March 27, 2011

ပြည်တော်ပြန် အပိုင်း - ၁

အမ သက်ဝေရဲ့ အိမ်အပြန် ဆိုတဲ့ ပိုစ့်လေးကိုဖတ်ပြီး ကျနော်လည်း ပြန်ချင်ခဲ့မိတာ အမှန်ပါပဲ။ ဆန္ဓသာ ရှိခဲ့ပင်မဲ့ စိတ်ကူးကို အကောင်အထည်မဖော်နိုင်သေးတဲ့ အချိန်မှာ ပိုစ့်ကိုဖတ်ပြီး အားကျယုံကလွဲလို့ ကျနော် ဘာမှ မတက်နိုင်ခဲ့ပါဘူး။ အဲ့အချိန်တုန်းက ပြန်တဲ့သူတွေ တကယ်ကိုများခဲ့ပါတယ်။ သူတို့တွေကိုကြည့်ပြီး ကျနော်လည်း ပြန်ချင်ခဲ့မိပါတယ်။ သူငယ်ချင်းကို ပြောပြတော့ သူက... ပြန်ပေါ့ ပြန်လို့ရတာပဲ တဲ့။ သူပြောတော့သာ လွယ်တာ။ အိမ်တစ်ခါပြန် ငွေဘယ်လောက်ကုန်တယ် ဆိုတာ သူလည်းသိနေတာပဲ။ အမှန်တိုင်းပြောရရင် လက်ထဲမှာ စုမိထားတဲ့ ငွေအသပြာဆိုတာ ရှိကိုမရှိတာ။

ဒီတစ်ခါတော့ ကျနော့်စိတ်ကူးတွေ တကယ်ဖြစ်လာတော့မယ်ဆိုတဲ့ စိတ်နဲ့ပျော်နေမိတယ်။ ပျော်နေတယ် ဆိုတာကလည်း အမေနဲ့ကျနော်တွေ့ရတော့မယ်။ အမေလည်း ကျနော်ကို တွေ့ချင်နေမှာပါ။ ကျနော် စလုံး ကို ရောက်တာ လေးနှစ်တောင်ပြည့်တော့မှာကိုး။ ပထမ ကျနော့်ရဲ့စိတ်ကူးက ( ၄၅ ) ရက်ခွင့်တင်ပြီပြန်မယ်ပေါ့။ တကယ့်တကယ်ခွင့်ပေးတော့ ရက် ( ၃၀ ) ပဲရပါတယ်။ အများဆုံးရ နားလည်မှုနဲ့ ၃၃ ရက် ၃၄ရက်ပေါ့။ ကွန်းပလိန်းပေးကြည့်ပါသေးတယ်။ ငါတို့ မပြန်တာ လေးနှစ်ရှိသွားပြီလေ ဆိုတော့ မင်းပြန်ချင်ရင် ပြန်၊ မပြန်ချင်ရင်လည်း မပြန်နဲ့ ငါခွင့်ပြုတာ တစ်လပဲ ဆိုတာကြောင်း ကျနော်ငြိမ်နေလိုက်ပါတော့တယ်။ လေယာဉ်လက်မှတ် အသွားအပြန် ကုမ္ပဏီက ပေးပါတယ်။ စုထားတဲ့ စုငွေလေးထောင်ကျော်ထဲမှ ကျနော် ၂၅၀၀လောက် ပြန်ချေလိုက်ပါတယ်။ ကျနော်စုထားတာနဲ့ဆို လေးထောင်လောက်တော့ အိမ်ကို ပါသွားနိုင်မှာပါ။

ကျနော်နဲ့ အတူတူ ကျနော့် သူငယ်ချင်းတစ်ယောက်လည်းပြန်မှာ။ သူက မြိတ်မှာ နေတာ။ သူနဲ့ကျနော်နဲ့က ၂၀၀၄ခုလောက်ကတည်း အတူတူရှိနေခဲ့တာ အခုချိန်ထိပဲ ဆိုပါတော့။ စိတ်သဘောထား အရမ်းကောင်းတယ်။ ကျနော်ထက် ငယ်ပင်မဲ့ ကျနော်အနိုင်ကျင့်တာ ဘာမှမပြောသည်းခံတယ်။ ဒါကြောင့်လည်း ခုပြန်မဲ့ အစီအစဉ်မှာ ရက် ၃၀ ဆိုပင်မဲ့ သူ့အိမ်မှာ ၁၀ရက်လောက်ပဲ နေခွင့်ကျနော်ပေးထားခဲ့ပါတယ်။ ကျန်တဲ့ ရက်၂၀ ကတော့ ကျနော်နဲ့ တူတူရှိနေမှာပါ။ အဲလောက်ထိ သဘောကောင်းတဲ့ ကောင်ပါ။

မပြန်ခင် တစ်လလောက်ကတည်းက လက်ဆောင်ပေးဖို့ ပစ္စည်းပစ္စည်းရတွေကတော့ စုံလင်သွားခဲ့ပါပြီ။ ပြန်မဲ့ရက်ကိုတော့ အမေ့ကို ကြိုပြောထားခဲ့ပါတယ်။ မပြောလို့လဲ မရဘူးလေ။ ရတဲ့ ခွင့်ရက် ၃၀ ကို အကျိုးရှိရှိ အသုံးချရမှာဆိုတော့ လူကမြန်မာပြည်ကို ပြန်မရောက်သေးဘူး။ အစီအစဉ်တွေကတော့ ဟိုမှာ တန်းစီနေရပြီလေ။ ဒီလိုနဲ့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် အထုပ်ကိုယ်စီနဲ့ လေဆိပ်ဆင်းပါတော့တယ်။ အဆောင်မှာနေတဲ့ ကျန်တဲ့ အဖော်လေးယောက်က လိုက်ပို့ပါတယ်။ မပြန်တာ ကြာပြီဆိုတော့လည်း ကိုယ်ရပ်ကိုယ့်ရွာကို ရောက်တော့မယ်ဆိုတဲ့ စိတ်ကတော့ ကြည်နူးမှု ဖြစ်စေခဲ့ပါတယ်။

လေယာဉ်ဘီး မြေကျတယ်ဆိုရင်ပဲ ကျနော်ဝမ်းသာလွန်းလို့ မျက်ရည်များ လည်လာရတဲ့အထိပါပဲ။ မနက်ဖြန်မနက်ဆိုရင် အမေနဲ့ ကျနော်တွေ့ရတော့မှာကိုး။ အင်းမီကရေရှင်းတို့ ကာစတန်တို့တော့ ထုံစံအတိုင်း ဘိုးဘွားစဉ်ဆက် လှူဒါန်းခဲ့ကြသလိုပဲပေါ့။ အပြင်မှာ အသိ အမတစ်ယောက်စောင့်နေတယ်။ ကျနော်တို့ကို လာကြိုတာ ဒီအမတစ်ယောက်ပဲ ရှိတယ်။ အမနဲ့ အတူကျနော်တို့နှစ်ယောက် အဆင်ပြေမဲ့ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး စကားတွေပြောနေလိုက်တယ်။ အမှန်က ရွှေတိဂုံဘုရားကို သွားဖူးချင်ခဲ့တာ။ အထုပ်တွေ အပိုးတွေနဲ့ဆိုတော့ ဘုရားတက်ဖို့ အဆင်းမပြေဘူးဖြစ်နေလို့ မသွားဖြစ်လိုက်ဘူး။ ညနေစာ အတူတူစားရင် ကိုယ့်အကြောင်း သူ့အကြောင်း ဟိုလူ့အကြောင်း ဒီလူအကြောင်းတွေပြောနေခဲ့တယ်။

ညနေ၆ နာရီခွဲလောက်ကျတော့ အမဆီကို ဖုန်းဝင်လာတယ်။ ကျနော်တို့နဲ့ အတူတူလိုက်မဲ့ သူငယ်ချင်းအမတစ်ယောက်က အဝေပြေး အောင်မင်္ဂလာကားဂိတ်ကို သွားနေပြီတဲ့။ ကျနော်တို့လည်း ကားငှားပြီး ထွက်လာခဲ့ကြပါတယ်။ ကားဂိတ်ရောက်တယ်ဆိုရင်ပဲ ကျနော်ကို အမျိုးသမီးတစ်ယောက် ပြေးဖက်ပါတော့တယ်။ ဟယ်... နင် ဘာမှမပြောင်းလဲဘူးနော်။ အရင်အတိုင်းပဲ။ ပြန်တွေ့ရတာ ဝမ်းသာတယ်ဟာ... နင်ကနေနိုင်လိုက်တာ ငါ့တို့ကိုတောင် အဆက်အသွယ် မလုပ်ဘူး.. တကယ်ပဲ... ကျနော်တစ်ခွန်းမှ ပြန်မပြောပင်မဲ့ ရင်ထဲမှာတော့ အရမ်းဝမ်းသာမိတယ်။ ၁၀နှစ်ဆိုတဲ့ အချိန်တွေကြာသွားပင်မဲ့ ကျနော်အပေါ်ထားတဲ့ မောင်နှမစိတ်ဓါတ် ပြောင်းလဲမသွားတာပဲ ကျနော်ကိုဖက်ထာတဲ့ အမကိုကြည့်ပြီး ကျနော်သိလိုက်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့တစ်တွေလမ်းမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောသွားကြတာ တော်တော်နဲ့မအိပ်ပဲ ရှိနေခဲ့ပါတယ်။ ကျနော်နဲ့ အတူတူပြန်တဲ့ သူငယ်ချင်းလည်း မကြောင်နေပါဘူး။ အဲအမနှစ်ယောက်နဲ့ သူနဲ့လည်း စင်ကာပူမလာခင် သိထားခဲ့လို့ပါ။ စကားတွေ ပြောလာလိုက်ကြတာ ဘယ်အချိန်မှာ ဘယ်လိုအိပ်ပြောသွားတယ် မပြောတက်ဘူး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ လမ်းဘေးတစ်ဖက်မှာ မီးတွေလင်းထိန်နေတယ်။ သေသေချာချာကြည့်လိုက်တော့မှ မြိုင်ကလေး ဘိလပ်မြေစက်ရုံသစ် ကိုတောင်ရောက်နေပြီပဲ။ အမနှစ်ယောက်နဲ့ သူငယ်ချင်းကိုနိုးလိုက်တယ်။ ထတော့... ထကြတော့ ရောက်တော့မယ်။ နောက်ထပ် ၁၅မိနစ်ဆိုရောက်ပြီ။

အကို .... ကျနော်တို့ကို ရှေ့နားက ဇရပ်မှာ ရပ်ပေးပါ။ ကားမောင်းတဲ့ အကိုကြီးကို ပြောလိုက်တယ်။ ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ ... သားငယ်... အမေ့ရဲ့အသံ။ ဟုတ်တယ် ဒါ ကျနော်အမေရဲ့ အသံ။ ကျနော်လှည့်ကြည့်လိုက်တော့ အမေကျနော်ကို ပြေးဖက်ပါတော့တယ်။ ဝမ်းသာလို့နဲ့တူပါတယ်။ အမေ မျက်ရည်တွေကျနေတယ်။ ကျနော်လည်း အမေ့ကိုဖက်ပြီး မျက်ရည်ကျမိပါတယ်။ ကားပေါ်ကဆင်းတော့ လမ်းမီးတွေ မရှိတော့ မှောင်နေပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့ သားအမိမျက်ရည်ကျတာကို ဘယ်သူမှ မသိလိုက်ပါဘူး။

အိမ်ကိုရောက်တဲ အချိန်က မနက်၅နာရီဆိုတော့ အချိန်က စောနေသေးတာနဲ့ သူငယ်ချင်းနဲ့ အမနှစ်ယောက်ကို သူတို့အတွက် ပြင်ထားတဲ့ အခန်းထဲမှာ သွားနားခိုင်းလိုက်ပါတယ်။ ကျနော်ကတော့ နောက်နေ့ အစီအစဉ်တွေကို တိုင်ပင်ဖို့အတွက် အဝတ်လဲပြီးဧည့်ခန်းမှာ ထိုင်နေလိုက်တယ်။ ကျနော်ညီမကတော့ အပျိုဖာဖာ ဖြစ်နေပြီ။ အမေအနားမှာ သွားထိုင်လိုက်တယ်။ မနက်ဖြန်အတွက် ဘာတွေလုပ်ထားတယ်ဆိုတဲ့ အကြောင်းပြောကြတယ်။ စကားတွေပြောရင်းနဲ့ အလင်းရောင် ရောက်လာပါတော့တယ်။ ကျနော်အိမ်ရှေ့ထွက်ပြီး သဘာဝလေကို ရှုရှိုက်သွင်းလိုက်မိပါတော့တယ်။ ရှုသွင်းလိုက်တဲ့ လေထဲမှာ အေးစက်ခြင်းနှင့် တောရနံ့ ပါဝင်သွားမှန်း ကျနော်သိလိုက်တယ်။

မလာခင်ကတည်းက အမေချက်တဲ့ မုန့်ဟင်းခါး စားချင်တယ်လို့ပြောထားတာကြောင့် ဒီနေ့ မနက်တော့ အမေချက်တဲ့လက်ရာကို ကျနော် စားရပါပြီ။ အမေ့လက်ရာကို တောင်းတခဲ့မိတာ ကြာပေါ့။ စားနေတုန်းမှာပဲ အန်တီပြုံးတို့ မိသားစုရောက်လာတယ်။ ပြီးတော့ အမေက ကျနော်ကို သတိပေးပါတယ်။ သားငယ် ဘုန်းကြီးကျောင်းသွားရအုံးမယ်နော်တဲ့ ။ ဘယ်မှ လျှောက်မသွားနဲ့အုံးတဲ့။ ဟုတ်သားပဲ။ ကျနော်က ရန်ကုန်ကပါလာတဲ့ အမနှစ်ယောက်ကို ဘုရင့်ညီဂူလိုက်ပို့မယ်လို့ စိတ်ကူးထားတာ။ ညနေပို့ပေးမယ်လို့ ပြောပြီး ကျနော်ရယ်၊ သူငယ်ချင်းရယ်၊ အဒေါ့်ဦးလေးနဲ့ အကိုရယ် လေးယောက်သာ ဘုန်ကြီးကျောင်းကို ထွက်လာခဲ့ပါတယ်။

ညနေ လေးနာရီခွဲလောက်ကျတော့ ဘုရင့်ညီဂူ ( ရေပူစမ်း ) ကို သွားဖို့ ပြင်ဆင်ပါတော့တယ်။ ဆိုင်ကယ်လေးစီး လူကရှစ်ယောက် အဆင်သင့်ဖြစ်နေတဲ့ အချိန်မှာပဲ အမေလှမ်းပြောတဲ့ စကားကြောင့် ကျနော်တို့ အဖွဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိပါတော့တယ်.......။

ဆက်ရေးပါအုံးမယ်။ စာနည်းနည်းရှည်သွားလို့ ဒီမှာပဲ ခဏရပ်ထားလိုက်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

March 25, 2011

လူပျိုကြီး ဟက်ထိသွားတဲ့ အချစ်

အသက် ၃၀....။ ဒါဆို လူငယ်လို့ ခေါ်လို့မရတော့ဘူးပေါ့။ လူကြီးတစ်ပိုင်း ဖြစ်နေပြီ။ မိန်းမနဲ့လား ကလေးရှိလား။ ပေါက်ပေါက်ရှာရှာ ရည်စားတောင်မရှိဘူး။ ဒါဆို လူပျိုကြီးပေါ့။ အေးပေါ့..... ဒါပဲပြောရတော့မှာပေါ့...။ ကိုယ့်ကိုကိုယ်တော့ အခုထိ ၁၉နှစ်က မတက်သေးဘူး။ အသက် ၃၀မှ မိန်းမ မရသေးတော့လည်း လူပျိုကြီးလို့ပဲ အခေါ်ခံရတော့မှာပေါ့လေ။ ကဲ.... ရှိစေတော့။ လူပျိုကြီး ဆိုတော့လည်း လူပျိုကြီးပေါ့။ လူပျိုကြီး အခုတစ်လော ဘာလုပ်တယ်မှတ်လဲ။ ရုပ်ရှင်ကားတွေ တစ်ကားပြီး တစ်ကားကြည့်တယ်။ စာတွေဖတ်တယ်။ အဲနှစ်ခုနဲ့ အလုပ်ကိုး ရှုပ်နေတာပဲ။

ဟိုတစ်လောတုန်းက ပြေတီဦး ၊ အူဝဲ နဲ့ ရဲအောင်တို့ ပါဝင်တဲ့ ဇာတ်လမ်းလေးကြည့်ဖြစ်တယ်။ ရှင်းရှင်းပြောရရင် အချစ်ကားလေးပေါ့။ လူပျိုကြီး ငယ်ငယ်တုန်းက ဇာတ်လမ်းဆင်တူတဲ့ ကားတစ်ကားကြည့်ဖူးတယ်။ နေအောင်နဲ့ ရဲအောင်ပါတာတော့ မှတ်မိတယ်။ မင်းသမီး ဘယ်သူလဲတော့ မသိတော့ဘူး။ အဲဒီအချိန်တုန်းက ကြည့်ရတဲ့ ဖီလင်နဲ့ အခုပြန်ကြည့်လိုက်ရတဲ့ ဖီလင် မတူတော့တာ လူပျိုကြီး သတိထားလိုက်မိတယ်။

နေအောင်တို့တုန်းက ဇာတ်လမ်းလောက်ပဲ မှတ်မိတော့တာ။ ခုပြေတီဦးတို့ သရုပ်ဆောင်တာကို ကြည့်ပြီး လူပျိုကြီး ရင်ထဲထိသွားတယ်ပြောရင် ပိုမှန်လိမ့်မယ်။ အချစ်ဆိုတဲ့ အရာကြီးကို ဒါရိုက်တာကပဲ ပုံဖော်ကောင်းလို့လား။ ဒါမှမဟုတ် အဓိကသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ သရုပ်ဆောင်ကောင်းလို့ပဲလား။ စာရေးဆရာရဲ့ ဇာတ်အိမ်ကိုက ကောင်းနေ၍ပဲလား လူပျိုကြီး မပြောတက်သွားရလောက်အောင် ဖြစ်သွားခဲ့ရတာတော့ အမှန်။

ဇာတ်လမ်း စလယ်ဆုံး ပြောစရာမရှိရလောင်အောင် ကောင်းမွန်လှပါတယ်။ လူပျိုကြီးကို ဟက်ထိသွားစေတဲ့ အခန်းတွေကတော့ သိပ် အများကြီး မရှိပါဘူး။ ရဲအောင်၊ ပြေတီဦး နဲ့ အူဝဲတို့ ဆုံတဲ့ အခန်းရယ်။ သူတို့သုံးယောက်ဆုံပြီးလို့ အူဝဲနဲ့ ပြေတီဦး နောက်တစ်ခေါက် ပြန်ဆုံတဲ့ အခန်းနှစ်ခုကတော့ လူပျိုကြီးရဲ့ ရင်ထဲကို ထိသွားစေခဲ့တဲ့ အခန်းတွေပါပဲ။ လူပျိုကြီး ဖြစ်တဲ့ ကျနော် ဘာမှပြောစရာမရှိရလောက်အောင် ဇာတ်လမ်းနဲ့ သရုပ်ဆောင်မှုတွေဟာ ကောင်းမွန်တာကြောင့် နောက်ထပ် ဘယ်အချစ်ကားကို ကြည့်ကြည့် ကြည့်လို့ အဆင်မပြေတော့တဲ့ အထိ ဖြစ်သွားခဲ့ရပါတယ်။ တင်စားလွန်းတယ်လို့ မပြောကြပါနဲ့ ကြည့်ကြည်လိုက်ပါလို့ပဲ လူပျိုကြီး ပြောပါရစေ။ ဇာတ်ကား နာမည်ကတော့ တိမ်ဒဏ္ဍာရီ ဆိုတဲ့ ဇာတ်လမ်းလေးပါပဲ.... ဗျာ။

အဲနောက်ပိုင်းမှာတော့ ဘယ်အချစ်ကားမှ ကြည့်ရတာ ဘာလိုနေမှန်းမသိ ဖြစ်နေတာနဲ့ ဘယ်အချစ်ကားမှ ကောင်းကောင်းပြီးအောင် မကြည့်ဖြစ်ခဲ့ပါဘူး။ ဒါပင်မဲ့ ဒီအချစ်ဆိုတဲ့ အရာကြီးကိုပဲ အဓိကထား ရိုက်ထားတဲ့ ဇာတ်လမ်းတစ်ခုကတော့ လူပျိုကြီးရဲ့ ရင်ထဲကိုရောက်လို့ လာပြန်ပါတယ်။ သရုပ်ဆောင်တွေကို သိပ်မကြိုက်ပင်မဲ့ အချစ်ဆိုတာကြီးကို လှပအောင် ရိုက်ထားတာဆိုတော့လည်း လူပျိုကြီးရင်ထဲ မငြိချင်ပဲ ငြိသွားပြန်ပါတယ်။ ဒီတစ်ခါ ငြိသွားတဲ့ ဇာတ်လမ်းလေး နာမည်ကတော့ ပြန်လည်နိုးထစေလိုသော အချစ်၏မျက်နှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ နေမင်း နဲ့ မယ်လိုဒီ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပထမကားလောက် မကြိုက်ပင်မဲ့ လက်ခံလို့ရတဲ့ အနေပါ။

ဘာပဲဖြစ်ဖြစ် အချစ်နဲ့ပတ်သက်လို့ ရင်ထဲထိသွားစေတဲ့ ဒီကားလေးနှစ်ကားကိုတော့ ဒီတစ်ခေါက်တော့ ညွှန်းလိုက်ပါရစေ ဗျာ.....။ အချိန်ရမယ်ဆိုပါက ကြည့်စေချင်ပါကြောင်း..........။


လေးစားစွာဖြင့်
ရီနိုမာန်

March 20, 2011

အထွန်းဖွား

ဝင်းသော်ထွန်း ဆိုတာ မိသားစု၊ ဆွေမျိုး၊ ပတ်ဝန်းကျင် အသိုင်းအဝန်းအကြားမှာ အမေချစ်တဲ့ သားလို့ ပြောစမှတ်တွင် ရလှအောင် အမေကို ချစ်တဲ့ သားတစ်ယောက်ပါ။ သူ့ဘဝမှာ သူလုပ်ချင်တာထပ် အမေဖြစ်စေချင်တာကို ပြုလုပ်ခဲ့တာ များပါတယ်။ သူ့ကြောင့် သူ့အမေ မျက်ရည်ကျရတဲ့ အထိ မဆိုးမမိုက်ခဲ့ဖူးပါ။ သူကိုယ်တိုင်မပြုလုပ်ချင်ပါလျှက် အမေ့ဆန္ဒကြောင့် ပြုလုပ်လိုက်ရသည့် ကိစ္စရပ်များ တော်တော်လေးရှိခဲ့ပါသည်။ သို့သော် ကိစ္စတော်တော်များများထဲမှ ဒီကိစ္စကတော့ သူ့အတွက် ခဲယှဉ်လို့ နေပါတော့သည်။

၁)

ကျနော်မြန်မာပြည်ကို ပြန်ရောက်နေသည်မှာ ၁၀ရက်လောက်ပင် ရှိသေးသည်။ တစ်ခုသော မနက်ခင်းမှာ မေမေ ကျနော်လက်ထဲသို့ စာရွက် တစ်စောင်လာထည့်ပေးသွားသည်။ ပြီးတော့ ပါးစပ်ကလည်း တတွတ်တွတ် ပြောနေပါသေးသည်။
" သား .. ဒီနေ့ မနက် ၁၀နာရီမထိုးခင် မေမေ ပေးထားတဲ့ စာရွက်ထဲက လိပ်စာအတိုင်း အရောက်သွား .. ပြီးရင် အဲစာရွက်ကို ဆရာဆီပေးပြီး သူပြောသမျှ တစ်လုံးမကျန် လိုက်မှတ်ခဲ့ .... ကြားလား "

ကျနော် သဘောပေါက်လိုက်ပါပြီ။ မေမေ ပေးတဲ့ စာရွက်ကို ကြည့်နေစရာမလိုတော့ပါ။ ကျနော့်ဘဝထဲမှာ မလုပ်ချင်ဆုံးတစ်ခုဖြစ်တဲ့ ဗေဒင်မေး နတ်မေးကိစ္စမှန်း ကျနော် အလိုလိုသိနေသည်။ ဒီနေရာမှာတော့ မေမေနဲ့ ကျနော် အယူအဆ နည်းနည်းကွာဟချက် ရှိနေမယ်လို့ ကျနော်ထင်တယ်။ ကျနော်က ယခုလက်ရှိ အချိန်ကိုသာ စိတ်ဝင်စားသော သူ။ မေမေက အတိတ် အနာဂတ်ကို ဂရုစိုက်သော မေမေ။ မေမေ့ကို ကျနော် အပြစ်မမြင်ပါ။ မိန်းမသဘာဝ ထဲက မိန်းမသားတစ်ယောက်လို့ပင် ကျနော် နားလည်ထားခဲ့တာပါ။ ကျနော် နိုင်ငံခြားရောက်နေတဲ့ အချိန်တွေမှာလဲ မေမေက ဗေဒင်တွေမေး ယတြာတွေချေနဲ့ အလုပ်ကိုရှုပ်နေမှာ သေချာပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း မေမေ အဲဒါတွေကို စိတ်ဝင်စားတာကို ဘာမှ မပြောလိုပင်မဲ့ ကျနော်နဲ့ ဒိုက်ရိုက်ပတ်သက်လာမှာကိုတော့ လက်မခံခဲ့ပါ။ ဗေဒင် လက္ခဏာကို မယုံလို့လဲ မဟုတ် ၊ ယုံလို့လည်း မဟုတ်။ ကျနော်ကိုယ်တိုင်က ကံကြမ္နာရဲ့ အလှည့်အပြောင်းကို ကြိုတင်မသိရပဲ၊ ဖြစ်နေတဲ့ ခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လုပ်ရှားရတာကို ကြိုက်တဲ့သူမို့ပါ။ အခုလည်း ကျနော်ထင်မထားတဲ့ အတိုင်းပဲ မေမေဆီက စာရွက်တစ်ရွတ်နဲ့အတူ မေမေရဲ့ ရာဇသံပါလာခဲ့သည်။

" သား မသွားပေးလို့မရဘူး...သား ဆရာ့ကိုချိန်ထားတဲ့ အချိန်နဲ့ မေမေသွားစရာရှိတဲ့ အလှူတစ်ခုက အချိန်တိုက်နေတယ်... "

ကျနော် မငြင်းသာတော့ပါ။ သို့သော် စိတ်ကရှောင်ချင်နေမိသေးသည်။ မေမေကို ကားယူသွားဖို့ ပြောကြည့်တော့

" နေပစေ သား.. ကားကိုသားပဲ ယူသွား... တော်ကြာ ချိန်ထားတဲ့ အချိန်မရောက်ရင် မကောင်းဘူး.... မေမေ က ကြည်ကြည်ကို ဝင်ခေါ်ခိုင်းလိုက်မယ်"

ကြည်ကြည်ဆိုတာ မေမေ့ ညီမပါ။ ကျနော် ဆက်ပြီးအဒွန့်မတက်တော့ပါ။ ဘာဖြစ်ဖြစ် သွားလိုက်မယ်လို့ပဲ ဆုံးဖြတ်ပြီး အပေါ်ထပ်ကို အဝတ်လဲဖို့ ကျနော်တက်လာခဲ့ပါတော့တယ်။

၂)

ကျနော်အိမ်ကိုပြန်ရောက်တော့ မေမေ မရောက်သေးပေ။ စိတ်ထဲမှာလည်း ဗေဒင်ဆရာရဲ့ စကားများကိုသာ ကြားယောင်နေမိ၏။

" ဇာတာရှင်က အထွန်းဖွား။ အဖွားကောင်းလို့လည်း ကံကောင်းနေတယ်လို့ပြောလို့ရတယ်။ အခုချိန်မှာ ဇာတာရှင်ဟာ စနေဂြိုလ်ကထွက်ဖို့ သိပ်မလိုတော့တဲ့ အချိန်မှာ အစစအရာရာ ဂရုစိုက်စေချင်တယ်"

မေမေပြောပြောနေလို့ ကျနော်ကြားဖူးနေပါတယ်။ ကျနော့်ရဲ့ဇာတာက စနေဂြိုလ်ထဲမှာရောက်နေလို့ သားဘာလုပ်လုပ် စိတ်သွားတိုင်းကိုယ် မပါဘူးတဲ့။ မေမေ ပြောတုန်းကတော့ သတိမမှုမိခဲ့ပါဘူး။ ဒါတွေလည်း ကျနော် စိတ်မဝင်စားခဲ့ဘူး။ သိလည်း မသိချင်ခဲ့ဘူး။ ကျနော်ရဲ့စိတ်ကိုသိတဲ့ မေမေကလည်း ကျနော်နဲ့ပတ်သက်တဲ့ယတြာ မှန်သမျှ မေမေကိုယ်တိုင် ဒိုင်ခံလုပ်ပေးနေခဲ့တာပါ။ ကျနော်ကလည်း မေမေလုပ်ချင်သပဆို လုပ် သားကိုလာလာမခိုင်းနဲ့လို့ အမြဲပြောပြောနေရတယ်။

" ဇာတာရှင်ဟာ အထွန်းဖွားဖြစ်တာက တစ်ကြောင်း၊ ဇနကကိန်းအရ အကောင်းဆုံးအချိန်ကို ရောက်နေတာကတစ်ကြောင်း၊ စနေဂြိုလ်အထွက်ခတ်ခဲ့ရင်တောင် အခတ်သက်သာနိုင်တယ်။ ဒါပင်မဲ့ ကံကြမ္မာကို ဆရာလည်း ပြောလို့မရဘူး။ "

" ကျနော် မသိလို့ မေးကြည့်တာနော် ဆရာ။ စနေဂြိုလ်ထွက်တာ ဘာဖြစ်နိုင်လဲ ဆရာ"

" ဆရာတို့ ဗေဒင်ပညာနဲ့ ပြောရရင် လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ဆိုင်တယ်။ စနေဂြိုလ်ထွက်တဲ့ အချိန်ဟာ ကိုယ့်ရဲ့ကံကြမ္မာဟာ အကောင်းဆုံးရှိနေခဲ့မယ်ဆိုရင်တော့ ဖြစ်ပျက်ဆုံးရှုံးမှု သက်သာမယ်။ ဇာတာရှင်ရဲ့ ကံဟာ အနိမ့်ဆုံးမှာ ရှိနေခဲ့မယ်ဆိုရင်တော့ အသက်အန္တရာယ် ရတဲ့ အထိဖြစ်နိုင်တယ်"

ဒါဆို လပိုင်းသာလိုတော့တဲ့ ကျနော်ရဲ့ ကံကြမ္မာမှာ ဘာဖြစ်နိုင်လဲ။ ဘယ်လောက်ထိ ဆိုးရွားသွားနိုင်လဲ။ ဘာတွေများပြောင်းလဲ သွားနိုင်လဲ။ မေးခွန်းပေါင်းများစွာ ကိုယ့်ကိုကိုယ်မေးနေမိတယ်။ အယုံအကြည်မရှိပင်မဲ့ ကိုယ်ကိုတိုင်ကြားလိုက်ရတဲ့ စကားကြောင့် စိတ်ထဲ တစ်မျိုးဖြစ်ခဲ့သည်ကတော့ အမှန်။ ထိုအချိန်မှာပဲ မေမေ ပြန်ရောက်လာသည်။

၃)

ကျနော် ခွင့်ပြည့်လို့ မြန်မာပြည်ကပြန်တော့ မေမေ ကျနော်ကိုလေဆိပ် လိုက်ပို့ခဲ့သည်။ မေမေ့ရဲ့ ထုံးစံအတိုင်း ကျနော်ကို ကျန်းမာရေးဂရုစိုက်ဖို့ အစစအရာရာ သတိရှိဖို့ တစ်ဖွဖွမှာနေလို့ ကျနော်ကပဲ စကားလမ်းကြောင်းလွှဲကာ

" မေမေ.. မေမေက သားကိုပဲ မှာနေတာ များနေပြီ။ မေမေကိုလည်း သားက မပြောချင်ပဲ ပြောရအုံး " ကျနော့်စကားကြောင့် မေမေ ကျနော်ကိုကြည့်သည်။ ဘာပြောမလို့လဲ ဆိုတဲ့ အကြည့်။

" မေမေလည်း ကျန်းမာရေးဂရုစိုက်ပါ။ သားအတွက်ကြီးပဲ မေမေ ပူနေတာ။ မေမေ့အတွက်လည်း မေမေ ဂရုစိုက်အုံး။ နောက်ပြီး ဒါရိုက်ဘာတစ်ယောက်လောက် ခန့်ထားလိုက်ပါ မေမေရယ်။ မေမေကိုယ်တိုင် ကားမောင်းတာကို သားစိတ်မချဘူး။"

" အေးပါ သားရယ်။ မေမေ ဂရုစိုက်ပါ့မယ်။ သားအတွက်သာ မေမေက ပူရတာ။ မေမေ့ သားလေး တစ်ခုခုဖြစ်ရင်......."

" ကောင်းပါပြီ မေမေရယ်။ မေမေလည်း ဂရုစိုက် သားလည်း ဂရုစိုက်မယ်။ ဟုတ်ပြီလား"

ကျနော်စကားလမ်းကြောင်း ဖြတ်လိုက်ရ၏။ မဟုတ်လျှင် မေမေ ကျနော်အတွက် စိတ်ပူနေတာနဲ့ ကျနော်ကို စိတ်မချဖြစ်နေတော့မည်။ မေမေဘာကြောင့် စိတ်မချဖြစ်နေမည် ဆိုတာကိုလည်း ကျနော်သိနေသည်။ အဘယ်အတွက်ကြောင့် ဆိုသော .......... ဗေဒင်ဆရာရဲ့ စနေဂြိုလ် အထွက်ခတ်မည် ဆိုသောကြောင့်ပင် ဖြစ်သည်။

၎)

" ကလင်.. ကလင်.... ကလင်... ကလင် "

" မေမေ.. သား ဝင်းသော်... ဟုတ်တယ်မေမေ... သား ဟိုတစ်လောက ဆေးရုံးတက်လိုက်ရတယ်.... ဘာမှ မဖြစ်ပါဘူး.... အူအတက်ရောင်လို့ ဗိုက်ခွဲလိုက်ရတယ်..... မေမေ စိုးရိမ်နေမှာကြောက်လို့ သားအကြောင်းမကြားလိုက်တာ။ သားသိတယ်... ဒီအကြောင်းကို ပြောပြလိုက်ရင် မေမေ အရမ်းစိတ်ပူသွားမယ် ဆိုတာ သားသိတယ်။ ဘာမှ စိတ်မပူပါနဲ့ မေမေရယ်... မေမေသိတဲ့ အတိုင်းပဲလေ မေမေ့သားက အထွန်းဖွားပါ ... ဟဲဟဲ...."

လေးစားစွာဖြင့်
ရီနိုမာန်

March 14, 2011

မုန်းတယ်လို့ ပြောဖို့မှ မလိုအပ်တာ

လောကမှာ မိဘနဲ့ သားသမီးဟာ အမြဲဒွန်တွဲနေတဲ့ ဝေါဟာရ တစ်ခုလိုပါပဲ။ သားသမီးကို မချစ်တဲ့ မိဘမရှိသလို။ မိဘကို မချစ်တဲ့ သားသမီးဆိုတာကလည်း အလွန်ကိုရှားပါးလွန်တဲ့ ကိစ္စပါ။ မရှိဘူးလို့ ကျနော်မပြောချင်ပါဘူး။ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အဲဒီအထဲမှာတော့ ဟောဒီက ကျနော် ဝင်းသော်ထွန်း တစ်ယောက် မပါဘူးဆိုတာကို ကျနော့် အသက်ရှင်နေသမျှ ကာလပတ်လုံး ကျနော်ပြောရဲပါတယ်။ ဝင်းသော်ထွန်း ဆိုတဲ့ ကျနော်ဖြစ်လာဖို့ အဖေဆိုတာ မရှိမဖြစ်တဲ့ အရာပါ။ ဒါကိုတော့ အကျယ်ချဲ့ပြီး ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ အဲ့ဒီအထဲမှာ အဓိက အရေးပါတာကတော့ အမေပါ။ အမေဆိုတာ ကျနော်ဖြစ်လာဖို့ ကို အဖေနဲ့လည်း အတူတူ နေရသေးတယ်။ ပြီးတော့ လူ့လောကထဲကို ရောက်လာမဲ့ ကျနော့်ကို အင်္ဂါအစုံပါလားဖို့လည်း သူ့မှာ ဂရုစိုက်နေထိုင်ရသေးတယ်။ သူ့ခများ အစားအသောက်လေး ဂတွင်းတွေ့လို့ စားချင်တာတောင် ကျနော် ကိုထိခိုက်မှာ ဆိုးလို့ မစားပဲ နေနေလာခဲ့တာ ကိုးလကျော်လို့ ၁၀လထဲတောင် ရောက်ခဲ့ပေါ့။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပြန်ဘူး။ နောက်ဆုံး ကျနော် လူ့လောကထဲရောက်တော့မဲ့ အချိန်မှာ နင်လား ငါလား မွေးရတော့မဲ့ အချိန်ရောက်နေတာတောင် အကယ်၍ အမေနဲ့ကလေးအသက် တစ်ခုခုရွေးရတော့မယ်ဆိုရင် ကလေးအသက်ကို ရအောင်ယူပေးပါလို့ ဒုက္ခတွေရောက်နေတဲ့ အချိန်မှာတောင် အမေဟာ ကျနော်အတွက် တွေးပူနေပေးခဲ့ပြန်ပါတယ်။

အမေ့ရဲ့မေတ္တာ ကျနော်ရဲ့ မိဘအပေါ်ထားတဲ့ မေတ္တာဟာ တူညီတာကြောင့်ပဲလားတော့ မပြောတက်ပါ။ ကျနော်ဆိုတဲ့ ဝင်းသော်ထွန်း တစ်ယောက် လောကအလယ်မှာ ဖွံ့ဖွံ့ထွားထွား ၇ပေါင်နဲ့ ၈အောင်စ ရှိလိုနေပြန်တာကလည်း အမေ့ရဲ့ကျေးဇူးကြောင့်ပါပဲ။ အမေ့အကြောင်း ပြောရမယ်ဆိုရင်တော့ စာမျက်နှာတွေသာ ကုန်သာသွားမယ်။ အမေ့အကြောင်းကတော့ ပြောလို့ကုန်မှာ မဟုတ်ပါဘူးလေ။ မိဘနဲ့သားသမီးကြားမှာ ကြီးမာတဲ့ ပြဿနာဆိုတာ ရှိကြမှာပါပဲ။ ကျနော့်အနေနဲ့ လက်ခံပါတယ်။ ကျနော်တောင် အမေ့ကို အရမ်းချစ်တဲ့ သားလို့ မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်က သမုတ်ထားကြပင်မဲ့ တစ်ခါတစ်ခါ ဘာမဟုတ်တဲ့ အကြောင်းအရာလေးကြောင့် အမေနဲ့ကျနော် အိမ်တွင်းစစ်လေး သဖွယ်ရှိခဲ့ဖူးတာပဲ။ ဒါပင်မဲ့ ကျနော် အမေ့အပေါ်ချစ်တဲ့ အချစ်ကတော့ လျော့မသွားခဲ့ပါဘူး။

မိဘနဲ့ သားသမီးကြား ဘာတွေဘယ်လိုပဲ ရှိနေခဲ့ပါစေ။ ကျနော်ရှေ့မှာတော့ အမေ့ကို မချစ်ဘူးလို့ ပြောရင် လက်ခံနိုင်ခဲ့ပင်မဲ့ အမေ့ကို မုန်းတယ်လို့ ပြောတဲ့ လူတွေကိုတော့ ကျနော်အနေနဲ့ လက်မခံနိုင်သလို့၊ သည်းငြီးလည်း မခံနိုင်လောက်အောင် ကျနော်ဒေါသထွက်တက်ပါတယ်။ တစ်ခါက သူငယ်ချင်းတစ်ယောက်နဲ့ ကျနော် စကားများခဲ့ကြတယ်။ တစ်ခြားအကြောင်းအရာတော့ မဟုတ်ဘူး။ အမေ့ကို မုန်းတယ်လို့ ပြောလို့။ ကျနော်လည်း သူ့စကားကိုကြားတော့ ဘေးနားမှာရှိတဲ့ အုတ်နီခဲတစ်လုံးကို ကောက်ယူပြီး " ရော့ မင်း...ခေါင်းကို ဒီအုပ်ခဲနဲ့ တစ်ချက်လောက်ရိုက်ခွဲလိုက် .. အေး မင်းမသေလို့ ပြန်ရှင်လာမှ မင်းအမေ့ကို မုန်းတယ်ဆိုတဲ့ စကားပြော။ ဒီလိုမှ မင်းမလုပ်ရဲခဲ့ရင် မင်းအမေ့ကို မုန်းတယ်ဆိုတဲ့ စကား ငါ့ရှေ့မှာ လာမပြောနဲ့" ကျနော်ရဲ့စကား ကျနော့်ရဲ့အသံကြောင့် သူကျနော်ကို တော်တော်စိတ်ဆိုးသွားမှန်း သိပင်မဲ့ အမေကိုချစ်တဲ့ သားတစ်ယောက်အရှေ့မှာ ဒီလိုစကားပြောတဲ့ သူ့ကို ကျနော်စကားမပြော အပေါင်းအသင်း မလုပ်ပဲ နေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ့်လေးနှစ်ကြာသွားခဲ့ပေါ့။ ဟိုးတစ်နေ့က MRT ပေါ်မှာ ကျနော်ကိုတွေ့လို့ သူအတင်းလိုက်ခေါ်ပြီး သူနဲ့ကျနော် စကားများပြီတဲ့ နောက်ရက်ကစလို့ ကျနော်ကို မေ့မရခဲ့ကြောင်း ၊ ကျနော်နဲ့ စကားပြောချင်ပင်မဲ့ မာနမလျော့ချင်တာက တစ်ကြောင်း၊ နောက်ပိုင်းသူနဲ့ ကျနော်နယ်ဝေးသွားတော့ ဒီတစ်ခါလမ်းမှာတွေ့ရင် သူကစပြီး လိုက်ခေါ်မယ်လို့ တွေးထားပင်မဲ့ ကွဲသွားတဲ့ နောက်ပိုင်း တစ်ခါမှ မတွေ့တော့ပဲ အခုမှပြန်တွေ့ရလို့ ဝမ်းသာကြောင်းနှင့် ကျနော်ပြောခဲ့သော စကားများဟာ သူ့အတွက်မှန်ကြောင်း။ သူ့အမေ့ကို မုန်းတယ်ဆိုတဲ့ စကားဟာ စိတ်ခံစားမှု သက်သက်ကြောင့် ပြောမိတာဖြစ်ကြောင်း ကျနော်ကို ရင်ရင်နှီးနှီး ရှင်းပြနေတော့သည်။ အမှန်အတိုင်းပြောရလျှင် သူနှင့်ကျနော် စကားမပြောချင်ပါ။ အချိန်တွေ ကြာလာတာရယ်၊ အတွေးအခေါ်လူကြီးဆန်လာတာရယ်၊ သူပြောနေတဲ့ စကားတွေ နားထောင်ရတာ သူ့အတွေးတွေကို ထင်ထင်ရှားရှားမြင်လာရတာကြောင့် သူနှင့်စကားပြောနေရင်းမှ သူ့အမေ့ကြောင့် သူယခုလို ကောင်းကောင်းမွန်မွန်နေနိုင်တာဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။ ကျနော့်ရဲ့စိတ်ထဲမှာတော့ တိုးတိုးလေး ပြောနေမိတယ်။

မိဘ ဆိုတာ မုန်းစရာကောင်းတဲ့ အရာမှ မဟုတ်တာပဲလေ.........


လေးစားစွာဖြင့်
ရီနိုမာန်

March 4, 2011

နှလုံးသားရဲ့ တစ်နေရာမှာ

လက်ထဲမှာ ပတ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ အချိန်က ညနေ ၅နာရီ။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့လည်း ရုံးဆင်းချိန် ဖြစ်တာကြောင့် သွားသွားလာလာ လူတွေကတော့ အများကြီး။ ပြေးလွှာလှုပ်ရှားနေတဲ့ လူတွေကို ကြည့်ပြီး ကျနော် ခေါင်းနည်းနည်းမူးသွားမိတယ်။ ဘယ်ဖက်ဘောင်းဘီအိတ်ထဲက ဖုန်းရဲ့ တုန်ခါမှုကြောင့် ကျနော်ရဲ့လက်က ဖုန်းကို ယူထုတ်လိုက်သည်။ ဖုန်းကိုကိုင်လိုက်တဲ့ အချိန်မှာပဲ " မောင် ရောက်နေတာ ကြာပြီလား .... စံပယ် ရောက်တော့မယ် မောင် ခဏလေးနော် " ကျနော်ရဲ့ အကျင့်အတိုင်း ဘာမှပြန်မပြောပဲ ဆိတ်ဆိတ်နေလိုက်မိတယ်။ ဖုန်းကို စားပွဲပေါ်အသာချပြီး မှာထားတဲ့ ကော်ဖီကို မောသောက်နေလိုက်တော့သည်။

မဆိုစလောက်အချိန်လေးမှာပဲ စံပယ်ရောက်လာခဲ့တယ်။ သူမရဲ့အကျင့်အတိုင်း အိမ်က ထွက်ခါနီးမှာ ဟိုဟာမေ့ဒီဟာမေ့နဲ့ လမ်းထိပ်ရောက်မှ ဖုန်းကျန်ခဲ့လို့ တစ်ခေါက်အိမ်ကို ပြန်ယူနေရလို့ ကျနော်ဆီအရောက်နောက်ကျရတာ ဖြစ်ကြောင်း မနားတမ်း ပြောလို့အပြီးမှာတော့ သူမရှေ့သို့ ရောက်လာသော ကော်ဖီခွက်ကို ကြည့်ပြီး ကျနော်ကို တစ်ချက်လှမ်းပြုံးပြသည်။ ဆက်ပြောဖို့ အလုပ်မှာတော့ ကျနော်က ဦးစွာ " တော်ပါတော့ စံပယ်ရယ်... မောင် နားလည်ပါတယ် ..... စံပယ်နောက်ကျလို့လည်း မောင်စိတ်မဆိုးပါဘူး... မောင် ပြောတာလေးကိုပဲ စံပယ်က ငြိမ်ငြိမ်လေး နားထောင်ပေးနော်.. " ကျနော်ရဲ့ စကားအရှည်ကြီးကြောင့် သူမငြိမ်ကျသွားသည်။ ကျနော်မျက်နှာကို သေသေချာချာကြည့်ပြီး " ပြောလေ မောင် "

စံပယ်ရဲ့ လက်ကိုကျနော် လှမ်းဆုပ်ကိုင်လိုက်သည်။ ကျနော့်ရင်ထဲမှာ ပြောချင်နေသော စကားများကို ချစ်စရာကောင်းတဲ့ စံပယ်မျက်နှာလေးကို ကြည့်ပြီး " မောင်တို့ လက်ထပ်ကြရအောင် စံပယ်" ကျနော်ရဲ့စကားကြောင့် သူမပြုံးသွားပင်မဲ့ သူမရဲ့မျက်နှာမှာတော့ ဝမ်းသာကြည်နူးသွားတဲ့ အရိပ်တစ်ချို့ကို ကျနော်တွေ့လိုက်ရသည်။ " မောင့် ဆီက ဒီစကားကြားရဖို့ စံပယ် ဘယ်လောက်တောင် မျှော်လင့်နေတယ်ဆိုတာ မောင်သိလား မောင်.... စံပယ် မောင့်ကိုစချစ်ကတည်းက စံပယ် မတောင်းဆိုပဲ မောင်ဆီက လိုလိုလားလား ပြောလာတဲ့ ဒီစကားကိုကြားရတော့ စံပယ် ဝမ်းသာလွန်းလို့ ဘာပြန်ပြောရမှန်းတောင် မသိဘူး ဖြစ်သွားတယ် မောင်ရယ်.... "

" ကဲ .. ဒါဆို စံပယ်မပြောနဲ့တော့ မောင်ပြောတာကို စံပယ် နားထောင်... မောင်တို့နှစ်ယောက်လက်ထပ်ပြီးရင် နေဖို့အတွက် မောင့်အဒေါ်ပေးခဲ့တဲ့ ကျောက်မြောင်းက တိုက်ခန်းလေးကို မောင်ပြင်ထားလိုက်မယ်။ လာမဲ့ တနင်္ဂနွေနေ့မှာ မောင် သူငယ်ချင်းတွေကိုခေါ်ပြီး မောင်တို့ နှစ်ဦးသဘောတူလက်ထပ်ကြမယ်... " ကျနော့်ရဲ့စကားကြောင့် သူမကြောင်အန့်အန့် ဖြစ်သွားတဲ့ မျက်နှာလေးကို ကျနော်မသိသယောင် ဆောင်နေလိုက်မိသည်။ အမှန်တော့ ကျနော်အနေနဲ့ စံပယ်ကို တင့်တင့်တယ်တယ် လက်ထပ်ယူချင်တာပါ။ ခက်တာက စံပယ် မိဘတွေက ကျနော်နဲ့ သဘောမတူ။ အကြောင်းရင်းကတော့ အနုပညာသမား တစ်ယောက်ဖြစ်နေလို့တဲ့။

ကျနော် စံပယ်ကို ချစ်တယ်။ ကျနော့်ဘဝမှာ စံပယ် တစ်ယောက်တည်းကိုသာ ချစ်ခဲ့တာပါ။ စံပယ်ကလွဲပြီး နောက်တစ်ယောက်မရှိသလို စံပယ်အတွက် ကျနော်ဟာလည်း အချစ်ဦး ဖြစ်လိုနေခဲ့ပြန်ပါတယ်။ ကျနော်အလုပ်က စာရေးခြင်း အလုပ်။ စာရေးခြင်း အလုပ်နဲ့ ဘဝတစ်ခုကို မထူထောင်နိုင်မှန်း ကျနော်သိပါတယ်။ မိဘများရဲ့ ကျေးဇူးကြောင့် ကျနော်ဘဝမှာ အေးအေးဆေးဆေး နေနိုင်ခဲ့တယ်ဆိုတာကို စံပယ်အသိုင်းအဝိုင်းက မသိခဲ့၍ ကျနော်နဲ့ စံပယ် ကိစ္စကို သဘောမတူတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကျနော်ရဲ့ အလုပ်ကိုသဘောမကျ၍လည်း ဖြစ်နိုင်သည်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျနော်ကတော့ စံပယ်ကို ချစ်တယ်။ လက်ထပ်ယူမယ်လို့ ဆုံးဖြတ်ပြီးသားပါ။

ကျောက်မြောင်းက တိုက်ခန်းကို လိုအပ်တာတွေ ပြုပြင်နေတဲ့ အချိန်မှာတော့ စံပယ်နဲ့ ကျနော် တူတူရောက်ဖြစ်ကြတယ်။ တစ်ခါတစ်လေတော့ ကျနော်တစ်ယောက်တည်း လိုအပ်တာတွေကိုဝယ်ပြီး နေရာချ ဖို့ အတွက် ရောက်လာတက်သည်။ မနက်ဖြန်ဆို ကျနော်နှစ်ယောက်စလုံးရဲ့ ရင်ခုန်စရာကောင်းတဲ့ နေ့လေးကို ရောက်လို့ လာတော့မယ်။ မနက်ဖြန်အတွက် လိုအပ်တာတွေကို ပြင်ဆင်လို့ အပြီး ကျနော်တို့ နှစ်ယောက်ဧည့်ခန်းမှာ ထိုင်ပြီးစကားတွေ ပြောဖြစ်ကြပြန်တယ်။ " မောင် .. မောနေပြီလား.." " မောတော့ မောတာပေါ့ ဒါပင်မဲ့ မမောဘူး " လို့ ကျနော်က ခက်နောက်နောက် ပြောလိုက်တော့ ကျနော်မျက်နှာကို ငုတ်ကြည့်ပြီး " မောင် .... မနက်ဖြန်ဆို စံပယ်တို့ လက်ထပ်ကြရတော့မှာနော် .... " " အင်းလေ စံပယ်က ဘာဖြစ်လို့မေးတာလဲ " " တကယ်လို့ မနက်ဖြန်မှာ မောင်တွေးမထားတာတွေ ဖြစ်လာခဲ့...." ကျနော့်လက်နှစ်ဖက်နဲ့ စံပယ် မျက်နှာလေးကို ဖမ်းဆုပ်လိုက်သည်။ စံပယ်ပြောမဲ့ စကားတွေအတွက် ကျနော်ဆက်ပြောခွင့် မပေးတော့ပဲ ကျနော်မျက်နှာနဲ့ စံပယ် မျက်နှာကို အပ်ထားလိုက်သည်။

ဆက်မပြောပါနဲ့တော့ စံပယ်ရယ်။ မောင် စံပယ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင် ကိုယ်တိုင် အသိဆုံးပါ။ ဘယ်လိုနည်းနဲ့မှ စံပယ်နဲ့ မောင်မခွဲနိုင်ဘူး။ မောင်ဘဝထဲမှာ စံပယ် မရှိလို့ မဖြစ်ဘူး။ အဲဒါကိုတော့ မင်းယုံပေးပါ စံပယ်ရယ်။ စံပယ်ပါးနှင့် အပ်ထားရာမှ ကျနော်ပါးပေါ်မှာ နွေးကနဲ ခံစားလိုက်ရသည်။ ကျနော် သိလိုက်ရပါပြီ။ အလိုလို ကျလာတဲ့ မျက်ရည်တွေ.....

ရုတ်တရက် အသံကြားလိုက်မှ ပါးမှာ ကပ်ထားတဲ့ စံပယ်ဓါတ်ပုံလေးကို စားပွဲပေါ်ပြန်တင်လိုက်သည်။ အခန်းဝမှာေ၇ာက်နေပြီးဖြစ်တဲ့ သမီးက

" ဖေဖေ သမီးကျောင်းက ပြန်ရောက်ပြီ "


လေးစားစွာဖြင့်
ရီနိုမာန်