September 8, 2013

စဉ်းစားကြည့်ပါ

မနှစ်က ကျွန်တော့် အကို နိုင်ငံခြားက ပြန်လာတဲ့ အချိန်အိမ်မှာ အမေနဲ့ စကားများကြတယ်။ စကားများတယ်ဆိုတာထက် နားလည်မှုလွဲတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ အိမ်မှာက အကိုရှာတဲ့ ဝင်ငွေပဲရှိတာ။ အကိုပို့တဲ့ ငွေကို လောက်ငှအောင် အမေပဲ ကြည့်ပြီး စီစဉ်ရတာ။ အဖေမရှိတော့တဲ့ နောက်ပိုင်း အမေက အကို့ကို အားကိုးနေခဲ့ရတယ်။ ကျွန်တော်ကလည်း ကျောင်းတစ်ဖက်နဲ့ ဆိုတော့ ဘာမှ မကူညီနိုင်ခဲ့ဘူး။ အကိုက အဖေနဲ့ တူတာဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စကားပြော အရမ်းနည်းတယ်။ အမေကတော့ သူ့သား ဘယ်လောက်ပင်ပန်းနေပြီ ဖြစ်တဲ့အကြောင်း၊ တစ်ခါတစ်လေ ကျွန်တော် အပိုငွေလေး သုံးလိုက်မိရင်း အကို့ကို မသနားကြောင်း၊ အလိုက်မသိတတ်ကြောင်း၊ ငွေကို သုံးဖို့လောက်သာသိတယ် စတာတွေကတော့ အတူနေဖြစ်တဲ့ ကျွန်တော်က ကြားနေကျ။

ကျွန်တော်က ဆယ်တန်း ၂ နှစ်ကျပြီး စာမေးပွဲ တစ်နှစ်အောက်ထားလိုက်တယ်။ ဒီနှစ်တော့ ကျွန်တော် စာမေးပွဲ ပြန်ဖြေချင်တဲ့ စိတ်ရှိတာနဲ့ အမေ့ကို ကျွန်တော် ပူဆာမိတယ်။ အမေကတော့ သူ့ထုံစံအတိုင်း ပေါက်ပေါက်ဖေါက်တော့တာပေါ့။ နောက်ဆုံး အကို့ရဲ့ အဆုံးအဖြတ်နဲ့ ကျွန်တော် စာမေးပွဲ ဖြေဖို့ အဆင်ပြေသွားရတယ်။ ဒီတစ်ခေါက် အကို ခွင့်နဲ့ ပြန်လာတော့လည်း အမေက ကျွန်တော်ကို ဆူဖို့ အကြိမ်ကြိမ် အကို့ကို ပြောတယ်။ အကိုက ကျွန်တော့်ကို စကားတွေ အများကြီး မပြောဘူး။ တစ်ခွန်းပဲပြောတယ်။ ညီလေးရာ အကိုလည်း ထမင်း စားတာပဲ၊ ညီလေးလည်း ထမင်းစားတာပဲ ဘယ်ဟာ ကောင်းတယ် မကောင်းဘူးဆိုတာတော့ စဉ်းစားတတ်ရမှာပေါ့ တဲ့။

ကျွန်တော် အကို့ ကို သတိထားမိတာတော့ ကြာပါပြီ။ အကိုက စကားနည်းတယ် ဆိုပင်မဲ့ လိုအပ်ရင်တော့ တော်တော်လေး စကားပြောတယ်။ မလိုအပ်ဘူးလို့ ထင်ရင် စကား တစ်လုံးမှကို မပြောတာ။ နောက်တစ်ခုက ဟန်မဆောင်တတ်တာ။ အမေ့မောင် ကျွန်တော်တို့ ဦးလေး အိမ်လာတော့လည်း စကားတစ်ခွန်းနှစ်ခွန်းပြောပြီး အိပ်ခန်းထဲ ဝင်နေတာမျိုး။ အမေကတော့ အားနားနေတာပေါ့။ ဦးလေးက အကို နိုင်ငံခြားက ခဏပြန်လာတယ်ဆိုလို့ လာတွေ့တာပါ။ အကိုကတော့ သူ့စိတ်ထဲမှာ အမေနဲ့ ခြံကိစ္စ ပြဿနာ ဖြစ်ပြီးကတည်းက ဦးလေးကို ကြည့်မရတော့တာ ကျနော် သိနေတယ်။ နောက်ပြီး အကိုက အစားအသောက်ကို သိပ်ဂရုမစိုက်ဘူး။ စားလို့ ရရင်ဖြစ်တယ်။ ဘာနဲ့ စားရစားရ။ အမေက အဲလိုမျိုး မဟုတ်ဘူး။ ဘယ်အစားအသောက်ကို ဖြစ်ဖြစ် အရသာခံ စားတယ်။ အစားအသောက်ကိစ္စနဲ့ပဲ အမေနဲ့ အကို စကားများသလိုဖြစ်ပြီး အမေငိုတော့တာပဲ။

ဖြစ်ပုံက ဒီလို.....။ အကို မရှိရင်တော့ အိမ်မှာ ကျွန်တော်တို့ သားအမိနှစ်ယောက်ထဲ ဖြစ်သလိုစားကြပါတယ်။ အကိုလာတဲ့ အချိန်မှာတော့ အိမ်မှာ ဝိုင်းကူဖို့ ရွာထဲက အဒေါ်တစ်ယောက်ကို ခေါ်ထားလိုက်တယ်။ အဲ့ဒီနေ့က အိမ်မှာ မုန့်ဟင်းခါးချက်စားကြတယ်။ ညစာ စားပြီးတာတောင် အများကြီးကျန်နေသေးတယ်။ နောက်နေ့ မနက်ကျမှ အပူပေးပြီး ထပ်စားမယ်ပေါ့။ မနက်ကျတော့ အိမ်မှာခေါ်ထားတဲ့ အဒေါ်က မုန့်ဟင်းရည် မလောက်မှာ ဆိုတာကြောင့် ရေနည်းနည်း ရောပြီး မီးဖိုပေါ် တင်ထားတုန်း ရှိသေးတယ်။ အမေက သူစားတော့မယ်ဆိုပြီး ထည့်စားတဲ့ အချိန်မှာ အရသာက ပေါ့နေပြီ။ ဒါကို အမေက .... ဟဲ့ ဟင်းရည်က ဘယ်လို ဖြစ်တာလဲ။ မနေ့ညက အကောင်းကြီးပါ။ ရေရောလိုက်သေးတာလား......။ အဒေါ်က  အင်း ရေနည်းနည်း  ရောလိုက်တယ်လည်းဆိုရော  အမေ ထသောင်းကျန်ပါတော့တယ်။ ငါက ကောင်းကောင်းလေး စာရမလားမှတ်တယ်။ မပြောမဆိုနဲ့ လုပ်ချင်တာလုပ်တယ်။ ခုတော့ စားမကောင်းတော့ဘူး။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ နောက်ဆုံး အဲလို မကောင်းမကံဆို သွန်ပစ်လိုက်တာကမှ ကောင်းအုံးမယ်လည်းဆိုရော အခန်းထဲမှာ ရှိနေတဲ့ အကို့အသံ ထွက်လာပါတယ်။

ဘာဖြစ်လဲ အမေရယ်... ပေါ့တော့လည်း ဆားထည့်စားတာပေါ့.... စောစောစီးစီး သူတစ်ပါးကို မပြောပါနဲ့၊ အစာတစ်လုတ်အတွက်နဲ့ စိတ်အဲလောက်ထိ ဆင်းရဲမခံပါနဲ့ လည်းဆိုလိုက်ရော ငိုချင်ရဲ့ လက်တိုသလိုဖြစ်ပြီး သူ့ကို နားမလည်ဘူး။ သူ့ကို နားလည်မယ်လို့ ထင်ထားတဲ့ သားက သူ့ကို ခုလိုမျိုးပြောတော့ သူ ရင်နာတယ်။ သူစိမ်းဖက်က နားပြီး ကိုယ့်အမေကို ဒီလိုပြောရလား။ သူရှာကျွေးတယ်ဆိုပြီး ငါ့ကို ဒီပုံစံ လာမလုပ်နဲ့။ ပြောလည်းပြော ငိုလည်းငိုပေါ့။ အကိုလည်း အမေ့ကို ပြန်ပြောနေတဲ့ အသံတွေတော့ ကြားနေရတယ်။ ကျွန်တော်လည်း အကိုနဲ့ အမေ့ကြားမှာ ဘာမှဝင်မပြောပဲ ဒီအတိုင်းလေးပဲ နားထောင်နေလိုက်တယ်။ အကို သူ့အိပ်ခန်းထဲ ဝင်သွားတာကို ကျွန်တော်တွေ့လိုက်တယ်။ သိပ်မကြာဘူး ဆိုင်ကယ်အသံနဲ့ အတူ အမေ့ ငိုသံလည်း တိတ်သွားခဲ့တယ်။

အမေလည်း အပြင်ကိုထွက်သွားပင်မဲ့ နေ့လည်စာ စားမဲ့ အချိန်မှာ ပြန်လာပြီး စီစဉ်ချက်ပြုတ်နေပင်မဲ့ ဆိုင်ကယ်အသံနဲ့အတူ ထွက်သွားတဲ့ ကျွန်တော့်အကို ကတော့ ...........။


 ရီနိုမာန်
 

September 1, 2013

Happy Blogger's Day အတွက်

အမှန်တကယ်တော့ ကျွန်တော်ဟာ စာဖတ်မနာတဲ့ အပျော်တမ်းစာရေးသူ တစ်ဦးပါ။ ရီနိုမာန်ဆိုတဲ့ ဘလောဂ့်ကို မလုပ်ခင် ကျွန်တော်ဟာ အွန်လိုင်းမှာ စာဖတ်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။ စာတွေကို လိုက်ရှာဖတ်ရင်း သုတ၊ရသ မဟုတ်တဲ့ ကိုယ်တွေ့လေးတွေကို ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်တော် အလွန်မှ နှစ်သက်ခဲ့ရပါတယ်။ ကျွန်တော်ကိုယ်၌ကလည်း ကိုယ်တိုင်ခံစား သိမြင်တာလေးတွေကို အမှတ်တရ စာအုပ်ထဲမှာ ရေးလေ့ရှိပါတယ်။ အွန်လိုင်းပေါ်မှာ ခုလိုမျိုး ဘလောဂ့်လေး လုပ်ပြီး ရေးလို့ရလိမ့်မယ်လို့ မသိခဲ့ရိုးအမှန်ပါ။ ၂၀၀၉ ခုနှစ် လေးလပိုင်းလောက်မှာ တော့ ဘလောဂ့်ဂါ အကိုတစ်ယောက်( နာမည် မမှတ်မိတော့ပါ ) ရဲ့ ဆိုဒ်ထဲမှာ ဘလောဂ့်လုပ်ပုံလုပ်နည်း လေးတွေကို ကြည့်ပြီး ကျွန်တော့်ရဲ့ ရီနိုမာန် ဘလောဂ့်လေးကို စတင်ခဲ့ပါတယ်။

ကျွန်တော့် ဘလောဂ့်ကို စတင်ခဲ့ပြီးတဲ့ အချိန်ကစလို့ ခုချိန်ထိ မိတ်ဆွေ သူငယ်ချင်း များစွာနဲ့ ခင်မင်ခွင့်ရရှိခဲ့ပါတယ်။ မိတ်ဆွေတွေထဲမှာမှ ခဏတာ မိတ်ဆွေတွေ ရှိခဲ့သလို၊ ထာဝရ မိတ်ဆွေတွေလည်း ယနေ့အချိန်ထိ ရှိနေစဲပါပဲ။ ဘလောဂ့်ရေးတဲ့ စီနီယာ အကို၊ အမတွေ ပြောသလိုပါပဲ ဘလောဂ့်ရေးစဉ်ကာလက တကယ်ကို ပျော်ခဲ့ကြပါတယ်။ တစ်ယောက်အိမ်ကို တစ်ယောက် လည်၊ စကားတွေပြော၊ စကြ နောက်ကြနဲ့ တကယ့်မောင်နှမတွေ လိုဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီအချိန်တုန်းက မျက်နှာစာအုပ် ကိုလည်း ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးတာလည်း ပါမှာပေါ့။ နောက်ပိုင်း မျက်နှာစာအုပ်ကို စိတ်ဝင်းစားလာတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ကိုယ်ပိုင်အိမ်လေး ဖြစ်တဲ့ ဘလောဂ့်လေးတွေလည်း အရောင်မှိန်းခဲ့ရတယ်။ 

မျက်နှာစာအုပ်ကို သုံးရတဲ့အခါ ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်း ရှိပြန်တယ်။ ကောင်းတာတွေကတော့ သတင်းတွေ မြန်မြန် သိခွင့်ရသလို၊ မကောင်းတာကတော့ မဟုတ်တာကို အဟုတ်လုပ်ပြီးပြောနေကြတာကို တွေ့နေရလို့ပါပဲ။ ဒါပင်မဲ့ သူရဲ့ ဆွဲဆောင်အား ဘယ်လောက်တောင် ကောင်းသွားခဲ့ သလဲဆိုရင် ကိုယ်ပိုင်အိမ်လေး ဖြစ်တဲ့ ကိုယ့်ဘလောဂ့်ပေါ်မှာ စာမရေးဖြစ်တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ 

အမှန်တကယ်တော့ စာရေးမကောင်းတဲ့၊ စာဖတ်မနာတဲ့ ကျွန်တော်လို လူက ကျွန်တော့်ကိုယ် ကျွန်တော် ဘလောဂ့်ဂါလို့ ပြောရမှာ အလွန်မှ ရှက်ပါတယ်။ စာရေး အရမ်းကောင်းတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေရဲ့ စာကို ဖတ်ပြီးတဲ့ အချိန်မှာလည်း ကျွန်တော့်အတွက် စာရေးဖို့ဆိုတဲ့ စိတ်ကို ဖြတ်ရိုက်ခံရသလို ခံစားရပါတယ်။ သူတို့လောက် ကောင်းအောင် စာတစ်ပုဒ်လောက် ဖြစ်ဖြစ်မြောက်မြောက် မရေးတတ်တဲ့ ကျွန်တော့်ကို စာရေးသူ ( ဘလောဂ့်ဂါ) လို့  မထင်စေချင်ပါ။ ဘလောဂ့်ပေါ်မှာရေးလို့ ဘလောဂ့်ဂါ တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်တော့ အတွက်တော့ အပျော်တမ်းစာရေးသူ သပ်သပ်သာ ဖြစ်ချင်ပါတယ်။

Happy Blogger's Day အတွက် ရေးခြင်းဖြစ်ပါတယ်။ သို့သော် ကျွန်တော် ဘလောဂ်ဂါ တစ်ယောက် မဟုတ်ပါ။ အပျော်တမ်း စာရေးသူ တစ်ဦးသာ ဖြစ်ချင်ပါသည်။

လေးစားစွာဖြင့် 
ရီနိုမာန် ( Ree Noe Mann )

July 31, 2013

လွမ်းလို့ ရေးသည်

မိဘနဲ့ သားသမီး ဇာတ်လမ်းလေး ကြည့်ပြီးတော့ မရှိတော့တဲ့ အဖေ့ကို သတိရသွားမိတယ်။ ကျနော်တို့ကို အဖေခွဲခွာသွားတာ အခုဆို ၁၁နှစ် ရှိသွားပြီ။ ၁၁နှစ်ဆိုတာ သိပ်မကြာသေးသလိုပါပဲ။ စိတ်ထဲမှာ အဖေ မရှိတော့ဘူး ဆိုတာကို သိနေပင်မဲ့၊ အဖေ အသက်သေဆုံးသွားတယ်ဆိုတာကို အခုထိ လက်ခံလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်မဲ့နေတဲ့ အဖေ့ရဲ့ ခန္ဓာကိုယ်ကို မမြင်တွေ့လိုက်ရလို့ပဲ ထင်မိပါတယ်။ အဖေနဲ့ ပတ်သက်တဲ့ သတိရစေနိုင်တဲ့ အကြောင်းအရာလေးတွေ အများကြီးတော့ မရှိခဲ့ပါဘူး။ ဒါပင်မဲ့ အဖေ့အကြောင်းလေးတွေကို စဉ်းစားကြည့်လိုက်တဲ့ အခါမှာတော့.....။

ကျနော့်ကို တွေ့ဖူးကြတဲ့ လူတိုင်းက အမေတူသားလို့ ပြောကြပါတယ်။ ကျနော် ကိုယ်၌ကလည်း အမေတူပဲ ဖြစ်ချင်ခဲ့တယ်။ အမေတူသား ချမ်းသာတယ်လို့ လူကြီးသူမတွေ ပြောစကားကို ယုံကြည်နေခဲ့မိတာကိုး။ အမှန်တော့ အမေတူတိုင်း၊ အဖေတူတိုင်းလည်း မချမ်းသာဘူးဆိုတာ လောကကြီးထဲကို ဝင်ရောက်လိုက်မိတဲ့ အချိန်မှာ ကောင်းကောင်းနားလည် သွားခဲ့ပါတယ်။ အလုပ်မလုပ်ဘူးဆိုရင်တော့ တူချင်တဲ့ သူနဲ့ ဘယ်လောက်ပဲ တူတူ အလကားပါပဲ။ အဖေက စကားနည်းတယ်။ စိတ်ဆိုး ခဲတယ်။ အရက်မူးရင်တော့ သွေးဆိုးတယ်။ အဲဒီအချက် သုံးချက်မှာ ကျနော်နဲ့မတူတာ တစ်ချက်မှ မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း အပြင်ပုံပန်းသဏ္ဌာန်ကို ကြည့်ရင်းတော့ အမေနဲ့ တူတယ်ဆိုပင်မဲ့ အတွင်းစိတ်က အဖေနဲ့ တစ်ပုံစံထဲပါ။

မရည်ရွယ်ပဲ ကျနော့်ဘဝမှာ အဖေ့ကို သွေးထွက်သံယို ဖြစ်အောင် တစ်ခါလုပ်ခဲ့ဖူးတယ်။ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာမဟုတ်ပင်မဲ့ ကျနော့်ကြောင့် ဆိုတဲ့ အသိကတော့ ခုချိန်ထိ စွဲကပ်နေတုန်းပဲ။ ငါ တစ်ချိန်ပြန်ခံစားရမှာပဲ ဆိုတဲ့ စိတ်က အမြဲလိုလို ခြောက်လှန့်နေတယ်။ ဘယ်လိုအခြေအနေပဲရောက်ရောက် ဝဋ်ရှိရင်တော့ ရှောင်လို့ မရတဲ့ အရာတွေပါပဲ။

မိဘမေတ္တာဟာ ဘာလဲဆိုတာကို သေသေချာချာ မသိပင်မဲ့ မေတ္တာရဲ့ သဘောတရား ရောင်ပြန်ဟပ်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ ကျနော် သိထားတယ်။ ကျနော့်မှာ ဖခင်တစ်ယောက်ရဲ့ စိတ်မရှိသေးပင်မဲ့ မေတ္တာပေးရင်း မေတ္တာ ပြန်ရမယ်ဆိုတာကိုတော့ လက်ခံတယ်။ ဖခင်တစ်ယောက်ရဲ့ ရုန်းကန်းမှုကို ကျနော် အပြစ်တင်ခဲ့ဖူးတယ်။ မိသားစုကို ပြန်မကြည့်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ အဖေ့ကို ပြစ်တင်ဖူးတယ်။ အဖေလည်း မိသားစုတာဝန်ကို နိုင်သလောက် ထမ်းခဲ့တာပါပဲ။ လူငယ်ဖြစ်တဲ့ ကျနော်ကသာ အားမရခဲ့တာ။ မကျေနပ်ခဲ့တာ။ 

ဝဋ် ဆိုတာ နောက်ဘဝ မကူးဘူး ဆိုတဲ့ စကားဟာ သိပ်မှန်တယ်။ အပြစ်တင်စောခဲ့တဲ့ ကျနော်၊ အဖေ့ကို အပြစ်တင်ခဲ့ဖူးတဲ့ ကျနော် ဖခင်ဆိုတဲ့ နေရာက မဟုတ်ပဲ မိသားစုရဲ့တာဝန်ကို ယူကြည့်စမ်းပါ သားရယ်လို့ မပြောရုံ တမယ် သင်ပြပေးသွားခဲ့တယ်။ အဖေ့ရဲ့ တာဝန်ကို ယူလိုက်ရတဲ့ အချိန်မှာ အဖေ့ကို ပိုပြီး နားလည်လာခဲ့တယ်။ အဖေလည်း သူမိသားစုကို ပြည့်ပြည့်စုံစုံနဲ့ ထားချင်ခဲ့မှာပဲ။ သူ့မိန်းမအတွက် သူ့သားသမီးအတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးချင်ခဲ့မှာပဲ။ ဒါတွေကို ကျနော် သိလိုက်ရတဲ့ အချိန်မှာတော့ ကိုယ်တိုင်ဖခင်တစ်ယောက် ဖြစ်ရမှာကို ကြောက်နေမိပြီ။

ရီနိုမာန်   

May 15, 2013

၂၀၁၂ ရဲ့ နောက်ဆုံးခရီး

ကျနော် စာရေးမယ်လို့ စဉ်းစားလိုက်တဲ့ အချိန်မှာ ၂၀၁၂ နှစ်ကုန်ပိုင်းလောက်က သွားထားတဲ့ ခရီးစဉ်တစ်ခုကို သွားသတိရမိတယ်။ သည်ခရီးကို သွားဖို့ အခန်းထဲမှာ ရှိတဲ့ ကျနော့်သူငယ်ချင်း ခုနှစ်ယောက်ကို စည်းရုံးကြည့်တော့ သုံးယောက်က လိုက်မယ်။ လေးယောက်က လိုက်ချင်တယ် ပိုက်ဆံ မရှိဘူးလို့ ငြင်းကြတယ်။ တစ်ယောက်လောက်ဆိုရင်တော့ သဲ့ခေါ်သွားလို့ ရနိုင်ပါသေးတယ်။ ခုတော့ လေးယောက်ကြီးများဆိုတော့ ကျနော်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ သည်လိုနဲ့ ကျနော်အပါအဝင် အခန်းထဲက လေးယောက်။ အပြင်က သူငယ်ချင်း တစ်ယောက်နှင့် သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်။ စုစုပေါင်း ကျနော်တို့  ( ၆ ) ယောက် သွားဖို့ စ၍ စီစဉ်ရပါတော့သည်။

ကျနော်တို့ သွားမယ့် ခရီးစဉ်ကတော့ Indonesia နိုင်ငံရဲ့ ကျွန်းစုများထဲက Batam ဆိုတဲ့ ကျွန်းကို သွားမှာ ဖြစ်ပါတယ်။ သွားဖူးသူတွေရဲ့ ပြောစကားအရတော့ ကျနော်တို့ မြန်မာပြည်ထဲက မှော်ဘီလို မြို့လေးတစ်မြို့သာ ဖြစ်ကြောင်း ပြောတာ ကြားဖူးမိပါတယ်။ သို့သော် မရောက်ဖူးတဲ့ ကျနော်တို့ အတွက်တော့ နေရာသစ် တစ်ခုကို ရောက်ဖူးချင်လို့ သွားတယ်ဆိုလျှင် ပိုမှန်ပါမည်။ သွားရောက်လည်ပတ်ဖို့အတွက် နောက်ထပ်တွန်းအား တစ်ခုကတော့ ခရီးစရိတ် သက်သာလို့ပဲ ဖြစ်ပါသည်။ ခရီးထွက်ဖို့ အတွက် အွန်လိုင်းကနေ တစ်ညအိပ်နှစ်ရက် Tour လက်မှတ် ပထမဆုံးဝယ်ယူရပါတယ်။ လက်မှတ် တစ်စောင်ကို စင်ကာပူဒေါ်လာ ( ၆၉ ) ပေးရပြီး၊ လက်မှတ်တစ်စောင်ရဲ့ ခံစားခွင့်များကတော့ သင်္ဘော အသွား၊အပြန် ( သင်္ဘောဆိပ် မှာ လက်မှတ်ထုတ်တော့ တစ်ယောက်ကို စင်ကာပူဒေါ်လာ  - ၂၇ ထပ်ပေးရပါသည်) ။ နေ့လည်စာ တစ်ကြိမ်။ ရိုးရာ အနိုပ်ခန်း တစ်နာရီ နှင့် ဟိုတယ် တစ်ည ( Included Breakfast )  တည်းခို ခွင့်တို့ပဲ ဖြစ်ပါတယ်။ လက်မှတ် ဝယ်ပြီးတဲ့ အချိန်မှာတော့ တစ်ယောက်ကို စင်ကာပူဒေါ်လာ ၁၅၀ စီစုလိုက်ကြပါတယ်။ ဘာသုံးသုံး၊ ဘာစားစား ဒီအထဲကပဲ သုံးဖို့ ဖြစ်ပါတယ်။

ခရီးထွက်မယ့် မနက်မှာ သင်္ဘော ဆိပ်ကိုရောက်ဖို့ ကျနော်တို့ အိမ်ကနေ အစောဆုံးထွက်လာခဲ့ကြပါတယ်။ သင်္ဘော ဆိပ် မရောက်ခင် ခရီးစဉ်အတွက် အဓိကဖြစ်တဲ့ Passport စာအုပ်ကို အကြိမ်ကြိမ် သတိပေးရပြန်ပါသည်။ သင်္ဘောဆိပ်ကိုရောက်တော့ ကျနော်တို့ သင်္ဘောလက်မှတ်ကို သွားထုတ်လိုက်ပါတယ်။ လက်မှတ် ထုတ်ပြီးတော့ အချိန်ရသေးတာကြောင့် ကျနော်တို့ မနက်စာ ကို အဆင်ပြေတဲ့ ဆိုင်မှာပဲ မှာစားလိုက်ကြပါတယ်။ စင်ကာပူကနေ စထွက်တော့ မနက် ၈ နာရီ ခွဲလောက်ရှိနေပါပြီ။ ကျနော်တို့ သူငယ်ချင်းတွေ စကားတွေ တပြောပြောနဲ့ လုပ်နေလိုက်ကြတာ ၄၅ မိနစ်ဆိုတဲ့ အချိန်က ကုန်မှန်းမသိ ကုန်သွားခဲ့တယ်။ သဘောင်္စက်ရှိန် လျော့လိုက်မှပဲ အပြင်ကို သတိထားကြည့်လိုက်မိကြတယ်။ Batam ကိုရောက်နေပါပြီ။

မြန်မာပတ်စ်ပို့တွေက ပြည်ဝင်ခွင့်ဗီဇာ မလိုပင်မယ့် ကျနော်တို့ အဖွဲ့ထဲမှာ ပါလာတဲ့ ပြည်ကြီးတရုတ် သူငယ်ချင်းတစ်ယောက်ကတော့ On Arriving ဗီဇာအတွက် ဒေါ်လာ ၁၀ ထပ်ပေးလိုက်ရပါတယ်။ သဘောင်္ဆိပ်မှာ လာစောင့်နေတဲ့ Tour Guide နဲ့တွေ့ပြီး သိပ်အကြာကြီး မစောင့်လိုက်ရပါပဲ ခရီးစဉ်ကို စတင်လိုက်ကြပါတယ်။

ပထမဆုံး ကျနော်တို့ကို လိုက်ပို့တာကတော့ ချောကလပ်အိမ်လို့ အမည်ပေးထားတဲ့ ဆိုင်ကို ခေါ်သွားခဲ့ပါတယ်။ ဆိုင်မှာ ရှိတဲ့ ချောကလပ်ဈေးတွေကတော့ စင်ကာပူနဲ့ သိပ်အများကြီး မကွာလှပါဘူး။ မသိမသာ ဆိုရုံ လောက်ပါပဲ။  ဆက်ပြီးတော့ ကျနော်တို့ကို POLO Wearhouse ကို ခေါ်သွားပြန်ပါတယ်။ ကျနော်ကတော့ အစကတည်းက ပိုလိုကို သိပ်မကြိုက်တော့ စိတ်ပါလက်ပါ မကြည့်ဖြစ်ခဲ့ပါဘူး။ ဈေးတွေကို ကြည့်လိုက်ပြန်တော့ ထူးမခြားနားပါပဲ။ ပိုလိုကထွက်တော့ ကျနော်တို့ နေ့လည်စာ စားဖို့ အချိန်ရောက်လာခဲ့ကြပါပြီ။ Tour Company တွေနဲ့ ချိတ်ဆက်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ပါပဲ။ အဲဒီမှာ ကျနော်တို့  နေ့လည်စာ စားကြတယ်။ အစားအသောက်ကို သိပ်ချေးမများတတ်တဲ့ ကျနော့်အတွက်ကတော့ ကောင်းတယ်လည်း မဟုတ် မကောင်းဘူလည်း မဟုတ်ပါဘူး။ စားရတာ အဆင်ပြေပါတယ်ပေါ့။ ဆိုင်ရဲ့ ပတ်ပတ်လည်မှာတော့ ငါးကန်တွေရှိတယ်။ တစ်ချက်ချက် တိုက်ခတ်လာတဲ့ လေရဲ့ အနံ့တွေထဲမှာ ငါးငြီးနံ့က ပါလာတတ်ပါသေးတယ်။ စားသောက်ဆိုင်ရဲ့ အတွင်းထဲမှာ ဇာတ်ခုံလေးတစ်ခုရှိပြီး ရိုးရာ အကများနဲ့လဲ ဧည့်ခံတာကို ကြည့်ခဲ့ရပါသေးတယ်။

ဆက်လက်ပြီးတော့ ကျနော်တို့ ဂိမ်းကစားခွင့် တစ်ခုကိုလည်း ကစားခဲ့ကြပါသေးတယ်။ တစ်ခြားတော့ မဟုတ်ပါဘူး။ တာဝါတိုင် တစ်ခုပေါ်ကိုတက် ခါးပတ်မှာ ကြိုးချိတ်ပြီး တွဲလောင် ဆင်းရတာပါ။ ပထမတော့ ကြောက်နေမိပါသေးတယ်။ ဒါပင်မဲ့ အောက်ရောက်တဲ့ အချိန်မှာ ရင်ခုန်စရာ ဖြစ်ကျန်ခဲ့ရပြန်ပါတယ်။ အဲဒီကနေ ကျနော်တို့ အိမ်လုပ် အင်းဒို ရိုးရာကိတ် ပြုလုပ်တဲ့ အိမ်ကို ရောက်ခဲ့ကြပြန်ပါတယ်။ အဲဒီကနေမှ ဟိုတယ်ကို ပြန်မပို့ပေးခင် ကျနော်တို့ကို ရိုးရာ အနိုပ်ခန်းကို ပို့ပေးခဲ့ပြန်ပါတယ်။ အနိုပ်ခန်းမှာ ၁ နာရီစာ အနိုပ်ခံပြီးတော့ ကျနော်တို့ကို ဆိုင်ရာဆိုင်ရာ ဟိုတယ်ကို လိုက်ပို့ပေးပါတယ်။ ကျနော်တို့ ရွေးထားတဲ့ ဟိုတယ်က မြို့အစွန်းလို့ ပြောလို့ရတဲ့ တောင်ကုန်းပေါ်မှာပါ။ ဟိုတယ်ကို ရောက်တဲ့ အချိန်မှာတော့ ညနေ ၆ နာရီနီးပါးလောက် ရှိနေပါပြီ။ 

ပထမတော့ ကျနော်တို့ ညစာကို အပြင်မှာ ထွက်စားကျဖို့ပါပဲ။ ကျနော်တို့ ဟိုတယ်ကိုရောက်တဲ့ အချိန်မှာတော့ မိုးက တစ်ဖွဲဖွဲ ရွာစပြုနေပါပြီ။ ဒါနဲ့ပဲ ၆ ယောက်သာ တိုင်ပင်ပြီး ဟိုတယ်မှာပဲ ညစာစားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အချိန်က ရသေးတာကြောင့် ဟိုတယ်ရေကူးကန်မှာပဲ ကျနော်တို့ လေးယောက် ရေဆင်းကူးကြတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ရေမကူးပဲ ဓါတ်ပုံလျှောက်ရိုက်နေကြလေရဲ့။

ညနေစာ စားပြီးတော့ ကျနော်တို့ အဖွဲ့ ထမင်းမစားခင်က အတိုင်း နှစ်ဖွဲ့ကွဲသွားကြပြန်ပါတယ်။ ယောက်ျားလေးများအဖွဲ့က ဟိုတယ်မှာ ရှိတဲ့ Barကိုသွားကြတယ်။ ကျန်တဲ့ မိန်းကလေးနှစ်ယောက်ကတော့ ဟိုတယ် SPA မှာ အလှသွားပြင်ကြပါတယ်။ သူတို့ပြောတာတော့ ဈေးသက်သာတယ်တဲ့။ စင်ကာပူထပ် ဈေးအများကြီး သက်သာတယ်လို့ ပြောတာပဲ။ ဒီလိုနဲ့ ကျနော်တို့ရဲ့ တစ်ညအိပ်ခရီးစဉ်ကို မနက် ၃နာရီလောက်မှပဲ အိပ်စက်အနားယူလိုက်ကြပါတော့တယ်။ 

အေးချမ်းစွာ အိပ်စက်အနားယူပြီး ဟိုတယ်ရဲ့ အရသာရှိလှတဲ့ မနက်စာကို ၆ ယောက်သာ အတွဲညီညီနဲ့ အမုန်းစွဲလိုက်ကြပြန်ပါတယ်။ ၁၀နာရီလောက်မှာတော့ သင်္ဘော ဆိပ်ကို လိုက်ပို့ဖို့ ကားရောက်လာပါတယ်။ စင်ကာပူကို ပြန်ရမဲ့ အချိန်လိုနေသေးတာကြောင့် သင်္ဘော ဆိပ်မှာ ရှိတဲ့ Shopping Mall တစ်ခုမှာ  အချိန်ကုန်ဆုံးစေခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ရဲ့ တစ်ညအိပ် နှစ်ရက် ခရီးစဉ်လေးကို သူငယ်ချင်းတွေနဲ့ အတူ ပျော်ရွှင်စွာဖြင့် ကုန်ဆုံးစေခဲ့ပါတယ်။  

April 21, 2013

သည်ဒေသ

အခုတစ်လော စိတ်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ ဒေသတစ်ခုကို အရမ်းသတိရနေမိတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က သည်ဒေသကို ကျနော်ရောက်ခဲ့တယ်။ ၁၀နှစ်နီးပါးလောက် ကျနော်တို့ သည်ဒေသမှာ နေထိုင်အခြေချခဲ့ဖူးတယ်။ သည်ဒေသကို ရောက်တဲ့ အချိန်မှာ လျှပ်စစ်မီးဆိုတာလဲ ကောင်းကောင်း မမြင်ရဘူး။ သည်ဒေသရောက်မှ တပိုင်တနိုင် ဖယောင်းတိုင်လုပ်တဲ့ စက်လေးကိုလည်း မြင်ဖူးရတယ်။  လောပိတရေတံခွန်ကနေသွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်တိုင် ကြီးကြီးမားမားတွေတော့ သည်ဒေသကို ဖြတ်ပြီး ဆောက်ထားတာကို တွေ့ရတယ်။ ဓါတ်တိုင်ကြီးတွေရဲ့ အောက်မှာရှိတဲ့ သည်ဒေသမှာ လျှပ်စစ်မီးမရှိတာကို အထူးတလည် စဉ်းစားနေမိသေးတယ်။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြန်တော့လည်း တောင်တွေက အပြည့်။ တောင်တွေတောင်တွေရဲ့ ထိပ်မှာ ထုံးဖြူဖြူတွေနဲ့ စေတီပုထိုးတွေကလည်း အပြည့်။ သည်ဒေသကို ရောက်မှ တစ်နှစ်စာ မိုးရေလောင်တဲ့ ကန်ကြီးတွေကို တွေ့ဖူးရတယ်။ သည်ဒေသရောက်မှ လက်ဖက် ဘယ်လိုရသလဲဆိုတာ သိလာရတယ်။ သည်ဒေသရောက်မှ သစ်တော်သီးကို အမုန်းစားခဲ့ရတယ်။ သည်ဒေသရောက်မှ ဂျူးမြစ်ဆိုတာ ဘာလဲသိလိုက်ရတယ်။  သည်ဒေသကို ရောက်မှ ဈေးဆိုတာလည်း သွားချင်တိုင်း သွားလို့ မရဘူးဆိုတာကိုလည်း သိလိုက်ရတယ်။ သည်ဒေသကိုရောက်မှ ငါးရက်တစ်ဈေးဖွင့်တဲ့ ရှမ်းခေါက်ဆွဲဆိုင်က ရှမ်းခေါက်ဆွဲကို ကြိုက်တက်နေပြီ။ သည်ဒေသရောက်မှ အပူချိန် အနှုတ်ဒီဂရီရဲ့ အရသာကိုလည်း ကောင်းကောင်းခံစားဖူးရတယ်။ သည်ဒေသကို ရောက်မှ တိုင်းရင်းသား၊သူတွေရဲ့ ရိုးသားမှုကို ကောင်းကောင်းတွေ့ရတယ်။ သည်ဒေသကို ရောက်မှ ဘာသာစကား နှစ်ခုကို လေ့လာခွင့်ရခဲ့တယ်။ သည်ဒေသကို ရောက်မှ ကျနော်ဟာ ချမ်းတက်လာခဲ့တယ်။ သည်ဒေသကိုရောက်မှ ကျနော့်ပါးလေးတွေ နီရဲ လာတယ်လို့ ခံစားရတယ်။ သည်ဒေသကိုရောက်မှ ကျနော် နှုတ်ခမ်းနီ ( အဆီ) ဆိုးတတ်လာခဲ့တယ်။ သည်ဒေသကို ရောက်မှ ဘုရားတည်ဖို့ ကုသိုလ်ဖြစ် အုတ်တွေသယ်ရင်း  တောင်တွေ တတ်ခဲ့ရတယ်။ သည်ဒေသမှာ ကျနော်ချစ်တဲ့ ဆရာမတွေ ရှိတယ်။ သည်ဒေသမှာ အလယ်တန်း၊ အထက်တန်းတွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သည်ဒေသမှာ ကျနော့်ရဲ့ အဖေနဲ့ အစ်ကို့ကို အပ်ထားခဲ့ရတယ်။ နောက်ဆုံး သည်ဒေသကို ကျနော်တို့ စွန့်ခွာခဲ့ရတယ်။ သို့သော် သည်ဒေသကို ကျနော် ချစ်တယ်။ ကျနော် ဒီဒေသကို လွမ်းတယ်။ သည်ဒေသကို ကျနော် တစ်နေ့တော့ အလွမ်းပြေ သွားကြည့်အုံးမယ်။

ပင်လောင်းမြို့ကို ရည်ရွယ်၍ ခံစားရေးပါသည်။

ရီနိုမာန်

April 3, 2013

ကျွန်တော်နှင့် အကျင့်ဆိုး

စာမရေးဖြစ်တာကြာသွားပြီ။ စိတ်ကူးနဲ့ ဇာတ်လမ်းတွေ ရေးနေမိပင်မဲ့ တကယ့်လက်တွေ့မှာ စာတစ်ပုဒ် ထွက်လာဖို့ ကျွန်တော့် ဦးနှောက်က လက်မခံဘူး။ ဒါနဲ့ ကိုယ့်အိမ်လေးကို ပစ်ထားမိသလို ဖြစ်သွားတယ်။ စာဖတ်တဲ့ အခါမှာလည်း ရသစာပေတွေကို ရှာဖတ်တယ်။ တစ်ခါတစ်လေမှာတော့ ရသအပြင် ကိုယ်တွေ့ကို ပိုပြီးသဘောကျမိတယ်။ ကိုယ့် ပတ်ဝန်းကျင် အခြေအနေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အကြောင်း၊ ကိုယ့်အကြောင်းတွေကို ရေးတဲ့စာတွေကို ဖတ်ရတာ ပိုနှစ်သက်မိတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်အကြောင်းကလွဲလို့ စိတ်ကူးယဉ် ဇာတ်လမ်းတွေကို မရေးတတ်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာကြည့်လိုက်တော့ အကြောင်းအရာ တစ်ခုကို သွားတွေ့တယ်။ အဲဒါက ဘာလဲဆိုတော့ အကျင့်ဆိုး ပဲ။

ကိုယ်ကိုတိုင် သတိမထားမိတဲ့ ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို ရေးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ ကိုယ့်ဆီမှာ မကောင်းတဲ့ အကျင့်ဆိုးတွေ မရှိတော့လောက်အောင် ရှာရခက်သွားပါတယ်။ စဉ်းစားစမ်..... စဉ်းစားစမ်း ဦးနှောက်ကို ခိုင်းနေပင်မဲ့ စိတ်က ကျနော့်ကို ပြန်ပြောတာက။ မင်းမှာ အကျင့်ဆိုး တော့မရှိဘူး။ မင်းနဲ့ သဟဇာတ မဖြစ်တဲ့ အကျင့်တွေတော့ ရှိတယ်တဲ့။ ဘာတွေလဲပေါ့။ ကိုယ့်ဖာသာ စဉ်းစားကြည့်မိလိုက်တယ်။ ကျနော် သတိထားလိုက်မိတာက မူးတတ်တဲ့ အကျင့်ပဲ။ ကားနဲ့ပဲ ခရီးသွားသွား၊ ရထားနဲ့ပဲ သွားသွား၊ လေယာဉ်ပဲ စီးစီး ခေါင်းမူးတတ်တဲ့ အကျင့်က ဟိုးငယ်ငယ်လေးကတည်းက ခုချိန်ထိပဲ။ ငယ်ငယ်ကဆို ခရီးသွားရမှာ ကျွန်တော် အရမ်းကြောက်တာ။ အဲဒီ ခေါင်းမူးတဲ့ ဒဏ်ကို မခံချင်လို့။ ခရီးသွားတာကို နှစ်သက်လာတဲ့ အခါကျတော့ ကားမူးတဲ့ ဒဏ်ကိုခံနိုင်ဖို့ ဆေးတွေ ဆောင်ရတယ်။ ကြားဖူးနားဝ ရှိခဲ့ဖူးတဲ့ ( ဗိုက် )ချက်မှာ တိပ်ကပ်ရတယ်ဆိုတဲ့ ကိစ္စတွေကို လုပ်လာမိတယ်။ ခရီးမသွားခင် ဆေးဝယ်ရတာနဲ့ တိပ်ရှာရတွေဟာ အလုပ်တစ်ခုလို ဖြစ်လာတော့ ကျနော် သဘောမကျမိတော့ဘူး။ ဘာကြောင့် မူးရတာလဲဆိုတဲ့ အကြောင်းအရင်းကို ကျနော် ရှာကြည့်မိတယ်။ 

အမှန်တကယ်တော့ ကျနော်ခေါင်းမူးရတဲ့ အကြောင်းအရင်းက လေ ကြောင့်ပဲ။ လေ မရလို့ ခေါင်းမူးတာ။ အဲဒီ လျှိုဝှက်ချက်ကို သိသွားတဲ့ နောက်ပိုင်းမှာ ကျနော် ဘယ်ခရီးကိုပဲ သွားသွား အလွယ်တကူ လေရနိုင်မဲ့ ပြတင်းပေါက် ဘက်အခြမ်းမှာပဲ ထိုင်ဖြစ်တော့တယ်။ ပြတင်းပေါက်ပါတဲ့ အခြမ်းကတော့ ကားပေါ်မှာ ရထားပေါ်မှာကတော့ အရေးမကြီးဘူးပေါ့။ လေယာဉ်ပေါ်မှာတို့၊ နိုင်ငံခြားက အဝေးပြေးကားတွေပေါ်မှာကျတော့ ပြတင်းပေါက်ကို စိတ်တိုင်းကျ ဖွင့်လို့မှ မရတာ။ ပြတင်းပေါက်ဖွင့်လို့ မရတဲ့ နေရာတွေကျတော့ လေရနိုင်မဲ့ နေရာကို အသဲအသန်ရှာရပါတော့တယ်။ အဲဒီအချိန်မှာတော့ လေကောင်းလေသန့် ဖြစ်ဖို့ထက် လေဖြစ်ဖို့သာ အဓိကကျတော့တယ်။ အဲကွန်က ထွက်လာတဲ့ လေးကို ကျနော့်နှာခေါင်းနားက ဖြတ်သန်းသွားဖို့ ကျနော် ကြိုးစားရပါတယ်။ မဟုတ်ရင် ကျနော်ဟာ ဆန်ပြုတ်ထုတ်လုပ်တဲ့ လုပ်ငန်းကို လိုင်စင်မလိုပဲ လုပ်ကိုင်ခွင့် ရသွားနိုင်ပါတယ်။

ဒါကတော့ ကျနော့ရဲ့ အကျင့်ဆိုးတွေထဲက တစ်ခုပါ။ နောက်ထပ် အကျင့်ဆိုးများကို ရှာကြံပြီး ကိုယ့်လှန် ကိုယ်ပေါင် ထောင်း.. အဲမှားလို့။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ပါအုံးမယ်။

ရီနိုမာန်

January 6, 2013

ခဏတော့ ပြန်ရအုံးမယ်

ကိုယ်ခြေထောက်မှာ ဗွေပါမှန်း သတိထားခဲ့မိတာ တော်တော်ကြာပြီလို့ ဆိုရမယ်။ တစ်နေရာတည်းမှာ ကြာကြာမနေချင်တာကိုက ပင်ကိုဗီဇ ဖြစ်နေပြီ။ ၂၀၁၃ နှစ်သစ်ရဲ့ ပထမဆုံးရက်ကို ကြိုဆိုလိုက်ကြတာ ကိုယ်တို့တွေ မနက် ငါးနာရီကိုထိုးရော။ နှစ်သစ်မရောက်ခင် ရက်တွေကတည်းက ညညဆို အိပ်မပျော် ဖြစ်နေခဲ့တာ ရက်သတပတ်လောက် ရှိနေခဲ့တာ။ သတိမထားမခဲ့ဘူး။ ဒီလိုနဲ့ နှစ်သစ်ရဲ့ ပထမဆုံးရက်မှာပဲ ကိုယ်တို့တွေ မလေးရှားကို သွားလည်ခဲ့ကြတယ်။ စင်ကာပူနဲ့ မလေးရှား ( ဂျိုဟို) ကတော့ ကိုယ့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ ဗီဇာ တစ်ခါတင်ထားလိုက်ရင် သက်တမ်းတစ်နှစ်ရတယ်။ ဘယ်ရမလဲ ကိုယ်ကလည်း တန်အောင်ကို သွားတာ။ ဗီဇာကြေးကလည်း မြင့်သထက်မြင့်လာပြီးကိုး။ 

မလေးရှား ခဏခဏသွားလို့ အထင်လည်း မကြီးလိုက်နဲ့အုံး။ ကိုယ်က ပိုက်ဆံရှိလည်း သွားတယ်။ မရှိလည်း သွားတယ်။ လက်ထဲမှာ စင်ကာပူ ၁၀ လောက်ပဲ ရှိအုံး ကိုယ့်အတွက်က အဆင်ပြေတယ်။ ဒါကြောင့်လည်း ခဏခဏဆိုသလို သွားဖြစ်နေတာ။ ဒါကတော့ ၂၀၁၃ရဲ့ ပွဲဦးထွက် ခရီးလို့ ပြောလို့ရတယ်။ ဒုတိယခရီးအနေနဲ့ အခွင့်အရေးနှစ်ခု ကိုယ်ရခဲ့တယ်။ ရွေးချယ်ခွင့်က တစ်ခုပဲ ရှိတယ်။ နှစ်ခုကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့် မရှိခဲ့ဘူး။ ဒါပင်မဲ့ ကိုယ်ရွေးချယ်လိုက်တဲ့ တစ်ခုကတော့ မကောင်းဖြစ်နေစေအုံးတော့ ကိုယ် ကျေကျေနပ်နပ်ကို လက်ခံတယ်။ 

ရွေးချယ်စရာ အခွင့်အရေးနှစ်ခုက ဘာလဲဆိုတော့ တစ်ခုက အလုပ်ကိစ္စနဲ့ အင်းဒိုးနီးရှားကို တစ်လလောက်သွားရမယ်။ နောက်တစ်ခုကတော့ တစ်ရုတ်နှစ်ကူးမှာ ကိုယ် အမေ့ဆီကို ခွင့်၁၀ရက်နဲ့ ပြန်ရမယ်။ ကိုယ်ပြန်မဲ့ ခွင့်၁၀ရက်က အလုပ်ကိစ္စတစ်လအတွင်းထဲမှာ ညှိနေတယ်။ ရွေးဖို့တစ်လမ်းပဲ ရှိတယ်။ ကိုယ် ဘာလုပ်ရမလဲ။ ကိုယ်ဘာလုပ်သင့်လဲ။ ကိုယ့်အနေနဲ့ အလုပ်ဖက်ကို သွေးတိုးစမ်းကြည့်သေးတယ်။ ရလာတဲ့ အဖြေက ဓါးသွားပေါ်မှာ လက်လျှောက်ရမဲ့ အဖြစ်။ ဒါနဲ့ ကိုယ်လည်း ဒုတိယ ခရီးစဉ်ကိုပဲ ရွေးလိုက်တယ်။ ဒုတိယ ခရီးစဉ်အတွက် ဒုတိယလမ်းကြောင်းကို ကိုယ်ရွေးလိုက်တဲ့ အချိန်မှာပဲ ကိုယ့်ရဲ့စိတ်တွေ လွတ်လပ်ပေါ့ပါးသွားရသလို ခံစားလိုက်ရတယ်။ ဘာကြောင့်လဲ....။ ကိုယ်ချစ်တဲ့ ကိုယ့်အမေရင်ခွင်ထဲမှာ တစ်ပတ်လောက်ပဲ နေရစေအုံးတော့ ကိုယ်ကျေနပ်တယ်။ အရာရာနဲ့ ကိုယ် လဲနိုင်တယ်။

ကိုယ် အင်းဒိုကိုသာ သွားခဲ့မယ်ဆိုရင် ဘာသုံးသုံး ဘာစားစား ဘယ်သွားသွား အလကားမတ်တင်းနဲ့ သွားရမှာ။ ခုတော့ မြန်မာပြည်ကို ပြန်ဖို့ ကိုယ်လက်မှတ်တွေ ဝယ်နေရပြီ။ ဟိုရောက်ရင် သုံးဖို့ ကိုယ်ပိုက်ဆံတွေ စုနေရပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်ပျော်ပါတယ်။ မြန်မာပြည်မှာ မနေချင်တာ မှန်းပင်မဲ့ မြန်မာပြည်ကို ကိုယ်ချစ်ပါတယ်။ မြန်မာပြည်ကို ချစ်တာထက် မြန်မာပြည်အတွင်းထဲမှာ ရှိတဲ့ ကိုယ်တို့ အိမ်လေးကို ကိုယ်အရမ်းခင်တွယ် မက်မောတယ်။ အဲဒီ အိမ်လေးကိုရောက်ရင် ကိုယ့်ချစ်တဲ့ အမေရှိမယ်။ ကိုယ်ချစ်တဲ့ ညီမလေးနဲ့ ကိုယ့်အကိုကမွေးတဲ့ တူလေးတစ်ယောက်ရှိမယ်။ ကိုယ်အိမ်ပတ်ဝန်းကျင်မှာ ရိုးသားတဲ့ ကရင်တိုင်းရင်သားမိသားစု အိမ်လေးတွေ ရှိမယ်။ ကိုယ်အိမ်ပြန်ရောက်နေမှန်း သိရင် ပကာသနမပါတဲ့ အသံကျယ်ကျယ်လောင်လောင်နဲ့ လှမ်းနှုတ်ဆက်ကြမယ်။ ပြီးရင် ငရုတ်သီးစိမ်းတွေထောင်းထည့်၊ ပြုတ်ထားတဲ့ ငါးသေးသေးလေးတွေကို ထည့်ထားတဲ့ ငပိရည်နဲ့ ကိုယ့်ကို ထမင်းခေါ်ကျွေးမဲ့ ရိုးသားတဲ့ ကရင်မိသားစုကိုလည်း ကိုယ်ချစ်တယ်။

ပြီခဲ့တဲ့ ၂၀၁၂ကတော့ ကိုယ်တစ်လ ခွင့်ရခဲ့လို့ ပြန်ခဲ့ရပြီးပြီ။ ဒီနှစ်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ရတာ။ အသွားအပြန် ၁၀ ရက်ဆိုတော့ အိမ်မှာ နေရမဲ့ရက်က ၇ ရက်လောက်ပဲရှိတယ်။ ဒီကြားထဲ ကိုယ်က ကျိုက်ထီးရိုး ဘုရားဖူးချင်သေးတာ ဆိုတော့ အချိန်က အနောက်က ကျားလိုက် သလို ဖြစ်မှာတော့ မြင်ယောင် ပါသေးတယ်။ ဒါပင်မဲ့ မတက်နိုင်ဘူး။ ကိုယ်ချစ်တဲ့ အမေ့ရင်ခွင်ထဲမှာ တစ်ရက်ပဲရရ၊ နှစ်ရက်ပဲ ရရ ကိုယ်နေချင်သေးတယ်။ နောက်လ ဒီလိုနေ့ရက် ဒီလိုအချိန်( မြန်မာပြည်အချိန်) ဆိုရင် ကိုယ်က အမေ့ဆီကို ရောက်ရှိနေမယ်ဆိုတာ သေချာသွားပါပြီ။

လေးစားစွာဖြင့်
ရီနိုမာန်