May 15, 2011

ပြည်တော်ပြန် ( ၂ )

ပြည်တော်ပြန် အပိုင်း (၁) ရေးပြီးတော့ အပိုင်း ( ၂ ) ကိုရေးဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားပါသေးတယ်။ သိစိတ်က ဆက်ရေးဖို့ နိုးဆော်ပင်မဲ့ မသိစိတ်ကတော့ အပိုင်း ( ၂ ) ဆက်ရေးဖို့ရန် အားမပေးခဲ့ပါ။ အပိုင်း ( ၂ ) ကိုရေးမယ်လုပ်လိုက် စိတ်ကူးတွေ ပျောက်သွားလိုက်နဲ့ အဆင်မပြေ ဖြစ်နေခဲ့ပါတော့သည်။

မြန်မာလူမျိုးဖြစ်တဲ့ ကျွန်တော်တို့ မိသားစုအတွက် ရှေ့ထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ စကားလေးအတိုင်း အမေ မှာလိုက်တဲ့ စကားလေးကို အသိနဲ့သတိကပ်ပြီး ကျွန်တော်တို့ ထွက်လာခဲ့ကြပါတယ်။ အရာရာ သတိထားရင် ဘယ်အရာမှ လွန်လွန်ကျွံကျွံ မဖြစ်ဘူးဆိုတာ မှန်ပါတယ်။ အိမ်ကို ပြန်ရောက်တဲ့ အချိန်က ညနေ ရ နာရီကျော်နေပြီး ဖြစ်တာကြောင့် အိမ်မှာ မျှော်နေတဲ့ ကျွန်တော့်အမေ ဆိုင်ကယ်သံ ကြားလိုက်မှပဲ သက်ပြင်းရှည်ရှည် တစ်ချက်ချလိုက်နိုင်မှန်း ကျွန်တော် နားလည်လိုက်ပါတယ်။

ဒီလိုနေ့ ဒီလိုရက်ကို ရောက်ဖို့ ကျွန်တော် စောင့်လာခဲ့တာ ကြာခဲ့ပါပြီ။ ဒီရက်လေး ဖြစ်လာခဲ့ဖို့ အတွက် ကျွန်တော်ရင်ထဲက ဆန္ဒတွေကို ထိန်ချုပ်ခဲ့တာလည်း နှစ်နဲ့ချီနေပါပြီ။ ကျွန်တော်လိုပဲ အမေလည်း ဖြစ်နေမယ်ဆိုတာ ကျွန်တော် ခံစားနားလည်ပေးလို့ ရနိုင်ပါတယ်။ မိဘကျေးဇူးကို တနည်းအားဖြင့် ဆပ်ရာလည်း ရောက်သလို အမေ့အတွက် တစ်ဦးတည်းသာ ရှိတော့တဲ့ သားတစ်ယောက်ကို သာသနာ့ဘောင် သွတ်သွင်းပေးရခြင်းမှာလည်း ထူးမြတ်လှတဲ့ ကုသိုလ်ပဲ ဖြစ်ပါတော့သည်။

မျက်နှာအောက် တည့်တည့်မှာရှိနေတဲ့ သဘတ်အဖြူရောင်ကို ကြည့်ပြီး အဖေဆုံးတုန်းကတောင် မကျမိခဲ့တဲ့ မျက်ရည်တွေ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ စီးကျလို့လာပါတော့တယ်။ ကျွန်တော် ဝမ်းနည်း၍ကျတဲ့ မျက်ရည်မဟုတ်ပါ။ လူ့လောကကြီးထဲကိုရောက်အောင် ပို့ပေးခဲ့တဲ့ အဖေနဲ့အမေကို တစ်နည်းအားဖြင့် ကျေးဇူးဆပ်နိုင်ခဲ့လို့ပါပဲ။ အမေ့နို့တစ်စက်ရဲ့ ဆယ်ပုံတစ်ပုံလောက်တော့ ကျေနိုင်ကောင်းပါရဲ့ဗျာ။

မြန်မာပြည်မပြန်တာ ၊ တစ်နည်းအားဖြင့် အမေ့အိမ်နဲ့ဝေးနေခဲ့တာ လေးနှစ်လောက်ရှိနေပြီဖြစ်တာကြောင့် အမေ့အနားမှာ နေလိုရသလောက်နေချင်မိတဲ့ ဆန္ဒကြောင့်ရယ်၊ ရတဲ့ခွင့်ရက် တလထဲရတာကြောင့်ရယ်၊ ကိုယ့်စိတ်တိုင်းကျ ခရီးလေး ထွက်ချင်တာကြောင့် ငါးရက်မြောက်တဲ့ နေ့မှာပဲ ကျွန်တော် လူထွက်လိုက်ပါတယ်။ ကျွန်တော်နဲ့ အတူတူပြန်လာတဲ့ သူငယ်ချင်းကတော့ တစ်ရက်နဲ့လူထွက်ပြီး မြိတ်ကို ဆင်းသွားပါတော့တယ်။ မပြန်ခင်ကတည်းက ကြိုစီစဉ်ထားတာကြောင့် သူလည်း မြိတ်မှာ ကြာကြာမနေရပဲ ရန်ကုန်ကို ပြန်တက်လာခဲ့ပါတော့တယ်။

၂၀၀၀ - ၂၀၀၄ လောက်က တစ်နှစ်ကို အနည်းဆုံး တစ်ခေါက်လောက်ရောက်ဖြစ်ခဲ့တဲ့ နေရာလေး တစ်ခုရှိပါတယ်။ ဘယ်အချိန်သွားသွား မရိုးနိုင်ခဲ့တဲ့ နေရာလေးပါ။ သဘာဝအလှနဲ့ ပင်ကိုယ်စတိုင်ရှိနေတဲ့ နေရာလေး တစ်ခုပါ။ သူငယ်ချင်းတွေ ဆုံမိလို့ပဲ ဖြစ်ဖြစ်၊ ရုံးရက်ရှည်ပိတ်ရက် ရှိလိုပဲဖြစ်ဖြစ်၊ လက်ထဲမှာ ပိုက်ဆံ ပိုပိုလျှံလျှံလေး ရှိနေလို့ပဲ ဖြစ်ဖြစ် ခဏခဏ ရောက်ဖြစ်ခဲ့တဲ့ နေရာလေးပါ။ အခုတစ်ခေါက် ပြည်တော်ပြန် ခရီးမှာလဲ ကျွန်တော် သတိတရနဲ့ သွားချင်နေမိတဲ့ ခရီးစဉ်လေးလည်း ဖြစ်သလို၊ ကျွန်တော် နဲ့အတူတူပြန်တဲ့ သူငယ်ချင်းကလည်း တစ်ခေါက်မှ မရောက်ဖူးလို့ သွားချင်တာကတစ်ကြောင်း၊ မိသားစုနဲ့လည်း အိမ်မှာနေရတာထက် ပျော်ပျော်ရွှင်၇ွှင် ခရီးလေး ထွက်ချင်တာကြောင့် ဒီခရီးစဉ်လေးကို ကျွန်တော့် အသိအမတစ်ယောက်ရဲ့ အကူအညီနဲ့ သွားရေး၊လာရေး၊ နေရေး တို့ကိုစီစဉ်ခိုင်းလိုက်ပြီး စားရေးကိုတော့ အဖွဲ့တောင့်တာကြောင့် အခြောက်အခြမ်း အကြော်အလှော်ကိုတော့ အိမ်မှာလုပ်ပြီး ထည့်သွားခဲ့ကြပါတယ်။ အဲဒီနေရာလေးကတော့ ချောင်းသာ ပဲဖြစ်ပါတယ်။

နှစ်ညအိပ် သုံးရက်ဆိုပင်မဲ့ စိတ်ထဲကျေနပ်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ လမ်းခရီးမှာလည်း စိတ်အနှောက်အယှက်ဖြစ်စရာ ဘာတစ်ခုမှ မရှိပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော်ပျော်တယ်ဆိုတာထက် အမေပြုံးပျော်နေတာကို ကြည့်ပြီး ကျွန်တော်ကျေနပ်ဝမ်းသာဖြစ်ရတယ်။ အမေကတော့ ကျနော်ပိုက်ဆံကုန်တာကြည့်ပြီး စိတ်မကောင်းဖြစ်လို့ ကျွန်တော်ကပဲ ပြန်ပြီး အားပေးခဲ့ရပြန်ပါတယ်။ ပိုက်ဆံပဲ ကုန်မှာပေါ့ အမေရယ်။ သားရှိနေသေးတာပဲ ဘာလိုသေးလဲ။ သားရှိရင် ပိုက်ဆံရှိ တာပဲပေါ့ ဟုတ်ဖူးလား.........။

ကျွန်တော်တို့ရဲ့ခွင့်ရက်လေး ၁၅ဟာ ကုန်မှန်းမသိကုန်သွား လိုက်တာ စိတ်ထဲ နှမျောနေမိပြန် ပါတော့တယ်။ ဒီလိုနဲ့ အမေဆီမှာ ခွင့်တောင်းပြီး ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ကျောပိုးအိတ် ခရီးစဉ်လေးကို စတင်လိုက်ပါတော့တယ်။

ကျောပိုးအိတ်တစ်ယောက် တစ်လုံးစီဖြင့် ရန်ကုန် အဝေးပြေးလမ်းမကြီးဆီမှ အေးချမ်းလှပြီးဖြစ်တဲ့ ရာသီမှာ အေးချမ်းလွန်းတဲ့ ဒေသဆီသို့ ခရီးဆက်ခဲ့ကြပါတော့တယ်။ ဒီတစ်ခါမှာတော့ စိတ်တူကိုယ်တူ ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်သာ ပါလာပါတော့တယ်။ တစ်ခါမှ မရောက်ဖူးသေးတဲ့ ဒေသဖြစ်တာကြောင့် သူငယ်ချင်းက သွားချင်ပင်မဲ့ ကျွန်တော်နဲ့ကတော့ တစ်ချိန်တုန်းက ရင်းနှီးဖူးခဲ့ပြီး ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသလေးပဲ ဖြစ်ပါတယ်။

ကြိုတင်ဆွဲထားးခဲ့ကြတဲ့ အတိုင်း တောင်ကြီးမှာ တစ်ည၊ ပင်လောင်းမှာ တစ်ည၊ အောင်ပန်းမှာ တစ်နေ့နှင့် ကျွန်တော်နှစ်သက်လှတဲ့ မြို့လေးဖြစ်တဲ့ ကလောမှာတော့ နှစ်ညအိပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ် ကျွန်တော် မြို့ခံ တစ်ယောက်လိုမျိုးအဖြစ်နဲ့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်သူငယ်ချင်းကို ဆရာကြီးလုပ်ပြီး ကျွန်တော်ရောက်ဖူးခဲ့ပြီးပြီ ဖြစ်တဲ့ နေရာတော်တော်များများကို အိပ်ချိန်စားချိန်မှလွဲ၍ မနားရအောင် ကျွန်တော်လိုက်ပို့ပေးဖြစ်ခဲ့ပါတယ်။

လက်ထဲမှာလည်း ပိုက်ဆံက ရှိနေသေးတာကြောင့် အချိန်ကို ထပ်ခိုးလိုက်ပီး ကျွန်တော်တို့ နှစ်ယောက် ပြင်ဦးလွင်ကို ခရီးဆက်လိုက်ကြပါတော့တယ်။ ပြင်ဦးလွင်ကို ရောက်တယ်ဆိုရင်ပဲ ရာသီဥတု အခြေအနေ၊ ပတ်ဝန်းကျင် အေးချမ်းမှု၊ စိတ်လက်ပေါ့ပါလန်းဆန်းသွားအောင် ဆွဲဆောင်နိုင်လှတဲ့ သဘာဝ အလှများကြောင့် ကျွန်တော်တို့နှစ်ယောက် ခရီးပင်ပန်းခဲ့သမျှ စိတ်ရှိလက်ရှိ အနားယူလိုက်ကြပါတော့တယ်။

ခွင့်ရက် ၁၀ရက်တောင် မကျန်တော့တာက တစ်ကြောင်း၊ မပြန်ခင် အမေနဲ့ အေးအေးဆေးဆေး စကားတွေပြောပြီး နေချင်တာကြောင့် ပြင်ဦးလွင်ရောက်ပြီး နှစ်ညအိပ်ရက်မြောက်မှာပဲ ကျွန်တော်တို့ရဲ့ ကျောပိုးအိတ်ခရီးစဉ်လေးကို အဆုံးသတ်လိုက်ကြပါတော့တယ်။ အသွားတုန်းက ကျောပိုးအိတ် တစ်ယောက် တစ်လုံးစီဆိုပင်မဲ့ အပြန်ခရီးမှာတော့ လက်ဆောင်ပစ္စည်းများဖြင့် အထုပ်အပိုးကိုယ်စီ ဖြစ်သွားကြပါတယ်။

တစ်ဖြည်းဖြည်းနဲ့ ရက် ၃၀ ခွင့်လည်းကုန်လို့ တစ်ကျွန်းပြန်ဖို့ လက်မှတ်၊ စာအုပ်လေးကိုင်ပြီး တစ်ကျွန်းပြန်ခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ကျွန်တော်ရဲ့ ပြည်တော်ပြန် အပိုင်း(၂)ကို အဆုံးသတ်ရင်း ၂၀၁၂ ဇန်နဝါရီလမှာ ပြန်ဖို့ ရည်ရွယ်ထားတဲ့ ကျွန်တော်ရဲ့ စိတ်ကူးလေးကို စိတ်ကူးယဉ်ပြီး ရေးဖွဲ့ထားတာ ဖြစ်ပါကြောင်း လေးစားစွာဝန်ခံလိုက်ရပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

5 comments:

ahphyulay said...

အင်း...
လူတွေအားလုံးက တကယ်တော့  ခရီးသည်
တွေပါပဲ။ မွေးတာတစ်နေရာ၊ ကြီးပြင်းရတာတစ်နေရာ
ကျင်လည်ရတာတစ်နေရာ၊ နောက်ဆုံးခေါင်းချရတာ
လည်းတစ်နေရာပါပဲ။ တရွေ့ ရွေ့  သွားနေရင်း
တစ်ကွေ့ ကွေ့ တိုင်းမှာ တမြေ့ မြေ့ နဲ့  တွယ်တာ
ရတဲ့  အသိုင်းအဝိုင်းတွေကို လက်တွဲဖြုတ်ခဲ့ ရတာပဲ
မဟုတ်လား....။ အဲ့ ဒီအထဲမှာ အစားထိုးမရတဲ့ 
အမိနဲ့ အဖ ကို ခွဲရတာကတော့  ခံရအခက်ဆုံးပါပဲ။

စော(အဝါရောင်မြေ) said...

အိမ်ပြန်တဲ့ အချိန်မှာ ပိုက်ဆံတွေလည်း ကန်တော့လိုက်ရော လက်ထဲပါလာတဲ့  ငွေလေးလည်း လျှော့သွားရော။ လှူခြင်တာတွေ လှူလိုက်တော့ ပိုနည်းသွားပါရောလား။ ခရီးသွားရတာ ငွေတော်တော် ကုန်တာပါပဲ။

An Asian Tour Operator said...

ဘုန်းကြီး တစ်ရက် ပဲဝတ် တယ်..။ ပြီးတော့ အိမ်မှာ မနေပဲ ရှောက်သွား နေတယ်..။ ဟုတ်စ။ ပြီးတော့မှ အမေနဲ့ အေးအေးဆေးဆေးနေချင် ပါတယ် ဖြစ်နေပြန်ရော.. :))

ဇွန်မိုးစက် said...

သြော်... မဇွန်က တကယ်အောက်မေ့လို့ဖတ်နေတာ။ လက်စသတ်တော့ စိတ်ကူးယဉ် ပြန်တော်ပြန်ခရီးကိုး။ အင်း...တို့လည်း လိုချင်တယ်ကွယ် ခွင့်တစ်လလောက်။ မြန်မာပြည်မှာ ကိုယ်မရောက်ဖူးသေးတဲ့နေရာတွေ အများကြီး ရှိသေးတယ်။း(

SHWE ZIN U said...

စိတ်ကူး တဲ့ အတိုင်းဖြစ်ပါစေဗျာ