March 30, 2015

ခရီးစဉ် အဆုံးသတ်ခဲ့လေပြီ

၁၈.၀၂.၂၀၁၅ ( ဗုဒ္ဓဟူးနေ့)

ညတုန်းက ပြန်တာနောက်ကျပင်မဲ့ ဒီနေ့မနက် သူငယ်ချင်းတွေနဲ့ မနက်စာစားဖို့ ချိန်းထားတာမို့ အစောကြီးထပြီး မြို့မကျောင်းလမ်းပေါ်က Oriental House ဆိုင်မှာ မနက်စာစားဖြစ်ကြတယ်။ မနက်စာစားပြီးတော့ သူငယ်ချင်းတွေနဲ့ လမ်းခွဲလိုက်တယ်။ ကျွန်တော်က မနက်ဖြန် အလှူကိစ္စအတွက် ပိုက်ဆံသွားထုတ်ရအုံးမယ်လေ။

အဲဒီနေ့က အမှတ်တရပါပဲ။ အွန်လိုင်းမှာ ခင်တာကြာခဲ့ပင်မဲ့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ကိုဏီလင်းညို၊ အန်တီတင့်၊ ညီမမြတ်မွန်၊ အစ်မနော်ဖောနဲ့ မခင်မင်းဇော်။ အပြင်မှာ သိလည်းသိ၊ ခင်လည်းခင်နေတဲ့ တလနွန်၊ မောင်မျိုး ၊ မနိုဘယ်မိုးနဲ့ မဇွန်မိုးစက်တိုလည်းပါတယ်။ ကျွန်တော်တို့ တွေ့ဖြစ်ကြတဲ့ ဆိုင်ကတော့ Lady potato  လို့နာမည်ပေးထားတဲ့ မမဒမ်ကိုးရဲ့ ဆိုင်မှာပါ။ ကျွန်တော်တို့တတွေ စကားတွေအများကြီး ပြောဖြစ်ကြတယ်။ ခင်ဖို့လည်း ကောင်းကြတယ်။ နေ့လယ် ၁ နာရီလောက်မှာ ကျွန်တော်တို့ လမ်းခွဲလိုက်ကြတယ်။ လမ်းမခွဲခင် ကျွန်တော်ရယ် တလနွန်ရယ် မဇွန်မိုးစက် သုံးယောက်သာ မနက်ဖြန်အလှူအတွက် တိုင်ပင်ဖြစ်ကြတယ်။

အဲဒီနေ့က ညပိုင်းပြန်ရောက်တော့ ည ၁၁ နာရီထိုးတော့မယ်။ မနက်ဖြန်လည်း အစောကြီးသွားရအုံးမှာဆိုတော့ စောစောပဲ နားလိုက်ကြတယ်။

၁၈.၀၂.၂၀၁၅ ( ကြာသပတေးနေ့)

ဒီနေ့ကို ရောက်လာခဲ့ပြီ။ အပိုင်း (၃) မှာရေးခဲ့တဲ့ OBYG ရဲ့ အလှူနေ့ပေါ့။ ကျွန်တော်တို့ စာရေးဖော်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်တဲ့ တလနွန်၊ မဇွန်မိုးစက်နဲ့ ကျွန်တော်တို့ က တစ်ကား။ အဖွဲ့ဝင် သုံးယောက်က နောက်ကားတစ်စီး။ စုစုပေါင်းကား၂စီးနဲ့ ကျွန်တော်တို့ မနက် ၈ နာရီလောက်မှာ ထွက်လာခဲ့ကြတယ်။ ကျွန်တော်တို့ လှူဖို့ရည်ရွယ်ထားတဲ့နေရာက သံလျင် သီလဝါ သီလရှင်သင် ပရဟိတ ပညာရေးကျောင်းပဲ ဖြစ်ပါတယ်။

ကျောင်းမှာက ကျောင်းအိပ်၊ကျောင်းနေ မိဘမဲ့ ကလေးနဲ့ သီလရှင် စုစုပေါင်း (၄၅) ဦးလောက်ရှိပါတယ်။ ရွာထဲက ပိုက်ဆံမတတ်နိုင်တဲ့ မိသားစုမှ ကလေးတွေလည်း ကျောင်းတက်တယ်လို့ သိရပါတယ်။ ကျောင်းဖွင့်ရက်မှာ ကလေး စုစုပေါင်း ၆၀ ကျော် ၇၀ လောက်ရှိတယ်လို့လည်း ပြောပါတယ်။ အဲဒီနေ့က အဖွဲ့ဝင်ဖြစ်တဲ့ ညီငယ်နှင့်ညီမငယ်တို့ရဲ့ မင်္ဂလာတစ်နှစ်ပြည့်အတွက် ကလေးတွေကို ဒန်ပေါက်နဲ့ ကြက်သားဟင်း ကျွေးတယ်။ အလှူရှင်ကတော့ ပုံမှန်မရှိဘူးလို့ ဆရာလေးကပြောပါတယ်။ တစ်လမှ နှစ်ခါလောက်ပဲ လာလှူကြတယ်။ ကျန်တာတော့ ကျောင်းက ဒိုင်ခံကျွေးရတယ်။

ကျွန်တော်တို့ ဝယ်သွားတဲ့ ဆန်ငါးအိတ်၊ ဆီ ငါးပုံးကလည်း အထောက်အကူဖြစ်သွားစေပါတယ်။ အလှူငွေ ကောက်ခံလို့ရတဲ့ သိန်း၂၀ကို ကျောင်းဆောက်တဲ့ နေရာနဲ့ ကျောင်းအထွေထွေအတွက်လှူဒါန်းလိုက်ပါတယ်။

အဲဒီနေ့က ကျွန်တော်တို့ အလှူပြီးတော့ အိမ်မပြန်သေးပဲ ရေလယ်ကျောက်တန်းကို ဘုရားဖူးသွားခဲ့ကြသေးတယ်။ ကားနှစ်စီးနဲ့ စုစုပေါင်း ၁၀ယောက် ပျော်စရာကြီးပါပဲ။ ဘုရားကပြန်တော့ အွန်လိုင်းမှာ ခင်တာကြာပင်မဲ့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးတဲ့ သူငယ်ချင်း မြစ်ကျိုးအင်းနဲ့လည်း တွေ့ဖြစ်ပါသေးတယ်။ စကားမပြောဖြစ်တာကြာတော့လည်း စကားတွေက ပြောမကုန်အောင်ပါဘဲ။ နောက်တစ်စီးက သူငယ်ချင်းတွေက သာကေတရွှေပုဇွန်အအေးဆိုင်မှာ စောင့်နေကြတာမို့ စကားလက်စဖြတ်ပြီး ထွက်လာခဲ့ရတယ်။

ရွှေပုဇွန်မှာ အအေးသောက်ပြီး အဲ့ဆိုင်ကနေပဲ အားလုံးလမ်းခွဲလိုက်ကြတယ်။ သူတို့နဲ့ လမ်းခွဲလိုက်ပင်မဲ့ လမ်းကြောင်းမပျက်သေးတဲ့ ကျွန်တော်မှာတော့ ဟိုတယ်ပြန်၊ ရေမိုးချိုးပြီး Feel မှာချိန်းထားတဲ့ အစ်မတွေဆီလာပြီး ညစာ တူတူစားတယ်။ စကားတွေပြောကြတယ်။ အစ်မတွေနဲ့လမ်းခွဲတော့ ည ၈ နာရီကျော် ၉ နာရီလောက်ရှိတော့မယ်။ မနေ့က ကျွန်တော့်ကို လက်ဆောင်ပေးမယ်ဆိုပြီး မပေးဘဲပြန်သွားတဲ့ ကိုဏီဆီက လက်ဆောင်သွားယူလိုက်တယ်။ ကိုဏီဆီကပြန်တော့ ၁၁ နာရီကျော်သွားပြီ။ ညကျရင် ကားနဲ့ ရန်ကုန်ရဲ့ညအလှကို ခံစားမယ်လို့ပြောထားတဲ့ သူငယ်ချင်းတွေလည်း ကျွန်တော့်ကို စောင့်ရင်းအိပ်ပျော်သွားကြပြီ။

၂၀.၀၂.၂၀၁၅ ( သောကြာနေ့)

ဒီနေ့တော့ ကျွန်တော်တို့ ပြန်ရတော့မယ်။ လေယာဉ်ချိန်က ည ၇ နာရီမှ ဆိုပင်မဲ့ ကျွန်တော့်အတွက်အချိန်မှ လောက်ပါမလားလို့ စိုးရိမ်နေရတဲ့ အဖြစ်။ ရန်ကုန်ကိုပြန်ရောက်ကတည်းက ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေခဲ့တာ။ ရွှေတိဂုံဘုရားကို မရောက်ဖြစ်သေးဘူး။ ဒီနေ့မှမသွားရင် ရောက်တော့မှာ မဟုတ်ဘူး။ ဒါနဲ့ ကျွန်တော် မနက်စောစောထ သူငယ်ချင်းနဲ့တူတူ ဘုရားတက်ခဲ့ကြတယ်။ ဘုရားပေါ်ရောက်တော့လည်း ကျွန်တော်အတွက် ထွေထွေထူးထူး ဘာမှမရှိဘူး။ အစကတည်းက ဆုတောင်းတာ ဝါသနာမပါတဲ့ အတွက် ဦးသုံးကြိမ်ချပြီးရင် ပြီးပြီ။ ဘုရားရင်ပြင်တော်ပေါ် တစ်ပတ်ပတ်ပြီး ပြန်ဆင်းခဲ့ကြတယ်။ ပြန်ဆင်းမှ ကျွန်တော် အရမ်းလိုချင်နေတဲ့ ဘုရားပုလ္လင်လေး ၂ခုဝယ်ခဲ့တယ်။

ဘုရားပေါ်ကဆင်းမှ ကျွန်တော်တို့ မနက်စာသွားစားကြတယ်။ လေဆိပ်ကို ညနေလေးနာရီလောက်တော့ ဆင်းမှအဆင်ပြေမယ်။ မဟုတ်ရင် ကားလမ်းပိတ်တာနဲ့ ဘာနဲ့ဆို မမှီမှာလည်း ပူရသေးတယ်။ လုပ်ချင်တာတွေကလည်း များတော့ လုပ်သင့်တာကို အရင်လုပ်လိုက်တယ်။ လက်ထဲမှာ ပိုက်ဆံက မကျန်တော့ဘူး။ ဒါကြောင့် ဘဏ်မှာ ပိုက်ဆံသွားထုတ်လိုက်တယ်။ ပိုက်ဆံထုတ်ပြီးတော့ အဲနေ့မှာမှ ရုံတင်တဲ့ ရုပ်ရှင်ကားကို ဝင်ကြည့်လိုက်တယ်။ ကားနာမည်တော့ မမှတ်မိတော့ဘူး။ ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာနဲ့ မိုးဟေကိုတို့ပါတယ်။ ဟာသကားပေါ့။ ဆရာမ ခင်ခင်ထူးရဲ့ ဝထ္တုကိုပြန်ရိုက်ထားတာ။ရုပ်ရှင်ရုံကထွက်တော့ နေ့လည် ၂ နာရီကျော်ပြီ။

ပန်းဆိုးတန်းလမ်းမှာ ဖတ်ချင်တဲ့စာအုပ်တွေ ပြေးဝယ်။ နေ့လည်စာ စားပြီး ဟိုတယ်ပြန် ပစ္စည်းသိမ်းရတော့တာပေါ့။ ကျွန်တော်တို့ရဲ့ ၈ ညအိပ် ၉ ရက်ခရီးစဉ်လေးကတော့ ဒီနေ့ဟာ နောက်ဆုံးပါပဲ။ ၉ရက်ခရီးစဉ်မှာ မရောက်ဖူးသေးတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်။ စိတ်လက်အပန်းဖြေမဲ့ နေရာမှာလည်း အေးအေးချမ်းချမ်း နေခဲ့ရတယ်။  ကျွန်တော်ခင်၊ ကျွန်တော်ချစ်တဲ့ သူတွေကိုလည်း တွေ့ခဲ့ရတယ်။ အလှူလည်း လှူခဲ့ရတယ်။ ၉ရက်ဆိုတဲ့ အချိန်အတွင်းမှာ လုပ်ချင်တာတွေကော၊ လုပ်သင့်တာတွေကော လုပ်ခဲ့ရပြီတဲ့နောက်မှတော့ စင်ကာပူက အဆောင်ကိုပြန်ရောက်တော့ ည ၂ နာရီကျော်နေပြီ။ ကျွန်တော့်အတွက်တော့ ဒါဟာ ပုံမှန်ပါပဲ။

ဒီနေရာမှာပဲ ကျွန်တော်ရဲ့ ၈ ညအိပ် ၉ ရက်ခရီးစဉ်လေးကို အဆုံးသတ်လိုက်ပါရစေ။

ရီနိုမာန်




March 24, 2015

၈ ညအိပ် ၉ ရက်ခရီးစဉ် ( ၃ )

 ၁၆.၀၂.၂၀၁၅ ( တနင်္ဂနွေနေ့)

ဒီနေ့ ကျွန်တော်တို့အဖွဲ့ ဘာလုပ်ဖြစ်ကြလဲဆိုတော့ မနက်ပိုင်း ဟိုတယ်က ကျွေးတဲ့ မနက်စာစားပြီး ကမ်းခြေမှာ လမ်းလျှောက်ကြတယ်။ သဲဖြူကျွန်းကို သွားဖို့ အမြန်ယာဉ်လက်မှတ်ဝယ်တယ်။ လက်မှတ်က တစ်စောင်ကို ၆ ထောင်ကျပ်။ အနည်းဆုံးလေးယောက်စာ ဝယ်ရတယ်။ ကျွန်တော်တို့ ဟိုတယ်ကနေ စက်လှေဆိပ်ကို ဆိုက်ကယ်နဲ့ သွားကြတယ်။ ဆိုင်ကယ်ခက တစ်ယောက်ကို ငါးရာကျပ်။ စက်လှေဆိပ်ကို အသွား ဆိုင်ကယ်သမားတွေက ကျောက်မောင်နှမကိုလည်း သွားလို့ရတယ်။ ဆိုင်ကယ် တစ်စီးကို တစ်နာရီသုံးထောင်။ တစ်နာရီဆို အသွားအပြန်လောက်တယ် ဆိုတာနဲ့ အိုကေ သွားကြမယ်ပေါ့ ဆိုပြီး သဲဖြူကျွန်းအပြန်လာစောင့်နေဆိုပြီး မှာထားခဲ့လိုက်တယ်။

Speed Boat လို့ခေါ်တဲ့ အမြန်ယာဉ်နဲ့ သဲဖြူကျွန်းကို ထွက်လာခဲ့ကြတယ်။ ကျွန်တော့်သဘောနဲ့ ကျွန်တော်ဆိုရင်တော့ လာဖြစ်မှာ မဟုတ်ဘူး။ အရင်တစ်ခေါက်က ကျွန်တော်ရောက်ဖူးပြီးသား။ ဒါပင်မဲ့ ဒီတစ်ခေါက်က သူငယ်ချင်းတွေလည်း မရောက်ဖူးသေးတာမို့ လိုက်ပို့တဲ့ သဘောနဲ့ လိုက်လာခဲ့တာ။ မြန်မာဇာတ်ကားတစ်ကားမှာ ကျွန်တော်ကြည့်ဖူးတယ်။ စေ့စပ်ကြောင်းလမ်းတာကို အဲ့သဲဖြူကျွန်းပေါ်မှာ သွားလုပ်တယ်။ ဘယ်လိုစိတ်ကူးမျိုးနဲ့ လုပ်သလဲတော့ မသိဘူး။ ကျွန်တော်ဆို နောက်တစ်ခေါက်သွားဖို့တောင် အနိုင်နိုင်စဉ်းစားရမယ်။ ကျွန်းပေါ်သွားပြီး ဘာမှလည်း ရှိတာမဟုတ်ဘူး။ ဒါပင်မဲ့ စပိဘုတ် စီးရတာတော့ အရသာ ရှိသဗျာ။

သဲဖြူကျွန်းကပြန်ရောက်တော့ ကျွန်တော် ခဏကပြောထားတဲ့အတိုင်းပဲ ဆိုင်ကယ်ငှားပြီး ကျောက်မောင်နှမကို ထွက်လာခဲ့ကြတယ်။ ကျွန်တော်က တစ်စီး သူငယ်ချင်း နှစ်ယောက်က နှစ်ယောက်တစ်စီးနဲ့ စုစုပေါင်း သုံးစီးထွက်လာခဲ့ကြတယ်။ ၁၅ မိနစ်လောက်တော့ မောင်းလိုက်ရတယ်။  ကျောက်မောင်နှမ ဘာတွေ နာမည်ကြီးလဲတော့ ကျွန်တော်လည်း မသိဘူး။ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ ငါးကြော်နဲ့ အုန်းရည်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ရှိတယ်။ ဒီလောက်ပါပဲ။ အပြန်ကျမှ ဟိုတယ်တွေရှိတဲ့ဖက်က ပြန်လာခဲ့တယ်။ ဟိုတယ် အချို့ရှိတယ်။ ရေကတော့ ချောင်းသာရေထက် ကြည်တယ်။ သူက မြစ်နဲ့ ဝေးလို့လည်းပါလိမ့်မယ်။

ကျောက်မောင်နှမကပြန်ရောက်တော့ နေ့လယ် ၁ နာရီထိုးတော့မယ်။ ဒါနဲ့ ကျွန်တော်တို့ တည်းတဲ့ ဟိုတယ် အနောက်ဖက်အခြမ်းမှာ ရှိတဲ့ စားသောက်ဆိုင်မှာပဲ မှာစားလိုက်ကြတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး တန်တယ်လို့ပဲ ပြောရမယ်။ ခုကျွန်တော်တို့ ငါးယောက်စားတာ သုံးသောင်းမပြည့်ဘူး။ စားတာများသွားလို့နဲ့ တူပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ခဏလှဲမယ်လို့ စဉ်းစားလိုက်ပင်မဲ့ အိပ်ပျော်သွားရတဲ့အထိပါပဲ။

အိပ်ယာနိုးတော့ ရေဆင်းဆော့တယ်။ ညနေစာကို မနေ့က ကျွန်တော်တို့ နဲ့အတူတူစားတဲ့ မိသားစုနဲ့ပဲ မနေ့က ဆိုင်မှာပဲ သွားစားဖြစ်ကြတယ်။ ဒီညတော့ ကျွန်တော်တို့ နည်းနည်း ပင်ပန်းနေကြပြီ။ ထမင်းစားပြီး ဆက်ရန်ရှိတဲ့ ပွဲတွေကို ပင်ပန်းလို့ဆိုပြီး အကြောင်းပြပြန်လာခဲ့ကြတယ်။ ဟိုတယ်ရောက်မှ သူငယ်ချင်းလေးယောက်တိုင်ပင်ပြီး ဟိုတယ်က အနှိပ်ခန်းမှာ သွားအနှိပ်ခံကြတယ်။ အဲဒီညက ကျွန်တော်တို့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားခဲ့ကြတယ်။

၁၇.၀၂.၂၀၁၅ ( တနင်္လာနေ့ )

ဒီနေ့တော့ ကျွန်တော်တို့ ရန်ကုန်ပြန်ကြရတော့မယ်။ မနက်စာစားပြီးတော့ အခန်းပြန် ပစ္စည်းတွေ သိမ်းလိုက်ကြတယ်။ ရန်ကုန်ပြန်ရောက်လည်း နားရအုံးမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတယ်။ဘာဖြစ်လို့လဲဆိုတော့ ၁၉ ရက်နေ့မှာ လုပ်မဲ့အလှူအတွက် ပိုက်ဆံကိစ္စဘာမှ မလုပ်ရသေးလို့ပဲ။ သြော်..... ပြောဖို့ တစ်ခုမေ့နေတာ။ ၁၉ရက်နေ့မှာ အလှူလုပ်ဖို့က ဒီမလာခင် ၂ လလောက်အလိုကတည်းက စီစဉ်ထားတာ။ ဒီနေရာမှာ ကျွန်တော်တို့ အဖွဲ့လေးအကြောင်း နည်းနည်းတော့ ပြောပါရစေ။ ကျွန်တော်တို့ အဖွဲ့နာမည်ကို OBYG ( Oversea Burmese Youth Group) ဆိုပြီး ၂၀၁၀ လောက်ကတည်းက ဖွဲ့ထားခဲ့တာ။ ပထမတော့ အဖွဲ့ဝင် လေးငါး ဆယ်ယောက်လောက်နဲ့ တစ်လကို တစ်ယောက် စင်ကာပူ ငါးဒေါ်လာ စုခဲ့ကြတယ်။ လေးနှစ်အတွင်းမှာ စင်ကာပူဒေါ်လာ ၇ ထောင်ကျော် လှူဒါန်းနိုင်ခဲ့တယ်။ ပထမတစ်နှစ်မှာ ကလေးငါးယောက်ကို ကျောင်းထားပေးခဲ့တယ်။ ဒုတိယနှစ်မှာ ကလေးရှစ်ယောက်နဲ့ တတိယနှစ်မှာတော့ ကလေးငယ် ကိုးယောက်ကို ကျောင်းထားပေးနိုင်ခဲ့တယ်။ OBYG က တွေ့တဲ့နေရာ လှူတာမျိုးတော့ မဟုတ်ပါဘူး။ OBYG အနေနဲ့ ပထမဆုံး ဦးစားပေး လှူဖြစ်တာက မိဘမဲ့ကလေးငယ်တွေ အတွက်ပါ။ ဒုတိယကတော့ သက်ကြီးရွယ်အို အဖိုးအဘွားတွေ၊ နောက်ဆုံးကတော့ သဘာဝဘေးကျတဲ့ နေရာတွေကို လှူဖို့ဆိုပြီး ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။

အခုလည်း အဖွဲ့ဝင်မောင်နှမတွေကိုယ်တိုင် ပါဝင်လှူဒါန်းတဲ့ အလှူလေးတစ်ခုဖြစ်ဖို့ စီစဉ်လိုက်တဲ့ သဘောပါပဲ။ ကဲ ခုတော့ ခရီးအကြောင်းလေးပဲ ဆက်လိုက်ကြရအောင်။ ရန်ကုန်ပြန်ရောက်တော့ ညနေ လေးနာရီကျော် ငါးနာရီလောက်ဖြစ်နေပါပြီ။ ဖိုးစိန်လမ်းက  FAME ဟိုတယ်မှာ ခဏနားလိုက်တယ်။ ရန်ကုန်ရောက်တော့ သူငယ်ချင်းနှစ်ယောက်က တစ်နေရာ၊ ကျွန်တော်နဲ့ သူငယ်ချင်းနှစ်ယောက်က တစ်နေရာစီ တည်းကြတယ်။ ရန်ကုန်ပြန်ရောက်တော့ သိတဲ့အတိုင်းလူတွေလည်း မဲသဲနေကြပြီ။ မဲတာက မဲတာ တစ်ပိုင်း၊ ပင်ပန်းတာက ပင်ပန်းတာ တစ်ပိုင်း သူ့အပိုင်းနဲ့ သူထားပြီး အဲ့ညက သူငယ်ချင်းလိုက်ပို့တဲ့ ကလပ်ဘ် ရောက်သွားခဲ့တယ်။ ဟိုတယ်ပြန်ရောက်တော့ ည တစ်နာရီကျော် နှစ်နာရီထိုးတော့မယ်။

ပင်ပန်းလား ဆိုတော့ ခုထိပင်ပန်းတယ်လို့ မငြီးမိသေးဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ၆ ရက် ကုန်ဆုံးသွားခဲ့ပြီ။


ရီနိုမာန်

March 20, 2015

၈ ညအိပ် ၉ ရက် ခရီးစဉ် ( ၂ )

၁၄.၀၂.၂၀၁၅ ( စနေနေ့ )

ဒီနေ့မနက်တော့ ဟိုတယ်ကကျွေးတဲ့ မနက်စာကို မစားပဲ ပြည်ထမင်းသုပ် သွားစားတယ်။ ပြည်ရောက်မှတော့ ပြည်ထမင်းသုပ် စားဖူးရမယ် မဟုတ်လား။ ထမင်းသုပ်စားပြီးတော့ အပြန်ပြည်လက်ဆောင် မလိုင်တွေဝယ်၊ ဟိုတယ်မှာပဲ ကားဂိတ်ကိုသွားဖို့ မားစီဒီ သုံးဘီးကားကို စောင့်နေလိုက်ကြတယ်။

ကျွန်တော်တို့ ပြည်ကနေ နေ့လယ် ၁၁ နာရီထွက်လာတယ်။ ရန်ကုန်ကို ည ၆ခွဲ ၇ နာရီလောက်မှဝင်တယ်။ ချောင်းသာကိုသွားဖို့ ကားလက်မှတ်ဖြတ်ထားတာက ည ၉နာရီခွဲ။ အချိန် ၂နာရီကျော်ကျော်ရသေးတာနဲ့ ညနေစာကို သံလမ်းမှတ်တိုင်နားက ဆိုင်တစ်ဆိုင်မှာ ဝင်စားကြတယ်။ စားနေတုန်း ဖုန်းဝင်လာလို့ နားထောင်လိုက်တော့ " အစ်ကို ဘယ်နားမှာလဲ" ဆိုတာကို ကျွန်တော်က " အစ်ကို ကျွန်တော်တို့ ရောက်ပြီ" လို့ ကြားလို့ စားနေရင်းတန်လန် ထပြေးလိုက်ရသေးတယ်။ အမှန်ကသံလမ်းမှတ်တိုင်ကို ကားက၁၀ နာရီလောက်မှ ရောက်လာတယ်။ ကားပေါ်ရောက်တော့လည်း အဖြူမတစ်ယောက် ပွစိပွစိ လုပ်နေတာကို ခံခဲ့ရပါသေးတယ်။ 

ပွစိပွစိ လုပ်တာ အခြားတော့ မဟုတ်ပါဘူး။ ကားပေါ်မှာ အဲကွန်းဖွင့်ထားတာ တအားအေးလို့ လျော့ဖို့ ပြောတယ်။ ကျွန်တော်တို့စီးတဲ့ ကားက အဲကွန်းကိုအလျော့အတင်းလုပ်လို့ မရဘူး။ ပိတ်၊ဖွင့် နှစ်မျိုးပဲ လုပ်လို့ရတယ်။  သူ့ဘေးနားမှာ ထိုင်တဲ့ ကျွန်တော့်သူငယ်ချင်းကိုလည်း ပြောတယ်။ ဒီလောက်အေးတာ မင်းတို့က ဘာမှမပြောဘူးလား။ တစ်ခုခုတော့ ပြောရမှာပေါ့။ ရယ်နေလို့ မရဘူးလေ။ သူမကိုကြည့်တော့ အင်္ကျီာလက်ပျက်နဲ့။ နောက်ဆုံးတော့ ကျွန်တော်တို့လည်း သူ ပြောချင်တာပြော ကိုယ်တွေကတော့ အိပ်တယ်ဟ ဆိုပြီး အိပ်တော့တာပေါ့။

၁၅.၀၂.၂၀၁၅ ( တနင်္ဂနွေ )

မနက်သုံးနာရီကျော် လေးနာရီလောက်ကြီး ကျွန်တော်တို့ တည်းမဲ့ ဟိုတယ်ကိုရောက်တယ်။ အခန်းက နေ့လည် ၁၂ မှရမှာ။ မိုးလင်းတဲ့အထိ ထိုင်ခုံမှာ ထိုင်စောင့်နေလိုက်တယ်။ ရောက်တဲ့နေ့အတွက် မနက်စာမပါပင်မဲ့ တစ်ယောက်ကို ၄၅၀၀ ပေးပြီး မနက်စာ စားလို့ရတာကြောင့် ကျွန်တော်တို့ ငါးယောက် ဝင်စားလိုက်ကြတယ်။ ဘာကြောင့် ကျွန်တော် မနက်စာ စားတဲ့အကြောင်း ပြောသလဲဆိုတော့ ကျွန်တော်တို့ တည်းတဲ့ဟိုတယ်ရဲ့ မနက်စာ ကျွေးတဲ့ပုံစံလေးကို သဘောကျမိလို့ပါ။

ကျန်တဲ့ ဟိုတယ်တွေ ဘယ်လိုကျွေးလဲ ဆိုတာတော့ ကျွန်တော်လည်း သေသေချာချာ မသိပါဘူး။ ဒီဟိုတယ်ကတော့ ပထမတစ်ခေါက် တည်းပြီးကတည်းက အဲမှာပဲ တည်းဖို့ဆုံးဖြတ်ခဲ့တာပါ။ အချို့ဟိုတယ်တွေမှာက မနက်စာ ဒါတွေ ဒါတွေပဲ ရတယ်။ ဒီမနက်တော့ ဒါပဲ ရှိပါတယ် ဆိုတာမျိုးကများတယ်။ ဟိုတယ်တိုင်းတော့ မဆိုလိုပါဘူး။ ချောင်းသာမှာ တည်းတဲ့ Belle ဟိုတယ်ကတော့ မနက်စာ တကယ်ကိုကောင်းပါတယ်။ မနက်စာကို ဘူးဖေးစတိုင် လုပ်ထားပါတယ်။ မုန့်ဟင်းခါး သို့မဟုတ် အုန်းနို့ခေါက်ဆွဲ တစ်မျိုးမျိုးပါပါတယ်။ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ထမင်းဆီဆမ်း၊ အရွက်ကြော်၊ အသားဟင်း၊ ဆန်ပြုတ်၊ ကောက်ညှင်းပေါင်းနဲ့ ငခြောက်ဖုတ်၊ မုန့်အချိုပွဲ သုံးမျိုး၊ သစ်သီး သုံးမျိုး၊ အအေး၂ မျိုး၊ ပေါင်မုန့်မီးကင်နှင့် ယို ၂ မျိုး၊ ကော်ဖီ လက်ဖက်ရည် တို့ကို ကျွန်တော်တို့တည်းခဲ့တဲ့ ၂ညအိပ် သုံးရက်မှာ မနက်တိုင်း ပြင်ဆင်ပေးထားပါတယ်။ 

ဟိုတယ် ဈေးနှုန်းတွေကတော့ ပင်လယ်ကို မျက်နှာချင်းဆိုင်က နှစ်ယောက်အခန်းကို တစ်သိန်း၊ နောက်က ပန်းခြံView ကတော့ နှစ်ယောက်အခန်းကို ၇သောင်းလို့ပြောတယ်။ ကျွန်တော်တို့ကတော့ တစ်သိန်းအခန်း နှစ်ခန်းယူလိုက်တယ်။ မီးကတော ထုံးစံအတိုင်း နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီထိ တစ်ခါ၊ ည ၆ နာရီကနေ မနက် ၆ နာရီထိတစ်ခါ  ၂ခါပဲ လာတယ်။ ဟိုတယ်မှာ ကာရာအိုကေ အခန်းလည်း ရှိတယ်။ တစ်နာရီ ၈၀၀၀ ကျပ်။ အနှိပ်ခန်းလည်း ရှိတယ်။ တစ်ဆက်ရှင် ကို တစ်သောင်းကျပ်။ တစ်နာရီခွဲကြာတယ်။ မာကပ်တင်း ဆင်းတာတော့ မဟုတ်ပါဘူး။ ကျွန်တော် သိတာလေးတွေကို ပြောပြတဲ့ သဘောပါ။ 

ဒီလိုနဲ့ ကျွန်တော်တို့ နေ့လည် ၁၁ နာရီကျော်ကျော်လောက်မှာ အခန်းရပါတယ်။ အခန်းထဲ ပစ္စည်းတွေနေရာချ၊ ဟိုတယ်မှာပဲ နေ့လယ်စာစားဖို့ မှာပြီး ရေဆင်းကူးကြတယ်

ညနေပိုင်းကြတော့ ချောင်းသာမှာ ချိန်ထားတဲ့ သူငယ်ချင်းမိသားစုနဲ့ ညနေစာ သွားစားကြတယ်။ စုစုပေါင်း ၁၃ ယောက်။ အနည်းဆုံး တစ်သိန်းလောက်တော့ ရှင်းရလိမ့်မယ်လို့ ထင်ထားတာ။ တကယ်ရှင်းတော့ ခြောက်သောင်းပဲကျတယ်။ တန်လိုက်တာလို့ ပြောယူရတဲ့အထိပါပဲ။ ညစာစားပြီလို့ နားရမယ် မထင်နဲ့အုံး။ သူတို့တည်းတဲ့ မက်စ် ဟိုတယ်မှာလည်း ကာရာအိုခေ အခန်းရှိတယ် သွားဆိုရအောင်ဆိုတော့ သွားကြပြန်တာပေါ့။ အဲဒီနေ့က အခန်းကို ပြန်ရောက်တော့ ည ၂ နာရီရှိပြီ။ ပင်ပန်းတယ်လို့ တစ်စက်ကလေးမှ မခံရသေးဘူး။ လုပ်ချင်တာတွေ လုပ်နေရတော့ ပျော်နေတာပေါ့။

ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ လေးရက်ကုန်ဆုံးသွားခဲ့ပြီ။

March 17, 2015

၈ ညအိပ် ၉ရက် ခရီး ( ၁ )

၁၃.၀၂.၂၀၁၅ ( သောကြာနေ့ )

အာရုံတွေက လန်းဆန်းလို့နေတယ်။ မနေ့ညက တစ်ခါမှမရောက်ဖူးသေးတဲ့ ပြည်မြို့ကို ရောက်ခဲ့ပြီ။ ခုမနက်မှာလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတွေ သွားဖို့၊ ဘုရားတွေဖူးရတော့မယ်ဆိုတဲ့ စိတ်က မနက်ခြောက်နာရီလောက်မှာ စိတ်က အဆင်သင့်ဖြစ်နေခဲ့တယ်။ ၇ နာရီလောက်မှာ ဟိုတယ်ကကျွေးတဲ့ မနက်စာစားပြီး မနေ့ညက ခေါ်ထားတဲ့ ကားကိုစောင့်ရင်း ပြည်မြို့ရဲ့ မနက်ခင်း အရသာကို ခံစားကြည့်မိတယ်။

သွားစရာတွေထဲက အဝေးဆုံးဖြစ်တဲ့ အကောက်တောင်ကို ဦးဆုံးသွားဖို့ ထွက်လာခဲ့ကြတယ်။ အကောက်တောင်ရောက်ဖို့ လိုသေးတာမို့ ကားငှားခနဲ့ ဟိုတယ်ခကို နဲနဲပြောပြချင်ပါတယ်။ ကျွန်တော်တို့ တည်းတဲ့ Pyay Strand Hotel က ၂ယောက်ခန်းကို  နှစ်သောင်းခွဲ။ သူ့မှာ နှစ်သောင်းခွဲ၊ သုံးသောင်း၊ လေးသာင်း ဆိုပြီး အခန်းတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ဘချက်နဲ့ကိုယ်မို့ နှစ်သောင်းခွဲ နှစ်ယောက်အခန်း ၂ခန်းယူလိုက်တယ်။ ၂ ညအိပ်ဆိုတော့ ဟိုတယ်ခက ၁ သိန်း။ ဒီနေ့ ဘုရားဖူးသွားဖို့ ကားငှားတာက ဆီမပါ ကားခကြီးပဲ သုံးသောင်း( တစ်နေ့ကုန်)။ ကားအတွက်ဆီဖိုးက မနက်ပိုင်းမှာ တစ်သောင်းခွဲ၊ ညနေပိုင်းမှာ တစ်သောင်းဖိုး ထည့်ရတယ်။ ရန်ကုန်- ပြည်ကားခကတော့ တစ်ယောက်ကို အသွား ၅၅၀၀၊ အပြန် ၅၅၀၀။

ကျွန်တော်တို့ကား အကောက်တောင်ကို သွားဖို့ စက်လှေဆိပ်ကိုရောက်တော့ လမ်းပြကလေးတွေက အများကြီးပဲ။ သူလည်းလိုက်မယ် ၊ငါလည်းလိုက်မယ် ၊ငါ့ကိုပဲခေါ်တာ ၊မင်းကို မခေါ်ဘူး ဆိုတဲ့ စကားသံတွေကြားထဲမှာမှ ကျွန်တော်တို့ကား ဝင်လာတဲ့အချိန် လမ်းထိပ်ကနေစောင့်ပြီး ခေါ်လာတဲ့ ကလေးကိုပဲ ' ညီလေး မင်းပဲလိုက်ခဲ့ ' လို့ကျွန်တော်ပြောလိုက်မှဘဲ အားလုံးငြိမ်သွားကြတော့တယ်။ အမှန်တကယ်က အကောက်တောင်ကို ကားနဲ့သွားလို့လည်း ရတယ်လို့ သိရတယ်။ ကျွန်တော်တို့က စက်လှေစီးချင်တာကြောင့် စက်လှေခ ၁၂၅၀၀ နဲ့ စင်လုံးငှား ထွက်လာခဲ့ကြတယ်။ လမ်းပြကလေးငယ်ကတော့ သူသိတာအကုန်ပြောပြရှာပါတယ်။ ကျွန်တော်ကတော့ သမိုင်းအကြောင်းသိချင်လို့ လာတာမဟုတ်ပဲ၊ မရောက်ဖူးသေးလို့ ရောက်ဖူးအောင် လာလည်တဲ့အတွက် လမ်းပြကလေးပြောပြတာပဲ ငြိမ်ပြီး နားထောင်နေလိုက်မိတယ်။ ပြန်ခါနီးမှာ လမ်းပြကလေးကို မုန့်ဖိုးပေးရင် ညီလေး မင်းပြောပြတာတွေက ကောင်းပါတယ်။ ဒါမဲ့ စာပြောမဟုတ်ပဲ စကားပြောလေးနဲ့ ရှင်းပြနိုင်ရင် ပိုကောင်းမယ်လို့ အကြံပေးဖြစ်တယ်။

စက်လှေက တောင်ခြေဆိုက်တော့ ကျွန်တော်က မတက်တော့ဘူးလုပ်လိုက်ပါသေးတယ်။ သူငယ်ချင်းတွေက လာပါ ဖြေးဖြေးတက်ပေါ့ စောင့်ခေါ်ပါမယ်ဆိုတာကြောင့် တောင်ပေါ်ကို ရောက်သွားခဲ့တာပါ။ ကျွန်တော် ဘာကြောင့် တောင်တက် ရမှာ ကြောက်သလဲဆိုတော့ ပြင်ဦးလွင်က ဓါတ်တော်ချိုင့် နဲ့ ကျွန်တော်တို့ အိမ်နောက်က ဇွဲကပင်တောင် တက်ပြီးကတည်းက ဘယ်တောင်မှ မတက်ချင်တော့တာပါ။ ဒါပင်မဲ့ အကောက်တောင်ပေါ်ရောက်တော့ ကျွန်တော် တက်ရမှာ ကြောက်တဲ့ တောင်တွေရဲ့ ငါးပုံပုံ တစ်ပုံလောက်ပဲ မြင့်တာကို သတိထားမိလိုက်ပါတယ်။

တောင်ပေါ်မှာတော့ ဆရာတော် ကျောင်းတစ်ကျောင်းနဲ့ ဇရပ်ကြီးတစ်ခုရှိတယ်။ နောက်ပြီးလမ်းပြကလေး လိုက်ပြတဲ့ ကျောက်ဖား၊ နဂါးတွင်း သုံးတွင်း ၊ညောင်ကိုးပင်ဘုရား ဆိုလား ရှိတယ်။ နောက်ပြီး ဝါးပင် အပွင့်ပွင့်တာကိုလည်း ပထမဆုံးမြင်ဖူးခဲ့တယ်။ တောင်တက်လမ်းမှာလည်း တောင်စောင်းတွေကို ဆေးသုပ်ထားတဲ့ ဝါးခြမ်းလေးတွေနဲ့ ထောက်ထားတာကလည်း တစ်မျိုးလှလို့နေပြန်ပါတယ်။ ဇရပ်မှာကျွေးတဲ့ သက်သက်လွတ် ပဲခေါက်ဆွဲနဲ့ ကြာဇံကြော်ကလည်း တကယ်ကို စားလို့ကောင်းပါတယ်။ ဆရာတော်က ကျောင်းမှာ ညအိပ်ညနေလည်း လာလို့ရကြောင်းပြောပါတယ်။

ကျွန်တော်တို့ စက်လှေဆိပ်ပြန်ရောက်တော့ နေ့လယ် ၁၂လောက်ရှိနေပါပြီ။ ရွှေဘုံသာမုနိဘုရားကို ဝင်ဖူးတယ်။ မင်းသားကျော်သူ တည်နေတဲ့ ဘုရားလည်း ရှိတယ်လို့ အကောက်တောင်ဆရာတော်က ပြောလိုက်ပင်မဲ့ ကျွန်တော်တို့ မဝင်ဖြစ်လိုက်ပါဘူး။ တောင်ပေါ်မှာ စားခဲ့တာများသွားလို့ ထင်တယ်။ ဗိုက်က မဆာကြသေးတာနဲ့ ရွှေတောင်ကို အရင်သွားပြီး ပြန်လာမှ ထမင်းစားကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

ရဟံန္တာ၈၀ ဘုရားကို အရင်ဆုံး ဝင်ဖူးကြတယ်။ အဲဒီနောက်မှာ ရွှေမျက်မှန်ဘုရား။ ရွှေမျက်မှန်ဘုရားကထွက်တော့ အချိန်က နေ့လယ် ၂ နာရီကျော်နေပြီ။ အဲ့ကျမှ ဗိုက်ဆာသလိုလို ဖြစ်လာကြတယ်။ ရွှေတောင်ကနေ ပြည်ကိုပြန်လာပြီး နေ့လယ်စာ စားဖို့အတွက် ကားအငှားလိုက်တဲ့ ညီလေးအိမ်က စာသောက်ဆိုင်ဖွင့်ထားတော့ သူ့ဆိုင်မှာပဲ ဝင်အားပေးလိုက်ကြတယ်။

ထမင်းစားပြီးတဲ့အချိန်က ညနေလေးနာရီကျော်နေပြီ။ ဒါနဲ့ ကျွန်တော်တို့ ပျူးမြို့ဟောင်းကို သွားကြည့်ကြတယ်။ ပျူးမြို့ဟောင်းပြတိုက်ကို ရောက်တဲ့အချိန်က နည်းနည်းနောက်ကျသွားလို့ ပြတိုက်ကို မလေ့လာဖြစ်လိုက်ဘူး။ အဲဒီနောက်မှာတော့ ဘုရားကြီး၊ ဆယ်ထပ်ကြီးဘုရားနဲ့ ပြည်ရွှေဆံတော်ကို ဝင်ဖူးကြတယ်။ ဟိုတယ်ကို ပြန်ရောက်တော့ ည ၇ နာရီလောက် ရှိတော့မယ်။ အခန်းထဲမှာ ရေချိုး၊ ခဏနားပြီး ညစာ ထွက်ကြတယ်။ကျွန်တော်တို့သွားစားတဲ့ မြန်မာထမင်းဆိုင်က ရုပ်ရှင်ရုံ ရှိတဲ့လမ်းထဲမှာ။ ထမင်းစားပြီးလို့ ထွက်လာတော့ စိတ်ကူးက တစ်မျိုးပြောင်းသွားတယ်။ ရုပ်ရှင် ဝင်ကြည့်ဖို့ သူငယ်ချင်းတွေကို ဆွယ်တော့ မငြင်းရှာဘူး။ ကိုတင့်ဆိုတဲ့ ရုပ်ရှင်ကားကို ပြည်မြို့မှာ ကြည့်ဖြစ်လိုက်ကြတယ်။

ဟိုတယ်ကိုပြန်ရောက်တဲ့အချိန်က ည ၁၂ နာရီ။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ဒုတိယနေ့ ခရီးစဉ်လေးကို ပင်ပင်ပန်းပန်းနဲ့ အနားယူလိုက်ကြတယ်။ မနက်ကျရင် စောစောထရအုံးမယ်လေ။


ရီနိုမာန်

March 16, 2015

၈ညအိပ် ၉ ရက် ခရီးစဉ်

ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်လည်မယ်လို့ စိတ်ကူးလိုက်တဲ့ အချိန်မှာတော့ ကိုယ့်အိမ် ကိုယ့်ရာဖြစ်တဲ့ ဇွဲကပင်တောင်ခြေကို ပြန်မယ်လို့ စိတ်ကမရောက်ပဲ စိတ်လက်အပန်းဖြေဖို့ ကမ်းခြေတစ်ခုခုကို သွားဖို့သာ စိတ်က ရောက်နေခဲ့ပါတယ်။ အပန်းဖြေလို့ ဆိုပင်မဲ့ အမှန်တကယ်က စိတ်ထဲအရမ်းအေးချမ်းတဲ့ ဒေသ ( ဥပမာ - ကလော၊ တောင်ကြီး၊ ပြင်ဦးလွင်... စသဖြင့် ) လိုမျိုး၊ တိတ်ဆိတ်တဲ့ ညအချိန်မျိုးမှာ သဘာဝရဲ့ ဂီတသံကြားနေရတဲ့ ကမ်းခြေလို နေရာမျိုးတွေကို ဘယ်နှကြိမ် ဘယ်နှခါ သွားသွား ရိုးသွားတယ်ဆိုတာမျိုး ဘယ်တုန်းကမဖြစ်ခဲ့ပါဘူး။

အခုလည်း ကိုယ်တစ်ယောက်ထဲသွားရတာ အားမရသေးလို့ အခန်းဖေါ်သူငယ်ချင်းတွေကို မဲဆွယ်ရတော့တာပေါ့။ တစ်ယောက်ကို ဘယ်လောက်ဆို ရပြီ။ ဘယ်နှရက်ရက်နေလို့ရမယ်။ စားချင်တာ အကုန်စားလို့ရမယ်။ သူငယ်ချင်းတွေပဲသွားတော့ အရမ်းပျော်ဖို့ကောင်းမှာ။ ဒီမှာနေပြီး ပိတ်ရက်လည်း ပိုက်ဆံကုန်မဲ့ တူတူ ကမ်းခြေမှာ သွားအနားယူလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ဆိုတဲ့စကားလုံးတွေနဲ့ ပြောပြ ချပြ တွက်ပြလိုက်တော့မှ ကျွန်တော်နဲ့တူတူ ခရီးထွက်ဖို့ သူငယ်ချင်းနှစ်ယောက်က သဘောတူလိုက်ကြတယ်။ အမှန်တကယ်တော့ အဲခရီးစဉ်အတွက် အချိန်က ၈လ၊ ၉လလောက် အချိန်ရသေးတယ်။

ပြန်လည်ဖို့ စီစဉ်ထားတဲ့ ရက်က တရုတ်နှစ်ကူးအချိန်ဆိုတော့ လေယာဉ်လက်မှတ်တွေက ဈေးအရမ်းကြီးသွားမှာ။ ရက်ကပ်မှ ဝယ်ရင် လေယာဉ်လက်မှတ်ဖိုးတင် လေးရာ ငါးရာလောက် ရှိသွားမယ်။ ကျွန်တော်တို့က ခရီးစဉ် စလယ်ဆုံး သုံးဖို့ တစ်ယောက်ကို ၆၀၀ လောက်ပဲ မှန်းထား၊ တွက်ထားတာဆိုတော့ လေယာဉ်လက်မှတ်ကို ရက်ကပ်မှ ဝယ်လို့ မဖြစ်တော့ဘူး။ ကြိုဝယ်မှ ရတော့မယ်။ ဒါနဲ့ လေယာဉ်လိုင်းတွေကို အွန်းလိုင်းကနေ စရှာပြီး လက်မှတ်ဈေးတွေ စုံးစမ်းရတော့တယ်။ နောက်ဆုံး ဈေးအသက်သာဆုံးဖြစ်တဲ့ ဂျက်စတား လေယာဉ်လိုင်းနဲ့ သုံးယောက်စာ ၅၄၃ ဒေါ်လာနဲ့ အသွားအပြန်လက်မှတ်ကို အွန်းလိုင်းကနေ ဝယ်ထားလိုက်ကြတယ်။

ကြိုတင်စီစဉ်ထားတဲ့ ကိစ္စတွေဆိုရင် ပျက်တတ်လွန်းလို့ ကျွန်တော်မှာ ကြိုပြီး ရင်မခုန်ရတဲ့ အဖြစ်။ အရေးတကြီး အလုပ်တွေများ ပေါ်လာမလား။ သူဌေးမှ ခွင့်ပြုပါ့မလား။ စီစဉ်ထားတာတွေ အစီအစဉ်တကျ ဖြစ်မှဖြစ်ပါမလား။ လား ပေါင်းများစွာနဲ့အတူ ပြန်ရမဲ့ရက်ကို ရောက်လို့လာခဲ့ပါပြီ။ ကံကောင်းချင်တော့ ကျွန်တော်လုပ်နေတဲ့ အလုပ်ကလည်း ခရီးမထွက်ခင် တစ်ပတ်အလိုမှာ ဖြတ်ထားနိုင်ခဲ့တယ်။ နှစ်တိုင်းပေးနေကျ အပိုဆုငွေကလည်း ခရီးမထွက်ခင် တစ်ရက်အလိုမှာ ရလိုက်ပြီ။ ခရီးထွက်ဖို့ အိတ်ကလည်း ပြင်ဆင်ပြီးတာ တစ်ပတ်လောက်ကတည်းက အဆင်သင့်။ ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် ၂လပိုင်း ၁၂ ရက်နေ့ မနက်ပိုင်း ဖလိုက်နဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို  စတင်လိုက်ကြပါတော့တယ်။

၁၂.၀၂.၂၀၁၅ ( ကြာသပတေးနေ့)

ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်ရတော့မယ် ဆိုတဲ့စိတ်က ပျော်နေပင်မဲ့ ဝယ်ထားတဲ့ ကီလိုနဲ့ သယ်လာရတဲ့ လူကြုံပစ္စည်းတွေ အဆင်မှပြေပါ့မလား။ အွန်းလိုင်းမှာ ဝယ်ရင် ကီလို ၂၀ မှ ၂၆ဒေါ်လာလောက်ပဲ ပေးရတာ။ လေဆိပ်ရောက်မှ ဝယ်ရရင် တစ်ကီလို ၂၀ တောင်ပေးရမှာ။ အထုပ်တွေ မချိန်ရသေးမချင် စိတ်က ဒုံးဒုံးမချနိုင်သေးဘူး။ ထင်ထားတဲ့ အတိုင်းပါပဲ ဝယ်ထားတာ ကီလိုတစ်ရာ။ ချိန်ကြည့်လိုက်တော့ ကီလို ၁၁၆ကီလိုဖြစ်နေပြီ။ ဘယ်လိုမှ အဆင်မပြေတဲ့အဆုံး ၁၀ကီလိုလောက် ဆွဲထုတ်ပြီး လက်ဆွဲလိုက်ရတယ်။ ဘာပဲပြောပြော စိတ်က အခုမှပဲ ပျော်ဖို့သတိရတော့တယ်။

မြန်မာစံတော်ချိန် ၁၁ နာရီလောက်မှာ ရန်ကုန်မြေကို ကျွန်တော်တို့ စီးလာတဲ့ လေယာဉ်ဆိုက်ရောက်ခဲ့တယ်။ ကိုယ့်မြေကိုယ်ရေကို ဘယ်နှကြိမ်ပဲ ပြန်ရပြန်ရ ကျွန်တော်ကတော့ ရင်ခုန်စမြဲ။ နွေးထွေးသလို ခံစားရတယ်။ လုံခြုံအေးချမ်းသွား သလိုလည်း ထင်ရတယ်။ ကိုယ်စီစဉ်ထားတဲ့ ခရီးစဉ်ကို ကိုယ်တိုင် အကောင်အထည်ဖေါ်ရတော့မယ်ဆိုတဲ့ စိတ်က ကျွန်တော်ရဲ့ ခြေလှမ်းတွေမှာ သိသိသာသာ   ထင်ရှားလို့ နေပါတော့တယ်။

ဒီနေရာမှာ ပြောစရာတစ်ခုကျန်ခဲ့တယ်။ ကျွန်တော် စီစဉ်ထားတဲ့ ကမ်းခြေခရီးစဉ်က ၂ လပိုင်း ၁၅၊ ၁၆ရက် ၂ညအိပ်ခရီးစဉ်။ ကျွန်တော်တို့ ဝယ်ထားတဲ့ လေယာဉ်လက်မှတ် အသွားအပြန်ရက်က ၂ လပိုင်း ၁၂ရက်ကနေ ၂၀ ရက်နေ့အထိ။ စုစုပေါင်း ၉ ရက်ခရီးစဉ်။ ကမ်းခြေကို သွားမှာ အလယ် ၂ ရက်ထဲ။ ရှေ့ ၂ ရက် ၊ နောက် သုံးရက်က ပိုနေတာ။ လုပ်စရာကိစ္စက မရှိတော့ ရန်ကုန်မှာလည်း မနေချင်ဘူး။ ဒါနဲ့ ရှေ့ ၂ရက်ကို ရက်တိုခရီးစဉ်လေး တစ်ခုဆွဲလိုက်တယ်။ ဘယ်သွားမလဲ။ ဘယ်သွားလို့ ရလဲ။ ဘယ်သွားချင်လဲ ဆိုတဲ့ မေးခွန်းမျိုး ကိုယ်ဖာသာ ကိုယ်မေးလိုက်တယ်။

ရက်တိုသွားလို့ရတဲ့ နေရာတွေကို စဉ်းစားကြည့်လိုက်တော့ ကျိုက်ထီးရိုးနဲ့ ပြည်ကို စဉ်းစားလို့ ရသွားတယ်။ ကျွန်တော်နဲ့ တူတူလိုက်တဲ့ သူငယ်ချင်းတွေက ကျိုက်ထီးရိုးကို ရောက်ဖူးတယ်။ ပြည် ကို မရောက်ဖူးဘူး။ ကျွန်တော်က ကျိုက်ထီးရိုးလည်း မရောက်ဖူးသေး၊ ပြည်လည်း မရောက်ဖူးသေးဘူး။ကျွန်တော်အနေနဲ့ ကျိုက်ထီးရိုးထက် ပြည်ကိုပဲ စိတ်ဝင်စားနေမိတယ်။ ကျိုက်ထီးရိုးကို ဘာကြောင့် မသွားချင်ရသလဲဆိုတဲ့ အဖြေ ကျွန်တော်မှာ မရှိဘူးဖြစ်နေတယ်။ ကဲ....ထားပါတော့။ ကျွန်တော်တို့ ပြည်သွားဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။

ရန်ကုန်ရောက် နေ့လယ်စာ စားပြီတဲ့ အချိန်က ၁၂ခွဲ။ ပြည်ကို သွားဖို့ လက်မှတ်ဝယ်ထားတာက  နေ့လယ်  ၃ နာရီခွဲ။ အချိန်က အများကြီးကျန်နေပင်မဲ့ နေ့လယ်ပိုင်း ပူတဲ့ အပူချိန်က တက်ကြွနေတဲ့ ကျွန်တော့်ရဲ့စိတ်တွေကို နွမ်းလျသွားစေခဲ့ပါတယ်။ ပူပူလောင်လောင်ဖြစ်နေတဲ့ အပူချိန်ကို ကားဂိတ်မှာ ထိုင်စောင့်ပြီး အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကားဂိတ်ကိုရောက်တော့ နေ့လယ် ၁နာရီခွဲတော့မယ်။  ၁ နာရီခွဲထွက်မဲ့ကားမှာ နေရာရှိသေးတာကြောင့် ဆိုင်းမဆင့်ပဲ တက်လိုက်လာခဲ့ကြတယ်။

ပြည်ကိုရောက်တဲ့အချိန်မှာတော့ ည ၇ နာရီခွဲနေပြီ။ ဘိုကင်ကြိုတင်ထားတဲ Pyay Strand Hotel ရောက် ပစ္စည်းတွေ နေရာချ၊ ဟိုတယ်ဘေးက စားသောက်ဆိုင်မှာ ညစာစားတယ်။ နောက်နေ့သွားမဲ့ ခရီးစဉ်ကို ထမင်းစားရင်း ဆွဲလိုက်ကြတယ်။ ခရီးပန်းလာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ထမင်းစားပြီးဟိုတယ် ပြန်နားလိုက်ကြတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းကတော့ ပြည်ရဲ့ ညဈေးတန်းကို အမြည်းသဘောနဲ့ လမ်းလျှောက်ထွက်ခဲ့ကြတယ်။

ခရီးစဉ် ပထမနေ့ကို ည ၁၁ နာရီလောက်မှာ ဟိုတယ်ပြန်ပြီး အဆုံးသတ်လိုက်ကြတယ်။


ရီနိုမာန်

March 7, 2015

အချစ်ကြောင့် ကျွန်တော်ဟာ ပြုံးလို့

သူမက နုညံ့တယ်။
သူမနဲ့ စကားပြောတဲ့အခါ 
ကြင်နာတဲ့ အသံကိုကြားရတယ်။
သူမဟာ မျက်လုံးကို လှပအောင် ခြယ်သထားတယ်။
သို့သော် သူမရဲ့ မျက်လုံးက ပြုံးရီနေတယ်။
သူမရဲ့ ဆံနွယ်က ပျော့ပျောင်းသွယ်လျလို့။
သူမနဲ့ စကားပြောတဲ့အခါ အလိုက်အထိုက်
နွဲ့ယိမ်းလို့ ကပြတတ်တဲ့ ဆံနွယ်လေးကိုလည်း တွေ့ရတတ်တယ်။
ကျွန်တော် သိပ်ချစ်တဲ့အထဲမှာ သူမရဲ့ လက်ကလေးတွေ
နုညံ့လွန်းတဲ့ သူမရဲ့ လက်ဖဝါးလေးရယ် 
ကိုင်လို့ကောင်းတဲ့ သူမလက်မောင်းသားလေးရယ်
လှပစွာ ပြုံးတတ်တဲ့ သူမ နှုတ်ခမ်းလေးနဲ့
ယုယစွာ နမ်းတဲ့ သူမရဲ့ အနမ်း။
အသက်ပါလှတဲ့ သူမရဲ့ခြေလှမ်းတွေ
ရိုးရှင်းလှတဲ့ သူမရဲ့ကိုယ်ခန္ဓာ
ဒေါင်းတစ်ကောင်လို လှတဲ့ သူမရဲ့အလှ
နတ်ဘုရားရဲ့ သမီးတော် တစ်ပါးအလား
ပြီးပြည့်စုံတယ်လို့ ပြောရင် ကျွန်တော်ကို
ရူးတယ်လို့ ပြောကြလိမ့်မယ်။
သူမကို ကျွန်တော်က အမည်တစ်ခု ပေးလိုက်မိတယ်။

( အချစ် ) လို့...................။

အချစ်ကြောင့် လူတွေက ပျော်ရွှင်လို့။
အချစ်ကြောင့် လူတွေက ကြည်နူးလို့။
အချစ်ကြောင့် လူတွေက သာယာလို့။
အချစ်ကြောင့် လူတွေက ဘဝပျက်လို့။
အချစ်ကြောင့် လူတွေက ရိုင်းစိုင်းလို့။
အချစ်ကြောင့် လူတွေက စိတ်ကုန်လို့။
အချစ်ကြောင့်.........................။
အချစ်ကြောင့်.........................။
အချစ်ကြောင့်..........................။

ရီနိုမာန်

March 3, 2015

ငါ့ရင်ထဲမှာ

အောင်မြင်ခြင်းဆိုတာ
လူတွေနဲ့  မဝေးသလို
အချစ်ဆိုတာလည်း
ငါ့ရင်ထဲမှာရှိတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ
တို့ နှစ်ယောက် အတူတူရှိနေနိုင်ဖို့ 
ကြိုးစားရင်း ငါ ရှိနေမယ်

လူတွေက ပြောကြတယ်
အချစ်ဆိုတာ ဘာဘာညာညာ ပေါ့
ငါ့ရင်ထဲမှာတော့ မင်းကို
ချစ်တဲ့ အချစ် ပဲရှိတယ်

ငါ့ရင်ထဲမှာ...................
မင်းကိုချစ်တော့
ငါ့ရင်ထဲမှာ.....................

မင်းမရှိတော့ ငြိမ်းချမ်းလိုက်တာ

ငါ့ရင်ထဲမှာ မင်း မရှိခဲ့တာ ကြာခဲ့ပေါ့

အလွမ်းတွေဆိုတာလည်း ငါ မသိခဲ့ဘူး

အဆွေးဆို ပိုလို့ နားမလည်ခဲ့ဘူး....

ခဏတာ တွေ့ခဲ့ ကြတဲ့ အချိန်တွေကိုတော့

ငါ သတိရနေမိတာတော့ အမှန်

ခုချိန်မှာ ငါ အေးချမ်းနေတယ်

မယုံရင် ငါ့ရင်ထဲ ဝင်ကြည့်လိုက်ပါ

ငြိမ်းချမ်းတဲ့ ရင်ခွင် တစ်စုံရှိနေလိမ့်မယ်.......