂ် ရေးဖြစ်ခဲ့တဲ့ နှစ်လေး ပြောပြပါအုံး။

- ၂၀၀၈ . မတ်လ

၃) အမက ဒီရောက်တာလဲ ကြာနေပြီဆိုတော့ မြန်မာ အစားအစားတွေထဲက အကြိုက်ဆုံး နဲ့ အတမ်းတဆုံး ဘာဖြစ်နိုင်လဲ အမ။

- မုန့်ဟင်းခါး

၎) ခရီးသွားရင် အမြဲယူသွားတက်တဲ့ ပစ္စည်း ကဘာလဲ အမ။

- လက်ကိုင်အိတ်၊ ကင်မရာ ၊ ဘီး ။

၅) ဖက်ရှင်နဲ့ ပတ်သက်တာ နည်းနည်းမေးမယ် ။ ကိုယ်တိုင်နှစ်သက်တဲ့ ဖက်ရှင်ဒီဇိုင်း ပုံစံက ဘယ်လိုမျိုးလဲ။ အဝတ်အစား ဒီဇိုင်း ပေါ့ အမ။

- စတိုင်ဘောင်းဘီ၊ရှပ်အကျီ

၆) ဒါဆို အကြိုက်ဆုံး အရောင်က ဘာအရောင်တွေလဲ။

- အဖြူ နဲ့ အနက် (မြင်းကြား မဟုတ်ပါ။အပေါ်အဖြူဆို ၊ အောက်ဖက်အနက်၊ အောက်ဖက်အနက် ဆို အပေါ်ပိုင်း အဖြူ)
(မှတ်ချက် ။ ။ အမပြောထားတာ အတူတူများ ဖြစ်နေသလားလို့ပါ။ အမ ကိုယ်တိုင်ဖြေထားလို့ အမှတ်တရ မပြင်ပဲ ထားလိုက်ပါတယ်။ )

၇) ဖက်ရှင် ပစ္စည်းတွေထဲမှာကော အမရဲ့ အကြိုက်ဆုံး က ...

- ဖိနပ်

၈) ဒါဆိုရင်တော့ ဖိနပ်ထဲမှာ ဘာဖိနပ်ကို အကြိုက်ဆုံးလဲ။

- Amalfi Collection


၉)ရေမွှေးတော့ သုံးမှာပေါ့။ သုံးဖြစ်တဲ့ အများကြီးထဲက အကြိုက်ဆုံးရေမွှေး လေး ပြောပြပေးပါအုံး အမ။

- Dior


၁၀) ဒီမေးခွန်းကတော့ အမ အတွက် မလိုအပ်ပေမယ့် မေးနေကြမို့ အမရဲ့ အဖြေလေးတော့ သိချင်မိပါရဲ့ဗျာ။
စိတ်ကူးထဲက ချစ်သူကောင်လေးပုံစံ

- ( ဒီမေးခွန်းက အန်တီအတွက်မလို) ( ဒီမေးခွန်းက အန်တီနဲ့ မဆိုင် :D )

၁၁) အမရဲ့ ပင်ကို ဝါသနာက။

- သီချင်းအေးအေးလေးတွေနားထောင်ခြင်း

၁၂) ကဲ အမရေ ကျနော်ရဲ့ နောက်ဆုံးမေးမဲ့ မေးခွန်းကတော့ အမရဲ့ အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေး ကို သိပါရစေဗျာ။

- အတတ်နိုင်ဆုံး လူတွေအပေါ် မေတ္တာ ထားပါ။
(Recently) - An injury forgiven is better than injury revenged . ( ရန်ကို ရန်ချင်းမတုံ့နှင်းပဲ ဖြည့်ညှင်းသာယာစွာ စကားကိုပြောဆိုရာ၏။)

ကျေးဇူးတင်ပါတယ် အမရေ။

အင်းတာဗျူးအစီအစဉ်လေးလည်း ပြီတော့ ကျနော်ကို မက်ခုဒိုနရုဒို ဆိုင်မှာ နေ့လည်စား လိုက်ကျွေးပါတယ်။ နေ့လည်စားပြီတော့ ပန်ပန်ဆီသွားဖို့ ရထားစောင့်နေတုန်း အမနဲ့ အလာပသလာပ ပြောနေတုန်း ဖိုးသင်္ကြန်မှာလိုက်တဲ့ စကားကိုလည်း သေသေချာချာပြောလိုက်မိပါသေးတယ်။ အမဝါ မြန်မာပြည်ပြန်ဖို့ ပစ္စည်းတွေ သိမ်းနေပြီတဲ့ အမဝါ မနိုင်တဲ့ ပစ္စည်းတွေ ကျနော်ပြန်ရင် မလာခဲ့တဲ့ အမရေ ဖိုးသင်္ကြန်က အဲလိုမှာလိုက်တယ်ဗျာ။ ကဲ အမရေ ရထား လည်း လာပြီ စကားလည်းကောင်းနေတာ အပြန်မှ ပြန်တွေ့မယ်အမ။
အပြန်ကြရင်တော့ ဒီဆိုင်မှာပဲ စားမှာနော် ( ဇာ ကင်းဂု အော့ဖု ဘရက်ဂု” ) ကြိုပြောထားပါတယ်။
ကျေးဇူး အရမ်းတင်ပါတယ် အမရေ။ ခုလိုကျနော်ရဲ့ အင်းတာဗျူး အစီအစဉ်လေးမှာ စိတ်ဝင်းတစား ပါဝင်ပေးတဲ့ အတွက်ကော နေ့လည်စားနဲ့ဧည့်ခံပေးတဲ့ အတွက်ကောပေါ့။

ဒီလိုနဲ့ ကျနော်လည်း ပန်ပန်ဆီကို ထွက်လာခဲ့ပါတော့တယ်။........

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက် ။ ။ အဖြေများအားလုံးကို အမဝါမှ ကိုယ်တိုင် ဖြေကြားထားခြင်းဖြစ်ပါသည်။

January 14, 2010

မအိမ်ကံ ( For Jan အပိုင်း - ၄)

“ကျုပ်တို့က တစ်နေရာတည်း ကြာကြာနေလို့ မကိုက်ဘူး ဗျ။ မြင်းခြံဘက်တော့ မလှည့်တော့ဘူး။ တောင်ရွာဘက် တစ်ည ခိုပြီး ပြန်မှာပါ။ နေဦးဗျာ။ ကျုပ်ကို ခရီးစရိတ်တော့ ပေးပါဦး။ အားတော့ နာပါရဲ့”
မအိမ်ကံက ကျေးဥကို လှမ်းခေါ်ကာ ငွေအစိတ် ပေးလိုက်စေသည်။ မအိမ်ကံ ၀င်းတံခါးကြီး လိုက်ဖွင့်ပေးတော့ စိုက်စိုက်ကိုင်းကိုင်း ပြန်ထွက်သွားလေ၏။

တပေါင်းလထဲမှာ အစ်ကို မောင်မြတ်သာနှင့် မမစိမ်းမြတို့ ဇောင်ချမ်းကုန်းရွာကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ကြသည်။ အစ်ကို ကျောင်းသားဘ၀ မြို့က ပြန်လာတိုင်း နေနေကျ လူပျို ခန်းထဲမှာပဲ။ နေရာချ ထားပေးလိုက်ပါ သည်။ ရောက်ရောက်ချင်း အစ်ကို ဘာစကားမှ မပြောနိုင်ဘဲ ပုံရိပ်ဟောင်းတွေကို လွမ်းနေပုံရ၏။ အိမ်ကြီးပတ်ပတ်လည် တစ်ဝိုင်းလုံး အနှံ့ လိုက်ကြည့်ရှာသည်။ အစ်ကိုလည်း အသက် ရလာခဲ့ပြီ။ ရင့်ကျက်မှုနှင့် တည်ငြိမ်မှုတွေ အစ်ကို မောင်မြတ်သာထံမှာ တွေ့နေရသည်။

ငယ်ငယ်တုန်းကတော့ အစ်ကို မောင်မြတ်သာလည်း မထူးပါ။ အဖေသူကြီးနှင့် အမြဲတမ်း ကဏ္ဋေကောစ။ အဖေဖြစ် စေချင်ခဲ့တာတွေ မဖြစ်ရကောင်းလား ဆိုပြီး အဖေက တဗျစ် တောက်တောက် ပြောဆိုနေတာတွေ မအိမ်ကံ အမြဲ ကြားခဲ့ရသည်။ သားဖြစ်သူကို မြို့ကျောင်းပို့ကာ မြို့အုပ်မြို့ပိုင် ဖြစ်စေ ချင်ခဲ့သော်လည်း အစ်ကိုက နည်းနည်းကလေးမှ စိတ်မ၀င်စား ဘဲရှိခဲ့သည်။ အင်္ဂလိပ် အုပ်ချုပ်သည့် ခေတ်မှာ ဖအေက သူကြီး၊ သားက ၀ရမ်းပြေး ဖြစ်ခဲ့ရတာတွေလည်း အခုတော့ အတိတ်၏ ပုံပြင်တွေ ဖြစ်ရလေပြီ။ သခင်မြတ်သာ ဘ၀က အိမ်ကိုရောက် လာတိုင်း မအိမ်ကံ ငိုရသည်ချည်းပင်။ ပင်ပန်း ဆင်းရဲခံကာ နိုင်ငံရေးမှာ ပျော်ပိုက်နေသည့် သားကိုကြည့်ပြီး ဖအေဖြစ်သူ ကလည်း စိတ်မချမ်းသာခဲ့။ မြန်မာပြည် လွတ်လပ်ရေး ရရန်ဆိုသည့် စိတ်က လွဲ၍ အခြားဘာမှ မရှိသော လူငယ်တွေက တစ်ဖက်၊ ရာထူးအာဏာ မက်မောခဲ့ကြသည့် လူကြီးတွေက တစ်ဖက်။ အခုတော့လည်း တိုင်းပြည် လွတ်လပ် ရေးရခဲ့ပြီ။ ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်ရေးဖြင့် တိုင်းပြည် ပြန်လည်ထူထောင် နေရချိန် ဆိုသော်လည်း ၀ါဒရေးရာတွေက မပြီးပျောက်နိုင်ဘဲစည် တွေ့တိုင်း လက်သီးဆုပ်နှင့် ထုချင်ကြသူတွေ များခဲ့သည်။

အစ်ကိုမောင်မြတ်သာ ရောက်နေသည်ကြားတော့ သာအောင်နှင့် လူကြီးတချို့ လာနှုတ်ဆက်ကြသည်။ အစ်ကို မောင်မြတ်သာက လေအေးကလေးနှင့် စကားပြောတတ် ရုံမက အမူအရာပါ တည်ငြိမ် သွားတာက မအိမ်ကံ သတိထား မိပါ၏။ အစ်ကိုက ဗိုလ်မှူး အဆင့်ထိ ရာထူး တိုးမြင့်လာခဲ့ပြီ။
“အေးကွာ၊ ကိုယ့်ရပ် ကိုယ့်ရွာကို ကိုယ်တိုင် အုပ်ချုပ်ရပြီ ဆိုတော့ ကိုယ်ကညှာမှ ရပ်ရွာ အေးချမ်း သာယာသယ်။ တိုင်းပြည်လူထုဟာ ဘယ်သူဘယ်အစိုးရ တက်တက် လုပ်မှစား ကြရသူတွေပဲ။ ရုန်းနိုင်ကန်နိုင်မှ တစ်ဝမ်း တစ်ခါးဝကြ၊ လှကြရသယ်။ အုပ်ချုပ်သဲ့ သူက မကောင်းရင် ရွာနာသယ်။ တောသူ တောင်သားများခမျာ အသိပညာ နုန့်နဲ့ကြလေတော့ မိုးကောင်းလည်း တစ်စလောင်းပဲ၊ မိုးမကောင်းလည်း တစ်စလောင်းပဲ။ ဒါကို အမြဲ ဂရုစိုက်ကြကွာ”

“အစ်ကိုမြတ်သာကို ရွာကလည်း မျှော်နေကြသာပါ။ ရွာက တစ်ခုတော့ ကံကောင်းပါသယ်။ မအိမ်ကံ အိမ်သား ဆရာလေး ကိုပြေသိမ်းရှိတော့ အနားရွာတွေထဲမှာ ကျွန်တော်တို့ရွာ က အောက်မကျခဲ့ရဘူး။ ဆရာလေးရဲ့ ပညာဂုဏ်၊ သိက္ခာ ဂုဏ်၊ နိုင်ငံရေး သြဇာဂုဏ်ကို လေးစားကြသယ်”

သာအောင်က ကိုပြေသိမ်း အကြောင်း ပြောနေလို့ မအိမ်ကံပင် မျက်နှာ မထားတတ်အောင် ဖြစ်ရပါ၏။ ကိုပြေသိမ်းကို ရွာက ချစ်ကြ၊ ရိုသေ လေးစားကြတာလည်း အမှန်ပင်။ ကိုပြေသိမ်း ဖြေရှင်းပေးလို့ ငြိမ်းရသည့် အမှုတွေ များခဲ့သည်။ ကိုပြေသိမ်း ရပ်တည်ပေးလို့ မတရားမှုတွေ ရှဲကုန်ကြတာ များခဲ့သည်။ ရွာကို ဓားပြတိုက်ချင်တာတောင် ဆရာလေး ကိုပြေသိမ်းရွာ ရယ်လို့ ဓားပြတွေကပင် လက်ရှောင်ခဲ့ကြတာတွေ ရှိပါ၏။ အခုတော့ ဇောင်ချမ်းကုန်းမှာ ကိုပြေသိမ်း မရှိတော့ပြီ။ ကိုပြေသိမ်း တစ်ယောက် တောခိုသွားပြီဆိုသည့် သတင်းက အူခနဲ ထတောက်လိုက်သော မီးကဲ့သို့ သည်ဘက်ရွာ တစ်ကြောမှာ ညီးညီး လောင်ခဲ့ပါ၏။ ဘယ်သူက ဘာမှမ ပြောသော်လည်း အစိုးရဘက်က မအိမ်ကံတို့ အိမ်ကို အကဲခတ်ကြတာတွေ ရှိလာသည်။

တစ်ဖက်ကလည်း ဗိုလ်မှူးကြီးအဆင့်ရာထူးရနေပြီ ဖြစ်သော အစ်ကိုမောင်မြတ်သာ၏အရိပ်ကြောင့် ဘာမှတော့ အမေးအမြန်း မရှိခဲ့။
အစ်ကိုမောင်မြတ်သာက ခရီးရောက်စမို့လား မသိပါ။ ကိုပြေသိမ်းနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမှစကားမဟတာ ကို မအိမ်ကံ သတိထားမိသည်။ အစ်ကိုမောင်မြတ်သာတို့ လင်မယား ရောက်လာကတည်းက မအိမ်ကံကိုယ်တိုင် ဟင်း ကောင်း ကျွေးကောင်းရှာပြီး တည်တည်ပပကျွေးမွေးဧည့်ခံ သည်။ သူတို့မောင်နှမကြား မပြောရသေးသည့်စကားရှိသေး သည်။ အမွေကိစ္စဖြစ်၏။ ဖအေတူ မအေခြားကြသူတွေဆို သော်လည်း မောင်ရင်းနှမရင်းတွေဆိုတော့ သည်အိမ်ကြီးက အစ မိဘလက်ငုတ်လက်ရင်းမှန်သမျှ မောင်မြတ်သာနှင့်လည်း ဆိုင်သည်။ တစ်နေ့မှာတော့ သည်ကိစ္စ တရားဝင် ပြောကြဆိုကြ ရဖို့ရှိပါ၏။ မောင်မြတ်သာက နှမကိုညှာလို့ မပြောတာလည်း ဖြစ်ချင်ဖြစ်မည်။ ယောက်မ ဖြစ်သူကလည်း အစ်ကိုနှင့် ပတ်သက် နေပေသိ သူစိမ်းဖြစ်သည်။ အစ်ကို ဖြစ်သူနေနိုင်ဦးတော့ မမစိမ်းမြဘက်က ပြောချင် ဆိုချင်တာ ရှိကောင်း ရှိနိုင်သည်။ သို့သော် အစ်ကိုက မပြောသလို မမစိမ်းမြကလည်းသည်ကိစ္စ ခေါင်းထဲပင် ရှိကြပုံမပေါ်။ ဘာပဲဖြစ်ဖြစ် အစ်ကိုက ပညာတတ်လည်းဖြစ်၊ အကြီးလည်း ဖြစ်တော့ တရားသဖြင့်အောင် ဆောင်ရွက်ပေးမည်သာဖြစ်၏။ ဒါကိုတော့ မအိမ်ကံ ယုံသည်။

“အစ်ကိုလည်း ရွာပြန် အခြေချ ချင်လှပြီ ကံကလေးရေ။ အလုပ် ရာထူးက ထွက်ပြီး အေးအေးချမ်းချမ်း နေချင်ပြီ။ ထောင် နှုတ်ခမ်း လျှောက်ခဲ့ရတဲ့ ဘ၀တွေတုန်းကလည်း ပင်ပန်း ဆင်းရဲ ခဲ့ပါရဲ့။ တိုင်းပြည် လွတ်လပ်ပြန်တော့လည်း အစ်ကိုတို့မှာ ပင်ပန်းဆင်းရဲက မလွတ်ချင်ဘူး။ တော်လောက်ပြီလို့လည်း အောက်မေ့မိသယ်။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင်တော့ ထွက်ခွင့်ရကောင်းပါရဲ့”

တစ်ရက်။ မောင်နှမ နှစ်ယောက် စကားတွေ ပြောဖြစ်ကြရင်း ပါလာသည့် စကားဖြစ်သည်။ သည်အခါမှာတော့ မအိမ်ကံ ခေါင်းထဲ ရှိနေသည့် စကားကို ပြောရန် အခွင့်သာပြီ။ မမစိမ်းမြ မရှိခိုက်ဆိုတော့ ပြောလို့လည်း ကောင်းသည့် အချိန်ဖြစ်၏။
“အစ်ကို့ကို မအိမ်ကံ စောင့်နေသာ အစ်ကိုကလည်း လာရင် သုံးရက်လောက်နဲ့ ပြန်သာများတော့ မပြောဖြစ်ဘူး။ ဘာမှ မဟုတ်ပါဘူး အစ်ကို၊ ပြောလည်း မပြောချင်ပါဘူး။ မပြောလို့လည်း မဖြစ်တော့ ပြောရမှာပဲ။ အမွေကိစ္စ အစ်ကို စီစဉ်စေချင်သယ်။ ရက်ကန်းရုံကတော့ မအိမ်ကံ စီးပွားပါ။ အဖေတို့အမေ တို့ထားခဲ့တဲ့ ပစ္စည်းတွေကတော့ သည်လို ရှိနေသာပါပဲ။ ရွှေငွေ ဆိုသာကလည်း ဓားပြတိုက် ခံရတာတို့ လှူသာ တန်းသာတို့နဲ့ ကုန်သင့်သလောက်ကုန်ခဲ့ပေသိ ကျန်ကောင်း ကျန်ရာတွေကို အစ်ကိုလည်း ဆိုင်သမှုတ်လား။ မြေတို့ ထန်းတို့လည်း ရှိသေးသယ်။ မိဘပစ္စည်းတွေ မအိမ်ကံကြောင့် မပွန်းခဲ့ပါဘူး အစ်ကို”

မောင်မြတ်သာက နှမခေါင်းကို လှမ်းပွတ်သည်။ ပြုံး သည်။ လေးနက် တည်ကြည်သော အပြုံးမျိုးဖြစ်ပါ၏။
“ငါ့နှမရယ်၊ အဖေတို့ အမေတို့ကို အစ်ကို လုပ်မကျွေးခဲ့ ရသာ ထားတော့။ စိတ်ချမ်းသာအောင် လူလုံး လာမပြနိုင်သာ ကြည့်တော့။ ငါနှမရှိလို့လည်း နိုင်ငံရေးကို စိတ်ဖြောင့်လက်ဖြောင့် လုပ်ခဲ့သာပါ။ စည်းစိမ်တွေ ကုန်ပြီ ဆိုတော့လည်း အစ်ကို ဘယ့်နှယ်မှ မနေဘူး။ ဒါကို မဥပါဒ်နဲ့။ အစ်ကို အဲသာတွေ မသိဘူး။ အိမ်မှာ ရှိမှန်းလည်း မသိဘူး။ ရကောင်းစေ ရအပ်စေ ဆိုတာလည်း မရှိဘူး။ အစ်ကိုပြောသာ ယုံတော့”

အစ်ကို စကားကြောင့် မအိမ်ကံ မျက်ရည်ဝဲရသည်။ အစ်ကို ပေသိ ဖခင်လို စိတ်ထားမျိုးပါလားလို့ တွေးမိ၍ဖြစ်သည်။
“ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒါပေသိ အစ်ကိုရယ်၊ အစ်ကို ရသင့်ရထိုက်သာ စောစောစီးစီးရတော့ အစ်ကိုတို့ လုပ်သင့် လုပ်ထိုက်သာ လုပ်ရသာပေါ့။ အစ်ကိုချည်းပဲ မဟုတ်သေး ဘူးလေ။ မမမြစိမ်းကလည်း ရှိသေးသာ ဥစ္စာ”

“အေးပါ ငါ့နှမရာ။ သည်တစ်ခေါက်တို့လာသာ တစ်ကြောင်းပါ။ ငါ့နှမ စိတ်ဆင်းရဲ နေရှာမယ် ထင်လို့ရယ်၊ တောင်းစရာ ရှိလို့ရယ် လာခဲ့ကြသာပဲ။ ရက်ကြာကြာလည်း မနေနိုင်ဘူး။ အမွေကိစ္စက အစ်ကိုအနားယူတဲ့နှစ် ရွာပြောင်း လာတော့မှ ပြောကြရအောင်”

“ဘာများ တောင်းစရာ ရှိလို့လဲ အစ်ကိုရယ်။ အစ်ကိုလို ချင်သာရှိရင် ယူသွားပါ။ တောင်းမနေရပါဘူးတော်”

မောင်မြတ်သာက ပြုံးရုံသာ ပြုံးနေခဲ့သော်လည်း ဘာရယ် လို့တော့ မပြောပါ။ မမစိမ်းမြ ညနေဘက် ရောက်လာတော့မှ ပြောတော့မည်ဟု ဆို၏။ ဧည့်သည်တွေ ရောက်လာကြပြန်လို့ မအိမ်ကံတို့ အိမ်မှာ လူစည် ရပြန်ပါသည်။ အစ်ကိုဝမ်းကွဲ ကိုစံကောင်းတို့လည်း ပါသည်။ သူစိမ်းတွေလည်း ပါသည်။ ရပ်ရွာ လူကြီးတွေလည်း ပါလာကြသည်။ အစ်ကို့ အတွေ့အကြုံတွေ မေးကြသည်။ ဗိုလ်မှူးကြီး အဆင့်ဆိုသော်လည်း ငယ်ပေါင်းတွေက မြတ်သာကြီးလို့သာ ခေါ်ကြသည်။ ငယ်ငယ်က ခေါ်သလို မည်းလုံးလို့ ခေါ်ကြသူတွေလည်း ရှိသည်။

“မောင်မြတ်သာကို ငယ်ငယ်က မည်းလုံး ခေါ်ကြသာ။ မည်းမည်းလုံးလုံး ကလေးကိုးကွ။ မင်းအဖေသူကြီးနဲ့ သွားတူသာ။ နို့အခု မင်းက နှမကို ရန်ကုန် ဘုရားဖူး လာခေါ်သာလား”

“လိုက်ရင် ခေါ်ပါ့ဗျား။ မေးကြည့်ပါဦး။ လိုက်မလားလို့”

“မလိုက်နိုင်သေးပေါင် အစ်ကိုရယ်။ သမီး တစ်ယောက်က မြင်းခြံမှာ သမီး ကျောင်းပိတ်ရင်တော့ လိုက်ချင်ပါ့။ ရန်ကုန် တက္ကသိုလ်ဆိုသာကို ပို့ရဦးမှာ”

အစ်ကို မောင်မြတ်သာက ရွာရေး ကိစ္စတွေ မေးသည်။ ရွာ့စီးပွားရေး မေးသည်။ စိုက်ရေးပျိုးရေးတွေ မေးသည်။ လှူရေး တန်းရေးတွေ မေးသည်။ နှစ်ပေါင်း လေးငါးဆယ် အတွင်း ရွာက လောက်လောက်လားလား ဖွံ့ဖြိုးလာသည်ဟု ပြောရန် ခက်သော်လည်း အတန်အသင့်တော့ ချောင်လည် နေကြပြီ။ အစ်ကို မောင်မြတ်သာက စက်ရေတွင်းတွေ စိုက်ခင်းတွေထဲမှာ တူးရန်လိုကြောင်း၊ အစိုးရ ရေတွင်းတူး ဌာနနှင့် မေးကြည့်မှာ ဖြစ်ကြောင်း၊ ရေသာရှိလျှင် ငွေပေါ်သီးနှံတွေ စိုက်နိုင်ကြောင်း၊ မြေသြဇာနှင့် ပိုးနှိမ်ဆေးတွေကို နားလည်ရန်လိုကြောင်း၊ သမား ရိုးကျ မစဉ်းစားဘဲ သိသင့်သိထိုက်တာတွေကို မေးမြန်း ဆည်းပူးရန် လိုကြောင်းတွေ ပြောပြနေသည်။ ရွာမှာ အခြေတကျ ပြန်နေပြီ ဆိုလျှင် သူလုပ်ချင်တာတွေ ခပ်များများ ရှိသည်ဟု ဆို၏။

ဧည့်သည်တွေ ပြန်သွားတော့မှ အစ်ကို ခဏနားသည်။ အိမ်ဝိုင်းကို လျှောက်ကြည့်သည်။ ကိုစံကောင်း ကျန်ခဲ့သဖြင့် ခြံစည်းရိုးတွေ လုံလုံလဲလဲ ပြန်ကာရန်နှင့် ၀င်းတံခါးက အစ အသစ်လဲရန်၊ အိမ်ကြီးကိုပါ ထပ်တန်တာထပ်၊ ပိုးတန်တာ ပိုးရန် တာဝန်ပေးသည်။ လိုအပ်သမျှ ငွေထုတ်ရန်နှင့် ရေနံပါ သုတ်ရန် အစ်ကိုက စီမံ ပေးနေသဖြင့် မအိမ်ကံ ၀မ်းသာရပါ၏။ ကိုစံကောင်းက ရွာလက်သမား ဆရာကြီး ဘိုးရံနှင့် တိုင်ပင်ပြီး တစ်ပတ်အတွင်း ဆောင်ရွက်ပေးမည်။ အားလုံး တွက်ချက်ပြီးမှ မအိမ်ကံဆီက ငွေထုတ်မည် ဆို၏။

“ကိုင်း ကံကလေး၊ အစ်ကို ရွာထဲ ခဏ လျှောက်လိုက်ဦးမယ်။ ကိုဖိုးငွေကြီး ကျွန်တော်နဲ့ လိုက်ခဲ့ဗျာ”

အစ်ကို မောင်မြတ်သာတို့ ထွက်သွားကြတော့ မအိမ်ကံ ရင်လှိုက်ရင်မော ခံစား နေရပါ၏။ အစ်ကို ရှိသေးတာပဲလေ ဆိုသည့် စိတ်ကြောင့် လုံခြုံသွား သလိုလည်း ခံစားရပါ၏။ သမီးငယ်ခိုင်က စောစောက ရန်ကုန်ဆိုသည့် စကား ကြားလို့လား မသိ။ မအေ့ဆီ ရောက်လာကာ ရန်ကုန် လိုက်ချင်သည် ပူဆာတော့၏။

“သွားမှာပေါ့ သမီးရဲ့ အမေလည်း မရောက်ဖူးဘူး။ သမီး မမလည်း ကျောင်းပိတ်ပြီလေ။ မြင်းခြံက ပြန်လာတော့မှာ။ သားအမိတွေ စုံရင် သွားကြသာပေါ့။ ကျေးကျေးပါခေါ်ခဲ့ချေ”

“ခေါ်မှာပေါ့ အမေရဲ့။ သမီး ရန်ကုန်မှာ နေချင်သယ်။ရန်ကုန်က မြို့ကြီးဆို”
မအိမ်ကံက ပြုံးရင်းကခေါင်းညိတ်ပြသည်။ မအိမ်ခိုင်က မအေကို သိုင်းဖက်ရင်း နမ်းလေသည်။

“အဲသာပဲ ငါ့နှမ၊ အစ်ကိုနဲ့ မစိမ်းမြတို့ တိုင်ပင်ပြီးပြီ။ ခိုင်ကလေးကို အစ်ကိုတို့ ရန်ကုန် ခေါ်ချင်သယ်။ ကျောင်းထား ပေးချင်သယ်။ ပြောရရင် အစ်ကိုတို့မှာ ရင်သွေးရယ်လို့ မပေါ် ပေါက်တော့ ခိုင့်ကို သမီးလို စောင့်ရှောက်ချင်သယ်။သည်နှစ် ကျောင်းပြန်ဖွင့် အမီ အစ်ကို လာခေါ်မယ်။ ငါ့နှမလည်း စဉ်းစား ပေါ့လေ”

သည်ကနေ့ည အိမ်ကြီးထဲမှာ လူရှင်းနေသည်။ ဧည့်သည်တွေလည်း မလာကြ။ ကိုဖိုးငွေနှင့် ဖိုးတုတ်၊ ဖိုးကူးသား အဖတစ်တွေကို ဘုန်းကြီးက အခေါ် လွှတ်သဖြင့် ဆရာတော့် ကျောင်း ထသွားကြသည်။ ကျေးဥနှင့် ခိုင်၊ ထွန်းပ၊ ထွန်းရ တို့လည်း ပန်းပို့ရင်း လိုက်သွားကြလေ၏။
အစ်ကိုက သည်ကိစ္စချက်ချင်း မပြောသေးဘဲ စကားတွေ ခံနေခဲ့သည်။ နှမဖြစ်သူ စိတ်နှလုံးညှိုးခိုက် တစ်မျိုးထင်မှာ စိုးရှာတာလည်း ပါပါ၏။ လင်က တောထဲမှာ၊ သမီးကြီး မြိုင်က မြင်းခြံမှာ၊ သည်ကြားထဲက သမီးငယ် ခိုင်ကို ရန်ကုန် ခေါ်ချင်သည့် စကား ပြောဖို့ ခက်နေပုံလည်း ရပါသည်။ မအိမ်ကံပင် ကြားစက နင့်ခနဲ ခံစားလိုက်ရသည်။ မအိမ်ကံက ဘာမှ မပြောဖြစ်သေးဘဲ အစ်ကို့ စကားတွေကိုသာ နားထောင် နေခဲ့သည်။ မမစိမ်းမြကလည်း မအိမ်ကံကို ငေးနေရုံ။ ခိုင့်ကို ရန်ကုန် ခေါ်ကြမလို့တဲ့လား။ ရန်ကုန်မှာ ကျောင်းထားမယ်။ သမီးအဖြစ် မွေးချင်တယ်။ ကျောင်းဖွင့်ရက်မှာ လာခေါ်မယ်။

“ကံကလေးရယ်၊ ငါ့နှမဆီ ရောက်တော့ ညည်းသမီး၊ အစ်ကို့ဆီ နေတော့ အစ်ကို့သမီး။ ဒါပါပဲကွယ်။ စာချုပ်စာတမ်း တွေ၊ ဘာတွေ မရှိရပါဘူးအေ။ နောက်နှစ်တွေဆို မြိုင်လည်း ရန်ကုန် ကျောင်းတက်ရတော့မယ်။ ဟိုမှာ ညီအစ်မနှစ်ယောက် စလုံး အစ်ကို ထိန်းရုံပဲ။ မဟုတ်ရင် ကံကလေးမှာ မြင်းခြံ ပြေးရ၊ ရွာပြန်ပြေးရ။ မြိုင့်ကို လှမ်းပူရ ဖြစ်မယ်လေ။ အစ်ကို့မှာ မိုးလင်းသာနဲ့ စစ်ရုံး သွားရတော့ အိမ်မှာ ညည်းအစ်မ တစ်ယောက်တည်းရယ်။ အစ်ကို့ တူမကလေး နှစ်ယောက်က အစ်ကို့ သမီးတွေပါပဲ။ ငါ့နှမ နားလည်မှာပါ”

သည်လို စကားကြားရတော့ အမြော်အမြင် ရှိလေခြင်းရယ် လို့ အစ်ကို့ကို ပိုပြီး ကြည်ညိုရပါသည်။ သမီးနှစ်ယောက် ကျောင်းပညာရေး ကိစ္စမှာ မအိမ်ကံ ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင် တာရော၊ ဒုက္ခများမှာကိုရော အစ်ကို ကြိုမြင်တတ်ပါလား။ ကိုပြေသိမ်းနှင့် ကွာလေခြင်း။ အစ်ကိုတို့မှာ သားသမီးမပွား စီးကြလေတော့ ခမျာများ ခြောက်ခန်းကြရော့မည်။ ညည်းဆီ ရောက်တော့ ညည်းသမီး၊ အစ်ကို့ဆီ နေတော့ အစ်ကို့သမီး။ ဟုတ်ပေသားပဲ။ သမီးငယ်ခိုင် အတွက်လည်း ပညာရေး ကိစ္စ ပြီးရတာပေါ့။ သည့်ထက် စိတ်ချရသည့် နေရာမရှိ။ သည့်ထက် လုံခြုံသည့် မေတ္တာ မရှိ။ မအိမ်ကံ ရင်ထဲ လင်းသွားခဲ့ပြီ။ တိုက် တိုက်ဆိုင်ဆိုင် သမီးခိုင်က ရန်ကုန်မှာ နေချင်သည်လို့ ညနေကပဲ ဆိုခဲ့တာ မဟုတ်လား။ ထူးဆန်းလိုက်တာ။ သမီးအတွက် ဘ၀ အကြောင်းပါခဲ့လို့ နိမိတ် စကားဆိုခဲ့တာပဲ ဖြစ်လိမ့်မည်။


လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်၊ ၊ ရွှေအမြုတေမှ ဖေါ်ပြပါသည်။


January 13, 2010

အိမ်မက်ထဲမှာ

ပထမတော့ ဂျပန်ကပြန်လာမှပဲ စာရေးတော့မယ်လို့ တွေးထားတာ။ ခုတော့ မနေနိုင်လို့ စာအရင်ရေးလိုက်ရတယ်။ စိတ်ကရှိပြီး လက်တွေ့ဘာမှ အကောင်အထည် မဖေါ်နိုင်သေးဘူး။ ရင်ထဲမှာ သူတို့ ရှိနေလေပြီ။ ကိုယ်ကိုတိုင်တောင် မလှုပ်သာမလူးသာ ဖြစ်နေတဲ့ ဘဝမှာ ဘာများကူညီချင်သေးတာလဲ လို့ အမေးမခံရတာ ကိုပဲ ကျေးဇူးတင်ပါတယ်။

မနေ့ညက အိမ်မက်မက်တယ်။ အိမ်မက်ထဲမှာ ကိုယ်က စင်ကာပူထီပေါက်တယ်တဲ့လေ။ ပျော်လိုက်တာမှ အရမ်းပါပဲ။ စင်ကာပူငွေ ခြောက်သိန်းခွဲတောင် ရတာတဲ့။ ကိုယ်အရင်ဆုံးဘာလုပ်လိုက်လဲ လို့ ထင်လဲ။ MRT နဲ့နီးတဲ့ နေရာမှာ အိမ်ခန်းတစ်ခန်း ဝယ်လိုက်တယ်။ ဝယ်ပြီးတော့ အိမ်မှာနေချင်တဲ့ လူတွေကို တလ ၂၅၀ (စင်ကာပူဒေါ်လာ) နဲ့နေခိုင်းလိုက်တယ်။ လာနေကြတဲ့ မောင်နှမတွေအားလုံးက ဘလောဂ့်က မောင်နှမတွေပဲဆိုတော့ တစ်ပတ်မှာ တစ်ခါတော့ ကိုယ်အိမ်မှာ ဆုံးဖြစ်ကြတယ်။ ကိုယ်က ဘာထပ်လုပ်တယ်မှတ်လဲ။ တစ်ညလာအိပ်ရင် စင်ကာပူဒေါ်လာ ၂၅ ကောက်တယ်။ ပြီရင် ကောက်လို့ရတဲ့ ငွေနဲ့ သူတို့ကိုပဲ ထမင်းကျွေးတယ်။ အအေးတိုက်တယ်။ ဒီလိုနဲ့... အိမ်မက်က လှန့်နိုးသွားခဲ့ပြီ။

အိမ်မက်ထဲမှာတောင် စေတနာနဲ့ စီးပွားကရှာလိုက်မိသေးတယ်။ အိမ်မက်ဆိုပေမယ့် အပြင်မှာ ဖြစ်ချင်နေတဲ့ စေတနာပါ။ စိတ်သာရှိပြီး ဘာမှ မကူညီနိုင်တဲ့ အတွက် ဝမ်းနည်းမိတယ်။ တကယ်လို့....များ....

လေးစားစွာဖြင့်
ရီနိုမာန်

မအိမ်ကံ (For Jan အပိုင်း - ၃ )

“အေးလေ၊ မလှအုံကို ရည်စူးပြီး ဆွမ်းချက်ပါအေ။ ဆရာ တော့်ကိုလျှောက်ပြီး အမျှပေး ဝေရအောင်ပါ။ ထူးဆန်းသယ်အေ့။ မလှအုံက သိပ်အကင်းပါးသာရယ်။ သူတွေးရင်၊ သူ ပြောရင် လွဲခဲသယ်။ အခုလည်း မအိမ်ကံကို တစ်ခုခု ပြောချင် လို့များလား ကျေးဥရယ်”

သည်လိုနှင့် ရက်တွေကြာလာခဲ့သည်။ ကိုပြေသိမ်းမြင်း ခြံသွားတာ သည်တစ်ခေါက် ကြာလွန်းသည်။ ခါတိုင်းဆိုလျှင် အာဏာကုန် ငါးရက်။ အခုက တစ်ပတ်ပင် ကျော်ပြီ။ ထနောင်း တိုင်မှာလား၊ မြင်းခြံမှာလား။ သူပြောခဲ့ဖူးတဲ့ ရွာတွေမှာပဲလား။ မအိမ်ကံ မသိ။ ဆယ်ရက်က ဆယ့်တစ်ရက် ကူးတော့ မအိမ်ကံ ဖိုးကူးကိုလွှတ်ဖို့ ပြင်ရပြီ။ ထနောင်းတိုင်မှာ နေမကောင်းလို့ နားနေရော့လား။ သည်ဘက်နှစ်တွေမှာ ကိုပြေသိမ်း ပန်းနာရင်ကျပ် ဖြစ်ချင်တာ မအိမ်ကံ သတိထားမိသည်။ ရေချိုးမှားလို့ ဒါမှမဟုတ် ရေချိုးများလို့ကတော့ အအေးပတ်ပြီး ဖျားတော့သည်။ ဒါမျိုး မကြာခဏ ဖြစ်လေ့ရှိ၏။ ကိုပြေသိမ်းကတော့ ခပ်ပေပေ။



ခက်တာက ဖျားလို့ ဆိုပြန်တော့လည်း ထနောင်းတိုင်ကလူ လွှတ်ဖို့သာ ရှိသည်။ မအိမ်ကံတို့ သိရမည်။ အိမ်က လှည်းကလည်း လုံးဝမအား။ ဖိုးကူးက မြင်းနှင့် သွားမည်ဆိုတော့ မြင်း ငှား မရသဖြင့် နှစ်ရက် ထပ်ကြာ သွားရပြန်၏။ ဆယ့်လေးရက် တင်းတင်းပြည့်သည့် နေ့ကျတော့မှ ဖိုးကူးက အဖော်တစ်ယောက် ခေါ်ကာ လိုက်သွားဖို့ ပြင်တော့သည်။
“မြင်းခြံက မောင်သက်မင်းတို့အိမ် အရင်ဝင်၊ မင်းနှမကို အကျိုးအကြောင်း မေးခဲ့ဦး။ မတွေ့ရင် ထနောင်းတိုင်ကို ဆက်လိုက်။ မြန်မြန်ပြန်ခဲ့။ ကျောင်းမှာလည်း ပညာဝန် တစ်ရက် လာလို့ မေးနေသယ်လို့ ပြောပြ။ ချက်ချင်းခေါ်ခဲ့”
မအိမ်ကံ မှာတာတွေကို ဖိုးကူးက အသေးစိတ် မှတ်နေရသည်။ ဖိုးကူးတို့ကို ထမင်းခူး ကျွေးတော့ မနက် ကိုးနာရီထိုးပြီ။ အ၀တ်အစား နှစ်စုံလောက် လွယ်အိတ်ဟောင်းထဲ ထည့်ပြီး မြင်းပြင်တုန်း ၀င်းဝကို လှည်းတစ်စီး ရောက်လာခဲ့ပါ၏။ လှည်းပေါ်မှာ လှည်းသမားက လွဲ၍ မိန်းမသားကချည်း သုံးယောက်။ ၀င်းတံခါးကို ဖွင့်ရန် တစ်ယောက်က လှမ်းအော်သည်။
“မအိမ်ကံရေ၊ တံခါးဖွင့်ကြဦးဟဲ့။ ကြီးတော်တို့ပါ ထနောင်းတိုင်က”
ထနောင်းတိုင်က။ မအိမ်ကံ ၀မ်းသာသွားပါ၏။ ဖိုးကူး သွားနေတာက ဘာပဲပြောပြော နှစ်ရက်သုံးရက် ကြာနိုင်သေးတာ မဟုတ်လား။ ခုတော့ ထနောင်းတိုင်က လိုက်လာကြပြီ ဆိုတော့ မအိမ်ကံ တွေးသလို ကိုပြေသိမ်းထနောင်းတိုင်မှာ လဲနေ ရှာပြီ ထင်၏။ ဘယ်လိုများ နေရှာပါလိမ့်။ တော်တော်သည်းလို့ သာလိုက်လာကြတာ များလား။ ကျေးဥက ၀ိုင်းတံခါးဖွင့်နေတာကိုပင် မစောင့်နိုင်ဘဲ မအိမ်ကံ ၀ိုင်းဝကို ပြေးထွက်လာခဲ့ သည်။ ဘယ်သူကမှ စကား နှုတ်ဆက်အော်လားဟစ်လား မရှိကြ။ မျက်နှာတွေ မှုန်နေကြသည်။ အမျိုးသမီးသုံးယောက်မှာ ကိုပြေသိမ်း၏ကြီးတော် ဒေါ်ကြီးပုံ့နှင့် ကိုပြေသိမ်း နှမ၀မ်းကွဲ ခင်သီတို့ဖြစ်၏။ ကျန်တစ်ယောက်ကို မအိမ်ကံ မသိ။ ဒေါ်ကြီး ပုံ့က မအိမ်ခိုင်ကို အပေါ်ထပ် ခေါ်သွားရန် ကျေးဥကို ပြောနေတော့ မအိမ်ကံ ရင်တွေ ခုန်ရပြီ။ ဘုရား ဘုရား။ ကိုပြေသိမ်း ရောဂါကြီး ရှာရော့လား။ မဟုတ်ခဲ့လျှင် လူသုံးလေးယောက် လိုက်လာစရာ မရှိ။
“မအိမ်ကံ၊ ငါ့သမီး သူက မစန်းရီတဲ့။ တို့မြင်းခြံမှာတော့ ဆွေကြီးမျိုးကြီးထဲကပဲ။ ညည်းတို့အိမ် အ၀င်အထွက် ရှိတဲ့ မောင်ကံကြီးမောင်ရဲ့ မိန်းမ။ ညည်းတို့ ဘာမှမကြားလောက် ဘူးထင်လို့ လိုက်လာကြတာပဲ။ တို့လည်း သိတာ နှစ်ရက်ရှိ သေးတယ်။ အခြေအနေ စောင့်နားထောင်နေတာနဲ့ တစ်ရက် နောက်ကျသွားတယ်။ မစန်းရီပဲ ပြောပါတော့အေ”
ဒေါ်ကြီးပုံ့က စကား ပရိကံလောက်သာ ပြောပြီး မစန်းရီ ဆိုသူကို စကားအပ်သည်။ မစန်းရီက မအိမ်ကံကို တစ်ချိန်လုံး ကြည့်နေရာက ဒေါ်ကြီးပုံ့ စကားကြောင့် ဆတ်ခနဲလှုပ်သွား သည်။ မအိမ်ကံကို အားနာ နေသလိုလို၊ တွန့်ဆုတ်နေသလိုလို ဖြစ်နေ၏။
“မအိမ်ကံရယ်လို့တော့ ကိုကံကြီးမောင် ပြောပြောနေတာ ကြားဖူးပါတယ်ရှင်။ ကိုကံကြီးမောင်နဲ့ ကိုပြေသိမ်းတို့ကလည်း အင်မတန် ခင်ကြတာ မအိမ်ကံလည်း သိမှာပါ။ လိုရင်းကိုပြော ရရင်တော့ရှင် ကျွန်မလည်း စိတ်မကောင်းပါဘူး။ ကိုကံကြီး မောင်တို့ တစ်သိုက်လုံး တောခို ကြပြီရှင်။ ကျွန်မကိုတောင် မပြောပါဘူး။ နောက်နှစ်ရက် သုံးရက်ရှိမှ ဘုရားပန်းအိုး အောက်မှာ ထားခဲ့တဲ့ စာကို ဘုရားပန်း လဲမှ ဖတ်ရလို့ သိရ တာပါ”
“အိုရှင် ကိုပြေသိမ်းက တော့ကော”

သည်တစ်ခါတော့ ဒေါ်ကြီးပုံက ၀င်ဖြေသည်။
“ညည်းယောက်ျားလည်း ပါသွားတာပေါ့ မအိမ်ကံရယ်။ တို့လည်း စိတ်မချမ်းသာကြဘူး။ သက်နှင်းက လူတစ်မျိုးအေ့။ ထားပါတော့အေ အခုတို့ အဲဒါ လာပြောတာပဲ။ တို့လည်း သည်မှာ တစ်ညအိပ်ပြီး မနက်စောစော ပြန်မယ်။ မလွတ်မကင်း တာများ ရှိရင် ဖယ်ရှားထားဦး။ မတော်”
မအိမ်ကံ နားလည်လိုက်ပြီ။ ကိုပြေသိမ်း ဒုတိယအကြိမ် ထွက်သွားခဲ့ပြန်ပြီကော။ သည်တစ်ခါလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဘဲ ထွက်သွားခြင်းပါလားလို့ တွေးနေမိသည်။ မစန်းရီ ဆိုသူလည်း မအိမ်ကံလိုပဲ ရှိရှာပါလိမ့်မည်။ မအိမ်ကံ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့။ ကိုကံကြီးမောင် ခြေရှုပ်နေတာကိုလည်း ပြောမနေချင်။ မအိမ်ကံ တစ်ကိုယ်လုံး မြေကြီးထဲကျွံ ၀င်သွားလေသလား ထင်မှတ် နေမိခဲ့သည်။ ကိုပြေသိမ်းရက် စက်လေခြင်း ဆိုသည့် အသံတွေသာ ခေါင်းထဲမှာ ပြေးလွှားနေပါ၏။ မအိမ်ကံ ဘာလုပ်ရမလဲ။ လောလောဆယ် ဘာကိုမှ မစဉ်းစားတတ်နိုင်အောင် ဖြစ်ရပါ၏။
ကိုပြေသိမ်း ခြေလှမ်းပျက်နေတာ ကြာပြီ။ သည်လိုလုပ် လိမ့်မည်လို့တော့ မအိမ်ကံ မထင်။ ဂျပန်တော်လှန်ရေးတုန်းက တိုင်းပြည်၏ အရေးကိစ္စ ဆိုတော့ မအိမ်ကံ နားလည် လက်ခံခဲ့သည်။ ခွင့်လွှတ်ခဲ့သည်။ အခုကော ဘာအရေးကိစ္စများ ကြောင့်ပါလိမ့်။ တောသူမ မအိမ်ကံ နိုင်ငံရေး ဆိုတာတွေကို တော့နားလည်းမလည်။ သည်တစ်ခါတော့ ခွင့်မလွှတ်ချင် တော့ပြီ။
“ဘာပဲဖြစ်ဖြစ် ကျွန်မ ခေါင်းအေးအေးထားပြီး ဘာလုပ်ရမယ် ဆိုသာ စဉ်းစားချင်ပါသေးသယ်။ မစန်းရီကိုလည်း ကျေးဇူးတင်ပါသယ်။ ကျွန်မမှာတော့ လှည်းသံကြားတိုင်း မျှော်၊ စက်ဘီးသံကြားတိုင်း မျှော်နဲ့။ သြော် ကိုပြေသိမ်းရယ်”

မအိမ်ကံ အိမ်ပေါ် တက်လာခဲ့သည်။ သည့်နောက်တော့ မအိမ်ကံ ကိုပြေသိမ်းနှင့် ပတ်သက်သမျှ အရာအားလုံးကို တစ်စ မကျန်အောင် မီးတိုက် ပစ်ခဲ့သည်။ မီးဖိုထဲ ရောက်နေသည့် လက်နှီးစုတ် ပုဆိုးဟောင်းကိုပင် မမြင်ချင်လို့ ချက်ချင်း မီးရှို့ ခိုင်းခဲ့သည် အထိပင်။ ကိုပြေသိမ်း ထွက်သွားပြီး နှစ်လလောက်မှာ လူကြုံ နှင့် စာတစ်စောင် ရောက်လာခဲ့သည်။ အခုက ဒုတိယအကြိမ်။ တော်လောက်ပါပြီ ကိုပြေသိမ်းရယ်။ သည်လောက်ပဲ ရှိပါစေတော့။
ပဲမှော်တိုက် ဘေးမှာ ထန်းကုလားထိုင် နှစ်လုံးရှိသည်။ အဖေ ဦးသာထန် လက်ထက်ကတည်းက ထန်းကုလားထိုင်များ ဖြစ်၍ ဟောင်းလှပြီ။ မအိမ်ကံက အဖေ့ကို လွမ်းသဖြင့်အသစ်နှင့် အစား မထိုးဘဲ ရေနံချေး နာနာသုတ်၊ အပြုတ်အပြုတွေကို ကြိမ်ဖြင့် ခိုင်ခိုင်တုတ် ခိုင်းထားခဲ့သည်။ အဖေမရှိသည့် နောက်ပိုင်း မှာသည် ကုလားထိုင် နှစ်လုံးကို ကိုပြေသိမ်းက အမွေ ဆက်ခံခဲ့၏။ တစ်လုံးပေါ်ထိုင် စာဖတ်၊ ကျန်တစ်လုံးပေါ်မှာက စာအုပ်ထပ်ကြီး။ သည်နေရာက အိမ်မနှင့်ရော ရက်ကန်းစင်နှင့်ပါ ရုတ်တရက် အမြင် ကွယ်သဖြင့် အတန်ငယ် လုံခြုံသည်။ တောပုန်းရည်သည်နှင့် မအိမ်ကံ မျက်နှာချင်းဆိုင် ထိုင်မိကြတော့မှ မအိမ်ကံက အကျိုးအကြောင်း မေးသည်။
“ကဲ ပြော ကိုတောပုန်းရည်ရေ။ ရှင်က ဘာလဲ ကွန်မြူ နစ်လား”
တောပုန်းရည်သည်က လွယ်ထားသည့် လွယ်အိတ်လို ဖျင်ကြမ်း အိတ်ထူကြီးကို ပေါင်ပေါ်တင်သည်။ လွယ်အိတ်ကြီ က ကြေးညော်များ ကိုက်ကာ မာတောင့် ညစ်ထေးလွန်းလှကာ အစေးများပင် ပေါက်နေလေသည်။ လွယ်အိတ်ကိုင်း တစ်နေရာကို ခဲရာခဲဆစ်နှိုက်ကာ စာတစ်စောင် ထုတ်ပေးသည်။ စာက ရှည်ရှည်လျားလျား မဟုတ်။ လက်တစ်ဝါးစာလောက်သာ ရှိသည်။ မအိမ်ကံက ကုလားထိုင်က ကျောခွာရင်း တစ်ကြောင်း ချင်းဖတ်သည်။
“အိမ်ကလေး၊
တောပုန်းရည်သည် လူကြုံရှိလို့ စာရေးလိုက်တယ်။ အစ်ကိုတို့တော့ အခုထိ အခြေ မကျသေးပါဘူး။ ရောက်ရမယ့် နေရာ မရောက်သေးတာလည်း ပါပါတယ်။ နေလည်း ကောင်းပါတယ်။ ပြုခဲ့သမျှ ကိစ္စအ၀၀ အတွက် ခွင့်လွှတ် စေချင်ပါတယ်။ ခွင့်လွှတ်ချင်မှလည်း လွှတ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို နားလည်မှု ပေးနိုင်ပါတယ်။ အိမ်ကလေးနဲ့ သမီး နှစ်ယောက်ကို မညှာတာတာတော့ မဟုတ်ပါဘူး။ အစ်ကိုတို့မှာ အယူအဆ ရေးရာ ကိစ္စတွေများတဲ့ အတွက်ပဲလို့သာ အောက်မေ့ ပါလေ။ ဘာပဲဖြစ်ဖြစ် အိမ်ကလေး လက်ထဲမှာ သမီး နှစ်ယောက် ထားခဲ့ရတာ စိတ်ချတာလည်း ပါပါတယ်။ ရုံနဲ့ အုံမရှိကြတော့တဲ့ နောက်ပိုင်း လတွေကြား အခုလိုဖြစ်ရတာ စိတ်တော့ မကောင်းဘူး။ နောက်တစ်ကြိမ် ဆက်သွယ်ဖို့ ဆိုတာတော့ ခက်လိမ့်မယ်။ အခု လူကြုံကို စာပေးရင်တော့ ရသေး တယ်။ စိတ်ချရတဲ့ မြေပေါ်ရဲဘော် တစ်ယောက်ပဲ။
ချစ်လျက် ချမ်းသာ”

စာမှာ ရက်စွဲမပါပါ။ စာက ကိုပြေသိမ်း လက်ရေး မှန်သော်လည်း ကတိုက်ကရိုက် ရေးလိုက်ပုံရပါ၏။ မအိမ်ကံ ရင်တွေတ ပွက်ပွက် ဆူလာသည်။ သမီးနှစ်ယောက်ကို စိတ်ချသတဲ့လား။ ပြီးတော့ ချမ်းသာ ဖြစ်သွားရပြန်ပတဲ့လား။ နာမည်ရင်းက သက်နှင်း။ နိုင်ငံရေး လုပ်တော့ ပြေသိမ်း။ အခု ကွန်မြူနစ်ဖြစ် ပြန်တော့ ချမ်းသာတဲ့လား။ မအိမ်ကံ နာကြည်းစွာပင် တစ်ချက် မဲ့လိုက်သည်။ ရသေ့လွယ်အိတ် ညစ်ထပ်ထပ်နှင့် လူကသည် ခံစားမှုတွေကို ဂရုမစိုက် အားသလို ကုလားထိုင်မှာ ကျောမှီရင်း မျက်လုံးတွေ မှိတ်ထားသည်။ ပထမ စာတုန်းကတော့ ချမ်းသာ မဟုတ်သေး။ ပြေသိမ်းဆိုသည့် အမည်နှင့်ပင် စာတို ကလေး ပို့လိုက်ဖူးသည်။ ဒါက ကိုပြေသိမ်း ထွက်သွားပြီး ရှစ်လအတွင်း ဒုတိယမြောက် ရောက်လာသည့် စာဖြစ်သည်။ သည်ကိစ္စ အတွက် မအိမ်ကံ ပြတ်ပြတ်သားသား ဆုံးဖြတ်ထား ပြီးပြီ။ နောက်ထပ် လူလည်း မလာစေချင်တော့။ စာလည်း မရောက်စေချင်တော့။ သည်ဘ၀သည်မျှနှင့် ပြီးချင်တော့ပြီ။ သူလည်းကိုယ့်ကို နောက်ဆံ မငင်စေချင်တော့။
">ကံပါသလောက်ပေါ့။ ကံကိုလည်း မဖာချင်တော့ပြီ။ မပြုပြင်ချင်တော့ပြီ။ ချစ်တုန်းက ချစ်ခဲ့ကြသည်။ ဂုဏ်ကြီး ဒြပ်ကြီး စာရင်းဝင်ခဲ့သည် မဆိုသာသော်လည်း နယ်တစ်ကြောမှာတော့ ပညာတတ် ကျောင်းအုပ်ကတော် ဖြစ်ခဲ့ရဖူးပြီ။ ဆရာကြီးကတော် ဆိုသည့် ဂုဏ်ဖြင့် ပွဲတက်တင့်ခဲ့ဖူးပြီ။ ရုပ်ချော မနောကောင်း သူကြီး သမီးနှင့် ရုပ်သန့်ပညာတတ်တို့ ဖူးစာဖက် ခဲ့တာကို နတ်ဖက်သည့် အိမ်ထောင်လို့ လူတကာက ပြောခဲ့ကြ ဖူးပါ၏။ အခုတော့ ဘယ်သူဖျက်လို့ ပျက်ခဲ့ရသလဲ။ မအိမ်ကံ မသိ။ သိလည်း မသိချင်။ မလှအုံသာ ရှိလျှင်တော့“ ညည်း လင်က တောမျောက် တောသစ်ပင်ကို မထီသလိုပေါ့အေ” လို့ ပြောလိမ့်မည် ထင်သည်။
“မအိမ်ကံ စာတစ်စောင်လောက် ရေးပေးလိုက်ချင်သယ်။ စောင့်မလား။ ဒါထက်ရှင် ထမင်းမစားရသေးဘူး ထင်သယ်။ ကျေးဥရေ ဧည့်သည်ကို ထမင်းကျွေးလိုက်ပါအေ”

ကျေးဥကို လှမ်းအော်ခဲ့ကာ အိမ်ပေါ် တက်လာခဲ့သည်။ မအိမ်ကံက သမီး ကျောင်းစာအုပ်ထဲက အူတစ်ရွက် နုတ်ပြီး စာရေးဖို့ ပြင်သည်။ စာတွေဘာတွေ ဟုတ်တိပတ်တိ ရေးဖူး ရေးလက်စ မရှိတာထား။ ဘာကစရမှန်း မသိဘဲ ဖြစ်နေလို့ ကိုယ့် ကိုယ်ကို ဒေါသ ဖြစ်ရပါ၏။ စိတ်ကို ငြိမ်အောင်ထားပြီးမှ တစ် လုံးချင်း ရေးသည်။ နေဦး ကိုပြေသိမ်းလို့ ရေးရမှာလား၊ ကိုချမ်းသာလို့ရေးရမှာလား။ သူက ချမ်းသာဆိုမှတော့ ချမ်းသာ ရတော့မှာပေါ့။
“ကိုချမ်းသာရှင့်၊
တောသူ ပညာမဲ့ဆိုတော့ စာကို လှအောင်ပအောင်တော့ မရေးတတ်ဘူး။ စာရတယ်။ နောက် ဘာစာမှ မရေးပါ နဲ့တော့။ ပို့ရင်လည်း ကျွန်မဖတ်မှာ မဟုတ်ဘူး။ ရှင်နဲ့ ကျွန်မ သည်ဘ၀ သည်မျှနှင့် ပြီးကြပါပြီ။ သမီးတွေ အတွက်တော့ စိတ်ချပါရှင်။ ကျွန်မက ၀မ်းနဲ့ လွယ်မွေးရသူပါ။ သည်ရက်ထဲ မှာ အလှူအတန်းလည်း လုပ်ဖြစ်ပါတယ်။ ကျွန်မ အသက်လည်း လေးဆယ်ပြည့်ပြီဆိုတော့ ချိုတာရော၊ ခါးတာရော ကြုံခဲ့ပါပြီ။ တစ်ခုတော့ စိတ်ချမ်းသာတယ်။ အမေနဲ့ မလှအုံ ဆုံးမှ ရှင်ထွက်သွားတာကိုပါ။ နို့မို့ရင် ရင်ကျိုးကြ ရှာမှာပဲလို့ တွေးမိတယ်။

မလှအုံ ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ ငရုတ်တစ်လှမ်း ခရမ်း တစ်ခုန်တဲ့။ ငရုတ်ပင်များ စိုက်ရင် လူ့ခြေတစ်လှမ်းစာ ဝေးဝေးစိုက်ရုံပဲ။ ခရမ်း စိုက်ပြန်တော့ လူ့တစ်ခုန်လောက် ဝေးဝေးစိုက်ရတယ်။ ရှင်နဲ့ ကျွန်မကတော့ တစ်လှမ်းတစ်ခုန် မဟုတ်တော့ပါဘူး။ တစ်ဘ၀စာ ဝေးကြပြီ အောက်မေ့ပါတော့။
ကျွန်မနဲ့ ပတ်သက်ပြီး သုံးချက်ပဲ ရှင်တွေးဖို့ပါ။ ကျွန်မ ဘယ်တုန်းကမှ အမှား မရှိခဲ့ဖူးဘူး။ ဘယ်တုန်းကမှ သစ္စာ မပျက်ခဲ့ဖူးဘူး။ ဘယ်တုန်းကမှ ရုန်းမထွက်ခဲ့ဖူးဘူး။
ကျွန်မ အတွက်တော့ မပူပါနဲ့။ စာဝတီးတောင် နှုတ်သီးနဲ့ စာဗူးတောင်း ဆောက်နိုင်ကြရင် ကျွန်မ အဖို့ရာ မရုန်းနိုင်စရာ ဘာမှမရှိဘူး။ ထနောင်းတိုင်ကလည်း ကျွန်မနဲ့ ဆိုင်ခဲ့ဖူးတော့ စိတ်သာချပါတော့ရှင်။ ကျွန်မ အသွားအလာ မပျက်ပါဘူး။ဒါပါပဲ။ ကျွန်မဘက်ကတော့ စကား ကုန်ပါပြီ။
ဒါနောက်ဆုံးစာပါ။
မအိမ်ကံ ဇောင်ချမ်းကုန်းရွာ”

မအိမ်ကံစာကို တစ်ခေါက် ပြန်ဖတ်သည်။ ကိုပြေသိမ်း သံယောဇဉ်မှ ပြတ်စေတော့ တမင်ခါးခါးသီးသီး ရေးလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံ အိမ်ပေါ်က ဆင်းလာတော့ တောပုန်းရည်သည်က ထမင်းစားပြီးလို့ ဆေးလိပ်ထိုင် ဖွာနေပြီ။ ကုလားထိုင်မှာ အကျထိုင်လို့။ မအိမ်ကံက စာခေါက်ကိုပေးတော့ သူ့လွယ်အိတ်ကိုင်းထဲ ထိုးထည့်သည်။ ဧည့်သည်ဆိုတော့လည်း မအိမ်ကံက ခရီးစဉ် မေးသည်။ ညအိပ်ညနေ ကိစ္စ မေးသည်။ သူ့ခမျာ ကြားထဲက ဆောင်ရွက်ပေးရသူ ဆိုတော့ မအိမ်ကံမှာ ၀တ္တရားရှိသည်ဟု တွေးမိလို့မေးခြင်း ဖြစ်၏။


လေးစားစွာဖြင့်
ရီနိုမာန်

ရွှေအမြုတေမှ ဖေါ်ပြခြင်း ဖြစ်ပါသည်။

January 8, 2010

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၄ )

ဘလောဂ့်ဂါတွေနဲ့ အင်းတာဗျူး အစီအစဉ်လေး ကို စတင်ခဲ့တာ ခုဆိုရင် လူတော်တော်များများကိုလည်း အင်းတာဗျူးပြီသွားပါပြီ။ အလှည့်ကျ မတင်ဖြစ်သေးလို့ အားလုံး မဖတ်ရသေးတာပါ။ အချိန်ရရင် ရသလို အမြန်ဆုံး တင်ပေးသွားမှာပါ။ ခုတစ်ခေါက် အလှည့်ကျလာတဲ့ သူကတော့ ခုနောက်ပိုင်း စာရေး အရမ်းကောင်းလာတဲ့ လူပျိုကြီး ကိုမိုးကုတ်သား ခေါ် ကိုဘိုပဲ ဖြစ်ပါတယ်။ အင်းတာလည်းဗျူးရင် ကြေငြာလည်း ဝင်ပေးခြင်းဖြစ်ပါတယ်။ .....

၁) အကို့ ရဲ့ အကြိုက်ဆုံး အရောင် လေးကို သိပါရစေဗျာ

- အဖြူရောင်

၂) အကို အကြိုက်ဆုံး မြန်မာ အစားအစာတွေထဲက တစ်ခုလောက်ပြောပြပါလား

- တိုဟူး
>၃) အမြဲတမ်းသုံးတဲ့ အကြိုက်ဆုံးရေမွှေး

- CK

၎)အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း

- မရှိ

၅) အကြိုက်ဆုံး ဖိနပ် တံဆိပ်ကရော

- Aldo

၆) အဝတ်အစားတွေထဲမှာ အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း ကိုပြောပြပေးပါအုံး

- Free Style

၇) ဘလောဂ့်စတင်ရေးဖြစ်တဲ့ နှစ်က

- 2007

၈)ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း လေး ပြောပြပေးပါအုံ ကိုဘို

- အိမ် နဲ့ မိုးကုတ် ကို လွမ်းလို့

၉) ကိုယ်ပိုင် ဝါသနာ

- ခရီရေးရှင်း (creation)

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း

- ကင်မရာ

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ သိချင်တယ် အကို

- ဆံပင်ရှည်ရှည်၊ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်...။

၁၂) အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်

- မေတ္တာထားပါ။

ကျေးဇူးပဲ ကိုဘိုရေ။ ခုလို ကျနော်ဂျပန်ကို အလုပ်ကိစ္စနဲ့ မသွားခင်လေးမှာ အချိန်ပေးပြီ ကျနော်မေးသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေပေးတဲ့ အတွက်ကျေးဇူးပါဗျာ။ စာလာဖတ်တဲ့ မောင်နှမအားလုံးကို ဒီပိုစ့်လေးနဲ့ အတူ တောင်းပန်လိုက်ပါတယ်။ ကျနော် နေသိပ်မကောင်းချင်သလိုဖြစ်နေလို့ အိမ်လည်စာဖတ်သိပ် မလုပ်ဖြစ်တဲ့ အတွက်နားလည်ပေးပါလို့။ နောက်တစ်ခေါက် အင်းတာဗျူးကို ဂျပန်မှာ သွားဗျူးရမှာမို့ ခုလိုအေးအေးရာသီမှာ ကျန်းမာရေးကို ဂရုစိုက်နေရပါတယ်။ အားလုံးလည်း ဂရုစိုက်ကြပါ ( ကျန်းမာရေး)။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက် - အဖြေအားလုံး ကိုမိုးကုတ်သား ကိုယ်တိုင်ဖြေတာဖြစ်ပါသည်။

January 6, 2010

မအိမ်ကံ ( For Jan အပိုင်း - ၂ )

မွေးပါပြီ ဆိုကတည်းက အရိပ် တကြည့်ကြည့် ရှိကြရပြီ။ မြင်းကြမ်းစီးရင် ဇက်ကြိုး ကိုင်တတ်ရသယ် သမီးရဲ့လို့ အဖေ ပြောခဲ့ဖူးသည့် စကားလိုပင်။ ကျောင်းရိပ်ထဲ ၀င်သွားသည့် သမီးကို ကျေးဥနှင့် အတူ ငေးရင်း မအိမ်ကံ သမီးချောကို စိတ်မချနိုင်ဘဲ ရှိရပါ၏။ မိန်းကလေးများ ချောပြီလှပြီဆိုလျှင် ကျွဲခေါင်း စေးနှဲလို တွယ်ချင် ကပ်ချင်ကြတာမျိုးကလည်း ရှိသေးတာ မဟုတ်လား။ မြို့ကျောင်းမှာ နေရလို့လားတော့ မသိ။ သမီးကြီး မြိုင်က နှုတ်သွက်လျှာသွက် ကလေးတော့ဖြစ်လာပါ၏။ ကြီးကောင်ဝင်လာတော့ ဖအေ့ဘက် ပိုတူသည်။ ယောက်ျား ချောချောသဖြင့် တစ်ဘာသာ အလှကို ပိုင်ဆိုင်ခွင့် ရသူကလေးပင်။ မအိမ်ကံ၏ အသားအရေနှင့် ကိုယ်လုံး ကိုယ်ပေါက်ကိုပါ အမွေ ရထားသည် ဖြစ်၍ ရှုမဆုံး ရှိခဲ့ရသည်။ အလှတွင် အယဉ်ဆင့် မြင်သူတိုင်း တင့်သူကလေးပင်။

“ကျေးဥရယ်၊ ငါ့သမီး မချောဘူးလား။ ဖအေတူပါ ကောအေ့။ ငါဖြင့် အားရချက်တော့ သည်ရုပ် သည်ရည်မှ ကွမ်းတောင်ကိုင် မဖြစ်ရင်ဘာသားမို့တုံး“
“သြော် အေရယ်၊ ညည်းသမီးက မြေမာကို ခေါင်းထိုးပြီး ပွင့်ရသဲ့မှိုမှ မဟုတ်သာ။ မွေးပါပြီဆိုကတည်းက ရွှေပေါ်မြ တင်မွေးခဲ့သဲ့ ကလေး လှပြီ ချောပြီပေါ့အေ့။ ငါ့တူမကလေး ပညာတတ် ဖြစ်ရသာကို ငါဝမ်းသာသာ”

ကျေးဥက ကွမ်းတောင်ကိုင် မဖြစ်တော့လည်း အရေး မကြီးပါဘူးလို့ မပြောဝံ့တော့ ပညာ တတ်ဖြစ်ရတာကို ၀မ်းသာကြောင်းလောက်နှင့် ရပ်ထားလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံနှင့် နှစ်ယောက်အတူ မောင်သက်မင်းတို့ အိမ်က ပြန်ခဲ့တော့လည်း လှည်းပေါ်မှာ သမီး အကြောင်းတွေချည်း ပြောလာခဲ့သည်။ မအိမ်မြိုင် ခုနစ်တန်းနှစ်မှာ မအိမ်ခိုင်က ဆယ့်နှစ်နှစ် သမီး ရွာကျောင်းမှာပဲ ကျောင်းတက်နေဆဲ။ မအိမ်ခိုင်လည်း လှတာပါပဲ။ ခိုင်က မအေတူ။ ပါးပါးလျားလျား ရှိတာတော့ ဖအေဘက် တူပြန်သည်။ ဇောင်ချမ်းကုန်းမှာတော့ ပညာတတ် ကျောင်းသူ ညီအစ်မ အဖြစ် နာမည်ရသလို ရုပ်ရည်ကြောင့်လည်း ထင်ပေါ်ခဲ့သည်။ သည်မိသားစု၊ သည်အသိုက်အမြုံ ကလေးအဖို့ ရေချမ်းစင် အိုးအောက်ကသဲလို အမြဲတစိုစို ရှိခဲ့ရာက တစ်ရက်မှာတော့ နွေခေါင်ခေါင် မိုးကြိုး ပစ်လိုက်သလို အဖြစ်ကြီး ကြုံခဲ့ရသည်။ ထိုနေ့ကို မအိမ်ကံ မမေ့ပါ။ ၁၃၂၂ ခုနှစ် နယုန်လ၏ ရက်တစ်ရက်တွင် ဖြစ်၏။ ထို နှစ်က သမီးကြီးမြိုင်က ဆယ့်ခြောက်နှစ် သမီး၊ ရှစ်တန်း ကျောင်းသူ။ သမီးငယ်ခိုင်က ဆယ့်သုံးနှစ် သမီး။ မအိမ်ကံတို့ အိမ်ကြီးမှာ ဒုတိယ အကြိမ် ကြုံရပြန်သည့် “ရှင်ကွဲ” ဖြစ်၏။

၁၃၂၂ ခုနှစ်၊ နယုန်လ။
အမေ ပန်းရုံ ဆုံးပြီး သုံးနှစ် မပြည့်တပြည့်။ မလှအုံဆုံးပြီး နှစ်နှစ် မပြည့်တပြည့်။ ၁၃၂၂-ခုနှစ်ထဲ ၀င်လာပြီ ဆိုကတည်းက ကိုပြေသိမ်း လမ်းများ လာခဲ့သည်။ လက်ထောက်ဆရာ တစ်ယောက် ခန့်ထားသဖြင့် တော်ရုံ ကျောင်းကိစ္စ လွှဲရပြီဆိုတော့ ကိုပြေသိမ်း ကျောင်းဘက်လှည့်တာ နည်းလာခဲ့သည်။ အိမ်ကို ဧည့်သည်တွေ အရောက် များလာသည်။ ကျေးဥနှင့် အေးငြိမ်တို့ပင် မီးဖိုချောင်က မထွက်ရသလောက် ဖြစ်ခဲ့သည်။ ဘယ်သူတွေ ပဲ လာလာ ကိုကံကြီးမောင်ကတော့ ပါမြဲ။ တစ်ခါတလေ ဧည့်သည်တွေ ပြန်တာတောင် သူက လိုက်ပြန်ချင်မှ ပြန်သည်။ ကိုပြေသိမ်းနှင့် တကျိတ်ကျိတ် ရှိသော်လည်း မအိမ်ကံ ဘာကိုမှ ခေါင်းထဲမှာ မရှိ။ သူတို့ နိုင်ငံရေးနှင့် သူတို့ ရှိကြပစေလို့ သဘောထားခဲ့သည်။ ညဥ့်နက်သန်းခေါင် ရက်တွေ များလာလို့ တစ်ခါတစ်ခါ သတိ ပေးရတာက လွဲလို့ မအိမ်ကံ ၀င်မပါခဲ့။ ကိုယ့်ဝတ္တရား မပျက်အောင် စီမံ ဆောင်ရွက် ပေးတာမျိုးပဲ ရှိသည်။

ကိုကံကြီး မောင်ပြန်လျှင် ကိုပြေသိမ်း လိုက်ပို့တာတွေ ကလည်း အခေါက် စိပ်လာသည်။ မြင်းခြံ ရောက်တော့လည်း သမီးဆီ ရောက်တာပါပဲလေလို့ သဘောထားကာ သမီးအတွက် ထည့်သို ပေးလိုက်ရတာတွေလည်း ရှိပါ၏။
“အစ်ကို သမီးကြီးဆီ ၀င်ပြီး အထည်ကလေးတွေ ပေးခဲ့ဦး။ သိပ်နွမ်းတဲ့ အ၀တ်အဟောင်းတွေ ပြန်ထုပ်ပြီး ယူခဲ့။ မောင်သက်မင်းတို့ဖို့ အမဲခြောက်နဲ့ ဆီးယိုတွေ ထည့်ပေး လိုက်သယ်။ မြင်းခြံလက်ဖက် များများ ၀ယ်ခဲ့ဦး”
မအိမ်ကံ မှာသလို ပါလာတာလည်း ရှိသည်။ ပါမလာတာလည်း ရှိသည်။ တစ်ခါတစ်ခါ သမီးကြီးဆီကို မရောက်ခဲ့ရဆိုလို့ အံ့သြရတာများလည်း ရှိရပါ၏။ ဘယ့်နှယ့်ပါလိမ့်။ သမီး ပျိုဖားဖား သူတစ်ပါး အိမ်မှာ ရှိနေတာတောင် ဖအေက မရောက်ခဲ့ ရဆိုတာကတော့ တစ်ဆိတ် လွန်လွန်းသည်ဟု ထင်ပါသည်။ မြင်းခြံက ထနောင်းတိုင်၊ ထနောင်းတိုင်ကမှ မြစ်နားရွာတွေ ဘက်ရောက်သွားလို့ပါ ဆိုပြန်တော့ ဟုတ်ကောင်းပါရဲ့ အောက်မေ့ခဲ့သည်။ နေပါဦး။ မြစ်နားရွာတွေဘက် ဘာကိစ္စများသွား ရတာတဲ့တုံး။

မအိမ်ကံအဖို့ သံသယ ဖြစ်စရာ မရှိသလို သံသယ ဖြစ်စရာ အကြောင်းလည်း မရှိပါ။ ဆယ့်ရှစ်နှစ်ကြာ ပေါင်းသင်း လာခဲ့သော လင်သားအကြောင်း မအိမ်ကံသာ အသိဆုံး။ ကိုပြေသိမ်း၏ အကျင့် စာဂကို မအိမ်ကံ ယုံကြည်သည်။ ပြီးတော့ သမီးတွေ အရွယ်ရောက်ကာမှ စာရိတ္တအားဖြင့် မှားစရာလည်း မလိုတော့။ သည်လို ကိစ္စတွေမှာ ယုံကြည်ပေသိ သူ့မှာ နိုင်ငံရေး ဥာဉ်ကလေးတော့ ရှိသည်။ သို့သော် သူသံယောဇဉ် တွယ်သော စာသင်ကျောင်းကလေးကို ပစ်ထားတာတွေ များလာသည်။ ကျောင်းမှာ ကိုပြေသိမ်း ရှိမှ ပြီးရမည့် အကြောင်းကိစ္စတွေ ရှိသော်လည်း ကိုပြေသိမ်း မရှိသဖြင့် ရှေ့ဆက်ဆောင်ရွက် မရတာတွေ ရှိလာသည်။ လက်ထောက် ဆရာလေး ကိုအေးချမ်း အိမ်ကို လိုက်လိုက် လာတာကို အားနာခဲ့ရပေါင်း များပြီ။
“အားနာစရာ ကောင်းလှအေ။ ကျေးဥ ညည်းအစ်ကို ဘာတွေများ လမ်းများနေသယ် ပြောတတ်ပေါင်အေ။ မအိမ်ကံ ကတော့ ဖြေရသာနဲ့တင် မျက်နှာ ပူလာပြီ။ တာဝန်တွေတောင် မဲ့နေပါပကောအေ့”

“အလုပ်ရှိလို့ နေမှာပေါ့ မအိမ်ကံရယ်။ ဆရာလေးလည်း သူ့အလုပ်သူတော့ သိမှာပါ။ ပြန်လာမှာပေါ့အေ့၊ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း လာချင်တော့ တစ်အောင့်ဟာကို”

တစ်ခါတော့ ကိုပြေသိမ်းနှင့် မအိမ်ကံ စကား များခဲ့ရသည်။ မအိမ်ကံက ကိုပြေသိမ်း ရောက်လျှင်ရောက်ချင်း သမီး ကိစ္စ အရင်မေးသည်။ သမီး အတွက် ပေးလိုက်သော သရေ စာတွေ၊ မုန့်ဆီကြော်တွေ စားရဲ့လား မေးသည်။ ကိုပြေသိမ်းက မလှုပ်တလှုပ် လုပ်နေတော့ မအိမ်ကံ စိတ်မရှည်။ သည်လို က မေးရင်း မေးရင်း တစ်ယောက်တစ်ခွန်း စကား အချေအတင် ဖြစ်လာခဲ့ပါ၏။ မအိမ်ကံ ကလည်း မလျှော့တော့ပြီ။ ဘာမှန်း မသိရဘဲ မြင်းခြံသွား နေတာ ထားပါတော့။ မြင်းခြံ ရောက်လို့မှ သမီးဆီ မရောက် နိုင်တာကို တနုံ့နုံ့ ဖြစ်ရသည်။ သမီးထက် ဘာကများ အရေးကြီး နေလို့ပါလိမ့်။ ထနောင်းတိုင် သွားနေလို့ ဆိုလျှင်လည်း မအိမ်ကံ မပြောသာပါ။ သူ့မိ၊ သူ့ဖ၊ သူ့နှမ၊ သူ့ကြီးတော်တွေ တွေ့ချင်ရှာလိမ့်မည်။ မအိမ်ကံပင် ထနောင်းတိုင် မရောက်တာ ကြာပြီ ဆိုတော့ ထနောင်းတိုင်ကိုလည်း ရောက်စေချင်ပါ၏။ အခုတော့ ထနောင်းတိုင်ကို ရောက်တာလည်း မဟုတ်။ မြင်းခြံက သမီးဆီ ရောက်တာလည်း မဟုတ်။

ဒါဖြင့် ဘယ်သွား နေတာလဲ။ ပေးလိုက်တဲ့ မုန့်သရေစာတွေကကော ဘာလုပ် ပစ်လိုက်တာလဲ။ ဒါကိုတော့ မအိမ်ကံ သည်းမခံချင်။ မေး တော့လည်း ဖြေချင်သလိုလို၊ မဖြေချင်သလိုလို။ ခဏခဏ မေးတော့လည်း အော်လား၊ ငေါက်လား ရှိလာခဲ့သည်။
“တစ်မိုက်သာ၊ ရွာစည်ဘက် ရောက်နေလို့ပါကွာ။ မုန့်တွေတော့ မကောင်းနိုင်တော့တာနဲ့ အစ်ကိုတို့ မိတ်ဆွေတွေ ကျွေးလိုက်တယ်”

“ကျွေးသာ ကျွေးရပါသယ် အစ်ကိုရယ်။ သမီးကို မုန့်ပို့ ခိုင်းသာက မုန့်စားရစေတော့ချည်း ဘယ်ဟုတ်ပါ့မလဲ။ ဖအေနဲ့ သမီး တွေ့စေချင်လို့ပေါ့။ ဖအေ့ကို တွေ့တော့ အားရှိသာပေါ့။ အစ်ကို့ဟာက သမီးဆီတောင် မရောက်ရဘူး ဆိုတာတော့ မအိမ်ကံ စိတ်ထဲ မကောင်းဘူး”

“သမီးနေတဲ့ အိမ်က ဦးလေးရဲ့အိမ်။ သမီးက အရွယ် ရောက်ပါပြီ။ ခြေနိုင်လက်နိုင် ရှိနေပါပြီ။ အစ်ကိုက သမီးကို ကလေးတုန်းကလို စိတ်ကူးရတိုင်း ပြေးပြေးကြည့်စရာ မလိုတော့ပါဘူး။ မင်းတို့ လုပ်နေတာနဲ့ ကလေးက ဘာမှ မဆုံးဖြတ် တတ်ဘူး။ ဘာမှ မရုန်းကန်ချင်တော့ဘူး။ ဇွန်းခွံ့ ခံချင်တာ မျိုး ဖြစ်ဖို့ပဲ ရှိတော့မယ်”

“ဘယ်လို ပြောလိုက်သာလဲ အစ်ကို။ သမီးက ဇွန်းခွံ့ခံ အရွယ်ပဲ ရှိပါသေးသယ်။ ဆုံးဖြတ်စရာတို့ ရုန်းကန်စရာတို့လည်း ရှိရတဲ့ အရွယ် မဟုတ်သေးပါဘူး။ သားသမီး ဆိုတာ ရေမျောသစ်တုံး မဟုတ်ဘူး အစ်ကို။ မိချောင်းမှန် ဆန်လိမ့်မယ်၊ သစ်တုံးမှန် စုန်လိမ့်မယ် သဘောမျိုး စောင့်ကြည့် နေရမှာ မဟုတ်ဘူး”

“ဒါဆိုလည်း နောက်တော့ မင်းပဲသွားကွာ”

မအိမ်ကံ ရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသည်။ ဖအေ ရင့်မာကြီးက သမီးဆီ သွားရမည့် ကိစ္စမှာ မင်းပဲ သွားကွာဆိုတာ စကား ကုန်နေပြီ။ သွားချင်စိတ် မရှိလို့ မသွားတာဆိုသည့် သဘော ရောက်နေပြီ။ နောက်သူ မသွားတော့ဘူးလို့ ဆိုလိုချင်တာမျိုး ဖြစ်နေပြီ။ သည်ရက်တွေထဲမှာ မအိမ်ကံသည်းညည်း ခံခဲ့ရတာတွေ များလှပါ၏။ အကြောင်းကိစ္စ မည်မည်ရရ မရှိ ပေသိ မအိမ်ကံ ရင်ထဲမှာ တစ်ခုခုတော့ မှားနေပြီလို့ ခံစားရသည်။ ခါတိုင်းလို ချောချောပြေပြေ မရှိသလိုလို၊ တစ်ခုခုက တစ်ခံနေသလိုလို ဖြစ်နေမိသည်။ ရေကန်မှာ ကြာမပွင့်သည့်တိုင် ရေမနောက်အောင် သည်းခံ နေခဲ့သည်။ ခံစားမှုတွေ တစ်လွန်းပြီး တစ်လွန်း တင်ရာက ဆင်လွန်ကြိုး ဖြစ်ခဲ့ရပြီ။

“ကျွန်မလည်း မသွားတော့ဘူး ကိုပြေသိမ်း။ ရှင်က ဖအေ၊ ကျွန်မက မအေ မှားဖူးမှမှန် ကြံဖူးမှ ရဲသတဲ့ ရှိပစေတော့။ သည်ကနေ့က စပြီး ရှင့်ကို ဘယ်သွားသွား ဘာလုပ်လုပ် ကျွန်မ မေးရင် လျှာကျွတ်ရစေတော့”

ခါးသီးလှသော မအိမ်ကံ စကားကြောင့် ကိုပြေသိမ်းပင် ထိတ်လန့် သွားခဲ့သည်။ သည့်နောက်တော့ အိမ်ကြီးပေါ်မှာ တစ်ကြိမ် တစ်ခါမျှ မရှိခဲ့ဖူးသော စိတ်အခန့်မသင့်မှုသည် အားကောင်း လာခဲ့တော့သည်။ မအိမ်ကံက ၀တ္တရားတော့ မပျက်ရှာပါ။ စိတ်ကတော့ အပျက်ကြီး ပျက်ရသကဲ့သို့ ရှိရပါ၏။ သည်ကြားထဲ ကိုကံကြီးမောင်တို့လို လူတွေ ရောက်လာတော့ ပိုပြီး ၀မ်းနည်းရသည်။ သူ့လူတွေနှင့် သူကျတော့ စကားတွေ ပြောလွန်းလို့ ခြင်ထောင် ပက်လက်လှန် ထည့်ရမလို ရှိခဲ့၍ ဖြစ်သည်။ ကိုကံကြီး မောင်တို့ ပြန်ခါနီးတော့ မြင်းခြံလိုက်ရန် အ၀တ်အစား ထည့်တာကို မအိမ်ကံ မြင်သလို ကျေးဥလည်း မြင်သည်။ ကျေးဥက အမြင်မတော်တော့ အ၀တ်အစားတွေ ထည့်ပေးရှာပါ၏။ ကိုပြေသိမ်းက ကျေးဥကို တိုးတိုးမေး နေတာလည်း မြင်ရသည်။ မအိမ်ကံ အိမ်ပေါ်တက်လာခဲ့ သည်။ ကျေးဥ လိုက်လာပြီး အကျိုးအကြောင်း ပြောရှာပါ၏။

“မအိမ်ကံ၊ ဆရာလေးက သမီးဖို့ ဘာထည့် ပေးစရာ ရှိသလဲလို့ မေးနေသယ်။ ငါတော့ ဘာမှမရှိလို့ မရှိပါဘူးလို့ ပြောလိုက်သယ်။ မအိမ်ကံ ဘာပေးလိုက်ဦးမလဲ။ စိတ်ကောက် မနေပါနဲ့အေ။ ဆရာလေးလည်း စိတ်ညစ်စရာ ရှိလို့ ပြောချင်ရာ ပြောလိုက်သာ နေမှာပါ”
“စိတ်မကောက်ပါဘူး ကျေးဥရယ်။ စိတ်မကောင်းသာပါ။ ညည်းဟာညည်းသာ ရှိသာ စဉ်းစား ပေးလိုက်ပါအေ။ ပိုက်ဆံလည်း ထည့်ပေးလိုက်။ ငါတော့ မဆင်းချင်တော့ဘူး”

ကျေးဥဆင်းသွားတော့ ကိုပြေသိမ်း တက်လာသည်။ မအိမ်ကံ အိပ်နေသည့် ဘေးမှာ ၀င်လှဲရင်း ကိုယ်လုံးကလေးကို သိမ်းဖက်လိုက်သည်။ သည်တော့လည်း မအိမ်ကံ တသိမ့်သိမ့် ငိုမိပါသည်။ ကိုပြေသိမ်း၏ အနမ်းတွေကိုလည်း မရှောင်ဖြစ်တော့။ အပျို ဘ၀က ညဘက် လရောင် ရက်တွေမှာ ခိုးတွေ့ရ သော အထိအတွေ့မျိုးကို မအိမ်ကံ ရင်နှင့်အမျှ ခံစားရပါ၏။
ထိုနေ့က ထိုအပွေ့အဖက်နှင့် အနမ်းသည် မအိမ်ကံ အဖို့ နောက်ဆုံး ဖြစ်ခဲ့မှန်း မသိခဲ့ပါလေ။ မြင်းခြံကို အ၀တ်အစား အချို့ နှင့် အတူ ထွက်သွားပြီး တစ်ရက်က နှစ်ရက် ကြာလာတော့ တစ်ညမှာ မအိမ်ကံ အိပ်မက်မက်သည်။ မမက်စဖူး မလှအုံကို မက်ခြင်းဖြစ်သည်။ ဒေါနခက် ကလေးတစ်ခက် ဆံထုံးထဲငိုက် ငိုက်ကလေး ထိုးထားပြီး ၀ိုင်းတိုက်ထဲကို ဖိနပ်ရှပ်တိုက် ၀င်လာခဲ့ခြင်း ဖြစ်၏။ မအိမ်ကံနှင့် ကျေးဥကို တွေ့တော့ ဘာစကားမှ မပြောဘဲ ပဲမှော်တိုက် ဘက်ကို ထွက်သွားသည်။ ပဲမှော်တိုက် ဘက်ကနေ အိမ်ကြီးကို ပတ်ပြီး ၀င်းတံခါးကြီးက ပြန်ထွက်သွား ခဲ့သည်။ မအိမ်ကံ လန့်နိုးတော့ ဒေါန ပန်းနံ့ကလေးပင် ရနေ သလိုလို ထင်မိသေးသည်။ ဘာများပါလိမ့်။ မလှအုံ မကျွတ် မလွတ်လို့ များလား။ ကျေးဥကို ပြောပြတော့ မအိမ်ကံ စိတ်ထဲ စွဲနေလို့ နေမှာပါလို့သာ ဖြေသည်။

ဆက်လက်ဖေါ်ပြပါမည်။
ရွှေအမြုတေမှ ဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ရီနိုမာန်



January 5, 2010

စိတ်ကူး ချစ်သူ

သူမ လှပါတယ်လို့ ပြောရင် ယုံပေးနိုင်မလား။ တွေ့ဖူးတဲ့ လူတွေကပြောတယ်။ ရှမ်းကြိုက်လို့ နွားချောတာပါတဲ့။ လက်ခံပါတယ်။ အဲ့အချိန်မှာတော့ ကျနော်က ရှမ်းတစ်ယောက်ပဲ ဖြစ်ချင်နေတာပါ။ ၁၀နှစ်ဆိုတဲ့ အချိန်ကိုကျော်လွန်ခဲ့ပေမယ့် သူမရဲ့ လှပမှုက ယခုချိန်ထိ မိုနာလီဇာဆိုတဲ့ နာမည်ကျန်ခဲ့သလို ကျနော်ရင်ထဲမှာ ခုထိနေရာယူနေတုန်းပါပဲ။

ကျနော်မြတ်နိုးမိတဲ့ သူမရဲ့ ဆံနွယ်လေးတွေက ဟိုလွန်ခဲ့၁၀နှစ်က အတိုင်းခုချိန်ထိ မပြောင်းလဲဘူး။ လှလှပပ ညို့တက်တဲ့ သူမရဲ့ မျက်ဝန်းလေးတွေ ကြပြန်တော့လည်း အရောင်လေးတွေ ပိုတောက်လာတာကို သတိထားမိတယ်။ သူမရဲ့ အသံလေး ကြားလိုက်ရရင်ပဲ ကျနော်မှာ အိပ်စက်ဖို့အတွက် တေးတစ်ပုဒ်များ ရလိုက်ရသလိုပဲ။

သူမနဲ့ စတွေ့တဲ့ အချိန်ကိုပြောပါလို့ မေးရင် ၁၉၉၉လို့ပဲပြောရမယ်လို့ထင်တယ်။ သေချာမမှတ်တက်တဲ့ ကျနော့် ဦးနှောက်ကိုပဲ အပြစ်တင်းလိုက်မိပါတယ်။ ကျနော်ကို သူမကချစ်တယ်လို့ တစ်ခွန်းမှမပြောသလို ကျနော်ကလည်း သူမကို ချစ်တယ်လို့ တစ်ခွန်းလေးမှ မပြောရသေးပဲ ရင်ထဲမှာ နေရာပေးလိုက်မိတာ ကျနော် လွန်တယ်လို့တော့ ကျနော် မထင်မိဘူး။

ဘယ်သူလဲလို့တော့ မမေးနဲ့။ သတိထားမိရင် ကျနော်နှုတ်က အမြဲထွက်နေကျ သူမအကြောင်းကို သိနေမှာပါ။ ပြပါလို့ ပြောလာရင်းလည်း အဝေးတစ်နေရာမှာ ရောက်နေတဲ့ သူမကို လွမ်းနေတဲ့ ကျနော်ရဲ့ အသည်းနှလုံးကိုပဲ ထုတ်ပြရတော့မှာပေါ့။

ဖြစ်နိုင်တဲ့ တစ်နေ့ သူ့မလက်ကိုတွဲပြီး အနီရောင်ကော်ဇော်ပေါ်က ပန်းခင်းတဲ့ လမ်းမှာ လျှောက်ရင်း တူနှစ်ကိုယ်တိုင်းပြည်ကို ကျနော့်မှာ ကျန်နေအုံးမယ်လို့ ထင်ရတဲ့ အချစ်တွေနဲ့ လှပတဲ့ ဘဝလေးကို တည်ဆောက်နိုင်ဖို့ စိတ်ကူးယဉ်နေမိပါတော့တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

January 3, 2010

ချစ်ခြင်း မှာ အကြိမ် ကြိမ် သေ...


လွန့်ကနဲ တချက် ရုန်းအကြွ
မင်း နှုတ်ခမ်းထောင့်က အလှကလေးမှာ
ဗုန်းဗုန်းပါအောင် ကျဆုံး
ငါ့ နှလုံးသားတွေ ကြွေ.....


ကောင်မလေးရေ...
ဘယ်လိုမှော်တွေအောင်လို့ မင်း.. ဘယ်လိုလှ..
မင့် အပြုံးမှာ ဘာတွေ ချယ်..
မင့် နှုတ်ခမ်းလေးတွေ ဘာနဲ့ ထွေး..
မင်း ပါးကလေး တွေက ဘယ်တန်ခိုးနဲ့ မို့..
မင့် သွားကလေးတွေ က ဘယ်အစွမ်း နဲ့ ကြွေရောင်ပြေ...
မင်း မျက်လုံးကလေးတွေ ဘာဂါထာနဲ့ မှုန်း
မင့် ပခုံးကလေး က ဘာလို့ ပြေ...

မင်း ဆံနွယ်တွေ ဘာလို့ လက်..
မင့် လက်ကလေးတွေ ကရော ဘာလို့ နွယ်..
မင့် ခြေဖမိုး လေးရယ်.. ဘယ်လို ဖောင်းဖောင်း.. အိ....
ဒီကမ္ဘာပေါ် ရှိသမျှ အလှဆုံး အရာတွေ
မင်း ကို ဆရာ.. ခေါ် ရချည့်. ...

တဒိတ်ဒိတ်နဲ့ ငါ့ ရင်တွေ..
ထိမ်း မရ ချင်ပြီ ကောင်မလေး ရဲ့..

နင့် မျက်တောင် တချက် အခပ်
ငါ... လှလှ ပပ သေ...

နင့် မျက်လုံး တချက် အ၀င့်..
ငါ... လှလှ ပပ သေ...

နင့် အပြုံး တချက် အလက်...
ငါ.. လှလှ ပပ သေ....

နင့် ခြေ တချက် အလှမ်း...
ငါ.. လှလှ.. ပပ သေ..

နင့် ခေါင်း တချက် အငဲ့..
ငါ လှလှ ပပ သေ....

ကောင်မလေး ရေ...
နင့် ကို ဖျတ်ကနဲ... ချစ်မိခြင်းထဲ
ငါ... လေ.. သေ ပြီး ရင်း ..သေ.....။


မမသီရိ


လေးစားစွာဖြင့်
ရီနိုမာန်

အထက်ပါကဗျာအား မမသီရိ ( သို့ ) ကျနော် အဒေါ် ဆီမှ ပြန်လည်တောင်းယူဖေါ်ပြခြင်းဖြစ်ပါသည်။

January 2, 2010

အို ဘယ့်...... ခရီး

31.12.09 ရုံးကနေခွင့်ယူထားလိုက်တယ်။ သွားစရာလမ်းကြောင်းတွေများ နေတာ ဆိုတော့ ခွင့်မယူလို့ မရတဲ့ အခြေအနေ။ ရင်ထဲက လာတဲ့ ကိစ္စတွေကို လုပ်ရမှာဆိုတော့လည်း ကျေနပ်နေမိတယ်။ ဒီလိုနဲ့ မနက် ၇နာရီလောက် အိပ်ရာကနေထပြီး မနက်စောစော ကိစ္စများကိုလုပ်ပြီး ( C ) ကို သွားဖို့ ထွက်လာခဲ့တယ်။ ( C ) ရောက်တော့ လက်ထဲမှာ MRT Card နဲ့ ချက်စာရွက်ပဲ ပါတယ်။ ပိုက်ပိုက်နဲ့ တူတာဆိုလို့ Nothing ဖြစ်နေတော့ ရွှေဥာဏ်တော် ရွှင်စေဖို့ စက္ကူကနေ ငွေဖြစ်အောင်လုပ်ရတော့ တာပေါ့။

တစ်ခရီးတည်း အတူသွားမယ့် အဆွေတော်တို့ က ( C ) မဟုတ်တော့ဘူး ( D ) ဆိုလို့ တစ်ခါ ( D ) ကို လာခဲ့ပါတယ်။ ( D ) ကနေမှ ဆွေတော် ရှစ်သောင်း နှင့်တကွ စီးတော်ယာဉ်ကားနဲ့ ( CA ) ကို နေ့လည် ၁၁ လောက်မှာ ရောက်တယ်။ ( CA ) မှာ လုပ်စရာရှိတာလုပ်ပြီး တစ်ခါ ( LS ) ကို့ ပြန်လာခဲ့ကြတယ်။ ( LS ) ကိုရောက်တော့ နေလည် ၂ နာရီလောက်ရှိသွားပြီ။

ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ကစလိုက်တာ.......... ဖားအော်တယ် အထိရောက်တယ်။ ဖား ဘာကြောင့် အော်ရတယ် ... မြွေကိုက်လို့ အော်ရတယ်.... မြွေဘာကြောင့် ကိုက်ရတယ် .... ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ် ဆိုတဲ့ အတိုင်း ဗိုက်ထဲက ဆန္ဒပြခြင်းကြောင့် ( CH ) ဆိုတဲ့ ဗိမာန်ကို ရောက်ခဲ့ကြပြန်ပါတယ်။ ( CH ) ဗိမာန်ကနေ လမ်းခွဲလိုက်ကြတော့ ညနေ (၄) နာရီရှိနေပြီ။

( BD ) မှာ ရောင်ရင်းတွေနဲ့ တွေ့ပြီတော့ ( EC ) ကိုခြေဦးလှည့်ခဲ့ကြတယ်။ ( EC ) ရောက်ပြီး အချိန်သိပ်မကြာခင်မှာပဲ ( O ) ဒေသကို စီးတော်ယာဉ် ရထားလုံးနဲ့ အရောက်သွားခဲ့ရပြန်ပါတယ်။ ( O ) ဒေသမှာပဲ စကားတွေ ဖောင်းဖွဲ့နေခဲ့ရာက နောက်ဆုံးမြွေကိုက်ခံရတဲ့ အထိဖြစ်လာရတော့တယ်။

ဒီလိုဆိုတော့လည်း ဆေးရှာရတော့မှာပေါ့။ ဒါနဲ့ ( CT ) ကိုသွား ပျော်တော်ဆက်ခဲ့ကြတာပေါ့။ အချိန်အခါသာမယကို ကြည့်လိုက်တော့ နှစ်သစ်ကူးမဲ့ အချိန်ဆိုပေမယ့် ချစ်မိုးလေးတွေကတော့ ဆွေချလိုက်ပါတော့တယ်။

01.01.2010

နှစ်သစ်ကူးသွားခဲ့ပါပြီ။ ဆက်သွယ်မှု့ကွန်ယက်လေးတွေလည်း ရှုပ်ယှက်ခက်နေကြပြီ။ ရှုပ်ယှက်မခက်တာဆိုလို့ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့ ဒီလူ့ ဒီလူတွေ ရှိတဲ့ ( YCK ) ကိုရောက်လာပါတော့တယ်။

ရွာဦးကျောင်းက အုံးမောင်ခေါက်သံ သုံးချက်အကြားမှာတော့ မဟန်လှတဲ့ အခြေ ယိုင်းလဲလို့ပြို ... အို ဘယ့် ခရီး.... ဆက်ရန်ရှိသေး.... နှစ်သစ်ကူး... ဒီရက်ကလေး ......

လေးစားစွာဖြင့်
ရီနိုမာန်


မှတ်ချက် = အင်္ဂလိပ် အတိုကောက်များမှာ MRT နာမည်များသာဖြစ်သည်.