June 13, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၅)

"သူက ကိုဝေဠု၊ မြင်းခြံသား။ အိမ်ကလေးတို့ ဖောက်သည် ပွဲကတော်ကြီးရဲ့ တူဝမ်းကွဲ တော်တယ်"

အိမ်ကို ရောက်လာကြသူတွေနှင့် ပတ်သက်လို့ သည်လောက်သာ သိကြရသည်။ မိတ်ဆက်ပေးသည် ဆိုသော်လည်း တောသူတောင်သားတွေ ဆိုတော့ အမေပန်းရုံကလည်း ငုတ်တုတ်။ မလှအုံတို့ကလည်း ငုတ်တုတ်။ မအိမ်ကံ ကိုယ်တိုင် ကတော့ လင့်ဧည့်သည်တွေ ဆိုတော့ ထမင်းခူး ဟင်းလိုက်။ လက်ဖက်ချ ကွမ်းချ။ ဧည့်သည်တွေ အားလုံးက မအိမ်ကံကိုရော အမေပန်းရုံကိုပါ ဟက်ဟက် ပက်ပက် မရှိကြသလိုပင်။ မျက်နှာတွေက အကြွေးဟောင်း ရှိသဖြင့် လာတောင်း နေကြသူများပမာ တင်းတင်း တောင့်တောင့်ကြီးတွေ။ ပြီးတော့ ညစ်ပေပေ ချွေးစေးများဖြင့် အစေးပေါက် နေကြသော်လည်း ရေမိုးသန့်စင်ပြီး အ၀တ်အစား သန့်သန့်ပြန့်ပြန့် ၀တ်ကြသည်လည်း မရှိ။ ညဘက် ကိုပြေသိမ်း အိမ်ပေါ် တက်လာတော့မှ အကျိုး အကြောင်း မေးရတော့သည်။ မိုးပင် လင်းလုလေပြီ။


"အဲသာ ဘယ်သူတွေလဲ အစ်ကို။ မျက်နှာထား တွေကလည်း ဆိုးလိုက်ကြသာ။ ဘယ်လိုလူတွေ ခေါ်လာသာတုံး။ မအိမ်ကံ တို့ကိုတောင် ခင်ခင် မင်မင် မရှိသလိုပဲ"

"မဟုတ်ရပေါင်ကွယ်။ လူတွေက လူရိုး လူကောင်းတွေ ပါ။ ခုဟာက တော်တော် အရေးတကြီး ကိစ္စတွေရှိလို့ပါ အိမ်ကလေးရယ်။ သည်လို အိမ်ကလေးရ၊ အင်္ဂလိပ်က အထက်ပိုင်း မြို့တချို့ကို ပြန်သိမ်းရင်း ၀င်လာနေပြီ။ တို့ရွာတွေ မှာတော့ သိပ်ပြီး မလှုပ်သေးပေမယ့် မြို့တွေမှာ ရုန်းရုန်းရင်းရင်း ဖြစ်နေ ကြတယ်။ သည်ရက်ထဲမှာပဲ မိတ္ထီလာ လေတပ်ကို အင်္ဂလိပ်က ပြန်သိမ်းလိုက်ပြီ။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်"

"မိတ္ထီလာမှာ တိုက်ပွဲတွေ ဖြစ်နေသာနဲ့ သည်လူတွေက မအိမ်ကံတို့အိမ် ရောက်နေကြသာနဲ့ ဆိုင်လို့လား အစ်ကို။ အစ်ကို့ စကားတွေ မအိမ်ကံ နားမလည် ပါဘူး"

ကိုပြေသိမ်းက စကားကို ရပ်လိုက်သည်။ သည့်ထက်လည်း ပိုပြောလို့ မကောင်းနိုင်တော့ဆိုသည့် သဘောလည်း ပါပါ လိမ့်မည်။ ပြောစရာရှိလို့ ပြောပြန်တော့လည်း နားလည်နိုင်စရာ မရှိလို့ ယူဆတာလည်း ဖြစ်နိုင်ပါ၏။ စကားတွေ ကျွံမိသွားခဲ့ပြီ ဆိုတာမျိုးလည်း ဖြစ်နိုင်သည်။ ကိုပြေသိမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးကလေးကို ငုံ့နမ်းသည်။ ကလေးက တစ်ချက် လွန့်သွားရာက ပြန်လည် အိပ်ပျော် သွားပြန်ပါ၏။ ကိုပြေသိမ်းက အိပ်ရာထဲ လှဲလိုက်ပြီးမှ စကားတစ်ခွန်းကို လေးလေးကြီး ပြောလေသည်။

"သူတို့က တိုင်းပြည် အတွက် အသက်လှူထားကြပြီ အိမ်ကလေး။ တိုင်းပြည်အရေးထက် ဘာကိုမှ သူတို့ထည့် မတွက်ကြဘူး ဆိုတဲ့ လူတွေပဲ။ မြင်းခြံသား ကိုဝေဠုက အစ်ကို့ ကျောင်းနေဖက် သူငယ်ချင်း။ ကျန်တဲ့ လူတွေက အစ်ကိုတို့ အိမ်ကို အစည်းအဝေး လာတက်ကြတာ။ အစ်ကိုလည်း သူတို့ကို အခုမှ တွေ့ဖူးတာပဲ"

"အခု သူတို့ စကားတွေ ပြောကြတုန်းလား"

"မဟုတ်ဘူး အိမ်ကလေး ပြန်ကြပြီ။ အစ်ကို ကြက်တငို အိုးပေါက်ဘက်က လှည်းလေးစီး မိုးလင်းခါနီး အရောက် ထင်းတွေတင်ပြီး လာခဲ့ဖို့ ကြိုမှာထားတာ ရောက်လာကြလို့ တစ်စီး တစ်ယောက် စီးပြီး ပြန်ကြလေရဲ့"

မအိမ်ကံ မျက်လုံးတွေသာ မှိတ်ထားရတော့သည်။ နားလည်ဖို့ပင် ခက်ခဲလှချည့်လား။ ထိုညက ကိုပြေသိမ်း အိပ်မပျော်သလို မအိမ်ကံလည်း အိပ်မပျော်ခဲ့။

ကိုပြေသိမ်း ဘာတွေ လုပ်နေတာလဲ။ ဘာအစည်းအဝေး များပါလိမ့်။ သေချာတာ တစ်ခုကတော့ နိုင်ငံရေးက လွဲ၍ အခြားမဖြစ်နိုင်။ မအိမ်ကံ ဘ၀ တစ်လျှောက်လုံး အိမ်မှာ နိုင်ငံအရေးတွေသာ ထပ်ကာထပ်ကာ ကြားနေခဲ့ရသည်။ အဖေ့ လက်ထက်မှာရော၊ အစ်ကိုရော၊ ကိုပြေသိမ်းပါ ဘာကြောင့် သည်လောက် စိတ်ဇောတွေ သန်ခဲ့ကြတာပါလိမ့်။ မအိမ်ကံတို့ နိုင်ငံဟာ ဘယ်တော့များမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာမှာပါလိမ့်။ သည်လိုပဲ အင်္ဂလိပ်က အုပ်စိုးလိုက်၊ ဂျပန်က တက်လာလိုက်နဲ့ လုံးလိုက်နေမှဖြင့် မအိမ်ကံတို့ မိန်းမသားများ အဖို့ အဖေရယ်၊ အစ်ကိုရယ်၊ လင်သားရယ်လို့ ဒိုးတူပေါင်ဖက် ဘယ်တော့မှ အတူ နေရမှာပါလိမ့်။ မအိမ်ကံ တွေးနေခဲ့မိသည်။ သည်ဘက်လတွေထဲမှာပဲ ကျေးဇူးရှင်ဖခင်ကြီး တိမ်းပါး ခဲ့ရသည်။ အဖေ သေတာတောင် ပြန်မလာနိုင်သည့် သားဖြစ်သူ နိုင်ငံရေး သမားကြီးကို အဖေ့ခမျာ တွေ့ချင်ခဲ့ ရှာလိမ့်မည်။ အခုတော့ အိမ်မှာ ယောက်ျားသားရယ်လို့ ကိုဖိုးငွေတို့ သားအဖ တစ်တွေ ရှိသည် မှန်သော်လည်း ကိုပြေသိမ်းက လူရင်းဖြစ်ရမည့်အစား သူကိုယ်တိုင်က မရှိတာ များနေတာကို မအိမ်ကံ သဘောမတွေ့တာ ကြာပြီ။ မအိမ်ကံ နှုတ်က မပြောသာတော့လည်း မပြောခဲ့။ သို့သော် ဇနီးမယား တစ်ယောက် အနေဖြင့် သိစရာ ရှိတာ သိချင်သည်။ ကြားစရာရှိတာ ကြားချင်သည်။ တစ်ခါတလေ အင်္ဂလိပ် စာအုပ်ကြီးတွေ ပါလာတတ်သည် ဖြစ်၍ နေကုန်နေခန်း ထမင်းမစားတမ်း သည်းကြီးအူပြတ် မက်ရေစက် ရေဖတ် နေတာတွေလည်း ရှိသည်။

လင်နှင့် မယား ဆိုပေသိ အသိတွေကွာသည်။ ပညာရည် ကွာသည်။ တွေးပုံခေါ်ပုံတွေ ကွာသည်။ ကိုပြေသိမ်းလို မြို့သား၊ ပညာတတ်၊ နိုင်ငံရေးသမား တစ်ယောက်နှင့် ညားမိတာ တောသူမ အိမ်ကံအဖို့ သိမ်ငယ်မိတာ လိုလို၊ နာကြည်း မိတာလိုလို ခံစားရတာလည်း အမှန်ပင်။


ကိုပြေသိမ်းခမျာ ကျီးတို့ကြား နားမိသည့် ဟင်္သာပမာ အသွင်ခြား၊ အမြင်ခြား၊ အဆင်ခြားရတာကိုလည်း မအိမ်ကံ နားလည်ပါ၏။ သည်တော့လည်း သမီးကလေး တပွေ့ပွေ့လုပ်ရင်း လယ်ကော ရေမရသလို နေခဲ့တာနှင့် ပြီးရတော့သည်။ သည်အဖြစ်အပျက်ကို သတိရ မိတော့လည်း သြော် သူကတော့ သူ့အလုပ်သူ ကြိုကြိုတင်တင် လုပ်နှင့်တာပါလားလို့သာ ခံစားမိရပါ၏။ ဖိုးကူးကို မေးတော့လည်း သိသလောက်သာ ဖြေနိုင်သည်။ မယားစင်စစ် ဖြစ်ပါလျက် ဘာမှ သိခွင့်မရတော့မှ ဖိုးကူးက သူ့ထက် ဘာမှ ပိုမသိနိုင်တာကိုလည်း စိတ်မဆိုးချင်တော့။ အမေပန်းရုံနှင့် မလှအုံတို့ကတော့ သမီးအဖြစ်ကို ယူကျုံးမရ ဖြစ်ရသည်က လွဲ၍ အခြား ဘာမှမပြောကြပါ။

"ဟံသာဝတီနဲ့ ဘုရင့်နောင် ယောင်လို့တောင် ခွဲမရသလိုပါအေ။ နိုင်ငံရေးနဲ့ ညည်းလင်က ယောင်လို့တောင် ခွဲမရမှတော့ ပြောရသာ ခက်သားအေရဲ့။ မောင်မြတ်သာ ကြည့်ပါလား။ မယားကလေး အသစ် စက်စက် ထားရစ်ခဲ့သာကြည့်။ စိမ်းမြဘက်က နာလို့ပြောသာ မဟုတ်ပါဘူး။ ဖအေသေသာရော ညည်းအစ်ကို အလောင်းတောင် မပိုက်လိုက်ရဘူး မဟုတ်လား။ မအေသေရင် ဖျာနဲ့ အုပ်ထားဆိုသာ မျိုးတွေဟဲ့။ ညည်း ယောက်ျားလည်း သည်အစားထဲက ဥစ္စာ"

မလှအုံကတော့ ကရုဏာဒေါသော ပြောရှာပါ၏။ အမေ ပန်းရုံကတော့ ချိုသည်လည်း မပြော၊ ခါးသည်လည်း မဆို။ ကိုပြေသိမ်းကိုလည်း အပြစ်မမြင်။ ဇနီးမယားကို မညှာလေခြင်း၊ ပလူမွေးပလူတောင် အခါလည် သမီးကလေးမျက်နှာကိုမှ မထောက်လေခြင်းရယ် လို့လည်း မရှိ။ လင်သားဆုံးတာ တစ်လရှိသေး၊ သမက်က တစ်ပူရယ်လို့လည်း ရင်ထုမနာ မဖြစ် ရှာပါ။ သို့သော် စိတ်လက်တော့ ချမ်းသာပုံ မရရှာ။



3 comments:

နေဒေးသစ် said...

ကိုရီနို .. အရင် အရှည်ကြီး တင်တုန်းက ၃ ပိုဒ်လောက်ဖတ်ပြီး တကယ်ကို ဆက်မဖတ်နိုင်ခဲ့ဘူး ... ကောင်းမှန်း သိပေမယ့် ကွန်ပြူတာ နဲ့ ဖတ်ရတာက သိပ် အဆင်မပြေဘူးလေ .. အခုတော့ တစ်ပိုင်းတင်တိုင်း တစ်ပိုင်း လာဖတ်ဖြစ်တယ် ... ဇာတ်က ပထမ စစဖတ်ချင်း အေးသလိုလိုနဲ့ နောက်ပိုင်း ဇာတ်ရှိန်တဖြည်းဖြည်းရလာတယ် .. ကိုပြေသိမ်းရဲ့ အတွေးအခေါ်တွေနဲ့ နိုင်ငံရေးဘက်မှာ သူ ဘယ်လို အကွက်ချလုပ်မှာလဲ .... အောင်မြင်မှာလား .. ဘာအခက်အခဲတွေ ပေါ်လာဦးမလဲ .... သူက အခုထက်ထိတော့ စာအုပ်ဖတ်လိုက် .. အစည်းအဝေးတက်လိုက်ပဲနော် .... တွေးလိုက် ငေးလိုက်ပဲနော် ... ထူးထူးခြားခြားလုပ်တာ မတွေ့ရသေးဘူး ... ဇာတ်လမ်း တစ်ခုလုံးက ခုထက်ထိ မအိမ်ကံရဲ့ ခံစားချက်တွေကိုပဲ အဓိက ဦးစားပေးဖော်ပြနေတယ် ... အင်း ဒါကြောင့်လည်း ဝတ္ထုနာမည်ကို မအိမ်ကံလို့ ပေးခဲ့တာလား မသိ ... နောက်တစ်ပိုင်းလေး ဆက်ပါဦး ...
နေဒေးသစ်။

ကိုလူထွေး said...

ရီနိုဆိုလို့ ငယ်ငယ်အောက်မေ့ပါတယ်...
အခုတော့ အင်္ဂလိပ်ခေတ် ဂျပန့်ခေတ်မှီခဲ့သူဆိုတော့...
အင်းးးး ၈၀ တော့ ကျော်ပြီထင်တယ်နော်... ဒါဆို ဖိုးဖိုးရီနိုလို့ ခေါ်ရတော့မှာပေါ့...

အရေးအသားတွေကတော့ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်က အဖြစ်တွေလား မှတ်ရတယ်... ဘာတဲ့...

"မအိမ်ကံတို့ နိုင်ငံဟာ ဘယ်တော့များမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာမှာပါလိမ့်။ "

ခေတ်မှီနေသေးတယ် ဖိုးရီနိုရေ.............

ခင်တဲ့
ကိုလူထွေးးဝ)

ဖိုးစိန် said...

စာဖတ်သွားတယ် အဖေပိုစ့်ကိုမန့် ခဲတယ်နော်
သယ်ရင်းကျမ်းမာရေးဂရုစိုက်ပါ
သယ်ရင်းအတွက် အမြဲတမ်းသယ်ရင်း
ဖိုးချစ်