November 15, 2010

တမ်းတမိတယ် ..... အမေ့ရင်ခွင်

အသက်က ရလာလို့လားတော့ မပြောတက်။ မိသားစုနဲ့ ဝေးဝေးမှာ နေရတာကို အထီးကျန်သလို ခံစားနေရတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတော့ အိမ်မှာမနေချင်လို့ မိဘအရိပ်ကို မခိုချင်လို့ ခြေစုံကန်ပြီး ထွက်လာခဲ့တာ။ ၁၀နှစ်ဆိုတဲ့ ကာလအတွင်းမှာ အိမ်ပြန်ပြီး မိဘနဲ့ အတူတူပြန်နေမယ် ဆိုတဲ့စိတ် တစ်ခါမှ မဖြစ်ဖူးခဲ့ဘူး။ ရောက်နေတဲ့ နိုင်ငံအနေအထားနဲ့ လူနေမှုအဆင့်အတန်းကြောင့် နိုင်ငံခြားဆိုတဲ့ တိုင်းတစ်ပါးမှာ ပျော်ပျော်နေမယ်ဆိုတဲ့ စိတ်ပဲ ရှိနေခဲ့တယ်။ တိုင်းတစ်ပါးကို အထင်ကြီးတာတော့ မဟုတ်ဘူး။ တိုင်းတစ်ပါးနဲ့ ကိုယ့်တိုင်းပြည် ကွာခြားမှုကြောင့် လူငယ်ဖြစ်တဲ့ ကျွန်တော်အတွက်တော့ သာယာမှုတစ်ခုလိုပါပဲ။ ဒါကြောင့်လည်း ပြည်တော်ပြန်ဖို့အရေး တစ်ခါမှ အရေးပေး မတွေးမိခဲ့ဘူး။

တစ်ယောက်တည်း နေလာတာကြာတော့လည်း အထီးကျန်းတဲ့ ဝေဒနာက အလိုလိုအသက်ဝင် လာခဲ့တယ်။ ဒီလိုပဲ နိုင်ငံခြားရောက်နေတဲ့ မောင်နှမတွေ အားလုံးလည်း အကြောင်းအမျိုးမျိုးကြောင့် မိဘရင်ခွင်နဲ့ အဝေးမှာ လာနေကြရတာပါ။ ကျွန်တော်တစ်ယောက်ထဲမှ မဟုတ်တာလို့ တွေးတွေးပြီး ကိုယ့်ကိုကိုယ် အားပေးနေရတော့တာပေါ့။ ဘယ်သူကကော တိုင်းတစ်ပါးမှာ မိဘနဲ့ဝေးပြီး နေချင်မှာလဲ။ ကိုယ့်ရပ်ကိုယ့်ရွာကို ချစ်တဲ့ ခင်တဲ့ လူတွေကြီးပါပဲ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်ပေမဲ့ လွတ်လပ်စွာကိုးကွယ်နိုင်ခွင့် ရှိတာကြောင့်လည်း ကိုယ့်နိုင်ငံမှာပဲ အေးအေးဆေးဆေး နေချင်ကြမှာပါပဲ။ ကိုယ့်နိုင်ငံက နိုင်ငံတကာနဲ့ ယှဉ်နိုင်ခဲ့ရင်တော့ ကျွန်တော်တို့ အားလုံးလည်း မိဘရင်ခွင်၊ မိဘအရိပ်နဲ့ အဝေးမှာ လုပ်ကိုင်ရှာဖွေ စားသောက်နေစရာ မလိုတော့ဘူးပေါ့ဗျာ။

၂၀၀၀ ဇန်နဝါရီလက စပြီး မိသားစုဆိုတဲ့ ဝေါဟာရ၊ အိမ်ဆိုတဲ့ နာမနဲ့ ဝေးကွာနေပြီးဖြစ်တဲ့ ကျွန်တော်အတွက် ၂၀၁၀ နှစ်ကုန်ပိုင်း ကိုရောက်လာပြီး ဖြစ်တဲ့အချိန်မှာတော့ အိမ်ဆိုတဲ့ နာမ၊ မိသားစုဆိုတဲ့ ဝေါဟာရတွေကို ရေငတ်နေတဲ့ လူတစ်ယောက်လို တမ်းတ တောင်းတနေမိပါတော့တယ်။

ပိုက်ဆံ .... ပိုက်ဆံ ဆိုတဲ့ နောက်ကိုလိုက်နေမိတာ ၁၀နှစ်ဆိုတဲ့ ကာလသာကြာမြင့်ခဲ့တာ။ ဘာမှမထူးခြားသေးဘူး။ ဒီနေ့လည်း ပိုက်ဆံ။ နောက်နေ့လည်း ပိုက်ဆံ။ နောက်လလည်း ပိုက်ဆံ။ နောက်နှစ်လည်း ပိုက်ဆံ ဖြစ်နေအုံးမှာ သေချာတယ်။ လိုနေတာလည်း ပိုက်ဆံဆိုတော့ ပိုက်ဆံနောက်ကို လိုက်နေရတာလည်း အရသာတစ်ခုလိုမျိုး ဖြစ်နေခဲ့ပြန်တာပေါ့။ ပိုက်ဆံနောက်လိုက်တော့ ပိုက်ဆံရတယ်.။ ပိုက်ဆံရတော့ ပိုက်ဆံနောက်လိုက်တဲ့ လူတစ်ယောက်အတွက်တော့ လိုအပ်တဲ့ ပျော်ရွှင်မှုတစ်ခုပဲ ဖြစ်နေရတော့တာပေါ့။

၁၀နှစ်ဆိုတဲ့ ကာလသာကြာမြင့်ခဲ့တာပါ။ ပိုက်ဆံနောက်လိုက်နေတဲ့ ကိစ္စကတော့ ပြောင်လဲမသွားသေးပါဘူး။ အခုတော့ အတွေးက တစ်မျိုး။ ပိုက်ဆံရှာပြီး ရသလောက် အမေ့ဆီကို ပို့ပြီး အဝေးကထောက်ပံ့ နေတာကို မိဘကိုရှာကျွေးနေတယ်လို့ စိတ်ထဲသဘောထားခဲ့ပါတယ်။ ပတ်ဝန်းကျင်က ကြည့်မယ်ဆိုရင်လည်း သားလိမ္မာ သမီးလိမ္မာလို့ မြင်ကြမှာပါ။ မိဘကို ရှာကျွေးနေတဲ့ သားသမီးတွေလို့ ချီးကျူးနေကြမှာ အမှန်ပါ။ အဝေးမှာ နေပြီးထောက်ပံ့နေနိုင်ပင်မဲ့ ကိုယ့်ကို ၉လလွယ် ၁၀လဖွားပေးခဲ့ အမေကို ခြေဆုပ်လက်နယ် ဝတ်ကြီးဝတ်ငယ် မပြုလုပ်ပေးနိုင်တာကိုတွေးပြီး ကိုယ့်ကိုကိုယ် အပြစ်မှကင်းရဲ့လားလို့ တွေးမိတယ်။ ပိုက်ဆံရဖို့ မိဘကို ရှာကျွေးနိုင်ဖို့ အဝေးမှာနေနေခဲ့ရတာ မှန်ပေမဲ့ မပြောကောင်း မဆိုကောင်း အခုချိန်မှာ အမေသာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်တော်အနေနဲ့ အမေ့ကို ဝတ်ကြီးဝတ်ငယ် ပြုစုခွင့်မရလိုက်လို့ ကြေကွဲဝမ်းနည်းနေရမဲ့ အဖြစ်ပါ။

ဒါကြောင့်လည်း ကျွန်တော် ယုံကြည်မှုတစ်ခုကို သေသေချာချာ ဆုံးဖြတ်ချက်ချ လိုက်ပါတော့တယ်ဗျာ........


လေးစားစွာဖြင့်
ရီနိုမာန်

November 10, 2010

ဒီခြံ ဒီအိမ် ( ကျွန်တော်တို့ခြံ )

၁၉၉၆မှာ ကျွန်တော်တို့ တစ်မိသားစုလုံး ကိုယ်ပိုင်ခြံလေးထဲကို အဖေမပါပဲ ပြောင်းလာခဲ့ကြတယ်။ အဖေကတော့ မပြောင်းစေချင်ပင်မဲ့ တပ်ကထွက်ရင် အခြေတကျနေနိုင်အောင်လို့ဆိုတဲ့ အမေ့ရဲ့စကားအပေါ်မှာတော့ အဖေဘာမှပြန်မပြောခဲ့ပါ။ အမေလည်း သူ့မောင်တွေနဲ့အတူ စီးပွားရေးကို ရှာကြံလုပ်ကိုင်ပင်မဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုမျိုး ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တယ်။ ကျွန်တော်အဖိုးကလည်း စစ်သား။ ကျွန်တော်အမေကိုမွေးတော့လည်း စစ်တပ်ထဲမှာ။ ယောက်ျားရပြန်တော့လည်း စစ်သားနဲ့။ စစ်တပ်ထဲမှာနေတာကြာလာတဲ့ အမေဟာ အရပ်လောကထဲက စီးပွားရေးဆိုတဲ့ ပညာရပ်ကို ကောင်းကောင်းနားမလည်ခဲ့လို့လည်း ဖြစ်မယ်လို့ ကျွန်တော်ကတော့ ဖြည့်တွေးလေး တွေးလိုက်မိပါတယ်။

ကျွန်တော်ဆယ်တန်းနှစ်မှာတော့ ကျွန်တော်ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး အမေနဲ့ညီမလေးကတော့ အဖေတာဝန်ကျတဲ့ ပင်လောင်းမှာ လိုက်နေခဲ့တယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ခြံလေးထဲမှာပဲ ဆိုပါတော့။ ကျွန်တော်တို့ နဲ့ အတူ အမေ့ရဲ့မောင်လေးတစ်ယောက်ကလည်း အတူတူနေတယ်။ ကျွန်တော် ဆယ်တန်း ပထမနှစ်ကျတော့ ကျွန်တော်တို့ ခြံလေးထဲမှာ မနေတော့ပဲ အမေနဲ့အတူ အဖေရှိတဲ့ ပင်လောင်းမှာလိုက်နေပြီး ဆယ်တန်းထပ်ဖြေခဲ့တယ်။ ဆယ်တန်း ဒုတိယနှစ်မှာ ကျနော်စာမေးပွဲအောင်တယ်။

ကျွန်တော် ဆယ်တန်းအောင်တော့ ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေး အခြေအနေက ဘာမှ မကျန်တော့တဲ့ အခြေအနေ( ခြံနဲ့အိမ်ကလွဲလို့ပေါ့) ။ အမေပြောပြောနေကျ စကားလေး တစ်ခွန်းရှိတယ်။ ရှိရင် တန်ဆာ၊ မရှိရင် ဝမ်းဆာ ဆိုတဲ့ အတိုင်း ကျွန်တော်တို့ ခြံနဲ့အိမ်လေးကို ရောင်းဖို့ အမေစကားခေါ်ပါတော့တယ်။ ၉၈လောက်က အမေခေါ်တဲ့ဈေးက အိမ်ရောခြံပါ ဆယ်သိန်းတဲ့။ ခြံဘေးအိမ်က ကရင်အမိုးကြီးကယူချင်ပင်မဲ့ လက်ထဲမှာ ပိုက်ဆံမရှိတာကြောင့် ချက်ချင်း မရောင်းထွက်နိုင်ခဲ့ပါဘူး။

ကျွန်တော်တို့လည်း ဈေးပြောခဲ့ပြီး အဖေနဲ့အတူလိုက်နေခဲ့ပါတယ်။ ခြားထဲမှာတော့ အိမ်နဲ့ခြံကို လာကြည့်ကြတဲ့ လူတွေရှိကြပေမဲ့ ဆယ်သိန်းဆိုတဲ့ အားကြောင့် အရောင်းအဝယ် မဖြစ်ခဲ့ပါဘူး။ အရောင်းအဝယ်မဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရကောင်းမှန်း ကျွန်တော်အနေနဲ့ အဖေမရှိတော့တဲ့နောက်ပိုင်း သိနားလည်ခဲ့ရပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်မှ ကိုယ်ရတယ်ဆိုတာ သိပ်ကိုမှန်ပါတယ်။ ကျွန်တော် မလေးရှား သွားပြီးအလုပ်လုပ်တဲ့ သုံးနှစ်အတွင်းမှာ ကျနော်ရှာလို့ရတဲ့ ငွေက မိသားစု စားနိုင်သောက်နိုင်ယုံလောက်ပဲ ရတာကြောင့် ခြံအကျယ်အဝန်းဖြစ်တဲ့ ပေ၁၀၀၊ ၁၀ပေကို ငွေဆယ်သိန်းနဲ့ ရောင်းပြီး အမေ့လက်ထဲမှာ အပိုငွေရှိစေခဲ့ပါတယ်။ ဒါပဲလားလို့ မထင်လိုက်ပါနဲ့အုံး။

ကျွန်တော်တို့ အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ အမေက သူ့မောင်ဖြစ်တဲ့ ကျွန်တော့်ဦးလေးဆီက ပိုက်ဆံခုနှစ်သောင်း ချေးပြီး ပိုက်ဆံချေးတဲ့ မျက်နှာကြောင့် အမေက သူ့မောင်ကို နင် အိမ်ဆောက်ချင်ရင် ဘေးကပိုနေတဲ့ မြေကွက်လပ်မှာ ဆောက်နေလို့ ပြောခဲ့ပင်မဲ့ ချေးထားတဲ့ငွေ ပြန်ဆပ်တဲ့ အချိန်မှာတော့ ပိုက်ဆံမလိုချင်ကြောင်း၊ ဘေးက ပိုနေတဲ့ မြေကွက်ကို လိုချင်ကြောင်း တရားဝင်ပြောလာပါတော့တယ်။

အဲဒီအချိန်တုန်းက ကျွန်တော် မလေးရှားရောက်နေတဲ့ အချိန်ပဲဖြစ်တာကြောင့် အမေနဲ့ဖုန်းပြောမှ အမေက သားရေ အခြေအနေ ဒီလိုရှိတယ်။ အမေဘယ်လိုလုပ်ရမလဲ လို့ပြောလာတာနဲ့ ကျွန်တော်လည်း အမေ့ကို စိတ်မဆင်းရဲစေချင်တာကြောင့် မြေတိုင်စာရေး ခေါ်ပြီးပေးလိုက်ပါတော့ လို့ပဲ ပြောလိုက်ရပါတော့တယ်။ ကျွန်တော် ဦးလေးက ခြံကို တစ်ဝက်မရလို့ သိပ်မကျေနပ်ချင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ဝယ်တုန်းက ပေ ၁၀၀၊ ၂၀၀ ကို ငါးသောင်းနဲ့ပေးဝယ်ထားရတာကို သူသိနေလို့ပါ။ ခု သူ့ဆီက ခုနှစ်သောင်းယူထားတာဆိုတော့ သူတစ်ဝက်တော့ ပိုင်သင့်တယ်လို့ ထင်နေမှာပေါလေ။

၂၀၀၉ခုနှစ်မှာတော့ သူ့ကို အပိုင်ပေးလိုက်ရတဲ့ ခြံ ပေ ၃၅၊ ၁၉၀ ကို သူနဲ့ထိုက်လို့ သူရလိုက်နိုင်ပေမဲ့ ပိုင်ဆိုင်နေထိုင်ခွင့်ကိုတော့ သူမရလိုက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခြံကို ၃၅သိန်းနဲ့ သူရောင်းချလိုက်လို့ပါပဲ။ ဒါကြောင့် ကျွန်တော်ကလည်း အမေကို လက်ကျန်ခြံနဲ့ အိမ်လေးကို ရောင်းဈေးခေါ်လိုက်ရပါတော့တယ်။

အမေ ငွေလိုလို့ အိမ်နဲ့ခြံကို မျက်စောင်းထိုးခဲ့မယ်ဆိုရင်တော့ ခြံကို ၆၅သိန်းနဲ့ အိမ်အတွက် ဈေးကိုတော့ အမေ အိမ်ဆောက်တုန်းက ရွှေဈေး တစ်ကျပ်သားကို နှစ်သောင်းဈေးနဲ့ ခြောက်သိန်းကုန်အောင် ဆောက်ခဲ့ရတယ်။ အခုပြန်ရောင်းချင်ရင်တော့ ခုခေတ်ရွှေပေါက်ဈေးနဲ့မြောက်ပြီး ရောင်းချင်ရင်ရောင်းပါလို့ ပြောထားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိဘအမွေအနှစ်ဖြစ်လာမဲ့ ဒီခြံနဲ့ဒီအိမ်လေးကို ကျွန်တော်တစ်သက် ရှိနေစေချင်သေးလို့ပါပဲဗျာ.......

လေးစားစွာဖြင့်
ရီနိုမာန်

November 7, 2010

ကျွန်တော်တို့ ခြံ

1993 ခုနှစ်လောက်က ထင်တယ်။ နွေရာသီကျောင်းပိတ်ရက်မှာ အမေ့ဘက်က အဘွားဆီကို သွားလည်တဲ့ အချိန်ပေါ့။ နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက်တော့ အဖွားဆီကို ရောက်ဖြစ်ကြပါတယ်။ အဖွားကတော့ ကျွန်တော်ဆီကို သိပ်ရောက်ဖြစ်ဖူး။ ငါးနှစ်ခြောက်နှစ် တစ်ခေါက်လောက်မှ အဖေတာဝန်ကျတဲ့ အရပ်ကို လိုက်လည်လေ့ရှိတယ်။ အဖေက ဝန်ထမ်းဆိုတော့ သိတဲ့ အတိုင်းပေါ့။ နှနှစ် သုံးနှစ် တစ်ခါလောက် ပြောင်းရွှေ့နေကျ။

ဒီနှစ်တော့ အဖွားဆီကို ရောက်နေခိုက် အချိန်။ အာလုံးလည်း တိုက်ဆိုင်သွားတဲ့ အချိန်နဲ့ တူပါတယ်။ ခြံလေးတစ်ခြံ ဝယ်ဖို့ အကြောင်းကဖန်လာတယ်။ ဝယ်ဖို့ စကားလာစပ်တာက အမေ့မောင် ဝမ်းခွဲ ကျွန်တော့်ဦးလေး တစ်ယောက်။ အမှန်က သူလိုချင်နေတာ။ အဲအချိန်တုန်းက အမျိုးတွေထဲမှာ ငွေရေးကြေးရေး အဆင်ပြေဆုံး ဖြစ်နေတာက ကျွန်တော်တို့ မိသားစု။ ဒါကြောင့်လည်း ထန်းသီးကြွေခိုက် ကျီးနင်းခိုက် နဲ့ လာကြုံသွားတော့တာပေါ့ဗျာ။

" အမ .. နင် ယူထားသင့်တယ်နော်။ နင့်ယောက်ျား စစ်တပ်ကထွက်ရင် နင်တို့ ဘယ်မှာသွားနေမှာလဲ " ဆိုတဲ့ စကားကို အမေအပြည့်အဝ ယုံကြည်သွားဟန်တူတယ်။ ခြံကို ဝယ်ဖို့ အမေဆုံးဖြတ်လိုက်တယ်။ ခြံကို ကျွန်တော်တို့ ဝယ်တုန်းက ငွေငါးသောင်း ပေးဝယ်ခဲ့ရတယ်။ ခြံရဲ့ ဧရိယာအကျယ်အဝန်းက အရှေ့မျက်နှာစာ ပေ ၁၀၀ ဘေးအရှည် ပေ၂၀၀ ကျယ်တယ်။ ခြံကြီး သက်သက်ဆိုတော့ ခြံထဲမှာ အပင်ကြီး အပင်ငယ်တွေကတော့ အများကြီးပေါ့။

၁၉၉၃မှာ အဲခြံကိုဝယ်ပြီး ၁၉၉၄ကျမှခြံကို ခြံသန့်ရှင်းရေးလုပ်ပြီး ခြံစည်းရိုး လာခတ်ဖြစ်တယ်။ ပထမတော့ ခြံဝယ်ထားယုံသပ်သပ်ပေါ့။ ၁၉၉၅ခုနှစ်ကျတော့ အမေ့စိတ်ထဲ အတွေးတစ်ချို့ ခိုင်ခိုင်မာမာ ရှိနေလေပြီ။ ကျွန်တော်အဖေရဲ့ အရက်သောက်နှုန်းကလည်း တစ်နေ့ထပ်တစ်နေ့ တိုးတိုးလာခဲ့တယ်။ အဖေ့ကိုကြည့်ပြီး အမေတွေးမိတယ် နဲ့တူပါတယ်။ အခုချိန်မှာများ ငါ့ယောကျာ်း တစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့ ဘယ်မှာသွားနေမလဲ ဆိုတဲ့ အတွေးပေါ့။ အဖေကတော့ ခြံထဲမှာ အိမ်ပြန်ဆောက်မှာကို သိပ်သဘောမတွေ့ပင်မဲ့၊ ရှင် ပင်စင်ယူရင် ကျမတို့ ဘယ်မှာသွားနေမှာလဲ ဆိုတဲ့ အမေ့ရဲ့ စကားကိုပြန် မချေပနိုင်တာကြောင့် အမေ့ရဲ့ အစီအစဉ်ကို လက်ခံလိုက်ရပုံပါ။

အဖေ့ရဲ့ အတွေးထဲမှာလည်း ငါ မသေမချင်း မင်းတို့ မိသားစုကို မငတ်အောင်ထားနိုင်တယ် ဆိုတဲ့ အတွေးကလည်း ရှိနေသေးတာကိုး။ ဟုတ်ပါတယ်။ အမှန်တကယ်လည်း အဖေရဲ့ လစာက နည်းပင်မဲ့ ကျွန်တော်တို့မိသားစုအတွက် ပူပန်စရာမရှိခဲ့ပါဘူး။ အဖေ့အတွေးထဲမှာ စစ်တပ်က သူ့ကို တစ်သက်လုံး စောင့်ရှောက်သွားလိမ့်မယ်လို့ ထင်နေတယ်နဲ့ တူပါတယ်။ တပ်က အရာရှိတွေအတွက် မြေကွပ်ချပေး တာတောင် ကျွန်တော်အတွက် မလိုဘူးလို့ ပြောပြီး မယူပဲ ပြန်လာခဲ့တဲ့ လူမျိုးလေ။ အဖေနဲ့ပတ်သက်ရင်တော့ ပြောစရာတွေ အများကြီးရှိပါသေးတယ်။ နောက်ကြုံမှပဲ အချိန်ပေးပြီး ပြောပြပါတော့မယ်။

ကျွန်တော် ၇တန်းနှစ်မှာ အမေဝယ်ထားတဲ့ ခြံထဲမှာပဲ အိမ်ဆောက်ဖြစ်တယ်။ အိမ်ဆောက်ဖို့ မသွားခင်ကျွန်တော်က အမေ့ကိုပြောပါသေးတယ်။ နှစ်ထပ်အိမ်လေးဆောက်ပါ အမေလို့ပြောတော့ အမေတို့က အသက်ကြီးပြီသားရယ်။ တက်လိုက်ဆင်းလိုက်နဲ့ အဆင်မပြေပါဘူးတဲ့။ ဒါကြောင့်ပဲ အမေက သူစိတ်ကြိုက် ဒီဇိုင်းကို ပရံဆရာ၊ လက်သမားဆရာတွေကို နှုတ်ကပြောပြီး သူလိုချင်တဲ့ တစ်ထပ်တိုက်ကို ဆောက်ဖြစ်ခဲ့တယ်။ အရှေ့မျက်နှာစာ ၂၅ပေနဲ့ ဘေးအရှည် ၅၅ပေရှိတဲ့ သွပ်မိုးအုပ်ကာ အိမ်လေးကို အဲအချိန်တုန်းက ငွေခြောက်သိန်းနဲ့ ရအောင်ဆောက်လိုက်နိုင်ခဲ့တယ်။ အမေ့ရဲ့ အတွင်းပစ္စည်း တော်တော်များများပါသွားတာ ကျနော်သိတယ်။ အဲတုန်းက ရွှေဈေးက တစ်ကျပ်သားကို ငွေ နှစ်သောင်းကျပ်ပဲ ရှိသေးတဲ့ အချိန်လေ။ အမေ့မှာ ရှိတဲ့ ရွှေတွေရောင်းပြီး အဲအိမ်ကို ဆောက်ခဲ့ရတာ။ ရွှေတွေပြန်ရအောင် ကျွန်တော့်အနေနဲ့ ရှာလို့မရနိုင်ခဲ့သေးပေမဲ့ ရွှေတွေရောင်းလို့ရတဲ့ ငွေနဲ့ ဆောက်ထားတဲ့ အိမ်လေးကတော့ အခုချိန်ထိ ကျွန်တော်တို့ မိသားစုလေးကို အခြေအနေမပျက်အောင် အများကြီး အကူအညီ ပေးခဲ့ပါတယ်။

ဆက်ပါအုံးမယ်......

လေးစားစွာဖြင့်
ရီနိုမာန်