December 25, 2010

American Idol 2011 season

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလထဲရောက်ပြီးဆိုရင်ဖြင့် နောက်နှစ် နှစ်သစ်မှာ ပြုလုပ်ကျင်းပမဲ့ အစီအစဉ်လေး တစ်ခုကတော့ စိတ်ထဲ အလိုလိုရောက်လို့ လာနေခဲ့ပါပြီ။ တစ်ခါတစ်ခါကြည့်ရဖို့ ၆လလောက်စောင့်လိုက်ရသလို။ စလယ်ဆုံး ပြီးအာင်ကြည့်ဖို့လည်း ၆လလောက်အချိန်ပေးရ ပြန်ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေကအတိုင်းပဲ ဒိုင်လူကြီးတွေကတော့ သုံးယောက်ပြန်ဖြစ်လို့ သွားပြန်ပါပြီ။ ၂၀၀၉ နဲ့ ၂၀၁၀မှာတော့ ဒိုင်လူကြီးတွေ လေးယောက်နဲ့ ပွဲစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ခု ၂၀၁၁မှာတော့ ဒိုင်လူကြီး သုံးယောက်ပြန်ဖြစ်သွားသလို၊ ဒိုင်များလည်း လူအပြောင်းအလဲလေး ဖြစ်နေတာကို သတိထားလိုက်မိပြန်ပါတယ်။

ဒီပွဲစဉ်ကို စကြည့်ဖြစ်တုန်းကတော့ ဒိုင်တွေအဖြစ်နဲ့ Randy ရယ်၊ Paula ရယ်၊ Simon ပဲရှိခဲ့ရာမှ ၂၀၀၉မှာတော့ Kara တစ်ယောက် ထပ်တိုးလို့ လေးယောက်ဖြစ်သွားခဲ့ပါတယ်။ ၂၀၀၉ အကုန်မှာတော့ Paula ကဒိုင်အဖြစ်မှ နှုတ်ထွက်သွားခဲ့ပါတယ်။ သူမနှုတ်ထွတ်သွားပြီးတဲ့နောက်ပိုင်း သူမနေရာမှာ Victoria Beckham, Mary J. Blige, Kristin Chenoweth, Neil Patrick Harris, Joe Jonas, Avril Lavigne, Katy Perry and Shania Twain တို့က အလှည့်ကျ Auditions မှာ ပါဝင်ခဲ့ကျပါတယ်။ နောက်ဆုံး Top 24 အရောက်မှာတော့ သူမရဲ့နေရာမှာ Ellen DeGeneres က၂နှစ်စာချုပ်နဲ့ ဒိုင်အဖြစ်ပါဝင်ခဲ့ပါတယ်။

ပွဲစဉ်ရဲ့နောက်ဆုံး Final အရောက်မှာတော့ Simon လည်း အားလုံးကို နှုတ်ဆက်သွားခဲ့ပြန်ပါတယ်။ american idol 2011 season မှာတော့ ဒိုင်များအဖြစ် ရွေးချယ်လိုက်ကြတာကတော့ Steven Tyler, Jennifer Lopezနှင့် Randy Jackson တို့ပဲ ဖြစ်ကြပါတယ်။ Ryan ကတော့ Host အဖြစ်ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Paula ကတော့ ယခုနှစ် ပြုလုပ်မဲ့ Live to Dance အစီအစဉ်မှာ ဒိုင်အဖြစ်ပါဝင်မှာ ဖြစ်ပြီး၊ Simon ကတော့ X Factor မှာပဲ ဒိုင်အဖြစ်ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Kara ကတော့ စာချုပ်သက်တမ်း ပြည့်သွားတဲ့အတွက် နှုတ်ထွက်လိုက်ခြင်း ဖြစ်ပါတယ်။ Simon ရဲ့နေရာမှာ Steven Tyler က အစားထိုးဝင်ရောက်ပြီး၊ Paula ရဲ့နေရာမှာတော့ J Lo က ဆောင်ရွက်မှာ ဖြစ်ပါတယ်။


ဒါကတော့ American Idol 2011 season ရဲ့ ဒိုင်လူကြီးတွေပဲ ဖြစ်ပါတယ်။
teven Tyler, Jennifer Lopez, Randy Jackson နှင့်
Ryan ( Host)
American Idol 2011 season ကို ၂၀၁၁ ဇန်နဝါရီလ ၁၉ရက်နောက်ပိုင်း ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။



လေးစားစွာဖြင့်
ရီနိုမာန်

December 23, 2010

ကျနော်ပြန်မဲ့ တရုတ်နှစ်သစ်ကူး

အခုတစ်လော ဘာဆိုဘာမှကို ကောင်းကောင်းမလုပ်ဖြစ်ဘူး။ အလုပ်အလုပ် နဲ့ အချိန်တွေပဲ ကုန်နေခဲ့တယ်။ အလုပ်နဲ့ အချိန်ကုန်နေတော့လည်း အလုပ်လုပ်ဖို့ ဒီကိုလာခဲ့တာပဲ မဟုတ်လားလို့ ကိုယ့်ကိုကိုယ် ပြန်မေးရပြန်တယ်။ ဟုတ်တယ်လေ အလုပ်လုပ်ဖို့ ဒီမှာရောက်နေရတာပဲ။ ဘာလုပ်ချင်သေးလို့လဲ။ အလုပ်လုပ်မှ ပိုက်ဆံရမှာပေါ့။ ပိုက်ဆံရမှပဲ မိဝေးဖဝေး ဖြစ်နေတဲ့ ဘဝကဝေးမှာ မဟုတ်လား။

တစ်ခါတစ်ခါလည်း အမိမြေကိုလွမ်းတာထက် အိမ်ကိုလွမ်းတာက ပိုနေပါတယ်။ ဘဝပေး အခြေအနေက အိမ်ကိုလွမ်းနေပင်မဲ့လည်း အိမ်ပြန်ဖို့ရန်အတွက် ထင်သလောက်မလွယ်ပြန်ပါဘူး။ သူငယ်ချင်းတွေ အိမ်ခဏခဏပြန်တာကိုကြည့်ပြီး ကိုယ်လည်း အရမ်းပြန်ချင်ခဲ့မိတယ်။ သူတို့တွေ ပြန်လို့ လေဆိပ်လိုက်ပို့ဖြစ်တဲ့ အခါများဆို လေဆိပ်မှာ ကျန်ခဲ့တဲ့ ခံစားချက်ကို မျက်ကွယ်ပြုနိုင်ပင်မဲ့ ရင်ထဲက ဖြစ်နေတဲ့ ခံစားချက်ကိုတော့ ဘယ်လိုမှ ဖယ်လို့မရနိုင်ခဲ့ပါဘူး။

ခုလိုပြောလို့ ကိုယ့်အိမ်ကိုယ်ပြန်တာပဲ ကြီးကြီးကျယ်ကျယ် ပြောနေသေးတယ်လို့ ပြောနေပါအုံးမယ်။ ကိုယ့်အိမ်ကိုယ်ပြန်တဲ့ အလုပ်က ကိုယ့်အတွက် ဘာလို့များ ခဲရင်နေရပါလိမ့်။ စိတ်ထဲကတော့ ပြန်နေမိတယ် တစ်နှစ်တစ်ခါလောက်ပေါ့။ ခုတော့ သုံးနှစ်ပြည့်တော့မယ်။ ပြန်မယ်လို့ စဉ်းစားပြီး အစီအစဉ် ဆွဲနေမိပြန်ပါတယ်။ အစီအစဉ်ကတော့ ကိုယ့်တွက်ကိန်းနဲ့ ကိုယ် ဟုတ်နေတာပဲ။

ဟိုးနေ့က သူဌေးက မေးတယ်။ မင်းတို့ ရောက်နေတာ ဘယ်လောက်ကြာပြီလဲတဲ့။ သုံးနှစ်လို့ ပြန်ပြောတော့။ မပြန်ချင်ဘူးလားတဲ့ ။ ပြန်မယ်လို့ တစ်ရုတ်နှစ်သစ်ကူးကြရင် ပြန်မယ်လို့ ပြောတော့ ..... ဘယ်ရက်ပြန်ချင်တာလဲတဲ့ ..... ခွင့်တစ်လ ပေးမယ်တဲ့ ..... ခွင့်ရက်ထဲက ၁၀ရက်တော့ ဖျက်မယ်။ ကျန်တဲ့ ရက်ကို လစာပေးမယ်တဲ့..... ပြောဘယ်တော့လဲ .....

ပြန်တဲ့ တစ်လကို လစာရမှာ ဆိုတော့ ပျော်သွားတာပေါ့။ ဒါနဲ့ ကျနော်လည်း ပြန်မဲ့ရက်ကို ပြောလိုက်တော့ သူဌေး ဘာမှ ဆက်မပြောတော့ပဲ ပြုံးပြီး ပြန်သွားပါတော့တယ်။ တော်သေးတာပေါ့ ထမဆဲသွားတာကို ပဲ ကျေးဇူးတင်နေမိပြန်ပါတော့တယ်။ ကျနော် ပြန်မဲ့ တရုတ်နှစ်သစ်ကူးကလဲ ၂၀၁၂ တရုတ် နှစ်သစ်ကူး ဆိုတော့ကာ ...........


ရီနိုမာန်

December 9, 2010

ဘဝနဲ့ဆန္ဒ

အရေလေး တစ်စက် အရက်လေး တစ်ခွက်နဲ့
အဖော်မဲ့နေတဲ့ ကျနော်ရဲ့ဘဝ

မျှော်လင့်ချက် တစ်ခုနဲ့ ယုံကြည်ချက်တစ်ဝက်
ပုံဖော်နေတဲ့ ကျနော်ရဲ့ ဆန္ဒ

အတ္တကို အဖော်ပြုလို့ ပျော်ရွှင်နေတဲ့ ကျနော်ရဲ့ ဘဝ

တက်မက်မှုတွေကို စွဲလမ်းနေတဲ့ ကျနော်ရဲ့ ဆန္ဒ

ဘဝနဲ့ဆန္ဒ ထပ်တူကျမဲ့နေ့ ဟော့ဒီနေ့ .... ဒီနေ့


လေးစားစွာဖြင့်
ရီနိုမာန်


December 3, 2010

လှူကြဦးစို့လား....(သုခရိပ်မြုံ မှသည်....)

ဆရာမ အိန္ဒြာဘလောဂ့်မှ ကူးယူဝေမျှရခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ ( AIDS ) နေ့ကိုရောက်လာခဲ့ပြန်ပါပြီ..။
မနှစ်ကဒီလိုအချိန်မှာပဲသုခရိပ်မြုံHIV ကူးစက်ခံမိဘမဲ့ကလေးများ ဂေဟာအတွက်
စုပေါင်းလှူဒါန်းခဲ့ကြတာလည်း တစ်နှစ်ပြည့်မြောက်ပါတော့မယ်.။

အဲဒီ့အလှူငွေစုစုပေါင်း ၄၇ သိန်း ကို သူခရိပ်မြုံဂေဟာလေးမှာ အထွေထွေ ၀န်ဆောင်မှုတွေမှာ အသုံးပြုခဲ့နိုင်တယ်လို့ သိရပါတယ်.။

ဒီနှစ်လည်း ဒီလိုပဲ မိတ်ဆွေ ညီအကိုမောင်နှမတွေ စုပေါင်းပြီး ထိထိရောက်ရောက်
လှူဒါန်းနိုင်မယ့် အလှူမျိုးလေးနဲ့ စုပေါင်းလှူဒါန်းကုသိုလ်ယူကြပါဦးစို့လို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

အခုမနှစ်ကလှူဒါန်းခဲ့တဲ့အလှူငွေဖြတ်ပိုင်းဓါတ်ပုံလေးတွေကိုပါသာဓုခေါ်ဆိုနိုင်ဖို့ထပ်မံတင်ပြပေးလိုက်ပါတယ်..။

အလှူငွေတွေကို မြန်မာပြည်မှာ စာရေးဆရာမ မနော်ဟရီက အစစအရာရာ ကုသိုလ်ဖြစ် တာဝန်ယူလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်..။

ဒီဖြတ်ပိုင်းလေးတွေကတော့ အလှူငွေလက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်မှတ်တမ်းလေးတွေပါ။




ဒီသတင်းလေးကို အသေးစိတ်ပြန်သိချင် ဖတ်ချင်တယ်ဆိုရင်တော့ သုခရိပ်မြုံ ဆိုတဲ့ ကဏ္ဍလေးမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်..။
ညီအကိုမောင်နှမတွေက ထင်တာထက်ပိုပြီး အားတက်သရော လှူဒါန်းခဲ့ကြလို့ ကျေးဇူးတင်ဝမ်းသာရသလို ခုချိန်အထိတောင် ဖုန်းဆက်ပြီး မြန်မာပြည်ပြန်မှာမို့ သုခရိပ်မြုံကိုသွားပြီးလှူချင်လို့ လိပ်စာနဲ့ဖုန်းနံပါတ်တွေ ရှိနေတုန်းပဲမို့ အများကြီး ကျေနပ်ပိတိဖြစ်လို့မဆုံးပေါ့..
ဒီနှစ်တော့ ကလေးဦးရေ ၆၀ အထိတိုးလာပြီး ကလေးလေး ၃ ယောက်ကိုတော့
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ စိတ်မကောင်းဖွယ်ရာ ကြားသိရပါတယ်။

မေတ္တာတွေ စေတနာတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက် ပေါင်းစည်းမိလိုက်ကြတဲ့ အလှူပွဲလေးတစ်ပွဲပါပဲ..။
တစ်ယောက်နဲ့တစ်ယောက် လူချင်းတွေတောင် မသိကြ မမြင်ဘူးကြတဲ့ ဒီ(၁၁၁)ယောက်ဟာ
ကုသိုလ်တွေ အတူတူရရှိခဲ့ကြပြီး သာဓုတစ်ပြိုင်တည်းခေါ်ဆိုခွင့်ရရှိခဲ့ကြပါတယ်.။

" ဘာပဲဖြစ်ဖြစ် တကယ်လိုအပ်နေတဲ့သူတွေလက်ထဲအရောက် အလှူငွေ ထည့်အပ်နိုင်ခဲ့တာအတွက် လှူဒါန်းသူတွေရော ကြားသိရတဲ့သူတွေပါ ကျွန်မနဲ့ထပ်တူ ကျေနပ်ဝမ်းမြောက် သာဓုခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်.။"

ဒီနှစ်တော့ သုခရိပ်မြုံဂေဟာကိုတင်မဟုတ်ဘဲ ကောက်ခံရရှိတဲ့ငွေပေါ်ကို မူတည်ပြီး
HIV နဲ့ပတ်သက်တဲ့ ဆေးရုံတွေ ၀န်ဆောင်မှုတွေအပြင်
အလားတူ စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့တွေကိုပါ သွားရောက်လှူဒါန်းကြဖို့ စီစဉ်မျှော်လင့်ထားပါတယ်..။


တစ်ဒေါ်လာတိုင်းဟာ မြန်မာငွေ ၇၀၀ - ၈၀၀ နဲ့ညီမျှတော့ တစ်ဒေါ်လာပဲထည့်ရင်တောင် ထမင်းတစ်နပ်စာတော့ ပံ့ပိုးပေးလိုက်နိုင်မှာပါ။

ဒီလိုနဲ့ပဲ မနှစ်က နိုင်ငံအရပ်ရပ်က အွန်လိုင်းစာဖတ်သူတွေ စာရေးသူတွေ စေတနာရှင်တွေ (၁၁၁)ဦးရဲ့ နည်းနည်းချင်းဆီ စုပေါင်းကြရာကနေ ၄၇သိန်းဆိုတဲ့ ငွေပမာဏဖြစ်တည်လှူဒါန်းနိုင်ခဲ့ကြတာပါ.။

ဒီနှစ်အတွက်၂၀၁၀ဒီဇင်ဘာ(၁)ရက်နေ့ကနေ ၂၀၁၁ ဇန်န၀ါရီလကုန်အထိ
"၂လတိတိကောက်ခံပြီး "
ဖေဖေါ်ဝါရီလထဲမှာ လှူဒါန်းကြမှာဖြစ်ပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့သူတွေကတော့

စင်ကာပူနိုင်ငံမှာ

အိန္ဒြာ ( ၉၁၇၉၆၅၄၂)
မိုးကုတ်သား( ဘိုဘိုဟန်ထွန်းနိုင်) (၈၁၁၈၉၁၆၀)
မယ်ကိုး(၈၂၃၉၂၇၆၄)
ရီနိုမာန်(၉၀၀၄၆၀၂၂)

အိန္ဒိယနိုင်ငံမှာ
အရှင်ကုဏ္ဍလ
A Shin Kondala
Univerisy of Jammu
Nehru Hall Boys Hostel
Room- 144, Jammu-180006,Jammu&Kishmir,India,
Phone- No +91 9697510037

မလေးရှားနိုင်ငံမှာ
ခရေတွန်(၆၀ ၁၆၆၀၄၀၄၀၀)

ထိုင်းနိုင်ငံမှာ
ကိုဆန်နီ (ဖုန်းနံပါတ်ကို ထပ်မံတင်ပြပေးပါမည်။)

ထိုင်ဝမ်နိုင်ငံမှာ
မြစ်ကျိုးအင်း (၈၈ ၆၉၅၃၇၀၅၆၂၅)

ကိုရီးယားနိုင်ငံမှာ
စာပေချစ်မြတ်နိုးသူများ ( ၀၁၀ ၂၂၆၉၁၇၈၈)
Yမြစ်ချို (၀၁၀ ၈၇၁၄၇၀၁၉)

ဂျပန်နိုင်ငံမှာ

သင်းသင်းထွဋ် (၀၈၀ ၄၁၁၃ ၁၈၇၅)

ခင်လေးငယ် (၀၈၀ ၂၀၃၂ ၇၁၄၈ )



တို့ကနေတဆင့် ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ကြပါကြောင်း..

ဒီနှစ်တော့ Facebook မှာပါ တင်မှာဖြစ်တဲ့ အတွက် ဖုန်းဆက်လို့ဖြစ်စေ Facebook မှာ message ပို့ပြီးတော့ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း

အလှူငွေကောက်ခံရရှိတဲ့ အလှူငွေစာရင်းတွေကို Blog နဲ့ Facebook တွေမှာ တင်ပေးသွာမှာဖြစ်ပါကြောင်း..
မိတ်ဆွေ မောင်နှမ ညီအစ်မများကို လေးစားစွာ သတင်းကောင်းပါးအပ်ပါတယ်ရှင်.။


အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

အိန္ဒြာ

လေးစားစွာဖြင့်
ရီနိုမာန်

November 15, 2010

တမ်းတမိတယ် ..... အမေ့ရင်ခွင်

အသက်က ရလာလို့လားတော့ မပြောတက်။ မိသားစုနဲ့ ဝေးဝေးမှာ နေရတာကို အထီးကျန်သလို ခံစားနေရတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတော့ အိမ်မှာမနေချင်လို့ မိဘအရိပ်ကို မခိုချင်လို့ ခြေစုံကန်ပြီး ထွက်လာခဲ့တာ။ ၁၀နှစ်ဆိုတဲ့ ကာလအတွင်းမှာ အိမ်ပြန်ပြီး မိဘနဲ့ အတူတူပြန်နေမယ် ဆိုတဲ့စိတ် တစ်ခါမှ မဖြစ်ဖူးခဲ့ဘူး။ ရောက်နေတဲ့ နိုင်ငံအနေအထားနဲ့ လူနေမှုအဆင့်အတန်းကြောင့် နိုင်ငံခြားဆိုတဲ့ တိုင်းတစ်ပါးမှာ ပျော်ပျော်နေမယ်ဆိုတဲ့ စိတ်ပဲ ရှိနေခဲ့တယ်။ တိုင်းတစ်ပါးကို အထင်ကြီးတာတော့ မဟုတ်ဘူး။ တိုင်းတစ်ပါးနဲ့ ကိုယ့်တိုင်းပြည် ကွာခြားမှုကြောင့် လူငယ်ဖြစ်တဲ့ ကျွန်တော်အတွက်တော့ သာယာမှုတစ်ခုလိုပါပဲ။ ဒါကြောင့်လည်း ပြည်တော်ပြန်ဖို့အရေး တစ်ခါမှ အရေးပေး မတွေးမိခဲ့ဘူး။

တစ်ယောက်တည်း နေလာတာကြာတော့လည်း အထီးကျန်းတဲ့ ဝေဒနာက အလိုလိုအသက်ဝင် လာခဲ့တယ်။ ဒီလိုပဲ နိုင်ငံခြားရောက်နေတဲ့ မောင်နှမတွေ အားလုံးလည်း အကြောင်းအမျိုးမျိုးကြောင့် မိဘရင်ခွင်နဲ့ အဝေးမှာ လာနေကြရတာပါ။ ကျွန်တော်တစ်ယောက်ထဲမှ မဟုတ်တာလို့ တွေးတွေးပြီး ကိုယ့်ကိုကိုယ် အားပေးနေရတော့တာပေါ့။ ဘယ်သူကကော တိုင်းတစ်ပါးမှာ မိဘနဲ့ဝေးပြီး နေချင်မှာလဲ။ ကိုယ့်ရပ်ကိုယ့်ရွာကို ချစ်တဲ့ ခင်တဲ့ လူတွေကြီးပါပဲ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်ပေမဲ့ လွတ်လပ်စွာကိုးကွယ်နိုင်ခွင့် ရှိတာကြောင့်လည်း ကိုယ့်နိုင်ငံမှာပဲ အေးအေးဆေးဆေး နေချင်ကြမှာပါပဲ။ ကိုယ့်နိုင်ငံက နိုင်ငံတကာနဲ့ ယှဉ်နိုင်ခဲ့ရင်တော့ ကျွန်တော်တို့ အားလုံးလည်း မိဘရင်ခွင်၊ မိဘအရိပ်နဲ့ အဝေးမှာ လုပ်ကိုင်ရှာဖွေ စားသောက်နေစရာ မလိုတော့ဘူးပေါ့ဗျာ။

၂၀၀၀ ဇန်နဝါရီလက စပြီး မိသားစုဆိုတဲ့ ဝေါဟာရ၊ အိမ်ဆိုတဲ့ နာမနဲ့ ဝေးကွာနေပြီးဖြစ်တဲ့ ကျွန်တော်အတွက် ၂၀၁၀ နှစ်ကုန်ပိုင်း ကိုရောက်လာပြီး ဖြစ်တဲ့အချိန်မှာတော့ အိမ်ဆိုတဲ့ နာမ၊ မိသားစုဆိုတဲ့ ဝေါဟာရတွေကို ရေငတ်နေတဲ့ လူတစ်ယောက်လို တမ်းတ တောင်းတနေမိပါတော့တယ်။

ပိုက်ဆံ .... ပိုက်ဆံ ဆိုတဲ့ နောက်ကိုလိုက်နေမိတာ ၁၀နှစ်ဆိုတဲ့ ကာလသာကြာမြင့်ခဲ့တာ။ ဘာမှမထူးခြားသေးဘူး။ ဒီနေ့လည်း ပိုက်ဆံ။ နောက်နေ့လည်း ပိုက်ဆံ။ နောက်လလည်း ပိုက်ဆံ။ နောက်နှစ်လည်း ပိုက်ဆံ ဖြစ်နေအုံးမှာ သေချာတယ်။ လိုနေတာလည်း ပိုက်ဆံဆိုတော့ ပိုက်ဆံနောက်ကို လိုက်နေရတာလည်း အရသာတစ်ခုလိုမျိုး ဖြစ်နေခဲ့ပြန်တာပေါ့။ ပိုက်ဆံနောက်လိုက်တော့ ပိုက်ဆံရတယ်.။ ပိုက်ဆံရတော့ ပိုက်ဆံနောက်လိုက်တဲ့ လူတစ်ယောက်အတွက်တော့ လိုအပ်တဲ့ ပျော်ရွှင်မှုတစ်ခုပဲ ဖြစ်နေရတော့တာပေါ့။

၁၀နှစ်ဆိုတဲ့ ကာလသာကြာမြင့်ခဲ့တာပါ။ ပိုက်ဆံနောက်လိုက်နေတဲ့ ကိစ္စကတော့ ပြောင်လဲမသွားသေးပါဘူး။ အခုတော့ အတွေးက တစ်မျိုး။ ပိုက်ဆံရှာပြီး ရသလောက် အမေ့ဆီကို ပို့ပြီး အဝေးကထောက်ပံ့ နေတာကို မိဘကိုရှာကျွေးနေတယ်လို့ စိတ်ထဲသဘောထားခဲ့ပါတယ်။ ပတ်ဝန်းကျင်က ကြည့်မယ်ဆိုရင်လည်း သားလိမ္မာ သမီးလိမ္မာလို့ မြင်ကြမှာပါ။ မိဘကို ရှာကျွေးနေတဲ့ သားသမီးတွေလို့ ချီးကျူးနေကြမှာ အမှန်ပါ။ အဝေးမှာ နေပြီးထောက်ပံ့နေနိုင်ပင်မဲ့ ကိုယ့်ကို ၉လလွယ် ၁၀လဖွားပေးခဲ့ အမေကို ခြေဆုပ်လက်နယ် ဝတ်ကြီးဝတ်ငယ် မပြုလုပ်ပေးနိုင်တာကိုတွေးပြီး ကိုယ့်ကိုကိုယ် အပြစ်မှကင်းရဲ့လားလို့ တွေးမိတယ်။ ပိုက်ဆံရဖို့ မိဘကို ရှာကျွေးနိုင်ဖို့ အဝေးမှာနေနေခဲ့ရတာ မှန်ပေမဲ့ မပြောကောင်း မဆိုကောင်း အခုချိန်မှာ အမေသာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်တော်အနေနဲ့ အမေ့ကို ဝတ်ကြီးဝတ်ငယ် ပြုစုခွင့်မရလိုက်လို့ ကြေကွဲဝမ်းနည်းနေရမဲ့ အဖြစ်ပါ။

ဒါကြောင့်လည်း ကျွန်တော် ယုံကြည်မှုတစ်ခုကို သေသေချာချာ ဆုံးဖြတ်ချက်ချ လိုက်ပါတော့တယ်ဗျာ........


လေးစားစွာဖြင့်
ရီနိုမာန်

November 10, 2010

ဒီခြံ ဒီအိမ် ( ကျွန်တော်တို့ခြံ )

၁၉၉၆မှာ ကျွန်တော်တို့ တစ်မိသားစုလုံး ကိုယ်ပိုင်ခြံလေးထဲကို အဖေမပါပဲ ပြောင်းလာခဲ့ကြတယ်။ အဖေကတော့ မပြောင်းစေချင်ပင်မဲ့ တပ်ကထွက်ရင် အခြေတကျနေနိုင်အောင်လို့ဆိုတဲ့ အမေ့ရဲ့စကားအပေါ်မှာတော့ အဖေဘာမှပြန်မပြောခဲ့ပါ။ အမေလည်း သူ့မောင်တွေနဲ့အတူ စီးပွားရေးကို ရှာကြံလုပ်ကိုင်ပင်မဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုမျိုး ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တယ်။ ကျွန်တော်အဖိုးကလည်း စစ်သား။ ကျွန်တော်အမေကိုမွေးတော့လည်း စစ်တပ်ထဲမှာ။ ယောက်ျားရပြန်တော့လည်း စစ်သားနဲ့။ စစ်တပ်ထဲမှာနေတာကြာလာတဲ့ အမေဟာ အရပ်လောကထဲက စီးပွားရေးဆိုတဲ့ ပညာရပ်ကို ကောင်းကောင်းနားမလည်ခဲ့လို့လည်း ဖြစ်မယ်လို့ ကျွန်တော်ကတော့ ဖြည့်တွေးလေး တွေးလိုက်မိပါတယ်။

ကျွန်တော်ဆယ်တန်းနှစ်မှာတော့ ကျွန်တော်ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး အမေနဲ့ညီမလေးကတော့ အဖေတာဝန်ကျတဲ့ ပင်လောင်းမှာ လိုက်နေခဲ့တယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ခြံလေးထဲမှာပဲ ဆိုပါတော့။ ကျွန်တော်တို့ နဲ့ အတူ အမေ့ရဲ့မောင်လေးတစ်ယောက်ကလည်း အတူတူနေတယ်။ ကျွန်တော် ဆယ်တန်း ပထမနှစ်ကျတော့ ကျွန်တော်တို့ ခြံလေးထဲမှာ မနေတော့ပဲ အမေနဲ့အတူ အဖေရှိတဲ့ ပင်လောင်းမှာလိုက်နေပြီး ဆယ်တန်းထပ်ဖြေခဲ့တယ်။ ဆယ်တန်း ဒုတိယနှစ်မှာ ကျနော်စာမေးပွဲအောင်တယ်။

ကျွန်တော် ဆယ်တန်းအောင်တော့ ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေး အခြေအနေက ဘာမှ မကျန်တော့တဲ့ အခြေအနေ( ခြံနဲ့အိမ်ကလွဲလို့ပေါ့) ။ အမေပြောပြောနေကျ စကားလေး တစ်ခွန်းရှိတယ်။ ရှိရင် တန်ဆာ၊ မရှိရင် ဝမ်းဆာ ဆိုတဲ့ အတိုင်း ကျွန်တော်တို့ ခြံနဲ့အိမ်လေးကို ရောင်းဖို့ အမေစကားခေါ်ပါတော့တယ်။ ၉၈လောက်က အမေခေါ်တဲ့ဈေးက အိမ်ရောခြံပါ ဆယ်သိန်းတဲ့။ ခြံဘေးအိမ်က ကရင်အမိုးကြီးကယူချင်ပင်မဲ့ လက်ထဲမှာ ပိုက်ဆံမရှိတာကြောင့် ချက်ချင်း မရောင်းထွက်နိုင်ခဲ့ပါဘူး။

ကျွန်တော်တို့လည်း ဈေးပြောခဲ့ပြီး အဖေနဲ့အတူလိုက်နေခဲ့ပါတယ်။ ခြားထဲမှာတော့ အိမ်နဲ့ခြံကို လာကြည့်ကြတဲ့ လူတွေရှိကြပေမဲ့ ဆယ်သိန်းဆိုတဲ့ အားကြောင့် အရောင်းအဝယ် မဖြစ်ခဲ့ပါဘူး။ အရောင်းအဝယ်မဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရကောင်းမှန်း ကျွန်တော်အနေနဲ့ အဖေမရှိတော့တဲ့နောက်ပိုင်း သိနားလည်ခဲ့ရပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်မှ ကိုယ်ရတယ်ဆိုတာ သိပ်ကိုမှန်ပါတယ်။ ကျွန်တော် မလေးရှား သွားပြီးအလုပ်လုပ်တဲ့ သုံးနှစ်အတွင်းမှာ ကျနော်ရှာလို့ရတဲ့ ငွေက မိသားစု စားနိုင်သောက်နိုင်ယုံလောက်ပဲ ရတာကြောင့် ခြံအကျယ်အဝန်းဖြစ်တဲ့ ပေ၁၀၀၊ ၁၀ပေကို ငွေဆယ်သိန်းနဲ့ ရောင်းပြီး အမေ့လက်ထဲမှာ အပိုငွေရှိစေခဲ့ပါတယ်။ ဒါပဲလားလို့ မထင်လိုက်ပါနဲ့အုံး။

ကျွန်တော်တို့ အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ အမေက သူ့မောင်ဖြစ်တဲ့ ကျွန်တော့်ဦးလေးဆီက ပိုက်ဆံခုနှစ်သောင်း ချေးပြီး ပိုက်ဆံချေးတဲ့ မျက်နှာကြောင့် အမေက သူ့မောင်ကို နင် အိမ်ဆောက်ချင်ရင် ဘေးကပိုနေတဲ့ မြေကွက်လပ်မှာ ဆောက်နေလို့ ပြောခဲ့ပင်မဲ့ ချေးထားတဲ့ငွေ ပြန်ဆပ်တဲ့ အချိန်မှာတော့ ပိုက်ဆံမလိုချင်ကြောင်း၊ ဘေးက ပိုနေတဲ့ မြေကွက်ကို လိုချင်ကြောင်း တရားဝင်ပြောလာပါတော့တယ်။

အဲဒီအချိန်တုန်းက ကျွန်တော် မလေးရှားရောက်နေတဲ့ အချိန်ပဲဖြစ်တာကြောင့် အမေနဲ့ဖုန်းပြောမှ အမေက သားရေ အခြေအနေ ဒီလိုရှိတယ်။ အမေဘယ်လိုလုပ်ရမလဲ လို့ပြောလာတာနဲ့ ကျွန်တော်လည်း အမေ့ကို စိတ်မဆင်းရဲစေချင်တာကြောင့် မြေတိုင်စာရေး ခေါ်ပြီးပေးလိုက်ပါတော့ လို့ပဲ ပြောလိုက်ရပါတော့တယ်။ ကျွန်တော် ဦးလေးက ခြံကို တစ်ဝက်မရလို့ သိပ်မကျေနပ်ချင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ဝယ်တုန်းက ပေ ၁၀၀၊ ၂၀၀ ကို ငါးသောင်းနဲ့ပေးဝယ်ထားရတာကို သူသိနေလို့ပါ။ ခု သူ့ဆီက ခုနှစ်သောင်းယူထားတာဆိုတော့ သူတစ်ဝက်တော့ ပိုင်သင့်တယ်လို့ ထင်နေမှာပေါလေ။

၂၀၀၉ခုနှစ်မှာတော့ သူ့ကို အပိုင်ပေးလိုက်ရတဲ့ ခြံ ပေ ၃၅၊ ၁၉၀ ကို သူနဲ့ထိုက်လို့ သူရလိုက်နိုင်ပေမဲ့ ပိုင်ဆိုင်နေထိုင်ခွင့်ကိုတော့ သူမရလိုက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခြံကို ၃၅သိန်းနဲ့ သူရောင်းချလိုက်လို့ပါပဲ။ ဒါကြောင့် ကျွန်တော်ကလည်း အမေကို လက်ကျန်ခြံနဲ့ အိမ်လေးကို ရောင်းဈေးခေါ်လိုက်ရပါတော့တယ်။

အမေ ငွေလိုလို့ အိမ်နဲ့ခြံကို မျက်စောင်းထိုးခဲ့မယ်ဆိုရင်တော့ ခြံကို ၆၅သိန်းနဲ့ အိမ်အတွက် ဈေးကိုတော့ အမေ အိမ်ဆောက်တုန်းက ရွှေဈေး တစ်ကျပ်သားကို နှစ်သောင်းဈေးနဲ့ ခြောက်သိန်းကုန်အောင် ဆောက်ခဲ့ရတယ်။ အခုပြန်ရောင်းချင်ရင်တော့ ခုခေတ်ရွှေပေါက်ဈေးနဲ့မြောက်ပြီး ရောင်းချင်ရင်ရောင်းပါလို့ ပြောထားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိဘအမွေအနှစ်ဖြစ်လာမဲ့ ဒီခြံနဲ့ဒီအိမ်လေးကို ကျွန်တော်တစ်သက် ရှိနေစေချင်သေးလို့ပါပဲဗျာ.......

လေးစားစွာဖြင့်
ရီနိုမာန်

November 7, 2010

ကျွန်တော်တို့ ခြံ

1993 ခုနှစ်လောက်က ထင်တယ်။ နွေရာသီကျောင်းပိတ်ရက်မှာ အမေ့ဘက်က အဘွားဆီကို သွားလည်တဲ့ အချိန်ပေါ့။ နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက်တော့ အဖွားဆီကို ရောက်ဖြစ်ကြပါတယ်။ အဖွားကတော့ ကျွန်တော်ဆီကို သိပ်ရောက်ဖြစ်ဖူး။ ငါးနှစ်ခြောက်နှစ် တစ်ခေါက်လောက်မှ အဖေတာဝန်ကျတဲ့ အရပ်ကို လိုက်လည်လေ့ရှိတယ်။ အဖေက ဝန်ထမ်းဆိုတော့ သိတဲ့ အတိုင်းပေါ့။ နှနှစ် သုံးနှစ် တစ်ခါလောက် ပြောင်းရွှေ့နေကျ။

ဒီနှစ်တော့ အဖွားဆီကို ရောက်နေခိုက် အချိန်။ အာလုံးလည်း တိုက်ဆိုင်သွားတဲ့ အချိန်နဲ့ တူပါတယ်။ ခြံလေးတစ်ခြံ ဝယ်ဖို့ အကြောင်းကဖန်လာတယ်။ ဝယ်ဖို့ စကားလာစပ်တာက အမေ့မောင် ဝမ်းခွဲ ကျွန်တော့်ဦးလေး တစ်ယောက်။ အမှန်က သူလိုချင်နေတာ။ အဲအချိန်တုန်းက အမျိုးတွေထဲမှာ ငွေရေးကြေးရေး အဆင်ပြေဆုံး ဖြစ်နေတာက ကျွန်တော်တို့ မိသားစု။ ဒါကြောင့်လည်း ထန်းသီးကြွေခိုက် ကျီးနင်းခိုက် နဲ့ လာကြုံသွားတော့တာပေါ့ဗျာ။

" အမ .. နင် ယူထားသင့်တယ်နော်။ နင့်ယောက်ျား စစ်တပ်ကထွက်ရင် နင်တို့ ဘယ်မှာသွားနေမှာလဲ " ဆိုတဲ့ စကားကို အမေအပြည့်အဝ ယုံကြည်သွားဟန်တူတယ်။ ခြံကို ဝယ်ဖို့ အမေဆုံးဖြတ်လိုက်တယ်။ ခြံကို ကျွန်တော်တို့ ဝယ်တုန်းက ငွေငါးသောင်း ပေးဝယ်ခဲ့ရတယ်။ ခြံရဲ့ ဧရိယာအကျယ်အဝန်းက အရှေ့မျက်နှာစာ ပေ ၁၀၀ ဘေးအရှည် ပေ၂၀၀ ကျယ်တယ်။ ခြံကြီး သက်သက်ဆိုတော့ ခြံထဲမှာ အပင်ကြီး အပင်ငယ်တွေကတော့ အများကြီးပေါ့။

၁၉၉၃မှာ အဲခြံကိုဝယ်ပြီး ၁၉၉၄ကျမှခြံကို ခြံသန့်ရှင်းရေးလုပ်ပြီး ခြံစည်းရိုး လာခတ်ဖြစ်တယ်။ ပထမတော့ ခြံဝယ်ထားယုံသပ်သပ်ပေါ့။ ၁၉၉၅ခုနှစ်ကျတော့ အမေ့စိတ်ထဲ အတွေးတစ်ချို့ ခိုင်ခိုင်မာမာ ရှိနေလေပြီ။ ကျွန်တော်အဖေရဲ့ အရက်သောက်နှုန်းကလည်း တစ်နေ့ထပ်တစ်နေ့ တိုးတိုးလာခဲ့တယ်။ အဖေ့ကိုကြည့်ပြီး အမေတွေးမိတယ် နဲ့တူပါတယ်။ အခုချိန်မှာများ ငါ့ယောကျာ်း တစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့ ဘယ်မှာသွားနေမလဲ ဆိုတဲ့ အတွေးပေါ့။ အဖေကတော့ ခြံထဲမှာ အိမ်ပြန်ဆောက်မှာကို သိပ်သဘောမတွေ့ပင်မဲ့၊ ရှင် ပင်စင်ယူရင် ကျမတို့ ဘယ်မှာသွားနေမှာလဲ ဆိုတဲ့ အမေ့ရဲ့ စကားကိုပြန် မချေပနိုင်တာကြောင့် အမေ့ရဲ့ အစီအစဉ်ကို လက်ခံလိုက်ရပုံပါ။

အဖေ့ရဲ့ အတွေးထဲမှာလည်း ငါ မသေမချင်း မင်းတို့ မိသားစုကို မငတ်အောင်ထားနိုင်တယ် ဆိုတဲ့ အတွေးကလည်း ရှိနေသေးတာကိုး။ ဟုတ်ပါတယ်။ အမှန်တကယ်လည်း အဖေရဲ့ လစာက နည်းပင်မဲ့ ကျွန်တော်တို့မိသားစုအတွက် ပူပန်စရာမရှိခဲ့ပါဘူး။ အဖေ့အတွေးထဲမှာ စစ်တပ်က သူ့ကို တစ်သက်လုံး စောင့်ရှောက်သွားလိမ့်မယ်လို့ ထင်နေတယ်နဲ့ တူပါတယ်။ တပ်က အရာရှိတွေအတွက် မြေကွပ်ချပေး တာတောင် ကျွန်တော်အတွက် မလိုဘူးလို့ ပြောပြီး မယူပဲ ပြန်လာခဲ့တဲ့ လူမျိုးလေ။ အဖေနဲ့ပတ်သက်ရင်တော့ ပြောစရာတွေ အများကြီးရှိပါသေးတယ်။ နောက်ကြုံမှပဲ အချိန်ပေးပြီး ပြောပြပါတော့မယ်။

ကျွန်တော် ၇တန်းနှစ်မှာ အမေဝယ်ထားတဲ့ ခြံထဲမှာပဲ အိမ်ဆောက်ဖြစ်တယ်။ အိမ်ဆောက်ဖို့ မသွားခင်ကျွန်တော်က အမေ့ကိုပြောပါသေးတယ်။ နှစ်ထပ်အိမ်လေးဆောက်ပါ အမေလို့ပြောတော့ အမေတို့က အသက်ကြီးပြီသားရယ်။ တက်လိုက်ဆင်းလိုက်နဲ့ အဆင်မပြေပါဘူးတဲ့။ ဒါကြောင့်ပဲ အမေက သူစိတ်ကြိုက် ဒီဇိုင်းကို ပရံဆရာ၊ လက်သမားဆရာတွေကို နှုတ်ကပြောပြီး သူလိုချင်တဲ့ တစ်ထပ်တိုက်ကို ဆောက်ဖြစ်ခဲ့တယ်။ အရှေ့မျက်နှာစာ ၂၅ပေနဲ့ ဘေးအရှည် ၅၅ပေရှိတဲ့ သွပ်မိုးအုပ်ကာ အိမ်လေးကို အဲအချိန်တုန်းက ငွေခြောက်သိန်းနဲ့ ရအောင်ဆောက်လိုက်နိုင်ခဲ့တယ်။ အမေ့ရဲ့ အတွင်းပစ္စည်း တော်တော်များများပါသွားတာ ကျနော်သိတယ်။ အဲတုန်းက ရွှေဈေးက တစ်ကျပ်သားကို ငွေ နှစ်သောင်းကျပ်ပဲ ရှိသေးတဲ့ အချိန်လေ။ အမေ့မှာ ရှိတဲ့ ရွှေတွေရောင်းပြီး အဲအိမ်ကို ဆောက်ခဲ့ရတာ။ ရွှေတွေပြန်ရအောင် ကျွန်တော့်အနေနဲ့ ရှာလို့မရနိုင်ခဲ့သေးပေမဲ့ ရွှေတွေရောင်းလို့ရတဲ့ ငွေနဲ့ ဆောက်ထားတဲ့ အိမ်လေးကတော့ အခုချိန်ထိ ကျွန်တော်တို့ မိသားစုလေးကို အခြေအနေမပျက်အောင် အများကြီး အကူအညီ ပေးခဲ့ပါတယ်။

ဆက်ပါအုံးမယ်......

လေးစားစွာဖြင့်
ရီနိုမာန်

October 31, 2010

စီစဉ်သူရဲ့ အမှာစကား

ရွှေအမြုတေမဂ္ဂဇင်းရဲ့ သက်တမ်း ၂၁ပြည့်ခဲ့ပြန်ပါပြီ။ ကျွန်တော့် အသက်ကလည်း ၆၅ နှစ်ထဲကို ရောက်ရှိလို့ နေပြီဖြစ်လို့ ရွှေအမြုတေသက်တမ်း ရင့်လာတာနဲ့အမျှ ပရိသတ်များနဲ့ ကျွန်တော် ခွဲကြရမယ့်အချိန်လည်း နီးသထက်နီးလာပြီလို့ ခံယူမိပါတယ်။ အသက်အရွယ်ရလာတာနဲ့ အမျှ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်များ စကားသံများအပေါ် မူတည်ပြီး စဉ်းစားဖြစ်တာလေး တစ်ခုကို ပြောပြချင်ပါတယ်။

မြန်မာစကားမှာ " စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ " လို့ဆိုပါတယ်။ ဒါကြောင့် စကားဆိုတာ လိုအပ်သလောက်ပဲ ပြောသင့်ပါတယ်။ ပြောဖန်များလာရင် ကိုယ့်စကားတွေထဲကပဲ ကိုယ့်အကြောင်း ဖော်ပြနေတယ်ဆိုတာကို ငယ်ရွယ်သူများအနေနဲ့ သတိထားသင့်တယ်လို့ ပြောချင်ပါတယ်။

အခုတစ်လောမှာ " စကားကျွံ " လာသူများ တော်တော်များများကို ကြားရဖတ်ရနေပါတယ်။ သူတို့စကားတွေထဲကပဲ သူတို့ဇာတိတွေ ပြနေတာကို မြင်ရတော့ တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်စကားတစ်ခု ရှိပါသေးတယ်။ " နှုတ်ထွက်ကြမ်းရင် အမိယုတ်ညံ့ပြီး ကိုယ်အမှုအရာကြမ်းတမ်းရင်တော့ အဖယုတ်ညံ့တယ်" လို့ ဆိုပါတယ်။ ကိုယ်အနေမတတ်၊ အထိုင်မတတ်မှုကြောင့် အိမ်မှာရှိနေတဲ့ မိဘနှစ်ပါးပါ ယုတ်ညံ့တဲ့ဘဝကို အလိုလိုရောက်သွားစေတဲ့အတွက် ကိုယ်စကားတစ်ခွန်းပြောတော့မယ်ဆိုရင် အမေ့ကို သတိရသင့်သလို အပြုအမှုတစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း အဖေ့ကို သတိရသင့်ပါတယ်။

ကိုယ့်ကြောင့် မိဘနှစ်ပါးထိခိုက်တာမျိုး မဖြစ်ရအောင် သားသမီးများက ရှောင်ရှားသင့်ပါတယ်။ ကိုယ့်မိဘထိခိုက်မှာကို ဂရုမမူတဲ့ သူများအတွက်တော့ မဆိုလိုပါဘူး။ အဲဒါကတော့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော့်အတွေးထဲ ဝင်လာတာလေးကို ရွှေအမြုတေ ပရိသတ်များအတွက် ၂၁နှစ် အမှတ်တရအဖြစ် ပြောပြချင်တာ ဖြစ်ပါတယ်။

အစဉ်တစိုက် အားပေးခဲ့တဲ့အတွက် ကျွန်တော့်ပရိသတ်များကို အထူးကျေးဇူးတင်ပါတယ်။ မိဘကျေးဇူးကို သိ၊ နားလည်တတ်တဲ့ သားသမီးများလည်း ဖြစ်ကြစေချင်ပါတယ်။

လေးစားစွာဖြင့် (ဝင်းငြိမ်း)

ကျွန်တော် ဒီနေ့အလုပ်နားရက် ဖြစ်တာကြောင့် တစ်လမှာ တစ်ခါလောက်သာ သွားဖြစ်တဲ့ စီတီဟော ကိုရောက်သွားခဲ့ပါတယ်။ မထင်မှတ်ပဲ သူငယ်ချင်းတစ်ချို့နဲ့တွေ့ပြီး ဟိုဝင်ဒီဝင်လုပ်နေတုန်း အသက်ဝင်လှတဲ့ ချစ်သူနှစ်ဦးရဲ့ အပြုံးကိုတွေ့လိုက်ရတဲ့ အခိုက်မှာပဲ ကျွန်တော့်ရဲ့ စိတ်တွေကို ညို့ယူသွားသလို ခံစားလိုက်ရပါတယ်။ ဒါနဲ့ အိတ်ထဲက စင်ကာပူ ၆ ဒေါ်လာ အကုန်ခံပြီး အိမ်အပြန်လက်ဆောင်အဖြစ် ယူလာခဲ့ပါတယ်။ လမ်းရောက်မှ သေသေချာချာကြည့်လိုက်တော့မှပဲ ရွှေအမြုတေမဂ္ဂဇင်း ရဲ့ ၂၁နှစ်ပြည့် ဖြစ်နေမှန်း သိလိုက်ရပါတယ်။ စာအုပ်ကိုကြည့်ပြီး တစ်လုံးမကျန် အကုန်ဖတ်မယ်လို့ စိတ်ထဲတွေးပြီး စာရွက်တစ်မျက်နှာချင်း ဖတ်နေရာမှ စာမျက်နှာ ၆ အရောက်မှာတော့ ဆရာဦးဝင်းငြိမ်းရဲ့ အမှာစကားကို ဖတ်ပြီး အရမ်းသဘောကျမိတာကြောင့် ဆရာ့ဆီကို ခွင့်တောင်းပြီး ပြန်လည်ဖော်ပြလိုက်ရပါတယ်။

မိဘကျေးဇူးသိတတ် နားလည်သော သားသမီးများ ဖြစ်ကြပါစေလို့ ကျွန်တော်ကလည်း အားလုံးသော မောင်နှမများကို ဆုတောင်းပေးလိုက် ရပါတယ်ဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

October 30, 2010

မတူညီတဲ့ သူ့အရပ် ကိုယ့် အရပ်

ဒီနေ့ မနက်ပဲ အမနိုင်းနိုင်းစနေဘလောဂ့်က ကြုံရဆုံရ ဒီဘလော့ဂါဘဝ ဆိုတာလေးကို ဖတ်ပြီးတော့ ကျနော့်ဘလောဂ့် တစ်နှစ်ပြည့်တုန်းက အကိုတစ်ယောက် အမှတ်တရရေးပေးခဲ့တဲ့ စာလေးကို သတိရမိသွားလို့ ပြန်လည် ဆားချက်လိုက်ရပါတယ်။

နာမည်ကျော် အကျွန်ုပ် ဘလော်ဂါ၏ လူမသိသူမသိ အင်တာဗျူး အစီအစဉ်

တနေ့သ၌ အကျွန်ုပ်သည် မိမိ၏ မွေးရပ်ဌာနေဆီသို့ ပြန်ခဲ့လေသည်။ ထိုအခါအကျွန်ုပ်၏ ဘကြီးဖြစ်သူ ဘကြီးထွန်းနှင့် စကားလက်ဆုံ ဆွေးနွေးခဲ့ပုံများကို စာဖတ်သူများ ဖတ်စိမ့်သောငှာ ပြန်လည် ဝေမျှလိုက်ပါသည်။

အကျွန်ုပ်။ ဘကြီးထွန်းမာရဲ့ ချာရဲ့နော်ဗျာ။ အရင်လို လမ်းတွေဘာတွေလျှောက် သတင်းပုလင်းတွေ နားထောင်သေးလားဗျ။

ဘကြီးထွန်း။ ဟေ မောင်မောင်ပါလားကွ ဘယ်တုန်းက ရောက်သတုန်း။ ရောက်တုန်း အခါးရေလေး သောက်ပါဦးဟ။ မင့်မလည်း ထွက်သွားလိုက်တာ ရွာနားတောင် အဝေးပြေးခြောက်လမ်းသွား ဖောက်ပြီးတာတောင် ပြန်ရောက်မလာနိုင်ဘူး။

အကျွန်ုပ်။ ဟုတ်ပ ဘကြီးရာ ရေကြည်ရာမြက်နုဆိုပါတော့ဗျာ။ ဒါပေသိ ကျုပ်ရပ်ရွာတော့ တနေ့မှ မေ့မရတာအမှန်ပါ။ မဲဇာတောင်ခြေရတုတောင် အခွင့်သင့်တိုင်း နှုတ်က ရွတ်နေမိတာဗျ။ စာရေးတဲ့အထဲလည်း မကြာမကြာရေးမိပါတယ်။ ဒီရွှေပြည်ကြီးရယ် ခရီးက ဝေးသဟာမို့လို့။

ဘကြီးထွန်း။ အိမ်း မင်းက စာရေးသကိုး။ ဘယ်မှာတုန်းမောင်ရာ။ ငတို့လည်း ဖတ်ရှုကြည့်ရတာပ။ မင်းတို့ခေတ်လူငယ်တွေ နည်းပညာအသစ်တွေနဲ့ ဘယ်လောက်ယဉ်ပါးနေသလဲဆိုတာ။

အကျွန်ုပ်။ ဟာ နည်းပညာတော့ ပြောမနေပါနဲ့တော့ ဘကြီးရေ။ ကျုပ်တို့အချင်းချင်း စကားတီးတိုးပြောလို့ရအောင် ဆီဗောက်ဆိုတာလေးပါထည့်ထားသဗျ။ မြင်ကွင်းကျယ် ကြည့်ချင်သလား မြင်ကွင်းကျဉ်းကြည့်ချင်သလား။ စာလုံးကြီးကြီး ကြည့်ချင်သလား စာလုံးသေးသေးကြည့်ချင်သလား။ နောက်ခံကို အဖြူနဲ့ကြိုက်သလား အမည်းနဲ့ကြိုက်သလား စာလုံးကို ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ကို ကြည့်လို့ရတာဗျ။

ဘကြီးထွန်း။ ဟေ တယ်လည်း နေရာကျပါလား မောင်ရာ။ ဒါနဲ့ ဘယ်သူတွေကများ အကဲဖြတ်တင်သတဲ့တုန်း။

အကျွန်ုပ်။ ဟာ ဘကြီးကလည်း အခုခေတ်က လွတ်လွတ်လပ်လပ်ခေတ်ဗျ။ ခဏခဏ ရွတ်နေရတဲ့စကားလုံးလိုပဲ။ အားလုံးက ကိုယ့်စိတ်ကြိုက် ကိုယ့်ဖန်တီးမှုချည်းပေါ့ဗျ။ ဘောင်တွေ ကုလားနားတွေနဲ့ဆို ကြည့်မကောင်းပါဘူးဘကြီးရာ။ ခေတ်ရေစီးကြောင်းအတိုင်းပေါ့။

ဘကြီးထွန်း။ အိမ်း မင်းပြောတော့လည်း မှန်တာပါပဲလေ။ ဒါနဲ့ ဘယ်သူတွေကများ ဖတ်ရှုကြတာတုန်းကွ။

အကျွန်ုပ်။ ဒါတော့ သိပ်လွယ်သဗျ။ ကျုပ်စာရေးပြီးရင် ရေးပြီးတဲ့ အကြောင်းလေး အချင်းချင်းလက်တို့ သတင်းပေးလိုက်တာပဲ။ အချင်းချင်းဆိုတာက သူတင်ရင် ကိုယ်ဖတ် ကိုယ်တင်ရင် သူဖတ်ပေါ့ဗျာ။ လာမဖတ်တဲ့သူတွေကိုလည်း ခုံအောက်က လက်တို့ပြီး လာလကွာ မြန်မြန်လကွာ မင်းပဲကျန်တော့တာတို့ ဘာတို့ လုပ်ပေးရတာပေါ့။ အခုကာလက မာကတ်တင်းဆိုတာ ဖြစ်နေပြီ။ အဲ့ဒီတော့ မာကတ်တင်းကောင်းကောင်းဆင်းနိုင်မှ အောင်မြင်မှာပေါ့ဗျ။

ဘကြီးထွန်း။ ခေတ်ကြီးကိုတော့ တို့လိုက်မမှီတော့ပါဘူးကွာ။ ဒါနဲ့ မင်းက ဘာအကြောင်းများ ရေးသတုန်း။

အကျွန်ုပ်။ အင်….အယ်……အာ ဒါတော့ ပြောရသိပ်ခက်တယ်ဗျ

ဘကြီးထွန်း။ ဟင်….မင်းရေးတာလေးတော့ မင်းသိသင့်သပေါ့မောင်။

အကျွန်ုပ်။ ဒါက ဒီလိုရှိတယ် ဘကြီးရ။ ကျုပ်ရေးတဲ့ အကြောင်းအရာတွေက တယ်များတာဗျ။ ဗဟုသုတ ဖြစ်ဖို့ အတွက် ဟိုအရပ်က ဟိုသတင်းတွေ။ တနေ့တနေ့ ရုံးသွားရုံးပြန် ကားတွေကြပ်လာတယ်ဆိုတဲ့အကြောင်းတွေ။ တိုးတက်လာတဲ့ နည်းပညာတွေ။ ဘ၀ပေးဇာတ်လမ်းတွေ။ ပညာပေးဆောင်းပါးတွေ။ ရုပ်ရှင်ရိုက်သူတွေရဲ့ လိုအပ်ချက်တွေ။ ကျုပ်ရဲ့ နေ့စဉ်အောင်မြင်မှုတွေ များမှ များသိပ်ကိုများသဗျ။

ဘကြီးထွန်း။ အေးကွ တယ်လည်း ရေးစရာများတာပါပဲလား။ ဒီလောက်ပြည့်စုံအောင် မင်းလည်း တော်တော်လေး လေ့လာရမှာနော် ဟေ့ကောင်။

အကျွန်ုပ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီလေ ဘကြီးရ။ အပ်ကျတာတောင် သိနေမင့်ဟာပဲ။

ဘကြီးထွန်း။ ဒါနဲ့များ မင့်ဒွေးလေးဆုံးတာ မင့်ဆီက ၀မ်းနည်းစာလေး ဘာလေးတောင် မလာပါပဲကော။

အကျွန်ုပ်။ အာ…အင်… အီး ဒါတော့ ခွင့်လွှတ်ဗျာ။ ဒွေးလေး သတင်းကို ကျုပ် အင်တာနက်မှာ မရှာလိုက်မိဖူးဗျ။ ပြီးတော့ ဒီလောက်ခမ်းနားကြီးကျယ်တဲ့ စာတွေရေးဖို့ ကျုပ်ကို ကျုပ်တိုးတက်အောင် လုပ်ရသေးတာဗျ။ ဟိုစာလေးကြိုက်ရင် ကူး ဒီစာလေးသဘောကျရင် မ,လာနဲ့ အချိန်မလောက်ဖူးဖြစ်ဖြစ်နေတယ်ဗျာ။ အခုတောင် ရွာကိုချစ်လွန်လွန်းလို့ ပြန်လာတာ။ ကျုပ် အတွေးထဲက စာတွေ ပျောက်သွားမှာတောင် စိုးနေမိတယ်။

ဘကြီးထွန်း။ မင်းရဲ့ စာတစ်ပုဒ်နဲ့ ဘယ်အရာကို အကျိုးကျေးဇူးပြုပြီးပြီလဲ ငမောင်။

အကျွန်ုပ်။ အကျိုးပြုသပေါ့ဘကြီးရာ။ တလောက ကျုပ်ရေးလိုက်တဲ့ ရထားပေါ်မှာ အမှိုက်မချရ ပို့စ်ကြောင့် ကျုပ်သူငယ်ချင်း အရင်းကြီးတွေ နောင်ရထားပေါ်မှာ အမှိုက်မချတော့ဘူးဆိုတဲ့ အသိတရား ရသွားသဗျ။ နာမည်အကြီးဆုံးပို့စ်ဖြစ်တဲ့ မိဘကိုကျေးဇူးဆပ်ဆိုတဲ့ ပို့စ်ဆိုရင် ကြိုက်လှချည်ရဲ့ဆိုပြီး ဟိုလူကလည်း သူ့ဘလော့မှာ တင်ပါရစေ။ ဒီလူကလည်း သူ့ဆိုဒ်မှာ တင်ခွင့်ပြုပါနဲ့ကို ဖြစ်နေတာဗျ။

ဘကြီးထွန်း။ အိမ်း ကောင်းသကွ။ ဒါနဲ့ မင့်အမေ မနှစ်ကတည်းက လေဖြတ်သွားတာ မင့်ကို တမျှော်မျှော်နဲ့မောင်။ သူ့သတင်းကြားရင် သူသားက ပြေးလာမှာတဲ့ဗျ။ သူ့ကိုသိပ်ချစ်တဲ့သားဆိုပြီး ခြံစည်းရိုးကိုင်မိတိုင်း ငိုင်ပြီး တတွတ်တွတ်ရွတ်ရင်း ၀ါမထွက်ခင် သူအသက်ထွက်သွားတာပါပဲကွာ။

အကျွန်ုပ်။ တရားနဲ့ဖြေမှပေါ့ ဘကြီးရာ။ ကျုပ်ဖြင့် အွန်လိုင်းက တရားတွေနာတာနဲ့တင် အတော်လေး တရားကျနေဖြင့်ပဲ။

ဘကြီးထွန်း။ အင်း ဟုတ်တော့လည်း ဟုတ်တာပေါ့မောင်ရာ။ ဒါနဲ့မင်းက တို့ရပ်ရွာကို ဘယ်တော့ပြန်လာမလဲကွ။ မင့်အမေရှိတုန်းက သူ့သားကို ကျောင်းမှာ ဆရာပြန်လုပ်စေချင်တာချည်း ပြောနေတာ။ မင်းကလည်း မင်းဘ၀တိုးတက်ရေး ထွက်သွား သူ့ခမျာလည်းမတားသာဘူး။

အကျွန်ုပ်။ ပြန်လာမှာပေါ့ ဘကြီးရာ။ ကျုပ်တို့ရပ်ရွာအရေး ကျုပ်က တတပ်တအား ပါဝင်မပေါ့။ အခုလည်း ဆိုင်ရာဆိုင်ရာ တဒေါင့်တနေရာကနေ ကျုပ်ပါဝင်နေတာပါဗျ။ ဟိုးတလောက တောင်ပေါ်ဒေသမိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အလှူခံပေးတယ်ဆိုတဲ့ သတင်းဘကြီးဖတ်လိုက်ရမယ်ထင်တယ်။ ဒါ ကျုပ်လုပ်တာဗျ။ အဲ့ဒီသတင်းကို ကျုပ် အသိသတင်းထောက်မလေးက ရေးပေးပြီး ကျုပ်နဲ့ခင်တဲ့ အယ်ဒီတာက အရှေ့မျက်နှာဖုံးမှာ ဖော်ပြပေးတာဗျ။ ဒါ့အပြင် နာဂစ်တုန်းကလည်း ကျုပ်က စွမ်းစွမ်းတမံပါခဲ့သေးတာ။ ကိုယ့်ရပ်ရွာအရေးတော့ လက်နှေးနေလို့ ဘယ်ဖြစ်လိမ့်မလဲ။ ဘကြီးလည်း ဂျာနယ်များများသာဖတ် ငမောင့် နာမည် ပါကို ပါစေရမယ်ဗျာ။

လောလောဆယ်တော့ ပြန်မလာနိုင်သေးဘူးဗျာ။

ဘကြီးထွန်း။ အေးလေ လူတိုင်းတော့ သူ့အခက်အခဲနဲ့သူပေါ့။ ဒါနဲ့ မင့်စာတွေကို ငတို့ဘယ်လိုများ ဖတ်ရမလဲ။

အကျွန်ုပ်။ အင်း ဒါတော့ အင်တာနက်ဆိုတာလိုသဗျ။ ဒီလိုလုပ်ဗျာ ဘကြီးတို့က ရွာကို မီးရအောင် အရင်လုပ်။ ပြီးတော့မှ အင်တာနက်ဆိုတာချည်းကို တတ်ပေါ့။ အဲ့ဒီအချိန် ကျုပ်ရွာပြန်ရောက်နေပြီဆို တစ်ရွာလုံးကို အင်တာနက်ကြည့်တတ်အောင် သင်ပေးမယ်ဗျာ။ ရွာနဲ့ ကမ္ဘာကြီးကို တစ်သားတည်းဖြစ်အောင် လုပ်မယ်။

ဘကြီးထွန်း။ ဟမ်……အေးအေး မျှော်ပေါ့ မောင်ရာ။ မျှော်ပေါ့။

အကျွန်ုပ်။ စကားတော့ ပြောကောင်းပါပေ့ ဘကြီးရေ။ ကျုပ်လည်း ပြန်ရဦးမဗျ။

ဘကြီးထွန်း။ အေးလကွာ ပြန်ဟ နေဖြင့် အတော်မြင့်နေပြီပဲ. မင့်မလဲ ဒီရောဂါက တယ်ရင့်နေပြီပဲလေ…………………..


လေးစားစွာဖြင့်
ရီနိုမာန်

တော်တော်လေး တရားကျဖို့ ကောင်းပါတယ်

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က မိတ်ဆွေတစ်ချို့ကြောင့် ရီနိုတစ်ယောက် စိတ်ညစ်နေခဲ့ရာ တော်တော်နှင့် အနှယ်မထိုင် အရှိန်မသေဖြစ်နေခဲ့ရာမှ ဒီရက်ပိုင်းလောက်ကပဲ မိတ်ဆွေတစ်ယောက်ရဲ့ အကြံပေးနေထိုင်နည်းကြောင့် ရီနို အေးအေးဆေးဆေး ဖြစ်လို့နေခဲ့ပြန်ပါတယ်။

ရီနိုက အေးအေးဆေးဆေး ပဲနေတက်တဲ့ လူတစ်ယောက်ပါ။ အဲလိုနေတက်တဲ့ လူကိုမှ လောကကြီးက ချမ်းသာမပေးပြန်ပါဘူး။ (ပျင်းနေမှာ ဆိုးလို့နဲ့တူပါတယ်) သူ့ဟာသူ နေတဲ့ လူဆီကို ပြဿနာတစ်ချို့က မခေါ်ပဲ ရောက်လာခဲ့တယ်။ ပြဿနာဆိုတဲ့ အရာက အမှန်တော့ ရီနိုနဲ့ တော်တော်လေး အလှမ်းဝေးတဲ့နေရာမှာ ရှိနေခဲ့တာပါ။ ရောက်မဲ့ရောက်လာတော့လည်း ဆိုက်ဆိုက်မြိုက်မြိုက်ကြီး။

အကြောင်းအရာ တစ်ခုကို သေသေချာချာမသိပဲ ရီနို ပြဿနာ တစ်ခုကို ဖြေရှင်းလေ့မရှိပါဘူး။ ဖြေရှင်းဖို့လည်း ဝါသနာ မပါပါဘူး။ ရီနို့ မိတ်ဆွေအားလုံးက ထမင်းစားကြတဲ့ လူတွေကြီးပါပဲ။ ထမင်းစားကြတာချင်းတူတူ ရီနိုက ပိုစားတယ်လို့ အပြောခံရတဲ့ ဇာတာကတော့ ရီနိုမှာ ပါလာခဲ့တယ်နဲ့ တူပါတယ်။

ပြဿနာဆိုတာ စိတ်ထဲထားရင် ပိုကြီးတယ်။ မထားရင် ပျောက်ကွယ်သွားတက်တယ်လို့ စိတ်ထဲယူဆထားတဲ့ အတွက်ကြောင့် စိတ်ထဲ လုံးမထားခဲ့ပါဘူး။ ဒါပင်မဲ့ ရီနိုရဲ့ဇာတာမှာ အကြောင်းအရာတစ်ခုကို နှစ်ခါကြုံတွေ့ရတက်တဲ့ ကံပါလာတက်စမြဲမို့ အကြောင်းအရာတူတဲ့ နောက်ပြဿနာ တစ်ခုက မဖိတ်ခေါ်ပဲ ရောက်လို့လာပြန်ပါတယ်။

အခုတစ်လော ကံမကောင်းဘူး ဆိုပြီး အလုပ်ကိုသာ အဓိကထား စိတ်နှစ်ပြီး အလုပ်ကြီးပဲ လုပ်နေခဲ့တာပါ။ အိုတီ ဆင်းမလာလို့ လာမမေးနဲ့ ဆင်းပြီးသားပါ။ အိုတီဆင်းမှလည်း ရီနိုရပ်တည်နေတဲ့ ဘဝလေးက အေးချမ်းမှာကိုးဗျ။ အိုတီ ဆင်းရလွန်းလို့ ညဆို ၁၁လောက်မှ အိမ်ပြန်ရတဲ့ ရက်တွေ တော်တော်လေးများခဲ့ပါတယ်။

ဖြစ်ချင်တော့ ပြဿနာက ရီနိုနဲ့ အသက်တူပင်မဲ့ ဝါ မတူတဲ့ ရီနိုရဲ့ SV နဲ့ဖြစ်တာပါ။ SV ဆိုပင်မဲ့ ရီနိုနဲ့ ရွယ်တူဖြစ်နေတာကြောင့် သူငယ်ချင်းတွေလိုပဲ ဖြစ်နေတာပေါ့။ ဟာသတစ်ခုပြောမိတိုင်း ခွက်ခွက်လန်းအောင် ရယ်တက်တဲ့ သူနဲ့ ရယ်ပြီးရင်း ရပ်လို့မရတဲ့ ရီနိုနဲ့ အကြောင်းတိုက်ဆိုင်တိုင်း ရီနေကျပါ။ ဒီလိုတူညီမှုတွေ ရှိနေတာကြောင့်လည်း မလေးရှား တရုတ်ဖြစ်တဲ့ သူနဲ့ မလေးစကားကို ထမင်းမငတ်အောင်လောက် ပြောတဲ့တက် ရီနိုနဲ့ အဖွဲ့ကျလို့နေခဲ့ပါတယ်။

တစ်နေ့ သူ နဲ့ ရီနို ရီနေရင်းနဲ့ သူ့ရင်ဘတ်အရမ်းအောင့်လာပြီး စကားမပြောနိုင်အောင် ဖြစ်သွားပါတယ်။ နောက်နေ့ ရီနိုနဲ့ သူ အလုပ်အတူတူ တွဲလုပ်နေရင်း ရီနိုကို အပြစ်ပြောလာပါတော့တယ်။ မင်း ရီလို့ ငါလိုက်ရယ်တာ။ မင်းကြောင့် ငါ ကံကောင်းလို့ ဆေးရုံးမရောက်တာ။ နောက်ဆို ငါ့ကို လာမရယ်ပြနဲ့ ....တဲ့။

အထက်က ဖြစ်ခဲ့တဲ့ ပြဿနာအတိုင်းပါပဲ။ ကိုယ်ကြောင့် ဖြစ်တယ်လို့ စကားတစ်ခွန်း မပြောပဲ၊ အပြစ်တွေ အကုန်လုံး ရီနိုအပေါ် ပုန်ချလိုက်တာကို ကြည့်ပြီး ရီနို စိတ်ထဲက စကားလေး တစ်ခွန်းတော့ ရေရွတ်လိုက်မိတယ်။

ဪ .... တော်တော်လေး တရားကျဖို့ ကောင်းပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

October 26, 2010

အိမ်ထောင်ပြုခြင်း မပြုခြင်း

အသက် ၃၀ကျော်လာတာနဲ့အမျှ ဒီခေါင်းစဉ်က ကျွန်တော်ကိုများ တိုက်ရိုက် ပတ်သက်နေသလားလို့ ထင်နေမိတယ်။ အသက်အားဖြင့် ကြည့်မယ်ဆိုရင်လည်း အပျိုကြီး၊ လူပျိုကြီး စရင်းကို မသွင်းရပဲ အလိုလိုဝင်နေပြီပဲလေ။ ကျွန်တော်နဲ့ သက်တူ ရွယ်တူတွေကို ကြည့်မယ်ဆိုရင်လည်း အားလုံးက ကိုယ်ပိုင် အိမ်ထောင်လေးတွေနဲ့ ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်ထားနေကြပြီ။ ကိုယ့်မှာတော့ဖြင့်........။

၂၀၀၇ ခုနှစ်လောက်က ကျွန်တော် မြန်မာပြည်ကို တစ်ခေါက်ပြန်သွားခဲ့တယ်။ ကျွန်တော်အဲမှာ တစ်နှစ်လောက်ကြာခဲ့တယ်။ ကျွန်တော်နဲ့ အထက်တန်းတုန်းက အတူတူ တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံး လိုလို အိမ်ထောင်ကျကုန်ကြပြီ။ ကျွန်တော်သူတို့နဲ့ တစ်ယောက်ချင်းစီ လိုက်မတွေ့နိုင်ပင်မဲ့ ကျွန်တော်နဲ့ တွေ့ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့တော့ ကျွန်တော်စကားပြောဖြစ်တယ်။ သူတို့ရဲ့ အဆင်မပြေတဲ့ စီးပွားရေးအခြေအနေ ရှိနေပင်မဲ့ သူတို့ရဲ့ ကိုယ်ပိုင်မိသားစုအကြောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော့် ကိုပြောပြနေတာများ အားကျချင်စရာပါ။

ဒါပင်မဲ့ ကျွန်တော် အားမကျဘူး။ ကျွန်တော်တို့ဘဝက ပြည့်စုံတဲ့ ဘဝက လာတာမဟုတ်တဲ့ အတွက်ကြောင့် မပြည့်စုံတဲ့ ဘဝနဲ့ နေရမှာကို ကျွန်တော်ကြောက်နေတယ်။ ပြည့်စုံမှ အိမ်ထောင်ပြုရမယ်ဆိုပြန်ရင်လည်း အသက်သုံးဆယ် တောင်ကျော်နေပြီ။ ခုထိ ပြည့်စုံတယ်ဆိုတာ ဘာတစ်ခုမှ မရှိသေးဘူး။ ဘယ်တော့မှ ပြည့်စုံမယ်ဆိုတာကိုလည်း ကျွန်တော်မသိဘူး။

၂၀၀၇ လောက်တုန်းကတော့ ကျွန်တော့်အသက်က ၂၇ ဆိုတော့ ကိုယ့်ကိုကိုယ် ငယ်သေးတယ်လို့ပဲ ထင်နေတာပေါ့။ သူငယ်ချင်းတွေ အိမ်ထောင်ပြုကြတာကို ကြည့်ပြီး စောလိုက်တာလို့တောင် ထင်လိုက်မိသေးတယ်။ အခု ၂၀၁၀ရောက်တော့ သူငယ်ချင်းတွေအားလုံး ကလေးကိုယ်စီ ရကုန်ပြီ။ မပြောင်းလဲ သေးတာက ကျွန်တော်တစ်ယောက်တည်း။

ဒီလိုနဲ့ ကျွန်တော်ပြီးခဲ့တဲ့လက မြန်မာပြည်ပြန်တော့ အထက်တန်းတုန်းက တွဲခဲ့ကြတဲ့ သူငယ်ချင်း ၁၁ ယောက်ရှိတဲ့ အနက်မှ ၅ယောက်နဲ့ ကျွန်တော်တွေ့ဖြစ်ခဲ့တယ်။ ကျွန်တော်ကို သူတို့မေးတဲ့ အဓိကမေးခွန်းကတော့ မင်းဘာလုပ်မှာလဲတဲ့ .. သူတို့ဘာကိုမေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က မသိချင်ယောင်ဆောင်ပြီး ပြန်မေးလိုက်တော့ .... အေးငါတို့ အဖွဲ့ထဲမှာ မင်းနဲ့ ရုရှားရောက်နေတဲ့ ဟိုးကောင်ပဲ ကျန်တော့တာနော် ... ငါတို့ အဖွဲ့ထဲမှာလည်း နိုင်ငံခြားထွက်တာ မင်းတို့နှစ်ယောက်ပဲ ရှိတယ်။ အိမ်ထောင်မပြုသေးတာလည် မင်းတို့ နှစ်ယောက်ပဲ ကျန်တော့တယ်။ ဘာပဲပြောပြော ငါတို့ အရွယ်တွေက အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီလေ။ ကိုယ်ပိုင်မိသားစုလေးနဲ့ အေးအေးဆေးဆေးနေနိုင်ရမဲ့ အခြေအနေ ဖြစ်သင့်နေပြီကွ။ ခု ... မင်းကိုကြည့် .. ပိုက်ဆံသာ မင်း လွတ်ရှာနေတာ .. ဘယ်မှာလဲ မင်းပိုင်တဲ့ အရာ ဘာရှိလဲ..... သူတို့တွေက ဒီလိုပြောလာတော့လည်း အခုပဲ ထပြီး မိန်းမတစ်ယောက်ကို ကောက်ယူလိုက်ရတော့မလို။ ခုပဲ ကလေးတွေရ ၊ ပျော်စရာကောင်းတဲ့ မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ပဲ နေရတော့မလိုနဲ့ တွေးမိလျက်သားပေါ့။

ဒီလိုနဲ့ ဒီပြန်ရောက်ပြီတစ်နေ့ အလုပ်ဆိုဒ်ထဲသွားတော့ မြန်မာကောင်လေးတွေနဲ့ တွေ့တော့ စကားပြောဖြစ်ကြပြန်ရော။ ကျွန်တော်အသက်ကိုမေးပြီး ကျွန်တော့်ကို လူလွတ်လားတဲ့။ ကျွန်တော်ကလည်း ဟုတ်တယ် လို့ ဆိုပြန်တော့ သူက ဘာပြန်မေးတယ်မှတ်လဲ။ တကယ်တစ်ခါမှ မယူဖူးသေးဘူးလား..တဲ့လေ။ သူ့မေးးခွန်းကို ကျွန်တော်သဘောကျလို့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိတယ်။ အင်းပေါ့ ... ဘယ်ယုံနိုင်ပါမလဲ.. ဒီအသက်အရွယ် ရောက်နေပြီကိုး။

ကျွန်တော်ဘဝက ပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာခဲ့တာ မဟုတ်တော့ အမှန်တိုင်းပြောရရင် ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ချင်နေမိတာ ကျွန်တော်ရဲ့ အတ္တတစ်ခုလိုမျိုး ဖြစ်နေခဲ့တယ်။ မပြည့်စုံပင်မဲ့ ပျော်စရာများနဲ့ မေတ္တာအိမ်လေးတွေကို တွေ့တော့လည်း ကျွန်တော်အားကျမိတယ်။ ဒါပေမဲ့ ကျွန်တော် လက်တည့်စမ်းဖို့တော့ ကျွန်တော်မှာ လုံလောက်တဲ့ အင်အား ရှိမနေခဲ့ဘူး။

အိမ်ထောင်ပြုတာ၊ မပြုတာဟာ ကျွန်တော်ဘဝအတွက်တော့ အရေးကြီးတဲ့ သော့ချက် ဖြစ်လာမှာ မဟုတ်ဘူး။ ဘာကြောင့် အဓိက ဖြစ်မလာရတဲ့ အကြောင်းအရင်းက ကျွန်တော်မှာ အခိုင်အမာ ရှိနေခဲ့လို့ပဲ။
နံပါတ် ( ၁ ) မျိုးရိုးစဉ်ဆက် မချမ်းသာခဲ့ကြလို့၊
နံပါတ် ( ၂ ) အဖေ မရှိတော့လို့ ၊

ဘာဆိုင်လို့လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါတွေဟာ အဓိက ဖြစ်နေခဲ့လို့ အိမ်ထောင်ပြုခြင်း မပြုခြင်းက ကျွန်တော်အတွက် အဓိက မဟုတ်ရခြင်းရဲ့ အခြေခံတွေပဲပေါ့။

မျိုးရိုးစဉ်ဆက် မချမ်းသာခဲ့ကြလို့

ဒီအချိန် ကျွန်တော့်မှာ လုံလောက်တဲ့ ပိုက်ဆံသာ ရှိခဲ့မယ်ဆိုရင် ခုနက ကျွန်တော့်သူငယ်ချင်းတွေ အိမ်ထောင်ပြုတဲ့ အချိန်မှာ ကျွန်တော်လည်း တစ်ယောက်လောက်တော့ ယူပြီးသွားလောက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ငွေရေးကြေးရေး ပူပင်စရာမှ မလိုတာ။

အဖေ မရှိတော့လို့

ကျွန်တော်အဖေ့ မရှိတော့တဲ့ အချိန်မှာ အိမ်ရဲ့တာဝန်တွေ ကျွန်တော်အပေါ်ကို ရောက်မှန်းမသိေ၇ာက်ခဲ့တယ်။ ကျွန်တော်မှာ အမေရှိတယ်။ ညီမလေး ရှိတယ်။ နောက်ပြီး တူလေးတစ်ယောက်ရှိတယ်။ သူတို့တွေ အားလုံးက ကျွန်တော်ကိုမှီပြီး နေနေကြရတာလေ။ ကျွန်တော်ဒီအချိန်မှာ အိမ်ထောင်ပြုမယ်လို့ စဉ်းစားလိုက်ရင် ကျွန်တော်ကိုမှီခိုနေကြတဲ့ ကျွန်တော်ရဲ့ မိသားစုလေးကို ကျွန်တော်ဘယ်မှာ သွားထားရမှာလဲ။ ဘာပဲပြောပြော မရှိတော့တဲ့ကျွန်တော့်အဖေကို ကျွန်တော်ကျေးဇူးတင်တယ်။ အဖေသာရှိခဲ့မယ်ဆိုရင် လက်ရှိစောင့်ရှောက်နေရတဲ့ ကျွန်တော့်မိသားစုလေးကို ကျွန်တော်စောင့်ရှောက်ခွင့်ရမှာ မဟုတ်ဘူး။ အိမ်ထောင်ပြုခြင်း မပြုခြင်းဆိုတဲ့ ကျွန်တော်အတွက် အဓိက မဟုတ်တဲ့ အရာဟာလည်း ကျွန်တော့်အဖေ ရှိခဲ့မယ်ဆိုရင် အဓိက ဖြစ်ချင် ဖြစ်သွားနိုင်လိမ့်အုံးမယ်။ ခုတော့ မိသားစုလေးကို စောင့်ရှောက်ခွင့် ပေးခဲ့တဲ့ ကျွန်တော့်အဖေကို ကျေးဇူးတင်ရင်း အိမ်ထောင်ပြုခြင်း မပြုခြင်း ဆိုတဲ့ စကားလုံးနဲ့ အဝေးဆုံးနေရာမှာ ကျွန်တော် ရှိနေရပါအုံးမယ်။

လေးစားစွာဖြင့်
ရီနိုမာန်



October 25, 2010

တိုက်ပုံအင်္ကျီ

အမှန်အတိုင်းပြောရရင် ကျွန်တော် တိုက်ပုံ ဝတ်ရမှာကို မနှစ်သက်ခဲ့ပါ။ မကြိုက်ဖူးလို့ ပြောရင် ပိုမှန်လိမ့်မည် ဖြစ်သည်။ မြန်မာတစ်ယောက် ဖြစ်ပါလျှက် မြန်မာဝတ်စုံ ဖြစ်တဲ့ တိုက်ပုံအင်္ကျီ ကျွန်တော်မနှစ်သက်သည်ကို ကျွန်တော်မှာ ပြောစရာဆင်ခြေ မရှိခဲ့။ စိတ်ထဲ၌ မလွတ်လပ်ဘူးလို့တော့ ကျနော်ခံစားရသည်။ ခု အရွယ်ရောက်မှ တိုက်ပုံကို မဝတ်ချင်စိတ် ဖြစ်နေခဲ့သည် မဟုတ်။ ဟိုးငယ်ငယ်ကတည်းက ကျွန်တော် မဝတ်ချင်ခဲ့ပါ။

အတန်းထဲမှာ ကျွန်တော် နှစ်တိုင်းဆုရခဲ့သည်။ သို့သော်ကျွန်တော် နှစ်တိုင်း ဆုမယူခဲ့သည်မှာ အလယ်တန်းအဆင့် မှစ၍ ကျောင်းဆုပေးပွဲသို့ ကျွန်တော် မတက်ဖြစ်ခဲ့ပါ။ ကျွန်တော် မိဘများက ကျွန်တော်ကို ဆုတက်ယူစေချင်ကြသည်။ ကျွန်တော့်ရဲ့ အကြောင်းပြချက်ကတော့ တိုက်ပုံးမဝတ်ရဘူး ဆိုရင် သားဆုတက်ယူမယ် လို့ကျွန်တော် ဆင်ခြေပေးခဲ့ဖူးသည်။

၁၀တန်းအောင်တော့လည်း ကျွန်တော်စိတ်ဝင်စားတဲ့ အလုပ်ဖြစ်တဲ့ ရှေ့နေအလုပ်ကို ငယ်ငယ်ကတည်းက လုပ်မယ်လို့ ပြောနေခဲ့ပင်မဲ့ တိုက်ပုံဝတ်မှ ရှေ့နေတစ်ယောက်လုပ်ခွင့်ရမှာ ဆိုတာကြောင့် ကျွန်တော် ရွေးချယ်မှုကို လက်လွတ်ခဲ့ရပြန်သည်။ အရွယ်ရောက်လာတော့လည်း သူငယ်ချင်းများရဲ့ မင်္ဂလာဆောင်ကို သွားဖို့ရန် တွန့်ဆုတ်နေခဲ့ မိပြန်ပါတယ်။ ကျွန်တော့်အကြောင်းကို သိတဲ့ သူငယ်ချင်းများကတော့ ... သူငယ်ချင်း မင်းလာဖို့ပဲ လိုတယ်။ မင်းဝတ်ချင်တာ ဝတ်ခဲ့ရတယ်။ မင်းရောက်အောင် လာခဲ့ပါ.... ဆိုမှ ကျွန်တော် သွားဖြစ်ခဲ့တယ်။ မဟုတ်ရင်တော့ ကျွန်တော် ရောက်သွားလိမ့်မယ်လို့ မထင်မိပါ။

ဘွဲ့ယူတဲ့ နှစ်မှာတော့ မေမေနဲ့ ကျွန်တော် ဒီတိုက်ပုံကြောင့် စကားများခဲ့ရဖူးသည်။ မေမေက ကျွန်တော့်ကို မြန်မာဝတ်စုံနှင့် ဘွဲ့ယူစေချင်သည်။ ကျွန်တော်ကလည်း တိုက်ပုံဝတ်မှ ဘွဲ့ယူရမယ်ဆို ကျွန်တော် ဒီဘွဲ့ကို သွားမယူတော့ဘူးလို့ မေမေကိုပြောလို့ ကျွန်တော်ကို မေမေ စိတ်ဆိုးပြီး စကားမပြောခဲ့တာ တော်တော် ကြာသွားခဲ့သည်။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘာကြောင့်များ တိုက်ပုံးကို မဝတ်ချင်တာလဲပေါ့။ ဝတ်နေကျ မဟုတ်လို့များ မဝတ်ရဲတာလား။ ဒါလည်း ဖြစ်နိုင်တယ်။ ဝတ်ဖို့ကိုလည်း အတွေးထဲမှာ တစ်ခါမှ မဖြစ်ခဲ့။ မေမေ က ကျွန်တော်ကို မေးခဲ့ဖူးတယ်။ သား .... မင်းတိုက်ပုံမဝတ်ချင်ဘူး ဆိုရင် မင်းမိန်းမယူရင် ဘယ်နှယ့်လုပ်မလဲ။ .... အနောက်တိုင်းလိုပဲ ဆောင်မှာပေါ့ မေမေရဲ့ လို့ ကျွန်တော် ပြန်ပြောခဲ့သည်။

တိုက်ပုံဝတ်ရခြင်းနှင့် ပတ်သက်ပြီး အကြောက်အကန် ငြင်းဆန်ခဲ့ဖူးသည့် ကျွန်တော်။ တိုက်ပုံဝတ်မှ လုပ်ရမဲ့အလုပ်တွေကို ဘာတစ်ခုမှ မလုပ်ခဲ့တဲ့ ကျွန်တော်။ မြန်မာဆန်ပြီး မြန်မာမှု့ကိုမှ နှစ်သက်မြတ်နိုးတက်တဲ့ ကျွန်တော့်ရဲ့ တစ်ဦးထဲသော ကျွန်တော်က ချစ်ရသော ကျွန်တော့်ရဲ့ ချစ်သူလေးနှင့် မတွေ့ခင် အချိန်အထိ တော့ ကျွန်တော့်ရဲ့ စိတ်ကူးများသည် ကျွန်တော်နဲ့ အတူ ရှိနေခဲ့သည်။ ကျွန်တော်ချစ်သူလေးနှင့် လက်ထပ်ဖို့ရန် တိုင်ပင်သော အခါတွင်တော့ မေမေ့ကို ကျွန်တော် စကားတစ်ခွန်း လေးလေးနက်နက် ပြောဖြစ်ခဲ့သည်။ အဲ့ဒါကတော့.......

မေမေ ..... သား တိုက်ပုံ ဝတ်ကြည့်ချင်တယ် ..... မေမေ.....


လေးစားစွာဖြင့်
ရီနိုမာန်

October 22, 2010

နိုဝင်ဘာ အမုန်း

ဒီရာသီ ဒီအချိန်ဟာ သူတို့ သူတို့အတွက်

ရှိပြီးသာ ဗိမာန်ကို ထပ်တိုးချဲ့လို့

လူတိုင်းရဲ့ ပခုံးခြေနင်းလို့ သူတို့အဖို့

ရပ်ရန်မဟုတ် ဆက်ရန်အတွက် အင်္ကျီာအရောင်တွေ ပြောင်းကုန်ပြီ.....

ရှိပါစေ .... လုပ်ကြပါစေ..... သူတို့ခေတ် သူတို့အခါ

နောင်ဘဝမရှိ လှပကျော့ရှင်း ခြေဆင်း ဝဋ်တွေ

နောက်က ထက်ကြပ်မကွာ လိုက်နေပါလိမ့်မယ်...

လုပ်နိုင်သူတွေ လုပ်ကြလိမ့်မယ်....

မလုပ်နိုင်လည်း ဘာမှ အားမငယ်နဲ့ ..... အချိန်ကိုသာစောင့်

မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချဖို့တော့ မမေ့နဲ့...

ကြွေတစ်လှည့် ကြက်တစ်ခုန် စုန်ဆန်မောင်းလို့

ရေခပ်မကြုံ ၊ ထင်းခွေကြုံပါ့လိမ့်အုံးမယ်

ပြောနေလည်း ဘာမှမထူး၊ မေးနေလည်း ဘာမှ မသိ

ရင်ငုံနှုတ်ပိတ်နဲ့ စောင့်ကြည့်လိုက်အုံးပေါ့

နောက်ထပ် လေးနှစ်...................။


လေးစားစွာဖြင့်
ရီနိုမာန်

September 27, 2010

စက်တင်ဘာမှာ ပျော်ခဲ့ရသည်။ စက်တင်ဘာကြောင့် စိတ်ညစ်ခဲ့ရသည် .... သို့သော် စက်တင်ဘာကို ချစ်သည်

၂၀၁၀ စက်တင်ဘာလ

၁၉၈၁ ခုနှစ်ကတည်းက လို့ပြောရမယ်။ စက်တင်ဘာလ ရောက်တိုင်း ပျော်ရွှင်ခဲ့ရသလို၊ ဝမ်းနည်း ကြေကွဲခြင်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ နှစ်တိုင်းနှစ်တိုင်းရဲ့ စက်တင်ဘာလ ရောက်မှာကို ကျနော် ကြောက်နေမိတယ်။ စက်တင်ဘာလ ရောက်မှာကို ကြောက်နေမိသလို ရောက်လာဖို့ကိုလည်း ကျနော် မသိစိတ်က မျှော်လင့်နေမိတယ်လေ.........။


မှတ်မိနေတာကတော့ စက်တင်ဘာလထဲမှာပဲ ကျနော် ငယ်ငယ်က
သွေးလွန်တုပ်ကွေး ဖြစ်လို့ ဆေးရုံးတက်ခဲ့ဖူးတယ်။ နောက်မှတ်မှတ်ရရ စက်တင်ဘာထဲမှာပဲ ကျနော် ဆိုက်ကယ်မှောက်လို့ ဆေးရုံးတက်ခဲ့ရ ဖူးပြန်တယ်။ စက်တင်ဘာမှာ မိသားစုဘဝလေး ပြိုကွဲတော့မဲ့ အဖြစ်နဲ့ ကြုံခဲ့ရတယ်။ သို့သော် စက်တင်ဘာကို ကျနော် မမုန်းမိခဲ့ပါ။

စက်တင်ဘာမှာ ကျနော်ရဲ့အိမ်မက်တွေ အကောင်အထည် ဖေါ်နိုင်ခဲ့တယ်။ အနှစ်နှစ် အလလ စိတ်ဆင်းရဲ ခဲ့ရပင်မဲ့ စက်တင်ဘာကြောင့် ကျနော် ဝမ်းသာမှုတွေ ပိုင်ဆိုင်ခဲ့ဖူးတယ်။ စက်တင်ဘာကြောင့် ကျနော် ပျော်ရွှင်ခဲ့ရဖူးသလို၊ စက်တင်ဘာကြောင့် ကျနော်ဘဝမှာ မျက်ရည်ကျမတက် ဖြစ်ခဲ့ရဖူးတယ်။ သို့သော် ကျနော် စက်တင်ဘာကို ချစ်နေမြဲ။

ပြီးခဲ့တာတွေကို စိတ်မဝင်းစားတက်တော့ ဖြစ်နေတဲ့ စက်တင်ဘာကိုပဲ မှတ်တမ်းတင်လိုက်မိပြန်တယ်။ ၂၀၁၀ စက်တင်ဘာထဲမှာ သူငယ်ချင်းတွေနဲ့ ကျနော် အပျော်ခရီးထွက်ဖြစ်ခဲ့တယ်။ ပျော်စရာ ခရီးဖြစ်ခဲ့တယ်။ ခရီးက ပြန်ရောက်တော့ သတင်းထူးကြားခဲ့ရပြန်တယ်။ ဒီကြားထဲမှာပဲ အလုပ်က မလေးကုလားက ကျနော်တို့ မြန်မာတွေနဲ့ အိန္ဒိယ ကုလားတွေကို ရန်တိုက်ပေးပြန်တယ်။ သူ့ရဲ့ ရန်တိုက်ပေးမှုကြောင့်ပဲ ကျနော်တို့ အတွက် အခွင့်အရေးတစ်ခု ပိုရခဲ့တယ်။ အဲဒီ မလေးကုလားကို မသိစိတ်ထဲက ကျေးဇူးတင်နေလိုက်တယ်။

သိပ်မကြာပါဘူး။ လစာ တိုးတဲ့ အကြောင်းကြားရပြန်တယ်။ သူဌေးက ကျနော်ကိုခေါ်ပြီး လစာတိုးကြောင့် ပြောတော့ ကျနော် အံ့သြသွားခဲ့ရပြန်တယ်။ ထင်မှတ်ထားတာထပ် နှစ်ဆလောက်ပိုနေခဲ့တာကိုး။ တန်ရာတန်ကြေးပေးပြီး ခိုင်းတယ်ဆိုတာ ကိုကျနော်နောက်ရက်မှာ ကိုယ်တိုင်နားလည် လိုက်မိပါတော့တယ်။

ကျနော်ရဲ့ နာမည်ကို အသံနက်ကြီးနဲ့အော်ခေါ်ပြီး ပေးထားတဲ့ လစာနဲ့ တန်အောင် ပိုဆိုးပက်စက် အဆဲခံလိုက်ရပါတော့တယ်။ ကျနော်ကလည်း ကျေကျေနပ်နပ်ကို လက်ခံယူလိုက်ပါတယ်။ ပြန်ပြောနေရင်းလည်း မြန်မာပြည်ကို ဗီဇာ မလိုပဲ ပြန်ရောက်သွားမှာကို ကျနော်ကြောက်နေမိတာကိုး။

ဒီလိုနဲ့ အဆိုးနဲ့အကောင်း ဒွန်တွဲနေတဲ့ လောကကြီးမှာ စိတ်ညစ်စရာတွေ ကြုံနေရပင်မဲ့ ကျေနပ်စရာတွေလည်း လက်ဝယ်ပိုင်ဆိုင်ရပြန်ပါတယ်။ ၂၀၀၉ လောက်ကတည်းက ကျနော်ညီ ဝမ်းကွဲတစ်ယောက်ကို စင်ကာပူခေါ်ဖို့ လုပ်နေတာ။ ရောက်မဲ့ ရောက်လာတော့လည်း စက်တင်ဘာ ထဲမှာပဲရောက်လာပါတယ်။

ကျနော်အတွက် ပထမဆုံးလုပ်ဖြစ်တဲ့ အလုပ်ကတော့ တစ်ခါမှ မကြုံဖူး မသွားဖူးတဲ့ စာပေဟောပြောပွဲကို လည်း ဒီစက်တင်ဘာ ထဲမှာပဲ ကျနော် သွားရောက်နားထောင်ခဲ့ရပြန်တယ်။ မထင်မှတ်တာ တော်တော်များများကို စက်တင်ဘာထဲမှာ ကျနော်ကြုံတွေ့ရပင်မဲ့ ပျော်ရွှင်စရာ တော်တော်များများဟာလည်း စက်တင်ဘာ ထဲမှာဖြစ်ပျက်နေခဲ့တယ်။

စက်တင်ဘာမှာ ကျနော်ဘာတွေ ဘယ်လိုဖြစ် ဖြစ်နေပါစေ။ ကျနော် စက်တင်ဘာကို ချစ်တယ်။ စက်တင်ဘာဟာ ကျနော်အပေါ်မှာ ကျေးဇူးတွေအများကြီး ရှိခဲ့ဖူးတယ်။ စက်တင်ဘာဟာ ကျနော်အတွက် နတ်ဆိုး တစ်ကောင်ဖြစ်ခဲ့ပင်မဲ့ အဖော်မွန်ကောင်း တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာကြောင့် ကျနော် အသက်ဆက်နေခဲ့တယ်။ စက်တင်ဘာဟာ ကျနော်ကို ဆုတ်ပျက်သတ်သွားအောင် လုပ်နေခဲ့ပင်မဲ့လည်း ကျနော် ချစ်နေစဲပါ......

ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်ဆိုတာ ကျနော် ဖြစ်လာဖို့ ကျနော်ကို စက်တင်ဘာက မွေးဖွားပေးခဲ့လို့ပါပဲ.....။


လေးစားစွာဖြင့်
ရီနိုမာန်

September 18, 2010

ခရီးသွားမှတ်တမ်း

စာလည်း မရေးဖြစ်တာကြာသွားပြီ။ ရေးဖို့ လုပ်လိုက် ၊ကွန်ပျုတာရှေ့ထိုင်လိုက် ၊ဖေ့ဘွတ်လေးကြည့်လိုက်၊ ဇာတ်လမ်းလေးကြည့်လိုက်နဲ့ အလုပ်ကို မရှုပ်ချင်ပဲ ရှုပ်နေတော့တယ်။ ဒီ ၉လပိုင်းထဲမှာ ကျနော်ရဲ့မွေးနေ့ဆိုတော့ ထုံးတမ်းစဉ်လာ မရှိခဲ့တဲ့ ကျနော့်မွေးနေ့ကို လုပ်ဖို့ စိတ်ကူးလည်း မရှိခဲ့ပါဘူး။ စိတ်ကူးမရှိပင်မဲ့ အသိအမှတ်တော့ အပြုခံချင်ခဲ့တာ စိတ်ထဲမှာ ဖြစ်နေတဲ့ ၇င်ထဲက ခံစားချက်ပေါ့။ မွေးနေ့မရောက်ခင် ရက်ပိုင်းလောက်မှာ ဖေ့ဘွတ်ကို တော်တော် အသုံးပြုခဲ့တယ်။ FB ထဲမှာလည်း ကိုယ့်ရဲ့မွေးနေ့ကို အမှန်အတိုင်း ထည့်ထားတော့ သေချာပေါက် ကိုယ့်ရဲ့ သူငယ်ချင်းတွေကတော့ မွေးနေ့ရောက်ရင်တော့ တွေ့ပြီ ကိုယ်ကိုတော့ Wish လုပ်ကြမှာပဲ လို့ သေသေချာချာ တွေးထားပြီးသားပါ။ ထင်တဲ့ အတိုင်းလည်း FB မှာ မွေးနေ့ဆုတောင်းတွေ အများကြီးရခဲ့ပါတယ်။ ဒီအတွက်လည်း ကျေနပ်မိပါတယ်။ ဆုတောင်းပေးသွားကြတဲ့ မောင်နှမတွေကိုလည်း ကျေးဇူးတင်မိတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကိုယ့်ကိုကိုယ် မကျေနပ်ဘူး ဖြစ်နေတာတော့ အမှန်။ ကျနော်လိုချင်မိတဲ့ ဆုတောင်းက FBပေးတဲ့ ဆုတောင်းကို မတောင်းတမိဘူး။ FB ဆိုတာလူတိုင်းသုံးနေတဲ့ အရာ။ တွေ့မှတော့ အဖြစ်သဘောနဲ့ Happy Birthday ပါလို့ ပြောတာကို မလိုချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်းလည်း အဲလိုလုပ်ခဲ့ဖူးလို့ပေါ့။

ကျနော့်ရဲ့ ကိုယ်ပိုင်ဘလောဂ့်လေးမှာ လာပြီးဆုတောင်းပေးသွားကြတဲ့ ညီအကို မောင်နှမတွေကိုတော့ အထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာတယ်။ မွေးနေ့လက်ဆောင် ပေးခဲ့ကြတဲ့ ကျနော်ရဲ့ မောင်နှမတွေကို လည်းအထူးကျေးဇူးထပ်တင်ပါတယ်။

ထူးထူးခြားခြား ဖြစ်အောင်လို့ လုပ်တာတော့ မဟုတ်ဘူး။ မွေးနေ့နဲ့ရုံးပိတ်ရက် တိုင်ဆိုင်တာကြောင့် မွေးနေ့မှာ ခရီးထွက်ဖို့ အကြောင်းတိုက်ဆိုင်သွားတယ်။ ၂၀၀၄၊ ၂၀၀၅ ၊ ၂၀၀၆ တုန်းကလည်း မလေးမှာနေခဲ့ပင်မဲ့ ကေအယ်ကို တစ်ခါမှ မရောက်ခဲ့ဖူးတာက တစ်ကြောင်း၊ ချစ်လှစွာသော ညီငယ် တစ်ယောက်ရှိနေတာက တစ်ကြောင်း၊ ခြောက်နှစ်လောက် မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ အမတစ်ယောက်နဲ့ တွေ့ချင်တာက တစ်ကြောင်း၊ ဟိုနေ့တွေ့မယ် ဒီနေ့တွေ့မယ်နဲ့ ဟိုရွှေ့ဒီရွှေ့လုပ်လာလိုက်တာ ၉လပိုင်းထဲမှာပဲ မိန်းမကို လွမ်းလို့ မြန်မာပြည်ကို အပြီပြန်တော့မယ်လို့ ပြောလာတဲ့ ညီငယ်တစ်ယောက်ကိုလည်း တွေ့ချင်တာက တစ်ကြောင်း။ ကိုယ်ကိုတိုင်ကလည်း ခြေမှာ ဗွေပါတာက တစ်ကြောင်း၊ အကြောင်းအမျိုးမျိုးတွေကြောင့်ပဲ မွေးနေ့မှာ ခရီးထွက်ဖို့ ဖြစ်လာခဲ့တယ်။

မသွားခင်တုန်းကတော့ အရမ်းသွားချင်ခဲ့တယ်။ သွားခါနီးတော့ မသွားချင်တော့ပြန်ဘူး။ မသွားချင်လို့လဲ မရတော့ဘူး။ လက်မှတ်က ဝယ်ပြီးသွားပြီ။ သွားရမဲ့ရက်အထိ အလုပ်က အ၇မ်းကို များတာ။ ခရီးသွားဖို့တောင် လွန်ခဲ့တဲ့ လထဲက ကြိုပြောထားလို့ မဟုတ်ရင် ခရီးသွားဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ စလုံးကနေ သွားတာ သုံးယောက်။ မလေးရှားရောက်တော့ လာကြိုတဲ့ လူက ခြောက်ယောက်။ အားလုံး ( ၉ ) ယောက်။ ပျော်စရာကြီးပဲ။

ကျနော်နဲ့ သွားတဲ့ နှစ်ယောက်မှာ တစ်ယောက်က ကျနော်မွေးနေ့မှန်း မသိဘူး။ သူမသိတော့ ကိုယ်ကပဲပြောလိုက်ရတယ်။ နောက်တစ်ယောက်ကတော့ ကားနောက်ကျနေတာနဲ့ ကားပေါ်တက်ခါနီးမှ ပဲ မွေးနေ့အတွက်ဆုတောင်းပေးနိုင်တော့တယ်။ ဘယ်ရမလဲ မလေးရှားကားဂိတ်ရောက်တော့လည်း လာကြိုတဲ့ ခြောက်ယောက်ကို ရစ်တာပေါ့။ လာကြိုတဲ့ ခြောက်ယောက်လုံး ကိုလုံးဝ မကျေနပ်ဘူးလို့လဲ ပြောလိုက်ရော အားလုံးက အံ့သြသွားကြတယ်။ သူ့တို့ဘာများ လုပ်လို့လဲ ဆိုတဲ့ အကြည့်နဲ့ပေါ့။ ကျနော်ကလည်း လုံးဝမပြောဘူး။ အားလုံးထဲမှ ညီငယ်တစ်ယောက်ဖြစ်တဲ့ စစ်တကောင်း မင်းသား စစ်မင်းညိုက ထပြီးကျနော်ကို မွေးနေ့ဆုတောင်း ပြုပါတော့တယ်။ အားလုံးရဲ့ ဆုတောင်းကိုရပြီးမှပဲ အုပ်စုကလည်း တောင့်တော့ TAXI နဲ့ဆို အဆင်မပြေတာကြောင့် ရထားနဲ့ သွားကြတယ်။ ရထားပေါ်မှာလဲ ဟေးဟေးဟားဟား နဲ့ မနည်းအရှိန်ထိန်းထား၇တယ်။ လူတွေ ဝိုင်းကြည့်နေကြတာကိုး။ ရထားပေါ်မှာလည်း ခေါင်းကိုက်တက်တဲ့ ညီမငယ်က ထိန်းသွားပါတယ်။

ဒီလိုနဲ့ ဟိုတယ်ရောက် ပြင်စရာရှိတာပြင်ပြီး မထင်မှတ်ပဲ ကျနော်နာမည်နဲ့ ဆင်တူသွားတဲ့ လျို့ဝှက်သော ရီနို ပိုစ့်ကိုရေးခဲ့တဲ့ ကိုသောမက်တ် တို့အိမ်မှာ နေ့လည်စာ မုန့်ဟင်းခါး သွားစားခဲ့ပါတယ်။ မုန့်ဟင်းခါး စားရုံနဲ့ မကျေနပ်နိုင်သေးပဲ၊ အမချစ်ကြည်အေး ဘလောဂ့်မှာတင်ထားတဲ့ ဘဲဥအချဉ်ဟင်းနဲ့လည်း စားခဲ့ပြန်ပါတယ်။ ကိုသောမတ်က်ကတော့ ပြောပါတယ်။ သူချက်တာ ပိုကောင်းပါတယ်တဲ့။ ဟုတ် ကျနော်တို့ကလည်း ပြန်ပြောလိုက်ပါတယ် အမချစ်ကြည်အေး ကိုပြန်မပြောပါဘူးလို့။ စားပြီးသောက်ပြီတော့လည်း ဧည့်သည်က ဧည့်သည်လိုမနေပြန်ပါဘူး။ ဂီတာတီးပြီး သီချင်းတွေ ဆိုနေကြပြန်တာပေါ့။ ခြောက်နှစ်လောက် မတွေ့တာကြာပြီဖြစ်တဲ့ အမက မွေးနေ့ကိတ်ယူလာပြီး ကိုသောမက်တ် အိမ်မှာပဲ ကျနော်ရဲ့မွေးနေ့လေးကို တစ်ခါမှ မကျင်းပဖူးတဲ့ ကျနော် ကျင်းပဖြစ်ခဲ့ပါတယ်။

အဲနေ့မှာပဲ ညနေစာ သွားစားကျရင် ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးနဲ့အတူ အကောင်အထည် ဖေါ်ဖြစ်ကြတယ်။ ရုပ်ရှင်ရုံထဲရောက်တော့ သူများတော့ မသိဘူး။ ကျနော်ကတော့ အိပ်ပျော်သွားခဲ့ပါတယ်။ ရုပ်ရှင်ရုံက ပြန်တော့လည်း ဟိုတယ်နဲ့ နီးတယ်ဆိုပြီး လမ်းလျှောက်ပြန်ခဲ့ကြပြန်ပါတယ်။ ဟိုတယ်ရောက်တော့ ၂နာရီကျော်နေလို့ နောက်နေ့လာမယ်ဆိုတဲ့ ညီအစ်ကိုမောင်နှမတွေကို ဖုန်းမက်ဆေ့လ် ပို့ရပါတော့တယ်။ စောစောမလာဖို့ပေါ့။ စိတ်ချရပါတယ်။ ပြောတဲ့ အချိန်ထက်နောက်ကျမှ ရောက်လာကြပါတယ်။

ဒီလိုနဲ့ ကျနော်ရဲ့ ၂၉နှစ်မြောက်မွေးနေ့လေးကို ရေခဲမုန့် တစ်ယောက်တစ်ခုစီ စားပြီး အားလုံးလမ်းလျှောက် ပြန်လာခဲ့ကြပါတော့တယ်.........

လေးစားစွာဖြင့်
ရီနိုမာန်

September 10, 2010

ကောင်လေးတစ်ယောက်...

သူက သူ့မေမေ့ကို သိပ်ချစ်သူလေး ကောင်လေးတစ်ယောက်... လောကကြီးထဲက ကြိုတင်ထွက်ခွာသွားတဲ့ သူ့ဖေဖေကို လွမ်းဆွတ်နေတတ်သူ... သူ့ဖေဖေ မရှိတော့တဲ့နောက် ရှိသမျှခွန်အားလေးနဲ့ ဘဝကို ရုန်းရင်းကန်ရင်း သူ့မေမေနဲ့ ညီမလေးကို ကြည့်ရှု့စောင့်ရှောက်နေသူ.. မမျှော်လင့်ပါပဲ ဆုံးပါးသွားခဲ့တဲ့ အကိုအကြီးရဲ့သွေးလေးဖြစ်တဲ့ တူလေးကိုလည်း ချစ်ခင်ယုယ ကြင်နာတတ်သူ... တခါတလေ အားငယ်စိတ်လေး ဝင်တတ်ဟန်ရှိတဲ့ သိပ်ကို နူးညံ့သိမ်မွေ့သူ.. အေးဆေးတည်ငြိမ်သည့် မျက်နှာလေးတစ်ခုကို ပိုင်ဆိုင်ထားပြီး ချစ်စဖွယ်လေး အမြဲပြုံးနေတတ်သူ ကောင်လေးပါပဲ..။

လွန်ခဲ့တဲ့ရက်အနည်းငယ်လေးထဲမှာပဲ သူ့ကိုယ်ပိုင် ဘုရားစင်လေးနဲ့ အိပ်ခန်းလေးကို ရှင်းလင်းလို့ ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘု့ခ်မှာ တင်ပြခဲ့တာကို တွေ့မိတော့... ကောင်လေးဟာ ဘာသာတရားကို ရိုသေကိုင်းရှိုင်းတတ်သလို အအိပ်လည်း ပုတ်သူလေးပါလို့ ကျွန်မ ပြောမပြတော့ပါဘူး..။ ရေကူးခြင်းကို မြတ်နိုးသလို.. မြန်မာမင်းသား အကကို ကကြည့်ဖို့ နှစ်ခြိုက်သည်ဟု ပြောပြန်သေးသူ...။ အပေါင်းအသင်းခုံမင်ပြီး အနစ်နာခံတတ်သူဖြစ်သလို ကောင်မလေး သူငယ်ချင်းများစွာ ရှိပြီး ချစ်သူရည်းစားထားဖို့ ဘဝက မပေးသေးဘူးဟု တိုးဖွဖွနဲ့ ပြောတတ်သူလေးပေါ့...။

ခရီးထွက်ရခြင်းကို ဝါသနာတစ်ခုလို နှစ်သက်သလို အကြွေးရှိတဲ့ နေ့ရက်တွေကိုလည်း တည်ငြိမ်အေးဆေးစွာ ဖြတ်ကျော်နေတတ်ပြန်သေးသူ...။ မြူးကြွကြွ သီချင်းလေးတွေ နားထောင်ရင်း ခေါင်းလှုပ် ခြေလှုပ်နဲ့ ပျော်ရွှင်လွတ်လပ်နေချင်သူ... ကော်ဖီ သိပ်ကြိုက်သူ ကောင်လေးက... အရောင်တွေထဲမှာ အစိမ်းရောင်နဲ့ အဝါရောင်ကို ချစ်လွန်းပြန်သေးသတဲ့လေ..။ အဲ့ဒီကောင်လေးက အိန္ဒြာကျော်ဇင်ကို ကျိတ်ပြီး သဘောကျနေသူပဲ ဖြစ်လို့နေပြန်ရဲ့..။ သူ.. ဘာလို့ ချစ်သူမရှိလဲဆိုတာကို အစ်မဖြစ်သူ ကျွန်မက တစ်ခါတစ်လေ စပ်စုမိတတ်သေး၏..။

“အို... ဒီလောက် မိန်းကလေး သူငယ်ချင်းတွေများတာ တစ်ယောက်ကိုမှ စိတ်မဝင်စားဘူးလား..” လို့ ချစ်ခင်စိတ်တွေနဲ့ မေးကြည့်မိတိုင်း ပြုံးကာ ခေါင်းခါပြတတ်သူပေါ့..။
“ဒါဆို... သိပြီ ကောင်မလေးသူငယ်ချင်းတွေထဲမှာ အူဝဲလို ချွတ်စွပ်တူတာ မပါလို့မှလား...” ဟု ပြောမိပြန်တော့ တဟားဟားနဲ့ ပေါ့ပေါ့ပါးပါး အော်ရယ်တတ်သူ ကောင်လေးတစ်ယောက်..။
“မိန်းမ မယူချင်ပါဘူး... မေမေနဲ့ပဲ နေချင်တာ..” လို့ ကောင်ကလေးငယ်ငယ် တစ်ယောက်လို ဆိုတတ်သေးသူပင်..။ ဟော.. ကြည့်..!! အဲ့ဒီကောင်လေးက ကလေးတွေ အများကြီးနဲ့လည်း နေချင်ပြန်သေးသတဲ့။
“ဟင်... မိန်းမ မယူပဲ ဘယ်က ကလေး............” ကျွန်မမေးခွန်း မဆုံးခင် တဝက်တပျက်မှာပဲ သူက ကမန်းကတမ်းနဲ့...
“နိုး.. နိုးး.. ဘရက်ပစ်ထ်နဲ့ ဂျိုလီတို့လို ကလေးတွေ အများကြီး မွေးစားချင်တာ ပြောတာနော်...” ဟု ရယ်ကျဲကျဲလေးနဲ့ ဖြေတတ်သူလေးပါပဲ..။
ကျွန်မ ချစ်ခင်ရတဲ့ အဲ့ဒီကောင်လေးက ကလေးလေး တစ်ယောက်တော့ မဟုတ်တော့ပါဘူး..။ ဒီနေ့လေးဟာ ကောင်လေးရဲ့ မွေးနေ့လေးတစ်နေ့ပါ..။ အစ်မတွေ အများကြီးကို မွေးနေ့လက်ဆောင်ပေးဖို့ ဂျီအလွန်ကျတတ်တဲ့ လူကြီးပေါက်စ မောင်ဆိုးလေး တစ်ယောက်ဟာ သူပဲပေါ့..။ သူ့အကြောင်းလေးတွေ တွေးလို့ ချရေးမိရင်း... တခါတည်းပဲ အစ်မတစ်ယောက်အနေနဲ့ သူ့အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင် ကြော်ငြာလေး တစ်ခုဝင်သွားပါရစေ...။
အူဝဲနဲ့ အင်မတန်တူတဲ့ ကောင်မလေး တစ်ယောက်ယောက်ကများ ဒီစာလေးကို ဖတ်မိတယ် ဆိုရင်................... ဆိုခဲ့ရင်............... ပေါ့လေ...။ ငယ်ငယ်တုန်းက ဆော့ရင်း ကစားရင်း ခဏခဏအော်ဖူးတဲ့ ကောက်စိုက်တေးသွား စာသားလေးကို ဒီမှာပဲ ဒီလိုလေး အကျယ်ကြီး အော်ထားခဲ့ချင်ပါတယ်..။
ယောင်းမရေ... သူငယ်ချင်း လယ်ဆင်းကြစို့လား................!!!!! ဝါးးးးးးး))))))))))))))))))) :P


ကဲ... ဒီလိုနဲ့ မွေးနေ့ ဖယောင်းတိုင် မီးလေးတွေ မှုတ်ငြိမ်းလိုက်ဖို့ အချိန်တောင် ရောက်လာနေပြီ...!!!
Happy Birthday To You..... ပါ ကလေးလေး မဟုတ်တော့တဲ့ မောင်လေးရေ.... အမှတ်တရပေါ့....း)
(ခင်လေးငယ်)



လေးစားစွာဖြင့်
ရီနိုမာန်

happy birthday ပါ


ဘာလိုလိုနဲ့ ၂၉နှစ် ပြည့်သွားခဲ့ပြီဗျာ။
အချိန်တွေက မြန်လိုက်တာလို့တော့ မပြောချင်တော့ဘူး။
လူ့ အလိုလည်း နတ်မလိုက်နိုင်သလို
ကျနော့် အလိုကျနော်ကိုယ်တိုင်လည်း မလိုက်နိုင်ခဲ့ပါဘူး။
ခုချိန်ထိ ၂၅နှစ်ကနေကို မတက်နိုင်သေးတာ ခက်တယ်။
သေချာတာ တစ်ခုကတော့ သေဖို့နီးနေပြီ။

မွေးနေ့ ကိတ်လေးနဲ့ အတူ လာလည်ကြတဲ့ မောင်နှမများ အားလုံး ပျော်ရွှင်ကြပါစေ။

လေးစားစွာဖြင့်
ရီနိုမာန်

September 5, 2010

(၃၅)နှစ်ပြည့် ရွှေရတုအချစ်နှစ်ပတ်လည်

ကမ္ဘာကြီးနှင့်ယှဉ်လျှင်

မန်မာပြည်ကိုချစ်တယ်။


မန်မာပြည်နဲ့ယှဉ်လျှင်

ကိုယ့်မြို့လေးကိုချစ်တယ်။


မို့လေးနဲ့ယှဉ်လျှင်

ကိုယ့်လူမျိုးကိုချစ်တယ်။


လူမျိုးနဲ့ယှဉ်လျှင်

ကိုယ့်ဆွေမျိုးကိုချစ်တယ်။


ဆွးမျိုးတွေနဲ့ယှဉ်လျှင်

ကိုယ့်မိသားစုကိုချစ်တယ်။


မိသားစုနဲ့ယှဉ်လျှင်

ကိုယ့်ကိုကိုယ်ချစ်တယ်။


ကိုယ်နဲ့ယှဉ်လျှင်

"သူ့" ကိုချစ်တယ်။


"သူ" နဲ့ယှဉ်စရာ ကမ္ဘာမှာမရှိ

တခါတခါ သတိရတတ်တာ ကိုယ့်ကိုကိုယ်တောင်မေ့လို့။


""

၂၀၄၁၊ စက်တင်ဘာလ ၃၀ရက်

လေးစားစွာဖြင့်

ရီနိုမာန်

September 1, 2010

အမေးအဖြေ လုပ်ခြင်း

  1. အကြိုက်ဆုံး အရောင် - အပြာ
  2. အကြိုက်ဆုံး မြန်မာ အစားအစာ - မုန့်ဟင်းခါး
  3. အကြိုက်ဆုံးရေမွှေး - C K
  4. အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း - Converse Bags
  5. အကြိုက်ဆုံး ဖိနပ် - puma
  6. အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း- G2000
  7. ဘလောဂ့်စတင်ခြင်းနှစ် - 2009
  8. ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း- စာရေးတာဖတ်တာ ၀ါသနာပါလို့. စာဖတ်တာကို ပိုပြီး နှစ်ခြိုက်လို့
  9. ကိုယ်ပိုင် ဝါသနာ - ဂစ်တာတီးခြင်း၊ စာဖတ်ခြင်း၊ မိုးအေးလျှင် အိပ်ခြင်း :)
  10. ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း - A Portable Music Player
  11. စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ - အွန်စော နှင့် ချွတ်စွတ် တူသော ကျွန်တော့်ကောင်မလေး :D
  12. အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် - ပျော်ပျော်နေသေခဲ မော်တော်နေ ရေထဲ

အနာဂတ်သံစဉ်က ညီလေး ညီညီကျော်နဲ့ အမေးအဖြေ လုပ်ထားတာပါ။ ခေါင်းစဉ်ပြောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

August 20, 2010

တစ်ခါတစ်ခါ ..... ..... .....


တစ်ခါတစ်ခါ နင့်ကို သတိရတယ်။

တစ်ခါတစ်ခါ နင့်ကို လွမ်းတယ်။

တစ်ခါတစ်ခါ နင်နဲ့ တူတူရှိခဲ့တဲ့
အချိန်တွေကို ပြန်တမ်းတမိတယ်။

တစ်ခါတစ်ခါ ငါ့လက်ကိုတွဲပြီး
စကားတွေ ပြောနေတဲ့ နင့်ကို
ပြန်မြင်ယောင်မိတယ်။

တစ်ခါတစ်ခါ ငါ့ဆုံးဖြတ်ချက် အတွက်
ငါ့ကိုငါ မုန်းမိတယ်။

တစ်ခါတစ်ခါ နင့်ကို ငါ ဘယ်လောက်ချစ်လဲ
ဆိုတာ ပြောပြောနေမိတယ်။

တစ်ခါတစ်ခါ ငါ့ရင်ဘတ်ထဲနင်မရှိတော့တာ...။

တစ်ခါတစ်ခါ နင့်ကိုလွမ်းလို့ ငါငိုနေခဲ့မိတာ....။

တစ်ခါတစ်ခါ ...... ...... ..... ...... .....။


လေးစားစွာဖြင့်
ရီနိုမာန်

August 17, 2010

ဘဝ ဆိုတာ အမှတ်တရ တစ်ခုပါ

ပင်လောင်းကိုရောက်တော့ ကိုယ်က ၆တန်းပဲရှိသေးတယ်။ ကိုယ် ၆တန်း၊ ရတန်း နှင့် ၈တန်းကို ကိုယ်တို့တပ်နဲ့ နီးတဲ့ ရင်းမှီး (အလက) မှာပဲနေခဲ့တယ်။ မြို့ထဲမှာတော့ အထက ရှိတယ်။ အမေက စိတ်မချလို့ မြို့ထဲကျောင်းမှာ သွားမနေရဘူး။ ကိုယ့်ကံကိုက မကောင်းတာပါ။ တပ်တွေတိုင်းမှာတော့ မူလတန်းလောက်ထိတော့ ရှိတာများတယ်။ လေးတန်းအောင်သွားရင်တော့ ဘာပဲပြောပြော မြို့ထဲကျောင်းလောက်တော့ နေရတော့မယ်ပေါ့။ စိတ်ကူးပဲဖြစ်ခဲ့တာ ၈တန်းအောင်တဲ့ အထိ အိမ်နဲ့နီးတဲ့ ကျောင်းတွေမှာပဲ နေခဲ့ရတာများတယ်။

လေးတန်းအောင်လို့ ငါးတန်းတက်ရင်တော့ မြို့ထဲကျောင်းတော့ နေရတော့မှာပဲ လို့စိတ်ထဲတွေးကာရှိသေးတယ်။ ကိုယ်တို့ပြောင်းတဲ့တပ်မှာ အလက ထိရှိနေပြန်ရော။ ခုလည်း ကိုယ်သဘောအရဆို မြို့ထဲကျောင်းပဲနေမယ်လို့ အမေကိုပူဆာလို့ရတယ်။ ကိုယ်နဲ့ သူငယ်ချင်းဖြစ်လာမဲ့ ကိုယ့်သူငယ်ချင်းကောင်မလေးရဲ့ အမေက ကျောင်းဆရာမဖြစ်နေတော့ သူရောက်တဲ့ ကျောင်းပဲ လိုက်တက်ရမယ်ဆိုတာကြောင့် တပ်နဲ့နီးတဲ့ ရင်းမှီင်္းမှာပဲ နေခဲ့ရတယ်။

ကိုယ့်သူငယ်ချင်း နာမည်က မေမွန်တဲ့ အပြည်အစုံကတော့ လေးလုံးပေါ့။ နောက်မှာ သူ့အဖေရဲ့နာမည်ပါတယ်။ ညီအစ်မ သုံးရောက်ရှိတယ်။ သုံးယောက်လုံးချောချော လေးတွေ။ ကိုယ့်သူငယ်ချင်းမို့ပြောတာမဟုတ်ဘူး။ အားလုံးထဲမှာ ကိုယ့်သူငယ်ချင်းက အချောဆုံးပဲ။ ကိုယ်နဲ့ မေမွန်နဲ့က ၆ တန်းစတက်ကတည်းက တူတူ ၈တန်းအောင်တဲ့ အထိပဲ ဆိုပါတော့။ မေမွန်က စာတော်တယ်။ သုံးနှစ်လုံး အတန်းထဲမှာ ပထမပဲ။ စာကျက်အားနည်းတယ်။ စာအလွတ် ရလွယ်တယ်။ ကိုယ်ကတော့ ဦးနှောက် သူလောက်မကောင်းဘူး။

ကိုယ်တို့ ၆တန်းနှစ်မှာ အတန်းတိုင်းမှာ ပထမရလာတဲ့ ပအိုဝ်လေး တစ်ယောက်ရှိတယ်။ မေမွန်ရောက်လာတော့ သူက အဆင့် နှစ် ဖြစ်သွားတယ်။ နောက်ထပ် ကိုယ့်သူငယ်ချင်း တစ်ယောက်ထပ်ရောက်လာတော့ ပအိုဝ်လေးက သုံး ဖြစ်သွားပြန်တယ်။ ဆရာမတွေက သူကိုမေးတော့ ကျွန်တော် လည်း ကြိုးစားပဲ ရမှမရတာတဲ့ လေ။

ကိုယ်တို့ သုံးနှစ်လုံးလုံး ကျောင်းသွား ကျောင်းပြန် အတူတူ၊ ထမင်းစား အတူတူ၊ စာကျက်လည်း အတူတူဆိုပင်မဲ့ တကယ့်ကို မောင်နှမတွေလိုပါပဲ။ အမြဲတမ်း အဆင်ပြေနေတယ် ဆိုတာတော့ မရှိဘူးပေါ့။ တစ်ခါခါလည်း ရန်ဖြစ်ကြတာရှိတာပဲ။ ၈တန်းအောင်တော့ ကိုယ်တို့ကွဲသွားကြတာ ခုချိန်ထိပဲ ဆိုပါတော့။

ကိုယ် ၇တန်းနှစ်မှာ မှတ်မှတ်ရရ အလုပ်နှစ်ခုကို လုပ်ဖြစ်ခဲ့တယ်။ ပထမ အလုပ်ကို အခုချိန်ပြန်တွေးရင် ရှက်စရာလို့ထင်ပင်မဲ့ အမှတ်တရတော့ ဖြစ်ခဲ့တာအမှန်။ ဆိုင်းသံကြားရင်မနေနိုင်တာ ကိုယ့်ရဲ့ အကျင့်ဘဲလို့ ပြောရမလားပဲ။ အမေနဲ့ တူလို့လာတော့ မပြောတက်ဘူး ( အမေ့ကို အပြစ်တွေ ပုံချမိလိုက်ပြီ)။ က တာကို အရမ်းဝါသနာပါခဲ့တာ။ ကိုယ့်အဖေ မူးလာရင် ကိုယ်က အဖေကို အမြဲ ကပြရတာ။

ဒီလိုနဲ့ သင်္ကြန်တစ်နှစ်ရောက်တော့ ကိုယ့်အဖေ တပ်ခွဲက ယိမ်းတစ်ဖွဲ့ထွက်ရမယ်။ ယိမ်းတစ်ဖွဲ့ကို အနည်းဆုံး၈ယောက်ဖြစ်ရမယ်။ ရဲဘော်ကတော်တွေထဲက ကတက်တဲ့ လူတွေကို စုလိုက်တော့ ၆ယောက်ပဲ ရှိတယ်။ ပထမတော့ ရှိသလောက်နဲ့ ထွက်မယ်ပေါ့။ ၆ယောက်နဲ့ ယိမ်းစတိုက်ကြတယ်။ ယိမ်းတိုက်ကြတယ်ဆိုတော့ ကိုယ်တို့လည်း အဖေနဲ့ လိုက်ပြီးသွားကြည့်တာပေါ့။

သွားကြည့်ဖို့လိုက်သွားရာကနေ နောက်ဆုံး စင်ပေါ်ရောက်တဲ့ အထိပါပဲ။ (ဓါတ်ပုံတွေ့ဖူးသူများလည်း တွေ့ဖူးပါသည်။ ) ဒါက မှတ်မှတ်ရရ တစ်သက်တစ်ကိုယ် တစ်ခါပဲ လုပ်ဖြစ်ခဲ့တာပါ။ စင်အောက်ရောက်တော့ တပ်ရင်းမှူးကတော်က ရပ်စောင့်နေပြီးကိုယ်ကို ဆူလိုက်တဲ့ ဖြစ်ခြင်းပေါ့။ အမှန်တကယ်လည်း သူမသိလိုက်ပါဘူး။ သိလိုက်ရင်လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကိုယ်က ယိမ်းတိုက်နေတာတော့ တပ်ကလူတွေ ကြားတယ်။ ကူညီတယ်လို့ပဲ ထင်ကြတာပေါ့။ စင်ပေါ်လည်းရောက်ရော အောက်က လူတွေက ဟား ကနဲ ... ဟင် ကနဲ့ပေါ့။

ဒိုင်းလူကြီးလုပ်တဲ့ မြို့ထဲက လူကြီးတွေတောင် ဒါက ဘယ်သူ့ သမီးလေးလဲလို့ မေးကြတဲ့ အဖြစ်ပေါ့။ (ဟားဟား ဘယ်အချိန်တွေးတွေး ရယ်ချင်စရာပါပဲ ) မှတ်မှတ်ရရ အမှတ်တရပါပဲ။ သင်္ကြန်ပြီးတော့ ကျောင်းတွေ ပြန်မဖွင့်ခင်မှာ တပ်တွင်း စုပေါင်းရှင်ပြုအလှူမှာ ကိုယ် ကိုရင် ဝတ်ဖြစ်တယ်။ ဒါကဒုတိယ အမှတ်တရပေါ့။ ကိုယ်ကိုရင်လူထွက်တော့ ကိုယ့်နာမည်က တစ်မျိုးဖြစ်သွားပြန်တယ်။ ကြားကြားချင်တော့ စိတ်ဆိုးမိပေမဲ့ ကိုယ်ကိုချစ်လို့ ခေါ်တာပဲလို့ မှတ်ပြီး ဘာမှကို မပြောတော့တာ။ ခေါ်ပုံကိုလည်း ကြည့်အုံးလေ ..... မယ်သီလ ...တဲ့။

သုံးနှစ်ဆိုတဲ့ ကာလဟာ တော်တော်လေးကိုကြာခဲ့ပါတယ်။ ကျောင်းက ဆရာမတွေနဲ့ ကိုယ်နဲ့ ဆိုတာကလည်း ဆရာနဲ့တပည့် ဆိုတာထက် မောင်နှမသားအမိလိုပါပဲ။ ကိုယ်တို့ကျောင်းဝန်းထဲမှာ ဆရာမတစ်ယောက်က အိမ်ဆောက်ပြီးနေတယ်။ ဒုတိယကျောင်းအုပ်ပေါ့။ တစ်နေ့ ကိုယ်နဲ့ ထမင်းတူတူစားတဲ့ကိုယ့် သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ထားလို့ ထမင်းဘယ်မှာ သွားစားရမှန်း မသိဖြစ်နေတဲ့ အချိန် အရဲစွန့်ပြီး ဆရာမတို့အိမ်မှာ လိုက်စားမယ်လို့ပြောလိုက်ရကာအစ ဆရာမရဲ့အိမ်ဟာ ကိုယ့်ရဲ့စားအိမ်သောက်အိမ် ဖြစ်လာတော့တာပါပဲ။

ကိုယ်ဟာ သူတစ်ပါးကို ရိုင်းရိုင်းပြပြ မဆက်ဆံတက်တဲ့ အကျင့်ကြောင့် ဆရာမတွေရဲ့ ဂရုစိုက်မှုကိုလည်း ကိုယ်ရခဲ့တယ်။ ငယ်ငယ်လေးတည်းက မိဘမပါပဲ ခရီးမသွားခဲ့ဖူးပင်မဲ့ ဆရာမနဲ့ ခင်မင်လာတဲ့ နောက်ပိုင်း ဆရာမတို့ အမျိုးတွေရှိတဲ့ ကလောကို ဒီဇင်ဘာ ခရစ်စမတ်ရောက်တိုင်း လိုက်လည်ခွင့် ရခဲ့တယ်။ ဆရာမက ခရစ်ယာန်ဘာသာ ကိုးကွယ်တော့ ခရစ်စမတ်ရောက်ရင် အမြဲပြန်တယ်။ ကလောကို နာမည်သာ ကြားဖူးနေပင်မဲ့ မရောက်ဖူးတဲ့ ကိုယ့်အတွက်တော့ အရမ်းကို စွဲလမ်းစေတဲ့ မြို့လေးပေါ့။ အေးချမ်းပြီး နေလို့အရမ်းကောင်းတဲ့ နေရာလေးပေါ့။

ဆရာမတို့နေတဲ့ အိမ်လေးက နှစ်ထပ်အိမ်။ ခြံထဲမှာ အိမ်နှစ်လုံးရှိတယ်။ တောင်ဇောင်းမှာ ဆောက်ထားတဲ့ အတွက်ကြောင့် အိမ်ထဲကို ဝင်လိုက်တာနဲ့ အပေါ်ထပ်ကို အရင်ဝင်ရတယ်။ နောက်မှ အောက်ထပ်ကို ဆင်းရတာ။ ဒီဇင်ဘာ ခရစ်စမတ်ရာသီ ဆိုရင်တော့ နှစ်အိမ်လုံးလည်း အိပ်ဖို့မလောက်တဲ့ အထိပါပဲ။ ဆွေတွေ မျိုးတွေ အကုန်စုံတဲ့ အချိန်ပေါ့။ စပ်စပ်စုစုနိုင်တဲ့ ကိုယ်ကတော့ ဒါကိုစိတ်ဝင်စားပြီး တစ်နေ့ ဆန်ဘယ်လောက်ချက်ရလဲ လို့ မေးမိလိုက်တော့ တစ်နေ့ ငါးပြည် ချက်ရတယ်တဲ့။

အဲ့အချိန်ကနေ စပြီး ကိုယ်ရဲ့ဇာတာက မိသားစုနဲ့ အဝေးမှာနေရမဲ့ ကံက အစပြုလာတာကို သတိမထားမိသေးဘူး။ ကိုယ် ၈တန်းနှစ်လောက်မှာ အမေဆီမှာ အတွေးတစ်ချို့လည်းေ၇ာက်နေခဲ့ပြီ။ ဒါဟာ ဘာလည်းဆိုတော့။ ကိုယ့်အဖေက အရက်ကို နေ့ရော ညပါ သောက်နေတာကို သတိထားမိတဲ့ကိုယ့် အမေက မတော်တဆ ကိုယ့်အဖေ တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ဟန်မပျက် နေနိုင်အောင် အိမ်လေးတော့ရှိမှ ဖြစ်မယ်။ ဒါနဲ့ ကိုယ်တို့ အဖွား ( အမေ့ဘက်) တို့ ရှိတဲ့ ကရင်ပြည်နယ် ဘားအံမြို့၊ မြိုင်ကလေးမှာ ပေတစ်ရာ နှစ်ရာ ပတ်လည်ရှိတဲ့ ခြံကို ဝယ်ပြီး အိမ်တစ်လုံးဆောက်ဖြစ်သွားတယ်။

အိမ်ဆောက်ပြီးတော့ ကိုယ်က ၈တန်းအောင်ပြီ။ ဒါနဲ့ အမေလည်း အရပ်ထဲမှာ အနေကျအောင် အရင်သွားနေမယ်ဆိုပြီး ကိုယ်က ၉တန်း မတက်ခင်မှာ ပင်လောင်းကနေ ကားစင်းလုံးငှားပြီ ပြောင်းလာခဲ့ကြတယ်။ ကိုယ်တို့ အမြင်တော့ ရိုးရိုးလေး အိမ်ပြောင်းတယ်လို့ပဲ မှတ်လိုက်တာပေါ့။ အမှန်တကယ်က...............။

လေးစားစွာဖြင့်
ရီနိုမာန်

August 13, 2010

ပင်လောင်းသို့ တစ်ခေါက်

ဘဝပေး ကံကြမ္မာက သိပ်ထူးဆန်းတယ်။ လောကရဲ့ လှည့်ကွက်ဆိုတာလည်း သိပ်မြန်တယ်။ ကိုယ်ရဲ့ကံက ကောင်းမယ်မှ မကြံသေးဘူး ကြမ္မာဆိုးက ကိုယ်တို့ရဲ့ ဘဝလေးထဲကို မဖိတ်ခေါ်ပဲ ရောက်လာခဲ့တယ်။ လိုတိုင်းတ ရနိုင်တဲ့ အခြေအနေမှာ ဒါမျိုးအနှောက်မယှက် ဆိုတာရှိစမြဲပါ။ ဒါမျိုးတွေ ဖြစ်တက်လို့ သတိနဲ့နေခဲ့ပင်မဲ့ အလှည့်ရောက်တော့ မနွဲ့စတန် ဆိုသလိုပေါ့။ ကိုယ့်အတွက် အထူးမခံစားရပင်မဲ့ ကိုယ့်အဖေအတွက်တော့ အတော်လေး ဆိုးဆိုးရွားရွား အခြေအနေပေါ့။ ကိုယ့် တစ်သက် ကိုယ့်အဖေရဲ့ မျက်ရည်ကို ကိုယ် အဲဒီတစ်ခါပဲ မြင်ဖူးခဲ့တာ။

ကိုယ်အဖေက ကရင်သွေးမို့ စိတ်ဓာတ်ပြင်းထန်ပေမဲ့ ဆုတ်လည်းဆူး စားလည်းရူး ဆိုတဲ့ အခြေအနေမျိုး ကိုယ့်အဖေကြုံတွေ့ရတဲ့ အချိန်မှာတော့။ အဆူးခံပြီး နောက်ဆုတ်လိုက်တဲ့ ကိုယ့်အဖေ။ မျက်ရည်ကျမယ် ဆိုလည်း ကျလောက်တာပေါ့။ ရာထူးတိုးနဲ့ ခန္တီးကိုပြောင်းလာခဲ့တယ်။ အပွင့်တော့ မတင်ရသေးဘူး။ အပွင့်တင်ဖို့ နှစ်ပတ်အလိုမှာ ပြဿနာ စတက်တော့တာပေါ့။ အခြေအနေ အကျိုးအကြောင်း ကောင်းကောင်း မသိပင်မဲ့ အဖေ့ရဲ့ လက်အောက်ငယ်သားကို ငဲ့ညှာတက်တဲ့စိတ်ကြောင့် ကိုယ့်သားတပည့်လို ဖြစ်နေတဲ့ လက်အောက်အရာရှိငယ်နှစ်ယောက်ကို ပြန်ကြည့်လိုက်တော့ သူတက်မဲ့ လမ်းကို ရိုက်ချိုးခံလိုက်ရတဲ့ အဖြစ်နဲ့ ကြုံလိုက်ရတယ်။ သူပြန်မကြည့်ခဲ့ဘူး ဆိုရင်လည်း မိသားစုလိုဖြစ်နေတဲ့ အရာရှိနှစ်ယောက် ဘဝပျက်မဲ့ကိန်းပေါ့။

သူတစ်ပါးကို ကြည့်တက်တဲ့ ကိုယ့်အဖေအတွက် ကံကောင်းခြင်းတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ ရာထူးမမက်တော့ပဲ မိသားစုနဲ့ အေးအေးဆေးဆေး နေရတဲ့ လကရ(၄) ပင်လောင်းကို ပြောင်းရွှေ့မဲ့ လမ်းကိုပဲရွေးချယ်လိုက်တော့တယ်။ ဒါပင်မဲ့ ကိုယ်အဖေရဲ့ စိတ်ထဲမှာ အနာတစ်ခုတော့ ပါလာခဲ့တာ ကိုယ်တို့ မိသားစုတွေ သတိထားမိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အဖေက အရက်ကို ပိုသောက်လာခဲ့လို့ပါ။

ဒီလိုနဲ့ ခန္တီးကနေ ချမ်းအေးလှတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့ကိုပြောင်းလာခဲ့ကြတယ်။ ကိုယ်တို့ရောက်တဲ့ အချိန်က ည ၇ နာရီလောက်ရှိတော့မယ်။ မှောင်မည်းပြီး အေးလိုက်တာမှ ပြောမပြတက်အောင်ပါပဲ။ အမှောင်ထဲမှာ ကိုယ်နဲ့ ကိုယ့်အဖေက တပ်ထဲကို သွားပြီး ကားတောင်းတယ်။ ပစ္စည်းတွေ သယ်ဖို့ပေါ့။ လိုက်ပို့တဲ့ ရဲဘော်တွေနဲ့ ကျန်တဲ့မိသားစုကတော့ ဘူတာမှာ စောင့်နေရတာပေါ့။ ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိဘူးလေ။ ကိုယ်နဲ့ ကိုယ့်အဖေတောင် မေးမေးပြီးလာခဲ့ရတာ။

မှတ်မှတ်ရရ ကိုယ် ပင်လောင်းကိုရောက်မှ အသီးအရွက်ဆိုတာ စားကောင်းမှန်းကိုယ်သိသွားတာ။ ဟင်းမရှိရင် ဆီနဲ့ဆားနဲ့ နှယ်ပြီး ထမင်းစားလို့ရတယ်။ အသီးအရွက်ဆို လုံးဝမစားတာ။ ပင်လောင်းကိုရောက်မှပဲ ဈေးလည်းဝယ်ချင်တိုင်း ဝယ်လို့မရတာ ကိုယ်သိတော့တယ်။ ရှမ်းပြည်ဘက်က ငါးရက်တစ်ဈေးပဲ ရှိတာ။ ကိုယ်တို့ရောက်တဲ့ အချိန်က ဈေးလွန်သုံးရက်ဆိုတော့ ဈေးဝယ်ဖို့ မလွဲဘူးလေ။ ချက်စရာဘာမှ မရှိဘူးပေါ့။ အသားငါးဆို ပိုဆိုး။

ဘေးအိမ်က အရာရှိကတော်ရဲ့ အကြံပေးချက်ကြောင့် ပင်လောင်းမှာ အိမ်တိုင်းလိုလို စိုက်ထားတက်တဲ့ ဂေါ်ရခါးသီး ( တစ်ချို့ကလည်း ဆူစကာသီးလို့ ခေါ်တယ်) နဲ့ အညွှန့်ကို ကြော်တော့တာပေါ့။ အဲမှာ ကိုယ်နဲ့စတွေ့တာပဲ။ ကိုယ့်အမေကတော့ အသီးမစားရင် မစားနဲ့ အရွက်ကြော်တော့ စားကြည့်ကောင်းတယ် ဆိုလို့ ကိုယ်မြည်းကြည့်ရင်းကနေ ကြိုက်သွားတာ အခုချိန်ထိ အသီးအရွက်ကို စားလို့ရတာ အကုန်စားတဲ့ လူဖြစ်နေပါပြီ။

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ လို့ ခေါင်းစဉ်ကို ပြောင်းလဲရေးသားခြင်းသာဖြစ်ပါသည်။ လာရောက်အားပေးသွားသော ညီအစ်ကို မောင်နှမများကို ကျေးဇူးတင်ပါကြောင်း.........

လေးစားစွာဖြင့်
ရီနိုမာန်

August 10, 2010

သူ့တို့ တိုင်းပြည် အလည်တစ်ခေါက်

စကားမစပ် ကျုပ်က စကားနည်းနည်း ပြောချင်မိတယ်။ ကျုပ်ပြောမဲ့ စကားက ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်းမဟုတ် ဖြစ်နေလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်ပြောမှာက ကြားဖူးနားဝ အကြောင်းတွေပေါ့။

ကျုပ်တို့ ဘိုးဘေ တွေ လက်ထပ်တုန်းက ကျုပ်တို့ငွေစက္ကူ တစ်ကျပ်က အခုသူတို့ နှိုင်းယှဉ်နေတဲ့ ငွေကြီးနဲ့ နင်လာငါလာ ဆိုပဲ။ ခုတော့ ကျုပ်တို့ငွေက သူတို့ ငွေကြီးနဲ့ အဆ တစ်ထောင်လောက်တောင် ကွာသွားတာ ကျုပ်ဖြင့် တွေးလို့ကို မထိတော့တဲ့ အဖြစ်ပါ။

နောက်ပြီး ကျုပ်ကြားမိပါသေးတယ်။ ကျုပ်တို့ တိုင်းပြည်က တစ်ချို့နေရာတွေကို အတုယူပြီး သူတို့ တိုင်းပြည်မှာ ပြန်ပြုပြင်တယ် ဆိုလားပဲ။ ခုတော့ သူတို့ တိုင်းပြည်ကြီးလှလို့။ ကျုပ်တို့ တိုင်းပြည်ကြီးတော့ နွေခေါင်ခေါင်မှာ ရေငတ်သလိုမျိုးပေါ့။ စုတ်ပြတ်ကို သက်လို့။ ကျုပ်ပြောတာက ကျုပ်တို့ တိုင်းပြည်ရဲ့အားလုံး မပြောပေါင်ဗျာ။ တစ်ချို့နေရာတွေမှာလည်း လှလိုက်တာမှ မှုံလို့ပါပဲ။

သူတို့ တိုင်းပြည်နဲ့ ကျုပ်တို့တိုင်းပြည် ယှဉ်ကြည့်လိုက်ရင်လည်း အဆ တစ်ထောက်လောက် ( အကျယ်အဝန်း) ကွာခြားပါတယ်။ သူတို့ တိုင်းပြည်မှာတော့ ငွေဝယ်ကျွန်တွေကို တိုက်နဲ့တာနဲ့ ထားနိုင်ပင်မဲ့ ကျုပ်တို့ တိုင်းပြည်မှာတော့ ကျုပ်တို့ကိုယ်တိုင် တိုက်နဲ့ မနေနိုင်တာ အံ့သြမိသဗျ။

သူု့တို့ တိုင်းပြည်မှာ ရေဆိုရေ မြေဆိုမြေ အရာရာဝယ်သုံးနေရတဲ့ အခြေအနေမှာ ကျုပ်တို့တိုင်းပြည်မှာက သယံဇာတ ပေါကြွယ်ဝနေပါလျှက် သူတို့တိုင်းပြည်နဲ့ မယှဉ်နိုင်တာ စဉ်းစားစရာပေါ့။

သူတို့ တိုင်းပြည်မှာ လူတစ်ယောက်ရဲ့ စားစရိတ်၊ နေစရိတ် အားလုံးဟာ အလကားမရသလို့ ကားရှိလို့ ကားလျှောက်မောင်းရင်တောင်း လမ်းသုံးခ ဆိုပြီးပေးရတာ။ ဘယ်သွားသွားပိုက်ဆံမရှိရင် နေလို့မရတဲ့ သူတို့ တိုင်းပြည်မှာ အခွန်အခ သိပ်များသလို အပြင်အဆင်တွေလည်း သိပ်လုပ်သကိုးဗျ။

ကျုပ်တို့ တိုင်းပြည်မှာတော့ဗျာ အခွန်အခတွေ သိပ်များပင်မဲ့ ပြုပြင်ထိန်းသိမ်းတာတော့ သိပ်နည်းတာ သိသားသဗျာ။ တစ်ချိန်တုန်းက ကျုပ်တို့ မြို့တော်ကြီးဟာ လယ်ဂတုံး ဖြစ်နေတာကိုပဲ ကြည့်တော့ မောင်ရာ။

ကဲ .. ကဲ ကျုပ်ကပြောရင် ကိုယ်ပေါင် ကိုယ်လှန်ထောင်းနေသလို ဖြစ်အုံးမယ်။ နောက်ဆုံး ကျုပ်ရဲ့ခံစားချက်လေးတော့ ပြောချင်သားဗျာ။ ကျုပ်မနေ့က သူတို့တိုင်းပြည်ကိုရောက်တယ်။ ကျုပ်ရောက်တဲ့နေ့မှာပဲ သူတို့ တိုင်းပြည်ရဲ့ National Day ဆိုတာကြီးနဲ့ ကြုံလို့ ကျုပ်က သွားကြည့်ပါတယ်။ ကျုပ်တို့တိုင်းပြည်နဲ့ ဘာများထူးခြားလဲပေါ့။

ကျန်တာတွေ တော်တော်များများကို ကျုပ်စိတ်မဝင်စားပါဘူး။ ကျုပ်မျက်ရည်ဝဲ ရလောက်အောင်ဖြစ်သွားတဲ့ မြင်ကွင်းကတော့ ကျုပ်ရင်ထဲ မချိတင်ခဲ ဖြစ်ကျန်နေခဲ့တယ်။ သူတို့ တိုင်းပြည်ကလူတွေတော့ ဘယ်လိုနေမှန်း ကျုပ်မသိဘူး။ ကျုပ်ကတော့ မြင်ရတဲ့ မြင်ကွင်းကို ဂုဏ်ယူဝင့်ကြွား ဖြစ်မိတာတော့ အမှန်။ လေယာဉ်ကြီးနဲ့ သူတို့တိုင်းပြည်ရဲ့ အလံကို ခေါ်ဆောင်လာတာ ကျုပ်ဖြင့် ကြည့်ရင်းနဲ့ မျက်ရည်ကျမတက်ပဲ။ ကျုပ်တို့ တိုင်းပြည်ရဲ့ အလံကိုလည်း ဘယ်သော်အခါများမှ ဂုဏ်ယူဝင့်ကြွားနိုင်ခွင့် ကြုံရပါ့မလဲလို့ တွေးရင်း........


လေးစားစွာဖြင့်
ရီနိုမာန်

August 4, 2010

အချိန်ရှိတိုင်း အချိန်ရတိုင်း

ကျနော် နာမည် မင်းမင်းလို့ ခေါ်ပါတယ်။ တစ်ချို့ကလည်း ကိုမင်း။ တစ်ချို့ကလည်း မင်းမင်း။ များသောအားဖြင့် ကျနော့်ရဲ့ နိုင်ငံခြား သူငယ်ချင်းတွေက ကျနော်ကို မင်း လို့ပဲခေါ်ကြတာများတယ်။ မင်း ဘာလုပ်နေလဲ။ မင်း ဘာစားနေလဲ စသည်ဖြင့်ပေါ့။ နာမည်တူတွေ အလွန်များမှန်း သိပေမဲ့ အမေပေးခဲ့တဲ့ နာမည်မို့ ကျနော် အရမ်းမြတ်နိုးပါတယ်။ တစ်ခါတစ်ခါ တစ်လောကလုံးမှာ မင်းမင်း ဆိုတာ ငါတစ်ယောက်ထဲ ရှိတယ်လို့တောင် ထင်လိုက်မိပါသေးတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ခေါ်ပါစေ။ ကျနော်ကတော့ အမေပေးတဲ့ ဒီနာမည်လေး ကို အရမ်းတန်ဖိုးထားပါတယ်။

ကျနော်ကို ချစ်တဲ့ အမတစ်ချို့ကလည်း ကျနော်ကို မင်း လို့ပဲ ခေါ်ကြတယ်။ နာမည်သာ အားလုံးအတွက် မင်း ဖြစ်နေပေမဲ့ ကျနော်အတွက်ကတော့ လူတကာအတွက် မင်း မဖြစ်နိုင်သေးပါဘူး။ အခွင့်သာလို့ နိုင်ငံခြား အလုပ်လုပ်ခွင့်ရလို့ နိုင်ငံခြားကိုရောက်လာတယ်။ ပြည့်ပြည့်စုံစုံ မဟုတ်ပေမဲ့ မတောင်းမတ မကြောင်းမကြတော့ နေခဲ့ရတာပေါ့။ ကျနော်နေတဲ့ နေရာနဲ့ ကျနော်တို့ရုံးနဲ့ က ၁၅ မိနစ်လောက်လမ်းလျှောက်ရတယ်။ လမ်းလျှောက်တိုင်း ကျနော်လုပ်နေကျ အလုပ်တစ်ခုပေါ့။ မလုပ်ဖြစ်ခဲ့ရင် ကျနော်အတွက် ကံမကောင်းတဲ့ နေ့လိုတောင် သတ်မှတ်နိုင်တဲ့ အဖြစ်ပါ။

ကျနော်က မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပေမဲ့ ဘုရားစင်ရှေ့မှာ ထိုင်ပြီး ရှိခိုးနေမှ ဘုရားရှိခိုးရာ အရာမြောက်မယ် ဆိုရင်တော့ ကျနော်အနေနဲ့ ဘုရားလည်း ရှိခိုးဖြစ်မှာ မဟုတ်ပါဘူး။ ထိုင်ပြီး ရှိခိုးနေမှ ဗုဒ္ဓဘာသာ ဖြစ်မယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်က ဘုရားထိုင်ရှိခိုးရမှာ အလွန်ပျင်းတဲ့ လူငယ်တစ်ယောက် ဖြစ်နေလို့ပါပဲ။

ဒါပင်မဲ့ ကျနော်ရဲ့ နှုတ်ကနေတော့ ရွတ်ဆိုနေကျ ဘုရားစာလေးကတော့ တကယ်ကို အကြိုးပေးတယ်လို့ ပြောရမှာပါ။ သတိရတဲ့ အချိန်တိုင်းမှာ ကျနော်နှုတ်က ရွတ်ဆိုနေကြပါ။ ကျနော် နိုင်ငံခြား မထွက်ခင် အလုပ်ရှာနေတဲ့ အချိန်မှာလည်း ဒါလေးကို ရွတ်ဆိုပူဇော် ခဲ့လို့ အလွယ်တကူနဲ့ နိုင်ငံခြားကို အခက်အခဲတွေ ကြားကနေရောက်လာခဲ့ပါတယ်။ ဒီရောက်တော့လည်း နေတိုင်းလိုလို ပူဇော်တဲ့ အတွက် အခက်အခဲ မရှိပဲ နိုင်ငံခြားမှာ ၂နှစ်တိတိ နေနိုင်ခဲ့ပြန်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ ကျနော်တို့ သူဌေးက အရမ်းကို ပြဿနာရှာတဲ့ သူဌေးပါ။

သူက ပြဿနာကို မီးထိုးရှာတာတော့ မဟုတ်ဘူး။ လူတွေ သတိမထားမိတဲ့ အရာကိုသူက ရှာတာ။ safety နဲ့ ပတ်သက်တဲ့ ကိစ္စဆို သူကလုံးဝခွင့်မလွတ်တာပါ။ စက်ရုံမှာ အလုပ်လုပ်တဲ့ ကျနော်အတွက်တော့ နဖူးပေါ်မှာ Safety မျက်မှန်၊ လည်ပင်မှာတော့ နားကိုကာကွယ်တဲ့ ပစ္စည်းကို အလုပ်ချိန်မှာ အမြဲဝတ်ဆင်ထားရတာပါ။ မနက်တိုင်းမှာ အပြစ်ရှာတက်တဲ့ သူနဲ့ ကျနော်ဟာ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါက တော်တော်ကိုရှားပါတယ်။

တစ်နေ့ ကျနော် အလုပ်ဆိုဒ်ထဲက ပြန်လာတဲ့ အခါမှာ ကားပေါ်က ဆင်းဆင်းချင် မင်းမင်း ဆိုတဲ့ ကျနော်ရဲ့ နာမည်ကို အော်ခေါ်လိုက်တာ တစ်စက်ရုံလုံး ဝိုင်းကြည့်ကြတဲ့ အဖြစ်ပေါ့။ ဒေါသတွေနဲ့ ကျနော်ကို ပြောနေရင်းနဲ့ တစ်ခြား အလုပ်ကိစ္စပေါ်လာလို့ ဆူနေတာကို ခဏရပ်ပြီး ကျနော်တို့ကို စောင့်ထားခိုင်းတဲ့ အချိန်မှာ ကျနော် တွေးကြည့်လိုက်တယ်။ ငါ ရွတ်ဖတ်ပူဇော်နေတဲ့ ဘုရားစာကို ကောင်းကောင်းမွန်မွန်များ ပူဇော်ရွတ်ဆိုခြင်း မပြုလိုများလား။ ငါ ယုံကြည်လို့ ငါရွတ်ဖတ် ပူဇော်တာပဲ ဘယ်နေရာမှာရွတ်ရွတ် ထိရောက်ပါတယ်။ အခုလည်း ရွတ်ဖတ်ပူဇော်နေရင်းနဲ့ အဆူခံရတယ်။ ဆူပါစေ ရွတ်ဆိုပူဇော်လို့သာ အဆူခံရမယ်ဆိုရင် အဆတစ်ရာ အဆူခံလိုက်မယ် ဆိုပြီး သူ ကျနော်ကို ထိုင်စောင့်ခိုင်းတဲ့ အချိန်အတွင်းမှာ မပြတ်မနားရွတ်ဆို ပူဇော်ခဲ့တယ်။

အဆူခံရတာက နှစ်ယောက်။ တစ်ယောက်က အိန္ဒိယ ကုလား။ သူပြန်ခေါ်တဲ့ အချိန်မှာ ကျနော် အတော်လေးကို အံ့သြမိသွားတယ်။ ခဏက အော်ခေါ်တာ ကျနော်နာမည်။ ခုပြန်အဆူခံ၇တော့ ကုလားပဲ အဆူခံရတယ်။ ကျနော်ရဲ့မျက်နှာဆိုတာ သူ့ရှေ့မှာ မရှိတဲ့ အတိုင်းပါပဲ။ ကျနော်ကို တစ်ခွန်းမှ မပြောတော့တာ။ အဲလိုပဲ ကျနော်ရုံးလာတဲ့ အချိန်မှာလည်း ပူဇော်ရွတ်ဆိုတဲ့ အတွက် မနက်တိုင်း အဆူခံရတဲ့ လူတွေထဲမှာ ကျနော်မပါဝင်ခဲ့တာ အသိအသာ ဖြစ်လို့ နေပြန်ပါတယ်။

ဒါတောင် ရွတ်ဖတ်ပူဇော်ရုံလေးပဲ ရှိသေးတာနော်။ တစ်စိုက်မတ်မတ် နဲ့ ဂရုတစိုက် လုပ်များလုပ်နိုင်ခဲ့ရင် ဘယ်လောက်တောင် အကြိုးပေးလိုက်မဲ့ ဖြစ်ခြင်းလို့ တွေးနေမိပါတယ်။ တစ်စိုက်မတ်မတ် နဲ့ ဂရုတစိုက် လုပ်များလုပ်နိုင်လို့လား လို့ကိုယ်ကိုကိုယ် ပြန်မေးကြည့်တော့လည်း မလုပ်နိုင်ပါဘူး။ လုပ်နိုင်သလောက်လေးပဲ လုပ်ရင်း ရသလောက် ကုသိုလ်ယူနိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့် …….

ကျနော် ရွတ်ဆိုပူဇော်နေတဲ့ ဘုရားစာကတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။ လူတိုင်းလိုလို သိကြတဲ့ ဘုရားရှိခိုးထဲမှာပါတဲ့ ဘုရားစာလေးပါပဲ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

အာမ ဘန္တေပါ အရှင်ဘုရား။

အချိန်ရှိတိုင်း အချိန်ရတိုင်း ရွတ်ဖတ်ပူဇော်နိုင်ပါစေဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

August 3, 2010

မငိုပါနဲ့ အမေရယ်

အမေ .. သား ကျိုက်ထီးရိုး ဘုရားသွားဖူးချင်တယ် အမေ


သားက ငယ်ပါသေးတယ် သားရယ်။ သားက တောင်လည်း တက်နိုင်မှာ မဟုတ်ဘူးနော်။ နောက်မှ အမေ လိုက်ပို့ပေးမယ်။


ကျနော် ၁၀နှစ်သားလောက်က အမေကို ဘုရားဖူးသွားဖို့ ပူဆာခဲ့ဖူးသည်။ ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြန်ချက်နဲ့ ကျနော်ရဲ့ ပူဆာမှုမအောင်မြင်ခဲ့ပါ။ ကျနော် ၁၀တန်းနှစ်ရောက်တော့ ကျောင်းကသူငယ်ချင်းတွေနဲ့ သွားဖို့ အခွင့်ကြုံလို့ အမေ့ဆီက ခွင့်တောင်းပြန်တော့လည်း….


သားရယ် မသွားပါနဲ့အုံး… သားသွားရင် အမေတစ်ယောက်တည်း အိမ်မှာ နေခဲ့ရမှာ… နောက်တစ်ခေါက်မှပဲ သွားပါသားရယ်…


ဆိုလို့ အမေ့ကိုစိတ်မချတာနဲ့ ကျိုက်ထီးရိုးဘုရားဖူး ခရီးအား လွဲချော်ခဲ့ရပြန်သည်။ ၁၀တန်းအောင်ပြီးတော့ ကျနော် ဦလေးက မင်းလိုက်မလား။ မင်းလိုက်ရင် မင်းအမေရဲ့ ခွင့်ပြုချက်ကိုတောင်းလို့ ပြောတော့။ အမေ့ကို မေးကြည့် လိုက်တော့ လုံးဝမလိုက်ရဘူး ဆိုတဲ့ အမိန့်ဆန်တဲ့ အမေရဲ့ အဖြေကို ကျနော်ရလိုက်တယ်။ ဘာဖြစ်လို့လဲ လို့ ကျနော် ပြန်မမေးလိုက်မိဘူး။ မလိုက်ရဘူးဆိုတဲ့ စိတ်နဲ့ ဘာမှကို မပြောချင်တော့တာ လည်းဖြစ်နိုင်သည်။ ကိစ္စမရှိဘူး။ အမေမသွားခိုင်းလည်း ငါ့ဟာငါ သွားလို့ရတာပဲ လို့စိတ်ထဲတွေးလိုက်မိပြန်တော့ မိဘစကားနားမထောင်ရင် ကံကြီးထိုက်လိမ့်မယ် ဆိုတာကို နားထဲမှာ ကြားယောင်နေမိတယ်။


ဒီလိုနဲ့ ကျနော် ဘွဲ့ရ အလုပ်ဝင်ပြန်တော့ အလုပ်ထဲ သူငယ်ချင်းတွေက ကျိုက်ထီရိုးဘုရားဖူး သွားမယ်ဆိုတော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျနော် အတွက် အခွင့်သာ ပြီထင်ပါရဲ့လို့ တွေးခါရှိသေးတယ် သူဌေးက အလုပ်ကိစ္စ မပျက်လို့ ဆိုပြီး နောက်မှ လိုက်ခဲ့ဖို့ ပြောလားတယ်။ နောက်ကလည်း မလိုက်ဘူး ဘယ်တော့မှလဲ မသွားဘူးလို့ စိတ်ထဲ ဒေါသထွက်ထွက်နဲ့ ပြောနေမိသည်။


အခုတော့ ကံစပ်ပြီးနဲ့ တူပါတယ်။ ဘယ်သူကိုမှ အဖေါ်မခေါ်ရပဲ ကျိုက်ထီးရိုး ဘုရားရင်ပြင်တော်ကို ရောက်လို့နေခဲ့ပြီ။ အရင်တုန်းက ကြက်မတစ်ဝတ်စာ လွတ်တယ်လို့ ကြားဖူးထားပေမဲ့ ခုတော့ အပ်ချည်မျင် တစ်မျင်စာလောက်ပဲလွတ်တော့ တယ်တဲ့။ ဟုတ်မှာပါလေ။ ဘုရားတွေလိုက်ဖူးနေလိုက်တယ်။ စိတ်ချမ်းသာစရာကောင်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကတည်းက အရောက်လာခဲ့ရမှာ ခုမှပဲ ရောက်လာတာ ငါ့ အတွက် နောက်ကျနေသလိုပဲ။ နောက်အားတိုင်း ခဏခဏလာဖြစ်တော့မယ်ထင်တယ်။


ကျိုက်ထီးရိုးဘုရားဟာ ငါနဲ့ တနည်းနည်းနဲ့ တော့ ပတ်သက်မှာ သေချာတယ်။ ဒီခရီးကို တစ်ယောက်တည်း ထွက်လာတာကိုပဲ ကြည့်တော့လေ။ ရုံးကလူတွေလဲ ငါဘယ်ပျောက်လို့ ဘယ်လိုက်ရှာရမှန်း မသိဖြစ်တော့မယ်။ အမေကလည်း ငါ့ကို ဖုန်းဆက်လို့ မရလို့ စိတ်ပူနေတော့မယ်။ မဖြစ်သေးပါဘူး ပြန်မှ ဖြစ်မှာပါ။ ခုလည်း ရောက်ဖူးနေပြီပဲ။ နောက်လည်း ခဏခဏ လာလို့ ရတာပဲ။ ရတဲ့ လိုင်းကားနဲ့ ပြန်မယ်ကွာ……


ဟာ… ရှေ့မှာ ကားမှောက်တာပါလား။ ဘာတွေများလိုအပ်မလဲ မသိဘူး။ ကူညီလို့ ရတာ ကူညီအုံးမှ။ ဟိုနားက လူတွေက ဘာကိုဝိုင်းကြည့်နေကြတာလဲ။ စကားသံတွေလဲ ကြားနေရတယ်။


အံ့သြစရာပဲ… တစ်ကားလုံးမှောက်တာ ဒီကောင်လေးတစ်ယာက်ပဲ အသက်ဆုံးရတယ်လို့ တစ်ယောက်မှ ကြီးကြီးကျယ်ကျယ် ဘာမှဒါဏ်ရာ မရ ကြဘူး။ သူတစ်ယောက်တည်း …. သနားပါတယ် ဟယ်….. အဖော်လည်း တစ်ယောက်မှ မပါဘူး ……


ဘာကြောင့်လူတွေက တစ်ယောက်တစ်ပေါက်ပြောနေကြတာလဲ။ ငါလည်း သွားကြည့်လိုက်အုံးမှ……..


ဟာာာ….. . ဘယ်လိုဖြစ်တာလဲ .. ငါနဲ့ တော်တော် တူတာပဲ .. မဟုတ်သေးပါဘူး အမေကိုပြန်မေးရမယ်။ ငါ့မှာ အမွှာတွေများရှိနေလာ မသိဘူး။ ဟုတ်တယ် အမေကို မြန်မြန်ပြန်မေးရမယ်။


………………………..။။။။။။။။။။………………………………………….


အိမ်မှာလည်း လူတွေက များလှကြီးလား။ ဘာလုပ်နေကြတာလဲ။ ငါရယ်ပြ နေတာကိုတောင် ပြန်မရယ်နိုင်ဘူးလား။ ဘာဖြစ်နေကြတာလဲ။ အမေရော …. အမေဘယ်မှာ ….. အမေ တစ်ခုခု များဖြစ်နေလို့များလား။ ဘု၇ား… ဘုရား အမေဘာမှ မဖြစ်ပါစေနဲ့။ ဟော့  တွေ့ပြီ ဘုရာစင်အောက်မှာ အမေထိုင်နေတယ်။ အမေ့မျက်နှာလည်း မကောင်းပါလား။ ငိုထားတဲ့ မျက်နှာနဲ့။ အမေ အမေ ဘာဖြစ်လို့လဲ အမေ။ သားကိုပြောပြပါ။ အမေဘာလို့ ငိုနေတာလဲ။ အမေငိုတော့ သားလည်း ငိုချင်တယ် အမေ။ အမေ မငိုပါနဲ့ နော်။ သားပြန်လာပြီလေ အမေရဲ့။ နောက်ဆို အမေကို မပြောပဲ သားဘယ်မှ မသွားတော့ဘူးနော်။ အမေ မငိုပါနဲ့ အမေရယ်။ အမေသားကိုစိတ်ဆိုးနေတာလား။ ဘာတစ်ခွန်းမှလဲ ပြန်မပြောဘူး။


ပြောရင်းဆိုရင် အမေ ငိုနေပြန်ပြီ။ အမေမငိုနဲ့နော် သား မျက်နှာသုပ်ပဝါ သွားယူပေးမယ်။ ကျနော် ထပြီး အမေသုံးနေကျ မျက်နှာသုပ်ပဝါလေးကို သွားယူဖို့ ထမယ်အပြင်……..


အမေ ဒါမျိုးတွေ ကြိုသိလို့ မင်းကို မသွားပါနဲ့လို့ အတန်တန် တားထားရက်နဲ့ သားရယ်… အခုတော့ အမေ့သားလေး ရေတိမ်နစ်ရပြီ…… အမေကိုထားသွားပြီလားသားရယ်…….


အမေ … သားဘာဖြစ်လို့လဲ။ သားဘာမှ မဖြစ်ဘူးလေ အမေရဲ့။ အမေ့နားမှာ သားရောက်နေပြီလေ အမေ. အမေ မငိုပါနဲ့ အမေရယ်။ သားနောက် ဘယ်မှ မသွားတော့ဘူး နော် ။ အမေ့နားမှာပဲ နေမယ်နော်။ အမေ မငိုနဲ့တော့နော်…. အမေ ငိုရင် သားလည်း ငိုချင်လို့ပါ ဗျာ………


လေးစားစွာဖြင့်

ရီနိုမာန်

July 25, 2010

ရီနိုမာန် ပြောတဲ့ ပုံပြင် - ၂

"သားတော်ကြီး ရာဇရေတမာ ရဲ့ နယ်မြေသစ်ရှာဖွေရေး အစီအစဉ်တော်ကြီးကိုလည်း ဖခမည်းတော် သိလိုလှတယ် သားတော်"

" မှန်လှပါ ဖခမည်းတော် .... သားတော် စီစဉ်ဆောင်ရွက်နေတဲ့ နယ်မြေသစ်ရှာဖွေရေး အစီအစဉ်တော်ကြီးကို ထာဝရဗိမာန် စီမံကိန်းလို့ ခေါ်တွင်စေပါတယ် ခမည်းတော် "

" အကျယ်တဝင့် လျှောက်တင်စေ .... သားတော်"

" သားတော်ရဲ့ ထာဝရဗိမာန်မှာ အမတော် မိုးခါးနဲ့ အမတော် မေသူတို့က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီပေးကြပါတယ်။ အခုဆိုရင် သားတော်ရဲ့ ထာဝရဗိမာန်ကို အဓိကပါဝင် ဆောင်ရွက်နေကြတဲ့ သူများကတော့ အရှေ့ပိုင်း မယ်တော် မကီး ၊ အနောက်ပိုင်း မယ်တော် မငုံ၊ တောင်ပိုင်း မယ်တော် မြရေလျဉ် နှင့် မြောက်ပိုင်း မယ်တော် မက်မက် တို့က သားတော်ရဲ့ ထာဝရဗိမာန် မှာ အထူးအထောက်အကူ ဖြစ်စေပါတယ် ဖခမည်းတော် "

" အိမ် .... ကောင်းလှပေတယ် သားတော်...... သားတော်ရဲ့ ထာဝရဗိမာန်ပိုမို အဆင်ပြေချောမွေ့စေရန် ဥာဏ်အမြော်အမြင် ကြီးမာလှတဲ့ သုခမိန်ကြီး ဦးလူထွေး က ထပ်လောင်း ပါဝင် ကူညီစေ..... "

သုခမိန်ကြီးလည်း မဆိုင်မတွ " အမိန့်တော် မြတ် အတိုင်းပါ အရှင်မင်းကြီး "

မင်းကြီးက " သုခမိန်ကြီး ရွာသားလေး ( ဝိုင်တီယူ ) " ........... " ဘုရား "

" အဘယ့်အရေးကြောင့် ညီလာခံ ဝင်ရောက်ခစားဖို့ ပျက်ကွက် နေရတာပါသလဲ မောင်မင်း "

" မှန်လှပါ .... ကျွန်တော်မျိုးကြီး ကျန်းမာရေး မကောင်း သောကြောင့် နန်းတွင်း သမာတော်ကြီး ဇူလိုင်ဒရင်း ရဲ့ ညွှန်ကြားချက် အရ ပြည်တော်ပြန်၍ အနားယူနေခြင်းကြောင့် ညီလာခံသို့ ဝင်ေ၇ာက်ရန်ပျက်ကွက် နေရခြင်းပါ အရှင်မင်းကြီး "

" အခြေအနေ ဘယ်နှယ့်ရှိစ သုခမိန်ကြီး "

" နန်းတွင်း သမာတော်ကြီး ဇူလိုင်ဒရင်း ရဲ့ ဆေးစွမ်းကြောင့် သော၎င်း၊ အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုး ကြောင့်သော၎င်း အကျွန်တော်မျိုးကြီး သက်သာလို့ နေပါပြီ အရှင်မင်းကြီး "

" ကောင်းလေစွ.... ကောင်းလေစွ .... "

ရုတ်တရက် ညီလာခံ ပြုလုပ်ရာ နန်းဆောင်သို့ တံခါးစောင့် လမင်းတာရာ ဝင်ရောက်ခစားလာပြီး......

" မှန်လှပါ အရှင်မင်းကြီး .... အရှင်မင်းကြီးအား ဖူးမြော်ခစားရန် အရှင်မင်းကြီးရဲ့ အဆွေတော် တရုတ်ပြည်မင်း မြစ်ကျိုးအင်း ရောက်ရှိနေကြောင်းပါ ဘုရား"

" ဟဲ့ ... ငမိုက်သား အဘယ့်အရေးကြောင့် စောင့်ဆိုင်းနေရတာလဲ ....... ငါကိုယ်တော် ရှေ့မှောက် အမြန်ဝင်ရောက် ခစားစေ "

" မှန်လှပါ ဘုရား "

ဤတွင် ကျွန်ုပ်၏ တစ်ခန်းရပ် ပုံပြင်အား ခေတ္တ ရပ်နားလိုက်သည်။

လေးစားစွာဖြင့်
ရီနိုမာန်

မောင်နှမများရဲ့ အမည်နာမများအား မပြောမဆိုပဲ နားလည်မှုဖြင့် ယူသုံးထားသောကြောင့် ဒီနေရာကနေ တောင်းပန်လိုက်ရပါ။