December 16, 2011

ဆောင်းညစိတ်ကူး

ဒီနေ့တော့ ကျွန်တော့်ရဲ့ ဒိုင်ယာရီ စာအုပ်လေး အသက်ဝင် လာခဲ့ရပါပြီ။
ပိတ်ထားခဲ့တဲ့ ကာလတစ်ခုအတွက်  စာအုပ်လေးကို ကျွန်တော် ကိုယ်တိုင် သနားမိနေပါရဲ့။
ကိုယ့်ကိုကိုယ် ..... ငါတော်တော် ရက်စက်ခဲ့ပါလား လို့ မပြောမိယုံ ပါပဲ။

စာအုပ်လေးရေ..... မင်းအပေါ်မှာ တင်နေတဲ့ အကြွေးတွေ၊
မင်းကို ရက်ရက်စက်စက် ဆက်ဆံခဲ့တာတွေ၊ ငါ့ဘေးမှာ အမြဲရှိနေတက်တဲ့
မင်းကို ဂရုမစိုက်မိခဲ့တာတွေအတွက် .. ခွင့်လွှတ်ပေးပါလို့ ငါပြောပါရစေ။

စာအုပ်လေးရေ.... အမှန်တော့ မင်းကို ငါ ဘယ်လောက်ထိ ချစ်ခဲ့မိမှန်း
ငါကိုယ်တိုင် မသိလိုက်တဲ့ အထိပါပဲ။ ငါ့အနားက မင်းထွက်ပြေးတော့မဲ့ အချိန်ကျမှ
ငါ မင်းကို လက်လွှတ်ဆုံးရှူံးမခံနိုင်လောက်အောင် ချစ်သွားမိခဲ့ပြီ ဆိုတာကိုတော့
ဝန်ခံပါရစေ.....။

ငါ့မှာ မာနရှိတယ်။ မင်းမှာလည်း မာန ရှိမှန်း ငါသိတယ်။
အချိန်တွေသာ ကုန်သွားခဲ့တယ်။ ငါ့ မာနကတော့ ခုထိ မျောလွင့်နေတုန်းပဲ။

ဒီဇင်ဘာဆိုတဲ့ အချိန်ကိုရောက်ရင် ငါ ဘာတွေပဲ လုပ်လုပ်.....၊
ငါ ဘယ်ကိုပဲ သွားသွား.....၊ မင်းက ငါ့ရဲ့ အရိပ်တစ်ခုဆိုတာ .....
အလိုလို ငါနားလည်လာတယ်။ ဒါ မင်းအပေါ်မှာ ထားတဲ့ ငါ့ရဲ့ မာနပဲ ဖြစ်မယ်ထင်တယ်။

ပတ်ဝန်းကျင်မှာ အေးခဲနေခဲ့ပြီ စာအုပ်လေးရယ်.....။ မင်းရဲ့ ကိုယ်သင်းရနံ့လေးကတော့
ဆောင်းလေးအေးအေးလေးနဲ့အတူ ငါ့ရှေ့က ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရတယ်။
မင်း ငါ့ကိုနှုတ်ဆက်သွားတာပဲ ဖြစ်မယ်လို့ တွေးမိလို့ တစ်ချက်လောက် ပြုံးပြလိုက်တာ
မင်းတွေ့မှ တွေ့ရဲ့လား.....။


လေးစားစွာဖြင့်
ရီနိုမာန်

November 5, 2011

ဆန္ဒများနှင့် အမှတ်တရ

ပန်းကြာဝတ်မှုန် .... ဒီနာမည်ကို ကျွန်တော်အလွန်မှ နှစ်သက်မိပါတယ်။ ဘယ်ကဘယ်လို စကြားဖူးနေမှန်း မသိပင်မဲ့ ကျွန်တော်နားထဲမှာ လွန်စွာမှ ရင်းနှီးနေပြီးသားပါ။ ကျွန်တော်ကိုယ်တိုင်က စာဖတ်အလွန် အားနည်းသူတစ်ဦးဖြစ်သလို၊ စာရဲ့အစကို ဖတ်ကြည့်လိုက်လို့ ကျွန်တော့် အကြိုက်မတွေ့ပါက ဆက်ဖတ်လေ့ မရှိပါဘူး။ ဒါပင်မဲ့ ကျွန်တော့်ရဲ့ စိတ်ကို ဆွဲဆောင်မှုအပေးနိုင်ဆုံးဖြစ်တဲ့ မအိမ်ကံ ဝတ္ထုရှည်ကတော့ စ၊လယ်၊ဆုံး စာဖတ်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို အပြည့်အဝ ကျေနပ်မှုတွေရစေခဲ့တဲ့ ဝတ္ထုဖြစ်သလို၊ စာရေးတဲ့ နေရာမှာ ဘဝဆန်းဆန်း ရေးတက်တဲ့ ဆရာမ ခင်ခင်ထူး ကိုလည်းလေးစားအားကျရပါတယ်။

အွန်လိုင်းမှာ ဆရာမရဲ့ ပန်းကြာဝတ်မှုန် .... ဝတ္ထုကို ဖတ်လိုက်ရတဲ့ အချိန်မှာလည်း ကျွန်တော်ရဲ့ စိတ်တွေဟာ အလွန်တရား ကျေနပ်မှုတွေ ရစေခဲ့ပြန်ပါတယ်။ ကွန်ပြုတာပေါ်မှာရှိတဲ့ ခလုပ်လေးကို တစ်ချက်ချင်းနှိပ်ပြီး ဖတ်ရတဲ့ အရသာထက် လက်မှာ စာအုပ်တစ်အုပ်လုံးကို ကိုင်ပြီးဖတ်ချင်လာရတဲ့ အထိဖြစ်စေခဲ့ပြန်ပါတယ်။ လက်မှာကိုင်ပြီးဖတ်ချင်တဲ့ ဆန္ဒလေးပြည့်ဝစေဖို့ အတွက် ကျွန်တော် အချိန်တော်တော်လေး ပေးလိုက်ရပြန်ပါသေးတယ်။ လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက် နှေးရတယ်ဆိုတဲ့ စကားပုံကို ကျွန်တော် သွားသတိရမိပါတယ်။ အွန်လိုင်းမှာ တစ်ခေါက်ဖတ်ပြီးခဲ့တဲ့ ပန်းကြာဝတ်မှုန် ကို နောက်တစ်ခေါက် လက်ထဲမှာ ခိုင်းဖတ်နိုင်ဖို့ ကျွန်တော်ပေးလိုက်ရတဲ့ အချိန်နဲ့ အကြောင်းအရာလေးတွေက ရှိလို့နေပြန်ပါတယ်။ 

ပထမဆုံး ရန်ကုန်မှာ ရှိတဲ့ အမတစ်ယောက်ကို ကျွန်တော် ဆရာမရဲ့ စာအုပ်ကို လှမ်းမှာလိုက်ပါတယ်။ အေး... ဝယ်ပြီးပို့ပေးမယ်ဆိုတဲ့ အတွက်ကြောင့် ကလေးငယ်တစ်ယောက်လို ကျနော် ပျော်ရွှင်ခဲ့ရပါတယ်။ မကြာခင် ကျွန်တော်လိုချင်နေတဲ့  အရာဝတ္ထု လက်ထဲရောက်လာတော့မယ်ဆိုတဲ့ အသိကလည်း ကျွန်တော့်ကို တက်ကြွစေပြန်ပါတယ်။ အချိန်ကာလတစ်ခုအရောက်မှာတော့ အသိအမ ရက်ရှည်နေမကောင်း ဖြစ်နေတာကြောင့် နှုတ်ခမ်း ဆီတဝင်းဝင်း ဖြစ်နေတဲ့ မုန့်ဆီကြော်လေး ဘယ်ရောက်သွားမှန်း မသိ ဖြစ်သွားခဲ့ရပါတယ်။ 

ပလောင်တောင်တက် ဘယ်လောက်ပဲ နှေးနေပါစေ လက်ဖက်ကောင်းကောင်း စားရဖို့ အတွက်ပဲဆိုတဲ့ စိတ်ကြောင့် နောက်ထပ်ရမဲ့ အခွင့်အရေးကို စောင့်နေခဲ့ပါတယ်။ သိပ်မကြာလိုက်တဲ့ အချိန်အတွင်းမှာပဲ အသိအစ်ကိုတစ်ယောက် မြန်မာပြည်ပြန်မယ်ဆိုတာကြောင့် ဘာမှာအုံးမလဲ လို့မေးတဲ့ မေးခွန်းအပေါ်မှာပဲ မဆိုင်းမတွ ကျွန်တော်အတွက် ဆရာမခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် .... စာအုပ် ဝယ်လာခဲ့ပေးပါလို့ မှာဖြစ်လိုက်တယ်။ ဖတ်ချင်တဲ့ ဆန္ဒပြင်းပြနေပင်မဲ့ တစ်လဆိုတဲ့ အချိန်က သိပ်မကြာပါဘူးလေလို့  ကိုယ့်စိတ်ကိုယ် ပြန်.. ပြန်ပြောနေရတယ်။ ဖုန်းမြည်သံနှင့်အတူ တွေ့လိုက်ရတဲ့ ဖုန်းပေါ်မှာပေါ်နေတဲ့ ခေါ်ဆိုသူ ရဲ့နာမည်ကြောင့်တဒင်္ဂ ပျော်ရွှင်မှုဟာ ကျွန်တော် ဘာနဲ့မှ မလဲနိုင်ပါဘူး။ ..အေးကွာ.. ပြန်လာရတော့လည်း ရုတ်တရက်ကြီး...၊ မလာခင်ရက်ပိုင်းလေးမှ အဖေက ဆေးရုံးတင်လိုက်ရတယ်....။ ဒီအသံတွေကို ကြားလိုက်ရတဲ့ အချိန်ထိ ကျွန်တော့်ရဲ့ မျှော်လင့်ချက်လေးကို ကိုင်ထားနေမိတုန်း။ 
 
ကျွန်တော်ကိုယ်တိုင်   တောင်တက်လာခဲ့မိတာ ဘာလိုလိုနဲ့ တစ်ဝက်တောင်ရောက်နေမှပေါ့။ တစ်နေ့တစ်လှမ်း ပုဂံ ဘယ်မရွေ့ဆိုသလို( စလုံးပေါင်း သတ်ပုံနှင့် စကားပုံများ မှားနေနိုင်ပါသည်)၊ တောင်ကြီး ဖဝှားအောက် ဆိုတဲ့ စကားကြောင့် ဖြေးဖြေးမှန်မှန် တက်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ ဘယ်လိုနည်းနဲ့မှ မလွဲနိုင်မှန်း သေချာသလောက် ဖြစ်နေတဲ့ ဒုတိယအသိ အမတစ်ယောက်နဲ့ ထပ်မှာလိုက်ပြန်ပါတယ်။ သူမပြန်တာက တပတ်ပဲ ဆိုတော့ကာ ဒီထပ်သေချာတာ ဘယ်ရှိနိုင်ပါ့တော့မလဲ။ ဖင်လှည့်ခေါင်းလှည့်နဲ့ တစ်ပတ်ဆိုတဲ့ အချိန်လေးပြည့်သွားတဲ့ အချိန်မှာတော့ ရှေ့ခြေတစ်လှမ်း လှမ်းဖို့ ကူထောက်ပေးထားရတဲ့ နောက်ခြေ ချော်သွားရသလိုပါပဲ။ ပုံမှန်အနေအထား မဟုတ်တော့ပဲ ယိမ်းယိုင်သွားစေခဲ့တာတော့ အမှန်ပါ။ သို့သော် တောင်တက်သူတို့ရဲ့  သတိဆိုတဲ့ အသိတချက်ကြောင့် ကျနေပြီးဖြစ်တဲ့ စိတ်ဓါတ်ကို မသိချင်ယောင်ဆောင်ပြီး မေ့ထားလိုက်ရပါတော့တယ်။
လိုချင်နေတဲ့ အချိန်မှာ လွယ်လင့်အကူ မရတက်တာ လောကနိယာမ ဆိုတာထက် ကျွန်တော့်ရဲ့ကြမ္မာလို့ ပြောရမလိုဖြစ်နေပါပြီ။ မေ့ထားလိုက်တာ မေ့လောက်ပြီးဆိုတဲ့ အချိန်မှာမှ ကျွန်တော်ဆီကို ( ပထမ အသိအမ ဆီမှ ) အီးမေးလ်လေး တစ်စောင်ရောက်လာတယ်။ 

ငါ .... မနေ့ကပဲ နင်လိုချင်နေတဲ့ စာအုပ် ( ပန်ကြာဝတ်မှုန် ) ကို စာတိုက်ကနေပို့ပေးလိုက်ပြီ။
ငါ... သိချင်တာလေး တစ်ခုလောက်တော့ နင့်ကို မေးချင်တယ်။ ( ဖြေနိုင်မယ် ဆိုရင်ပေါ့ )
ဘာကြောင့် ပန်းကြာဝတ်မှုန် ....ဆိုတဲ့ ဝတ္ထုကို မှာရတာလဲဆိုတာ ပြောပြနိုင်ရင် ပြောပြပါလား။

ကျွန်တော်ချက်ချင်းပဲ အကြောင်းပြန်စာ ချရိုက်ရေးလိုက်ပါတယ်။

အမ. . .  ဒီမေးခွန်းကို တကယ်မသိလို့ မေးတာလား ၊ ဒါမှမဟုတ် သိလျှက်နဲ့ မေးနေတာလား။
တကယ်မသိလို့ မေးတာဆိုရင်တော့ ပန်းကြာဝတ်မှုန် .... စာအုပ်ကို တစ်ခေါက်လောက်
ဖြစ်ဖြစ်ဖတ်ကြည့် စေချင်တယ်။ အမ ဖတ်ဖူးသွားရင်တော့ ဘာကြောင့် ကျွန်တော် လှမ်းမှာရတာလဲ
ဆိုတာ အမ သဘောပေါက်သွားပါလိမ့်မယ်။ 
ဒါမှမဟုတ် သိရက်နဲ့ မေးတာ ဆိုရင်တော့ အဖြေတူမတူ တိုက်စစ်ချင်လို့ပဲလို့ ကျနော် နားလည်လိုက်ပါ့မယ်။
ကျွန်တော် အဖြေကိုတော့ မမေးပါနဲ့တော့။
အမ သိထားပြီးဖြစ်တဲ့ အဖြေနဲ့ ထပ်တူပါပဲလို့ ပြောပါရစေ။
( ဘာပဲ ဖြစ်ဖြစ် စာအုပ်ပို့ပေးတဲ့ အမကို ကျေးဇူးတင်ပါတယ်)

လေးစားစွာဖြင့် 
ရီနိုမာန်

October 30, 2011

သေဆုံးခြင်း အတက်ပညာ

တစ်နေ့တော့ ကျွန်တော်တို့ တစ်တွေ သေဆုံးကြရမယ်ဆိုတာ သေချာပါတယ်။ သေဆုံးခြင်း အတက်ပညာကိုလည်း ကျွန်တော်တို့ သင်ယူစရာ မလိုလောက်အောင် ပါရမီရှိခဲ့ကြတဲ့ လူတွေပါ။ သေဆုံးတဲ့ အခါမှာတော့ လှပစွာနဲ့ အေးချမ်းစွာ သေဆုံးတက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်ကိုယ်တိုင် သေဆုံးခြင်းနှင့် အဝေးမှာရပ်နေရပင်မဲ့ သေချာပါတယ်။ ကျွန်တော်လည်း တစ်နေ့တော့ ပညာရပ်တစ်ခုကို သင်ယူနေရပင်မဲ့ သေဆုံးခြင်း အတက်ပညာကိုတော့ သင်ယူနေစရာ မလိုပဲ အလိုလို တက်မြောက်သွားအုံးမှာပါ။ လူသားအားလုံး သေဆုံးကြရမှာ အမှန်ပါ။ သေဆုံးပြီးနောက် ကျန်ခဲ့မဲ့ အကြောင်းအရာကတော့ လှပဖို့ လိုလိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ်။

ကမ္ဘာအရပ်ရပ်မှာ သေဆုံးသွားကြတဲ့ လူဦးရေ မြောက်များစွာရှိပါတယ်။ သေဆုံးရခြင်း အကြောင်းအရာကလည်း အမျိုးမျိုးနဲ့ပေါ့။ ကျွန်တော့် ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ သေဆုံးသွားတဲ့ လူတွေကလည်း ပုံစံအမျိုးမျိုးနဲ့။ သေဆုံးခါနီးမှာ ခံစားရတဲ့ လူတွေရဲ့ ဒုက္ခကလည်း အစုံစုံပါပဲ။ သေဆုံးခါနီး ခံစားရတဲ့ ဝေဒနာကလည်း လွယ်ကူတဲ့ အလုပ်တစ်ခုကို လုပ်နေရတာနဲ့ မတူပဲ အလုပ်တစ်ခုအောင်မြင် ပြီးဆုံးဖို့  အားကြိုးမာန်တက် လုပ်ကိုင်နေရတဲ့ သဘောပါပဲ။ လုပ်ငန်းချင် မတူတာကလွဲရင်ပေါ့။

သေဆုံးသွားကြတဲ့ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကို  ကျွန်တော် ပြန်စဉ်းစား ကြည့်မိတယ်။ အနီးစပ်ဆုံး ကျွန်တော့် အဘွား (  ကျွန်တော့် အဖွားရဲ့ အမေပါ ) ကို ကျွန်တော် ခုချိန်ထိ မှတ်မိနေသေးတယ်။ သေခါနီးမှာ အပမှီသွားလို့ ကောင်းကောင်းမွန်မွန် သေဆုံးရမဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ နောက်ဆုံး အသက်ထွက်တော့ မရှုမလှ သေဆုံးသွားရတာကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတယ်။ ဒါဟာလည်း ရှေ့ဘဝက အကုသိုလ်ကြောင့်များလားပေါ့။ နောက် ကျွန်တော်အဖေ သေဆုံးသွားတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ အဖေ့ရဲ့ အနားမှာ ရှိမနေခဲ့ပါဘူး။ အဖေ ဘယ်လိုများ ခံစားသွားရမလဲဆိုတာ အနီးကပ်ရှိနေတဲ့ ကျွန်တော့်အကိုကလွဲလို့ ဘယ်သူမှ သိလိုက်ကြမှာ မဟုတ်ပါဘူး။ 

ကျွန်တော်ကိုယ်တိုင် အဖေနဲ့ပတ်သက်တဲ့ နောက်ဆုံးအဖေ ဖြတ်ကျော်ခဲ့ရတဲ့ သေဆုံးခြင်း ဝေဒနာကို မေးမြန်းဖို့လည်း အခွင့်မသာခဲ့ ပြန်ပါဘူး။ ကျွန်တော် အစ်ကိုသည်လည်း သေဆုံးခြင်း ပညာကို စောစောစီးစီး သင်ယူပြီးမြောက်ခဲ့ပြန်ပါတယ်။ ကျွန်တော့် အကို သေဆုံးသွားတဲ့ အခါမှာလည်း ကျွန်တော်ဟာ သူ့အနားမှာ ရှိမနေခဲ့ပြန်ပါဘူး။ ဒါကြောင့် ကျွန်တော့် အဖေနဲ့အစ်ကိုရဲ့ သေဆုံးခြင်း နောက်ဆုံးခရီးမှာ ဘယ်လိုဝေဒနာ တွေများ ခံစားသွားရမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် သေသေချာချာ မသိလိုက်နိုင်ခဲ့ပါဘူး။

ဒီလိုပဲ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်းတိုင်းကြောင့်လည်း လူပေါင်းမြောက်များစွာဟာ သေဆုံးခြင်းလက်မှတ်ကို မထင်မှတ်ပဲ လက်ခံလိုက်ရတဲ့ အဖြစ်ပါ။ အဲ့အထဲမှာ မနေ့တနေ့ကမှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ပါဝင်သွားခဲ့ပါတယ်။ အဖြစ်ဆိုးတာကတော့ သူမရဲ့ ရုပ်အလောင်းကို ပြန်ရှာမတွေ့တော့တာ ပါပဲ။ သေဆုံးခြင်း ပညာကို သူမသည်လည်း စောစောလေ့လာ သင်ယူခွင့်ရလိုက်တယ်လို့ပဲ ကျနော် နားလည်လိုက်မိပါတယ်။

တစ်နေ့နေ့တော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီပညာရပ်ကို သင်စရာမလိုပဲ တက်မြောက်ရအုံးမှာပါ။

လေးစားစွာဖြင့်
ရီနိုမာန်     

October 18, 2011

တောရောက် တောင်ရောက် စိတ်

စိတ်ရှိရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုပင်မဲ့ ကံကြမ္မာရဲ့ လှည့်စားမှုကိုတော့ ခံကြရစမြဲပါ။ တစ်လောက ပြည်တော်ပြန် အပိုင်း ( ၁ နှင့် ၂)ဆိုပြီး မြန်မာပြည် ပြန်ဖြစ်ခဲ့ရင် လုပ်ချင်တာလေးတွေ သွားချင်တဲ့ နေရာလေးတွေကို စိတ်ကူးနဲ့ ရေးခဲ့ဖူးပါတယ်။ တကယ်လို့ မြန်မာပြည် ပြန်ဖြစ်ခဲ့ရင်လည်း  ပြည်တော်ပြန် အပိုင်း( ၁နှင့်၂) အထဲကအတိုင်း လုပ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးထား ပြီးသားပါ။ အခုတော့ ကံကြမ္မာရဲ့ လှည့်စားမှုကို လှလှပပကြီး ခံလိုက်ရပါပြီ။

မြန်မာပြည်ကို ပြန်ဖြစ်ခဲ့ရင် Silk Air လေကြောင်းလိုင်းနဲ့မှ ပြန်ချင်ပါတယ် ဆိုတဲ့ ကျနော် လေယာဉ်လက်မှတ် မိတ္တူ လာအပေးမှာတော့ Jetstar လေယာဉ်လက်မှတ်ကြီး ဖြစ်နေပါတော့တယ်။ အဒွန့်တက်ဖို့ စိတ်ကူးလိုက်ပါသေးတယ်။ ( စင်ကာပူရောက်တာ လေးနှစ်နီးပါလောက် ရှိနေပြီးဆိုတော့ အကျင့်လေးတွေက နည်းနည်းကူးချင်လာတယ်) နောက်မှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရင်း ... အလကားရတဲ့ လက်မှတ်ပဲ ဘာဖြစ်ဖြစ်ဆိုပြီး နေနေလိုက်မိပါတော့တယ်။
လေယာဉ်လက်မှတ် မြန်မာပြည်ကို  ပြန်မဲ့ရက်နဲ့ မြန်မာပြည်က ပြန်လာမဲ့ရက်ကို ကြည့်လိုက်ပြန်တော့လည်း တစ်လဆိုမှ တစ်လ ကွက်တိပဲ။ ဟာ...သွားပြီ။ ကျွန်တော်ထင်ထားတာက ၄၅ ရက်လောက်တော့ ရလိမ့်မယ်လို့ ထင်ထားတာ။ အခုတော့ မှန်းချက်နဲ့ နှံထွက်မကိုက်ဘူး ဖြစ်နေပြီ။ အစီအစဉ်တွေ အားလုံးပြန်ပြောင်းရတော့မယ်။ သူငယ်ချင်းတစ်ယောက်နဲ့ တူတူပြန်ပြီး မြန်မာပြည်မှာ ခရီးရက်ရှည်ထွက်မယ်လို့ တွေးထားတာ အခုတော့ ရက်ရှည်တော့ မဖြစ်နိုင်တော့ဘူး။ ရက်တိုလောက်ပဲ ဖြစ်တော့မယ်။ 

အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ကိုယ်ကိုတိုင် အရင်းလုပ်ကြည့်တယ်။ ကိုယ်လုပ်ကြည့်လို့ ကောင်းတဲ့ အခြေအနေရှိတယ် ဆိုရင် သူငယ်ချင်းတွေကို ဆွဲဆောင်ရတာ အကျင့်တစ်ခုလိုကိုး ဖြစ်နေပါပြီ။ ပြီးခဲ့ ဆန်းဒေးက ( ၇)ကြိမ်မြောက် စင်ကာပူမှာ သွေးသွားလှူဖြစ်တယ်။ ကျနော် မဲဆွယ်လို့ သွေးလိုက်လှူဖြစ်တဲ့ သူငယ်ချင်း သုံးယောက်ရှိတယ်။ တစ်ယောက်က ခြောက်ကြိမ်မြောက် ၊ နောက်တစ်ယောက်က သုံးကြိမ်မြောက် ၊ နောက်တစ်ယောက်ကတော့ ၂ ကြိမ်မြောက်။ ၆ကြိမ်နဲ့ သုံးကြိမ်ကတော့ ကျနော်နဲ့ အတူနေတဲ့ သူငယ်ချင်းနှစ်ယောက်။ ၂ကြိမ်မြောက်ကတော့ စလုံးတရုတ်။ 

ပုံမှန်ဆိုရင်တော့ Woodland က သွေးလှူဘဏ်မှာပဲ သွားလှူဖြစ်တယ်။ ကျွန်တော်နဲ့လည်း နီးတယ်။ စလုံးတရုတ်လိုက်လှူတဲ့ နောက်ပိုင်းတော့ SGH မှာပဲ သွားလှူဖြစ်တယ်။ သူက လေဆိပ်ဘက်မှာနေတော့ ကျနော်တို့ ဆီကို မလာချင်ဘူး ဝေးလို့တဲ့လေ။ ကျနော်လည်း ဘာမှ မပြောတော့ပါဘူး။ သူ့ဆီက လှူချင်တယ် ဆိုတဲ့ စိတ်ဖြစ်နေတာကိုပဲ ကျွန်တော် ရအောင်ယူထားလိုက်မိတယ်။ အဲဒီအတွက်လည်း ကျနော်ပီတိဖြစ်ရပါတယ်။

တစ်ဖက်က ပီတိဖြစ်ရပင်မဲ့ တစ်ဖက်ကလည်း စိတ်ညစ်ရပါတယ်။ သူများတကာတွေ ဖုန်းခိုင်းတာ နှစ်နဲ့ချီကြာလဲ ဘာမှမဖြစ်ပါဘူး။ ကျနော် အသစ်လျှောက်ထားတဲ့ ဖုန်းလေး ၂လပဲ ရှိပါသေးတယ်။ ပါဝါမတက်လို့ ဒီနေ့ပဲ M1 မှာ အသစ်တစ်လုံး သွားပြန်လဲလိုက်ရပါတယ်။ ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့ တစ်နှစ် ဝရမ်တီရှိနေသေးလို့။ နို့ မဟုတ်ရင် ... ပလုံ ဆိုတဲ့ အသံလေးတောင် ကြာလိုက်ရမှာ မဟုတ်ပါဘူး။
လေးစားစွာဖြင့်
ရီနိုမာန်

September 23, 2011

ကန့်ကွက်ပါသည် ( မြစ်ဆုံစီမံကိန်း)


ကာတွန်း ဆရာဟာဂျူလီရဲ့ ကာတွန်းဖြစ်ပါတယ်။ ဒီပုံလေးကြည့်ပြီး ကျနော်ကိုယ်ကျနော် ပြန်မေးကြည့်လိုက်တယ်။ ကျနော် ဘယ်နေရာမှာ ရှိနေလဲပေါ့။ ကျနော့်ကို ကျနော် ပြန်မေးကြည့်လိုက်သလို မြန်မာနိုင်ငံမှာမွေး မြန်မာပြည်မှာကြီး မြန်မာသွေး ရှိနေကြသေးတဲ့ မြန်မာလူမျိုးအားလုံးကို ကျနော် ဒီနေရာကနေ မေးလိုက်ပါတယ်။ သင့်တို့ကော ဘယ်နေရာမှာ ရှိနေပါသလဲ။

ကျနော် ကတော့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားဖို့ အပြည့်အဝ ကန့်ကွက်ပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

September 15, 2011

ဒီမိုကရေစီ နှင့် ဧရာဝတီ

ဒီမိုကရေစီ ........ ။ ဒီစကာလုံးကို ကျနော်သိကျွမ်းနေခဲ့တာ ကြာခဲ့ပါပီ။ ဒါပင်မဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုလည်း  သေသေချာချာမသိဘူး။ သိအောင်လည်း ကျနော် မကြိုးစားခဲ့ဘူး။ အခုဒီစာရေးနေလို့ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ကို သိလိုရေးနေပီလို့လည်း မထင်လိုက်ပါနဲ့။ အခုချိန်ထိ မသိသေးပါဘူး။ ဒီအသက်အရွယ်ရောက်နေပီ ဒါတောင်မသိဘူးလားလို့ အပြစ်တင်ရင်လည်း ကျနော်ကျေကျေနပ်နပ် ခံယူပါတယ်။ သိသလို တက်သလိုတော့ ကျနော် တက်ယောင်ကာ မလုပ်ချင်ပါဘူး။ မသိဘူးပြောလိုက်လို့လည်း ကျနော် မရှက်ပါဘူး။ ကဲ .. ရှိပါစေတော့။ ပြောချင်တဲ့ စကားမရောက်ပဲ ဖြစ်နေပါအုံးမယ်။

ကျနော်သတိထားမိတာ တစ်ခုရှိတယ်ဗျ။ အဲဒါဘာလဲ ဆိုတော့ အနောက်နိုင်ငံမှာ နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ သမ္မတကို ပစ်ပစ်နစ်နစ် ဝေဖန်တာကို ကျနော်ကြားဖူးတယ်။ စာတွေမှာလည်း ကျနော်ဖတ်ဖူးတယ်။ သိပ်ဘောကျတာပဲ။ ကျနော်ရဲ့ ကလေးအတွေးနဲ့ ကျနော်တွေးဖူးတယ်။ သူတို့တွေတော့ အဖမ်းခံရတော့မှာပဲလို့ ကျနော်တွေးဖူးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့နိုင်ငံမှာ နိုင်ငံတော် အစိုးရကို မကောင်းပြောလို့မရဘူးလေ။ ပြောခဲ့ရင်တော့ အနည်းဆုံး အင်းစိန်မှာ ဧည့်စရင်း တိုင်စရာမလိုပဲ နေရမှာကိုး။  တကယ်မသိလို့ လည်း ကျနော်ထပ်သိတက်နားလည်တဲ့ အကိုတွေ အမတွေကိုလည်း ကျနော်မေးကြည့်တော့မှ အဖမ်းမခံရပါဘူး ဆိုတာ သိရတယ်။ ဘာဖြစ်လို့လည်းပေါ့။ ဒါ ဒီမိုကရေစီ နိုင်ငံဖြစ်လို့တဲ့။ ဒီမိုကရေစီ နိုင်ငံဖြစ်တာနဲ့ နိုင်ငံအုပ်ချုပ်မင်းလုပ်နေတဲ့ သမ္မတကို ပြောခွင့်ရှိတာပဲလား။ ရှိတာပေါ့ ။ သမ္မတ ဆိုတာ ပြည့်သူတွေက သဘောကျလို့ တင်ထားတဲ့ မင်း။ မင်းနဲ့ ပြည်သူက တသွေးထဲတသားထဲ ရှိကိုရှိနေရမှာ။ 

ဒါဆို ကျနော်တို့ မြန်မာနိုင်ငံကြီးလည်း ဒီမိုကရေစီ ရလာခဲ့ရင် အဲဒီအခွင့်အရေး အပြည့်အဝရရမှာပေါ့နော်။ သမ္မတနိုင်ငံတော် ဖြစ်တဲ့ အတွက် သူတစ်လူငါတစ်မင်း ပြုလို့မရတော့ဘူးပေါ့။ ပြည်သူရဲ့ သဘောထားဟာ မြန်မာပြည်ရဲ့ သဘောထားပါပဲ။ ပြည်သူ့ဖက်မှာ သမ္မတဆိုတာ ရှိနေသင့်တာပေါ့။ ဒါပင်မဲ့ဗျာ အခုကြားနေ မြင်နေ သိနေရတာကတော့ တစ်ခြားစီ ဖြစ်နေပြန်ပါတယ်။ သမ္မတ နိုင်ငံတော်လို့ ဆိုနေပင်မဲ့ သမ္မတနိုင်ငံနဲ့ တူတဲ့ အခွင့်အရေးတွေရော အပြည့်အဝရသေးရဲ့လား။ ပြည်သူတွေမှာရော ဘာများပြောဆို လုပ်ပိုင်ခွင့်တွေ ရှိနေပီလဲ။ အခုခြေအနေအရတော့ ဘာမှ မရသေးပါဘူးလို့ ကျနော် တစ်ဦးတစ်ယောက်ရဲ့ ခံစားမှုဖြင့် မြင်မိပါတယ်။

 ကျနော့် ထင်မြင်ချက်မှားကောင်းမှားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော် နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာမှနားမလည်ပါဘူး။ ဒီမိုကရေစီဆိုတဲ့ အဓိပ္ပါယ်ကို ကျနော် ကောင်းကောင်းမသိပါဘူး။ ဘာမှမသိပဲ ဘာမှနားမလည်ဘဲနဲ့များ ရေးနေသေးတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ လူတိုင်း လူတိုင်းမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ်။ ကျနော်ဘာမှ မသိလို့၊ ဘာမှ နားမလည်လို့ ဘာမှ မခံစားတက်လို့ ဘာမှ မလုပ်ရဘူးဆိုရင် လူတစ်ယောက်ရဲ့ ခံစားချက်ကို ချပြနိုင်ခွင့်ရနိုင်ပါ့အုံးမလား။  လူတစ်ယောက်ရဲ့ အခွင့်အရေးဆိုတာကရော ရှိနိုင်ပါ့အုံးမလား။ လူ့ အခွင့်အရေးဆိုတာ ဘာလဲ။

အမြင်ဆိုတာကလည်း ရှုထောင့်အမျိုးမျိုးကနေ မြင်ကြည့်မှလည်း ဘက်စုံလိုအပ်ချက်ကို မြင်နိုင်မှာပဲ မဟုတ်လား။ အခုတစ်လော ဖြစ်နေတဲ့ ဧရာဝတီ ရောဂါဆန်း ( ဝံချီး ဇော်မင်း ပြောစကား) ကို ကျနော် သတိထားမိတယ်။ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နိုင်ငံအရပ်ရပ်မှာ ရှိကြတဲ့ ပြည်သူတွေကရော၊ ပြည်တွင်းက ပြည်သူတွေ အနုပညာရှင်တွေကရော ဆက်မတည်ဆောက်ဖို့ ကန့်ကွက်နေကြတယ်။   ဒီကန့်ကွက်နေတဲ့ အကြောင်းအရာကို သမ္မတဆီ ရောက်မရောက်တော့ ကျနော်လည်း မပြောတက်ဘူး။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ ( သူ့ကိုယ်သူ) ခံယူထားတဲ့ လူတစ်ယောက် ( ဝံချီး ဇော်မင်း )ကတော့ သတင်းစာရှင်းလင်းပွဲ လုပ်ပီး ဘယ်သူတွေ ဘာပြောပြော ဒီစီမံကိန်းကို ဆက်လုပ်မှာပဲလို့ ဟစ်ကြွေးသွားခဲ့တယ်။ 

ကျနော်တစ်ခု တွေးကြည့်မိတယ်။ ဒီမိုကရေစီ နိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒက အဓိက မဟုတ်လား။ ပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်မပြုပဲ ငါထင်ရာ ငါလုပ်တယ်လို့ ဘာဖြစ်လဲဆိုတဲ့ သဘောကို ဆောင်နေမှတော့ ဒါဟာ ဒီမိုကရေစီ နိုင်ငံမှ ဟုတ်ပါလေစ။ ပြည်သူနဲ့ တစ်သွေးထဲတစ်သားထဲ ရှိနေပါတယ်ဆိုတဲ့ သမ္မတကြီးကရော ဘယ်ရောက်နေလဲ။ သူကရော အလိုတူ အလိုပါ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ပီး လက်ခံပေးနေမှာလား။ အခုချိန်မှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာခဲ့ရင်ရော သမ္မတကြီးက လက်နက်အားကိုးနဲ့ ဖြေရှင်းအုံးမှာလား။ 

အခုချိန်မှာ ကျနော်ဖြစ်ချင်နေမိတဲ့ ဆန္ဒပေါ့ဗျာ။ ဘယ်အချိန်က ကြည့်ခဲ့ကြည့်ခဲ့ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ မရှိသလောက်ပါပဲ။ အခုချိန်မှာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ အမိဧရာဝတီရဲ့ အသက်ကိုကာကွယ်ချင်နေကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဥပက္ခာမပြုပဲ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ ပြည်သူတွေရဲ့ ဆန္ဒကိုတော့ တစ်ခေါက်ဖြစ်ဖြစ် အသိအမှတ်ပြုသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါမှလည်း ဒီမိုကရေစီ နိုင်ငံပီသမယ်လို့ ကျနော်ထင်မြင်မိပါတယ်။ 

ကျနော်တို့ရဲ့ ကြွေးကြော်သံတွေ ဘယ်လောက်ပဲ ပဲ့တင်ထပ်နေပါစေ ကိုယ့်မြင်းကိုဆိုင်း စစ်ကိုင်းရောက်ရောက် လို့ တွေးထင်ထားခဲ့မယ်ဆိုရင်တော့ ၊ ကံဇာတာ ဂြိုလ်စီးလို့ ကိုယ့် -ီးကို မြွေမှတ်လို့ ထမပြေးမိကြပါစေနဲ့လို့  ပြောလိုက်ချင်မိပါတော့တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။      ။ လွတ်လပ်စွာ ဝေဖန်နိုင်ပါသည်။

September 6, 2011

သောင်ပြင်ပေါ်မှာ နားလှည့်ပါ

အချိန်တွေ ကုန်မြန်လိုက်တာ။ ဖြစ်နိုင်ရင် ကုန်လွန်သွားတဲ့ ၁၅နှစ်လောက်ကို ဗွီဒီယိုအခွေ ရစ်သလိုမျိုး ပြန်ရစ်ပစ်လိုက်ချင်ပါသည်။ ဘယ်အတွက်ကြောင့်များ အချိန်ဆိုတာကြီးကို တွေးနေမိပါလိမ့်။ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကရော ဘာတွေများ ပျော်ရွှင်စရာကောင်းခဲ့လို့လဲ။ ဘဝမှာ လူရယ်လို့ ဖြစ်လာတဲ့ အချိန်ကစလို့ ကျနော်မှာ ဘာများ ကျေနပ်ပျော်ရွှင်စရာတွေ ရှိခဲ့ဖူးလို့လဲ။ လောကအလယ်ကို ရောက်လာခဲ့တယ်။ အဖေဆိုတာ ဘယ်သူလဲ။ အမေဆိုတာကရော ဘယ်မှာလဲ။ သူတို့တွေ ကျနော့်ကို ဘာလို့ လောကအလယ်မှာ မျက်နှာငယ်အာင် လုပ်ရက်ကြတာလဲ။ တွေးတွေးပြီး ကျလာတဲ့ မျက်ရည်တွေကို မသိဖာသာ သုတ်လိုက်မိတယ်။

ကျနော်ကိုမွေးစားတဲ့ ကျနော့်ရဲ့အမေကို ကျနော်အကြောင်း မေးကြည့်ဖူးတယ်။ အမေက ဘာပြောလဲ ဆိုတော့ သိချင်လို့လားတဲ့။ ဘယ်နှယ်မေးလိုက်ပါလိမ့် အမေရယ်။ ကိုယ့်အဖေနဲ့ ကိုယ့်အမေ ဘယ်သူဘယ်ဝါဆိုတာလောက်တော့ ကျနော်မသိသင့်ဘူးလား။ ကျနော့်စိတ်ထဲက ပြန်ပြောနေမိပင်မဲ့ အပြင်မှာတော့ မွေးစားအမေကို ခေါင်းလေးတစ်ချက်လောက်ပဲ ညိတ်ပြလိုက်မိတယ်။
ကျနော့်မွေးစားအမေက ကျနော့်ကို ပညာတက်ကြီးဖြစ်အောင် မထားနိုင်ပင်မဲ့ သေစာရှင်စာ ဖတ်တက်အောင်တော့ ကျနော်ကိုသင်ပေးထားတယ်။ ဒီထက်လည်း ကျနော် မသင်ချင်ဘူး။ လောကမှာ ကျနော့်အတွက် ဘယ်အရာမှ ကောင်းကောင်းကန်ကန် ဆိုတာ ဘာရှိလို့လဲ။ သေစာရှင်စာ လောက်တက်တယ် ဆိုပင်မဲ့ ကျနော် လူရိုင်းစိုင်းတစ်ယောက် မဟုတ်ခဲ့ဘူး။ လူရိပ်လူကဲ နားမလည်ပင်မဲ့ လူအမြင်ကပ်အောင် ကျနော်မနေခဲ့ဘူး။ ဒါတွေဟာ ကျနော့်အတွက် ကျနော်ဘဝအတွက် အကောင်းဆုံး ဆိုတဲ့ အရာတွေပဲ။

တစ်ခါတစ်ခါ မွေးစားအမေက ကျနော့်ကို စိတ်ကူးပေါက်ရင် .... သားရေ ဖြစ်ပီတာကိုလည်း မစဉ်းစားနဲ့ ဖြစ်လာမဲ့ အရာတွေကိုလည်း ကြိုမတွေးနဲ့၊ အခုလက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင်နေလို့ ...... ခဏခဏပြောဖူးတယ်။ အမေ့ရဲ့ စကားတွေ နားရည်ဝနေပင်မဲ့ ကျနော်ရဲ့ မသိစိတ်ကတော့ အမေပြောနေတဲ့ စကားတွေရဲ့ အနောက်ကိုသာ လိုက်နေမိတယ်။ ကျနော့်ရဲ့ အဖေအရင်း အမေအရင်းဘယ်သူတွေလဲ ကျနော်မသိချင်တော့ဘူး။ သူတို့တောင် ကျနော့်ကို ထားသွားသေးတာပဲ။ ကျနော်ကရော ကျနော့်ကို ထားသွားတဲ့ အဖေအရင်း အမေအရင်းတွေ ကိုလွမ်းနေရအုံးမှာလား။

ကျနော်ငယ်ငယ်တုန်းက မှတ်မိသေးတယ်။ ရပ်ကွက်ဗွီဒီယိုရုံမှာ မြန်မာဇာတ်လမ်း တစ်ခုသွားကြည့်ဖူးတယ်။ တစ်ခါဆို တစ်ခါလောက်ပဲ အမှတ်ရစေခဲ့တယ်။ အဲဒီနောက်ပိုင်းကျနော် ဘာဇာတ်လမ်းမှ မကြည့်ဖြစ်တော့ဘူး။ ဇာတ်လမ်းထဲမှာက မွေးစားအမေကို စိတ်ဆင်းရဲအောင်လုပ်ပြီး အဖေအရင်းအမေအရင်း ကိုလိုက်ရှာဖို့ ထွက်လာတဲ့ အခန်းရောက်တော့ ကျနော်ဆက်မကြည့်တော့ဘူး။ ရုံအပြင်ကို ထွက်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ ပစ်ပစ်နစ်နစ် တစ်ခွန်းပဲ ပြောချလိုက်မိတယ်။ ...... အရူးတွေ....လို့။

လူ့လောကထဲကိုရောက်လာကတည်းက တစ်ယောက်တည်းပါ။ အခုလည်း ကျနော်တစ်ယောက်တည်းပါ။ ရှေ့ဆက်ပြီးတော့လည်း ကျနော်တစ်ယောက်တည်းပဲ ဖြစ်အုံးမှာပါ။ ကျနော်နဲ့ခရီးတစ်ဝက်အထိ အတူရှိနေပေးခဲ့တဲ့ ကျနော့်ရဲ့မွေးစားအမေကလည်း ကျနော့်ကို ထားသွားခဲ့ပါပြီ။ အမေ့ရဲ့ နောက်ဆုံးခရီးမှာ အမေ့ကို ကျနော် နောက်ဆံမတင်းစေချင်တော့ပါ။ အမေ ကောင်းရာဘုံဘဝမှာ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင် ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်ပါတော့တယ်။


လေးစားစွာဖြင့်
ရီနိုမာန်

September 5, 2011

မေ့အတွက် တေးတစ်ပုဒ်

တိမ်တွေလည်း ညိုနေပြီ မေ.......။

ကောင်းကင်မှာရှိတဲ့ အလှတရားတွေလည်း
တစ်စတစ်စ ပျက်ယွင်းစ ပြုနေပြီ မေ........။

ကမ္ဘာမြေထုကြီးလည်း ပူနွေးလာပြီးလို့ ပြောနေကြပြီ မေ.......။

၂၀၁၂ ရောက်လို့ ကမ္ဘာကြီး ပျက်ဆီးသွားမှာကို မောင် မကြောက်ပါဘူး မေ.......။

မေနဲ့ နှစ်ချီဝေးနေရတဲ့ ဝေဒနာကို မောင်ကြောက်နေမိပြီ မေ.......။

ဘယ်အရာတွေ ဘယ်လိုပဲ ရှိနေပါစေ မောင့်အနားမှာ မေရှိနေဖို့သာ လိုအပ်တာပါ။

မေ့ရဲ့ရင်ခုန်သံတိုင်းကို မောင် ကြားချင်တယ်။

မေ့ရဲ့ အိမ်မက်တွေထဲမှာလည်း မောင် ရှိနေချင်တယ်။

မေ့ရဲ့ ရင်ခွင်ထဲမှာလည်း မောင် မှေးစက်နားခိုချင်မိပြီ။

မောင် လောဘများကြီးသွားပြီးလား မေ.......။

လေးစားစွာဖြင့်
ရီနိုမာန်

September 4, 2011

အဝေးဆုံးမှ အနီးဆုံးသို့

အခုတစ်လော ကျနော် အလုပ်ကလည်း မအား၊ ကွန်ပျူတာကလည်းပျက် ဆိုတော့ စာရေးဖို့ နေနေ ဘာမှကို ကောင်းကောင်း မလုပ်ပဲ အလုပ်ထဲပဲ စိတ်နှစ်ထားလိုက်ပါတော့တယ်။ သြဂုတ်လ ၃၁ ရက်နေ့ကို ဘလောဂ့်တော်တော်များများမှာ ဘလောဂ့်နေ့ အဖြစ် ရေးထားတာတွေတွေ့တော့ ကျနော်လည်း ရေးချင်နေမိတယ်။ အလုပ်သာ လုပ်ချင်တာ အလုပ်တော့ မရှာဘူး။ ထိုင်နေလို့ အလုပ်ရမှာမှ မဟုတ်တာ။ ခုလည်း ရေးသာရေးချင်နေမိတာ ရေးဖို့အတွက် စိတ်က မရှိဘူး ဆိုသလို ဖြစ်နေတယ်။

စာမရေးတာကြာတော့လည်း ကိုယ့်အိမ်လေးကိုယ်ကြည့်ပြီး စိတ်မကောင်းတောင် ဖြစ်မိတယ်။ ကိုယ်ကလည်း စာရေးတဲ့ အလုပ်နဲ့ အသက်မွေးနေတာ မဟုတ်သလို၊ စကားတောင်လှအောင်မပြောတက်တာ စကားလုံးလှလှ ထွက်ကျလာဖို့ ကျနော်အတွက် မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း စာတစ်ပုဒ်ဖြစ်လာဖို့ ကျနော်အတွက် ခက်ခဲလှပါတယ်။

ဝါသနာကြောင့် စာရေးနေပင်မဲ့ ကျနော်စာရေးဆရာ မဟုတ်ပါ။ ထို့အတူပဲ ဘလောက်စပေါ့မှာ စာရေးနေလို့ ကျနော် ဘလောဂ့်ဂါလည်း မဟုတ်ရပါဘူး။ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားအရ လူတိုင်းလူတိုင်းမှာ ကိုယ်ဆီအတွေ့အကြုံ ဆိုတာရှိကြစမြဲပါ။ ကိုယ်ပိုင်အတွေ့အကြုံလေးကို ပြန်လည် ခံစားထားခြင်းသာဖြစ်ပါတယ်။

စာရေးကောင်းတဲ့ ညီအကိုမောင်နှစ်မများရဲ့စာတွေကို ဖတ်ရတဲ့အခါ အားကျလေးစားမိပါတယ်။ သူတို့လိုပဲ ငါလည်း ရေးတက်ချင်လိုက်တာလို့ အားကျတဲ့ စိတ်ဖြစ်မိပါတယ်။ အားကျလို့ လိုက်ရေးမိပါတယ်။ ဟင်းပွဲ တစ်ပွဲမှာ ဆားမထည့်ရင် စားလို့မကောင်းပဲ ပေါ့နေမှာပါ။ ကျနော်ရေးလိုက်သော စာများမှာလည်း ဆားမပါတဲ့ ဟင်းတစ်ပွဲနဲ့ တူနေပါတယ်။ ဒါကြောင့် စားလို့ကောင်းတဲ့ ဟင်းတစ်ပွဲဖြစ်လာအောင် ကျနော်အနေနဲ့ အများကြီးကြိုးစားရအုံးမှာ ဖြစ်ပါတယ်။
ကျနော် ဘလောဂ့်ဆိုတာကြီးကို သိတဲ့ အချိန်တုန်းက အရမ်းကိုပျော်ဖို့ ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခင်မင်ခဲ့ရတာလည်း တကယ့်ကို မောင်နှမအရင်းအခြားများ အတိုင်းပါပဲ။ ဘယ်အရာမှ မမြဲဘူးဆိုတာ သိထားကြတဲ့ အတိုင်းပါပဲ ပျော်စရာလို့ ထင်ထားတဲ့ အရာတွေဟာ တဖြေးဖြေးနဲ့ ပျောက်ဆုံးသွားခဲ့ပါတယ်။ ခင်မင်စရာကောင်းတဲ့ ညီအစ်ကိုမောင်နှမများ တစ်ချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျောက်ပျောက်သွားကြပြန်ပါတယ်။

အစပိုင်းတော့ စိတ်မကောင်းဖြစ်မိပင်မဲ့ ဒါဟာ မမြဲတဲ့ တရားဆိုတာကို ကျနော်ကိုယ်တိုင် နားလည်လာတဲ့ အချိန်မှာတော့ တဖြေးဖြေးနဲ့ အဝေးဆုံးကို ရောက်နေတဲ့ လူတွေ စရင်းမှာ ကျနော်ဟာ ထိပ်ဆုံးမှာ ပါဝင်လို့လာခဲ့ပြန်ပါတယ်။ အဝေးဆုံးမှာ နေရင်းနဲ့ အနီးဆုံးရောက်ဖို့ ကြိုးစားလိုက်ပါအုံးမယ်။

လေးစားစွာဖြင့်
ရီနိုမာန်

July 5, 2011

ကြားကာလ

အောင်မြင်ခြင်း - ရှုံးနိမ့်ခြင်း

ဒီကြားမှာ ကျွန်တော် နေခဲ့ရဖူးတယ်။

အချစ် - အမုန်း

ဒီကြားထဲမှာ ကျွန်တော် ကျေနပ်ခဲ့ရဖူးတယ်

ပျော်ရွှင်ခြင်း - စိတ်ပျက်ခြင်း

ဒီကြားထဲမှာ ကျွန်တော်ဟာ ခဏခဏ...။

ရယ်မောခြင်း - ငိုယိုခြင်း

ဒီကြားမှာ ကျွန်တော်ဟာ မက်မက်မောမော နဲ့.........။

ပြိုင်ဆိုင်ခြင်း - သည်းခံခြင်း

ဒီကြားမှာ ပြိုင်ဆိုင်မှုတွေနဲ့ ကျွန်တော်ဟာ သည်းခံခဲ့ရတယ်။

အသက်ရှင်ခြင်း - သေဆုံးခြင်း

ဒီကြားမတိုင်မှီ ကျွန်တော်ဟာ ရှင်သန်ခဲ့ရဖူးတယ်။
အခုတော့ ဒီကြားမှာ ရပ်ပြီး သေဆုံးခြင်းကို ထိုင်စောင့်နေရပြီ။


လေးစားစွာဖြင့်
ရီနိုမာန်

July 3, 2011

ဘဝရဲ့ တစ်နေရာမှာ ရှိခဲ့ဖူးသည်

လောကမှာ အမှတ်တရ ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိကြ၏။ အမှတ်တရ အများကြီးထဲမှ ကျနော့်အတွက် မှတ်မှတ်ရရ ဖြစ်စေခဲ့သော ကျောင်းဆရာဘဝလေးကိုလည်း မေ့ထားလို့မရနိုင် ဖြစ်ရပြန်ပါသည်။ စာသင်နှစ် တစ်နှစ်ဟုဆိုပင်မဲ့ စာသင်ကာလ ၉လလောက်ဟာ ကျနော်ဘဝရဲ့ မေ့မရတဲ့ အမှတ်တရများလို့ ဆိုလျှင်လဲ မှားနိုင်မည် မဟုတ်ပါ။ တစ်ကြိမ်တစ်ခါသာ ပြုလုပ်ခဲ့ဖူးတဲ့ ကျောင်းဆရာအလုပ်မှ ရယူလိုက်မိတဲ့ ဆရာတစ်ယောက်ရဲ့ ခံစားချက်ကိုလည်း ယခုအချိန်တွင် ပြန်လည်ခံစားပီတိ ဖြစ်ရပါသည်။ ကျွန်တော် စိတ်နှင့်ကျနော်သာဆိုလျှင် ယခုအချိန်တွင် ကျောင်းဆရာဘဝဖြင့် အရိုးထုတ်နေမိမှာ အမှန်ပါ။ သို့သော် မိဘဆန္ဒကို မဆန့်ကျင်လိုသောကြောင့် စာသင်နှစ်တစ်နှစ်အပြီးမှာ ကျနော်ကျောင်းဆရာ အလုပ်မှ အလုပ်ထွက်ခဲ့လိုက်သည်။

ယခုအချိန်မှာ ကျောင်းဆရာအလုပ်နဲ့ အနေဝေးခဲ့ပင်မဲ့ ထိုအချိန် ထိုကာလက အမှတ်တရ အရိပ်လေးတွေက ကျနော့် ရင်ထဲမှာ ယခုအချိန်ထိ ရှင်သန်နေမြဲဖြစ်သည်။ အမှတ်ရစေသော အကြောင်းအရာများထဲမှ ပထမဆုံး အမှတ်၇နေသည့် အချက်မှာ ကျနော်တာဝန်ကျသော မူလတန်းကျောင်းသည် ရပ်ရွာမှ ကိုယ်ထူးကိုယ်ထ ကျောင်းလေးဖြစ်သည်။ ထိုမူလတန်းကျောင်းတွင် ကျောင်းအုပ်လည်း ကျနော်၊ စာပြဆရာလည်း ကျနော်၊ အားကစားဆရာလည်း ကျနော်၊ နောက်ဆုံး သန့်ရှင်းရေး အလုပ်သမားလည်း ကျနော်သာ ဖြစ်သည်။ တစ်ကျောင်းလုံးတွင် ဆရာဆို၍ ကျနော်တစ်ယောက်တည်းသာ ရှိသည်။ မဆီမဆိုင် ကျနော်လေးတန်းကျောင်းသားဘဝက အဖြစ်အပျက်လေး တစ်ခုကို သွာသတိရမိသည်။ ကျနော်တို့ လေးတန်းနှစ်က အစိုးရစစ် ဖြစ်သည်။ အစိုးရစစ်မတိုင်မှီ ပထမအစမ်းနှင့် ဒုတိယအစမ်း ဆိုပြီး စာမေးပွဲဖြေကြရသည်။ ကျနော်တို့ အခန်းမှာ ကျောင်းသား၊ကျောင်းသူပေါင်း ၇၀ကျော် ရှိသည်။ ပထမအစမ်း စာမေးပွဲ၌ တစ်ခန်းလုံးတွင် ဘာသာစုံအောင်မှတ်ဖြင့် အောင်သောသူ ကျောင်းသားတစ်ဦးသာ ရှိခဲ့သည်။ ထိုသူမှာ အခြားသူမဟုတ်ချေ။ ကျနော်သာ ဖြစ်သည်။ ယခုလည်း တစ်ကျောင်းလုံးတွင် ဆရာဆို၍ ကျနော်တစ်ဦး သာရှိသည်။

တစ်ကျောင်းလုံး ကျောင်းသူ ကျောင်းသား အရေအတွက်မှာ ၂၀ပင် မပြည့်ချင်ပါ။ စ ကျောင်းအပ်လက်ခံတုန်းကတော့ ကျောင်းသား အရေအတွက် ၂၀ကျော်ရှိခဲ့သည်။ တကယ့်တကယ်ကျောင်းလာတက်တော့ ၁၈ယောက်မျှသာ လာတက်ကြသည်။ ကျနော့်အတွက် ကံကောင်းသည်မှာ အတန်းကြီးဖြစ်တဲ့ လေးတန်းကျောင်းသား သုံးယောက် ရှိနေခြင်းပင်ဖြစ်သည်။ ကျနော်ရဲ့ စာသင်ချိန်တစ်ချို့နှင့် အားကစားချိန်များမှာ ထိုလေးတန်းကျောင်းသားများ ရှိနေခြင်းကြောင့် ကျနော် အနားရ ရသည်။ စာသင်နှစ်အစတွင်တော့ ကျနော်ကိုယ်တိုင် ကျောင်းဆရာဖြစ်ရသလို၊ ကျောင်းသားတစ်ဖြစ်လည်း ဘာသာစကားကို လေ့လာရပြန်ပါသည်။ ကျနော်တာဝန်ကျသော ဒေသသည် ပအို့ဝ်ဒေသ ဖြစ်သောကြောင့် တစ်ချို့သော ကျောင်းသားလေးများမှာ မြန်မာလို ပြော၍နားမလည်သော အခါမျိုးတွင် သူတို့ ဘာသာစကားဖြင့် ရှင်းပြမှသာ နားလည်ကြတော့သည်။ ဒါကြောင့်လည်း ကျနော့်မှာ ကျောင်းဆရာတစ်ဖြစ်လည်း သူတို့ဘာသာစကားကို သင်ယူလေ့လာရပြန်ပါသည်။

စာသင်နှစ်လယ်လောက်မှာတော့ ကလေးတွေနှင့်ကျနော် အပေးအယူမျှလာ ကြပါသည်။ ကျနော်ပြောချင်တာကို သူတို့လေးတွေ နားလည်လာကြသလို၊ နားမလည်သော မြန်မာစာတစ်ချို့ကိုလည်း ပအို့ဝ်ဘာသာ စကားဖြင့် ပြန်လည်ရှင်းပြ နိုင်ခဲ့သည့်အထိ အဆင်ပြေလာခဲ့သည်။ သူတို့လေးတွေနဲ့ ကျနော် အဆင်ပြေနေတဲ့ အချိန်မှာ အဆင်မပြေဖြစ်နေကြသည်က ကျနော်၏ မိဘများ ပင်ဖြစ်ကြတော့သည်။ ဘာကြောင့်လည်းဆိုတော့ အမေနဲ့အဖေသည် ကျနော်ကို ပြန်ခေါ်နေသောကြောင့် ဖြစ်သည်။ ကျနော်ဒီကျောင်းဆရာ အလုပ်ကို စိတ်ဝင်စားသွားမည်ကို ကျနော့်၏အမေသည် အလွန်မှ စိုးရိမ်ပူပန်နေ၏။ ထိုနောက်မှာတော့ အမေနဲ့ ကျနော် အလဲအလှယ်တစ်ခုကို သားသမီးနှင့် မိဘနှစ်ဦး သဘောတူ ဆုံးဖြတ်လိုက်ပါတော့သည်။

စာသင်နှစ်တစ်နှစ်ရဲ့ နောက်ဆုံးကာလဖြစ်တဲ့ စာမေးပွဲကြီး ပြီဆုံးသွားချိန်မှာတော့ မိဘနှင့် သားသမီးကြားထားရှိတဲ့ ဂတိအတိုင်း ကျောင်းဆရာအလုပ်မှ ကျနော်အပြီးအပိုင်း စွန့်လွှတ်လိုက်ပါတော့သည်။ နောက်နှစ်တွင် ဒီကျောင်းကို ပြန်လာမှာပဲလို့ မျှော်လင့်နေကြမဲ့ ကလေးတွေ အတွက်တော့ ကျနော်ဝမ်းနည်းခံစားခဲ့ရပါသည်။ ကျနော့်၏ ကျောင်းဆရာအလုပ်သည် တရားဝင်အစိုးဝန်ထမ်း မဟုတ်သေးတာကြောင့် လွယ်လွယ်နှင့်ပင် ထွက်လိုရပါသည်။ နောက်နှစ်ဒီရွာလေးကို ကျနော်ပြန်လာနိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့ အကြောင်း ရွာလူကြီးကိုပြောပြတော့ ကျနော်ကို ဘာမှ ပြန်မပြောပဲ စိမ့်စိမ့်ကြီးကြည့်နေသော ရွာလူကြီး၏အကြည့်ကို ကျနော် နားလည်လိုရပါသည်။ မြို့နှင့် အလှမ်းဝေးလှတဲ့ ဒီရွာလေးမှာ အစိုးရမှခန့်တဲ့ ဆရာတစ်ယောက်ရဖို့ နေနေ၊ ကျနော်တို့လို့ ဆွဲခန့် ဆရာတစ်ယောက်ရဖို့တောင် မလွယ်ကူပါ။ ဒါကြောင့်မို့ထင်ပါသည်။ ကျနော်ပြန်မလာနိုင်တော့ဘူးလို့ ပြောတော့ စိတ်မကောင်းခြင်းများစွာဖြင့် ကျနော်ကိုကြည့်နေသော အကြည့်ကို နားလည်လို့ရနိုင်ပင်မဲ့ တဖက်မှာ ရှိနေတဲ့ မိဘများကိုတော့ ကျနော်ကြောင့် စိတ်မဆင်းရဲစေချင်ပါ။ ဒါကြောင့်လည်း ကျနော့်စိတ်ကို ပိုင်ပိုင်နိုင်နိုင်ပဲ ဆုံးဖြတ်လိုက်ပါသည်။

သံယောဇဉ်ဖြစ်နေကြပြီးဖြစ်တဲ့ ကျနော့် တပည့်လေးတွေအပေါ်မှာတော့ ကျနော် မရက်စက်ချင်ပါ။ ဒါကြောင့်လည်း နောက်စာသင်နှစ်မှာ ကျနော်ပြန်မလာတော့ဘူး ဆိုတဲ့ အကြောင်းကို ကလေးတွေ မသိအောင်လို့ ရွာလူကြီးများကို မပြောရန် ကျနော်ကပဲ တောင်းပန်ထားလိုက်သည်။ ဒီလိုနဲ့ ကျနော်ပြန်မဲ့ မနက်မှာတော့ ရွာမှ လူကြီးတစ်ချို့နှင့် ကျနော့်တပည့် ၁၈ယောက်စလုံး ကျနော့်ကို ရထားဘူတာရုံလေးသို့ လိုက်ပို့ပေးကြသည်။ ရထားလာရန် နာရီဝက်လောက်လိုသေးတာကြောင့် ကလေးတွေနဲ့ စကားလက်ဆုံကြရင်း စာကြိုးစားဖို့၊ လိမ္မာဖို့၊ လူကြီးမိဘများကို ရိုသေဖို့ မြန်မာလိုတစ်မျိုး ပအိုဝ့်လို တစ်မျိုးနဲ့ ကျနော် ရှင်းပြနေတုန်းမှာ......

" .... ကဲ ....ကဲ... ကလေးတို့ ရထားလာတော့မယ်။ မင်းတို့ ဆရာလေးကို ထိုင်ပြီး ကန်တော့လိုက်ကြအုံး "

ကျနော် ဟန့်တားချိန်မရလိုက်။ ကလေးများ အားလုံး ကျနော်ရှေ့သို့ရောက်လာကြသည်။ ဒီအခြေအနေကို ကျနော် လက်မခံချင်ပါ။ ကလေးတွေအပေါ် ကျနော်ရက်စက်ရာ ကျနေမည်ဟု ထင်မိသည်။ တဆက်တည်းမှာပဲ "ငါက သူတို့လေးတွေရဲ့ ဆရာဖြစ်ခဲ့ဖူးတာပဲ။ ဆရာဆိုတဲ့ နာမနဲ့ အညီ ငါခံယူထိုက်ပါတယ်။" ဘယ်လိုအတွေးကြောင့်မှန်း ကျနော်မပြောတက်။ ၇င်ထဲမှာ အလိုလိုစို့တက်လာခဲ့သည်။ မျက်ဝန်းအိမ်မှာလည်း ပြည့်လျှံလာတဲ့ မျက်ရည်တွေ။ ဒါ ဆရာတစ်ယောက်ရဲ့ ပီတိ မျက်ရည်တွေလား။ ရင်ထဲမှာ စိတ်မကောင်းခြင်းများစွာဖြင့် ကျနော်ရထားပေါ်တက်လာခဲ့သည်။

ရထားထွက်ခါးနီးကျောင်းသား တစ်ဦးရဲ့ အော်ပြောလိုက်တဲ့ အသံကိုကြားလိုက်ရတဲ့ အချိန်မှာတော့ ကျနော်ရဲ့ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များဟာ ဒုတိယအကြိမ် ပြည့်လျှံလို့ သွားပါတော့သည်။

" ဆရာ...ဆရာ့ကို သားတို့ နောက်နှစ် မျှော်နေမယ်နော်...." တဲ့။


လေးစားစွာဖြင့်
ရီနိုမာန်

June 19, 2011

ဝဋ် ဆိုတာ လည်တက်ပါတယ်

ဒီနေ့မနက် နယ်မှာရှိတဲ့ အမေနဲ့ ဖုန်းပြောဖြစ်တယ်။ အမေနဲ့ ပြောဖြစ်တဲ့ အကြောင်းအရာကြောင့် လွန်ခဲ့တဲ့ ကျောင်းတုန်းက သူငယ်ချင်း လင်းလင်း ကိုသွားသတိရ မိတယ်။ ကျွန်တော်တို့ ၆တန်းနှစ်တုန်းက ကျွန်တော်တို့ကျောင်းကို ကျောင်းသူအသစ် ရောက်လာတယ်။ သူမ နာမည်က လင်းလဲ့ထွန်း။ ကိုယ်လုံကိုယ်ထည် ကပိန်ပိန်ပါးပါး။ မျက်နှာမှာလဲ မျက်မှန်နဲ့။ ဆံပင်ကလည်း ယောက်ျားကေ။ ကျွန်တော်တို့ အားလုံးကတော့ သူမကို လင်းလင်းလို့ပဲ ခေါ်ကြတယ်။

သူမရဲ့ပုံစံကို ကြည့်လိုက်ရင်တော့ ယောက်ျားလေးတစ်ယောက်ရဲ့ ပုံစံအတိုင်းပဲ။ သူမကိုယ်သူမလည်း သမီးလို့မသုံးပဲ ကျွန်တော် ၊ ကျွန်တော်လို့သာ သုံးတက်တယ်။ ယောက်ျားလေး သူငယ်ချင်းဖြစ်တဲ့ ကျွန်တော်တို့ကိုလည်း မင်းနဲ့ ငါနဲ့ ပဲပြောနေကျ။ သူမကို လင်းလင်းလို့ ခေါ်မှ ကြိုက်တက်တာကလည်း သူမရဲ့ အကျင့်ပဲ။ သူမပေါင်းတဲ့ သူငယ်ချင်းတွေ အားလုံးကလည်း ယောက်ျားလေး သူငယ်ချင်းတွေကြီးပဲ။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ သူမဟာ ယောက်ျားစိတ်ပေါက်နေတဲ့ ယောက်ျားရှာ လေးပေါ့။

ကျွန်တော်တို့ ကျောင်းက တောင်စောင်းလေးမှာ တည်ဆောက်ထားတယ်။ ကျောင်းပင်မဆောင်ကလည်း တောင်စောင်ရဲ့ အပေါ်ပိုင်းမှာ တည်ရှိတယ်။ ကျောင်းပင်မဆောင်က ဆင်းလိုက်ရင် တန်စီကွင်းတစ်ခုရှိတယ်။ အဲဒီကွင်းရဲ့အောက်ပိုင်းမှာတော့ ကျောင်းဘောလုံးကွင်း တစ်ခုရှိတယ်။ ဆရာ၊ ဆရာမတွေ နားနေဆောင်က ကြည့်ရင် အောက်ဖက်မှာ ရှိတဲ့ ဘောလုံကွင်းကို ကောင်းကောင်းမြင်နေရတယ်။

တစ်နေ့ အတန်းအားတဲ့ အချိန်မှာ သူငယ်ချင်းတွေ ဘောလုံးကန်ဖို့ ကျောင်းဘောလုံးကွင်းထဲသွားကြတော့ လင်းလင်းလည်း ကျွန်တော်တို့နဲ့အတူ ကွင်းအနားထိလိုက်လာတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာလည်း လင်းလင်းကို ကျွန်တော်တို့နဲ့ပေါင်းလို့ ကျွန်တော်တို့ သူငယ်ချင်းသာ ဖြစ်ပင်မဲ့ သူမကို မိန်းကလေးတစ်ယောက်လိုပဲ မြင်နေမိတာပေါ့။ ဒါကြောင့်လည်း လင်းလင်းကို ဘောလုံကန်ဖို့အထိတော့ ကျွန်တော်တို့ မဖိတ်ခေါ်ခဲ့ပါဘူး။ ဒါနဲ့ ကျွန်တော်တို့ ဘောလုံစ ကစားကြတယ်။

ဘယ်လောက်မှ မကြာလိုက်ဘူး။ တောင်စောင်းအပေါ်မှာ ရှိတဲ့ ဆရာ ဆရာမများ နားနေဆောင်မှ ကျွန်တော်တို့ (၆) တန်းအတန်းပိုင်း ဆရာမ ပြေးဆင်းလာတာကို တွေ့လိုက်၇တယ်။ ကျွန်တော်တို့ အားလုံးလည်း ဘာများဖြစ်လို့လဲပေါ့။ ကစားနေတာကို ခဏရပ်လိုက်တယ်။ ဆရာမက ကျွန်တော်ရှေ့ တည့်တည့်ကို လာနေတာ သေချာနေတာကိုး။ ခဏနေတော့ ဘောလုံကွင်းထဲရောက်လာပြီး ကျောင်းသားတစ်ယောက် အနားအရောက်မှာတော့....

ဟဲ့..... မိန်းမလီပေါက်မ .... အခုချက်ချင်း ထမိန်ကို ဆွဲချစမ်း... ဘယ့်နှယ်ဟယ် မိန်းကလေးတန်မဲ့ ယောက်ျားလေးတွေထဲ ဝင်ပြီး ဘောလုံး ဝင်ကန်စရာလား။ သွား သွား အခုအတန်းထဲသွား....

ဆိုပြီး ဆရာမပြောတော့မှ သေချာသတိထားကြည့်လိုက်တော့ ဘယ်သူများလဲ မှတ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း လင်းလင်းပေါ့။ ထမိန်ကို ယောက်ျားလေး ကဒေါင်ကျိုက် သလိုမျိုးလုပ်ပြီး ဘယ်အချိန်ထဲက ကွင်းထဲ ရောက်လာမှန်းတောင် ကျနော်တို့လည်း သတိမထားလိုက်မိကြဘူး။ ဆရာမရောက်လာမှပဲ ကျွန်တော်တို့လည်း သိလိုက်ရတော့တယ်။ အဲနောက်ပိုင်းတော့ လင်းလင်းရဲ့ နာမည်လည်း တစ်ခါတည်း ပြောင်းလဲသွားပါတော့တယ်။

မိန်းမလီပေါက်.... တဲ့။

ဒီနေ့မနက် အမေနဲ့ဖုန်းပြောဖြစ်တော့လည်း အကြောင်းအရာခပ်ဆင်ဆင်လေး တူနေတာကြောင့် တစ်ချိန်တုန်းက ခင်ခဲ့ကြတဲ့ သူငယ်ချင်း လင်းလင်း ခေါ် (မိန်းမလီပေါက် ) ကို သွားသတိရလိုက် မိသေးတယ်။ သူမနဲ့ ကျွန်တ်ာတို့လည်း စာသင်နှစ် တစ်နှစ်လောက်ပဲ အတူနေခဲ့ရတယ်။ သူမအဖေ တာဝန်နဲ့ နယ်ပြောင်းသွားတော့ နောက်ပိုင်း အဆက်အသွယ် ပျက်သွားခဲ့ကြတာ ခုချိန်ထိပဲ ဆိုပါတော့။

အမေဆီက ကြားလိုက်တဲ့ အကြောင်းကျပြန်တော့ တစ်မျိုး။

... သားရေ နင်ညီမ အသည်းကွဲနေတယ်... တဲ့။

ဘုရား .. ဘာများဖြစ်လို့လဲပေါ့။ ကျနော်ညီမဆိုပင်မဲ့ အရင်းတော့ မဟုတ်ဘူး။ ဝမ်းကွဲညီမ။ အသက်ကို ကြည့်ပြန်တော့လည်း ၁၈ ၊ ၁၉ ဆိုတော့ ရည်းစာ ပူမိနေတာပဲ ဖြစ်မှာပေါ့လို့ ကျွန်တော်က ကိုယ့်ဟာကို တွေးနေမိတာ။ အမေက ဆက်ပြောတယ်။

..... ဟိုကောင်မက ဘာလုပ်သွားတယ် မသိပါဘူး သားရယ်။ နင်ညီမ မအိပ်နိုင် မစားနိုင်နဲ့ ဖြစ်နေတာ သုံးရက်လောက်ရှိနေပြီ။

ကြာကြာချင်း ကျွန်တော်ကြောင်သွားတယ်။ ဟိုကောင်မက လို့လည်း အမေပြောသေးတယ်။ ကျွန်တော်ညီမကလည်း မိန်းကလေး။ ဟာ ... ဘာတွေလဲပေါ့။ မရှင်းလို့ အမေ့ကို သေသေချာချာ ထပ်မေးမှ ပဲ ကျနော် သဘောပေါက်ရတော့တယ်။ အမှန်က ကျွန်တော် ညီမက ခုနက ကျွန်တော်သူငယ်ချင်း လင်းလင်း လိုမျိုး ယောက်ျားရှာ။ ဟိုကောင်မ ဆိုတာက ကျွန်တော်ညီမ ကို ဇာတ်လမ်းလုပ်သွားတဲ့ သူ။

ယောက်ျား အချင်းချင်း တွေသာ ချစ်ကြ ကြိုက်ကြတာမြင်ဖူး တွေ့ဖူးခဲ့တာပါ။မိန်းမအချင်းချင်း ချစ်ကြတယ်ဆိုတာကို ကြာဖူးပင်မဲ့ မမြင်ဖူးခဲ့တဲ့ ကျွန်တော် ကိုယ့်အမျိုးထဲမှာ ဒါမျိုး ရှိနေပါ့လားဆိုတဲ့ အတွေးကြောင့် ငိုအားထပ် ရယ်ချင်နေမိတဲ့ စိတ်ကသာ ပိုနေမိပါတော့တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

စာဖတ်သူများအား ( မိန်းမလီပေါက် ) ဆိုတဲ့ စကားအတွက် ရိုင်းစိုင်းသွားခဲ့ပါက ဒီနေရာလေးကနေ လေးစားစွာ တောင်းပန်လိုက်ရပါတယ်။

June 14, 2011

သူတို့ အကြိုက်

လဲရင်ပြန်ထ ဒါဘဝပဲ လို့ လက်ကိုင်ထားတက်တဲ့ ကျနော့်ညီလေး တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ ကျနော့်ညီလေးနဲ့ ကျနော်ခင်မင်လာခဲ့ကြတာ သူဘလောဂ့်စရေးတဲ့နှစ် ၂၀၀၈ ခုနှစ်လောက်ကပေါ့။ ညီလေးနဲ့ ကျနော်ဆုံဖြစ်ကြတော့ ကျနော်သူ့ကိုမေးဖြစ်တယ်။ ညီလေးက ကဗျာရေးတာ ပိုအားသန်တယ်နော်။ ဘာဖြစ်လို့လည်း ဆိုတာပြောပြပါလားလို့ ကျနော်မေးမိလိုက်တယ်။ ညီ ဘလောဂ့်ရေးဖြစ်ရတဲ့ အကြာင်းအရင်းကတော့ တစ်ခြားမဟုတ်ပါဘူးတဲ့။ ရင်ထဲက ခံစားချက်တွေ ပြင်းထန်လွန်းလို့ ရေးဖြစ်သွားတာပါတဲ့။

တစ်ဖြည်းဖြည်း ကျနော်နဲ့သူ ခင်မင်လာကြရာကနေ ကျနော်အကြောင်းတွေ သူ့ကိုပြောပြဖြစ်သလို ညီလေး တစ်ယောက်လိုဖြစ်လာတဲ့ သူ့ကိုလည်း သူ့အကြောင်းနဲ့ သူ့အကြိုက်လေးတွေကို မေးဖြစ်လာခဲ့တယ်။

တစ်နေ့မနက် ကျနော်အလုပ်အားတဲ့ ရက်မှာ သူ့ဆီဖုန်းဆက်ပြီး မနက်စာ ထွက်စားကြတယ်။ သိတဲ့ အတိုင်းပဲပေါ့။ မနက်စာ ဆိုတော့လည်း လဖ္ဘက်ရည်ဆိုင်ပဲပေါ့။

ညီ... စားချင်တာစား... ကိုယ်ကျွေးမယ် ဆိုတော့ ကျနော်အကြိုက်ဆုံး မြန်မာအစားအစာပဲ စားမယ်ဗျာတဲ့.....။ ကျနော်ကတော့ အစားအသောက်သိပ်ရွေးတဲ့ ကောင်မဟုတ်တဲ့ အတွက် အဆင်ပြေရာ မှာစားလိုက်တယ်။ ကျနော့်ညီလေးကတော့ သူ့သိပ်ကြိုက်တဲ့ ဗမာ အစာအစား ဖြစ်တဲ့ ပဲပြုတ် နဲ့ ထမင်းကြော်မှာစားခဲ့တယ်။

မနက်စာ စားပြီးတော့ စိတ်ကူးတစ်ခုရတာနဲ့ သူ့နဲ့ကျနော် ဈေးဝယ်ထွက်ခဲ့ကြပြန်တယ်။ ရေမွှေးဆိုင်ထဲမှာ တစ်မျိုးပြီးတစ်မျိုးရွေးနေတဲ့ ကျနော့်ကို ကြည့်ပြီး သူတစ်ချက်ပြုံးလိုက်တယ်။ မနေနိုင်မထိုင်နိုင် ကျနော်က ညီ ဘာပြုံးတာလဲလို့ ကျနော်ကမေးတော့ .... ဘာမှမဟုတ်ပါဘူး အကိုရာ ရွေးနေတဲ့ အစ်ကို့ကို ကြည့်ပြီး ရယ်ချင်လို့ပါ။ ဘာလည်း မင်းက ရေမွှေးမသုံးဘူးလား.... လို့ ကျနော်ပြန်အမေးမှာတော့..... ကျနော်ရဲ့ ပင်ကိုယ်အနံ့ ကိုကမွှေးနေတာ .... ရေမွှေးမသုံးပါဗျာ... တဲ့။ ကောင်းရောပေါ့.......။

Fancyဆိုင်ရှေ့ရောက်တော့ ဘာမပြောညာမပြောနဲ့ ဆိုင်ထဲဝင်သွားပါတော့တယ်။ နာရီကောင်တာရှေ့မှာ စိတ်ဝင်တစားနဲ့ကြည့်နေတဲ့ ညီလေးကို ဘာလဲဆိုတဲ့ အကြည့်နဲ့ ကျနော်က သူ့ကိုကြည့်လိုက်တော့ .... ကျနော်အကြိုက်ဆုံးက နာရီပဲ တဲ့။ နာရီဆို အရူးအမူးပါပဲ တဲ့လေ။

ကျနော့်ဆီလာတိုင် Reebok ဖိနပ်ကို စီးစီးလာတဲ့ သူ့ကို ကျနော်သတိထားမိတယ်။ ဒါလည်း သူ့ ကြိုက်တဲ့ အရာတွေထဲက တစ်ခုပဲဖြစ်မှာသေချာတယ်။ ဒီလိုနဲ့ ကျနော် စင်ကာပူလာခါနီးမှာ ကျနော့်ကို လက်ဆောင်တစ်ခုလာပေးသွားတယ်။ အစ်ကို ဘာကြိုက်လဲတော့ ညီလည်း မသိဘူး။ ဒါပင်မဲ့ ညီ ခရီးသွားရင်း အမြဲမပါမဖြစ် အမြဲယူသွားတက်တဲ့ အကျင့်အတိုင်း အစ်ကို့ကို ဒိုင်ယာရီ စာအုပ်လေးပဲ လက်ဆောင်ပေးလိုက်တော့မယ်။

ညီ မင်းကောင်မလေးနဲ့ အကို့ကို မိတ်ဆက်ပေးအုံးလေကွာ။

..... ဖြည်းဖြည်းပေါ့ အကိုရာ.....။

ကျနော်လေဆိပ်ဆင်းတဲ့ နေမှာတော့ သူ့ကောင်မလေးနဲ့ အတူ ကျနော့်ကိုလေဆိပ်လိုက်ပို့ပါတယ်။ တစ်ခါက ကျနော့်ကို ပြောပြဖူးတဲ့ စိတ်ကူးထဲက ကောင်မလေး ပုံစံနဲ့ တစ်ထပ်တည်း ကျနေလို့ ကျနော်တောင် အံ့သြရပါသေးတယ်။ စိတ်ကူးထဲက ကောင်မလေးရဲ့ ပုံစံက အေးအေးဆေးဆေးနေတက်တဲ့ သူ၊ မြန်မာဆန်တဲ့ စရိုက်ရှိတဲ့ သူလို့ ပြောတဲ့အတိုင်းပါပဲ။

တစ်နေ့က ကျနော်နဲ့သူ အွန်လိုင်းမှာတွေ့ဖြစ်ကြတယ်။
ဘာတွေလုပ်နေလဲ ညီ.....။
အကိုမရှိတော့ ကျနော်လည်း ခရီးမထွက်ခင် မရောက်ဖူးသေးတဲ့ နေရာတွေကို ကျနော်ရဲ့ဝါသနာအတိုင်း လေ့လာရေးခရီး ထွက်ဖြစ်တယ် အကို။ နောက်လလောက်ဆို ကျနော်လည်း လစ်ပြီ အကို... တဲ့။

သူ ခရီးမသွားခင် အပတ်အလိုလောက်မှာ ကျနော်ဖုန်းခေါ်လိုက်တယ်။

ညီ... မင်းအတွက် လူကြုံရှိတာနဲ့ လက်ဆောင်ထည့်ပေးထားတယ်။ မနက်ဖြန်လောက်ဆို လာပေးလိမ့်မယ်။

ဘာလဲ အကို....။

တစ်ခြားတော့ မဟုတ်ပါဘူး။ မင်းကြိုက်တဲ့ အဖြူရောင်လည်းဖြစ်၊ ခရီးသွားရင် မင်းသုံးဖို့အတွက် အဖြူရောင် ဒိုင်ယာရီ စာအုပ်လေးပါကွာ။ ငါ့ညီအတွက် အကို့ရဲ့ လက်ဆောင်ပေါ့ကွာ။

ဝမ်းသာအားရနဲ့....။

ဟာ... ကျေးဇူး အကို ကျေးဇူး ကျေးဇူး။ အရမ်းဝမ်းသာတယ်ဗျာ။ ဟိုးရောက်ရင် ကျနော် အကို့ကို ဆက်သွယ်လိုက်မယ်နော်။

ဖုန်းမချခင်မှာပဲ.....။

ဟေ့ ညီ.... မင်းလေဆိပ်ဆင်းရင်လည်း မင်းကြိုက်တဲ့ အဝတ်အစာ ဒီဇိုင်းတွေ ဝတ်မသွားနဲ့ အုံးနော်။ ကိုယ်သွားရမဲ့ နိုင်ငံက အမေရိကား ဆိုတာလည်း မမေ့နဲ့အုံး......။

ကျနော်ရဲ့ စကားအဆုံးမှာတော့ တစ်ဖက်က ဟက်ဟက်ပက်ပက် ရယ်နေသံကို အတိုင်သာ ကြားနေရပါတော့သည်။

ကျနော်ညီ အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ အဝတ်အစာဒီဇိုင်းက ဘောင်းဘီတို၊ စွတ်ကျယ်၊ ပုဆိုးကွင်းသိုင်းပြီး လက်ထဲမှာလည်း လေးခွတစ်လက်ကိုင်ထားတဲ့ ရွာက ကလေးတွေရဲ့ ပုံစံ ဖြစ်နေလို့ပါပဲ။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်- ညီငယ်တစ်ဦးရဲ့ စိတ်ကြိုက်အရာများကို စိတ်ကူးဖြင့် ဇာတ်လမ်းထွင်ထားခြင်းသာ ဖြစ်ပါသည်။ ညီငယ် ဘယ်သူလဲ ဆိုတာတော့ စိတ်ကူးနဲ့သာ ရှာကြည့်လိုက်ပါတော့ဗျာ။

May 15, 2011

ပြည်တော်ပြန် ( ၂ )

ပြည်တော်ပြန် အပိုင်း (၁) ရေးပြီးတော့ အပိုင်း ( ၂ ) ကိုရေးဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားပါသေးတယ်။ သိစိတ်က ဆက်ရေးဖို့ နိုးဆော်ပင်မဲ့ မသိစိတ်ကတော့ အပိုင်း ( ၂ ) ဆက်ရေးဖို့ရန် အားမပေးခဲ့ပါ။ အပိုင်း ( ၂ ) ကိုရေးမယ်လုပ်လိုက် စိတ်ကူးတွေ ပျောက်သွားလိုက်နဲ့ အဆင်မပြေ ဖြစ်နေခဲ့ပါတော့သည်။

မြန်မာလူမျိုးဖြစ်တဲ့ ကျွန်တော်တို့ မိသားစုအတွက် ရှေ့ထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ စကားလေးအတိုင်း အမေ မှာလိုက်တဲ့ စကားလေးကို အသိနဲ့သတိကပ်ပြီး ကျွန်တော်တို့ ထွက်လာခဲ့ကြပါတယ်။ အရာရာ သတိထားရင် ဘယ်အရာမှ လွန်လွန်ကျွံကျွံ မဖြစ်ဘူးဆိုတာ မှန်ပါတယ်။ အိမ်ကို ပြန်ရောက်တဲ့ အချိန်က ညနေ ရ နာရီကျော်နေပြီး ဖြစ်တာကြောင့် အိမ်မှာ မျှော်နေတဲ့ ကျွန်တော့်အမေ ဆိုင်ကယ်သံ ကြားလိုက်မှပဲ သက်ပြင်းရှည်ရှည် တစ်ချက်ချလိုက်နိုင်မှန်း ကျွန်တော် နားလည်လိုက်ပါတယ်။

ဒီလိုနေ့ ဒီလိုရက်ကို ရောက်ဖို့ ကျွန်တော် စောင့်လာခဲ့တာ ကြာခဲ့ပါပြီ။ ဒီရက်လေး ဖြစ်လာခဲ့ဖို့ အတွက် ကျွန်တော်ရင်ထဲက ဆန္ဒတွေကို ထိန်ချုပ်ခဲ့တာလည်း နှစ်နဲ့ချီနေပါပြီ။ ကျွန်တော်လိုပဲ အမေလည်း ဖြစ်နေမယ်ဆိုတာ ကျွန်တော် ခံစားနားလည်ပေးလို့ ရနိုင်ပါတယ်။ မိဘကျေးဇူးကို တနည်းအားဖြင့် ဆပ်ရာလည်း ရောက်သလို အမေ့အတွက် တစ်ဦးတည်းသာ ရှိတော့တဲ့ သားတစ်ယောက်ကို သာသနာ့ဘောင် သွတ်သွင်းပေးရခြင်းမှာလည်း ထူးမြတ်လှတဲ့ ကုသိုလ်ပဲ ဖြစ်ပါတော့သည်။

မျက်နှာအောက် တည့်တည့်မှာရှိနေတဲ့ သဘတ်အဖြူရောင်ကို ကြည့်ပြီး အဖေဆုံးတုန်းကတောင် မကျမိခဲ့တဲ့ မျက်ရည်တွေ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ စီးကျလို့လာပါတော့တယ်။ ကျွန်တော် ဝမ်းနည်း၍ကျတဲ့ မျက်ရည်မဟုတ်ပါ။ လူ့လောကကြီးထဲကိုရောက်အောင် ပို့ပေးခဲ့တဲ့ အဖေနဲ့အမေကို တစ်နည်းအားဖြင့် ကျေးဇူးဆပ်နိုင်ခဲ့လို့ပါပဲ။ အမေ့နို့တစ်စက်ရဲ့ ဆယ်ပုံတစ်ပုံလောက်တော့ ကျေနိုင်ကောင်းပါရဲ့ဗျာ။

မြန်မာပြည်မပြန်တာ ၊ တစ်နည်းအားဖြင့် အမေ့အိမ်နဲ့ဝေးနေခဲ့တာ လေးနှစ်လောက်ရှိနေပြီဖြစ်တာကြောင့် အမေ့အနားမှာ နေလိုရသလောက်နေချင်မိတဲ့ ဆန္ဒကြောင့်ရယ်၊ ရတဲ့ခွင့်ရက် တလထဲရတာကြောင့်ရယ်၊ ကိုယ့်စိတ်တိုင်းကျ ခရီးလေး ထွက်ချင်တာကြောင့် ငါးရက်မြောက်တဲ့ နေ့မှာပဲ ကျွန်တော် လူထွက်လိုက်ပါတယ်။ ကျွန်တော်နဲ့ အတူတူပြန်လာတဲ့ သူငယ်ချင်းကတော့ တစ်ရက်နဲ့လူထွက်ပြီး မြိတ်ကို ဆင်းသွားပါတော့တယ်။ မပြန်ခင်ကတည်းက ကြိုစီစဉ်ထားတာကြောင့် သူလည်း မြိတ်မှာ ကြာကြာမနေရပဲ ရန်ကုန်ကို ပြန်တက်လာခဲ့ပါတော့တယ်။

၂၀၀၀ - ၂၀၀၄ လောက်က တစ်နှစ်ကို အနည်းဆုံး တစ်ခေါက်လောက်ရောက်ဖြစ်ခဲ့တဲ့ နေရာလေး တစ်ခုရှိပါတယ်။ ဘယ်အချိန်သွားသွား မရိုးနိုင်ခဲ့တဲ့ နေရာလေးပါ။ သဘာဝအလှနဲ့ ပင်ကိုယ်စတိုင်ရှိနေတဲ့ နေရာလေး တစ်ခုပါ။ သူငယ်ချင်းတွေ ဆုံမိလို့ပဲ ဖြစ်ဖြစ်၊ ရုံးရက်ရှည်ပိတ်ရက် ရှိလိုပဲဖြစ်ဖြစ်၊ လက်ထဲမှာ ပိုက်ဆံ ပိုပိုလျှံလျှံလေး ရှိနေလို့ပဲ ဖြစ်ဖြစ် ခဏခဏ ရောက်ဖြစ်ခဲ့တဲ့ နေရာလေးပါ။ အခုတစ်ခေါက် ပြည်တော်ပြန် ခရီးမှာလဲ ကျွန်တော် သတိတရနဲ့ သွားချင်နေမိတဲ့ ခရီးစဉ်လေးလည်း ဖြစ်သလို၊ ကျွန်တော် နဲ့အတူတူပြန်တဲ့ သူငယ်ချင်းကလည်း တစ်ခေါက်မှ မရောက်ဖူးလို့ သွားချင်တာကတစ်ကြောင်း၊ မိသားစုနဲ့လည်း အိမ်မှာနေရတာထက် ပျော်ပျော်ရွှင်၇ွှင် ခရီးလေး ထွက်ချင်တာကြောင့် ဒီခရီးစဉ်လေးကို ကျွန်တော့် အသိအမတစ်ယောက်ရဲ့ အကူအညီနဲ့ သွားရေး၊လာရေး၊ နေရေး တို့ကိုစီစဉ်ခိုင်းလိုက်ပြီး စားရေးကိုတော့ အဖွဲ့တောင့်တာကြောင့် အခြောက်အခြမ်း အကြော်အလှော်ကိုတော့ အိမ်မှာလုပ်ပြီး ထည့်သွားခဲ့ကြပါတယ်။ အဲဒီနေရာလေးကတော့ ချောင်းသာ ပဲဖြစ်ပါတယ်။

နှစ်ညအိပ် သုံးရက်ဆိုပင်မဲ့ စိတ်ထဲကျေနပ်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ လမ်းခရီးမှာလည်း စိတ်အနှောက်အယှက်ဖြစ်စရာ ဘာတစ်ခုမှ မရှိပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော်ပျော်တယ်ဆိုတာထက် အမေပြုံးပျော်နေတာကို ကြည့်ပြီး ကျွန်တော်ကျေနပ်ဝမ်းသာဖြစ်ရတယ်။ အမေကတော့ ကျနော်ပိုက်ဆံကုန်တာကြည့်ပြီး စိတ်မကောင်းဖြစ်လို့ ကျွန်တော်ကပဲ ပြန်ပြီး အားပေးခဲ့ရပြန်ပါတယ်။ ပိုက်ဆံပဲ ကုန်မှာပေါ့ အမေရယ်။ သားရှိနေသေးတာပဲ ဘာလိုသေးလဲ။ သားရှိရင် ပိုက်ဆံရှိ တာပဲပေါ့ ဟုတ်ဖူးလား.........။

ကျွန်တော်တို့ရဲ့ခွင့်ရက်လေး ၁၅ဟာ ကုန်မှန်းမသိကုန်သွား လိုက်တာ စိတ်ထဲ နှမျောနေမိပြန် ပါတော့တယ်။ ဒီလိုနဲ့ အမေဆီမှာ ခွင့်တောင်းပြီး ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ကျောပိုးအိတ် ခရီးစဉ်လေးကို စတင်လိုက်ပါတော့တယ်။

ကျောပိုးအိတ်တစ်ယောက် တစ်လုံးစီဖြင့် ရန်ကုန် အဝေးပြေးလမ်းမကြီးဆီမှ အေးချမ်းလှပြီးဖြစ်တဲ့ ရာသီမှာ အေးချမ်းလွန်းတဲ့ ဒေသဆီသို့ ခရီးဆက်ခဲ့ကြပါတော့တယ်။ ဒီတစ်ခါမှာတော့ စိတ်တူကိုယ်တူ ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်သာ ပါလာပါတော့တယ်။ တစ်ခါမှ မရောက်ဖူးသေးတဲ့ ဒေသဖြစ်တာကြောင့် သူငယ်ချင်းက သွားချင်ပင်မဲ့ ကျွန်တော်နဲ့ကတော့ တစ်ချိန်တုန်းက ရင်းနှီးဖူးခဲ့ပြီး ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသလေးပဲ ဖြစ်ပါတယ်။

ကြိုတင်ဆွဲထားးခဲ့ကြတဲ့ အတိုင်း တောင်ကြီးမှာ တစ်ည၊ ပင်လောင်းမှာ တစ်ည၊ အောင်ပန်းမှာ တစ်နေ့နှင့် ကျွန်တော်နှစ်သက်လှတဲ့ မြို့လေးဖြစ်တဲ့ ကလောမှာတော့ နှစ်ညအိပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ် ကျွန်တော် မြို့ခံ တစ်ယောက်လိုမျိုးအဖြစ်နဲ့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်သူငယ်ချင်းကို ဆရာကြီးလုပ်ပြီး ကျွန်တော်ရောက်ဖူးခဲ့ပြီးပြီ ဖြစ်တဲ့ နေရာတော်တော်များများကို အိပ်ချိန်စားချိန်မှလွဲ၍ မနားရအောင် ကျွန်တော်လိုက်ပို့ပေးဖြစ်ခဲ့ပါတယ်။

လက်ထဲမှာလည်း ပိုက်ဆံက ရှိနေသေးတာကြောင့် အချိန်ကို ထပ်ခိုးလိုက်ပီး ကျွန်တော်တို့ နှစ်ယောက် ပြင်ဦးလွင်ကို ခရီးဆက်လိုက်ကြပါတော့တယ်။ ပြင်ဦးလွင်ကို ရောက်တယ်ဆိုရင်ပဲ ရာသီဥတု အခြေအနေ၊ ပတ်ဝန်းကျင် အေးချမ်းမှု၊ စိတ်လက်ပေါ့ပါလန်းဆန်းသွားအောင် ဆွဲဆောင်နိုင်လှတဲ့ သဘာဝ အလှများကြောင့် ကျွန်တော်တို့နှစ်ယောက် ခရီးပင်ပန်းခဲ့သမျှ စိတ်ရှိလက်ရှိ အနားယူလိုက်ကြပါတော့တယ်။

ခွင့်ရက် ၁၀ရက်တောင် မကျန်တော့တာက တစ်ကြောင်း၊ မပြန်ခင် အမေနဲ့ အေးအေးဆေးဆေး စကားတွေပြောပြီး နေချင်တာကြောင့် ပြင်ဦးလွင်ရောက်ပြီး နှစ်ညအိပ်ရက်မြောက်မှာပဲ ကျွန်တော်တို့ရဲ့ ကျောပိုးအိတ်ခရီးစဉ်လေးကို အဆုံးသတ်လိုက်ကြပါတော့တယ်။ အသွားတုန်းက ကျောပိုးအိတ် တစ်ယောက် တစ်လုံးစီဆိုပင်မဲ့ အပြန်ခရီးမှာတော့ လက်ဆောင်ပစ္စည်းများဖြင့် အထုပ်အပိုးကိုယ်စီ ဖြစ်သွားကြပါတယ်။

တစ်ဖြည်းဖြည်းနဲ့ ရက် ၃၀ ခွင့်လည်းကုန်လို့ တစ်ကျွန်းပြန်ဖို့ လက်မှတ်၊ စာအုပ်လေးကိုင်ပြီး တစ်ကျွန်းပြန်ခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ကျွန်တော်ရဲ့ ပြည်တော်ပြန် အပိုင်း(၂)ကို အဆုံးသတ်ရင်း ၂၀၁၂ ဇန်နဝါရီလမှာ ပြန်ဖို့ ရည်ရွယ်ထားတဲ့ ကျွန်တော်ရဲ့ စိတ်ကူးလေးကို စိတ်ကူးယဉ်ပြီး ရေးဖွဲ့ထားတာ ဖြစ်ပါကြောင်း လေးစားစွာဝန်ခံလိုက်ရပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

May 7, 2011

ရောက်တက် ရာရာ အတွေးများ

ရင်တွင်း ခံစားချက်ကို
ရေတွင်း အတိမ်အနက်နဲ့
နှိုင်း လို့ ရနိုင်ပါ့မလား။

မေတ္တာဆိုတဲ့ ရောင်ပြန်ဟပ်မှုကရော
အဝေးပြေးလမ်းမကြီးအတိုင်း
အသွား၊ အပြန်ရှိတယ်လို့
သက်မှတ်လို့ရ ရဲ့ လား။

အချစ်... အချစ်လို့သာ ပြောနေကြတာ
သူနဲ့တွေ့တော့လည်း
ဘာများပြောနိုင်သေးလို့လဲ။

အတ္တကို အဖော်ပြု၊
မာနကို ဖင်ခုထိုင်နေကြတာ
နောက်ဆုံးတစ်နေ့တော့ ဒီလမ်းပဲ
သွားကြရမှာ မဟုတ်လား။

ဘာဖြစ်လဲ၊ ဘာဖြစ်ချင်လဲ၊
ဖြစ်ချင်တာထက်၊ ဖြစ်သင့်တာကိုပဲ
လုပ်နေကြရတာပဲ မဟုတ်လား။
ဘာများထပ်ဖြစ်ချင်သေးလို့လဲ....

တစ်နေ့တစ်နေ့ ကုန်သွားလိုက်တဲ့အချိန်တွေ
နာရီတံ နောက်ပြန်လှည့်လို့ရမယ်ဆို
လွန်ခဲ့တဲ့ နှစ်၂၀ကို ပြန်သွားလိုက်ချင်တယ်။

အခုလည်း မသွားချင်လို့ မဟုတ်ပါဘူး။
သွားချင်လို့ရတဲ့ အခြေအနေပါ။
ဒါပင်မဲ့ ရောက်နေတဲ့ နေရာကို ရပ်ကြည့်လိုက်တော့
ခြေတစ်လှမ်းက သင်္ချိုင်း နယ်နိမိတ်ထဲမှာ။

တပည့်ဝတ် ဆိုတာလည်း ယူခဲ့ပြီးပြီ။
သားသမီးဝတ်ဆိုတာလည်း ပုခုံးပြောင်း ထမ်းတင်ထားစဲ။
ဆရာဝတ်ကတော့ လိုအပ်တဲ့ အချိန်တိုင်းမှာ ထုတ်သုံးမိမြဲ။
မိဘဝတ်တော့ ကျန်ရှိနေသေးတဲ့ ခြေတစ်လှမ်းနဲ့ ကြိုးစားနေတုန်း။

လေးစားစွာဖြင့်
ရီနိုမာန်

April 17, 2011

မှောင်သောညမှာ နှစ်သစ်ကူးခဲ့ပြီ

ကျနော်တို့ အလုပ်မှာ မြန်မာ ခြောက်ယောက်ရှိပါတယ်။ အရင်တုန်းကတော့ နှစ်ယောက်တည်းရှိတယ်။ အဲအချိန်တုန်းကတော့ သင်္ကြန်ကို ကျလည်းကိစ္စမရှိ၊ မကျလည်း ကိစ္စမရှိဘူးပေါ့။ ခုခြောက်ယောက်ဖြစ်လာပြီး ဆိုတော့ နောက်နှစ်တွေမှာလည်း မြန်မာနှစ်ကူးဆိုပြီး ပိတ်ဖို့ အတွက် ကျနော် စီစဉ်ရတော့တာပေါ့။ ကျန်တဲ့ ငါးယောက်ကို မေးတော့လည်း ပိတ်ချင်သလိုလို မပိတ်ချင်သလိုလို လုပ်နေကြပြန်တယ်။ ကျနော်ကပဲ သဌေးကို စနေနေ့က ငါတို့ နှစ်ကူးနေ့။ အလုပ်နားချင်တယ်လို့ ပြောလိုက်တယ်။ အမှန်က ကျနော်တို့ စနေနေ့အလုပ်ဆင်းရင် တစ်နေ့ကုန် OTရတာပါ။ ဒါကြောင့်လည်း ကျန်တဲ့ ငါးယောက်က အင်းတင်းတင်း လုပ်နေတာပါ။ ကျနော့် စကားတော့ အားလုံးက နားထောင်ကြပါတယ်။ အလုပ်ပိတ်ဖို့တော့ ပြောလိုက်ပြီ။ အိမ်မှာပဲနေမှာလား။ ဘာလုပ်မှာလဲ။ အခုခုတော့ လုပ်ကြရအောင်လို့ တိုင်ပင်လိုက်တော့ ကျနော်အရင်တစ်ခါက ရောက်ဖူးတဲ့ ကျွန်းကိုလိုက်ပို့မယ်လို့ ပြောထားဖူးတာကြောင့် အဲကျွန်းကိုသွားမယ်လို့ ပြောလာကြတယ်။
ကုဆုကျွန်း အဝင်

သူငယ်ချင်းနှစ်ယောက်ကို ဖုန်းဆက်ပြီး လိုက်ကြမလားလို့ မေးလိုက်တော့ တစ်ယောက်မှ မငြင်းကြပါဘူး။ ဒီလိုနဲ့ ကျနော်တို့ အဖွဲ့ စနေနေ့ မနက်သွားဖို့ အတွက် ပြင်ဆင်ရပါတော့တယ်။ ဟိုမှာ ဘာမှ မရှိဘူးဆိုတာ ကျနော်ကသိထားတော့ စားစရာသောက်စရာတွေ အတွက်စီစဉ်ရပါတယ်။ ကြာဇံကြော်၊ ခေါက်ဆွဲကြော် နဲ့ ထမင်းထည့်သွားဖို့ အတွက် သောကြာနေ့ညက ဈေးသွားဝယ်ခဲ့ပါတယ်။ ညပိုင်းကျတော့မှ ကြော်လှော်ဖို့ လုပ်ရပါတယ်။ မနက်ကို အိမ်ကနေ ၆ နာရီလောက်ထွက်မယ်လို့ ပြောထားပင်မဲ့ အတူလိုက်မဲ့ သူငယ်ချင်းဖုန်းလှမ်းဆက်မေးမှ အိပ်ရာက ထကြရပါတယ်။ အချိန်ကို ကြည့်လိုက်တော့ ၆နာရီနဲ့ မိနစ် ၂၀ ဖြစ်နေပါပြီ။ညကတည်းက ပြင်ဆင်ထားတာ။ ဟိုရောက်တော့ ကြာဇံကြော်တွေ ဝဲလိုက်ရတယ်။

မရီနာ MRTကိုရောက်တော့ ၈နာရီထိုးသွားပြီ။ သဘောင်္ဆိပ်ကို သွားဖို့ ကားကလည်း တစ်စီးပဲ ရှိတယ်။ တစ်စီး တစ်စီးကို နာရီဝက်လောက်တော့ စောင့်ရတယ်။ သဘောင်္ဆိပ်ကိုရောက်တော့ ၈နာရီခွဲ။ လက်မှတ်ရောင်းတဲ့ ကောင်တာကိုသွားကြည့်တော့ ရောင်းတဲ့ လူတောင် မရောက်သေးဘူး။ လက်မှတ်မဝယ်ခင်မှာပဲ သူငယ်ချင်းများက ညအိပ်လို့ မရဘူးလားဆိုတဲ့ စကားအဖြစ်ပြောလာကြတော့ အိပ်လို့ရမရ တစ်ခါတည်းမေးလိုက်တော့ ရပါတယ်တဲ့လေ။ အကြိုက်ပေါ့။ ဒီလိုနဲ့ ၉နာရီ ၁၀မိနစ်လောက်မှာ စထွက်လာခဲ့ကြပါတယ်။ လက်မှတ်ခက ၁၅ဒေါ်လာပါ။ ခရီးစဉ်အရ စိန်ဂျွန်ကို အရင်းပို့ပေးပါတယ်။ စိန်ဂျွန်ကနေမှ ကုဆုကျွန်းကို သွားရမှာပါ။ သဘောင်္ပေါ်ရောက်တော့ ကျွန်းပေါ်မှာ အိပ်မယ်ဆိုတဲ့ အစီအစဉ်ဖြစ်သွား ရပါတော့တယ်။ အစားအသောက်တွေလဲ လောက်ငှတာကြောင့် အိပ်ဖို့ ဇယားဆွဲလိုက်ပါတော့တယ်။ ၉နာရီ ၄၅မိနစ်လောက်မှာ စိန်ဂျွန်ကို ရောက်ပါတယ်။
သဘောင်္အပေါ်မှာ ဆော့နေကြစဉ်
စိန်ဂျွန် ကျွန်းပေါ်ရောက်ပါပြီ

ကျွန်းကိုရောက်ရောက်ချင်းမှာပဲ မနက်စာ စားဖို့ပြင်ဆင်ပါတော့တယ်။ မနက်စာကို သူငယ်ချင်းဝယ်လာတဲ့ ကောင်ညှင်းပေါင်း ၁၀ထုပ်ကို ၁ယောက် တစ်ထုပ်စားကြပါတယ်။ ကျနော်တို့ အားလုံးပေါင်း ၁၀ယောက်ဖြစ်သွားပါတယ်။ ကျနော်တို့၆ ယောက်ရယ်၊ သူငယ်ချင်း နှစ်ယောက်ဆီမှ တစ်ယောက်ဆီ ထပ်တိုးလားပါတယ်။ ပိုပျော်စရာကောင်းသွားပါတယ်။ မနက်စာ ကောင်ညှင်းပေါင်း စားလို့ အပြီးမှာတော့ ရေထဲဆင်းဖို့ ပြင်ကြပါတယ်။ နံက်စာ စာပြီးလို့ ရေထဲဆင်းဖို့ ပြင်နေစဉ်

အိမ်ကနေဘောလုံး တစ်လုံးလည်း ပါသွားတာကြောင့် ရေထဲမှာ ခွေးရူးလိုက်တိုင်း ကစားကြပါတယ်။ အားလုံး၁၀ယောက်မှာ ရေကူးတက်သူ ကျနော်အပါအဝင် ၄ယောက်ပဲရှိပါတယ်။ မကူးတက်တဲ့ လူတွေကို ရေနက်ပိုင်ထဲကို ဆွဲခေါ်သွားပြီ ဝိုင်းစကြပါတယ်။ ကံကောင်းချင်တော့ အဲ့နေ့ နေလုံးဝ မပူခဲ့ပါဘူး။ ဒါတောင် ကျနော်တို့နေလောင်ဒဏ်ကို ခံလိုက်ကြရပါသေးတယ်။ဘောလုံးလည်း ကန်ကြပါသေးတယ်
ရေထဲမှာလည်း ကဲနေကြပါတယ်

သောင်ပေါ်မှာ ဟိုခြစ်ဒီခြစ်

ရောက်ကတည်းက ရေဆော့နေလိုက်ကြတာ ၂ နာရီထိုးတဲ့ အထိပါပဲ။ ဗိုက်ကလည်း ဆာလာတာကြောင့် ကမ်းပေါ်တက်၊ ရေချိုချိုးပြီး နေလည်စာ စားမယ်လုပ်တော့ ညက ကြော်လာတဲ့ ကြာဇံကြော်တွေ စားလို့ မရတော့ပါဘူး။ တော်သေးတာက ကျနော် ခေါက်ဆွဲကြော်ရယ် သူငယ်ချင်းတစ်ယောက် ကြော်လာတဲ့ခေါက်ဆွဲကြော်ရယ် ရှိတာကြောင့် ထမင်းနဲ့ ငါးခြောက်ကြော်ကို သိမ်းထားပြီး ခေါက်ဆွဲကြော်ကိုပဲ မျှစားလိုက်ကြပါတော့တယ်။
နှစ်ယောက်က ရေသွားချိုးနေလို့ မပါတော့ဘူး
Star Fish နှစ်ကောင်လည်း ဖမ်းမိတယ်။ ဓါတ်ပုံရိုက်ပြီး ပြန်လွှတ်ပေးလိုက်တယ်။


ဒီလိုနဲ့ ၃နာရီလောက်မှာ ကျွန်းပေါ်လျှောက်ကြည့် ဓါတ်ပုံရိုက်ကြနဲ့ သဘောင်္အလာကို စောင့်နေခဲ့ပါတယ်။ ၃နာရီ ၄၅မှာ သဘောင်္ရောက်လာပါတယ်။ သဘောင်္နဲ့ ကုဆုကျွန်းကိုထွက်ခဲ့ကြပါတော့တယ်။ ပထမတော့ ကျွန်းပေါ်မှာ ညအိပ်မှာ အားလုံးပါပဲ။ ဒါပင်မဲ့ တစ်ယောက်ကသူငယ်ချင်းနဲ့ ချိန်းထားတာကြောင့် ည မအိပ်ပဲ ပြန်သွားခဲ့ပါတယ်။ ကျနော်တို့ ၉ ယောက်ပဲကျန်ခဲ့ပါတယ်။ ကုဆုကျွန်းကိုရောက်တဲ့ အချိန်က ရေကျနေတဲ့ အချိန်ဖြစ်တာကြောင့် ကျွန်းပေါ်ပတ်ကြည့် ဓါတ်ပုံရိုက်လုပ်ရင်း ဒီရေအတက်ကို စောင့်ခဲ့ကြပါတယ်။ ၅နာရီခွဲလောက်မှာတော့ ရေဆော့လို့ ရတဲ့ အခြေအနေရောက်လာတာကြောင့် အားလုံးရေထဲ ဆင်းလိုက်ကြပါတယ်။ သိပ်မနေလိုက်ရဘူး။ မှောင်လာတာနဲ့ ရေချိုး အဝတ်လဲပြီး ထမင်းစားဖို့ ပြင်ဆင်ပါတော့တယ်။

ဒါကျနော်တို့ ညစာ

ကျွန်းပေါ်မှာ ဘာမီးမှ မရှိပါဘူး။ မှောင်မှောင်မဲမဲ ထဲမှာပဲ လရောင်နဲ့နေခဲ့ရတဲ့ စင်ကာပူက ညလေးတစ်ညအဖြစ်နဲ့ရော မြန်မာသင်္ကြန်အတက်နေ့ အဖြစ်နဲ့ အဝေးမှာ ရှိတဲ့ စင်ကာပူည အလှကို အမှောင်ထဲမှာ ရှိတဲ့ ကျနော်တို့ လူကိုးယောက် ခံစားကြည့်ရှုနေကြတယ်ဆိုတာ ဘယ်သူမှ သိလိုက်ကြမှာ မဟုတ်ပါဘူး။ကျွန်းပေါ်က မြင်ရတဲ့ စင်ကာပူ မြင်ကွင်း

မနက် ၁၀နာရီ ၁၅အခေါက်နဲ့ ပြန်ဖို့ အဆင်သင့် ဖြစ်နေပင်မဲ့ အချိန်စောနေသေးတာကြောင့် ကျွန်းပေါ်တစ်ပတ်ပတ်ကြည့် ဓါတ်ပုံလိုက်ရိုက်ခဲ့ပါတယ်။ ကြွေကျနေတဲ့ ပန်းလေးတွေကို ကြည့်ပြီး စိတ်ကူးတစ်ခု ရသွားပါတယ်။
စိတ်ကူးကို အကောင်အထည် အမြန်ဆုံးဖော်လိုက်ပါတော့တယ်။ ဒီစိတ်ကူးနဲ့ပဲ အမသုံးယောက်ကို နှစ်သစ်ကူးလက်ဆောင် ပေးခဲ့ပါတယ်

နေလောင်ထားတဲ့ဒဏ်၊ ဆားငန်ရေထဲမှာ ဆော့ထားတဲ့ဒဏ်၊ ညပိုင်း ကောင်းကောင်းအိပ်မပျော်ခဲ့ တာကြောင့် အိမ်ပြန်နားချင်တဲ့ စိတ်က ပြန်ဖို့အတွက် စိတ်စောနေခဲ့ပါတယ်။ တကယ့်တကယ် အိမ်ပြန်ရောက်တော့ နေ့လည် တစ်နာရီထိုးနေပါပြီ။ ရောက်ရောက်ချင်းပို့စ်တင်ဖို့ ကြိုစားပင်မဲ့ ဘယ်လိုမှ မတက်နိုင်ခဲ့တာကြောင့် တရေးတမော အိပ်ပျော်သွားခဲ့ပါတော့တယ်။

မြန်မာ နှစ်သစ်ကို ဒီပိုစ့်လေးနဲ့အတူ ကြိုရင်း နှစ်သစ်မှာ ပျော်ရွှင်စရာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

April 4, 2011

( ၂ ) နှစ်ပြည့် သွားတဲ့ ရီနိုမာန်

ဘာလိုလိုနဲ့ ( ၂ )နှစ်ဆိုတဲ့ အချိန်ဟာ ကုန်မြန်လွန်းလိုက်တာလို့ တွေးလိုက်မိပါတော့တယ်။ မနှစ်က ဒီလိုအချိန်မှာပဲ အကိုတွေ အမတွေဆီက အကူအညီတောင်းခဲ့ပင်မဲ့ ဒီနှစ်တော့ ကျနော်တစ်ယောက်တည်း တိတ်တဆိတ်ဖြတ်သန်းမယ်လို့ စိတ်ကူးထားခဲ့ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလလေးအတွင်းမှာလည်း မိတ်သစ်ဆွေသစ်များ တိုးပွားခဲ့ရသလို မိတ်ဟောင်းဆွေဟောင်းများအဖြစ်နဲ့လည်း ခင်မင်ရင်းနှီးခွင့်တွေ ရခဲ့ရပါတယ်။ လူ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်ပေါင်းကြည့်မှပဲ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိခဲ့ ခင်ခဲ့ မင်ခဲ့ကြရသလို မတူညီတဲ့ ဗီဇလေးတွေကိုလည်း တွေ့မြင်ခံစားလိုက်ရပြန်ပါတယ်။ ဒါလည်း လောက ကပေးတဲ့ အတွေ့အကြုံပေပဲ မဟုတ်လား။

ဒီနေ့ ဒီအချိန်ဟာ ရီနိုမာန် ဆိုတဲ့ ကျနော့်ရဲ့ ဘလောဂ့်(၂)နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ရီနိုမာန်ဆိုတဲ့ နာမည်ဟာ ကျနော်အတွက် ကံကောင်းစေတဲ့ အမည်နာမတစ်ခုပါပဲ။ သူ့ကြောင့် ကျနော် လူတော်တော်များများနဲ့ ခင်မင်ခွင့်ရခဲ့လိုပါပဲ။ ကျနော်ကို ဘယ်သူမှ မသိကြဘူး။ ရီနိုမာန်ဆို လူတိုင်းမဟုတ်တောင် တစ်ချို့သော သူများသိကြတယ်။ ကျနော်က အပေါင်းအသင်း နည်းတယ်။ ရီနိမာန်က သူငယ်ချင်း အပေါင်းအသင်း မောင်နှမ သိပ်ကိုများပါတယ်။ ကျနော်က စာဖတ်ချင်တယ်။ ရီနိုမာန်က စာရေးချင်တယ်။ ကျနော်က တိတ်တိတ်ဆိတ်ဆိတ်နေချင်းတယ်။ ရီနိုမာန်က စိတ်လိုလက်ရ စကားတွေပြောပြီး လုပ်ချင်တာကို လုပ်နေတက်တယ်။ ဒါက ကျနော်နဲ့ ရီနိုမာန်နဲ့ မတူညီတဲ့ အချက်တွေပါ။ နောက်တစ်ခုရှိသေးတယ်။ ကျနော်က တွေ့တဲ့ လူတိုင်းကို မခင်တက်ပင်မဲ့ ရီနိုမာန်ကတော့ တွေ့တဲ့လူတိုင်းကို ခင်တက်မင်တက်တယ်။ ကျနော်နဲ့ရီနိုမာန် တစ်သားတည်းဖြစ်အောင် ကျနော်ကြိုးစားကြည့်ပါတယ်။ တစ်ချို့သာ ထပ်တူကျခဲ့ပင်မဲ့ တစ်ချိုကတော့ ညှိ့လို့ မရခဲ့ပါဘူး။

ကျနော်တစ်ခါက ရီနိုမာန်ကို စာမရေးဖို့ တောင်းဆိုခဲ့ဖူးတယ်။ မင်းစာမရေးပါနဲ့တော့ကွာ။ မင်းရေးတဲ့ စာတွေကိုလည်း ဘယ်သူမှစိတ်ဝင်စားတာလည်း မဟုတ်ပဲနဲ့။ မင်းအတွက် အချိန်ကုန်တာပဲ အဖက်တင်မှာပေါ့လို့ ကျနော်ကပြောတော့ ရီနိုမာန်က ကျနော်ကိုပြန်ပြောပါတယ်။ မင်းကို စာမဖတ်ပါနဲ့လို့ ပြောခဲ့ရင် မင်းဘာလုပ်မလဲ။ မင်းဆက်ဖတ်မှာပဲ မဟုတ်လား။ မင်းစာဖတ်တာ ဘယ်သူ့ကိုမှ ထိခိုက်တာမှမဟုတ်တာပဲလို့ မင်းတွေးနေမှာ မလား တဲ့။ အေး ... ငါလည်း ဒီလိုပဲပေါ့။ ငါစာရေးတာ ငါ ဝါသနာပါလို့ ငါရေးတယ်။ ဘယ်သူ့ကိုမှ မနှောက်ယှက်ဘူး။ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့လည်း ငါ ဘယ်သူအပေါ်မှ မဆက်ဆံ့ဘူး။ ငါ့ဟာငါ အေးအေးဆေးဆေးပဲ စာရေးနေတာပါကွာ ..... တဲ့။

ရီနိုမာန်နဲ့ ကျနော် မတူညီတာတွေ ရှိသလို တူညီတာတွေလည်း ရှိလို့နေပြန်ပါတယ်။ ရီနိုမာန်နဲ့ကျနော်က အနုပညာ ဝါသနာတူကြတယ်။ ကျနော်က ကတာခုန်တာ ဝါသနာပါသလို၊ ရီနိုမာန်က စာရေးတယ် သီချင်းနားထောင်တယ်။ တစ်ဖက်သားကို အကောင်းမြင်တာခြင်း တူတယ်။ ပွင့်ပွင့်လင်းလင်း မပြောပင်မဲ့ တစ်ဖက်သား နှစ်နာမဲ့စကားမျိုး မပြောကြဘူး။ ကျနော်က လူတွေအများကြီးနဲ့ ဆက်ဆံ့ဖူးတော့ လူတွေအကြောင်းသိတယ်။ ရီနိုမာန်က လူတွေနဲ့ဆက်ဆံ့ဖူးတာ ခုမှ တစ်နှစ် နှနှစ် ရှိသေးတာဆိုတော့ တစ်ခါတစ်ခါ ကျနော်ရဲ့ အကူအညီတွေယူရတယ်။ တစ်ခါတစ်လေလည်း ရီနိုမာန်ဆီက အတွေ့အကြုံတွေကို ကျနော်က ပြန်လေ့လာရတာလည်း ရှိပါတယ်။ အဲဒီလိုအချိန်ကျရင်တော့ ရီနိုမာန်နဲ့ကျနော်က နားလည်မှုတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်ခဲ့ပါတယ်.

ကျနော်အတွက် ရီနိုမာန်လိုအပ်သလို ရီနိုမာန် အတွက်လည်း ကျနော်ရှိနေဖို့ လိုအပ်နေအုံးမှာပါ။

ဒီနေ့ ရီနိုမာန် ဘလောဂ့် ( ၂ )နှစ်ပြည့်လို့သွားခဲ့ပါပြီ။ ကျနော်ကပဲ ရီနိုမာန်အတွက် ဆုတောင်းပေးချင် မိတာကတော့ ( ၂ ) နှစ်ဆိုတဲ့ အချိန်အတွင်းမှာလဲ သူရေးချင်တာတွေ ရေးခဲ့တယ်။ နောက်ထပ်နှစ်တွေ နှစ်တွေမှာလဲ ဆက်လက်ပြီးတော့ ရေးချင်တာတွေ ရေးနိုင်ပါစေလို့ ဆုတောင်းပေးရင်း...........


လေးစားစွာဖြင့်
ရီနိုမာန်

March 27, 2011

ပြည်တော်ပြန် အပိုင်း - ၁

အမ သက်ဝေရဲ့ အိမ်အပြန် ဆိုတဲ့ ပိုစ့်လေးကိုဖတ်ပြီး ကျနော်လည်း ပြန်ချင်ခဲ့မိတာ အမှန်ပါပဲ။ ဆန္ဓသာ ရှိခဲ့ပင်မဲ့ စိတ်ကူးကို အကောင်အထည်မဖော်နိုင်သေးတဲ့ အချိန်မှာ ပိုစ့်ကိုဖတ်ပြီး အားကျယုံကလွဲလို့ ကျနော် ဘာမှ မတက်နိုင်ခဲ့ပါဘူး။ အဲ့အချိန်တုန်းက ပြန်တဲ့သူတွေ တကယ်ကိုများခဲ့ပါတယ်။ သူတို့တွေကိုကြည့်ပြီး ကျနော်လည်း ပြန်ချင်ခဲ့မိပါတယ်။ သူငယ်ချင်းကို ပြောပြတော့ သူက... ပြန်ပေါ့ ပြန်လို့ရတာပဲ တဲ့။ သူပြောတော့သာ လွယ်တာ။ အိမ်တစ်ခါပြန် ငွေဘယ်လောက်ကုန်တယ် ဆိုတာ သူလည်းသိနေတာပဲ။ အမှန်တိုင်းပြောရရင် လက်ထဲမှာ စုမိထားတဲ့ ငွေအသပြာဆိုတာ ရှိကိုမရှိတာ။

ဒီတစ်ခါတော့ ကျနော့်စိတ်ကူးတွေ တကယ်ဖြစ်လာတော့မယ်ဆိုတဲ့ စိတ်နဲ့ပျော်နေမိတယ်။ ပျော်နေတယ် ဆိုတာကလည်း အမေနဲ့ကျနော်တွေ့ရတော့မယ်။ အမေလည်း ကျနော်ကို တွေ့ချင်နေမှာပါ။ ကျနော် စလုံး ကို ရောက်တာ လေးနှစ်တောင်ပြည့်တော့မှာကိုး။ ပထမ ကျနော့်ရဲ့စိတ်ကူးက ( ၄၅ ) ရက်ခွင့်တင်ပြီပြန်မယ်ပေါ့။ တကယ့်တကယ်ခွင့်ပေးတော့ ရက် ( ၃၀ ) ပဲရပါတယ်။ အများဆုံးရ နားလည်မှုနဲ့ ၃၃ ရက် ၃၄ရက်ပေါ့။ ကွန်းပလိန်းပေးကြည့်ပါသေးတယ်။ ငါတို့ မပြန်တာ လေးနှစ်ရှိသွားပြီလေ ဆိုတော့ မင်းပြန်ချင်ရင် ပြန်၊ မပြန်ချင်ရင်လည်း မပြန်နဲ့ ငါခွင့်ပြုတာ တစ်လပဲ ဆိုတာကြောင်း ကျနော်ငြိမ်နေလိုက်ပါတော့တယ်။ လေယာဉ်လက်မှတ် အသွားအပြန် ကုမ္ပဏီက ပေးပါတယ်။ စုထားတဲ့ စုငွေလေးထောင်ကျော်ထဲမှ ကျနော် ၂၅၀၀လောက် ပြန်ချေလိုက်ပါတယ်။ ကျနော်စုထားတာနဲ့ဆို လေးထောင်လောက်တော့ အိမ်ကို ပါသွားနိုင်မှာပါ။

ကျနော်နဲ့ အတူတူ ကျနော့် သူငယ်ချင်းတစ်ယောက်လည်းပြန်မှာ။ သူက မြိတ်မှာ နေတာ။ သူနဲ့ကျနော်နဲ့က ၂၀၀၄ခုလောက်ကတည်း အတူတူရှိနေခဲ့တာ အခုချိန်ထိပဲ ဆိုပါတော့။ စိတ်သဘောထား အရမ်းကောင်းတယ်။ ကျနော်ထက် ငယ်ပင်မဲ့ ကျနော်အနိုင်ကျင့်တာ ဘာမှမပြောသည်းခံတယ်။ ဒါကြောင့်လည်း ခုပြန်မဲ့ အစီအစဉ်မှာ ရက် ၃၀ ဆိုပင်မဲ့ သူ့အိမ်မှာ ၁၀ရက်လောက်ပဲ နေခွင့်ကျနော်ပေးထားခဲ့ပါတယ်။ ကျန်တဲ့ ရက်၂၀ ကတော့ ကျနော်နဲ့ တူတူရှိနေမှာပါ။ အဲလောက်ထိ သဘောကောင်းတဲ့ ကောင်ပါ။

မပြန်ခင် တစ်လလောက်ကတည်းက လက်ဆောင်ပေးဖို့ ပစ္စည်းပစ္စည်းရတွေကတော့ စုံလင်သွားခဲ့ပါပြီ။ ပြန်မဲ့ရက်ကိုတော့ အမေ့ကို ကြိုပြောထားခဲ့ပါတယ်။ မပြောလို့လဲ မရဘူးလေ။ ရတဲ့ ခွင့်ရက် ၃၀ ကို အကျိုးရှိရှိ အသုံးချရမှာဆိုတော့ လူကမြန်မာပြည်ကို ပြန်မရောက်သေးဘူး။ အစီအစဉ်တွေကတော့ ဟိုမှာ တန်းစီနေရပြီလေ။ ဒီလိုနဲ့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် အထုပ်ကိုယ်စီနဲ့ လေဆိပ်ဆင်းပါတော့တယ်။ အဆောင်မှာနေတဲ့ ကျန်တဲ့ အဖော်လေးယောက်က လိုက်ပို့ပါတယ်။ မပြန်တာ ကြာပြီဆိုတော့လည်း ကိုယ်ရပ်ကိုယ့်ရွာကို ရောက်တော့မယ်ဆိုတဲ့ စိတ်ကတော့ ကြည်နူးမှု ဖြစ်စေခဲ့ပါတယ်။

လေယာဉ်ဘီး မြေကျတယ်ဆိုရင်ပဲ ကျနော်ဝမ်းသာလွန်းလို့ မျက်ရည်များ လည်လာရတဲ့အထိပါပဲ။ မနက်ဖြန်မနက်ဆိုရင် အမေနဲ့ ကျနော်တွေ့ရတော့မှာကိုး။ အင်းမီကရေရှင်းတို့ ကာစတန်တို့တော့ ထုံစံအတိုင်း ဘိုးဘွားစဉ်ဆက် လှူဒါန်းခဲ့ကြသလိုပဲပေါ့။ အပြင်မှာ အသိ အမတစ်ယောက်စောင့်နေတယ်။ ကျနော်တို့ကို လာကြိုတာ ဒီအမတစ်ယောက်ပဲ ရှိတယ်။ အမနဲ့ အတူကျနော်တို့နှစ်ယောက် အဆင်ပြေမဲ့ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး စကားတွေပြောနေလိုက်တယ်။ အမှန်က ရွှေတိဂုံဘုရားကို သွားဖူးချင်ခဲ့တာ။ အထုပ်တွေ အပိုးတွေနဲ့ဆိုတော့ ဘုရားတက်ဖို့ အဆင်းမပြေဘူးဖြစ်နေလို့ မသွားဖြစ်လိုက်ဘူး။ ညနေစာ အတူတူစားရင် ကိုယ့်အကြောင်း သူ့အကြောင်း ဟိုလူ့အကြောင်း ဒီလူအကြောင်းတွေပြောနေခဲ့တယ်။

ညနေ၆ နာရီခွဲလောက်ကျတော့ အမဆီကို ဖုန်းဝင်လာတယ်။ ကျနော်တို့နဲ့ အတူတူလိုက်မဲ့ သူငယ်ချင်းအမတစ်ယောက်က အဝေပြေး အောင်မင်္ဂလာကားဂိတ်ကို သွားနေပြီတဲ့။ ကျနော်တို့လည်း ကားငှားပြီး ထွက်လာခဲ့ကြပါတယ်။ ကားဂိတ်ရောက်တယ်ဆိုရင်ပဲ ကျနော်ကို အမျိုးသမီးတစ်ယောက် ပြေးဖက်ပါတော့တယ်။ ဟယ်... နင် ဘာမှမပြောင်းလဲဘူးနော်။ အရင်အတိုင်းပဲ။ ပြန်တွေ့ရတာ ဝမ်းသာတယ်ဟာ... နင်ကနေနိုင်လိုက်တာ ငါ့တို့ကိုတောင် အဆက်အသွယ် မလုပ်ဘူး.. တကယ်ပဲ... ကျနော်တစ်ခွန်းမှ ပြန်မပြောပင်မဲ့ ရင်ထဲမှာတော့ အရမ်းဝမ်းသာမိတယ်။ ၁၀နှစ်ဆိုတဲ့ အချိန်တွေကြာသွားပင်မဲ့ ကျနော်အပေါ်ထားတဲ့ မောင်နှမစိတ်ဓါတ် ပြောင်းလဲမသွားတာပဲ ကျနော်ကိုဖက်ထာတဲ့ အမကိုကြည့်ပြီး ကျနော်သိလိုက်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့တစ်တွေလမ်းမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောသွားကြတာ တော်တော်နဲ့မအိပ်ပဲ ရှိနေခဲ့ပါတယ်။ ကျနော်နဲ့ အတူတူပြန်တဲ့ သူငယ်ချင်းလည်း မကြောင်နေပါဘူး။ အဲအမနှစ်ယောက်နဲ့ သူနဲ့လည်း စင်ကာပူမလာခင် သိထားခဲ့လို့ပါ။ စကားတွေ ပြောလာလိုက်ကြတာ ဘယ်အချိန်မှာ ဘယ်လိုအိပ်ပြောသွားတယ် မပြောတက်ဘူး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ လမ်းဘေးတစ်ဖက်မှာ မီးတွေလင်းထိန်နေတယ်။ သေသေချာချာကြည့်လိုက်တော့မှ မြိုင်ကလေး ဘိလပ်မြေစက်ရုံသစ် ကိုတောင်ရောက်နေပြီပဲ။ အမနှစ်ယောက်နဲ့ သူငယ်ချင်းကိုနိုးလိုက်တယ်။ ထတော့... ထကြတော့ ရောက်တော့မယ်။ နောက်ထပ် ၁၅မိနစ်ဆိုရောက်ပြီ။

အကို .... ကျနော်တို့ကို ရှေ့နားက ဇရပ်မှာ ရပ်ပေးပါ။ ကားမောင်းတဲ့ အကိုကြီးကို ပြောလိုက်တယ်။ ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ ... သားငယ်... အမေ့ရဲ့အသံ။ ဟုတ်တယ် ဒါ ကျနော်အမေရဲ့ အသံ။ ကျနော်လှည့်ကြည့်လိုက်တော့ အမေကျနော်ကို ပြေးဖက်ပါတော့တယ်။ ဝမ်းသာလို့နဲ့တူပါတယ်။ အမေ မျက်ရည်တွေကျနေတယ်။ ကျနော်လည်း အမေ့ကိုဖက်ပြီး မျက်ရည်ကျမိပါတယ်။ ကားပေါ်ကဆင်းတော့ လမ်းမီးတွေ မရှိတော့ မှောင်နေပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့ သားအမိမျက်ရည်ကျတာကို ဘယ်သူမှ မသိလိုက်ပါဘူး။

အိမ်ကိုရောက်တဲ အချိန်က မနက်၅နာရီဆိုတော့ အချိန်က စောနေသေးတာနဲ့ သူငယ်ချင်းနဲ့ အမနှစ်ယောက်ကို သူတို့အတွက် ပြင်ထားတဲ့ အခန်းထဲမှာ သွားနားခိုင်းလိုက်ပါတယ်။ ကျနော်ကတော့ နောက်နေ့ အစီအစဉ်တွေကို တိုင်ပင်ဖို့အတွက် အဝတ်လဲပြီးဧည့်ခန်းမှာ ထိုင်နေလိုက်တယ်။ ကျနော်ညီမကတော့ အပျိုဖာဖာ ဖြစ်နေပြီ။ အမေအနားမှာ သွားထိုင်လိုက်တယ်။ မနက်ဖြန်အတွက် ဘာတွေလုပ်ထားတယ်ဆိုတဲ့ အကြောင်းပြောကြတယ်။ စကားတွေပြောရင်းနဲ့ အလင်းရောင် ရောက်လာပါတော့တယ်။ ကျနော်အိမ်ရှေ့ထွက်ပြီး သဘာဝလေကို ရှုရှိုက်သွင်းလိုက်မိပါတော့တယ်။ ရှုသွင်းလိုက်တဲ့ လေထဲမှာ အေးစက်ခြင်းနှင့် တောရနံ့ ပါဝင်သွားမှန်း ကျနော်သိလိုက်တယ်။

မလာခင်ကတည်းက အမေချက်တဲ့ မုန့်ဟင်းခါး စားချင်တယ်လို့ပြောထားတာကြောင့် ဒီနေ့ မနက်တော့ အမေချက်တဲ့လက်ရာကို ကျနော် စားရပါပြီ။ အမေ့လက်ရာကို တောင်းတခဲ့မိတာ ကြာပေါ့။ စားနေတုန်းမှာပဲ အန်တီပြုံးတို့ မိသားစုရောက်လာတယ်။ ပြီးတော့ အမေက ကျနော်ကို သတိပေးပါတယ်။ သားငယ် ဘုန်းကြီးကျောင်းသွားရအုံးမယ်နော်တဲ့ ။ ဘယ်မှ လျှောက်မသွားနဲ့အုံးတဲ့။ ဟုတ်သားပဲ။ ကျနော်က ရန်ကုန်ကပါလာတဲ့ အမနှစ်ယောက်ကို ဘုရင့်ညီဂူလိုက်ပို့မယ်လို့ စိတ်ကူးထားတာ။ ညနေပို့ပေးမယ်လို့ ပြောပြီး ကျနော်ရယ်၊ သူငယ်ချင်းရယ်၊ အဒေါ့်ဦးလေးနဲ့ အကိုရယ် လေးယောက်သာ ဘုန်ကြီးကျောင်းကို ထွက်လာခဲ့ပါတယ်။

ညနေ လေးနာရီခွဲလောက်ကျတော့ ဘုရင့်ညီဂူ ( ရေပူစမ်း ) ကို သွားဖို့ ပြင်ဆင်ပါတော့တယ်။ ဆိုင်ကယ်လေးစီး လူကရှစ်ယောက် အဆင်သင့်ဖြစ်နေတဲ့ အချိန်မှာပဲ အမေလှမ်းပြောတဲ့ စကားကြောင့် ကျနော်တို့ အဖွဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိပါတော့တယ်.......။

ဆက်ရေးပါအုံးမယ်။ စာနည်းနည်းရှည်သွားလို့ ဒီမှာပဲ ခဏရပ်ထားလိုက်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

March 25, 2011

လူပျိုကြီး ဟက်ထိသွားတဲ့ အချစ်

အသက် ၃၀....။ ဒါဆို လူငယ်လို့ ခေါ်လို့မရတော့ဘူးပေါ့။ လူကြီးတစ်ပိုင်း ဖြစ်နေပြီ။ မိန်းမနဲ့လား ကလေးရှိလား။ ပေါက်ပေါက်ရှာရှာ ရည်စားတောင်မရှိဘူး။ ဒါဆို လူပျိုကြီးပေါ့။ အေးပေါ့..... ဒါပဲပြောရတော့မှာပေါ့...။ ကိုယ့်ကိုကိုယ်တော့ အခုထိ ၁၉နှစ်က မတက်သေးဘူး။ အသက် ၃၀မှ မိန်းမ မရသေးတော့လည်း လူပျိုကြီးလို့ပဲ အခေါ်ခံရတော့မှာပေါ့လေ။ ကဲ.... ရှိစေတော့။ လူပျိုကြီး ဆိုတော့လည်း လူပျိုကြီးပေါ့။ လူပျိုကြီး အခုတစ်လော ဘာလုပ်တယ်မှတ်လဲ။ ရုပ်ရှင်ကားတွေ တစ်ကားပြီး တစ်ကားကြည့်တယ်။ စာတွေဖတ်တယ်။ အဲနှစ်ခုနဲ့ အလုပ်ကိုး ရှုပ်နေတာပဲ။

ဟိုတစ်လောတုန်းက ပြေတီဦး ၊ အူဝဲ နဲ့ ရဲအောင်တို့ ပါဝင်တဲ့ ဇာတ်လမ်းလေးကြည့်ဖြစ်တယ်။ ရှင်းရှင်းပြောရရင် အချစ်ကားလေးပေါ့။ လူပျိုကြီး ငယ်ငယ်တုန်းက ဇာတ်လမ်းဆင်တူတဲ့ ကားတစ်ကားကြည့်ဖူးတယ်။ နေအောင်နဲ့ ရဲအောင်ပါတာတော့ မှတ်မိတယ်။ မင်းသမီး ဘယ်သူလဲတော့ မသိတော့ဘူး။ အဲဒီအချိန်တုန်းက ကြည့်ရတဲ့ ဖီလင်နဲ့ အခုပြန်ကြည့်လိုက်ရတဲ့ ဖီလင် မတူတော့တာ လူပျိုကြီး သတိထားလိုက်မိတယ်။

နေအောင်တို့တုန်းက ဇာတ်လမ်းလောက်ပဲ မှတ်မိတော့တာ။ ခုပြေတီဦးတို့ သရုပ်ဆောင်တာကို ကြည့်ပြီး လူပျိုကြီး ရင်ထဲထိသွားတယ်ပြောရင် ပိုမှန်လိမ့်မယ်။ အချစ်ဆိုတဲ့ အရာကြီးကို ဒါရိုက်တာကပဲ ပုံဖော်ကောင်းလို့လား။ ဒါမှမဟုတ် အဓိကသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ သရုပ်ဆောင်ကောင်းလို့ပဲလား။ စာရေးဆရာရဲ့ ဇာတ်အိမ်ကိုက ကောင်းနေ၍ပဲလား လူပျိုကြီး မပြောတက်သွားရလောက်အောင် ဖြစ်သွားခဲ့ရတာတော့ အမှန်။

ဇာတ်လမ်း စလယ်ဆုံး ပြောစရာမရှိရလောင်အောင် ကောင်းမွန်လှပါတယ်။ လူပျိုကြီးကို ဟက်ထိသွားစေတဲ့ အခန်းတွေကတော့ သိပ် အများကြီး မရှိပါဘူး။ ရဲအောင်၊ ပြေတီဦး နဲ့ အူဝဲတို့ ဆုံတဲ့ အခန်းရယ်။ သူတို့သုံးယောက်ဆုံပြီးလို့ အူဝဲနဲ့ ပြေတီဦး နောက်တစ်ခေါက် ပြန်ဆုံတဲ့ အခန်းနှစ်ခုကတော့ လူပျိုကြီးရဲ့ ရင်ထဲကို ထိသွားစေခဲ့တဲ့ အခန်းတွေပါပဲ။ လူပျိုကြီး ဖြစ်တဲ့ ကျနော် ဘာမှပြောစရာမရှိရလောက်အောင် ဇာတ်လမ်းနဲ့ သရုပ်ဆောင်မှုတွေဟာ ကောင်းမွန်တာကြောင့် နောက်ထပ် ဘယ်အချစ်ကားကို ကြည့်ကြည့် ကြည့်လို့ အဆင်မပြေတော့တဲ့ အထိ ဖြစ်သွားခဲ့ရပါတယ်။ တင်စားလွန်းတယ်လို့ မပြောကြပါနဲ့ ကြည့်ကြည်လိုက်ပါလို့ပဲ လူပျိုကြီး ပြောပါရစေ။ ဇာတ်ကား နာမည်ကတော့ တိမ်ဒဏ္ဍာရီ ဆိုတဲ့ ဇာတ်လမ်းလေးပါပဲ.... ဗျာ။

အဲနောက်ပိုင်းမှာတော့ ဘယ်အချစ်ကားမှ ကြည့်ရတာ ဘာလိုနေမှန်းမသိ ဖြစ်နေတာနဲ့ ဘယ်အချစ်ကားမှ ကောင်းကောင်းပြီးအောင် မကြည့်ဖြစ်ခဲ့ပါဘူး။ ဒါပင်မဲ့ ဒီအချစ်ဆိုတဲ့ အရာကြီးကိုပဲ အဓိကထား ရိုက်ထားတဲ့ ဇာတ်လမ်းတစ်ခုကတော့ လူပျိုကြီးရဲ့ ရင်ထဲကိုရောက်လို့ လာပြန်ပါတယ်။ သရုပ်ဆောင်တွေကို သိပ်မကြိုက်ပင်မဲ့ အချစ်ဆိုတာကြီးကို လှပအောင် ရိုက်ထားတာဆိုတော့လည်း လူပျိုကြီးရင်ထဲ မငြိချင်ပဲ ငြိသွားပြန်ပါတယ်။ ဒီတစ်ခါ ငြိသွားတဲ့ ဇာတ်လမ်းလေး နာမည်ကတော့ ပြန်လည်နိုးထစေလိုသော အချစ်၏မျက်နှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ နေမင်း နဲ့ မယ်လိုဒီ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပထမကားလောက် မကြိုက်ပင်မဲ့ လက်ခံလို့ရတဲ့ အနေပါ။

ဘာပဲဖြစ်ဖြစ် အချစ်နဲ့ပတ်သက်လို့ ရင်ထဲထိသွားစေတဲ့ ဒီကားလေးနှစ်ကားကိုတော့ ဒီတစ်ခေါက်တော့ ညွှန်းလိုက်ပါရစေ ဗျာ.....။ အချိန်ရမယ်ဆိုပါက ကြည့်စေချင်ပါကြောင်း..........။


လေးစားစွာဖြင့်
ရီနိုမာန်

March 20, 2011

အထွန်းဖွား

ဝင်းသော်ထွန်း ဆိုတာ မိသားစု၊ ဆွေမျိုး၊ ပတ်ဝန်းကျင် အသိုင်းအဝန်းအကြားမှာ အမေချစ်တဲ့ သားလို့ ပြောစမှတ်တွင် ရလှအောင် အမေကို ချစ်တဲ့ သားတစ်ယောက်ပါ။ သူ့ဘဝမှာ သူလုပ်ချင်တာထပ် အမေဖြစ်စေချင်တာကို ပြုလုပ်ခဲ့တာ များပါတယ်။ သူ့ကြောင့် သူ့အမေ မျက်ရည်ကျရတဲ့ အထိ မဆိုးမမိုက်ခဲ့ဖူးပါ။ သူကိုယ်တိုင်မပြုလုပ်ချင်ပါလျှက် အမေ့ဆန္ဒကြောင့် ပြုလုပ်လိုက်ရသည့် ကိစ္စရပ်များ တော်တော်လေးရှိခဲ့ပါသည်။ သို့သော် ကိစ္စတော်တော်များများထဲမှ ဒီကိစ္စကတော့ သူ့အတွက် ခဲယှဉ်လို့ နေပါတော့သည်။

၁)

ကျနော်မြန်မာပြည်ကို ပြန်ရောက်နေသည်မှာ ၁၀ရက်လောက်ပင် ရှိသေးသည်။ တစ်ခုသော မနက်ခင်းမှာ မေမေ ကျနော်လက်ထဲသို့ စာရွက် တစ်စောင်လာထည့်ပေးသွားသည်။ ပြီးတော့ ပါးစပ်ကလည်း တတွတ်တွတ် ပြောနေပါသေးသည်။
" သား .. ဒီနေ့ မနက် ၁၀နာရီမထိုးခင် မေမေ ပေးထားတဲ့ စာရွက်ထဲက လိပ်စာအတိုင်း အရောက်သွား .. ပြီးရင် အဲစာရွက်ကို ဆရာဆီပေးပြီး သူပြောသမျှ တစ်လုံးမကျန် လိုက်မှတ်ခဲ့ .... ကြားလား "

ကျနော် သဘောပေါက်လိုက်ပါပြီ။ မေမေ ပေးတဲ့ စာရွက်ကို ကြည့်နေစရာမလိုတော့ပါ။ ကျနော့်ဘဝထဲမှာ မလုပ်ချင်ဆုံးတစ်ခုဖြစ်တဲ့ ဗေဒင်မေး နတ်မေးကိစ္စမှန်း ကျနော် အလိုလိုသိနေသည်။ ဒီနေရာမှာတော့ မေမေနဲ့ ကျနော် အယူအဆ နည်းနည်းကွာဟချက် ရှိနေမယ်လို့ ကျနော်ထင်တယ်။ ကျနော်က ယခုလက်ရှိ အချိန်ကိုသာ စိတ်ဝင်စားသော သူ။ မေမေက အတိတ် အနာဂတ်ကို ဂရုစိုက်သော မေမေ။ မေမေ့ကို ကျနော် အပြစ်မမြင်ပါ။ မိန်းမသဘာဝ ထဲက မိန်းမသားတစ်ယောက်လို့ပင် ကျနော် နားလည်ထားခဲ့တာပါ။ ကျနော် နိုင်ငံခြားရောက်နေတဲ့ အချိန်တွေမှာလဲ မေမေက ဗေဒင်တွေမေး ယတြာတွေချေနဲ့ အလုပ်ကိုရှုပ်နေမှာ သေချာပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း မေမေ အဲဒါတွေကို စိတ်ဝင်စားတာကို ဘာမှ မပြောလိုပင်မဲ့ ကျနော်နဲ့ ဒိုက်ရိုက်ပတ်သက်လာမှာကိုတော့ လက်မခံခဲ့ပါ။ ဗေဒင် လက္ခဏာကို မယုံလို့လဲ မဟုတ် ၊ ယုံလို့လည်း မဟုတ်။ ကျနော်ကိုယ်တိုင်က ကံကြမ္နာရဲ့ အလှည့်အပြောင်းကို ကြိုတင်မသိရပဲ၊ ဖြစ်နေတဲ့ ခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လုပ်ရှားရတာကို ကြိုက်တဲ့သူမို့ပါ။ အခုလည်း ကျနော်ထင်မထားတဲ့ အတိုင်းပဲ မေမေဆီက စာရွက်တစ်ရွတ်နဲ့အတူ မေမေရဲ့ ရာဇသံပါလာခဲ့သည်။

" သား မသွားပေးလို့မရဘူး...သား ဆရာ့ကိုချိန်ထားတဲ့ အချိန်နဲ့ မေမေသွားစရာရှိတဲ့ အလှူတစ်ခုက အချိန်တိုက်နေတယ်... "

ကျနော် မငြင်းသာတော့ပါ။ သို့သော် စိတ်ကရှောင်ချင်နေမိသေးသည်။ မေမေကို ကားယူသွားဖို့ ပြောကြည့်တော့

" နေပစေ သား.. ကားကိုသားပဲ ယူသွား... တော်ကြာ ချိန်ထားတဲ့ အချိန်မရောက်ရင် မကောင်းဘူး.... မေမေ က ကြည်ကြည်ကို ဝင်ခေါ်ခိုင်းလိုက်မယ်"

ကြည်ကြည်ဆိုတာ မေမေ့ ညီမပါ။ ကျနော် ဆက်ပြီးအဒွန့်မတက်တော့ပါ။ ဘာဖြစ်ဖြစ် သွားလိုက်မယ်လို့ပဲ ဆုံးဖြတ်ပြီး အပေါ်ထပ်ကို အဝတ်လဲဖို့ ကျနော်တက်လာခဲ့ပါတော့တယ်။

၂)

ကျနော်အိမ်ကိုပြန်ရောက်တော့ မေမေ မရောက်သေးပေ။ စိတ်ထဲမှာလည်း ဗေဒင်ဆရာရဲ့ စကားများကိုသာ ကြားယောင်နေမိ၏။

" ဇာတာရှင်က အထွန်းဖွား။ အဖွားကောင်းလို့လည်း ကံကောင်းနေတယ်လို့ပြောလို့ရတယ်။ အခုချိန်မှာ ဇာတာရှင်ဟာ စနေဂြိုလ်ကထွက်ဖို့ သိပ်မလိုတော့တဲ့ အချိန်မှာ အစစအရာရာ ဂရုစိုက်စေချင်တယ်"

မေမေပြောပြောနေလို့ ကျနော်ကြားဖူးနေပါတယ်။ ကျနော့်ရဲ့ဇာတာက စနေဂြိုလ်ထဲမှာရောက်နေလို့ သားဘာလုပ်လုပ် စိတ်သွားတိုင်းကိုယ် မပါဘူးတဲ့။ မေမေ ပြောတုန်းကတော့ သတိမမှုမိခဲ့ပါဘူး။ ဒါတွေလည်း ကျနော် စိတ်မဝင်စားခဲ့ဘူး။ သိလည်း မသိချင်ခဲ့ဘူး။ ကျနော်ရဲ့စိတ်ကိုသိတဲ့ မေမေကလည်း ကျနော်နဲ့ပတ်သက်တဲ့ယတြာ မှန်သမျှ မေမေကိုယ်တိုင် ဒိုင်ခံလုပ်ပေးနေခဲ့တာပါ။ ကျနော်ကလည်း မေမေလုပ်ချင်သပဆို လုပ် သားကိုလာလာမခိုင်းနဲ့လို့ အမြဲပြောပြောနေရတယ်။

" ဇာတာရှင်ဟာ အထွန်းဖွားဖြစ်တာက တစ်ကြောင်း၊ ဇနကကိန်းအရ အကောင်းဆုံးအချိန်ကို ရောက်နေတာကတစ်ကြောင်း၊ စနေဂြိုလ်အထွက်ခတ်ခဲ့ရင်တောင် အခတ်သက်သာနိုင်တယ်။ ဒါပင်မဲ့ ကံကြမ္မာကို ဆရာလည်း ပြောလို့မရဘူး။ "

" ကျနော် မသိလို့ မေးကြည့်တာနော် ဆရာ။ စနေဂြိုလ်ထွက်တာ ဘာဖြစ်နိုင်လဲ ဆရာ"

" ဆရာတို့ ဗေဒင်ပညာနဲ့ ပြောရရင် လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ဆိုင်တယ်။ စနေဂြိုလ်ထွက်တဲ့ အချိန်ဟာ ကိုယ့်ရဲ့ကံကြမ္မာဟာ အကောင်းဆုံးရှိနေခဲ့မယ်ဆိုရင်တော့ ဖြစ်ပျက်ဆုံးရှုံးမှု သက်သာမယ်။ ဇာတာရှင်ရဲ့ ကံဟာ အနိမ့်ဆုံးမှာ ရှိနေခဲ့မယ်ဆိုရင်တော့ အသက်အန္တရာယ် ရတဲ့ အထိဖြစ်နိုင်တယ်"

ဒါဆို လပိုင်းသာလိုတော့တဲ့ ကျနော်ရဲ့ ကံကြမ္မာမှာ ဘာဖြစ်နိုင်လဲ။ ဘယ်လောက်ထိ ဆိုးရွားသွားနိုင်လဲ။ ဘာတွေများပြောင်းလဲ သွားနိုင်လဲ။ မေးခွန်းပေါင်းများစွာ ကိုယ့်ကိုကိုယ်မေးနေမိတယ်။ အယုံအကြည်မရှိပင်မဲ့ ကိုယ်ကိုတိုင်ကြားလိုက်ရတဲ့ စကားကြောင့် စိတ်ထဲ တစ်မျိုးဖြစ်ခဲ့သည်ကတော့ အမှန်။ ထိုအချိန်မှာပဲ မေမေ ပြန်ရောက်လာသည်။

၃)

ကျနော် ခွင့်ပြည့်လို့ မြန်မာပြည်ကပြန်တော့ မေမေ ကျနော်ကိုလေဆိပ် လိုက်ပို့ခဲ့သည်။ မေမေ့ရဲ့ ထုံးစံအတိုင်း ကျနော်ကို ကျန်းမာရေးဂရုစိုက်ဖို့ အစစအရာရာ သတိရှိဖို့ တစ်ဖွဖွမှာနေလို့ ကျနော်ကပဲ စကားလမ်းကြောင်းလွှဲကာ

" မေမေ.. မေမေက သားကိုပဲ မှာနေတာ များနေပြီ။ မေမေကိုလည်း သားက မပြောချင်ပဲ ပြောရအုံး " ကျနော့်စကားကြောင့် မေမေ ကျနော်ကိုကြည့်သည်။ ဘာပြောမလို့လဲ ဆိုတဲ့ အကြည့်။

" မေမေလည်း ကျန်းမာရေးဂရုစိုက်ပါ။ သားအတွက်ကြီးပဲ မေမေ ပူနေတာ။ မေမေ့အတွက်လည်း မေမေ ဂရုစိုက်အုံး။ နောက်ပြီး ဒါရိုက်ဘာတစ်ယောက်လောက် ခန့်ထားလိုက်ပါ မေမေရယ်။ မေမေကိုယ်တိုင် ကားမောင်းတာကို သားစိတ်မချဘူး။"

" အေးပါ သားရယ်။ မေမေ ဂရုစိုက်ပါ့မယ်။ သားအတွက်သာ မေမေက ပူရတာ။ မေမေ့ သားလေး တစ်ခုခုဖြစ်ရင်......."

" ကောင်းပါပြီ မေမေရယ်။ မေမေလည်း ဂရုစိုက် သားလည်း ဂရုစိုက်မယ်။ ဟုတ်ပြီလား"

ကျနော်စကားလမ်းကြောင်း ဖြတ်လိုက်ရ၏။ မဟုတ်လျှင် မေမေ ကျနော်အတွက် စိတ်ပူနေတာနဲ့ ကျနော်ကို စိတ်မချဖြစ်နေတော့မည်။ မေမေဘာကြောင့် စိတ်မချဖြစ်နေမည် ဆိုတာကိုလည်း ကျနော်သိနေသည်။ အဘယ်အတွက်ကြောင့် ဆိုသော .......... ဗေဒင်ဆရာရဲ့ စနေဂြိုလ် အထွက်ခတ်မည် ဆိုသောကြောင့်ပင် ဖြစ်သည်။

၎)

" ကလင်.. ကလင်.... ကလင်... ကလင် "

" မေမေ.. သား ဝင်းသော်... ဟုတ်တယ်မေမေ... သား ဟိုတစ်လောက ဆေးရုံးတက်လိုက်ရတယ်.... ဘာမှ မဖြစ်ပါဘူး.... အူအတက်ရောင်လို့ ဗိုက်ခွဲလိုက်ရတယ်..... မေမေ စိုးရိမ်နေမှာကြောက်လို့ သားအကြောင်းမကြားလိုက်တာ။ သားသိတယ်... ဒီအကြောင်းကို ပြောပြလိုက်ရင် မေမေ အရမ်းစိတ်ပူသွားမယ် ဆိုတာ သားသိတယ်။ ဘာမှ စိတ်မပူပါနဲ့ မေမေရယ်... မေမေသိတဲ့ အတိုင်းပဲလေ မေမေ့သားက အထွန်းဖွားပါ ... ဟဲဟဲ...."

လေးစားစွာဖြင့်
ရီနိုမာန်

March 14, 2011

မုန်းတယ်လို့ ပြောဖို့မှ မလိုအပ်တာ

လောကမှာ မိဘနဲ့ သားသမီးဟာ အမြဲဒွန်တွဲနေတဲ့ ဝေါဟာရ တစ်ခုလိုပါပဲ။ သားသမီးကို မချစ်တဲ့ မိဘမရှိသလို။ မိဘကို မချစ်တဲ့ သားသမီးဆိုတာကလည်း အလွန်ကိုရှားပါးလွန်တဲ့ ကိစ္စပါ။ မရှိဘူးလို့ ကျနော်မပြောချင်ပါဘူး။ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အဲဒီအထဲမှာတော့ ဟောဒီက ကျနော် ဝင်းသော်ထွန်း တစ်ယောက် မပါဘူးဆိုတာကို ကျနော့် အသက်ရှင်နေသမျှ ကာလပတ်လုံး ကျနော်ပြောရဲပါတယ်။ ဝင်းသော်ထွန်း ဆိုတဲ့ ကျနော်ဖြစ်လာဖို့ အဖေဆိုတာ မရှိမဖြစ်တဲ့ အရာပါ။ ဒါကိုတော့ အကျယ်ချဲ့ပြီး ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ အဲ့ဒီအထဲမှာ အဓိက အရေးပါတာကတော့ အမေပါ။ အမေဆိုတာ ကျနော်ဖြစ်လာဖို့ ကို အဖေနဲ့လည်း အတူတူ နေရသေးတယ်။ ပြီးတော့ လူ့လောကထဲကို ရောက်လာမဲ့ ကျနော့်ကို အင်္ဂါအစုံပါလားဖို့လည်း သူ့မှာ ဂရုစိုက်နေထိုင်ရသေးတယ်။ သူ့ခများ အစားအသောက်လေး ဂတွင်းတွေ့လို့ စားချင်တာတောင် ကျနော် ကိုထိခိုက်မှာ ဆိုးလို့ မစားပဲ နေနေလာခဲ့တာ ကိုးလကျော်လို့ ၁၀လထဲတောင် ရောက်ခဲ့ပေါ့။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ဘူး။ နောက်ဆုံး ကျနော် လူ့လောကထဲရောက်တော့မဲ့ အချိန်မှာ နင်လား ငါလား မွေးရတော့မဲ့ အချိန်ရောက်နေတာတောင် အကယ်၍ အမေနဲ့ကလေးအသက် တစ်ခုခုရွေးရတော့မယ်ဆိုရင် ကလေးအသက်ကို ရအောင်ယူပေးပါလို့ ဒုက္ခတွေရောက်နေတဲ့ အချိန်မှာတောင် အမေဟာ ကျနော်အတွက် တွေးပူနေပေးခဲ့ပြန်ပါတယ်။

အမေ့ရဲ့မေတ္တာ ကျနော်ရဲ့ မိဘအပေါ်ထားတဲ့ မေတ္တာဟာ တူညီတာကြောင့်ပဲလားတော့ မပြောတက်ပါ။ ကျနော်ဆိုတဲ့ ဝင်းသော်ထွန်း တစ်ယောက် လောကအလယ်မှာ ဖွံ့ဖွံ့ထွားထွား ၇ပေါင်နဲ့ ၈အောင်စ ရှိလိုနေပြန်တာကလည်း အမေ့ရဲ့ကျေးဇူးကြောင့်ပါပဲ။ အမေ့အကြောင်း ပြောရမယ်ဆိုရင်တော့ စာမျက်နှာတွေသာ ကုန်သာသွားမယ်။ အမေ့အကြောင်းကတော့ ပြောလို့ကုန်မှာ မဟုတ်ပါဘူးလေ။ မိဘနဲ့သားသမီးကြားမှာ ကြီးမာတဲ့ ပြဿနာဆိုတာ ရှိကြမှာပါပဲ။ ကျနော့်အနေနဲ့ လက်ခံပါတယ်။ ကျနော်တောင် အမေ့ကို အရမ်းချစ်တဲ့ သားလို့ မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်က သမုတ်ထားကြပင်မဲ့ တစ်ခါတစ်ခါ ဘာမဟုတ်တဲ့ အကြောင်းအရာလေးကြောင့် အမေနဲ့ကျနော် အိမ်တွင်းစစ်လေး သဖွယ်ရှိခဲ့ဖူးတာပဲ။ ဒါပင်မဲ့ ကျနော် အမေ့အပေါ်ချစ်တဲ့ အချစ်ကတော့ လျော့မသွားခဲ့ပါဘူး။

မိဘနဲ့ သားသမီးကြား ဘာတွေဘယ်လိုပဲ ရှိနေခဲ့ပါစေ။ ကျနော်ရှေ့မှာတော့ အမေ့ကို မချစ်ဘူးလို့ ပြောရင် လက်ခံနိုင်ခဲ့ပင်မဲ့ အမေ့ကို မုန်းတယ်လို့ ပြောတဲ့ လူတွေကိုတော့ ကျနော်အနေနဲ့ လက်မခံနိုင်သလို့၊ သည်းငြီးလည်း မခံနိုင်လောက်အောင် ကျနော်ဒေါသထွက်တက်ပါတယ်။ တစ်ခါက သူငယ်ချင်းတစ်ယောက်နဲ့ ကျနော် စကားများခဲ့ကြတယ်။ တစ်ခြားအကြောင်းအရာတော့ မဟုတ်ဘူး။ အမေ့ကို မုန်းတယ်လို့ ပြောလို့။ ကျနော်လည်း သူ့စကားကိုကြားတော့ ဘေးနားမှာရှိတဲ့ အုတ်နီခဲတစ်လုံးကို ကောက်ယူပြီး " ရော့ မင်း...ခေါင်းကို ဒီအုပ်ခဲနဲ့ တစ်ချက်လောက်ရိုက်ခွဲလိုက် .. အေး မင်းမသေလို့ ပြန်ရှင်လာမှ မင်းအမေ့ကို မုန်းတယ်ဆိုတဲ့ စကားပြော။ ဒီလိုမှ မင်းမလုပ်ရဲခဲ့ရင် မင်းအမေ့ကို မုန်းတယ်ဆိုတဲ့ စကား ငါ့ရှေ့မှာ လာမပြောနဲ့" ကျနော်ရဲ့စကား ကျနော့်ရဲ့အသံကြောင့် သူကျနော်ကို တော်တော်စိတ်ဆိုးသွားမှန်း သိပင်မဲ့ အမေကိုချစ်တဲ့ သားတစ်ယောက်အရှေ့မှာ ဒီလိုစကားပြောတဲ့ သူ့ကို ကျနော်စကားမပြော အပေါင်းအသင်း မလုပ်ပဲ နေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ့်လေးနှစ်ကြာသွားခဲ့ပေါ့။ ဟိုးတစ်နေ့က MRT ပေါ်မှာ ကျနော်ကိုတွေ့လို့ သူအတင်းလိုက်ခေါ်ပြီး သူနဲ့ကျနော် စကားများပြီတဲ့ နောက်ရက်ကစလို့ ကျနော်ကို မေ့မရခဲ့ကြောင်း ၊ ကျနော်နဲ့ စကားပြောချင်ပင်မဲ့ မာနမလျော့ချင်တာက တစ်ကြောင်း၊ နောက်ပိုင်းသူနဲ့ ကျနော်နယ်ဝေးသွားတော့ ဒီတစ်ခါလမ်းမှာတွေ့ရင် သူကစပြီး လိုက်ခေါ်မယ်လို့ တွေးထားပင်မဲ့ ကွဲသွားတဲ့ နောက်ပိုင်း တစ်ခါမှ မတွေ့တော့ပဲ အခုမှပြန်တွေ့ရလို့ ဝမ်းသာကြောင်းနှင့် ကျနော်ပြောခဲ့သော စကားများဟာ သူ့အတွက်မှန်ကြောင်း။ သူ့အမေ့ကို မုန်းတယ်ဆိုတဲ့ စကားဟာ စိတ်ခံစားမှု သက်သက်ကြောင့် ပြောမိတာဖြစ်ကြောင်း ကျနော်ကို ရင်ရင်နှီးနှီး ရှင်းပြနေတော့သည်။ အမှန်အတိုင်းပြောရလျှင် သူနှင့်ကျနော် စကားမပြောချင်ပါ။ အချိန်တွေ ကြာလာတာရယ်၊ အတွေးအခေါ်လူကြီးဆန်လာတာရယ်၊ သူပြောနေတဲ့ စကားတွေ နားထောင်ရတာ သူ့အတွေးတွေကို ထင်ထင်ရှားရှားမြင်လာရတာကြောင့် သူနှင့်စကားပြောနေရင်းမှ သူ့အမေ့ကြောင့် သူယခုလို ကောင်းကောင်းမွန်မွန်နေနိုင်တာဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။ ကျနော့်ရဲ့စိတ်ထဲမှာတော့ တိုးတိုးလေး ပြောနေမိတယ်။

မိဘ ဆိုတာ မုန်းစရာကောင်းတဲ့ အရာမှ မဟုတ်တာပဲလေ.........


လေးစားစွာဖြင့်
ရီနိုမာန်

March 4, 2011

နှလုံးသားရဲ့ တစ်နေရာမှာ

လက်ထဲမှာ ပတ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ အချိန်က ညနေ ၅နာရီ။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့လည်း ရုံးဆင်းချိန် ဖြစ်တာကြောင့် သွားသွားလာလာ လူတွေကတော့ အများကြီး။ ပြေးလွှာလှုပ်ရှားနေတဲ့ လူတွေကို ကြည့်ပြီး ကျနော် ခေါင်းနည်းနည်းမူးသွားမိတယ်။ ဘယ်ဖက်ဘောင်းဘီအိတ်ထဲက ဖုန်းရဲ့ တုန်ခါမှုကြောင့် ကျနော်ရဲ့လက်က ဖုန်းကို ယူထုတ်လိုက်သည်။ ဖုန်းကိုကိုင်လိုက်တဲ့ အချိန်မှာပဲ " မောင် ရောက်နေတာ ကြာပြီလား .... စံပယ် ရောက်တော့မယ် မောင် ခဏလေးနော် " ကျနော်ရဲ့ အကျင့်အတိုင်း ဘာမှပြန်မပြောပဲ ဆိတ်ဆိတ်နေလိုက်မိတယ်။ ဖုန်းကို စားပွဲပေါ်အသာချပြီး မှာထားတဲ့ ကော်ဖီကို မောသောက်နေလိုက်တော့သည်။

မဆိုစလောက်အချိန်လေးမှာပဲ စံပယ်ရောက်လာခဲ့တယ်။ သူမရဲ့အကျင့်အတိုင်း အိမ်က ထွက်ခါနီးမှာ ဟိုဟာမေ့ဒီဟာမေ့နဲ့ လမ်းထိပ်ရောက်မှ ဖုန်းကျန်ခဲ့လို့ တစ်ခေါက်အိမ်ကို ပြန်ယူနေရလို့ ကျနော်ဆီအရောက်နောက်ကျရတာ ဖြစ်ကြောင်း မနားတမ်း ပြောလို့အပြီးမှာတော့ သူမရှေ့သို့ ရောက်လာသော ကော်ဖီခွက်ကို ကြည့်ပြီး ကျနော်ကို တစ်ချက်လှမ်းပြုံးပြသည်။ ဆက်ပြောဖို့ အလုပ်မှာတော့ ကျနော်က ဦးစွာ " တော်ပါတော့ စံပယ်ရယ်... မောင် နားလည်ပါတယ် ..... စံပယ်နောက်ကျလို့လည်း မောင်စိတ်မဆိုးပါဘူး... မောင် ပြောတာလေးကိုပဲ စံပယ်က ငြိမ်ငြိမ်လေး နားထောင်ပေးနော်.. " ကျနော်ရဲ့ စကားအရှည်ကြီးကြောင့် သူမငြိမ်ကျသွားသည်။ ကျနော်မျက်နှာကို သေသေချာချာကြည့်ပြီး " ပြောလေ မောင် "

စံပယ်ရဲ့ လက်ကိုကျနော် လှမ်းဆုပ်ကိုင်လိုက်သည်။ ကျနော့်ရင်ထဲမှာ ပြောချင်နေသော စကားများကို ချစ်စရာကောင်းတဲ့ စံပယ်မျက်နှာလေးကို ကြည့်ပြီး " မောင်တို့ လက်ထပ်ကြရအောင် စံပယ်" ကျနော်ရဲ့စကားကြောင့် သူမပြုံးသွားပင်မဲ့ သူမရဲ့မျက်နှာမှာတော့ ဝမ်းသာကြည်နူးသွားတဲ့ အရိပ်တစ်ချို့ကို ကျနော်တွေ့လိုက်ရသည်။ " မောင့် ဆီက ဒီစကားကြားရဖို့ စံပယ် ဘယ်လောက်တောင် မျှော်လင့်နေတယ်ဆိုတာ မောင်သိလား မောင်.... စံပယ် မောင့်ကိုစချစ်ကတည်းက စံပယ် မတောင်းဆိုပဲ မောင်ဆီက လိုလိုလားလား ပြောလာတဲ့ ဒီစကားကိုကြားရတော့ စံပယ် ဝမ်းသာလွန်းလို့ ဘာပြန်ပြောရမှန်းတောင် မသိဘူး ဖြစ်သွားတယ် မောင်ရယ်.... "

" ကဲ .. ဒါဆို စံပယ်မပြောနဲ့တော့ မောင်ပြောတာကို စံပယ် နားထောင်... မောင်တို့နှစ်ယောက်လက်ထပ်ပြီးရင် နေဖို့အတွက် မောင့်အဒေါ်ပေးခဲ့တဲ့ ကျောက်မြောင်းက တိုက်ခန်းလေးကို မောင်ပြင်ထားလိုက်မယ်။ လာမဲ့ တနင်္ဂနွေနေ့မှာ မောင် သူငယ်ချင်းတွေကိုခေါ်ပြီး မောင်တို့ နှစ်ဦးသဘောတူလက်ထပ်ကြမယ်... " ကျနော့်ရဲ့စကားကြောင့် သူမကြောင်အန့်အန့် ဖြစ်သွားတဲ့ မျက်နှာလေးကို ကျနော်မသိသယောင် ဆောင်နေလိုက်မိသည်။ အမှန်တော့ ကျနော်အနေနဲ့ စံပယ်ကို တင့်တင့်တယ်တယ် လက်ထပ်ယူချင်တာပါ။ ခက်တာက စံပယ် မိဘတွေက ကျနော်နဲ့ သဘောမတူ။ အကြောင်းရင်းကတော့ အနုပညာသမား တစ်ယောက်ဖြစ်နေလို့တဲ့။

ကျနော် စံပယ်ကို ချစ်တယ်။ ကျနော့်ဘဝမှာ စံပယ် တစ်ယောက်တည်းကိုသာ ချစ်ခဲ့တာပါ။ စံပယ်ကလွဲပြီး နောက်တစ်ယောက်မရှိသလို စံပယ်အတွက် ကျနော်ဟာလည်း အချစ်ဦး ဖြစ်လိုနေခဲ့ပြန်ပါတယ်။ ကျနော်အလုပ်က စာရေးခြင်း အလုပ်။ စာရေးခြင်း အလုပ်နဲ့ ဘဝတစ်ခုကို မထူထောင်နိုင်မှန်း ကျနော်သိပါတယ်။ မိဘများရဲ့ ကျေးဇူးကြောင့် ကျနော်ဘဝမှာ အေးအေးဆေးဆေး နေနိုင်ခဲ့တယ်ဆိုတာကို စံပယ်အသိုင်းအဝိုင်းက မသိခဲ့၍ ကျနော်နဲ့ စံပယ် ကိစ္စကို သဘောမတူတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကျနော်ရဲ့ အလုပ်ကိုသဘောမကျ၍လည်း ဖြစ်နိုင်သည်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျနော်ကတော့ စံပယ်ကို ချစ်တယ်။ လက်ထပ်ယူမယ်လို့ ဆုံးဖြတ်ပြီးသားပါ။

ကျောက်မြောင်းက တိုက်ခန်းကို လိုအပ်တာတွေ ပြုပြင်နေတဲ့ အချိန်မှာတော့ စံပယ်နဲ့ ကျနော် တူတူရောက်ဖြစ်ကြတယ်။ တစ်ခါတစ်လေတော့ ကျနော်တစ်ယောက်တည်း လိုအပ်တာတွေကိုဝယ်ပြီး နေရာချ ဖို့ အတွက် ရောက်လာတက်သည်။ မနက်ဖြန်ဆို ကျနော်နှစ်ယောက်စလုံးရဲ့ ရင်ခုန်စရာကောင်းတဲ့ နေ့လေးကို ရောက်လို့ လာတော့မယ်။ မနက်ဖြန်အတွက် လိုအပ်တာတွေကို ပြင်ဆင်လို့ အပြီး ကျနော်တို့ နှစ်ယောက်ဧည့်ခန်းမှာ ထိုင်ပြီးစကားတွေ ပြောဖြစ်ကြပြန်တယ်။ " မောင် .. မောနေပြီလား.." " မောတော့ မောတာပေါ့ ဒါပင်မဲ့ မမောဘူး " လို့ ကျနော်က ခက်နောက်နောက် ပြောလိုက်တော့ ကျနော်မျက်နှာကို ငုတ်ကြည့်ပြီး " မောင် .... မနက်ဖြန်ဆို စံပယ်တို့ လက်ထပ်ကြရတော့မှာနော် .... " " အင်းလေ စံပယ်က ဘာဖြစ်လို့မေးတာလဲ " " တကယ်လို့ မနက်ဖြန်မှာ မောင်တွေးမထားတာတွေ ဖြစ်လာခဲ့...." ကျနော့်လက်နှစ်ဖက်နဲ့ စံပယ် မျက်နှာလေးကို ဖမ်းဆုပ်လိုက်သည်။ စံပယ်ပြောမဲ့ စကားတွေအတွက် ကျနော်ဆက်ပြောခွင့် မပေးတော့ပဲ ကျနော်မျက်နှာနဲ့ စံပယ် မျက်နှာကို အပ်ထားလိုက်သည်။

ဆက်မပြောပါနဲ့တော့ စံပယ်ရယ်။ မောင် စံပယ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင် ကိုယ်တိုင် အသိဆုံးပါ။ ဘယ်လိုနည်းနဲ့မှ စံပယ်နဲ့ မောင်မခွဲနိုင်ဘူး။ မောင်ဘဝထဲမှာ စံပယ် မရှိလို့ မဖြစ်ဘူး။ အဲဒါကိုတော့ မင်းယုံပေးပါ စံပယ်ရယ်။ စံပယ်ပါးနှင့် အပ်ထားရာမှ ကျနော်ပါးပေါ်မှာ နွေးကနဲ ခံစားလိုက်ရသည်။ ကျနော် သိလိုက်ရပါပြီ။ အလိုလို ကျလာတဲ့ မျက်ရည်တွေ.....

ရုတ်တရက် အသံကြားလိုက်မှ ပါးမှာ ကပ်ထားတဲ့ စံပယ်ဓါတ်ပုံလေးကို စားပွဲပေါ်ပြန်တင်လိုက်သည်။ အခန်းဝမှာေ၇ာက်နေပြီးဖြစ်တဲ့ သမီးက

" ဖေဖေ သမီးကျောင်းက ပြန်ရောက်ပြီ "


လေးစားစွာဖြင့်
ရီနိုမာန်

February 23, 2011

မယားငယ်တုံးပိတဲ့ အသံ

ကျွန်တော်မှာ ဝါသနာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ သီချင်းဆိုတာ။ အသံကောင်းလား ဆိုတော့ ခုခေတ်အဆိုတော်တွေနဲ့ နင်လား၊ငါလားပဲ လို့ပြောရမှာပေါ့။ ကိုယ်ဆိုတဲ့ သီချင်း ကိုယ့်အသံကို ကိုယ်ပြန်ကြားတော့ စိတ်ချမ်းသာနေလိုက်တာ။ ခုပဲ စီးရီးထုတ်လို့ အောင်မြင်တော့ မယ့်အတိုင်း။ အော်အော်ဆိုနေလိုက်ရတာလည်း အမောပေါ့။ ကျွန်တော်အသံကို သဘောကျလွန်းလို့နဲ့ တူပါတယ်။ တစ်နေ့တော့ ကျွန်တော်အမေက ကျွန်တော်ကို ချီးကျူးလိုက်ပါတော့တယ်။ " သားရယ် နင့်အသံကလည်း မယားငယ် တုံးပိတဲ့ အသံ " တဲ့လေ။ ဟုတ်နေပြီပေါ့။ ကိုယ့်အမေတောင် မနေနိုင်ပဲ ကျွန်တော်အသံကို ပြောနေမှာတော့ အရပ်ကကြားအောင်ကို ဆိုအုံးမယ်ဆိုပြီး အော်ဆိုနေလိုက်ပါတော့တယ်။ " မယားငယ်တုံးပိတဲ့ အသံ " ဆိုတာကို ကျွန်တော် မသိခဲ့ရိုး အမှန်ပါ။ အမေချီးကျူးပြီနောက်ပိုင်း ကျွန်တော် သီချင်းတွေ တော်တော်များများကို အလွတ်ရအောင် ကျတ်မှတ်သီဆိုနေပါတော့တယ်။

ဘဝပေးအခြေအနေကြောင့် လွမ်းရေးထက် ဝမ်းရေးအဆင်ပြေဖို့ ကျွန်တော် စင်ကာပူကိုရောက်လာခဲ့တယ်။ ကိုယ်ကိုတိုင် သီချင်းဆိုရတာ ဝါသနာပါသလို သူတစ်ပါး သီဆိုနေရင်လည်း နားထောင်ဝေဖန်ဖို့ စိတ်ဝင်စားတက်တဲ့ ကျွန်တော်အတွက် စင်ကာပူရောက်ပြီးမှ အမေရိကန်အိုင်ဒေါလ် တီဗွီအစီအစဉ်လေးကို ကြည့်ဖြစ်ခဲ့ပြန်တယ်။ ကျွန်တော်အလွန်နှစ်သက်တဲ့ တီဗွီ အစီအစဉ်လေး တစ်ခုပါပဲ။ ၂၀၁၁ အိုင်ဒေါလ် အစီအစဉ်လေးအစမှာတော့ အဆိုဝါသနာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် တစ်နယ်ပြီးတစ်နယ် ရွေးချယ်နေတဲ့ အချိန်ကို ကြည့်နေရတဲ့ အချိန်ပေါ့။ အချို့ဆိုလည်း တော်တော်လေး အသံကောင်းကြတယ်။ တစ်ချို့လည်း အသံကောင်းကြပင်မဲ့ အရွေးမခံကြရဘူး။ ဘာကြောင့်မှန်း ကျွန်တော်နားမလည်ခဲ့ဘူး။

တစ်နေ့ ကျွန်တော် အိုင်ဒေါလ်အစီအစဉ် ကြည့်နေတုန်း ဝင်ပြိုင်သူတစ်ယောက်ရဲ့ အသံကိုနားထောင်နေတဲ့ ဒိုင်သုံးယောက်မှာ တစ်ယောက်က မျက်လုံးကြီးပြူးလို့ ၊ နောက်တစ်ယောက်ကတော့ နားကိုပိတ်လို့ ၊ နောက်တစ်ယောက်ကတော့ သဘောကျလွန်းလို့ အစွမ်းကုန် ရယ်နေပါတော့တယ်။ ကြည့်နေတဲ့ ကျွန်တော်လည်း သဘောကျလို့ ရယ်နေမိပါတော့တယ်။ ဒီအချိန်မှာ ကျွန်တော်ကြည့်နေတဲ့ အခန်းထဲကို အတူနေ သူငယ်ချင်းရောက်လာပြီး ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်မှာ ဆက်ပြီး ရယ်ရမှာလား ၊ ရပ်လိုက်ရမှာလား ဆိုတာကို ဘာလုပ်ရမှန်း မသိဖြစ်သွားပါတော့တယ်။

သူငယ်ချင်းပြောလိုက်တဲ့ စကားက " အဲဒါပေါ့ကွာ မယားငယ်တုံးပိတဲ့ အသံ ဆိုတာမျိုးပေါ့ " တဲ့။


လေးစားစွာဖြင့်
ရီနိုမာန်

February 2, 2011

ညနေခင်း အတွေးပုံရိပ်

အသက်အရွယ်က စကားပြောလာတယ်နဲ့တူပါတယ်။ ဦးမင်းခန့်တစ်ယောက်အိမ်ရှေ့ခန်းမှာ တစ်ယောက်တည်း ငူငူကြီးထိုင်နေလေသည်။ တစ်ခုခုတော့တွေး၍နေမှန်း သိသားလှသည်။ ဦးမင်းခန့်သည်ဘယ်တော့မှ အဓိပ္ပာယ်မရှိတာကို ဘယ်တော့မှမလုပ်။ စိတ်ကူးယဉ်သည်ဆိုတာကလည်း ဦးမင်းခန့်ဘဝမှာ မရှိခဲ့။ ဦးမင်းခန့်ဘဝသည် ဝန်ထမ်းဘဝကလာခဲ့ရတဲ့ အတွက် ငွေရေးကြေးရေးပြည့်ပြည့်စုံစုံ နေခဲ့ရသည့်ဘဝတော့ မဟုတ်ခဲ့ပါ။ ဒါပင်မဲ့ဦးမင်းခန့်ဘဝသည် အိုဇာတာကံကောင်းသည်ဟု ပြောလို့ရနိုင်သည်။ ဘာကြောင့်လည်းဆိုတော့ ဦးမင်းခန့်တွင် သားသုံးယောက်ရှိသည်။ သားသမီးကံ ကောင်းသည်ဟုပြောလျှင်လည်း ဦးမင်းခန့်အတွက် ပိုမှန်ပေလိမ့်မည်။

သားသုံးယောက်စလုံး ပညာတက်တွေကြီးပဲ ဖြစ်ကြသည်။ အကြီးဆုံးသားရန်ကြီးခန့်မှာ အင်ဂျင်နီယာကျောင်းပြီးတာနဲ့ သဘောင်္သားအလုပ်ကိုပြောင်းပြီ သင်္ဘောတက်သွားခဲ့သည်။ ဒုတိယသားကတော့ အဖေကိုယ်တိုင်က အစိုးရဝန်ထမ်းအလုပ်နဲ့ အသက်မွေးနေရတဲ့ အတွက် ဦးမင်းခန့်က သားသုံးယောက်စလုံးကို အစိုးရဝန်ထမ်း မလုပ်စေချင်ခဲ့ပေ။ သားလတ်ဖြစ်တဲ့ ရန်နိုင်ခန့်ကတော့ ဘွဲ့၇ပြီးတော့ ဗိုလ်လောင်းဝင်ဖြေတာ အရွေးခံလိုက်ရသည်။ ဒီလိုနဲ့ဦးမင်းခန့် သဘောမကျပင်မဲ့ သားရဲ့ရည်ရွယ်ချက်ကို မတားဆီးချင်တာနဲ့ပဲ ခွင့်ပြုလိုက်ရသည်။ အငယ်ဆုံးသားရန်အေးခန့်ကတော့ ဦးမင်းခန့်သဘောအကျ အစိုးရဝန်ထမ်းအလုပ်ကို မလုပ်ပင်မဲ့ သူ့သဘောအကျ နိုင်ငံခြားထွက် အလုပ်လုပ်ရင်း ကျောင်းဆက်တက်နေသည်။

မိသားစုနဲ့အတူတစ်ကွ စည်းစည်းလုံးလုံးနေချင်တဲ့ ဦးမင်းခန့်။ သားတွေအပေါ် ကလေးတစ်ယောက်လိုမျိုး ဂရုစိုက်တက်တဲ့ ဦးမင်းခန့်။ ဝန်ထမ်းဘဝနဲ့အသက်မွေးခဲ့ရပင်မဲ့ သားတွေအားလုံးကို ပညာတက်အောင် ထိန်းကျောင်းသွန်သင်နိုင်ခဲ့ တဲ့ ဦးမင်းခန့်။ အခုတော့သားတွေက အတောင်အလက်စုံတော့လည်း ဖခင်ဦးမင်းခန့်ရဲ့ အရိပ်အောက်ကနေ အသီးသီး ပျံသန်းနေကြလေပြီ။ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီဖြစ်နေကြတဲ့ သားသုံးယောက်နှင့်တစ်ပြိုင်တည်း တွေ့ဆုံဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ အရာဖြစ်မှန်းမသိ ဖြစ်နေခဲ့၏။

ကံကောင်းခြင်းလို့ပဲ ဆိုရမည်လော။ ကံကပဲ မျက်နှာသားပေးနေ၍ပဲလောဟု ထင်ရလောက်အောင် ဦးမင်းခန့်အတွက် ဒီသားသုံးယောက်နှင့် ထမင်းတဝိုင်းထဲ စားနိုင်ဖို့ အခွင့်အရေးကို ဦးမင်းခန့် တစ်ယောက် မနှစ်ကဒီလိုအချိန်မှာ ရရှိခဲ့သည်။ အဆိုးထဲက တိုက်ဆိုင်မှုဟုပြောရင်းလည်း ဦးမင်းခန့် ကျေနပ်နေမှာ အမှန်ပင်ဖြစ်သည်။ သားကြီး ရန်ကြီးခန့် သင်္ဘောလိုက်ကတည်းက မိသားစု စုံစုံလင်လင် ထမင်းတစ်ဝိုင်းထဲ မစားရသည်မှာ အတော်ကြာခဲ့ပေပြီ။ သားကြီး ပြန်ရောက်တော့လည်း သားလတ်က နယ်မှာ တာဝန်ကျ ဆိုတော့ မိသားစု စုံစုံလင်လင် မရှိခဲ့သည်မှာ ဦးမင်းခန့် အတွက်လိုအပ်ချက် တစ်ခုလိုပင်။

ဒီနေ့တော့ ဦးမင်းခန့်စိတ်ထဲ အစာမကြေဖြစ်နေခဲ့သည့် အစိုင်အခဲကြီးလည်း ပြေပျောက်သွားခဲ့ရပြီ။ နယ်မှာတာဝန်ကျနေတဲ့ သားလတ်ရန်နိုင်ခန့်နဲ့ မြန်မာပြည်ကို အလည်ပြန်ရောက်နေတဲ့ သားငယ် ရန်အေးခန့်တို့နှစ်ယောက်ကိုကြည့်ပြီး သားကြီးဖြစ်သူ ရန်အေးခန့် ကို သတိရနေမိသည်။ ညနေစာ ပြင်ဆင်ပြီးလို့ လာခေါ်တဲ့ ဇနီးသည် မအေးကို " မင်း သားကြီး ရှိရင် သိပ်ကောင်းမှာပဲနော် " ဦးမင်းခန့်ရဲ့စကားကြောင့် ဇနီးသည်မအေးက " သားကြီးက ရေခြားမြေခြားမှာ သွားအလုပ်လုပ်နေတာ မတောင်းတကောင်းတာတွေ မတောင်းတပါနဲ့ ရှင်ကြီးရယ်" ဆိုတဲ့ စကားကြောင့် ဦးမင်းခန့်ထမင်းဝိုင်းသို့ ထလိုက်သွားတော့သည်။

ထမင်းဝိုင်းမှာ ထိုင်စောင့်နေတဲ့ သားလတ်နဲ့သားငယ်ကိုတွေ့တော့ " မင်းတို့ အကိုလည်းရှိရင် သိပ်ကောင်းမှာပဲနော်လို့ " ပြောချင်ပင်မဲ့ ဘေးတွင်ရှိနေသည့် ဇနီးသည်ရဲ့မျက်နှာကို တစ်ချက်ကြည့်ပြီး ဘာမှမပြောပဲ ထမင်းဝိုင်းထဲကို ဝင်ထိုင်လိုက်သည်။ ရုတ်တရက် ကားဟွန်းတီးသံကြောင့် သားအမိ၊ သားအဖ လေးယောက်သား ခေါင်းချင်းဆိုင်မိလျှက်သား ဖြစ်သွားသည်။ ခြံတံခါး တွန်းဖွင့်သံကို ကြားလိုက်ရသည်။ အိမ်ရှေ့ကို လူတစ်ယောက်ဝင်လာသည်။ ထမင်းစားခန်းအဝင် ခန်းဆီး ရဲ့နောက်မှာ အရိပ်တစ်ခုကြောင့် ဦးမင်းခန့် နှုတ်မှ ရုတ်တရက် " သားကြီး " ဟုဆိုလိုက်တဲ့ အသံကြောင့် သားအမိသုံးယောက်၏ ဦးခေါင်းများ ခန်းဆီး နောက်ဆီသို့ရောက်သွားကြသည်။

ဟာ ကနဲ ဟယ် ကနဲ ဖြစ်သွားကြတဲ့ ဇနီးနဲ့ သားနှစ်ယောက်ကတော့ သဘောင်္မှောက်လို့ အိမ်ကို အကြောင်းမကြားပဲ သားကြီး ရုတ်တရက် ပြန်ရောက်ပုံကိုကြည့်ပြီး အံ့သြနေကြသည်။ ထိုအထဲတွင် ဦးမင်းခန့်တော့ မပါချေ။ ဦးမင်းခန့် မျှော်လင့်နေသော တောင်းတနေသော သူ၏ ဆန္ဒများ ပြည့်စုံသွားခြင်းအတွက် အလွန်မင်ဝမ်းသာ နေလေတော့သည်။ သူ့ဘဝတွင် ဒါမျိုး နောက်တစ်ခေါက်ဖြစ်နိုင်ပါတော့မလား။ ဒီတစ်ခေါက်သည်လည်း သူဘဝရဲ့ နောက်ဆုံးတစ်ခေါက်လည်း ဖြစ်သွားနိုင်ပေမည်။

ပြီးခဲ့ပြီဖြစ်တဲ့ ဒီအဖြစ်ကိုပဲ တွေးရင်း ဦးမင်းခန့်တစ်ယောက် တွေးဝေငေးမော်နေသည်များလား။ ဦးမင်းခန့်ကို ငေးကြည့်နေမိသည့် ကျွန်တော်သည်လည်း အချိန်မည်မျှကြာသွားသည် မသိ။ လက်မှာပတ်ထားတဲ့ နာရီကို ငုံ့ကြည့်လိုက်ပြီး သတိတစ်ခုဝင်လာသည်။ လမ်းထိပ် လ္ဘရည်ဆိုင်မှာ ကိုမောင်နဲ့ချိန်းထားတာကို သတိရ၍ အပြင်အကျီင်္ာကောက်စွတ်ပြီး လ္ဘရည်ဆိုင်သို့ ကျွန်တော်ထွက်လာခဲ့တော့သည်။


လေးစားစွာဖြင့်
ရီနိုမာန်

January 27, 2011

နည်းနည်းတော့ ခေတ်မှီလာပြီ

အခုတစ်လော မြန်မာဗွီဒီယိုဇာတ်ကားတွေ တော်တော်ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်လို့လဲ စိတ်ထဲရောက်လာတဲ့ ဟိုတစ်လောလေးက တစ်ခါက ဆိုတဲ့ ဇာတ်ကားလေးကို ဝေဖန်လေကန်လိုက်ပါသေးတယ်။ အခုတစ်ခါကတော့ ဇာတ်ကားကို သဘောကျလို့တော့ မဟုတ်ပါဘူး။ သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်တဲ့ အခန်းတွေကို သဘောကျတာလိုပြောလို့ ရပါတယ်။ မြန်မာဇာတ်ကားတော်တော် များများကတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ အညီ ရိုက်ကူးလာခဲ့ကြတာပါ။ အခုနောက်ပိုင်းမှာတော့ ခေတ်နဲ့အညီ အဝတ်အစား ပြောင်းလဲခဲ့ပါပြီ။ မပြောင်းလဲသေးတာကတော့ တစ်ခုထဲပါ။

ဟာသကားတွေဆိုရင်လည်း တစ်ချို့ကားတွေက တော်တော်လေး ရယ်ရတဲ့ အဖြစ်ပါ။ ဟာသကားဆိုတဲ့ နာမည်နဲ့လိုက်အောင် တကယ့် ဟာသတန်ဝင်တဲ့ ကားတွေပါ။ ကြည့်ရတဲ့ လူတွေအတွက်လည်း ပျော်ရွှင်မှုကိုပေးစေပါတယ်။ နောက်တစ်ခုက သရဲကား။ ကျွန်တော်အထင် မမှားဘူးဆို၇င်ပေါ့နော်။ ကျွန်တော်ငယ်ငယ်လောက်တုန်းက မြန်မာသရဲကားတွေ ရှိခဲ့ဖူးသလိုပဲ။ နားလည်သိတက်တဲ့ အရွယ်ရောက်တော့ မြန်မာသရဲကားတွေ မကြည့်ဖူးတော့ဘူး။ ဒါပင်မဲ့ ၂၀၀၀ နောက်ပိုင်းတော့ ဖြစ်ရပ်မှန်နဲ့တွဲပြီး သရဲကားသဘောမျိုးတွေကို ပြန်ကြည့်လာခဲ့ရပြီ။ သွေးစုပ်ဖုတ်ကောင်လိုမျိုး မရှိကို အရှိလုပ်ပြီးတော့တော့ ရိုက်လို့ မရနိုင်သေးပါဘူး။ ရိုက်ခွင်လည်း မရှိသေးဘူးလို့ ထင်ပါတယ်။

နောက်တစ်မျိုးကတော့ ဒရမ်မာကားတွေပါ။ တစ်ချို့ဒရမ်မာကားတွေက တော်တော်ကောင်းပါတယ်။ မျက်ရည်ကျရလောက်အောင်ထိကို ကောင်းကြပါတယ်။ ကျွန်တော် သဘောမကျတာကတော့ သားအမိ သားအဖ ဇာတ်ဝင်ခန်းတွေပါပဲ။ အမေချစ်တဲ့ သားတစ်ယောက်က ကိုယ့်အမေ့ကို ချစ်တယ်ဆိုတဲ့စကားရယ်၊ ဂရုစိုက်မှုရယ် ဒီလောက်ပဲ ပြောဆိုပြသခွင့် ရှိခဲ့တာပါ။ နမ်းဖို့ဆိုတာကတော့ ဝေးလာဝေးပေါ့။ ကိုယ့်ရဲ့ အမြင်မှာလည်း မြင်နေကျမဟုတ်တဲ့ အတွက် သိပ်တော့ မဆန်တော့ပါဘူး။

ခု ကျွန်တော်ကြည့်ဖြစ်တဲ့ကားမှာတော့ အဖေနဲ့ သမီးရဲ့ အချစ်ကိုရိုက်ပြထားတာပါ။ အဖေနေရာမှာ သရုပ်ဆောင်တဲ့ မင်းသားကလည်း အဖေအရွယ်၊ သမီးမိန်းကလေးနေရာမှာ သရုပ်ဆောင်ထားတာကလည်း သမီးအရွယ်ဆိုတော့ ကြည့်နေရတဲ့ ပရိတ်သက်အတွက် မင်းသားနဲ့မင်းသမီးလို့ မမြင်တော့ပဲ တကယ့်အဖေနဲ့သမီးလို့ပဲ မြင်နေမိတော့တာပေါ့။ အမြင်ကို တစ်မျိုးဆန်သွားအောင် ပြောင်းလဲပေးခဲ့တာကတော့ သမီးနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသမီးပါပဲ။ တကယ်အပြင်မှာဆိုလည်း သားအဖအရွယ်ဆိုတာကြောင့် သရုပ်တူအောင် တကယ်သရုပ်ဆောင်သွားတယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးဖြစ်တဲ့ ချစ်သုဝေက အဖေဖြစ်တဲ့ ကျော်ရဲအောင်ကို နောက်ဆုံးအခန်းမှာ တကယ်နမ်းသွားခဲ့လို့ပါပဲ။ ဒါကြောင့် ကျွန်တော်အတွေးများကလည်း မြန်မာကားတွေ နည်းနည်းခေတ်မှီလာပြီးလို့ တွေးထင်ရင်း ကြည့်ချင်ကြတယ်ဆို၇င်တော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်ဗျာ။


လေးစားစွာဖြင့်
ရီနိုမာန်

January 7, 2011

ချစ် သူငယ်ချင်းမလေး ဆီသို့

သူငယ်ချင်းရေ...... နှစ်ပေါင်းသုံးဆယ်ဆိုတဲ့ အချိန်ဟာ ကုန်မြန်လိုက်တာလို့ ငါမပြောချင်ပင်မဲ့ အလိုလိုကုန်ဆုံးသွားခဲ့ရပြန်ပြီ။ အခုချိန်မှာ တို့တစ်တွေရဲ့ ကိုယ်ပိုင်အနာဂတ်အတွက် လှုပ်ရှားရုန်းကန်နေရပင်မဲ့ တစ်ခါတစ်ခါတော့လည်း ဒို့တစ်တွေရဲ့ ငယ်ဘဝကို ပြန်သတိရနေမိတယ်။ ငယ်ဘဝ (ကလေးဘဝ)မှာ ဘာအပူအပင်မှမရှိပဲ ပျော်ရွှင်စွာ နေခဲ့ကြပင်မဲ့ အရွယ်လေးရလာတော့လည်း ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝလေးအတွက် လှုပ်ရှားရုန်းကန်နေရပြန်တာပေါ့။ လှုပ်ရှားရုန်းကန်နေရပင်မဲ့ အကြောင်းတိုက်ဆိုင်တဲ့ အခါတိုင်း ငယ်ငယ်ကလေးဘဝက အကြောင်းတွေ ပြန်တွေးမိတော့ ကြည်နူးစရာဖြစ်ရပြန်တယ်။

သူငယ်ချင်းရေ ....... နင်နဲ့ငါ သူငယ်တန်းက စပြီးအတူတူ ကျောင်းတက်လာခဲ့ကြတာ ဆယ်တန်းနှစ်ရောက်တဲ့ အထိပဲဆိုပါတော့။ ငါတို့နှစ်ယောက်ရဲ့ဘေးမှာ တခြားသူငယ်ချင်တွေ ရှိခဲ့ကြပင်မဲ့ နင်နဲ့ငါကတော့ အရင်နှီးဆုံးနဲ့ အခင်မင်ဆုံးသူငယ်ချင်းတွေ အဖြစ်ဖြတ်သန်းခဲ့ကြတယ်နော်။ အိမ်နီးချင်းဖြစ်တာကတစ်ကြောင်း၊ မိဘချင်းကလည်း အလွန်ရင်းနှီးတာကတစ်ကြောင်း၊ ပြီးတော့ နင်နဲ့ငါကလည်း သက်တူရွယ်တူ ဖြစ်နေတာကလည်း ငါတို့နှစ်ယောက်ရဲ့ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ သံယောဇဉ်က ပိုပြီး ခိုင်မာသွားစေတယ်လို့ ငါယုံကြည်တယ်။ ငယ်ငယ်ကအကြောင်း စဉ်းစားလိုက်တိုင်း နင်ငါ့အပေါ် အမြဲဦးစားပေး အလေးထားခဲ့တာကို ငါဘယ်တော့ မမေ့ခဲ့ဘူး။ အသက်အားဖြင့်နင်က ငါထက် ငါးရက်လောက်ကြီးတာကိုး နင့်ကိုနင် အမကြီးလိုတစ်မျိုး၊ ဆရာမကြီးလို စတိုင်မျိုးနဲ့ ငါ့ကို ဂရုစိုက်ခဲ့တာကို အခုချိန်ထိ ငါ အမှတ်ရနေဆဲပါ သူငယ်ချင်း.....

နင် ငါ့အပေါ် တော်တော်လေး သံယောဇဉ်ကြီးတာကို ငါတို့ ရတန်းနှစ် ပထမစမ်းစာမေးပွဲ ဖြေခါနီးမှာ ငါ သဘောပေါက်နားလည်သွား ခဲ့ရတယ်။ ပထမအစမ်း စာမေးပွဲ ဖြေခါနီးတုန်းက ငါနေမကောင်းလို့ ဆေးရုံးတက်လိုက်ရတာ နင်မှတ်မိမှာပေါ့။ အဲတုန်းက ရက်လေးကို ငါအခုချိန်ထိ မေ့မရခဲ့ဘူး သူငယ်ချင်း .... ငါဆေးရုံးတက်ရလို့ စာမေးပွဲ ဝင်မဖြေနိုင်တော့မှန်းနင်သိသွားတော့ နင်လည်း စာပေးပွဲ ဝင်မဖြေခဲ့ဘူးလေ။ ငါ့အပေါ်နင်ထားတဲ့ စိတ်ကိုသိရတော့ ငါလေ အရမ်းဝမ်းသာပြီး စိတ်မကောင်းလည်း ဖြစ်ရတယ်။ နောက်ပြီး ငါ့အပေါ်ထားတဲ့ နင်ရဲ့သံယောဇဉ်ကိုလည်း ငါ တန်ဖိုးမထားပဲ မနေနိုင်တော့ဘူး။ ဒါကြောင့်လည်း ငါတို့နှစ်ယောက်ရဲ့ သံယောဇဉ်က သူငယ်ချင်းသံယောဇဉ်ထပ် မောင်နှမသံယောဇဉ်က ပိုများနေခဲ့ကြတယ်လေ။ ငါ့ အမေကတောင် ငါ့ကို ပြောသေးတယ်။ နင်နဲ့ငါ့ရဲ့ သံယောဇဉ်က လွန်လွန်းတယ်တဲ့။ အမေပြောခဲ့တဲ့ စကားကို ငါ သဘောကျခဲ့တာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရဲ့သံယောဇဉ်ကို လူကြီးတွေလည်း သတိပြုကြတဲ့ အတွက်ပေါ့။

ဒီလိုနဲ့ ငါတို့တွေ ၁၀တန်းနှစ် အရောက်မှာတော့ ကံကြမ္မာရဲ့ အလှည့်အပြောင်းလေးကို မသိဖာသာလေး ခံစားလိုက်ရသေးတယ်နော်။ ငါတို့ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးသွားတဲ့ အထိ အတူတူ တတွဲတွဲ ရှိနေခဲ့ကြလိမ့်မယ်လို့ ထင်ထားခဲ့ကြတာကိုး။ မထင်မှတ်ပဲ နင့်အဖေ နယ်ကိုအလုပ်ကိစ္စနဲ့ ပြောင်းရတော့မယ်ဆိုတဲ့ သတင်းကြားလိုက်ကတည်းက ငါတို့နှစ်ယောက် ပျော်ရွှင်ခြင်းမရှိပဲ တိတ်ဆိတ်နေကြတဲ့ ငါတို့နှစ်ယောက်ကိုကြည့်ပြီး မိဘတွေလည်း စိတ်မကောင်းဖြစ်ခဲ့ကြ ရသေးတယ်နော်။ ငါတို့တွေ အနေဝေးခဲ့ကြပင်မဲ့ စာအမြဲအဆက်အသွယ် ရှိခဲ့ကြတယ်လေ။ ငါတို့နှစ်ယောက်မှာ တူညီတာတစ်ချက်က ပညာရေးမှာ ထူးထူးချွန်ချွန်မရှိခဲ့ကြပင်မဲ့ ညံ့တဲ့ အဆင့်ထဲမှာ ငါတို့မပါခဲ့ကြဘူး။ ၁၀တန်းအစိုးရစစ်ကိုလည်း ငါတို့နှစ်ယောက် ရိုးရိုးအဆင့်နဲ့ နှစ်ချင်းပေါက်အောင်အောင် ဖြေနိုင်ခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းကို အတူတူမတက်ခဲ့ကြရပင်မဲ့ ငါတို့နှစ်ယောက် မေဂျာ တူတူတော့ ယူခဲ့ကြတယ်လေ...။

တက္ကသိုလ်စတက်တဲ့နှစ်မှာပဲ နင့်ဆီက ငါ့ကို ဆက်သွယ်မှုအရှိန်လျော့သွားမှန်း ငါသတိထားလိုက်မိတယ်။ တက္ကသိုလ်နောက်ဆုံးနှစ်အရောက်မှာတော့ နင်ငါ့ကို လုံးဝ အဆက်အသွယ်မလုပ်ခဲ့တော့ဘူးနော်။ ဒါပင်မဲ့ ငါနင့်ကို လုံးဝမေ့လို့ မရနိုင်ခဲ့ဘူး သူငယ်ချင်း ....။ ဘာဖြစ်လို့လဲ နင်သိလား။ ငါ နင့်ကိုချစ်နေခဲ့မိပြီ ... သူငယ်ချင်း။ ငါ့စိတ်ထဲမှာ တစ်နေ့နေ့ငါ့ကို နင်ဆက်သွယ်လာလိမ့်မယ်လို့ ငါယုံကြည်နေခဲ့မိတယ်။ နောက်ဆုံးနှစ်စာမေးပွဲအပြီးမှာ ငါ့အဖေရဲ့ သူငယ်ချင်း ကုမ္ပဏီမှာ အလုပ်ဝင်နေခဲ့ရပြီ။ အလုပ်သင်ဘဝနဲ့ အလုပ်မအားခဲ့ပင်မဲ့ နင့်ကိုတော့ ငါ တစ်နေ့မှ မေ့လို့မရခဲ့တာ အမှန်ပါဟာ။ မထင်မှတ်ပဲ မထင်မှတ်တဲ့ အချိန်မှာ နင့်ကိုပြန်တွေ့ရလိမ့်မယ်လို့ ငါတွေးမထားပင်မဲ့ ငါ့သူဌေးရဲ့ သူငယ်ချင်းသမီး အလုပ်ဝင်မယ်လို့ ငါ့ကိုပြောထားပင်မဲ့ နင်ဖြစ်လိမ့်မယ်လို့ လုံးဝကို ငါ မတွေးထားလိုက်မိတာပါ။ နင့်ကို ငါတွေ့လိုက်ရတော့ ငါ အရမ်းဝမ်းသာသွားတယ်။ နင်လည်း ငါ့လိုပဲ ဆိုတာကို နင်မပြောပင်မဲ့ ငါ အလိုလိုသဘောပေါက်ပါတယ်။

နင်နဲ့ငါ ပြန်ဆုံတဲ့နေ့မှာပဲ ငါဝမ်းသာခဲ့ရသလို၊ ဝမ်းလည်းနည်းခဲ့ရပြန်တယ်။ ငါတို့ပြန်တွေ့တွေ့ချင်မှာပဲ နင့်ရဲ့ငါ့အပေါ်မှာ ထားတဲ့ သံယောဇဉ်နဲ့ ခင်မင်မှုကို အရင်အတိုင်းတွေ့လိုက်ရလို့ ငါအရမ်းဝမ်းသာခဲ့ရပါတယ်။ ဝမ်းနည်းရတာကတော့ ညနေပိုင်းရုံးဆင်းတော့ ငါနဲ့ မိတ်ဆက်ပေးခဲ့တဲ့ နင့်ရဲ့ချစ်သူဆိုတဲ့ လူကြောင့်လို့ ငါထင်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နင် ငါ့အနားရှိနေပြီးဆိုတဲ့ စိတ်ကြောင့် ငါ့ရဲ့စိတ်ကို ငါထိန်းနိုင်ခဲ့တယ်. နင်နဲ့တွေ့ရင်ပြောမယ်လို့တွေးထားတဲ့ ငါရင်ထဲက စကားတွေကတော့ နင်အတွက်ငါ့ရင်ထဲမှာ ထာဝရသိမ်းထားပြီးသာ ဖြစ်သွားရတယ် သူငယ်ချင်း။

ချစ်သူထက် သူငယ်ချင်းကို ဦးစားပေးတဲ့ နင်ကိုတော့ ငါအားနားနေရပြီ သူငယ်ချင်း။ ငါ့မှာလည်းချစ်တက်တဲ့ အသည်းနှလုံးရှိပါတယ်။ ဒါကြောင့်လည်း နင့်ရဲ့ချစ်သူကို ငါကိုယ်ချင်းစားမိပါတယ်။ ငါနဲ့ မတွေ့ခင်ကတော့ နင်တို့နှစ်ယောက်ရဲ့ အခြေအနေကို ငါမသိခဲ့ရပင်မဲ့ ငါနဲ့တွေ့ပြီးတဲ့နောက်ပိုင်း နင်ရဲ့ချစ်သူအပေါ်မှာထားတဲ့ နင်ရဲ့စိတ်ကိုတော့ ငါသဘောမကျမိတာ အမှန်ပဲ။ ငါကို နင်ဂရုစိုက်လွန်တဲ့အတွက် ငါကျေနပ်ခဲ့ရပင်မဲ့ တစ်ကိုယ်ကောင်းမဆန်တက်တဲ့ ငါ့အကျင့်ကြောင့် နင်ရဲ့ချစ်သူနေရာမှာ ဝင်ကြည့်လိုက်တော့ ငါကိုယ်ချင်းစားတက်လာတယ်။ အခုလို နင်နဲ့အဝေးဆုံးမှာ မနေချင်ပဲ နေဖို့ဆုံးဖြတ်လိုက်ရတာကိုတော့ နင်လည်း တစ်နေ့နေ့တော့ ငါ့ကို နားလည်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နင်အပေါ်မှာ ငါချစ်သလိုမျိုး နင့်ချစ်သူကလည်း ချစ်နိုင်တယ်ဆိုတာကို ငါသိလိုက်တာကြောင့်ရော၊ နင့်ချစ်သူရဲ့ လူကြီးဆန်ဆန် ပြဿနာကို ဖြေရှင်းတက်တဲ့ အချက်တွေကိုကြည့်ပြီး၊ နင့်ကိုသူရဲ့လက်ထဲမှာ ထားခဲ့ဖို့ ငါဆုံးဖြတ်ခဲ့တာပါ။ .

နင်ငါ့အပေါ်ဘယ်လောက်အလေးထားတယ်ဆိုတာကို နင်သက်သေမပြလည်း ငါယုံကြည်ပါတယ်။ နင်တို့လက်ထပ်မဲ့ရက်ကိုလည်း ငါပြောထားတဲ့အတိုင်းပဲ နင်ရဲ့မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ လေးရက်နေ့မှာလက်ထပ်ခဲ့တယ်နော်။ နင်နဲ့ငါက ငါးရက်ကြီးငါးရက်ငယ်ဆိုပင်မဲ့ နှစ်စဉ်နှစ်တိုင်း ငါတို့နှစ်ယောက်ရဲ့မွေးနေ့ကို နင့်ရဲ့မွေးနေ့မှာလဲ မလုပ်ရသလို၊ ငါ့မွေးနေ့မှာလဲ မလုပ်ပဲ ငါ့တို့နှစ်ယောက်မွေးနေ့ရဲ့ အလယ်ရက်မှာပဲ ငါတို့နှစ်ယောက်တည်း ကျင်းပခဲ့ကြတာ နင်မှတ်မိမှာပေါ့။ အခုလည်း ဒီနေ့ဟာ ငါတို့နှစ်ယောက်မွေးနေ့ရဲ့ အလယ်ရက်ကိုရောက်နေပြီးဆိုတာ ငါမပြောလည်း နင်မှတ်မိနေမယ်ဆိုတာ ငါအလိုလိုသိနေပါတယ်။ ဒါကြောင့်လည်း ငါတို့နှစ်ယောက်ရဲ့မွေးနေ့အမှတ်တရ အနေနဲ့ ဒီစာလေးကို ငါရဲ့ဒိုင်ယာရီစာအုပ်လေးမှာ ရေးချနေလိုက်မိတယ် .....သူငယ်ချင်းရယ်.......

ပျော်ရွှင်စရာမွေးနေ့လေးနဲ့ ပျော်ရွှင်စရာဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ငါ ဆုတောင်းပေးနေပါတယ် ... ဟာ


လေးစားစွာဖြင့်
ရီနိုမာန်