April 30, 2009

သားချစ်တဲ့ " အမေ "

အမေကိုချစ်တဲ့ သားတစ်ယောက်
အဝေးကို ရောက်လို့နေခဲ့ပြီ
တမ်းတရင်း ရင်မှာ လွမ်းဆွတ်
သတိရနေတယ် ..... အမေ

အမေ့ရဲ့ မေတ္တာ စာဖွဲ့လို့မရ
ရင်မှာခံစား မျက်ရည်လည်းကျ
သတိယ မိတာ အမေ တစ်ယောက်ထဲပါ

အမေဟာ ကျွန်တော်အတွက်တော့
မြင့်မိုရ်တောင် ထက်မက
သမုဒ္ဒရာ ထက်ကျယ်ဝန်းတဲ့
အနန္တမေတ္တာ ပိုင်ရှင်ပါပဲ ........အမေ

မှတ်ချက်။ ။ သားသမီးအားလုံးအတွက် ရည်ရွယ်ပါသည်။

April 29, 2009

မအိမ်ကံ ( for May )


ယခင်လမှ အဆက် ...

၂၅။
"ဆရာကြည် ရေတိမ်နစ် ရှာပြီပေါ့။ ရင်ထဲ မကောင်းလိုက်တာ အစ်ကိုရယ် "

မအိမ်ကံ အသံက တိုးလွန်း လှသော်လည်း မျက်ရည်တွေက ချောင်းကြီး ရေကျ စီးနေသည်။ ဆရာကြည့် နိုင်ငံရေး စိတ်ဓာတ်က ပြင်းပြ လွန်းတာကိုလည်း မအိမ်ကံ သိတန် သလောက် သိပါ၏။ ပြောစရာ ရှိလျှင် ဘယ်သူ့မျက်နှာမှ မထောက်။ တိုင်းပြည် ကိစ္စ၊ လူမျိုး ကိစ္စ ဆိုလျှင် ဒိုးဒိုးဒေါက်ဒေါက် ရှိသူလည်း ဖြစ်သည်။ ရွာဆေးဆရာ ဆိုသော်လည်း နိုင်ငံရေး စိတ်ဝင်ပြီ ဆိုကတည်းက ဆေးကုပင့်ခေါ်လျှင်ပင် မလိုက်တော့။ အိမ်မှာ အခိုးပွင့်ဆေး တစ်ဖုံ ကောင်းကောင်းဖော်ထားပြီး ငှက်ပျောဖူး ပုလင်းများဖြင့် ထည့်ထားကာ လူနာ လာပင့်သမျှ ဆေးတစ်ဖုံကိုသာ ပေးသည်ဆို၏။ သားသမီးတွေက ဆေးကုစေချင်ကြသော်လည်း ဆရာကြည်က မကုတော့ပါ။

"တိုင်းပြည်က ငန်းမန်းကြီးလိုက်နေတာ အရင်ကုကြရမှာ ပေါ့ကွယ်။ လူနာက ငါမကုလည်း သူတကာ ဆေးဆရာတွေ ကုကြလိမ့်မယ်။ နောက်များ ငါ့ကို ဆေးကုဖို့ မပြောကြနဲ့"

သားသမီးတွေကို အဲသလို ငေါက်တတ်သူ ဖြစ်သည်။ တချို့က မျိုးချစ်ပုဂ္ဂိုလ် အဖြစ် ကြည်ညိုကြသကဲ့သို့ တချို့ ကတော့ လူ့တစ်ယူသန် အဖြစ် စကား ထည့်ချင်ကြသည်။ မအိမ်ကံကတော့ မြင်းတစ်စီးနှင့် ပွဲလာကြည့်ခဲ့သော ညကို သတိရ နေမိသည်။ အစ်ကိုမောင်မြတ်သာက မြင်းကြီးနှင့် ဆရာကြည်လာ လျှင် စာတစ်စောင် ပေးခိုင်း ခဲ့ဖူးတာ မှတ်မိနေသည်။ ဆရာကြည်နှင့် အဖေဦးသာထန်တို့ မတည့်ကြသော်လည်း အစ်ကို မောင်မြတ်သာ ကိုတော့ ချစ်ခင် ရှာသည်။ ဂျပန်တွေ ၀င်လာတော့ ကိုယ်တိုင် အိမ်ကို ရောက်လာကာ "သူကြီးရေ ခေတ်ကာလ မကောင်းတော့ဘူး၊ သတိဝီရိယနဲ့ နေပါရော့" ဟု မှာ သွားခဲ့သေးသည်။ အခုတော့ ဆရာကြည် ကိုယ်တိုင် သတိဝီရိယနှင့် မနေခဲ့ရှာသလား။ ကိုပြေသိမ်းနှင့် မအိမ်ကံတို့ အရှေ့ အာရှလူငယ် အစည်းအရုံး တာဝန်ဖြင့် ရွာတွေကို လှည့်ကြတော့ ဆရာကြည်က လူငယ်တွေထက်ပင် ခြေသွက် နေခဲ့သေးသည်။ အိုကြီးအိုမရယ်လို့ ဖင့်နွှဲလေးကန် မရှိ။ သွက်လက် ချက်ချာ ရှိလှပါ၏။

ကိုပြေသိမ်းက မျက်ရည်တွေ စိုစိုလူးနေသည့် ဇနီးသည်၏ မျက်နှာကလေးကိုကြည့်ရင်း စိတ်မကောင်း ဖြစ်နေပုံရသည်။ သူကိုယ်တိုင်ကလည်း ၀မ်းနည်း နေရှာပါ၏။ သည်သတင်းက ဇောင်ချမ်းကုန်း တစ်ဝိုက် ဘယ်လောက်များ ချောက်ချားနေမှာ ပါလိမ့်။ အဖေတို့အမေတို့ ခမျာ ဘယ်လောက်များ စိတ်ပူနေကြ ရှာလေမလဲ။ သည်လို တွေးမိတော့ မအိမ်ကံ ငေါက်ခနဲ ထပြန်ချင်တော့သည်။ ကိုပြေသိမ်းက မအိမ်ကံ ပခုံးကို ဖက်ရင်း ပြောနေပါ၏။

"ဆရာကြည်က ကိုယ်၊ နှုတ်၊ နှလုံး မစောင့်စည်း နိုင်ရှာဘူး ထင်ပါရဲ့ကွယ်။ ဂျပန်ဆိုတဲ့ ကောင်တွေက ပါးပါးကလေး ရယ်။ ဘယ်လောက်တောင် ပါးကြသလဲ ဆိုရင် အင်္ဂလိပ်တွေ ဘာမှ မလုပ်နိုင်ခင် ဂျပန်တွေက စီးမိနေကြပြီ။ စင်ကာပူ ခံတပ်ကြီး ပေါက်သွားတာသာ ကြည့်တော့ အိမ်ကလေး။ အင်္ဂလိပ်တွေ၊ သြစတြေးလျတွေ၊ ကုလားတွေ စစ်သား တစ်သိန်းလောက်နဲ့ ခံထားတဲ့ကြားက ဂျပန်တွေက ရေတပ် စစ်သင်္ဘောနှစ်စင်းကို နှစ်ပစ်လိုက်တာ ကြည့်တော့။ ပုလဲဆိပ်ကမ်းမှာ အမေရိကန် ရေတပ် ရှုံးတယ်"

မအိမ်ကံ နားလည်လေသလား၊ မလည်လေသလားပင် အမှတ် မထားတော့ဘဲ ကိုပြေသိမ်းက ယူကျုံးမရစွာ ပြောနေခြင်း ဖြစ်ပါ၏။ ရန်ကုန်မှာ လူထိ ဗုံးတွေကြဲချခဲ့ကြပြီ။ မီးလောင် ဗုံးတွေ ချခဲ့ကြသည်။ ရန်ကုန်နှင့် မန္တလေးဘက်က လူတွေ ရွာတွေဘက်ကို ဖြစ်သလို ပြေးကြရသည်။ ရရာမီးရထားများ၊ မော်တော်ကားများနှင့် မြို့က ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြ ရသည်။ လူတွေ ပြေးရာနောက် စစ်က လိုက်လာခဲ့လေပြီ။

"သည်လို ကာလကြီးမှာ ကိုယ့်တိုင်းပြည်ဘက်က နာကြ သူတွေချည်းပဲလို့ ထင်ရင်မှားပြီ။ ဂျပန်ဘက်က နာသူတွေလည်း ရှိတာပဲ။ ခေတ်အပျက်မှာ ပိုက်ဆံ ရရ၊ အာဏာရရ၊ အခွင့်အရေး ရရဆိုတဲ့ လူတွေ အများကြီး ရှိတယ်။ အစ်ကို စိုးရိမ်တာက ဆရာကြည်ကို နှိပ်စက်ရင်း ဘာလျှို့ဝှက်ချက်တွေများ ပေါ်ကုန်သလဲ ဆိုတာပဲ"

"အစ်ကို့များ ထိခိုက်နေဦးမှာလား အစ်ကိုရယ်"

"မပြောနိုင်ဘူးပေါ့ အိမ်ကလေးရယ်။ ဘာသတင်းရထား ကြသလဲမှ မသိတာပဲ။ အသားထဲက ထွက်တဲ့ လောက်ကောင်တွေကြောင့် ဖြစ်ရတာတော့ သေချာတယ်"

ကိုပြေသိမ်း စကားကြောင့် မအိမ်ကံခမျာ မျက်နှာကလေး ညိုရပြန်သည်။ လင်နှင့်မယား ဖြစ်လာမှတော့ လင့်နိုင်ငံရေးသည် သူ့နိုင်ငံရေး ဆိုတာလည်း မအိမ်ကံ နားလည်ပါ၏။ ဒါဖြင့်ရင် လင့်နိုင်ငံရေးကို မအိမ်ကံ တကယ် သိသလား ဆိုတော့လည်း သိရှာတာ မဟုတ်။ မအိမ်ကံ မသိတာတွေ အများ ကြီးရှိလိမ့်မည်။ မအိမ်ကံ သိစရာ မလိုတာတွေ များလှရော့မည်။ ထနောင်းတိုင်မှာပဲကြည့်လေ။ စစ်ရှောင်သူတွေ ရောက်နေကြပြီ။ တချို့က အနောက်မြစ် ခေါ်ကြသည့် ချင်းတွင်းမြစ်ကို ဖြတ်ကျော်ကြတာတွေလည်း ကြားရပါ၏။ ထိုနေ့က မအိမ်ကံ ရင်ထဲ မလင်းတော့ပါ။ ဝေဒနာ တစ်မျိုးက ဖိစီးနေတော့သည်။

နောက်တစ်နေ့မှာပဲ ကောက်ကာ ငင်ကာ ပြန်ကြဖို့ စီစဉ်ကြသည်။ ခေတ်အခါ မကောင်းတော့ မိဘများကရော၊ ဆွေမျိုး တွေကပါ မပြန်စေချင်ကြ။ ထနောင်းတိုင်မှာပဲ နေစေချင်ကြသည်။ ခက်သည်က မအိမ်ကံမှာ မိအို၊ ဖအိုတွေ ရှိကြသေးသည်။ မပြန်လို့ မဖြစ်တော့လည်း ခွင့်ပြုကြ ရရှာပါ၏။ ဇောင်ချမ်းကုန်းက ခမည်းခမက်များ အတွက် လှည်းတစ်တင်စာ ၀ယ်ခြမ်း ပေးလိုက်ကြသည်။ မိဘနှစ်ပါးကို ကန်တော့ ကြတော့ ဆုတွေ ပေးကြသည်။ ထနောင်းတိုင်က လှည်း တစ်စီးကို ငှားထည့်ပေးလိုက်ကြသည့် အတွက် ပစ္စည်းတွေရော၊ လူတွေပါ လှည်းကြီး နင့်နေတော့၏။ ကိုပြေသိမ်းရော၊ မအိမ်ကံရော၊ ကျေးဥပါ ကျပ်ကျပ်သပ်သပ် လိုက်ကြရသည်။

လှည်းနှစ်စီး ခေါ်လို့ ရသော်လည်း ကိုပြေသိမ်းက တစ်စီးတည်းသာ စီစဉ်စေခဲ့သည်။ လှည်းတစ်စီးတည်း ဆိုတော့ ချိုးချိုး ချောက်ချောက် ရောက်သွားနိုင်သည် မဟုတ်လား။ နှစ်စီး၊ သုံးစီး ဆိုလျှင် လှည်းတန်းဖြစ်မှာ စိုး၍ ဖြစ်ပါ၏။ လှည်းသမားက ကိုပြေသိမ်းတို့နှင့် ရင်းနှီးသော လူရင်းဖြစ်၍ စိတ်ချရသည်။

"ဆရာလေးနှယ် အခုက လှည်းတွေကိုပါ ရှာနေကြသာ ဗျ။ ဟိုရက်က ကျုပ် တလုတ်မြို့က ပြန်တော့ ဂျပန်ကဖြတ် သမျှလှည်းရှာကြသာများ နွားစအိုထဲတောင် နှိုက်ကြတော့မယ့် အတိုင်းပဲ။ လက်နက်တွေ ကျုပ်တို့ဘက် ၀င်နေသယ်ကြားလို့ သဲ့"

လှည်းသမားက သူ့ကိုယ်တွေ့ ပြောပြခြင်း ဖြစ်သည်။ သီချင်းနှင့် တခြားစီပါလား။

"+++ ကမ္ဘာသစ် အခါသစ် ဗမာသစ်ပေါ်ပြီ +++ တစ်သွေးတည်း တစ်သံတည်း တစ်မိန့်တည်း +++ လွတ်လပ်တော့မည် +++ လွတ်လပ်တော့မည် +++ ဗမာပြည် လွတ်လပ်တော့မည် +++ နိပွန်ကတိရပြီ +++"

ဒေါက်တာဘမော်က ရာထူး ပေးနိုင်သဖြင့် ဓားမပါတီ ဦးထုပ်နှင့် ဓားမပါတီ ဘောင်းဘီတွေ ခေတ်စားလှပါ၏။ ရာထူး လိုချင်သူတွေ ပဒူအုံ၊ ခါချဉ်အုံ မီးမြှိုက်သလို တရွရွ ပြေးနေကြသည်။ ဂျပန်တွေက မယုံကြသော်လည်း အရိပ်အကဲ ကြည့်နေကြသည်။ ပစ္စည်းတွေ ရှားပါးသည်။ စားစရာတွေ ရှားပါးသည်။ ဘုန်းကြီးကျောင်းတွေကို အုပ်ချုပ်ရေးရုံး လုပ်လာကြသည်။ ကားရှိသော်လည်း ဆီမရှိ။ အ၀တ် အထည်တွေကတော့ ဗမာချည်ထည် တွေကိုသာ အကောင်း လုပ်နေကြရပါ၏။ မြို့တွေမှာ ပစ္စည်း အရောင်းအ၀ယ်တွေ များနေကြသည်။ ငှက်ဖျားနှင့် ယားနာတွေ ပေါက်ကြသည်။ ၀ဲပေါက်လျှင် ကန့်မှုန့်ကို အုန်းဆီနှင့် ဖျော်ကာလိမ်းကြသည်။ အရက်တွေကတော့ ပေါလွန်းလှပါ၏။ ဒေါက်တာဘမော်က ရွှေဘိုမြို့မှ အလောင်းဘုရား အောင်မြေကို ရန်ကုန်သို့ သယ်ယူကာ အောင်မြေ ပျိုးတာတွေကိုလည်း ကိုပြေသိမ်း ကြားခဲ့ရသည်။ သည်ကြားထဲက မျိုးချစ်တွေ အကွပ်မျက်ခံ နေရတာကို ကိုပြေသိမ်း မခံချင်။ သူ့ရင်ထဲက စကားတွေ ပြောချင်လွန်းသော်လည်း အတူ ပါလာသည့် လှည်းသမားက တောသား၊ မယားက တောသူ ဆိုတော့ ကိုပြေသိမ်းမှာ မပြောသာဘဲ ရှိခဲ့သည်။ သည်တော့လည်း တောက်တစ်ချက် ပြင်းပြင်း ခေါက်မိရုံသာ။

"တောက်..."

မအိမ်ကံနှင့် ကျေးဥက အလန့်တကြား ကြည့်ကြသည်။ ကိုပြေသိမ်းက အံကြိတ်ထားကာ မျက်နှာကြီး နီရဲနေလေ၏။ ဆရာကြည့်အတွက် ယူကျုံးမရဖြစ်နေရှာပုံ ပေါ်ပါ၏လို့သာ မအိမ်ကံ တွေးလိုက်သည်။ လှည်းသမားလည်း ကိုပြေသိမ်း တောက်ခေါက်သံကြောင့် ငြိမ်သွားခဲ့ပါ၏။ လှည်းက တအိအိ ဖြင့် ရွေ့နေသည်။ လှည်းငဆီမထိုးနိုင်တော့သောတောလှည်းဆို တော့ လှည်းအီသံက ပျင်းစရာကောင်းလှသည်။ ကိုပြေသိမ်း က ရာကျော်ဇရပ်ကို မကျော်ချင်။ သို့သော် ဇောင်ချမ်းကုန်းကို ကျော်တော့မည်ဆိုလျှင် ရာကျော်ဇရပ်လမ်းဆုံကို မဖြတ်လို့မရ။ ဆရာကြည်ကို ဂျပန်စစ်ပုလိပ်နှင့် ကင်ပေတိုင်တွေက ရာကျော် ဇရပ်မှာ သုတ်သင် ခဲ့ကြသည် မဟုတ်လား။ ကိုပြေသိမ်းက လှည်းသမားဆီက သတင်းကြားချင်သဖြင့် မေးသည်။

"ရာကျော် ဇရပ်မှာ ဟိုရက်က အဘိုးကြီး တစ်ယောက် အသတ်ခံရဆို ခင်ဗျား ကြားသလား"

"အနောက်တန်း ရွာတွေဘက်က ဗိန္ဓောဆရာလို့ ပြောသာပဲ ဆရာလေးရ။ ကျုပ်မတွေ့ပေမယ့် ကိုစံဖူးတို့ လှည်းတွေ တွေ့ကြလို့ ပြောသာတော့ ကြောက်စရာပါဗျာ။ အလောင်းကို ပစ်ထား သာများ သပြေသီး ပုပ်ရောင်ထလို့သဲ့။ ရိုက်ထားသာ နေမှာပေါ့ ဆရာလေးရာ။ သည်ဘက်ရက်တွေတော့ ရာကျော် ဇရပ်နား သရဲခြောက်သယ်လို့ သတင်းတွေ ဖြစ်နေသယ်။ မြင်းကြီးနဲ့ လူတစ်ယောက် ရပ်ရပ်နေသတဲ့"

မအိမ်ကံပင် ကျောချမ်း သွားခဲ့သည်။ ကျေးဥက မအိမ်ကံ လက်ကလေးကို ဆုပ်ထားသည်။ ကိုပြေသိမ်းမှာ ကြားချင်သည့် သတင်းက တခြား၊ ကြားရတာက တခြား ဆိုတော့ စိတ်ပျက်သွားပုံရပါ၏။ "တော်စမ်းပါဗျာ" လို့သာ တားလိုက် ရတော့သည်။ ရာကျော်ဇရပ်ကို ဖြတ်တော့ လှည်းသမားက လှည်းကို သုတ်သုတ် မောင်းသည်။ ကိုပြေသိမ်းက ဇရပ် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေခဲ့သော်လည်း မအိမ်ကံနှင့် ကျေးဥက ခေါင်းတွေ ငုံ့ထားခဲ့သည်။ မအိမ်ကံတို့ ရွာကို ၀င်တော့ အချိန် လင့်လှပြီ။ မအိမ်ကံတို့ လှည်းပေါ်က ဆင်းကြတော့ မလှအုံက ဖွီဖွီဖတ်ဖတ် လုပ်ကြဦးလို့ သတိပေး၏။ ဖွီဖွီဖတ်ဖတ် ဆိုတာက မကောင်းသူ၊ မကောင်းသား ကပ်မပါအောင် ရေရွတ်ရခြင်း ဖြစ်သည်။ အမေပန်းရုံကတော့ သမီးနှင့်သမက် ပြန်ရောက်လာလို့ ၀မ်းသာနေရှာသည်။

"အမေက မအိမ်ကံတို့ နေကြဦးမယ် ထင်သာ။ ရောက်တော့လည်း ပြီးသာပါပဲကွယ်။ အမေတို့မှာ နေလည်း နေစေချင်ရဲ့၊ မျှော်လည်းမျှော်ရပါရဲ့။ မောင်ပြေသိမ်း ခဏနား ရေချိုးလိုက်ကြဦး။ ကျေးဥ မပြန်နဲ့ ကြီးတို့အိမ်မှာ ထမင်းစား"

ကျေးဥက လှည်းသမားနှင့် အတူ လက်ဆောင် ပစ္စည်းတွေ ၀ိုင်းချနေခဲ့သည်။ ဖိုးကူးလည်း ရောက်လာပါ၏။ မလှအုံက ဆရာကြည့် သတင်း ပြောချင်လှပုံဖြင့် မအိမ်ကံ အနားက မခွာ။ မအိမ်ကံကလည်း မသိသေးသည့် ပုံဖြင့် မလှအုံ အနား ကပ်နေလိုက်သည်။

"မအိမ်ကံ ညည်းတို့ ဆရာကြည့်သတင်း ကြားခဲ့ကြ လား"

"မကြားပေါင်၊ ဘာဖြစ်လို့လဲ။ မလှအုံဆီလာလည်လို့ လား"

"ဖွဟဲ့ တောစကား တောပျောက်။ ဆရာကြည် ဂျပန်သတ်လို့ သေပြီ။ ရာကျော်ဇရပ်မှာ အဲသာ"

"မဟုတ်သာ ပြောရော့မယ်။ ခုပဲ ရာကျော် ဇရပ်မှာ မြင်းကြီးတစ်စီးနဲ့ မားမားကြီးတွေ့ခဲ့ပါ့တော်"

မအိမ်ကံက ခပ်တည်တည် ပြောခဲ့ပြီး အိမ်ထဲ ၀င်လာခဲ့သည်။ မလှအုံကတော့ ခြေဖနောင့်က မြေမှုန့်ကို နဖူးပေါ် သပ်ရင်း မျက်လုံးပြူးကြီးနှင့် ကျန်ရစ်ခဲ့လေ၏။

၁၃၀၅ ခုနှစ်၊ ၀ါခေါင်၊ တော်သလင်း။

ဝါခေါင်၊ တော်သလင်း လတွေကတော့ အညာကျေး တောရွာတွေမှာ နေကြီး ကျောကွဲ ပူလွန်းလှဆဲ ဖြစ်သည်။ ပြီးခဲ့သည့် တန်ခူး၊ ကဆုန်၊ နယုန်လများဆီက ပုရစ်နုတွေ ဝေခဲ့သော သစ်ပင် ပန်းပင်တွေ အားလုံးလိုလို သစ်ရွက်စိမ်းတွေ ဝေခဲ့ပြန် လေပြီ။ ဇောင်ချမ်းကုန်းက အညာရွာ ဆိုသော်လည်း သစ်ရိပ် ၀ါးရိပ် သန်လှသည့်တိုင် မြစ်မနီး၊ ရေမနီးရွာ ဆိုတော့ အပူဒဏ်က ရှိန်ရှိန် ထနေတတ်လေသည်။ အခုတလော မအိမ်ကံ နေမကောင်း ထိုင်မသာ ရှိနေခဲ့ပါ၏။ မနက်အိပ်ရာ အထမှာ ခေါင်းမကြည်ချင်။ ရင်ထဲက ပျို့ချင်ချင်။ ဟိုဟာကလေး စားချင် သလိုလို၊ သည်ဟာကလေး ၀ါးချင်သလိုလို စိတ်ခံစားမှုတစ် မျိုးကလည်း ဖိစီးလျက် ရှိ၏။ အထိုင်အထ အသွားအလာကလည်း လေးလာသလိုလို ထင်မိသည်။

မလှအုံကတော့ မအိမ်ကံကိုကြည့်ပြီး ၀မ်းသာ ၀မ်းနည်း ဖြစ်နေရပါ၏။ တကယ်တမ်း ပြောကြကြေး ဆိုလျှင် မအိမ်ကံ ပလူမွေး ပလူတောင် ဘ၀ကတည်းက ရင်အုပ်မကွာ သိမ်းဆည်း စောင့်ရှောက် ခဲ့ရသူတွေထဲမှာ သူလည်းပါခဲ့သည်။ သူကြီးနှင့် သူကြီးကတော် မိဘနှစ်ပါးက ပေါက်ဖွားလာခဲ့သူ ဆိုပေသိ မလှ အုံသာ အထိန်းအချော့ များခဲ့ရသည်။ ထန်းစကားနှင့် ဆိုရပါလျှင် ကျေးမြီး လက်မြှောက် ဆင်ခြေပေါ် အရွယ်က စကာ ရည်ရ၊ ပင်ထွက် ထန်းပင် မားမားကြီး ဖြစ်ရသည် အထိ မအိမ်ကံ နှင့် ရင်အုပ်မကွာ ရှိခဲ့ရသည်။ မအိမ်ကံ၏ ကွမ်းတောင်ကိုင် ဖြစ်ချင်လွန်းလှသော စိတ်ဝေဒနာကို ပြေရာ ပြေကြောင်း သူပဲဖျောင်း ဖျခဲ့ရသည်။ မိခင်ရင်း ဒေါ်ပန်းရုံက အနှစ် နှစ်ဆယ်လုံးလုံး ကွမ်းတောင်ကိုင် မဖြစ်နိုင်မှန်း သိပါလျက် ဖုံးဖိ စောင့်စည်းထားသကဲ့သို့ မလှအုံကလည်း မထူးလှပါ။ ရင်နှင့်အမျှ ကြေကွဲစရာ ကောင်းလှသော ရက်စွဲတွေကို ရင်တထိတ်ထိတ် ရှိခဲ့ရသူသာ ဖြစ်သည်။ တကယ်တမ်း ကွမ်းတောင်ကိုင် မဖြစ်နိုင် တော့တာကို သိလိုက်သည့် နေ့က မအိမ်ကံ ပုံလဲကျသွားတာကို မလှအုံ မျက်စိထဲက မထွက်။ တစ်လျှောက်လုံး ကွမ်းတောင်ကိုင် ဖြစ်ချေရဲ့ဆိုသည့် မျှော်လင့်ချက်ကြီး ပြိုကျသွားသည့် နေ့က မအိမ်ကံ၏ ဝေဒနာကို မလှအုံပါ ရောယောင် ခံစားခဲ့ရသည်။

အမှတ်မထင် ရှိလှသော အဖြစ်အပျက် တစ်ခုကတော့ ဂျပန်စစ်ဗိုလ်နှင့် တွေ့ခဲ့ရသည့် အဖြစ်အပျက်ပင်။ မသေကောင်း မပျောက်ကောင်း၊ ကံကောင်း လွန်း၍သာ သေကံ မရောက်ခဲ့ရခြင်း မဟုတ်လား။ သည့်နောက်တော့ မအိမ်ကံ အိမ်ထောင် ကျခဲ့သည်။ မြို့သား၊ ကျောင်းဆရာ ပညာတတ်နှင့် ဘ၀ ဖက်ရလို့ ၀မ်းသာရပေသိ နှမြော စိတ်ကလေး မပျောက်ချင်။ မအိမ်ကံ ဘ၀နှင့် မအိမ်ကံ အကြောင်း အကောင်းတွေချည်း စုခဲ့သည်လို့တော့ မပြောသာပါ။ မအိမ်ကံမှာ မထင်သည့် ထောင့်က မထင်မှတ်သော အကြောင်း တစ်ရပ်ရပ် ခေါင်းမြီးခြုံကာ ၀င်လာတတ်တာ မျိုးတွေလည်း ကြုံခဲ့ရလှပြီ။ မအိမ်ကံမှာ ဝေဒနာ တစ်ခုခု ချင်ခြင်း မပြေရှိ နေရှာတာကိုလည်း လူ့အရိပ်အကဲ နောကျေသည့် မလှအုံအဖို့ သိသလိုလို ရှိခဲ့ပါ၏။ အခုလည်း မအိမ်ကံမှာ ကိုယ်ဝန် ရှိနေပြီလို့ မလှအုံ တွက်သည်။ သည်လိုဆိုပြန်တော့လည်း မလှအုံ ၀မ်းနည်းရသည်။ မလှအုံ စိတ်ထဲမှာ မအိမ်ကံက ကလေး သာသာ ဆံတောက်သိမ်းစ မိန်းကလေး အဖြစ်သာ ရှိသေးတာ မဟုတ်လား။

တစ်ရက်မှာတော့ မအေဖြစ်သူ ဒေါ်ပန်းရုံကိုပင် ပြောမိခဲ့သည်။

"အရီးပန်းရုံရယ်၊ ကျုပ်တော့ မအိမ်ကံ ကိုယ်လေး လက်ဝန် ရှိနေထင်သာပဲ။ ခါတိုင်း ငှက်မွေးကလေးလို လွင့်နေသဲ့ မိန်းမ။ ခုတလော လေးတေးတေး ကြီးလားလို့၊ အရီးကို ဘာပြောတုံး"

"ဘာမှတော့ မပြောဘူး လှအုံရဲ့။ ငါလည်း အကဲခတ် နေသာပါ။ ငါ့သမီးကလေး အပျိုဖော် ၀င်တုန်းကလည်း တစ်ခါ စိတ်မကောင်း ဖြစ်ရဖူးသယ်၊ ခုလည်း ကိုယ်လေး လက်ဝန် ရှိရှာ ပြန်ပြီရယ်လို့ တွေးမိတော့ ၀မ်းသာသလိုလို၊ ၀မ်းနည်းသလိုလို ပါအေ။ စိမ်းမြက မွေးမယ့်မြေးဦး ချီရမယ် ထင်သာ မအိမ်ကံက မွေးမယ့် မြေးဦး အရင်ချီရ ထင်ပါရဲ့အေ"

"အရီးနှယ် ကျုပ်ကော ဘာထူးမှာတုံး။ မအိမ်ကံကို ကျုပ်က ၀မ်းနဲ့သာ မလွယ်ရသာ သမီးကလေး အောက်မေ့ခဲ့ရသူ မဟုတ်လား။ အခု မပေါ့မပါးကြီးနဲ့ များလားလို့ တွေးမိရ ပြန်တော့ စိတ်ထဲ တစ်မျိုးကြီးပဲတော်"

"တစ်မျိုးတော့ ကောင်းသာပေါ့ လှအုံရယ်။ မြေးဦး ယောက်ျားကလေး ဆိုရင်တော့ ပရိက္ခရာ ရှစ်ပါး ရွက်ရပိုးရသဲ့ကု သိုလ်ရနိုင်သာပေါ့။ လှူရတန်းရမှာ တွေးပြီး ၀မ်းမြောက်ရသာပါ့။ တို့ကသာ တွေးနေသာပါအေ။ ညည်းညီမက ဟုတ်ချင်မှလည်း ဟုတ်ဦးမှာပေါ့"

"မဟုတ်ရိုးလား အရီးရယ်။ ကျုပ်လည်း ကလေးနှစ်ယောက် မွေးထားသဲ့ မိန်းမပါ။ သရိုးသရီ ဖြစ်နေသာ သေချာပါ့တော်"

"မေးစမ်းပါအေ၊ ဟုတ်တော့လည်း ဂရုစိုက်ရမှာပေါ့။ မအိမ်ကံ ရှက်လို့ မပြောသာနေမှာ"

မလှအုံ စကား မှန်လေပြီ။ တစ်ရက် မအိမ်ကံ လှေကား ပေါ်က အဆင်း မိုက်ခနဲ မူးဝေသွားခဲ့သည်။ လှေကား လက်ရန်းကို ဆုပ်ဆုပ်ကြီး မြဲအောင် ကိုင်နိုင်လိုက်လို့သာ ပြုတ်မကျခြင်း ဖြစ်သည်။ မအိမ်ကံက လှေကားဆံပေါ် ထိုင်ချလိုက်ရင်း "အမေရေ..." လို့ အော်လိုက်၍သာ သိကြရခြင်း ဖြစ်၏။ မလှအုံနှင့် အတူ အမေပန်းရုံပါ ပြေးတက်လာကြကာ အိပ်ရာ ပေါ်တင်ပေးကြရသည်။ မလှအုံက အမေပန်းရုံကို ပြုံးကြည့်သည်။ ဘယ့်နှယ်ရှိစ။

မလှအုံက နေ့ချင်းပင် စမုံမျိုးငါးပါး လှော်ကာ စွပ်ကျယ်စုတ် သန့်သန့်ဖြင့် ထုပ်သည်။ နေကလေးပြကာ လက်ဖ၀ါးပေါ် အနံ့စူးစူး ထွက်အောင် ပွတ်သည်။ နှမ်းထုပ် မွှေးမွှေးကို ရှူစေသည်။ မအိမ်ကံက သည်အနံ့ကို နှစ်သက်သည်။ ခေါင်းထဲ ကြည်ရှင်းသွားသည် ထင်၏။ မအိမ်ကံ နှမ်းထုပ် ရှူနေရပြီလား။ မအိမ်ကံပင် မေးနေခဲ့သည်။

"နှမ်းထုပ်ထဲမှာ ဘာတွေ ပါသာလဲ မလှအုံရဲ့"

"စမုံမျိုး ငါးပါးပါသတော်။ အိုးကင်းပူ ကလေးတိုက်လိုက်တော့ အနံ့ကလေး အူလာကရော။ အနံ့လျော့ရင် လက်ဝပူ ကလေး ပွတ်ပြီးရှူ မွှေးလိုက်သာမှ..."

"မလှအုံရယ် မအိမ်ကံ နေရသာ တစ်မျိုးကြီးပဲ"

"ငါ့ညီမရယ် တစ်မျိုးကြီးပေါ့အေ။ ညည်း မေးစမ်းပါဦးမယ်။ ဥတုပန်းများကော မှန်ရဲ့လား။ ငါထင်သာတော့ ငါ့ညီမ ကိုယ်လေးလက်ဝန် ရှိနေပြီလားလို့"

"ဟုတ်များနေရော့လား ပြောတတ်ပါဘူး မလှအုံရယ်"

"ပဋိသန္ဓေများ ရှိရင် ပြေးမလွတ်သာတွေ ကြုံရဦးမှာပါတော်။ အော့မယ် အန်မယ်တော်၊ မူးဝေမယ်တော်၊ မျက်စိတွေ ဝေမယ်တော်၊ မျက်နှာကလေး အန်းမယ်တော်၊ ခြေဆစ်လက် ဆစ်ကလေးတွေ ရောင်မယ်တော်၊ ၀မ်းနာမယ်တော်၊ ဗိုက်ကြောတက်ပြီး ခါးအောက်ပိုင်း နာမယ်တော်၊ စိတ်ကယောက် ကယက်ဖြစ်မယ်တော်၊ ဒေါသ ဖြစ်သလိုလို အလိုမကျ သလိုလို ဖြစ်မယ်တော်၊ နောက်ပြီး..."

"တော်ပါတော့ မလှအုံရယ်။ တစ်ချက်မှလည်း မကောင်းဘူး"

ပြောသာ ပြောရတာပါအေ။ မလှအုံ အိမ်အောက် ဆင်းသွားတော့လည်း မအိမ်ကံ ရင်ကလေး သိမ့်သိမ့် ခုန်ခဲ့ရသည်သာ။ သူ့ကိုယ်သူလည်း သတိထား မိခဲ့ပါ၏။ အမေ့ကိုသော်မှ မပြောဖြစ်ခဲ့။ တစ်ပတ်နှစ်ပတ် ကိုယ်တိုင် စောင့်ကြည့်ပါဦးမယ်လေ လို့သာ တွေးထားခဲ့သည်။ ကနေ့တော့ အမူးကလေး ကဲလာခဲ့ သည်။ မနက်စောစော ပျို့ခဲ့သေးသည်။ ခံတွင်းတွေက ထူးထူးခြားခြား ချဉ်ခါးခါးကြီး ဖြစ်နေခဲ့သည်။ ဒါဆိုရင် ရင်သွေး ကလေးကို လွယ်မိရပြီပေါ့။ ၀မ်းသာစရာ ကောင်းလိုက်တာ။ မအိမ်ကံ မျက်ရည်တွေပင် ပိုးပိုးပေါက်ပေါက် ကျလာခဲ့ရပါ၏။ ခုတင်ပေါ် မှေးရင်းက ၀မ်းဗိုက်ကို ပွတ်ကြည့်သည်။ သားလေး လား၊ သမီးလေးလား။

သမီးလေးပါလေ။ သမီးကလေး မအိမ်မြိုင်ပဲ ဖြစ်ရမှာပေါ့။ သမီးကလေး မဟုတ်လို့ သားကလေး မွေးတော့လည်း ရှင့်အစ်မ ဖြစ်ရရုံသာ။ အဖေနှင့်အမေ မြေးသာမဏေကို မြင်ခွင့် ကြုံရုံပ။ မဟုတ်ဘူး၊ မဟုတ်ဘူး သမီးဦးပဲ ဖြစ်ရမယ်။ ရွှေမှုံက သမီးကလေး ရသွားပြီ ဥစ္စာ။ ငါလည်း သမီးကလေးပဲ မွေးရမှာ ပေါ့။

"ရွှေမှုံ့ သမီးနဲ့ မအိမ်ကံ့သမီး ကံကြမ္မာ တစ်ပတ်လည်ခွင့် ကြုံရဦးမှာပေါ့လေ။ မုတ်ခါးရည် တစ်အိုးထက် ပျားရည်တစ် စက်က ယင်ကောင် ဖမ်းရသာ လွယ်တော့မပေါ့။ သမီးကလေး မွေးမှ ငါ့စိတ်ကူးတွေ တကယ် ဖြစ်ရတော့မှာ။ ရှင်ကြီးရှင် ကောင်းများ မတော်မူပါ၊ သမီးကလေး မွေးပါရစေတော်"

မအိမ်ကံ နှုတ်က တတွတ်တွတ် ရေရွတ်နေခြင်း ဖြစ်သည်။ မလှအုံ ပြန်သွားကတည်းက မအိမ်ကံမှာ သူမကိုယ်သူမ သေချာ သွားသလို ရှိခဲ့သည်။ တင်းကျပ်နေသော စိတ်တံခါးရွက်ကို ဖွင့်နိုင်ခဲ့ပြီ။ စိတ်ကူးနှင့် ဆန္ဒ၊ ရည်မှန်းချက်နှင့် မျှော်လင့်ရာ ဘယ်လောက်များ စရွေးကိုက်နိုင်မလဲ။ သည်လောင်းကစားပွဲ ကတော့ ဆယ်လစောင့်ကြည့် ရပါဦးမည်။ ဘ၀တွင် အရာရာ ပြည့်စုံပါလျက် အဖြစ်ချင်ဆုံး အရာတွေ လွဲခဲ့ရသူအဖို့ များများကြီးတော့ မမျှော်လင့်ဝံ့တာလည်း အမှန်ပင်။

ကိုပြေသိမ်း ကျောင်းက ပြန်လာတော့ မအိမ်ကံ ခုတင် ပေါ်မှာပဲ ရှိသေးသည်။ ကိုပြေသိမ်း အိမ်ပေါ် တက်လာတော့ ပြုံးပြုံးကလေး ထထိုင်ဖြစ်သည်။ ကိုပြေသိမ်း လက်ထဲ နှမ်းထုပ် ထည့်ကာ ရှူခိုင်းသည်။ ကိုပြေသိမ်းက ဘာမှန်းညာမှန်း မသိဘဲ ရှူကြည့်ပြီး မျက်နှာ ရှုံ့သွားခဲ့ပါ၏။ မအိမ်ကံက နှမ်းထုပ်ကို လက်ဖ၀ါးထဲ ထည့်ကာ နာနာ ပွတ်သည်။ အနံ့တွေ အူတက် လာတော့ တစ်ခါ ရှူခိုင်းလိုက်သည်။

"ကလေး အဖေရေ နှမ်းထုပ် ရှူရတော့မှာနော်၊ နနွင်းရည် သောက်ရတော့မှာနော်၊ ချေးကလူ သေးကလူ နေရတော့မှာနော်၊ ကိုမြို့သား ကိုကျောင်းဆရာ အရင်လို ရှိုးနဲ့ မရတော့ဘူး သိလား"

မအိမ်ကံ စကားကြောင့် ကိုပြေသိမ်းက ဇနီးသည် မျက်နှာကို စိုက်ကြည့်သည်။ ပြီးမှ သဘောပေါက် သွားပုံဖြင့် အားရ ပါးရ ပြုံးလေတော့သည်။ မအိမ်ကံ၏ ကိုယ်လုံးကလေးကို သိုင်းဖက်လိုက်သည်။ ရင်ခွင့်ထဲမှာ ပွေ့ထားခဲ့သည်။

"အိမ်ကလေး အိပ်မက်မက်တာ မှန်နေပြီပေါ့။ ဒါဆိုရင် သမီးကလေး မွေးလိမ့်မယ် ဆိုတာလည်း မှန်မှာပဲ"

"အစ်ကိုက သမီးကလေး လိုချင်ရဲ့လား။ မအိမ်ကံ ကတော့ မိန်းမသားမို့ ထင်ပါရဲ့ သမီးကလေး လိုချင်မိသယ်"

"အိမ်ကလေး သဘောပါဗျာ။ ကျုပ်ကတော့ ချစ်ရုံပေါ့"

မအိမ်ကံ မျက်စိတွေ မှိတ်ထားလိုက်သည်။ ဟုတ်ပေသားပဲ။ လူသူတော်ကြီး အိပ်မက်ပေးခဲ့တာ မှန်ပါပကော။ မအိမ်ကံ အာရုံတွေထဲမှာ အလှူတန်းကြီး လှည့်နေသည်။ ကြီးလိုက်တဲ့ အလှူ၊ စည်လိုက်တဲ့ အလှူ၊ များလိုက်တဲ့ လူတွေ။ သမီးမအိမ်မြိုင်က ဖက်စိမ်း ကွမ်းတောင်ကို ပွေ့လို့။ နေခြည်မှာ ရွှေဝင်း ဆယ်စင်းလည်းမက၊ ထီးတန်းကြီးကလည်း လှလိုက်ပါဘိ။

မအိမ်ကံ မျက်လုံးတွေ ပြန်ဖွင့်လိုက်သည်။ ကိုပြေသိမ်းက မအိမ်ကံကို ရွှန်းရွှန်းစားစား ကြည့်နေဆဲပင်။

မြန်မာသက္ကရာဇ် ၁၃၀၅ ခုနှစ်၏ မိုးရက်တစ်ရက်။

ထိုနေ့က ဇောင်ချမ်းကုန်းမှာ မိုးတွေဖြိုင်ဖြိုင် ရွာလျက်ရှိသည်။ မိုးက ကောင်းကင်ကိုခွဲကာ သည်းကြီး မည်းကြီး ရွာအား ကောင်းလွန်းလှပါ၏။ သုံး၊ လေးရက် စွေပြီး ရွာနေသဖြင့် ကိုပြေသိမ်းပင် အိမ်တွင်း အောင်းနေခဲ့ရသည်။ အစစအရာရာ ရှားပါးသည့် ခေတ်ကာလ ဖြစ်သည့် အလျောက် ကျောင်းကလည်း တဖြည်းဖြည်း ခြောက်ခန်း လာခဲ့သည်။ ကျောင်းသား ဦးရေ နည်းနည်း လာသော်လည်း အထက်အမိန့် မရသဖြင့် ကိုပြေသိမ်း ကိုယ်တိုင်က ဆက်ဖွင့် ထားရသည်။ စားရေးဝတ်ရေး၊ နေရေးက ရှားပါးလှသည့် အပြင် အုပ်ချုပ်ရေး စနစ်များကလည်း ကမောက်ကမ ဖြစ်နေသည်ဖြစ်၍ ကျောင်းကို စိတ်မ၀င် စားနိုင်ကြတာကိုလည်း ကိုပြေသိမ်း နားလည်ပါသည်။

ဇောင်ချမ်းကုန်း တာလမ်းမသည်ပင် မိုးရေတွေ စိုအိနေလေသည်။ အသွားအလာ မရှိဘဲ တစ်ချက်တစ်ချက်မှသာ အနောက်ကွင်းများဆီ ပဲပင်ပေါက် ကောက်ထွက်ကြသူ အချို့၏ အသံကို ကြားရတတ်သည်။ မိုးရေနူးနူးမှာ ပေါက်တတ်သည့်ပဲ ကျန်စေ့တွေက မိုးတစ်မနှစ် မရွာသည်နှင့် အစို့အညှောက်တွေ ထွက်ကြပြီ။ ပဲပင်ပေါက်ကိုပြုတ်ကာ စားကြခြင်းဖြင့် ထမင်း တစ်နပ် ခိုနိုင်တာလည်း ပါပါ၏။

မိုးကြီး တရစပ် သည်းနေသည့် ကြားကပင် သူကြီးအိမ်ကြီးဆီကို ဦးတည်လာနေသော လူတစ်ယောက်သည် ၀င်းထရံဘေး မယောင်မလည် ကပ်လာခဲ့ကာ ၀ါးထရံကြားက ချောင်း ကြည့်သည်။ လူက စုတ်စုတ်ပေပေ နိုင်လှသည့် အပြင် ၀ါးဖတ် ခမောက်ကြီးကို ဆောင်းထားလိုက်သေးသည်။ မိုးရေတွေ ရွှဲရွှဲစို နေသည့် ဖျင်ကြမ်း အင်္ကျီက ရေစိုကြောင့် အိကျနေသည်။ အိမ်ကြီးဆီကို အော်သံ ခပ်ကျယ်ကျယ်ဖြင့် လှမ်းခေါ်သည်။

"သူကြီးကတော် ထင်းများ ယူဦးမလားလို့"

မလှအုံက ၀င်းဝကို လှမ်းကြည့်သည်။ ကိုဖိုးငွေကလည်း ရေနွေးကြမ်း သောက်နေရာက ငေါက်ခနဲ ထရပ်လိုက်သည်။ ထင်းယူဦးမလား ဆိုသော်လည်း ထင်းလှည်း မပါတာကို သတိထားမိလိုက်သည်။ မလှအုံက ၀င်းတံခါးနား အထိ လျှောက်လာခဲ့ကာ တံခါးချပ်ကြီး နှစ်ချပ်ကြားက အကဲခတ်သည်။ လူတစ် ယောက်။ ခပ်နုပ်နုပ်။

"ဘယ်မှာတုံး မင်းထင်းလှည်း"

"ဆရာလေး မှာထားလို့ပါ"

"အလိုတော် မောင်ပြေသိမ်းက ထင်းမှာ ရမယ်လို့၊ မင်း မဟုတ်သာ မပြောပါနဲ့။ မင်းက ဘယ့်နှယ်များ အောက်မေ့လို့တုံး"

မိုးရေ စိုရွှဲနေသည့် လူက ထရံနား ကပ်သည်ထက် ကပ်လာကာ ဘေးဘီကို တစ်ချက်ငဲ့ကြည့်ပြီးမှ အသံတိုးတိုးဖြင့် ပြောလေသည်။

"ဗိုလ်လေးမြတ်သာ လွှတ်လိုက်လို့ပါ။ တံခါးသာ ဖွင့်ပေးပါ"

"အလိုတော်..."

မောင်မြတ်သာ ဆိုသည့် နာမည်ကြောင့် မလှအုံ တံခါးကို ဆွဲဖွင့်လိုက်သည်။ ထိုလူက စုတ်ခနဲ တိုးဝင်လိုက်ပြီး အိမ်ကြီးဘက်ကို လျှောက်သွားလေ၏။ အိမ်တွင်း တန်းဝင်ကာ နေရာ ထိုင်ခင်း ပေးသည်ကိုပင် မစောင့်ဘဲ တန်းလျားရှည်မှာဝင်ထိုင် သည်။ ခေါင်းကခမောက်ကြီးကိုချွတ်လိုက်ပြီး ပေါင်ပေါ်တင် ထားပါ၏။ တစ်ကိုယ်လုံး ရေတွေစီးကျနေသည်။ ကိုဖိုးငွေက အပေါ်ထပ် တက်ပြီး ကိုပြေသိမ်းကို ခေါ်လာခဲ့သည်။ ထိုလူက ကိုပြေသိမ်း တွေ့လိုက်ရတော့မှ အမောပြေ သွားသလို မျက်နှာ ၀င်းသွားသည်။ ၀ါးဖတ် ခမောက်ကြီး၏ အတွင်းသားကို ဆွဲခွာလိုက်သည်။ အတွင်းမှာ လေထီးပိုးစဖြင့် ပတ်ထားသည့် ခပ်ပါး ပါးအထုပ် တစ်ထုပ် ထွက်လာခဲ့သည်။

"ဗိုလ်လေးမြတ်သာ ပို့ခိုင်းလိုက်တာ ဆရာလေး။ ကျုပ် ကိစ္စက စာပေးပြီးရင် ပြန်ဖို့ပဲ။ ဆရာလေးက ကိုပြေသိမ်း မဟုတ်လား"

"ဟုတ်ပါတယ်။ သခင်မြတ်သာနဲ့ ဘယ်မှာ တွေ့တာလဲ"

"လယ်ဝေးဘက်မှာပါ။ ကျုပ် သွားမယ်"

"နေဦးလေ၊ ခင်ဗျား ထမင်း စားသွားပါဦး။ ဒါမှမဟုတ် ငွေလေး ကြေးလေးတော့ ယူသွားပါ"

"မယူပါရစေနဲ့၊ မြင်းခြံအထိ ရောက်အောင်ပြန်ရဦးမှာပါ"

တစ်ညတော့ အိပ်လိုက်ပါဗျာ။ မနက်မှ အနောက်တန်းရွာတွေက ထင်းလှည်း တစ်စီးစီးနဲ့ ကျွန်တော် ထည့်ပေးလိုက်ပါ့မယ်။ ခင်ဗျားအတွက် အန္တရာယ် ရှိနိုင်လို့ ပြောတာ။ ခုပဲ မှောင်တော့မယ်။ ကိုင်းပါ အ၀တ်အစား လဲလိုက်ပါဦး"

ထိုလူက သုတ်ခနဲ ထကာ ၀ါးဖတ်ခမောက်ကို ဆောင်းပြီး ထွက်သွားမည် ပြင်ပြီးမှ ကိုပြေသိမ်း စကားကို မလွန်ဆန်ဝံ့သလို ပြန်ထိုင်သည်။ မအိမ်ကံပါ အိမ်ပေါ်က ဆင်းလာခဲ့ပြီ။ မလှအုံက ဧည့်သည် လူစိမ်းကို ဖိုးတုတ်၏ ပုဆိုး၊ အင်္ကျီများ လဲလှယ်ခိုင်းရန် ခေါ်သွားသည်။ ပြီးလျှင် ထမင်းကျွေးဦးမှာ ဆိုတော့ အိမ်ထဲမှာ အိမ်သားတွေချည်းပဲ ကျန်သည်။ ကိုပြေသိမ်းက လေထီးပိုးစကို ဖြေလိုက်ပြီး အတွင်းက စာကိုဖြန့်လိုက်သည်။ ဗိုလ်မြတ်သာ၏ စာမှာ ရက်စွဲ မပါသော်လည်း သည်ရက်များအတွင်း ရေးထားမှန်း သိသာပါ၏။

ကိုပြေသိမ်း

အရေးတော် မလှတော့ပြီ။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ယိုးဒယားနှင့်ဗမာ မီးရထားလမ်း ဖောက်လုပ်ရေး စာချုပ်ကို ဂျပန်နှင့် ယိုးဒယားတို့ စာချုပ်ချုပ်ကြသည်။ အင်္ဂလိပ် စစ်လေယာဉ်များ ရခိုင်ဘက်မှာ ဗုံးကြဲနေကြပြီ။ သည်နှစ်ဆန်းပိုင်းမှာတော့ ဂျပန်က ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ရာ အမိန့်တွေ ထုတ်နေသည်။ ဂျပန် ၁၅ တပ်မ အနေဖြင့် ကေဘိုတိုင်ခေါ် မြို့ပြကာ ကွယ်ရေး အဖွဲ့တွေ ဖွဲ့ဖို့ရာလည်း ရှိပါသည်။ သည်နှစ် တပေါင်းလမှာတော့ ယိုးဒယား-ဗမာ မီးရထားလမ်း အတွက် ချွေးတပ် ဆွဲရန် လူစုနေကြပါပြီ။ အင်္ဂလိပ်လေတပ်မှ ကြဲချသော လေနတ်သား စာစောင်ကို ဖတ်ရန် ထည့်ပေး လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်က မြန်မာပြည် မြောက်ဖျားပိုင်းကို သိမ်းပိုက်ရန်ရှိနေပါပြီ။ (အတွင်းသတင်း ဖြစ်၍ မှန်ဖို့ရာ များပါ၏။)

ဂျပန်က ၁၉၄၂ ခုနှစ်၊ စစ်အုပ်ချုပ်ရေး ယာယီအစိုးရ အဖွဲ့၊ BDA အကြံပေး အဖွဲ့တွေကို ဖျက်သိမ်း လိုက်လေပြီ။ ဂျပန်က ပေးသော လွတ်လပ်သော မြန်မာပြည် အစိုးရ အဖွဲ့ဆိုကာ ပေါ်လာခဲ့ပြီး ဒေါက်တာဘမော်ကပင် အဓိပတိ လုပ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝန်ကြီး။ ကျွန်တော် သိရသလောက် BDA ကို BNA အဖြစ် သည်နှစ်ထဲမှာ ပြောင်းပါ လိမ့်မည်။ ဒါတွေအားလုံး ဆက်စပ်လျက် ရှိပါသည်။ ဆရာကြည့်ကိုလည်း ပြောပြ စေချင်ပါသည်။

တစ်ဖက်က ဂျပန်-ဗမာ လျှို့ဝှက် စစ်ပဋိညာဉ် စာချုပ်ချုပ်၍ ဒေါက်တာဘမော်က အင်္ဂလိပ်နှင့် အမေရိကန်ကို စစ်ကြေညာသော်လည်း အခြားတစ်ဖက်တွင် ဂျပန်ကို တိုက်ရန် စီစဉ်နေကြောင်း သိပါလေ။ စာကိုဖတ်ပြီးလျှင် မီးရှို့ပါ။ မှာစရာ ရှိလျှင် လွှတ်လိုက်သောလူကို နှုတ်ဖြင့်မှာပါ။ ချက်ချင်း ပြန်ပါစေ။

ဗိုလ်မြတ်သာ

ကိုပြေသိမ်းက စာကို သုံးခေါက် ပြန်ဖတ်သည်။ ပြီးလျှင် မီးဖိုခန်းဘက်ဝင်ကာ မီးကျီးရဲရဲ မီးဖိုတွင်းသို့ စာရွက်ကို ပစ်ချ လိုက်သည်။ ရေစိုထန့်ထန့် စာရွက်က တွန့်လိမ်ကာ လောင်ကျွမ်း သွားတာကို စောင့်ကြည့် နေခဲ့သေးသည်။ မီးဖိုထဲက ပြန်ထွက် လာတော့ စောစောကလူ ပြန်ရောက်နေခဲ့ပြီ။ စာက ဗိုလ်မြတ်သာ ရေးလိုက်တာ သေချာသည်။ ဆရာကြည်ကား မရှိတော့ပြီ။

"ခင်ဗျားက ဘယ်သူလဲ"

"သာဆော့ပါ"

"ဗိုလ်မြတ်သာနဲ့ အဆက်အသွယ် ရှိလို့လား"

"ရှိတယ်"

"နေပါဦး၊ ဂျပန်-ဗမာ လျှို့ဝှက် စာချုပ် ဆိုတာ ဘာကို ပြောတာလဲ"

"အရှေ့အာရှစစ်ပွဲကြီး အောင်နိုင်ရေးမှာ ဗမာက ဂျပန် ဘက်ကပါဖို့ပဲ"

"ချွေးတပ်တွေ ဆွဲနေပြီလား"

"ဆွဲနေပြီ။ တော်တော် ဆင်းရဲကြတယ်။ သေကျေ ပျက်စီး ကြတယ်။ ရက်စက်ပါတယ်ဗျာ"

"ဒေါက်တာဘမော်ကကော ဘယ့်နှယ်လဲ"

"လူမရှိဘူး ဆရာလေးရ။ မဟုတ်လှပေမယ့် သူ့တင်ထားတဲ့ သဘောပဲ။ သူ့ကို ကမ္ဘာက သိတာကိုး"

မအိမ်ကံကတော့ အစ်ကိုမောင်မြတ်သာ ဆီက စာဆိုတာက လွဲလို့ အခြား ဘာမှ မသိလိုက်ရဘဲ မီးရှို့လိုက်တာကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ ကိုသာဆော့ ဆိုသူက အစ်ကိုနှင့် ရင်းနှီးသည်ဆိုတော့လည်း နည်းနည်းပါးပါး မာကြောင်း သာကြောင်း မေးချင်လှပါ၏။ ချက်ချင်းတော့ မမေးရဲသေးပါ။ ကိုပြေသိမ်း ကြည့်ရတာ အရေးတကြီး ရှိပုံပေါ်နေလို့ ဖြစ်ပါ၏။ ကိုပြေသိမ်းနှင့် ကိုသာဆော့တို့ စကားပြော မကုန်တော့ မအိမ်ကံလည်း အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။ နောက်တော့လည်း မအိမ်ကံ တစ်ယောက် ကိုပြေသိမ်းကို စောင့်ရင်း မှေးခနဲ အိပ်ပျော် သွားခဲ့လေသည်။ အိမ်အောက်ထပ် သံစုံနာရီကြီး နှစ်ချက် တင်းတင်းမြည်သံ အကြားမှာ မအိမ်ကံ ဆတ်ခနဲ လန့်နိုး သွားခဲ့သည်။ ဘေးမှာ ကိုပြေသိမ်း ရောက်နေခဲ့ပြီ။

"အစ်ကိုမောင်မြတ်သာ နေကောင်းရဲ့လား အစ်ကို"

"ကောင်းပါတယ်။ စာက အရေးကြီးတော့ တခြား ဘာမှ ထည့်မရေးနိုင်ဘူးပေါ့လေ။ အခြေအနေတွေ ကောင်းစရာ မရှိဘူး အိမ်ကလေး။ ဂျပန်တွေကို မောင်းထုတ်ကြတော့မယ်"

ထိုညက မအိမ်ကံ အိပ်ပျော် သွားခဲ့သော်လည်း ကိုပြေသိမ်းခမျာ အိပ်ပျော်ပုံမရ။ တစ်ညလုံး ငုတ်တုတ် မိုးလင်းသွားခဲ့ ပုံရသည်။ မနက် မအိမ်ကံ နိုးတော့ ကိုသာဆော့ ဆိုသူ မရှိတော့ပြီ။ မနက်စောစော ရွာကို ဖြတ်သွား တတ်ကြသော ထင်းလှည်း တစ်စီးပေါ် တင်ပေးလိုက်သည် ဆို၏။ မအိမ်ကံကတော့ တိုင်း ရေးပြည်ရေးတွေ သိပ်မသိသော်လည်း ကိုပြေသိမ်း အမူအရာကို ကြည့်၍ အရေးကြီးမှန်းတော့ အကဲခတ်မိသည်။ ရွာတွေ ဆင်းရဲကြတာတော့ အမှန်ပင်။ မအိမ်ကံပင် ရက်ကန်းရုံတွေ ပိတ်ထားရတာ ကြာပြီ။ ချည်ခင် မရတော့၍ ဖြစ်သည်။ ရက်ကန်းသမများ ခမျာ ၀င်ငွေမရှိကြတော့ ရရာရကြောင်း ရှာဖွေ စားကြရရှာပြီ။ မအိမ်ကံ ချပေးထားသော ငွေရင်းတွေလည်း မဆပ်နိုင်ကြတော့။ အရင်းမဆပ် နိုင်ကြတာထား၊ စားဖို့ပင် အနိုင်နိုင်ဖြစ်နေကြသည်။ ဂျပန်က တစ်မျိုး ဆိုသည့် ကြားက ဓားပြ ရန်က ပူပြန်ပါ၏။ နွားခိုးတွေကလည်း သောင်းကျန်း လွန်းလှသည်။ နွားပျောက်လျှင် အရှင်ရဖို့ မသေချာ။ ဘယ်သူကမှ လည်း ဂျပန်ကို သွားမတိုင်ချင်ကြတော့ ငြိမ်နေကြရသည်။ တကယ့် ခေတ်ပျက်ကြီးထဲမှာ မအိမ်ကံ၏ ကိုယ်ဝန်ကလည်း ရင့်သည်ထက် ရင့်လာခဲ့ပြီ။

သည်ရက်တွေထဲမှာပဲ ကျေးဥနှင့် ဖိုးတုတ်ကို လူကြီး လေးငါးယောက်၊ ကန်တော့ပွဲ တစ်ပွဲဖြင့် လက်ထပ် ပေးခဲ့ကြသည်။ အဖေ ဦးသာထန်နှင့် အမေပန်းရုံ တို့က ဧကမတ်တင်းရှိ မြေတစ်ကွက် လက်ဖွဲ့သလို မအိမ်ကံကလည်း ရွှေနှစ်ကျပ်သား လက်ဖွဲ့ခဲ့ပါ၏။ တစ်အိုး တစ်အိမ်တော့ အခွဲမခံဘဲ ၀ိုင်းတိုက်ထဲမှာပဲ နေစေသည်။ ကိုဖိုးငွေနှင့် မလှအုံတို့ကို မအိမ်ကံတို့ အိမ်ဘက်မှာ လာနေခိုင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် မအိမ်ကံတို့ အိမ်မှာ လူတွေ တရုန်းရုန်း ရှိလှ၏။ ကျေးဥကတော့ မအိမ်ကံ အနီးမှာ ၀တ်ကြီးဝတ်ငယ် ပြုရုံသာ။ ဖိုးကူးကတော့ ကိုပြေသိမ်း၏ လက်က သုံးတောင်ဝှေး ဖြစ်လာပါ၏။ ကိုပြေသိမ်း မြင်းခြံ သွားရသည့် အခါတိုင်း ဖိုးကူးပါမြဲ။

ခုတလော ကိုပြေသိမ်း တစ်ယောက် မြင်းခြံကို အကူး အလူး များလှတာကို မအိမ်ကံ မကြိုက်သော်လည်း မတားသာ ရှိခဲ့ရသည်။ မအိမ်ကံ စိုးရိမ်သည့် အတိုင်းပင် တစ်ရက်မှာတော့ ကိုပြေသိမ်း စီးလာသည့် လှည်းကို ဂျပန်စစ် ပုလိပ်သုံးယောက်နှင့် အလိုတော်ရိ သုံးယောက်တို့က ရာကျော် ဇရပ်အနီးတွင် တားကာ လှည်းတစ်စီးလုံး ခါးကျိုးအောင် ရှာခြင်း ခံခဲ့ရပါ၏။

ဖြစ်ချင်တော့ ထိုနေ့က လှည်းပေါ်မှာ ဂျပန်တို့က သည်းကြီးမည်းကြီး ရှာနေကြသော ဗြိတိသျှတို့ ကောင်းကင်က ကြဲချသည့် လေနတ်သား သတင်းလွှာ အချို့နှင့် အသံဖမ်းစက် ရေဒီယို တစ်လုံး ပါလာခဲ့ခြင်းပင်။ အလိုတော်ရိ သုံးယောက်ထဲမှာ တစ်ယောက်က ကျော်ဒင် ဖြစ်နေခြင်းပင်။

ထိုရက်က ကိုပြေသိမ်း ဇောင်ချမ်းကုန်းကို အပြန် နောက်ကျသည်။ မြင်းခြံမှာ အချိန်လင့် သွားခဲ့ခြင်း ဖြစ်၏။ ထိုနေ့က ကိုပြေသိမ်းတွင် မအိမ်ကံ ပေးလိုက်သော တာဝန် တစ်ခုကလည်း ပါလာခဲ့သေးသည်။ မြင်းခြံနေ ပွဲကတော်ကြီးထံ ၀င်ရန်ဖြစ်သည်။ လက်ရက်ထည်များထဲက ချည်လုံချည် လက်ကျန်များ ဈေးမကျသော်လည်း ချည်ထည်တွေက မတန်တဆ ဈေးခေါင်ခိုက် နေသဖြင့် အနား မကပ်နိုင်ဘဲ ရှိခဲ့သည်။ မအိမ်ကံ အလို အရ ရက်ကန်းရုံကို နားထားလို့ ဖြစ်သော်လည်း ရက်ကန်းသားတွေ စားဝတ်နေရေး အတွက် ဖြစ်သည်။ ချည်ထုပ်ဈေး ကျ၊ မကျ၊ အလုပ်စလို့ ဖြစ်၊ မဖြစ် ၀င်မေးခဲ့ရန် မအိမ်ကံ မှာလိုက်ခြင်း ဖြစ်၏။

"ခုနေတော့ မောင်ပြေသိမ်းရယ် ရွှေတောင် ယောက်ျား ပုဆိုးက တစ်ထည် ရှစ်ကျပ် ရှစ်ပဲ၊ မုံရွာပုဆိုးက ခုနစ်ကျပ်၊ ဗမာဖျင်ကြမ်း ပုဆိုးတွေက လေးကျပ် ဆယ့်နှစ်ပဲ၊ ပလေကပ်က တစ်ဆယ်နဲ့ ရှစ်ပဲလောက် ပေါက်နေတယ်။ ပလေကပ်က ကုလားပြည်က မလာတာ ကြာလို့ ထင်သလောက်တော့ မရှိဘူး ပြောလိုက်ပါ။ မအိမ်ကံက ရွှေဈေးလည်း မေးလိုက်လို့ ရေးပေး လိုက်တယ်။ ရွှေဒင်္ဂါးမြင်းလက်သစ်က တစ်ပြား ခြောက်ဆယ့် ရှစ်ကျပ်၊ လက်ဟောင်းက ခုနစ်ဆယ့် တစ်ကျပ်၊ အထည်ပျက်က တစ်ရာ၊ ပုရပိုက်ခေါက် ဇီကယ်က တစ်ရာလေးဆယ့် ငါးကျပ်၊ တိုလာက ကိုးဆယ့်ခြောက်ကျပ်၊ ပုရပိုက်ခေါက် အထည်ပျက်က တစ်ရာ့ဆယ့်ငါးကျပ်၊ ဒေါ်လာ လေးပြားစီးက နှစ်ရာ့ငါးဆယ်၊ နှစ်ပြားစီးက တစ်ရာ့အစိတ် ပေါက်နေတယ်။ ရွှေရောင်းပြီး အထည် ရက်ချင်ဟန် တူပါရဲ့။ ဘာမှမလုပ်နဲ့ဦးလို့ ပြောလိုက်ပါကွယ်။ အရောင်းအ၀ယ်တွေက မကောင်းလှဘူး၊ ဈေးရူးခေါ်တာပေါ့ကွယ်"

ပွဲကတော်ကြီးက ပဲ၊ ပိုင် အသုံးများဖြင့် ပြောပြသော်လည်း ဂျပန်က ဆင့် ဟု ခေါ်ဝေါ်ရန် အမိန့် ထုတ်ထားပါ၏။ ပဲ၊ ပိုင် သုံးစွဲ ခေါ်ဝေါ်လျှင် ပြင်းထန်စွာ အရေးယူသည်။ သို့သော် အများက ပဲ၊ ပိုင်ကိုပင် နှုတ်ကျိုးလက်ကျိုး ရှိနေကြဆဲဖြစ်ပါ၏။

ပွဲကတော်ကြီးအိမ်မှာလည်း တစ်အိုးတစ်အောင့် ကြာခဲ့ သေးသည်။ ပွဲကတော်ကြီးနှင့် ဈေးနာစကား အမှာအကြား ကိစ္စပြီးမှ ဆရာကြီး ဦးဘခင်ထံ ကူးလာ ခဲ့ရသည်။ ဆရာကြီးက မြို့ပေါ်မှာ ထင်ထင်ပေါ်ပေါ် မနေတော့။ မောင်ရင်ပေါ် ချောက်ဘက်တွင် ရှောင်နေသည် ဖြစ်၍ မြို့အရှေ့တောင်ဘက် သွားရပြန် ပါ၏။ မောင်ရင်ပေါ် ချောက်တွင် ဆရာကြီးနှင့် အတူ အခြား ပုဂ္ဂိုလ်များ ပါရှိနေကြသည်။ ဆရာကြီးက လေနတ်သား စာစောင်အချို့နှင့် အသံဖမ်းစက် တစ်လုံး လျှို့ဝှက်စွာ ယူသွားရန် ထည့်ပေးလိုက်သည်။

"မောင်ပြေသိမ်း အသံဖမ်းစက် နားထောင်ပါ။ မင်း ကြားသမျှ ဖြန့်ဝေပါ။ ညနေ ငါးနာရီ ဆိုရင် စစ်သတင်းတွေလာတယ်။ ဂရုတော့ စိုက်ကွယ့်။ အသံဖမ်းစက် မိရင် မသက်သာလှဘူး။ ဂျပန်က ၀ါဒ ဖြန့်နေတာတွေလည်း မဟုတ်ဘူး။ အင်္ဂလိပ်က ၀ါဒ ဖြန့်နေတာတွေလည်း မမှန်ဘူး။ သို့ပေသိ စစ်သတင်း၊ စစ်အခြေအနေ ကိုတော့ မပြတ် သိနေဖို့လိုတယ်။ မောင်ပြေသိမ်း ရေ လုံလုံခြုံခြုံတော့ ရှိပစေကွယ်"

စစ်ဖက် အရာရှိများ၏ ထောက်ခံချက်ရသည့် အသံဖမ်း စက်များကိုသာလျှင် အသံလွှင့်ခြင်းကို နားထောင် နိုင်ကြသည်။ ထိုခွင့်ပြုချက် စာရွက် မပြနိုင်လျှင် ရက်စက်စွာ ညှဉ်းပန်းခံတာကို ကိုပြေသိမ်း သိပါ၏။ ဂျပန် ဗဟို ကြေးနန်းနှင့် တယ်လီဖုန်း ဌာနက ကြည့်ရှုပြင်ဆင်ပြီးမှ နားထောင်ခွင့် လိုင်စင်ရသည် ဖြစ်၍ ဂျပန်က လိုင်းကြိုးများကို ဖြတ်တောက်ပြီးမှ ခွင့်ပြုကြသည်။ ထိုနေ့က လေနတ်သား စာရွက်သုံး၊ လေးရွက်နှင့် အသံ ဖမ်းစက်ကို ဖိုးကူးကပဲ တာဝန်ယူကာ ၀ှက်ပေးပါ၏။ မြင်းခြံနှင့်ဇောင်ချမ်းကုန်း အကူးအလူး များခဲ့လှပြီ ဖြစ်သော်လည်း တစ်ခါမှ ရှာဖွေခြင်း မရှိတော့လည်း ခပ်ပေါ့ပေါ့ပင် ထွက်လာခဲ့ ကြသည်။ နာမည်ကျော် ရာကျော်ဇရပ် အနီးအရောက်မှာတော့ မမျှော်လင့်သော အဖြစ်နှင့် ကြုံရလေပြီ။ ဂျပန်စစ်ပုလိပ် သုံးယောက်နှင့် အလိုတော်ရိ သုံးယောက်။ ကိုပြေသိမ်းကို စိမ်းစိမ်း ၀ါးဝါး ကြည့်သူမှာ ဇောင်ချမ်းကုန်း ရွာသား အမှုပွဲစားကျော်ဒင်။ မျက်နှာတွေက တင်းမာလွန်း လှကာ သတင်းအရ စောင့်နေကြပုံ ပေါ်ပါ၏။ ဂျပန်စစ်ပုလိပ်က လှည်းရှေ့ ကားရားခွရပ်ပြီး လက်ကာပြသည်။ ကျော်ဒင်ကပဲ စမေးလေသည်။

"ဘယ့်နှယ်တုံး ကျောင်းဆရာရဲ့။ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း အလှမ်းစိပ် လှချည့်လား။ ဘာတွေများ သွားသွားလုပ်နေသာတုံး။ နိပွန် မာစတာတွေကတောင် မျက်စိနောက် နေမှတော့ မကောင်းဘူးဗျ"

ကိုပြေသိမ်းက ကျောင်းဆရာ ဆိုသည့် အသုံးကို မကြိုက်လှသော်လည်း ဘာမှပြန်မပြောဘဲ လှည်းပေါ်က ဆင်းလိုက်သည်။ ဖိုးကူးကတော့ နကန်ကို ကိုင်ရင်း နွားနဖားကြိုးကို တုံးဆွဲထားရင်း ကျန်ရစ်ခဲ့ပါ၏။ လှည်းပေါ်မှာ ဘာမှတော့ မပါပါ။ မြင်းခြံထွက် ပစ္စည်း အနည်းအပါးနှင့် စားစရာ အချို့သာဖြစ်သည်။ အလိုတော်ရိ တစ်ယောက်က လှည်းအောက်ကို ၀င်ကာ စေ့စေ့စပ်စပ် ကြည့်သည်။ လှည်းပေါ် တက်ပြီး ကတ်ကြမ်းကို ခွာသည်။ လှည်းရံတိုင်မှာ ချိတ်ထားသည့် ဖိနပ်တွေကိုပင် ဖြုတ်ယူပြီး အဟရှိ၊ မရှိ ဖြဲကြည့်သည်။

"နေဦးဗျ အမှုပွဲစားရဲ့၊ ခင်ဗျားတို့က ဘာရှာတာတုံး"

"အင်္ဂလိပ် လေယာဉ်ပျံတွေက ကြဲချသဲ့ စာရွက်တွေရှာသာ။ အနောက်တန်း ရွာတွေမှာ အင်္ဂလိပ်ဝါဒဖြန့် စာရွက်တွေ ရောက်နေသာ သတင်း ရထားသယ်။ မြင်းခြံက ၀င်နေသာလည်း နိပွန်မာစတာတွေက သိနေသယ်။ ဒါမျိုးက လူတိုင်း လုပ်ဝံ့သာ မဟုတ်ဘူးလေ"

"ဖြစ်ရလေဗျာ၊ ဒါမျိုး လှည်းပေါ် တင်လာပါ့မလား ကိုယ့်လူရဲ့။ အဲသလောက် ဘယ်ညံ့ပါ့မလဲ"

အမှုပွဲစား ကျော်ဒင်က မထီတရီ နိုင်လှသည်။ အလိုတော်ရိ ဘဆောင်ကတော့ လှည်းပေါ်မှာ သေချာပေါက် တွေ့ရတော့မည့်ပုံဖြင့် လှည်းစရွေးပေါက် ရှိသမျှ လိုက်ကြည့်နေသည်။ ဘာမှမတွေ့။ သို့သော် လှည်းကို မလွှတ်သေးဘဲ သည်းကြီး မည်းကြီး ရှာပြန်ပါ၏။ ဖိုးကူးကို ဆင်းခိုင်းသည်။ ဖိုးကူးက နကန်ကို ဇော်ထမ်း ထမ်းရင်း ခုန်ချသည်။ ဘဆောင်က ဖိုးကူး နားရင်းကို တစ်ချက် ရိုက်လိုက်ရင်း ငေါက်သည်။

"ကောင်လေး ပြောစမ်း ဘာပါသလဲ"

ဖိုးကူးက မျက်နှာ တစ်ချက် ပျက်သွားသော်လည်း ဘာမှ မပြောဘဲ ကိုပြေသိမ်းကို လှမ်းကြည့်လိုက်သည်။ ကိုပြေသိမ်းက ဘဆောင်အနား တိုးသွားပြီး အင်္ကျီ လည်ကုပ်ကို ဆွဲလိုက် လေ၏။

"ဟေ့ကောင် မင်းက ဗမာ လုပ်ပြီး သွေးပုပ်လှချည့်လား ကွ။ မင်း ရှာလေ တွေ့ရင် မင်းတို့သဘော၊ လူကို မထိနဲ့"

ဂျပန်စစ်ပုလိပ် နှစ်ယောက်က ကိုပြေသိမ်းကို ချုပ်လိုက်ကြကာ တစ်ကိုယ်လုံး အနှံ့ ရှာကြသည်။ ပွဲစားကြီး ကတော် ရေးပေးလိုက်သည့် ဈေးစာရင်း စာရွက်ကို တွေ့တော့ အမှုပွဲစား ကျော်ဒင်ကို ပြသည်။ ကျော်ဒင်က စာကိုဖတ်ပြီး ခေါင်းခါပြရင်း ဂျပန်လို ရှင်းပြသည်။ နာရီဝက်လောက် ကြာတော့မှ လှည်းကို ပြန်လွှတ်လိုက်သည်။

"ကျောင်းဆရာ ကံကောင်းလှသဗျ၊ နော"

"အေးဗျ၊ ခင်ဗျားတို့တော့ ကံဆိုးတာပဲ။ ခင်ဗျားတို့ မရှာတတ် သေးဘဲကိုးဗျ"

အမှုပွဲစား ကျော်ဒင်က တံတွေးကို ထွီခနဲ ထွေးသည်။ လှည်းထွက်လာတော့ ခါးထောက်ရင်း ကျန်ရစ်ခဲ့ကြလေသည်။

ကိုပြေသိမ်းတို့ လှည်း အိမ်ပြန်ရောက်တော့ ကိုပြေသိမ်းက လှည်းကို ချွတ်စေသည်။ နွားနှစ်ကောင်ကို နွားစာကျင်းမှာ ချည်စေသည်။ လှည်းပေါ်က ပစ္စည်းတွေ မချခိုင်းဘဲ အိမ်ထဲ ၀င်လာခဲ့သည်။ မအိမ်ကံကို အကျိုးအကြောင်း ပြောပြသည်။ မအိမ်ကံကတော့ ကျော်ဒင်ကို အခဲမကျေနိုင်ဘဲ ရှိလေ၏။ ဦးသာထန်နှင့် ဒေါ်ပန်းရုံတို့က ဥပုသ်နေ့မို့ ဘုန်းကြီးကျောင်းမှာ ရှိနေကြသည်။ မှောင်မှ အိမ်ပြန်လာကြလိမ့်မည်။

"ဖိုးကူး လှည်းပေါ်က ပစ္စည်းတွေ မချနဲ့။ သည်ကောင်တွေ ရောက်လာကြ လိမ့်ဦးမယ်။ အိမ်ကို ရှာကြလိမ့်မယ်။ မယုံ ကြည့်နေကြ"

ထင်သည့် အတိုင်းပင် ညနေစောင်းမှာ စောစောက စစ်ပုလိပ်များနှင့် ကျော်ဒင်တို့ အလိုတော်ရိ သုံးယောက် ရောက်လာကြ ပြန်သည်။ လှည်းပေါ်မှာ မတွေ့သော်လည်း အိမ်မှာတော့ ရှိရမည် ထင်ကာ အရှာအဖွေ ရောက်လာကြခြင်း ဖြစ်သည်။ ကျော်ဒင်တို့ ရောက်လာသည်နှင့် မအိမ်ကံ ဆင်းလာခဲ့သည်။ မအိမ်ကံက ကျော်ဒင့်ရှေ့ သွားရပ်သည်။ ခါးကို တင်းတင်း ထောက်ရင်း မေးသည်။

"အလို ပွဲညွန့်စားမင်း ဘာကိစ္စပါလိမ့်။ လှည်းကျိုးအောင် ရှာသာတောင် အားမရဘူးလား။ ကျုပ်တို့ ၀ိုင်းတိုက်ထဲကို ဂျပန် ခေါ်လာသာ နှစ်ခါရှိပြီကော။ မလွန်ဘူးလား။ ဘာတွေများ အခဲမကျေ နိုင်ပါလိမ့်တော်"

"အခဲမကျေသာ မဟုတ်ဘူး မအိမ်ကံ၊ နိပွန်မာစတာတွေက မသင်္ကာလို့ ရှာချင်သယ် ပြောသာနဲ့ ခေါ်လာသာ။ သည်ဘက် ရွာတွေမှာ ဗြိတိသျှ စာရွက်တွေ ရောက်နေလို့"

"ရှာပါ ရှာပါ၊ ဘိန်းပစ် မထားရင် တွေ့စရာ မရှိပါဘူး"

"ကျုပ်တို့က ဘိန်းပစ်ဖမ်းသဲ့ ကောင်တွေ မဟုတ်ဘူး မအိမ်ကံ။ စကားကို ဆင်ခြင်ပြောပါ။ တာဝန်အရ လုပ်ရသာ။ ဘဆောင် ရှာကွာ"

ဘဆောင်နှင့် အခြား တစ်ယောက်က အိမ်ဝိုင်းအနှံ့ အိမ်အောက်၊ အိမ်ပေါ် ရှာကြသည်။ ဂျပန်စစ် ပုလိပ်တွေကတော့ ခပ်လှမ်းလှမ်းက အကဲခတ် နေကြ၏။ ကိုပြေသိမ်းက စာရွက်စာတမ်း တချို့ကို ကိုင်လာကာ ဂျပန်စစ်ပုလိပ် တစ်ယောက်ကို သွားပြသည်။ အင်္ဂလိပ်လို ပြောပြနေသည်။ ဂျပန်က အင်္ဂလိပ်စကား ကိုနားမလည်။ ကိုပြေသိမ်း ပြသည့် စာရွက်နှစ်ရွက်ကို ဖြန့်ကြည့်သည်။ ကိုပြေသိမ်းကို သည်ဘက်နယ်တွင် အရှေ့အာရှ လူငယ်များ အစည်းအရုံး စည်းရုံးရေးမှူး ခန့်ထားကြောင်း မြန်မာ၊ ဂျပန် နှစ်ဘာသာ စာရွက်နှစ်ရွက် ဖြစ်သည်။ မြန်မာဘာသာ စာရွက်တွင် အစည်းအရုံး ဥက္ကဋ္ဌ ပုဂံဦးဘဂျမ်းနှင့် အထွေထွေ အတွင်းရေးမှူး သခင်ခင်အောင်တို့၏ လက်မှတ်ပါသည်။ ဂျပန်ဘာသာ စာရွက်မှာတော့ ဂျပန်စစ်တပ်မှ နာဂါယူ၊ ကာဝါအုချိနှင့် ကိုးမိုးဒါးတို့ လက်မှတ် ရေးထိုး ထားတာပါသည်။

ဂျပန်စစ်ပုလိပ်က ခေါင်းတဆတ်ဆတ် ညိတ်ရင်း ဂျပန် အချင်းချင်း စကားတွေ ပြောနေကြသည်။ အမှုပွဲစား ကျော်ဒင်ကို တစ်စုံတစ်ရာ လှမ်းပြောပြီး ကိုပြေသိမ်းကို ဦးညွှတ်ကာ ထွက်သွား ကြတော့သည်။ ကျော်ဒင်တို့၊ ဘဆောင်တို့လည်း အသာယို့ကာ လိုက်ဖို့ ပြင်ရလေတော့သည်။ မအိမ်ကံက အခြေ အနေကို အကဲခတ်မိသည်နှင့် ကျော်ဒင့်ကို လက်ညှိုး ငေါက်ငေါက်ထိုးလေ၏။

"၀ိုင်းထဲက အခု ထွက်ကြစမ်း။ အမျိုးသစ္စာဖောက်တွေ။ ဆရာကြည်လို သူတော်ကောင်းကိုတောင် သတ်သဲ့ဟာတွေ။ ကိုယ့်ရွာက မြင်းကျိုးတွေက ပတတ် ထရပ်ချင်ကြသာ တမှောင့်တော်"

ကိုပြေသိမ်းက စာရွက်တွေ ပြလိုက်တော့ ဂျပန်စစ်ဗိုလ်တွေက ဘာကို ကျေနပ်သွားမှန်း မသိကြသော်လည်း ထိရောက်သည့် စာရွက်စာတမ်း တွေလို့တော့ ကျော်ဒင်တို့ လူစု သဘော ပေါက်ကြပုံပေါ်သည်။ ဂျပန်တွေနောက် ကောက်ကောက်ပါအောင် လိုက်ကြလေ၏။ ဂျပန်တွေပြန်တော့မှ ကိုပြေသိမ်းက ဖိုးကူးကို လှည်းပေါ်ကနေ နတ်သား စာရွက်များနှင့် အသံဖမ်း စက်ငယ်ကို ယူခိုင်းလိုက်သည်။ သည်ပစ္စည်းတွေ လှည်းပေါ်မှာ ပါလာခဲ့ကြပေသိ ဂျပန်တွေ မတွေ့ခဲ့ကြ။ စာရွက်လိပ်က နွားရိုက်နကန်(တံဖျာ)ဖင်တွင် အခေါင်းပြုကာ လိပ်ထည့်ထားခြင်း ဖြစ်၍၊ အသံဖမ်းစက်က လှည်းရှေ့ စွယ်ရန်းမှာ ချိတ်ထားသော ဘူးသီးခြောက် ရေဘူးကြီးထဲမှာ ထည့်ထားခြင်း ဖြစ်၏။ ရေမပါသော ဘူးခါးသီးခြောက်ကို ခါးရစ်မှ ဆွဲဖွင့်လိုက်တော့ အတွင်းမှာ ပစ္စည်း ထည့်နိုင်သည်။ ရေဘူးတောင်းကို ကြိမ်ကွပ်၍ ကြိုးဖြင့်ဆိုင်းကာ ခရီးဆောင် ရေဘူးအဖြစ် သုံးကြသည်။ လှည်းတိုင်းမှာ ဘူးသီးခြောက် ရေဘူး ပါတတ်သဖြင့် ဂျပန် တွေက ခရီးဆောင် ရေဘူးလို့သာ ထင်ကြခြင်း ဖြစ်၏။ ဖိုးကူးက ဘူးသီးခြောက် အဖုံးကို ရေကလေး ဆွတ်ထားတော့ အံထဲမှာ ရေရှိကြောင်း ပြထားသလို ဖြစ်နေတာလည်း ပါပါလိမ့်မည်။

"အစ်ကိုရယ် ဒုက္ခတော့ ရောက်တော့မှာပဲ။ ကံသီလို့ပါလား။ တွေ့လိုက်ရင် မသက်သာဘူးနော်။ မအိမ်ကံ ရင်တွေ ပူလိုက်သာတော်။ အသွားအလာ ဆင်ခြင်ပါတော့"

ကိုပြေသိမ်းကတော့ ခပ်ပြုံးပြုံးပင်။ မအိမ်ကံ၏ ၀မ်းဗိုက် ပုံ့ပုံ့ကို ပွတ်သပ်ရင်း ချော့တော့လည်း မပြောသာတော့ပြီ။

တန်ခူးမည်မှတ်၊ ဖက်စွတ်ရေတိုး သင်္ကြန်မိုး...။

အခါရက်တွေတုန်းက သင်္ကြန်လက်ဆေး မိုးကလေး ရွာချပြီး နောက်ပိုင်း လေပြင်းတွေ မကြာခဏ ဆိုသလို ကျနေတတ်သည်။ တစ်ခါတစ်ရံ လေနီကြမ်းပင် ကျတာ ရှိသည်။ လေတွေ မှုန်နေတာကလည်း ညနေခင်းတိုင်း လိုလိုပင်။ သင်္ကြန်ရက်တွေတုန်းက အခါကြီး ရက်ကြီး မုန့်တွေလုပ်ကြ၊ လှူကြတန်းကြ လုပ်ခဲ့ကြသေးသည်။ စည်စည်ကားကားတော့ မဟုတ်။ ထုံးစံ မပျက် ကျင်းပခဲ့ကြခြင်း ဖြစ်၏။ သည့်နောက်တော့ ဇောင်ချမ်းကုန်းသည်လည်း အပူဒဏ်ကို ကျောကော့အောင် ခံရင်း ငိုက်မျဉ်းနေသည့် ပမာ မလှုပ်မယှက် ရှိခဲ့ရသည်။

မအိမ်ကံခမျာ ကိုယ်ဝန် ရင့်မာလာသည်နှင့် အမျှ အိမ်ကြီးပေါ်မှာ အချိန်တွေ ကုန်ခဲ့ရသည်။ တစ်ခါတလေ ရက်ကန်းသံ မညံတော့သော ရက်ကန်းရုံတွေ ဘက်ကို လှမ်းမျှော်ကြည့်ရင်း အပျိုဘ၀ကို သတိရ နေမိတတ်ပါ၏။ ကိုယ့်ခြေကိုယ့်လက်၊ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ် လုပ်ချင်သမျှ လုပ်နိုင်ခဲ့သော ကြေးရတတ် သူကြီးသမီး တစ်ယောက်အဖို့ လကလည်းသာ၊ လေကလည်း ဖြူးခဲ့ရသည့် ဘ၀ပင်။ ရွာဆင်းရဲမှန်း သိတော့ တတ်စွမ်းသမျှ ပခုံးနှင့် ခံခဲ့သည်။ ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲမှာ လူတွေအားလုံး အတိဒုက္ခ ဆိုက်နေကြရပြီ။ ကလေးတွေ ခမျာလည်း စာကောင်းကောင်း သင်ချင်လို့ မရသည့် အခြေအနေ ရောက်နေကြ ရသည်။

မအိမ်ကံ ကိုယ်ဝန် ရင့်မာလာတော့ အမေပန်းရုံက ပုတီး ကလေး တစ်ကုံး လက်ထဲ ထည့်ပေးသည်။ မေတ္တာသုတ်ကို ရွတ်စေသည်။ သားလေးလား၊ သမီးလေးလား မသိရသေးသည့် ရင်သွေးကို စိတ်မှတ်ရင်း မေတ္တာ ပို့စေခဲ့ပါ၏။

"သည်လို အချိန်ကလေးမှာ မေတ္တာစိတ် ကလေးကိုပဲ အာရုံမှာ ညွှတ်ကွယ့် သမီးရဲ့။ ကိုယ်ဝန်သည် ဆိုသာ စိတ်နှလုံး ငြိမ်းအေးအောင် ထားရသယ်။ ဘ၀တစ်ခုက ဘ၀တစ်ခုကို လာပြီး တွယ်ငြိသယ် ဆိုကတည်းက အကြောင်းတွေရှိသယ်။ ဘဝေ ဘ၀က အကြောင်းကြောင်းကြောင့် ငါ့သမီး ၀မ်းမှာ လာမှီးသာပေါ့။ ဖွားရက်က လဆုတ်ဖွား ရက်ထဲ ကျတော့ ဆယ့်လေးရက် ဖွားရင် ကောင်းမှာ၊ သားသမီး ချောရတတ်သယ်"

"ဟုတ်လား အမေ"

"ဟုတ်သယ် သမီး၊ ဖွားရက်အလိုက် အကျိုးပေးသာတွေ ရှိသယ်။ လဆုတ် နှစ်ရက်ဖွားတော့ ဥစ္စာ ပေါတတ်သယ်။ လဆုတ်ခြောက်ရက် ဖွားရင် ချမ်းသာသယ်။ လဆုတ် ခုနစ်ရက် ဖွားများ ကျတော့ သူတော်ကောင်းသဲ့တော်။ လဆုတ်ဆယ့်နှစ်ရက် ဖွားရင် ကြွယ်ပိုးကြွယ်ဝ ရှိသယ်။ လဆုတ်ဆယ့်သုံးရက် ဖွားတော့ ထင်ပေါ် တတ်သတဲ့။ လဆုတ်ဆယ့်လေးရက် ဖွားရင်တော့ အဆင်း လှသတဲ့တော်"

"ကနေ့ ဘယ်နှရက်ပါလိမ့် အမေ"

"လပြည့်ကျော် ဆယ်ရက် ထင်သာပဲဟဲ့။ ငါ့သမီးမွေးရက်က လိုသေး ထင်ပ"

"မအိမ်ကံတော့ လပြည့်ကျော်ဆယ့်လေးရက်နေ့ ကျအောင် စောင့်မွေးမယ်။ မအိမ်ကံ သမီးက ချောမှကိုဖြစ်မှာ"

"ငါ့သမီးရယ် ဘယ်နှယ့် မွေးရက်များ စောင့်မွေးရမယ်လို့၊ စိတ်ထဲ ဘာမှမထားနဲ့။ ပေါ့ပေါ့ပါးပါးနေ"

မအိမ်ကံ စိတ်ထဲမှာ သမီး မိန်းကလေးသာ စိတ်စွဲ နေခဲ့သည်။ ကိုယ်ဝန်ဆောင် ထားရသည့် ရက်တွေမှာ သမီး မအိမ်မြိုင် အမည်တပ်ပြီး မေတ္တာ အာရုံပြုခဲ့သည်။ ချောပါစေကြောင်း၊ လှပါစေကြောင်း ဆုတောင်းခဲ့သည်။ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ခဲ့သည်။ မိဆိုင်ဖဆိုင် ရိုးရာနတ်ကို တောင်းပန်ခဲ့သည်။ "မအိမ်မြိုင်ရယ်၊ အမေ့သမီး ညည်း ချောလွန်း၊ လှလွန်း လိုက်စမ်းပါအေ။ အမေ လက်ခမောင်းခတ် လိုက်စမ်းပါရစီ" လို့ မကြာခဏ ရေရွတ်ခဲ့သည်။

မအိမ်ကံ မီးဖွားဖို့ အတွက် မီးနေဆောင် ပြင်ဆင်ကြပြီ။ မအိမ်ကံကို မွေးဖွားခဲ့သော အိမ်အောက်ထပ် အခန်းမှာပဲ မီးနေကတ်တွေ ခင်းကာ ရှင်းကြလင်းကြ၊ မီးနေသည် အသုံးအဆောင်တွေ စုဆောင်းကြနှင့် တစ်အိမ်လုံး မအိမ်ကံကိုသာ အရိပ် တကြည့်ကြည့် ရှိနေကြသည်။ ရွာအနောက်ပိုင်းက အရပ်လက်သည် အမေညိုကို နေ့ရောညပါ အိမ်မှာပဲေ ကျွးမွေးပြီး ခေါ်ထားလိုက်ကြပြီ။

စိတ်ကပဲ ဆောင်လို့လား မပြောတတ်ပါ။ တန်ခူးလပြည့်ကျော် ဆယ့်လေးရက်နေ့မှာ မအိမ်ကံ ၀မ်းဗိုက် နာလာခဲ့သည်။ အမေညိုက မအိမ်ကံကို မီးနေခန်းထဲမှာ လမ်းလျှောက် ခိုင်းသည်။ မအိမ်ကံ အလှမ်းအပြုကို အကဲခတ်သည်။ ကျေးဥက မအိမ်ကံ မလဲမပြိုအောင် ဘေးမှာ ရှိနေရပါ၏။ ကိုပြေသိမ်း ကတော့ ပဲမှော်တိုက်ဘေးက ထန်းကုလားထိုင်မှာ ယောက္ခမ သူကြီးနှင့်အတူ ထိုင်နေရသော်လည်း စိတ်က မဖြောင့်နိုင်။ အရေးရယ် အကြောင်းရယ် ရှိလျှင် မြင်းခြံကို ပို့ရန် လှည်းနှင့် ဖိုးကူးကို အသင့် ရှိနေစေသည်။ မီးနေခန်းဆီက မအိမ်ကံ ညည်းသံကြားရပြန်၏။

ညနေ မွန်းလွဲ နှစ်ချက် တီးပြီးစမှာပင် လေနီကြမ်းကြီး ကျလာခဲ့လေပြီ။ သဲတွေဖုန်တွေက တစ်ရွာလုံး မီးခိုးလုံး ဖုန်လုံးများလို မှုန်မှိုင်းစေခဲ့သည်။ ကောင်းကင်သည် ရဲရဲနီလျက် ရှိလေသည်။ လေက ပြင်းသည်ထက် ပြင်းလာ သကဲ့သို့ မအိမ်ကံ၏ ကာယိကဒုက္ခ ဝေဒနာကလည်း ပြင်းသည်ထက် ပြင်းလာခဲ့ သည်။

"မအိမ်ကံ ညည်းစိတ်က အရေးကြီးသယ်။ လေပြင်းကျသာ ညည်းနဲ့ မဆိုင်ဘူးမှတ်။ မကြောက်နဲ့ အမေညို ရှိသယ်၊ မကြာညွန့်တို့ ရှိသယ်၊ ညည်းအမေ ပန်းရုံ ရှိသယ်၊ လှအုံတို့၊ စိမ်းမြတို့၊ ကျေးဥတို့ ရှိသယ်၊ ကြားလား မိန်းကလေး"

ည ခုနစ်နာရီ...။

လေပြင်းသည်ပင် ငြိမ်ကျ သွားပါ၏။ မိုးစက်ကလေးတွေ တဖြောက်ဖြောက် ကျသံ ကြားနေရသည်။ မအိမ်ကံသည် ခဏ ကလေး မိန်းမော သွားသလို ငြိမ်သက်သွားလေသည်။ ၀မ်းဗိုက်က ညှစ်ယူလိုက်သလို နာကျင် သွားသဖြင့် အမေရေလို့ အော်လိုက်သည်။ မအိမ်ကံ အားကို တင်းသည်။ ကနေ့ လပြည့် ကျော်ဆယ့်လေးရက်။ ကနေ့ မွေးမှကို ဖြစ်မည်။ မိန်းကလေး မွေးမှကိုဖြစ်မည်။ သည်နှစ်ချက် တိုက်ကို တိုက်ဆိုင်ရမည်။

ည ကိုးနာရီ...။

သံစုံ နာရီကြီးထိုးသံ ကိုးချက် ထွက်ပေါ်လာလေပြီ။

ည ဆယ်နာရီ...။
ည ဆယ့်တစ်နာရီ...။

နာရီကြီး၏ သံစုံနာရီ ထိုးသံကို ညည်းညူ နေရသည့်ကြားက မအိမ်ကံ ကြားနေရပါ၏။ ည ဆယ့်နှစ်နာရီ ကျော်မှ မွေးရင်ကော။ ဒါဆိုရင်တော့ နေ့ကူး သွားလိမ့်မည်။ အခုကော ဘယ်နှနာရီ ထိုးနေပြီလဲ။ မအိမ်ကံ မခန့်မှန်းတတ်ပါ။ မအိမ်ကံ ရင်ထဲမှာ ဟာခနဲ ဖြစ်သွားသလို ခံစားလိုက်ရပြီး နာကျင်ခြင်း၏ အခေါင်အဖျားကို ရောက်သွားသလို တစ်ချက် ညည်းညူလိုက်သည်။

"အမေ့..."

"ပန်းရုံ၊ ဟဲ့ ပန်းရုံ ညည်းမြေးကလေး မွေးပါပြီတော်။ နာရီ မေးစမ်းဟဲ့"

အမေပန်းရုံက ပဲမှော်တိုက် အမှောင်ထဲမှာ ထိုင်နေကြသူ နှစ်ယောက်ဆီကို ပြေးလာကာ ကိုပြေသိမ်းကို နာရီ မေးသည်။ ကိုပြေသိမ်းက အနားက ဒန်မီးခတ်ကို ခြစ်ပြီး လက်ကနာရီ ကြည့်သည်။

"ဆယ့်တစ်နာရီ သုံးမတ် အမေ"

အမေပန်းရုံ မီးနေခန်းထဲ ပြန်ဝင်လာခဲ့ကာ နာရီ ပြောပြနေသည်။ ဆယ့်တစ်နာရီ သုံးမတ်။ ဒါဆိုရင် နေ့မကူး သေးဘူး၊ လပြည့်ကျော် ဆယ့်လေးရက်နေ့ဖွားပေါ့။ ကလေး လှပြီ၊ ချောပြီပေါ့။ နေပါဦး ဘာလေး မွေးပါလိမ့်။ အမေ ပန်းရုံက မေးနေပြီ။

"အမေညို ခြေ၊ လက်၊ အင်္ဂါစုံရဲ့လားတော်"

"စုံပါ့အေ၊ ဖအေ့ခြေဆံ လက်ဆံ မျိုးအေရဲ့။ မှန်အိမ် သည်နားရွှေ့စမ်း"

အမေပန်းရုံက မှန်အိမ်ကို မီးစာမြှင့်ရင်း ရွှေ့လာခဲ့သည်။

"ဘာလေးလဲ အမေညို"

အမေပန်းရုံ အသံက တုန်လှိုက် နေပါ၏။ မအိမ်ကံခမျာ မိန်းမော နေသည့်ကြားက နားစွင့်နေခဲ့သည်။ မအိမ်ကံအဖို့ သည်အချိန် ကလေးက ကံတိုက်မဲ ဖွင့်ချိန် မဟုတ်လား။

ဘာလေးလဲ...၊ ဘာလေးလဲ...။ ဖြေကြပါတော့...။

(ဆက်လက်ဖော်ပြပါမည်)


ခင်ခင်ထူး

အဝေးက အမေ သို့..

လိုအပ်ချက်တွေများလွန်းလို့
စိုလက်နေတဲ့ အမေ့ မျက်ဝန်းကို
ကျောခိုင်းရစ်ခဲ့တယ်။

တားဆီးမရတဲ့ ဆန္ဒတွေနဲ့
အမေ့ရင်ထဲက သောကတွေကို
ဥပေက္ခာပြုခဲ့တယ်

အမေနဲ့ဝေးအောင် ဖန်တီးတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား
ဖြစ်ချင်တာတွေ သိပ်များတဲ့ ငါ့ လောဘကိုပဲဒေါပွရမလား။ ။

ပျော်ရွှင်နေကြတဲ့ မိသားစုတွေမြင်ရင်
အမေ့ရင်ခွင်ပြန်တမ်းတရင်း
အိမ်လွမ်းစိတ်ကို ဖြေသိမ့်ရတယ်
(အမေရယ် သူစိမ်းတွေရဲ့အလယ်မှာ)
အနေတတ်အောင် ကြိုးစားရင်းကိုက
ပြိုဆင်းလာတဲ့ မျက်ရည်တွေနဲ့အတူ
ဘ၀ပေး ၀ဋ်ကြွေးတွေဆပ်ရင်း
အဝေးက မေမေ့ ကို .. အတွေးနဲ့ပဲ လွမ်းရတယ်
(ကျန်းမာပါစေ မေမေ.. ဆုခြွေ)

ကဗျာပိုင်ရှင် - အဖြူရောင်နတ်သမီး

April 28, 2009

မြန်မာတစ်ယောက်ဖြစ်ပါရစေ

ဒီလိုပါ........ ကျွန်တော်ဘလော့ဂ်လေး ကိုလာလည်ကျတဲ့ ညီအစ်ကို၊မောင်နှမတွေကို
ဘယ်သူဘယ်ဝါ ဆိုတာကို သိရပင်မဲ့ ကိုယ့်ထက် ကြီးမှန်း ငယ်မှန်းမသိရဘူးဖြစ်နေတယ်။
တစ်ချို့မောင်နှမတွေက Profile မှာ အသက်ကိုဖေါ်ပြထားကြပင်မဲ့ တစ်ချို့ ကဖေါ်ပြထားခြင်း
မရှိပါဘူး။ ( သိကြားမင်းကြီးသိမှာ ကြောက်လို့ ထင်ပါရဲ့)

အဲ့တော့ အိမ်ကိုလိုက်လည်တဲ့ အခါကျရင်း အစ်ကိုပဲခေါ်ရမလား ညီပဲခေါ်ရမလား
အမလား ညီမလား မသိဖြစ်ရပါတယ်။

ဒါကြောင့် ကျွန်တော်ကလည်း မြန်မာထဲက မြန်မာတစ်ယောက်ဖြစ်နေတော့ တစ်ယောက်နဲ့
တစ်ယောက် နှုတ်ဆက်တဲ့ အခါ မြန်မာတစ်ယောက်လို နှုတ်ဆက်ချင်ပါသောကြောင့်
ကူညီပေးကြပါလို့.................................................................

April 27, 2009

လိမ္မော်သီး ဘဝ

ခုမြင်နေရတာ လိမ္မော်သီးလေးတစ်လုံးပါ။ အောက်မှာ ဆက်လက်ဖေါ်ပြထားပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ တော့...............................












forward mail တစ်ခုမှ ဖေါ်ပြထားခြင်းဖြစ်ပါတယ်။

April 26, 2009

ပြောပါ ကံကြမ္မာ

လိုအပ်ချက်တွေ ဖြည့်ဖို့ တွေးနေရတာနှင့်
အမေနှင့်ဝေးဖို့ မတွေးမိခဲ့ဘူး
ကံကြမ္မာရယ်
အမေ့ဆွေးမြေ့မှုတွေလဲ ငါ မတွေးတတ်ခဲ့ဘူး

ခုတော့...
ကြယ်တွေကြွေတိုင်း တောင်းတဲ့ဆုက
ဒီမှာတခုတည်းဖြစ်ဖြစ်နေခဲ့။

ယဲ့ယဲ့လေး ကျန်တဲ့ ခံနိုင်ရည်အားနဲ့
တားမရတဲ့ အိမ်လွမ်းစိတ်ကို ဖြေဖို့
အမေ့စကား နားမထောင်ပဲ ငိုနေခဲ့တာ
ဟိုးအဝေးက အမေများသိရင်
ဂရုဏာဇောနဲ့ အပြစ်တင်စောမှာလား

ဒါမှမဟုတ်
မျက်နှာတဖတ်လွဲ မျက်ရည်တွေပဲ ၀ဲနေမလား
(ကျေးဇူးပြုပြီး ခဏလောက် ငိုပါရစေ အမေရယ်)

ချိုမယ် ခါးမယ် ကြိုတင် ပြင်ဆင်ခဲ့ပေမယ့်
ဝေဟင်ထဲ ဖြတ်တဲ့ လေယာဉ်သံကြားတိုင်း
ယောင်ယောင်ပြီး ငေးမောနေခဲ့ အခါခါ
(ငါ့အသည်း ထင်သလောက်လဲ မမာပါလား ကံကြမ္မာ)။

ဟန်ဆောင်ပြုံးတွေနဲ့
ကိုယ်စိတ်ကိုယ် ဘယ်လိုအားတင်းထားထား
ပျော်နေကြတဲ့ မိသားစုတွေမြင်ရင်
ဒီရင်ထဲ လာလာ အလင်းပြန်တဲ့ ပုံရိပ်ကလည်း
တခါ တခါ ဆို
အသက်ရှုမှုတွေပဲ ရပ်တန့်တော့မလိုလို....
မငိုချင်တော့ဘူး ကံကြမ္မာရယ်။
ငါ မငိုပါရစေနှင့်လာ။

လိုအပ်ချက်တွေ တွေးနေရတာနှင့်
မိသားစု နှင့် ဝေးဖို့ မတွေးတတ်ခဲ့တာ
ဒီအသည်း မဆွေးတတ်ခဲ့လို့ မဟုတ်တဲ့အကြောင်း
နင် သိအောင် ဘယ်လို ပြောရမလဲ။

တကယ်ဆို
အဲဒီမျက်ရည် တွေကို ကျောခိုင်းဖို့
ငါ့ရင်လည်း သွေးအစက်စက် ကျခဲ့ရတာပါကွယ်။

ကဲ ပြောလှည့်ဦး ကံကြမ္မာ.........

ဘာကြောင့်များ ညည်းချင်းတွေ နင်ပေးသလဲ ဆိုတာ...


ကဗျာ ပိုင်ရှင် - White Angel

မှတ်ချက်။ ။ အမေများနေ့ အတွက် ကျွန်တော် ကိုယ်တိုင် ရေးထားသော
ကဗျာ တစ်ပုဒ် နှင့်အတူ သူငယ်ချင်းများဆီ တောင်းခံထားသော
ကဗျာများအား ဆက်လက် ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။

လူချင်း မမြင်ဖူးကျပင်မဲ့ စိတ်ချင်းရင်းနှီးနေကြတဲ့ ကျွန်တော် သူငယ်ချင်းများအားလုံး စိတ်ဝင်းစားတယ်ဆိုရင်
အမှတ်တရအနေနဲ့ အမေများနေ့ကို ကြိုဆိုသောအားဖြစ်သော၎င်း၊ ကျွန်တော်ကိုခင်မင်သောအားဖြစ်သော၎င်း အမှတ်တရ အမေနဲ့ ပတ်သက်သော အကြောင်းအရာ များအားပေး ပို့ပေးကြပါဗျာ။

ဒီ email သို့ reenoemann@gmail.com ပေးပို့နိုင်ပါတယ်ဗျာ

American Idol season 8


ဒီ တစ်ပတ်ရဲ့ ကံထူးရှင်များ ဖြစ်ကြတဲ့ American Idol ရဲ့ ပျော်ရွှင်စွာအိမ်ပြန်ခြင်း အစီအစဉ်မှာ ပါဝင်သူကတော့ Anoop ဖြစ်ပါတယ်။

ုLil လည်း ဒီ တစ်ပတ်မှာ ကံထူးရှင် စာရင်းဝင်ဖြစ်ပါတယ်။





ဒါ Top 7 ဖြစ်ပါတယ်။

Read Carefully and think about it.

တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့...
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘဝမှာ အဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာ မောလှပါပြီ၊ ပန်းလှပါရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ပြဿနာတစ်ခု က ထပ်တက်လာနဲ့ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်၊ လူတောင်ဆက်မလုပ်ချင်တော့ဘူး၊ ဘာညာ စသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။
ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။

သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေက ပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။
ပြီးတော့ အိုးတွေကို ဒီတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှမပြောဘူး။
သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆို အကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေ့အကြောင်းကိုသိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။
ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်းဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက် လှည့်ပြီး မေးလိုက်တယ်။
"ကဲ...သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ..."
"မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ" သမီးက အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို စမ်းခိုင်းတယ်။ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ထိုးကြည့်လိုက်ပြီးတဲ့နောက် "ဖေဖေ့ မုံလာဥတွေကလည်း ပျော့ပြဲနေပြီ..." လို့ပြောလိုက်တယ်။
ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကိုယူပြီး သမီးကို ခွဲခိုင်းပြန်တယ်။ အပေါ်က အကာကို ခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေကခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန် မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
"ဖေဖေ ဘာကိုပြောချင်တာလဲဟင်..."
လက်ဖက်ရည်ကြမ်းကို အရသာခံရင်း သမီးက မအောင့်နိုင်တော့ဘဲ မေးလိုက်မိရပါတော့တယ်။
ဖအေကရှင်းပြတယ်။
"မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း ထည့်ပြုတ်ခံရတာချင်းတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။ မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်။ အဲ... ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ... ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်က အထိမခံဘူး၊ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ အသေအချာနော်။ အပေါ်ခွံပါးပါးလေးက အရည်ကြည်ပျော့ဖတ်ဖတ်လေးကို ကာရံထားရတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော အဲဒီ့ ပျော့အိအိအတွင်းသားတွေ အားလုံးမာကုန်တာပဲ မဟုတ်လား သမီးရဲ့။ အေး... လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော အဲဒီ့ပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲပစ်လိုက်တယ်... ကဲ...အဖေ့သမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့ လူတိုင်း ရင်ဆိုင်ကြရတာပဲ သမီး။ အဲဒီ့ လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလိုတုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊ လက်ဖက်ခြောက်လိုတုံ့ပြန်မလား၊ သမီးဘာသာ စဉ်းစားပေတော့ကွယ်..."

ပုံပြင်လေးကတော့ ဒါပါပဲ။
စာဖတ်သူ လူကြီးမင်းကရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့၊ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေ နွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးပါလား။
ဒါမှမဟုတ် ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်၊ ရှလွယ်တယ်၊ စိတ်ကလည်း ပျော့တယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ချွတ်ခြုံကျတာကို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားရပြီးတဲ့နောက်မှာတော့ နင်လားဟဲ့... လောကဓံဆိုတဲ့စိတ်ဓာတ်၊ ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီးဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူများ ဖြစ်နေမှာလား။
ဒါမှမဟုတ် စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ၊ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။
ကဲ...စာဖတ်သူလူကြီးမင်း၊ လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။
စာဖတ်သူဟာ လူမုံလာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား?
ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြပါဦး။


စာကြွင်း- Forward mail တစ်ခုမှ ဖေါ်ပြထားခြင်းဖြစ်ပါတယ်။

April 24, 2009

သံစဉ်တခုရဲ့ ......

မျှော်လင့်ချက်တွေ ပေးခဲ့တဲ့
မင်းရဲ့မျက်ဝန်းကို
ငါ.. မမြင်ခဲ့ရင်ကောင်းမယ်

မင်းနှုတ်ခမ်းထက်က
ချိုမြိန်မှုသံစဉ်တုတွေကို
ငါ... မကြားခဲ့ရင်ကောင်းမယ်

ရင်ဘတ်မရှိတဲ့
မင်းရဲ့ကြင်နာမှုတွေကို
ငါ... မခံယူခဲ့မိရင်ကောင်းမယ်

ဒါပေမယ့် ချစ်သူရယ်
အရာအားလုံးဟာ
မင်းရဲ့လိမ်ညာမှုတွေဆိုတာ
သိသိကြီးနဲ့
ငါ.. ကျေနပ်စွာခံယူဆဲပါ။ ။

ကဗျာ ပိုင်ရှင် - White Angel

April 23, 2009

ခွင့်လွှတ်နေမယ့်သူ

ချစ်သူ....
တခဏတာလေး တွေ့ရပေမယ့်
တစ်ဘ၀စာ မင်းကိုငါ.. ချစ်ခဲ့တယ်။
ချစ်သူ.....
မင်းနှုတ်ကပြောတဲ့စကား
အားလုံးကို အဟုတ်ထင်ပြီး ငါ... ယုံခဲ့တယ်။
ချစ်သူ....
မင်းရဲ့ကြင်နာမှုတွေကို
ကလေးတယောက်လိုငါ.. စွဲလန်းခဲ့တယ်။
ချစ်သူ.....
မင်းနှုတ်ကစကား
ကြင်နာမှုတွေအားလုံးဟာ
အမှန်တွေမှ ဟုတ်ရဲ့လားလို့ ငါ.. သံသယ၀င်ခဲ့တယ်။
ဒါပေမယ့် ချစ်သူ
အရာအားလုံးဟာ
လိမ်ညာမှုတွေဖြစ်ခဲ့ရင်တောင်
မင်းကိုချစ်တဲ့စိတ်တခုကြောင့်
နှလုံးသားမှာ
ဒဏ်ဖြစ်လဲ ငါ.... ကျေနပ်တယ်။

ကဗျာပိုင်ရှင် - White Angel

April 22, 2009

သူ့ကြောင့် (နာဂစ်)

အင်း ဘာလိုလိုနဲ့ ကျွန်တော်လည်း စင်ကာပူကိုရောက်တာ တစ်နှစ်ပြည့်တော့မယ်။
တစ်နှစ်ပြည့်တော့မယ်ဆိုတော့ သူ့ကိုလည်းသတိရသွားတယ်။ သူဆိုလို့တစ်မျိုးထင်နေအုံးမယ်။
ကျွန်တော်တို့ မြန်မာ့ပြည်သူ ပြည်သား တွေအမှတ်ရကြမဲ့ နာဂစ်မုန်းတိုင်းကြောင့် လူ့အသက်ပေါင်း
မြှောက်မြားစွာ ဆုံးရှုံးခဲ့ရတာ ဒီလာမဲ့ မေလ ၂ရက်နေ့ဆိုရင် တစ်နှစ်ပြည့်ပါပြီ။

တစ်နှစ်ပြည့်ပင်မဲ့ ကျွန်တော်တို့ကတော့ ဘယ်လိုမှမေ့လို့ ရကျမှာမဟုတ်ပါဘူးဗျာ။
မမေ့ဆို လုပ်သွာပုံကိုလည်း ကြည့်ဦးလေ။ မြန်မာပြည်ကြီးမှာ ဒီလောက်အဖြစ်ဆိုးကို ကြုံဖူးသူရှိလို့လား။
၈၈ အရေးအခင်း တုံးကတော့သေသွားကျတဲ့ လူဦးရေက ဒီနာဂစ်မုန်းတိုင်းမှာ သေသွားကျတဲ့ လူဦးရေ
လောက်များမယ်မထင်ပါဘူးဗျာ။
ပျောက်တာမှ ရွာလုံးလိုက်ကို ပျောက်သွားတာ။ဘယ်လောက်များစိတ်မကောင်းစရာ ကောင်းလိုက်လဲဗျာ။ဘယ်အချိန်ပဲ ကြည့်ကြည့်ဒီ အဖြစ်အပျက်က ရင်နင့်စရာပါ။

အပြစ်မဲ့တဲ့ လူတွေကိုခေါ်သွားလိုက်ကျတာတစ်ညထဲနဲ့ လူပေါင်းမြှောက်မြားစွာရဲ့ အသက်ကို ဆွဲနှုတ်သွားတာ ကိုလိုနီခေတ်က ချစ်တီးတွေ အကြွေးမရလို့ရရာဆွဲ သွားကြတဲ့ အတိုင်းပဲ ဘယ်သူမှ မကယ်နိုင်တဲ့ အခြေအနေပါပဲဗျာ။ဘယ်အချိန်တွေးတွေး ဒီအဖြစ်အပျက်က ရင်နင့်စရာပါပဲ။

အဲဒီနေ့ ညကပေါ့ ကျွန်တော်က ရန်ကင်းမှာရှိတဲ့ အမတို့အိမ်မှာ အိပ်တာ။အမတို့အိမ်က အစိုးရကပေးတဲ့ တိုက်ခန်းဆိုတော့လေးထပ်တိုက်ပေါ့။အမရတဲ့ အခန်းက မြေညီထပ် ဆိုတော့ ကံကောင်းသွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာရှိတဲ့ သွပ်မိုးတိုက်တွေ အကုန်လုံး ဒုက္ခရောက်ခဲ့ရတယ်လေ။

ကျွန်တော်အဖြစ်ကလည်း ကြည့်အုံး။ အဲဒီနေ့က ရန်ကုန်မှာရှိ တဲ့ ဆိုင်တွေ နေ့လည် ၂နာရီလောက်ထဲကပိတ်ပေးလိုက်ကြတာ။ လိုင်းကားတွေ တောင်သိပ်မရှိကြတော့ဘူး။ မနက်ထဲက မိုးတွေကရွာတာ၃နာရီလောက်မှာ ရန်ကုန် မြို့လယ် မှာ ရေတွေလျှံနေပြီ။အဲဒီအချိန်ထိ ကျွန်တော်မြို့ထဲမှာပဲ ရှိသေးတယ်။ ထိုင်ဝမ်က လာလည်တဲ့ သူငယ်ချင်းတစ်ယောက်ကိုလိုက်ပို့ပေးနေရတယ်။ ၅နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ အမက အိမ်ပြန်ရောက်နေပြီလေ။ သူတို့ ရုံးကလည်း နေ့တစ်ဝက်နဲ့ ပြန်လွှတ်လိုက်တာတဲ့။

ကျွန်တော်အကျင့်တစ်ခုက ခေါင်းအုံ နဲ့ ခေါင်း ထိတာနဲ့ အိပ်ပျော်တဲ့ အကျင့်လေ။ မိုးကအေးဆို တော့ကွေကောင်းကောင်းနဲ့ ကွေနေလိုက်တာ အမ ခေါ်မှ နိုးလာတယ်။ တစ်ညလုံး မိုးကရွာ လေကပြင်းမှန်တော့သိတယ်။ မောင်လေး နင်အပြင်ကိုထွက်ကြည့်စမ်းဆိုမှ ကျွန်တော် ထွက်ကြည့်လိုက်တဲ့အခါ ......................

ဟာဗျာ ... ထင်တောင်မထင်ထားဘူး အားလုံး ရုပ်ပျက်ဆင်းပျက်နဲ့ ရှိသမျှအားလုံးကိုသွားတော့တာပဲ။အမကို ပြောပြီး လမ်းထိပ်ထွက်လာခဲ့တယ်။ လမ်းမှာလည်း ရေတွေက ပေါင်လယ် ရောက်နေပြီ အပင်ကြီးကြီး တွေမှန်သမျှ အကုန်လဲကုန်ပြီ။ အိမ်ကိုပြန်ပြီး အကျိုးအကြောင်းပြောပြ ဈေးဝယ်ပေးပြီး မြို့ထဲကို ထွက်လာခဲ့တယ်။

သူငယ်ချင်းလည်းရှိသေးတယ်ဆိုတော့ သူ့ကိုလည်း သတင်းမေးချင်တာနဲ့ ထွက်လာခဲ့တာ။ရန်ကုန်တစ်မြို့လုံး လို့ မြင်မကောင်းအောင်ကို ဖြစ်နေတော့တာပဲဗျာ။ရန်ကင်းကနေစထွက်ကတည်းက လမ်းလျှောက်လာခဲ့တာ ဗိုလ်တစ်ထောင် ကိုရောက်တဲ့ အထိပဲ။ဘာကားမှ မရှိဘူး။ ရှိပြန်တော့လည်း တွဲစီး စရာ နေရာတောင်မရှိဘူး။ သူငယ်ချင်းဆီ ရောက်တော့ပြန်ဖို့ အစီအစဉ်ပျက်သွားတယ်တဲ့။ Flight တွေမရှိဘူး နားထားရတယ်။

နောက်နေ့မှာ သူငယ်ချင်း တစ်ယောက်ဆီက ကြားခဲ့ရတဲ့သတင်းလေ ကြောင့်စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။
ကျွန်တော်နဲ့ခင်တာ သုံးလေးလ လောက်ပဲရှိအုံးမယ်။ သူက ဖျာပုံက။ ရန်ကုန်မှာ သင်တန်းလာတက်တာ။
သင်တန်းတွေပိတ်လို့ ရွာခဏပြန်သွားတယ်။ မုန်းတိုင်း မကျခင် နှစ်ရက်လောက်မှာ သူ့ အမ ဘွဲ့ယူဖို့
ဆိုပြီး တစ်မိသားစုလုံး ရန်ကုန်ကို ရောက်လာတယ်။ သူ့က အိမ်စောင့် ဆိုပြီး ဖျာပုံမှကျန်ခဲ့တယ်။

စိတ်မကောင်းစရာပါ။ ပြန်တွေးတိုင်း ရင်ထဲမှာခံစားရပါတယ်။ မုန်းတိုင်းထဲပါသွားတယ်ဗျာ။ အလောင်းတောင်
ရှာလို့မတွေ့ဘူးဖြစ် သွားတယ်။ သူ့ အိမ်မှာ သူကအငယ်ဆုံး။ ကျွန်တော်နဲ့ ခင်တာမကြာသေးပင်မဲ့ စိတ်ထဲမှာ
ခံစားလိုက်ရတယ်။ သူ့မိသားစုဆိုရင်း ဘယ်လောက်တောင် ခံစားရမလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။

သူ(နာဂစ်) ကတော့ တစ်ညတည်းနဲ့ ဝင်ခေါ်သွားတာ လူပေါင်း သိန်းသန်းချီသွားတယ်။
ကျွန်တော် တို့ ရင်ထဲမှာတော့ တစ်နှစ်လဲ မေ့မရ နှနှစ်လဲ မေ့မရနဲ့ ဘယ်တော့မှ မေ့လို့ရမဲ့အဖြစ်အပျက်လေး မဟုတ်ပါဘူး။ ကျွန်တော် သူငယ်ချင်းနဲ့ အတူ သေဆုံးသွားကြတဲ့ လူတွေအားလုံး
ကောင်းရာမွန်ရာ ရောက်ရှိကြပါစေ လို့ ကျွန်တော် ဆုတောင်းရင်း ................................................

April 20, 2009

လွမ်းချင်း

အားလပ်တဲ့ မောင့်ရဲ့
အချိန်တွေတိုင်းမှာ
သတိယနေတယ်........ချစ်သူ။

မောင်တစ်ယောက်ထဲ
အဖော်မဲ့နေတဲ့ အချိန်မှာ
မောင့်ဘေးနားမှာ
ရှိစေချင်တယ်.....ချစ်သူ။

ကောင်းကင်ကြီးကို ကြည့်ပြီး
လမင်းကြီးကို ငေးရင်း
မင်းမျက်နှာကို မြင်ပြီး
လွမ်းနေမိတယ် ........ချစ်သူ။

April 18, 2009

ငါ့ ...................

စိတ်ကူးပုံရိပ် အတွေးရပ်ဝန်း
ကျင်လည်ခဲ့တာ ကြာခဲ့ပါပြီ။
ပျက်စီးပျောက်ကွယ် ရင်ခုံသံလည်း
ရပ်တံ့ခဲ့တာ ကြာခဲ့ပါပြီ။

ချစ်သူရယ် အနားမှာ မင်းမရှိတော့
အသက်ရှူသံတွေလည်း မကြားရတော့ဘူး
နွေးထွေးတဲ့ မင်းရဲ့ရင်ခွင်မှာလည်း
ခိုးနားခွင့် မရတာလည်း ကြာခဲ့ပါပြီ။

ငါမင်းကို လွမ်းလို့ သေတော့မယ်
ဒါကို မင်းမသိလို့လား ချစ်သူရယ်
ငါ့ စိတ်ထဲမှာ မင်းအကြောင်းပဲ
တွေးနေခဲ့တာပါ ချစ်သူရယ်။

ငါ မင်းကို သတိရလို့ ကဗျာတွေရေးနေမိတယ်။
ကဗျာတွေထဲမှာလည်း မင်းအကြောင်းတွေ
စိတ်ကူးတွေထဲမှာလည်း မင်းပုံရိပ်တွေ
သတိရမိတာလည်း မင်းပါပဲ ချစ်သူရယ်......................

အမှတ်တရ ကျွန်တော် ခရီး (၁)

ကျွန်တော်ကို ၁၉၈၁ စက်တင်ဘာလ ၁၀ရက်နေ့မှာ ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်ရှိ စစ်ဆေးရုံးအမှတ်(၁) မှာ မွေးဖွားခဲ့တာပါ။ စစ်ဆေးရုံးမှာ မွေးမှတော့ စစ်မျိုး စစ်နွယ် ပဲ ဆိုပါတော့။ရန်ကုန်သား ဖြစ်ကံပါတယ်ထင်ပါရဲ့။ အဖေ တာဝန်ကျနေတဲ့ မြို့က တောင်ငူမြို့ အဲ့ဒီမှာ မွေးမရလို့ ရန်ကုန်ကို သွားမွေးရတာပါ။ မိဘကို ဒုက္ခပေးတယ် လို့တော့မထင်ပါနဲ့ဗျာ။ မွေးရက်စေ့တာတောင်း အမေက ဗိုက်မနားလို့ ဆေးမှူးကကြောက်ပြီး ရန်ကုန်ကိုအတင်း လွတ်လိုက်လို့ ရန်ကုန်သားဖြစ်သွားရတာပါဗျာ။

ကျွန်တော်မှာ မွေးချင်း ၄ယောက်ရှိတယ်။ အစ်ကိုတစ်ယောက်၊ အမတစ်ယောက် နဲ့ ညီမတစ်ယောက်ရှိတယ်။ ကျွန်တော်ရဲ့ ဇာတာလို့ပဲ ပြောရမလား မသိဘူး။ ကျွန်တော် မွေးပြီးကတည်းက ခုချိန်ထိ နေရာအတည်အကျ မရှိသေးပါဘူး။ မယုံရင် အပေါ်မှာရေးခဲ့သလိုပဲ ဗိုက်ကြီးတာက တစ်နေရာ မွေးတာက တစ်နေရာ ဆိုတာကို သတိထားမိမှာပါ။

ကျွန်တော် ကို မွေးပြီး သူငယ်တန်း တက်တဲ့နှစ်မှာပဲ အဖေကို ဖျာပုံသို့ ပြောင်းမိန့်ကျတယ်။ဖျာပုံမှာ သူငယ်တန်း၊ (၁) တန်း၊ (၂) တန်းပညာသင်နှစ် ပြီးတော့ ပုသိမ်ကို ထပ်ပြောင်းရတယ်။ ၈၈ အရေးအခင်းတုံးက ဖျာပုံမှာပဲရှိသေးတယ်။ ကျွန်တော်တို့ ကျောင်းတစ်နှစ် အောက်လိုက်ရတဲ့နှစ်လေ။ ၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့ လူတွေတော့ မှီလိုက်မှာမဟုတ်ဘူး။

အဲလိုနဲ့ ပုသိမ်မှာ တတိယတန်းနဲ့ စတုတ္တတန်း နှစ်ဝက် အရောက်မှာ စစ်ကိုင်းတိုင်း ခန္တီး မြို့ ကို ပြောင်းရပြန်တယ်။ ခန္တီးမှာ (၄) တန်း နှစ်ဝက် နဲ့ (၅) တန်းပြီးတဲ့ အထိနေခဲ့ရပါတယ်။ ၁၉၉၄ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းကို ပြောင်းရပြန်တယ်။
ပင်လောင်းမှာ (၆)တန်း (ရ)တန်း (ဂ)တန်း ကျောင်းနေခဲ့ရတယ်။ (ဂ)တန်း အောင်တော့ အဖေပြောင်းတာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ ပြောင်းတာဖြစ်သွားတယ်။ အဖေက ပင်းလောင်းမှာပဲ ကျန်ခဲ့တယ်။
ပညာသင်နှစ် (၉) တန်းနဲ့ (၁ဝ) တန်း ပထမနှစ်ကို ဘားအံမှာ နေရပြန်တယ်။ (၁၀)တန်း ဒုတိယနှစ်ကို တော့ အဖေရှိတဲ့ ပင်လောင်းမှာ ပြန်ဖြေတာ ကံကောင်း ထောက်မစွာနဲ့ အောင်လာတယ်။ ( ဆယ်တန်းများ မအောင်ခဲ့ ရင် ကျွန်တော် ဘဝ ကြီးတော့ မတွေးရဲ စရာပါ ........ဟီးဟီး နောက်တာပါ)

(၁၀) အောင်တော့ ရန်ကုန် ကိုတစ်ယောက်ထဲလာပြီး အလုပ်လုပ်တယ်။ ရန်ကုန်မှာ အလုပ်လုပ်ရင်းနဲ့ ဘွဲ့ တစ်ခုပါရ အောင်ယူလိုက်ရသေးတယ်ဗျ။ ၂၀၀၀ ကနေစလုပ်လိုက်တာ ၂၀၀၄မှာ မလေးရှားသွားဖို့ကြောင်းက ဖန်လာပါရော။ ၂၀၀၄ မှာ မလေးရှား ရောက်ပြီး ၂၀၀၇မှာ မြန်မာပြည်ပြန်ရောက်တယ်။

အဲ့လိုနဲ့ ၂၀၀၈မှာ တော့ ရန်ကုန် တစ်မြို့စားလောက်တောင်မရှိတဲ့ ဟောဒီ စင်ကာပူကိုရောက်လာရပြန်ပါတယ်။
ဆက်လက်ပြီးတော့လည်း ဘယ်ကျွန်း ဘယ်သောင်း ဆိုက်အုံး မလဲဆိုတာတော့ ဘဝ ဇာတ်ဆရာရဲ့ အလိုကျ ကပြဖို့ အဆင်သင့် စောင့်စားရင်း ............................

ကျွန်တော် ရဲ့အမှတ်တရ ခရီး (၁) ကို ဒီမှာပဲ ခဏရပ်နားလိုက်ပါတယ်။
ဆက်လက်ပြီး အမှတ်တရ ခရီး မှားကို အချိန်ရရင်းရသလို ရေးသားဖေါ်ပြသွားပါမယ်။
ခုလိုမျိုး စိတ်ဝင်းတစား လာရောက်ဖတ်ရှု သူများ ကို အထူးကျေးဇူးတင်ရှိပါကြောင်း.............................

ကျေးဇူးပါ ချစ်သူ...

ရက်မှလပြောင်း
နှစ်တွေဟောင်းလဲ
မပြောင်းလဲတာ.. ငါ့အချစ်တွေပါ။

ကံကြမ္မာစေစား
ကမ္ဘာတစ်ဖတ် နင်ရောက်သွားလဲ
ငါ့ရဲ့အနီးမှာ မင်းရှိနေဆဲပါ။

အချိန်တွေတိုက်စား
မင်းအချစ်များလဲ
ပြောင်းလဲသွားမလား.. ငါကြောက်တယ်။

သက္ကရာဇ်တွေပြို
ကံကြမ္မာကထိုးနှက်
အချိန်တွေကရက်စက်
ဒီလောကဓံတွေရဲ့ကြား
ရှင်သန်ရပ်တည်သွားဖို့
သတ္တိတွေအပြည့်နဲ့ ငါ
ဘယ်အရာမှ မကြောက်
အဲဒါ.. မင်းအချစ်တွေကြောင့်ပါ။

ကဗျာ ပိုင်ရှင် - White Angel

April 16, 2009

Top 7 Return


ဒီတစ်ပတ် American Idol အစီအစဉ်ကတော့ တမျိုးထူးခြားနေပါတော့တယ်။
ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ရေးခဲ့သလိုပဲ Season တလျှောက်လုံးမှာ ဒိုင်းလူကြီး
များရဲ့ အခွင့်အရေး တစ်ရပ်ဖြစ်တဲ့ One More time ကို ရရှိသွားတဲ့ လူကတော့
Matt ပဲဖြစ်ပါတယ်။ ကံကောင်းတယ်ပဲ ပြောရမလား၊ ကံဆိုးတယ်ပဲပြောရမလား
တော့ မပြောတက်တော့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ နောက်လာမဲ့ အပတ်မှာ Out of Performances က နှစ်ယောက်
ဖြစ်နေလို့ပါပဲ။

ဘယ်သူတွေများလဲ ဆိုတာတော့ စောင့်ကြည့်ရတာပေါ့ဗျာ။

One In A Million 3

သူနာမည်ကျ တော့ Aweera ပါ။ မြန်မာလို နားလည်အောင် ပြောရရင်တော့ အသံသေး အသံကြောင် အားကောင်းလူပါ။ တော်တော် အော်နိုင်တယ်။ ဘာတဲ့ အမေပြောတာ မှတ်မိသေးတယ် " မိန်း မ ရွှင် အသံ ဆိုလား ဘာလားပဲ"

ပိုက်ဆံ One Million များရမယ်ဆိုရင် မလိုချင်ဘူးလားဗျာ။
ဘာမှ သိပ် အရင်းထုတ်စရာ မလိုဘူး ပင်ကို အသံလေးနဲ့ လုပ်စားရုံပဲ။
ဒီတစ်ခေါက်တော့ အဆင်ပြေမှာ မဟုတ်တော့ဘူး။ နောက်နှစ်ပေါ့...........

ဘာဖြစ်လို့လဲဆိုတော့ ခုအစီအစဉ်က Top 5 တောင်ရောက်သွားပြီဗျ။
မိန်းကလေးနှစ်ယောက် နဲ့ ယောက်ကျားလေး သုံးယောက်
ပထမရတဲ့လူက One Million မလေးရှား ရင်းဂစ်လ် ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို စိတ်ဝင်းစားတယ် ဆိုရင်တော့ မလေးရှား လိုင်း TV 8 မှာ
သောကြာနေ့ည ၉နာရီ ခွဲမှာ ကြည့် ရှူခံစားနိုင်ပါတယ်ဗျာ။
သူမ နာမည်က Esther တဲ့ ။ One Million ရချင်လို့ဝင် ပြိုင်နေတာပါတဲ့။ အသံ နဲ့ တီထွင်မှု ကောင်းတယ်။
သူနာမည်က Nine ပါ။ ထွက်နိုးထွက်နိုး နဲ့ ယက်ကန်းယက်ကန်း ပါလားတဲ့ လူပါ။
မျက်နှာချိုတယ် ၊ စတိုင် ကျတယ်။
Tomok ပါ။ ဒိုင်းတွေနှစ်သက်ချင် ကို ခံနေရတဲ့လူပါ။ အားလုံးထဲမှာ 1 ပြေးနေတဲ့ လူပေါ့ ။ အသံကောင်းတယ်။
ဖျော်ဖြေမှု အကောင်းဆုံး စတိုင်အရှိဆုံးလူ လို့ပြောလို့ရပါတယ်။
သူမကတော့ Amylea ပဲဖြစ်ပါတယ်။ အသံမဆိုးပါဘူး ကိုယ်တိုင်ရေး သီချင်းတွေဆိုပါတယ်။

ကဲ ဘယ်သူများ ဘိုင်ဘိုင် လုပ်မလဲ ဆိုတာတော့ ဒီလာမဲ့ သောကြာနေ့ကို စောင့်ကြည့်ရသေးတာပေါ့ဗျာ။

April 14, 2009

အရှုး

ဆေးရုံးစိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။

ဟေ့ကောင် ......မင်းဆင်းမှာလား
..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူးဆရာ...မဆင်းဘူး"
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။
ဆရာဝန်က......
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."
"ဟေ..."

တရက် ၅၀၀စား


တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့......
..

ဝက်ဝံကသေသွားတော့ အစားထိုးဖို့မရှိဘူးဖြစ်နေတယ် ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ ၀က်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....


တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့ ၀က်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရော
သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့ ကြောက်တာပေါ့ တုန်နေတာပဲ...
ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...
ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်....
" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "

April 13, 2009

နေဒေးသစ် သို့ အမှတ်တရ

လောကမှာ လူရယ်လို့ဖြစ်လာရင် တစ်ခါတစ်လေ စိတ်ချမ်းသာမှုရှိမယ်၊ တစ်ခါတစ်လေ ၀မ်းနည်းရမယ်။
တစ်ခါတစ်လေ ပေါင်းမြှောက်များစွာ နဲ့တွေ့ရလိမ့်မယ်။

ဒီနေ့ ၀မ်းသာရပင်မဲ့၊ မနက်ဖြန်မှာ ၀မ်းနည်းနေရတက်တယ်။လိုတာမရ ရတာမလို ဆိုတဲ့အတိုင်းပေါ့။
လောကကြီးမှာ ဘယ်အရာမှ ပြည့်စုံတယ် ဆိုတာမရှိပါဘူးဗျာ။

နေဒေးသစ်ရဲ့ ပို့စ် နှစ်ခုလုံးကိုဖတ်လိုက်ရတယ်။ ပထမ ပို့စ်အတွက် Comment ရေးနိုင်ပင်မဲ့၊ ဒုတိယ ပို့စ် အတွက်
မရေးနိုင်ခင်မှာပဲ Edit လုပ်လိုက်တာကို တွေ့ရတယ်။

နေဒေးသစ်ရဲ့ဒုတိယ ပို့စ်ကို ဖတ်ရပြီး " နေဒေးသစ် သို့ အမှတ်တရ " ဆိုတဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။

အမိမဲ့သား ၊ အကွတ်မရှိတဲ့ တောင်း ၊ ကာရံမဲ့တဲ့ ကဗျာ လို့ပဲ ဘလော့ဂ် တစ်ခုမှာလည်း C Box မရှိရင်တစ်ခုခု လိုအပ်နေသလိုခံစားရပါတယ်။

ကျွန်တော်တို့တွေ ခင်မင်လာခဲ့ကြတာ ဒီ C Box လေးကြောင့်ပါ။ တစ်ဦးနဲ့ တစ်ဦး မသိပဲ ပြောဆို နှုတ်ဆက်ကြရင်းနဲ့ Online မောင်နှမတွေအဖြစ်နဲ့ ရင်းနှီးခဲ့ကြတာပါ။

C Box ကြောင့် စိတ်ညစ်ခဲ့ရတာကို ကျွန်တော်လက်ခံပါတယ်။ ဒါပင်မဲ့ တစ်ခုလောက်တော့ စဉ်းစားကြည့်ပါ။

နေဒေးသစ်မှာ သူငယ်ချင်းတွေအများကြီးရှိတယ်။ လမ်းမှာတွေ့ရင် မခေါ်ပဲနေလို့ရလား။

အဲလိုပဲ နေဒေးသစ်ရဲ့ ဘလော့ဂ် ကို သူငယ်ချင်းတွေ လာလည်တဲ့အခါ နေဒေးသစ်ကို သာကြောင်း၊ မာကြောင်း မမေးရပဲ ဒီအတိုင်းပြန်ထွက်သွား စေချင်တာလား။

C Box ဆိုတာက ကျွန်တော်တို့လို့ တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့လူတွေအတွက်တော့ ပေါင်းကူး တံတားလေးပါ။

အောင်မြင်ချင်တဲ့လူဆိုတာ ဝေဖန်ပြစ်တင်ချင်ကို မကြောက်ရဘူးဗျ။
ကျေကျေနပ်နပ်ကြီးလက်ခံပြီး ဆက်လက်ရပ်တည်သွားရမှာပါ။

ဗုဒ္ဓရဲ့ တရားတော်အတိုင်းပဲ သူ့လမ်းသူသွားပါလိမ့်မယ်။ ကိုယ့်ကောင်းရင်လည်းကောင်းတဲ့ အကျိုးခံစားရမှာပါ။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ စိတ်မကောင်းစရာလေးတွေကို ဖယ်ပြီး၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အရင်အတိုင်း လေးပဲ ဖြစ်စေချင်ပါတယ်ဗျာ။

သူငယ်ချင်းများ ကိုယ်စား ကျွန်တော်ကပဲ တောင်းဆိုပါတယ်ဗျာ။ C Box ကို ပြန်လည်ထားစေချင်ပါတယ်။

ကျွန်တော်တို့ရဲ့ ဆန္ဒ၊ ကျွန်တော်တို့ရဲ့ ခင်မင်မှု ကို အသိအမှတ်ပြုတယ်ဆိုရင်....................................

April 11, 2009

လိမ္မော်ကမ္ဘာလေး


လိမ္မော်သီးလေးတွေနဲ့ အလှဆင်ထားတာပါ။











April 10, 2009

ချစ်သူနဲ့ ကြိုက်သူ

ချစ်တဲ့သူရှေ့မှာ နှလုံးခုန်တာ ပိုမြန်နေတယ်
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့  ပျော်နေတယ်လို့  ခံစားရတယ်။

ချစ်တဲ့သူရှေ့မှာ ဆောင်းရာသီဟာ နွေဦးရာသီလို ထင်ရတယ်...
ဒါပေမဲ့...ကြိုက်တဲ့သူရှေ့ကျတော့ ဆောင်းရာသီဟာ လှပတဲ့ဆောင်းရာသီပါပဲ။


ိချစ်တဲ့သူမျက်လုံးထဲ ကြည့်လိုက်တဲ့အခါ ရှက်သွေးဖြန်းသွားတယ်..
ီဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးထဲကြည့်လိုက်တော့ ပြုံးပြဖြစ်တယ်။


ချစ်တဲ့သူရှေ့မှာ စိတ်ထဲရှိတာ ဘာမှမပြောနိုင်ဘူး...
ဒါပေမဲ့..ကြိုက်တဲ့သူရှေ့ကျတော့ ပြောပြနိုင်တယ်။


ချစ်တဲ့သူရှေ့မှာ..ရှိုးတိုးရှန်းတန့်  ဖြစ်လေ့ရှိတယ်..
ဒါပေမယ့်...ကြိုက်တဲ့သူရှေ့ကျတော့ ကိုယ့်ပင်ကိုအတိုင်း နေပြတတ်တယ်။


ချစ်တဲ့သူမျက်လုံးကို တည့်တည့်စိုက်မကြည့်နိုင်ဘူး..
ဒါပေမယ့်...ကြိုက်တဲ့သူမျက်လုံးကိုကျတော့ အမြဲတမ်းပြုံးပြနိုင်တယ်။


ချစ်တဲ့သူငိုတဲ့အခါ သူနဲ့ အတူလိုက်ငိုတယ်...
ဒါပေမယ့်...ကြိုက်တဲ့သူငိုတဲ့အခါကျတော့ သူ့ ကိုနှစ်သိမ့်အငိုတိတ်စေတယ်။


ချစ်တဲ့ခံစားမှုဟာ မျက်လုံး အမြင် ကစတယ်...
ဒါပေမယ့်...ကြိုက်တဲ့ခံစားမှုကျတော့ နားအကြားကစတယ်။


ဒါကြောင့်...ကြိုက်တဲ့သူကို ဆက်မကြိုက်ချင်တော့ရင် သင့်နားတွေကို ပိတ်ထားလိုက်ပါ။
ဒါပေမယ့်...သင့်မျက်လုံးကို ပိတ်ဖို့ ကြိုးစားခဲ့ရင် အချစ်က မျက်ရည်စက်အဖြစ်ပြောင်းသွားပြီး
နှလုံးသားထဲ ထာဝရတည်နေတော့မှာ......................

ရေသူမ

သူငယ်ချင်းတစ်ယောက်ဆီ ရတာပါ။ဖြစ်နိုင်၊မဖြစ်နိုင်တော့ သူငယ်ချင်းတို့ပဲ စဉ်းစားကြည့် ကြပါတော့ဗျာ။









American Idol season 8

Scott MacIntyre ( Season 8 )
American IDOL Season 8 မှာ ထူးခြားတာတစ်ခုကတော့ အသံအားကောင်းကောင်းနဲ့
ပရိသတ်အား ကောင်းကောင်းရရှိခဲ့တဲ့ မျက်မမြင် အဆိုတော် Scott ပဲဖြစ်ပါတယ်။
သူ့ရဲ့ အသံအားကောင်းလို့လဲ TOP 8 ထိပါဝင်လာနိုင်ခဲ့ပါတယ်။
အမေရိကန် ပရိသတ်ရဲ့ ဘက်မလိုက်အားပေးမှုကြောင့် TOP 7 ရွေးချယ်ခြင်းမှာ
လက်ပြနှုတ်ဆက် သွားသူကတော့ မျက်မမြင် Scott ပါ။
Read More အားဆက်လက်ဖတ်ရှုပါ.




TOP 13 မှစပြီး TOP 8 ထိ ဒိုင်းများ ရဲ့ Go Home ကိုသာရရှိခဲ့ပါတယ်။
ဒီတစ်ပတ်မှာ Scott အတွက် ထူးခြားမှု တစ်ခုကတော့ ဒိုင်းလေးယောက်ထဲမှ Paula နဲ့ Kara
တို့ရဲ့ saved ရခဲ့ပြီး၊ Simon နဲ့ Randy တို့ရဲ့Go Home ကို ရရှိခဲ့ပါတယ်။
သို့သော် Simon ရဲ့ ဆုံးဖြတ်ချက် အရ Paula နဲ့ kara ရဲ့ ဆန္ဒတွေ မပြည့် ဖြစ်သွားရပါတယ်။

ဒိုင်းများရဲ့ အခွင့်အရေး တစ်ရပ်ဖြစ်တဲ့ Season တစ်လျှောက်လုံးမှာ ဒိုင်းများကြိုက်နှစ်သက်သူ
တစ်ဦးအား Save ခွင့်ရှိပါတယ်။
ယခု Top7 ထိတော့ တစ်ဦးတစ်ယောက်မှ မရရှိခဲ့သေးပါဘူး။
နောက် ၇ဦးထဲမှ ဘယ်သူများ ကံကောင်းမလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့။

ဒီတစ်ပတ်တော့ စိတ်မကောင်းစွာနဲ့ပဲ Good Bye Scott ရေ.................

April 9, 2009

အရမ်းချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း

တကယ်တော့ မြန်မာပြည်ဆိုတာ
အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့
မိန်းမတစ်ယောက်ပေါ့ …
ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ...

၂၁ ရာစုမှာ internet ကို
ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ ...

အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး
ညတွေမှာ မီးမလင်းနိုင်တဲ့ မိန်းမ ...

ခဏခဏပြင်ပြီး အညာခံနေရတဲ့
နှစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ ...

ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့
ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့

စက်မူဇုန်ထဲကနေ ကြုံးဝါးနေတဲ့ မိန်းမ …
တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့

ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်
လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ ...

သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်
အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ ...

ယုတ်မာကောက်ကျစ်ပြီး အကြံပက်စက်လွန်းတဲ့
ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …

အုပ်ထိန်းသူတွေ ကိုယ်တိုင်က
ပြည့်တန်ဆာဇာတ်သွင်းခြင်းကို
မသိမသာ ခံနေရရှာတဲ့ မိန်းမ ...

သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်
ပထွေးမျက်နှာကြည့်ပြီး အသက်ရှူနေရရှာတဲ့ မိန်းမ …

ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်
ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ ...

ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား
သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ ...

တကယ်လို့များ ...
သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …
လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး
ပြည့်တန်ဆာပဲဖြစ်နေပါစေ
အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ ...

တကယ်တော့ ...

ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ
စိတ်သောကတွေကြုံတိုင်းမှာ
အဖေကိုလွမ်းဆွတ် ငိုကြွေးတတ်တဲ့
အရမ်းလှပတဲ့ဗီဇတွေကို
ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့
ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ ...

အခုတော့ ကျွန်တော် မိဘသဘောတူထားတဲ့ ချစ်သူ (singapore) နဲ့ပဲ တွဲနေရတယ်...သူ့ကို မချစ်ပေမယ့်.... အရမ်းချစ်ရတဲ့ ချစ်သူ (myanmar) ကိုဆက်ပြီးလက်တွဲ နေဖို့က ဘယ်လိုမှမဖြစ်နိုင်တာ....

Singapore နဲ့ချစ်သူဖြစ်နေသူတစ်ဦး ဆီမှ ဖေါ်ပြခြင်းဖြစ်ပါတယ်။