June 17, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၇)

တစ်ရက်မှာတော့ မြင်းခြံသား ကိုဝေဠု ဇောင်ချမ်းကုန်းကို ရောက်လာခဲ့သည်။ သူနှင့်အတူ အသားညိုညို မျက်လုံး မျက်ဖန် ကောင်းကောင်း ကိုဘဆန်း ဆိုသူလည်း ပါလာခဲ့ပါ၏။ သည်နှစ်ယောက်က စစ်မထွက်ခင် တစ်ခေါက် ရောက်လာ ကြပြီး စစ်ပြီးတော့ တစ်ခေါက်လာ နှုတ်ဆက်ကြသလိုပင်။ ကိုမင်းရာ ဆိုသူနှင့် ကိုဖူးခေါင် ဆိုသူ နှစ်ယောက်တော့ ပါမလာ။ မအိမ်ကံက ပွဲကတော်ကြီး၏ တူတော်သူ ဆိုတော့ ထွက်တွေ့ ဧည့်ခံရပါသည်။ ကိုပြေသိမ်းနှင့် သူတို့လေးဦးသား ငြင်းကြခုံကြ၊ အော်ကြဟစ်ကြတာကိုပင် သတိရမိ သေးတော့သည်။ အမေပန်းရုံနှင့် မလှအုံတို့က ဧည့်သည်တွေကို နေရာချထား ပေးထားနှင့်ကြပြီ။ မလှအုံက ကိုပြေသိမ်း၏ ဇာတ်သိမ်း မကောင်းပုံကို လာပြောကြသည် ထင်၍ မျက်နှာ မကောင်း။ ထွက်သွားကြတာ ငါးယောက်။ ပြန်ပေါ်လာတာက နှစ်ယောက်တည်း မဟုတ်လား။


မအိမ်ကံကတော့ မျက်နှာကို ချီချီပင့်ထားရင်း ကြုံသမျှ ကျသမျှ ရင်စည်းခံမည့်ပုံ။ ဒါကိုပဲ မလှအုံ အံ့သြရပါ၏။ မအိမ်ကံကို အမေပန်းရုံ စိုးရိမ်သလို မလှအုံကလည်း တစ်လျှောက်လုံး စိုးရိမ်ခဲ့ရသည်။ တစ်ဘ၀မှာ တစ်ချစ်၊ တစ်ချစ်မှာ တစ်ကြင်ဖော် ဆိုသူ မဟုတ်လား။ သို့သော် ကိုပြေသိမ်း ထွက်သွားသည့် နေ့က မျက်ရည်ကျခဲ့တာက လွဲလို့ နောက်ပိုင်း ၀မ်းနည်းရိပ် မရှိ။ မေးတာမြန်းတာကိုလည်း ကြိုက်ပုံမပေါ်။

"ငါ့သမီးကလေး မအိမ်ကံခမျာ ခံလိုက်ရရင် အချီကြီး ဆိုသလို ပါပဲလား လှအုံရယ်။ အပျိုဘ၀ အနှစ်နှစ်ဆယ် လုံးလုံး သူဖြစ်ချင်သာ မဖြစ်ခဲ့ရဘူး။ အိမ်ထောင်ပြုတော့လည်း သားနဲ့ မယား ဒုတ်ဒုတ်ထိ ထားသွားရက်သဲ့ သူငယ်နဲ့မှ အကြောင်းပါ ရလေသယ်။ သူ ရင်စီးခံနိုင်ပေမယ့် ငါဖြင့်အေ လင်သူကြီးမင်း သေသာ ဖြေနိုင်ခဲ့ပါရဲ့။ မအိမ်ကံ အတွက် မဖြေနိုင်ဘူး။ ဒါပေသိလို့ တိုက်လှေနဲ့ ရက်ကန်းလွန်း ဘ၀ချင်း မညီသာကိုပဲ ယိုးမယ်ဖွဲ့ရသယ်။ တစ်နေ့ သည်လို ရှိမယ်လို့တော့ ထင်သားပဲဟယ်"

ဒေါ်ပန်းရုံက မလှအုံကို ပြောခဲ့ဖူးသည့် စကားများပင်။ မလှအုံက သူတကာ စစ်ထွက်သူတွေ ပြန်လာကြတာတွေ ကြားထားသူ ဆိုတော့ ကိုပြေသိမ်းကိုလည်း မျှော်ခဲ့ပါ၏။ သို့သော် ရောက်မလာတော့လည်း ဘ၀ ကံကုန်ခဲ့ကြပြီ ထင်ပါရဲ့လို့ အဆုံး တွေးထားခဲ့သည်။ အခုပဲကြည့်လေ။ အတူသွားကြသည့် အထဲက နှစ်ယောက်သာ ရောက်လာကြတာ မဟုတ်လား။ ကိုဝေဠုကပဲ စကားစခံသည်။ မအိမ်ကံက ခါးကလေး တောင့်ရင်း သမီးကလေးကိုသာ ငေးနေခဲ့သည်။ တစ်နှစ်ခွဲ သမီး မအိမ်မြိုင်က ကြမ်းပေါ်မှာ တော့တီးတော့တာ ကစားနေသည်။ အနားတွေ့သမျှ ပါးစပ်ထဲ ကောက်ထည့် နေသဖြင့် ကျေးဥက နှိုက်နှိုက် ထုတ်နေတာကို ကြည့်နေခြင်း ဖြစ်၏။

"ကိုပြေသိမ်းနဲ့ ကျွန်တော်တို့ သွားတုန်းကတော့ အတူတူ ပါပဲ။ ကျွန်တော်တို့ အားလုံး ပခုက္ကူဘက်ကို ဖြတ်ထွက် ကြတာပါ။ ပခုက္ကူကမှ တာဝန်ခွဲကြတော့ ကျွန်တော်နဲ့ ကိုဘဆန်းက ပြည်မြို့ဘက် ပါသွားကြတယ်။ ကိုပြေသိမ်းက မန္တလေး၊ ကိုဖူးခေါင်က သရက်ဘက်၊ နောက် ကိုမင်းရာက တောင်တွင်းကြီးဘက်၊ ကိုဖူးခေါင်နဲ့ ကိုမင်းရာတို့ကတော့ တိုက်ပွဲမှာ ကျခဲ့ကြပြီ။ ကိုပြေသိမ်းကတော့ ကျတယ် ဆိုတဲ့ သတင်းမရတာ အမှန်ပါ။ ပြန်မလာ သေးတာကိုလည်း ကျွန်တော်တို့ နားမလည်နိုင်ဘဲ ဖြစ်နေပါတယ် ဒေါ်ဒေါ်"

ကိုဝေဠုက အမေပန်းရုံကိုသာ ကြည့်ပြီး ပြောနေသည်။ ကိုဘဆန်းက တစ်ခွန်းမှ မပြောဘဲ ငြိမ်နေသည်။ မျက်ခုံး ထူကြီးတွေကို ကုပ်ထားကာ စားပွဲပေါ်က ဒန်မီးခတ်ကိုသာ စိုက်ကြည့် နေပါ၏။ အမေပန်းရုံက သမီးကလေး ရှိနေတော့ ဘာပြောရမှန်း မသိ။ မအိမ်ကံသာ အနားမှာ မရှိလျှင် ပွင့်ပွင့် လင်းလင်း မေးလိုက်ချင်သည်။ သတင်းဆိုး၊ သတင်းကောင်း အကြောင်း မဟုတ်ဘဲ ပျောက်နေသည့် ဆံစု အထားမှားသလား၊ ကြွက်ချီသလား သိချင်နေခဲ့သည်။ သည်သူငယ်တွေကတော့ မဟုတ်တာ ပြောကြပုံ မရှိ။ သူတို့ သိသလောက် ပြောနေတာ မှန်းလည်း သိပါ၏။ မလှအုံကပဲ စကား စပြောသည်။

"ငါ့တူများကို အရီးတို့က အပြစ်မတင်ပေါင်ကွယ်။ တို့တောနယ်က လူငယ်တွေတောင် ကိုယ့်စိတ်နဲ့ကိုယ် ဂျပန် တိုက်ဖို့ လိုက်သွားကြသာ ကြားနေရသာပါ။ မောင်ပြေသိမ်းလို လူက ဘယ်မှာ ကျန်ရစ်နေပါ့မလဲ။ မိုးမရိပ်ခင်က ဆီခဲချင်နေ သဲ့လူ သိသားပဲ။ ဒါပေသိ ထမနဲလား၊ ယာဂုလား ကွဲချင်ကြ သာပါ"

မလှအုံကလည်း သည့်ထက်ပို အရိပ်မပြနိုင်။ ကိုဘဆန်း ဆိုသူက အသာလှုပ်လာပါ၏။

"ကိုပြေသိမ်းက မန္တလေးကနေ ရပ်စောက်ဘက်၊ ရွာငံဘက် ပါသွားသလိုလိုတော့ သတင်းသန့်သန့် ကြားရပါတယ်။ တိုင်းတွေ ခွဲလိုက်တော့ ဆန်စင်ရာ ကျည်ပွေ့ လိုက်ရတာကိုး။ ကျွန်တော်တော့..."

မအိမ်ကံက သက်ပြင်းကလေးချကာ ကိုဘဆန်းကို လှမ်းကြည့် လိုက်သည်။ ကိုဘဆန်းက စကားဆက် မပြော ပြန်တော့ မျက်နှာလွှဲရ ပြန်သည်။ ကျေးဥက ကလေးကို ကောက်ချီကာ အပြင်ကို ထွက်သွားသည်။ ရက်ကန်းရုံ ဘက်ဆီက ရက်ကန်းခြူကုံးသံတွေ ချွင်ချွင်ဖျောက်ဖျောက် ကြားနေရ၏။ စကားဝိုင်းက ခြောက်ကပ် လှသည်။ ပြောသူတွေမှာလည်း စကားမရှိ။ မေးချင်သူတွေမှာလည်း စကားမရှိ။ မအိမ်ကံ စကားတစ်ခွန်း ၀င်ပြောခဲ့သည်။



3 comments:

ဖိုးစိန် said...

သယ်ရင်းရေ..
သယ်ရင်းအိမ်လာခဲ့တာတွေ့တယ်... ဒါပေမယ့်နက်ကမကောင်းဘူးလေ.
မကြီးနော်အိမ်မှာ လဲတွေ့တယ်.. စကားပြန်ပြောလို့မရဘူး..
သယ်ရင်းနေမကောင်းသလို ကိုယ်လဲနေမကောင်းဘူး
အင်း ဒါပေမယ့် နေကောင်းပါတယ်ဆိုပြီး စိတ်ထဲမှတ်ပြီးနေရတာပေါ့လေ.. မတတ်နိုင်ဘူး.. သယ်ရင်းလဲကျမ်းမာရေးဂရုစိုက်ပါ... တစ်ခါတစ်လေ ကံဆိုးမ ဆိုသလိုပဲ အနောက်ကနေမိုးလိုက်ရွာတတ်တယ်.. သည်းခံနေရတယ်.. မိုးနဲ့ အတူမျက်ရည်တွေကိုမျှောလိုက်ချင်ပြီး... ဆက်ပြီး သည်းမခံချင်တော့ဘူး.. မွန်းကျပ်နေတယ်.. တခါတလေ ပြုံးနေရပေမယ့် ရင်ထဲမှာ ငိုနေတာ ဘယ်သူသိမလဲ.. သယ်ရင်းရေ .. ဘဝတူမို့ လို့ ကိုယ်ချင်းလဲစာတယ်.. ရင်ထဲက ခံစားချက်ကိုလဲနားလည်ပါတယ်.. ဒါကြောင့် ဝမ်းမနည်းနဲ့ လို့ အားမပေးဘူး... တို့ တွေ လုပ်သင့်တာတွေ လုပ်သွားတော့မယ်လေ.. ကိုယ်က သယ်ရင်းကိုသံယောဇဉ် ရှိပါတယ်.. ချစ်ပါတယ်.. သယ်ရင်းလဲကျမ်းမာရေးကိုဂရုစိုက်ပါနော်.. အလုပ်မှာလဲပျော်ရွှင်အောင်နေလိုက်ပါ..
တခဏပါ.. ကိုယ်လာရင် တို့ တွေလွတ်လွတ်လပ်လပ်ပျော်ကြမယ်..
ချစ်သယ်ရင်း
ဖိုးချစ်

ကိုရဲ said...

အကိုရေ ခုမှဖတ်ဖြစ်တရ် ။ အစကနေပြန်လိုက်ဖတ်လိုက်ဦးမယ် ။

(ကိုရဲ)

နေဒေးသစ် said...

ကိုရီနိုရေ ဒီနေ့မှပဲ အပိုင်း ၇ လာဖတ်ဖြစ်တယ် .. နောက်တစ်ပိုင်း အခြေအနေက ဘယ်လိုလဲ အစ်ကိုရေ ... ကိုပြေသိမ်း ကျွန်တော့်အထင်တော့ မသေလောက်တော့ဘူး .. သိတော့ သိနေပြီ .. ခန့်မှန်းရသလောက်တော့ ... နောက်တစ်ပိုင်းလေး ... နောက်တစ်ပိုင်းလေး ...
နေဒေးသစ်။