February 27, 2012

အမေ့အိမ်လေး နှင့် ကျွန်တော်

လေးနှစ်ဆိုတဲ့ အချိန်ဟာ ကုန်မြန်လွယ်လိုက်တာလို့ ပြောလို့ရသလို၊ လေးနှစ်ပြည့်ဖို့ အတွက် စောင့်လိုက်ရတဲ့ အချိန်တွေကလည်း တော်တော်လေး ကြာမြင့်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လေးနှစ်တော့ ပြည့်သွားခဲ့ပါပြီ။ လေးနှစ်ပြည့်ရင် လုပ်ချင်တဲ့ အလုပ်လေး တစ်ခုကတော့ အမေ့အိမ်ကို လွမ်းတဲ့ စိတ်လေးပြည့်သွားဖို့ အတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ကြိုတင်စီစဉ်ရင် လွဲတက်တဲ့ ဓါတ်ခံကြောင့် အမေ့အိမ် မရောက်မချင်း ကျွန်တော့်ရဲ့ စိတ်တွေ မအေးနိုင်သေးပါဘူး။ 

အမေ့အိမ်ကို ပြန်ဖို့အတွက် ၂၀၁၂ ဇန်နဝါရီလ ၆ ရက်နေ့ကို ကျနော် ရွေးချယ်ထားခဲ့ပါတယ်။ သို့သော် ၂၀၁၁ ဒီဇင်ဘာလ ကတည်းက အင်ဒိုနီးရှာကို အလုပ်ကိစ္စနဲ့ ရောက်နေခဲ့ပြန်ပါတယ်။ ပြန်ရမဲ့ရက်နီးလာလေ လုပ်လက်စအလုပ်က မပြီးနိုင်ဖြစ်လေနဲ့ ကျွန်တော်မှာ စိတ်ပူပင်ခဲ့ရပြန်ပါတယ်။ ကျွန်တော့် ရဲ့ Supervisor က ကျွန်တော်ကို နှစ်ရက်ကြိုပြီး လူလဲပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော် စင်ကာပူကို ၂၀၁၂ ဇန်နဝါရီလ ၄ရက်နေ့ညပိုင်း ၁၀နာရီလောက်မှာ ချန်ဂီလေဆိပ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော့်မှာ ပြင်ဆင်ချိန် တရက်သာ ကျန်ပါတော့တယ်။ အခုထိလည်း အမေအတွက် ညီမအတွက် ဆွေမျိုးမိတ်သင်္ဂဟ တွေအတွက် ဘာလက်ဆောင်မှ မဝယ်ရသေးသလို၊ ဝယ်ဖို့ ပိုက်ဆံလည်း ၅ ရက်နေ့ ရုံးသွားမှ သွားထုတ်ရမှာ ဆိုတော့ စင်ကာပူကို ပြန်ရောက်တဲ့ ညမှာ ကျွန်တော် အိပ်ဖို့ရန် မေ့လျော့သွားခဲ့အထိပါပဲ။ အိပ်မယ်လုပ်တော့ အချိန်က ၅ ရက်နေ့ မနက် ၆ နာရီထိုးနေပါပြီ။ အိပ်များပျော်သွားခဲ့ရင်တော့ ကျွန်တော် ဘယ်အချိန်မှ နိုးမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သိဖို့ မလွယ်ပါဘူး။ ဒါနဲ့ ကျနော် မအိပ်တော့ပဲ အချိန်ထပ်ဖြုန်းနေခဲ့ပါတယ်။ 

မနက် ၈ နာရီလောက်မှာ ကျွန်တော် ရေမိုးချိုး အဝတ်လဲပြီး ရုံးကိုထွက်လာခဲ့ပါတယ်။ ရုံးရောက်တော့ အင်ဒိုကပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို အပ်ပြီး၊ ကျွန်တော် ရစရာရှိတဲ့ လစာချက်လက်မှတ်ကို ထုတ်လာခဲ့ပါတယ်။ လက်ထဲတော့ ချက်လက်မှတ်ရပြီ။ အရင်းဆုံး ချက်လက်မှတ်ကို ငွေသားပြောင်းရမယ်။ ဒါနဲ့ ကျနော် ဘဏ်ကို သွားတယ်။ ဘဏ်ကထွက်တော့ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ အမေ့အတွက် ဘာဝယ်သွားသင့်သလဲ။ ကျွန်တော် မစဉ်းစားတက်တော့ဘူး။ အမေ့ကိုလှမ်းမေးလိုက်တော့လည်း အမေက ဘာလိုချင်မှန်း မပြောတက်ပြန်ဘူး။ ကဲ... ရှိစေတော့... မျက်စိထဲ မြင်တာပဲ ဝယ်သွားတော့မယ်လို့ စိတ်ကူးပြီး လျှောက်ကြည့်လိုက်တယ်။ မထင်မှတ်ပဲ မျက်စိကျတာ ပစ္စည်းတစ်ခုနဲ့ သွားတွေ့လိုက်တော့ အဲ့ပစ္စည်းပဲ ဝယ်ဖြစ်သွားတယ်။ 

တော်ပြီ... ဘာမှ ... ဘယ်သူအတွက်မှ မဝယ်တော့ဘူးလို့ စိတ်ထဲတွေးပြီး သွေးသွားလှူဖို့ အတွက် သွေးလှူဘဏ်ကို  ကျွန်တော် ရောက်သွားခဲ့ပြန်ပါတယ်။ ကံကောင်းတယ်ပဲ ပြောရမလား၊ ကံမကောင်းဘူးပဲ ပြောရမလား မပြောတက်ပါဘူး။ ကျွန်တော် သွေးပေါင်ချိန်တော့ အောက်သွေးက ၁၃၀ ကျော်နေလို့ သွေးလှူခွင့် မရပါဘူး။ ဘာဖြစ်လို့လဲလို့ ဆရာဝန်မကို မေးကြည့်တော့ အိပ်ရေးပျက်ထားလားတဲ့...။ ဟုတ်တာပေါ့...။ ကျွန်တော် ညက တစ်ရေးမှ မအိပ်ရသေးပဲကိုး။ နောက်တစ်ခါက်ထပ်စစ်ဖို့ မိနစ်၂၀လောက် နားခိုင်းတယ်။ နောက်တစ်ခေါက်ပြန်စစ်ကြည့်တော့လည်း ၁၀၅ ရှိနေသေးတယ်။ ဒါနဲ့ နောက်တစ်ခေါက်  ပြန်စောင့်ကြည့်မယ်လို့ ပြောကြည့်တော့ ဆရာမက လက်မခံတော့ပါဘူး။ နှစ်ခါချိန်ကြည့်လို့မှ ၁၀၀ အောက်မရှိရင် အဲနေ့အတွက် သွေးလှူခွင့် မရှိတော့ပါဘူးတဲ့လေ။ ဒါနဲ့ ကျွန်တော်လည်း အိမ်ပြန်ပြီး မနက်ဖြန် မနက်ခရီးစဉ်အတွက် ပြင်ဆင်ဖို့ ပြန်လာခဲ့ပါတယ်။ 

ညနေပိုင်းမှာတော့ မြန်မာပြည်ကို လူကြုံပေးမဲ့ အမတစ်ယောက်ဆီမှာ ပစ္စည်းသွားယူပြီး ပြန်လာတော့ ည ၁၀နာရီ ကျော်နေပါပြီ။ ဒီညကော အိပ်လိုက်ရင်း မနက်နိုးပါ့မလားဆိုတဲ့  စိတ်နဲ့ မအိပ်ပဲ နေခဲ့တာ မနက် ၄ နာရီလောက်မှာ မှေးကနဲ အိပ်ပျော်သွားခဲ့တယ်။ သတိရလို့ နာရီကို လှမ်းယူကြည့်လိုက်တော့ မနက် ၆ နာရီ ခွဲနေပြီ။  ချက်ချင်းထ ပြင်ဆင်ပြီး လေဆိပ်ကို ပြေးရပါတော့တယ်။ သူငယ်ချင်းတစ်ယောက်က လိုက်ပို့လို့ တောာ်သေးတာပေါ့။ မဟုတ်ရင် ကျွန်တော်တစ်ယောက်တည်း အိတ်က နှစ်လုံး .....။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ အမေ့အိမ် ခရီးစဉ်လေး စတင်ခဲ့ပါပြီ။ ၂၀၁၂ ဇန်နဝါရီလ ၆ရက်နေ့ နေ့လည် ၁၁ လောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာခဲ့ပါပြီ။ မဖြတ်မနေရ အင်မီဂရေးရှင်းကို ဖြတ်ရပါပြီ။ အစကတည်းက စကားများများ မပြောချင်တဲ့ အတွက် စာအုပ်ကြားမှာ စင်ကာပူပိုက်ဆံ ၁၀  ထည့်ပေးဖို့ စိတ်ကူးးလိုက်ပါသေးတယ်။ ဒါပင်မဲ့ ဒီမို နိုင်ငံဖြစ်နေပြီ ဆိုတဲ့ စိတ်ကြောင့် ဘာများပြောင်းလဲမှုများ ရှိမလဲလို့ သိချင်တာကြောင့် ထည့်ထားတဲ့ ပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်ပါတယ်။ ကျွန်တော့်စာအုပ်ကို ကြည့်ပါတယ်။ အခွန်ဆောင်ထားလို့ မေးပါတယ်။ ဆောင်ထားတဲ့ စာရွက် ပြပါလို့ ပြောပါတယ်။ ဘာနဲ့ အလုပ်သွားလုပ်လဲလို့ ထပ်မေးပါတယ်။ ကျွန်တော်က WP လို့ ပြောတော့ အဆင်ပြေရင် ကြည့်လုပ်ပေးသွားပါအုံးတဲ့။ ဒါနဲ့ ခုနက ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ပိုက်ဆံကို သူ့စားပွဲပေါ် တင်ပေးလိုက်ရပါတော့တယ်။

ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပဲ  အကို ရန်ကုန်တက်ပြီး လာကြိုပါတယ်။ ရန်ကုန်ရောက်ရောက်ချင်း အချိန်ကလည်း ရှိသေးတာကြောင့် ပါလာတဲ့ ပစ္စည်းတွေကို အောင်မင်္ဂလာအဝေးပြေးနဲ့ နီးတဲ့ တည်းခိုခန်းတစ်ခုမှာ အပ်ပြီး ပိုက်ဆံလဲဖို့အတွက် Summit Parkview Hotel ကို သွားခဲ့ပါတယ်။ အဲ့မှာ ပိုက်ဆံသွားလဲပြီးတော့ ဗိုက်ဆာတာကြောင့် YKKO မှာ ကြေးအိုးသွားသောက်ခဲ့ပါတယ်။ ကြေးအိုး နှစ်ပွဲနဲ့ အအေးနှစ်ခွက်ကို မြန်မာငွေကျပ် နှစ်သောင်းနီးပါးလောက် ရှင်းလိုက်ရတော့ ကျွန်တော် နည်းနည်း မျက်လုံးလေး မပြုးယုံတမယ်ပါပဲ။ ရှိပါစေ ဘာဖြစ်လဲ ... ကျွန်တော်မှာ ပိုက်ဆံပါတာပဲပေါ့။

ပထမဆုံး အမတစ်ယောက်လို ချစ်ခင်နေတဲ့ စာရေးဆရာမ အမတစ်ယောက်နဲ့ အရင်သွားတွေ့ဖြစ်ပါတယ်။ လမ်း၃၀မှာ ကဗျာရွတ်ပွဲ ရှိတာကြောင့် ကျွန်တော်နဲ့ အမ ဆရာမတို့ ၃ နာရီလောက်မှာ လမ်းခွဲခဲ့ပြီး ကျွန်တော်လည်းတွေ့စရာ ရှိသေးတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ သွားတွေ့လိုက်ပါတယ်။

ည ၇ နာရီလောက်မှာတော့ ဘားအံကို ထွက်မဲ့ သာမည အဝေးပြေးကားကြီးနဲ့  အောင်မင်္ဂလာအဝေးပြေးကနေ စတင်လို့ ထွက်ခဲ့ပါပြီ။ နောက်ထပ် ၆ နာရီလောက်ဆိုရင် အမေ့အိမ်ကို ရောက်တော့မှာပါ။ လေးနှစ်လောက် မတွေ့တာကြာပြီးဖြစ်တဲ့ အမေ၊ အရင်လိုပဲ ဝနေမှာလား၊ ကျန်းမာရေးမကောင်းလို့ ပိန်များသွားပြီးလား ဆိုတဲ့ အမေ့ကို တွေ့ချင်နေမိတဲ့ ကျွန်တော့်ရဲ့ စိတ်တွေကတော့ အမေ့ရဲ့ အိမ်ပေါက်ဝကိုရောက်နှင့်လို့ နေပါပြီ။ အမေ ကျွန်တော့်ကို မျှော်နေမလား။ ဒါမှ မဟုတ် ကားဂိတ်မှာပဲ လာစောင့်နေမလား။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ။ အမေ ကျွန်တော့်ကို ကားဂိတ်မှာ လာစောင့်နေတယ်တဲ့။ ကျွန်တော်တို့ စီးလာတဲ့ ကားက မနက်၂ နာရီလောက်မှ စိုက်ရောက်ပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း ကိုသူရိန် ( ကျွန်တော် အကို နာမည်ပါ ) တို့အမေ စောင့်နေတာ။ ခုနကမှ ပြန်သွားတာတဲ့။ 

ကားဂိတ်မှာတောင် လာစောင့်နေတယ်ဆိုတော့ အမေ နေကောင်းတယ်ဆိုတာ မေးစရာမလိုပဲ ကျွန်တော် သိလိုက်ပါပြီ။ မြန်မာပြည်ကို ပြန်ရောက်တဲ့ ဒုတိယနေ့ရဲ့ မနက်စောစောပိုင်းမှာပဲ ကျွန်တော်ချစ်တဲ့ ကျွန်တော်အမေရဲ့ မျက်နှာကို တွေ့လိုက်ရပါပြီ။ လေးနှစ်အတွင်းမှာ အမေ့ ဘာမှ မပြောင်းလဲဘူး။ အသက် ၅၄နှစ်ဆိုပင်မဲ့ အရွယ်မကျသေးဘူး။ ကျွန်တော် ကိုတွေ့လို့ ဝမ်းသာသွားတဲ့ အမေ့မျက်နှာကို ကျွန်တော် ခုချိန်ထိ လွမ်းနေတုန်းပါ။ ကျွန်တော်ချစ်တဲ့ အမေနဲ့ အတူ၊ အမေ့အိမ်လေးထဲမှာ စကားတွေ ပြောနေခဲ့တာ မနက် ၇ နာရီထိုးသွားခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည်ပြန်ရောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပထမဆုံး အိပ်ပျော်သွားခဲ့မိတာ ကျွန်တော့်ကို နွေးထွေးမှုတွေပေးပြီး အေးချမ်းစေခဲ့တဲ့  အမေ့အိမ်လေး ပဲဖြစ်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

February 13, 2012

ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။

နေရဲ့ အလင်းရောင်ကလည်း လင်းထိန်နေပါသည်။

လရဲ့ အလင်းရောင်ကလည်း ကြည်လင်အေးမြနေပါသည်။

လူသားရဲ့ စိတ်တွေကလည်း ရှင်းလင်းနေပါသည်။

သို့သော်...... ပန်းတွေပွင့်ဖို့အတွက် ကမ္ဘာကြီးကို နိုးရအုံးမည်။



လူယောင်္ကျားရဲ့ ပုံသဏ္ဍာန်က တည်ငြိမ်လှသည်။

လူမိန်းမရဲ့ ပုံသဏ္ဍာန်ကလည်း လှပကျော့ရှင်းနေသည်။

နှစ်ယောက်စလုံးရဲ့ စိတ်တွေကလည်း ပြတ်သားနေကြသည်။

ထိုသူနှစ်ဦး အဆင်ပြေဖို့ ကမ္ဘာကြီးကို ပုတ်နိုးခိုင်းရအုံးမည်။



ဝမ်းနည်းမှုတိုင်းမှာ မျက်ရည်တွေ ပါနေသည်။

ပျော်ရွှင်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေပြန်သည်။

ရင်ခုန်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေအုံးမည်။

သို့သော်... မျက်ရည်ပါတိုင်း မကောင်းဆိုတာကိုတော့ ကမ္ဘာကြီးကို အသိပေးရလိမ့်အုံးမယ်။


အတိတ်မှာ ကျန်ခဲ့တဲ့ ကိစ္စတွေကို သတိရနေမိသည်။

အနာဂတ်မှာ ဖြစ်လာမဲ့ ကိစ္စတွေကို စောင့်နေမိသည်။

ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းရအုံးမည်။

သို့သော်.... ပစ္စုပ္ပန်သည်သာ အဓိကဆိုတာ ကမ္ဘာကြီးက သင်ပေးလိမ့်အုံးမည်။


အနီရောင်ဟာ ရဲရင့်ခြင်းဟု ဆိုကြသည်။

အပြာရောင်ကို ငြိမ်းချမ်းခြင်းဟု ဆိုကြသည်။

အနက်ရောင်ကိုကျပြန်တော့ ပူဆွေးမှုဟု ဆိုကြပြန်သည်။

သို့သော် .... ကမ္ဘာကြီးက လူသားတိုင်းကို အဖြူရောင်အဖြစ် ဖန်ဆင်းပေးထားခဲ့သည်။


လေးစားစွာဖြင့်
ရီနိုမာန်