April 3, 2013

ကျွန်တော်နှင့် အကျင့်ဆိုး

စာမရေးဖြစ်တာကြာသွားပြီ။ စိတ်ကူးနဲ့ ဇာတ်လမ်းတွေ ရေးနေမိပင်မဲ့ တကယ့်လက်တွေ့မှာ စာတစ်ပုဒ် ထွက်လာဖို့ ကျွန်တော့် ဦးနှောက်က လက်မခံဘူး။ ဒါနဲ့ ကိုယ့်အိမ်လေးကို ပစ်ထားမိသလို ဖြစ်သွားတယ်။ စာဖတ်တဲ့ အခါမှာလည်း ရသစာပေတွေကို ရှာဖတ်တယ်။ တစ်ခါတစ်လေမှာတော့ ရသအပြင် ကိုယ်တွေ့ကို ပိုပြီးသဘောကျမိတယ်။ ကိုယ့် ပတ်ဝန်းကျင် အခြေအနေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အကြောင်း၊ ကိုယ့်အကြောင်းတွေကို ရေးတဲ့စာတွေကို ဖတ်ရတာ ပိုနှစ်သက်မိတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်အကြောင်းကလွဲလို့ စိတ်ကူးယဉ် ဇာတ်လမ်းတွေကို မရေးတတ်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာကြည့်လိုက်တော့ အကြောင်းအရာ တစ်ခုကို သွားတွေ့တယ်။ အဲဒါက ဘာလဲဆိုတော့ အကျင့်ဆိုး ပဲ။

ကိုယ်ကိုတိုင် သတိမထားမိတဲ့ ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို ရေးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ ကိုယ့်ဆီမှာ မကောင်းတဲ့ အကျင့်ဆိုးတွေ မရှိတော့လောက်အောင် ရှာရခက်သွားပါတယ်။ စဉ်းစားစမ်..... စဉ်းစားစမ်း ဦးနှောက်ကို ခိုင်းနေပင်မဲ့ စိတ်က ကျနော့်ကို ပြန်ပြောတာက။ မင်းမှာ အကျင့်ဆိုး တော့မရှိဘူး။ မင်းနဲ့ သဟဇာတ မဖြစ်တဲ့ အကျင့်တွေတော့ ရှိတယ်တဲ့။ ဘာတွေလဲပေါ့။ ကိုယ့်ဖာသာ စဉ်းစားကြည့်မိလိုက်တယ်။ ကျနော် သတိထားလိုက်မိတာက မူးတတ်တဲ့ အကျင့်ပဲ။ ကားနဲ့ပဲ ခရီးသွားသွား၊ ရထားနဲ့ပဲ သွားသွား၊ လေယာဉ်ပဲ စီးစီး ခေါင်းမူးတတ်တဲ့ အကျင့်က ဟိုးငယ်ငယ်လေးကတည်းက ခုချိန်ထိပဲ။ ငယ်ငယ်ကဆို ခရီးသွားရမှာ ကျွန်တော် အရမ်းကြောက်တာ။ အဲဒီ ခေါင်းမူးတဲ့ ဒဏ်ကို မခံချင်လို့။ ခရီးသွားတာကို နှစ်သက်လာတဲ့ အခါကျတော့ ကားမူးတဲ့ ဒဏ်ကိုခံနိုင်ဖို့ ဆေးတွေ ဆောင်ရတယ်။ ကြားဖူးနားဝ ရှိခဲ့ဖူးတဲ့ ( ဗိုက် )ချက်မှာ တိပ်ကပ်ရတယ်ဆိုတဲ့ ကိစ္စတွေကို လုပ်လာမိတယ်။ ခရီးမသွားခင် ဆေးဝယ်ရတာနဲ့ တိပ်ရှာရတွေဟာ အလုပ်တစ်ခုလို ဖြစ်လာတော့ ကျနော် သဘောမကျမိတော့ဘူး။ ဘာကြောင့် မူးရတာလဲဆိုတဲ့ အကြောင်းအရင်းကို ကျနော် ရှာကြည့်မိတယ်။ 

အမှန်တကယ်တော့ ကျနော်ခေါင်းမူးရတဲ့ အကြောင်းအရင်းက လေ ကြောင့်ပဲ။ လေ မရလို့ ခေါင်းမူးတာ။ အဲဒီ လျှိုဝှက်ချက်ကို သိသွားတဲ့ နောက်ပိုင်းမှာ ကျနော် ဘယ်ခရီးကိုပဲ သွားသွား အလွယ်တကူ လေရနိုင်မဲ့ ပြတင်းပေါက် ဘက်အခြမ်းမှာပဲ ထိုင်ဖြစ်တော့တယ်။ ပြတင်းပေါက်ပါတဲ့ အခြမ်းကတော့ ကားပေါ်မှာ ရထားပေါ်မှာကတော့ အရေးမကြီးဘူးပေါ့။ လေယာဉ်ပေါ်မှာတို့၊ နိုင်ငံခြားက အဝေးပြေးကားတွေပေါ်မှာကျတော့ ပြတင်းပေါက်ကို စိတ်တိုင်းကျ ဖွင့်လို့မှ မရတာ။ ပြတင်းပေါက်ဖွင့်လို့ မရတဲ့ နေရာတွေကျတော့ လေရနိုင်မဲ့ နေရာကို အသဲအသန်ရှာရပါတော့တယ်။ အဲဒီအချိန်မှာတော့ လေကောင်းလေသန့် ဖြစ်ဖို့ထက် လေဖြစ်ဖို့သာ အဓိကကျတော့တယ်။ အဲကွန်က ထွက်လာတဲ့ လေးကို ကျနော့်နှာခေါင်းနားက ဖြတ်သန်းသွားဖို့ ကျနော် ကြိုးစားရပါတယ်။ မဟုတ်ရင် ကျနော်ဟာ ဆန်ပြုတ်ထုတ်လုပ်တဲ့ လုပ်ငန်းကို လိုင်စင်မလိုပဲ လုပ်ကိုင်ခွင့် ရသွားနိုင်ပါတယ်။

ဒါကတော့ ကျနော့ရဲ့ အကျင့်ဆိုးတွေထဲက တစ်ခုပါ။ နောက်ထပ် အကျင့်ဆိုးများကို ရှာကြံပြီး ကိုယ့်လှန် ကိုယ်ပေါင် ထောင်း.. အဲမှားလို့။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ပါအုံးမယ်။

ရီနိုမာန်

5 comments:

အမ်တီအန် said...

အဲ့ဒီအကျင့်ဆိုးက အစ်မမှာလဲရှိတယ်။ သားပြည့်မှာရောပဲ။ ခရီးရှည်မပြောနဲ့ နာရီဝက်လောက် ကားစီးရရင်ကို မူးချင်နေပြီ။ ဒီတော့ ခရီးမသွားခင် ရင်ပြည့်နိုင်တဲ့ အစားအစာ၊ ကော်ဖီ၊ လက်ဖက်ရည်တွေ ရှောင်၊ အမူးပြေဆေး ကြိုသောက်၊ တစ်ခါ သူငယ်ချင်းတစ်ယောက် အကြံပေးတဲ့အတိုင်း ချက်မှာ ပလာစတာကပ်.. :) ဆန်ပြုတ်များထွက်လာရင် အဆင်သင့်ဖြစ်အောင် ကြွပ်ကြွပ်အိတ်တွေ ထည့်သွား၊ ကားလက်မှတ်ဝယ်ရင် ပြူတင်းပေါက်
လေတဟူးဟူးနေရာ ရွေးနဲ့ ကြိုတင်ပြင်ဆင်ရတာ။ အင်မတန်မှ အဲ့ဒီအကျင့်ဆိုးအတွက် ကိုယ်ချင်းစာနာမိပါတယ်..။

ညိမ်းနိုင် said...

ကျွန်တော်ငယ်ငယ်ကလည်း အဲ့တိုင်းပဲရယ်...၊၁နာရီခရီး
လောက်သွားတာတောင် ဆြာဝန်ဆီအရင်ဝင်ပြီး ဆေး
ဝယ်ရတဲ့ဘဝရယ်...၊ဒါပေမယ့် အသက်၂၀လောက်ကစ
လို့ ကားမမူးတော့တာ ခုထိပဲဗျ...။

~ဏီလင်းညို~ said...

တော်တော်များများ ဖြစ်တတ်ကြတာပဲ။
ကိုယ်တွေလည်း ဖြစ်ဖူးပါတယ်။
ကြီးလာတော့ အိုကေသွားတယ်...
ကိုရီနိုက ခုထိဆိုတော့ ကိုယ်ချင်းစာပေးလို့ရတယ်...
သိပ်ခံရခက်တာကိုး...
နောက်ထပ် အကျင့်ဆိုးလေးတွေ ရေးပါဦး...

ရွှင်လန်းစွာ ခရီးတွေ သွားနိုင်ပါစေရယ်ဗျာ...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

Aunty Tint said...

ငယ်ငယ်ထဲက တီတင့်ဖေဖေက မကြာခနဆိုသလို နယ်ပြောင်းရလွန်းတော့ ကား ရထား သင်္ဘော စီးရတာများပြီး ခံနိုင်ရည်ရှိနေတယ် ရီနိုရေး)
နောက်ထပ်အကျင့်ဆိုးလေးတွေ သီကုံးရင်း ဘလော့လေးကိုအသက်သွင်းနိုင်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဝါးဟားးးးးးး said...

ကျွန်တော်ကရထားစီးရင်မူးတယ်