June 30, 2009

ကျနော် နေတဲ့ မြို့ကလေး


ကျွန်တော်နေတဲ့မြို့ကလေးမှာ
အရုဏ်တက် ဆိုရင်
ကုသိုလ်ရေး တရားသံတွေ ဝေနေပြီ
တရားခွေတွေဖွင့်ကြတယ်
ကျွန်တော် တရားသံတွေ နာရတယ်
အလှူရှင်အမည်တွေ ရွတ်ကြတယ်
နာမည်ဆန်းဆန်း ကြားရင် ကျွန်တော် ပြုံးမယ် ကျွန်တော် ပျော်မယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ငှက်မျိုးစုံ တွေ့ရတယ်
စာကလေးတွေ အသိုက်ဆောင်ရင် နွေရောက်ပြီ
ဗျိုင်းဖြူအုပ်တွေမြင်ရရင် မိုးရောက်ပြီ
ငှက်တော်ကလေးတွေတွေ့ရရင် ဆောင်းရောက်ပြီ
ကျွန်တော် ငှက်ကလေးတွေကြည့်ကြည့်နေတာ သူတို့မမြင်ပါ
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ပဋ္ဌာန်းရွတ်ဆိုပူဇော်ပွဲ အသံတွေ ကြားရတယ်ဗလီက၀တ်ပြုနှိုးဆော်သံတွေကြားရတယ်
ဘုရားရှိခိုးကျောင်းဆီက ခေါင်းလောင်းသံတွေ ကြားရတယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။
ကျွန်တော်နေတဲ့မြို့ကလေးမှာ
ပြောင်းဖူးပြုတ်ရောင်းသူလေးတွေရှိတယ်
ငုံးဥပြုတ်ရောင်းသူလေးတွေရှိတယ်
အခြား ဘာရောင်းမှန်း ကျွန်တော်မသိတဲ့ သူလေး တွေလည်းရှိတယ်
သူတို့ဘာရောင်းမှန်း
ကျွန်တော် သိသိ မသိသိ
သူတို့အော်ရောင်းတဲ့အသံတွေဟာ
ကျွန်တော့်အတွက် ဂီတသစ်ပေါ့
ကျွန်တော်နားထောင်နေတာ သူတို့မသိကြပါ
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ခြောက်သွေ့ရာသီရောက်ရင်
မီးအန္တရာယ်ကြိုတင်ကာကွယ်
နှိုးဆော်သံတွေကြားရတယ်
ကိုထွန်းရွှေသီချင်းသံကြားရတယ်
သတိပေးသံတွေကြားရတယ်
ဥသြသံတွေကြားရတယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော် ကောင်းကင်ကို မော့ကြည့်နေတာ မမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ဘုရားပွဲတွေရှိတယ်
နတ်ပွဲတွေရှိတယ်
မင်္ဂလာဆောင်ပွဲတွေလည်းရှိတယ်
အလှူပွဲတွေလည်းရှိတယ်
ဈေးသည်တွေ ဈေးရောင်းကြတယ်
ဆိုင်းဝိုင်းတွေ ဆိုင်းတီးကြတယ်
ဇာတ်သဘင်အဖွဲ့တွေ ဆိုကြတယ် ကကြတယ်
ညဘက်တွေမှာ အသံတွေဟာ အဆူညံဆုံးပေါ့
အသံစကြားရတဲ့အခါ
မင်္ဂလာဆောင်လား
နတ်ပွဲလား
ဘုရားပွဲလား ကျွန်တော်တို့ငြင်းကြတယ်(နှစ်တိုင်း အခါတိုင်းပဲလေ)
တပေါင်းလမှာလုပ်တဲ့နတ်ပွဲက ခေတ်မီတယ်
နတ်ချော့တေးတွေဆန်းသစ်တယ်
စပါတ်ကလင်အချစ်နဲ့ ချော့တယ်၊ ကတယ်
ပုစွန်ဆိတ်ကလေးနဲ့ ချော့တယ်၊ ကတယ်
နဂါးနီသီချင်းပါ ပါတယ်ဆိုတော့
ဒီနတ်စိမ်းက မျိုးချစ်စိတ်ကြီးလှပေါ့
ကျွန်တော်တို့ သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော်တို့ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
သင်္ကြန်ပွဲတွေဆင်နွှဲကြတယ်
ပျော်နေတဲ့အသံတွေကြားရတယ်
ရော့ခ်သီချင်းတွေကြားရတယ်
ဟစ်ဟော့ပ်သီချင်းတွေကြားရတယ်
သင်္ကြန်သီချင်းတွေလည်းကြားရတယ်
သူတို့ကနေကြလား ကျွန်တော်မသိပါ
ကျွန်တော်ကတော့ တစ်ခါတစ်ခါ တစ်ယောက်တည်း ထကတယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော်ကတာမမြင်ကြပါ။
ကျွန်တော်နေတဲ့မြို့ကလေးမှာ
(ဗုဒ္ဓပူဇနိယ)ပွဲတစ်ခု တော်သလင်းလမှာကျင်းပတယ်
ကားတွေနဲ့လှည့်ပြီး သီဆိုကြတယ်
လမ်းပိတ်နေရင် ဖယ်ခိုင်းတယ်
အလှူငွေထည့်ရင် ကြော်ငြာပေးတယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ဝါကျွတ်ပြီဆိုရင် ဗျောက်အိုးသံတွေကြားရတယ်
မီးရှူးပန်းတွေတွေ့ရတယ်
မီးပုံးပျံတွေတွေ့ရတယ်
ခါတစ်ရံ ညကောင်းကင်မှာ အစီအရီပေါ့
လွှတ်တဲ့သူတွေကို ကျွန်တော် မမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
စာတိုက်တစ်ခုရှိတယ်
စာပို့လုလင်တွေရှိတယ်
စာတိုက်စာရေးမလေးတွေ ရှိတယ်
ကျွန်တော်တို့ဆီ စာတွေ၊ ဂျာနယ်တွေ၊ စာအုပ်တွေ
စာတိုက်မှတစ်ဆင့် ရောက်လာကြတယ်
ကျွန်တော်တို့လည်း စာတွေမှန်မှန်ရေးပြီး ထည့်တယ်
သူတို့တွေ ကျွန်တော့်ကိုသိကြတယ်
ကျွန်တော် သူတို့ကိုမမြင်ဖူးပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ဖူးကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
သတင်းစာပို့သူတွေရှိတယ်
ကျွန်တော် နေ့စဉ် သတင်းစာနှစ်စောင်ကို
လပေးဝယ်ဖတ်တယ်
သာရေးတွေဖတ်တယ်၊ နာရေးတွေဖတ်တယ်
ဆောင်းပါးတွေဖတ်တယ်
ကြော်ငြာတွေဖတ်တယ် ကြေညာချက်တွေ ဖတ်တယ်
ခေါင်းကြီးပိုင်းတွေဖတ်တယ်
ပြည်တွင်းသတင်းတွေဖတ်တယ် နိုင်ငံတကာသတင်းတွေ ဖတ်တယ်
သတင်းစာဖိုးတွေ ပြောင်းပြောင်းသွားတယ်
ကျွန်တော်ကတော့ ဖတ်တုန်းပေါ့
သတင်းစာပို့သူတွေပြောင်းပြောင်းသွားတယ်
ကျွန်တော်ကတော့ ၀ယ်ဖတ်တုန်းပါပဲ
ကျွန်တော် သူတို့ကိုမမြင်ဖူးပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ဖူးကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
လူတွေဟာ ရုပ်မြင်သံကြားမှာ ဘောလုံးပွဲတွေကြည့်ကြတယ်
ဂိုးဝင်၊ ဂိုးလွဲသွားတဲ့အခါတွေမှာ အော်သံတွေ ကျွန်တော်တို့ကြားရတယ်
ကမ္ဘာ့ဖလားပွဲတွေဟာ အဆူညံဆုံးပေါ့
ပြင်သစ်နိုင်တုန်းကလည်း သူတို့အော်ကြတယ်
ဘရာဇီးဒိုင်းရတော့လည်း သူတို့အော်ကြတယ်
(အသံတွေပိုကျယ်လာတယ်)
အီတလီဗိုလ်စွဲတော့လည်း သူတို့အော်ကြတယ်
(အသံတွေပိုပိုပြီးကျယ်လာတယ်)
ကျွန်တော်တို့ အော်သံတွေကိုထိုင်မှတ်တယ်
ကျွန်တော်တို့ သူတို့အော်သံတွေကိုမှန်းဆကြတယ်
ကျွန်တော်တို့ သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော်တို့ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ဘူတာရုံရှိတယ်
ရထားတွေထွက်ကြတယ်
ရထားတွေဆိုက်ကြတယ်
ဘီးလှိမ့်သံတွေကြားရတယ်
ဥသြသံတွေကြားရတယ်
၀၂း၄၅ နာရီမှာကြားရတဲ့ရထားဥသြသံဟာ
ကျွန်တော့်အတွက် လွမ်းစရာအကောင်းဆုံးပါ
အဲသည့်ရထားဟာ ထွက်တာလား၊ ဆိုက်တာလား
ကျွန်တော် မသိပါ
ထွက်လည်း ဒီရထား၊ ဆိုက်လည်း ဒီရထားမို့
ကျွန်တော့် မေးမကြည့်တော့ပါ
ကျွန်တော် ရထားကြီးကိုမမြင်ရပါ
ရထားကြီးကလည်း ကျွန်တော့်ကိုမမြင်ရပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
စာအုပ်ဆိုင်တွေရှိတယ်
စာအုပ်တွေရောင်းတယ်၊ စာအုပ်တွေငှားတယ်
စာအုပ်တွေကို ကျွန်တော် လူကြုံနဲ့ဝယ်တယ်
ကျွန်တော့်ကို စာအုပ်ဆိုင်ကကောင်မလေးသိတယ်
ကျွန်တော်လည်း စာအုပ်ဆိုင်ကကောင်မလေးကို သိတယ်
တစ်နေ့မှာတော့
သူ့လက်ထပ်ပွဲသတင်း ကျွန်တော်ကြားရတယ်
ကျွန်တော် သူ့ကိုမမြင်ဖူးပါ
သူလည်း ကျွန်တော့်ကိုမမြင်ဖူးပါ
ကျွန်တော် ယနေ့ထိ စာအုပ်တွေဝယ်နေတုန်းပါပဲ။

ကျွန်တော်နေတဲ့မြို့လေးမှာ
ကျွန်တော်က ကျွန်တော်နေတဲ့မြို့ကလေးကို မမြင်ဖူးပါ
ကျွန်တော်နေတဲ့မြို့ကလေးကလည်း ကျွန်တော့်ကို မမြင်ဖူးပါ
ကျွန်တော်နေတဲ့မြို့ကလေးမှာ
ကျွန်တော် နေနေတုန်းပါ။


ဆရာ ကိုယက္ခ ရေးသားခြင်းဖြစ်ပါတယ်။ နှစ်သက်မိ၍ ပြန်လည်ခံစား တင်ပြခြင်းဖြစ်ပါတယ်။


လေးစားလျှက်
ရီနိုမာန်

June 29, 2009

မအိမ်ကံ ( for July ) အပိုင်း - ၁

ယခင်လမှ အဆက်........

အရီးလှအုံဆီလာသာ မအိမ်ကံ။ သမီးက နေ့နေ့ညည ခဏခဏ အဖျားတက်လို့ ကြည့်ခိုင်းလို့ လာသာ။ နေကောင်းကြလား။ ငါဖြင့် စိတ်သာရောက်သယ် လူမရောက်နိုင်ပါဘူး သူငယ်ချင်းမရယ် ရွှေမှုံက စကားပြောရင်း ၀ိုင်းထဲဝင်လာတော့ မအိမ်ကံလည်း လိုက်လာခဲ့သည်။ ရွှေမှုံ နည်းနည်းလေးတော့ ပိန်သွားသည်။ အပျိုတုန်းက ကိုယ်သားကိုယ်ရေလည်း မရှိတော့။ သားသည် မအေကလည်း ဖြစ်ပြန်၊ စိတ်ထောင်းကိုယ်ကျေလည်း ရှိပုံရသည်။ ရွှေမှုံသမီးကလေးကို ငဲ့ကြည့်ပြန်တော့ မှင်တင်တင်။ ကလေးက မလန်းသလိုလို နွမ်းလှသည်။ မျက်လုံး မျက်ဖန်တော့ ရွှေမှုံနှင့် အတူသား။

“သည်လိုပါပဲ ရွှေမှုံရယ်။ ညည်းတို့ အိမ်မှ မဟုတ်ပါဘူး။ ငါလည်း ဘယ်သူ့ အိမ်မှကို မရောက်သာကြာပြီ။ ခေတ်ကာလကလည်း မကောင်းတော့ အိမ်က မခွာဝံ့ဘူး”

ရွှေမှုံက သမီးဖြစ်သူ၏ ရောဂါနှင့်ပတ်သက်၍ မလှအုံကို အကျိုးအကြောင်း ပြောပြသည်။ ကလေးက မနက်အိပ်ရာထ တိုင်းလည်း လန်းသည်မရှိ။ နေ့ခင်းနေ့လယ် ကိုယ်ကလေးပူ ချင်တော့လည်း ပူလာသည်။ တစ်ခါတစ်ရံ ညနေဘက်တွင် အပူအားကြီးတတ်ပြန်သည်ဆို၏။ ကလေးဖျား၊ ကလေးနာ ယတြာမန်းနှင့်ပတ်သက်၍ ရွာမှာ မလှအုံက နာမည်ရသည်။ တော်ရုံတန်ရုံအဖျားတော့ မန်းရုံ၊ ယတြာလုပ်ရုံ၊ ဆေးမြီးတို ကလေးသုံးရုံနှင့် ပျောက်နိုင်လို့ ဆေးဆရာဆီ မသွားလေ့ကြ။ အခုလည်း မလှအုံကို လာမန်းခိုင်းခြင်းဖြစ်ကာ ယတြာတောင်း ခြင်းဖြစ်၏။ မလှအုံက ကလေး၏ မျက်တွင်း မျက်ဆံနှိုက် ကြည့်သည်။ ကိုယ်သားကိုယ်ရေ စမ်းကြည့်သည်။ မေး အောက်၊ ချိုင်းအောက် လက်ခုံနှင့် စမ်းသည်။



“နေတက်ဖျား၊ မွန်းတည့်ဖျား၊ သုံးဗဟိုဖျား၊ နွားရိုင်း သွင်းချိန်ဖျား၊ သူငယ်အိပ်ဆိပ်ဖျား၊ ကြက်ဦးတွန်ဖျားရယ်လို့ ရှိသယ် ရွှေမှုံရဲ့။ ညည်းကလေးက နေ့နေ့ညညဖျားသာဆိုတော့ သူငယ်နာများ မစင်ရော့သလားအေ။ ငါ မန်းသယ်ဆိုသာက အဲသလောက် စုံစီနဖာဖျားသာမျိုးတော့ မစွမ်းဘူး။ အဲသာကျ တော့ဆေးဆရာများမှဖြစ်မှာ။ ကိုင်းပါလေ ရန်ကင်းအောင် တော့ မန်းပေးလိုက်ပါ့မယ်။ ညည်းသမီး နာမည်က ဘယ်သူ”

“မှုံနံ့သာပါ အရီး”

“ကြာသပတေးသမီးပေါ့။ မအေရုပ်ပါကောအေ။ သည် မယ်၊ ငါပြောမယ်။ ကလေး ခြေသည်းလက်သည်းကို ညှပ် ကရော၊ အ၀တ်သန့်သန့်နဲ့ ထုပ်ထား။ ကြာသပတေးသမီးဆို တော့ ပုန်းမဲဇာသားကို ညည်းသမီးအရပ်နဲ့တိုင်းဖြတ်၊ ညအိပ် တော့ ဘေးမှာမြှောင်သိပ်၊ ကြားလား”

“ဟုတ်ကဲ့ အရီး”

“ခုနင်က ခြေသည်းလက်သည်းထုပ်ထားသဲ့ အ၀တ်ထုပ် ကို ခြေရင်းမှာထား။ ဆန်ကို သုံးထုပ်ထုပ်အေ။ တစ်ထုပ်က ခေါင်းရင်းထား၊ တစ်ထုပ်က ခါးနားမှာထား၊ တစ်ထုပ်က ခြေရင်းမှာထား။ နောက်နေ့မိုးလင်းတော့ ခေါင်းရင်းကအထုပ် ကို ဆွမ်းချက်ပြီးလောင်း၊ ခါးကအထုပ်ကို ဆင်းရဲတဲ့လူပေး လိုက်၊ ခြေရင်းကဆန်ကိုချက်ပြီး ခွေးတို့ ကြောင်တို့ ကျွေး။ လက်သည်းခြေသည်းထုပ်ကို အိမ်အနောက်ဘက်ပစ်လိုက်။ အညံ့ကျေကရော၊ မှတ်မိလား”

“မှတ်မိပါတယ် အရီး”

မလှအုံက ကလေးခေါင်းကိုကိုင်ကာ မန်းသည်။ မအိမ် ကံကတော့ ရွှေမှုံ့သမီးကလေး မှုံနံ့သာကိုသာ သေသေချာချာ ကြည့်နေခဲ့သည်။ မလှအုံပြောသလို ရွှေမှုံနှင့်တူသလိုလို ရှိ သော်လည်း ကြီးတော်စံရွှေမျက်နှာကျ ပိန်းပိန်းရိုးရိုးရိပ်ရိပ်ပါ သည်။ မျက်တောင်စင်းစင်း၊ မအိုးမအီဆိုတော့ မျက်နှာက မပွင့်ချင်။ သူ့သမီးကို မအိမ်ကံ ကြည့်နေတာမြင်တော့ ရွှေမှုံက မအိမ်ကံ သမီးကို ဖျတ်ခနဲ သတိရသွားပုံပေါ်၏။ ကလေး ကြည့်ပါရစေ ဆိုလေသည်။

“မအိမ်ကံသမီးကို ငါ ကောင်းကောင်း မမြင်ဖူးသေး ပေါင်အေ၊ ပြစမ်းပါဦး။ ကြည့်စမ်းပါရစီ။ ညည်းသမီး ကလေးက ကံကောင်းပါသယ်အေ၊ လက်ပေါတော့ အထိန်းရ သက်သာမှာပေါ့။ ငါဖြင့် ကလေးတစ်ဖက်နဲ့ ဒေါင်ချာစိုင်း လိုက်ပုံ မပြောပါနဲ့တော့။ သည်ကြားမကျန်းမာတော့တအီအီနဲ့”

မအိမ်ကံက ကျေးဥကို လှမ်းခေါ်တော့ သမီးနှင့်အတူ ရောက်လာခဲ့သည်။ ရွှေမှုံက မအိမ်မြိုင်ကလေးကို အကဲခတ် သည်။ ပြုံးပြသည်။ ပါးကလေးကိုဖျစ်သည်။ လက်မောင်း နှစ်ဖက်ကကိုင်ရင်း ကလေးကို မ၀စတမ်းကြည့်နေခဲ့ပါ၏။ မအိမ်မြိုင်က အတင်းရုန်းသဖြင့် ကျေးဥက ကပျာကယာ ကောက်ချီရသည်။ ရွှေမှုံက ကျေးဥ ချီပိုးထားတာကိုပင် လိုက်ကြည့်နေသေးသည်။ မအိမ်ကံက ရွှေမှုံ့မှတ်ချက်ကို ကြားချင်နေသည်။ ရွှေမှုံ့မျက်နှာက တဖြည်းဖြည်း ပြုံးလာ ရာက အားရ၀မ်းသာဆို ရှာပါ၏။

“လှလိုက်သာတော် ဖအေတူ မအေတူကလေးပါလား။ နှုတ်ကောင်းတော့ နယ်စိုး၊ ရုပ်ကောင်းတော့ ပြည်စိုး။ ညည်းသမီး ညည်းလိုလာမှာပါပဲ မအိမ်ကံရယ်။ တကယ်ပြောသာ ရက်စက်ပါ့အေ”

ညည်းသမီး ညည်းလိုလာမှာတဲ့လား။ ဒါ ဘာကိုပြော တာလဲ။ ညည်းလို ရုပ်ရည်ချောလွန်းလို့ တစ်နယ်လုံးကြား ထင်ပေါ်မယ့် သမီးကလေးလို့ပြောတာလား။ ရုပ်ချောပေမယ့် ကွမ်းတောင်ကိုင်တော့ ဖြစ်မယ်မထင်ပေါင်လို့ဆိုလိုတာလား။ ကိုပြေသိမ်း သတင်းများ မကြားကောင်းမကြားရာ သိထားလို့ များလား။ ညည်းယောက်ျား စစ်မြေပြင်မှာ ကျသွားပြီဆိုမှ တော့ ညည်းသမီး ဘယ့်နှယ်လုပ် ကွမ်းတောင်ဖြစ်တော့မှာတုံး မအိမ်ကံရဲ့လို့များ သဘောရောက်ချင်တာလား။ ထင်လျှင် လည်း ခံရရုံပင်။ ကိုပြေသိမ်းနှင့် ပတ်သက်၍ မအိမ်ကံ ဘာကိုမျှ မကြားရတော့ပြီ။ သေပဲသေရော့လား။ ရှင်ပဲရှင် လေသလား။ မအိမ်ကံ ကိုယ်တိုင်ပင်မသိမှတော့ သူစိမ်း ပြောတာခံရုံပင်။ အမေပန်းရုံရောက်လာတော့ ကြီးတော်စံရွှေတို့ မာကြရဲ့လား မေးသည်။ ရွှေမှုံ့သမီးကလေး တရှောင်ရှောင် ဖျားတာကို မေးသည်။ ရွှေမှုံပြန်သွားတော့ အမေပန်းရုံနှင့် မလှအုံတို့ စကားပြောရင်းကျန်ရစ်ခဲ့ကြသည်။ မအိမ်ကံကတော့ ရက်ကန်းရုံဘက် ပြန်ထွက်လာခဲ့သည်။

ရွှေမှုံ ရောက်လာပြန်တော့ ငြိမ်နေသည့်စိတ်က လှုပ်ရပြန် သည်။ မအိမ်ကံကိုယ်တိုင်ပင် အဖေ အမေငယ်လင်ငယ်မယား မဟုတ်လို့ ကွမ်းတောင်မပိုက်ရသည့်အဖြစ်ကြုံခဲ့ရသည်။ မအိမ် ကံမှာ နှလုံးကွဲမတတ် ခံစားခဲ့ရပါ၏။ မိန်းမသားတစ်ယောက် အဖို့ ကွမ်းတောင်ကိုင်ဖြစ်ခဲ့ရသည်ဆိုသည့်ဂုဏ်က မသေးလှ။ ရွှေမှုံကိုပဲကြည့်။ ဘယ်လိုအခြေ၊ ဘယ်လိုဘ၀ရောက်ရောက် တစ်ချိန်က ရွာကဗန်းတင်ခဲ့ရတဲ့ကွမ်းတောင်ကိုင်ပါတော် ဆို သည့် မာန်ကလေးတ၀င့်ဝင့်။ သည်ရွှေမှုံကပဲ သမီးကလေး မွေးသလို မအိမ်ကံကိုယ်တိုင်လည်း သမီးကလေး မွေးပြန်လို့ သမီးတစ်ခေတ်တစ်ပြန်ကြုံကြပြန်ပြီ။


လေးစားလျှက်
ရီနိုမာန်

အပိုင်း ၂ အား ၇လပိုင်း ၅ရက်နေ့မှာ တင်မှာဖြစ်ကြောင်း...................



June 28, 2009

တမလွန်....နောင်တ (ဇာတ်သိမ်း)

ကျောင်းဆိုပြီး အိမ်ကထွက်လာတယ်။ ပြီးရင် ကျောင်းမရောက်ဘူး။ လမ်းမှာတင်ပျောက်ပြီးမြို့ထဲ ရောက်သွားတယ်။ မြို့ထဲရောက်တော့လည်း တွေတဲ့လူတိုင်းက ဗိုလ်မှူး သားဆိုပြီး မုန့်ဖိုးတွေပေးဆိုတော့ ပျော်နေတာပေါ့။ ကျောင်းကို မတက်ချင်တော့ဘူး။ အဖေက အဲဒီတုန်းက တက်ရင်းမှာ ဒုတိယ အကြီးဆုံးဆိုတော့ ကျောင်းကဆရာ၊ ဆရာမတွေကလည်း လုံးဝ မတိုင်ကြပါဘူး။ ဒါပင်မဲ့ သိကြတဲ့အတိုင်း ကြမ်းပေါက်တစ်ရာကို ပိတ်လို့ ရပင်မဲ့ ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်လို့မရပါဘူး။ သိပ်မကြာလိုက်ဘူး။ အိမ်ကသိသွားပြီး အဖေနဲ့ အမေတို့ရဲ့ ဆုံးမ စကားကို ကျနော်ရဲ့ အကျင့် အတိုင်း ခံမပြော နားမထောင်ပဲ လုပ်ခဲ့တယ်။ ကြာလာတော့ အမေရဲ့ ဒုတ်တွေကော လက်တွေကော ပါလာပါတော့တယ်။ ဒီကကောင်ကလည်း အမေရိုက်တာ လောက်တော့ ပန်းနဲ့ ပေါက်တယ်လို့ပဲ ထင်တာပေါ့။

ကျနော် ငါးတန်းနှစ်လောက်ထဲက ဆေးလိပ်ကိုသောက်တက်ခဲ့ပြီ။ ခုတော့ အရက်ပါသောက်တက်လာတယ်။ အဖေရဲ့ အရက်ပုလင်း ကို ခိုးခိုးပြီးသောက်တက်လာတယ်။ (အဖေ မသိအောင်ပေါ့)


ကံကြမ္မာ ကိုပဲ အပြစ်မတင်ချင်တော့ပါဘူး။ ကိုယ်ကိုတိုင်က မကောင်းတော့ ဖြစ်သမျှအကြောင်း အကောင်းကြီးပဲ ပေါ့လေ။ ကျနော် ၈တန်းနှစ်မှာ ငှက်ဖျားဖြစ်ပြီး တစ်လကျော်လောက်ဖျားသွားတယ်။ ကျောင်းလည်းမတက်နိုင် တော့ဘူး။ ဒါနဲ့ ကျောင်းဆက်မတက်တော့ဘူးလို့ နေမကောင်းနေရင် ပူစာလိုက်တော့ ခွင့်ပြုမိန့်ရသွား တော့တာပေါ့။ အဲလိုနဲ့ ကျနော် ကျောင်းရှစ်တန်းနဲ့ ကျောင်းထွက်လိုက်တယ်။ အလုပ်လုပ်လာဆိုတော့လည်း လက်ကျောတင်တင် ဘာမှမလုပ်ဖြစ်ဘူး။

အဖေက တပ်မှာ ဒုတိယ အကြီးဆုံးဆိုတော့ ကျနော်မြို့ထဲသွားရင် ဟိုလူက မုန့်ဖိုးပေး၊ ဒီလူက မုန့်ဖိုးပေးနဲ့ ကျနော် သုံးစွဲတက်လာတယ်။ သုံးတက်လာတာတော့ သိပ်ကိစ္စမရှိသေးဘူး။ စွဲတက်လားတာဟာ ကျနော်ဘဝရဲ့ ဖြတ်မရတဲ့ အမဲစက်တစ်ခု ဖြစ်လာခဲ့တယ်။ လက်တွေ့စမ်းသပ်ချင်တဲ့ ကျနော်ရဲ့ စိတ်ကြောင့် ကျနော် ဆေးခြှောက်သုံးတက်လာပြီး နောက်ပိုင်း ဖြတ်မရတဲ့ အခြေအနေ ကိုရောက်သွားတော့တယ်။ ကျနော်အခြေအနေ ကို အဖေက မရိပ်မိပင်မဲ့ အမေကတော့သိတယ်။ အမေရဲ့ ဆုံးမမှုလဲ နားမဝင်ခဲ့ပါဘူး။

နောက်ပိုင်း အိမ်ကနေပိုက်ဆံခိုးပြီး ထွက်လာခဲ့တယ်။ ပိုက်ဆံကုန်တော့ဘာလုပ်ရမှန်း မသိတော့ အဖေ နဲ့ အမေ ဆီကို မျက်နှာငယ်လေးနဲ့ ပြန်ဝင်ပြီး လိမ္မာချင်ယောင်ဆောင် နေလိုက် ပြန်သောင်းကျန်းလိုက်နဲ့ပေါ့။
မိဘတွေပညာ သင်ပေးရဲ့သာနဲ့ ကျောင်းနေပျင်းတဲ့ ကျနော် အသိညာဏ်ပဲ နည်းလို့လား၊ ဦးနှောက်ကပဲ မစဉ်းစားတက်လို့လာ မပြောတက်တော့ဘူး။ ကျနော် ဆေးကြောင်နေတဲ့ အချိန် အမေ ဒေါသဖြစ်နေတဲ့ အချိန်နဲ့ ကြုံတော့ အမေစကားကို အဟုတ်ထင်ပြီ ကိုယ်ကိုကိုယ် ဓါးနဲ့ သွားထိုးလိုက်ပါလေရော။ နှစ်ချက် ဆင့်ထိုးလိုက်တာ။ ချက်ချင်း မလဲကျသေဘူးနော်။ ခြေလှမ်း အလှမ်း နှစ်ဆယ်လောက်မှ လဲကျသွားတာ။ အဲ့လောက်ထိ ကျနော် ဆိုးခဲ့တယ်။

အဲ့ဒီဆေးခြှောက်နဲ့ပဲ ကျနော် ထောင်ငါးနှစ်ကျဖူးလိုက်သေးတယ်။ အဖေ နာမည်၊ အမေရဲ့ မေတ္တာတွေကြောင့်ပဲ ကျနော ထောင်ထဲမှာ တစ်နှစ်ခွဲ လောက်ပဲ နေခဲ့ရတယ်။ ထောင်မှူး လွှတ်ပေးလိုက်လို့ ထောင်က ထွက်လာရတယ်။ ကျနော် ဘဝမှာ ဘာမှ မလုပ်ဖူးတာမရှိသလောက်ပဲဗျ။ နောက်ပိုင်း အဖေ နဲ့ အမေ စကားများကြရင်တောင် ကျနော် ကို ဘယ်သူမှ မယူချင်တော့ဘူးဗျ။ ညီလေး ကိုပဲ သူတို့သားလုပ်နေကျတော့တယ်။ အဖေ ကလည်း “ မင်း သားကြီး မင်းခေါ်သွား ငါ့ကို သားငယ်ပဲထားခဲ့”၊ အမေကလည်း “ရှင်လို့ အရက်သမားနဲ့ ကျမသားငယ်ကို မထားနိုင်ဘူး။ ရှင်နဲ့ အဖေါ်ရအောင် ရှင့် သားကြီး ရှင်ခေါ်ထား” အဲလို အဲလို ကျနော်က တော်တော် ဆိုးလို့ အမေ နဲ့ အဖေတောင် မလိုချင်ကြတော့ဘူးလေ။

ရွှေဓူဝံ တို့ ဝမ်းချိုင်းတို့ဆိုတာ ကြာဖူးကျမှာပေါ့။ သူတို့ လက်သီးကို အဖေကသနားတယ်ဗျ။ သူ့ တပည့်တွေကို ဆုံးမတိုင်း အဖေက လက်သီးနဲ့ အမြဲထိုးတယ်။ နှစ်ချက် မထိုးရဘူး မောက်ပြီးသာပဲ။ ကျနော် နဲ့ တွေ့မှပဲ အဖေ နည်းနည်း သိက္ခာကျသွားတယ်လေ။ ငါးချက်လောက် ဆင့်ထိုးမှ ကျနော်လဲကျတာကို။ အဖေက သားသမီးတွေအပေါ် ဘယ်တော့မှ လက်ဖျားနဲ့ ထိတာမဟုတ်ဘူး။ ကျနော်ကျမှ အဖေ့ရဲ့ စစ်သား ကရင်လက်သီး ကိုမိတော့တာပေါ့ဗျာ။ ကျနော်ရဲ့ မလိမ္မာမှုတွေပေါ့ဗျာ။

ဒီလိုနဲ့ ၁၉၉၉လောက်မှာ မိန်းမ ယူလိုက်တယ်။ အလုပ်ကိုမယ်မယ်ရရ မလုပ်တဲ့ ကျနော် မိဘအိမ် ပဲရောက်လာရပြန်တာပေါ့။ မိဘကို တစက်ကလေးမှ ပြန် မကြည့်ဘူး။ ကိုယ်ထင်ရာ ကိုယ်ဆိုင်း ဆိုသလိုပဲ လုပ်ချင်ရာကိုလုပ်နေခဲ့တယ်။ ၂၀၀၂ လောက်မှာ အဖေ ဆုံးသွားတော့ အမေ က သူ့ဘက်က အမျိုးတွေရှိတဲ့ ဘားအံမှာသွားနေတယ်။ ကျနော်ကတော့ ယောက္ခမနဲ့ နေခဲ့တယ်။ မုဆိုးမ ဖြစ်နေတဲ့ အမေကို ကူညီထောက်ပံ့ဖို့ မစဉ်းစားပဲ မိန်းမကလေးမွေးဖို့ အတွက် မွေးစရိတ်သွားတောင်းလာခဲ့တယ်။ အမေဆီက ပိုက်ဆံနဲ့ ပဲ ကျနော်မိန်းမ ကို ကလေးမွေးနိုင်ခဲ့တယ်။ ယောက်ကျားလေးဗျ။ ကျနော်အရမ်းချစ်တာ ကျနော်သားကို။ ဘယ်သွားသွား ကျနော် ပခုံးပေါ်မှာ အမြဲရှိတယ်။

ကျနော် တစ်ခု စဉ်းစားမိတာရှိတယ်။ ကျနော်တောင် ကျနော်သားလေးကို ဒီလောက်ချစ်တာ ကျနော် မိဘတွေဆို ကျနော်ကို ဘယ်လောက်များချစ်လိုက် ကြမလဲနော်။ ကျနော် နောက်ကျသွားခဲ့ရပြီ။ ကျနော် မိဘ စေတနာ မေတ္တာကို နားလည်လိုက်တဲ့ အချိန်မှာ ကျနော်ဟာ မိဘနဲ့ အဝေးမှာရှိတဲ့ နေရာတစ်နေရာရဲ့ ဆေးရုံးပေါ်မှာ ရောက်ရှိနေပြီလေ။ ကျနော်ရဲ့ နောက်ဆုံးထွက်သက်ကိုစောင့်ရင် ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဖေ နဲ့ သက်ရှိထင်ရှား ရှိနေသေးတဲ့ အမေ ကို စိတ်ကရည်မှန်းပြီ ရှိခိုးကန်တော့ လိုက်ပါတယ်ဗျာ။ နောက်ဘဝမှာ လူ ပြန်ဖြစ်အုံးမယ်ဆိုရင် ဒီဘဝမှာ အဖေနဲ့ အမေ အပေါ်တင်နေတဲ့ အကြွေးတွေးကို သား ဆပ်နိုင်အောင် ကြိုးစားပါမယ်ဗျာ။

ဖြစ်လေရာ ဘဝတိုင်းမှာ မိဘကို ဒုက္ခပေးသောသား ၊ ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်သော လူ မဖြစ်ပါရပါစေနဲ့။ လူ့ဘဝများ ထပ်ရခဲ့သည်ရှိသော မိဘ အားကိုးရသောသား၊ မိဘ စိတ်ချမ်းသာအောင် ထားနိုင်သော သား ဖြစ်ရပါလို၏ အရှင်ဘုရား..............................

လေးစားလျှက်
ရီနိုမာန်

မှတ်ချက် ။ ။ တမလွန် နောင်တ ဇာတ်လမ်းလေးအား ကျနော် အကိုအား မှီငြမ်း၍ ရေးသားထာခြင်း ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင် ၃ရက်နေ့တွင် အဖေ ဆုံးပြီး၊ ၂၀၀၇ ဇူလိုင် ၁၆ မှာ ကျနော် အကို ဆုံးသွားပါတယ်။ သူသည် ဆိုးသည် ဆိုသောငြားလည်း အမေကိုချစ်ရာတွင် ကျနော် အမေကို ချစ်တယ်ဆိုတာ သူချစ်သလောက်ကို မမှီတာပါ။ ကျနော် အကိုနှင့် ကျနော် နောက်ဆုံး တွေ့ဖူးလိုက်တဲ့ ခုနှစ်ကတော့ ၂၀၀၂ မှာ နောက်ဆုံးတွေ့ဆုံးခြင်းပါ။ နောက်ပိုင်း တစ်ခါမှ မတွေ့ကျတော့ပါဘူး။ ခုချိန်ထိပဲ ဆိုပါတော့။ အကိုနဲ့ ပတ်သက်ပြီးတွေးကြည့်လိုက်ရင်း ကျေနပ်စရာဘာမှကိုမရှိတာပါ။ ကျနော် ဘဝမှာ သူဆီက အတုယူစရာ ဘာမှ မရှိခဲ့ပါဘူး။ ဒါပင်မဲ့ ကျနော် ရယူလိုက်တဲ့ သူ့ဆီက အရာကတော့ ကျနော် သူ့လို မဖြစ်အောင်နေမယ် ဆိုတဲ့ စိတ်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်ချစ်ပါတယ်။ တစ်ဝမ်းထဲက အတူတူထွက်လာကျတဲ့ ညီအစ်ကို အရင်းပဲဗျာ.........

June 27, 2009

တမလွန်....နောင်တ (အပိုင်း - ၁)

လူတွေက အသက်ရှင် နေထိုင်ကြတုံးကတော့ တိုးတောင်းလှတဲ့ ဒီလူ့ဘဝလေးကို ဘာလို့များအမှားတွေနဲ့ ရှင်သန်နေထိုင် နေချင်ကြ ရတာလဲနော်။ ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်တဲ့လူ၊ မိဘကို စိတ်ဆင်းရဲအောင်လုပ်လူ၊ ပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့လူ လူတွေဟာ အမျိုးမျိုး အဖုံဖုံ ရှိနေကြတယ်။ ပြန်စဉ်းစားကြည့်ရင် ကျနော်ကကော ဘယ်လို လူမျိုးလဲ...... ။ ကိုယ်တိုင်လည်း ဒုက္ခရောက်အောင်လုပ်တယ်။ မိဘကိုလည်း ဒုက္ခ ပေးတက်တယ်။ ပတ်ဝန်းကျင်ကိုလည်း အမျိုးမျိုး ဒုက္ခပေးတက်တဲ့ လူ အဖြစ်ကျနော် ကိုယ် ကျနော် သက်မှတ်တယ်။

ဒီလို လူမျိုးကို ကမ္ဘာမြေကြီးက အလေးခံပြီး နှစ်သုံးဆယ်ကျော် ထမ်းထားပေးတာကိုပဲ ကျနော်က ကျေးဇူးပြန်တင်နေရပါတယ်။

ငယ်ငယ်လေးထဲက လူချစ်လူခင်ပေါတဲ့ ကျနော်ဟာ ကျနော် အဘိုးရဲ့ မြေးဦး အသည်းကျော်ပေါ့ဗျာ။ အဘိုး ဘယ်သွားသွား ကျနော် ပါတယ်။ အဲလောက်ကိုချစ်တာ။ ဪ မေ့နေတာ။ ကျနော်ကို ကျနော် မိတ်ဆက်ပေးရအုံးမယ်။ ကျနော်နာမည်က စိုးညွှန့်ဝင်းပါ။ တမလွန်နောင်တ ရဲ့ ဇာတ်ကောင် ဆိုရင်လည်း မမှားဘူးပေါ့။

မွေးကတည်းက အဘိုးနဲ့ အဖွားရဲ့ လက်ပေါ်မှာပဲ နေလာရတော့ အဘိုး နဲ့ အဖွား ကို အဖေ နဲ့ အမေ ခေါ်ပြီး အဖေနဲ့ အမေ့ကို ကျတော့ အကိုနဲ့ အမ လို့ပဲခေါ်တယ်။ (အညာက ဓလေ့ကို အားကျလို့ ထင်ပါရဲ့ဗျာ) နောက်ပိုင်း အဘိုးလည်းဆုံး အဖေလည်း တပ်ပြောင်းလိုက်တော့မှပဲ အဖေနဲ့ အမေ ကို အဖေ အမေ လို့ ပြန်ခေါ်တာဗျ။ ကဲ ဘယ်လောက်တောင်များလဲနော်။

ကျနော်က အင်္ဂါသား။ ခံမပြော နားမထောင်တဲ့ အမေက အမြဲပြောတယ်။ ပြောလိုက်ရင် ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ ပြီးရင် လုပ်ချင်ရာ လုပ်တော့တာကိုဗျ။ ကျနော်ရဲ့ ပင်ကိုစိတ်ကလည်း အဲဒီ အတိုင်းပဲ။ တစ်ချို့ အင်္ဂါသား တွေလိမ္မာတာ တွေရှိကြပါတယ်။ ကျနော့ ကြမှပဲ။

ကျနော် သုံးနှစ်သားမှာ အဖေနဲ့ အမေက ကျနော် ကို အဖေါ် ရအောင်ညီမလေးမွေးပေးခဲ့တယ်။ ကောင်းကောင်းတောင် မချစ်လိုက်ရပါဘူးဗျာ။ ညီမလေးသုံးနှစ်အရွယ် မှာပဲဆုံးသွားတယ်။ သိပ်တော့ မကြာလိုက်ဘူး။ ညီးလေးတစ်ယောက် ထပ်ရတယ်။ ကျနော် ညီလေးကို ကျနော် သိပ်ချစ်တာဗျ။ ညီလေးက အနေအေးတယ်။ ကျနော်နဲ့တော့ ကွာပါ့ဗျာ။ ကျနော်က စကားများလို့လာမသိဘူး ကောင်းမလေးတွေက ကျနော်ကို သိပ်ကြိုက်တာဗျ။ ( ဟဲ ဟဲ ကိုယ့်ကို ကိုယ် ကြွားနေရတာလည်း ရှက်ပါတယ်ဗျာ)

ကျနော်တို့ ညီအကိုနှစ်ယောက် အပြင် အတူတူသွားရင် ဦးကံစိန်ရဲ့ သားတွေမှန်း မသိတဲ့ လူတွေက ကျနော်တို့ ညီအကို ကို ညီအကိုလို့ကို မထင်ကြဘူးဗျ။ ကျနော် ညီလေးက ဖြူဖြူဖွေးဖွေးလေ။ တရုတ် ပေါက်စလေးအတိုင်းပဲ။ ကျနော်ကတော့ ဟဲ ဟဲ အိန္ဒိယ မင်းသား ရှရွတ်စ်ခန် လို့ပြောကြတယ်ဗျ။ အသားအရောင် တူတာလောက်တော့ လက်ခံချင်ပါတယ်။ ရူပါကတော့ ကျနော်က ပိုသာမယ်ထင်တယ်ဗျ။ ကဲ ကဲ ကြွားနေရင် ကြွားလို့ ကုန်မှာမဟုတ်တော့ဘူး။

ဒီလိုဗျ ကျနော်က ကျောင်းနေရတာ အရမ်းပျင်းတာ။ အပေါင်းအသင်း ခုံမင်တယ်ဆိုပါတော့။ ဒါ ကျနော်ကိုယ် ကျနော် ဒုက္ခပေးခြင်းအစပေါ့။ အိမ်က အဖေနဲ့ အမေ့ ကိုကြောက်လို့ သာ ၇ တန်းအောင်လို့ ၈တန်းရောက်ခဲ့တယ်။ ကျနော်တို့ ၈ တန်းနှစ်က အစိုးရစစ်ဗျ။ စာကျက်နိုင်မှ ရတာကို။ ကျနော်ကလည်း စာကျက်ရမှာ အရမ်းပြင်းတဲ့ အကောင် ဆိုတော့ဒီ ၈တန်းမှာ စတွေ့တော့တာပေါ့ ။ ဆရာမက နောက်နေ့စာမေးမယ် ဆိုလိုကတော့ စိုးညွှန့်ဝင်းတို့ ကျောင်းပြေးတဲ့ရက်ပဲ။


အပိုင်း - ၂ အား ဆက်လက် စောင့်မျှော်ပေးပါရန်။

လေးစားစွာဖြင့်
ရီနိုမာန်

June 26, 2009

တိုင်တည်မှု

လောကကြီးရယ်

အရာရာဟာ ပြည့်စုံနေပါတယ်
သူ့နေရာနဲ့ သူလည်း လိုက်ဖက်နေပါတယ်
အလိုမကျ မလိုက်ဖက်မှုတွေထဲမှာ
ငါ့ရဲ့ စိတ်တစ်ခုထဲပါ
ငါဖြစ်ချင်နေတာနဲ့ ဖြစ်နေတာတွေဟာ
ငါ့ရဲ့ စိတ်ထဲကအတိုင်း
မဖြစ်သေးဘူး လောကကြီးရယ်
ဘယ်အချိန်ကျမှ ပြည့်စုံမှာလဲလို့
မတောင်းတ မတမ်းတချင်ဘူး
ငါကြိုးစားနေတယ်....တစ်နေ့
ငါဖြစ်ချင်တာတွေ ဖြစ်လာမယ်လို့
ငါ ယုံကြည်ချက် အပြည့်နဲ့
ကြိုးစားနေတယ် လောကကြီးရယ်။

လေးစားလျှက်
ရီနိုမာန်

ကဗျာ လေးထဲကအတိုင်း ၂၀၀၄၊ ၂၀၀၅ လောက်က တိုင်တည်ဖူးပါတယ်။ ၂၀၀၄ ၊ ၂၀၀၅ လောက်က ရေးထားတဲ့ ကဗျာလေး ပါ။ ပြန်လည် ခံစား တင်ပြလိုက်ပါတယ်။

သတိ

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ် ၀တ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ၀ယ်ဖို့ လိုအပ် ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။
ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအား ခေါင်းကိုက်လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။ သူမဟာ ကား ပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာ ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။


ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ ဒါနဲ့ လူနဲ့ ကား စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။ အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကို
မောင်းပြေး ပါတော့တယ်။ သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော် ကြာကြာ ခေါင်းမူး ခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေက တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။ လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…

လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက 'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။ အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆ ပိုပြင်းပါတယ်။ ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့ အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။
ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊ လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင် တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ် လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့်ကမ်း ပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။

သူငယ်ချင်းတစ်ဦးဆီမှ ရရှိလာသောမေးလ်များထဲမှ ပြန်လည် ဖေါ်ပြခြင်းဖြစ်ပါသည်။ ဗဟုသုတ ရရှိစေခြင်း အကျိုးငှာ...........

လေးစားလျှက်
ရီနိုမာန်

June 24, 2009

ဒီနေ့


မနက်အိပ်ရာက ထ
စိတ်ထဲမှာ ကြည်လင်လို့
ဘဝဆိုတဲ့ တိုက်ပွဲထဲမှာ
လိုက်ပွဲဆိုတဲ့ ဒီနေ့ကို
ရှိသမျှအားတွေ စုလို့
ရှေ့ဆက်ဖို့ အသင့်ဖြစ်နေပါပြီ။

ကျရှုံးနေတဲ့ လူတွေကို
အားပေး ကူညီ
ပြန်လည်နိုးထ ဖို့
မျှော်လင့်ရင်း
ငါ့ဘဝ ထဲက ဒီနေ့
ငါ စတင်ခဲ့ပြီ။

ဘယ်အချိန်မှာ
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဒီနေ့ ဒီအချိန်ကို
လူသစ် စိတ်သစ်
အားမာန်သစ်တွေနဲ့
ဒီနေ့က စလိုက်ကြရအောင်...............


လေးစားလျှက်
ရီနိုမာန်

မှတ်ချက်။ ။ ဘာအတွက်မှ မဟုတ်ပါ။ စာရေးချင်လို့ ကောက်ရွတ်လိုက်တာ ထွက်လာတဲ့ စကားများ ဖြစ်ပါတယ်။ ဖတ်ရတာ အဆင်မပြေတာများ ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ။ ဓာတ်ပုံအား Google မှယူထားပါတယ်။

June 22, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၈)

စာလာဖတ်သူများသို့

ဆရာမ ခင်ခင်ထူးရေးသားသော် မအိမ်ကံဝတ္ထုရှည် အား ဒီဇွန်လအတွက် ဒါနောက်ဆုံးဖြစ်ပါတယ်။ နောက်လများမှာလဲ ဆက်လက်ဖေါ်ပြပေးနေပါမည် အကြောင်း ပြောကြားရင်း ဒီဇာတ်လမ်းလေး စဖေါ်ပြကတည်းက ကျနော် ရေးသားသော် ဇာတ်လမ်း မဟုတ်ကြောင်းပြောပြခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ခါ ပြန်လည်၍ ထပ်ဝန်ခံပါတယ်။ ကျနော်နှစ်သက်သော ဆရာမ ခင်ခင်ထူးရေးသားတဲ့ ဒီ မအိမ်ကံ ဇာတ်လမ်းလေးအား ကျနော်မောင်နှမများ အား ပြန်လည်ဝေမျှ ခံစားတင်ပြခြင်းသာ ဖြစ်ပါကြောင်း...........

လေးစားလျှက်
ရီနိုမာန်

အပိုင်း (ရ) မှ အဆက်.........

"မအိမ်ကံကတော့ ကိုပြေသိမ်း ထွက်သွားသဲ့နေ့ ကတည်းက မေတ္တာပို့သယ်။ ကိုယ့်လင်သား ဆိုတော့ စိတ်လည်း ရောက်သယ်။ သမီးကလေး အိပ်နေသာ မြင်ရရင် ပိုတောင် သတိရမိပါရဲ့ ရှင်တို့ရယ်။ ညကြီးသန်းခေါင်တောင် ချိုးချိုး ချောက်ချောက် အသံကြားရင် ကိုပြေသိမ်း ပြန်လာ သာများလားလို့ ထကြည့်မိသယ်။ ဒါပေသိ သူထွက်သွား ကတည်းက မအိမ်ကံ နေတတ်အောင် နေခဲ့သယ်။ ဘယ်သူက မေးမေး အမျှ ဝေထားပြီးပြီလို့ပဲ ပြောသယ်။ တိုင်းပြည် အတွက် တစ်နေရာရာမှာ သူကျတယ် ဆိုရင်လည်း မအိမ်ကံ ဖြေနိုင်ပါရဲ့။ ကျွန်မလင်သား အဖြစ်သူ ကျဆုံးသွားတယ် ဆိုရင်လည်း ကျွန်မ ဖြေနိုင်အောင် ဖြေမယ့် သူပါ။ ကျွန်မ သမီးကလေး အတွက်တော့ ဖအေ ဖြစ်သူမဲ့ သွားသဲ့ အဖြစ်ကို ကျွန်မ ရင်မဆိုင်ရဲဘူး။ ကျွန်မလေ ကျွန်မ..."


ပြောရင်းက စကားတွေ တစ်ဆို့ သွားပြီး တစ်ချိန်လုံး တင်းဆယ် ထားသမျှ မျက်ရည်တာရိုး ကျိုးပေါက်သွားတော့သည်။ ထိုင်နေကြသူတွေ အားလုံး မအိမ်ကံကို ၀ိုင်းကြည့် နေခဲ့ကြသည်။ မအိမ်ကံ ဘာတွေ ပြောချင်တာလဲ။ မအိမ်ကံက စကားကို ဆက်ပြောသည်။

"စစ်ဆိုသာကြီး ဖြစ်လာမှတော့ လင်သေ သားဆုံး ဒုက္ခတွေ များကြရောပေါ့ရှင်။ သည်အဖြစ်ထဲ မအိမ်ကံ ပါနေရင် တော့လည်း အရင်းလည်း ထမ်း၊ အဖျားလည်းထမ်း ထမ်းရုံ ရှိတော့သာပေါ့။ မအိမ်ကံ ခံဝံ့သဲ့ သတ္တိရှိပါသယ်တော်"

ကိုဘဆန်းကတော့ ဒန်မီးခတ်ကိုပဲ စူးစူး စိုက်စိုက် ကြည့်နေလေသည်။ ကိုဝေဠုက မျက်လွှာကို ချထားသည်။ အမေပန်းရုံနှင့် မလှအုံက မအိမ်ကံ မျက်ရည်ကျတာကို ကြည့်ပြီး အင်္ကျီလက်မောင်းဖြင့် ကိုယ့်မျက်ရည် ကိုယ်တို့ ကြသည်။ စကားဝိုင်းက တစ်ဖန်ငြိမ်သက် သွားပြန်ပါ၏။

မအိမ်ကံ စိတ်တွေကတော့ စကားဝိုင်းမှာ မရှိ။ ရှေးဖြစ် နောက်ကြောင်းတွေကိုသာ စိတ်ရောက် နေခဲ့သည်။ တစ်သက်လုံး ရွှေလိုဥကာ နေလာခဲ့ပြီးမှ ကွမ်းတောင်ကိုင် မဖြစ်ခဲ့ရသော သူမဘ၀ ပုံရိပ်ဟောင်းများ...။

သူတကာတွေ ပြန်လာကြပြီ ကိုပြေသိမ်းရေ...၊ တော် ဘယ်မှာလဲ...။

ထိုနေ့က မအိမ်ကံတို့ အိမ်ဝိုင်းထဲမှာ ခတ္တာပန်းတွေ၊ လေးကျွန်းစကြာပန်းတွေ ဖွေးဖွေး လှုပ်လှုပ် ဖူးပွင့်နေကြသည်။ ပုန်းညက်ပင်အိုကြီးကလည်း ပုလဲခိုင်ပန်းတွေ တွဲရရွဲစီနေဆဲ။ အိမ်ထောင့်က ယင်းမာပင်ကြီးကလည်း အဖူးအခိုင်တွေ ထိုးထွက်နေကြသည်။ ပန်းတွေ ပွင့်နေတာမြင်တော့ အပျိုဘ၀ကို မအိမ်ကံ သတိရမိပါ၏။ ငယ်ကတည်းက ပန်းအလွန် ကြိုက်ခဲ့သော မအိမ်ကံသည် မနက်မိုးလင်းသည်နှင့် သနပ်ခါးပန်းမန် တဝေေ၀ဖြင့် လှချင်ရက် စက်စက် ယိုခဲ့သည်။ တစ်နယ်လုံးက မအိမ်ကံ၏ အလှကို ရင်သပ် ရှုမောရှိခဲ့ ကြသည်။ အခုတော့လည်း အပျိုလို မနေမိလို့ ကိုယ်ရိတယ် လေး ဆိုသလိုဖြစ်ခဲ့ရသည်။ အလှအပထက် ဘ၀ကို ဦးစား ပေးခဲ့ရပြီ။

အခါပျက် အတွင်းက ဓားပြသုံးကြိမ် အတိုက် ခံခဲ့ရသည်။ စစ်ဖြစ်နေသည့် အတွင်း လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသည်။ ပြန်လည် ထူမတ်နိုင်ဖို့ အတော် အားယူခဲ့ရပါ၏။ ကျောက်ထည် ကလေးတွေကို သမီးကလေး မအိမ်မြိုင် အတွက် နတ်ကိုးကြတ်သလို သိမ်းဆည်း ထားခဲ့ပြီး ရွှေထည်အချို့ ရောင်းချခဲ့သည်။ မအိမ်ကံမှာ မိသားစုအတွက် သာမက ကိုဖိုးငွေ၊ မလှအုံတို့ တစ်ပြုံကြီးနှင့် အရီးကြာညွန့်၊ ကျေးဥတို့တစ်တွေ အတွက်ပါ တာဝန်ယူခဲ့ရသည်။ စစ်အတွင်းက မိဘနှစ်ပါး ဆုံးပါး သွားရှာသော ယောက်မဖြစ်သူ မမစိမ်းမြတို့ ညီအစ်မ၏ စားဝတ်နေရေးကလည်း မအိမ်ကံ ခေါင်းပေါ် ပုံကျလာခဲ့သည်။ တစ်ချိန်က ပေးခဲ့ကမ်းခဲ့ ရှိခဲ့ရသော ဆွေဆွေမျိုးမျိုးတွေကလည်း လက်ဖြန့်ခံ လာတော့လည်း မျှတပေးကမ်း ရပြန်သည်။ ဥစ္စာပစ္စည်း အတွက် အလို လောဘ မရှိလှသော်လည်း တာဝန်တွေက မအိမ်ကံအပေါ် အလိုလို ပိကျ လာခဲ့ပါ၏။ ရှေ့က ဦးဆောင်မည့်သူ မရှိသော်လည်း မအိမ်ကံအတွက် နောက်လိုက် ကောင်းတွေ ရှိနေတာကိုပဲ ၀မ်းသာရသည်။ မအိမ်ကံမှာ ရှေ့ဆုံးက လမ်းဖောက် ရသော ပုရွက်ဆိတ်လိုပင် နောက်က တသီတတန်းကြီး ကပ်ပါနေကြပါ၏။

ပထမဆုံး ရက်ကန်းရုံ ကလေးကို ဖြစ်ဖြစ်မြောက်မြောက် ထူထောင် ရသည်။ ကုန်ကြမ်းတွေ ၀ယ်လှောင်ပြီး ရက်ကန်းသားတွေကို ငွေကြို ပေးထား လိုက်သည်။ အရီးကြာညွန့်နှင့် အတူ မအိမ်ကံ ကိုယ်တိုင် လုံ့လ ၀ီရိယ စိုက်ခဲ့သည်။ သမီးကလေးကိုပင် ကျေးဥလက်ထဲ ထိုးအပ် ထားရတော့သည်။ မလှအုံခမျာလည်း အသက်အရွယ် ကြီးလာသည့်တိုင် အိုး သူကြီးရာထူးက မဆင်းရသေး။ အမေပန်းရုံကတော့ လင့်ဝတ္တရားတွေ ကင်းပြီမို့ အေးအေး သက်သာစွာ စိပ်ပုတီးကလေး တချောက်ချောက် စိတ်လျက်ရှိပါ၏။

"+++ တို့အိမ်တောင်က ချဉ်ပေါင်ခင်း+++ ယုန်ဖို ယုန်မ ဆင်းပါ လို့လေး +++ ဟဲ့ +++ ကရို့ +++ ယုန် +++ ကရို့ +++ ယုန် +++ သည်မယ်မွေးသဲ့ ခွေးကြန်စုံ +++ ဇိအထက်ကဇက်ကိုငုံ +++ ရွှေယုန်ထွန့်ထွန့်လူးပါလို့လေး +++"

ကျေးဥ တစ်ယောက် သမီး မအိမ်မြိုင်ကို မြှူနေသော သီချင်းကြောင့် မအိမ်ကံ ပြုံးမိရသည်။ သမီးကလည်း ကျေးဥ လုပ်ပြတာကို ကြည့်ရင်း ခိုးခိုးခစ်ခစ် ရယ်လေသည်။ သမီးကလေးကို လှမ်းကြည့်ရင်း နမ်းချင်စိတ် ပေါ်မိသဖြင့် ရက်ကန်းရုံထဲက မအိမ်ကံ ပြေးထွက်လာခဲ့သည်။

"မအိမ်ကံ..."

ဝိုင်းဝဆီက မအိမ်ကံကို ခေါ်သံ ကြားလိုက်ရသည်။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ ရိုးရိုးရိပ်ရိပ်။ အသံက မိန်းမသံ။ ရွာထဲက တစ်ယောက်ယောက် ထင်ပါရဲ့။ မအိမ်ကံ ၀ိုင်းဝကို လျှောက်သွားပြီး တံခါးတစ်ချပ် လှပ်လိုက်သည်။ မအိမ်ကံ မမျှော်လင့်သော၊ ဘယ်သော အခါမှ မတွေ့ချင် မဆုံချင်သော မိန်းမ တစ်ယောက်။ စောစောက ကြည်နူးခဲ့ရသော စိတ်ကလေးပင် နောက်ကျိ သွားခဲ့သည်။ ၀ိုင်းပေါက်ဝမှာ ရပ်နေသူသည် မအိမ်ကံ အိမ်ရှေ့ကို ရောက်လာ လိမ့်မည်ဟု ထင်မထားခဲ့သူပင်။ လက်တစ်ဖက်က ကလေးကို ဆွဲထားရင်း မအိမ်ကံကို ပြုံးပြနေသည်။ မအိမ်ကံကတော့ ပြန်မပြုံး ဖြစ်ခဲ့။ နှုတ်တော့ ဆက်လိုက်သည်။

"အလို... ရွှေမှုံ ဘယ့်နှယ် မလာစဖူး"

မအိမ်ကံ၏ အသံက အလိုမကျခြင်းဖြင့် တုန်ရီနေလေသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး




အချစ်ဦးရရ်


ဝေးနေလည်း.......တွေး
ဆွေးနေလည်း.....ဝေး
လွမ်းချင်းရက်ရှည်
ကြာတော့လည်း
မမေ့ရက်ဘူး...............အချစ်ဦးရယ်။

ရင်မှာတမ်းတ
အတိတ်ကာလ
ထင်ကျန်စွဲရစ်
ပုံရိပ်ဟောင်းလည်း
မမေ့ရက်ဘူး................အချစ်ဦးရယ်။

June 21, 2009

အဖေ့ အတွက် တေးတစ်ပုဒ်

“ ခွမ်း ”
မထင်မှတ်ပဲ ကြားလိုက်ရတဲ့ အသံကြောင့် ကျနော် လုပ်လက်စ ကျောင်းစာအား ခဏရပ်ပြီး အခန်းအပြင် အထွက်မှာ အဖေ့ရဲ့ အသံကိုကြားလိုက်ရပါတယ်။
“ ဒီလောက်ပျော့နေတဲ့ ထမင်း ကို ငါဘယ်တုန်းက စားဖူလို့လဲ”
ဘေးနားတွင် မျက်နှာ မကောင်းဖြစ်နေတဲ့ အမေက “ ရှင် ကိုပြောသားပဲ ထမင်းမကျက်သေးဘူး ခဏ စောင့်ပါလို့ ရှင်မှ မစောင့်နိုင်တာ”

“ကိုယ်ယောက်ကျား ဘာကြိုက်တယ် ဆိုတာ အလိုက်ကိုမသိဘူး” ပွစိပွစိ ပြောနေတဲ့ အဖေ ကျနော်ကိုလည်း တွေ့ရော ဘာမှဆက်မပြောတော့ဘူး။

“ရှင်လုပ်တာနဲ့ သားငယ် စာကျက်ပျက်သွားပြီ” ....... အမေ ကအဖေ့ကို အပြစ်တင်သလို ပြောတယ်။

ဒီကိစ္စကျနော် မပါလို့ မရတော့ဘူး။ ပါမှကိုရမှာလေ။ ဘေးမှာ ပြန့်ကျယ်နေသော ပုဂံနဲ့ ထမင်းတွေကို ကျနော်လိုက်ကောက်သိမ်းလိုက်တယ်။ အဖေက ကျနော်ကို စာသွားလုပ်ခိုင်းတယ်။ ကျနော်ကလည်း သားဘယ်လိုလုပ် စာလုပ်လို့ရမှာလဲ လို့ အဖေကိုပြောတော့.... အဖေက အမေဘက်လှည့်ပြီး


“ဒေါ်ဟန် မင်းလုပ်တာနဲ့ ငါ့ သားငယ် စာလုပ်လို့ မရတော့ဘူး မင်းကြောင့်”
အမေကို အပစ်တင်နေပြန်တော့လည်း ကျနော်မှာ မနေနိုင်ပြန်ဘူး။
“ အဖေ ဘာမှ မပြောနဲ့တော့နော်။ သား အဖေနဲ့ အတူတူ ထမင်းစားမယ်။ ပြီးရင် အဖေနဲ့ သား တူတူအိပ်မယ်။ အမေ့ ကိုမခေါ်တော့ဘူးနော်”

အဖေမူးလာရင် ကျနော်က အဖေရဲ့ ငြိမ်ဆေးဆိုတာကို အမေက သိပြီးသာပါ။ အမေဘာမှ ဝင်မပြောပဲ သားအဖနှစ်ယောက် ထမင်းစားဖို့ ပြင်ဆင်ပေးနေပါတယ်။ ကျနော်လည်း ကျနော့ ရဲ့ တာဝန်ကို ပြီးအောင်ထမ်းဆောင်ပြီးမှ စာကျက်လို့ ရနိုင်မှလေ။ အဖေနဲ့ ထမင်းအတူတူစားပြီး အဖေ့ကိုတွဲ အိပ်ခန်းထဲရောက်တဲ့ အထိခေါ်သွားပြီ အမေကိုလည်း လှမ်းပြောရသေးတယ်။ အခန်းအပြင်က ဘာအသံမှ မထွက်အောင်လို့ မှာရသေးတယ်။

အဖေက နားအရမ်းပါးတာ။ ဘယ်လောက်မူးမူး ဘယ်အချိန်ဖြစ်ဖြစ် အသံ နည်းနည်းကြားတာနဲ့ နိုးတော့တာပဲ။ နောက်ပြီး အဖေက အိပ်နေရင်နဲ့လည်း ယောင်ယောင်အော်တက်တယ်။ အိမ်မှာ အိပ်လို့ အဖေယောင်အော်တာ တစ်ခွန်းပဲရှိတယ်။ “ ဒေါ်ဟန်” အမေကို အဖေကမူးလာရင် အဲလိုပဲခေါ်တယ်။ ခေါ်လို့ ထူးရင်ထူး မထူးလို့ကတော့ တောက်လျှောက်ကို ခေါ်နေတော့တာ။ ခေါ်လို့လည်း သွားတော့ မကြည့်နဲ့ အိပ်နေတုန်းပဲ။ ယောင်ယောင်ပြီးအော်တာလေ။ ရောင်တဲ့ အရပ်ကနေ ကြားတာနဲ့ လှမ်းသာထူးတော့ပဲ။

တစ်ခါကမှတ်မိသေးတယ်။ အဖေတပ်ခွဲမှာ သွားအိပ်တဲ့ ညက။ ကျနော်လည်း အဖေနဲ့ လိုက်အိပ်တာ။ အဖေက မူးပြီး အိပ်ပျော်သွားတယ်။ ကျနော်က စာလုပ်စရာရှိတာနဲ့ ထိုင်လုပ်နေတာ။ ည ၁၁ခွဲလောက်တော့ အဖေထယောင် ပါလေရော။ အဖေ ယောင်နေကြအတိုင်းပေါ့။ “ ဒေါ်ဟန် ” လို့လဲ အော်လိုက်ရော ကင်းစောင့်နေတဲ့ ရဲဘော်က သူ့ကိုခေါ်တယ်ထင်ပြီး “ရှိ ဗိုလ်ကြီး ” ဆိုပြီး အဖေအိပ်တဲ့နေရာ ကိုအပြေးလေး ရောက်လာတယ်။ ကျနော်မှာ ရယ်လိုက်ရတာဗျာ။ အဖေ အကြောင်းသိတဲ့ တစ်ချို့ ဆရာကြီးတွေကတော့ သဘောပေါက်နေပြီ။

ဒီလိုနဲ့ အဖေကိုသိပ်ဖို့ အခန်းထဲရောက်တော့ အဖေက သားငယ်သီချင်းဆိုတဲ့။ ကျနော် ကသီချင်း တော်တော်များများ ရတယ်။ ခုလိုဆိုခိုင်းတော့ ဘာဆိုလိုဆိုရမှန်း မသိတော့ဘူး။ ပါးစပ်ထဲ ထွက်တာဆိုလိုက်တာပေါ့................ ဒီလိုတဲ့

အရက်သောက်တာ.... မကြိုက်တဲ့ ....မေမေ
အပေါင်းအသင်း.... သိပ်များတဲ့ ...ဖေဖေ
သူ့တို့နှစ်ယောက်ကို... ချစ်တဲ့ ......ကျနော်
ခရစ်စမတ်မှာ... ပြသနာပေါ်......

ဒေါသသိပ်ရှေ့ထားတဲ့ ......ဖေဖေ
သည်းငြီးမခံတော့တဲ့ .........မေမေ
သူ့တို့နှစ်ယောက် ကို ....ချစ်တဲ့....ကျနော်
ခရစ်စမတ်မှာ... ပြသနာပေါ်......

မိဘမဲ့တွေ....ထားတဲ့ ဂေဟာ...
ဝမ်နည်းခြင်းတွေ စုဝေးရာနေရာ....
ကလေးကစာတဲ့...ကွင်းအလည်....ခေါင်မှာ
ကလေးလေးတစ်ယောက်ဟာ အသည်းတွေနား...........

ခရစ်စမတ် ကိုကြောက်တယ်
ခရစ်စမတ် ရောက်မှာဆိုးလို့
မေမေ ငိုငိုနေတာ ဘာကြောင့်လည်းးးးးးးးးးးးးးးးးးးးးးးးးးး

သီချင်းလေးရပ်ပြီး အဖေကိုကြည့်လိုက်တော့ အဖေ အိပ်ပျော်သွားပြီ။
ဒါနဲ့ ကျနော်လည်း အသာလေး ထထွက်လာခဲ့ပါတယ်။
လုပ်လက်စ ကျောင်းသင်ခန်းစာက ရှိနေသေးတာကို။

လေးစားလျှက်
ရီနိုမာန်


ကျနော့် နေ့လည်စား


ဒါကျနော့် ရဲ့နေ့လည်စားပါ။
ဘာစားချင်မှန်း မသိတာနဲ့ ကြာဇံကြော်စားလိုက်တယ်။ ကိုယ်ကစားတော့လည်း မောင်နှမတွေကို သတိရပြန်ရော။ ဒါကြောင့် မသိသူ ကျော်သွား သိသူဖေါ် စားခွင့် ပြုလိုက်တယ်။ ကြိုက်တက်ရင်း မြိန်စရာကြီးပါဗျာ။

June 20, 2009

အမေရိကန် Idol ဒုတိယရ Adam Lambert မှဝန်ခံချက်


အမေရိကန် Idol ဒုတိယဆုရ အဒမ်လန်းဘာ့ သည် Rolling Stone မဂ္ဂဇင်းအတွက် မျက်နှာဖုံးကာဗာ ရိုက်ကူးစဉ်က သူ၏ လိင်ပိုင်းဆိုင်ရာ၊ ဆေးဝါးသုံးစွဲမှုနှင့် သူ၏ အမေရိကန် Idol အတွေ့အကြုံများအား ပြောကြားခဲ့ပါတယ်။ အသက်၂၇ နှစ်ရှိ အမေရိကန် San Deigo မှ လမ်းဘာ့ သည် ထိုအင်တာဗျူးတွင် သူသည် gay ဖြစ်ကြောင်းနှင့် ၄င်းအတွက် တစ်ဦးတစ်ယောက်မျှ အံ့အားသင့်စရာမဖြစ်သင့်ကြောင်းပြောဆိုပါတယ်။ "ကျွန်တော်၊ ကျွန်တော့်ရဲ့  လိင်ပိုင်းဆိုင်ရာ ကို ကျွန်တော်ဂုဏ်ယူပါတယ်၊ အဲဒါက ကျွန်တော့်ဘ၀ရဲ့  တစ်စိတ်တစ်ပိုင်းပါပဲ" လို့ လမ်းဘာ့က ပြောဆိုပါတယ်။

ယခင်လ အမေရိကန် Idol နောက်ဆုံး အဆင့်ပြိုင်ပွဲဝင်များ တည်းခိုနေထိုင်ရာ Bel-Air စံအိမ်တွင် လမ်းဘာ့သည် Idol ပထမဆုရ ခရစ် အယ်လ်လန် နှင့် တခန်းတည်း တည်းခိုခဲ့ကြောင်းသိရပါတယ်။ "သူတို့ကျွန်တော့်ကို အဲဒီ ကောင်လေးချောချောနဲ့ တစ်ခန်းတည်းထားပေးကြတယ်၊ ကျွန်တော်ကလည်း Idol ရှိုးတစ်ခုလုံးမှာ အဲဒီကောင်လေးပဲ ချောတယ်ထင်တာ၊ သူကပွင့်လင်းတယ်၊ ဖြောင့်မတ်တယ်၊ ဒါပေမဲ့ . . . သူ့မှာက မိန်းမရှိတယ်" လို့ လမ်းဘာ့ကပြောဆိုပါတယ်။ ထိုသို့ Rolling Stone မဂ္ဂဇင်းအားပြောဆိုပါတယ်။ မတ်လ တွင်လည်း လမ်းဘာ့နှင့် သူ၏ (သူမ၏ ?) ex-boyfriend တို့ နမ်းနေကြပုံများ အင်တာနက်ပေါ်တွင်ပျံ့ နှံ့ ခဲ့ပါတယ်။


"အမေရိကန် Idol ကို သွားပြိုင်မယ်ဆိုတုန်းက ကျွန်တော်ထင်တာက အဆင်ပြေမယ်ထင်တာပါ၊ လူတွေကလည်း အဲဒီအချက်ကို ပြောဆိုကြမယ်ဆိုတာသိပါတယ်။ ကျွန်တော် Los Angeles မှာ gay ဘ၀နဲ့ ရှစ်နှစ်နေလာခဲ့ပါတယ်။ ကလပ်တွေမှာလည်းကျွန်တော့်ခြေရာတွေပါပဲ။" လို့လဲ ပြောဆိုပါတယ်။ လမ်းဘာ့ကပြောဆိုရာမှာ သူ ယခုကဲ့သို့ လူထုကို gay ဖြစ်ကြောင်းတရားဝင်ပြောဆိုမှုဟာ သူ၏ သီချင်းသီဆိုမှုမှာ ထိခိုက်လာ မှာကို သူ စိုးရိမ်နေကြောင်း၊ ထို့အတွက်ကြောင့်လည်း ရှိုးများတွင် လည်း သူ၏ လိင်ပိုင်းဆိုင်ရာမေးခွန်းများကို မတုန့်ပြန်ခဲ့ကြောင်းပြောဆိုပါတယ်။ "ကျွန်တော်က အနုပညာသမားတစ်ယောက်ပါ၊ ကျွန်တော် က ကျွန်တော်ပါ၊ ကျွန်တော့်ရဲ့  ပြင်ပလူနေမှုပုံစံနဲ့ ကျွန်တော့် သီဆိုမှု အနုပညာ က သက်သက်စီပါ၊ ကျွန်တော့်လူနေမှုပုံစံကြောင့် အနုပညာဘက်မှာ ထိခိုက်မှုမရှိသင့်ဘူး" ဟု လမ်းဘာ့ကဆိုပါတယ်။ "gay တွေရဲ့ လုပ်ပိုင်ခွင့်တွေအတွက် ကျွန်တော့်ဓာတ်ပုံကို အသုံးချမှာကို ကျွန်တော်စိတ်မ၀င်စားပါဘူး၊ ကျွန်တော်က အဆိုတော်ပဲဖြစ်ချင်တာပါ၊ လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင်မဖြစ်ချင်ပါဘူး။" ဟု ပြောဆိုပါတယ်။

ကိုစိုင်းထွန်း
ဆိုဒ်လေးမှ ပြန်လည် ဖေါ်ပြထားခြင်းဖြစ်ပါတယ်

ပြန်လည် နိုးထ လှုပ်ရှားခြင်း

ဒီနေ့မှ လူလည်း လန်းလန်းဆန်းဆန်းရှိလာခဲ့တယ်။ နေမကောင်း ဖြစ်တာရှားတယ်။ ဒီတစ်ခေါက်ပဲ ကြာကြာဖျားဖူး တော့တယ်။ စိုးရိမ်လို့ သတင်းလာမေးကျတဲ့ မောင်နှမတွေ၊ phone messageနဲ့ လှမ်းမေးတဲ့ မောင်နှမတွေကော၊ မသိချင်ကော သိချင်ကောဆောင်သွားကြတဲ့ မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီ နေမကောင်းတုန်းလေး လေးငါးရက်မှာ ဘလောက်လောကကြီး ဘာတွေဖြစ်လို့ ဘာတွေဖြစ်မှန်းကို မပြောပြတက်တော့ အောင်ပါပဲ။ အဓိက ကတော့ စိတ်ဓာတ်တွေကျနေကြတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ပဲဆိုပါတော့လေ။ အဲဒီအထဲမှာ ကျနော်က ရှေ့ဆုံးကလို့ ပြောကြပါလိမ့်အုံးမယ်။ စိတ်ကျနေတဲ့ ညီအကိုမောင်နှမ သူငယ်ချင်းများ အားလုံးကို ကျနော်က ဒီနေရာကနေ “ ကျနော် ပြန်လည်နိုးထ လှုပ်ရှား ” လာပါပြီလို့ ကြွေးကြော်ရင်း ပို့စ်အသစ်လေးတွေ ဆက်လက်တင်နေပါတော့မယ်ဗျာ။

ဒါကြောင့် ကျနော့် မောင်နှမ ညီအစ်ကို သူငယ်ချင်း အားလုံးကို ကျနော်နဲ့ အတူတူ ပြန်လည် နိုးထတက်ကြွစွာနဲ့ ဘလော့ဂ်လောကကြီး ကို အသက်သွင်းကြပါဆို့လို့ ..............................ပြောကြားရင် လိုအပ်တာများကို မှာစားနေပါတယ်ဗျာ။

လေးစားလျှက်
ရီနိုမာန်

June 17, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၇)

တစ်ရက်မှာတော့ မြင်းခြံသား ကိုဝေဠု ဇောင်ချမ်းကုန်းကို ရောက်လာခဲ့သည်။ သူနှင့်အတူ အသားညိုညို မျက်လုံး မျက်ဖန် ကောင်းကောင်း ကိုဘဆန်း ဆိုသူလည်း ပါလာခဲ့ပါ၏။ သည်နှစ်ယောက်က စစ်မထွက်ခင် တစ်ခေါက် ရောက်လာ ကြပြီး စစ်ပြီးတော့ တစ်ခေါက်လာ နှုတ်ဆက်ကြသလိုပင်။ ကိုမင်းရာ ဆိုသူနှင့် ကိုဖူးခေါင် ဆိုသူ နှစ်ယောက်တော့ ပါမလာ။ မအိမ်ကံက ပွဲကတော်ကြီး၏ တူတော်သူ ဆိုတော့ ထွက်တွေ့ ဧည့်ခံရပါသည်။ ကိုပြေသိမ်းနှင့် သူတို့လေးဦးသား ငြင်းကြခုံကြ၊ အော်ကြဟစ်ကြတာကိုပင် သတိရမိ သေးတော့သည်။ အမေပန်းရုံနှင့် မလှအုံတို့က ဧည့်သည်တွေကို နေရာချထား ပေးထားနှင့်ကြပြီ။ မလှအုံက ကိုပြေသိမ်း၏ ဇာတ်သိမ်း မကောင်းပုံကို လာပြောကြသည် ထင်၍ မျက်နှာ မကောင်း။ ထွက်သွားကြတာ ငါးယောက်။ ပြန်ပေါ်လာတာက နှစ်ယောက်တည်း မဟုတ်လား။


မအိမ်ကံကတော့ မျက်နှာကို ချီချီပင့်ထားရင်း ကြုံသမျှ ကျသမျှ ရင်စည်းခံမည့်ပုံ။ ဒါကိုပဲ မလှအုံ အံ့သြရပါ၏။ မအိမ်ကံကို အမေပန်းရုံ စိုးရိမ်သလို မလှအုံကလည်း တစ်လျှောက်လုံး စိုးရိမ်ခဲ့ရသည်။ တစ်ဘ၀မှာ တစ်ချစ်၊ တစ်ချစ်မှာ တစ်ကြင်ဖော် ဆိုသူ မဟုတ်လား။ သို့သော် ကိုပြေသိမ်း ထွက်သွားသည့် နေ့က မျက်ရည်ကျခဲ့တာက လွဲလို့ နောက်ပိုင်း ၀မ်းနည်းရိပ် မရှိ။ မေးတာမြန်းတာကိုလည်း ကြိုက်ပုံမပေါ်။

"ငါ့သမီးကလေး မအိမ်ကံခမျာ ခံလိုက်ရရင် အချီကြီး ဆိုသလို ပါပဲလား လှအုံရယ်။ အပျိုဘ၀ အနှစ်နှစ်ဆယ် လုံးလုံး သူဖြစ်ချင်သာ မဖြစ်ခဲ့ရဘူး။ အိမ်ထောင်ပြုတော့လည်း သားနဲ့ မယား ဒုတ်ဒုတ်ထိ ထားသွားရက်သဲ့ သူငယ်နဲ့မှ အကြောင်းပါ ရလေသယ်။ သူ ရင်စီးခံနိုင်ပေမယ့် ငါဖြင့်အေ လင်သူကြီးမင်း သေသာ ဖြေနိုင်ခဲ့ပါရဲ့။ မအိမ်ကံ အတွက် မဖြေနိုင်ဘူး။ ဒါပေသိလို့ တိုက်လှေနဲ့ ရက်ကန်းလွန်း ဘ၀ချင်း မညီသာကိုပဲ ယိုးမယ်ဖွဲ့ရသယ်။ တစ်နေ့ သည်လို ရှိမယ်လို့တော့ ထင်သားပဲဟယ်"

ဒေါ်ပန်းရုံက မလှအုံကို ပြောခဲ့ဖူးသည့် စကားများပင်။ မလှအုံက သူတကာ စစ်ထွက်သူတွေ ပြန်လာကြတာတွေ ကြားထားသူ ဆိုတော့ ကိုပြေသိမ်းကိုလည်း မျှော်ခဲ့ပါ၏။ သို့သော် ရောက်မလာတော့လည်း ဘ၀ ကံကုန်ခဲ့ကြပြီ ထင်ပါရဲ့လို့ အဆုံး တွေးထားခဲ့သည်။ အခုပဲကြည့်လေ။ အတူသွားကြသည့် အထဲက နှစ်ယောက်သာ ရောက်လာကြတာ မဟုတ်လား။ ကိုဝေဠုကပဲ စကားစခံသည်။ မအိမ်ကံက ခါးကလေး တောင့်ရင်း သမီးကလေးကိုသာ ငေးနေခဲ့သည်။ တစ်နှစ်ခွဲ သမီး မအိမ်မြိုင်က ကြမ်းပေါ်မှာ တော့တီးတော့တာ ကစားနေသည်။ အနားတွေ့သမျှ ပါးစပ်ထဲ ကောက်ထည့် နေသဖြင့် ကျေးဥက နှိုက်နှိုက် ထုတ်နေတာကို ကြည့်နေခြင်း ဖြစ်၏။

"ကိုပြေသိမ်းနဲ့ ကျွန်တော်တို့ သွားတုန်းကတော့ အတူတူ ပါပဲ။ ကျွန်တော်တို့ အားလုံး ပခုက္ကူဘက်ကို ဖြတ်ထွက် ကြတာပါ။ ပခုက္ကူကမှ တာဝန်ခွဲကြတော့ ကျွန်တော်နဲ့ ကိုဘဆန်းက ပြည်မြို့ဘက် ပါသွားကြတယ်။ ကိုပြေသိမ်းက မန္တလေး၊ ကိုဖူးခေါင်က သရက်ဘက်၊ နောက် ကိုမင်းရာက တောင်တွင်းကြီးဘက်၊ ကိုဖူးခေါင်နဲ့ ကိုမင်းရာတို့ကတော့ တိုက်ပွဲမှာ ကျခဲ့ကြပြီ။ ကိုပြေသိမ်းကတော့ ကျတယ် ဆိုတဲ့ သတင်းမရတာ အမှန်ပါ။ ပြန်မလာ သေးတာကိုလည်း ကျွန်တော်တို့ နားမလည်နိုင်ဘဲ ဖြစ်နေပါတယ် ဒေါ်ဒေါ်"

ကိုဝေဠုက အမေပန်းရုံကိုသာ ကြည့်ပြီး ပြောနေသည်။ ကိုဘဆန်းက တစ်ခွန်းမှ မပြောဘဲ ငြိမ်နေသည်။ မျက်ခုံး ထူကြီးတွေကို ကုပ်ထားကာ စားပွဲပေါ်က ဒန်မီးခတ်ကိုသာ စိုက်ကြည့် နေပါ၏။ အမေပန်းရုံက သမီးကလေး ရှိနေတော့ ဘာပြောရမှန်း မသိ။ မအိမ်ကံသာ အနားမှာ မရှိလျှင် ပွင့်ပွင့် လင်းလင်း မေးလိုက်ချင်သည်။ သတင်းဆိုး၊ သတင်းကောင်း အကြောင်း မဟုတ်ဘဲ ပျောက်နေသည့် ဆံစု အထားမှားသလား၊ ကြွက်ချီသလား သိချင်နေခဲ့သည်။ သည်သူငယ်တွေကတော့ မဟုတ်တာ ပြောကြပုံ မရှိ။ သူတို့ သိသလောက် ပြောနေတာ မှန်းလည်း သိပါ၏။ မလှအုံကပဲ စကား စပြောသည်။

"ငါ့တူများကို အရီးတို့က အပြစ်မတင်ပေါင်ကွယ်။ တို့တောနယ်က လူငယ်တွေတောင် ကိုယ့်စိတ်နဲ့ကိုယ် ဂျပန် တိုက်ဖို့ လိုက်သွားကြသာ ကြားနေရသာပါ။ မောင်ပြေသိမ်းလို လူက ဘယ်မှာ ကျန်ရစ်နေပါ့မလဲ။ မိုးမရိပ်ခင်က ဆီခဲချင်နေ သဲ့လူ သိသားပဲ။ ဒါပေသိ ထမနဲလား၊ ယာဂုလား ကွဲချင်ကြ သာပါ"

မလှအုံကလည်း သည့်ထက်ပို အရိပ်မပြနိုင်။ ကိုဘဆန်း ဆိုသူက အသာလှုပ်လာပါ၏။

"ကိုပြေသိမ်းက မန္တလေးကနေ ရပ်စောက်ဘက်၊ ရွာငံဘက် ပါသွားသလိုလိုတော့ သတင်းသန့်သန့် ကြားရပါတယ်။ တိုင်းတွေ ခွဲလိုက်တော့ ဆန်စင်ရာ ကျည်ပွေ့ လိုက်ရတာကိုး။ ကျွန်တော်တော့..."

မအိမ်ကံက သက်ပြင်းကလေးချကာ ကိုဘဆန်းကို လှမ်းကြည့် လိုက်သည်။ ကိုဘဆန်းက စကားဆက် မပြော ပြန်တော့ မျက်နှာလွှဲရ ပြန်သည်။ ကျေးဥက ကလေးကို ကောက်ချီကာ အပြင်ကို ထွက်သွားသည်။ ရက်ကန်းရုံ ဘက်ဆီက ရက်ကန်းခြူကုံးသံတွေ ချွင်ချွင်ဖျောက်ဖျောက် ကြားနေရ၏။ စကားဝိုင်းက ခြောက်ကပ် လှသည်။ ပြောသူတွေမှာလည်း စကားမရှိ။ မေးချင်သူတွေမှာလည်း စကားမရှိ။ မအိမ်ကံ စကားတစ်ခွန်း ၀င်ပြောခဲ့သည်။



June 16, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၆)

"မအိမ်ကံကတော့ သူ့စာထဲက အတိုင်း မနက်ဖြန်ပဲ ကိုပြေသိမ်း အတွက် အမျှဝေလိုက် တော့မယ် အမေ။ သူ ပြန်လာတော့လည်းလာပေါ့။ မလာတော့လည်း ဘယ်တတ်နိုင်မှာလဲ။ မအိမ်ကံ မမျှော်ချင်ဘူး။ တိုင်းပြည် အတွက် သွားတယ်ဆိုမှတော့ မအိမ်ကံ သူ့ကို အပြစ်လည်း မတင်ချင်ပါဘူး။ ဒါပေမယ့် မအိမ်ကံကို ဖွင့်တိုင်ပင်ရင်လည်း မအိမ်ကံက လိုက်တောင် ပို့မယ့် မိန်းမပါတော်"

မအိမ်ကံကတော့ ဒါပဲ ပြောခဲ့သည်။ ဖိုးကူး ပြောသလောက် ဆိုလျှင် မအိမ်ကံတို့ အိမ်မှာ တစ်ခါက လာစုကြဖူးသော လူလေးယောက်လည်း ပါပုံရသည်။ ကျေးဥကတော့ မအိမ်ကံ စိတ်မချမ်းသာမှန်း သိ၍ ကလေးကို တာဝန်ယူထား ရှာသည်။ သည်လိုနှင့်ပင် တပေါင်းမှသည် တန်ခူး။ တန်ခူးမှသည် ကဆုန်၊ နယုန်၊ ပထမ၀ါဆို၊ ဒုတိယ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း။


သက္ကရာဇ် ၁၃၀၇ ခုနှစ် နှစ်ဆန်းမှသည် မငြိမ်မသက် ဖြစ်လာခဲ့သော တိုင်းပြည်အရေးက မအိမ်ကံတို့ ရွာကလေးကို အတော်ပင် ရိုက်ခတ်ခဲ့သည်။ ကျော်ဒင်နှင့် ဂျပန်များ ရွာတွေကို မကြာခဏ ၀င်သောင်းကျန်း ကြသည်။ ဂျပန်တော်လှန်ရေး လုပ်သည်ဟု စွပ်စွဲကာ ကြည်တော်ကုန်း တစ်ရွာလုံး မီးတိုက်ပစ် လိုက်ကြသည်။ မအိမ်ကံတို့ အိမ်ကို လာ၍ ကျောင်းဆရာ ဘယ်မှာလဲ ဆိုသည့် မေးခွန်းကို အကြိမ်ကြိမ် မေးခဲ့ကြသည်။ သည်လိုဆိုတော့လည်း ကိုပြေသိမ်း ရွာကထွက်သွားတာ အန္တရာယ် ကင်းကြောင်း မအိမ်ကံ ရိပ်စားမိလာခဲ့သည်။ သိပ်မကြာလိုက်ပါ မြို့ပေါ်တွေမှာ စစ်ကြီးဖြစ်နေပြီ ဆိုသည့် သတင်းနှင့်အတူ ပွဲစားကြီးတို့ မိသားစု မအိမ်ကံတို့ဆီ လာရောက် ပုန်းခိုခဲ့ကြသည်။ စစ်ပြေးတွေကို ဓားပြဆီးတိုက် သူတွေက မရှား။ မအိမ်ကံတို့ရွာလည်း မလွတ်။ မအိမ်ကံတို့ အိမ်ဆိုလျှင် သုံးကြိမ် တိတိ ဓားပြ၀င်ခဲ့သည်။ မအိမ်ကံကတော့ အသက်ထက် ဘာမှအရေး မကြီးသည်မို့ ထုတ်ပေးတန် သလောက် ထုတ်ပေးခဲ့ရပါ၏။ လူတွေ ဒုက္ခမရောက်တာပဲ တော်လှပြီ။ ကျော်ဒင် တစ်ယောက် ရွာက ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး သေပြီ ဆိုသည့် သတင်း ထွက်လာခဲ့သည်။ ဆရာလေး ကိုတောက်ထိန် တစ်ယောက် ရွာတွေဘက်ကို စည်မတီး၊ ဗျောမခေါက် ရောက်လာခဲ့ပြီး ဂျပန်တွေကို ရရာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ဖို့ ဆော်သြလာသည်။ ပြောက်ကျား တပ်ဖွဲ့တွေ ဖွဲ့ပေးသည်။ မြင်းခြံမြို့ကနေ ပြိုဆင်း ကျလာသော ဂျပန်တွေကို မအိမ်ကံတို့နယ်မှ တစ်ယောက်မှ အရှင်မထား စတမ်း သုတ်သင်ခဲ့ကြသည်။ စစ်သတင်းတွေနှင့် အတူ တစ်နယ်လုံး ပွက်လောကြီး ရိုက်ခဲ့ကြရပါ၏။

"ဆရာကိုပြေသိမ်းကို ရှမ်းပြည်ဘက် တာဝန်ပေးထားတာ မအိမ်ကံ။ သည်ဘက်နယ်မှာ သူ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရမှာ မဟုတ်လို့ ဆရာကြီး ဦးဘခင်က တာဝန်ခွဲ ပေးလိုက်တာပဲ။ သူက ကျွန်တော့်လိုပဲ စည်းရုံးရေးမှူး တစ်ယောက်ပါ။ ဗိုလ်ကြီးမြတ်သာကတော့ ရန်ကုန်တိုင်းမှာ ဗိုလ်မှူးကြီးဇေယျရဲ့ စစ်ကြောင်းကနေ တိုက်ပွဲ ၀င်နေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်တော့မှာပါ မအိမ်ကံ"

ဆရာလေး ကိုတောက်ထိန်၏ သတင်းစကားက လွဲ၍ မအိမ်ကံထံသို့ စာတိုကလေး တစ်စောင်မျှ ရောက်မလာနိုင်ခဲ့ပါ။ မမစိမ်းမြ ခမျာလည်း မအိမ်ကံနည်းတူ ပန်းသပြေ ညောင်ရေလောင်းလို့ ဆုတောင်း နေကြရုံကလွဲလို့ သမီး ယောက်မ ဘာမျှမတတ်နိုင်ခဲ့။ ကမ္ဘာစစ်ကြီးအတွင်းမှာ ဇောင်ချမ်းကုန်းလို ရွာသိမ် ရွာမွှားကလေးထဲက မအိမ်ကံတို့ အရေးက အစက်အပြောက်မျှပင် အရာမထင်ခဲ့ပါ။ အခုတော့လည်း အစစအရာရာ ငြိမ်သက်လို့ သွားခဲ့ပြီ ထင်ပါ၏။ ပွဲစားကြီးတို့ ပွဲကတော်ကြီးတို့ မိသားစုလည်း မြို့ကိုပြန်သွားခဲ့ကြပြီ။ ပွဲကတော်ကြီးက သားနှင့် ချွေးမကို အလုပ်တွေ လွှဲအပ်တော့မည့် အကြောင်းနှင့် မအိမ်ကံကိုပါ အလုပ်တွေ ဆက်ပေးသွားခဲ့ပါ၏။

မအိမ်ကံ၏ ရက်ကန်းရုံကြီးလည်း ပြန်လည် အသက်ဝင် လာခဲ့ရပြီ။ လက်ရက်ကန်းထည်တွေ ပြတ်လပ်သွားခဲ့သဖြင့် အားချင်း ရက်လုပ်ကြရမည်။ တစ်ရွာလုံး အလုပ်တွေ လှိုင်ကြ ရလေပြီ။ အရီးကြာညွန့်သည်လည်း ရက်ကန်းခေါင်း ဖြစ်ရပြန်ကာ မိန်းကလေး သုံးဆယ်လောက်ကို တွင်တွင်ကြီး ခိုင်းနေရပါ၏။ ပွဲကတော်ကြီး၏ သားကိုယ်တိုင် ဇောင်ချမ်းကုန်းကို လာရောက် မှာကြားရသည်မှ စ၍ မအိမ်ကံ ကိုယ်တိုင်ပင် ထဘီကို တိုတိုပါအောင် ၀တ်ကာ အထည်ဆန်းတွေ ရက်ခဲ့ရသည်။ ဂျပန်အပြေး အင်္ဂလိပ်အ၀င် အစစအရာရာ ရှားပါးသမျှ တစ်စ တစ်စ ပြန်မြင်လာခဲ့ရပြီ ဆိုသော်လည်း ကျေးရွာတွေမှာတော့ ထူးပြီး ပြောင်းလဲခြင်း မရှိ။ အစားဆင်းရဲ၊ အနေဆင်းရဲ၊ အ၀တ် ဆင်းရဲဘ၀က ရုန်းထ နေရချိန်ဖြစ်၍ အစစ အရာရာ လူလုံးမလှ နိုင်ကြသေးဘဲ ရှိခဲ့ပါ၏။ တစ်နှစ်ခွဲ သမီးကလေး မအိမ်မြိုင် ကိုတော့ ကျေးဥကိုပဲ ထိန်းခိုင်း ထားရသည်။ ကျေးဥမှာလည်း မပို့မပါးကြီးနှင့် ဆိုတော့ တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် မအိမ်ကံကပဲ စောင့်ရှောက်သည်။

"ကျေးဥ ညည်း မအိမ်မြိုင်ကိုပဲ ထိန်း။ ငါ့သမီးကလေးကို ပိုးမွေးသလို မွေးစမ်းပါအေ။ ညည်းတို့မိသားစု ငါက တာဝန်ယူသယ်။ ညည်း ၀မ်းဝအောင်၊ ခါးလှအောင် ငါဆင်မယ်၊ ငါကျွေးမယ်"

မအိမ်ကံ စကားကြောင့်ရယ် မဟုတ်ပါ။ ကျေးဥကလည်း မအိမ်ကံကို သံယောဇဉ် ကြီးပါသည်။ ငယ်စဉ် တောင်ကျေးကတည်းက အတူအိပ် အတူနေ မအိမ်ကံတို့ ကျေးဇူးတွေကလည်း သူတို့ မိသားစုအပေါ် ကြီးလှသလို လင့်ဘက်က နွယ်တော့ ဆွေမျိုးပင်တော်ခဲ့ကြပြီ မဟုတ်လား။ မအိမ်ကံက အလုပ်နှင့် သမီးတစ်လှည့်စီ ကြည့်ရင်း နေ့ရက်တွေကို ကုန်လွန်စေခဲ့သည်။ ကိုပြေသိမ်းကို တစ်ခါတစ်ရံ လွမ်းဆွတ် သတိရမိသည် မှန်သော်လည်း နာစရာနှင့် ဖြေခဲ့ သည်။ ထွက်သွားပြီ ဆိုကတည်းက မအိမ်ကံ အမျှဝေခဲ့ပြီးပြီ။ သို့သော် တစ်ဘက်က ကြည့်ပြန်တော့ သမီးကလေး အတွက် အဖမဲ့သည့် အဖြစ်ကို မအိမ်ကံ မခံစားနိုင်။ သမီး အတွက် မအိမ်ကံ မျှော်လင့် နေရပါသော ဖက်စိမ်းကွမ်းတောင်ကိုင် ဖြစ်ဖို့ မိစုံဖစုံရှိဖို့ အရေးကြီးသည် မဟုတ်လား။ သည်အကြောင်း တွေးမိလျှင် မအိမ်ကံ ဆောက်တည်ရာ မရ ဖြစ်ရပါတော့သည်။ တစ်ရက်တော့ မအိမ်ကံ ကိုယ်တိုင်သွားမှ ဖြစ်မှာမို့ မြင်းခြံကို ခရီးတစ်ခေါက် ရောက်ခဲ့ရပါ၏။ ကိုယ်ဝန်ရင့်စ ပြုနေသော ကျေးဥကို မခေါ်တော့ဘဲ ဖိုးတုတ်နှင့် ဖိုးကူး ညီအစ်ကိုနှင့် ထပြေးခဲ့ရခြင်း ဖြစ်၏။ တိုင်းရေးပြည်ရေး ခြေခင်း လက်ခင်းကလေး သာသလိုလို ဆိုတော့ အကူးအသန်း ရှိနေ ကြပြီ။ ပွဲကတော်ကြီးက အလုပ်ကိစ္စတွေပြီးလို့ မအိမ်ကံ လှည်းပြန်ထွက်ခါနီးမှ စကားတစ်ခွန်း ပြောခဲ့ပါ၏။

"တူတော်မောင် မောင်ဝေဠုတော့ တစ်နေ့က ပြန်ရောက်လာပြီ မအိမ်ကံ။ မောင်ပြေသိမ်းလည်း ရောက်လာတော့မှာပါ။ ဒေါ်ဒေါ် မေးကြည့်တော့ သူတို့ချင်းက သွားတုန်းကတော့ အတူတူဆိုလား။ တော်လှန်ရေးမှာ လူချင်း ကွဲသွားကြတယ် တဲ့။ မောင်ပြေသိမ်း အကြောင်း ဘာကြားသေးသလဲ မအိမ်ကံ"

"မအိမ်ကံ အမျှဝေပြီးပြီ ဒေါ်ဒေါ်။ ကိုင်း သွားပြီနော်"

ဆောင့်ခနဲ ထွက်လာသည့် လှည်းနောက်မှာ မအိမ်ကံ စကားတွေ ကျန်ရစ်ခဲ့သည်။ ပွဲကတော်ကြီးက အလွန်အားနာ သွားဟန်ဖြင့် ပွဲရုံထိပ်မှာပဲ မိုးတိုးမတ်တတ် ကျန်ရစ်ခဲ့ရှာပါ၏။ ဖိုးကူးက နားစွန်နားဖျား ကြားလိုက်သည် ဖြစ်၍ မအိမ်ကံ အရိပ်အကဲကို ကြည့်ကာ တစ်စုံတစ်ရာ မေးဖို့ ပါးစပ်ပြင်ထား ခဲ့သည်။ ကိုဝေဠု ပြန်ရောက်ပြီတဲ့။ ဆရာလေး ကိုပြေသိမ်း ကကော ဘာကိစ္စ ပြန်မရောက် သေးတာပါလိမ့်။ သူ့အပေါ် ကောင်းရှာသော သူ့ဆရာ ကိုပြေသိမ်းကို သတိရသည်။ လွမ်းလည်း လွမ်းသည်။ မအိမ်ကံက လှည်းရံတိုင်ကို ကျောမှီရင်း အဝေးကို ငေးလျက် ပါလာခဲ့သည်။ ဖိုးကူးက အရဲစွန့်ကာ မေးသည်။

"မမကံ..."

"ဖိုးကူး ဇောင်ချမ်းကုန်း အထိ နင့်ပါးစပ် ပိတ်ထားစမ်း။ နင် အသံထွက်ရင် နွားကန်စာ မိမယ်မှတ်"

"ဟုတ်... ဟုတ်..."

တကယ်လည်း ဇောင်ချမ်းကုန်း ရောက်သည် အထိ ဖိုးကူးမှာ နွားကိုပင် ရဲရဲ မငေါက်ဝံ့။ မမကံကို ငယ်ကြောက် မဟုတ်လား။ မအိမ်ကံကလည်း မျက်နှာထား တင်းထားခဲ့ ပါ၏။


June 14, 2009

အံ့ဖွယ်

ကျနော့် မောင်နှမ များအား ကြည့်စေချင်လို့ တင်ပြလိုက်ရပါတယ်ဗျာ။ ကြည့်ပြီးရင် ဘယ်လိုထင်လဲ ဆိုတာကိုပါ ပြောခဲ့ကြပါအုံးနော်။ ဒါအမှန် တကယ်ပါ။

အဖေနှင့် ကျနော်

ဒီနေ့ဟာ အဖေများနေ့ဖြစ်ပါတရ်။ သားသမီးတိုင်းကို မေးကြည့်ပါ။ ဘယ်သူကိုပိုချစ်လဲလို့ မေးရင် အမေ့ကို ပိုချစ်တရ်လို့ ဖြေမှာက ၈၀ရာခိုင်းနှုန်းလောက်ရှိပါတရ်။ ဒီ ၈၀ရာခိုင်းနှုန်းထဲမှာ မသိမသာပါသွားတာက တော့ ကျနော်တို့ရဲ့ တစ်ဦးတည်းသော အဖေပါပဲ။ အဖေကိုမချစ်ဘူးလို့ ပြောလို့မရပါဘူး။ အဖေကို မချစ်ဘူးလို့ပြောရင် ဝဇီကံထိုက်ပါတရ်။ အဖေက ကျနော်တိုကို သူ့ အသွေးအသားတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဆိုရင်လည်း မှားတဲ့အရာ မဟုတ်ပါဘူး။ အဖေမရှိပဲ ကျနော်တို့ဆိုတာ ဖြစ်လာနိုင်စရာအကြောင်းကို မရှိတာပါ။ ဒါကြောင့် အဖေကို သတိရသောအားဖြင့်၎င်း ၊ ချစ်သောအားဖြင့်၎င်း အဖေနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီနေ့ အဖေများနေ့မှာ အမှတ်တရရေးသား ဖေါ်ပြလိုက်ရပါတရ်။


ကျနော် သူငယ်တန်းနှစ်မှာ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံးတင်ရပါတရ်။ ဆေရုံးမှာ အမေပဲလိုက် စောင့်နိုင်ပါတရ်။ ဆေရုံးတင်ပြီး နှစ်ရက်လောက်မှ အဖေရောက်လာပါတယ်။ အဖေမှာ အလုပ်တာဝန်တစ်ဖက်နဲ့ ဆိုတာကို နားမလည်တဲ့ သား က အခန်းထဲ ဝင်လာတဲ့ အဖေကို “ ခုထွက်သွား လုံးဝ မလာနဲ့ ” လို့မောင်းထုတ်ခဲ့ဖူးပါတရ်။ အဖေလည်း ကျနော်စိတ်ချမ်းသာအောင်ဆိုပြီး အခန်းအပြင်ကို လှည့်အထွက်မှာတော့ ကျနော် ဆေးရုံးကုတင်ပေါ်မှာ ချုံပွဲချ ငိုတော့တာပါပဲဗျာ။ ဒါအဖေနဲ့ ပတ်သက်ပြီး ခုချိန်ထိ မှတ်မိနေသေးတဲ့ အကြောင်းအရာ ပထမတစ်ခုပါ။

ကျနော် ၂ တန်းနှစ်မှာ ကျောင်းကအပြန်ကို အဖေကလာကြိုပါတရ်။ အိမ်ရောက်ခါးနီးမှာ မိုးအရမ်ရွာလိုက်တော့ ကျနော်တို့သားအဖနှစ်ယောက် မိုးရေစိုစိုနဲ့ အိမ်ပြန်ရောက်ခဲပါတယ်။ အိမ်ရောက်ပင်မဲ့လည်း မိုးကမတိတ် သေးတော့ ကျနော်က အဖေကို ဘောလုံးကန်မယ်လို့ ပြောတော့ အဖေက လည်း ကန်မယ်တဲ့။ ဒါနဲ့ မိုးရေထဲမှာ ဘောလုံးကန်ပြီးလို့အိမ်ပေါ်ပြန်အတက်မှာ အဖေက ကျနော်ကို “ သားငယ် ....သားငယ်ဘောလုံး မကန်တက်ဘူး နောက်မကန်နဲ့တော့ ” တဲ့ အဖေပြောတဲ့ စကားကိုနားထောင်လာတာ ခုချိန်ထိပဲ ကျနော် ဘောလုံးမကန်တက်ဘူး။ ကန်ဖို့လည်း စဉ်းစားတိုင်းလည်း အဖေပြောတာကိုကြားယောင်နေမိတရ်။

ကျနော်က ကရင်စပ်တယ်။ အဖေက ကရင် အမေက ဗမာ။ အဖေအရက်သောက်ပြီးဆိုရင် သွေးအရမ်းဆိုးတယ်။ အိမ်မှာ ရှိသမျှလူအားလုံးနေစရာမရှိအောင်ကို သွေးဆိုးပါတယ်။ မြွေဆိပ်ဖြေးဆေးကို မြွေဆီကပဲပြန်ယူရသလို အဖေရဲ့ ကရင်သွေးဆိုးကိုလည်း ကရင်သွေးနဲ့ပဲ ပြန်ငြိမ်ရပါတယ်။ အဖေ့ သွေးဆိုးကို ညိမ်အောင်လုပ်နိုင်တဲ့ ကရင်သွေးကတော့ ကျနော်ပါပဲ။ တစ်အိမ်လုံးမှာ အဖေကို တစ်ခွန်းတည်းနဲ့ ပြောလို့ ပြီးတာဆိုလို့ ကျနော်တစ်ယောက်ထဲ ရှိပါတရ်။ ( အဲဒီလောက်အောင် အဖေက ကျနော် သိပ်ချစ်ပါတရ်)

အဖေကို နာမည်ပျက်အောင်လုပ်ဖူးသလို (တစ်ခြားတော့ မဟုတ်ပါဘူး။ ဗိုလ်ကြီးကံစိန် သားပေါ့ ဘာဖြစ်တရ် ညာဖြစ်တရ် ဆိုပြီးပြောကျတော့ နေရင်းထိုင်ရင်း နဲ့ အဖေနာမည်ပျက်ရတာပါ။ အမှန်က အစားမတော်တော့ တစ်လုတ်၊ အသွားမတော်တော့ တလှမ်း ဆိုသလို ကျနော်ကြောင့်ပါ) သွေးထွက်သံယို ဖြစ်အောင်လည်း လုပ်ဖူးပါတယ်။ အဇာတသတ်လို ရည်ရွယ်ပြီးလုပ်တာမျိုးမဟုတ်ရပါဘူး။ မတော်တဆ ကျနော်ကြောင့် ဖြစ်သွားရတာပါ။ ကျနော်မှတ်မိနေသေးတရ်။ အဖေက အရက်သောက်ထားတော့ ကျနော်က အဖေကို အိပ်ဖို့ ပြောတရ်။ အဖေကလည်း အိပ်မယ်ပြောတရ်။ဒါနဲ့ ကျနော်လည်း အဖေကို အခန်းထဲ လိုက်ပို့ပြီး အခန်းတံခါးကို ပြန်အပိတ်မှာ....... အဖေ လက်က တံခါးကိုကိုင်ထားမှန်း ကျနော် မသိလိုက်ဘူးဗျာ။ အဖေရဲ့ အော်သံကြားမှပဲ ကျနော် ကြည့်မိလိုက်တဲ့ အချိန်မှာ အဖေလက်မှာ သွေးတွေပန်းထွက်နေပြီဗျ။ ကျနော် အဖေကိုကြည့်ပြီး သနားလိုက်တာဗျာ။ ကျနော်လည်းဘာမှမလုပ်တက်တော့ ထိုင်ငိုတော့တာပေါ့။ အဖေက ကျနော်ကို တစ်စက်ကလေးမှ စိတ်မဆိုးဘူးဗျာ။ အနားကြပ်သွားတော့ အမာရွတ်ကျန်ခဲ့တယ်။ အမာရွတ်ကိုကြည့်ပြီး အဖေက ဘာပြောတယ်မှတ်လဲ “ သားငယ်လေး ပေးတဲ့ အမှတ်တရတဲ့ ” ဗျ။ ကျနော်ရင်ထဲမှာ ခုချိန်ထိ နာကျင်နေတုံးပဲ။

ကျနော် လိုချင်တာရှိလို့ အမေကိုပြောရင် အမေကတော့ အိမ်ရှင်မဆိုတော့ ချင့်ချိန်ပြီးမှ လုပ်သင်တရ်ထင်မှ လုပ်ပေးတာ၊ ဝယ်ပေးတာပါ။ အဖေကတော့ ကျနော် ဘာလိုချင်လဲ နေ့မကူးစေရပါဘူး။ချက်ချင်းကို လုပ်ပေးတော့တာပါ။ အဖေ အရက်သောက်တာမှန်ပါတယ်။ ဒါပင်မဲ့ ကျနော်ဝယ်ပေးတဲ့ အရက်ဆိုရင် အဖေလုံးဝမသောက်ပါဘူး။ ဝယ်ပေးဖို့ လူမရှိခဲ့ရင်တောင် ကျနော်ကို လုံးဝ မဝယ်ခိုင်းခဲ့ပါဘူး။ သူကိုယ်တိုင်သွားဝယ်ပါတယ်။ ကျနော် မဝယ်ပေးဖူးဘူးလို့ မပြောပါဘူး။ ကျနော်ဝယ်ပေးဖူးပါတယ်( အမေနဲ့ ပေါင်းပြီ)။ ဒါပင်မဲ့ အဖေ ကို အသိမပေးခဲ့ပါဘူး။

ဒီလိုနဲ့ ကျနော် ၁၀တန်းအောင်တော့ ရန်ကုန်သွားပြီ အလုပ်သွားလုပ်မယ်ပြောတော့ အဖေက “ ငါ မသေမချင်း သားငယ် အလုပ်လုပ်ဖို့ စိတ်မကူးနဲ့ ။ ငါရှာကျွေးနိုင်တရ်တဲ့ ” ဒါပင်မဲ့ ကျနော် နားမထောင်ခဲ့ပါဘူး။ ကျနော် လွတ်လွတ်လပ်လပ် နေချင်လာပြီလေ။ ဒါကြောင့်လည်း အဖေဆေးရုံးသွား တက်နေတုံး အချိန်မှာ ကျနော် အမေကိုပြောပြီး ရန်ကုန်ကိုထွက်လာခဲ့တာပါ။

အဖေကြောင့် ကျနော် ရန်ကုန်မှာ အလုပ်ရှာစရာမလိုပဲ အလွယ်တကူရရှိခဲ့တာပါ။ အဖေရဲ့ အသွေးအသားတွေနဲ့ တည်ဆောက်ထားတဲ့ ဒီမျက်နှာကြောင့် လူချစ်လူခင်ပေါများခဲ့တာပါ။ အဖေကြောင့် ကျနော် လူပေါင်းမြောက်များစွာနဲ့ ခင်မင်ရင်းနှီးခွင့် ရခဲ့တာပါ။ အဖေကြောင့် လူတွေရဲ့ စိတ်ကိုနားလည်နိုင်ခဲ့တာပါ။ အဖေကြောင့်ပဲ ဒီလောကကြီး မှာ အသက်ရှင်ခွင့်ရခဲ့တာပါ။ နောက်ဆုံး အဖေမရှိတော့ပင်မဲ့ ကျနော်အားဆက်လက် ရှင်သန်ဖို့အတွက်ခွန်အားတွေပေးရင်.........................

အဖေများနေ့အားဂုဏ်ပြုရင်း အဖေနဲ့ ကျနောရဲ့ အမှတ်တရ တစ်ချို့အား ဖေါ်ပြလိုက်ရပါတရ်။


ချစ်ခင်လေးစားလျှက်
ရီနိုမာန်


June 13, 2009

ဖတ်ကြည့်ပါ

ကိုလူထွေးရေးတဲ့ ဘဏ်မန်နေဂျာ ကိုသာထွေးကို သဘောကျလို့ ကျနော်ဆီမှာ ရောက်လာတဲ့ Forward mail ထဲမှ ရသော ဒီပုံပြင်လေး အား ကျနော့် မောင်နှမ များ အာလုံးပျော်ရွှင် နိုင်စေရန် ဖေါ်ပြလိုက်ရပါတရ်။


ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက်
အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်...
သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

ချစ်ခင်လေးစားလျှက်
ရီနိုမာန်

မအိမ်ကံ ( for Jun ) အပိုင်း (၅)

"သူက ကိုဝေဠု၊ မြင်းခြံသား။ အိမ်ကလေးတို့ ဖောက်သည် ပွဲကတော်ကြီးရဲ့ တူဝမ်းကွဲ တော်တယ်"

အိမ်ကို ရောက်လာကြသူတွေနှင့် ပတ်သက်လို့ သည်လောက်သာ သိကြရသည်။ မိတ်ဆက်ပေးသည် ဆိုသော်လည်း တောသူတောင်သားတွေ ဆိုတော့ အမေပန်းရုံကလည်း ငုတ်တုတ်။ မလှအုံတို့ကလည်း ငုတ်တုတ်။ မအိမ်ကံ ကိုယ်တိုင် ကတော့ လင့်ဧည့်သည်တွေ ဆိုတော့ ထမင်းခူး ဟင်းလိုက်။ လက်ဖက်ချ ကွမ်းချ။ ဧည့်သည်တွေ အားလုံးက မအိမ်ကံကိုရော အမေပန်းရုံကိုပါ ဟက်ဟက် ပက်ပက် မရှိကြသလိုပင်။ မျက်နှာတွေက အကြွေးဟောင်း ရှိသဖြင့် လာတောင်း နေကြသူများပမာ တင်းတင်း တောင့်တောင့်ကြီးတွေ။ ပြီးတော့ ညစ်ပေပေ ချွေးစေးများဖြင့် အစေးပေါက် နေကြသော်လည်း ရေမိုးသန့်စင်ပြီး အ၀တ်အစား သန့်သန့်ပြန့်ပြန့် ၀တ်ကြသည်လည်း မရှိ။ ညဘက် ကိုပြေသိမ်း အိမ်ပေါ် တက်လာတော့မှ အကျိုး အကြောင်း မေးရတော့သည်။ မိုးပင် လင်းလုလေပြီ။


"အဲသာ ဘယ်သူတွေလဲ အစ်ကို။ မျက်နှာထား တွေကလည်း ဆိုးလိုက်ကြသာ။ ဘယ်လိုလူတွေ ခေါ်လာသာတုံး။ မအိမ်ကံ တို့ကိုတောင် ခင်ခင် မင်မင် မရှိသလိုပဲ"

"မဟုတ်ရပေါင်ကွယ်။ လူတွေက လူရိုး လူကောင်းတွေ ပါ။ ခုဟာက တော်တော် အရေးတကြီး ကိစ္စတွေရှိလို့ပါ အိမ်ကလေးရယ်။ သည်လို အိမ်ကလေးရ၊ အင်္ဂလိပ်က အထက်ပိုင်း မြို့တချို့ကို ပြန်သိမ်းရင်း ၀င်လာနေပြီ။ တို့ရွာတွေ မှာတော့ သိပ်ပြီး မလှုပ်သေးပေမယ့် မြို့တွေမှာ ရုန်းရုန်းရင်းရင်း ဖြစ်နေ ကြတယ်။ သည်ရက်ထဲမှာပဲ မိတ္ထီလာ လေတပ်ကို အင်္ဂလိပ်က ပြန်သိမ်းလိုက်ပြီ။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်"

"မိတ္ထီလာမှာ တိုက်ပွဲတွေ ဖြစ်နေသာနဲ့ သည်လူတွေက မအိမ်ကံတို့အိမ် ရောက်နေကြသာနဲ့ ဆိုင်လို့လား အစ်ကို။ အစ်ကို့ စကားတွေ မအိမ်ကံ နားမလည် ပါဘူး"

ကိုပြေသိမ်းက စကားကို ရပ်လိုက်သည်။ သည့်ထက်လည်း ပိုပြောလို့ မကောင်းနိုင်တော့ဆိုသည့် သဘောလည်း ပါပါ လိမ့်မည်။ ပြောစရာရှိလို့ ပြောပြန်တော့လည်း နားလည်နိုင်စရာ မရှိလို့ ယူဆတာလည်း ဖြစ်နိုင်ပါ၏။ စကားတွေ ကျွံမိသွားခဲ့ပြီ ဆိုတာမျိုးလည်း ဖြစ်နိုင်သည်။ ကိုပြေသိမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးကလေးကို ငုံ့နမ်းသည်။ ကလေးက တစ်ချက် လွန့်သွားရာက ပြန်လည် အိပ်ပျော် သွားပြန်ပါ၏။ ကိုပြေသိမ်းက အိပ်ရာထဲ လှဲလိုက်ပြီးမှ စကားတစ်ခွန်းကို လေးလေးကြီး ပြောလေသည်။

"သူတို့က တိုင်းပြည် အတွက် အသက်လှူထားကြပြီ အိမ်ကလေး။ တိုင်းပြည်အရေးထက် ဘာကိုမှ သူတို့ထည့် မတွက်ကြဘူး ဆိုတဲ့ လူတွေပဲ။ မြင်းခြံသား ကိုဝေဠုက အစ်ကို့ ကျောင်းနေဖက် သူငယ်ချင်း။ ကျန်တဲ့ လူတွေက အစ်ကိုတို့ အိမ်ကို အစည်းအဝေး လာတက်ကြတာ။ အစ်ကိုလည်း သူတို့ကို အခုမှ တွေ့ဖူးတာပဲ"

"အခု သူတို့ စကားတွေ ပြောကြတုန်းလား"

"မဟုတ်ဘူး အိမ်ကလေး ပြန်ကြပြီ။ အစ်ကို ကြက်တငို အိုးပေါက်ဘက်က လှည်းလေးစီး မိုးလင်းခါနီး အရောက် ထင်းတွေတင်ပြီး လာခဲ့ဖို့ ကြိုမှာထားတာ ရောက်လာကြလို့ တစ်စီး တစ်ယောက် စီးပြီး ပြန်ကြလေရဲ့"

မအိမ်ကံ မျက်လုံးတွေသာ မှိတ်ထားရတော့သည်။ နားလည်ဖို့ပင် ခက်ခဲလှချည့်လား။ ထိုညက ကိုပြေသိမ်း အိပ်မပျော်သလို မအိမ်ကံလည်း အိပ်မပျော်ခဲ့။

ကိုပြေသိမ်း ဘာတွေ လုပ်နေတာလဲ။ ဘာအစည်းအဝေး များပါလိမ့်။ သေချာတာ တစ်ခုကတော့ နိုင်ငံရေးက လွဲ၍ အခြားမဖြစ်နိုင်။ မအိမ်ကံ ဘ၀ တစ်လျှောက်လုံး အိမ်မှာ နိုင်ငံအရေးတွေသာ ထပ်ကာထပ်ကာ ကြားနေခဲ့ရသည်။ အဖေ့ လက်ထက်မှာရော၊ အစ်ကိုရော၊ ကိုပြေသိမ်းပါ ဘာကြောင့် သည်လောက် စိတ်ဇောတွေ သန်ခဲ့ကြတာပါလိမ့်။ မအိမ်ကံတို့ နိုင်ငံဟာ ဘယ်တော့များမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာမှာပါလိမ့်။ သည်လိုပဲ အင်္ဂလိပ်က အုပ်စိုးလိုက်၊ ဂျပန်က တက်လာလိုက်နဲ့ လုံးလိုက်နေမှဖြင့် မအိမ်ကံတို့ မိန်းမသားများ အဖို့ အဖေရယ်၊ အစ်ကိုရယ်၊ လင်သားရယ်လို့ ဒိုးတူပေါင်ဖက် ဘယ်တော့မှ အတူ နေရမှာပါလိမ့်။ မအိမ်ကံ တွေးနေခဲ့မိသည်။ သည်ဘက်လတွေထဲမှာပဲ ကျေးဇူးရှင်ဖခင်ကြီး တိမ်းပါး ခဲ့ရသည်။ အဖေ သေတာတောင် ပြန်မလာနိုင်သည့် သားဖြစ်သူ နိုင်ငံရေး သမားကြီးကို အဖေ့ခမျာ တွေ့ချင်ခဲ့ ရှာလိမ့်မည်။ အခုတော့ အိမ်မှာ ယောက်ျားသားရယ်လို့ ကိုဖိုးငွေတို့ သားအဖ တစ်တွေ ရှိသည် မှန်သော်လည်း ကိုပြေသိမ်းက လူရင်းဖြစ်ရမည့်အစား သူကိုယ်တိုင်က မရှိတာ များနေတာကို မအိမ်ကံ သဘောမတွေ့တာ ကြာပြီ။ မအိမ်ကံ နှုတ်က မပြောသာတော့လည်း မပြောခဲ့။ သို့သော် ဇနီးမယား တစ်ယောက် အနေဖြင့် သိစရာ ရှိတာ သိချင်သည်။ ကြားစရာရှိတာ ကြားချင်သည်။ တစ်ခါတလေ အင်္ဂလိပ် စာအုပ်ကြီးတွေ ပါလာတတ်သည် ဖြစ်၍ နေကုန်နေခန်း ထမင်းမစားတမ်း သည်းကြီးအူပြတ် မက်ရေစက် ရေဖတ် နေတာတွေလည်း ရှိသည်။

လင်နှင့် မယား ဆိုပေသိ အသိတွေကွာသည်။ ပညာရည် ကွာသည်။ တွေးပုံခေါ်ပုံတွေ ကွာသည်။ ကိုပြေသိမ်းလို မြို့သား၊ ပညာတတ်၊ နိုင်ငံရေးသမား တစ်ယောက်နှင့် ညားမိတာ တောသူမ အိမ်ကံအဖို့ သိမ်ငယ်မိတာ လိုလို၊ နာကြည်း မိတာလိုလို ခံစားရတာလည်း အမှန်ပင်။


ကိုပြေသိမ်းခမျာ ကျီးတို့ကြား နားမိသည့် ဟင်္သာပမာ အသွင်ခြား၊ အမြင်ခြား၊ အဆင်ခြားရတာကိုလည်း မအိမ်ကံ နားလည်ပါ၏။ သည်တော့လည်း သမီးကလေး တပွေ့ပွေ့လုပ်ရင်း လယ်ကော ရေမရသလို နေခဲ့တာနှင့် ပြီးရတော့သည်။ သည်အဖြစ်အပျက်ကို သတိရ မိတော့လည်း သြော် သူကတော့ သူ့အလုပ်သူ ကြိုကြိုတင်တင် လုပ်နှင့်တာပါလားလို့သာ ခံစားမိရပါ၏။ ဖိုးကူးကို မေးတော့လည်း သိသလောက်သာ ဖြေနိုင်သည်။ မယားစင်စစ် ဖြစ်ပါလျက် ဘာမှ သိခွင့်မရတော့မှ ဖိုးကူးက သူ့ထက် ဘာမှ ပိုမသိနိုင်တာကိုလည်း စိတ်မဆိုးချင်တော့။ အမေပန်းရုံနှင့် မလှအုံတို့ကတော့ သမီးအဖြစ်ကို ယူကျုံးမရ ဖြစ်ရသည်က လွဲ၍ အခြား ဘာမှမပြောကြပါ။

"ဟံသာဝတီနဲ့ ဘုရင့်နောင် ယောင်လို့တောင် ခွဲမရသလိုပါအေ။ နိုင်ငံရေးနဲ့ ညည်းလင်က ယောင်လို့တောင် ခွဲမရမှတော့ ပြောရသာ ခက်သားအေရဲ့။ မောင်မြတ်သာ ကြည့်ပါလား။ မယားကလေး အသစ် စက်စက် ထားရစ်ခဲ့သာကြည့်။ စိမ်းမြဘက်က နာလို့ပြောသာ မဟုတ်ပါဘူး။ ဖအေသေသာရော ညည်းအစ်ကို အလောင်းတောင် မပိုက်လိုက်ရဘူး မဟုတ်လား။ မအေသေရင် ဖျာနဲ့ အုပ်ထားဆိုသာ မျိုးတွေဟဲ့။ ညည်း ယောက်ျားလည်း သည်အစားထဲက ဥစ္စာ"

မလှအုံကတော့ ကရုဏာဒေါသော ပြောရှာပါ၏။ အမေ ပန်းရုံကတော့ ချိုသည်လည်း မပြော၊ ခါးသည်လည်း မဆို။ ကိုပြေသိမ်းကိုလည်း အပြစ်မမြင်။ ဇနီးမယားကို မညှာလေခြင်း၊ ပလူမွေးပလူတောင် အခါလည် သမီးကလေးမျက်နှာကိုမှ မထောက်လေခြင်းရယ် လို့လည်း မရှိ။ လင်သားဆုံးတာ တစ်လရှိသေး၊ သမက်က တစ်ပူရယ်လို့လည်း ရင်ထုမနာ မဖြစ် ရှာပါ။ သို့သော် စိတ်လက်တော့ ချမ်းသာပုံ မရရှာ။



June 12, 2009

အဖေများနေ့ ( အမှတ်တရ)

အဖေ..... ကောင်းရာ ဘုံဘဝမှာ
ရောက်ရှိနေပါစေ လို့ သားဆုတောင်းလိုက်ပါတရ်ဗျာ။

နောက်လ ဇူလိုင်လ ၃ ရက်နေ့ ဆိုရင် အဖေ ဆုံးတာ (၇)နှစ် ရှိသွားခဲ့ပြီ။ အဖေက ကျနော်ကိုအရမ်းချစ်တာဗျာ။ အဖေ ကျနော်ကို ဘယ်လောက်ချစ်လဲဆိုရင် ကျနော် ၁၀တန်းကျောင်းသားအရွယ် ရောက်တဲ့အထိပဲ။ ( အဖေတွေ သူ့သားလေး ကိုချစ်ရင်း ဘာလုပ်တယ်လို့ ထင်လဲ) အဲ့လို့ လုပ်တာဗျ။ သိချင်ရင် ကိုယ့် အဖေကို ကိုယ် မေးကြည့်။

အဖေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရှိသေးတရ်ဗျ။ နောက်ရက်ကျမှ ရေးတော့မရ်။ ဒီနေ့တော့ အဖေကို အရမ်းသတိရနေလို့ ရင်ထဲမှာ လွမ်းလွန်းလို့ ဒီလောက်လေးပဲ ခံစားလိုက်ပါတရ်ဗျာ။ အမေကိုချစ်တက်သလို အဖေကိုလည်း အရမ်းကိုချစ်ပါတရ်ဗျာ။ ချစ်လို့ တစ်ခါတစ်ခါ အပြစ်တွေလုပ်မိပါတယ်။ လုပ်ခဲ့မိတဲ့ အပြစ်တွေကိုတော့ နှောင်မှရတဲ့ နောင်တတွေ နဲ့ မတောင်းပန်တော့ပါဘူး အဖေ။ သားကျေကျေနပ်နပ်ကြီးကို သားခံယူ မှာပါ။

အဖေ့ကို ချစ်တဲ့
သားငယ်


June 11, 2009

အဖြစ်ချင်ဆုံး ဆန္ဒ (တက်ခ်ပို့စ်)

ခုတစ်လော စာရေးရတာ အရမ်းကိုပျင်းနေတာပါ။ အင်တာနက်သုံးလည်း ဟိုလုပ်ဒီလုပ်နဲ့ စာမရေး ဖြစ်ပြန်ဘူး။ အဲဒါနဲ့ ကျနော်ကြိုက်နှစ်သက်တဲ့ ဆရာမခင်ခင်ထူးရဲ့ ဝတ္တုရှည်လေး ကိုအပိုင်းတွေ ကိုယ်ဟာကို ခွဲပြီး တင်ထားလိုက်ပါတယ်။

ဒီနေ့တော့ ဟင်းချက်ကောင်းတဲ့ ညီမလေး မြူးသျှရီ ဆီကိုသွားလည်လိုက်တော့။ ဒီနေ့ သူမက ဟင်းမချက်ပဲ တက်ခ် ချက်ကျွေးလိုက်ပါတယ်။ သူမကျွေးတဲ့ မောင်နှမတွေထဲမှာ ကျနော်ကလည်း ပါဆိုတော့ စားရတော့တာပေါ့ဗျာ။ ဒီလိုနဲ့ “ အဖြစ်ချင်ဆုံး ဆန္ဒ ” တက်ခ် ဟင်းလေး တစ်ခွက်ဖြစ်လာရပါတော့တယ်ဗျာ။


ကျနော်က ငယ်ငယ်လေး ကတည်းက အကကိုဝါသနာ ပါခဲ့တယ်။ အမျိုးသားမအက၊ အမျိုးသမီးအက ခုနှစ်ထွေအက တို့ကို အခြေခံလောက်တော့ သိကျွမ်းပါတယ်။ ဆယ်တန်းအောင်လို့ ကျောင်းတက်ရင် ယဉ်ကျေးမှု တက္ကသိုလ် တက်မယ်လို့ ဆန္ဒရှိခဲ့တယ်။ အဖေနဲ့ အမေက အားပေးခဲ့ပါဘူး။ (သူ့တို့ သားလေး သူ့တို့နဲ့ ခွဲပြီး ဇာတ်ကားနေက်လိုက်သွားမှာကြောက်လို့ပါ) ဗီဇက ဘယ်လိုတားတား တားလို့ မရပါဘူး ။ ဒါကြောင့်လည်း သူငယ်ချင်းများနဲ့ ဆုံရင်း နိုက်ကလပ်ကို (သွားဒန့်)သွားသွားကတက်ပါတယ်။ (စိတ်ကြီးတာပါ)

နောက်တစ်ခုကတော့ အတွင်းရေမှူးအရမ်းကိုဖြစ်ချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဌေးတစ်ဦး ရဲ့ အရသာကို အတွင်းရေးမှူးကရရှိတယ်လို့ ကျနော်ထင်လို့ပါ။ သဌေး ဖြစ်ချင်တာကို အတွင်းရေမှူးက လိုက်လုပ်ပေးရလို့ပါ။ ကျနော် ဆန္ဒလေး အတိုင်း ကျနော် အတွင်းရေးမှူးကို ၁နှစ်နဲ့ သုံးလလောက် လုပ်ဖြစ်ခဲ့ပါတယ်။ သိလို့ ၊ တက်လို့ ၊ ကျွမ်းလို့မဟုတ်ပါဘူး လုပ်သက်အရ လုပ်ဖြစ်သွားတာပါ။ အမျိုးသမီး တွေက ကျနော်သဌေးရဲ့ ဆဲဆိုခြင်းကို မခံနိုင်ကျလိုလို့ ကျနော်ထင်ပါတယ်။ ကျနော် တောင် မျက်ရည် မကျတက်လိုပါ။ ကျတက်ရင်း ပုဆိုးနဲ့ မျက်ရည်သုတ်ရမဲ့ဖြစ်ခြင်းပါ။ -ီး လ -ျီး မွှန်ထူးနေအောင်ကိုဆဲတက်လို့ပါ ဘာပဲပြောပြော ဆန္ဒလေး ပြည့်ခဲ့ပါတယ်။

ကျနော်ကိုယ်တိုင် တည်ထောင်ထားတဲ့ မိသားစုလေး မဖြစ်ခင်မှာ အဖေပေးခဲ့တဲ့ မိသားစုလေးကို လိုလေသေးမရှိ ထားချင်တာ ခုကျနော်ရဲ့ ပထမဆုံးသော ဆန္ဒလေးပါ။ အဖေ ပေးခဲ့တဲ့ အမေရယ် ညီမလေးရယ် အကိုကမွေးတဲ့ တူလေးရယ်(ခုတော့ အဝေးမှာပါ။ အကိုက ဆုံးသွားပါပြီ (၂၀၀၇တုံးက) )ကို ပြည့်ပြည့်စုံစုံလေး ထားချင်တာ ကျနော်ရဲ့ အခုချိန်မှာ အကြီးမှာဆုံးသော ဆန္ဒပါ။ ဒီဆန္ဒလေး ပြည့်ပြီးဆိုမှလည်း ကျနော့်ကိုယ်ပိုင် မိသားစုလေး ကိုဖန်းတီးမယ်လို့ စဉ်းစားထားပါတယ်။

နောက်ပြီး ကိုယ်ချစ်တဲ့ ညီအကို မောင်နှမ သူငယ်ချင်းတွေနဲ့ ပျော်ပျော် ရွှင်ရွှင် နေချင်ပါတယ်။ စားအတူ လာအတူ သွားအတူ ပျော်ရွှင်စရာ ဘဝလေးကိုပိုင်ဆိုင်ပြီး ဘဝမှာ ပြည့်ပြည့်စုံစုံ ကြီးမဟုတ်တောင်းမှ ပူပင်နေရတဲ့ ဘဝမျိုးနဲ့ မနေချင်တာလဲ ကျနော့် ရဲ့ ဆန္ဒပါပဲဗျာ။

ညီမလေး မြူးသျှရီ ရေးစေချင်တဲ့ ဒီပို့စ်လေးကို မဆိုင်မတွပဲ ရေးပေးလိုက်ပါတယ်နော်။


မအိမ်ကံ ( for Jun ) အပိုင်း (၄)

"အိမ်ကလေး အစ်ကို စာရေး အကြောင်းကြား ပါသည်။ အစ်ကို့ကို ခွင့်လွှတ်စေချင်ကြောင်း ဦးစွာ ပြောလိုပါသည်။ မြန်မာများ အနေဖြင့် ဂျပန်တို့၏ ဘုရား တန်ဆောင်း၊ ကျောင်းကန်များကို ဖျက်ဆီးရုံမက မီးနှင့် ရှို့ကြ၊ ရဟန်းသံဃာ တို့ကိုပါ စော်ကား ကြတာကို သည်းမခံ နိုင်ကြတော့ပြီ။ ဗမာမှန်သမျှ အနှိပ်စက်ခံ ကြရတာလည်း များလှပြီ။ အပြစ်မရှိဘဲ သေခဲ့ကြသူတွေ များလွန်းမက များနေပါပြီ။ စစ်ဘေးကြီး ကြုံရသည်နှင့်အမျှ စစ်ကြေးပါ ဆောင်နေကြ ရသော်လည်း ဂျပန်နောက်လိုက် ခွေးများကိုပင် ကြောက်နေရသည့် ဘ၀က လွတ်ကင်းအောင် အစ်ကိုတို့လို မျိုးချစ်များက မကြာခင် ပြန်လည်ချေမှုန်း ကြတော့မည် ဖြစ်ပါ၏။ ဗိုလ်မြတ်သာတို့လည်း ပါဝင်ကြပါလိမ့်မည်။ ဂျပန်က ပေးသော လွတ်လပ်ရေးသည် အတုဖြစ်၍ လွတ်လပ်ရေး အစစ်ကို အစ်ကိုတို့ ရယူရန် ဖြစ်ပါတော့သည်။


အမေပန်းရုံ၊ အိမ်ကလေးနှင့် သမီးကလေး မြိုင်တို့ကို မပစ်ပယ်ရက် ပါသော်လည်း တိုင်းပြည်အတွက် လိုလားနေသော အချိန်ဖြစ်၍ အစ်ကို စဉ်းစား ဆုံးဖြတ်သည်ကို နားလည် ခွင့်လွှတ်ကြပါလေ။ ဘယ်လမ်း ဘယ်စခန်းကို ရောက်ရဦး မည်မသိ။ ဘယ်ထီးနှင့် ဘယ်ခရီးကို သွားရဦးမည်မသိ။ အရေးတော်ပုံ ပြီးသည်နှင့် အစ်ကို ပြန်လာခဲ့ပါမည်။ အစ်ကို မပြန်လာခဲ့သော် အမျှသာ ဝေပါလေတော့။ ထနောင်းတိုင်က မိဘများကိုပင် အသိမပေးရသေးပါ။ နှုတ်ဖြင့် လူလွှတ် မှာကြားရန် ဖိုးကူးကို လွှတ်ပါ။ ဆရာကြီး ဦးဘခင်တို့လည်း မရှိကြတော့။ ပွဲကတော်ကြီးမှ တစ်ဆင့် ဆက်သွယ်လျှင် ရကောင်းရနိုင်ပါလိမ့်မည်။ သည်စာကို ဖတ်ပြီးလျှင် မီးရှို့ရစ်ပါလေ။ အရေးကြီးပါ၏။ အိမ်ကလေး ခွင့်လွှတ် စေချင်သည်။

ကျန်းမာချမ်းသာ ကြပါစေသောဝ်။

ပြေသိမ်း

စာဖတ်ပြီးသည်နှင့် မအိမ်ကံမှာ စာရွက်ကို ကိုင်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။ သမီး ကလေး မအိမ်မြိုင်က ထမင်းပန်းကန်ကို မှောက်ပစ်လိုက်သည့် အတွက် ထမင်းလုံးတွေ ဖွေးခနဲ ပြန့်ကျဲကုန်သည်။ အရီး ကြာညွန့်က ကလေးကို ကောက်ချီသွားခဲ့သည်။ သည်အထိတော့ အမေပန်းရုံရော အရီးကြာညွန့်ပါ ဘာမှ မသိကြ ရသေး။ မအိမ်ကံ ငိုနေတာကို လှမ်းကြည့်ကြရင်း ဘာများပါလိမ့် ဆိုသည့် မျက်နှာများဖြင့် ရှိကြဆဲဖြစ်၏။ ဖိုးကူးက လှည်းချွတ်ပြီး မအိမ်ကံရှေ့ မ၀ံ့မရဲ လာရပ်နေရှာသည်။ သူနှင့် အတူသွားခဲ့တာ မဟုတ်လား။ သည်တစ်ခါ သွားကြသည့် ရွာတွေက ညောင်ငါးခွ အနောက်တောင်ဘက်က ရွာတွေဆိုတာလောက်တော့ မအိမ်ကံ သိထားခဲ့သည်။ အနောက်ကုန်း၊ လေးပင်အိမ်၊ တည်တောရွာတွေ။ မအိမ်ကံ တည်ငြိမ်အောင် ကြိုးစားရင်း မေးသည်။

"အစ်ကို ဘာမှာ သွားသေးသလဲ"

"ဘာမှ မမှာဘူး။ စာပေးသာပဲ ရှိသယ်။ စာကို နကန်ထဲ ထည့်သွားသဲ့။ မင်းအစ်မ လက်ထဲ တန်းမထည့်နဲ့သဲ့။ ကြီးတော် ပန်းရုံကို ပေးလိုက်သဲ့။ ငါ ပြန်လာမယ် ပြောလိုက်သဲ့။ ထနောင်းတိုင်ကို လွှတ်ရင် သွားလိုက်သဲ့"

"သူ ဘယ်ကိုသွားသာတုံး ဖိုးကူး"

"မြင်းခြံ ဆိပ်ကမ်းဘက် သွားကြသာ ထင်သယ်။ မြို့ဆိပ်ကို သွားကြသာတော့ ဟုတ်ပုံမရဘူး။ ကြားဆိပ်ကနေ ကူးတို့နဲ့ အောက်ပြည်စုန်ကြမယ့် သဘောတော့ ကြားသယ်။ ကျုပ်ကို ပြောသာတော့ မဟုတ်ဘူး။ တည်တောက လူတွေကို ပြောနေသာ ကြားခဲ့သာ"

ဖိုးကူး ပြောပြသော ရွာတွေက အောက်တောရွာတွေ ဖြစ်သည်။


ဧရာဝတီ မြစ်ဆိပ်ကမ်းရွာတွေ ဆိုတော့ ရေလမ်း ခရီးပေါက်သည်။ မအိမ်ကံက မေးရင်းပင် တုန်လှုပ် နေရပါ၏။ အဖေဆုံးခဲ့သည်ပင် မကြာတတ်သေး။ အစ်ကို လုပ်သူကလည်း ရွာပင်ပြန်မကပ်နိုင်တော့သည့် အခြေ။ အခုလည်း လင်သားက စစ်ထွက်ခဲ့ပြီ။ အခါလည် သမီးကလေးနှင့် အမေအိုသာ ရှိတော့သော မအိမ်ကံအဖို့ သည်လို ခေတ်ပျက် ကြီးထဲမှာ နွယ်တစ်ပင်ပင် တင်းတင်းရင်းရင်း လှမ်းကိုင်စရာ မရှိတော့။ ဆုပ်ဆုပ်ကိုင်ကိုင် ဘယ်လိုစကား တစ်ခွန်းမှ မဟခဲ့တာကိုလည်း အံ့သြမိသည်။ သားရယ်၊ မယားရယ်လို့တောင် ထိန်ဝှက်လွန်းတာကို မအိမ်ကံ ခွင့်လွှတ်ရမလား၊ နာကြည်းရမလား မပြောတတ် နိုင်အောင် ဖြစ်ရပါ၏။ ချစ်မိခဲ့ရသော တစ်မြို့သား။ အားကိုးခဲ့ရသော ကျောင်းဆရာ လူပညာတတ်။


တစ်နယ်လုံးက ဂွမ်းပေါက်နှင့် တို့ခဲ့ရသော ကျောင်းဆရာ ကတော်ဆိုသည့် အရှိန်သည် ချက်ချင်းလက်ငင်း ကျီးလည်ပင်း မီးကွင်း စွပ်မိသလို ဖြစ်ခဲ့ရပြီ။ ပြီးခဲ့သည့် တန်ဆောင်မုန်း လထဲက ကိုပြေသိမ်းနှင့် အတူ လူလေး ငါးယောက် ပါလာခဲ့ ဖူးတာကို မအိမ်ကံ မှတ်မိနေသည်။ မအိမ်ကံတို့ အိမ်ကြီးမှာပဲ တစ်ည အိပ်သွားခဲ့ကြပါ၏။ မအိမ်ကံတို့ အိမ်ကြီးမှာ မဟုတ်ဘဲ ရက်ကန်းမရက်တော့သော ရက်ကန်းရုံကြီးထဲမှာ တည်းကြခြင်း ဖြစ်သည်။ ရက်ကန်းရုံကြီးက အိမ်မကြီးနှင့် မလှမ်းမကမ်းတွင် ရှိသည်က တစ်ကြောင်း၊ လူသူလေးပါး ရုတ်တရက် မမြင်နိုင် သည်က တစ်ကြောင်းတို့ကြောင့် ကိုပြေသိမ်းက ကျေးဥနှင့် ဖိုးတုတ်ကို ရှင်းလင်းစေပြီး နေရာချထားခဲ့ခြင်း ဖြစ်သည်။ သူကြီးဦးသာထန် တစ်လပြည့် သပိတ် ဆွမ်းသွပ်ခဲ့ပြီးစ ရက်များဆိုတော့ တစ်ရွာတစ်ရွာက ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ၀င်၊ ထွက်နေဆဲ ဖြစ်ဟန်သဘော ရှိသဖြင့် ဂျပန်အလိုတော်ရိတို့ အကဲ မဖမ်းမိဘဲ ရှိကြလေသည်။ ရောက်လာသူ လေးယောက်စလုံးမှာ ညှဉ်းသိုးသိုး ညစ်စုတ်စုတ် ဆိုသော်လည်း ဥပဓိတွေက ခေတ်ပညာ တတ်တွေမှန်း သိသာပါ၏။ မုတ်ဆိတ် ရှည်ရှည်၊ ဆံပင်ကုပ် ထောက်၊ အ၀တ်အစား ညစ်ထပ်ထပ် ဆိုသော်လည်း တစ်ခါ တစ်ရံ မအိမ်ကံ လက်ဖက် ချ၊ ကွမ်းချ ရောက်သွားသည့် အခါမျိုးတွင် အင်္ဂလိပ်ဘာသာ စကားဖြင့် ငြင်းခုံနေကြတာလည်း ကြားရသည်။ မလှအုံက ရေနွေးကြမ်း၊ ငါးခြောက်ဖုတ် ကအစ ကရေကရာလို၊ ဆီးယိုလို အမြည်းဗန်း ချရာက အပြန် ကိုပြေသိမ်းတို့ လူစု အတင်း ပြောတတ်သည်။

"မအိမ်ကံရယ် လူတွေကြည့်တော့ တို့ရွာစေတီ စောင်းတန်းက နိပါတ်တော်တွေထဲ ပါသဲ့ အာဠာဝက နောက်လိုက် တွေများ ကျလို့၊ ပြောလိုက်ကြသဲ့ ဘိုလိုတော်။ တောခြောက်နေကြသလား မှတ်ရသယ်။ တရွှီးရွှီးနဲ့ ဘာတွေ ပြောကြ သာတုံး။ ဗမာလိုပြော ဖြစ်ရက်ကနဲ့"

"မသိပါဘူး မလှအုံရယ် သူတို့ကိစ္စ။ ရွှေဘိုတဲ့၊ ဂန့်ဂေါ တဲ့၊ ပခုက္ကူတဲ့၊ မိတ္ထီလာတဲ့ အဲသာကျတော့ ဗမာလို ပြောကြပြန်ရော။ ကြက်တငို အိုးပေါက်လည်းပါရဲ့"

"အဲသာတွေကျတော့ အင်္ဂလိပ်နာမည် မရှိလို့ ဖြစ်မှာပေါ့အေ။ ဘိုလိုပြောသာ ဗိုက်ဆာ ကြပုံပေါ်သယ်။ ညည်းနှယ် ချပေးသမျှ ဝေသာလီပြည် ဘီလူးကျသာ ကျလို့ ပန်းကန်ကို ပြောင်နေအောင် စားကြသာအေ့"

မလှအုံ စကားကြောင့် မအိမ်ကံမှာ ရယ်ခဲ့မိသည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကိုပြေသိမ်းတို့ စကားဝိုင်းက ကြာလွန်း လှသည်။ နေ့ခင်း ထမင်းစားချိန် ကလေးလောက်သာ အိမ်မကြီးဘက် ကူးကြတာ ရှိ၏။ ပြီးပြန်တော့ ရက်ကန်းရုံကြီးထဲ ပြန်ဝင်ကြကာ တကုပ်ကုပ် ရှိကြပြန်လေသည်။ ညနေဘက် ထမင်း စားကြပြီးသည့်နောက် အိမ်မကြီးထဲမှာ လက်ဖက်စား၊ ဆေးသောက်ကြရင်း အမေပန်းရုံတို့ မိသားစုနှင့် စကားတွေ ပြောကြတာတော့ ရှိပါ၏။ ကိုပြေသိမ်းကပဲ မိတ်ဆက်ပေးခြင်း ဖြစ်သည်။ တစ်ဦးက အသားညိုညို မျက်လုံး မျက်ဖန်ကောင်းကောင်း ဖြစ်၍ မျက်ခုံး ထူကြီးနှင့် ဖြစ်၏။ နာမည်က ကိုဘဆန်း။ လူလုံးလူဖန် ခပ်လှပ်လှပ်ကလေးက ကိုဖူးခေါင်။ ကိုမင်းရာ ဆိုသူက စကားနည်း သလောက် မျက်နှာကြီး တင်းလှပါ၏။




June 10, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၃)

၁၃၀၆ ခုနှစ်၊ တပို့တွဲ၊ တပေါင်း။

မအိမ်မြိုင်သည်ပင် အခါလည် ခဲ့လေပြီ။ မအိမ်မြိုင် မွေးဖွားပြီး အခါမလည်မီ ကာလများအတွင်း တိုင်းပြည် အခြေ အနေတွေ အမျိုးမျိုး ပြောင်းလဲခဲ့သကဲ့သို့ပင် မအိမ်ကံတို့ အိမ်ကြီးတွင်လည်း အပြောင်းအလဲတွေ များခဲ့ပါ၏။ အပြောင်းအလဲ တွေဆိုသော်လည်း စိတ်မချမ်းသာစရာတွေသာ ဖြစ်ခဲ့သည်။

ပထမဆုံး အဖြစ်က သူကြီးဟောင်းဦးသာထန် လူကြီး ရောဂါဖြင့် တရှောင်ရှောင် ဖြစ်ရာက တစ်နေ့တွင် ကွယ်လွန် သွားရှာခြင်း ဖြစ်၏။ မီးစာကုန် ဆီခန်း ဆိုသော်လည်း မအိမ်ကံ အဖို့ ယူကျုံးမရ ဖြစ်ခဲ့ရသည်။ အဖေနှင့် အမေတို့ ငယ်လင် ငယ်မယား မဟုတ်ကြလို့ သူကိုယ်တိုင် ဖက်စိမ်း ကွမ်းတောင် မကိုင်ခဲ့ ရသော်လည်း သည်ဖအေနှင့် သည်မအေက ပေါက်ဖွား ရသော သူ့အဖို့ ဖခင်မဲ့ခဲ့ ရရှာပြီ။ မိသားစု ဆိုသည့် အသိုက်အမြုံတွင်းမှာ အိမ်ဦးတိုင် နတ်နေကိုင်း အဖြစ် အားလုံးက ရိုသေ ခဲ့ကြရသည်။ မမှန်တာ မလုပ်၊ မဟုတ်တာ မကြံ ရိုးသား ဖြူစင်စွာ အသက် မွေးခဲ့သူ ဖြစ်သည်။ သူကြီးဘ၀ တစ်လျှောက်လုံး ဆူတန်တာဆူ၊ ငေါက်တန်တာငေါက် ခြိမ်းခြိမ်းမောင်း မောင်းမောင်း ရှိခဲ့သော်လည်း အဖေ့ကြောင့် အတိဒုက္ခ ရောက်ခဲ့ သူရယ်လို့ မရှိခဲ့။ မိသားစုကို ညှာတာ ထောက်ထားသလို ရပ်ရွာ ကိုလည်း သနားသည်းခံ ရှိခဲ့ပါ၏။ သားဖြစ်သူကို ရာထူးရာခံကလေး ရပါစေတော့ သဘောဖြင့် မြို့ကျောင်းမှာ ထားခဲ့သည်။ အင်္ဂလိပ် အစိုးရ လက်အောက်မှာ ရာထူး တစ်ခုခု ရနိုင်လျှင် တည်တည်ပပ နေနိုင်ဖို့သာ ရှိသည်ဟု ရိုးရိုးသားသား သဘောထားခဲ့သည်။ သားဖြစ်သူက ဖအေ့ အလိုတကျ မရှိပြန်တော့လည်း မပြောသာခဲ့။ မန်ကျည်း တစ်လှည့်ပြီးလျှင် ဆီးတစ်လှည့်ပြီး တစ်လှည့်လာလေလား မျှော်ခဲ့ခြင်းသာ ဖြစ်၍ သားဖြစ်သူက နိုင်ငံရေးဘက် ရောက်သွားတော့လည်း မိုက်လိုက်သဲ့ ကောင်နှယ် ဆိုတာလောက်နှင့် ပြီးခဲ့ရသည်သာ။

"ဘာပဲ ဖြစ်ဖြစ်ပါအေ မြေးဦးကလေး ပွေ့ချီသွားရလို့ တော်ပါရဲ့ အောက်မေ့ပါ။ ခမျာ တရားလည်း ရှိရှာပါရဲ့။ ထုံးမီစံကျ ဘိုးဘအမျိုး အရိုး အရွက်မဖုံးရာတဲ့။ ညည်းအဖေ ကောင်းမွေ ထားခဲ့သာမှာ ဥစ္စာငွေကြေးလည်း ထားခဲ့သယ်၊ အကျင့် စာရိတ္တ ကောင်းလည်း ထားခဲ့သယ်။ ကုသိုလ်တွေလည်း ထားခဲ့သယ်။ လူ့ဘ၀ တော်ပြီပေါ့အေ။ ဘ၀ ငြိမ်းပါစေတော့။ သူ့ ကောင်းမှုတွေ နည်းမှတ်လို့"

ရပ်ရွာလူကြီး သူမတွေက အမေပန်းရုံကိုရော မအိမ်ကံကိုပါ ဖျောင်းဖျ ရှာကြပါ၏။ မအိမ်ကံကတော့ မြင်းကြီး စိန်ပွင့်ကို စီးကာ ရွာစဉ် လှည့်တတ်သော အဖေ့ကို မြင်ယောင် နေမိသည်။ မိသားစု အရေးကိစ္စများမှာ ပါသင့်တာ ပါသကဲ့သို့ မပါသင့်တာ ကျတော့လည်း လှည့်၍ မကြည့်။ တချို့ကိစ္စတွေမှာ မသိသလို နေခဲ့သည်။ သာအောင်နှင့် မအိမ်ကံ ကိစ္စ တစ်ရွာလုံး ပွက်ပွက် ရိုက်ခဲ့စဉ်က မယားရယ်လို့လည်း မမေးခဲ့သလို သမီးရယ်လို့လည်း မတီးခေါက်ခဲ့။ သူကြီးရယ်လို့ ကြီးတော်စံရွှေတို့ အပေါ် နိုင်ထက်စီးနင်း မရှိ။ မအိမ်မြိုင်ကလေး အခါလည် မပြည့် တပြည့် ပြာသိုလထဲမှာ တရှောင် ရှောင် ဖြစ်လာရာက တိမ်းပါးခဲ့ခြင်း ဖြစ်ပါ၏။ မြေးမကလေး မအိမ်မြိုင် အခါလည်သမီး ကလေးကို တပွေ့ပွေ့ ရှိခဲ့သေးသည်။ ချီချီပိုးပိုး ရှိခဲ့သေးသည်။ သီချင်းတအေးအေး ရှိခဲ့သေးသည်။ ကိုပြေသိမ်း ကလေးချော့တာ နိုင်ငံရေး သီချင်းတွေချည်း ဆိုသကဲ့သို့ အဘိုးကလည်း မထူးပါ။ ရှေးခေတ်ရုပ်သေး သီချင်းတွေသာ ဖြစ်သည်။ တောဘွဲ့ လွမ်းချင်းတွေလည်း ပါ၏။ ကျေးလက် သီချင်းတွေလည်း ပါ၏။

"+++ ကြည့်စမ်းပါအေ +++ ရွှေပြည်တော်ကထွက်ခဲ့ပ +++ သည်ကန္တာလမ်း ပူပုံဆန်းပါဘိ ဒန်းနှင့်အင်ကြင်းပန်း မင်းစွယ်တော် ကံ့ကော်သရဖီ စကားနီစကားစိမ်း နွဲ့ယိမ်းမီကာ ပန်းခတ္တာနှင့် ဇလတ္တာဂမုန်းပင် တချို့ သော်ကတို့ တစ်သွယ် စံပယ်နှင့် ပိတောက် ပင်စုံပေါက်ကြတယ် လွမ်းလောက်တဲ့ တောကန္တာပါလား ငါ့မြေးရေ..."

"ဘယ်တုန်းက သီချင်းများ ပါလိမ့်တော်။ ကျုပ်တို့လည်း ကြီးခဲ့ပါပြီ ကြားကြားဖူးပေါင်"

ဘွားအေ ဒေါ်ပန်းရုံက ခနိုးခနဲ့ ပြောလျှင် ဘိုးအေကြီးက ပါးခွက်ကြီးနှင့် ရယ်တတ်သည်။

"သိပေါင်အေ၊ ခေါင်းထဲ ပေါ်သာ ဆိုရသာ။ ကျုပ်တို့ ငယ်ငယ်က ရုပ်သေးစင်များမယ် ဆိုကြသဲ့ သီချင်းဗျ၊ ဘုရား အစ်မရဲ့ ဘာမှတ်လို့တုံး။ ငါ့မြေးရေ ဆိုသာတော့ ကျုပ်ထည့်ရသာ။ မြေးချစ်လို့သာ ချီရသယ် သက်သာပေါင်ဗျာ။ တော်သလင်း လူပျင်းကွမ်းစိုက် ဆိုသာလို လူနဲ့ရာသီလည်း တယ် မညီချင် တော့ဘူး။ လူအိုတော့ ကြွက်ကျတဲ့ ပုန်းရည်အိုးလို သွန်ရခက် စားရခက်"

ဟုတ်ရှာပေမပေါ့။ အဘိုးနှင့်မြေး ကွာလှပါ၏။ မအိမ်ကံက အဖေ့စကား ကြားတော့ စိတ်မကောင်း ဖြစ်ရသည်။ အသက်ကြီးလာတော့လည်း ကြွက်ကျသည့် ပုန်းရည်အိုးလို သွန်ရခက် စားရခက်တဲ့။ အဖေက သူ့ကိုယ်သူ သည်သဘော ထားခဲ့လေသလား။ အဖေနှင့် အမေ ငယ်လင် ငယ်မယား မဟုတ်ကြပေသိ မအိမ်ကံ အဖို့ရာတော့ မိစုံဖစုံ ဘ၀ဖြင့် တစ်သက်လုံး လုံခြုံခဲ့ရသည်။ အဖေရေလို့ ခေါ်ရတာ၊ အမေရေလို့ ခေါ်ရတာကပဲ အရသာ ရှိလှသည် ထင်သည်။ အဖေ ဆုံးသည့်နေ့က မအိမ်ကံ ကျူကျူပါအောင် ငိုခဲ့ရသည်။ ရင်နှစ်မြွှာထဲက တစ်မြွှာ ဆွဲထုတ် လိုက်သလိုပင် ခံစားခဲ့ရပါ၏။ အဖေ မဆုံးခင် တစ်လလောက်က ရောက်လာခဲ့သော အစ်ကို မောင်မြတ်သာ တစ်ယောက် အဖေဆုံးတော့ ရောက်မလာ နိုင်ခဲ့တာကိုလည်း ၀မ်းနည်းခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် အဖေက ဘုန်းလည်း ကြီး အသက်လည်း ရှည်ခဲ့လို့ ဖြေတန် သရွေ့ ဖြေနိုင်ခဲ့ပါ၏။ အဖေ မရှိတော့သည့်နောက် အိမ်ကြီး တစ်အိမ်လုံး ခြောက်သွေ့ သွားသလို ရှိခဲ့ကြသည်။ ထန်းကုလားထိုင် ဖြောက်ဖြောက်၊ စိပ်ပုတီး တချောက်ချောက် ရှိခဲ့ရာက ငုတ်တုတ် ပျောက်သွားသလို ရှိကြရသည်။ အဖေ့ကို ရည်စူးကာ ဆွမ်းကျွေးကြသည်။ ကုသိုလ်ဒါန ပြုကြသည်။ အဖေ့ထက်ပင် သက်တော်ကြီး ရှာသော ရွာဦးဆရာတော်ကြီးပင် ထမ်းစင်နှင့် ကြွတော်မူ ရှာခဲ့သည်။ တရားပြတော် မူခဲ့သည်။ ရပ်ရွာမေတ္တာကြောင့် ဦးသာထန် အသုဘခရီးက စည်ကားလှပါ၏။

မအိမ်ကံတို့ အိမ်ကြီး၏ ဒုတိယ အပြောင်းအလဲကြီးကတော့ သူကြီးဦးသာထန် တိမ်းပါးခြင်းကဲ့သို့ မိသားစုနှင့် သေကွဲ မဟုတ်ဘဲ ရှင်ကွဲကြုံရခြင်း ဖြစ်ပါ၏။ ၁၃၀၆ ခုနှစ်၊ တပို့တွဲ၊ တပေါင်း နေ့ပူညချမ်း ကာလထဲမှာ ကိုပြေသိမ်း တစ်ယောက် ကောက်ကာငင်ကာ ပျောက်သွားခြင်း ဖြစ်သည်။ မအိမ်မြိုင် အခါလည် ပြည့်ခါနီး ရက်ပိုင်း အလိုတွင် ဖြစ်၏။ ထိုနေ့က မအိမ်ကံ သမီးကလေး မအိမ်မြိုင်ကို ထမင်းခွံ့ နေခဲ့သည်။ အမေပန်းရုံက အရီးကြာညွန့်နှင့် စကားပြော နေကြသည်။ ဘိုးသာထန် ဆုံးသည်ပင် တစ်လ တင်းတင်း ပြည့်ခဲ့ပြီ။ ညနေပိုင်း မြူတွေဆိုင်းလာသည့် အတွက် ကလေးအတွက် အနွေးထည် ကလေးတစ်ထည် ယူရန် မအိမ်ကံ ဧခုတင်ကြီးဘက်ကို လျှောက်လာခဲ့သည်။


ထိုစဉ်မှာပဲ ဖိုးကူး မောင်းလာသည့် လှည်းက ၀ိုင်းဝကို ရောက်လာခဲ့ပါ၏။ အရီး ကြာညွန့်က ၀ိုင်းအတွင်း လှည်းဝင် နိုင်ရန် တံခါးကြီး တစ်ချပ် ပြေးလှပ်သည်။ ဖိုးကူးက လှည်းမချွတ်သေးဘဲ အမေပန်းရုံ ထိုင်နေသည့်ဘက် တန်းသွားပြီး စာတစ်စောင် ပေးသည်။ မအိမ်ကံက ကိုပြေသိမ်း ပြန်ပါမလာလို့ မေးတော့မည့် ဆဲဆဲ အမေပန်းရုံက စာတဲ့ဟဲ့ ဆိုသဖြင့် သွားယူလိုက် ရသည်။ ဖိုးကူး ကတော့ လှည်းချွတ်ရန် ပြန်ထွက်သွားလေသည်။ မအိမ်ကံက ထူးဆန်းစွာ ရောက်လာသော စာကို ချက်ချင်း ဖွင့်ဖတ်လိုက်သည်။



June 8, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၂)

"မအိမ်ကံက မိကျောင်းသား စားရသယ် မက်သာ မလှအုံရဲ့။ မမွေးခင်နှစ်ရက် လောက်ကလေ။ အဲသာ ကောင်း မကောင်းတော့ မသိဘူး"

"လိပ်တို့၊ ငါးတို့ စားရသယ် မက်ရင် စပါးဆန်ရေ ပေါများသာပေါ့အေ။ မန်ကျည်းသီး စားမက်တော့ သူကောင်း ဖြစ်သယ်။ မိကျောင်းစားမက်သာများ မကောင်းဘူးလား၊ လာဘ်ကြီးရမယ့် နိမိတ်တော့။ ပါပမှတ်လို့ ထူးရင်ထူး မထူးရင် ရူးဆိုသာ မျိုးပေါ့အေ။ ရေခြောက် ကုန်းခြောက် ရွာနေပြီး မိကျောင်း မက်ရသယ်လို့အေ ညည်းနှယ်"


မလှအုံ၏ စကားကြောင့် မအိမ်ကံပင် ရယ်မိရသည်။ ဟုတ်ပါရဲ့။ ဇောင်ချမ်းကုန်းလို ကြည်းတော ခေါင်ခေါင်အညာ ရွာသူက ရေထဲမိုးထဲက မိကျောင်းမက်တာ ထူးတော့ ထူးဆန်းသား။ လာဘ်ကြီးရမယ် ဆိုတော့လည်း နိမိတ် ကောင်းတာပေါ့။ ထူးရင်ထူး မထူးရင် ရူးဆိုတာကကော ဘာကိုပြောတာ ပါလိမ့်။ သမီးကလေး မွေးပါပြီ ဆိုကတည်းက မလှအုံကပဲ အရိပ် တကြည့်ကြည့် ပြုစုယုယ ပေးရှာပါ၏။ ကလေးသူငယ်များ တွင်ဖြစ်တတ်သည့် သူငယ်နာ ရောဂါများလည်း သူက နားလည် လိုက်သေးသည်။ သူငယ်နာဝမ်းပူ၊ သူငယ်နာကျောပူ၊ သူငယ်နာဝမ်းလား၊ သူငယ်နာ ရေငတ်ကျင်မျော၊ သူငယ်နာ အကြောတက်၊ သူငယ်နာခါးကော့ ခြေကုပ်။ စုံလို့။

"ဖိုးကူး ငယ်ငယ်က ဖြစ်သာများ သူငယ်နာလျှာထုတ် တဲ့ ကြုံဖူးပေါင်အေ။ လျှာကြီး အမြဲတမ်း တစ်လစ်ကြီး ထုတ်ထားသာ။ ဒါနဲ့ ဆေးဆရာက လက်ချားကလေး မီးဖုတ်ပြီး လျှာပွတ်ပေးသာနဲ့ ပျောက်ရှာရော။ ကလေးများ တဟပ်ဟပ် ငိုသာတို့၊ နို့မစို့ဘဲ ကစိမ်းကပါး ဖြစ်သာတို့များ မအေ ဘာစားသလဲ ကြည့်ရသာ။ မအေ ဓာတ်ကျိုးရင် ကလေး ဓာတ်ကျိုးကရော"

မလှအုံက အရာရာမှာ နားလည်သည်။ တေးတေးမှတ်မှတ် ရှိသည်။ တချို့ အကျိုးအကြောင်း ရှိလျှင် အဖေတို့ကပင် မလှအုံကို မေးရသည်။ မလှအုံက ဒိုးဒိုး ဒေါက်ဒေါက် ပြောနိုင်ရုံ သာမက သူကိုယ်တိုင် ဇိုးဇိုးဇောက်ဇောက် ထလုပ်ပေးတာနှင့် ပြီးရသည်ချည်း။ ဆွေမျိုးလည်းတော်၊ အစစအရာရာ ယုံကြည် စိတ်ချရသည်မို့ အိမ့်လက်ရုံးလို ဖြစ်ခဲ့ပါ၏။ ငယ်ငယ်ကတည်းက နှုတ်ကျိုးခဲ့လို့သာ မလှအုံ ခေါ်ရသော်လည်း အမေ အရွယ်၊ အဘွားအရွယ် ရောက်နေပြီ။ အသက်ကြီးရှာပြီ။ အိမ်မြဲ လှသူဖြစ်၏။ ကျေးဥကလည်း ယောက္ခမခြေရာ နင်းလာခဲ့ပြီ။ ဘာမဆို သိုးသိုးသွက်သွက်။ အခုတော့လည်း မအိမ်ကံတို့ အိမ်ကြီးမှာ ကလေးငိုသံ တစီစီနှင့် တစ်အိမ်လုံး မြိုင်လာခဲ့ပြီ။ သမီးကလေးကလည်း တစ်အိမ်လုံး မြိုင်စေမယ့် မအိမ်မြိုင်လေ။

သမီး မအိမ်မြိုင်ပင် ဗန်းကလေးထဲက စောင်ပုခက် ကလေးထဲ ပြောင်းသိပ်ရပြီ။ တစ်အိမ်လုံးက ၀ိုင်းနှိုက်နေကြ လေတော့ မအိမ်ကံမှာ လက်သက်သာပါ၏။ ကျေးဥက အားလျှင် အားသလို ကလေး လွှဲပေးနေတတ်သည်။ ကလေးချော့ သီချင်းတွေလည်း ရသည်။ အမေပန်းရုံကလည်း မြေးပု ခက်လွှဲရတာ အမော။ အဖေ ဦးသာထန်ကလည်း အိုကြီးအိုမ အရွယ်ရောက်ကာမှ မြေးမကလေး ကောက်ချီ လိုက်ချင် သေးသည်။ မအိမ်ကံကတော့ သမီးမွေးပြီးပါပြီ ဆိုကတည်းက သားသည် အမေ လုံးလုံးဖြစ်ရချေပြီ။ တစ်လလောက် နနွင်းဝါ၀ါ လိမ်းခဲ့ရသူ၊ အိမ်တွင်းအောင်းခဲ့ရသူ ဆိုတော့ နနွင်းသားကလေး တက်ကာ နဂိုဝင်းဝါသော အသားအရေက ပို၍ပင် ၀င်းဝင်းဝါ၀ါ ရှိလာခဲ့ပါ၏။ တစ်သားမွေး တစ်သွေးလှ ဆိုတာမျိုးပင်။ မအိမ်ကံ သမီးကလေး မွေးပြီ ဆိုတော့ ကလေးမေး လာကြတာတွေလည်း မနည်း။ မြင်းခြံက ပွဲကတော်ကြီးက ပိတ်ဖြူ တစ်အုပ် လှမ်းပို့လိုက်သေးသည်။ ရွာတွေက ဆွေတွေမျိုးတွေ လာကြတော့လည်း တစ်ရက်တန်သည် နှစ်ရက်တန်သည် တည်းကြ။ ပြန်ကြတော့လည်း သင့်ရာ လျော်ရာ ပေးရ၊ ကမ်းရ။ ကိုပြေသိမ်းတို့ ထနောင်းတိုင်ဘက်က လာကြ သူတွေကလည်း လှည်းနှစ်စီးတိုက် အပြည့်။

"မအိမ်ကံ သမီးက မအိမ်ကံထက် သာကောအေ။ ခြေဆံ လက်ဆံကလည်း ကောင်း၊ မျက်နှာကျ မျက်နှာဖန်ကလည်း ကောင်း၊ မြေကြီးတလွဲ ဆေးတစ်လွဲ ဟုတ်ပေါင်တော်။ မအေ့ ထက်တောင်ချောသေးပ"

မအေ့ထက် လှသည်၊ ချောသည် ဆိုပြန်တော့ မအိမ်ကံ ၀မ်းသာရပါသည်။ ကိုပြေသိမ်းကတော့ သမီးတချီချီ။ ကလေးကငို၊ သေးက စိုတော့လည်း သီချင်းဆိုကာ ချော့တတ် ပါ၏။ သီချင်းက တို့ဗမာ သီချင်းလည်း ပါသည်။ အာရှ လူငယ် သီချင်းလည်း ပါသည်။ နိုင်ငံရေး သီချင်းတွေနှင့် သမီး ချော့တာ ကြားတော့ ဘာသာနေတတ်သော သူကြီးဟောင်း ဦးသာထန်ကပင် ရယ်သည်။ ကွယ်ရာမှာ ဒေါ်ပန်းရုံကိုပင် တိုးတိုး ပြောလေ၏။

"ပန်းရုံရယ် ငါ့မြေးမလည်း နိုင်ငံရေးသမား ဖြစ်နေပါဦးမကွာ။ သားကလည်း နိုင်ငံရေးသမား၊ သမက်ကလည်း နိုင်ငံရေးသမား၊ ငါ့မြေးတော့ ချမ်းသာ ပေးကြပါဟာ။ ကတဲ သီချင်းများ ဆိုစရာ ရှားလို့ဗျာ"

ဒေါ်ပန်းရုံကလည်း ကွယ်ရာမှာ ပြုံးသည်။ ဘိုးသာထန် ပြောလည်း ပြောချင်စရာ။ သူ့သမီးကို သူရသည့် သီချင်းနှင့် ချော့တာဆိုတော့လည်း မပြောသာ။ မလှအုံတို့ ကိုဖိုးငွေတို့ကတော့ ကိုပြေသိမ်း ကလေးချော့လျှင် အချင်းချင်း လက်တို့ တတ်ကြသည်။ တစ်ခါတစ်ရံ မအိမ်ကံကိုပင် တည့်တည့် ပြောတတ် ကြပါ၏။

"မအိမ်ကံ ယောက်ျား ကျောင်းဆရာက ကလေး ချော့သာနဲ့ မတူဘူး။ အသံက မကောင်းတော့ တို့မြင်းခြံ ဆယ့်နှစ်မုခ် ဘုရားကြီးထဲက ပိုက်ဆံထည့်ရင် ထွက်လာသဲ့ မောင်းဆိုင်းရုပ် လိုပဲ မောင်ဂျန် မောင်ဂျန်နဲ့"

မအိမ်ကံက ကိုပြေသိမ်းကို တစ်အိမ်လုံးက ပြောကုန်ကြပြီ ဆိုတော့ ကိုပြေသိမ်းကလည်း ရယ်သည်။ သူ့အကြောင်း လည်း သူသိပုံ ပေါ်ပါ၏။ တစ်ခါတစ်ခါ တော့လည်း ကျောင်းဆရာ တစ်ယောက် အနေနှင့် အခြားခေတ် ကာလ သီချင်းတွေလည်း ရလောက်ရက်ကနှင့် ဘာကိစ္စ နိုင်ငံရေး သီချင်းတွေ ဆိုပြနေရ တာပါလိမ့်ဟု မအိမ်ကံ တွေးမိပါ၏။ တမင်တကာများ နိုင်ငံရေးစိတ် သွင်းပေးနေတာများလား။ ကိုပြေသိမ်းက နိုင်ငံရေးစိတ် ကြီးလှသည်။ အစ်ကို မောင်မြသာ တို့လို ရှေ့ထွက်ပြီး လူလုံးပြတာမျိုး မဟုတ်သော်လည်း တိုင်းပြည်နှင့် လူမျိုး အတွက် စိတ်အမြဲတမ်း ရှိတာ မအိမ်ကံ အသိဆုံးပင်။ သည်ရက်တွေထဲ ကျောင်းပိတ်ထား သော်လည်း ဖိုးကူးနှင့် ရွာတွေဘက် လှည့်မြဲ လှည့်နေ တတ်သည်။ တစ်ခါတစ်ရံ ညဥ့်အိပ်ညဥ့်နေပင် တစ်ရက် နှစ်ရက် နေတတ်ပါသည်။ ဘာတွေ လုပ်နေမှန်းတော့ မသိ။

အဖေကပင် "ညည်းယောက်ျား ခရီး အသွားအလာ များလွန်းတယ်" ဟု မကြာခဏ ပြောတတ်ပါ၏။

တို့ဗမာ အစည်းအရုံးတွေ ဖျက်သိမ်းပြီးတော့လည်း မဟာ ဗမာ ဆိုသည့်အသံတွေ ညံနေတာ မအိမ်ကံ သိပါ၏။ နိုင်ငံရေး အခြေအနေက သူတစ်လူ ငါတစ်မင်း ပြောင်းလဲ နေသည်။ ဘယ်သူ့ဘယ်သူမှ စိတ်မချရ။ ဘယ်သူ့ ဘယ်အဖွဲ့အစည်း ကလဲ ပြောဖို့ ခက်သည်။ မအိမ်ကံကတော့ ကိုပြေသိမ်းကို စီးပွားရေး လုပ်စေချင်သည်။ ပွဲစားကြီး ကတော် ပေးပို့လိုက်သည့် စာအရ ပဲဆီ၊ နှမ်းဆီစက် ထောင်ချင်ကြောင်း၊ ငရုတ်၊ ကြက်သွန်ကအစ လဲမှို့ ထန်းလျက် အလယ် ငါးပိငါးခြောက်ပါ မကျန် အထက်ကုန်၊ အောက်ကုန် ကူးနိုင်လျှင် အဆင်ပြေနိုင်ကြောင်း၊ မောင်ပြေသိမ်း လုပ်နိုင်လျှင် မအိမ်ကံတို့နှင့် ဖက်စပ် လုပ်ချင်ကြောင်း စသည်ဖြင့် သိရသည်။ မအိမ်ကံကလည်း လုပ်စေချင်သည်။ စီးပွားရေးကို လောဘတက်တာ မဟုတ်ဘဲ ရိုးရိုးသားသား လုပ်ကိုင် စေချင်တာက တစ်ကြောင်း၊ နိုင်ငံရေးက ကင်းလွတ်စေချင်တာ တစ်ကြောင်း ပါပါ၏။ တစ်ခါတစ်ရံ မအိမ်ကံ ကိုယ်တိုင် ဖျောင်းဖျ ကြည့်မိသည်။

"အစ်ကိုရယ် ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေသာလဲ။ အစ်ကို ပြန်မလာမချင်း မအိမ်ကံမှာ ရင်မနေရသယ်။ သမီးကလေးလည်း ရပြီ ဆိုတော့ ဣနြေ္ဒ ရစေချင်ပါပြီ။ အလုပ်မလုပ်လည်း ထိုင်နေပါ။ အဖေတို့ကလည်း စိုးရိမ် နေကြသယ်"

ကိုပြေသိမ်းက မအိမ်ကံ စကားကို ငြင်းသည်လည်း မဟုတ်၊ လက်ခံသည်လည်း မဟုတ်။ ပြန်မပြော၊ နားမထောင်။ ကိုပြေသိမ်းက အသိရ ခက်သည်။ တစ်ခါတစ်ရံ တစ်အိမ်လုံး နှင့် စကားမပြောဘဲ ရှိနေတတ်သည်။ အိမ်သားတွေကို စိတ်ခုနေတာမျိုး မဟုတ်သော်လည်း တစ်ခုခု တွေးဆ နေပုံလည်း ရသည်။ ပြောသာ ပြောရတာပါလေ။ ကိုပြေသိမ်း တွင် စိတ်တူကိုယ်တူ ပေါင်းစရာ လူမရှိ။ သူ့ခမျာ ပညာတတ်၊ ကျောင်းဆရာ နိုင်ငံရေးစိတ်ကြီးသူ ဆိုသော်လည်း ဇောင်ချမ်းကုန်းတွင် မယားတစ်မျက်နှာ တစ်အိမ်ရာ လုပ်နေရရှာသူ ဖြစ်သည်။ ပညာချင်းလည်း တန်းမတူ၊ နိုင်ငံရေး ချင်းလည်း တန်းမတူ သူတွေနှင့် နေရရှာတာကိုလည်း မအိမ်ကံ သိထားပါ၏။ တစ်ခါတလေတော့ မမေးဘဲ ပြောချင်လည်း ပြောနေ တတ်ပြန်သည်။

"အိမ်ကလေး တိုင်းပြည် ကိစ္စတွေက ကျန်သေးတယ်ကွယ့်။ အစ်ကို တာဝန်မကျေဘူး။ အစ်ကို့မှာ သိစရာတွေ ရှိသလို ပြောစရာတွေလည်း ရှိလေတော့ စိတ်ချရသူများနဲ့ တွေ့ရသယ်၊ လွှတ်ရသယ်၊ ပြန်နားထောင် ရသယ်။ ဆရာကြည့် လူတွေက အစ်ကိုတို့ ဇောင်ချမ်းကုန်းက လူတွေထက် ပိုခရီး ရောက်တော့ အဲသည်ဘက် သွားနေရတာပဲ"

နိုင်ငံရေးသမားနှင့် ညားမိပြီးမှ နိုင်ငံရေးကို စွန့်လွှတ်လိုက်ပါတော့ ပြောရတာလည်း မအိမ်ကံ အဖို့ရာ ခက်သားပင်။ သည်လိုနှင့် သမီးကလေးပင် မတ်တတ် ပြေးလာခဲ့ပြီ။ တီတီ တာတာ မပီကလာ ပီကလာ ရှိလာခဲ့ပြီ။ မအိမ်ကံကတော့ သမီးလေး မအိမ်မြိုင် ပေါ်ပေါ်လာလို့သာ တော်တော့တယ်လို့ အောက်မေ့ရ တော့၏။


June 7, 2009

မြို့လေးတစ်မြို့ အကြောင်း (နေချင်သော)

ကလော အဝင်က ဆိုင်းဘုတ်လေးပါ
ရင်ထဲက ဆန္ဒလေးတစ်ခုပါ။ ငယ်ငယ်လေးကတည်းက အဖေပြောင်းရွှေ့ရာဒေသ တွေကိုလိုက်ပြောင်းနေရတာ နေရာစုံ ဒေသစုံကို ရောက်ဖူးပါတယ်။ နှစ်အကြာဆုံး နေထိုင်ခဲ့တာတော့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ လေးမှာပါ။ ပင်လောင်းမှာနေစဉ် အခါက အရမ်းကို အေးပြီး နေလို့အရမ်းကောင်ပါတယ်။ အအေးကြောက်သူတွေ ဆိုရင်တော့ အဆင်မပြေတဲ့ နေရာလေးပါ။

မြန်မာပြည်မှာ အရမ်းကိုအေးပြီး နေချင်စရာကောင်းတဲ့ မြို့တွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာမှ ကျနော်ရောက်ဖူးတဲ့ မြို့တွေကတော့ ရှမ်းပြည်နယ်မှာ ဆိုရင် ပင်လောင်း၊ အောင်ဘန်း၊ တောင်ကြီး၊ ဟဲဟိုး၊ ကလော နှင့် ဖယ်ခုံ စသည့် မြို့တွေကိုရောက်ဖူးတယ်။ နောက် ပြင်ဦးလွင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းက ခန္တီး ကိုလည်း ရောက်ဖူးနေဖူးပါတယ်။


ဒါပင်မဲ့ ကျနော်နေချင်တဲ့ မြို့ကို သေသေချာချာ စဉ်းစားကြည့်လိုက်ရင် (မြန်မာပြည်မှာနော်)တစ်မြို့ပဲရှိတယ်။ အဲမြို့လေးက မြို့ထဲကို စဝင်ပြီး ဆိုတာနဲ့ မြို့ရဲ့ ပတ်ဝန်းကျင် လေက အစပြောင်းလဲသွားတာပါ။ ရှူသွင်းလိုက်ရတဲ့ လေကိုက လန်းဆန်း ပြီး လူကို တက်ကြွစေသလို ခံစားရပါတယ်။ မြို့အဝင် ဆိုင်းဘုတ်လေးကို မြင်လိုက်တာနဲ့ ရင်ထဲအေးချမ်းသွားတာ။ မြို့ထဲမရောက်ခင် တောင်ကုန်းလေးပေါ်မှာ လှန်မြင်နေရတဲ့ အိမ်ကြီးတစ်လုံးလည်း ရှိတယ်။ မြန်မာ ဗီဒီယိုကားတွေထဲ မှာခဏခဏတွေ့ရတက်တဲ့ အိမ်ကြီးပါ။

မြို့ထဲရောက်ပြီးဆိုတာနဲ့ ဟိုတယ်တွေ၊ မိုတယ်တွေ ဆိုတာလည်း ပေါးပါ့ဗျာ။ နိုင်ငံခြားသားတွေ နှစ်သက်တဲ့ မြို့လေး ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။ နောက်တစ်ခု ထူးခြားတာက မြန်မာပြည်မှာ ဒုတိယ အကြီးဆုံး နှီးဘုရားပါ။ ဘုရားရဲ့ ကိုယ်လုံးတော် တစ်ခုလုံးကို နှီးတွေနဲ့ချီ လုပ်ထားတာ။ လူလေးယောက်လောက် ဝိုင်းမ လိုက်ရင်ကို ကြွတက်လာတာ။ ကိုယ်တိုင်တော့ မ မ့ဖူးပါဘူး။ ဆရာတော် လေးပါးမတာကိုတွေဖူးခြင်းပါ။ နောက်တစ်ခုကတော့ ရွှေဥမင်သဘာဝဂူ ဖြစ်ပါတယ်။ အပြင်က ရာသီဥတုကလည်းအေး အထဲဝင်လိုက်ရင်လည်း အေးစိမ့်နေတော့တာပေါ့။ အရမ်းကိုစိတ်ငြိမ်ပြီး အေးချမ်းတဲ့နေရာလေးပါ။

အိမ်လေးတွေကိုကြည့်လိုက်ပြန်ရင်လည်း အနောက်တိုင်းဆန်းဆန်းဆောက်ထားကြတာ။ ကျနော်သွားတည်တဲ့ အိမ်ဆိုရင် နှစ်ထပ်အိမ်လေးဗျ။ နှစ်ထပ်အိမ်အများစုက အောက်ထပ်ကနေမှ အပေါ်ထပ်ကိုတက်ရတာလေ။ ဒီအိမ်လေးကတော့ အိမ်ကိုစဝင်ရင်း အပေါ်ထက်ကနေ ဝင်ရတာ။ ပြီးမှ အောက်ထပ်ကိုဆင်းရတာ။ ဘာဖြစ်လို့လဲဆိုတော့ တောင်ဇောင်းလေးမှာ ဆောက်ထားလို့ပါ။ အိမ်တော်တော်များများ ဒီပုံစံတွေများပါတယ်။ ကျနော်လည်း ပိုက်ဆံရှိရင် အရင်းဆုံး ဆောက်ဖြစ်မဲ့ အိမ်လေးကတော့ အဲ့ဒီမြို့လေးမှာပါ။

ရာသီဥတုကလဲ ကျနော့ အကြိုက်ရာသီဥတုလေးပါ။ အရမ်းကြီး လည်းမအေးပဲ ပူလွန်တဲ့ ရာသီလည်း မရှိပါဘူး။ အရမ်းကိုနေလို့ကောင်းတဲ့မြို့လေးပါ။ ကျနော် ပင်လောင်းမှာနေစဉ်ကာလက ဒီဇင်ဘာ ခရစ်စမတ်ရာသီဆိုရင် ကျနော့ ဆရာမနဲ့ အတူ အမြဲလိုက်သွားဖြစ်ပါတယ်။ တစ်မြို့လုံးနီးပါ ခရစ်ယာန် လို့ထင်ရလောက်အောင်ကို ဘုရားကျောင်းတွေလဲ ပေါးပါတယ်။ ကိုးကွယ်ခြင်းမဟုတ်ပဲ နှစ်သက်တဲ့ ဘာသာမို့ ကျနော်နဲ့ ရင်းနှီးခဲ့ပါတယ်။ နောက်တစ်ခုကတော့ ဈေးပါပဲ။ နေ့တိုင်းဈေးလေ တွေတော့ ရှိပါရဲ့။ ဒါပင်မဲ့ ဈေးကြီးကြီးကတော့ ငါးရက်မှ တစ်ခါသာ ရှိတာပါ။ ကျနော်တို့ ခေါ်ကြတာတော့ ငါးရက်တစ်ဈေးပေါ့။ အဲဒီဈေးကျမှ ဈေးလည်းစီ ဆိုင်လည်း စုံပါတယ်။

ခုတော့ အဲ့မြို့လေးနဲ့ဝေးနေခဲ့တာ နှစ်တွေကြာခဲ့ပါပြီ။ နောက်ဆုံးရောက်ဖြစ်ခဲ့တာကတော့ ၂၀၀၃နှစ်လောက်ကပါ။ အဲတာနောက်ဆုံးပဲ။ နောက်ပိုင်းဘဝကို တစ်ယောက်ထဲ ဖြတ်သန်းနေရတဲ့ အချိန်မှာတော့ မရောက်ဖြစ်ခဲ့တာ ခုချိန်ထိပဲဆိုပါတော့ဗျာ။ ကျနော့ အတွက်အရမ်းကိုနှစ်သက် နေချင်တဲ့ မြို့လေးတစ်မြို့ရဲ့ နာမည်လေး ကတော့ ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ “ ကလော ” မြို့လေးပဲဖြစ်ပါတယ်။

ဒီလိုနဲ့ ကျနော်မောင်နှမများဖြစ်ကျတဲ့ တောင်ပေါ်သား ၊ မိုးခါး ၊မေတ္တာရောင်ပြန် ၊ ဂျပန်ကောင်လေး ၊ ဖိုးစိန် ၊ မဝါ ၊ စနေသား ၊ မမသီရိ ၊ မိုးစက်အိမ် ၊ အိုက်ခီလောက် ၊ ဝသန်မိုး ၊ နေဒေးသစ် ၊ နေညိုရင် ၊ မြစ်ကျိုးအင်း နှင့် သီဟသစ် တို့ရဲ့ နေချင်ကြတဲ့ မြို့လေးအကြောင်းလဲ သိချင်ပါတယ်။ အဆင်ပြေရင် ရေးပေးကြပါအုံးနော်။

ချစ်ခင်လေးစားစွာဖြင့်
ရီနိုမာန်


မှတ်ချက် ။ ။ဓါတ်ပုံများအား Google မှ ယူထားခြင်းဖြစ်ပါတယ်။


ကလောမှာရှိတဲ့ အိမ်လေးနဲ့ ဟိုတယ် တစ်ချို့
တောင်ပေါ်ရှုခင်း
နှီးဘုရား


ကလောငါးရက်တစ်ဈေး
ခရစ်ယာန် ဘုရားရှိခိုးကျောင်း
ရွှေဥမင် လိုဏ်ဂူ

ငှက်ကလေးများ သီချင်းဆိုပြိုင်ပွဲ

ကြံကြံဖန်ဖန် ငှက် တွေကို သီချင်းဆိုပြိုင်ခိုင်းရတယ်လို့ဗျာ။ ဒီနေ့ မနက် အလုပ်ကိစ္စနဲ့ အပြင်ထွက်တုံး woodland နားမှာပါ။ ကျနော်လည်း ဘာများလုပ်တာလဲ ဆိုပြီးသွာကြည့် လိုက်ပါတယ်။ အချိန်က သိပ်မရတာနဲ့ အမြန်အဆန် ဓါတ်ပုံလေး ပဲ ရိုက်လိုက်ပါတယ်။ အမှတ်ပေးတဲ့ လူတွေလည်း ရှိတယ်ဗျ။ ကြံကြံဖန်ဖန်နော်............