March 18, 2010

မအိမ်ကံ ( for Mar ) အပိုင်း ၎

နောက်ရက်ညနေမှာတော့ ဖိုးကူးနှင့်အတူ မောင်သက် မင်းပါ ရောက်လာကြသည်။ မြိုင့်ကိုမမြင်။ မောင်သက်မင်း က လှည်းပေါ်ကဆင်းဆင်းချင်း အိမ်ထဲတန်းဝင်သွားကာ တန်းလျားခုံမှာ ငူငူကြီးထိုင်လေ၏။ မအိမ်ကံခမျာတော့ ရင်တွေ တဒိန်းဒိန်း ခုန်နေလေပြီ။ ဖိုးကူးက လှည်းချွတ်ပြီး အသာဝင်လာသည်။ ဘယ်သူကမှ စကားမဟတော့ မအိမ်ကံ ငေါက်ရတော့သည်။

“ဟဲ့ ဘာလဲ မောင်သက်မင်း၊ သမီးကော”

“မမကံသမီး မိုက်တယ်။ ရောက်လို့ တစ်ရက်၊ နှစ်ရက် နေသေးတယ်။ နောက်ရက် အိမ်ပြန် မလာလို့ ရှာကြတာနဲ့ ရက်ကြာခဲ့ရတယ်”

“ဘယ်လို၊ ဘယ်လိုကွယ့်”

“မအိမ်မြိုင် သက်ဦးဝေနောက် ခိုးရာလိုက်သွားပြီ မမကံ။ ရှာလို့ကို မရတော့ဘူး”

“အလို ဘုရား၊ ဘုရား”

မအိမ်ကံ တောင့်တောင့်ကြီး ထိုင်နေခဲ့သည်။ မလှုပ် မယှက်။ လှည်းသွားရာ လိုက်ရသော လှည်းဦးက ကျေးကွေး ရုပ်လို စိတ်သွားရာ လိုက်နေသည်နှင့်ပင် တူပါ၏။ ညနေခင်း ရွာထဲဘက်ဆီက ဒိုးတိုက်သံတွေ ကြားနေရသည်။ ဝေေ၀၀ါး ၀ါး အော်သံဟစ်သံတွေကြားနေရသည်။ ရွာက မအိမ်မြိုင်ကို ဖက်စိမ်းကွမ်းတောင်ကိုင် အဖြစ် ရွေးလိုက်ပတဲ့ ဆိုသည့် မင်္ဂလာ သတင်းနှင့် အတူ အမင်္ဂလာ သတင်းသည် တစ်ချိန်တည်း ရောက်လာခဲ့တာပါလား။


မောင်သက်မင်းက ဖြစ်ပုံပျက်ပုံ အလုံးစုံကို ရှင်းပြနေသော်လည်း မအိမ်ကံ နားထဲမရောက်။ နားတွေ ကန်းခဲ့ပြီ။ မျက်လုံး တွေ ကွယ်ခဲ့ပြီ။ နှလုံးသားတွေ တစ်စစီပဲ့ကြွေကုန်ကြပြီ။ မြင်မြင်သမျှ အရာရာတိုင်း ကမ်းပါးပြိုသလို တ၀ုန်းဝုန်းပြိုကျ နေကြပြီ။ မအိမ်ကံ အသက်နှစ်ဆယ်တုန်းက ကွမ်းတောင် ပြုတ်ကျခဲ့သည်။ အခု အသက်လေးဆယ်ကျော်ပြန်တော့ သမီး ကိုင်ရမည့် ကွမ်းတောင် ပြုတ်ကျရပြန်ပြီကော။ ငှက်ပျောဖက် စိမ်း၊ ငှက်ပျောဖက်ဝါတို့ရောကာနှောကာ ဖွဲ့ကာယှက်ကာ ထိုးထားသော လက်ရာမြောက် ဖက်ရွက်ကွမ်းတောင်သည် ငွေတန်ဖိုးအားဖြင့်တော့ ဘာမှ မတန်သော်လည်း ထိုကွမ်း တောင်ကိုင်ရသည် ဆိုသော ဘ၀ တန်ဖိုးကတော့ နှိုင်းဆစရာ မရှိလောက်အောင် တန်ဖိုးကြီးလှသည်။
မောင်သက်မင်းကတော့ ဇောင်ချမ်းကုန်းမှာ နှစ်ရက် လောက်နေခဲ့ပါသေးသည်။ မအိမ်ကံက မောင်သက်မင်းကို အပြစ် မတင်ရက်ပါ။

မိုက်မဲသူတစ်ယောက်အတွက် နောက် ထပ်မိုက်မဲမှုမျိုး မလိုချင်တော့သလို၊ ပြောမိတိုင်းရင်နာရတာ ကို မခံနိုင်တာလည်းပါပါ၏။ သက်ဦးဝေနှင့် မအိမ်မြိုင်တို့ သည်လိုဖြစ်သွားကြလိမ့်မည်ဆိုတာကို အဝေးက မအိမ်ကံ မထင်တာမပြောပါနှင့်၊ အနီးကပ်နေထိုင်သူ ဦးလေးသက်မင်း ပင်ရိပ်စားမိလိုက်ပုံ မပေါ်မှတော့ အစကောက်ဖို့ခက်သည်။ သြော် မအေ့ဆန္ဒကလေးဖြည့်များသွားပါဦးတော့လား သမီး ရယ်။ သည်လောက်ပြောပြထားပါလျက်ကနဲ့။ မိုက်လိုက်လေ ခြင်း။ ရှိပါစေတော့လေ။ ဘယ်သူ့ကံကြမ္မာကို ဘယ်သူက ဖန်တီးနိုင်ကြလို့လဲ။ ဘ၀ထဲမှာ ဘယ်သူ့ကိုမှ ပုံသွင်းချင်လို့ မရနိုင်။ ချစ်လှပါသည်ဆိုသော အိမ်ဦးနတ်ဆိုသူကပင် ဇနီး နှင့်သမီးတွေကိုခွဲကာ တောထဲတောင်ထဲအဖော်ခေါ်ရာနောက် သုတ်ခနဲပါသွားသေးတာပဲ။ အားထားမိသော သမီးကြီးက ဆိုင်းမဆင့် ဗုံမဆင့် ထင်ရာစိုင်းခဲ့ပြီ။ သားအဖနှစ်ယောက် မအိမ်ကံကို နှိပ်စက်လို့ ၀သွားလောက်ကြရောပေါ့လေ။

မအိမ်ကံခမျာ အလှူကဒိုးသံ၊ ရွှဲတိုက်သံ၊ မောင်းဆိုင်းသံ တွေကြားရလေ အရူးရင့်လေ။ ရင်တွေ တလှပ်လှပ်ခုန်လာ သည်။ မတ်တတ်က ပြိုလုပြိုခင်။ သည်ကိစ္စ အစ်ကိုမောင် မြတ်သာကို အကြောင်းကြားခိုင်းလိုက်ရသည်။ နို့မို့သူ့ခမျာ တူမကြီးကို တမျှော်မျှော်ရှိရော့မည်။ ဘကြီးမြတ်သာကြားလျှင် ခိုင်လည်း ကြားနိုင်လောက်ပါ၏။ ရှိပါစေတော့။ ရှိကြပါစေ တော့။ တစ်သက်လုံးက မာန်နှင့်ဌာန်နှင့်နေခဲ့သော မအိမ်ကံ ပဲလေ။ ညည်းခံလိုက်ပါဦး။
မအိမ်ကံတို့အိမ်ကို အလှူဖိတ်စာရောက်လာသည့်အခါ မအိမ်ကံ ရင်ကွဲရပြန်သည်။ မအိမ်မြိုင့်သတင်းက တားမနိုင် ဆီးမရ ရွာလုံးကြားခဲ့ကြပြီမဟုတ်လား။ သည်ကိစ္စကို သိုသိပ် ထားချင်လို့လည်း မဖြစ်နိုင်ပါ။ မအိမ်ကံကိုယ်တိုင်ကလည်း သိုသိပ်ထားလိုစိတ်မရှိ။ ရွာ့ကွမ်းတောင်ကိုင်တစ်ယောက် ထပ်ရွေးကြရဦးမှာ မဟုတ်လား။ မအိမ်မြိုင့်သတင်းကြားရသူ တိုင်းက စုတ်တသပ်သပ် ရင်ထုမနာဖြစ်ကြရတာကိုလည်း မအိမ်ကံသိပါ၏။ မိုက်လိုက်တဲ့ကလေးမနှယ်ဆိုသူတွေချည်း။ ကိုစံကောင်းပင် မျက်ထောင့်နီကြီးနှင့်ရောက်လာကာ သေချာ ရဲ့လားမေးနေခဲ့သည်။ သေချာပါသယ် အစ်ကိုလေးရယ် လောက်သာ ဖြေနိုင်ခဲ့သည်။

“အောင်ချာရွှေပြည် တိုင်းရဲ့ဌာနီ ပုံဝေးလို့ကွာခဲ့ပြီ။ မြူမြူ တွေဖုံးပါလို့ မိုးလုံးပတ်လည် တိမ်ပန်းတိမ်နီနော်ကွယ် မင်ဇော် ရန်းတွေနှင့် ဘယ်ဝယ်မြောက်တောင် ဘယ်ဝယ်လေမြောက် တောင်ရော်လို့သာရမ်းရတယ်။ လာလမ်းသိပေါင်လေ”

ဒိုးပတ်သီချင်းသံက မအိမ်ကံကိုများ စောင်းဆိုနေကြ ရော့လား။ အလှူပွဲကြီးကလည်း နီးသထက်နီးလာခဲ့ပြီ။ မအိမ်ကံ အနောက်တန်းရွာတွေဘက် ရှောင်နေရန် စဉ်းစား လိုက်သည်။ အလှူလှည့်လာလျှင် ရင်ကျိုးရတော့မှာကို မအိမ်ကံ မခံနိုင်။ သမီးကွမ်းတောင် မကိုင်ရတာထက် ရွှေမှုံ့ သမီး မှုံနံ့သာ ကွမ်းတောင် ကိုင်ရတော့မှာကို မခံနိုင်ခြင်းဖြစ် သည်။

“ကျေးဥရယ်၊ သင်းတို့ငါ့ကို နိုင်ကြပြန်ပါပကောအေ”

“နိုင်သယ် မဟုတ်ပါဘူး မအိမ်ကံရယ်။ မှုံနံ့သာက ကွမ်းတောင်ကိုင်ရမယ်လို့လည်း သူတို့ကိုယ်တိုင် မျှော်လင့်ထားကြသာ မှုတ်ပါဘူးအေ။ ငါ့အသိဆုံးပါ။ မြိုင့်ကို သူတို့ မယှဉ်နိုင် သာ သိကြပါသယ်။ မအပ်မရာ ဖြစ်ရသယ်လို့လည်း မတွေး ကြပါဘူး။ တလွဲ မထင်ပါနဲ့”

“အိုအေ၊ သူတို့က ဘယ်လိုသဘောထားထား၊ ငါရှုံးသာ ရှုံးသာပါပဲအေ။ ငါရှုံးသယ် ဆိုမှတော့ သင်းတို့နိုင်သာပဲပေါ့။ မအိမ်မြိုင်ကို ခုနေများ တွေ့ရင် အရိုးတစ်ချောင်းစီ ထုတ်ပြီး ပုံပစ်လိုက်ချင်သယ်။ အဲသလောက် နာသယ်။ အင်းလေငါ့သမီး ကိုတောင် ငါရှုံးမှတော့ သူများငါ့ကို နိုင်သာ ဘာဆန်းလို့တုံး”

ကျေးဥခမျာ သည့်ထက်တရားမချဝံ့ပြီ။ အရာအားလုံး ကျေးဥအပေါ် သတ္တုကျလာနိုင်သည်။ မအိမ်ကံ့အနားက အသာခွာခဲ့ခြင်းသာ အကောင်းဆုံး။
သည်လိုနှင့် အလှူဝင်ရန် နှစ်ရက် အလိုကို ရောက်လာခဲ့ ပါ၏။ မန္တလေးက ငှားထားသော ဆိုင်းသည်ပင် ရွာကိုကြို ရောက်နှင့်ကြပြီ။ မဏ္ဍပ်ကြီးက ဟည်းလို့။ ရွာပေါင်းစုံက ဧည့်တွေ လာကြတော့မည်။ မှုံနံ့သာအတွက် ရွှေမှုံတို့ အမျိုးတွေ မန္တလေးဘက် ချိတ်ထည် အ၀ယ်ထွက်ကြသတဲ့။ သမီးအတွက် ဘယ်လောက်ကုန်ကုန် ကုန်ပစေစမ်းတဲ့။ အသားညိုချော မှုံနံ့ သာက အဖြူရောင် ချိတ်ဝတ်လိမ့်မတဲ့။ ရွှေမှုံက ဥဿဖရား ကျောက်မျက်တစ်စုံဝယ်ကြသတဲ့။ မကြားချင်သော်လည်း ကြားနေရသည့် သတင်းတွေ။

အိမ်အပေါ်ထပ်ဆီက တစ်စုံတစ်ရာကျလာခဲ့ကာ အိမ်ရှေ့ မြေပြင်မှာ အစိတ်စိတ် ကွဲကြေသွားတာကို ကျေးဥကြားလိုက် ရသဖြင့် ထွက်ကြည့်သည်။ မအိမ်မြိုင်၏ ဓာတ်ပုံ။ မှန်တွေကွဲ၊ ဘောင်တွေ ကျိုးကြေသွားသော်လည်း ဓာတ်ပုံထဲက မအိမ်မြိုင် က ပြုံးလျက်။ မအိမ်ကံအပေါ်ထပ်က ပစ်ချလိုက်ခြင်းဖြစ်၏။ ကျေးဥက အသာ ကောက်ယူကာ သိမ်းထားလိုက်သည်။

“ဟုတ်ပါရဲ့ မြိုင်ရယ်။ ညည်းလုပ်ရက်လိုက်သာအေ။ ညည်းအမေကို ညည်းမြင်လှည့်ပါဦး”
သည့်နောက်မှာတော့ တိတ်ဆိတ်သွားပြန်လေသည်။

ရွာအလှူက ၁၃၂၆ ခုနှစ် တပို့တွဲလပြည့်နေ့ဖြစ်၍ ထိုရက်သည် မအိမ်ကံ အသက်လေးဆယ့်လေးနှစ်ပြည့်ရန် ဆယ့်တစ်ရက်အလိုဖြစ်သည်။ ဘာလိုလိုနှင့် ကိုပြေသိမ်း ရွာက ထွက်သွားခဲ့တာပင် လေးနှစ်တင်းတင်းရှိခဲ့ပြီ။ ဘယ်လို ဖြစ် သည်မသိ။ သည်ရက်တွေထဲမှာမှ ကိုပြေသိမ်းကို မအိမ်ကံ လွမ်းနေမိသည်။ မကြင်နာစိမ်းသူကြီးရေဆိုသော်လည်း မအိမ်ကံ ချစ်မြတ်နိုးလို့ပေါင်းသင်းလာခဲ့သည့် လင်သား မဟုတ်လား။ တစ်နေ့တစ်ရက်မှ မေ့မရသလို နေ့စဉ်နှင့်အမျှ မေတ္တာပို့ဖြစ်ခဲ့ပါ၏။ သည်အချိန်မှာ သူသာကိုယ့်အနားရှိခဲ့လျှင် ဆိုသည့်အတွေးဖြင့် လွမ်းဆွတ်တသ ရှိခဲ့ရသည်။ သူလည်း မအိမ်ကံကို ချစ်ရှာသူပဲ။ တစ်နေ့ပြန်ရောက်အောင် လာလိမ့် မည်ဆိုတာ မအိမ်ကံ ယုံကြည်မျှော်လင့်နေဆဲဖြစ်၏။

“နွမ်းနယ်တစေ့၊ ရှေးကပါ၊ ကြမ္မာငွေ့ကြောင့်၊ မတွေ့ရ တာ၊ ကြာညောင်းကြာမှ၊ မျက်နှာတူရူ၊ သူလည်းအလာ၊ မယ်သာအမျှော်”ဆိုသလို ကနေ့လား နက်ဖြန်ငယ် ရောက်လာ လေမလား။ ဒါမှမဟုတ် “တို့ချစ်ခြင်းကို၊ ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့၊ သက်ကြီးရွယ်အို၊ မြင်တိုင်း မုန်းစရာ့၊ ကုန်း မအို၊ ရေလို ခန်းခြောက်ပါစေသား”လို့ မမြင်ရသည့် ကံကြမ္မာ ကိုပဲ ကျိန်ဆဲရလေမလား။
သည်ရက်ပိုင်းထဲ မအိမ်ကံစိတ်တွေ ပုံမှန်မဟုတ်တော့ တာတော့ သေချာသည်။ ဘယ်သူ့ကိုမှ အတွေ့မခံတော့ဘဲ အိမ်ကြီးပေါ်မှာ နေခဲ့သည်။ ငယ်ငယ်က ထိုင်နေကျ လေသာ ဆောင်က ခုံရှည်တန်းလျားမှာထိုင်ရင်း ခပ်ဝေးဝေးက သစ်ခင်း တွေကို ငေးနေတတ်သည်။ သွေ့ခြောက်သွားသော အိမ်ကြီး ပေါ်မှာ လူသံသူသံတွေ မရှိတော့ပြီ။ အိမ်မြှောင်စုတ်ထိုးသံက လွဲ၍ အခြားမရှိ။ အလှူရက်မတိုင်ခင် အဝေးဖိတ်နေ့က သည်အိမ်ကြီးဆီကို ထူးဆန်းသော ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။ ထူးဆန်းသည်ဆိုတာက သေလူအဖြစ် သဘောထားခဲ့သူဖြစ်ရုံမက တစ်လျှောက်လုံး ရွာနှင့်မအိမ်ကံ တို့ကို ဒုက္ခအမျိုးမျိုးပေးခဲ့သောသူ ဖြစ်နေခြင်းကြောင့်ပင်။

အလှူအိမ်ဘက်ဆီက ဆိုင်းသံကြားနေရသည်။ ကြေး နောင်သံဖြစ်၏။ မနက်ဖြန်ညဘက် ဆိုင်းဝင်လိမ့်မည်။ သန် ဘက်ခါအလှူကြီး။ ရွာ့ထုံးစံ မနက်ဖြန်အလှူဝင်ရက် ညနေမှာ ရှင်လောင်းလှည့်လိမ့်မည်။ ကနဦးတုန်းကတော့ သည်ရက် တွေမှာ အနောက်တန်းရွာတွေဘက်ရှောင်နေဖို့ စိတ်ကူးခဲ့ပါ ၏။ သို့သော် သွေးကြောင်သော အပြုအမူမျိုးကို မအိမ်ကံ လုပ်လိမ့်မည် မဟုတ်။ သတ္တိနည်းရာကျရော့မည်။ သည်တော့ စိတ်ကိုလျှော့ကာ အိမ်အပေါ်ထပ်မှာပဲ အသာလှဲနေခဲ့သည်။

“မအိမ်ကံ အိမ်ဝမှာလူတစ်ယောက် လာရပ်နေသယ်။ ညည်းနဲ့တွေ့ချင်လို့သဲ့။ အရေးကြီးလို့ပါလို့ ပြောသာပဲအေ့”

“ဘယ်သူများပါလိမ့်”

“မပြောတတ်ဘူး။ ကစုတ်ကညစ်နဲ့”

“ခေါ်လိုက်လေ ကျေးဥ၊ ဘာများပါလိမ့်”

ဧည့်သည်က မအိမ်ကံချပေးသည့်နေရာတွင်ထိုင်သည်။ ပဲမှော်တိုက်နှင့် အိမ်မကြီးကြားက ထန်းကုလားထိုင်နှစ်လုံး မှာပင်ဖြစ်၏။ မုတ်ဆိတ်ကျင်စွယ်များနှင့် စုတ်ပေပေအင်္ကျီ အ၀တ်အစားက ထိုလူ၏မူလရုပ်ရည်ပုံပန်းကို ဖုံးကွယ်ထား သလိုဖြစ်နေသည်။ ကုလားထိုင်နှစ်လုံးမှာ မျက်နှာချင်းဆိုင် ထိုင်ကြပြီးနောက် ထိုလူက အဘိုးကြီးဆောင်း သိုးမွှေးခေါင်း စွပ်ကိုဖြုတ်သည်။ နဖူးပြောင်ပြောင် ဆံမွေးပါးပါးပေါ်လာ သည်အထိ မအိမ်ကံ မမှတ်မိ။ ထိုလူက သူ့ကိုယ်သူ ကျော်ဒင် ပါဆိုတော့လည်း ဘယ်ကျော်ဒင်မှန်းမသိ။ အမှုပွဲစားကျော်ဒင် ဆိုမှ မအိမ်ကံ ပါးစပ် အဟောင်းသားဖြစ်ရတော့သည်။
“မှတ်မိစရာတောင် မရှိတော့ပါလား ကိုကျော်ဒင်ရယ်။ တစ်ကွေ့ကွေ့တော့ တွေ့ကြသေးသာပေါ့ဆိုလို့ တစ်ခေါက် ရောက်လာခဲ့ပြန်သာလား။ တွေ့ကြရုံပေါ့ရှင်”

ကျော်ဒင်က မအိမ်ကံစကားကြောင့် မျက်နှာအိုသွားခဲ့ သည်။ မဟုတ်ရကြောင်း ငြင်းသည်။ တစ်ခါက နိုင်ငံရေး စကားတွေ ကျယ်ကျယ်လောင်လောင်ကြီးပြောခဲ့သော ကျော်ဒင်။ ဂျပန်ခေတ်တစ်လျှောက်လုံး ဂျပန်သတင်းပေးလုပ်ခဲ့ သော ကျော်ဒင်။ အင်္ဂလိပ်ပြန်အ၀င်မှာ ရွာကပျောက်သွားခဲ့ သော ကျော်ဒင်။ မအိမ်ကံတို့ မိသားစုအပေါ်မှာ အငြိုးရှိခဲ့သော ကျော်ဒင်။ မအိမ်ကံစိတ်ထဲမှာ ပုံရိပ်ဟောင်းတွေက စီကာ စဉ်ကာပေါ်လျက်ရှိ၏။ အခုတော့ ထိုကျော်ဒင် အမှတ်မထင် ဆိုက်ဆိုက်ကြီးရောက်လာပြန်ပါပကော။

“ကျုပ် အခုတောထဲက ထွက်ပြေးလာသာ။ ပြောရရင် ဆရာလေး ကိုပြေသိမ်းတို့နဲ့ အတူတူပဲ။ ကျုပ်ပြုခဲ့သဲ့ အကုသိုလ် တွေကတော့ နောက်ဘ၀ကျမှ ခံရုံပေါ့ဗျာ။ ဂျပန်ခေတ် တစ်လျှောက်လုံး ကြီးတော်စံရွှေနဲ့ ပေါင်းပြီး စီးပွားရှာခဲ့သယ်။ ကျုပ်တို့လူမျိုးချင်းဆိုးခဲ့သာထား၊ ကိုယ့်ရွာသူကိုယ့်ရွာသား ချင်းအပေါ်မှာတောင် ကျုပ်မကောင်းခဲ့ဘူး”

“အင်းပေါ့လေ၊ လူဆိုသာ မှားတတ်ပါသယ်။ အမှားမြင် တော့လည်း ပြင်ကြရုံပေါ့။ မအိမ်ကံကတော့ ရှင့်ကိုခေါင်းထဲ တောင် မရှိတော့ပါဘူး။ ရှင်သေပြီဆိုတဲ့သတင်း ရွာရောက် လာတော့ မှန်တာပြောရရင် သည်လိုပဲရှိရမှာပေါ့လို့တောင် တွေးမိသယ်”

“အေးပေါ့ဗျာ၊ သည်လိုပဲရှိကြပါလိမ့်မယ်။ ကျုပ်ကြောင့် ဥစ္စာပျက်စီး လူပျက်စီးတွေ ရှိခဲ့တော့ ကျုပ်လည်း နယ်ကျဉ်း သွားခဲ့သယ်။ နောက်တော့ ကျုပ်လည်း တောခိုလိုက်သယ်။ ကြီးတော်စံရွှေက ကျုပ်ကြောင့် ပိုချမ်းသာလာသာတောင် နောက်ပိုင်း ကျုပ်ကိုဂျပန်နဲ့ လှည့်တိုက်လို့ သွားတွေတောင် ကျွတ်ခဲ့ရသယ်။ သည်မှာတင် ကျုပ်နောင်တရလိုက်သာပဲ။ မအိမ်ကံ အပေါ်မှာလည်း သူအခဲမကျေဘူး မအိမ်ကံရဲ့”

“ကျွန်မ သိပါတယ်၊ ကိုကျော်ဒင်ရယ်။ ထားပါတော့။ အခုက ဘာအကြောင်းများပါလိမ့်”

ကိုကျော်ဒင် ရောက်လာပုံထူးသဖြင့် မအိမ်ကံက ဗြောင်ဖွင့် မေးလိုက်သည်။ သူလည်း တောထဲ ရောက်သွားပြီ ဆိုတော့ ကိုပြေသိမ်းက လွှတ်လိုက်တာပဲဖြစ်ရမည်။ သည်လို အချိန်မှာ ကိုပြေသိမ်းထံက ကောင်းသတင်းလည်း မကြားချင်၊ ဆိုးသတင်းလည်း မကြားချင်။ ကိုပြေသိမ်း လူကိုယ်တိုင်ကိုယ် ထင်ပြလာမှာကိုပဲ မျှော်လင့်သည်။ လူလုံးမှ လာမပြနိုင်လျှင် ဘ၀နှစ်ခုခြားနေကြရမှတော့ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

“ဆရာလေးအကြောင်းပဲ မအိမ်ကံ။ ကျုပ်ကို ဘယ်သူ ကမှ သတင်းပေးလွှတ်လိုက်သာ မဟုတ်ပါဘူး။ ဒါပေသိ ကျုပ်ရွာကိုရောက်အောင်သွားမယ်၊ ဖြစ်အောင်ပြောမယ်ဆိုပြီး လာခဲ့သာပဲ။ အန္တရာယ်ကြီးပါသယ်ဗျာ။ မပြောလို့ကလည်း မဖြစ်တော့”
“ပြောပါ ကိုကျော်ဒင်”
“ဆရာလေး တောထဲမှာကျသွားပြီ မအိမ်ကံ။ တစ်လ လောက်ရှိပြီ။ ဖြစ်ပျက်ပုံတွေတော့ ထားပါတော့ဗျာ။ စိတ် မချမ်းသာစရာတွေပါ။ ကျုပ် ဒါကိုလာပြောဖြစ်အောင် ပြော သာပဲ။ ကျုပ်အမှားတွေကို မအိမ်ကံ ခွင့်သာလွှတ်တော့”
မအိမ်ကံမျက်လုံးတွေက နေရာမရွေ့စတမ်း ကြောင် ကြောင်ကြီးငေးလျက်ရှိ၏။ မျက်တောင်မခတ်၊ မျက်လုံးအိမ် မရွေ့၊ လူကလည်း တောင့်တောင့်ကြီးမတ်သွားတော့သည်။
ထူးဆန်းလှချည့်လား။ သည်အိမ်ကြီးထဲက တစ်ဦး တည်းသော အဝေးရောက်နေသူကိုပင် ကံကြမ္မာက မညှာခဲ့ ပါလား။ ကိုပြေသိမ်းအပေါ် နာတုန်းကနာခဲ့သော်လည်း တောထဲမှာ ကျဆုံးပြီဆိုတော့ ကြေကြေကွဲကွဲခံစားရပါ၏။ လင်သား ရယ်လို့ ဘေးမှာ ငုတ်တုတ် မရှိသည့်တိုင် အဝေးမှာရှိနေသည် ဆိုသောစိတ်က ဖြေသာခဲ့သေးသည်။ မအိမ်မြိုင် မလိမ္မာခဲ့ သည့်တိုင် မအိမ်ခိုင်ရယ်လို့ မျှော်လင့်ချက်ရှိသေးသည်။ အခုတော့ ခိုင်ကလေး အတွက်ပါ မအိမ်ကံတို့မှာ လင်စုံမယားဖက် မဖြစ်နိုင်တော့ပြီ။ မိစုံဖစုံ မရှိရှာတော့ပြီ။

“မအိမ်ကံ၊ မအိမ်ကံ”

“မအိမ်ကံ သတိရှိပါသယ် ကိုကျော်ဒင်။ သည်လိုသိရတော့ သူ့အတွက် မအိမ်ကံ ကုသိုလ်ကောင်းမှုပြုပြီး အမျှ အတန်းဝေနိုင်သာပေါ့။ ကျေးဇူးလည်း တင်ပါသယ်။ ကိုင်း ပြန်ပါရော့ ရှင်။ ဘာများလိုအပ်သေးတုံး”

“မလိုပါဘူး မအိမ်ကံ။ ကျုပ်တာဝန်ကျေပါပြီ။ လူ သူတော်ကောင်း တစ်ယောက် ကျဆုံးခဲ့ပြီပေါ့ဗျာ”

အမှုပွဲစားကျော်ဒင်ပြန်သွားတော့ မအိမ်ကံ ကုလားထိုင်မှာပဲ ဆက်ထိုင်နေခဲ့သည်။ အိမ်မကြီးဘက်က သံစုံနာရီမြည် သံ နှစ်ချက်ကြားလိုက်ရသည်။ နေ့ခင်း နာရီပြန်နှစ်ချက်။ အလှူအိမ်ဆီက ကြေးနောင်သံက လွမ်းစရာ ကောင်းလှသည်။ ကနေ့ အဝေးဖိတ်။ မနက်ဖြန် အဖိတ်နေ့ အလှူဝင်၊ သန်ဘက်ခါ အလှူကြီး။ မအိမ်ကံ မျက်စိထဲမှာ ကြိုးကြီးချိတ်အဖြူဝတ် ထားသော၊ ဥဿဖရားကျောက်မျက်စုံဆင်ထားသော ကွမ်းတောင်ကိုင် မှုံနံ့သာကို မြင်ယောင်နေခဲ့သည်။ မအိမ်ကံ အံကို တင်းတင်းဖိကြိတ်လိုက်သည်။ သွားချင်းပွတ်သံကိုပင် ကြား လိုက်ရ၏။ ကျေးဥကို လှမ်းခေါ်လိုက်သည်။ ကျေးဥရောက် လာတော့ မအိမ်ကံဘေးမှာ ၀င်ထိုင်သည်။ မအိမ်ကံက အသံကို ထိန်းကာ တည်တည်ငြိမ်ငြိမ်ပဲပြောရှာပါ၏။

“ကိုကျော်ဒင်လာသာ သတင်းဆိုးပါလာသယ် ကျေးဥ။ ညည်းဆရာလေး ကိုပြေသိမ်း တောထဲမှာကျသွားပြီတဲ့။ ဆုံးရှာပြီပေါ့အေ။ တစ်လလောက်တောင်ရှိပြီတဲ့။ ကိုကျော်ဒင်က ဒီသတင်း ငါ့ဆီကို ရောက်အောင်လာပို့သာလေ။ ညည်းဆရာလေး အတွက် ကုသိုလ် ကောင်းမှုပြုရမှာပေါ့။ ညည်းပဲ စီစဉ်ပါ သူငယ်ချင်းရယ်”

ကျေးဥမျက်နှာလေး ညှိုးချုံးသွားရာက အသံမထွက်ဘဲ မျက်ရည်တွေတွေ ကျလာခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ မအိမ်ကံကိုသာ ကြည့်နေလိုက်သည်။ ကျေးဥမှာ ပြောစရာ စကား မရှိတော့။ နှစ်သိမ့်စရာစကား မကျန်တော့။ မအိမ်ကံ ပြောမည့်စကားကိုသာ စောင့်စားနေခဲ့ပါ၏။ မအိမ်ကံကတော့ တည်ငြိမ်လွန်းလှသည်။ မအိမ်ကံ မျက်ရည်တစ်စက်မကျတာ ကို ကျေးဥအံ့သြရသည်။ တကယ်ဆို မအိမ်ကံ ဆောက်တည် ရာမရဖြစ်ဖို့ကောင်းသည်။ ရင်တွေပေါက်ထွက်သွားအောင် အော်ဟစ်ငိုပစ်လိုက်ဖို့ကောင်းသည်။ အခုလို အေးစက်ထုံကျင် တည်ငြိမ်နေတာမျိုး ကျေးဥမကြိုက်။ မကြိုက်ဆိုတာထက် ကြောက်ဖို့ကောင်းသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။

“သည်အိုးသည်အိမ်ဟာ ငါ့အိုးငါ့အိမ်လို့တောင် ပြောဖို့ ခက်ပြီကော ကျေးဥရယ်။ ဘ၀တွေများ ကြောက်စရာကောင်း ချက်တော့အေ။ သြော် ကြီးတော်စံရွှေ၊ ကြီးတော်စံရွှေ။ မနက်ဖြန် သူ့မြေး မှုံနံ့သာ ကွမ်းတောင် ကိုင်ရတော့မယ်။ ငါ့မှာတော့ တွေးသော်လည်းမဟန် ကြံသော်လည်း မထိုက်။ သူတို့မှာသာ ဖုတ်သွင်းရထားဆိုက်ရသဲ့ကိန်းပါလားအေ”

“တရားနဲ့ဖြေပါ မအိမ်ကံရယ်။ ငါလည်း မချိတော့ပါ ဘူး။ ဖြစ်လာမှတော့ ရင်စည်းခံကြရုံပေါ့။ သည့်ထက်ဆိုးစရာ လည်း မရှိတော့ပါဘူးအေ။ ညည်းမှာအစ်ကိုရှိသယ်၊ သမီး ရှိသယ်။ သည်စည်းစိမ်တွေထုခွဲပြီး ညည်းရန်ကုန်လိုက်သွား စေချင်သာပဲ။ တို့တော့ မငဲ့ပါနဲ့အေ။ တို့က တောမှာနေတတ် စားတတ်ပါသယ်”
မအိမ်ကံက တစ်ချက်ပြုံးလိုက်သည်။ နာကြည်း ဆွေး မြည့်သောအပြုံး။

“ငါ ထွက်မပြေးဘူး ကျေးဥ။ ရှုံးကြက်အဖြစ်မခံဘူး။ ငါ နိုင်ရမှာပေါ့။ ကွမ်းတောင်ကိုင်ဖြစ်ရဖို့ ငါကိုယ်တိုင် အနှစ် နှစ်ဆယ်စောင့်ခဲ့ရသယ်။ မဖြစ်ပြန်ဘူး။ တကယ်တော့ ဘာမှ မဟုတ်ပါဘူးအေ။ လူတွေကုန်မှ ငါနောင်တရခဲ့ပါပြီ”

“အေးပါအေ။ သည်စကားကြားရသာ ငါစိတ်ချမ်းသာ ပါသယ်”

“ညည်းမှတ်မိသေးလား ကျေးဥ။ မမစိမ်းမြရဲ့ အဖြစ်ကိုလေ။ သူကွမ်းတောင်ကိုင်ရမယ့် ညမှာ ရွာဓားပြ ၀င်တိုက်ရာက လူတစ်ယောက်သေနတ်မှန်လို့ သေရသယ်။ ရွာမှာ နာရေးပေါ် တော့ သာရေးကနောက်ဆုတ်ပေးခဲ့ရသယ်။ သူ့ဟာသူ နာရေး ပေါ်သဲ့ကိစ္စမှာ မဆီမဆိုင် မမစိမ်းမြက ကွမ်းတောင်ကိုင် လာဘ်ဦးလွဲခဲ့ရရှာသယ်။ ကွမ်းတောင်ကိုင်ရခါနီးမှ လက်ထဲက ပြုတ်ကျခဲ့ရသာများ ငါ့တစ်သက်မမေ့ဘူး”

“ဒါတွေ တွေးမနေပါနဲ့တော့ သူငယ်ချင်းရယ်။ ညည်း သာ ကျန်းမာအောင်နေပါ”

“အေး အေး၊ သွားတော့။ ငါသည် ပဲမှော်တိုက်နားမှာပဲ တစ်မှေး အိပ်လိုက်စမ်းပါရစီဦး။ ညည်းလုပ်စရာရှိတာသာ သွားလုပ်တော့နော်”

နောက်ဆုံးတော့ မအိမ်ကံ စကားတွေက နူးညံ့ပျော့ပျောင်း လို့နေသည်။ ကျေးဥ ကုလားထိုင်က ထလာခဲ့သည်။ မအိမ်ကံ ခုတစ်လော သည်ကုလားထိုင်ဟောင်း နှစ်လုံးမှာ နာရီနှင့်ချီကာ ထိုင်လေ့ရှိသည်။ တစ်လောက ဖျားခဲ့ပြီးပြီ။ စိတ်ထောင်းရ သည့်ကြားထဲ ကိုယ်မကျန်းမာမှာကို ကျေးဥ စိုးရိမ်သည်။ ကျေးဇူးရှင် သူငယ်ချင်းမအပေါ် တစ်ခုပြီးတစ်ခု ကျရောက် လာသော အကုသိုလ်တွေ သည်မှာတင် ရပ်စေချင်ပြီ။ ရှင်ကွဲ ကွဲခဲ့ရသော လင်သားခမျာ သေကွဲပါကွဲခဲ့ရပြီ။ ဖအေဆုံးတာကို မအိမ်မြိုင် သိစရာမရှိ။ မအိမ်ခိုင်လည်း သိဦးမှာ မဟုတ်။ မအိမ်ကံကွယ်ရာ အိမ်မကြီးဆီ ရောက်တော့ တင်းဆည်ထားရ သမျှစိတ်ကို ကျေးဥ လွှတ်ပစ်လိုက်သည်။ ကြမ်းပြင်မှာ လူး လှိမ့်ပြီးအားရအောင် ငိုသည်။ မျက်ရည်မကျန်တော့လောက် အောင်ငိုပြီးမှ ကျေးဥထလာခဲ့သည်။

ကျေးဥက နွားစာကျွေးသည်။ ရေ သုံးလေးခေါက် ပြေးခပ်လိုက်သေးသည်။ အပြန် ဟင်းအိုးတွေ နွှေးသည်။ အဖေ ဖိုးငွေနှင့် မြေးနှစ်ယောက်က ဘုန်းကြီးကျောင်းက အခေါ်လွှတ် သဖြင့် သွားကြသည်။ ခင်ပွန်းသည် ကိုဖိုးတုတ်နှင့် ဖိုးကူး ညီအစ်ကိုကတော့ အခင်းထဲမှာပဲ ရှိကြဦးမည်။ အိမ်မကြီးဘက် ကူးလာတာတော့ မမြင်။ မအိမ်ကံ အိမ်မကြီးပေါ် မနေတာ ကြာပြီ။ အိမ်မကြီးက အခန်းတွေ လွတ်နေတာကို မကြည့်ရက် တာလည်း ပါလိမ့်မည်။ ကျေးဥက အိမ်ဝိုင်းအနှံ့ ဟိုဟိုသည် သည် လျှောက်ကြည့်သည်။ မအိမ်ကံအရိပ်အယောင်ပင် မတွေ့။ ပဲမှော်တိုက် လှေကားရင်းမှာ ဖိနပ်ကလေး ချွတ်ထား တာ တွေ့လိုက်ရသည်။

ပဲမှော်တိုက်ပေါ်မှာ တကယ်တော့ လှဲစရာ လျောင်းစရာ နေရာမရှိ။ ပြောင်းရိုးခြောက်နှင့် ပဲရိုးကြေတွေသာ ရှိသည်။ သံစုံနာရီကြီး လေးချက်ထိုးသံနှင့် အတူ ပဲမှော် တိုက်လှေကား ကတစ်ဆင့် ပဲမှော်တိုက်ပေါ် ကျေးဥ တက်လာခဲ့သည်။ လှေကားခုံပေါ် ရောက်ပြီဆိုသည်နှင့် မအိမ်ကံက ကျေးဥကို မျက် တောင်မခတ်စတမ်း လှမ်းကြည့်နေသည်။ ပြူးအစ်နေသော မျက်လုံးများဖြင့် ကြည့်နေခြင်းဖြစ်၏။ ချိန်သီးလို ချာချာ လည်နေသည့် မအိမ်ကံ။

“မအိမ်ကံရေ၊ အံမယ်လေး လာကြပါဦး၊ လာကြပါ ဦးတော် အံမယ်လေး”

အာခေါင်ခြစ် အော်လိုက်သော ကျေးဥအော်သံက ချောက်ချားစရာ ကောင်းလှသည်။ မအိမ်ကံ၏ ခန္ဓာကိုယ်ကြီးက တစ်ဖက်ကို လည်သွားချိန်မှာတော့ လှေကား ခြေရင်းကို ကျေးဥ ခုန်ဆင်း မိခဲ့ပြီ။ ကြားသမျှသော လူတွေ ပဲမှော်တိုက်ရှိရာ ၀ိုင်းတိုက်ထဲကို အပြေး ရောက်လာကြလေ၏။ ဤသို့ဖြင့် နောက်တစ်ရက် အဖိတ်နေ့တွင် အားကြီးအား မောင်းကျင်းပရန် အရက်ရက် အလလက တည်းက ရွာလုံးကျွတ် သိုင်းခဲ့ဝိုင်းခဲ့ကြသော အလှူပွဲကြီး ပျက်ခဲ့လေပြီ။ အလှူပွဲပျက် ခဲ့သကဲ့သို့ ကြိုးကြီးချိတ် အဖြူ၊ ဥဿဖရား ကျောက်အစုံဖြင့် လှပတင့်တယ်စွာ ဖက်စိမ်း ကွမ်းတောင်ကိုင် ရမည့် မှုံနံ့သာ သည်လည်း ကွမ်းတောင်ကိုင် လာဘ်ဦး လွဲခဲ့ရလေသည်။

လေးစားစွာဖြင့်
ရီနိုမာန်

March 17, 2010

မအိမ်ကံ ( for Mar ) အပိုင်း ၃

၁၃၂၅ ခုနှစ်။
အစ်ကိုမောင်မြတ်သာ ရွာကို တစ်ခေါက် ရောက်လာခဲ့ သည်။ အစ်ကို ရောက်လာတော့လည်း အားရှိရသား။ သည် တစ်ခေါက် အစ်ကိုတို့ ဇနီးမောင်နှံ လာကြတာ သမီးငယ်ခိုင်ကို လာခေါ်ကြခြင်းဖြစ်၏။ ခိုင်ကလေးကလည်း ပျော်နေသည်။ မအိမ်ကံကတော့ အစ်ကိုနှင့်ယောက်မ ရွာကိုရောက်သခိုက် အဖေနှင့် အမေတို့ ပိုင်ဆိုင်ခဲ့သမျှ ပစ္စည်းစာရင်းကိုချပြသည်။ အစ်ကိုက ထန်းတောနှင့် ယာတောတွေကို မအိမ်ကံကိုပဲ ပေးရှာ သည်။ အတွင်းပစ္စည်းအချို့ကိုလည်း မအိမ်ကံဖြစ်စေချင်သလို လက်ခံခဲ့ပါ၏။ မအိမ်ကံကလည်း မရိုးမသားမရှိ။ ရှိသမျှ ချပြခြင်းဖြစ်သလို မောင်မြတ်သာကလည်း နှမ၏သီလကို ယုံကြည်သည်။

“အစ်ကို ဒါတွေလာယူသာ မဟုတ်ပါဘူး ငါ့နှမရယ်။ညည်းက ယူပါတော့ ယူပါတော့ဆိုလို့သာပါ။ ဘာတွေရှိမှန်း လည်း အစ်ကိုမသိဘူး။ မြေတွေထန်းတောတွေ အိမ်ခြံဝိုင်းတွေ အစ်ကို စာချုပ်စာတမ်း လုပ်ပေးထားခဲ့မယ်။ အစ်ကို လာမနေဖြစ် တော့ပါဘူး။ မြို့မှာပဲ ခြံကလေးတစ်ခြံဝယ်ထားပြီးပြီ။ အခု တော့ စစ်ရုံးကပေးတဲ့ အိမ်မှာနေတာဆိုပေသိ မြိုင်တို့ ခိုင်တို့နဲ့ အတူနေဖို့ အိမ်ဆောက်မယ်”




“စာချုပ်စာတမ်း မလိုပါဘူး အစ်ကိုရယ်။ သည်မောင်နှမ ရှိသာပဲဟာ။ အစ်ကို လာနေတော့လည်း မအိမ်ကံ ၀မ်းတောင် သာရဦးမှာပါ”

“မဟုတ်ဘူး ကံကလေးရဲ့။ တို့ကအရွယ်ရကြပြီ။ နောင် လာနောက်သားတွေက တို့လို စိတ်ရှိချင်မှ ရှိမှာကိုး။ စာချုပ်စာတမ်းနဲ့ တရားဝင်အောင် လုပ်ကြရသယ်”

“အစ်ကို့သဘောပါ အစ်ကိုရယ်။ အားလုံး ခွဲစိတ်ပြီးကြရင် မအိမ်ကံ ရက်ကန်းရုံဖြုတ်တော့မယ်။ သမီးနှစ်ယောက် အစ်ကို့ ဆီမှာ နေကြရင် မအိမ်ကံ တစ်ယောက်တည်းကျန်မှာပဲ။ ကျေးဥ တို့တစ်တွေနဲ့ မအိမ်ကံ ယာခင်းကိုင်းခင်းက ထွက်သာနဲ့စား လောက်ပါသယ်။ အစ်ကို့ တူမနှစ်ယောက် အစ်ကိုတာဝန်ယူ တာကိုပဲ မအိမ်ကံ ၀မ်းသာလှပါပြီ”

“ကောင်းတာပေါ့ ငါ့နှမရာ။ အပင်ပန်း မခံပါနဲ့တော့။ အစ်ကိုလည်း သွားသွားလာလာ ရှိမှာပါ။ သည်တစ်ခေါက် ခိုင် ကလေးကို အစ်ကိုတို့နဲ့ တစ်ပါတည်း ခေါ်သွားမယ်။ မြိုင်စာမေး ပွဲပြီးရင်တော့ ညီအစ်မ နှစ်ယောက်စလုံး အစ်ကို စောင့်ရှောက် ထားမှာပါ။ အစ်ကို့ တူမတွေ တက္ကသိုလ် ကျောင်းသူကြီးတွေ ဖြစ်လို့ ပညာစုံသွားရင် အစ်ကိုလည်း နားမယ်”

သည်လိုနှင့်ပင် မအိမ်ခိုင်မြို့ကို ပါသွားခဲ့သည်။ ကျေးဥ ကတော့ ငိုလို့ပင် မဆုံးနိုင်။ မအိမ်ကံကလည်း တစ်ယောက် ပဲ့ရပြန်ပြီဆိုသည့်စိတ်ဝင်လာ တော့ ရင်မှာနာလှပါ၏။ သမီးငယ် ခိုင်ကတော့ မြို့ကျောင်း သွားတက်ရမှာကို ၀မ်းသာနေ ရှာသည်။ တစ်ချက်ကလေး မျက်နှာ မညှိုးတာကိုပဲ မအိမ်ကံ ရင်အေးရသေးသည်။ ခိုင်ကလေး တငိုငိုတရယ်ရယ် ဆိုလျှင် စိတ်မကောင်းဖြစ်ရဦး မည်။ မျက်ရည်လည်ရွဲ ဖြစ်နေသည့် ကျေးဥကတော့ မအိမ်ခိုင် သွားခါနီးမှာပင် ထမင်း ခွံ့နေရှာပါ၏။

“ဒါကျေးကျေး နောက်ဆုံးခွံ့တဲ့ ထမင်းပေါ့အေ။ ကျေး ကျေးတော့ ထမင်းစားတိုင်း မျက်ရည်ကျရတော့မယ်နဲ့ တူပါရဲ့။ ငါတို့မှာတော့ ပညာမတတ်လို့လည်း ဘာပြဿနာမှ မရှိပါဘူး။ ငါ့သားနှစ်ယောက်လည်း ယာထဲကိုင်းထဲ လှည်းထဲ လှေထဲ သူ့အဘိုး သူ့အဖေတို့လိုကြီးကြဖို့ပါပဲ။ ညည်းတို့သာ ခွဲကြရ ခွာကြရ သံယောဇဉ် မရှိခဲ့ရင် ကောင်းသား။ ခုတော့ ကျေးကျေး ရင်နာလှသအေ”

ကျေးဥစကားကြောင့် မအိမ်ကံပင် မျက်ရည်တွေတွေ ကျခဲ့ရသည်။ ဟုတ်ပါရဲ့။ ဖအေကျောင်းဆရာ ပညာတတ်ရဲ့ သမီးတွေဆိုတော့ ပညာရှိရာ လိုက်ကြရတာပါလားလို့ တွေးမိ သည်။ နောင်နှစ်ဆိုလျှင် မအိမ်မြိုင်ပါ လိုက်ရတော့မည်။ အစ်ကို မောင်မြတ်သာက မြိုင့်ကိုလည်း ရန်ကုန် တက္ကသိုလ်မှာပဲ ကျောင်းထားမည်ဆို၏။ အတန်းတွေပြီးတော့ကော သမီးတွေက တောကိုပြန်လာကြမှာတဲ့လား။ မအေ့ ရင်ခွင်ကို ပြန်ခိုကြပါ ဦးမလား။ မြို့မှာပဲ အိမ်ထောင်ရက်သားတွေကျကြလို့ မြို့မှာပဲ အလုပ်တွေ အကိုင်တွေနဲ့နေကြလေမလား။ သူတို့ဘ၀ သူတို့ အခြေ ရေမြင့်သလို ကြာလည်းမြင့်ကြပြီဆိုရင်တော့ ထမြစ် (ထန်းမြစ်)စားချင်လို့ ရွာပြန်နေကြမှာ မဟုတ်တော့။ လှည်း စီးချင်လို့ ရွာ စိတ်ရောက်စရာမရှိ။ မအေတောသူမကြီးက ကော။ သည်အိမ်သည်ဝိုင်း သည်ရွာကလေးကို ခွာပြီး မြို့ဆို တာကြီးကို စမ်းတ၀ါးဝါးလိုက်နေမည့်သူမဟုတ်။ သည်က တည်းက ဝေးကြရပြီဆိုတာ မအိမ်ကံသိနှင့်ပြီ။
သည်အိမ်ကြီးက လူတွေ တစ်ယောက်စီ တစ်ယောက်စီ ခွာကြရပြီ။ အဖေဆုံးသည်။ အမေဆုံးသည်။ မလှအုံဆုံးသည်။ ကိုပြေသိမ်းရှင်ကွဲကွဲရပြီ။ အခုသမီးငယ် ခိုင်ပါရပြန်ပြီ။ နောင်နှစ် သမီးကြီးမြိုင်ပါလိမ့်ဦးမည်။ ဟိုတစ်ချိန်က မီးခိုးမစဲ မီးမစဲ ရှိခဲ့သည့်အိမ်ကြီးမှာ အခုတော့ အခန်းလွတ်တွေများခဲ့ပြီ။ နေ့မီး ညမီး မဆက်တော့ပြီ။

“သမီးဘကြီးနဲ့ ကြီးကြီးစိမ်း ပြောသဲ့စကားကို အမေပြော သဲ့စကားလို အောက်မေ့ပါ။ ပညာကို စိတ်နှစ်ပြီးသင်။ အမေ့ကို မငဲ့နဲ့နော်သမီး။ အမေ နေတတ်သယ် ကျေးကျေးလည်း ရှိသယ်။ သမီးအတွက်စားဖို့ သောက်ဖို့ သုံးဖို့စွဲဖို့အမေပို့ပေးမယ်။ အမေလည်းလာမှာပေါ့။ သမီးလည်းလာခဲ့ပေါ့။ အမေမေတ္တာပို့ နေမယ်။ သမီးလေးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် တစ်လုံးတစ်ဝတည်းပြည့်စုံပါစီတော်”

မအိမ်ကံစကားတွေကို အားတင်းပြီးတုန်တုန်ရီရီပြောခဲ့ ရသည်။ ခိုင်က ထိုင်ကန်တော့သည့်အခါ သည်စကားတွေကို အားတင်းပြီးပြောရ၏။ လှိုက်တက်လာသော ဝေဒနာကကြီး မားလွန်းသဖြင့် ဆုကိုပင် မနည်းပြီးအောင် ပေးခဲ့ရသည်။
ခိုင်တို့လှည်းထွက်သွားတော့ မအိမ်ကံ ခြံဝအထိလိုက်ပို့ သည်။ ရွာအထွက်အထိ လိုက်ပို့ချင်သော်လည်း မအိမ်ကံ ဒူး မခိုင်ချင်တော့။ အိမ်ကြီးဘက်ကို ပြန်အလှည့်မှာတော့ အိမ်ကြီး က အခွံချည်း ကျန်ရစ်ခဲ့သလို မအိမ်ကံ ခံစားလိုက်ရသည်။ အိမ်ကြီးထဲမှာ ကျေးဥ၏ ငိုသံသာ ရှိတော့၏။ မအိမ်ကံက ပဲမှော် တိုက်နှင့် အိမ်မကြီးကြားက ထန်းပက်လက် ကုလားထိုင်တွေဆီ ရောက်လာခဲ့ရပြန်ပြီ။
မအိမ်ကံလည်း ငိုခဲ့ရသည်ပင်။

၁၃၂၅ ခုနှစ်အတွင်း အစိုးရ အပြောင်းအလဲဖြစ်ခဲ့သည့် နောက်ပိုင်း ရပ်ရွာ အုပ်ချုပ်ရေးတွေကလည်း ပြောင်းလဲသွားခဲ့ သည်။ မြို့မ ကျေးရွာ ရပ်ကွက်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ ဆိုသည့်အဖွဲ့တွေမှာ သာအောင်ပါ မလာနိုင်တော့။ ရွာက လူရေးလူစွာရှိသော ကိုစံကောင်းကို ရွာဥက္ကဋ္ဌတင်မြှောက်ခဲ့ ကြသည်။ ကိုစံကောင်း ရပ်ရွာကို ချုပ်ကိုင်ခွင့်ရလာသည့် အခါ မအိမ်ကံအဖို့ အားကိုးခဲ့ရသည်။ ကိုစံကောင်းက လူဖြောင့် လူမှန်ဆိုတော့ အများ၏ကိုးစားခြင်းခံရသူ ဖြစ်သည်။ ၁၃၂၅ ခုနှစ်အတွင်း ဇောင်ချမ်းကုန်းမှာ အလှူကြီးတစ် လှူရှိသည်။ ကိုစံကောင်းတို့ကိုယ်တိုင် ၀ိုင်းကြ၀န်းကြရှိရပြီ။ အလှူကတောင်သူကြီးဖြစ်သော ကိုမောင်သိန်းနှင့် မချောရင် တို့အလှူ။ တောင်သူကြီးဆိုတော့ အလှူကြီး ပေးနိုင်ကြသူတွေမို့ ၀က်ဝက်ကွဲစည်မည့် အလှူလည်းဖြစ်၏။ အလှူမတိုင်ခင် တရားပွဲ သုံးညကျင်းပမည်။ အလှူအ၀င်ညမှာ မန္တလေးဆိုင်း ငှားထားသည်။ အလှူက လေး၊ ငါးလလောက် လိုသေးသော် လည်း ရွာရပ် ထုံးစံတာဝန်တွေ အသီးသီးခွဲဝေနှင့်ကြပြီ။

ထူးခြားသည်မှာ ရွာ့ကွမ်းတောင်ကိုင်ချောညို အိမ်ထောင် ပြုခဲ့သည့် နောက်ပိုင်း ရွာ့ကွမ်းတောင်ကိုင် အသစ်ရွေးဖို့ ရွာက ရွာ့အပျိုတွေကို အကဲခတ် နေကြချိန်ဖြစ်၏။ ဇောင်ချမ်းကုန်းသူ ကလေးတွေက ပင်ကိုအားဖြင့် ရုပ်ရည်ရူပကာ တင့်တယ် လှပကြသူများ ဖြစ်၍ ခေါင်ကောက်ရွေးနိုင်သော်လည်း ကွမ်း တောင်ကိုင်ဖြစ်ဖို့ဆိုတာ လွယ်လှသည်မဟုတ်ပါ။

“ကျော်တင့်သမီးကလေး ချောပါ့အေ။ ခမျာ နွမ်းပါးရှာ လို့သာ”

“တောကျော်တို့၊ ငှက်မတို့သမီး စိန်သွယ်လည်း မဆိုးပါဘူး”

“တောကျော်နဲ့ ငှက်မက ကြီးပေါင်းတွေ။ ငယ်လင် ငယ် မယားမှ မဟုတ်သာ”

“ကျုပ်မျက်စိထဲမတော့ ရွှေမှုံတို့ သာအောင်တို့သမီး မှုံနံ့သာကိုပဲ မြင်သတော်”

“ခင်ဗျားက စပ်ရင် အမျိုးကိုးဗျ။ သဟာက ဘက်လိုက်လို့ ဖြစ်သာမှုတ်ဘူး”

“မအိမ်ကံ သမီးထက်များ ဘယ်သူကသာဦးမှာတုံးတော့်။ ရုပ်ရည်တော်၊ စည်းစိမ်တော်၊ ပညာတော်၊ မိဦးဘဦးတော်၊ မိဘတွေက ငယ်လင်ငယ်မယားတော်၊ အကျင့်စာဂကောင်းသ တော်”

“မအိမ်ကံသမီး မအိမ်မြိုင်လား။ သည်ကလေးမဆိုလို့ ကတော့ သည်နားရွာတွေ နောက်ကောက်ကျရုံပေါ့။ ရေ သောက်သာတောင် လည်ချောင်းထဲ ဆင်းသဲ့ရေ မြင်ရသဲ့ မိန်းမ မျိုး”

“မအိမ်မြိုင်က မြို့နေ မြို့ကြီး ပညာတတ်နေပြီဟဲ့။ တောကိုလာပြီး ကွမ်းတောင်ကိုင်ပါ့မလား”

“သြော် မြို့က ဆယ်တန်းဖြေပြီးလို့ ရွာရောက်နေသယ် တော်။ ညည်းဘယ်အိပ်ပျော်နေသာတုံး။ ရွာက ကောက်ရင် နေရမလားဟဲ့”

ရွာ့အသံတွေက တစ်ယောက်တစ်ပေါက်ပင်။ ရွာအပျိုတွေ အားလုံး စေ့ငှအောင် အကဲခတ်ကြသည်။ ရွာအပျိုကချည်း သုံးလေးဆယ် ရှိနေသဖြင့် သူ့ဘက်ကိုယ့်ဘက် ဆွဲကြတာလည်း ရှိ၏။ သူ့အမျိုး ကိုယ့်အမျိုး ကွမ်းတောင်ကိုင်ဖြစ်စေရေး ဆွယ်တရား ဟောကြတာတွေကလည်း ကွမ်းတောင်ကိုင်ရွေးရမည် ဆိုတိုင်းကြားရသည့် အသံတွေ ဖြစ်သည်။ ရွာ့ကွမ်းတောင်ကိုင် လက်စ ချောညို အိမ်ထောင်ကျပြီဆိုတော့ လာမည့် အလှူမှာ ကွမ်းတောင်ကိုင်ရှိမှ ဖြစ်တော့မည်။ မရွေးမဖြစ် ရွေးရတော့မည်။ ရွာဥက္ကဋ္ဌ ကိုစံကောင်းကတော့ သည်ကိစ္စကို ခပ်ရှောင်ရှောင် နေခဲ့သည်။ မအိမ်မြိုင်က သူ့တူမ ၀မ်းကွဲဆိုတော့ ရွာကရွေး ကြသည့် ကိစ္စမှာ သူ့ပယောဂ မပါချင်။ တစ်ရက် မအိမ်ကံတို့ အိမ်ကို ရောက်သဖြင့် သူ့သဘောထားကို ပြောဖြစ်ခဲ့သည်။

“ငါကြားရသလောက်တော့ ငါ့နှမရဲ့၊ မှန်သာပြောသာ နင့်သမီးပဲ မဲပေးနေကြသာပဲ။ ဒါပေသိ”

“ဘာ ဒါပေသိလဲ အစ်ကိုလေးရဲ့။ ရွေးစရာ မလိုသဲ့ဟာ ရွေးနေကြရော့လား။ ထောပတ်တင်လဲ အိုးတွေ့နေသာတောင် ထမင်းအိုးချိုး ခြစ်နေကြသာများ အစ်ကိုလေးရယ်”

“သူ့ဘက်ကိုယ့်ဘက် ဆွဲကြသာပေါ့ဟာ။ မြောက်ပိုင်းက မြောက်ပိုင်းသူ ဖြစ်စေချင်သယ်။ တောင်ပိုင်းက တောင်ပိုင်းသူ ဖြစ်စေချင်သပေါ့ဟာ။ အများကတော့ မအိမ်မြိုင်ကို အသံမြည် ကြသာပဲဟ”

“အစ်ကိုလေးတို့ ရွာသူကြီးတွေ သဘောကကော”

“တို့ကတော့ ထမင်းရည်စည်းပေါ် ခွနေကြရသာပေါ့ဟာ။ အများက ရွေးကြမယ့်ဟာ ပယောဂပါမှာ စိုးသယ်”

တစ်ရွာလုံးက သည်အလှူကြီး အကြောင်းသာ ပြောနေ ကြလေသည်။ ယာခင်းပဲခင်း၊ ရေတွင်းရေကန်၊ ပဲရွေးမောင်း ထောင်းစသည်ဖြင့် လူစုမိသည်နှင့် ဘယ်သူဘယ်ဝါတော့ အတော်သား၊ ဘယ်သူဘယ်ဝါတော့ ဘယ်လိုတဲ့ ပြောကြမြဲ ဖြစ်သည်။ အချင်းချင်းတီးခေါက်ကြသည်။ လူ့သဘာဝ ကိုယ့်လူကိုယ့် အပိုင်းက ဖြစ်စေချင်ကြသော်လည်း နောက်ဆုံး တော့ ရွာ့ကွမ်းတောင်ကိုင်မိန်းမချောကို သဘောညီသွားကြ တာကလည်း ထူးဆန်းလှပါ၏။ ဒါကြောင့်လည်း ဖက်စိမ်း ကွမ်းတောင်ကို ကိုင်ရမည့် မိန်းမသားသည်လည်း ဘုန်းကံကြီး သော မိန်းမသား အဖြစ် မှတ်ယူကြလေသည်။ မအိမ်ကံ မက်မောသော အချက်ကလည်း သည်အချက်ပဲဖြစ်၏။

ကာရန်သင့်ချင်တော့ ကွမ်းတောင်ကိုင် လစ်လပ်သည့် အချိန်နှင့် သမီးကြီးမြိုင်ရွာကို ပြန်ရောက်သည့်အချိန်က တစ်ထပ်တည်း ကျနေသည်။ မအိမ်ကံကတော့ သည်တစ်ချီသည် တစ်မောင်းဆွမ်းကြီးလောင်းရပြီ တွက်ခဲ့ပါ၏။ ရွှေမှုံသမီး မှုံနံ့သာကလည်း ညိုညက်ညက်လှရှာသည်သာ။ မအိမ်မြိုင်သာ မရှိလျှင် မှုံနံ့သာ ကွမ်းတောင်ကိုင်ဖြစ်ဖို့ သေချာသည်။ မှုံနံ့သာကလည်း လိမ္မာရေးခြား ရှိပုံကအစ ရပ်ရေးရွာရေး၊ ဗျိုရေးဗျာရေးတွေမှာ လက်ကြောတင်း သူကလေး အဖြစ် သတင်းပြေးလှသည်။ သည်အကြောင်းတွေကိုလည်း မအိမ်ကံ ကြားရပါ၏။ မြိုင်ကတော့ ယဉ်ယဉ်နွဲ့နွဲ့၊ ဣနြေ္ဒ ကျက်သရေ၊ ပညာ၊ ရုပ်အဆင်းမယှဉ်သာအောင် အထက်တန်းကျသူ ကလေးလို့ ရွာကမြင်ကြသည်။

သည်ရက်တွေထဲမှာ မအိမ်ကံက သမီးမြိုင်ကို ဖြီးလိမ်း ပြင်ဆင်ခြယ်သစေပြီး ရွာကို လူလုံးပြတော့သည်။ အ၀တ် အမျိုးမျိုး၊ ရှိုးအသွယ်သွယ် ထုတ်စေကာ သားအမိနှစ်ယောက် ရွာလှည့်ကြသည်။ ခါတိုင်း မရောက်ဖူးသည့် ချောင်တွေအထိ သွားကာ မြိုင့်အလှကို ရွာက မြင်စေသည်။
“ရှင်အိမ်ကံ့ သမီးများ သင်္ကြန်တွင်း အပြင်ထွက်ရင် သိကြားမင်းကတောင် ကောက်လောက်သယ်။ ကောင်းလိုက် သဲ့ပါရမီနှယ်တော်။ ဘဝေဘ၀က ဘာများ လှူခဲ့လို့ပါလိမ့်။ မအေလှသာ ချောသာ ဘာဟုတ်သေးတုံး”

“မအိမ်ကံက အရွယ်ရပါပြီ ကြီးတော်ရယ်။ အခုက သမီး တွေ အလှည့်ပါ။ မိန်းကလေးဆိုသာ ပန်းများလို ဖုံရာကငုံ၊ ငုံရာကဖူး၊ ဖူးရာကပွင့်ရသာမျိုး ပါ။ သည်အရွယ်လှရသာမှုတ် လား။ မြိုင်က ပညာတတ်ဆိုပေ သိလို့ တောစိတ် တောင်စိတ် ရွာစိတ်ရပ်စိတ်ရှိလို့ ၀မ်းသာရ သေး ကြီးတော်ရေ”
ရပ်ရွာက ချီးမွမ်းကြတိုင်း သမီးအကြောင်းစကားထည့်ရ တာ အမော။ မအိမ်ကံကိုကြည့် ကာ ကျေးဥပင် အံ့သြရတော့သည်။ တစ်လောက ရွာပြင်စေတီ ဘက်ကို စက်ကျရာက ခုတော့ ရွာထဲရပ်ထဲခြေစကြာလှည့်နေ တာကို အံ့သြရခြင်းဖြစ်၏။ မအိမ်ကံ ဘာကိစ္စသည်လို လှည့်နေတာလဲ ဆိုတာကို သိသူပီပီ ဘာတစ်ခွန်းမှဝင် မပြောခဲ့ပါ။ ကျေးဥကြားရသလောက် ရွာကမြိုင့်ကို မဲပေးထားကြပြီး သား။ မြိုင်ပဲ ကွမ်းတောင်ကိုင်ဖြစ်ဖို့ရှိသည်။ သည်ကိစ္စက အရေးကြီးသည်လို့ ဆိုနိုင်သလို အရေးမကြီးပါလို့လည်း ပြောနိုင်ပါ၏။ ဖြစ်တော့လည်း ကိုင်လိုက်ရုံပင်။ မဖြစ်တော့ လည်း နေလိုက်ရုံပင်။ ဘယ်သူမှ မအိမ်ကံလို ယောက်ယက် ခတ်နေတာမျိုး မရှိ။ မအိမ်ကံ၏တစ်သက်လုံးက ခံစားနေ ရသော ဝေဒနာကိုသိထားတော့လည်း အတွင်းသိတစ်ဦးအနေ ဖြင့် ကိုယ်ချင်းစာမိသည်။ သနားမိသည်။ မအိမ်ကံမှာ သည်ဝေဒနာက မွေးရာပါ နာတာရှည်ရောဂါလို အမြစ်တွယ်နေ တာကိုလည်း သိပါ၏။ သည်ချင်ခြင်းသာ ပြေလျှင်ပြီးပြီ။ အခြား တောင့်တစရာ၊ ကြောင့်ကြစရာ မရှိ။

အလှူပွဲကြီးနီးလာခဲ့ပြီ။ အလှူသံတွေလည်း ညံနေခဲ့ပြီ။ ရွာမောင်းဆိုင်း၊ ရွာဒိုးဝိုင်းများပင် အသံ တစာစာ ပေးကြပြီ။ သီချင်းတွေ တိုက်ကြဆိုကြပြီ။ အ၀တ်အစားတွေ ချုပ်ကြ လုပ်ကြပြီ။ အလှူ့ဝေယျာဝစ္စတွေမှာ ကိုယ်စီကိုယ်င တတ် အားသရွေ့တာဝန်တွေ ခွဲဝေယူကြပြီ။ သည်ရက်ထဲမှာ မအိမ်ကံ ကိုယ်တိုင် သမီးကိုမြင်းခြံလွှတ်လိုက်ရသည်။ မြင်းခြံကတစ် ဆင့် ဘကြီးမြတ်သာရှိရာရန်ကုန်ကို တယ်လီဖုန်း ဆက်ရန်ဖြစ် သည်။ မအိမ်မြိုင် တက္ကသိုလ် ပထမနှစ် တက်ရန် ရန်ကုန်ကို သွားရတော့မည်ဖြစ်၍ အကျိုးအကြောင်းသွားမေးဖို့လိုအပ် တာကိုလည်းသိပါ၏။

“တစ်ညအိပ်ပြီး ပြန်ခဲ့ သမီး။ ထနောင်းတိုင်ဘက် မကူးနဲ့ တော့။ သမီး ရန်ကုန်သွားရင်းနဲ့မှ အမေနဲ့ အတူ ၀င်ကန်တော့ကြ ရအောင်။ ဘကြီးကို သေသေချာချာမေးနော်။ လာခေါ်မယ့် ရက်၊ ကျောင်းတက်ရမယ့်ရက်၊ ဘယ်သူလာခေါ်မှာလဲ၊ ဘာတွေ ယူခဲ့ရမှာလဲ၊ အကုန်မေးခဲ့။ ရန်ကုန်ကို အမေပါလိုက် မှာလို့ပါထည့်ပြော”

မအိမ်မြိုင် မျက်နှာ မကောင်းတာကိုမြင်တော့ မအိမ်ကံ စိတ်မချမ်းသာ။ ရန်ကုန်က ချက်ချင်း လာခေါ်မည် ဆိုလျှင် သမီး လိုက်ရတော့မည်။ ဘာပဲဖြစ်ဖြစ် အလှူပွဲကြီးပြီးမှ ထည့်မည်။ အလှူက နှစ်လလားလိုတော့တာ မဟုတ်လား။ မအိမ်မြိုင် ဒါကို စိတ်မကောင်း ဖြစ်တာများလား။ မအိမ်မြိုင် မြင်းခြံသွားမည့်နေ့က တစ်ရက်စာ အ၀တ်အစားအိတ် တစ်အိတ် သာပါသည်။ ဖိုးကူး လှည်းကောက်ပြီးသည်နှင့် မအိမ်မြိုင် လှည်းပေါ်ရို့ခနဲ တက်လိုက်သည်။

“အမေ သွားပြီနော်၊ ကျေးကျေးသွားပြီ”

“အေးအေး၊ မြန်မြန်ပြန်ခဲ့နော် သမီး”

ထိုနှုတ်ဆက်ခြင်းသည် တစ်ဘ၀စာ ဖြစ်ရတော့မည်ဆို တာကို မအိမ်ကံရော မအိမ်မြိုင်ပါ မသိကြပြီ။ ရွာလမ်းကွေး မှာ လှည်းပျောက်သည်အထိ မအိမ်ကံလိုက်ကြည့်နေခဲ့ရှာပါ ၏။ သို့သော် နောက်သုံးလေးရက်။ ထိုလမ်းကွေးက ဖိုးကူး ၏ လှည်းပြန်ပေါ်လာချိန်မှာတော့ မအိမ်မြိုင် ပါမလာခဲ့။ တစ်ည အိပ်ဆိုပြီး လွှတ်လိုက်သော သမီးမြိုင် တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက်။ မအိမ်ကံ လှည်းကို အကြိမ်ကြိမ် ထွက်မျှော်ခဲ့ရ သည်။ ရောက်သင့်သည့်ရက်မှာ ရောက်မလာတော့ စိတ်ပူရပြီ။ မြင်းခြံမှာ အလုပ်ကိစ္စ မပြီးပြတ်လို့ တယ်လီဖုန်းစောင့်ဆက် နေရသည်ပဲထားပါဦး။ တစ်ည နှစ်ညပေါ့။ သုံးလေးည ကြာ နေတာကို မအိမ်ကံ နားမလည် နိုင်ရှိခဲ့ရသည်။

“ကျေးဥရယ်၊ မြိုင်တို့ပြန်လာဖို့ ကောင်းပြီ။ ဘယ့်နှယ့် ကြောင့်ပါလိမ့်”

“ဟုတ်ပါ့။ သာလီဖောင်းများ ဆက်မရလို့လားအေ”

“အိုအေ၊ ဆက်မရမရှိပါဘူး။ သည်လောက် ကြာရမယ် လို့”

လေးစားစွာဖြင့်
ရီနိုမာန်


March 16, 2010

မအိမ်ကံ ( for Mar ) အပိုင်း ၂

မအိမ်မြိုင်က မအေကိုမျက်တောင်မခတ်စတမ်း ကြည့်နေ ခဲ့သည်။ မအိမ်ကံက ချက်ချင်းပြန်မဖြေ။ မျက်လုံးတွေကိုသာ မှိတ်ထားခဲ့သည်။ ပိတ်ထားသောမျက်လုံးတွေထဲက မျက်ရည် တွေ သွန်ကျလာခဲ့ပါ၏။ မအိမ်မြိုင်က ဘာမှမမေးဘဲ မိခင်ကို သာ ကြည့်နေခဲ့သည်။ အမေပိန်သွားတာကို သတိထားမိတာ ကြာပြီ။ မျက်ရည်တွေက မိုးရေမ၀သော လယ်ကွင်းတွေလို အကွက်အရေး အကြောင်းတွေ ထနေခဲ့လေပြီ။ ညိုရောင်လုလု မျက်လုံးအိမ်တွေက အသက် လေးဆယ်ကျော်နှင့် မလိုက်အောင် အိတွဲချင်ကြပြီ။ တစ်ခါက သတင်းကြီးခဲ့သော အမေ့အလှက အခုတော့ အမေ့ဆီက ခွာစပြုနေလေပြီ။ ဒါပေမယ့် အမေ လှဆဲပင်။ အသားအရေက ၀င်းစက် နေဆဲပင်။ အမေ့ မာနတွေက အခိုးအလျှံတွေ ထွက်နေသလားထင်ရအောင် ပြင်းပြလွန်းလှ သည်။ မာနဆိုပေသိ တလွဲမာနတော့မဟုတ်။ လောကဓံကိုရဲရဲ ရင်ဆိုင်ဝံ့သော၊ ခံဝံ့သော မိန်းမသား တစ်ယောက်၏ အားမာန် မာနမျိုးသာဖြစ်သည်။ မအိမ်ကံက မျက်လုံးတွေကို ဖွင့်ကာ သမီးကိုကြည့်သည်။ ပြောသင့်တာလောက်တော့ သမီးကြီးကို ပြောရမည်။


“အမေလေး သူစိတ်ဆိုးလို့ ရစ်ရိုးနဲ့ ရိုက်လို့လေ ကျေစိစိ ကြေ ပျိုတို့မောင်လာကာမှ ဒဏ်ရာကို လှန်ကာပြလို့ရယ် ငိုပါ့မယ်လေးတဲ့ အမေတို့ ငယ်ငယ်က ဆိုခဲ့ကြသဲ့ သီချင်းပေါ့ အေ။ မကောင်းမှုဆိုသာ ဆိတ်ကွယ်ရာမရှိဘူး။ သို့ပေသိ အမေမကောင်းမှုလုပ်ခဲ့သာမဟုတ်ဘူး။ သည်ကနေ့သည် အချိန် အထိ အမေ့မေတ္တာ၊ အမေ့သစ္စာတရားဟာ သမီးတို့အဖေ တစ်ဦးတည်းအပေါ်မှာပဲ မယိုင်မလဲ ရှိနေခဲ့တာပါ။ အဲသည် တုန်းက သမီးတို့ ဘကြီးမြတ်သာက အင်္ဂလိပ်ကိုတော်လှန်ရေး လုပ်နေတဲ့ ကာလပေါ့။ တော်လှန်ရေးအတွက် လိုအပ်သဲ့ ရန်ပုံ ငွေကို ဘကြီးမြတ်သာက အမေ့ဆီက သာအောင်က တစ်ဆင့် တောင်းခံခဲ့တယ်။ အမေက အမေပိုင်သဲ့ ရွှေလက်ကောက်တွေကို သာအောင်က တစ်ဆင့် လှူခဲ့သယ်။

ဘကြီးမြတ်သာက လူမသိစေနဲ့ဆိုလို့ လျှို့ဝှက်ပြီး ပေးခဲ့ရသာ၊ အမေက အကြောက် လွန်ပြီး ကျေးဥနဲ့ အတူ ကွင်းထဲက တဲပျက်ထဲမှာ ချိန်းတွေ့ပြီး ပေးခဲ့ရသာပေါ့။ ဖြစ်ချင်တော့ သာအောင်က အမေ့ကို ကြိုက်နေလေတော့ အမေထုပ် ပေးလိုက်သဲ့ ရွှေထုပ်က လက်ကိုင်ပ၀ါကို သာအောင် ယူထားလိုက်သယ်။ ဒါကို သူ့အမေကြီးတော် စံရွှေ တွေ့သွားရာက အမေ့ကို သူ့သားနဲ့ မတူပါဘူး မတန်ပါဘူးနဲ့ လက်ညှိုးငေါက်ငေါက် ထိုးခဲ့သယ်။ သည်တုန်းက အမေ ရှက် လိုက်ရပုံများ”

“သြော် အမေရယ် အမေကြီးစံရွှေက အမေ့ လက်ကိုင်ပ၀ါ မှန်းသိလို့လား”

“အမေက လက်ကိုင်ပ၀ါမှာ အမြဲတမ်း အမေ့နာမည်ကို ပန်းချည်နဲ့ ထိုးလေ့ရှိသယ်။ တချို့အမှားတွေဟာ ကျေပျက် မသွားတတ်ဘူး သမီး။ အမှားရဲ့နောက်မှာ မီးပွားတွေ ပါလာ တတ်သယ်။ အဲသည်က စလောင်လိုက်သဲ့မီး ကြီးတော်စံရွှေ ဆုံးခါနီး အထိပါပဲ။ အမေဆောက်သဲ့ ကျောင်းကို မီးရှို့ပြီး လက်စားချေသွားလိုက်သေးသယ်”

“အမေ့မှာ အပြစ် မရှိဘဲ ရှုံးခဲ့ရသာပေါ့နော် အမေ”

“အရှုံးဆိုသာ အပြစ်ရှိမှရှုံးသာ မဟုတ်ဘူးသမီး။ အပြစ် မရှိဘဲနဲ့လည်း ရှုံးသာရှိသယ်။ မိန်းကလေးဆိုသာ သတိကြီး ကြီးထားရသယ်။ မီးပွားဆိုသာ အမှိုက်တောင်းကိုလည်း လောင်နိုင်သယ်၊ ရွှေနန်းတော်ကြီးကိုလည်း လောင်နိုင်သယ်”

မအိမ်ကံဖြစ်ခဲ့သမျှ သမီးကိုပြောပြဖြစ်ခဲ့ပါ၏။ မအိမ်မြိုင် က မအေ့စကားကို မျက်လုံးကလေးပြူးနေအောင် နားထောင် နေခဲ့သည်။ ကြီးတော်စံရွှေက မမစိမ်းမြတို့ဝိုင်းထဲလိုက်လာပုံ၊ ရန်တွေ့ပုံ၊ အော်ကြီးဟစ်ကျယ်အော်ခဲ့ပုံတွေကို ပြောပြတော့ မအိမ်မြိုင်မျက်ရည်တွေ ၀ိုင်းနေခဲ့သည်။
“ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူမှာအေ့တဲ့၊ ညည်းရုပ်က ပပ၀တီလောက် ချောတယ်ပဲပြောပြော နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲတဲ့၊ ညည်း သည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ် ဘူးတဲ့၊ ညည်းမိဘက ငယ်လင်ငယ်မယား မဟုတ်လို့ ညည်း ဖြစ်စရာလည်း အကြောင်း မရှိဘူးတဲ့၊ ငါ့သားနဲ့များ ဝေးပါ သေးရဲ့အေတဲ့လေ။ အဲသည်အချိန်တုန်းက အမေ့လက်ထဲ ဓားမ တစ်ချောင်း ရှိနေခဲ့သယ်။ အမေ ခုတ်ဝံ့တဲ့ သတ္တိ ရှိပေမယ့် မခုတ်လိုက်ရဘူး”

“ရွာက သည်ကိစ္စ သိကြသလား အမေ”

“မသိဘဲရှိပါ့မလား သမီးရယ်။ အော်ကြီးဟစ်ကျယ် တမင်လုပ်တဲ့ ကိစ္စပဲဟာ၊ သည်ပွဲမှာ အမေနှစ်ခါ ရှုံးရသယ်။ အမေဟာ ဗိုင်းကောင်းကျောက်ဖိနေခဲ့သဲ့ကြားက ဂုဏ်သိက္ခာ ကျခဲ့ရသယ်။ နောက်တစ်ချက်က အမေ မျှော်လင့်ခဲ့သဲ့ ကွမ်းတောင်ကိုင်ဖြစ်ခွင့် မရတော့ဘူးဆိုသာ သိလိုက်ရသာပါပဲ။ မြားတစ်ချောင်းတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သာပေါ့အေ။ အဲသည်ကတည်းက ကြီးတော်စံရွှေကို အမေ အနာကြီး နာကြည်းခဲ့သယ်”

ကြီးတော်စံရွှေကိုယ်တိုင် နောက်ပိုင်းမှာ ကန်တော့ပွဲ ရွက်ပြီး လာတောင်းပန်ခဲ့တာကိုလည်း မအိမ်ကံ ပြောပြခဲ့သည်။ မအိမ်ကံ ရင်ထဲမှာ သည်စကားတွေ ပြောရတာ မမောနိုင်ဘဲ ရှိခဲ့ရပါ၏။ သမီးနှင့်မအေ စကားရောက်တုန်း ရောက်သခိုက် တမင် ပြောစရာမလိုဘဲ အကွက် ဆိုက်လာခဲ့တာကိုလည်း မအိမ်ကံ ၀မ်းသာနေခဲ့သည်။ သည်စကားတွေကို တမင်ထည့်ပေး နေမိခြင်းသည်ပင် မှားလေရော့လား။ အို မမှားဘူး။ မအေ့စိတ်ထဲ အခဲမကျေမှုကို သမီးသိကို သိရမှာပေါ့။ အမေ့ ခံစားမှုဟာ သမီး အတွက်လည်း စိတ်အမွေဖြစ်ရမှာပေါ့။

ကြီးတော်စံရွှေက သူ့တူကိုအဝေးရွာကခေါ်ကာ ကျောင်း မီးရှို့ခဲ့ပုံ၊ အိမ်ဝိုင်းအတွင်း ကြီးတော်စံရွှေသားနှင့်ချွေးမက အစိမ်းတိုက်ခဲ့ကြပုံတွေပါ ပြောပြခဲ့သည်။ သည်က စကားစ လိုက်တာ ရွှေမှုံတို့ မှုံနံ့သာတို့အထိ ရောက်လာခဲ့သည်။ အမေ ရင်နှင့်အမျှ ဖြစ်ချင်ခဲ့သော ကွမ်းတောင်ကိုင် ဘ၀ကို မဖြစ်ခဲ့ရ သည့်အခါ သမီးကိုဖြစ်စေချင်ကြောင်း၊ သမီးကွမ်းတောင်ကိုင် ရပြီဆိုလျှင် အမေ့ရှိခဲ့သမျှစိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲ ခြင်းတွေ ပြေပျောက်နိုင်မှာဖြစ်ကြောင်း၊ ရုပ်ချော ပညာတတ် သမီးအဖို့ရာ ကွမ်းတောင်ကိုင်ဆိုသော ရွာ့ဂုဏ်ကို ဆောင်နိုင်ပြီ ဆိုလျှင် မြကိုရွှေနှင့်ကွပ်သည့် လည်ဆွဲပမာ ကျက်သရေရှိမှာ ဖြစ်ကြောင်းတွေပါ စိတ်လိုလက်ရ ပြောပြခဲ့သည်။ အဖျားသွေးက မကျချင်သေးသော်လည်း စကားတွေတစ်ဝကြီး ပြော လိုက်ရတော့ ချွေးကလေးစို့လာသည်။ နောက်ဆုံးတော့လည်း ပြောချင်ခဲ့သည့် စကားကို ပြောဖြစ်အောင် ပြောလိုက်ရပါ၏။

“သမီးကို အမေစိုးရိမ်သာ သမီးနားလည်ပါအေ။ အမေ က ညည်းအဖေ မရှိသာလည်း မပူဘူး။ ဥစ္စာ စည်းစိမ်ခြောက် ခန်းမှာလည်း မပူဘူး။ အမေ ပဲနုတ်စားနိုင်သယ်၊ မောင်းထောင်း စားနိုင်သယ်၊ ရက်ကန်း ခတ်စားနိုင်သယ်၊ တောသူ တောင်သားဆိုမှတော့ ကျောအရေပြား လန်အောင်ပူသဲ့ အပူလည်း မကြောက်ပါဘူး သမီးရယ်။ ဘ၀က ကံပါလာလို့ အမေ ပြည့်ပြည့်စုံစုံ နေခဲ့ရသယ်၊ ရုပ်ရည်အဆင်း တင့်ခဲ့ရသယ်။ လှူခဲ့တန်းခဲ့သယ်၊ ပေးခဲ့ ကမ်းခဲ့သယ်၊ ကျွေးခဲ့မွေးခဲ့သယ်။ အမေပြုခဲ့သဲ့ ကုသိုလ် အဖို့ဟာ ညည်းအဖေနဲ့ ညည်းတို့ အတွက်ပဲ။ သမီးတို့ဆီက တစ်ဆုပ်တစ်ခဲ အမေ မမျှော်ဘူး။ တစ်ခုပဲ။ သမီးကိုရွာ့ကွမ်းတောင်ကိုင်ဖြစ်စေချင်သယ်။ အမေ့ ဘ၀ရဲ့ အကြီးမားဆုံး တောင့်တချက်ကြီးပဲ။ အလှူတစ်ပွဲ တစ်ရက်တည်း ကိုင်ရကိုင်ရ၊ ငါ့သမီးကိုင်ပါ အမေမြင်ချင် သယ်။ အမေ့မှာရှိသမျှ အကျိတ်အခဲ ဒါနဲ့ပဲ ချေပါရစေအေ”

“ရွာကသမီးကို ကွမ်းတောင်ကိုင် ရွေးဦးမှကိုး အမေရဲ့။ သမီးကိုရွေးရင် သမီးကွမ်းတောင် ကိုင်ရုံပေါ့ အမေရယ်”

မအိမ်ကံကပြုံးသည်။ သမီးလက်တွေကို ဆုပ်ချေသည်။ လှလိုက်တဲ့ သမီး။ ရွှေရေးမြတင် ရှိလိုက်တဲ့သမီး။ ဘဝေဘ၀က ထူးခြားတဲ့ အခံဓာတ်ကြောင့် ရှုတိုင်းယဉ် ဆင်တိုင်းလှမြင် သူတိုင်း တရတဲ့သမီး။ ဘယ့်နှယ့် ကွမ်းတောင်ကိုင် မဖြစ်ဘဲ ရှိပါ့မလဲအေ ညည်းနှယ်။ မေးမှ မေးရက်ပလေ။ ဇောင်ချမ်း ကုန်းမှာတောင် မကပါဘူး။ မြင်းခြံမြို့ကြီးတောင် တက်ပြိုင် လိုက်ချင်လှပါပကောအေ။ နှစ်ပါးမိဘ စုံတယ်။ ငယ်လင်ငယ် မယားဖြစ်တယ်။ ဥစ္စာရွှေငွေ ပြည့်စုံတယ်။ အကျင့်စာဂ ကောင်း တယ်။ ရုပ်ရည်ရှိရမယ် ဆိုတဲ့ ငါးချက်မှာ ဘယ်အချက်များ လျော့လို့တုံး သမီးရဲ့။ ကြိုက်တဲ့ရာဇူနဲ့ တိုက်စမ်းပါအေ အလေး မကဲတော့ ပြောချင်တိုင်းပြော။ ကြိုက်တဲ့ ကိုက်တံ ယူခဲ့စမ်းပါ အေ တစ်တောင်တစ်မိုက် မပိုတော့ ပြောချင်တိုင်းပြော။ ကြိုက် တဲ့တင်းတောင်းယူခဲ့စမ်းပါအေ စတုတ်တိုက်မချရတော့ ပြော ချင်တိုင်းပြော။

“ငါ့သမီးပဲ ကိုင်ရမှာပေါ့။ သည်တစ်ခါတော့ နတ်နေကိုင်း ပါ ရောချိုင်ချင်လို့ မရနိုင်တော့ ပါဘူး။ မြေကြီးလက်နဲ့ပုတ်တာ ကမှလွဲဦးမယ်။ အမေ့သမီး မလွဲနိုင်တော့ပါဘူး။ သမီးက လွဲလို့ဘယ်သူကိုမှလည်း အဖြစ်မခံနိုင်ပါဘူး။ ကုန်ကုန်ပြော မယ် သမီးရယ်၊ တခြားဘယ်သူပဲဖြစ်ဖြစ် အမေ ကျေနပ်မယ်ဆို ရင် ကျေနပ်နိုင်သေးသယ်။ ရွှေမှုံ့သမီး မှုံ့နံ့သာ မဖြစ်စေရဘူး အမေနှစ်ခါ အရှုံးမခံဘူး”

မအိမ်ကံ အသံတွေ တုန်လှိုက်နေသည်။ မအိမ်ကံက ပြောနေတာနှင့် မတူဘဲ နတ်ဝင်သည် မိန်းမ တစ်ယောက်က နတ်စီး ပြီးပြောနေတာနှင့်ပင် တူသည်။ ကြားဖူးနေကျ အသံမျိုးမဟုတ်။ အသံထဲမှာ လှိုင်းထနေခဲ့ပါ၏။ နက်ရှိုင်းသော ရေတွင်းထဲကို ကျောက်တုံး တစ်တုံး ကျသွားသလို အဆင့်ဆင့် ရိုက်ခတ်လာ သော ပဲ့တင်သံမျိုးဖြစ်သည်။ သမီးဖြစ်သူကတော့ မအေတက် ကြွလှုပ်ရှား နေသလောက် မတက်ကြွဘဲ ရှိနေခဲ့သည်။ မအေ တုန်ခါနေသလောက် မတုန်ခါဘဲ ရှိနေခဲ့သည်။ အမေဘာဖြစ် လို့များ သည်ကွမ်းတောင်ကိုင်ကိစ္စကို အရေးတယူ ရှိနေရတာ လဲဆိုတာ မအိမ်မြိုင် ကိုယ်တိုင် မသိ။ မအိမ်မြိုင် မှတ်မိသလောက် အကြောင်း ရှိတိုင်းသည် စကားမျိုးကိုသာ တဖွဖွပြော နေခဲ့တာ မဟုတ်လား။

ငယ်ငယ်က မြင်းခြံအလှူပွဲမှာ အမေမအိမ်ကံက သမီးကို ကြီးရင် ကွမ်းတောင်ကိုင်ဖို့ ပြောဖူးတာကို မအိမ်မြိုင် မှတ်မိနေသည်။ မအိမ်မြိုင်က အမေမှ မကိုင်ရရင် သမီးလည်း မကိုင်ချင် ပါဘူးလို့ ကလေးပီပီ ရင်ထဲရှိတာ ပြောမိခြင်းကိုလည်း သတိရ မိပါ၏။ အမေ့မျက်နှာ ကွက်ခနဲ ပျက်သွားခဲ့တာကိုလည်း မမေ့ ပါ။ ကွမ်းတောင်ကိုင်ရတော့ ဘာဖြစ်သလဲ။ ကွမ်းတောင် မကိုင်ရတော့ ဘာဖြစ်သလဲ။ မအိမ်မြိုင့် အဖို့ရာ ဘာခံစားမှုမှ မရှိ။ အထူးသဖြင့် မြို့ကျောင်းမှာ နေရပြီဆိုကတည်းက မြို့ စိတ်ပဲ ရှိသည်။ မြို့ကျောင်းမှာ အတူနေရသည့် သူငယ်ချင်း မိန်းကလေးတွေကလည်း ရွာပြန်ပြီး ကွမ်းတောင်ကိုင်ရဦးမယ် လို့ ပြောကြတာ မကြားဖူးခဲ့။ သို့ပေသိ အမေ ဖြစ်စေချင်မှတော့ မငြင်းသာပါ။ အလှူရှိလို့ ကွမ်းတောင် လာကိုင် လှည့်ဆိုတော့လည်း ကိုင်လိုက်ရုံ။ သည်လို စကားတွေကြားရပြန်တော့ သက်ဦးဝေနှင့် ပတ်သက်လို့ အမေ စိတ်ဆင်းရဲသွားတာကို မအိမ်မြိုင် သဘောပေါက်ခဲ့သည်။ အမေ့ကိုကြည့်ရတာ မသက်သာလိုက်တာလောက်သာ တွေးရင်း မအိမ်မြိုင် မအေ့ ဘေးမှာ ၀င်လှဲလိုက်သည်။

“သားအမိတွေ ပြောလိုက်ကြသဲ့ စကားတော်။ ထမင်းစား ကြရအောင်။ မြိုင်ကြိုက်သဲ့ ဟင်းတွေ ကျေးကျေးချက်ထား ပါ့တော်။ မအိမ်ကံရော စားမလား”
မအိမ်ကံက ကျေးဥ အသံကြောင့် မျက်လုံးတွေပြန်ဖွင့် သည်။ အတန်ငယ် မောပန်း သွားသလို ခံစားရသဖြင့် ထမင်း စားချင်စိတ်မရှိ။ ကျေးဥကို ငါးစိုကလေးများရွာထဲက ရှာရ လျှင် ငါးကြော်တစ်ဖဲ့တစ်ရွဲ့စားချင်ကြောင်းသာ ပြောလိုက် သည်။ မအိမ်မြိုင်ကတော့ ထပြေးနှင့်ပြီ။ မြိုင်ဆင်းသွားတော့မှ ကျေးဥက မအိမ်ကံကို မေးသည်။

“မအိမ်ကံ ကလေးကိုဘာတွေပြောနေသာလဲ။ စကားတွေ ပြောလွန်းလိုက်သာအေ။ သည်လောက် ပြောရမယ့် ကလေး မဟုတ်ပေါင်အေ။ မြို့က ပြန်ရတော့မယ်ဟာ စိတ်ချမ်းသာ လက်ချမ်းသာ နေစမ်းပါစီ”

“မပြောပါဘူးအေရယ် ငါ့အဖြစ်တွေကို ပြောနေသာပါ။ အင်းလေ ဟုတ်ပါရဲ့။ သမီးကိုတောင် ပို့ရမယ့်ရက်နီးလာပါ ပကော”
သည်တစ်ခေါက်မြင်းခြံကို မအိမ်ကံနှင့် ကျေးဥတို့ သမီး ပို့ရောက်ခဲ့ကြသည်။ ကျေးဥက နေကောင်းခါစ မအိမ်ကံကို မလိုက်စေချင်။ မအိမ်ကံက လိုက်ချင်လွန်းသဖြင့် မတားသာ ဘဲရှိခဲ့ရပါ၏။ သမီးမြို့ကို မပြန်ခင် ပြောချင်တာတွေ ပြောလိုက် ရသဖြင့် ရင်ချောင် သွားခဲ့ရသည်။ သည်လိုနှင့်မောင်သက်မင်း တို့အိမ်မှာ နှစ်ရက်နေခဲ့သည်။ ကျောင်းမဖွင့်သေး သော်လည်း ဖွင့်ရက်နီးပြီ။ မြင်းခြံကို ရောက်တော့လည်း ကိုပြေသိမ်းကို လွမ်းမိရပါ၏။

“ကျွန်တော်က လူတွေကို လိုက်ပို့တာ မဟုတ်ပါဘူး ဗျာ။ သနပ်ခါး တောင်းကလေးကို လိုက်ပို့တာပါ။ တော်နေ မသူတော် လက် ပါမှာစိုးလို့ပါ”

“မပါစေရပါဘူးရှင်။ သနပ်ခါးလိမ်းမိတိုင်း မေတ္တာပို့ သယ်မှတ်ပါ”

ကိုပြေသိမ်းနှင့် တွေ့စ သနပ်ခါးတောင်း ကလေးလိုက်ပေးရင်း အပျိုလူပျို ပြောခဲ့သည့် စကားတွေကိုပါ သတိရမိပါ ၏။ အခုထိလည်း သနပ်ခါး လိမ်းတိုင်း မေတ္တာ ပို့လျက်ပါ ကိုပြေသိမ်းရယ်။ ကံမပေးလို့ ဝေးကြရပေမယ့် တောသူတွေရဲ့ မေတ္တာဟာ ခန်းခြောက်ရိုး မရှိပါဘူး။ တော်အနေစိမ်းပေမယ့် ကျုပ်စိတ်မတိမ်းပါဘူးတော်။ ချစ်မြဲချစ်လျက် မျှော်မြဲမျှော် လျက်ပါ လူစိမ်းကားကြီးရေ့။ မအိမ်ကံ ရင်ထဲ မချိတော့။ ဘယ်သူမှ မကြားနိုင်သည့်စကားတွေက ရင်ထဲမှာ စီကာစဉ် ကာရှိနေကြသော်လည်း မျက်နှာကတော့ တင်းမာနေခဲ့ပါ၏။ ကိုပြေသိမ်းကို သတိရမိတော့လည်း မြင်းခြံနှင့် ဇောင်ချမ်းကုန်း သွားချည်ပြန်ချည်ရက်တွေကို အောက်မေ့မိရပြန်သည်။

မြင်းခြံက ပြန်ခါနီးရက်တွင်ဖြစ်၏။ ကျေးဥနှင့် မအိမ်မြိုင် ဈေးဘက်လျှောက်ကြသခိုက် မောင်သက်မင်းကို မအိမ်ကံ မရှင်းသည့် ကိစ္စ ထုတ်မေးဖြစ်ခဲ့သည်။ မအိမ်ကံ သမီးစာအုပ် တွေရှင်းရာက အော်တိုစာအုပ် တွေ့ခဲ့ပုံကအစ ရင်ထဲမှာ စနိုး စနောင့်ဖြစ်ရတာ အဆုံး ပြောပြဖြစ်ပါ၏။ မောင်သက်မင်းဇနီး က တစ်လုံး တစ်ပါဒ ၀င်မပြောသော်လည်း မောင်သက်မင်းက တော့ ဝေခွဲရခက်နေပုံမျိုးဖြင့် မယုတ်မလွန်ဖြေသည်။ မောင်သက်မင်းက မအိမ်ကံထက် ငယ်သဖြင့် မမကံ ခေါ်လေ့ရှိသည်။

“မြိုင်က ကျွန်တော့်တူမ အရင်းပဲ မမကံ။ အစ်ကိုသက် နှင်းမရှိတဲ့ အခါ ကျွန်တော်က ဖခင်နေရာက စောင့်ရှောက်နေတာ ပါ။ မိန်းကလေး သူငယ်ချင်း ယောက်ျားလေး သူငယ်ချင်း ဆိုတာတွေတော့ မြို့မှာက ရှိကြတာပါပဲ။ ကျောင်းအတူသွား ထမင်းအတူစားလည်း ရှိကြတယ်၊ ဒါက မဆန်းဘူး။ ဒါပေမယ့် သက်ဦးဝေဆိုတဲ့ ကောင်လေးနဲ့တော့ အသွားအလာ များတယ်။ ကောင်လေးက လူကောင်း မျိုးရိုးကောင်းပါ။ မမကံ သိမှာပေါ့။ ပွဲစားကြီးကတော်ရဲ့တူ ကိုဝေဠုရဲ့သားလေ”

“သြော် ကိုဝေဠုရဲ့သားလား။ ဒါဆိုရင်တော့မမှားတန် ကောင်းဘူးတွက်ရမှာပေါ့ မောင်သက်မင်းရယ်။ မမကံက အရွယ်မတိုင်ခင် မဖြစ်သင့်သာဖြစ်မှာစိုးသာပါ။ သစ်သီးများ နေလောင် မှည့်ရသာမျိုးမဖြစ်စေချင်ဘူး။ မောင်သက်မင်းတို့ကို မယုံလို့ မဟုတ်ပါဘူးကွယ်။ ခေတ်ကာလက အရွယ်ကလေးရ လာတာနဲ့ စိတ်ကစားကြရာက မှားတတ်ကြလို့ စိုးရိမ်သာပါ”

“ခက်သာက ကျွန်တော်တို့ကလည်း အလုပ်တစ်ဖက်နဲ့ ဆိုတော့ အိမ်မှာပဲကြည့်နိုင်ကြတာပါ။ ကျောင်းသွားနေတဲ့ အချိန်မှာတော့ မစောင့်ရှောက်နိုင်တာလည်း အမှန်ပဲ။ ကျောင်းပိတ်ရက်တွေမှာတော့ သည်ကိုလာတတ်ကြတယ်။မရိုးမသားတော့ တွေ့ပါဘူး”

“အေးကွယ် ဘာပဲဖြစ်ဖြစ် မင်းတူမ စောင့်ရှောက်လိုက် ကြပါဦး”

မအိမ်ကံ စိတ်တွေပေါ့ပါးသွားခဲ့ရပါ၏။ သက်ဦးဝေဆို တာ ကိုဝေဠုရဲ့သားကိုး။ ကိုပြေသိမ်းနှင့် ဂျပန် တော်လှန်ရေး အတူပါသွားသည့် ကိုဝေဠုကို မအိမ်ကံ ကောင်းကောင်းသိသည်။ ကိုပြေသိမ်း တော်လှန်ရေးက ပြန်မရောက်သော်လည်း ကိုဝေဠုတို့က တော်လှန်ရေးပြီးသည်နှင့် မြင်းခြံကိုပြန်ပေါက် လာကြသူတွေဖြစ်သည်။ ဇောင်ချမ်းကုန်းအိမ်ကို နှစ်ခေါက်သုံး ခေါက် ရောက်ဖူးတာကိုလည်း မအိမ်ကံ မှတ်မိပါ၏။ ကျောင်းနေ အရွယ်ဆိုတော့ အိမ်ထောင်ပြုရန်မြိုင်ကလေးကလည်း စိတ် ကူးဝံ့စရာမရှိ။ လူငယ်သဘာဝ မေတ္တာရှိကြသည်ဆိုဦးတော့ ပညာစုံလျှင် မပေးစားနိုင်စရာလည်း မရှိ။ ဆွေကောင်းမျိုး ကောင်းတွေမှန်း မအိမ်ကံ သိထားသည်။
သည်လိုနှင့် မြင်းခြံက ပြန်ခဲ့ရသည်။


လေးစားစွာဖြင့်
ရီနိုမာန်

March 15, 2010

မအိမ်ကံ ( for Mar ) အပိုင်း ၁

ယခင်လမှအဆက်...
မြင်ရသည် ကပင် ဆန်းကြယ်လှပါ၏။ တစ်သက်နှင့် တစ်ကိုယ် မကြုံဖူးခဲ့သော အရာတို့သည် မျက်စိ ရှေ့မှောက်တွင် မျက်လှည့် ဆရာ၏ မှော်သေတ္တာ ထဲက အထူးအဆန်းတွေ ထုတ်ပြသလို ကိုယ်ထင်ပြနေ ကြခြင်းဖြစ်၏။

ညသည် တိတ်ဆိတ် ပူလောင် နေရာက ညဦး အလွန်တွင် စိမ့်စိမ့်ကလေး အေးလာခဲ့သည်။ ညဥ့်နက်လာလေ အေးစက်ခြင်းသည် ပိုမိုသိသာ လာခဲ့လေပြီ။ ထိုအေးစက်ခြင်း ကပင် ညကို လှုပ်ခါ ပစ်လိုက်သ ကဲ့သို့ရှိရာက တိတ်ဆိတ်ခြင်းသည်လည်း သုသာန် တစပြင် ကဲ့သို့ရှိလာခဲ့၏။ ရွာတွေမှာ ကြားနေကျ ခွေးဟောင်သံ၊ လူသံ သူသံတွေပင် မရှိကြတော့။

မအိမ်ကံ ဘယ်လောက်ကြာကြာ ထိုင်နေမိခဲ့ သလဲ။ မအိမ်ကံ ကိုယ်တိုင်ပင် သတိ မထားမိတော့။ ပဲမှော်တိုက်နှင့် အိမ်မကြီးကြားက ထန်းကုလားထိုင် နှစ်လုံးမှာ စိတ်လိုလက်ရ ထိုင်ခဲ့တာမျိုး အလွန်နည်းခဲ့သည်။ ဖျိုးဖျိုးဖျပ်ဖျပ် ထိုင်မိတာက လွဲလို့ သည်လောက် ကြာကြာ မထိုင်ဖူးခဲ့ပါ။ အခုတော့ သမီး မအိမ်မြိုင် အော်တိုထဲက တွေ့လိုက်ရသော စာတစ်ကြောင်းကြောင့် မအိမ်ကံ မျှော်လင့်ချက်တွေ ပြိုကျသွားသလို ခံစား ခဲ့ရသည်။ သမီးကတော့ သူငယ်ချင်းပါ အမေရဲ့ဟု ဆိုပါ၏။ သက်ဦးဝေ ဆိုတာ ယောက်ျားကလေး ဖြစ်နေရင်ကော။ ယောက်ျားကလေး သူငယ်ချင်းက လွမ်းလှပါပြီ ဆိုတာကကော ခေတ်ကာလ အသုံးအနှုန်းများ ပေလား။ လွမ်းတယ် ဆိုမှတော့ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် တွယ်ကြလို့ပေါ့။ မအိမ်ကံ ဘ၀မှာ ကိုပြေသိမ်းကို လွမ်းခဲ့၊ တမ်းတ ခဲ့ဖူးသည်။ ချစ်သူဆိုတော့ လွမ်းရတာ အဓိပ္ပာယ်လည်း ရှိသည်။ ချစ်သူ မဟုတ် ဘာမဟုတ် သူငယ်ချင်း ယောက်ျားကလေးက သူငယ်ချင်း မိန်းကလေးကို လွမ်းတာကတော့ ရေလိုက် လွဲနေသလို ခံစားရပါ၏။ သမီးကလေး တော်လှ၊ တော်လှ ယောက်မမြင်း စီးလေရော့သလား။

တကယ်တော့ မအိမ်မြိုင် ငယ်ပါသေးသည်။ ရည်းစားသနာ ထားရမည့် အရွယ်မဟုတ်။ အင်းလေ ခေတ်အခါက တို့တုန်းကနဲ့ တူချင်မှ တူမှာကိုးလို့တော့ တွေးမိသား။ သက်ဦး ဝေဆိုတာ သမီးရဲ့ရည်းစား ဆိုလျှင်တော့လည်း စိတ်ကစားကြတာ နေမှာပါလေလို့ ဖြေတွေး တွေးကြည့်မိပြန်၏။ သည်အတွေးတွေကပဲ မအိမ်ကံကို ပဲမှော်တိုက်ကြားက ထန်းကုလားထိုင်က မထအောင် တုပ်နှောင်ထားကြသလို ရှိခဲ့သည်။ စောစောပိုင်းက ကျေးဥနှင့် သမီးမြိုင် ရောက်လာကာ မအိမ်ကံကို ရင်မီးငြိမ်း စေခဲ့ကြသည်။ ဘ၀လောကဒဏ်ကို အဖုံဖုံ တွေ့ကြုံခံစားခဲ့ရ သူ မအိမ်ကံ အဖို့ရာ သမီးစာအုပ်ထဲက စာတစ်ကြောင်း ကျတော့ မှ ဘာကြောင့်များ သည်လောက်တောင် ထိခိုက်ခဲ့ရပါလိမ့်။

မအိမ်ကံမှာ အဖြေရှိသည်။ အရွယ်မတိုင်ခင် သမီးကို ချစ်သူရည်းစား မထားစေချင်။ မြင်းခြံကို ကျောင်းသွားထားတာ ရည်းစားတွေ မှိုလိုပေါက် လို့တဲ့ ဆိုသည့် သတင်းစကား ရွာကို အရောက် မခံနိုင်။ ကွမ်းတောင်ကိုင်ဖို့ သေချာနေသည့် မအိမ်မြိုင်ကို အများက စိတ်စနိုးစနောင့် မဖြစ်စေချင်သလို မိဘတစ်ပါး အနေဖြင့်လည်း စလယ်ဝင် ဖင်မည်း အိမ်ထောင့်ကိစ္စ၊ အချစ်ရေးကိစ္စတွေ မတွေးစေချင်သေးတာလည်း ပါပါ၏။ ဖအေက တောထဲမှာ။ ဖအေမရှိကာမှ သမီးမြိုင် ဖြစ်ချင်သလို ဖြစ်နေတာမျိုး အရောက် မခံနိုင်။ မအိမ်ကံ့သမီး ကွမ်းတောင် ကိုင်ဖူးရမည်။ လူတစ်လုံး သူတစ်လုံး ဖြစ်ရမည်။ ပညာတတ်ရုပ်ချော မိန်းမသား အဖြစ် တစ်ဂုဏ် တင့်ရလိမ့်မည်။ သည်အိမ်သည် ၀ိုင်းမှာ မျိုးဆက်အဖြစ် ကျန်ရစ်ခဲ့ရမည့် သမီး နှစ်ယောက် အဖို့ ရာ လူ့အသိုင်းအ၀ိုင်းကြားမှာ သိက္ခာအရ တင့်တင့်တယ်တယ် နေခဲ့ရမည်။

မအိမ်ကံ ထိုင်နေစဉ် အတွင်း အချိန်သည် စောင့်နေသည် မဟုတ်။ တဖြည်းဖြည်း ညဥ့်နက်လာရာက သန်းခေါင်ကိုပင် သီသီကြီး ကျော်ခဲ့လေပြီ။ ထုံခဲမတတ် အေးစက်သော လေသည် ညဥ့်ဦးပိုင်းတွင် ငြိမ်သက် နေရာက တစ်စတစ်စ လှုပ်လာခဲ့၏။ ၀ိုင်းတိုက်ထဲတွင် ရှိသမျှ သစ်ပင်ကြီးတွေ အားလုံး သစ်ရွက်ချင်း ခတ်သံတွေ တဖျောဖျော မြည်လာကြသည် အထိ လေသုန်လာ ခြင်းဖြစ်၏။ အိမ်မကြီးနှင့် ပဲမှော်တိုက်ကြားမှာ ထိုင်နေသဖြင့် လေကွယ်ရာကျသော်လည်း အေးစက်ခြင်းကတော့ ရှောင်လို့ မရနိုင်ပါ။ မအိမ်ကံစိတ်ထဲ နောက်ကျောဘက်မှာ ရှိနေသည့် ပဲမှော်တိုက်သည်ပင် အိခနဲ ခါသွားသည် ထင်လိုက်မိ၏။ မဖြစ် နိုင်တာ။ ပဲမှော်တိုက်က အိုလှပြီ ဆိုသော်လည်း ခိုင်မာ တောင့်တင်းသေးသည်။ မအိမ်ကံ မှတ်မိသလောက် အသက် လေးဆယ်ကျော် အတွင်း ပဲမှော်တိုက်ကို ပြန်ဆောက် ခဲ့ရသည် မရှိခဲ့။ မအိမ်ကံ မမွေးခင်က ရှိနှင့်ခဲ့သော ပဲမှော်တိုက် ဖြစ်၍ ဆောက်စဉ် ကတည်းက ခိုင်ခိုင်ခံ့ခံ့ ဆောက်ခဲ့ခြင်း ဖြစ်သည်။

ပိုးထိုး ကျွန်းတိုင်လုံးများ၏ အ၀န်းသည်ပင် ခွဲတောင်းဝလောက် စီရှိကြသည်။ ရက်မနှင့် ထုပ်တန်းဆင့်တန်းတွေ ကလည်း သစ်ကောင်းများ ဖြစ်၍ ရေနံရည် ၀နေသဖြင့် ပိုးပုရွက်ဒဏ်က ကင်း သည်။ အမိုးက ၀ါးကပ်ဖြစ်၍ နှစ်နှစ် သုံးနှစ်တစ်ကြိမ်ဝါးကပ် စားထိုးရတာတော့ရှိ၏။ ၀ါးထရံတွေကလည်း ၀ါးအကြော ကိုရက်ထားသည့်အပြင် ရေနံရည်ဝချင် တိုင်းဝနေသဖြင့် တောင့်တင်းဆဲဖြစ်၏။ ပဲမှော်တိုက်က အပေါ်ထပ်ဖြစ်၍ အောက်မှာတော့ နွားများထားရာ ဟာလာဟင်းလင်း မြေကုန်း ကြီးဖြစ်၏။ နွားသုံးလေးကောင် ချောင်ချောင်ချိချိ နေနိုင် လှဲနိုင်ကြသည်။

သည့်နောက်ပိုင်းနှစ်တွေ မှာတော့ နွားတွေကို အိမ့်မြောက်ထောင့် ဆီးပင်ကြီးအောက်မှာ အထားလေ့သည်။ အနီးတွင် ကွပ်ပျစ် တစ်ချပ်ရှိ၍ ဖိုးကူးက ကွပ်ပျစ်မှာ အိပ်လေ့ရှိသည်။ နွားခိုးပူသည့် နှစ်တွေမှာတော့ ကိုဖိုးငွေပါ ဆီးပင်အောက် နွား စားကျင်းဘေးမှာ ဓားရှည် တစ်လက်နှင့် နေလေ့ရှိပါ၏။ ထို ကတည်းက ပဲမှော် တိုက်အောက်ထပ် နွားစားကျင်းကုန်းတွင် တောင်သူသုံး ပစ္စည်း အချို့သာ ထားကြသည်။ အိခနဲ လှုပ်သွား သော ပဲမှော်တိုက်၏ တုန်ခါမှုကို မအိမ်ကံ နားကြား လွဲတာလား၊ စိတ်ကပဲ ထင်လိုက်မိတာလား။ မသေချာသဖြင့် သည် အတိုင်း ထိုင်နေလိုက်သည်။

ဝိုင်းတိုက်ထဲ ရှိသမျှသစ်ပင်တွေက ပို၍ပင်တဖျောဖျော မြည်လာကြသည်။ သရက်ပင်ကြီးဆိုလျှင် လေကြောင့်ပင် တဝေါဝေါအသံထွက်နေသည်။ မအိမ်ကံက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်သည်လည်း ညို့လာပါပ ကော။ ညို့သည် ဆိုသော်လည်း ခဲပုပ်ရောင်ချည်းမဟုတ်၊ နီရဲရဲ အခိုးအငွေ့တွေ ယှက်သန်းနေကြသည်။ ကောင်းကင်အနီ ရောင်သည် လေမှုန်တော့မည့် အရိပ် လက္ခဏာဖြစ်သည်။ ညကြီးသန်းလွဲ ဘယ်လိုကဘယ်လို လေမှုန်ဦးမှာပါလိမ့်တော်။ အနောက်ရမ်း လေတိုက်သည့် ရာသီမဟုတ် ဘာမဟုတ် ထူးတော့ ထူးဆန်းသည်။

“မိုးများရွာဦးမှာလား”
မအိမ်ကံက ကောင်းကင်ကိုကြည့်ရင်း တွေးနေမိသည်။ မိုးရွာတော့မှာဆိုလျှင်တော့ ဆီးပင်အောက်က နွားစားကျင်းမှာ ရှိနေကြသည့် နွားတွေကို ပဲမှော်တိုက်အောက် နွားထားရာဖို့ မြေကုန်းကို ရွှေ့ရမည်။ ရွာတော့ မရွာသေး။ လေက စောစော ကထက် ပိုသုန်လာခဲ့ပါ၏။ မအိမ်ကံ ထလိုက်ဖို့ပြင်သည်။ သို့သော် တကယ်တမ်း မထဖြစ်။ ထန်းကုလားထိုင်က မထ နိုင်အောင် ဆုပ်ဆွဲထားသလို ဖြစ်နေခဲ့သည်။ အဖေ ဦးသာထန်က သည်ကုလားထိုင်မှာ တစ်သက်လုံး ထိုင်သွားခဲ့သည်။ အဖေက ရွာတွေကို လျှောက်သွားနေတာမျိုး မရှိခဲ့လျှင် သည် ကုလားထိုင်မှာထိုင်နေကျ။ ဇိနတ္ထပကာသနီကျမ်းစာအုပ်ကို ပါးစပ်တလှုပ်လှုပ်ဖတ်နေကျပင်။ လေက မြွေအော်သံလိုလို တရွှီရွှီမြည်လျက်ရှိ၏။ ကောင်းကင်မှာ တိမ်ခဲတွေ တရိပ်ရိပ်။ ကောင်းကင် အနီရောင်က တိမ်ပုပ်နှင့်ရောကာ ရွှံ့နှစ်ရောင်ပြေး နေသည်။

ထို တဒင်္ဂ။
အိမ့်တောင်ဘက် ပဲစင်းငုံခင်းဆီက တရွရွ လျှောက်လာသော အရိပ်ကြီးတစ်ရိပ်ကို မအိမ်ကံ ၀ိုးဝိုးဝါးဝါး မြင်လိုက်ရသည်။ လျှောက်လာသည်ဆိုသော်လည်း ဝေးပါသေးသည်။ ဘာများပါလိမ့်။ ပဲစင်းငုံခင်းက ပဲစင်းငုံပင်တွေ မရှိတော့ သဖြင့် ကွက်လပ်ကျယ်ကြီးလို ဟင်းလင်းကြီးဖြစ်၏။ ကြား မှာ သရက်ပင် သုံးလေးပင်ရှိသဖြင့် မှောင်ရိပ်ကျနေသည်။

မအိမ်ကံက ထူးဆန်းသော မြင်ကွင်းကို တွေတွေကြီး ကြည့်နေခဲ့သည်။ ဘာများပါလိမ့်။ မြင်ရသလောက် ကျွဲပေါက် တစ်ကောင်လောက်ရှိသော သတ္တ၀ါတစ်ကောင် လျှောက်လာ နေခြင်းဖြစ်သည်။ မကြာခင်မှာပင် ထိုပုံရိပ်သည် သရက်ပင် အုပ်ကလေးတွေကြားက အမှောင် ရိပ်ထဲကို ရောက်လာတာ ထန်းကုလားထိုင်မှာ ထိုင်ရင်းကပဲ မအိမ်ကံမြင်နေရသည်။ နွားတစ်ကောင်ကောင် လွတ်နေတာ များလား။ ဆီးပင်တွေ အောက်က နွားစားကျင်းကို လှမ်းကြည့်လို့ မရနိုင်။ အိမ်မကြီး ကွယ်နေသည်။ ကောင်းကင်ဆီက လျှပ်စီးမျှင် ကွေးကွေး တစ်ချက် လက်ခနဲ ပြက်လိုက်တာကိုပင် မြင်လိုက်ရပါ၏။ မိုးချုန်း သံတော့ လိုက်မလာပါ။ တိမ်ခွပ်တယ်ဆိုတာများလား။

နောက်ထပ် စက္ကန့်ပိုင်းလောက်မှာတော့ တရွရွလျှောက် လာနေသည့် သတ္တ၀ါကြီးက သရက်ပင်ရိပ်က လွတ်သည့် နေရာကို ရောက်လာခဲ့ပြီ။ အိမ်မကြီးနှင့် ပဲမှော်တိုက်ကြားမှာ အိမ်သား တစ်ယောက် သို့မဟုတ် လူတစ်ယောက်ထိုင်နေတာကို မသိသလို အေးအေးဆေးဆေးလျှောက်လာနေသည့် သတ္တ၀ါ။ မအိမ်ကံက အသံ မထွက်ဘဲ အသာငြိမ် နေလိုက်သည်။ အသက်ပင် မရှူမိ။ သည်အချိန်ကျမှတော့ “ကျေးဥရေ ဖိုးကူးရေ” ခေါ်လို့မဖြစ်နိုင်တော့ပြီ။ ကြက်သီးတွေ တဖြန်းဖြန်းထနေသည့် ကြားကပင် တောင့်တောင့်ကြီးထိုင်နေခဲ့ခြင်းဖြစ်၏။

“အလို ဘုရား ဘုရား စိန်ပွင့်”

စိန်ပွင့်။ မအိမ်ကံတို့အိမ်ကြီးမှာ နှစ်ပေါင်းများစွာအသုံး တော်ခံခဲ့သော အဖေ့မြင်းကြီး စိန်ပွင့်မှန်း မအိမ်ကံချက်ချင်း သိလိုက်သည်။ သည်မြင်းကြီးနှင့် အဖေရွာတကာလျှောက် သွားနေကျမဟုတ်လား။ အဖေက သူ့မြင်းကြီးကို အင်မတန် ချစ်ခင်ရှာသည်။ ကောင်းကောင်းကျွေး၊ ကောင်းကောင်းမွေး ကာ ယုယုယယရှိရှာခဲ့သည်။ စိန်ပွင့်က လူစကားနားလည် တယ် သမီးရဲ့လို့ မကြာခဏပြောတတ်သည်။ သို့သော် မြင်း သခင် အဖေဦးသာထန်ရော စိန်ပွင့်ပါ ဘ၀ခြားခဲ့ကြတာကြာပြီ ပဲ။ အဖေဆုံးတာကြာခဲ့ပြီ။ မြင်းကြီးစိန်ပွင့်သေတာ ကြာခဲ့ပြီ။ အခုတော့ မြင်းကြီးစိန်ပွင့်က မအိမ်ကံရှေ့မှာ တရွရွလျှောက် နေသည်။ မြင်းခွာသံက မကြားရသလောက် ညင်သာလှ၏။ မအိမ်ကံ ရှေ့တည့်တည့် ရောက်သော်လည်း ဘေးဘီကို မကြည့်ဘဲ အိမ်ဝိုင်း တစ်နေရာကို လျှောက်နေခြင်းဖြစ်၏။ သည်လိုပဲ သွားနေကျလား။ လူလို ပြောရလျှင် မြင်းကြီးစိန်ပွင့်က မကျွတ် မလွတ်သေးတာလား။ မအိမ်ကံ ဥာဏ်မမီနိုင်သဖြင့် မစဉ်းစား တတ်သော်လည်း လောလောလတ်လတ်သူ့ရှေ့က ဖြတ်သွား တာကတော့ စိန်ပွင့်မှ စိန်ပွင့်အစစ် ဖြစ်၏။ မအိမ်ကံတုန်လှုပ် သွားခဲ့သည်။ လူလူချင်း ဓားဆွဲထွက်ရမှာ မကြောက်ခဲ့သော မအိမ်ကံအဖို့ရာ ထူးဆန်းလှသော မြင်ကွင်းကြောင့် ကျောက်ဖိ ခြင်းခံရသော ငါးစို တစ်ကောင်လို ပိထပ်သွားခဲ့ရသည်။
ထိုခဏမှာပင် ဆပ်သွားဖူး ရုံကြီးဆီမှ ကြီးမားလှသော ငှက်မည်းကြီး တစ်ကောင် ထွက်လာခဲ့ခြင်းဖြစ်၏။ ကောင်းကင် ရောင်နောက်ခံဖြင့် ငှက်မည်းကြီးကို မြင်နေရသော်လည်း ထင်းထင်းကြီး မြင်ရတာမျိုးတော့ မဟုတ်။ ငှက်ကြီးက ဆပ်သွားဖူး ရုံထဲက ထွက်လာတာတော့ သေချာသည်။

သမီးငယ်ခိုင်ကပင် မြင်ဖူးသည်ဟု ပြောခဲ့ဖူးသည်။ အခုတော့ မအိမ်ကံကိုယ်တိုင် မြင်ရပြီ။ ငှက်ကြီးက မြင်းကြီးစိန်ပွင့်ကိုမြင်လိုက်လို့ ထွက်လာ တာလား၊ တိုက်ဆိုင်တာလားတော့ မသိ။ ၀ူးခနဲ ပျံသန်းလာ ရာက ပဲမှော်တိုက်ခေါင်ပေါ်မှာ နားလိုက်သလို ခံစားရသဖြင့် လည်ပြန် မော့ကြည့်မိပြန်သည်။
ငှက်တစ်ကောင်။ ပဲမှော်တိုက်ခေါင်ချုပ် ၀ါးကပ်နှုတ်ခမ်း တန်းတွင် မားမားကြီးနားလျက် ရှိ၏။ မြင်းကြီးစိန်ပွင့်က အိမ်ဝိုင်း တစ်နေရာမှာ ရှိနေလိမ့်မည်။ ငှက်ကြီးက မလှုပ်မယှက် နားလျက်။ ဘာသဘောများပါလိမ့်။

“ဂီး”
တစ်ချက်တည်း ထိုးလိုက်သော ငှက်အော်သံကြီးက ဇောင်ချမ်းကုန်း တစ်ရွာလုံးပင် ခါသွားလောက်သည်။ အာခေါင်ကို ခြစ်အော်လိုက်သံက တော်ရုံလူမမာ အသက်ထွက်သွားနိုင် သည်အထိ ကျက်သရေမဲ့လှသည်။ သည်ညမှာတော့ မအိမ်ကံ ရင်တုန်စရာတွေချည်း မြင်နေရသည်။ ကြောက်မက်ဖွယ်ရာ ထူးဆန်းသော အဖြစ်နှင့် ကြုံခဲ့ရသည်။ ဒါတွေမြင်လိုက်ရတော့ သမီးအော်တို စာအုပ်ထဲက လွမ်းရသည်ဆိုသည့်စကားက ဘာမှ မဟုတ်တော့သလို သေးငယ်သွားခဲ့သည်။ ထန်းကုလား ထိုင်လက်တန်း နှစ်ဖက်ကို အားပြုကာ မအိမ်ကံ ထလိုက်ဖို့ပြင် သည်။ မြင်းကြီးစိန်ပွင့် တစ်ပတ် လှည့်လာနိုင်သည်။ ငှက်မည်းကြီးက မအိမ်ကံ မျက်နှာကို ထိုးသုတ်ကုတ် ခြစ်ပစ်လိုက် နိုင်သည်။ သည်တစ်ခါမှာတော့ ကျေးဥကို အသံကုန်ဟစ်ခေါ် လိုက်နိုင်လိုက်ပါ၏။

ကျေးဥအိပ်ပျော်နေပြီလား။ ဖိုးကူးရော။ ဖိုးကူးကိုခေါ် ဖို့ အားယူလိုက်စဉ်မှာ ငှက်မည်းကြီးက ဆပ်သွားဖူးရုံကြီး ဘက်ကို တန်းတန်းကြီးထိုးစိုက်ဝင်သွားတာ မြင်လိုက်ရသည်။ ဆပ်သွားဖူးပင်က ရုံကြီးကြီးလှသည်။ သည်ဆပ်သွားဖူးရုံကြီး ကို အဖေစိုက်ခဲ့တာလား။ အမေစိုက်ခဲ့တာလား။ မအိမ်ကံ မွေးတော့ တောကြီးထလှပြီ။ အပွင့်တွေမြုံနေရာက မအိမ်ကံ မွေးသည့်ရက်မှာပဲ ကောက်ကာငင်ကာ အပွင့်တွေပြလာခဲ့သည် ဆိုတာကိုလည်း မအိမ်ကံ မှတ်မှတ်သားသားရှိပါ၏။ ငှက်ကြီး က သည်အပင်ကြားထဲမှာ ပုန်းခိုနေတာသေချာပြီ။ နတ် ကတော် အမေကြီးသုန်အဟောရှိခဲ့သော ငှက်နက်ဆိုတာ သည် ငှက်ကြီးပဲဖြစ်လိမ့်မည်။ သည်ငှက်က ဘယ်ကငှက်ပါလိမ့်။ ဘာကြောင့် မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ အောင်းနေရတာလဲ။ မအိမ်ကံဘ၀မှာ သည်ငှက်ကို အကြိမ်ပေါင်းများစွာမြင်ဖူးခဲ့ သည်။ မြင်ရတိုင်းလည်း စိတ်ကသိကအောင့်ဖြစ်ရသည်ချည်း ပင်။ အတိတ်ငှက် နိမိတ်ငှက်လို့ပင် ထင်ခဲ့ဖူးပါ၏။ သည်ငှက် ကြီးပေါ်လာတိုင်း ထူးခြားသောအဖြစ်တွေ ဖြစ်ပျက်ခဲ့တာကို မအိမ်ကံသတိရသည်။ သည်ငှက်ကြီးအကြောင်း အဖေက လည်း မပြောဖူးခဲ့။ အမေကလည်း မပြောဖူးခဲ့။ မလှအုံကပင် အမှတ်တရပြောခဲ့တာမျိုး မရှိ။ ကိုပြေသိမ်းကတော့ တွေ့ခဲ့ဖူး သည်ဆို၏။ သမီးငယ်ခိုင်က မြင်ခဲ့ဖူးသည်ဆို၏။ မကြာခဏ တွေ့သူက မအိမ်ကံဖြစ်နေတာကလည်း ထူးဆန်းလှသည်။

မအိမ်ကံ ကုလားထိုင်က ကျုံးထရန် အားယူလိုက်စဉ်မှာပင် ဝေးလံသော အရပ်ဆီက လူစကားပြောသံတွေ ကြားလိုက် ရသည်။
“မအိမ်ကံ မအိမ်ကံ”

“မမကံ မမကံ”

မအိမ်ကံ မျက်လုံးတွေဖွင့်ကြည့်လိုက်သည်။ လူရိပ်မည်း မည်းအရိပ်နှစ်ရိပ်။ မအိမ်ကံကို ငုံ့ကြည့်နေကြသည်။ မအိမ်ကံ ပထမဆုံးသတိထားလိုက်မိတာက မျက်လုံးတွေပူနေခြင်းဖြစ် ၏။ အဖျားသွေးရှိသူတစ်ယောက် လေမိသလို ချမ်းစိမ့်စိမ့်ခံ စားနေရသည်။
“မအိမ်ကံ”

“ကျေးဥ”

“ထတော့ ညည်း ကယောင်ကတမ်းတွေပြောနေလို့ ငါလာထူသာ မရသာနဲ့ ဖိုးကူး ပြေးနှိုးရသယ်။ ငါထင်တော့ ထင်သား၊ တစ်ရေးနိုးတော့ မအိမ်ကံများ အပြင်ဘက်ရှိသေး သလားထင်မိသာနဲ့ လာကြည့်သာ။ ညည်းစကားတွေ လျှောက် ပြောနေသယ်၊ နဖူး စမ်းကြည့်တော့ ချစ်ချစ်တောက်လို့။ လာ ထ အိမ်ထဲဝင်ရအောင်”

“ကျေးဥ စိန်ပွင့်ကို ငါတွေ့သယ်။ အဖေ့မြင်းကြီးလေ စိန်ပွင့်လေ။ ငါ့မျက်စိနဲ့မြင်သာ”

“မဟုတ်သာပဲအေ။ ညည်းအိပ်ပျော်ရာက မြင်မိမြင်သာ နေမှာပါ”

“ငါ့မျက်စိနဲ့မြင်သာပါဆိုနေမှအေ။ နောက်ပြီး ငှက်မည်းကြီး”

“ကိုင်းပါ၊ ထတော့၊ အိပ်ရာထဲ ၀င်ရအောင်။ မအိမ်ကံ ညည်းဖျားနေပြီ”

မအိမ်ကံကို အိပ်ရာထဲ ပို့ပြီးချိန်မှာတော့ အဖျားတွေ ရှိန်ရှိန် တက်လာခဲ့ပြီ။ လူမှန်းသူမှန်း မသိအောင် ကယောင်ကတမ်း ဖြစ်လာခဲ့သည်။ နှုတ်ကအသံတွေ ရေရွတ် နေမိတာကို သိသော် လည်း ဘာပြောလို့ပြောမိမှန်းတော့ မအိမ်ကံကိုယ်တိုင်ပင် မသိခဲ့။ ကျေးဥက အိမ်မှာရှိနေသည့် ငန်းဆေးတစ်ခွက်ဝင် အောင်တိုက်သည်။ ဖျင်ကြမ်း စောင်ထူထူခြုံပေးကာ ခြေထောက်တွေကို ဆုပ်နယ်ပေးခဲ့သည်။ သည့်နောက်မှာတော့ ငန်းဆေးအရှိန်ကြောင့် မအိမ်ကံ ငြိမ်သက်သွားခဲ့လေသည်။

သည်တစ်ခေါက် သမီးကြီးမြိုင် မြင်းခြံကိုပြန်တော့ မအိမ်ကံနှင့် ကျေးဥတို့ကပဲ လိုက်ပို့ကြသည်။ မအိမ်ကံ စိတ်ထဲ မှာ ဘာမှမထားတော့။ သမီးကလည်း သူ့ဘက်က ဖြောင့်မတ်ခြင်းကို ယုံကြည်စွာဖြင့် နေရိုးနေစဉ် နေခဲ့သလို မအိမ်ကံက လည်း သူ့ဆန္ဒတွေကို ချိုးနှိမ် ထားနိုင်ခဲ့သည်။ သမီးစိတ် ဆင်းရဲမှန်း သိသဖြင့်လည်း သက်ဦးဝေ ကိစ္စကို နှုတ်ကမဟတော့ဘဲ မသိကျိုးကျွန်နေခဲ့ ခြင်း ဖြစ်သည်။ မအိမ်ကံဖျား စဉ်က သမီးမြိုင်ကပဲ ပြုစုခဲ့ သည်။ ခိုင်ကလေးကလည်း မအေ့အနားက မခွာ။ ကျေးဥ ခမျာ အိမ့်ဗာဟီရတွေကြားမှာ ခေါင်းမဖော်နိုင်ရှာ။ ယာထဲ အခင်းထဲ အလုပ် ဆင်းကြသည့် ကိုဖိုးငွေတို့သားအဖ မြေး အဘိုးတစ်တွေကို ထမင်းပို့ဖို့၊ ရက်ကန်းစင်ကိုစောင့်ကြည့်ဖို့ ကအစ ချက်ရေးပြုတ်ရေးတွေမှာ အေးငြိမ်နှင့်အတူ ဒလက် လည်အောင်လုပ်နေရရှာသည်။ ဆေးတိုက်တော့လည်း မြိုင်၊ မအေကို ခြေဆုပ်လက်နယ်ပြုတော့လည်း မြိုင်။ မအေနှင့် သမီးစကားတွေပြောခဲ့ကြသည်။ မအိမ်ကံက သူဖြစ်စေချင် တာတွေကို စောင်းပါးရိပ်ခြည်ပြောပြခဲ့သည်။ မအေပြောတော့ လည်း မြိုင်က နားထောင်ရှာပါ၏။

“အမေတို့ အမေကြီး ပန်းရုံတို့ လှူခဲ့သဲ့ ကျောင်းကြီး မီးလောင် သွားတုန်းကများ အမေဆိုသာ ရင်ကျိုးခဲ့ရသယ်။ လူလူချင်းထားသဲ့ အာဃာတများ ကြောက်စရာ ကောင်းချက်တော့ သမီးရယ်။ နှစ်ပေါင်းများစွာ ကျွဲများနွားများ စားကျက် ကွင်းထဲ လံသလိုလံထားရာက အခွင့်သာတော့မှ လက်စားချေ ကြသာ။ အမေ့ကို သေအောင် အမျိုးမျိုး ကြံစည်ခဲ့ကြသယ်။ အမေတို့ ၀ိုင်းတိုက်ထဲမှာ အစိမ်းတိုက် တိုက်ခဲ့ကြသယ်။ အမေ ကတော့ ကံမြင့်နေတုန်း ဘာမှမဖြစ်ခဲ့ဘူးပေါ့ကွယ်။ ဒါပေသိ အမေ ရင်နာလှသယ်။ လက်စားချေသာကို အမေ မကြိုက်ပေ မယ့် သင်းတို့ကို သည်တစ်သက်နိုင်ရမှ အမေ အသေဖြောင့် လိမ့်မယ်”

“ဘယ်သူတွေက ဘာတွေလုပ်ခဲ့ကြလို့လဲ အမေ။ သမီး မသိရပါလား။ အမေက တစ်ရွာလုံး အပေါ် စိတ်ကောင်း စေတနာကောင်း သည်လောက်ထားနေသဲ့ဟာကို”

“ကျောင်းတော်က ရန်စပေါ့အေ။ ဒါကြောင့်ပြောသာ၊ အမေ့ ဘ၀မှာ တစ်ချက်ကလေး လမ်းလွဲခဲ့ရခြင်းဟာ တစ်သက် စိတ်မချမ်းသာစရာတွေဖြစ်ခဲ့ရသယ်။ ရွာထဲက ဦးသာအောင်ကို သမီး သိသယ်မှုတ်လား။ မှုံနံ့သာတို့ အဖေလေ၊ အဲသည် သာအောင်နဲ့ အမေနဲ့ လူမသိသူမသိ ကွင်းထဲက အခင်း စောင့်တဲကလေးထဲမှာ နှစ်ယောက်ချင်းတွေ့မိခဲ့ကြသာက စသာပါပဲ”

“ဦးသာအောင်က အမေ့ ငယ်ရည်းစားလား”


March 12, 2010

ရီနိုမာန်နှင့် အင်တာဗျူးခြင်း (၈)

* အကြိုက်ဆုံး အရောင် -
* အဟမ်း...ငယ်ငယ်တုန်းကတော့ရဲရင့်ပြတ်သားတဲ့အနီရောက်ကြိုက်တယ်။ အခုတော့စိမ်းစိမ်းကားကား အစိမ်းရောင်ဗျ။ ဒါပေမဲ့အင်္ကျီဝယ်ပြန်တော့ အဖြူနဲ့အနက်ထဲက မထွက်ပြန်ဘူး။


* အကြိုက်ဆုံး မြန်မာ အစားအစာ -
* ငါးရံ့အူဆီပြန်နဲ့ငါးသလောက်ပေါင်းကြိုက်သဗျ။ ဒေသအစားသောက်ဆိုရင် တိုဟူးနွေးနဲ့ ထားဝယ်မုန့်တီပေါ့ဗျာ


* အကြိုက်ဆုံးရေမွှေး -
* CK-Be


* အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း -
* ဝတ်လို့ကောင်းတဲ့ပစ္စည်းအားလုံး....


* အကြိုက်ဆုံး ဖိနပ် -
* အခုလောလောဆယ် gucci ကဖိနပ်ကြိုက်နေပါသည်။း)


* အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း-
* သူများတွေအင်တာဗျူးမှာဖြေသလို ဖရီးစတိုင် Rofl


* ဘလောဂ့်စတင်ခြင်းနှစ် -
* I'm so 2008, u so 2000 and late :)


* ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း-
* အားလပ်ချိန်တွေအကြိုးရှိရှိကုန်ဆုံးစေဖို့


* ကိုယ်ပိုင် ဝါသနာ -
* ခရီးသွားခြင်း။


* ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း -
* money & mrt card


* စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ -
* ဂျေလိုရဲ့ကိုယ်လုံးနဲ့လေဒီဂါဂါဆံပင်၊ ကေတီပယ်ရီမျက်လုံးနဲ့အွန်စောမျက်နှာ


* အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် -
* never....never....never....give up



အလုပ်မအားတာကြောင့် ကျွန်တော် ညီလေးတွေနဲ့ အင်တာဗျူးထားတဲ့ အစီအစဉ်လေး တွေကို ခုမှပဲ တင်ပေးနိုင်တော့တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

March 2, 2010

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ - ၃

ကိုယ်က ငယ်ငယ်ကတည်းက တစ်ယောက်ထဲ သီးသီးသန့်သန့် နေရတာကို အရမ်းနှစ်ခြိုက်ခဲ့တယ်။ ကိုယ်နားလည်တဲ့ အရွယ်ရောက်တဲ့ အချိန်ကစပြီး အမေ၊အဖေတို့နဲ့ ခွဲအိပ်ဖို့ ကိုယ်ကပဲ စတောင်းဆိုခဲ့တာ။ ကိုယ့်အတွက် ကုတင်တလုံးနဲ့ အိပ်ရာခင်း အပြည့်အစုံ တစ်စုံလုပ်ပေးခဲ့ရတယ်။ ကိုယ်အဖေက ကိုယ့်ကို သိပ်ချစ်တော့ ခွဲမအိပ်စေချင်ဘူး။ ကိုယ်က အဖေကို " သားအိပ်ယာမှာပဲ သားအိပ်ချင်တယ်။ အဖေ သားနဲ့ အိပ်ချင်ရင် သားဆီမှာ လာအိပ်" လို့ ပြောတော့ ကိုယ်နဲ့ လာလာအိပ်တယ်။ မနက်ကြရင်တော့ ကိုယ်နဲ့ အတူတူ မရှိတော့ဘူး။ သူတို့ အိပ်တဲ့ အိပ်ယာဆီကိုပြန်ရောက်သွားတယ်။ ဘာကြောင့်လဲ ကိုယ်မသိခဲ့ဘူးလေ။ (ငယ်သေးတာကိုး) ကိုယ်ကတော့ ကိုယ့်အိပ်ယာမှာ ကိုယ်အိပ်ရတော့ ကျေနပ်ခဲ့တာပေါ့။

နောက်တစ်ခု အကျင့်ဆိုးကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိပဲ ဆိုပါတော့။ သူငယ်ချင်းအိမ်တွေ လိုက်မအိပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိမ်မှာ အိပ်သလိုမအိပ်ရမှာဆိုလို့။ သူငယ်ချင်းတွေကိုပဲ ကိုယ်အိမ်မှာ ခေါ်အိပ်ခဲ့တယ်။ နောက်ပိုင်း အရွယ်ရောက်လာတော့ သူငယ်ချင်းတွေက ကိုယ်ကို အတင်းခေါ်ရင်တော့ ကိုယ်မေးနေကျ တစ်ခုကတော့ ....ငါ့ကို အခင်း ခင်းဖို့ စောင်တစ်ထည် အပိုပေးနိုင်လား။ ပေးနိုင်မှ လိုက်အိပ်မယ်လို့...။ ငယ်ငယ်ကတည်းက အကျင့်လိုဖြစ်နေတာ ခုချိန်ထိလုံးဝ ပြင်လို့မရဘူး။ ခေါင်းအုံး၊ စောင် မရှိလို့ရတယ် အနွေးဓာတ်ရတဲ့ အခင်းမရှိရင်တော့ ကျနော် အိပ်ဖို့ အတွက်တော်တော်ခက်ခဲတဲ့ ညတွေလို့ ပြောလို့တောင်ရနိုင်ပါတယ်။

ကိုယ်မှတ်မိနေသေးတယ်။ ကိုယ် (၇) နှစ်သားလောက်ကပေါ့။ ကိုယ့် အဖေတာဝန်ကျတဲ့ ပုသိမ်ကိုပြောင်းဖို့ ပစ္စည်းတွေ အားလုံးကိုသိမ်းပြီလို့ သင်္ဘောပေါ်ပို့ထားပြီးပြီ။ အိမ်မှာ အဖေရယ် အမေရယ် ကိုယ် အိပ်ဖို့ ခေါင်းအုံးနှစ်လုံး စောင်တစ်ထည် နဲ့ ဖျာတစ်ချက်ပဲ ရှိတော့တယ်။ အိပ်ခါနီးမှ ကိုယ်သိလိုက်ရတယ်။ အိပ်မယ်လုပ်တော့ ကိုယ်ကို စောင်တစ်ထည်ပဲပေးတယ်။ အခင်းကောလို့ မေးတော့ အမေက ဒါပဲရှိတယ်။ အာလုံးသိမ်းလိုက်ပြီးတဲ့၊။ ကိုယ် စိတ်တွေဆိုးနေခဲ့ပြီ။ ကိုယ်စိတ်ဆိုးတာကို သိတဲ့ အဖေနဲ့ အမေလည်း ကိုယ့်ကို ဘာမှ မပြောတော့ပဲ အိပ်လိုက်ကြတော့တယ်။ မအိပ်နိုင်သေးတာက ကိုယ်။ အရမ်းလည်း အိပ်ချင်နေပြီ။ နောက်ဆုံးမှာ ကိုယ်ရထားတဲ့ စောင်လေးကိုဖြန့်ခင်းပြီ လှဲလိုက်မှပဲ အိပ်ပျောသွားတော့တယ်။ အဲဒီကတည်းက ကိုယ့်အကြောင်းကိုယ် ကောင်းကောင်း သိသွားတော့တယ်။ အခင်း( စောင်(ဝါ) မွေ့ယာ) မရှိရင် အဲ့ဒီညတွေဟာ ကိုယ်အတွက်တော့ ခက်ခက်ခဲခဲ ကို ဖြတ်ကျော်ရမဲ့ ညတွေပေါ့။

ကိုယ့်အမေက နတ်တွေကိုယုံတယ်။ အိမ်မှာတော့ အိမ်တွင်းနတ်ကလွဲလို့ ဘာနတ်မှတော့ မရှိဘူး။ ဒါပေမယ့် နှစ်တိုင်းတော့ ထိုင်ကနား ပေးခဲ့တယ်။ ကိုယ်အဖေကတော့ စစ်သားကလဲ စစ်သား၊ ကရင်ကလဲကရင် ဆိုတော့ ဘုရားကလွဲပြီး ဘာမှ ကို မယုံကြည်ဘူး။ ကိုယ်အမေ လုပ်နေတာတော့ ဘာမှ ဝင်မပြောဘူး။ ကိုယ်အမေကလည်း နတ်ကတော်ကို တစ်ဦးတည်း ပုံမှန်မသုံးခဲ့ဘူး။ သူကအရင် စမ်းသေးတယ်။ စမ်းလို့ ကျေနပ်မှ နတ်ပွဲပေးတာ။ ကိုယ့်အမေ နတ်ကတော်တွေကို စမ်းသပ်တဲ့ အချိန်မှာတော့ ကိုယ်က အစမ်းသပ်ခံဘဝပေါ့။ အမှတ်(၁) မှာ ကိုယ်ပြောခဲ့ဖူးတယ်မလား။ ကိုယ်ကို နတ်တွေဆီက ပြန်တောင်းထားတာလို့လေ။ အဲဒါ ကိုအမေရဲ့ နတ်ကတော်တွေကို စမ်းသပ်ဖို့ နည်းတစ်နည်းဖြစ်ခဲ့ရတယ်။ ကိုယ်အကြောင်းမသိတဲ့ နတ်ကတော်က နတ်ဝင်ပြီး မှန်အောင်ပြောနိုင်ခဲ့ရင်တော့ ကိုယ့်အမေလက်ခံတဲ့ နတ်ကတော်ဖြစ်ပြီး သူနဲ့ နတ်ပွဲ ပေးဖြစ်တယ်။

နတ်မယုံတဲ့ ကိုယ်အဖေကိုတောင် ယုံကြည်လောက်အောင် ပညာပြနိုင်တဲ့ နတ်ကတော်ကိုလည်း ကိုယ်တွေ့ခဲ့ဖူးတယ်။ ကိုယ်အမေက နတ်မေးတာ နည်းနည်း နတ်ကတော်ကို ပညာစမ်းတာများများရယ်။ အိမ်မှာနတ်တင်တဲ့ နေ့ဆို အဖေက တနေ့လုံး ပြန်မလာဘူး။ အမေက ကြိုမှာထားတာ။ ညပိုင်း ပွဲပြီးလောက်ပြီးဆိုမှ ပြန်လာတာ။ အဲဒီနေ့ အဖေက နေ့လည်ခင်းကြီး ပြန်လာခဲ့တယ်။ အမှန်က အမေက နတ်ကတော်ကို နတ်ဝင်နေတဲ့ အချိန်မှာ အဖေကိုလှမ်းခေါ်ခိုင်းတာ။ စမ်းတဲ့သဘောပေါ့။ အဖေကိုမေးတော့လည်း ပြန်လာချင်တဲ့ စိတ်ဖြစ်နေလို့တဲ့လေ။ အဖေကိုပြောပြတော့ သိတဲ့ အတိုင်း မယုံဘူးလေ။ ငါ့ဟာငါပြန်လာတာ မင်းတို့နတ်တွေ နဲ့ ဘာဆိုင်လို့လဲတဲ့။ ဝင်နေတဲ့ နတ်က ကိုကြီးကျော်နတ်။ အဖေကိုရှေ့တိုးခိုင်းပြီ။ သူ့ကို မယုံဘူးမလားလို့မေးတယ်..... အဖေကလည်း .... ဟုတ်တယ် ... မယုံဘူးတဲ့။ အဖေကလည်း အရက်သောက်တဲ့ လူ။ ကိုကြီးကျော်ကလည်း အရက်သောက်တဲ့ နတ် ဆိုတော့... ညီဘွား မသောက်ရသေးဘူးမလားလို့... မေးလာတယ်။ အဲဒါဆို ဒီနေ့ အတွက်ညီဘွားအရက်သောက်စရာမလိုဘူး..... ကိုကြီးရဲ့ အမူးတွေအကုန်ထားခဲ့မယ်.. ဆိုပြီး နတ်လည်း ပြန်ကြွသွားတော့ အဖေလည်း အရက်မူးပြီကျန်ခဲ့ပါတော့တယ်။

အဲ့နောက်ပိုင်း အဖေလည်း နတ်တွေကိုနည်းနည်းယုံလာခဲ့တယ်။ ကိုယ်လည်း မယုံကြည်ပေမယ့် လက်ခံသင့် သလောက်တော့ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် ကိုယ်လည်း ကိုယ်အမေလိုပဲ စမ်းသပ်ချင်တဲ့ စိတ်ကလေးကတော့ ကိုယ့်မှာ ပါလာခဲ့တယ်။ .......

ဆက်ရန်......

လေးစားစွာဖြင့်
ရီနိုမာန်