April 21, 2013

သည်ဒေသ

အခုတစ်လော စိတ်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ ဒေသတစ်ခုကို အရမ်းသတိရနေမိတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က သည်ဒေသကို ကျနော်ရောက်ခဲ့တယ်။ ၁၀နှစ်နီးပါးလောက် ကျနော်တို့ သည်ဒေသမှာ နေထိုင်အခြေချခဲ့ဖူးတယ်။ သည်ဒေသကို ရောက်တဲ့ အချိန်မှာ လျှပ်စစ်မီးဆိုတာလဲ ကောင်းကောင်း မမြင်ရဘူး။ သည်ဒေသရောက်မှ တပိုင်တနိုင် ဖယောင်းတိုင်လုပ်တဲ့ စက်လေးကိုလည်း မြင်ဖူးရတယ်။  လောပိတရေတံခွန်ကနေသွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်တိုင် ကြီးကြီးမားမားတွေတော့ သည်ဒေသကို ဖြတ်ပြီး ဆောက်ထားတာကို တွေ့ရတယ်။ ဓါတ်တိုင်ကြီးတွေရဲ့ အောက်မှာရှိတဲ့ သည်ဒေသမှာ လျှပ်စစ်မီးမရှိတာကို အထူးတလည် စဉ်းစားနေမိသေးတယ်။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြန်တော့လည်း တောင်တွေက အပြည့်။ တောင်တွေတောင်တွေရဲ့ ထိပ်မှာ ထုံးဖြူဖြူတွေနဲ့ စေတီပုထိုးတွေကလည်း အပြည့်။ သည်ဒေသကို ရောက်မှ တစ်နှစ်စာ မိုးရေလောင်တဲ့ ကန်ကြီးတွေကို တွေ့ဖူးရတယ်။ သည်ဒေသရောက်မှ လက်ဖက် ဘယ်လိုရသလဲဆိုတာ သိလာရတယ်။ သည်ဒေသရောက်မှ သစ်တော်သီးကို အမုန်းစားခဲ့ရတယ်။ သည်ဒေသရောက်မှ ဂျူးမြစ်ဆိုတာ ဘာလဲသိလိုက်ရတယ်။  သည်ဒေသကို ရောက်မှ ဈေးဆိုတာလည်း သွားချင်တိုင်း သွားလို့ မရဘူးဆိုတာကိုလည်း သိလိုက်ရတယ်။ သည်ဒေသကိုရောက်မှ ငါးရက်တစ်ဈေးဖွင့်တဲ့ ရှမ်းခေါက်ဆွဲဆိုင်က ရှမ်းခေါက်ဆွဲကို ကြိုက်တက်နေပြီ။ သည်ဒေသရောက်မှ အပူချိန် အနှုတ်ဒီဂရီရဲ့ အရသာကိုလည်း ကောင်းကောင်းခံစားဖူးရတယ်။ သည်ဒေသကို ရောက်မှ တိုင်းရင်းသား၊သူတွေရဲ့ ရိုးသားမှုကို ကောင်းကောင်းတွေ့ရတယ်။ သည်ဒေသကို ရောက်မှ ဘာသာစကား နှစ်ခုကို လေ့လာခွင့်ရခဲ့တယ်။ သည်ဒေသကို ရောက်မှ ကျနော်ဟာ ချမ်းတက်လာခဲ့တယ်။ သည်ဒေသကိုရောက်မှ ကျနော့်ပါးလေးတွေ နီရဲ လာတယ်လို့ ခံစားရတယ်။ သည်ဒေသကိုရောက်မှ ကျနော် နှုတ်ခမ်းနီ ( အဆီ) ဆိုးတတ်လာခဲ့တယ်။ သည်ဒေသကို ရောက်မှ ဘုရားတည်ဖို့ ကုသိုလ်ဖြစ် အုတ်တွေသယ်ရင်း  တောင်တွေ တတ်ခဲ့ရတယ်။ သည်ဒေသမှာ ကျနော်ချစ်တဲ့ ဆရာမတွေ ရှိတယ်။ သည်ဒေသမှာ အလယ်တန်း၊ အထက်တန်းတွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သည်ဒေသမှာ ကျနော့်ရဲ့ အဖေနဲ့ အစ်ကို့ကို အပ်ထားခဲ့ရတယ်။ နောက်ဆုံး သည်ဒေသကို ကျနော်တို့ စွန့်ခွာခဲ့ရတယ်။ သို့သော် သည်ဒေသကို ကျနော် ချစ်တယ်။ ကျနော် ဒီဒေသကို လွမ်းတယ်။ သည်ဒေသကို ကျနော် တစ်နေ့တော့ အလွမ်းပြေ သွားကြည့်အုံးမယ်။

ပင်လောင်းမြို့ကို ရည်ရွယ်၍ ခံစားရေးပါသည်။

ရီနိုမာန်

April 3, 2013

ကျွန်တော်နှင့် အကျင့်ဆိုး

စာမရေးဖြစ်တာကြာသွားပြီ။ စိတ်ကူးနဲ့ ဇာတ်လမ်းတွေ ရေးနေမိပင်မဲ့ တကယ့်လက်တွေ့မှာ စာတစ်ပုဒ် ထွက်လာဖို့ ကျွန်တော့် ဦးနှောက်က လက်မခံဘူး။ ဒါနဲ့ ကိုယ့်အိမ်လေးကို ပစ်ထားမိသလို ဖြစ်သွားတယ်။ စာဖတ်တဲ့ အခါမှာလည်း ရသစာပေတွေကို ရှာဖတ်တယ်။ တစ်ခါတစ်လေမှာတော့ ရသအပြင် ကိုယ်တွေ့ကို ပိုပြီးသဘောကျမိတယ်။ ကိုယ့် ပတ်ဝန်းကျင် အခြေအနေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အကြောင်း၊ ကိုယ့်အကြောင်းတွေကို ရေးတဲ့စာတွေကို ဖတ်ရတာ ပိုနှစ်သက်မိတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်အကြောင်းကလွဲလို့ စိတ်ကူးယဉ် ဇာတ်လမ်းတွေကို မရေးတတ်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာကြည့်လိုက်တော့ အကြောင်းအရာ တစ်ခုကို သွားတွေ့တယ်။ အဲဒါက ဘာလဲဆိုတော့ အကျင့်ဆိုး ပဲ။

ကိုယ်ကိုတိုင် သတိမထားမိတဲ့ ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို ရေးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ ကိုယ့်ဆီမှာ မကောင်းတဲ့ အကျင့်ဆိုးတွေ မရှိတော့လောက်အောင် ရှာရခက်သွားပါတယ်။ စဉ်းစားစမ်..... စဉ်းစားစမ်း ဦးနှောက်ကို ခိုင်းနေပင်မဲ့ စိတ်က ကျနော့်ကို ပြန်ပြောတာက။ မင်းမှာ အကျင့်ဆိုး တော့မရှိဘူး။ မင်းနဲ့ သဟဇာတ မဖြစ်တဲ့ အကျင့်တွေတော့ ရှိတယ်တဲ့။ ဘာတွေလဲပေါ့။ ကိုယ့်ဖာသာ စဉ်းစားကြည့်မိလိုက်တယ်။ ကျနော် သတိထားလိုက်မိတာက မူးတတ်တဲ့ အကျင့်ပဲ။ ကားနဲ့ပဲ ခရီးသွားသွား၊ ရထားနဲ့ပဲ သွားသွား၊ လေယာဉ်ပဲ စီးစီး ခေါင်းမူးတတ်တဲ့ အကျင့်က ဟိုးငယ်ငယ်လေးကတည်းက ခုချိန်ထိပဲ။ ငယ်ငယ်ကဆို ခရီးသွားရမှာ ကျွန်တော် အရမ်းကြောက်တာ။ အဲဒီ ခေါင်းမူးတဲ့ ဒဏ်ကို မခံချင်လို့။ ခရီးသွားတာကို နှစ်သက်လာတဲ့ အခါကျတော့ ကားမူးတဲ့ ဒဏ်ကိုခံနိုင်ဖို့ ဆေးတွေ ဆောင်ရတယ်။ ကြားဖူးနားဝ ရှိခဲ့ဖူးတဲ့ ( ဗိုက် )ချက်မှာ တိပ်ကပ်ရတယ်ဆိုတဲ့ ကိစ္စတွေကို လုပ်လာမိတယ်။ ခရီးမသွားခင် ဆေးဝယ်ရတာနဲ့ တိပ်ရှာရတွေဟာ အလုပ်တစ်ခုလို ဖြစ်လာတော့ ကျနော် သဘောမကျမိတော့ဘူး။ ဘာကြောင့် မူးရတာလဲဆိုတဲ့ အကြောင်းအရင်းကို ကျနော် ရှာကြည့်မိတယ်။ 

အမှန်တကယ်တော့ ကျနော်ခေါင်းမူးရတဲ့ အကြောင်းအရင်းက လေ ကြောင့်ပဲ။ လေ မရလို့ ခေါင်းမူးတာ။ အဲဒီ လျှိုဝှက်ချက်ကို သိသွားတဲ့ နောက်ပိုင်းမှာ ကျနော် ဘယ်ခရီးကိုပဲ သွားသွား အလွယ်တကူ လေရနိုင်မဲ့ ပြတင်းပေါက် ဘက်အခြမ်းမှာပဲ ထိုင်ဖြစ်တော့တယ်။ ပြတင်းပေါက်ပါတဲ့ အခြမ်းကတော့ ကားပေါ်မှာ ရထားပေါ်မှာကတော့ အရေးမကြီးဘူးပေါ့။ လေယာဉ်ပေါ်မှာတို့၊ နိုင်ငံခြားက အဝေးပြေးကားတွေပေါ်မှာကျတော့ ပြတင်းပေါက်ကို စိတ်တိုင်းကျ ဖွင့်လို့မှ မရတာ။ ပြတင်းပေါက်ဖွင့်လို့ မရတဲ့ နေရာတွေကျတော့ လေရနိုင်မဲ့ နေရာကို အသဲအသန်ရှာရပါတော့တယ်။ အဲဒီအချိန်မှာတော့ လေကောင်းလေသန့် ဖြစ်ဖို့ထက် လေဖြစ်ဖို့သာ အဓိကကျတော့တယ်။ အဲကွန်က ထွက်လာတဲ့ လေးကို ကျနော့်နှာခေါင်းနားက ဖြတ်သန်းသွားဖို့ ကျနော် ကြိုးစားရပါတယ်။ မဟုတ်ရင် ကျနော်ဟာ ဆန်ပြုတ်ထုတ်လုပ်တဲ့ လုပ်ငန်းကို လိုင်စင်မလိုပဲ လုပ်ကိုင်ခွင့် ရသွားနိုင်ပါတယ်။

ဒါကတော့ ကျနော့ရဲ့ အကျင့်ဆိုးတွေထဲက တစ်ခုပါ။ နောက်ထပ် အကျင့်ဆိုးများကို ရှာကြံပြီး ကိုယ့်လှန် ကိုယ်ပေါင် ထောင်း.. အဲမှားလို့။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ပါအုံးမယ်။

ရီနိုမာန်