August 20, 2010

တစ်ခါတစ်ခါ ..... ..... .....


တစ်ခါတစ်ခါ နင့်ကို သတိရတယ်။

တစ်ခါတစ်ခါ နင့်ကို လွမ်းတယ်။

တစ်ခါတစ်ခါ နင်နဲ့ တူတူရှိခဲ့တဲ့
အချိန်တွေကို ပြန်တမ်းတမိတယ်။

တစ်ခါတစ်ခါ ငါ့လက်ကိုတွဲပြီး
စကားတွေ ပြောနေတဲ့ နင့်ကို
ပြန်မြင်ယောင်မိတယ်။

တစ်ခါတစ်ခါ ငါ့ဆုံးဖြတ်ချက် အတွက်
ငါ့ကိုငါ မုန်းမိတယ်။

တစ်ခါတစ်ခါ နင့်ကို ငါ ဘယ်လောက်ချစ်လဲ
ဆိုတာ ပြောပြောနေမိတယ်။

တစ်ခါတစ်ခါ ငါ့ရင်ဘတ်ထဲနင်မရှိတော့တာ...။

တစ်ခါတစ်ခါ နင့်ကိုလွမ်းလို့ ငါငိုနေခဲ့မိတာ....။

တစ်ခါတစ်ခါ ...... ...... ..... ...... .....။


လေးစားစွာဖြင့်
ရီနိုမာန်

August 17, 2010

ဘဝ ဆိုတာ အမှတ်တရ တစ်ခုပါ

ပင်လောင်းကိုရောက်တော့ ကိုယ်က ၆တန်းပဲရှိသေးတယ်။ ကိုယ် ၆တန်း၊ ရတန်း နှင့် ၈တန်းကို ကိုယ်တို့တပ်နဲ့ နီးတဲ့ ရင်းမှီး (အလက) မှာပဲနေခဲ့တယ်။ မြို့ထဲမှာတော့ အထက ရှိတယ်။ အမေက စိတ်မချလို့ မြို့ထဲကျောင်းမှာ သွားမနေရဘူး။ ကိုယ့်ကံကိုက မကောင်းတာပါ။ တပ်တွေတိုင်းမှာတော့ မူလတန်းလောက်ထိတော့ ရှိတာများတယ်။ လေးတန်းအောင်သွားရင်တော့ ဘာပဲပြောပြော မြို့ထဲကျောင်းလောက်တော့ နေရတော့မယ်ပေါ့။ စိတ်ကူးပဲဖြစ်ခဲ့တာ ၈တန်းအောင်တဲ့ အထိ အိမ်နဲ့နီးတဲ့ ကျောင်းတွေမှာပဲ နေခဲ့ရတာများတယ်။

လေးတန်းအောင်လို့ ငါးတန်းတက်ရင်တော့ မြို့ထဲကျောင်းတော့ နေရတော့မှာပဲ လို့စိတ်ထဲတွေးကာရှိသေးတယ်။ ကိုယ်တို့ပြောင်းတဲ့တပ်မှာ အလက ထိရှိနေပြန်ရော။ ခုလည်း ကိုယ်သဘောအရဆို မြို့ထဲကျောင်းပဲနေမယ်လို့ အမေကိုပူဆာလို့ရတယ်။ ကိုယ်နဲ့ သူငယ်ချင်းဖြစ်လာမဲ့ ကိုယ့်သူငယ်ချင်းကောင်မလေးရဲ့ အမေက ကျောင်းဆရာမဖြစ်နေတော့ သူရောက်တဲ့ ကျောင်းပဲ လိုက်တက်ရမယ်ဆိုတာကြောင့် တပ်နဲ့နီးတဲ့ ရင်းမှီင်္းမှာပဲ နေခဲ့ရတယ်။

ကိုယ့်သူငယ်ချင်း နာမည်က မေမွန်တဲ့ အပြည်အစုံကတော့ လေးလုံးပေါ့။ နောက်မှာ သူ့အဖေရဲ့နာမည်ပါတယ်။ ညီအစ်မ သုံးရောက်ရှိတယ်။ သုံးယောက်လုံးချောချော လေးတွေ။ ကိုယ့်သူငယ်ချင်းမို့ပြောတာမဟုတ်ဘူး။ အားလုံးထဲမှာ ကိုယ့်သူငယ်ချင်းက အချောဆုံးပဲ။ ကိုယ်နဲ့ မေမွန်နဲ့က ၆ တန်းစတက်ကတည်းက တူတူ ၈တန်းအောင်တဲ့ အထိပဲ ဆိုပါတော့။ မေမွန်က စာတော်တယ်။ သုံးနှစ်လုံး အတန်းထဲမှာ ပထမပဲ။ စာကျက်အားနည်းတယ်။ စာအလွတ် ရလွယ်တယ်။ ကိုယ်ကတော့ ဦးနှောက် သူလောက်မကောင်းဘူး။

ကိုယ်တို့ ၆တန်းနှစ်မှာ အတန်းတိုင်းမှာ ပထမရလာတဲ့ ပအိုဝ်လေး တစ်ယောက်ရှိတယ်။ မေမွန်ရောက်လာတော့ သူက အဆင့် နှစ် ဖြစ်သွားတယ်။ နောက်ထပ် ကိုယ့်သူငယ်ချင်း တစ်ယောက်ထပ်ရောက်လာတော့ ပအိုဝ်လေးက သုံး ဖြစ်သွားပြန်တယ်။ ဆရာမတွေက သူကိုမေးတော့ ကျွန်တော် လည်း ကြိုးစားပဲ ရမှမရတာတဲ့ လေ။

ကိုယ်တို့ သုံးနှစ်လုံးလုံး ကျောင်းသွား ကျောင်းပြန် အတူတူ၊ ထမင်းစား အတူတူ၊ စာကျက်လည်း အတူတူဆိုပင်မဲ့ တကယ့်ကို မောင်နှမတွေလိုပါပဲ။ အမြဲတမ်း အဆင်ပြေနေတယ် ဆိုတာတော့ မရှိဘူးပေါ့။ တစ်ခါခါလည်း ရန်ဖြစ်ကြတာရှိတာပဲ။ ၈တန်းအောင်တော့ ကိုယ်တို့ကွဲသွားကြတာ ခုချိန်ထိပဲ ဆိုပါတော့။

ကိုယ် ၇တန်းနှစ်မှာ မှတ်မှတ်ရရ အလုပ်နှစ်ခုကို လုပ်ဖြစ်ခဲ့တယ်။ ပထမ အလုပ်ကို အခုချိန်ပြန်တွေးရင် ရှက်စရာလို့ထင်ပင်မဲ့ အမှတ်တရတော့ ဖြစ်ခဲ့တာအမှန်။ ဆိုင်းသံကြားရင်မနေနိုင်တာ ကိုယ့်ရဲ့ အကျင့်ဘဲလို့ ပြောရမလားပဲ။ အမေနဲ့ တူလို့လာတော့ မပြောတက်ဘူး ( အမေ့ကို အပြစ်တွေ ပုံချမိလိုက်ပြီ)။ က တာကို အရမ်းဝါသနာပါခဲ့တာ။ ကိုယ့်အဖေ မူးလာရင် ကိုယ်က အဖေကို အမြဲ ကပြရတာ။

ဒီလိုနဲ့ သင်္ကြန်တစ်နှစ်ရောက်တော့ ကိုယ့်အဖေ တပ်ခွဲက ယိမ်းတစ်ဖွဲ့ထွက်ရမယ်။ ယိမ်းတစ်ဖွဲ့ကို အနည်းဆုံး၈ယောက်ဖြစ်ရမယ်။ ရဲဘော်ကတော်တွေထဲက ကတက်တဲ့ လူတွေကို စုလိုက်တော့ ၆ယောက်ပဲ ရှိတယ်။ ပထမတော့ ရှိသလောက်နဲ့ ထွက်မယ်ပေါ့။ ၆ယောက်နဲ့ ယိမ်းစတိုက်ကြတယ်။ ယိမ်းတိုက်ကြတယ်ဆိုတော့ ကိုယ်တို့လည်း အဖေနဲ့ လိုက်ပြီးသွားကြည့်တာပေါ့။

သွားကြည့်ဖို့လိုက်သွားရာကနေ နောက်ဆုံး စင်ပေါ်ရောက်တဲ့ အထိပါပဲ။ (ဓါတ်ပုံတွေ့ဖူးသူများလည်း တွေ့ဖူးပါသည်။ ) ဒါက မှတ်မှတ်ရရ တစ်သက်တစ်ကိုယ် တစ်ခါပဲ လုပ်ဖြစ်ခဲ့တာပါ။ စင်အောက်ရောက်တော့ တပ်ရင်းမှူးကတော်က ရပ်စောင့်နေပြီးကိုယ်ကို ဆူလိုက်တဲ့ ဖြစ်ခြင်းပေါ့။ အမှန်တကယ်လည်း သူမသိလိုက်ပါဘူး။ သိလိုက်ရင်လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကိုယ်က ယိမ်းတိုက်နေတာတော့ တပ်ကလူတွေ ကြားတယ်။ ကူညီတယ်လို့ပဲ ထင်ကြတာပေါ့။ စင်ပေါ်လည်းရောက်ရော အောက်က လူတွေက ဟား ကနဲ ... ဟင် ကနဲ့ပေါ့။

ဒိုင်းလူကြီးလုပ်တဲ့ မြို့ထဲက လူကြီးတွေတောင် ဒါက ဘယ်သူ့ သမီးလေးလဲလို့ မေးကြတဲ့ အဖြစ်ပေါ့။ (ဟားဟား ဘယ်အချိန်တွေးတွေး ရယ်ချင်စရာပါပဲ ) မှတ်မှတ်ရရ အမှတ်တရပါပဲ။ သင်္ကြန်ပြီးတော့ ကျောင်းတွေ ပြန်မဖွင့်ခင်မှာ တပ်တွင်း စုပေါင်းရှင်ပြုအလှူမှာ ကိုယ် ကိုရင် ဝတ်ဖြစ်တယ်။ ဒါကဒုတိယ အမှတ်တရပေါ့။ ကိုယ်ကိုရင်လူထွက်တော့ ကိုယ့်နာမည်က တစ်မျိုးဖြစ်သွားပြန်တယ်။ ကြားကြားချင်တော့ စိတ်ဆိုးမိပေမဲ့ ကိုယ်ကိုချစ်လို့ ခေါ်တာပဲလို့ မှတ်ပြီး ဘာမှကို မပြောတော့တာ။ ခေါ်ပုံကိုလည်း ကြည့်အုံးလေ ..... မယ်သီလ ...တဲ့။

သုံးနှစ်ဆိုတဲ့ ကာလဟာ တော်တော်လေးကိုကြာခဲ့ပါတယ်။ ကျောင်းက ဆရာမတွေနဲ့ ကိုယ်နဲ့ ဆိုတာကလည်း ဆရာနဲ့တပည့် ဆိုတာထက် မောင်နှမသားအမိလိုပါပဲ။ ကိုယ်တို့ကျောင်းဝန်းထဲမှာ ဆရာမတစ်ယောက်က အိမ်ဆောက်ပြီးနေတယ်။ ဒုတိယကျောင်းအုပ်ပေါ့။ တစ်နေ့ ကိုယ်နဲ့ ထမင်းတူတူစားတဲ့ကိုယ့် သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ထားလို့ ထမင်းဘယ်မှာ သွားစားရမှန်း မသိဖြစ်နေတဲ့ အချိန် အရဲစွန့်ပြီး ဆရာမတို့အိမ်မှာ လိုက်စားမယ်လို့ပြောလိုက်ရကာအစ ဆရာမရဲ့အိမ်ဟာ ကိုယ့်ရဲ့စားအိမ်သောက်အိမ် ဖြစ်လာတော့တာပါပဲ။

ကိုယ်ဟာ သူတစ်ပါးကို ရိုင်းရိုင်းပြပြ မဆက်ဆံတက်တဲ့ အကျင့်ကြောင့် ဆရာမတွေရဲ့ ဂရုစိုက်မှုကိုလည်း ကိုယ်ရခဲ့တယ်။ ငယ်ငယ်လေးတည်းက မိဘမပါပဲ ခရီးမသွားခဲ့ဖူးပင်မဲ့ ဆရာမနဲ့ ခင်မင်လာတဲ့ နောက်ပိုင်း ဆရာမတို့ အမျိုးတွေရှိတဲ့ ကလောကို ဒီဇင်ဘာ ခရစ်စမတ်ရောက်တိုင်း လိုက်လည်ခွင့် ရခဲ့တယ်။ ဆရာမက ခရစ်ယာန်ဘာသာ ကိုးကွယ်တော့ ခရစ်စမတ်ရောက်ရင် အမြဲပြန်တယ်။ ကလောကို နာမည်သာ ကြားဖူးနေပင်မဲ့ မရောက်ဖူးတဲ့ ကိုယ့်အတွက်တော့ အရမ်းကို စွဲလမ်းစေတဲ့ မြို့လေးပေါ့။ အေးချမ်းပြီး နေလို့အရမ်းကောင်းတဲ့ နေရာလေးပေါ့။

ဆရာမတို့နေတဲ့ အိမ်လေးက နှစ်ထပ်အိမ်။ ခြံထဲမှာ အိမ်နှစ်လုံးရှိတယ်။ တောင်ဇောင်းမှာ ဆောက်ထားတဲ့ အတွက်ကြောင့် အိမ်ထဲကို ဝင်လိုက်တာနဲ့ အပေါ်ထပ်ကို အရင်ဝင်ရတယ်။ နောက်မှ အောက်ထပ်ကို ဆင်းရတာ။ ဒီဇင်ဘာ ခရစ်စမတ်ရာသီ ဆိုရင်တော့ နှစ်အိမ်လုံးလည်း အိပ်ဖို့မလောက်တဲ့ အထိပါပဲ။ ဆွေတွေ မျိုးတွေ အကုန်စုံတဲ့ အချိန်ပေါ့။ စပ်စပ်စုစုနိုင်တဲ့ ကိုယ်ကတော့ ဒါကိုစိတ်ဝင်စားပြီး တစ်နေ့ ဆန်ဘယ်လောက်ချက်ရလဲ လို့ မေးမိလိုက်တော့ တစ်နေ့ ငါးပြည် ချက်ရတယ်တဲ့။

အဲ့အချိန်ကနေ စပြီး ကိုယ်ရဲ့ဇာတာက မိသားစုနဲ့ အဝေးမှာနေရမဲ့ ကံက အစပြုလာတာကို သတိမထားမိသေးဘူး။ ကိုယ် ၈တန်းနှစ်လောက်မှာ အမေဆီမှာ အတွေးတစ်ချို့လည်းေ၇ာက်နေခဲ့ပြီ။ ဒါဟာ ဘာလည်းဆိုတော့။ ကိုယ့်အဖေက အရက်ကို နေ့ရော ညပါ သောက်နေတာကို သတိထားမိတဲ့ကိုယ့် အမေက မတော်တဆ ကိုယ့်အဖေ တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ဟန်မပျက် နေနိုင်အောင် အိမ်လေးတော့ရှိမှ ဖြစ်မယ်။ ဒါနဲ့ ကိုယ်တို့ အဖွား ( အမေ့ဘက်) တို့ ရှိတဲ့ ကရင်ပြည်နယ် ဘားအံမြို့၊ မြိုင်ကလေးမှာ ပေတစ်ရာ နှစ်ရာ ပတ်လည်ရှိတဲ့ ခြံကို ဝယ်ပြီး အိမ်တစ်လုံးဆောက်ဖြစ်သွားတယ်။

အိမ်ဆောက်ပြီးတော့ ကိုယ်က ၈တန်းအောင်ပြီ။ ဒါနဲ့ အမေလည်း အရပ်ထဲမှာ အနေကျအောင် အရင်သွားနေမယ်ဆိုပြီး ကိုယ်က ၉တန်း မတက်ခင်မှာ ပင်လောင်းကနေ ကားစင်းလုံးငှားပြီ ပြောင်းလာခဲ့ကြတယ်။ ကိုယ်တို့ အမြင်တော့ ရိုးရိုးလေး အိမ်ပြောင်းတယ်လို့ပဲ မှတ်လိုက်တာပေါ့။ အမှန်တကယ်က...............။

လေးစားစွာဖြင့်
ရီနိုမာန်

August 13, 2010

ပင်လောင်းသို့ တစ်ခေါက်

ဘဝပေး ကံကြမ္မာက သိပ်ထူးဆန်းတယ်။ လောကရဲ့ လှည့်ကွက်ဆိုတာလည်း သိပ်မြန်တယ်။ ကိုယ်ရဲ့ကံက ကောင်းမယ်မှ မကြံသေးဘူး ကြမ္မာဆိုးက ကိုယ်တို့ရဲ့ ဘဝလေးထဲကို မဖိတ်ခေါ်ပဲ ရောက်လာခဲ့တယ်။ လိုတိုင်းတ ရနိုင်တဲ့ အခြေအနေမှာ ဒါမျိုးအနှောက်မယှက် ဆိုတာရှိစမြဲပါ။ ဒါမျိုးတွေ ဖြစ်တက်လို့ သတိနဲ့နေခဲ့ပင်မဲ့ အလှည့်ရောက်တော့ မနွဲ့စတန် ဆိုသလိုပေါ့။ ကိုယ့်အတွက် အထူးမခံစားရပင်မဲ့ ကိုယ့်အဖေအတွက်တော့ အတော်လေး ဆိုးဆိုးရွားရွား အခြေအနေပေါ့။ ကိုယ့် တစ်သက် ကိုယ့်အဖေရဲ့ မျက်ရည်ကို ကိုယ် အဲဒီတစ်ခါပဲ မြင်ဖူးခဲ့တာ။

ကိုယ်အဖေက ကရင်သွေးမို့ စိတ်ဓာတ်ပြင်းထန်ပေမဲ့ ဆုတ်လည်းဆူး စားလည်းရူး ဆိုတဲ့ အခြေအနေမျိုး ကိုယ့်အဖေကြုံတွေ့ရတဲ့ အချိန်မှာတော့။ အဆူးခံပြီး နောက်ဆုတ်လိုက်တဲ့ ကိုယ့်အဖေ။ မျက်ရည်ကျမယ် ဆိုလည်း ကျလောက်တာပေါ့။ ရာထူးတိုးနဲ့ ခန္တီးကိုပြောင်းလာခဲ့တယ်။ အပွင့်တော့ မတင်ရသေးဘူး။ အပွင့်တင်ဖို့ နှစ်ပတ်အလိုမှာ ပြဿနာ စတက်တော့တာပေါ့။ အခြေအနေ အကျိုးအကြောင်း ကောင်းကောင်း မသိပင်မဲ့ အဖေ့ရဲ့ လက်အောက်ငယ်သားကို ငဲ့ညှာတက်တဲ့စိတ်ကြောင့် ကိုယ့်သားတပည့်လို ဖြစ်နေတဲ့ လက်အောက်အရာရှိငယ်နှစ်ယောက်ကို ပြန်ကြည့်လိုက်တော့ သူတက်မဲ့ လမ်းကို ရိုက်ချိုးခံလိုက်ရတဲ့ အဖြစ်နဲ့ ကြုံလိုက်ရတယ်။ သူပြန်မကြည့်ခဲ့ဘူး ဆိုရင်လည်း မိသားစုလိုဖြစ်နေတဲ့ အရာရှိနှစ်ယောက် ဘဝပျက်မဲ့ကိန်းပေါ့။

သူတစ်ပါးကို ကြည့်တက်တဲ့ ကိုယ့်အဖေအတွက် ကံကောင်းခြင်းတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ ရာထူးမမက်တော့ပဲ မိသားစုနဲ့ အေးအေးဆေးဆေး နေရတဲ့ လကရ(၄) ပင်လောင်းကို ပြောင်းရွှေ့မဲ့ လမ်းကိုပဲရွေးချယ်လိုက်တော့တယ်။ ဒါပင်မဲ့ ကိုယ်အဖေရဲ့ စိတ်ထဲမှာ အနာတစ်ခုတော့ ပါလာခဲ့တာ ကိုယ်တို့ မိသားစုတွေ သတိထားမိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အဖေက အရက်ကို ပိုသောက်လာခဲ့လို့ပါ။

ဒီလိုနဲ့ ခန္တီးကနေ ချမ်းအေးလှတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့ကိုပြောင်းလာခဲ့ကြတယ်။ ကိုယ်တို့ရောက်တဲ့ အချိန်က ည ၇ နာရီလောက်ရှိတော့မယ်။ မှောင်မည်းပြီး အေးလိုက်တာမှ ပြောမပြတက်အောင်ပါပဲ။ အမှောင်ထဲမှာ ကိုယ်နဲ့ ကိုယ့်အဖေက တပ်ထဲကို သွားပြီး ကားတောင်းတယ်။ ပစ္စည်းတွေ သယ်ဖို့ပေါ့။ လိုက်ပို့တဲ့ ရဲဘော်တွေနဲ့ ကျန်တဲ့မိသားစုကတော့ ဘူတာမှာ စောင့်နေရတာပေါ့။ ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိဘူးလေ။ ကိုယ်နဲ့ ကိုယ့်အဖေတောင် မေးမေးပြီးလာခဲ့ရတာ။

မှတ်မှတ်ရရ ကိုယ် ပင်လောင်းကိုရောက်မှ အသီးအရွက်ဆိုတာ စားကောင်းမှန်းကိုယ်သိသွားတာ။ ဟင်းမရှိရင် ဆီနဲ့ဆားနဲ့ နှယ်ပြီး ထမင်းစားလို့ရတယ်။ အသီးအရွက်ဆို လုံးဝမစားတာ။ ပင်လောင်းကိုရောက်မှပဲ ဈေးလည်းဝယ်ချင်တိုင်း ဝယ်လို့မရတာ ကိုယ်သိတော့တယ်။ ရှမ်းပြည်ဘက်က ငါးရက်တစ်ဈေးပဲ ရှိတာ။ ကိုယ်တို့ရောက်တဲ့ အချိန်က ဈေးလွန်သုံးရက်ဆိုတော့ ဈေးဝယ်ဖို့ မလွဲဘူးလေ။ ချက်စရာဘာမှ မရှိဘူးပေါ့။ အသားငါးဆို ပိုဆိုး။

ဘေးအိမ်က အရာရှိကတော်ရဲ့ အကြံပေးချက်ကြောင့် ပင်လောင်းမှာ အိမ်တိုင်းလိုလို စိုက်ထားတက်တဲ့ ဂေါ်ရခါးသီး ( တစ်ချို့ကလည်း ဆူစကာသီးလို့ ခေါ်တယ်) နဲ့ အညွှန့်ကို ကြော်တော့တာပေါ့။ အဲမှာ ကိုယ်နဲ့စတွေ့တာပဲ။ ကိုယ့်အမေကတော့ အသီးမစားရင် မစားနဲ့ အရွက်ကြော်တော့ စားကြည့်ကောင်းတယ် ဆိုလို့ ကိုယ်မြည်းကြည့်ရင်းကနေ ကြိုက်သွားတာ အခုချိန်ထိ အသီးအရွက်ကို စားလို့ရတာ အကုန်စားတဲ့ လူဖြစ်နေပါပြီ။

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ လို့ ခေါင်းစဉ်ကို ပြောင်းလဲရေးသားခြင်းသာဖြစ်ပါသည်။ လာရောက်အားပေးသွားသော ညီအစ်ကို မောင်နှမများကို ကျေးဇူးတင်ပါကြောင်း.........

လေးစားစွာဖြင့်
ရီနိုမာန်

August 10, 2010

သူ့တို့ တိုင်းပြည် အလည်တစ်ခေါက်

စကားမစပ် ကျုပ်က စကားနည်းနည်း ပြောချင်မိတယ်။ ကျုပ်ပြောမဲ့ စကားက ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်းမဟုတ် ဖြစ်နေလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်ပြောမှာက ကြားဖူးနားဝ အကြောင်းတွေပေါ့။

ကျုပ်တို့ ဘိုးဘေ တွေ လက်ထပ်တုန်းက ကျုပ်တို့ငွေစက္ကူ တစ်ကျပ်က အခုသူတို့ နှိုင်းယှဉ်နေတဲ့ ငွေကြီးနဲ့ နင်လာငါလာ ဆိုပဲ။ ခုတော့ ကျုပ်တို့ငွေက သူတို့ ငွေကြီးနဲ့ အဆ တစ်ထောင်လောက်တောင် ကွာသွားတာ ကျုပ်ဖြင့် တွေးလို့ကို မထိတော့တဲ့ အဖြစ်ပါ။

နောက်ပြီး ကျုပ်ကြားမိပါသေးတယ်။ ကျုပ်တို့ တိုင်းပြည်က တစ်ချို့နေရာတွေကို အတုယူပြီး သူတို့ တိုင်းပြည်မှာ ပြန်ပြုပြင်တယ် ဆိုလားပဲ။ ခုတော့ သူတို့ တိုင်းပြည်ကြီးလှလို့။ ကျုပ်တို့ တိုင်းပြည်ကြီးတော့ နွေခေါင်ခေါင်မှာ ရေငတ်သလိုမျိုးပေါ့။ စုတ်ပြတ်ကို သက်လို့။ ကျုပ်ပြောတာက ကျုပ်တို့ တိုင်းပြည်ရဲ့အားလုံး မပြောပေါင်ဗျာ။ တစ်ချို့နေရာတွေမှာလည်း လှလိုက်တာမှ မှုံလို့ပါပဲ။

သူတို့ တိုင်းပြည်နဲ့ ကျုပ်တို့တိုင်းပြည် ယှဉ်ကြည့်လိုက်ရင်လည်း အဆ တစ်ထောက်လောက် ( အကျယ်အဝန်း) ကွာခြားပါတယ်။ သူတို့ တိုင်းပြည်မှာတော့ ငွေဝယ်ကျွန်တွေကို တိုက်နဲ့တာနဲ့ ထားနိုင်ပင်မဲ့ ကျုပ်တို့ တိုင်းပြည်မှာတော့ ကျုပ်တို့ကိုယ်တိုင် တိုက်နဲ့ မနေနိုင်တာ အံ့သြမိသဗျ။

သူု့တို့ တိုင်းပြည်မှာ ရေဆိုရေ မြေဆိုမြေ အရာရာဝယ်သုံးနေရတဲ့ အခြေအနေမှာ ကျုပ်တို့တိုင်းပြည်မှာက သယံဇာတ ပေါကြွယ်ဝနေပါလျှက် သူတို့တိုင်းပြည်နဲ့ မယှဉ်နိုင်တာ စဉ်းစားစရာပေါ့။

သူတို့ တိုင်းပြည်မှာ လူတစ်ယောက်ရဲ့ စားစရိတ်၊ နေစရိတ် အားလုံးဟာ အလကားမရသလို့ ကားရှိလို့ ကားလျှောက်မောင်းရင်တောင်း လမ်းသုံးခ ဆိုပြီးပေးရတာ။ ဘယ်သွားသွားပိုက်ဆံမရှိရင် နေလို့မရတဲ့ သူတို့ တိုင်းပြည်မှာ အခွန်အခ သိပ်များသလို အပြင်အဆင်တွေလည်း သိပ်လုပ်သကိုးဗျ။

ကျုပ်တို့ တိုင်းပြည်မှာတော့ဗျာ အခွန်အခတွေ သိပ်များပင်မဲ့ ပြုပြင်ထိန်းသိမ်းတာတော့ သိပ်နည်းတာ သိသားသဗျာ။ တစ်ချိန်တုန်းက ကျုပ်တို့ မြို့တော်ကြီးဟာ လယ်ဂတုံး ဖြစ်နေတာကိုပဲ ကြည့်တော့ မောင်ရာ။

ကဲ .. ကဲ ကျုပ်ကပြောရင် ကိုယ်ပေါင် ကိုယ်လှန်ထောင်းနေသလို ဖြစ်အုံးမယ်။ နောက်ဆုံး ကျုပ်ရဲ့ခံစားချက်လေးတော့ ပြောချင်သားဗျာ။ ကျုပ်မနေ့က သူတို့တိုင်းပြည်ကိုရောက်တယ်။ ကျုပ်ရောက်တဲ့နေ့မှာပဲ သူတို့ တိုင်းပြည်ရဲ့ National Day ဆိုတာကြီးနဲ့ ကြုံလို့ ကျုပ်က သွားကြည့်ပါတယ်။ ကျုပ်တို့တိုင်းပြည်နဲ့ ဘာများထူးခြားလဲပေါ့။

ကျန်တာတွေ တော်တော်များများကို ကျုပ်စိတ်မဝင်စားပါဘူး။ ကျုပ်မျက်ရည်ဝဲ ရလောက်အောင်ဖြစ်သွားတဲ့ မြင်ကွင်းကတော့ ကျုပ်ရင်ထဲ မချိတင်ခဲ ဖြစ်ကျန်နေခဲ့တယ်။ သူတို့ တိုင်းပြည်ကလူတွေတော့ ဘယ်လိုနေမှန်း ကျုပ်မသိဘူး။ ကျုပ်ကတော့ မြင်ရတဲ့ မြင်ကွင်းကို ဂုဏ်ယူဝင့်ကြွား ဖြစ်မိတာတော့ အမှန်။ လေယာဉ်ကြီးနဲ့ သူတို့တိုင်းပြည်ရဲ့ အလံကို ခေါ်ဆောင်လာတာ ကျုပ်ဖြင့် ကြည့်ရင်းနဲ့ မျက်ရည်ကျမတက်ပဲ။ ကျုပ်တို့ တိုင်းပြည်ရဲ့ အလံကိုလည်း ဘယ်သော်အခါများမှ ဂုဏ်ယူဝင့်ကြွားနိုင်ခွင့် ကြုံရပါ့မလဲလို့ တွေးရင်း........


လေးစားစွာဖြင့်
ရီနိုမာန်

August 4, 2010

အချိန်ရှိတိုင်း အချိန်ရတိုင်း

ကျနော် နာမည် မင်းမင်းလို့ ခေါ်ပါတယ်။ တစ်ချို့ကလည်း ကိုမင်း။ တစ်ချို့ကလည်း မင်းမင်း။ များသောအားဖြင့် ကျနော့်ရဲ့ နိုင်ငံခြား သူငယ်ချင်းတွေက ကျနော်ကို မင်း လို့ပဲခေါ်ကြတာများတယ်။ မင်း ဘာလုပ်နေလဲ။ မင်း ဘာစားနေလဲ စသည်ဖြင့်ပေါ့။ နာမည်တူတွေ အလွန်များမှန်း သိပေမဲ့ အမေပေးခဲ့တဲ့ နာမည်မို့ ကျနော် အရမ်းမြတ်နိုးပါတယ်။ တစ်ခါတစ်ခါ တစ်လောကလုံးမှာ မင်းမင်း ဆိုတာ ငါတစ်ယောက်ထဲ ရှိတယ်လို့တောင် ထင်လိုက်မိပါသေးတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ခေါ်ပါစေ။ ကျနော်ကတော့ အမေပေးတဲ့ ဒီနာမည်လေး ကို အရမ်းတန်ဖိုးထားပါတယ်။

ကျနော်ကို ချစ်တဲ့ အမတစ်ချို့ကလည်း ကျနော်ကို မင်း လို့ပဲ ခေါ်ကြတယ်။ နာမည်သာ အားလုံးအတွက် မင်း ဖြစ်နေပေမဲ့ ကျနော်အတွက်ကတော့ လူတကာအတွက် မင်း မဖြစ်နိုင်သေးပါဘူး။ အခွင့်သာလို့ နိုင်ငံခြား အလုပ်လုပ်ခွင့်ရလို့ နိုင်ငံခြားကိုရောက်လာတယ်။ ပြည့်ပြည့်စုံစုံ မဟုတ်ပေမဲ့ မတောင်းမတ မကြောင်းမကြတော့ နေခဲ့ရတာပေါ့။ ကျနော်နေတဲ့ နေရာနဲ့ ကျနော်တို့ရုံးနဲ့ က ၁၅ မိနစ်လောက်လမ်းလျှောက်ရတယ်။ လမ်းလျှောက်တိုင်း ကျနော်လုပ်နေကျ အလုပ်တစ်ခုပေါ့။ မလုပ်ဖြစ်ခဲ့ရင် ကျနော်အတွက် ကံမကောင်းတဲ့ နေ့လိုတောင် သတ်မှတ်နိုင်တဲ့ အဖြစ်ပါ။

ကျနော်က မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပေမဲ့ ဘုရားစင်ရှေ့မှာ ထိုင်ပြီး ရှိခိုးနေမှ ဘုရားရှိခိုးရာ အရာမြောက်မယ် ဆိုရင်တော့ ကျနော်အနေနဲ့ ဘုရားလည်း ရှိခိုးဖြစ်မှာ မဟုတ်ပါဘူး။ ထိုင်ပြီး ရှိခိုးနေမှ ဗုဒ္ဓဘာသာ ဖြစ်မယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်က ဘုရားထိုင်ရှိခိုးရမှာ အလွန်ပျင်းတဲ့ လူငယ်တစ်ယောက် ဖြစ်နေလို့ပါပဲ။

ဒါပင်မဲ့ ကျနော်ရဲ့ နှုတ်ကနေတော့ ရွတ်ဆိုနေကျ ဘုရားစာလေးကတော့ တကယ်ကို အကြိုးပေးတယ်လို့ ပြောရမှာပါ။ သတိရတဲ့ အချိန်တိုင်းမှာ ကျနော်နှုတ်က ရွတ်ဆိုနေကြပါ။ ကျနော် နိုင်ငံခြား မထွက်ခင် အလုပ်ရှာနေတဲ့ အချိန်မှာလည်း ဒါလေးကို ရွတ်ဆိုပူဇော် ခဲ့လို့ အလွယ်တကူနဲ့ နိုင်ငံခြားကို အခက်အခဲတွေ ကြားကနေရောက်လာခဲ့ပါတယ်။ ဒီရောက်တော့လည်း နေတိုင်းလိုလို ပူဇော်တဲ့ အတွက် အခက်အခဲ မရှိပဲ နိုင်ငံခြားမှာ ၂နှစ်တိတိ နေနိုင်ခဲ့ပြန်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ ကျနော်တို့ သူဌေးက အရမ်းကို ပြဿနာရှာတဲ့ သူဌေးပါ။

သူက ပြဿနာကို မီးထိုးရှာတာတော့ မဟုတ်ဘူး။ လူတွေ သတိမထားမိတဲ့ အရာကိုသူက ရှာတာ။ safety နဲ့ ပတ်သက်တဲ့ ကိစ္စဆို သူကလုံးဝခွင့်မလွတ်တာပါ။ စက်ရုံမှာ အလုပ်လုပ်တဲ့ ကျနော်အတွက်တော့ နဖူးပေါ်မှာ Safety မျက်မှန်၊ လည်ပင်မှာတော့ နားကိုကာကွယ်တဲ့ ပစ္စည်းကို အလုပ်ချိန်မှာ အမြဲဝတ်ဆင်ထားရတာပါ။ မနက်တိုင်းမှာ အပြစ်ရှာတက်တဲ့ သူနဲ့ ကျနော်ဟာ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါက တော်တော်ကိုရှားပါတယ်။

တစ်နေ့ ကျနော် အလုပ်ဆိုဒ်ထဲက ပြန်လာတဲ့ အခါမှာ ကားပေါ်က ဆင်းဆင်းချင် မင်းမင်း ဆိုတဲ့ ကျနော်ရဲ့ နာမည်ကို အော်ခေါ်လိုက်တာ တစ်စက်ရုံလုံး ဝိုင်းကြည့်ကြတဲ့ အဖြစ်ပေါ့။ ဒေါသတွေနဲ့ ကျနော်ကို ပြောနေရင်းနဲ့ တစ်ခြား အလုပ်ကိစ္စပေါ်လာလို့ ဆူနေတာကို ခဏရပ်ပြီး ကျနော်တို့ကို စောင့်ထားခိုင်းတဲ့ အချိန်မှာ ကျနော် တွေးကြည့်လိုက်တယ်။ ငါ ရွတ်ဖတ်ပူဇော်နေတဲ့ ဘုရားစာကို ကောင်းကောင်းမွန်မွန်များ ပူဇော်ရွတ်ဆိုခြင်း မပြုလိုများလား။ ငါ ယုံကြည်လို့ ငါရွတ်ဖတ် ပူဇော်တာပဲ ဘယ်နေရာမှာရွတ်ရွတ် ထိရောက်ပါတယ်။ အခုလည်း ရွတ်ဖတ်ပူဇော်နေရင်းနဲ့ အဆူခံရတယ်။ ဆူပါစေ ရွတ်ဆိုပူဇော်လို့သာ အဆူခံရမယ်ဆိုရင် အဆတစ်ရာ အဆူခံလိုက်မယ် ဆိုပြီး သူ ကျနော်ကို ထိုင်စောင့်ခိုင်းတဲ့ အချိန်အတွင်းမှာ မပြတ်မနားရွတ်ဆို ပူဇော်ခဲ့တယ်။

အဆူခံရတာက နှစ်ယောက်။ တစ်ယောက်က အိန္ဒိယ ကုလား။ သူပြန်ခေါ်တဲ့ အချိန်မှာ ကျနော် အတော်လေးကို အံ့သြမိသွားတယ်။ ခဏက အော်ခေါ်တာ ကျနော်နာမည်။ ခုပြန်အဆူခံ၇တော့ ကုလားပဲ အဆူခံရတယ်။ ကျနော်ရဲ့မျက်နှာဆိုတာ သူ့ရှေ့မှာ မရှိတဲ့ အတိုင်းပါပဲ။ ကျနော်ကို တစ်ခွန်းမှ မပြောတော့တာ။ အဲလိုပဲ ကျနော်ရုံးလာတဲ့ အချိန်မှာလည်း ပူဇော်ရွတ်ဆိုတဲ့ အတွက် မနက်တိုင်း အဆူခံရတဲ့ လူတွေထဲမှာ ကျနော်မပါဝင်ခဲ့တာ အသိအသာ ဖြစ်လို့ နေပြန်ပါတယ်။

ဒါတောင် ရွတ်ဖတ်ပူဇော်ရုံလေးပဲ ရှိသေးတာနော်။ တစ်စိုက်မတ်မတ် နဲ့ ဂရုတစိုက် လုပ်များလုပ်နိုင်ခဲ့ရင် ဘယ်လောက်တောင် အကြိုးပေးလိုက်မဲ့ ဖြစ်ခြင်းလို့ တွေးနေမိပါတယ်။ တစ်စိုက်မတ်မတ် နဲ့ ဂရုတစိုက် လုပ်များလုပ်နိုင်လို့လား လို့ကိုယ်ကိုကိုယ် ပြန်မေးကြည့်တော့လည်း မလုပ်နိုင်ပါဘူး။ လုပ်နိုင်သလောက်လေးပဲ လုပ်ရင်း ရသလောက် ကုသိုလ်ယူနိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့် …….

ကျနော် ရွတ်ဆိုပူဇော်နေတဲ့ ဘုရားစာကတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။ လူတိုင်းလိုလို သိကြတဲ့ ဘုရားရှိခိုးထဲမှာပါတဲ့ ဘုရားစာလေးပါပဲ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

အာမ ဘန္တေပါ အရှင်ဘုရား။

အချိန်ရှိတိုင်း အချိန်ရတိုင်း ရွတ်ဖတ်ပူဇော်နိုင်ပါစေဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

August 3, 2010

မငိုပါနဲ့ အမေရယ်

အမေ .. သား ကျိုက်ထီးရိုး ဘုရားသွားဖူးချင်တယ် အမေ


သားက ငယ်ပါသေးတယ် သားရယ်။ သားက တောင်လည်း တက်နိုင်မှာ မဟုတ်ဘူးနော်။ နောက်မှ အမေ လိုက်ပို့ပေးမယ်။


ကျနော် ၁၀နှစ်သားလောက်က အမေကို ဘုရားဖူးသွားဖို့ ပူဆာခဲ့ဖူးသည်။ ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြန်ချက်နဲ့ ကျနော်ရဲ့ ပူဆာမှုမအောင်မြင်ခဲ့ပါ။ ကျနော် ၁၀တန်းနှစ်ရောက်တော့ ကျောင်းကသူငယ်ချင်းတွေနဲ့ သွားဖို့ အခွင့်ကြုံလို့ အမေ့ဆီက ခွင့်တောင်းပြန်တော့လည်း….


သားရယ် မသွားပါနဲ့အုံး… သားသွားရင် အမေတစ်ယောက်တည်း အိမ်မှာ နေခဲ့ရမှာ… နောက်တစ်ခေါက်မှပဲ သွားပါသားရယ်…


ဆိုလို့ အမေ့ကိုစိတ်မချတာနဲ့ ကျိုက်ထီးရိုးဘုရားဖူး ခရီးအား လွဲချော်ခဲ့ရပြန်သည်။ ၁၀တန်းအောင်ပြီးတော့ ကျနော် ဦလေးက မင်းလိုက်မလား။ မင်းလိုက်ရင် မင်းအမေရဲ့ ခွင့်ပြုချက်ကိုတောင်းလို့ ပြောတော့။ အမေ့ကို မေးကြည့် လိုက်တော့ လုံးဝမလိုက်ရဘူး ဆိုတဲ့ အမိန့်ဆန်တဲ့ အမေရဲ့ အဖြေကို ကျနော်ရလိုက်တယ်။ ဘာဖြစ်လို့လဲ လို့ ကျနော် ပြန်မမေးလိုက်မိဘူး။ မလိုက်ရဘူးဆိုတဲ့ စိတ်နဲ့ ဘာမှကို မပြောချင်တော့တာ လည်းဖြစ်နိုင်သည်။ ကိစ္စမရှိဘူး။ အမေမသွားခိုင်းလည်း ငါ့ဟာငါ သွားလို့ရတာပဲ လို့စိတ်ထဲတွေးလိုက်မိပြန်တော့ မိဘစကားနားမထောင်ရင် ကံကြီးထိုက်လိမ့်မယ် ဆိုတာကို နားထဲမှာ ကြားယောင်နေမိတယ်။


ဒီလိုနဲ့ ကျနော် ဘွဲ့ရ အလုပ်ဝင်ပြန်တော့ အလုပ်ထဲ သူငယ်ချင်းတွေက ကျိုက်ထီရိုးဘုရားဖူး သွားမယ်ဆိုတော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျနော် အတွက် အခွင့်သာ ပြီထင်ပါရဲ့လို့ တွေးခါရှိသေးတယ် သူဌေးက အလုပ်ကိစ္စ မပျက်လို့ ဆိုပြီး နောက်မှ လိုက်ခဲ့ဖို့ ပြောလားတယ်။ နောက်ကလည်း မလိုက်ဘူး ဘယ်တော့မှလဲ မသွားဘူးလို့ စိတ်ထဲ ဒေါသထွက်ထွက်နဲ့ ပြောနေမိသည်။


အခုတော့ ကံစပ်ပြီးနဲ့ တူပါတယ်။ ဘယ်သူကိုမှ အဖေါ်မခေါ်ရပဲ ကျိုက်ထီးရိုး ဘုရားရင်ပြင်တော်ကို ရောက်လို့နေခဲ့ပြီ။ အရင်တုန်းက ကြက်မတစ်ဝတ်စာ လွတ်တယ်လို့ ကြားဖူးထားပေမဲ့ ခုတော့ အပ်ချည်မျင် တစ်မျင်စာလောက်ပဲလွတ်တော့ တယ်တဲ့။ ဟုတ်မှာပါလေ။ ဘုရားတွေလိုက်ဖူးနေလိုက်တယ်။ စိတ်ချမ်းသာစရာကောင်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကတည်းက အရောက်လာခဲ့ရမှာ ခုမှပဲ ရောက်လာတာ ငါ့ အတွက် နောက်ကျနေသလိုပဲ။ နောက်အားတိုင်း ခဏခဏလာဖြစ်တော့မယ်ထင်တယ်။


ကျိုက်ထီးရိုးဘုရားဟာ ငါနဲ့ တနည်းနည်းနဲ့ တော့ ပတ်သက်မှာ သေချာတယ်။ ဒီခရီးကို တစ်ယောက်တည်း ထွက်လာတာကိုပဲ ကြည့်တော့လေ။ ရုံးကလူတွေလဲ ငါဘယ်ပျောက်လို့ ဘယ်လိုက်ရှာရမှန်း မသိဖြစ်တော့မယ်။ အမေကလည်း ငါ့ကို ဖုန်းဆက်လို့ မရလို့ စိတ်ပူနေတော့မယ်။ မဖြစ်သေးပါဘူး ပြန်မှ ဖြစ်မှာပါ။ ခုလည်း ရောက်ဖူးနေပြီပဲ။ နောက်လည်း ခဏခဏ လာလို့ ရတာပဲ။ ရတဲ့ လိုင်းကားနဲ့ ပြန်မယ်ကွာ……


ဟာ… ရှေ့မှာ ကားမှောက်တာပါလား။ ဘာတွေများလိုအပ်မလဲ မသိဘူး။ ကူညီလို့ ရတာ ကူညီအုံးမှ။ ဟိုနားက လူတွေက ဘာကိုဝိုင်းကြည့်နေကြတာလဲ။ စကားသံတွေလဲ ကြားနေရတယ်။


အံ့သြစရာပဲ… တစ်ကားလုံးမှောက်တာ ဒီကောင်လေးတစ်ယာက်ပဲ အသက်ဆုံးရတယ်လို့ တစ်ယောက်မှ ကြီးကြီးကျယ်ကျယ် ဘာမှဒါဏ်ရာ မရ ကြဘူး။ သူတစ်ယောက်တည်း …. သနားပါတယ် ဟယ်….. အဖော်လည်း တစ်ယောက်မှ မပါဘူး ……


ဘာကြောင့်လူတွေက တစ်ယောက်တစ်ပေါက်ပြောနေကြတာလဲ။ ငါလည်း သွားကြည့်လိုက်အုံးမှ……..


ဟာာာ….. . ဘယ်လိုဖြစ်တာလဲ .. ငါနဲ့ တော်တော် တူတာပဲ .. မဟုတ်သေးပါဘူး အမေကိုပြန်မေးရမယ်။ ငါ့မှာ အမွှာတွေများရှိနေလာ မသိဘူး။ ဟုတ်တယ် အမေကို မြန်မြန်ပြန်မေးရမယ်။


………………………..။။။။။။။။။။………………………………………….


အိမ်မှာလည်း လူတွေက များလှကြီးလား။ ဘာလုပ်နေကြတာလဲ။ ငါရယ်ပြ နေတာကိုတောင် ပြန်မရယ်နိုင်ဘူးလား။ ဘာဖြစ်နေကြတာလဲ။ အမေရော …. အမေဘယ်မှာ ….. အမေ တစ်ခုခု များဖြစ်နေလို့များလား။ ဘု၇ား… ဘုရား အမေဘာမှ မဖြစ်ပါစေနဲ့။ ဟော့  တွေ့ပြီ ဘုရာစင်အောက်မှာ အမေထိုင်နေတယ်။ အမေ့မျက်နှာလည်း မကောင်းပါလား။ ငိုထားတဲ့ မျက်နှာနဲ့။ အမေ အမေ ဘာဖြစ်လို့လဲ အမေ။ သားကိုပြောပြပါ။ အမေဘာလို့ ငိုနေတာလဲ။ အမေငိုတော့ သားလည်း ငိုချင်တယ် အမေ။ အမေ မငိုပါနဲ့ နော်။ သားပြန်လာပြီလေ အမေရဲ့။ နောက်ဆို အမေကို မပြောပဲ သားဘယ်မှ မသွားတော့ဘူးနော်။ အမေ မငိုပါနဲ့ အမေရယ်။ အမေသားကိုစိတ်ဆိုးနေတာလား။ ဘာတစ်ခွန်းမှလဲ ပြန်မပြောဘူး။


ပြောရင်းဆိုရင် အမေ ငိုနေပြန်ပြီ။ အမေမငိုနဲ့နော် သား မျက်နှာသုပ်ပဝါ သွားယူပေးမယ်။ ကျနော် ထပြီး အမေသုံးနေကျ မျက်နှာသုပ်ပဝါလေးကို သွားယူဖို့ ထမယ်အပြင်……..


အမေ ဒါမျိုးတွေ ကြိုသိလို့ မင်းကို မသွားပါနဲ့လို့ အတန်တန် တားထားရက်နဲ့ သားရယ်… အခုတော့ အမေ့သားလေး ရေတိမ်နစ်ရပြီ…… အမေကိုထားသွားပြီလားသားရယ်…….


အမေ … သားဘာဖြစ်လို့လဲ။ သားဘာမှ မဖြစ်ဘူးလေ အမေရဲ့။ အမေ့နားမှာ သားရောက်နေပြီလေ အမေ. အမေ မငိုပါနဲ့ အမေရယ်။ သားနောက် ဘယ်မှ မသွားတော့ဘူး နော် ။ အမေ့နားမှာပဲ နေမယ်နော်။ အမေ မငိုနဲ့တော့နော်…. အမေ ငိုရင် သားလည်း ငိုချင်လို့ပါ ဗျာ………


လေးစားစွာဖြင့်

ရီနိုမာန်