December 30, 2009

မအိမ်ကံ ( for Jan အပိုင်း - ၁ )

ယခင်လမှအဆက်.....
မအိမ်ကံ ၀င်းတံခါးကြီး လှပ်လိုက်သည့် အခါ တောပုန်းရည်သည် ဆိုသူကို ညစ်ထေးထေး ပေစုတ်စုတ် အ၀တ်အစားဖြင့် တွေ့လိုက်ရသည်။

သူက မအိမ်ကံကို တစ်ချက် မော့ကြည့်ပြီး လွယ်ထားသော လွယ်အိတ်ကြီးကို ပုတ်ပြသည်။ ရေနှင့် မိုးနှင့် ဘယ်လောက်တောင် ဝေးနေသည် မသိ။ ချဉ်တူးတူး ချွေးနံ့က ထောင်းထောင်းပင် ထနေခဲ့သည်။ မုတ်ဆိတ် ကျင်စွယ်များ ရိတ်မထားတာကလည်း ကြာပြီဆိုတော့ မုတ်ဆိတ်တွေက ရသေ့ မုတ်ဆိတ်လို အမျှင်လိုက် ကျနေကြ၏။ မအိမ်ကံက ခြေဆုံးခေါင်းဆုံး ကြည့်ပြီးမှ ၀င်ခဲ့ပါဟု တစ်ခွန်းပြောရင်း လူတစ်ကိုယ်စာ ငဲ့ပေးလိုက်သည်။ မအိမ်ကံက ၀င်းတံခါးကို ပြန်ပိတ်လိုက်ပြီး တောပုန်းရည်သည် ရှေ့က ကျော်ကာ ပဲမှောင် တိုက်ဘက်ဆီ လျှောက်လာခဲ့သည်။ တောပုန်းရည်သည်လည်း လိုက်လာခဲ့သည်။ တောပုန်းရည်..။

သည်စကားလုံးက လျှို့ဝှက်စကားလုံး ဖြစ်သည်။ ကိုပြေသိမ်း တောခိုခဲ့ပြီး ဆိုသည့် နောက်ပိုင်း တောပုန်းရည်သည် အဖြစ် ဈေးသည်တစ်ယောက် ရောက်လာသည့် အခါတိုင်း အဆက်အသွယ် လုပ်ရန် ပထမ တစ်ခေါက်ပို့လိုက်သည့် စာမှာ ပါခဲ့ခြင်းကြောင့် ဖြစ်သည်။ ကိုပြေသိမ်း၏ ရက်စက်မှုက မအိမ်ကံ အတွက် သည်းကြီးအူပြတ် ဖြစ်ခဲ့ရသည်။ ဂျပန်ခေတ်တုန်းက မပြောမဆို စစ်ထွက်ခဲ့ဖူးသည်။


အနောက်တန်း ရွာတွေကို သွားရင်းက မြစ်နားတန်းမှ တစ်ဆင့် တော်လှန်ရေးထဲ ပါသွားခဲ့ခြင်းဖြစ်သည်။ သည်တုန်းကလည်း ဘယ်သူ့ကိုမှ ဘာအသိမှ ပေးခဲ့တာ မရှိ။ မယားရယ်၊ သားရယ်လို့ မှာ ခြွေစကား တစ်လုံး တစ်ပါဒ ဖွင့်ဟခဲ့တာ မရှိ။ တစ်ချိန်လုံး နူးညံ့စွာ နေထိုင်ခဲ့ရာက ကောက်ကာငင်ကာ ပစ်ထားရက် ခဲ့သော ကိုပြေသိမ်း၏ စိတ်ကိုလည်း နားလည်ရ ခက်ခဲ့သည်။ လိုအပ်လာလျှင် သူ့မှာ သံယောဇဉ် မရှိ။ လေးစားမှု မရှိသူပါလားလို့ ထိုစဉ်ကတည်းက မအိမ်ကံ သဘော ပိုက်ခဲ့မိပါ၏။ အမေ ပန်းရုံတို့၊ မလှအုံတို့ကပင် အံ့သြခဲ့ကြသည်။ မယား တောသူကို ပစ်ရက်ခဲ့တာထား၊ ရင်သွေး ကလေးကိုပင် ပစ်ပယ်ရက်နိုင်သော နှလုံးသားကို အံ့သြကြခြင်း ဖြစ်သည်။ လိုအပ်လျှင် ဒါမျိုး နောက်တစ်ခါလည်း ရှိဦးမှာပဲလို့ မအိမ်ကံ ကြိုတွေးထားခဲ့တာ မမှားပါလား။

ဂျပန်ခေတ် တော်လှန်ရေးထဲ လိုက်သွားတုန်းကလည်း သူတကာ ပြန်လာလို့ မပြန်ခဲ့။ စစ်ကြီးပြီးလို့ အတော်ကြီးကြာမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သေလေသလား၊ ရှင်လေသလား မသိ။ အိမ်သူအိမ်သားတွေ စိတ်ပူ နေရော့မလား မရှိ။ စာတစ်စောင် ပေတစ်ဖွဲ့ မပြောနှင့် သတင်း အစအနကလေးသော်မှ မကြားခဲ့ရ။ အိမ်လည် လွန်ရာက ပြန်ရောက် လာသလို မထီတရီ ရောက်လာခြင်းမျိုးပင်။ သည်တုန်းကလည်း မအိမ်ကံ စိတ်ကို ယတိပြတ် ဖြတ်နိုင်ခဲ့ပါ၏။ ဇဝေဇ၀ါ မရှိ။ မပြတ်မသား မရှိ။ သူကမှ မကြင်တာ ကိုယ်က မင်စရာ မရှိလေလို့သာ အောက်မေ့ခဲ့သည်။ ချင်းစိမ်းနှင့် မိဿလင် သဘော ထားခဲ့သည်။ ပြန်လာတော့လည်း အကောင်းပင်။ တန်ခိုးရှင် တစ်ယောက်က ဆေးနှင့်တို့ကာ ညှို့ခေါ် သွားသလိုလိုနှင့် ပြီးခဲ့ရသည်။

အခုတစ်ကြိမ်ကတော့ အရက်စက်ကြီး ရက်စက် လွန်းလှသည်။ ၁၃၁၉ ခုနှစ် ၀ါခေါင် လထဲမှာ အမေပန်းရုံ ဆုံးသည်။ ၁၃၂၀ အမေ ပန်းရုံဆုံးတာ အခါမလည်ခင် တစ်လအလို ၀ါဆိုလထဲမှာ မလှအုံ ဆုံးပါးပြန်သည်။ မအိမ်ကံတို့ အိမ်ကြီး တစ်အိမ်လုံး ခြောက်ခန်းသွားရသည် အထိ၊ အထိ နာခဲ့သည်။ အမေနှင့် အစ်မ နှစ်ပါးစလုံး ဆုံးရှာကြလို့ မအိမ်ကံ တစ်အား လျော့ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ငါ အမေ နေရာရောက်ပြီ၊ အစ်မ နေရာရောက်ပြီပဲ၊ ငါ့ဘ၀ ငါပဲရုန်းရမှာ၊ ငါဝမ်းနည်း ပူဆွေး နေလို့ မဖြစ်ဘူးဆိုသည့် စိတ်ဖြင့် မိမိကိုယ် မိမိ ထူမတ်ထားခဲ့ရသည်။ အနားမှာ လင်သားရှိသည်။ အရွယ် ရောက်ကြပြီ ဖြစ်သော သားသမီးနှစ်ယောက် ရှိသည်။ ကိုဖိုးငွေတို့ သားအဖ တစ်တွေရှိကြသေးသည်။ ကျေးဥ ရှိသည်။ နောက်ဆုံး ရွာနှင့် ရပ်နှင့်ရှိကြပါသေး၏။ သည်စိတ်ဖြင့် မလဲမပြိုရပ်တည် နေနိုင် ခဲ့ခြင်း ဖြစ်၏။

“ကျေးဥရယ် ညည်းတို့ သားအမိ သားအဖ တစ်တွေ ရှိခဲ့သာ ငါ့ဘ၀မှာ သိပ်ကို အကျိုးရှိခဲ့ပါသယ်။ လူတွေ မအိမ်ကံတို့ အိမ်ကြီးက တစ်ဦးစီ ပဲ့တော့မှ သည်ကျေးဇူးတရား တွေကို မအိမ်ကံ ပိုသိလာသယ်။ အထူးသဖြင့် ညည်းပေါ့အေ။ ညီအစ်မ အရင်းနဲ့ မခြား ငါ့အနွံအတာ ခံခဲ့သာ အပြောအဆို ခံခဲ့ သာ၊ အစီးအပိုး ခံခဲ့သာတွေ ငါ နားလည်ပါသယ်။ ငါ့အမှား ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါအေ။ငါနဲ့လည်း တစ်သက်လုံးသာ နေပါ။ မြိုင်တို့၊ ခိုင်တို့ကိုလည်း သမီးတွေလို စောင့်ရှောက်ပါ။ အမေတို့၊ မလှအုံတို့ မရှိတော့ သာ၊ အရီးကြာညွှန့် မရှိတော့သာ မအိမ်ကံမှာ လက်နှစ်ဖက် ပြုတ်ရသလိုပါပဲ။ ကိုပြေသိမ်း ဆိုသာကတော့ လင်သားပေါ့အေ။ အိမ်ဦး နတ်ဆိုရင်လည်း ဟုတ်ပါရဲ့။ နို့ပေသိ ဘုရင်နဲ့ မိဖုရားဆိုသာ တစ်ချိန်လုံး ရာဇပလ္လင်ချည်း ထိုင်နေကြရသာ မဟုတ်ဘူး။

ဘုရင်ကလည်း ဘုရင့် အလုပ်၊ မိဖုရားကလည်း မိဖုရား အလုပ် ဆိုသာလိုပဲ။ မအိမ်ကံချည်း လုပ်ရသဲ့ အလုပ် တွေရှိသယ်။ ကိုပြေသိမ်း မပါရမယ့် အလုပ်တွေ ရှိသယ်။ အဲသာမျိုးမှာ အားကိုးရသဲ့ အဖော်ဆိုသာ သိပ်ကို အရေးကြီးသာ မဟုတ်လား။ သည့်အတွက် ညည်းကျေးဇူးတွေ ရှိသယ်လို့ ပြောသာ”
ကြီးခေါင်ကြီးမားအရွယ် ရောက်နေပြီဖြစ်သည့် သမီးခိုင့် ကို ထမင်းခွံ့နေသော ကျေးဥကိုကြည့်ရင်း မအိမ်ကံ ၀မ်းပန်း တနည်း ပြောမိခဲ့သည်။ ကျေးဥက သူ့သားနှစ်ယောက်ကိုပင် အဲသည်လောက် ဂရုတစိုက်မရှိ။ တောသူတောင်သား သားသမီးပီပီ လှည်းပေါ်လိုလို၊ သစ်ပင်ရိပ်လိုလို၊ တလင်းပြန့် ပေါ်မှာလိုလို ပစ်ထားခဲ့တာများသည်။ မြိုင်နှင့် ခိုင်တို့ကိုတော့ အရိပ်တကြည့်ကြည့် ရှိခဲ့ရှာသည်။ သည်သမီး နှစ်ယောက်ကလည်း ကျေးကျေးချင်း ထပ်ကာ မအေ့ထက်ပင် သံယောဇဉ်ပို ကြသေးသည်။ မအိမ်ကံထက် ကျေးဥကို ပိုကပ်ကြသည်။ တစ်အိမ်လုံးကိစ္စကို ကျုံးကျုံးရုန်းရုန်းရှိရသူ မအိမ်ကံကိုယ် တိုင်ကတော့ သမီးတွေနှင့် အဟပ်ကွာခဲ့ရတာတွေ ရှိသည်။ လှည့်မကြည့်နိုင်တာတွေ ရှိခဲ့သည်။ သည်တာဝန်ကို ကျေးဥ ယူခဲ့ပါ၏။ ၀တ်ကျေတန်းကျေ မဟုတ်။ မျက်နှာပြလှရုံ မဟုတ်။ ရင်နှင့်အမျှ သွေးမခြား သားမခြား ရှိလွန်းရှာသူ ဖြစ်သည်။

“ငါ့တော့ မပြောပါနဲ့အေ။ ညည်းနဲ့ ငါ အပျိုမပေါက် တစ်ပေါက်ကတည်းက ချစ်ခင်ခဲ့ကြသူတွေပဲဟာ၊ ညည်းအကြောင်း ညည်းအမေတောင် ငါ့လောက် မသိပါဘူး။ အတူ အိပ်၊ အတူစား၊ အတူသွားခဲ့ကြသာ သည်အရွယ်တွေတောင် ရောက်ကြပေါ့ဟာ။ သည်အိမ်ကြီးကို ဘယ်တုန်းကမှ ငါ့အိမ်မှ မဟုတ်သာလို့ ငါမတွေးမိခဲ့ပေါင်အေ။ ညည်း ကျေးဇူးသာ ငါတို့ မိသားစုမှာ ပုံအောတကြီး ရှိခဲ့သာပါ။ အမေကဆိုရင် အမြဲဆုံးမတယ်။ စိတ်နဲ့တောင် မငြူစူ မိစေနဲ့တဲ့။ သည်ကြားထဲ ညည်းတူနဲ့ အိမ်ထောင်ကျပြန်တော့ ဆွေမျိုးတောင် တော်ရပါသေးသယ်။ ညည်းသာ စိတ်ချမ်းသာ အောင်နေပါအေ။ ငါ ညည်းမျက်နှာကိုကြည့်သာနဲ့ ညည်း ပျော်နေသလား၊ ၀မ်းနည်းနေသလား သိပါ့။ သည်ရက်ထဲ ညည်းစိတ်ဆင်းရဲနေသာ ငါသိတယ်”

ကျေးဥပြောသလိုပင် မအိမ်ကံ စိတ်ဆင်းရဲ နေခဲ့တာ လည်းအမှန်။ မျက်နှာကို ချီထားသော်လည်း စိတ်နှလုံးက ညှိုးငိုက် နေခဲ့ရသည့် ရက်တွေ များလှပြီ။ ကျေးဥက မအိမ်ကံ ခံစားမှုကို သိနေသည့် အတွက် အံ့တော့လည်း မသြမိ။ ကျေးဥက အစင်းသိ အတွင်းသိ မဟုတ်လား။ မအိမ်ကံ့ စိတ်ကို သိသည်။ မအိမ်ကံ့ ခံစားမှုကို သိသည်။ မအိမ်ကံ့ ရင်ထဲက စကားတွေကို နှုတ်က ထုတ်မပြောသည့်တိုင် “ကြား”နိုင်သူ ဖြစ်သည်။ မအိမ်ကံ ကိုယ်တိုင်က စမြင်းဒေါသ မကျေနိုင်သော ဝေဒနာသည်လို ဖြစ်နေရချိန်မှာ ကျေးဥ တစ်ယောက်သာ မိန်းမ ဖော်ရယ်လို့ ရှိတော့တာကို တွေးမိရာက ကျေးဥကိုသာ တွယ်မိ တွယ်ရာ တွယ်ရတော့၏။ ကျေးဥကလည်း မအိမ်ကံ အတွက်ဆို ခေါင်းကဆံပင် ရင်က အသည်းပင် ပေးဝံ့ရဲသူ။

၁၃၂၁ ခုနှစ်မှာ မြိုင်ဆယ့်ငါးနှစ် ပြည့်ပြီ။ ခုနှစ်တန်း ကျောင်းသူကြီး ဖြစ်နေပြီ။ မလှအုံက မြင်းခြံကျောင်း တစ်ကျောင်းလုံးမှာ မအိမ်မြိုင် အလှဆုံးလို့ ဆိုခဲ့သည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကျေးဥကို အဖော်ခေါ်ရင်း မြင်းခြံကို လိုက်သွား လေတိုင်း သမီးကြီးမြိုင်နှင့် အတူ ကျောင်းဝကို ရောက်အောင် သွားခဲ့သည်။ ၀ါကဆုန်၊ နှမ်းနယုန်။ သူ့အခါနှင့် သူ့ရာသီ “မျိုးစေ့မြေကျ” ရှိကြရသည်။ စိုက်ပျိုးမိပါပြီ ဆိုကတည်းက အရိပ် တကြည့်ကြည့် ရှိကြရသည်။ အပင်တွေသန် အဖူးတွေစီ တော့လည်း ၀မ်းသာရသည်။ ရိတ်ချိန် သိမ်းချိန် ဆင်ရာတိမ်မိုး လွတ်အောင် ဖိဖိစီးစီး ရှိကြရသည်။ ပုတ်ထဲ ကျီထဲ ရောက်အောင် သွင်းကြရသည်။ သမီး မိန်းကလေးများကကော ဘာထူး လို့လဲ။

ဆက်လက်ဖေါ်ပြပါမည်။
ရွှေအမြုတေမှ ဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ရီနိုမာန်

December 29, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၃ )

ကျွန်တော်လည်း အလှူကိစ္စ အိပ်ရေးပျက်တဲ့ ကိစ္စတွေနဲ့ လုံလဲချာလဲ လိုက်နေလို့ အင်းတာဗျူး အစီအစဉ်လေးကို ခဏရပ်ထားရပါတယ်။ ခုတော့ နည်းနည်းလေး အားသလိုလိုရှိလို့ ခုတလော စင်ကာပူမှာ လာပြီးသောင်းကျန်နေတဲ့ (မျောက်) အဲမှားလို့ ကျနော်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး ( ကျနော် အခေါ်)ဖိုးချစ် ခေါ် ဖိုးစိန်နဲ့ အင်းတာဗျူးဖို့ အတွက် စတားဘက် ကော်ဖီဆိုင်မှာတစ်ရက်ချိန်ပြီး ခုလိုမျိုး မေးမြန်းခဲ့ပါတယ်။

1. သယ်ရင်း ဖိုးစိန်ရဲ့ အကြိုက်ဆုံး အရောင် ကိုပြောပြပေးပါအုံးသယ်ရင်း
- မိုးပြာရောင် (မိုးခါးရောင် မဟုတ်ပါ)

2. အကြိုက်ဆုံး မြန်မာ အစားအစာ တွေထဲမှာကော
- အုန်းနို့ခေါက်ဆွဲ (အုန်းနို့ ကိုကြိုက်တယ်) အကြိုက်ဆုံးက ခေါက်ဆွဲမို့

3. အကြိုက်ဆုံးရေမွှေးက ဘာလဲ သယ်ရင်း
- Diesel

4. သယ်ရင်း အများဆုံး အသုံးပြုဝတ်ဆင်တဲ့ အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း က
- ဖန်စီကျတဲ့ ရောင်စုံ လက်ပတ် ကြိုးတွေကို မျက်စိနောက်အောင် ဝတ်တာ

5. ဖိနပ်ထဲမှာဆိုရင် အကြိုက်ဆုံး ဖိနပ် က
- Nike ( airmax)

6. အကြိုက်ဆုံး အဝတ်အစားဒီဇိုင်း-
ရှပ် tအကျီ လက်ရှည်ကို လက်ခေါက်ပြီး ဝတ် (သို့) မဟုတ် စပိုစ့်ရှပ် တစ်ထည်ကို ကော်လံ ထောင်ပြီးဝတ်မယ်... အဖာအထေး တွေနဲ့ ဂျင်းပန် ခပ်နွမ်းနွမ်းလေးကို ဝတ်ပြီး nike ဖိနိပ်ကို အကျီနဲ့ လိုက်အောင်ဝတ်မယ်.. ပြီးရင် အကျီနဲ့လိုက်မယ့် လက်ပတ်ရောင်စုံကြိုးတွေကို ဝတ်မယ်... ( အရောင်ကို ရွေးမယ်ဆိုရင်တော့ အပြာနဲ့ အဖြူထဲက မထွက်ပါဘူး)

7. ဘယ်အချိန်က ဘလောဂ့်ကို ရေးခဲ့တာလဲ
- 2008 july 22 ( မွေးနေ့)

8.ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း ကောရှိလား
- သူငယ်ချင်းက မြှောက်ပေးလို့ ( ရေးတတ်လို့ရေးတာ မဟုတ်ပေမယ့် ရေးချင်လို့ ရေးတာပါ) ရေးတော့ရော ဘာဖြစ်လဲ

9. သယ်ရင်းရဲ့ ပင်ကို ဝါသနာက ဘာလဲ
- စပ်စုတာ က အဓိက ဝါသနာ..... စူးစမ်းတာက ပင်ကိုဝါသနာ..... မျောက်ရှုံးအောင် ဆော့တာ စတာက မွေးရာပါ

10. ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း
- အများကြီးပဲ... ပိုက်ဆံအိတ်ပါရမယ်.. မန်မိုရီစတစ် ပါရမယ်... ဖုန်းပါရမယ်... မျက်နှာသုတ်ပဝါ သေးသေးတထည်... လက်ဆေးတဲ့ ဂျယ်ဘူး... ဘောပင် တစ်ချောင်းက မဖြစ်မနေ... တခါတလေ မျက်နှာသစ်ဆေးနဲ့ ဘီးလဲ ပါသေးတယ်.... ပြီးတော့ မပါမနေ ရေသန့် တဗူး... ဆက်ပြောရင် အိမ်ပြောင်းလို့ ရတယ်

11. စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ
- နှုတ်ခမ်းပါးပါးလေး.... နှာခေါင်းချွန်ချွန်... မျက်ခုံးထူထူ... ဆံပင်က စပလိန် လို အခွေလေးတွေ.. နားသံသီးလေးဝတ်ထားပြီး မျက်လုံးဝိုင်းဝိုင်း နက်နက်နဲ့ လည်တံရှည် ကောင်မလေး... မဝမပိန် ... အရပ်က ကျနော့် ပုံခုံးကို လှမ်းမှီ လို့ရတဲ့ ကောင်မလေး... စကားပြောရင် ပါးချိုင့်ကလေး ခွက်နေအောင် အသံအေးအေးလေးနဲ့ ပြောတတ်ပြီး အရမ်းရှက်တတ်တဲ့ကောင်မလေး... ချစ်သူကို ကြည်နူးတဲ့ အကြည့်တွေနဲ့ အမြဲ ကြည့်ပြီး ဂရုစိုက်တဲ့ မျက်ဝန်းတွေနဲ့ စကားပြောတတ်တဲ့ ကောင်မလေး... အထူးသဖြင့် ကျနော့် ကို “မောင်.....” လို့ ညင်ညင်သာသာလေး ခေါ်တတ်တဲ့ ကောင်မလေး ပေါ့..

(ခုလက်ရှိကတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်မို့ ရှာနေတုန်းပါ)

12. အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်
- ကောင်းတယ်ထင်တာကိုလုပ်တယ်... မှန်တယ်မှားတယ်ဆိုပေမယ့် နောင်တ မရကြေး... ဒါပါပဲ..

မေးမြန်းမှုများကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးခဲ့တဲ့ သယ်ရင်းကိုကျေးဇူးတင်ပါတယ်။ စကားချပ် ( သူလည်း ဆိုက်ပရစ်ပ် ကိုပြန် ဒီမှာကျန်ခဲ့တဲ့ မောင်နှမတွေတော့ မျက်တွင်းဟောက်ပက် အရိုးခေါက်ဂက်၊ အသက်တောင် ဖလက်ဖလက် ဖြစ်ကျန်ခဲ့မှာ မြင်ယောင်ပါသေးတယ်)။

လေးစားစွာဖြင့်
ရီနိုမာန်

အဖြေအားလုံး ဖိုးစိန်ကိုယ်တိုင် ဖြေကြားထားခြင်းဖြစ်ပါသည်။

December 27, 2009

ကျေးဇူးတင်လွှာ

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျာ.....

၂၅ရက်နေ့က ဘလော့ဂ်ဂါ မောင်နှမများနှင့် စာဖတ်သူ ညီအကိုမောင်နှမများရဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူတစ်ခု အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီမြောက်သွားပါကြောင်း အရင်ဆုံးပြောကြားလိုက်ရပါတယ်။

ပထမဆုံးအနေနဲ့ အလှူငွေထည့်ဝင်လှူဒါန်းကြတဲ့ ဘလောဂ့် မောင်နှမများနှင့် စာဖတ်သူ ညီအကိုမောင်နှမများ အားလုံးကို အားလုံးရဲ့ကိုယ်စား အထူးကျေးဇူးတင်ပါကြောင်း................။

ဒုတိယအနေနဲ့ ဘုန်းကြီးဆွမ်းပွဲအတွက် အစစအရာရာ လိုအပ်ချက်မရှိပဲ ချက်ပြုတ်ပေးခဲ့ ကြတဲ့ ညီမငယ် မြ၊ ညီမငယ်မိုးခါး နှင့် ညီမငယ်မေသူ တို့အားလည်း ကျေးဇူးတင်ရှိပါကြောင်း.........။

တတိယအနေနဲ့ အလှူ၇က်၌စောစောထလာကြတဲ့ ညီအကိုမောင်နှမများအား၎င်း၊ ဝိုင်းဝန်းကူညီ ဧည့်ခံပေးကြတဲ့ ညီအကိုမောင်နှမများအား၎င်း၊ အလှူသို့ လာရောက်ကြတဲ့ ညီအကိုမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း............။

ကျနော်ဘလောဂ့်ပေါ်မှ အလှူဖိတ်ကြားလွှာကို ဖတ်ပြီး လာချင်ကြပေမယ့် မလာနိုင်ပဲ သာဓုခေါ်ပေးသွားကြသော အဝေးမှဘလောဂ့်ဂါ မောင်နှမများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း......။

မဖြစ်ဖြစ်တဲ့ နည်းနဲ့အလှူငွေထည့်ဝင်ခဲ့ပြီး အလှူရက်မှာလည်း ဘလောဂ့်ပေါ်၌ ပိုစ့်တင်ပြီး ဖိတ်ကြားပေးခဲ့တဲ့ ဂျပန်မှ မမဝါကိုလည်း ကျေးဇူးတင်ပါကြောင်း..........။

အလှူငွေများမှာ ထင်မှတ်ထားသည်ထက် ပိုမိုရရှိလာခဲ့ခြင်းကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။ လက်ခံရရှိတဲ့ အလှူငွေထဲမှ ဘုရားဆင်းတုတော် လိုအပ်နေတဲ့ အလှူငွေကိုလည်း လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် အလှူငွေထည့်ဝင်ကြတဲ့ မောင်နှမများအားလုံးသည် ဘုရားဒါယကာ၊ ဘုရားဒါယိကာမ များအဖြစ် ခံယူနိုင်ကြပါသည်။

ခုလိုမျိုး မထင်မှတ်ပဲ အလှူတစ်ခုဖြစ်မြောက်လာရတဲ့အတွက်ရော၊ ထင်မှတ်မထားပဲ လှူလိုက်ရတဲ့ အလှူအတွက်ရော၊ မထင်မှတ်ပဲ အပြင်မှာတစ်ခါမှ မတွေ့ဖူးတဲ့ မောင်နှမတွေကို တွေ့လိုက်ခင်လိုက်ရတဲ့ အတွက်ရော၊ စီစဉ်ကြတဲ့ မောင်နှမတွေအားလုံးထဲမှ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကွက်ခြင်းမရှိကြပဲ နားလည်မှုလေးတွေနဲ့ အရာရာကို အဆင်ပြေအောင်လုပ်ဆောင်သွားတဲ့ အတွက်ရော ကျနော်ရီနိုမာန်မှ ဒီနေရာဒီပိုစ့်ကလေးကနေ အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်.......... ဓါတ်ပုံ တစ်ချို့ကို တင်ပေးလိုက်ရပါတယ်ဗျာ။



(၇.၁၂.၂၀၀၉)မြန်မာပြည်မှ ပင့်လာတဲ့ ကျနော်တို့ လှူဒါန်းခွင့်ရလိုက်တဲ့ ဘုရားဆင်းတုတော်ဖြစ်ပါသည်။

မူလဘုရား ဆင်းတုတော် နှင့် ဘုရားခန်း

အစောဆုံး ရောက်လာကြသူများ ( ကိုဘိုနှင့် ကိုသစ် လည်းပါပါသည်၊)

တရားနားနေခိုက်





ထောပတ်ထမင်းနှင့်ဧည့်ခံကျွေးမွေးနေချိန်



ဒီသုံးပုံကတော့ ဘုန်းကြီးပွဲ အကျကို ထိုင်စားနေကြတာပါ။ ( ကျနော်မစားလိုက်ရလို့ပါ)


လေးစားစွားဖြင့်
ရီနိုမာန်


December 24, 2009

အလှူ အစီအစဉ်

အလှူ

ကျနော်၊ကျမ တို့ စုပေါင်းအလှူမင်္ဂလာ တွင် ကျနော်၊ကျမတို့ ဘလော့ဂါ မောင်နှမများ၊ စာဖတ်သူများ နှင့် အလှူရှင်များ ပါဝင် လှူဒါန်းကြသည်မှာ စကာင်္ပူဒေါ်လာ (၁၇၀၀)နီးပါးခန့် ရရှိထားပြီး ဖြစ်ပါသည်။ ခန့်မှန်းပမာဏထက် အလှူငွေများ ပိုမိုရရှိတဲ့အတွက် ကျနော်တို့အားလုံး ပျော်မဆုံး တပြုံးပြုံးဖြစ်ရပါသည်။ ဆက်လက်လှူဒါန်းလိုသူများ အကြောင်းကြား ဆက်သွယ် လှူဒါန်းနိုင်အောင် မနက်ဖန် ကြာသာပတေးနေ့ ညနေ (၂၄.၁၂.၂၀၀၉)ထိ လက်ခံသွားမှာဖြစ်ပါသည်။


ရရှိလာသော အလှူငွေများထဲမှ ဘုန်းကြီးကျောင်းအတွင်းထားရန် ဘုရားတစ်ဆူ တွင် အလှူငွေ ထည့်ဝင်ထားပါတယ်။ အလှူနေ့တွင် ဘုရား အနေကဇာတင်မှာ ဖြစ်ပြီး ဘုရားရှင်အား ရည်မှန်း၍သင်္ကန်း၊ ထီး၊ဖိနပ် နှင့် အနေကထိုင် တစ်စုံကို ဆက်ကပ်လှူဒါန်းမှာ ဖြစ်တဲ့အတွက် ဘုရား ဒါယိကာ၊ ဒါယိကာမ များအဖြစ် ခံယူနိုင်မှာ ဖြစ်ပါသည်။


ထိုပြင် ကျောင်းနေဘုန်းတော်ကြီးများကို လက်ခံရရှိထားသော ဝတ္ထုငွေသားများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


အစီအစဉ်



မနက်(၉) နာရီ တိတိ တွင် အလှူငွေများဖြင့် စုပေါင်းလှူဒါန်းမည့် ဘုရားအား အနေကဇာ တင်ပါမည်။


မနက်(၁၀း၃၀) နာရီ တွင် လှူဒါန်းထားသော ဗုဒ္ဒဆင်းထုတော်အားရည်စူးပြီး သင်္ကန်း ၊ ထီး ၊ ဖိနပ် နှင့် အနေကထိုင် ကိုကပ်လှူ ပူဇော်ပြီး ကျောင်းနေ ဘုန်းကြီး (၆)ပါးကို ဝတ္ထုငွေ ဆက်ကပ် လှူဒါန်းမှာ ဖြစ်ပါသည်။


ထိုနောက်ပရိတ်တရားတော် နာယူပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်ချ အမျှဝေ ပါမည်။

တရားနာပြီးလျှင် ဘုန်းကြီး(၆)ပါးကို မောင်နှမများကိုယ်တိုင် ချက်ပြုတ်ထားသော ဆွမ်းထမင်း၊ ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


မနက်(၁၁း၀၀)နာရီမှ မွန်းလွဲ (၁း၃၀)နာရီ ထိ တရားနာကြွလာသူများနှင့် ဧည့်သည်တော်များကို ထောပတ်ထမင်းနှင့် ကြက်သားဟင်း ဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါသည်။


စကာင်္ပူနိုင်ငံတွင် ရှိကြသော ဘလောဂါများ၊ စာဖတ်သူများ၊ အလှူရှင်များ မည်သူမဆို အလှူသို့ တရားနာကြွရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျာ...။



အလှူကျင်းပမည့်နေရာ - NO.2, Jalan Kerayong,Sembawang Straits Estate, Singapore 759300.
Sembawang MRT ရောက်ရင် ဘတ်စ်ကား (882) ကို (၇)မှတ်တိုင် စီးပြီး (၁၀၀)မီတာလောက်လမ်း ပြန်
လျှောက်လျှင် Jalan Kerayong ကိုမြင်ရမှာဖြစ်ပါသည် ခင်ဗျား။


ဖုန်းဖြင့် ဆက်သွယ်မေးမြန်လိုပါက ၈၁၁၈၉၁၆၀ (ကိုမိုးကုတ်သား) ၊၉၀၆၂၃၂၃၉ (ဖိုးစိန်) ၊ ၉၆၆၉၂၉၄၆ (မက်မက်)



ချစ်ခင်လေးစားစွာဖြင့်
ရီနိုမာန်

ဖိုးစိန်ဘလောဂ့်မှ ပြန်လည်ကူးယူဖေါ်ပြပါသည်။

December 22, 2009

ခရစ္စမတ် ကလောခရီး

ဒီရာသီကို ရောက်ပီဆို ရီနိုအမြဲအမှတ်တရဖြစ်ခဲ့တဲ့ ခရစ္စမတ်ရာသီ ကလောခရီးစဉ်လေးကို ပြေးပြီသတိရမိတယ်။ ရီနို အရမ်းကိုပျော်ခဲ့သလို ဒီလို ဒီဇင်ဘာလ ခရစ္စမတ်ဆိုရင် ကလောမြို့ကို အရမ်းကိုသွားချင်လောက်အောင် စိတ်ထဲမှာ စွဲမှတ်ခဲ့တာ။ အချိန်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဟိုး.... လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလ ကြာခဲ့ပြီလေ...

ဒီဇင်ဘာလဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် လထူးလမြတ်ဖြစ်သလို၊ လူငယ်အများစုကလည်း ခရစ်တော်ဘုရား ယေရှုရဲ့မွေးနေ့ကို ကြိုဆိုကြဖို့ အုပ်စုလိုက် အုပ်စုလိုက် ဆိုင်ရာဆိုင်ရာဘုရားကျောင်းဆီကို သွားပြီး ဓမ္မတေးတွေကျင့်ကြ၊ တီးကြ၊ မှုတ်ကြနဲ့ ပျော်စရာပေါ့။ အပျော်တွေကူးစက်ခံရတဲ့အထဲမှာ ရီနို များပါသလာလို့တော့ မမေးနဲ့။ ဂီတသံကို နှစ်သက်တဲ့ရီနို၊ မမျှော်လင့်ပဲ ခရစ်ယာန်ဘာသာဝင်မိသားစု အတွင်းမှာ ဒီလိုခရစ်စမတ်အချိန် ၁၀ရက်ဆိုတဲ့နေ့လေးတွေထဲမှာ ပျော်ခြင်းမက ပျော်နေခဲ့တာပေါ့။

မှတ်မှတ်ရရ ရီနို(၁၀)တန်း ဒုတိယနှစ်ကပေါ့။ ကလောကိုအလည်လိုက်ဖို့ခေါ်တဲ့ဆရာမနဲ့ အလွယ်တကူ ခွင့်ပြုပေးခဲ့တဲ့ အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်မိတယ်။ ကလောကိုရောက်ပြီး နောက်နှစ်ရက်မှာ တောင်ကြီးကိုသွားပြီး ဓမ္မတေးသွားဆိုကြမယ်လိုက်မလားဆိုတော့ ဆရာမကခွင့်ပြုတယ်လိုက်သွား ဆိုတော့ တောင်ကြီးသွားဖို့ ပြင်ဆင်ရတော့တာပေါ့။ နေ့လည်(၂)နာရီမှာကလောကနေကား စထွက်မယ်။ တောင်ကြီးကို ည(၇)လောက်ရောက်မယ်။ ဖိတ်ထားတဲ့ အိမ်တွေမှာ သီချင်းဆိုမယ်။ နောက်နေ့မနက်မှ ကလောကိုပြန်မယ်ဆိုတဲ့ သတင်းကို ဆရာမဆီကနေ အကြမ်းသိလိုက်ရတယ်။

ဒီနေရာမှာ ရီနိုရဲ့ အဝတ်အစားဝတ်ပုံကိုနည်းနည်းတော့ ပြောချင်မိတယ်။ ဆရာမကလည်းရီနိုကို တတွတ်တွတ်နဲ့ မှာနေတော့တာပေါ့။( ချမ်းလွန်လို့ပါ) စွပ်ကျယ်ကိုအရင်ဝတ်ပါတယ်။ ပြီးတော့ လက်တိုရှပ်တစ်ထည် ထပ်ဝတ်ပါတယ်။ သိုးမွေဆွယ်တာ တစ်ထည်ထပ်ဝတ်ပါတယ်။ ဘောင်းဘီရှည်ဝတ် ဖိနပ်စီး ခေါင်းစွတ်ဆောင်ပြီး တော့ ဂျာကင်တစ်ထည်ထပ်ဝတ်ပါတယ်။ ဒါကလောမြို့ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က နေ့ခင်း (၂) နာရီအအေးပါ။ ဆရာမက (ပအိုဝ်း သဘတ်)တစ်ထည်ထပ်လှမ်းပေးပါတယ်။ ပုဝါတို့ သဘတ်တို့ဆိုတာ မိန်းကလေးတွေ အများဆုံးသုံးတဲ့ ပစ္စည်းလို့ သိထားတဲ့ ရီနို ဆရာမပေးတာမို့ ကြောက်ကြောက်နဲ့ ယူလာခဲ့တာပါ။ လက်ဆွဲအိတ်ထဲမှာ အနွေထည် တစ်ထည်ကျန်နေပါသေးတယ်။ (ဒါကတော့ တောင်ကြီးရောက်မှ ဝတ်ဖို့ပါ။ ရီနိုပြောတာ ပိုတယ်လို့ထင်ရင် ပင်လောင်းသူဖြစ်တဲ့ မငုံကိုသာ လှမ်းမေးကြည့်ပါ)။

တောင်ကြီးကိုလိုက်မဲ့ လူဦးရေက စုစုပေါင်းအယောက်(၃၀)လောက်ရှိတယ်။ သွားရမယ့်ကားကလည်း မှန်လုံကားလို့မထင်နဲ့အုံး။ ကျောက်သယ်တဲ့ကားနဲ့ သွားရမှာ။ လူများတော့ ပျော်စရာပေါ့လေ..။ ကားမထွက်ခင် သင်းအုပ်ဆရာတော်က ဆုတောင်ပေးတယ်။ တလမ်းလုံလည်း သီချင်းတွေဆိုသွားကြတယ်။ သူတို့ဆိုတဲ့ သီချင်းတွေကို မရသေးတဲ့ရီနိုက စာအုပ်ကြည့်ပြီး လိုက်ဆိုခဲ့တာ... တောင်ကြီးရောက်လို့ စဆိုကြတော့ ရီနို အလွတ်ရနေပြီ။

ဟဲဟိုးကိုရောက်တော့ ညနေငါးနာရီကျော်နေပြီ။ အသိအိမ်မှာ ပါလာတဲ့ ထမင်းထုပ်တွေကို ညနေစားအဖြစ် စားကြတယ်။ ပုဂံတွေမလောက်တာနဲ့ ငှက်ပျောဖက်တွေခူးပြီး ထမင်းစားခဲ့ရတယ်။ အမှတ်တရပေါ့။ ဂီတာသုံးလက်၊ ဘေ့ဗုံးတစ်ခု၊ ဘာဂျာတစ်ခုနဲ့ သီချင်းတွေစဆိုခဲ့ကြတယ်။

တောင်ကြီးကိုရောက်တော့ ည ၈ နာရီလောက်ရှိတော့မယ်။ အရမ်းအရမ်းကိုအေးနေပြီ။ ရောက်ရောက်ချင်း အသိအိမ်ကိုအရင်းဝင်ပြီး အဝတ်အစားတွေ ထပ်ဝတ်၊ ပါလာတဲ့ စောင်တွေ သဘက်တွေထုပ်ကျနဲ့ပေါ့။ ခုနှက ဆရာမပေးလိုက်တဲ့ သဘက်က ဘာကြောင့်ပေးလိုက်တယ်ဆိုတာကို ရီနိုတစ်ယောက်ခုမှ နားလည်နိုင်တော့မယ်။ နောက်ဆုံးသီချင်းဆိုတဲ့ အချိန်ကလွဲရင်း မျက်လုံးနှစ်လုံးပဲပေါ်နိုင်ပါတော့တယ်။

တစ်ညလုံးသီချင်းတွေဆိုလိုက်ကြတာ နောက်နေ့ မနက်ငါးနာရီလောက်မှ ပြီတယ်။ သုံးနာရီလောက်ပဲ အိပ်ပြီး နောက်နေ့မှာကလောကိုပြန်လာခဲ့ကြတယ်။

တကယ်ကိုပျော်စရာကောင်းတဲ့ ညပါ။ လူတွေအားလုံးအေးလွန်လို့ လှုပ်လှုပ်ရွရွနဲ့ အငြိမ်ကိုနေလို့မရခဲ့ပါဘူး။ ရီနိုတစ်ယောက်ထဲလို့မထင်ပါနဲ့ ။ အအေးကြိုက်တဲ့ ရီနိုတောင် ဒီလောက်ဖြစ်နေရင် တစ်ခြားလူတွေကိုတော့ တွေးကြည့်လိုက်ပါတော့ဗျာ.......

လမ်းမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့တွေ့ကြရင်းလည်း ဦးတဲ့လူက .....

.....................MERRY CHRISTMAS..............

.....................Same To You.................

တဖက်ကလည်း ပြန်အော်ရင်း ခရစ္စမတ်ကိုရောက်ရင် လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ကာလက ကလောမြို့ကို အလည်သွားရင်း အမှတ်တရဖြစ်ခဲ့တဲ့ ဒီခရီးကို သတိယလွမ်းနေစဲပါ.......


လေးစားစွာဖြင့်
ရီနိုမာန်

December 20, 2009

အလှူမင်္ဂလာဖိတ်ကြားလွှာ


အားလုံးသော ဘလောဂ့်ဂါ ညီအကိုမောင်နှမများနှင့် စာဖတ်သူ ညီအကိုမောင်နှမများခင်ဗျား....
အားလုံးရဲ့ကိုယ်စား ကျနော်ရီနိုမာန်မှ (၂၅.၁၂.၂၀၀၉) အလှူအား တက်ရောက်ကြပါရန် ဖိတ်စာနှင့်တကွ ဖိတ်ကြားအပ်တယ်ဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

ကြွေပါစေ လမ်းဆုံ








ရီနိုမာန် သီချင်းလေးအတိုင်း ခံစားကြည့်လိုက်တယ်.......

လေးစားစွာဖြင့်
ရီနိုမာန်

December 19, 2009

မအိမ်ကံ ( For Dec အပိုင်း - ၅)

တစ်ရွာလုံး လိုလိုကလည်း အံ့သြကြလေ၏။
“မပန်းရုံနဲ့ လှအုံက တူအရီး ဆိုပေသိ အင်မတန် ချစ်ကြ ရှာသာကိုး။ တစ်သက်လုံး မပန်းရုံ အနား နေသွားခဲ့သာ ကြည့်ပါလား။ အခုလည်း လွမ်းလို့ လိုက်သွားသာ နေမှာပေါ့။ တို့ မသိကြလို့သာကိုး။ သူ့ခမျာ ရင်ထဲ ဘယ်လောက် မီးတောက်အောင် လွမ်းနေမှန်းမှ မသိသာ”

ရွာက သက်ကြီးရွယ်အိုတွေ ပြောကြသည့် စကားများဖြစ် ၏။ မအိမ်ကံကတော...။ လက်ချောင်းတွေ တစ်ချောင်းပြီး တစ်ချောင်း ပြုတ်သွားခဲ့သော ကင်းခြေများ တစ်ကောင်လို ခြေထောက်တွေ ရှိသေးတာပဲလေလို့သာ ဖြေရတော့၏။

“မအိမ်ကံတို့အိမ်ကို စုန်းတိုက်၊ နတ်တိုက်၊ ဓာတ်တိုက်၊ သိုက်တိုက်တွေများ လုပ်ထားကြသလား အစ်ကိုရယ်။ သည်လောက်တောင် ဆိုတော့လည်း မလွန်လွန်းဘူးလား။ မအိမ်ကံ ကတော့ အိမ်ကို ရွတ်ဖတ်ပြီး သန့်ပစ်ချင်သယ်”

“မဟုတ်ပါဘူး အိမ်ကလေးရယ်။ ဖြစ်ချင်တော့လည်း ဖြစ်တာပါပဲ။ လူတိုင်းမှာ ဇာတိဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ တွေရှိကြသာချည်းပါ။ အိမ်ကလေး စိတ်သန့်အောင် လုပ်ချင်လည်း လုပ်ပါလေ။ လုပ်ကောင်းတဲ့ ကိစ္စပဲ”

မလှအုံဆုံးပြီး တစ်လလောက်မှာ မအိမ်ကံနှင့် ကိုပြေသိမ်း တို့ ပြောဖြစ်ခဲ့ကြသည့် စကားများ ဖြစ်ပါ၏။
တစ်ခါတစ်ခါတော့လည်း သူတို့ ဘ၀တွေထဲက ကျေးဇူး ကြီးလှ သူတွေကို မအိမ်ကံ သတိထားမိသည်။ ဆိုပါတော့ ကိုဖိုးငွေ။ မလှအုံနှင့် ပတ်သက်ရသော်လည်း တစ်သက်လုံး ချိုသည်၊ ခါးသည် မပြောဘဲ မအိမ်ကံတို့ ယာခင်း၊ ကိုင်းခင်း တွေထဲမှာ နှစ်ပေါက် ရှိရရှာသူ ဖြစ်သည်။ အဖေဘက်က အမျိုး ဆိုသော်လည်း အမေ ပန်းရုံကို ချစ်ရှာသူလည်း ဖြစ်သည်။ သည်အိမ်ကြီးမှာ တကယ်တမ်း ပြောကြကြေး ဆိုလျှင် ကိုဖိုးငွေ တို့သားအဖ တစ်တွေ၏ ကျေးဇူးက ပို၍ပင် ကြီးကြရှာပါ၏။ လှည်းနှင့်နွားနှင့် သစ်စူးဝါးစူး နေပူဆောင်းချမ်း တကုပ်ကုပ် ရှိကြသူတွေပင်။


အချိန်တန်လို့ ယာသီး ယာနှံတွေ ထွက်ပြန်တော့ အခေါက်ခေါက် အခါအခါ သူတို့ပဲ ပင်ပန်းတကြီး သယ်ရတိုက်ရ သီးနှံ သိမ်းကြရတာတွေကို မြင်နေရသည်။ ပြေးပါဦးဟဲ့၊ လွှားပါဦးဟဲ့၊ ၀ိုင်းပါဦးဟဲ့ ဆိုတော့လည်း သူတို့ပင်။ ဖိုးတုတ်ကကော ကျေးဥနှင့် အိမ်ထောင် ကျတာပဲ ရှိသည်။ ယောက္ခမ အရီးကြာညွန့်တို့ ဆင်းရဲသော်လည်း ကျုပ်သွားလုပ်ကျွေး ချေဦးမည် မရှိ။ ကျေးဥနှင့် အတူ သူတို့ အမိုးအောက်မှာ ဥမကွဲ သိုက်မပျက် နေခဲ့ကြသည်သာ။ သည်လို ဆိုတော့လည်း အရီးကြာညွန့် မပူမပင် ရအောင် မအိမ်ကံက စောင့်ရှောက်ရပြန်ပါ၏။

“အစ်မအုံ ဆုံးရှာတော့ ကိုဖိုးငွေကြီးတို့ သားအဖ တစ်တွေ တစ်မျိုး တွေးနေကြပါဦးမယ် အိမ်ကလေးရယ်။ ပြောချင်တာ က အရီးလှအုံနဲ့စပ်မှ တော်ရသူလို့ မြင်သွားမှာ စိုးလို့ပါ။ သည်အိမ်မှာ ကျွန်မတို့နဲ့ တစ်သက်လုံး နေပြီး စောင့်ရှောက် ပါလို့ အိမ်ကလေး ပြောရမယ်။ သူတို့ကလည်း နေမယ့် သူတွေ ပါပဲ။ သို့သော်လည်း နှုတ်နဲ့ ထုတ်ပြောမှ လိပ်ပြာသန့် ရှာကြမှာပဲ”

“မှန်သယ် အစ်ကို။ မအိမ်ကံလည်း စဉ်းစားထားပြီး သားပါ။ ကျေးဥ အပါအ၀င် အားလုံးကို မအိမ်ကံ တစ်ည ခေါ်ပြောပါဦးမယ်။ ၀ိုင်းထဲက အိမ်ကလေးထဲ မနေခိုင်းတော့ဘူး။ သည်အိမ်ကြီးပေါ်မှာပဲ အကုန် အတူ နေကြသာပေါ့”

တစ်ညမှာတော့ မအိမ်ကံ ခေါ်ပြောခဲ့သည်။ ၀မ်းသာကြ ရှာပါ၏။ ကိုဖိုးငွေက မလှအုံကို သတိ ရပုံပေါ်သည်။ ငိုရှာ ၏။ သားတွေ၊ ချွေးမတွေကလည်း ငိုကြသည်။ ကိုဖိုးငွေက မျက်ရည်တွေ ပုဆိုးခါးပုံနှင့် သုတ်ရာက ပြောသည်။
“အေးပါ ငါ့နှမရာ၊ တို့ကလည်း မခွဲပါဘူး။ ညည်းတို့ ကိုင်းတွေ၊ ယာတွေ သူများလည်း အလုပ်မခံပါဘူး။ တို့နေရ သာလည်း မသိမ်ငယ်ပါဘူး။ တစ်သက်လုံး သည်လိုနေလာခဲ့ ကြသာပဲဟာ။ ကြာပင်အောက်ကဖား မော့ရသာမျိုးမှ မဟုတ် သာပဲ”

မအိမ်ကံ ခေါင်းထဲမှာ အကြောင်းအရာတွေ ပြေးလွှား နေသည်။ ခါတိုင်းလည်း စိတ်မရောက်တာတော့ မဟုတ်။ တစ်ကြောင်း မဟုတ်တစ်ကြောင်းတော့ စိတ်ရောက်ရသည် ချည်း။ အမေ ပန်းရုံတို့၊ မလှအုံတို့ မရှိတော့ သတိလက်လွတ် ငှက်တောင် ကျွတ်နေချင်လို့ မရတော့။ အစစအရာရာ မအိမ်ကံ ခေါင်းပေါ်မှာ အိမ့်ဝန်ထုပ်ကြီးရွက်ထားရပြီ။ စစ်ကြီးပြီးစ ခေတ်ကာလမကောင်းတုန်းက ရွာမှာ အလှူအတန်းတွေ ရပ် ဆိုင်းသွားခဲ့သည်။ လွတ်လပ်ရေး ရပြီးတော့လည်း ဆူဆူပူပူ ဆိုတော့ သားကြီး ရှင်ဖြစ်တွေသာ များခဲ့ပါ၏။ သည်ဘက်နှစ် တွေမှာတော့ ရွာပြန်စည်လာခဲ့သည်။ အလှူသံ၊ ဆိုင်းသံတွေ ကြားရပြန်ပြီ။ ရွာ့ကွမ်းတောင်ကိုင် ကလေးတွေပင် ရှိလာခဲ့ပြီ။

အစ်ကိုလေး ကိုစံကောင်း မိန်းမဘက်က တူမတစ်ယောက် ကွမ်းတောင်ကိုင် အရွေး ခံရတော့ အလှူရှိလျှင် မအိမ်ကံကပဲ ညွှတ်နေအောင် ဆင်တာတွေ အထိပါခဲ့ရသည်။ ရွှေမှုံ့သမီး မှုံနံ့သာတောင် ဆယ့်ခြောက်နှစ်ထဲ ရောက်ပြီ။ မိဘက သောင်သာသည့်တိုင် မှုံနံ့သာက ခါးကျိုးအောင် အလုပ်လုပ်သည့် အသံတွေတော့ ကြားရပါ၏။

မအိမ်ကံ အိပ်ရာက ထလာခဲ့ကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။ အိပ်ရာထဲ လှဲနေတော့ စိတ်တွေက ဟိုရောက် သည်ရောက်နှင့် မလန်းချင်။ အသက်လေးဆယ်ပြည့်သည့် နေ့တစ်နေ့တော့ မအိမ်ကံ အေးအေးလူလူနေချင်သည်။ အောက်ထပ်မှာ သမီးငယ်ခိုင်က ကျောင်းစာတွေ လုပ်နေသည်။ ခိုင် တောင်မှ သည်နှစ်ပြီးလျှင် ရွာကျောင်းက အတန်း ကုန်ပြီ။ ခိုင့်ကို မြို့ပို့ပြီး ပညာသင်ရေး၊ မသင်ရေး မအိမ်ကံ မဆုံးဖြတ် နိုင်သေး။
ကျေးဥက မီးဖိုချောင်မှာ။ မအိမ်ကံ ၀င်လာတော့ ကျေးဥက ထမင်းစားတော့မလား မေးသည်။

“ကနေ့ မအိမ်ကံ အလှူ လုပ်လိုက်ရသာ ၀မ်းသာလိုက်သာ ကျေးဥရယ်။ ညည်းတို့ သားအဖတစ်တွေတော့ ညနေကျ လူစုံတက်စုံ ငါပေးစရာရှိသာ ပေးမယ်။ ကိုဖိုးငွေကြီးကို စိတ်ပြေလက်ပျောက် ဒုလ္လဘ ခုနစ်ရက်လောက် ၀တ်ခိုင်းလိုက် ချင်သေးသယ်။ မလှအုံလည်း ကုသိုလ် ရသာပေါ့”

“ကောင်းသာပေါ့အေ။ တို့တော့အေ ပေးစရာ မလိုပါဘူး။ တို့မိသားစုက အိမ်သားတွေပဲဟာ။ ညည်းပေးကာမှ စိတ်ထဲ တစ်မျိုး ဖြစ်ရပါဦးမယ်အေ”

“မဟုတ်ပေါင်အေ။ သည်သဘော မပါပါဘူး။ ၀ယ်ချင် သာဝယ်ကြ လှူချင်သာ လှူကြရသာပေါ့ ငါပိုင်းဖြတ်ပြီး သားပါ”

သည်လိုဆိုတော့လည်း ကျေးဥဘာမှ မပြောတော့ပါ။ ကျေးဥက လက်နှီးစကို ကိုင်ရင်း ဟင်းအိုးချသည်။ ရေနွေးအိုး ပူလက်စကို ဆက်တင်သည်။ ကျေးဥလက်ရာက မလှအုံ လက်ရာကိုမီလို့ စားရေးသောက်တာ အဆင်ပြေပါ၏။ ကျေးဥ က မအိမ်ခိုင် ထမင်းစားဖို့ ဟင်းနွှေးခြင်း ဖြစ်သည်။ လက်နှီးစကို အသာချလိုက်တော့ မအိမ်ကံ ကျင်ခနဲ ခံစားလိုက်ရပါ၏။ ကိုပြေသိမ်း၏ ပုဆိုးပိုင်း အဟောင်းကို လက်နှီး လုပ်ထားခြင်း ဖြစ်သည်။ ကိုပြေသိမ်း ၀တ်နေကျ ပခုက္ကူကျေး တစ်ရာ ပုဆိုးဟောင်း။

“ညည်း အဲသည် လက်နှီးစုတ် လွှင့်ပစ်ပါ ကျေးဥရယ်။ ညည်းငါပြောထားသားနဲ့”

“မအိမ်ကံရယ် မဟုတ်သာအေ။ အဲသလောက်အထိ ညည်းမပါပါနဲ့အေ။ ငါမပစ်ရက်ပါဘူး။ ဆရာလေး ပုဆိုးဟဲ့”

“ညည်းမပစ်ရက်ရင် ငါပစ်သယ်အေ”

မအိမ်ကံက ပုဆိုးဟောင်း လက်နှီးစကို မီးဖိုထဲ ပစ်သွင်း လိုက်သည်။ ညှော်နံ့တွေ ထောင်းခနဲထကာ တဖျစ်ဖျစ်တောက် လောင်နေတာကို မအိမ်ကံ စိုက်ကြည့် နေခဲ့ပါ၏။ ကျေးဥက တစ်ဖက် လှည့်ရင်း မျက်ရည်ဝဲ နေခဲ့သည်။ ထိုစဉ်မှာပင် အိမ်ဝိုင်းဝဆီက အော်သံကြားလိုက်ရသည်။

“တောပုန်းရည်လေး အားပေးကြပါဦးဗျာ။ တောသည်ပါ အိမ်ရှင်တို့”

မအိမ်ကံ ဆတ်ခနဲ တုန်သွားခဲ့သည်။ တောပုန်းရည်။ မအိမ်ကံ ခြံဝကို ရင်တလှပ်လှပ်ဖြင့် ထွက်လာခဲ့လေသည်။
ကိုပြေသိမ်း ပုဆိုးဟောင်းက တဖျစ်ဖျစ် တောက်လောင် နေဆဲ...။
(ဆက်လက်ဖော်ပြပါမည်)


လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ ရွှေအမြုတေမှ ဖေါ်ပြခြင်းဖြစ်ပါသည်။

December 15, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၂ )

ဒီနေ့တော့ ကျနော်ရဲ့ အင်းတာဗျူးခြင်း အစီအစဉ်ကို ညရဲ့ကောင်းကင် ညီလေးအမှောင်နဲ့ အင်းတာဗျူးဖြစ်ပါတယ်။

၁) ညီလေး ရဲ့ အကြိုက်ဆုံးအရောင် က
- အနက်ရောင် (pure color ဖြစ်လို့)

၂) မြန်မာ အစားအစာ တွေထဲမှာရော ညီလေးရဲ့ အကြိုက်ဆုံးက
- ပဲပြုပ်နဲ့ ဆီစမ်းထားတဲ့ ထမင်း

၃) အကြိုက်ဆုံးရေမွှေး က ဘာလဲ။
- မသုံးဖြစ်တာများတော့ ကြိုက်တာမရှိဘူး

၎) ညီလေးရဲ့အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း
- ပိုက်ဆံအိတ်

၅)အကြိုက်ဆုံး ဖိနပ် ရှိလား။
- အောကတ္တီပါ ဆိုအကုန်ကြိုက်

၆) အကြိုက်ဆုံး အဝတ်အစားဒီဇိုင်း
- ကချင်ပုဆိုးကွက်နဲ့ အင်္ကျီကော်လံ လက်ရှည် (လက်ရှည်ပေမယ့် လက်ခေါက်ဝတ်တယ်)

၇)ဘလောဂ့်စရေးဖြစ်တဲ့နှစ်
- ၂၀၀၉ ဧပရယ်

၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း က
- ရင်တွင်းခံစားချက်တွေကို ဒိုင်ယာရီစာအုပ်မှာရေးနေရာမှ ဘလော့ဂ်လေးတခုမှာ ပြောင်းရေးချင်စိတ်ဖြစ်သွားလို့ (အဓိက ကတော့ အသည်းကွဲ ကဗျာတွေတင်ချင်လို့)

၉)ကိုယ်ပိုင် ဝါသနာ ကဘာဖြစ်မယ်လို့ထင်လဲ။
- ကဗျာရေးချင်တာ ဘယ်ကပါလာမှန်းမသိတဲ့ ၀ါသနာ

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း က
- ပိုက်ဆံအိတ်လေ (သူကမပါလို့မရဘူး မပါရင် ဂွိသွားမယ်)

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ ပြောပြပါလား။
- အပြင်မှာတကယ်တွေ့ခဲ့တဲ့ ပုံစံပါပဲ (ကံမပါလို့လားမသိဘူး စိတ်ကူးထဲမှာပဲ ပြန်သိမ်းထားလိုက်ရတယ်)

၁၂)အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် က
- ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် (အဲဒီတော့ လူတိုင်းကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံမယ်၊ ကူညီမယ်ပေါ့)

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီလေး အမှောင်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ အဖြေအားလုံးကို ညရဲ့ကောင်းကင် ညီလေးအမှောင် ကိုယ်တိုင် ဖြေပေးထားခြင်း ဖြစ်ပါသည်။

December 14, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၁ )

ခုတလော အလုပ်ကနည်း ပိုက်ဆံကမရှိဆိုတော့ အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုပြီး အလုပ်လိုက်ရှာပါတယ်။ ကံကောင်းချင်တော့ တစ်ခုရလိုက်တယ်။သဌေးနဲ့တွေ့ဖို့ ကျနော်သွားလိုက်တယ်။ တွေ့တွေ့ချင် သဌေးက ကျနော်ကိုကြည့်ပြီး .... မင်း ဘာအလုပ်လုပ်လဲတဲ့...
ကျနော်ကလည်း ဘလောဂ့်မှာ စာရေးပါတယ်ဆိုတော့ ချက်ချင်းပဲ ကျနော်ကို အလုပ်ခန့်လိုက်တယ်။ ...မင်းအားတဲ့အချိန် ကြိုက်တဲ့ အချိန်အလုပ်ဆင်းလို့ရတယ်..တဲ့။
...ဘာအလုပ်များ လုပ်ရမှာလဲ..လို့မေးလိုက်တော့ အင်းတာဗျူးရမှာတဲ့။ ဒါကြောင့် မင်းဒီနေ့ကနေစပြီး ဘလောဂ့်မှာရှိတဲ့ မင်းရဲ့ မောင်နှမတွေကို အရင်ဆုံး အင်းတာဗျူး လုပ်ပေးရမယ် ဆိုတာကြောင့် ရီနိုမာန်နဲ့ အင်းတာဗျူး အစီအစဉ်လေးကို စတင်လိုက်ရပါပြီ။

ပထမဆုံး အင်းတာဗျူးဖြစ်တဲ့ ညီမလေးကတော့ ထာဝရကြယ်စင်ရဲ့ ပိုင်ရှင် ညီမလေးမိုးခါး ပဲဖြစ်ပါတယ်။ ကဲ ညီမလေးရေ အင်းတာဗျူးလေး စလိုက်ကြရအောင်နော်.......

(၁) မိုးခါးရဲ့အကြိုက်ဆုံး အရောင်က ဘာရောင်လဲ

- မျက်စိထဲ လှတယ်ထင်တဲ့အရောင်

(၂) ဒါဆို အကြိုက်ဆုံး မြန်မာ အစားအစာဘာရှိလဲ

- မရှိ

(၃) အကြိုက်ဆုံးရေမွှေးကော။

- မရှိ

(၄) အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း တွေထဲက ဘာများရှိလဲ။

-
အိတ်

(၅) အကြိုက်ဆုံး ဖိနပ်

- ပေါ့ပေါ့ပါးပါး သွားလို့လာလို့ လွယ်တဲ့ ဖိနပ်

(၆) အဝတ်အစား တွေထဲက အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း ကဘာလဲ။

- ရှပ်နဲ့ ဂျင်း

(ရ) ဘလောဂ့်ကို ဘယ်တုန်းက စရေးခဲ့တာလဲ။

- ၂၀၀၈

(၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်းက

- သူက ကိုယ်ပေးတာ အကုန်ယူတယ် .. နှုတ်လုံတယ် .. :D

(၉) ကိုယ်ပိုင် ဝါသနာ

- စိတ်ကူးတည့်ရာ လုပ်ခြင်း :D

(၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း က။

- ကင်မရာ

(၁၁) စိတ်ကူးထဲက ချစ်သူကောင်လေးပုံစံ ပြောပြလို့ရမလား။

- နှာခေါင်း ချွန်ချွန် မေးစေ့ ချွန်ချွန်နဲ့ ဂျပန်ကာတွန်းရုပ် :P

(၁၂) နောက်ဆုံးတစ်ခု အနေနဲ့ အမြဲတမ်း လက်ကိုင်ထားတဲ့ မိုးခါးရဲ့ ဆောင်ပုဒ် လေးသိပါရစေ။

- ကိုယ်မှန်မယ် ထင်ရင် လုပ် ကိုယ်ဖြစ် ကိုယ်ခံ :D

ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးတဲ့ ညီမလေးမိုးခါးကို ကျေးဇူးတင်ပါတယ်။ နောက်များလည်း လိုအပ်တာရှိရင် ကူညီပေးပါအုံး ပြောရင် ရီနိုမာန်နဲ့ အင်းတာဗျူးခြင်း အပိုင်း(၁) ကို ဒီမှာပဲ ရပ်လိုက်ရပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ အဖြေအားလုံးကို ထာဝရကြယ်စင်မှ မိုးခါး ကိုယ်တိုင်ဖြေထားခြင်း ဖြစ်ပါသည်။

December 13, 2009

အနှိုင်းမဲ့ မေတ္တာရှင် သို့မဟုတ် အမေ


သားတို့ရုပ်ရည်
သီတာမည်သား
ရေကြည့်ချမ်းမြ
တစ်ပေါက်ကလေးကျရုံမျှနှင့်
မိဘတို့ဝမ်း ငြိမ်းစတမ်းတည်း။
(ရှေ့ရိုးဆိုစကား)

အမေ….
စင်စစ်အမေက အနှိုင်းမဲ့မေတ္တာရှင်လည်းဖြစ်၏။
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်လည်းဖြစ်၏။
အမေ့မေတ္တာ၊ အမေ့ကျေးဇူးအကြောင်းပြောလျှင် ကုန်နိုင်ဖွယ်မရှိ။
တစ်ထောင့်တစ်ည ပုံပြင်ပင် မှီမည်မဟုတ်ပါ။

သို့သော် အချို့က အမေ၏မေတ္တာကို မသိ။

မှန်ရာကိုဝန်ခံရလျှင် ဘဝအကျိုးပေးမကောင်းသဖြင့် ငယ်စဉ်က မိဘ၏အရိပ်နှင့် ဝေးခဲ့သဖြင့် နှလုံးသားကြမ်းကြမ်းနှင့် အမေ့ကို ကျွန်တော် ငြိုငြင်ခဲ့ဖူး၏။ သည်တော့ ဆရာတော် ဦးတေဇနိယက -“ ဟဲ့..ဒကာရဲ့၊ အမေဆိုတာ မငြိုငြင်ရဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေတိုင်းဟာ သားသမီးကို ချစ်ကြတာချည်းပဲ၊ ဘယ်သူ့အပေါ် ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ယုတ်မာ ယုတ်မာ၊ သားသမီးအေပေါ်ကိုတော့ ကြင်နာချစ်ခင်ကြတာချည်းပဲ “ ဟု ပြောပြီး အမေနှင့်ပတ်သက်သည့် အကြောင်းများအား ကျွတ်တော်ကို ညွှန်ပြ၏။ သည်အခါ အမေ့မေတ္တာ၊ အမေ့အကြင်နာက စံပြုစရာဟု သိရသည်။


(က) သုဝဏ္ဏသာမရဲ့အမေ

မိဘကိုလုပ်ကျွေးပြုစုနေသည့် ဘုရားအလောင်း သုဝဏ္ဏသာမ မြားဆိပ်သင့်ပြီး မေ့မျောနေသည့်အခါတွင် သားအတွက် ရတက်မအေး ဖြစ်ကာ မိခင်ကြီးပါရိကာ သစ္စာပြုခဲ့သည်။ ထိုသစ္စာစကားထဲ၌
... အမေဟာ သားကို အမေ့အသက်ထက်တောင်ချစ်ပါတယ်။ ဒီသစ္စာစကားကြောင့် မြားဆိပ်ပြယ်ပါစေသတည်း ...ဟု ပါရှိသည်။

စင်စစ် အမေတို့သည် သားသမီးတို့အား မိမိအသက်ထက်ပင် ပိုချစ်ခဲ့ကြ၏။ အမှန်မူ အမေဆိုသည်က ဒီဘဝသာမဟုတ်။ ရှေ့ဘဝက အမေသည်လည်း သားကိုချစ်၏။ သုဝဏ္ဏသာမ မြားဆိပ်မွှန်လျှင် သုဝဏ္ဏသာမ၏ ရှေ့ဘဝက မိခင်ဖြစ်ခဲ့ဖူးသည့် “ ဗဟုသုန္ဒရီ “ နတ်သမီးဟာ သားအတွက် သစ္စာပြုခဲ့၏။

...ငါ့သားထက် ပိုချစ်ရတဲ့သူ၊ ငါ့သားလောက်တန်းတူထားပြီး ချစ်ရမည့်သူ တစ်ယောက်မှမရှိ၊ ဤသစ္စာစကားကြောင့် မြားဆိပ်ပြေပါစေသတည်း .... ဟု ဆိုခဲ့၏။

အမေ၏အချစ်က သားသမီးအပေါ်တွင်စု၏။ သားသမီးထက် ပိုချစ်ရမယ့်သူမရှိတဲ့ အမေပင်တည်း။

(ခ) သားသမီးကို အပြစ်မယူရက်တဲ့ အမေ

အမေ၏မေတ္တာ အမေ၏ကြင်နာမှုများက ထူးကဲလှသည်ဟု ဆိုရမည်ပင်။ မိခင်၏ ထူးခြားသည့်မေတ္တာ၊ အကြင်နာနှင့် ပတ်သက်၍ မဟော်သဓာဇာတ်တော်၌ ထီးချက်စောင့်နတ်သမီ၏ ပုစ္ဆာများအနက် ထူးခြားမှုများကို မြင်တွေ့ရ၏။
ပုစ္ဆာ (၁)
.....ကိုယ့်ကို လက်တွေခြေတွေနဲ့ ရိုက်နှက်ပုတ်ခတ်၊ ကန်ကျောက်၊ ပါးစပ်နဲ့လည်း ကိုက်နေပါရက်နဲ့ အဲဒီလူကို မမုန်းတဲ့လူ၊ ချစ်နေတဲ့လူဟာ ဘယ်သူလဲ......

မဟောသဓာဇာတ်တော်မှာ ဤအမေးအား သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ မဏ္ဍုတ်အမတ်တွေ မဖြေနိုင်သည့်ပုစ္ဆာ။ မဟောသဓာ ပြခဲ့သည့် ပုစ္ဆာဖြစ်သည်။

အမေ့ရင်ခွင်မှာ ချီပွေ့ထားတဲ့ သားငယ်ကလေးက အမေရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ကန်တယ်၊ လက်သီးနဲ့ထိုးချင်ရင်လည်း ထိုးတယ်၊ မျက်နှာကိုလည်း လက်နဲ့ကုတ်တယ်၊ ဆံပင်ကိုလည်း ဆွဲချင်ဆွဲပစ်တယ်

အမေဆိုသည်က အပြုံးမပျက်သူ။
......တော်တော်ဆိုးတဲ့ ကလေး......
......လူဆိုးကလေး......
သည်လောက်ပဲပြောသည့် အမေ။ တဟဲဟဲ သဘောကျပြီး နမ်းလိုက်မွှေးလိုက်တဲ့ အမေ

ပုစ္ဆာ (၂)

......ပါးစပ်က ထင်တိုင်ဆဲ။ ထင်တိုင်းကျိန်းနေပေမယ့် စိတ်ထဲက ချမ်းသာချင်၊ ကြီးပွားချင်စိတ်များနေသူက ဘယ်သူလဲ.....
အဖြေက အမေလို့ ဖြေရမည်။
အမေသည် ကိုယ်သားသမီးအား အလုပ်တစ်ခုခုခိုင်းလို့ ပေကပ်ကပ်လုပ်နေရင်း တုတ်နဲ့ ရိုက်တာ။ ဒါပေမယ့် ဟန်ဆောင်ရိုက်တော့ ငေါက်နေဆူနေရက်ကနေ မုန့်ကျွေးတာ။
သားကဒီထက်ဆိုးပြီး ထွက်ပြေးရင် စိတ်ဆိုးပြီ

......မြွေကိုက်ပါစေ ကားတိုက်ပါစေ.....

လို့ ကျိန်ဆိုတက်သောလည်း စိတ်ထဲမှာပါသည်မဟုတ်။ .

....ဖွဟဲ့ လွဲပါစေ၊ဖယ်ပါစေ......
လို့ သားလေ(သမီးလေး) ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဆုတောင်းနေတာ အမေ

(ဂ) ထူးခြားတဲ့ အမေ့စိတ်

အမေ့စိတ်ဓာတ်သည် ထူးခြားသည့် စိတ်ဓာတ်ဟု ဆိုရမည်။ အမေ့စိတ်ဓာတ်က ကြင်နာမှု၊ ယုယမှု ထုံလွှမ်းသော ထူးကဲမြင့်မြတ်သော စိတ်ဓာတ်ဟု ဆိုရမည်။
ပေးဆပ်ခြင်း သည် အမေ့စိတ်ဓာတ်ပင်။ မဟောသဓာဇာတ်တော်မှ သားတရားစီရင်ခန်းကို ကြည့်လျှင် သိသာလေသည်။ မဟော်သဓာဇာတ်တော်မှ သားတရားစီရင်ခန်းသည် မြင့်မြတ်ဖြူစင်သော အမေ့စိတ်ဓာတ်ကို ညွှန်ပြသည့်ဇာတ်ဟု ဆိုရချိမ့်မည်။

ဇာတ်လမ်းက ဤသို့ဖြစ်သည်။

တစ်ခုသော ရေချိုးဆိပ်
မိခင်တစ်ဦးသည် ရေချိုးရန်အတွက် သားအား ချောင်းကမ်းနံဘေးတွင် ချသိပ်ထား၏။ရေဆင်းချိုး၏။
ထိုစဉ် ဘီးလူးမသည် လူယောင်ဆောင်ပြီး ကလေးနားသို့ လာ၏။

......အစ်မကြီး ကလေးကို ခတ္တချီပါရစေ........

ဟုဆို၏။ မိခင်ကခွင့်ပြု၏။လူယောင်ဆောင်သော ဘီလူးမသည် ကလေးကို ပြန်မပေးတော့ဘဲ သူ့ကလေးဟု ဆို၏။ကလေးအတွက် အချင်းများကြပြီး ထိုကိစ္စ မဟော်သဓာထံသို့ ရောက်သွားသည်။

ကောင်းပြီ.. ဤအမူကို ကျွန်ုပ် ဆုံးဖြတ်ပေးမည်…. ဟု မဟောသဓာသုခမိန်က ဆို၏။

ထို့နောက် စည်းတစ်ခုတား၏။ ကလေးကိုစည်းပေါ်တွင် တင်ထားပြီး တစ်ဖက်မှ မိခင်၊ တစ်ဖက်မှ ဘီလူးမကိုထားကာ ဟိုဖက်သည်ဖက် ဆွဲစေ၏။

ဤသို့ဖြင့် ဆွဲကြရင်း ကလေးမှာ နာ၍ငိုလျှင် မိခင်က လွှတ်လိုက်၏။ ကလေးကို ဘီလူးမ ရသွား၏။ ဘီလူးမက နိုင်ပြီဟုဆို၏။ ထိုအခါ မဟော်သဓာက

… ဟယ်… မိန်းမယုတ်၊ သင်က ကလေး၏ မိခင်မဟုတ်၊ သင် ဘီလူးမဖြစ်သည်ကို ကျွန်ုပ်သိ၏။ မိခင်ဟူသည် ကြင်နာသည့်နှလုံးသားရှိ၏။ အမေသည် သားသမီးအား နာကျင်အောင် ပြုသူမဟုတ်။ သင့်တွင် ထိုနှလုံးသားမရှိ။ ကလေး၏ ခြေရင်းမှဆွဲသော သူသည်သာ အမေရင်းဖြစ်သည်…. ဟုဆို၏။

မှန်သည်။

မိခင်ဟူသည်ကား ကိုယ့်သားသမီး နာကျင်မည်ကို မကြည့်ရက်သူလည်း ဖြစ်၏။

ဤတွင် ဆရာအောင်မြင်ဦး ရေးသားသော အနှိုင်းမဲ့မေတ္တာရှင် သို့မဟုတ် အမေ အကြောင်း အဆုံးသတ်သည်။

၈ရက်နေ့တွင် ကျရောက်ခဲ့တဲ့ အမေ့ရဲ့ (၅၃)နှစ်မြောက်မွေးနေ့အတွက် ရည်ရွယ်ပြီး အမှတ်တရ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ရီနိုမာန်


December 12, 2009

အလှူဖိတ်ကြားခြင်း

ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမများခင်ဗျာ ...

ကျွန်တော်တို့ မောင်နှမတတွေ ညှိနှိုင်းတိုင်ပင်ပြီး အလုပ်ပိတ်ရက်လေးမှာ အားလုံးစုပေါင်းပြီး အလှူလေး တစ်ခုပြုလုပ်ဖို့ တိုင်ပင်စီစဉ် ကြပါတယ်။ ကျနော်တို့ မောင်နှမတွေအားလုံး အကြောင်းတစ်ခုခုကြောင့် တွေ့ကြမယ်ဆုံကြမယ်လို့ ပြောလိုက်တာနဲ့ ဖုန်းနှစ်ခါမဆက်ရ၊ လက်နှစ်ခါမတို့ရပါပဲ စည်းစည်းရုံးရုံးလေး ရှိတတ်တာကြောင့် အခုလို ကျနော်တို့ မောင်နှမတွေစုပေါင်းပြီ ပြုလုပ်မယ့်အလှူမှာလည်း အားလုံးသော ညီအကိုမောင်နှမများအား လာရောက်ပါဝင်ကုသိုလ်ယူနိုင်ဖို့အတွက် ဖိတ်ကြားအပ်ပါတယ်။

ဒါကြောင့် ဒီဇင်ဘာ25 ရက်နေ့တွင် Sembawang ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည့်
ဘုရားအမှူပြုပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းကပ်လှူဒါန်း မှာဖြစ်ပါသောကြောင့် ဘလော့ဂ်ဂါ မောင်နှမများနှင့် စာဖတ်သူ မိတ်ဆွေများအား ပါဝင်ကုသိုလ် ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။ ဘလော့ဂ်ဂါမောင်နှမများနဲ့ စာဖတ်သူမိတ်ဆွေများကိုလဲ ဘုန်းကြီးကျောင်းတွင် သံဃာတော်များအား နေ့ဆွမ်းကပ် အလှူသို့လည်း တက်ရောက်ကြပါရန် လေးစားစွာဖြင့် ကျွန်တော်ဒီနေရာမှ ထပ်မံဖိတ်ကြားအပ်ပါတယ်။

အကျွေးအမွေး ကိစ္စတွင် တိတိကျကျ ချောမွေ့လွယ်ကူစွာ စီစဉ်နိုင်ရန်အတွက် လာရောက်ကြမည့် ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မိတ်ဆွေများရဲ့ လူစာရင်းအား တိတိကျကျလေး သိချင်ပါသောကြောင့် ကျွန်တော် reenoe1981@gmail.com ကို ၂၂ရက်နေ့ မတိုင်ခင် ဆက်သွယ်ပြောကြား ပေးစေလိုပါတယ်။

ကျနော်တို့ ဘလော့ဂ်ပါ မောင်နှမများနဲ့ စာဖတ်သူ မိတ်ဆွေများ စုပေါင်းပြီး ပြုလုပ်မယ့် အလှူပွဲလေးကို တက်ရောက်ဖို့ မောင်နှမများအားလုံးကို ဖိတ်ကြားအပ်ပါတယ်။ အားလုံးသော စာဖတ်သူ မိတ်ဆွေများနဲ့တကွ ဘလော့ဂ်ါမောင်နှမများ အားလုံး စုံစုံညီညီ လာရောက်နိုင် ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အလှူငွေ နည်းများမဆို ပါဝင်လှူဒါန်းကြတဲ့ ညီအကိုမောင်နှမများနဲ့ စာဖတ်သူမိတ်ဆွေများ အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားလိုပါတယ်။

ဆက်သွယ်ရန်မေးလ် - reenoe1981@gmail.com

အလှူအစီအစဉ်

နေရာ - Sembawang ဘုန်းကြီးကျောင်း
အချိန် - ၉ နာရီခွဲ မှ ၁၂နာရီ ထိ
နေ့ရက် - ၂၅ ဒီဇင်ဘာ ၂၀၀၉ ( ခရစ္စမတ်နေ့)

အားလုံးသောမောင်နှမများအား ဖိတ်ကြားအပ်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

December 10, 2009

မအိမ်ကံ ( For Dec အပိုင်း - ၄)

“အဆင်ပြေရဲ့လား အစ်ကို။ မအိမ်ကံတော့ ၀မ်းလည်း သာပါရဲ့၊ စိတ်ထဲလည်း မကောင်းဘူး။ သမီး နေပျော်ရဲ့လား အစ်ကိုရယ်။ အစ်ကို့ သမီးက ရိုးပါအေးပါ ဘိသနဲ့ရှင်။ ထမင်း ဆာလို့လည်း ဆာတယ်ပြောမှာ မဟုတ်ဘူး။ ထမင်း မ၀လို့ လည်း မ၀သေးဘူး ပြောမှာ မဟုတ်ဘူး။ ညဘက် ညရေး ညတာ နောက်ဖေး နောက်ဖီ”

“အားလုံး အဆင်ပြေပါတယ် အိမ်ကလေးရယ်။ မောင်သက်မင်း မိန်းမဘက်က မိန်းကလေး တစ်ယောက်လည်း ရှိတယ်။ အတန်းတူပဲ။ အပေါ်ထပ်မှာ တစ်ခန်းတည်း နေကြတယ်။ စားအတူ၊ အိပ်အတူ၊ ရေချိုး အတူပါဗျာ”

“အစ်ကို မုန့်ဖိုး ပေးခဲ့ရဲ့လား”

“ပေးခဲ့ပါတယ်။ အစ်ကိုပြန်မယ် လုပ်တော့ ဇောင်ချမ်းကုန်းကို လွမ်းလို့တဲ့ ငိုသေးတာလေ။ ဘွားအေကြီး လွမ်းတာလား၊ မအေ လွမ်းတာလား၊ သူ့ညီမ လွမ်းတာလားတော့ မသိ ဘူး။ ငိုတာတော့ ငိုတယ်”

“ငိုသယ် ဟုတ်လား။ ဒါဆို တော်တော် ဟုတ်လာပြီ ကော”

မအိမ်ကံက သူ့သမီး ငိုတယ်ဆိုလို့ တစ်ဖက်က ၀မ်းသာ ရသေးသည်။ ခံစားတတ် ရှာပါလားလို့ တွေးမိ၍ ဖြစ်ပါ၏။ ကိုပြေသိမ်းကတော့ သူ့အရွယ်နှင့် သူ့ခံစားမှုက ဗီဇအရ ရှိကြတာချည်း ဖြစ်ကြောင်း၊ ထုတ်ဖော်ပြသခြင်း၊ မပြသခြင်းသာ ကွာကြောင်း၊ သိပ်ကြီး စိုးရိမ်ရန် မလိုကြောင်းတွေ ပြောပြသည်။ ဘာပဲဖြစ်ဖြစ် မိခင်ဆိုတော့ ပူရသား။ အဖော်ရှိတာ တော့ကောင်းပါရဲ့။ အဖော်ကကော။ လှည်းထက် ဘီးကြီးနေ မှာစိုးရသေးသည်။ မိန်းကလေးချင်းပေသိ အတုဆိုး ကူးမှာ စိုးရသည်။ တစ်ရက်တော့ သမီးကြီး မြိုင်ရှိရာ မြင်းခြံကို မအိမ်ကံ လိုက်သွားရမည်။ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နေလိုက်ဦးမည်။ ခွဲရတော့လည်း လွမ်းသား သမီးရယ်။

မလှအုံကတော့ သူ့ဘွားအေကို အသေးစိတ် ပြောပြ နေရပါ၏။ ဘွားအေကြီးကလည်း မေးလိုက်တာ စုံလို့။
“အရီးမြေးမ ၀မ်းပျော့သလား၊ မာသလားတောင် ကျုပ် ကြည့်ခဲ့ပါ့တော် ကိုင်း”

မလှအုံက ရွဲ့ပြောတော့မှ အမေ ပန်းရုံ အမေး ရပ်တော့သည်။ အမေပန်းရုံ အလှည့်ပြီးတော့ မအိမ်ကံက မေးရပြန်သည်။ ကိုပြေသိမ်း ပြောတာလည်း ပြောတာပေါ့။ မိန်းမသားချင်း မေးစရာတွေ ရှိသား မဟုတ်လား။ မလှအုံက မြင်းခြံ ကျောင်းပို့သာ ကောင်းသာပေါ့အေ့ဆိုလို့ မအိမ်ကံ ၀မ်းသာရ သည်။ မလှအုံ စိတ်ပြောင်း သွားလောက်အောင် ဘာတွေများ တွေ့ခဲ့လို့ပါလိမ့်။

“သမီးကငိုဆို မလှအုံ”

“ငိုပါ့အေ။ ဘယ်သူ့လွမ်းလို့တုံးလို့ မေးတော့ ညည်း သမီးက ဘာပြောမှတ်သလဲ”

“ပြောပါဦး”

“ကျေးကျေးကိုသဲ့သော်၊ ကျေးကျေးကိုသဲ့”

မအိမ်ကံ ရယ်လိုက်ရတာ။ ဘယ်သူ့ လွမ်းလွမ်းပါအေ။ လွမ်းရ ကောင်းမှန်းသိဖို့ လိုသာပါ သမီးရယ်။
“ဘယ်သူ့ကို သတိရရပါ မလှအုံရယ်။ လွမ်းတတ်စိတ် ကလေး ရှိသာကိုပဲ ၀မ်းသာရသေး။ ပညာတတ်သာနဲ့ အမျှ မအိမ်ကံတို့နဲ့ ဝေးဝေး သွားရတော့မှာ မဟုတ်လား။ ပညာတွေ တတ်လေ၊ အတန်းတွေကြီးလေ မန်းလေးတို့၊ ရန်ကုန်တို့မှာမှ ရှိတဲ့ သက္ကသိုလ် ဆိုတာကို ပို့ရမယ့် ကလေးဆိုတော့ မအိမ်ကံ ကလည်း လွမ်းလက်စ သိမ်းတတ်အောင် နေနေရပါသယ်လေ။ တစ်ခုပဲ ရှိတယ်”

“ဘာပါလိမ့်”

“သြော် မအိမ်ကံ သမီးကို ရွာစိတ်၊ တောစိတ် ကလေးတော့ မပျောက်စေချင်ဘူး။ တောသူတောင်သား မိဘမျိုးရိုးက မွေးသာဆိုတော့ ပဲကြဲနှမ်းကြဲ၊ တလင်းနယ်တလင်းခေါက်၊ မောင်းထောင်းဆန်ဖွပ်၊ ရက်ကန်း၊ ထင်းခွေတတ်စေချင်သယ်။ လုပ်မစားပေသိလို့ မိဘများ သည်လို ဘ၀နဲ့ နေခဲ့ကြသယ်ဆိုသာ ရင်ထဲ ရောက်စေချင်သာပါ။ ပြီးတော့ သူ့ရုပ်သူ့ရည်နဲ့ ကွမ်းတောင် ကိုင်ရသယ် ဆိုဦးတော့ မက်မက်စက်စက် ရှိစေချင်သယ်။ မြို့သူပညာ တတ်ဖြစ်လို့ မကိုင်ချင်ပါဘူး။ ရှက်စရာကြီးပါ အမေရယ် ဖြစ်မှာများ မအိမ်ကံ အင်မတန် စိုးရိမ်သယ်”

မလှအုံ ဘာမှ မပြောတော့ပါ။ မအိမ်ကံ ရင်ထဲက အစိုင်အခဲကို ကျေအောင် ချေချင်လှသော်လည်း မချေရက်တော့။ ကမ္မသကာလို့သာ သဘောပိုက်လိုက်ပါ၏။ ကံပါတော့လည်း ဖြစ်တော့မပေါ့။ ကံမပါတော့လည်း လွဲရုံပ။ ဘယ်သူ့ဘယ်သူ ကမှ မန်ကျည်းစေ့ တွင်းချ မပြောနိုင်သည့် ကိစ္စကို မလှအုံကလည်း မပူချင်တော့တာပါသည်။ ခေတ်တွေကလည်း ပြောင်းခဲ့ပြီ။ မလှအုံ ကိုယ်တိုင်မြင်းခြံမှာ တစ်ပတ်ဆယ်ရက် နေခဲ့ဖူးပြီ ဆိုတော့ ခေတ်ကာလ ၀တ်ပုံစားပုံ၊ ပြောပုံဆိုပုံတွေ မျက်စိထဲ မတွေ့ခဲ့။ သို့သော် ခေတ်က ဖြစ်လာတာကို တားဆီးဖို့ခက် သားပင်။ မအိမ်ကံ ဘ၀မှာ ကွမ်းတောင် မကိုင်ခဲ့ရတော့ သမီးကို ကိုင်စေချင်တာကိုလည်း အပြစ် မမြင်ချင်တော့ပါ။ သည်စိတ်ရှိလို့လည်း ဘယ်သူ့မှ ထိခိုက်တာ မဟုတ်တော့ ဖြစ်ပါစေ လို့သာ ဆုတောင်းရုံ ရှိတော့သည်။

“ရွာစိတ်ရပ် စိတ်တော့ မပျောက်ပါဘူးအေ။ ပျောက်ခဲ သာပဲ။ တောထမင်း တောဟင်းနဲ့ လူဖြစ်ရသဲ့ ကလေးပါအေ။ ဖြစ်ချိန်တန်တော့ သိကြားမင်း ဖျက်တောင် ပျက်နိုင်ပေါင်ပါ ရှင်အိမ်ကံရယ်။ ငါ့ညီမ မပူပါနဲ့ ဟိုမှာလည်း စိတ်ချရပါ့ တော်။ ကျောင်းကို ငါကိုယ်တိုင် နှစ်ရက်၊ သုံးရက်လိုက်ပို့ သယ်၊ ကြိုသယ်။ ငါဖြင့် မြင်းခြံ တစ်ကျောင်းလုံး မြိုင်ကလေး အလှဆုံး ထင်မိသယ်။ ဘုရား စူးရစေ့ရဲ့”

သည်စကားတွေ ကြားပြန်တော့ မအိမ်ကံ ၀မ်းသာပီတိ ဖြစ်ရပါ၏။ သမီးကြီး မရှိတော့ ၀မ်းထဲဟာ သလိုလို၊ လွမ်း သလိုလိုတော့ ရှိသား။ သမီးငယ်ခိုင်က ကြုံရာကျရာ လူနှင့် နေတတ် ထိုင်တတ်သည်။ ဖအေ့ ကျောင်းမှာလည်း ကျောင်းမှာ မို့၊ အိမ်မှာလည်း အိမ်မှာမို့ သူငယ်ချင်း အဖော်တွေနှင့် တရုန်း ရုန်း၊ ချက်ချက်ချာချာကလည်း ရှိလိုက်ပါဘိသနဲ့။

သည်လိုနှင့် ရက်ကလေး ညောင်းလာတော့ မအိမ်ကံနှင့် ကျေးဥတို့ မြင်းခြံကို လိုက်သွားခဲ့ကြသည်။ ဖိုးကူးက လှည်းမောင်း။ သမီးခိုင်နှင့် ကျေးဥသား နှစ်ယောက်ပါပါတော့ မအေ လိုက်လာတာကို မအိမ်မြိုင် ၀မ်းသာအားရ ရှိခဲ့ရှာပါ၏။မောင်သက်မင်းတို့ ၀ိုင်းကမြို့နှင့် လှမ်းတော့ လှမ်းသည်။ ကျောင်းကို စက်ဘီးနှင့် သွားတာတောင် နာရီ တစ်မတ်လောက်တော့ ကြာပါ၏။ အတူနေသည်ဆိုသော ကလေးမကလေးက လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျးနှင့် ပတ်တီးချားလည် ရှိလို့ တော်သေးရဲ့ အောက်မေ့ရသည်။ မောင်တွေ၊ ညီမတွေ တရုန်းရုန်းနှင့် ဆိုတော့ မအိမ်မြိုင် ကိုယ်တိုင်က ရွာမှာထက် ပိုသွက် လာသလား ထင်ရသည်။ တစ်ရက်နေပါဦး၊ နှစ်ရက် နေပါဦး တားနေလို့ ရက်တွေ ပိုကြာခဲ့ရပါ၏။ သမီး မျက်နှာ တွေ့ရတော့လည်း မအိမ်ကံ ရင်ထဲ ၀သွားခဲ့ရသည်။ သမီး အတွက် ယူသွားသော စားသောက်ဖွယ်ရာတွေ၊ ထဘီ အင်္ကျီတွေ ပေးခဲ့သည်။ အတူနေကလေးမအတွက်ပါ လက်ဆောင်ပေးခဲ့သေးသည်။

“အမေတို့ ပြန်တော့မယ်နော် မြိုင်ကလေး။ လှည်းက အခင်းအလုပ်သုံးရဦးမှာဆိုတော့ ပြန်မှဖြစ်မှာ။ အမေတို့ အလုပ် တွေကလည်း တန်းစီနေသာလေ သမီးရဲ့။ ကျောင်းပိတ်ရက် ကျေးဥနဲ့ အခေါ်လွှတ်လိုက်မယ် ပြန်လိုက်ခဲ့နော်။ စာတွေ လည်း ကြိုးစား၊ အတန်းတွေရလာရင် ဖအေနဲ့သမီး အင်္ဂလိပ် လို ပြောကြစမ်းပါအေ။ အမေ နားထောင်ချင်လို့”

မအိမ်ကံက တတွတ်တွတ် မှာသည်။ မအိမ်မြိုင်က မြေကြီးပေါ် ပုံ့ပုံ့ကလေးထိုင်ပြီး မအေကို ကန်တော့တော့ မအိမ်ကံ မျက်ရည်တွေကို မျက်တောင်ခတ်ပြီး မနည်းကြီး သိမ်းရသည်။ သမီးကြီးမြိုင်က မြင်းခြံရောက်မှ မျက်နှာ ကလေးပိုလို့တောင် ပွင့်လာသလားပဲ။ မောင်သက်မင်း လင်မယားက သမီးကြီးကို ဂရုတစိုက် ရှိကြတာတွေ့တော့ မအိမ်ကံ စိတ်ချရပါ၏။ ကျေးဥကလည်း မှာစရာ ရှိတာတွေ မှာသည်။ ကျေးကျေးမုန့်တွေ ပို့ပေးမယ်ဆိုတာက လွဲလို့ ဘာမှ လည်းမပြောတတ်။ သည်လိုနှင့် မြိုင့်ဆီက ပြန်ခဲ့ကြသည်။ မြင်းခြံ သမီးဆီ ရောက်တဲ့ရက် ဆိုပြီး မအိမ်ကံ စာအုပ်နှင့် မှတ်ထားသည်။

၁၃၁၉ ခု ၀ါဆိုလဆန်း ၁၃ ရက်။
ရွာရောက်တော့ အမေပန်းရုံက မြေးအကြောင်း မေးလို့ အပိုတွေပါ ထည့်ပြောရပါ၏။
“ဆောင်းဝင်ရင် ရာသီ အေးပါပြီအေ။ အမေပါ လိုက်ခဲ့ ပါဦးမယ်”
အမေပန်းရုံက မြေးဆီလိုက်ချင်လို့ ပြောခဲ့သည့်စကား။ သို့သော် အမေခမျာ မြိုင့်ဆီ မရောက်နိုင်ခဲ့ရှာတော့ပါ။

မွေးနေ့ဆိုတော့ မအိမ်ကံ ခေါင်းလျှော် ရေမိုးချိုးပြီး ကတည်းက သန့်သန့်စင်စင် ၀တ်ဆင်ပြီး ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့လှူသည်။ တရားနာ၊ ရေစက်ချ၊ အမျှအတန်းပေး ဝေခဲ့သည်။ ရက်ကန်း သမတွေကို မနက်ဆွမ်းခံပြန်ချိန်ခေါ် ထားသဖြင့် လူစုံတက်စုံ ရောက်လာကြသည်။ ထမင်းကျွေး သည်။ ထဘီ တစ်ကွင်းစီနှင့် ငွေတစ်ရာစီ ပေးခဲ့သည်။ မွေးနေ့ ကုသိုလ်ပင်။ အရီးကြာညွန့် မရှိသည့် နောက်ပိုင်း ရက်ကန်း ခေါင်းဖြစ်လာသော အရီး ညိုညက်ကို ပိုကန်တော့ခဲ့ပါ၏။ အရီးကြာညွန့်လောက် မဟုတ်လှသော်လည်း တော်သင့်သ လောက်တော့ တော်ရှာပါသည်။ ရက်ကန်း ခေါင်းမထားလို့ မရ။ အနားမှာ ရက်ကန်းခေါင်း ရှိမှ အလုပ်တွင်သည်။ ဆူတန်တာဆူ၊ ငေါက်တန်တာငေါက်၊ ခေါက်တန်တာခေါက်ရသူ ဆိုတော့ ကလေးမတွေကလည်း ကြောက်ကြပါသည်။

“မကြာညွန့်တော့ မပြောတတ်ပေါင်အေ။ ငါဖြင့်သည် ကောင်မတွေကို နေ၀င်ရိုးရီ နအုပ် ပြန်သိမ်းရသာ ကျလို့။ ကလေးတွေဆိုတော့ တစ်ယောက် တစ်ပေါက်ကိုးအေရဲ့။ ပြောသာ ပြောနေသာ လိမ္မာကြရှာပါသယ်”

အရီးညိုညက် စကားကို မအိမ်ကံ ရယ်မိခဲ့ရသေးသည်။ နေ့လယ်ဘက်မှာတော့ မအိမ်ကံ တစ်ယောက်တည်း။ သမီးခိုင်နှင့် ကျေးဥတို့က အောက်ထပ်မှာ။ မနက်က စောစော ဆွမ်းထချက်ရသဖြင့် မျက်တောင်တွေက စင်းချင် လာခဲ့ပြီ။ အိပ်ရာပေါ် အသာ လှဲလိုက်ပေသိ အိပ်လို့မပျော်။ အတွေးတွေသာ အပြေးအလွှား ရောက်လာပြန်ပါ၏။ အလှူနှင့် လက်နှင့် မပြတ်ခဲ့ သော အမေ။ လူတကာကို နင့်နင့်ပိုးပိုး ပေးလိုက်ရမှ အနေ ဖြောင့်ရှာသော အမေ။ အသက် လေးဆယ်ကျော်ကာမှ သမီး မအိမ်ကံကို မွေးပြီး အသက် ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် အထိ သည်သမီးကို ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ရှာသော အမေ။ မအိမ်ကံ အမေ့ကို စိတ်ရောက်ရပြန်ပါ၏။

အမေပန်းရုံဆုံးတော့ ၁၃၁၉ ခုနှစ်၊ ၀ါခေါင်လဆုတ်ရက် ထဲမှာဖြစ်၏။ ရောဂါကြီးရယ်လို့ မ၀င်ခဲ့သော်လည်း ကောက်ကာငင်ကာ အဖျား ၀င်ရာက ဆုံးခဲ့ရခြင်းဖြစ်သည်။ ဆရာ ဆောင်ကိုပင့်ပြီး ဆေးကုသော်လည်း ဆရာဆောင်က စမ်းသပ် လိုက်ကတည်းက ပထ၀ီ ပျက်ပြီဟု ဆိုခဲ့ပါ၏။ ကိုပြေသိမ်း ကတော့ မြင်းခြံကို ချက်ချင်းပို့ပြီးကုသရန် စီစဉ်ခဲ့ရှာသည်။ မအိမ်ကံ ကိုယ်တိုင်က အမေ သည်လို ဖြစ်လိမ့်မည် မထင်ခဲ့။ အာဂန္တုရောဂါပါလေလောက်သာ ထင်ခဲ့ရာက ဆေးဆရာက အားမရကြောင်း ပြောမှ ထိတ်လန့်ခဲ့ရပါ၏။ ၀ါခေါင်လဆုတ် ၆ ရက်နေ့၊ ကြာသပတေးနေ့ မိုးမချုပ် တချုပ်မှာပဲ အမေပန်းရုံ သည်အိမ်ကြီးက ထွက်ခွာ သွားခဲ့ရှာသည်။ မအိမ်ကံ ယူကျုံး မရစွာ ငိုကြွေးခဲ့ရသည်။ သမီးကြီးမြိုင့်ဆီကို သွားချင်လှချည့် တဖွဖွ ပြောရာက ဆုံးရှာခဲ့တာကို မအိမ်ကံ မဖြေနိုင်အောင် ဖြစ်ခဲ့သည်။ ဘွားအေနှင့် မြေးဦးမ ရှင်ကွဲပင်မက သေကွဲကွဲ ခဲ့ကြရရှာပြီ။ တစ်ခုတော့ ဖြေစရာ ရှိပါ၏။ အမေ ပန်းရုံခမျာ ဝေဒနာမရှိ။ အိပ်နေရင်းက ပျက်စီးခဲ့ရခြင်းဖြစ်သည်။

“အရီးရေ။ ကျုပ်နဲ့ လွှဲသွားခဲ့သာပေါ့ ဟုတ်လား။ သား သမီးတွေ၊ မြေးတွေကို ကျုပ်နဲ့ စိတ်ချသယ်ပေါ့လေ။ သူတော် ကောင်းမကြီးရေ။ အားကိုးခဲ့သလား။ ဘယ်သူက ဘာပြောပြော ဘယ်သူက ဘယ်လိုဆိုဆို သူကြီး ကတော်ရယ်လို့ အဆိပ် မရှိတဲ့ ဘုရားအစ်မ၊ ကျောင်းအစ်မကြီးရေ”

မလှအုံ ဟစ်ဟစ်ငိုတော့မှ အမေ့ ဂုဏ်ကျေးဇူးတွေကို မအိမ်ကံ ထင်းထင်းကြီး မြင်ခွင့်ရပါ၏။ ဟုတ်သားပဲ။ အမေ ဘယ်သူကိုမှ စိတ်မဆင်းရဲစေခဲ့တာ အမှန်ပင်။ အာဏာရှိလို့၊ ငွေရှိလို့၊ တတ်နိုင်လို့ စကားအရာနှင့်ပင် မစီးပိုးခဲ့ရှာ။ ဘယ်သူနဲ့ ဖြစ်ဖြစ် သူက အရှုံးခံလိုက်ဖို့ ၀န်မလေး။ ခွင့်လွှတ်သည်းခံ လိုက်ဖို့ ၀န်မလေး။ လှူခဲ့ တန်းခဲ့တာတွေလည်း မနည်းပါ။ ရှိသမျှ စည်းစိမ်ထက်ဝက်လောက်ကို သူတစ်ပါး အတွက် ဖဲ့ပေး ခဲ့သူဖြစ်သည်။ အမေ ဆုံးတော့မှ အိမ်ကြီးမှာ လူတွေ လျော့သွားခဲ့တာ မအိမ်ကံ သတိထားမိလိုက်သည်။ အဖေနှင့် အမေ ပြီးတော့ အဝေး တစ်နေရာဆီ ရောက်နေကြသော အစ်ကို မောင်မြတ်သာနှင့် သမီးကြီးမြိုင်။ မိသားစုတွေဟာ ဘာကြောင့်များ တစ်မိုးအောက်မှာ ရာသက်ပန် အတူနေခွင့် မရကြရတာပါလိမ့်။

ဘွားအေကြီး နာရေးမှာ မအိမ်မြိုင်ကို ကျောင်းကခွင့်က လေးခံကာ လေး၊ ငါးရက်ပြန်ခေါ်ထားခဲ့ရပြီး ပြန်သွားခဲ့ရ သည်။ မြိုင်ကသတိရတိုင်း ငိုရှာပါ၏။ အစ်ကိုမောင်မြတ် သာကတော့ မြေချကို မမီ။ ရက်လည် ဆွမ်းသွတ် အမီတော့ ရောက်လာခဲ့သည်။ အစ်ကိုက ရာထူးတစ်ဆင့် တက်ပြီး ဗိုလ်မှူးကြီးတောင် ဖြစ်သွားခဲ့ပြီကော။ တာဝန်တွေ ရှိသေးတော့ ရက်ကြာကြာ မနေနိုင်ခဲ့။ နှစ်ညအိပ်နှင့်ပင် ရန်ကုန် ပြန်သွားခဲ့ လေသည်။ မအိမ်ကံကတော့ သမီးနှစ်ယောက်ကို ဖက်ရင်း မျက်ရည်တွေတွေကျရတာ အကြိမ်ကြိမ်ပင်။

“အမေလည်း အသက်ရရှာပါပြီ အိမ်ကလေးရယ်။ အိမ်ကလေးတောင် အရွယ်ရပြီပဲ။ တစ်နေ့လူတိုင်း ကြုံကြရမှာ ပါကွယ်။ စိတ်ကို ဖြေပါ”

ကိုပြေသိမ်းက အားပေးခဲ့ပါသည်။ အမေ့အတွက် ရည် စူးကာ မအိမ်ကံစိတ်ရှိသလောက် လှူဒါန်းခဲ့သည်။ သည်အိမ်ကြီးမှာ နောက်ထပ်ကြုံရတာတွေကလည်း ပြောလို့ပင် ယုံစရာ မရှိ။ မတော်တဆ တိုက်ဆိုင်မှုပဲလား၊ တစ်စုံတစ်ရာသော ပယောဂပေပဲလား။ မအိမ်ကံမသိ။ အမေပန်းရုံဆုံးပြီး ဆယ့်တစ်လ အကြာမှာ မလှအုံ ဆုံးပြန်သည်။

၁၃၂၀ ခုနှစ်၊ ဒုတိယ ၀ါဆိုလဆုတ် ၃ ရက်။
ထိုနေ့က မလှအုံကပင် “နောက်လ ညည်းအမေ ဆုံးသာ အခါလည်ပြည့်ပြီတော်။ သူတော်ကောင်းမကြီး မနေ့တစ်နေ့ ကလိုပါပဲအေ” လို့ ပြောခဲ့သေးသည်။ မလှအုံက ဖျားခဲ နာခဲသည်။ ဖျားတယ်၊ နာတယ်ရယ်လို့လည်း မရှိ။ သူ့ဆေးနှင့် သူတောင်စမ်းစမ်း၊ မြောက်စမ်းစမ်း ပျောက်သွားရတာ များသည်။ အမေဆုံးတော့ တစ်အိမ်လုံး မလှအုံ ခေါင်းပေါ် အထုပ် ကျလာခဲ့သည်။ သူပဲ အဖေ၊ သူပဲ အမေဆိုသလို အမေ အရာထားကာ နေရာ ပေးခဲ့ကြသည်။ ကိုပြေသိမ်းကပင် မလေးမစား မရှိ။ ညနေဘက် ထမင်း စားသောက်ပြီး အိပ်ရာ အ၀င်မှာ မူးသည်ဆိုကာ သွေးဆေးလျက်တာ မြင်လိုက်ရသေးသည်။ ည ရှစ်နာရီလောက်မှာ ချွေးစေးတွေ ပြန်လာကာ ဆုံးပါးခဲ့ရ ခြင်းဖြစ်၏။ မအိမ်ကံတို့မှာ ဆေးဆရာတောင် ပြေးပင့်ချိန် မရလိုက်ကြ။

သေခြင်းတရားကို မအိမ်ကံ ထိတ်လန့်သွားခဲ့သည်။ ဘယ်လို ဖြစ်ရတာလဲ။ မမြင်နိုင်သည့် စွမ်းအား တစ်ခုကများ ရွှေမှုံ ပြောခဲ့ဖူးသလို မြားတစ်စင်းရှဥ့် တစ်ကောင်ပစ်သလို ပစ်ချ နေတာများလား။ မအိမ်ကံတို့ အိမ်ကြီးကိုပဲ ခလုတ်တိုက်နေ ကြရော့သလား။ ကိုဖိုးငွေ၊ ဖိုးတုတ်၊ ဖိုးကူး၊ ကျေးဥ။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြရှာသည်။ မျက်ရည် မကျကြဘဲ အံ့သြလွန်းစွာ ကြောင်နေကြတာကို မအိမ်ကံ ရင်နာ ရသည်။


ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ ရွှေအမြုတေမှ ဖေါ်ပြခြင်းဖြစ်ပါသည်။

December 5, 2009

မအိမ်ကံ ( For Dec အပိုင်း - ၃)

“ရှင်အိမ်ကံ့နှယ် ညည်းငယ်ငယ်က ဖအေ ဆုရလာလို့ ပွဲခင်းသဲ့ ဟာကို အငြိမ့်မင်းသမီး အနားက မခွာဘူး။ အက သင်ချင်လို့သဲ့။ ကတဲ အဲသည် ရက်က အိမ်မှာ ဟင်းတွေ ပွဲထိုး ထားသလို ဗောင်းလန် နေသာကို မစားဘူး။ ပွဲကြည့် လှည်းတွေ ထမင်းအိုးတောင်း ဟင်းအိုးတောင်း သွားမျှော်သာလေ။ ခရမ်းချဉ်သီး ဒလိမ်းထိုး ချက်စားချင် လှဆိုလို့ ကျုပ်ချက်ကျွေးရ ပါကောလား”


“ငယ်ငယ်က အင်တန် အနေအေးသာ။ ရွာထဲ သူတကာ့ ကလေးတွေနဲ့ ကစားချေပါဟဲ့ ဆိုလည်း မကစားဘူး။ အားအားရှိ အိမ်အပေါ်ထပ် က်ထိုင်နေတော့သာ။ မှို့စကြာကလေး တွေလွင့်လာသာကို လိုက်ငေးတတ်သယ်။ မလှအုံအဲသာလေး တွေက ဘာတွေလဲ၊ ဘယ်ကလွင့်လာကြသာလဲ၊ ဘယ်ကိုသွား ကြမှာလဲနဲ့ မေးတတ်လို့ ငါဖြင့် မဟုတ်ကရော၊ ဟုတ်ကရော ဖြေရသာပါအေ”

“တစ်ခါများ အစ်ကိုလုပ်သဲ့ သူကို ပုန်းညက်ပန်း ခူးပေးပါ ဆိုတော့ အစ်ကိုက အပင်ပေါ် မတက်ဘဲ အပင်ခြေက လှဲချ ပစ်လိုက်သာတော်။ ကိုင်း ငါ့နှမ ကြိုက်သလောက်ခူး စမ်းတဲ့။ တို့ဖြင့် အပင်ကလေး နှမြောလွန်းလို့ ရယ်ရခက်၊ ငိုရခက်”

မအိမ်ကံ အရွယ် ရောက်လာတော့ ငယ်ငယ်က အကြောင်းတွေကို မလှအုံက သူမှတ်မိသမျှ စီကာပတ်ကုံး ပြောပြလေ့ ရှိခဲ့သည်။
သည်အသက် သည်အရွယ် အထိ မအိမ်ကံ ကိုယ်တိုင် မမေ့နိုင်သော ပုံရိပ်တွေ ရှိခဲ့သည်။ မအိမ်ကံ ငယ်ငယ်ကပါပဲ။ ဘယ်အရွယ်လောက် ရှိမလဲ မအိမ်ကံ မမှတ်မိတော့ပါ။ ထိုနေရာတွင် ထီးကြက်တော် ခေါ်ကြသည့် ထီးဖြူကြီး ရှိသည်။ ကျောက်ထီးကြီးတွေ ကြားက ထီးဖြူတစ်လက်။ သည်ထီးတွေကြားမှာ မမ ဂွမ်းဖြူ။ စောစောတုန်းက သည်နေရာမှာ လူတွေ အများကြီးပါ။ နောက်တော့ မအိမ်ကံနှင့် မမ ဂွမ်းဖြူသာ ရှိတော့သည်။


“မမဂွမ်းဖြူရယ်၊ မအိမ်ကံဖြင့် တစ်ယောက်တည်းရယ် လို့ စိတ်အားငယ်လိုက်ရသာ မပြောပါနဲ့တော့။ လူတွေလည်း ဘယ်ရောက်ကုန်ကြမှန်း မသိပါဘူးတော်”

“လူတွေက ထီးဖြူတော် လာကပ် လှူကြသာကော မအိမ်ကံရဲ့၊ ပြန်ကုန်ကြပြီ”

“မမဂွမ်းဖြူက ဘာလာ လုပ်သာလဲဟင်”

“ဖက်စိမ်းကွမ်းတောင်လာပို့သာလေ။ သည်စေတီရင်ပြင်ပေါ်မှာ မိန်းကလေး တစ်ယောက်ကို ဖက်စိမ်းကွမ်းတောင် လွှဲပေးရမှာ မအိမ်ကံရဲ့”

“ဖက်စိမ်းကွမ်းတောင်က ဘယ်မှာလဲ”

“ဟိုမှာလေ ကျောက်ထီးရိပ်အောက်မှာ”

ဟုတ်သားပဲ။ ဖက်စိမ်းကွမ်းတောင်က ဖူးဖူးကြွကြွ၊ ရွရွ စိမ်းစိမ်းကလေး။ မအိမ်ကံက ဖက်စိမ်း ကွမ်းတောင်ကို သွားယူလိုက်ဖို့ ပြင်သည်။
“မထိနဲ့နော် မအိမ်ကံ။ ဖက်စိမ်းကွမ်းတောင်ဆိုသာ လွှဲအပ်ပြီးမှ ကိုင်ခွင့်ရှိသာ။ မမက လွှဲမပေးမချင်း မကိုင်ရဘူး။ မီးထ တောက်တတ်သယ်”

“အို မအိမ်ကံ ကိုင်ချင်လို့ပါနော်၊ မအိမ်ကံကို လွှဲပေးပါနော်”

“မလောပါနဲ့အေ။ အဲသလောက် ဘယ်လွယ်ပါ့မလဲ”

“အို မရလို့ကို မဖြစ်ပါဘူး၊ ဖယ်ပါ”

မအိမ်ကံ ကဇွတ်ဝင်လုတော့ လက်ထဲမှာ ဖက်စိမ်းကွမ်းတောင် ထိပ်က ငှက်ပျောဖက် ကြက်တူရွေး ရုပ်ကလေးသာ ပါလာခဲ့သည်။
မအိမ်ကံ ဘ၀မှာ မှတ်မှတ်ရရ ရှိခဲ့သည်။ ငယ်ငယ်က မက်ခဲ့သည့် အိပ်မက်။ သည်အိပ်မက်ပြီး နောင်နှစ်ပေါင်းများ စွာအထိ မကြာခဏ မက်ခဲ့ရသည့် အိပ်မက်။ တစ်ခါတော့ အစ်ကို မောင်မြတ်သာက ၀ါးကလေးတွေ သုံးပြီး ဖက်စိမ်း ကွမ်းတောင် ရုပ်ချိုးပေးသည်။ အဖျားမှာ ကြက်တူ ရွေးကလေး ပင်ပါသေးသည်။ မအိမ်ကံ ကွမ်းတောင်ရုပ်ကို ပွေ့ရင်း အပျို တစ်ယောက်လို ဟန်ဖြင့် ခြေဖျားကလေးထောက်၊ လည်တိုင် ကလေးမော့ပြီး လျှောက်သည်။ သည်အချိန်မှာပဲ အမေ ပန်းရုံ၏ အော်သံ၊ ချောက်ချား စရာပင်ကောင်းလှပါ၏။

“မအိမ်ကံ ညည်းလက်ထဲက ကွမ်းတောင်ရုပ်ကို အခု ချထားလိုက်စမ်း”

အနှစ် လေးဆယ်လောက်က အမေ့ အော်သံကို အခုပဲ ကြားလိုက်ရသလိုပင်။ ကွမ်းတောင်ကိုင် ဖြစ်ဖို့ ရူးသွပ်ခဲ့ ရသော မအိမ်ကံကို ရက်ရက်စက်စက် လက်ညှိုး ငေါက်ငေါက် ထိုးကာ အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့ရသော ကြီးတော် စံရွှေ၏ နင့်နင့်သီးသီး စကားလုံးများ။
“ညည်းက ငါ့စီးပွားလည်း ပြိုင်သေး ငါ့သားလည်း ချိုင်သေး။ ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူမှာအေ့။ ညည်းရုပ်က ပပ၀တီလောက် ချောသယ်ပြောပြော နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲ ညည်းသည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ်ဘူး”

အိုး...။ သည်ကနေ့ကျမှ မအိမ်ကံ ဘာဖြစ်တယ် မသိ။ ရှေးဖြစ် နောက်ကြောင်းတွေက အပ်ချည်မျှင် အစ ဆွဲမိလိုက် သလို အတန်းလိုက် အမျှင်လိုက် တောက်လျှောက် ပါလာလေရာ ဆုံးပဲ မဆုံးနိုင်တော့။ အာရုံတွေကို ဇွတ်မှိတ် ဖြတ်သော်လည်း မပြတ်။ ထပ်ကာ ထပ်ကာ ပေါ်လာ နေတော့၏။

မအိမ်ကံ အာရုံတွေက သမီးကြီး မြိုင်ကို မြင်းခြံ သွားပို့စက ရက်တွေဆီ ရောက်သွားခဲ့ပြန်သည်။ ထိုနေ့က ကိုပြေသိမ်း၊ ဖိုးကူး၊ ကိုဖိုးငွေနှင့် မလှအုံတို့ မြင်းခြံကို လိုက်သွားခဲ့ကြသည်။ အိမ်မှာ ဖိုးတုတ်က လွဲလျှင် မိန်းမသားတွေချည်း ကျန်ရစ်ခဲ့ကြသည်။ အစ်ကိုလေး ကိုစံကောင်းက လာစောင့် အိပ်ပေးခဲ့သည်။ ထိုညက အကြောင်းတွေကိုလည်း မအိမ်ကံ မမေ့နိုင်ပါ။ ဘယ်သူက ဘာရည်ရွယ်ချက်နှင့် လုပ်ခဲ့သည် ဆိုတာတော့ အခုထိလည်း မပြောနိုင်။ သို့သော် တိုက်ဆိုင်တာပဲလားတော့ မသိ။ သည်ကိစ္စဖြစ်ပြီးသည့် နောက်ပိုင်း အမေဆုံးသည်။ မလှအုံ ဆုံးသည်။

ထိုညက လကလေးပြက်ပြက်သာ နေခဲ့၏။ မလင်းမှုန်မှုန် လင်းမှုန်မှုန်။ ထိုညကအဖြစ်ကို မအိမ်ကံ ထင်းထင်းကြီး မြင်ယောင်နေဆဲဖြစ်သည်။ တွေးမိတိုင်းလည်း ကြောစိမ့် နေမိရဆဲ။ အဲသည်ညက မအိမ်ကံ အိပ်မပျော်ဘဲ နိုးနေခဲ့လေသည်။ မအိမ်ကံတို့ ၀ိုင်းကြီး ကျယ်ကျယ်ထဲမှာ အနောက် တောင်ထောင့်ကို အိမ်သားတွေ ရောက်ခဲကြသည်။ မြေလပ် မထားချင်သဖြင့် ဖိုးတုတ်က ပဲစင်းငုံကြဲ ထားခဲ့ရာ ရိတ်ဖြတ် ထားသော ပဲစင်းငုံ ငုတ်တွေက ထိုးထိုးထောင်ထောင် ရှိနေကြသည်က တစ်ကြောင်း၊ ထိုနေရာ အထိ ရောက်ရန် အခြား အကြောင်း မရှိသည်က တစ်ကြောင်းတို့ကြောင့် တစ်နှစ်နေလို့ တစ်ခေါက် မရောက်ကြသည့် နေရာ ဖြစ်သည်။ တစ်ဖက်ဝိုင်း တိုက်တွေကလည်း တောပင်၊ တောထင်းတွေ ပုံကြတာမျိုး၊ အိမ့်အတိုအစ ဗြုတ်စဗျင်းတောင်းတွေ ထားကြတာမျိုးဖြင့် ထိုနေရာ ထိုထောင့်မှာ လူသူ အရောက်အပေါက် နည်းသလို ဖြစ်နေသည်။


သည်ကြားထဲက တစ်ဖက်နှစ်ဝိုင်း စပ်ရာထောင့်မှာ ရေမရှိသည့် တွင်းခြောက်ကြီး ရှိသဖြင့် အမှိုက်သရိုက်များ ပစ်ကြရာက မြွေပါး ကင်းပါး ခိုနိုင်သလိုဖြစ်နေတာလည်း ပါပါ၏။ မည်သူမဆို လာရောက် ခိုနေနိုင်လောက်အောင် အဆက် ဝေးသဖြင့်လည်း ၀ိုင်းရှင်တွေ မသိဘဲ ၀င်ရောက်လာခဲ့သူ တစ်ယောက်က မအိမ်ကံတို့ ၀ိုင်းတိုက်ထဲကို အချိန်မတော် အညစ်အကြေးတွေ ပစ်သွားခဲ့ခြင်း ဖြစ်၏။ တောင်ဘက်ဝိုင်းနှင့် အနောက်ဘက် ၀ိုင်းတွေက သည်လို အလုပ်မျိုး လုပ်မှာ မဟုတ်တာကို မအိမ်ကံ ယုံသည်။ အပြင်သူစိမ်း တစ်ယောက်က သည်နေရာကို အကြောင်းတစ်ခုဖြင့် ခိုကာ ကြံစည်ခဲ့ပုံ ရသည်။ ကိုစံကောင်းနှင့် မအိမ်ကံတို့ ဓားတစ်လက်စီဖြင့် ရောက်သွား ကြသည့် အခါ နှစ်ယောက်စလုံး တောင့်သွားခဲ့ကြသည်။ မအိမ်ကံ ထိုးလိုက်သော ဓာတ်မီးရောင် အောက်တွင် အရာသုံးမျိုး တစ်နေရာစီ ပြန့်ကြဲနေပါ၏။

တစ်ခုက နှီးခေါပတောင်း တစ်လုံးဖြစ်၍ အခြားတစ်ခု ကတော့ သွေးတွေ တပွက်ပွက် ပေပွနေသော ပိတ်အနှီးစ တစ်စ ဖြစ်သည်။ အထဲမှာ တစ်စုံတစ်ရာ ပါသလို ရှိသဖြင့် ကိုစံကောင်းက ဓားဦးဖြင့် ထိုးခွဲကြည့်သည်။ အမဲသားတွေ၊ လတ်လတ် ဆတ်ဆတ် ရှိသေးရုံမက အနည်းဆုံး ငါးဆယ်သားလောက် ရှိလိမ့်မည်။ ပိတ်အနှီးစ ဟောင်းမှာတော့ ဆေးမည်းဖြင့် အင်းတွေလို အကွက်တွေ ရေးထားသည်။ ကိုစံကောင်းက မအိမ်ကံ ကို တစ်ချက် အကဲခတ် လိုက်သည်။ မအိမ်ကံကတော့ ဓာတ်မီး တစ်ဖက် ထိုးထားရင်း ဓားရှည်ကိုပင် မ မနိုင်လောက်အောင် ငိုင်ငိုင်ကြီး ရပ်နေလေသည်။

“အမဲသားတွေ ငါ့နှမ။ အင်းထိုးထားတဲ့ အနှီးစနဲ့ ထုပ်ပြီး ခေါပတောင်းနဲ့ ဘာနဲ့ တစ်ခုခုစီရင်ဖို့ လုပ်သာနေမှာ။ ခက်သာက လူကို မမိလိုက်ဘူး။ တို့မောင်နှမ ပြေးလာသာကို တွေ့သွား ပုံရသယ်။ ညနေလောက်ကတည်းက တွင်းခြောက်ကြီးထဲ ခိုနေလေသလား။ ခုမှ အသာဝင် လာသလားတော့ မပြောတတ်ဘူး။ နေဦး ဒါဘာပါလိမ့်”။ ခပ်ဝေးဝေး တစ်နေရာမှ မြေအိုးခြမ်းကွဲ။ နှစ်စိတ် ကွဲသွားပြီ ဆိုသော်လည်း ဆက်ကြည့် လိုက်တော့ နဂိုက တစ်ချပ်တည်း ဖြစ်ပုံရသည်။ ကိုစံကောင်းက နှစ်ချပ် စလုံးကို ဓားဦးနှင့် ထိုးလှန်ကြည့်သည်။ သံချွန်နှင့် ခြစ်ထားသည့် နေရာတွေ မွမွကြဲလျက် ရှိ၏။ ကိုစံကောင်းက ခြံထောင့် ငှက်ပျောပင်က အရွက်ဖားဖား နှစ်လက် ခုတ်ပြီး ခါးက ပိုင်းသည်။ နှီးခေါပတောင်းကို လှန်ကာ ခင်းသည်။ နောက်ထပ် ဖက်ရွက်တွေထဲကို အမဲသားထုပ်သွေးရွှဲရွှဲကို အထုပ်လိုက် မကိုင်ကာ ခေါပတောင်းထဲ ထည့်သည်။ သွေးစွန်း နေသည့် မြေကြီးတွေကိုပါ ဓားနှင့်ခြစ်ကာ မကျန်အောင် နှိုက်သည်။ အိုးခြမ်းပဲ့ နှစ်ချပ်ပါ ထည့်ပြီး အသာပိုက် လာခဲ့သည်။ မအိမ်ကံက ရှေ့က။ ကိုစံကောင်းက နောက်က။ ကိုစံကောင်းက ခြံတံခါးကြီးကို ဖွင့်ပြီး တာလမ်းနှင့် ဝေးဝေးက ချောက်ကြီးထဲ သွားပစ်သည်။ ပြန်လာပြီး ခြေလက်ဆေးသည်။ ဆေးလိပ် တစ်လိပ် ထိုင်ဖွာသည် အထိ မအိမ်ကံပါ အတူ ရှိနေခဲ့ပါ၏။

“အစ်ကိုလေး၊ ဘာတွေလဲ။ အဲဒါတွေက ဘာလုပ်ကြတာလဲ။ ဘယ်သူက လုပ်တာလဲ။ မကောင်းသာ လုပ်မှန်းတော့ သိပါရဲ့”

မအိမ်ကံက မေးခွန်းတွေ ဆက်တိုက် မေးလိုက်လို့လား တော့မသိ။ ကိုစံကောင်းက ဘာဖြေရမှန်း မသိဘဲ တော်တော နှင့် အသံမထွက်။ သူလည်း စဉ်းစားနေပုံရသည်။ မအိမ်ကံတို့ ရွာတွေမှာ ဒါမျိုးတွေ ကြားဖူးပါ၏။ တစ်ဖက်ကို အတိဒုက္ခ ရောက်အောင်၊ အစွဲအမှောင့်ဖြစ်အောင် လုပ်ကြတာမျိုး ဆိုတာ လောက်တော့ မအိမ်ကံ ခပ်စမ်းစမ်း သိထားသည်။ ကိုစံကောင်းကတော့ ကြားဖူးနားဝ ရှိနိုင်လောက်သည် ထင်လို့ အလောတကြီး မေးလိုက်ခြင်း ဖြစ်သည်။

“အစိမ်း တိုက်သာပေါ့ဟာ ရုပ်မြှုပ်သာတို့၊ နတ်တိုက်၊ ဓာတ်တိုက်၊ အစိမ်းတိုက် စသည်ဖြင့် ရှိသယ်။ အစ်ကိုလည်း ကောင်းကောင်းတော့ နားမလည်ဘူး။ ဒါတွေက ခြံထဲပစ်ချ ရုံလောက်နဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူး။ ၀ိုင်းထဲခြံထဲ မြေကြီးထဲ မြှုပ်မှဖြစ်သာ။ လုပ်တဲ့ ကောင်က မြှုပ်ချိန် မရလိုက် ဘူးနဲ့တူပါရဲ့။ သည်ကောင် မြောင်းကျင်းကြီးထဲကနေ အထုပ်ကို အရင် ပစ်လိုက်ပြီး နောက်မှ လူဝင်မှာ နေမှာ”

“ရက်စက်လှချည်လား အစ်ကိုလေးရယ်။ မအိမ်ကံတို့မှာ သည်ဘက်နှစ်ပိုင်းတွေထဲ အတော် အတိုက်အခိုက် လုပ်ကြသယ်။ သာအောင်တို့ နေမှာပဲ”

“ဥပါဒ် မစွဲပါနဲ့ နှမရာ။ သာအောင်တို့ကတော့ လုပ်မထင်ပါဘူး။ သည်ကောင်က သွေးမြောက် နေသာ ရှိသာပါ။ ကိုယ့် ရွာသူ ရွာသားချင်းသည်လောက် မလုပ်ဘူးလို့ ထင်သာပဲလေ”

“ရွာသူရွာသားချင်း မလုပ်လို့ တစ်ရွာက ဘယ့်နှယ့်လာ လုပ်ပါ့မလဲ အစ်ကိုလေးရယ်။ အသွား မတော်ရင် ဒုက္ခရောက် ရမယ့် ကိစ္စ။ တစ်ရွာတစ်ရွာ ၀င်ဖြစ် မှတ်လို့”

“ဒါလည်း ဟုတ်သယ်။ နေပါဦးဟာ။ ဒါမျိုး နားလည်သဲ့ ကိုဘဆင်ကို အစ်ကို မေးကြည့်ပါဦးမယ်။ အရီးတို့ကို မပြောနဲ့ဟ။ လူကြီးတွေ ဆိုတော့ ကြောက်ကြလိမ့်မယ်။ လက်သည် ပေါ်လို့ကတော့ ငါလုပ်သွားပါ့မယ်ဟာ။ နင်အသာ နေပါ”

မအိမ်ကံ အိပ်ရာထဲ ရောက်သည် အထိ အမဲသား နံ့ကြီးစွဲ နေခဲ့သဖြင့် သွေးဆေးတစ်တို့ လျက်ရသေးသည်။ ရေထ သောက်ပြီးမှ အိပ်ရာ ၀င်ခဲ့သည်။ သည်တစ်ခါတော့ တစ်အိမ်လုံး ရူးအောင် ဒါမှမဟုတ် ဒုက္ခရောက်အောင် အောက်လမ်းနည်းကို သုံးကြပြီ။ အမိုက်တွင်းဆုံး လုပ်ကြပါပေါ့လား။ ဒါတွေကို အယုံအကြည် ရှိတာ မရှိတာထက် ရည်ရွယ်ချက် တစ်ခုဖြင့် ခြံထဲဝင်းထဲ အရောက် ကျူးကျော်ကြတာကိုတော့ မအိမ်ကံ သည်းမခံနိုင်။ ဖြစ်နိုင်လျှင် ညတွင်းချင်းပင် ရှင်းလိုက်ချင်သေးသည်။ အိပ်လို့ မပျော်နိုင်အောင် မခံချိမခံသာ ဖြစ်နေခဲ့သည်။ နှစ်ရက်လောက် နေမှ ကိုစံကောင်း မယောင်မလည် ရောက်လာသည်။ မောင်နှမနှစ်ယောက် သရက်ပင်အောက် သွားထိုင်ကြ၏။

“ကိုဘဆင်ကို ငါမေးကြည့်သယ်။ မအိမ်ကံတို့ ၀ိုင်းထဲမှာ တွေ့သာလို့ မပြောပါဘူး။ ငါ့မိန်းမ ရွာမယ် အဲသလို ပစ် သွားသယ် ကြားသယ်လို့ ဆိုပြီးမေးသာ”

“ဘာတဲ့တုံး”

“မြေဘုတ်တွင်းစား ချသာလို့ ပြောသာပဲ။ အင်းပါပါရင် လူကို ဥပဒ်နိုင်သတဲ့။ မကောင်းဘူးပေါ့ဟာ။ မြေထဲ မမြှုပ် သာခံသာသာတဲ့”

ကိုစံကောင်းက ဆက်မပြောတော့။ မအိမ်ကံကလည်း မကြားချင်တော့ပါ။ မအိမ်ကံက တောင်ဘက်ဝိုင်း၊ အနောက် ဘက်ဝိုင်းက အိမ်ရှင်တွေကို ညဘက် လူကပ်ကြောင်း ပြောသဖြင့် ခြံကို လုံအောင် ကာကြသည်။ မြောင်းကျင်းကြီးထဲ ဆူးခက်တွေ မောက်နေအောင် ချလိုက်ကြသည်။ သည်ကိစ္စက သည်မှာတင် တစ်စခန်း ရပ်သွားခဲ့ပါ၏။ လက်သည်ကို အလိုလို သိနေမှတော့ သည်ကိစ္စ စုံစမ်းစရာလည်း မလိုတော့။ မအိမ်ကံ သတိနှင့်နေ သတိနှင့် သွားဖို့ရာသာ ရှိတော့၏။ ကိုစံကောင်းကတော့ ကိုပြေသိမ်းတို့ မြင်းခြံက ပြန်မလာမချင်း လာစောင့် ပေးရှာသည်။ တစ်ရက်၊ နှစ်ရက်အထိ မြင်းခြံကို ပို့လိုက်ရသော သမီး အတွက်ပင် မပူပန်မိရလောက်အောင် မအိမ်ကံ စိတ်တွေ ထွေနေခဲ့သည်။ နောက်နှစ်ရက်လောက် ရှိမှ ကိုပြေသိမ်းတို့၊ မလှအုံတို့ ပြန်ရောက်လာကြသည်။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ ရွှေအမြုတေမှ ဖေါ်ပြခြင်းဖြစ်ပါသည်။

November 30, 2009

မအိမ်ကံ ( For Dec အပိုင်း - ၂)

မအိမ်မြိုင် ကွမ်းတောင်ကိုင် ဖြစ်ရမည့် အရေး ပြောကြဆို ကြတုန်းကများ ကျေးဥပင် အံ့သြခဲ့ရသည်။ ကိုယ်တိုင်မဖြစ် လိုက်ရသည့် ကွမ်းတောင်ကိုင် ဘ၀၊ သမီးကျရင် ဖြစ်စေရမည် ဆိုတာကို ကျေးဥအပြစ် မပြောချင်ပါ။ သို့သော် စိတ်ကကြီး လွန်းလှတာကိုတော့ ကျေးဥ လက်မခံချင်။ မဖြစ်ရတော့ကော ဘာဖြစ်တုံး ဆိုတာမျိုး မရှိ။ ကွမ်းတောင် မကိုင်ရတာနဲ့ပဲ လူဖြစ် ရှုံးရရောလား။ ရွာထဲမှာ ကွမ်းတောင် ကိုင်ရတဲ့ အပျိုချောက တစ်ယောက်တည်း။ မကိုင်ရတာတွေက တစ်အုပ် တစ်မ။ ဘယ်သူမှ ခံစား မနေကြ။ ဘယ်သူမှ ပူဆွေး မနေကြ။ ရွာထဲက သူငယ်ချင်းမ အေးဆုံ ပြောသလို “ကွမ်းတောင် မကိုင်ရလည်း လင်တော့ ရသာပါ ပဲအေ။ ငါဖြင့် ကလေး ခြောက်ယောက်နဲ့ ဖတ်သီကို လိုက်လို့” ဆိုသည့် စကားကိုပင် သတိရမိသေးသည်။ ကျေးဥနှင့် မအိမ်ကံ ကွမ်းတောင်ကိုင် ကိစ္စ အိမ်ကြီးပေါ်မှာ ပြောကြတော့ မလှအုံ အနားတွင် အိပ်နေခဲ့သည်။ မလှအုံက သူတို့နှစ်ယောက် ပြောတာကို အကုန်ကြားသည်။ နောက်တစ်နေ့မှာပဲ ချွေးမ ဖြစ်သူ ကျေးဥကို မေးတော့သည်။ ကျေးဥကလည်း မှန်ရာကို ပြောလိုက်သည်သာ။ ထိုစဉ်က အမေ လှအုံကပင် ပြောခဲ့သေးသည်။

“ငါလည်း နားကြား ဆိုတော့ အံ့လည်း အံ့သြမိသယ်။ ငန်းဖွဲ့တော့မှ လယ်ကျယ်မှန်း သိရသာကိုးအေ့။ တမာလည်းနု ကျေးလည်းဥ၊ တမာလည်းသီး ကျေးလည်းကြီး၊ တမာလည်းရင့် ကျေးလည်း လွင့်ရမယ့်ဟာ သူ့မှာ မလွင့်နိုင်ဘူး။ ပထမတော့ ရီးပန်းရုံကို ပြောဦးမလို့ပဲ။ ခမျာ စိတ်ဆင်းရဲ သွားရှာမှာ စိုးသာနဲ့ပဲ မပြောတော့ပါဘူး။ ကိုယ့်စိတ်ထဲ ကိုယ်ပဲ ထားလိုက် ပါတော့မယ်။ နောင်များ မအိမ်ကံကို ညည်းမပြောနဲ့ သမီး။ အမေ ပြောမယ်။ မအိမ်ကံကို ညည်းမတိုးနိုင်ဘူး”


အမေ လှအုံလည်း ဆုံးရှာပြီ။ မအိမ်ကံကို ပြောသွားနိုင်ခဲ့ပုံ မရ။ ပြောလို့လည်း ရမည် မထင်။ မအိမ်ကံကို ညည်းမတိုး နိုင်ဘူး ဆိုပေသိ အမေလှအုံ ကိုယ်တိုင်လည်း မတိုးနိုင်တာ ကျေးဥ သိပါ၏။ သမီး စိတ္တဇက ကြီးသည့်ကြားထဲ သေကွဲတွေ နှင့် ကြုံရသည်။ ရှင်ကွဲတွေနှင့် ကြုံရသည်။ သည်တော့လည်း မအိမ်ကံ ရင်ထုမနာ ဖြစ်ရှာတာ အပြစ် မတင်ချင်။ ခင်ပုပ်လည်းပျံ ဘုတ်လည်းပျံ ဘ၀တွေ ဆိုတော့ ငယ်က ပေါင်းခဲ့သည့် သူငယ်ချင်းကောင်းယောက်မကို ကပ်ဖဲ့ မတိုက်တာ အကောင်းဆုံးလို့သာ ကျေးဥ ခံယူခဲ့သည်။

အခုတော့ မအိမ်ကံတို့ အိမ်ကြီး ဆူဆူဝေေ၀ မရှိတော့။ အိမ်ဦးခန်းမှာ ထိုင်ပြီး အကြောင်း အကျိုးအကောင်း အဆိုးကို ဝေဖန်ပိုင်းခြား ပေးတတ်သည့် အမေ ပန်းရုံလည်း ငုတ်တုတ် မည်းတည်း မရှိရှာတော့ပြီ။ အမေ့ ဆေးတောင်းကလေးကို မြင်တိုင်း ရင်လှိုက်ရ လွန်းသဖြင့် အိမ် အပေါ်ထပ်က အခန်းထဲ သိမ်းထားခဲ့ရသည်။ မလှအုံ မရှိတော့သဖြင့် ခါတိုင်းလို အိမ်မှာ သောသောညံညံ ဗျစ်တောက်ဗျစ်တောက် မရှိတာကပင် ခြောက်ကပ် သွားသလို ခံစားရသည်။ မုဆိုးဖို ကိုဖိုးငွေကတော့ လူအေးသလောက် ရိုးရှာ လွန်းသဖြင့် သနားရပါ၏။ ရက်ကန်း ရုံကလေးဘက်ရောက်တော့လည်း အရီးကြာညွန့်ကို သတိရ မိရပြန်သည်။ တူဝရီးနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ရက်ကန်း အဆင် ဆန်းကလေးတွေ အကွက်အသွေး ဖော်ခဲ့ကြပုံ တွေ။ သည်လူသည် လူတွေရဲ့ နေရာမှာ မအိမ်ကံ ကိုယ်တိုင် ထဘီ ခါးစောင်း တင်ခဲ့ရပြီ။ မီးဖိုချောင်ကို ကျေးဥ ၀င်ရပြီ။

တောက်တို မယ်ရကလေးတွေအတွက်တော့ ရက်ကန်းသမထဲ က အေးငြိမ်ကို ခေါ်ထားလိုက်သည်။ အေးငြိမ်က ရက်ကန်းရုံလည်း ၀င်နိုင်သည်။ အိမ့်ဗာဟီရမှာလည်း မျက်နှာလွှဲရသူ ကလေးဆိုတော့ အားကိုးရပါ၏။ တောအလုပ်၊ အခင်း အလုပ်တွေကို ဖိုးတုတ်နှင့် ကျေးဥတို့ လင်မယားက တက်ကစီးရှိ ကြသည်။ ဖိုးကူးကတော့ အိမ်မှာ ဂျိုကာရုပ် ဖြစ်ရပါပြီ။ ငယ်စဉ်ကတည်းက မအိမ်ကံ၏ လက်က သုံးတောင်ဝှေး ပီပီ မအိမ်ကံ အထူး အားကိုးရသူလည်း ဖြစ်လာသည်။ လူပျိုသိုးကြီး ပီပီ အပူမရှိ အပင်မရှိ နောက်ဆံ ငင်စရာလည်း မရှိ။ မအိမ်ကံကိုလည်း အင်မတန် ချစ်ရှာသည်။
မအိမ်ကံ ပြန်စဉ်းစားကြည့်တော့ သည်အိမ်ကြီးမှာ သွေးသား ရင်းချာရယ်လို့ မအိမ်ကံနှင့် သမီးငယ်ခိုင်သာ ရှိတော့သည်။ သည်လို အတွေး ရောက်သွားလေတိုင်း မအိမ်ကံ အူချာ ပေါက်အောင် ရူးချင်လာမိခဲ့၏။ သူကြီးမင်း ဦးသာထန်နှင့် အမေ ပန်းရုံတို့ သမီး ခင်ပွန်းက မအိမ်ကံ တစ်ယောက်တည်း မွေးခဲ့သည်။ အသက်ကြီးမှ ပွားစီးရသောသမီးမို့ တုန်နေအောင် ချစ်ခဲ့ကြသည်။ သမီးကလည်း သမီး ဆိုရလောက်အောင် ချောမောလှသူမို့ တစ်ရွာလုံး၊ တစ်နယ်လုံးက သူကြီး သမီး ရုပ်ကလည်း ချောသဟဲ့၊ အသံကလည်း လွင်သဟဲ့၊ လက်ကလည်း ပါသဟဲ့၊ စိတ်ကလည်း နူးညံ့သဟဲ့ ဆိုကြသည် အထိ မျက်နှာ ပန်းပွင့်ခဲ့သည်။

“ကျေးဥရယ် နှစ်ပေါင်းလေးဆယ် ဆိုသာ ခဏကလေး လိုပဲနော်။ ကနေ့ မအိမ်ကံ အသက် လေးဆယ်ပြည့်သယ်။ သည်အနှစ် လေးဆယ်ထဲမှာ အဖြစ်အပျက်တွေက များလိုက်သာ ၀မ်းသာစရာတွေလည်း ပါရဲ့၊ ၀မ်းနည်းစရာတွေလည်း ပါရဲ့၊ ကြောက်စရာတွေလည်း ပါရဲ့၊ ရင်မောစရာတွေလည်း ပါရဲ့ ဘ၀တွေများ တွေးကြည့်ရင် အံ့သြစရာ။ သည်မိသည်ဘနဲ့ တစ်သက်လုံး နေခဲ့ရမယ်လို့ ထင်ခဲ့သယ်။

သည်အရွယ် ရောက်မှ တွေးကြည့်တော့လည်း ရေကြည်လည်း သောက်ရ၊ ရေ နောက်လည်း သောက်ခဲ့ရသလိုပါပဲအေ”

သည်မနက်ပဲ ကျေးဥကို ပြောမိသေးသည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ် သည်လိုရက်မှာ မအိမ်ကံကို အမေ မွေးခဲ့သည်။ တပို့တွဲ လကြီး ချမ်းချမ်းစီးစီး။ မအိမ်ကံ အိမ်ပေါ်တက်ကာ ဇာတာခြင်းထဲက ဇာတာကို သွားယူသည်။ မအိမ်ကံ ငယ်ငယ်ကတည်းက ထိုင်နေကျ ၀ရန်တာ ကလေးဘက် ထွက်ပြီး ဇာတာကို ပြန်ဖတ်သည်။ သည်ဇာတာကလည်း မအိမ်ကံ နှင့် အတူ ရှိလာတာဆိုတော့ နှစ်ပေါင်း လေးဆယ်ပေါ့။ ဇာတာ ပေရွက်ကလေးပင် ရေနံချေးရောင် ပေါက်နေခဲ့ပြီ။

“ဇေယျတု ၅၀၂၁ သကရဇ် ဒီဃ ၁၂၈၂ ခုနှစ် <ကင် ၁၉၄ သူရိယကံ ဝေါဟာရမာသ တပိုတွဲလ္ဆုတ် ၁၂ ရက် ၁ နေ ညစက် ၉ နြီာ၊ မြမ္မာ ၄ ချတ္တီးအချိန်နြီာ ပတ်ပြိ ၉ ဗီဇနာ ရပြံ ၉ ခရာ ကံလဂ်မိန်စမ်း သနွေင်္ ဟောရက် ၅ တြင် ၅ န၀င်လက္စီ နက္ခတ် ၁၂ လုံ ၃ ပတ် ၅၂ လိတ္တာ တက် လက္စီ လျက် ထိုနြီာ၏ တိသမရနက္ခတ်ကား မိကသီ ဒုတိယပတ် တိမတ်သောအခါ ရတနာသုံးပါး ဦးထိတ္တင်၍ သမီးရတနာ ဖွားသည် နာမံ မအိမ်ကံ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော်” ရွာဦး ဆရာတော်ကြီး ဖွဲ့ပေးခဲ့သည်ဆိုသော ဇာတာကို တစ်လုံးချင်း ဖတ်နေမိသည်။ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော် (ပြည့်စေသော်)တဲ့။ အသက် တစ်ရာ့ နှစ်ဆယ်သာ နေရမည်ဆိုလျှင် နောက်ထပ် အသက် ရှစ်ဆယ်နေရဦးမှာတဲ့ လား။ လူတွေအသက် တစ်ရာ့နှစ်ဆယ် အထိ ရှည်ကြလို့လား။ အသက် လေးဆယ်မှာပင် မအိမ်ကံ အတွက် ၀န်တွေ ပိလှပြီ။ အပူတွေ ရွက်ခဲ့ရပြီ။ ကိုယ့်ကိစ္စ ပါသလို သူတစ်ပါး ကိစ္စမှာလည်း ရောယောင် ပါနေခဲ့ရသည်။ အနှစ်လေးဆယ်စာ ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်များကြောင့် နောက်ထပ်အနှစ် ရှစ်ဆယ်လည်း ထပ်ပြီး အသက်မရှည် လိုတော့ပြီ။ တစ်ဖက်က တွေးပြန်တော့ မအိမ်ကံ အဖို့ရာ ကံကောင်းသည်လို့ ဆိုရမည် ထင်၏။ မျိုးကြီး ရိုးကြီးထဲမှာ ၀င်စားခဲ့သည်။ မိကောင်း ဖကောင်းတို့၏ သမီး ဖြစ်ရသည်။ အိမ့်ဝမ်းစာမ ကြောင့်ကြရသည့် အရိပ်မှာ ခိုခွင့်ရခဲ့သည်။ မိဘကို ချစ်သည့် အချစ်၊ လင်သားကို ချစ်ရသည့် အချစ်၊ သားသမီးကို ချစ်ရသည့် အချစ်။ အချစ် သုံးမျိုးစလုံး မအိမ်ကံ ရယူ ခံစားနိုင်ခွင့် ရှိခဲ့သည်။ မအိမ်ကံကို မွေးဖွား ပေးခဲ့သော လက်သည် အမေ ကြီးရိုးပုံကပင် မအေက ဥပဓိသမ္ပတ္တိဖြစ်မှ မွေးမယ့် ကလေးက ဥပဓိသမ္ပတ္တိ ဖြစ်ရတယ်ဟု ပြောကြောင်း အမေပန်းရုံက ပြောဖူးသည်။ မအိမ်ကံကို ကိုယ်ဝန် ဆောင်စဉ်က အမေ့ခမျာ ငှက်ပျောအူ နုနုကလေးတွေ တဂျွမ်းဂျွမ်း ကိုက်စားချင်ခဲ့သတဲ့။ လပြည့်ကျော် ၁၄ ရက်ဖွားဆိုရင်တော့ အဆင်းရော အချင်းပါ လှမတဲ့။ အစ်ကို မောင်မြတ်သာက နှမကလေး လိုချင်တာ မြန်မြန်မွေးကြတော့ဗျာလို့ ပြောသတဲ့။ တကယ် မွေးတော့ တပို့တွဲလပြည့်ကျော် ၁၂ ရက်နေ့။ “ညည်းတို့ သမီးက တနင်္ဂနွေ သမီးဆိုတော့ ကျက်သရေ ဦးခေါင်းမှာ တည်သယ်။ ခေါင်းကို သန့်အောင်ထား။ မင်း မိဖုရားဂြိုဟ်နဲ့ ယှဉ်မွေးသဲ့ မိန်းမဟဲ့။ လပြည့်ကျော်ဆယ့်နှစ် ရက်ဖွားဆိုတော့ ကြွယ်ပိုးကြွယ်ဝ ရှိလိမ့်မယ်။ ကောင်းလိုက်တဲ့ ဇာတာ ညည်းတို့ စောင့်ကြည့်ပါအေ။ မင်းကတော် မဖြစ်တော့ပြော” အမေကြီး ရိုးပုံ ပြောခဲ့သည့် စကားတွေ မှန်ကြောင်း မလှအုံက မကြာခဏ ပြောတတ်လို့ မအိမ်ကံ အလွတ် ရနေခဲ့သည်။ မအိမ်ကံ မွေးသည့်ညက ထူးထူးခြားခြား အနောက်ရမ်း လေကြီး တိုက်ခဲ့သည်။ ၀င်းခနဲ ပြက်လိုက်သော လျှပ်စစ်မိုးကြိုး တစ်ချက်ကြောင့် ပဲမှော် တိုက်ကြီးတောင် သိမ့်ခနဲ ခါသွားခဲ့သည်။ အိမ်ခေါင်းရင်းမှာ နှစ်နှင့်ချီကာ အပွင့် မြုံနေသော ဆပ်သွားဖူးရုံ ကြီးကလည်း မအိမ်ကံ မွေးသည့် ရက်မှ အဖူးတွေ ထိုးခဲ့သည်။ ဘုန်းကြီး ကျောင်းရိပ်က ရေကန်ကြီးပင် ပြည့်သွားအောင် မိုးကြီး တစ်မရွာခဲ့သည်။ မအိမ်ကံ အာရုံတွေထဲမှာ မအိမ်ကံ မွေးခဲ့သည့် နှစ်ပေါင်း လေးဆယ်က အဖြစ်အပျက်တွေ ဖျန်းခနဲ ဖျန်းခနဲ ပေါ်နေခဲ့လေ၏။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ ရွှေအမြုတေမှ ဖေါ်ပြခြင်းဖြစ်ပါသည်။



November 28, 2009

စိတ်ထောင်း ကိုယ်ကျေ

ဒီခေါင်းစဉ်လေးနဲ့ ပတ်သက်ပြီး သင့်ဘယ်လိုများ အဓိပ္ပာယ်ဖွင့်မလဲတော့ ကျွန်ုပ်သိနိုင်မှာ မဟုတ်ဘူး။ ကျွန်ုပ်နားလည်မိသလောက်တော့ ပြောချင်မိတယ်။ လူရယ်လိုဖြစ်လာရင် တစ်ခုမဟုတ်တစ်ခုတော့ အလုပ်လုပ်နေရမှာပါ။ အလုပ်လုပ်တဲ့နေရာမှာလည်း နေရာနှစ်မျိုးရှိပါတယ်။ ပထမက ခွန်အားကိုသုံးပြီး အလုပ်လုပ်ရတဲ့ အလုပ်၊ နောက်တစ်ခုက ဦးနှောက်ကို အသုံးပြုပြီး လုပ်ရတဲ့ အလုပ်ဆိုပြီး ကျွန်ုပ်နားလည်ထားပါတယ်။

အလုပ်လုပ်နေတဲ့ လူတိုင်းမှာ အခက်အခဲ ဒုက္ခမျိုးမျိုး ကြုံတွေ့ရမှာပါ။ ဒီလိုကြုံတွေ့ လာရပြီဆိုရင်တော့ ပုထုဇဉ်ဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ခံနိုင်ရည်ရှိဖို့ လိုအပ်လာပါပြီ။ ခံနိုင်ရည်ရှိဖို့ ဆိုတဲ့ နေရာမှာ အဓိက ကျွန်ုပ်ကတော့ စိတ်ကိုပဲပြောချင်ပါတယ်။ စိတ်ဆိုတဲ့ အရာက ဦးဆောင်နေလို့လဲ ခုကျွန်ုပ်တို့ ဟာ အသက်ရှင်နေထိုင်နေရတာပါပဲ။ အကယ်၍များ စိတ်ဆိုတဲ့ အရာကြီးသာ မရှိခဲ့ဘူးဆိုရင် ကျွန်ုပ်ဆိုတာ ဖြစ်လာနိုင် စရာ အကြောင်းမရှိပါဘူး။


စိတ်ဆိုတဲ့ အကြောင်းအရာကို ကျွန်ုပ်တွေးမိတဲ့ အချိန်မှာ စကားလုံးလေး တစ်လုံးကိုလည်း တပြိုင်နက်တည်း စဉ်းစားလိုက်မိတယ်။ စိတ်ထောင်း ကိုယ်ကျေ ဆိုတာ ဘာကိုပြောတာလဲ.............
ဒီနေရာမှာ ကျွန်ုပ်တစ်ခုတော့ ပြောချင်မိတယ်။ သိလို့ တက်လို့ ပြောနေရေးနေတာ မဟုတ်ဘူး။ စဉ်းစားမိတာလေးကို နားလည်သလို့ စာဖတ်သူအနေနဲ့ နားလည်အောင် ရေးနေမိချင်ဖြစ်တယ်။ စာဖတ်သူ တစ်ယောက် အနေနဲ့လည်း ကိုယ်ထင်မြင်ချက်ကို လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါတယ်။

သိတက်စ ကလေး ( ၅နှစ်အရွယ်)ကို အရင်ကြည့်လိုက်ကြရအောင်။ ကျောင်းစတက်နေပြီဖြစ်တဲ့ ကလေးငယ်တစ်ယောက်ဟာ သူ့လိုချင်တာကို မိဘဆီမှာ ပူဆာမယ်။ ပူဆာလို့မှ မရရင် ငိုမယ်။ အဲဒီနှစ်ခုကိုကြည့်ခြင်းအားဖြင့် ကလေးငယ်က သူ့ရဲ့ မသိစိတ်နဲ့ စိတ်ကိုစေခိုင်းစေတယ်။ စိတ်ကိုစေခိုင်းလို့ မအောင်မြင်တော့ သူ့ရဲ့ခွန်အားဖြစ်တဲ့ ငိုကြွေးခြင်းကို ပြုလုပ်ပြီးထပ်ခိုင်းတယ်။ ဒါကိုနားလည်တဲ့ မိဘက သဘောပေါက်ရင် ကလေးငယ်အတွက် စိတ်ထောင်း ကိုယ်ကျေ ဆိုတဲ့ အဆင့်ကို မရောက်နိုင်တော့ဘူး။

နောက်တစ်ခုက အိမ်ထောင်သည်ဘဝကို ကြည့်လိုက်ရင်လည်း တူတူပါပဲ။ အိမ်ထောင်ဦးစီဖြစ်တဲ့ လင်ယောက်ျားက ပင်ပင်ပန်းပန်း ( ပိုက်ဆံကို ခွန်အားနဲ့ ရှာနေရတဲ့ လူ) အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ အချိန်မှာ မိန်းမဖြစ်တဲ့ မယားက ပွစိပွစိနဲ့ စိတ်ညစ်အောင် ထပ်ပြီးပြုလုပ်မယ်ဆိုရင် ဒီအိမ်ထောင်ရေးမှာ အဆင်ပြေမှာ မဟုတ်သလို မယားလုပ်တဲ့ မိန်းမကလည်း မယားဝတ္တရားငါးပါး မပျက်မကွက် လုပ်ဆောင်ပေးနေပါလျှက် ယောက်ျားလုပ်တဲ့ သူကလည်း လင့်ဝတ္တရားအတိုင်း ကောင်းကောင်းမွန်မွန် မထားနိုင်ခဲ့ဘူးဆိုရင်တော့ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်လာနိုင်စရာမရှိပါဘူး။ ဒါကြောင့်လည်း အိမ်ထောင်တစ်ခုမှာ နားလည်မှုဟာ အလွန့်ကိုအရေးကြီးတဲ့ လိုအပ်ချက် ဖြေရှင်းနည်း တစ်ခုပါပဲ။

နောက်တစ်ခုက HIV ရောဂါသည် တစ်ယောက်( ဥပမာ - ကျနော်ဆိုပါစို့) ဒီရောဂါရှိနေပြီလို့ သိလိုက်ရတဲ့ အချိန်မှာ တော်တော်လေးကို စိတ်ဆင်းရဲခဲ့ရတယ်။ ဟာ... ငါသေရတော့မှာပါလားဆိုတဲ့ စိတ်နဲ့ မစားနိုင် မသောက်နိုင်၊ ဟိုလူနဲ့ မတွေ့ရဲ ၊ ဒီလူနဲ့ မတွေ့ရဲ ဘဝမှာ ငါဘာလုပ်သင့်သလဲ ဆိုတဲ့ အတွေးမျိုး ဝင်လာတယ်။ အသက်ရှင်ဖို့ရက်က ရည်တွက်လို့ရနေပြီ။ စိတ်ဓာတ်တွေကျ မလုပ်ချင် မကိုင်ချင် ဖြစ်နေတဲ့ ကျနော့်ရဲ့ စိတ်ကို ငါစိတ်ဆင်းရဲနေမယ့်အစား ဒီရောဂါကိုမေ့ထားပြီ လုပ်သင့်လုပ်ထိုက်တာတွေကို အကောင်းဆုံးဖြစ်အောင်ဆိုတဲ့ စိတ်ကို Control ကောင်းကောင်းပေးနိုင်ခဲ့မယ်ဆိုရင် စိတ်ထောင်း ကိုယ်ကျေ ဆိုတဲ့ စကားကို ဂရုစိုက်စရာ မလိုပါဘူး။ လူ့ဘဝသက်တမ်းကိုလည်း ပြည့်ပြည့်ဝဝ ခံစားနေထိုင်သွားရမှာပါ။

ခုလိုတိုင်းတစ်ပါးမှာ လာပြီးအလုပ်လုပ်ကျောင်းတက်နေကြတဲ့ ညီငယ်၊ ညီမငယ်၊ ညီအကို မောင်နှမများ အားလုံးလည်း စိတ်ထောင်း ကိုယ်ကျေမဖြစ်ဖို့ အရေးကြီးပါတယ်။ ခွန်အားနှင့် အလုပ်လုပ်တဲ့ လူတွေက စိတ်ကို ပင်ပန်းအောင် မလုပ်မိစေဖို့နဲ့ ဦးနှောက်နဲ့ အလုပ်လုပ်တဲ့ လူတွေကလည်း ခွန်အားတွေ မဆုံးရှုံးသွားစေရန် ဂရုပြုသင့်ပါတယ်။

နောက်ဆုံးကျွန်ုပ်ပြောချင်တာကတော့ လူကောစိတ်ကော ပြိုင်တူ အပင်ပန်းမခံမိစေဖို့ အကြံပေးချင်ပါတယ်။ အကယ်၍များ သင်သည် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေခဲ့မယ်ဆိုလျှင် ကျွန်ုပ်ခုနက ပြောခဲ့တဲ့ လင်မယားနှစ်ယောက်ရဲ့ နားလည်မှုလေးကို ယူသုံးပြီ တစ်ခုခုတော့ ရှော့လိုက်ပါက စိတ်ထောင်း ကိုယ်ကျေဆိုတဲ့ စကားလုံးက သင့်နှင့် ခက်ဝေးဝေးမှာ ရှိနေမှာပါပဲ.......


လေးစားစွာဖြင့်
ရီနိုမာန်

November 25, 2009

လွမ်းချင်း

ရင်ထဲမှာ ငိုချင်သလို့ ခံစားနေရတယ်
ဘာများဖြစ်တာပါလိမ့်
ကော်ဖီသောက်တာ များသွားလို့လာပေါ့
ငါ့ရင်ထဲမှာလဲ ဘာမှ မခံစားရပါဘူး

ဘာများပါလိမ့် လို့စဉ်းစားနေရင်း
အမေ့ကို သတိရသွားတယ်
အမေ နေမှ ကောင်းပါစ
အမေ ငါ့ကိုများ လွမ်းလို့ တမ်းတနေတာများလား

ဘာတွေလဲကွာ ငိုချင်လိုက်တာ......
ပြောရင်းနဲ့ မျက်ရည်ကျလာပြီ
မျက်ရည်ကျရင်းနဲ့ စကားတွေပြောနေမိတယ်

အမေ့ကို လွမ်းလို့ကျတဲ့ မျက်ရည်တွေပါ
အမေ့ကြောင့် ကျနော် အသက်ရှင်နေရတာပါ
အမေ့ ဆီ သားတစ်နေ့ ပြန်လာခဲ့မယ်နော်
အမေနဲ့ သား အတူတူ နေမယ်နော် . အမေ...

လေးစားလျှက်
ရီနိုမာန်

မအိမ်ကံ ( For Dec အပိုင်း - ၁)


ယခင်လမှ အဆက်
၃၂။
“ဗုဒ္ဓေါစ မင်္ဂလာ လောကေ ဗုဒ္ဓေမင်္ဂလ မာဂမ္မသဗ္ဗ အန္တရာယာ ၀ိနသန္တု။ ဓမ္မောစ မင်္ဂလောလောကေ ဓမ္မ မင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယာ ၀ိနသန္တု။ သံဃောစ မင်္ဂလော လောကေ သံဃမင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယော ၀ိနသန္တု။ လောကေ လောက၌ ဗုဒ္ဓေါစ မြတ်စွာဘုရားသည် မင်္ဂလော မင်္ဂလာရှိပါ ပေ၏။ လောကေ လောက၌ ဓမ္မော တရားတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။လောကေ လောက၌ သံဃောစ သံဃာတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။ သည် မင်္ဂလာသုံးပါးကို အာဂမ္မအကြောင်း ပြု၍ သဗ္စအန္တရာယာ အလုံးစုံသော အန္တရာယ်တို့သည် (၀ါ) အလုံးစုံသော မကောင်းမှုတို့သည် ၀ိနဿန္တု ကင်းစင်ပပျောက်ကြရတယ်။ အဲသလို မှုတ်လား ဒကာမကြီး”

“တင်ပါ့ ဘုရား”

“တစ်ခါမှ မြတ်စွာဘုရားက ဟောတော်မူသယ်။ သတ္တ၀ါတွေဟာ အလိုမရှိအပ်၊ မနှစ်သက်အပ် မမြတ်နိုးအပ်တဲ့ တရားတွေ ဆုတ်ယုတ်ရင် ဘယ်လောက်ကောင်းမလဲ။ အလိုရှိအပ်၊ နှစ်သက်မြတ်နိုးအပ်တဲ့ တရားတွေချည်းရှိနေရင် ဘယ်လောက်ကောင်းမလဲလို့ တွေးကြတယ်တဲ့။ ကောင်းတာတွေချည်း အလိုမရှိဘူးဘား ဒကာမကြီး”

“အလိုရှိပါတယ် ဘုရား”

မကောင်းတွေချည်း ကျတော့ကောလိုချင်ရဲ့လား”

“မလိုချင်ပါ ဘုရား”




“တစ်ခါက မလ္လတိုင်း ဥရုဝေလ ကပ္ပရွာကြီးမှာ မြတ်စွာ ဘုရား သီတင်းသုံး နေတော်မူခိုက် ဘဒြက ရွာသူကြီးက ဆင်းရဲခြင်း အကြောင်းနဲ့ ပတ်သက်လို့ ဟောတော်မူပါဘုရား လို့လျှောက်သယ်။ သည်တော့ ဘုရားက အတိတ်ကို ဆောင်ပြီး ဟောရင်လည်း သင်ယုံမှာ မဟုတ်။ အနာဂတ်ကို ဆောင်ပြီးတော့ ဟောရင်လည်း သင်ယုံမှာ မဟုတ်။ လက်ငင်း ပစ္စုပ္ပန်မှာ ဖြစ်နေသာကို မေးမယ်တဲ့။ ဥရုဝေလ ကပ္ပရွာကြီးမှာ လူတွေ ဆင်းရဲ ကြသယ်၊ သေကြသယ်၊ ဆုံးရှုံးကြသယ်၊ အကဲ့ရဲ့ခံကြ ရသယ်၊ စိုးရိမ် ပူဆွေး နေကြရသယ်။ အဲသည့် လူတွေနဲ့ သင်နဲ့ ပတ်သက် သလားတဲ့ မေးသယ်”

“တင်ပါ့ဘုရား”

“ဘဒြက သူကြီးက မပတ်သက်ပါ ဘုရားပေါ့။ မပတ်သက်တော့ သင်ပူပန် သောက ရောက်ရသလား၊ ဆင်းရဲဒုက္ခလို့ ထင်သလား။ ကိုယ်စိတ်နှစ်ပါးဆင်းရဲလေခြင်းလို့ ခံစား ရသလားလို့ မေးပြန်သယ်။ သည်တော့ ဘဒြကသူကြီးက တပည့်တော်နဲ့ မပတ်သက်လို့ အဲသလိုလည်း မခံစားရပါဘူး ဘုရားတဲ့။ အဲသည်အထဲမှာ ကိုယ့်မိကိုယ့်ဘကိုယ့်ဆွေကိုယ့် မျိုးတွေ ပါနေပြီဆိုပါတော့ ဘယ်လို ခံစားရမလဲတဲ့။ ပူဆွေး သောက ရောက်ရမှာပါဘုရားလို့ ဘဒြကသူကြီးက ပြန် လျှောက်တယ်။ ရှင်းတယ်နော် ဒကာမကြီး”

“ရှင်းပါတယ် ဘုရား”

“ဒါနဲ့ ဘုရားရှင်က ဘဒြက သူကြီး သင်ပဲဖြေပါ။ အဲဒါ ဘာပြုလို့လဲတဲ့။ သည်တော့ ဘဒြက သူကြီးက ချစ်ခင် တွယ်တာလို့ပါ ဘုရားလို့ လျှောက်သယ်။ သည်တော့မှ ဘုရားရှင်က အဲဒါ အကြောင်းရင်းပဲတဲ့။ ချစ်ခင်ခြင်းတည်း ဟူသော ဆန္ဒသည် ဒုက္ခဆင်းရဲ၏ အကြောင်းရင်းဖြစ်တယ်လို့ ဟောတော်မူသယ်”

“တင့်ပါဘုရား”

“ဒါကို ဒကာမကြီး မအိမ်ကံ နှလုံးသွင်းပါ။ ပုထုဇဉ်တွေ ဖြစ်လို့ ဘုရား ရဟန္တာများလို မကျင့်ကြံနိုင်သော်လည်းပဲ နှလုံး သွင်းပြီး စိတ်၏ ချမ်းသာခြင်းကို တည်ဆောက်ရမယ်။ သည်ကနေ့ မွေးနေ့၊ မွေးရက်က စပြီး နောင်မွေးနေ့၊ မွေးရက် တွေတိုင်းမှာ တရားနဲ့ ပြည့်စုံသော ဘ၀ကို ရယူပွားများ နိုင်ဖို့လိုတယ်။ ဟုတ်ကဲ့လား ဒကာမကြီး”

“တင်ပါ့ ဘုရား”

“ကိုင်း ရေစက် ချရအောင်။ သည်အချိန် ကလေးဟာ အင်မတန် အရေးကြီးသယ်။ တစ်မျှင်ချင်း လွင့်သွားတဲ့ ဆံပင်များကို တစ်စုတည်း ဖြစ်အောင် ကျစ်ထားသော ဆံစုကဲ့သို့ ဟုတ်ပြီလား။ အာရုံ ကလေးမှာ တည်ပြီး အကုသိုလ် အဖို့ဘာဂ ကိုအောက်မေ့၊ မေတ္တာ စိတ်ကလေးပြုပြီး ညွှတ်ထားမယ်။ တတ်စွမ်းသမျှ လှူဒါန်းရသော ဒါန ကုသိုလ်ကို ရည်မှတ်ပြီး ကောင်းမှု ကုသိုလ်ကို ရည်မှတ်ပြီးလျှင် ဘ၀တစ်ပါး ခြားကြ ကုန်ပြီဖြစ်သော မိဘဘိုးဘွား များကအစ မိမိ မျက်မှောက်၌ ရှိကြကုန်သော ပုဂ္ဂိုလ်စသည် ဖြင့် အာရုံညွှတ်ထားရမယ်။ ဟုတ်ပြီလား၊ ကိုင်း လိုက်ဆို ဒကာမကြီး”

“ဘန္တေ ဘုရား”

“ဘန္တေ ဘုရား”

“နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”

“နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”

“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက် ပြုရပါလိုခြင်း အကျိုးငှာ လည်းကောင်း”

“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက်ပြုရပါ လိုခြင်း အကျိုးငှာ လည်းကောင်း”

“သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း”

“သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း”

“အန္တရာယ ၀ိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်းအကျိုးငှာ လည်းကောင်း”

“အန္တရာယ ၀ိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်း အကျိုးငှာ လည်းကောင်း”

“၀ိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌”

“၀ိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌”

“တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍”

“တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍”

ငုံ့ထားသော မျက်နှာတွင် မျက်ရည်တွေ တာကျိုးအံ့ ဆဲဆဲ ရှိသော်လည်း မအိမ်ကံ စိတ်ကို စိတ်နှင့်ပင် တုပ်နှောင် ထားခဲ့သည်။ ရေစက်ချ ကရားမှ ကနုတ် ပန်းခက်ကလေးတွေကို မြင်နေရသည်။ ကရားထိပ်မှ တစ်ပေါက်ချင်း ချလွှတ်သော ရေစက်ကို သတိနှင့် ထိန်းရင်း စိတ်ကို မပျံ့လွင့်အောင် ကြိုးစား ထားပါ၏။ ထိန်းထားသည့် ကြားက အဖေ့ကို မြင်ယောင်သည်။ အမေ့ကို မြင်ယောင်သည်။ မလှအုံကို မြင်ယောင်သည်။ ဦးပဉ္စင်းက မိမိ မျက်မှောက်၌ ရှိကြကုန်သော မိမိ မျက်မှောက်၌ မရှိကြကုန်သောတဲ့။ ရှိကြကုန် သောက ဘယ်သူတွေလဲ၊ မရှိကြကုန် သောက ဘယ်သူတွေလဲ။ သည်စိတ်က ခေါင်းထဲ ရောက်လာပြန်တော့ ရေစက် ကရားက တသွင်သွင် ကျနေသော ရေစက် တစ်ပေါက်ချင်းကို မမြင်ရပြန်။ မျက်ရည်များဖြင့် ဝေေ၀၀ါးဝါး ဖြစ်ရပြန်ပါ၏။ သတိတရား ၀င်လာ ပြန်တော့ မျက်ရည်ကို ထိန်းသည်။ လိုက်ဆို နေရသည့် ရေစက်ချကို ကတုန်ကယင် မဖြစ်အောင် ထိန်းရသည်။ စိတ်ကို မလွင့် မပျံ့အောင် ထိန်းရသည်။

“သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍”

“သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍”

“သမ္မောဒမာနာ ကြည်သာရွှင်လန်း ၀မ်းမြောက်ကြကုန် သည်ဖြစ်၍”

“သမ္မောဒမာနာ ကြည်သာရွှင်လန်း ၀မ်းမြောက်ကြကုန် သည်ဖြစ်၍”

ဖြစ်၍...ဖြစ်၍...ဖြစ်၍။ မအိမ်ကံ ညည်းစိတ်ကို ငြိမ်နေအောင် တည်ထားစမ်း။ ရေစက် ချတုန်း ချသခိုက် အချိန် ကလေးမှာ မပျံ့လွင့်စေနဲ့။ ပြုခဲ့ဖူးတဲ့ ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ ရကြစမ်းပါစေ။ ငါ့အသက် လေးဆယ် ပြည့်ပြီပဲ။ နှစ်ပေါင်းလေးဆယ် ဆိုတဲ့ လူ့ဘ၀ သက်တမ်းမှာ ညည်း ကုသိုလ်တွေ ပြုခဲ့ပြီပဲ။ ပေးခဲ့၊ ကမ်းခဲ့၊ လှူခဲ့၊ တန်းခဲ့ပြီပဲ။ ဖြည့်ဟဲ့၊ ဖို့ဟဲ့၊ ကျွေးဟဲ့၊ မွေးဟဲ့ ရှိခဲ့ပြီပဲ။ သံသရာကြီး ရှည်သရွေ့ ၀ဋ်ဆင်းရဲကြီး ရှည်မှာပဲ။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏ ဒုက္ခတွေ ရှိနေမှာပဲ။ ချစ်လျက်နဲ့ ကွေကွင်း ရခြင်း ဆင်းရဲ၊ မချစ် မနှစ်သက်ဘဲ ပေါင်းသင်း ဆက်ဆံရခြင်း ဆင်းရဲ။ ဘ၀တူမျှ အခြေတကျ ရှိချင်သော်လည်း ရှင်ကွဲကွဲ ရတဲ့ ဒုက္ခဆင်းရဲ...ဒါတွေလည်း ရှိမှာပဲ။ အို သတိလွတ်ရ ပြန်ပါပကော။ သတိ၊ သတိ။

“ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို”

“ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို”

“လဘိတွာ ရကြကုန်၍”

“လဘိတွာ ရကြကုန်၍”

“နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏”

“နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏”

ရေစက်ချအပြီးမှာတော့ မအိမ်ကံ လှိုက်ခနဲ ခံစားလိုက် ရသည်။ တစ်ချက်ရှိုက်ခြင်းနှင့် အတူ မျက်ရည်တွေ သွန်ကျ လာခဲ့ပါ၏။

၁၃၂၂ ခု၊ တပို့တွဲလ။
မအိမ်ကံ အသက် လေးဆယ်တင်းတင်း ပြည့်ခဲ့ပြီ။ မနက်ကပင် ရွာဦး ဆရာတော် ဦးခေမိန္ဒထံတွင် လွန်လေပြီးကြသူ တို့အတွက် မွေးနေ့ ကုသိုလ်ပြုခဲ့သည်။ ဘုန်းကြီးကျောင်းကို အ၀င်နတ် လမ်းရှည်ပြီး တစ်လျှောက်ဖြတ်တော့ ကိုပြေသိမ်းကို သတိရသည်။ နတ်လမ်းထဲမှာပဲ မအိမ်ကံကို မေတ္တာ ရှိကြောင်း သူပြောခဲ့တာ မဟုတ်လား။ သည်တစ်ခါတော့ ဆွမ်းချိုင့်ကို လက်က ဆွဲရင်း မအိမ်ကံ တစ်ယောက်တည်း ကျောင်းကို လာခဲ့ရပြီ။ ကျေးဥနှင့် သမီးငယ် ခိုင်က အိမ်မှာ နေခဲ့ကြပါ၏။ ဆရာတော် ဆုံးမလိုက်သော ရေစက်ချ တရားကို နာယူရတော့လည်း အပူကလေး ငြိမ်းရသလိုလို ရှိခဲ့သည်။ ရွှံ့နှင့်လုပ်သော နားတောင်းလို၊ ရွှေရည် ပွတ်ထားသော နှစ်ပြားတန် ကြေးနားတောင်းလို အပေါ်ယံလှရုံ ဟန်ဆောင် မထားနဲ့လို့လည်း ဆရာတော်က မှာလိုက်သေးသည်။ ဆရာတော်က မအိမ်ကံ အကြောင်းကို သိနေလို့များလား။ အတွင်းစိတ်က မငြိမ်းနိုင်ဘဲ ဟန်မဆောင်နဲ့လို့ မိန့်ချင်ပုံ ရပါ၏။

အခုတော့လည်း သည်အိမ်ကြီးမှာ မအိမ်ကံပဲ ရှိတော့သည်။ အဖေ မရှိတော့။ အမေ ပန်းရုံ ကွယ်လွန်ရှာခဲ့ပြီ။ မလှအုံလည်း ဆုံးပါးခဲ့ရပြီ။ သမီးကြီးမြိုင်ကို မြင်းခြံ ပို့ခဲ့သည့် ၁၃၁၉ ခုနှစ်က ရေတွက်လျှင် လေးနယုန်ပင် ကျော်ခဲ့ပြီ။ သည်လေး ငါးနှစ် အတွင်းမှာ မအိမ်ကံတို့ အိမ်ကြီးထဲက လူသုံးယောက်ကို ဖဲ့ယူ သွားခဲ့ပြီ။ အသက်လေးဆယ် ဆိုသည့် အရွယ်က ဘ၀မှာ အားအရှိဆုံး အချိန်ပင်။ ရင့်ကျက်သော ဘ၀ဖြင့် ရှေ့ခရီးကို လှမ်းရန် ခြေလှမ်းပြင် ခိုက်မှာပင် တစ်စုံ တစ်ယောက်က တွန်းလှဲပစ် လိုက်သလို ပုံလျက်သား လဲခဲ့ရသည်။

“ကျေးဥရယ်၊ ဖြစ်ရပုံများတော့အေ အမေဆုံးသယ်၊ မလှအုံ ဆုံးသယ်။ သည်ကြားထဲ ညည်းအမေ အရီး ကြာညွန့် ပါဆုံးသွားသာကကော မအိမ်ကံကို အငြှိုးနဲ့ လုပ်နေသလိုပဲ အေ။ ငါ အရိပ်ခိုရသယ့် လူတွေကိုချည်း တမလွန် ခေါ်သွား သာကတော့ တဆိတ်စာ ဖြေနိုင်စရာတောင် အကြောင်း မရှိပါလား အေရယ်။ ဆရာတော်ကတော့ ဟောရှာပါရဲ့။ ငါ ရေစက်တောင် ဖြောင့်အောင် မချနိုင်ခဲ့ပါဘူးအေ။ ငါမျက်ရည်ကျသာ ကို သမီးကလေး မမြင်စေချင်လို့ ညည်းတို့ကို ထားခဲ့သာ ပါ။ ကျောင်းက အပြန် နတ်လမ်းထဲမှာ ငါထိုင်ငိုမိသယ်။ ဘ၀ အကြောင်းများ မကောင်းပါဘူးအေ”

ကျေးဥကိုပင် ပြောမိခဲ့ရပါ၏။ ကျေးဥကတော့ တရား ရှိသူလိုပင် မလှုပ်မခြောက် ရှိနေလေသည်။ မအိမ်ကံကို သနားစရာ သတ္တ၀ါ တစ်ကောင်လို ကြည့်နေခဲ့သည်။ သည်လောကဓံလောက်တော့ ကျေးဥတို့က ခါးစောင်းတောင် တင်လိုက်ချင်သေး ဆိုသည့် မျက်နှာဖြင့် ရှိနေခဲ့သည်။ သူကကော ဘာထူး လို့လဲ။ အမေဆုံးသည်။ ယောက္ခမ မိဘ ဆုံးသည်။ မအိမ်ကံ ကြုံသလောက် ကျေးဥက ဖြစ်ရလေခြင်းရယ်လို့ မညည်းခဲ့။ မအေ ဆုံးတုန်းက ငိုခဲ့သည်။ ယောက္ခမ ဆုံးတော့ မျက်ရည် ကလေး သီသီ ဝေ့ခဲ့သည်။ ဒါပါပဲ။ သည့်နောက်တော့ စပ်လို့တောင် ပြောတာမျိုး မရှိ။ မအိမ်ကံမှာ ကျေးဥကို ကြည့်ပြီး တရားကျရ မလိုလို။ ညည်းမခံစားရဘူးလား ဆိုတော့ ခံစားလို့ကော ပြန်ရှင်လာမှာမှ မဟုတ်သာတဲ့။

“မအိမ်ကံရယ်၊ ငါလည်း လူပါဟယ်။ စိတ်မကောင်း မဖြစ်ဘဲနေပါ့မလား။ ငါ့ယောက္ခ မရီးလှအုံ ဆိုရင် ဆူဆူငေါက် ငေါက်နဲ့ ငါ့အပေါ် ကောင်းရှာသယ်။ အမေရင်းနဲ့ မခြားပါဘူးအေ။ အမေနဲ့ ရီးလှအုံ ဆုံးပါးကြသာ ငါ့အတွက် အင်မတန် ထိခိုက်ရသယ်။ ကြီးပန်းရုံဆိုပြောမနေနဲ့တော့၊ ဘယ်သူ့ အပေါ် မဆို စိတ်ကောင်း နှလုံးကောင်း ရှိခဲ့ရှာသယ်။ ကြီးပန်းရုံ ဆုံးတုန်း ငါကျွမ်းပစ် ငိုခဲ့မိသာပါအေ။ ဒါပေသိ ငါဖြေသယ်။ သြော် သူတို့ခမျာ အသက်ကြီး ရှာကြပြီ။ ဘ၀ ၀န်ထမ်းခဲ့ကြရသဲ့ နှစ်ထမ်းကြီး ရှည်လှပြီ။ ငါတို့တောင် သူတို့လောက် သီလ ကောင်းပါ့မလား အောက်မေ့မိသယ်။ အမှည့် တ၀င်းဝင်း၊ အကင်း တပြိုက်ပြိုက်ကိုးအေ့”

“အောင်မယ် ရသေ့မကတောင် ဟုတ် တုတ်တုတ်ပါလားဟဲ့။ အေးပါအေ၊ ညည်းလည်း ခံစား ရမှာပါပဲလေ။ တို့နှစ်ယောက်စလုံး အတူတူပါပဲ။ တို့အားကိုး အားထား ပြုရသဲ့ သူတွေ ချည်းဆိုတော့ အပဲ့ကြီး ပဲ့ရသာပါပဲ။ အင်း၊ ငါကတော့ ရှင်ကွဲ ပိုသာပေါ့ ကျေးဥရယ်”
ရှင်ကွဲ ပိုသာပေါ့အေ ဆိုသည့် စကားကြောင့် ကျေးဥ ငိုင်သွားခဲ့ရသည်။ ဘာမှ မပြောသာတော့။ မအိမ်ကံကို တစိမ့်စိမ့် ကြည့်နေတာပဲ ရှိသည်။ မအိမ်ကံ ငယ်ငယ်၊ မအိမ်ကံ အပျိုပေါက်၊ မအိမ်ကံ အပျိုဖားဖား၊ မအိမ်ကံ သားသည်မအေ။ တစ်လျှောက်လုံး ကျေးဥ မျက်စိအောက်မှာပဲ ရှိခဲ့သူ။ ခံစားမှု ကြီးသလို မဟုတ်တာ လုပ်ရမှာကို စက်ဆုပ်သူ။ မမှန်တာ ရှိလျှင်၊ မတရားတာ တွေ့လျှင် ရှေ့က ရပ်ပြီး ရင်ဆိုင် ၀ံ့ရဲသူ။ ဓားမကြောက်၊ လှံမကြောက် မိန်းမချောကို တစ်ခါတစ်ရံ ကျေးဥပင် အံ့သြရသည်။ ရုပ်ရည် ချောမောသည်။ ကိုယ်ကျင့် တရားကောင်းသည်။

ရပ်ရွာအပေါ် ညှာတာသည်။ မိဘတွေကို ခြေဆုပ်လက်နယ် ရှိသည်။ လင်သားကို ရိုသေသည်။ သား သမီးတွေကို ငှက်တောင်သိမ်းသိမ်းနိုင်သည်။ သို့သော် တစ်ခု ခုကို ထင့်လိုက်မိပြီ ဆိုလျှင်လည်း ဇွဲကြီး နပဲကြီး ပြန်သည်။ ဆုံးမ မရ၊ ဖျောင်းဖျ မရ။ လက်တွင်းဆုပ်မိလျှင် မဖြေတော့ တာမျိုးရှိသည်။

လေးစားစွာဖြင့်
ရီနိုမာန်

ဆရာမခင်ခင်ထူး ရေးသားပြီး ရွှေအမြုတေမှ ကူးယူဖေါ်ပြပါသည်။


November 24, 2009

တရားကျနေတာလား..မိုက်မဲမှုတခုလေလား......


သူ့မှာလဲ ချစ်တတ်တဲ့အသဲနှလုံးရှိတာပဲ..
ကိုယ့်အတွက်မဟုတ်ခဲ့တာ..မပြောသာ..

သူ့မှာလဲ ထားရမယ့်သစ္စာတရား ရှိမှာပေါ့..
ကိုယ့်အပေါ်မဟုတ်ခဲ့တာ..ကံကြမ္မာ..

ဘယ်အရာမှ မတည်မြဲတဲ့လောက
ကိုယ့်ကိုမှ ချစ်စေချင်တဲ့ ငါ့လောဘ..

သြော်သင်္ခါရတရားတွေ သိပါလျက်နဲ့
သံဝေဂမရနိုင်တဲ့ ငါ့မောဟ..

အချစ်အတုပါဆိုတာ သိရက်နဲ့
သူ့ကိုမှ ဥပက္ခာ မပြုနိုင်တဲ့ ငါ့ဘ၀..

သူ့မေတ္တာအတိမ်အနက်ကို မမေးဘူးခဲ့ပေမယ့်..
ကိုယ့်ရှေ့မှာ မလိမ်တတ်ခဲ့တာ ကျေးဇူး အနန္တ..
ငါ့လွတ်လပ်မှုတွေ ဆုံးရှုံး..
ငါ့ပျော်ရွှင်မှုတွေပျက်သုဉ်း..
မမုန်းနိုင်လေတော့လည်း.....
.........
.......

အင်းဒီလိုနဲ့ပဲ.. အချစ်ဆိုတာကို ခ၀ါချဖို့ အသက်က အချက်ပြလာပြီ..

လေးစားစွာဖြင့်
ရီနိုမာန်

ကဗျာပိုင်ရှင် - မမလွင်(ခ) မမိုး

November 23, 2009

မအိမ်ကံ ( For Nov အပိုင်း - ၆ )

“အပြစ်မရှိသဲ့ လှည်းသမားတွေကို နင်ကသာ ငြိုးသာ။ ငါက နင့်ကို ဘယ်တုန်းကမှ ခေါင်းထဲ မရှိဘူး။ ဖမ်းထားပြီး ဒဏ်ငွေ ရိုက်ချင်သာက ရှေ့က။ လူစာ၊ နွားစာတောင် မကျွေးဘူး ဆိုတော့ နင်လည်း တောသူ၊ တောင်သားပဲ မလွန်လွန်းဘူး လား။ တခြားရွာက လှည်းတွေ မပြောနဲ့။ ဇောင်ချမ်းကုန်းက တောင်သည် အမိန့်ကို ဘယ်သူမှ မသိကြဘူး”

“ဟုတ်ပါပြီလေ။ အခုက မအိမ်ကံနဲ့ ဘယ်လိုပတ်သက် လို့တုံး။ လှည်းသမားတွေထဲမှာ နင့် အမျိုးပါလို့လား”

“ဘယ့်နှယ့်မှ မပတ်သက်ဘူး။ ဘာအမျိုးမှလည်း မပါဘူး။ နင်လုပ်သဲ့ အလုပ် မဟုတ်လို့ လိုက်လာသာ။ မဟုတ်ရင် ဘယ်ဟာမှ မခံဘူး။ ငါရွာကျောင်း ဆရာကတော်လေဟဲ့။ မမှန်သာ မတရားသာ ရှိရင် ငါတို့က ရှေ့ကထွက်ရမှာပဲ။ ဘယ့်နှယ့်တော်၊ နှီးချက်နဲ့ တဲဆောက်ကာမှ သံတောင် နောက်ကောက် ကောက်ကျရသယ့် ကိန်းဆိုက်နေပါပကော”

ရုံးရှေ့မှာ လူတွေ အုံခဲနေကြပြီ။ မလှအုံလည်း ချက်ချင်း အပြေး ရောက်လာသည်။ လာတုန်းကတော့ မအိမ်ကံကို “နင်တန်၊ သူတန်” လုပ်ဖို့ လိုက်လာ ဟန်တူပါ၏။ သာအောင် နှင့် ခွန်းကြီးခွန်းငယ် အော်နေကြတာ တွေ့တော့ ကိုစံကောင်း အနား သွားရပ်သည်။ ကိုစံကောင်းကလည်း နှမဖြစ်သူကို တစ်ခွန်းဝင် မဟ။ သာအောင် လူပါး ၀နေတာကို ရွာက မခံချင် ကြသော်လည်း မိုးကောင်း နေချိန်ဆိုတော့ ငြိမ်နေကြရသည်။ ခုတော့ နှမ လုပ်သူက ချက်ကျ လက်ကျ တွယ်နေတော့ အဝေးက အသာကြည့် နေခြင်းဖြစ်၏။ သာအောင့်နောက်မှာ လူမိုက် နှစ်ယောက် ရှိနေကြတော့ နှမကို ကိုယ်ထိလက်ရောက် ရှိကြမှာ စိုး၍ ဖြစ်သည်။ မလှအုံက မအိမ်ကံ အနားသွားကာ လက်မောင်းအိုးကို ဆွဲသည်။

“မအိမ်ကံလာတော့ နေပူသယ်။ တို့ရွာလည်း ဆင်ကြိုးနဲ့ ကြက်ချည်၊ ကြက်ချည်ကြိုးနဲ့ ဆင်ချည် ဖြစ်နေပါပကော”

မအိမ်ကံက နေရာမှာပဲ ပေရပ်ကာ သာအောင့် စကားကို စောင့်နေခဲ့သည်။ သာအောင့် နှုတ်က အမိန့်မကျ သေးတာကို ပေစောင့်နေခြင်းဖြစ်၏။ တကယ်တော့ သာအောင်က မြင်းခြံ လမ်းပိုင်း ဌာနက စာအရ ဆောင်ရွက်ခြင်း ဖြစ်၍ သည်ကိစ္စ သည်လောက် ကြီးကျယ်သွားလိမ့်မည် မထင်ခဲ့။ အဝေးရွာက လှည်းတွေကို ဒဏ်ရိုက် လိုက်ရုံနှင့် ပြီးလိမ့်မည် ထင်ခဲ့သည်။ လှည်းသမားတွေနှင့် နွားရှစ်ကောင်ကို အစာရေစာ ကိစ္စ မစီ စဉ်မိခဲ့တာကတော့ ပေါ့ဆမှု ဖြစ်သည်။ မအိမ်ကံ ရောက်လာ ကာ သည်လို ကက်ကက်လန် ရန်တွေ့လိမ့်မည် လို့လည်း မထင်။ ရွာမှာ ကိုပြေသိမ်းတို့၊ မအိမ်ကံတို့က လွဲ၍ ပြောဝံ့ ဆိုဝံ့သူ မရှိတော့လည်း ထင်တိုင်းကြဲ နေကြတာ ကြာပြီ။ သာအောင်က ပါးသည်။ သူလွန်တာကို အများရှေ့မှာ အထုပ် ဖြေပြသလို အဖြစ်မခံဘဲ ချာခနဲ လှည့်သွားကာ ပြဿနာကို ရှောင်လိုက်သည်။ သူ့နောက်ပါ နှစ်ယောက်ကို တစ်စုံတစ်ရာ ပြောခဲ့ပြီး ရုံးထဲ ၀င်သွားသည်။ နွားသတ်သမား အောင်လှက လှည်းသမားတွေဆီ သွားကာ ပြန်ကြရန် ပြောနေလေပြီ။



“မလှအုံ လူတွေ၊ နွားတွေ အိမ်မှာ ထမင်းကျွေးဖို့ လုပ်ပေးပါဦး။ ခမျာများ ဆာကြရှာရော့မယ်။ လှည်းကောက်ပြီး အိမ်မောင်းခဲ့ခိုင်းလိုက်တော့”

ရွာသူရွာသားတွေကြားထဲက မအိမ်ကံ တိုးထွက်လာခဲ့ သည်။ ဇောနှင့်သာ လိုက်လာရသည်။ ပူလိုက်သည့်နေ။ ဤသို့ ဖြင့် ဇောင်ချမ်းကုန်းရွာ တာလမ်းပေါ် နွားမောင်းမှုကြီးပြီး သွားခဲ့ပါ၏။ တစ်ရွာလုံးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်ကျန် ရစ်ခဲ့သည်။ မအိမ်ကံ အကြောင်းက စကားဖြစ်နေခဲ့ပြီ။ မလှအုံက လှည်းသမားတွေကို လှည်းကောက်ခိုင်းရင်း ခါးကြီး တထောက်ထောက်နှင့် ကျန်ရစ်ခဲ့၏။ ကိုစံကောင်းလည်း နှမ ဖြစ်သူနောက် သုတ်သုတ်ပါအောင် လိုက်လာခဲ့သည်။

“ချက်ကျချက်တော့ဟာ... သည်ကောင် လူပါးဝနေသာ ကြာပြီ။ ငါက နှမထိရင် ၀င်ရိုက်မလို့။ ပြန်ပြန် ငါ့နှမ သည်ကောင်တွေတော့ သတိထားနော။ မကောင်းကြံချင် ကြံမယ့် ကောင်တွေရယ်”

“မကောင်းကြံတော့လည်း တစ်ပွဲ တွေ့ကြရုံပေါ့ အစ်ကို လေးရယ်။ ဘယ့်နှယ် ဇောင်ချမ်းကုန်းမှာ အကုသိုလ်က နိုင်စား ရမယ်လို့။ လူတွေက ခွေးဆိုး ဆိုသာနဲ့ ကြောက်ရတော့မှာ လား။ ခွေးဆိုးများ ပါးစောင်ဟက်တက် ဖြဲပစ်လိုက်ချင်သေး တယ်”

မအိမ်ကံ ဒေါသအရှိန်တွေ မပြေသေး။ မအိမ်ကံ စကား ကြောင့် ကိုစံကောင်းပင် စကားမဆက်နိုင်ဘဲ နှမကိုလှမ်းကြည့် လိုက်လေ၏။
“နေနှင့်ဦး။ လှည်းသမားတွေကို ပုဆိုးတစ်ထည်စီပါ ပေးလိုက်ရဦး”

မအိမ်ကံက ဒဏ်ရိုက်ခံကြရမည့် လှည်းသမားတွေဘက်က ရပ်တည်ခဲ့ကြောင်း၊ လူစာ၊ နွားစာ အိမ်မှာ ၀၀လင်လင် ခေါ်ကျွေးခဲ့ရုံမက ပုဆိုး တစ်ကွင်းစီပါ ပေးလိုက်သေးသတဲ့ ဆိုသည့် စကားတွေက ရွာပေါင်းစုံ ထုတ်ချင်းခတ်သွားခဲ့လေ ပြီ။ သာအောင်လည်း နည်းနည်းတော့ ကုပ်သွားလေ၏။ ထင်မထားသည့်ထောင့်က မအိမ်ကံ ပေါ်လာတာကို သာအောင် ကိုယ်တိုင် ဟန်ရေး မပြခဲ့နိုင်ခဲ့။ စဉ်းစားတွေးတောရင်း ပေါ်လာသည့် ရှေးဟောင်း နှောင်းဖြစ်တွေပင်။ မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်လာခဲ့သည်။ သမီးကြီးက အပူအပင် ကင်းကင်း အိပ်ပျော်လျက်။ အပြင်မှာ လရောင်က သာဆဲပင်။

မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ လှည်းနှစ်စီး ကောက်ထား ပြီးပြီ။ တစ်စီးက ဖိုးကူး မောင်းမည်။ နောက်တစ်စီးက ကိုကြက်တောလှည်း။ ကိုကြက်တောက လှည်းသာပေးလိုက် ခြင်းဖြစ်ပြီး ကိုဖိုးငွေက မောင်းမည်။ မလှအုံက အိမ်ပေါ်က သံသေတ္တာကြီး ရွက်ချတော့ ကိုဖိုးငွေက လှည်းပေါ်ကဆီးယူ သည်။ စုံစီနဖာတွေကလည်း မနည်းပါ။ ဘထွေးဖြစ်သူ ကိုသက်မင်းတို့ မိသားစုအတွက် အမေပန်းရုံ ထည့်ပေးလိုက် သည့် လက်ဆောင်တွေလည်းပါပါ၏။ အိမ်ကြီးမှာ လူတွေ များလှသည်။ အမျိုးတွေ အဆွေတွေပါမက နားကြားနှင့် လာရောက်ကြသူတွေလည်း များလေ၏။

“မအိမ်ကံ သမီးပို့ မလိုက်ဘူးလား။ မြင်းခြံကို။ ညည်း သမီးကတော့အေ တစ်ရွာ တစ်ယောက်ထွန်းပါပဲ။ မိန်းကလေး မြို့တက်ပညာသင်သာ တို့တစ်သက် မကြားစဖူးဘူး။ သမီး ကလည်းတော်၊ မိဘများကလည်း ကူဖော်ပံ့ဖက်ရ ဟန်ကျ ပါ့အေ”

မေးသူတွေက မေးကြတာကို မအိမ်ကံဖြေနေရသည်။ မအိမ်ကံ သမီးပို့မလိုက်တော့ပါ။ ဖအေလည်း ပါသည်။ မလှအုံ လည်း နေရာချရန်လိုက်သွားလိမ့်မည်။ မအေ ပါသွားလျှင် သမီးကြီး စိတ်ပြောင်းသွားမှာကို တွေးပြီး မလိုက်တော့ခြင်း ဖြစ်၏။ သမီးကြီးမြိုင်က စိတ်အပြောင်းအလဲကလည်း မြန်တတ်ပါ ဘိသနဲ့။ ပြီးတော့ အိမ်မှာ သက်ကြီးရွယ်အို မအေကြီး ခမျာ သမီးရော၊ မြေးပါ အိမ်က ခွာသွားလို့ကတော့ ၀မ်းထဲက အူတွေ ဆွဲနုတ် သွားသလို ဟာသွား ရှာမှာကို စိုးတာလည်း ပါပါသည်။ ဘာပဲဖြစ်ဖြစ် အမေပန်းရုံ အနားမှာ မအိမ်ကံရှိမှ ဖြစ်မည်။

မြိုင်ကလေးက သည်မနက် လှနေလိုက်သည့် ဖြစ်ခြင်း။ ဆယ့်နှစ်နှစ် သမီးဆိုတော့ အလှတွေ ရုန်းကန် ပွင့်ရန်အားယူ နေချိန် မဟုတ်လား။ ၀င်းဝါ၀ါ အသားအရေနှင့် မျက်နှာပွင့်ပွင့် ကလေးကြောင့် ဘွားအေက “ပပ၀တီ” ခေါ်တာလည်း မလွန်ပါ။ ကျောက်စိမ်းရောင် ပိုးထည်ကလေးနှင့် သပြေစိမ်းရောင် အင်္ကျီက တောက်ကြွားလွန်း လှပါ၏။ မျက်နှာချေကလေး ပုတ်ထားသဖြင့် မျက်နှာ နုနုကလေးသည်ပင် ပန်းသွေးရောင် ပြေးလျက် မျက်တောင်တစ်ချက် ပုတ်လိုက်တိုင်း စိန်ပွင့်တွေလို တဖျတ်ဖျတ် ရှိလေ၏။ မန္တလေးက ကတ္တီပါ ခြေညှပ်ဖိနပ် ကလေး စီးထားသည်။ ရွှေချည်ထိုး အိတ်ကလေး တစ်အိတ်ကို ကိုင်ထားသေးတော့ ကွမ်းတောင် ကိုင်တော့မည့် ရွာ့မိန်းမ ချောကလေးနှင့်ပင် တူသည်။ မအိမ်ကံက လွမ်းတာ တစ်ခြမ်း၊ ကျေနပ် အားရတာက တစ်ခြမ်းဖြင့် တစ်ကိုယ်တည်း နှစ်စိတ် ဖြစ်နေရတော့သည်။

“ကိုင်း မြိုင်ကလေး၊ ငါ့မြေး ဘွားအေကြီးကို ကန်တော့။ သွားကြရအောင်”

အလို။ သွားကြတော့မှာလား။ မအိမ်ကံ ရင်တွေ သည်တော့မှ ကတုန်ကယင် ရှိလာခဲ့သည်။ ကျေးဥက လူတွေရှေ့ မထွက်။ သူ့သားအငယ်နှင့် မအိမ်ခိုင်တို့ကို တစ်ဖက်တစ်ချက် စီဆွဲထားရင်း ခပ်ကွာကွာက လှမ်းကြည့်နေသည်။ ငိုချင်ချင် မျက်နှာက တင်းထားသဖြင့်သာ မျက်ရည်တွေ မကျခြင်း ဖြစ်၏။ မအိမ်မြိုင်က အမေ ပန်းရုံကို ဖျာပေါ်မှာ ထိုင်ကန်တော့တော့ အမေပန်းရုံက ဆုတွေ ပေးနေခဲ့သည်။ သည်မြင်ကွင်းကို ကြည့် ရင်း မအိမ်ကံ မျက်ရည် စို့ရပြီ။

“ပညာရှာသယ့် အခါ တောလိုက် မုဆိုးများသားကောင် ရှိရာ အရပ်မှာ ခြေလုံလုံပျ ၀ပ်ကျိုးနွံရှိသလို ကျင့်ရသယ်။ ရတနာ သုံးပါးကို ကြည်ညိုရာမှာ အဖိုးတန် လည်ဆွဲ တန်ဆာကို ပျောက်မှာစိုးလို့ မကြာခဏ စမ်းသလို အခါမလပ်အောက် မေ့ရသယ်။ တောမျောက်များ တစ်ည သုံးခါမြေကြီးကို ဆင်း စမ်းသလို ၀ီရိယ ရှိရသယ်။ ကြားလား ငါ့မြေး။ ယနေ့ယခု မှစ၍ မြေးလေး မအိမ်မြိုင် တစ်ယောက် စိတ်သွားတိုင်း ကိုယ် ပါ၍ လိုရာမှန်သမျှ ပြည့်စုံပြီးလျှင်...”

အမေပန်းရုံဆုပေးနေသခိုက် မအိမ်ကံ မျက်လုံးတွေ မှိတ်ထားခဲ့သည်။ မျက်ရည်တွေက ပိတ်ထားသော မျက်ခွံထဲက ယိုစီးကျလျက် ပါးပြင်ပေါ်သို့ တစ်လိမ့်ချင်းကျလာ လေ၏။ ရင်ထဲ လှိုက်တက်လာသော ခံစားမှု အဟုန်က အသိ သတိတရားတို့ကိုပါ ရိုက်ချိုး ပစ်လိုက်သည့် အခါ ကြေကွဲစရာ ကောင်းလှသော ရှိုက်သံကြီး ထွက်ပေါ်လာလေသည်။ ကျေးဥ၏ ငိုသံကလည်း ထက်ကြပ်မကွာ ပါလာခဲ့ပြီးသည့် နောက်မှာတော့ တရားဆုကို ပေးနေသော ဘွားအေပါ အသံတွေ တုန်လှိုက် လာရာက တဘက်ဟောင်းဖြင့် မျက်နှာကို အုပ်ကာငို ရှာလေသည်။ ၀ိုင်းတိုက်ထဲတွင် ရှိနေကြသော ဆွေမျိုးများရော ရွာခံများပါ မျက်ရည်တွေဝေ့ကြရပြီ။ ခံစားမှုနှင့် ပတ်သက်လျှင် အေးအေးလေးလေး ရှိရှာသူဟု ပြောစမှတ်ပြုရသော မအိမ်မြိုင်သည်ပင် မျက်ရည်တွေတွေ ကျရင်းက ဘွားအေကို တစ်လှည့်၊ မိခင်ကို တစ်လှည့်ကြည့်ရင်း ငိုနေခဲ့၏။

မအိမ်ကံနှင့် ဖအေကို လာကန်တော့သည့် အခါ သမီးကြီးကို အကန်တော့ မခံသေးဘဲ ပိုက်ဖက်ထားခဲ့သည်။ နဖူး ဆံစတွေကို နမ်းနေမိသည်။ သည်သမီးကလေး မွေးကတည်း က ရင်အုပ်မကွာ ရှိခဲ့ရာက သည်ကနေ့တော့ဖြင့် အဝေးတစ် နေရာဆီ သွားရရှာတော့မည်။ မိဘနှစ်ပါးကို ကန်တော့အပြီး မှာတော့ လှည်းပေါ် တက်ရပြီ။ ကိုပြေသိမ်းပင် မျက်နှာကို တစ်ဖက် လှည့်ထားရှာ၏။ မလှအုံနှင့် မအိမ်မြိုင် သားအဖက လှည်းတစ်စီး။ ကိုဖိုးငွေနှင့် ၀န်စည်စလယ်တွေက လှည်းတစ်စီး။ မအိမ်ကံ ငယ်ငယ်က အဖေနှင့် မြင်းခြံ အလည် လိုက်သွားခဲ့စဉ်က အမေပန်းရုံနှင့် ခွဲရသည့် ခံစားမှုကိုပင် ပြေးသတိရ လိုက်မိပါ၏။

“အမေ သွားတော့မယ်နော်၊ အမေကြီးပန်းရုံ သွားတော့ မယ်နော်၊ ကျေးကျေး သွားတော့မယ်နော်၊ ညီမလေးခိုင် မမ သွားတော့မယ်နော်”

“သွားတော့မြေးကြီးရေ၊ မြေးကြီးလာမှ အမေကြီး တွေ့ ရတော့မှာပါအေ၊ ကျောင်းပိတ်သာနဲ့ ပြန်ခဲ့နော်မြေး၊ အမေကြီး တို့ မျှော်နေမယ်နော်၊ ခလုတ်မထိ ဆူးမငြိ ဘေးရှိသမျှ ဝေးပါ စေတော်၊ ကျုပ်မြေးလေး”

လှည်းနှစ်စီး ရွာလယ် လှည်းလမ်းပေါ်ရောက်သွားခဲ့ပြီ။ ၀ိုင်းတိုက်ထဲက ရှိရှိသမျှ လူတွေအားလုံး ခြံဝက ထွက်ကြည့် ကြသည်။ မအိမ်ကံက လက်ပြတော့ သမီးကြီး မြိုင်ကလည်း လက်လှမ်းပြရှာပါ၏။ ဘ၀ဆိုတာ နှုတ်ဆက်ခြင်းများနှင့်ချည်း ပြီးရတာများလား။ သွားတော့ သမီးရေ။

ညသည် လပြည့်ကျော်စရက် ဆိုသော်လည်း ညဥ့်နက်ပိုင်းတွင် လရှိသေးသည်။ လထွက် နောက်ကျသည့် အတွက် ညဦးပိုင်းတုန်းကတော့ ဇောင်ချမ်းကုန်း တစ်ရွာလုံး မှောင်မည်း လျက်ရှိ၏။ ကလေးငိုသံ၊ သီချင်းဆိုသံ၊ ပုလွေသံစသော ကျေးရွာ တစ်ရွာ၏ ဆွတ်ပျံ့ဖွယ် အသံဗလံများ ငြိမ်သက်သွား ချိန်မှာတော့ ရွာကလေးလည်း တစ်စတစ်စ ငြိမ်သက် သွားခဲ့ပါ၏။

မအိမ်ကံတို့ အိမ်ကြီးမှာ ဖိုးတုတ်ကလွဲလျှင် မိန်းမသား တွေချည်း ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းရော၊ ကိုဖိုးငွေရော၊ ဖိုးကူးရော မရှိကြရုံမက မလှအုံပါ ပါသွားလေတော့ အိမ်မှာ အမေပန်းရုံ၊ မအိမ်ကံ၊ ကျေးဥနှင့် ကလေး သုံးယောက်သာ ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းတို့ လှည်းထွက်သွားကတည်းက သည်အချက်ကို မအိမ်ကံ သတိထားမိလိုက်သည်။ ညဘက်မှာ ဖိုးတုတ် တစ်ယောက်သာ ယောက်ျားသားရယ်လို့ ရှိပြီး မိန်းမသား တွေချည်း ကျန်ခဲ့ခြင်းသည် သည်လို ကာလကြီးမှာ မကောင်းနိုင်တာကို ရိပ်စားမိခဲ့ခြင်း ဖြစ်သည်။ အမေပန်းရုံက အသက် အရွယ်ကြီး ရင့်ပြီ။ ထွန်းပ၊ ထွန်းရ ညီအစ်ကိုနှင့် မအိမ်ခိုင်က ကလေးငယ်တွေ။ ကျန်တာ မအိမ်ကံနှင့် ကျေးဥပဲ ရှိတာဆိုတော့ ကိုစံကောင်းကို ညဘက်လာစောင့်ရှောက်ဖို့ မအိမ်ကံ စီစဉ်ခဲ့သည်။ ညနေက ကျေးဥကို အခေါ်လွှတ် လိုက်ကတည်းက ကိုစံကောင်းကလည်း ဓားရှည် တစ်လက်ဖြင့် ရောက်လာခဲ့ပါ၏။

“ဟုတ်သယ်၊ အစ်ကိုလေးလည်း စဉ်းစားမိသယ်၊ ခေတ်ကာလက မကောင်းတော့ ငါ့နှမတွေးသာ မှန်သာပေါ့၊ စိတ်ချသာ အိပ်ကြပါအေ၊ အစ်ကိုလေး ရှိပါသယ်”

ကိုစံကောင်း အတွက် လက်ဖက်တစ်ပွဲ ရေနွေးတစ်အိုး စီစဉ်ပေးပြီး အိပ်ရာ ၀င်ခဲ့ကြသည်။ သည်ညတော့ ကျေးဥတို့ သားအမိ တစ်တွေကလည်း မအိမ်ကံတို့နှင့် အတူ အိမ်ကြီးပေါ် လာအိပ်ကြသည်။ အိမ်အောက်ထပ် အေးခုတင်ကြီးပေါ်မှာ ဖိုးတုတ်နှင့် ကိုစံကောင်း အိပ်ကြလိမ့်မည်။ အိပ်ရာဝင်တော့လည်း မအိမ်ကံမှာ သမီးကြီးကို လွမ်းလွန်းသဖြင့် ချက်ချင်း အိပ်မပျော်နိုင်။ ကျေးဥကလည်း မအိမ်ကံလိုပင် ရှိခဲ့သည်။ အမေပန်းရုံကတော့ မြေးလွမ်း နေပုံရပါ၏။ ညနေစောင်းက တည်းက အိမ်ဦးခန်းက သင်ဖြူးဖျာ ကလေးပေါ်မှာ ၀င်ခွေ နေလေတော့သည်။ မအိမ်ကံနှင့် ကျေးဥ စကား တပြောပြော ရှိကြရာတွင် ညဥ့်နက်လာတော့ ကျေးဥလည်း အိပ်ရာဝင်ခဲ့ပြီ။

မအိမ်ကံမှာသာ အိပ်မပျော်နိုင်သေးဘဲ အတွေးတွေ စုံနေ ခဲ့ရပါ၏။ အောက်ထပ် နာရီကြီးဆီက တစ်ချက်ထိုးသံ ကြား ရပြီ။ ဒင်ခနဲမြည်လိုက်သော အသံက မအိမ်ကံကို ဖျတ်ခနဲ လှုပ်လိုက်သလိုရှိရာက တစ်စုံတစ်ရာ စိတ်မသိုးမသန့်သလို ခံစားလိုက်ရသည်။ ဘာသံမှတော့ မရှိ။ သို့သော် မအိမ်ကံတွင် အာရုံတစ်ခု ကပ်ငြိနေသလို ကြက်သီး ရိပ်ရိပ်ကလေးထိ သွားခြင်းဖြစ်၏။ မအိမ်ကံ အိပ်ရာက ထလာခဲ့ကာ ၀ိုင်းတိုက် လေးဖက် လေးတန်စလုံးကို မြင်ရသော ပြတင်းပေါက်များက တစ်ဆင့် စူးစူးစိုက်စိုက် လိုက်ကြည့်သည်။ လရောင်က ခပ်နောက်နောက်ဆိုတော့ သဲသဲကွဲကွဲတော့ မရှိ။ အစ်ကိုလေး ကိုစံကောင်းကော အိပ် နေလေသလား။

မအိမ်ကံ ကြည့်နေခိုက်မှာပင် ၀ိုင်းတိုက်ထဲသို့ အရာဝတ္ထု ဖြူဖြူတွေ တဖျောဖျော ကျလာသည်ဟု ထင်လိုက်မိသည်။ ပြတင်းပေါက်နှင့် ၀င်းထရံက တော်တော်လေး ဝေးသဖြင့် သေတော့ မသေချာ။ မအိမ်ကံက ကိုစံကောင်းကို အော်ခေါ် လိုက်ဖို့ တွေးမိလိုက်ချိန်မှာပင် ကိုစံကောင်းက ဓားရှည်ဝင့်ရင်း ၀င်းထရံဘက်ကို ပြေးသွားတာ မြင်လိုက်ရသည်။ မအိမ်ကံ ကလည်း နံရံပေါ်က ဓားရှည်ကို ဆွဲလိုက်ပြီး လှေကားပေါ်က အပြေးဆင်း လာခဲ့လေသည်။ လက်နှိပ်ဓာတ် မီးကိုတော့ ဆွဲဖြစ်အောင် ဆွဲခဲ့သည်။ ကိုစံကောင်းက ခြေသံတဖျတ်ဖျတ်ကြောင့် လှည့်ကြည့်လိုက်ပြီး မအိမ်ကံမှန်းသိ၍ စောင့်နေလိုက်သည်။ ခြံထောင့်ကိုရောက်ကြတော့ မအိမ်ကံက လက်နှိပ် ဓာတ်မီးဖြင့် ဟိုဟိုသည်သည် ထိုးကြည့်သည်။ တွေ့ပြီ။ ပစ္စည်းက သုံးနေရာ ပြန့်ကြဲနေသည်။

မှုန်ဝါးဝါး လရောင်ထဲမှာ မအိမ်ကံပင် သွေးဆုတ် သွားမတတ် ရှိခဲ့ရာမှ ကိုစံကောင်းကို မော့ကြည့်လိုက်သည်။ ဓားရှည်တစ်လက် ကိုင်ထားသော ယောက်ျားသားကြီး ကိုစံကောင်းပင်လျှင် တောင့်တောင့်ကြီး ငြိမ်သက်လျက် ရှိလေ၏။


(ဆက်လက်ဖော်ပြပါမည်)

ဆရာမခင်ခင်ထူး


လေးစားစွာဖြင့်
ရီနိုမာန်

ရွှေအမြုတေ မဂ္ဂဇင်းမှ ဖေါ်ပြပါသည်။