September 30, 2009

ပန်းတပွင့်ရဲ့ ဒိုင်ယာရီ

မကြီး မေတ္တာရောင်ပြန်ရဲ့ တက်ခ့်ပိုစ်လေး ဖြစ်ပါတယ်။ အကြွေးတင်နေတာတော့ ကြာပါပြီ။ ခုမှပဲ အစစအရာရာ အားလုံး အဆင်ပြေသွားလို့ အကြွေးတွေ လိုက်ဆပ်နေရပါတယ်။

ကျနော်ဘဝမှာ ပထမဦးဆုံး ရင်ခုန်စေခဲ့တဲ့ မိန်းကလေးပါ။ အချစ်ဦးမို့ မမေ့ရက်ဘူး ဆိုသလိုသူ့မကို ကျနော် ဘယ်တော့မှ မေ့မရပါဘူး။ ကျနော် ရင်ခုန်ခဲ့ဖူးတဲ့ မိန်းကလေးတွေ ထဲမှ ချက်ချင်းစိတ်ထဲ မြင်ကြည့်လိုက်ပါဆိုရင် သူ့မမျက်နှာကို ခုထိ မှတ်မိမြင်ယောင် နေမိတုန်းပါပဲ။ ဒါကြောင့် မကြီး မေတ္တာရောင်ပြန်ရဲ့ တက်ခ့် ကို သူမနဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ ပန်းတစ်ပွင့် ဒိုင်ယာရီ အဖြစ် အကြွေးဆပ်လိုက်ရပါတယ်။

သူမရဲ့ နာမည်က ----ခိုင်ပါ။ အရင်ကတည်းက သိပင်မဲ့ စိတ်မဝင်စားခဲ့ပါဘူး။ ကျနော်ရင်ထဲ ရောက်လာတဲ့ နေ့လေး တစ်နေ့ကို ကျနော် ခုထိမေ့မရ ခဲ့ပါဘူး။ သူမဟာ ကျနော့် အတွက် စချစ်မိတဲ့ အချစ်ဦး ဆိုရင် မှားမယ် မထင်ပါဘူး။



ကျနော် ၁၀တန်းနှစ်တုန်းကပေါ့။ ကျနော်နေတဲ့ ကျနော့်အခန်းထဲမှာ စာထိုင်ကျက်နေတုန်း ကျနော်ဆီကို သူငယ်ချင်းမ တစ်ယောက်နဲ့ အတူရောက်လာခဲ့ပါတယ်။ သူငယ်ချင်းမက ကျနော်ဆီက စာအုပ်လာငှားတဲ့ အချိန်မှာ ကျနော် မြင်လိုက်တွေ့လိုက်ရတဲ့ သူမရဲ့ အပြုံး၊ သူမရဲ့ မျက်ဝန်းဟာ ကျနော်အတွက်တော့ ရင်ထဲမှာ တံဆိပ်ရိုက်ခံလိုက် ရသလိုခံသွားရတယ်။

အာဇာနည် ဆိုတဲ့ သီချင်းလိုပဲ "လှလို့ ချစ်တာမဟုတ်၊ ချစ်လို့လှတာပါ" တဲ့။ မိန်းမတစ်ယောက်ရဲ့ အလှကို တွေ့ချင်ရင် မနက်စောစော အိပ်ရာထတဲ့ အချိန်ကိုသွားကြည့်တဲ့။ ဟုတ် မဟုတ်တော့ ကျနော်လည်း မသိဘူး။ ကျနော် တွေ့ဖူးလိုက်တဲ့ သူမရဲ့ မနက်ခင်း အိပ်ရာထ ပင်ကိုအလှ ကတော့ ခုချိန်ထိ ကျနော်ရင်ထဲမှာ ရှိနေတုန်းပဲ။ ဒီလိုနဲ့ ကျနော်ရင်ထဲက ပန်းတစ်ပွင့်ကို ဒိုင်ယာရီ အဖြစ် ပုံသွင်းဖို့ ကျနော် ကြိုးစားပါတော့တယ်။

အပြင်ထွက်တိုင်း အဖော်တစ်ယောက်ယောက် အမြဲပါတက်တဲ့ သူမဟာ ကျနော့်အတွက် အခက်တွေ့ရပါတယ်။ ကျနော်တို့နေတဲ့ တပ်ကလည်း သေးသေးလေးဆိုတော့ မလှုပ်လိုက်နဲ့ လှုပ်လိုက်တာနဲ့ လူကသိရော။ " ဆယ်တန်းတောင် အောင်အောင်ဖြေဖို့ မကြိုးစားဘူး ရည်းစားကထားချင်နေပြီ" လို့ အမေ ဆူမှာလည်း ကြောက်တဲ့ ကျနော် နောက်ဆုံးတော့ ကျနော်တို့ ခေတ်မှာ ခေတ်စားတဲ့ စာပေးခြင်း အလုပ်ကိုပဲ ရွေးချယ်လိုက်တယ်။

သို့ပင်မဲ့ ကျနော်အတွက် ပွဲဦးထွက် / တာထွက် မကောင်းခဲ့ပါဘူး။ ကျနော် စာပေးပြီ သိပ်မကြာခင်မှာပဲ သူမဟာ သူမအဒေါ်တွေ ရှိတဲ့ မြို့ကို ပြန်သွားခဲ့တယ်။ အဲ့ဒီအချိန်ထဲက ခုချိန်ထိ လုံးဝပြန်မတွေ့ တော့ပါဘူး။ ကျနော်လည်း ၁၀တန်းအောင်တော့ ရန်ကုန်ရောက်၊ ရန်ကုန်ကနေ မလေးရှားကိုသွား၊ ခုတော့ စင်ကာပူကို ရောက်နေပြန်ပြီပေါ့။ နောက်ထပ် ဘယ်ခရီးကို ဘယ်ပုံ ဘယ်နည်းနဲ့ ခရီးဆက်ရအုံးမယ် မသိပင်မဲ့ အခွင့်ကြုံလို့ ပြန်ဆုံခွင့်ရှိအုံးမယ်ဆိုရင်..................................။ ( ဆုံခွင့် ရှိချင်ပါသေးတယ်)

မကြီးရေ မောင်လေးရဲ့ ပန်းတစ်ပွင့်အကြောင်းကိုတော့ ရေးလိုက်ပြီဗျာ။ မောင်လေးရဲ့ ပွဲဦးထွက် ပန်းတစ်ပွင့် မကောင်းမှုဟာ နောက်ပိုင်းလည်း တောက်လျှောက် မကောင်းခဲ့ပါဘူး ယခုလက်ရှိမှာတော့ အသည်းနှလုံးမရှိတဲ့ သူငယ်ချင်းတွေကို ချစ်တက်တဲ့ လူသားတစ်ယောက်အဖြစ် ဆက်လျှောက်ရင်း........ကျေနပ်ပေးပါလို့ တောင်းပန်လိုက်ရပါတယ်ဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်




September 29, 2009

နောက်ကျ ဆုတောင်း မွေးနေ့

၁၉၈၁ခုနှစ်လောက်ကပေါ့။ ၉လ လွယ် ၁၀ဖွားခါးနီး ဗိုက်ကြီး တကာကာနဲ့ ဟိုသွားလိုက် ဒီသွားလိုက်လုပ်နေတဲ့ အမျိုးသမီး ငယ်တစ်ယောက်။ အသက်က ၂၄နှစ်လောက်ရှိပြီ။ မွေးဖွားဖို့ ရက်ကလည်း ပြည့်တော့မယ်။ သို့ပင်မဲ့ ၄င်းအမျိုးသမီးငယ်က တောက်တောက် တက်တက် လျှောက်သွားလို့ ကောင်းနေတုန်း။ သူမအတွက် ဆရာဝန်ဖြစ်တဲ့ ဆေးမှူးက စိတ်ပူနေပြီ။ ဆေးမှူးရဲ့ စကားကိုလည်း နားမထောင်တဲ့ သူမ နောက်ဆုံးဆေးမှူးမှ

" သမီး ဒီမှာပဲမွေးမယ်ဆိုရင် အသက်နှစ်ချောင်းထဲက တစ်ချောင်းကြိုက်ရာ ရွေး"

လို့ပြောလိုက်မှပဲ ရန်ကုန် စစ်ဆေးရုံးကို ရောက်လာတော့တယ်။ အမျိုးသားလုပ်သူက စစ်တပ်ကဆိုတော့ သူမလည်း စစ်ဆေးရုံးကိုပဲ သွားရတော့တာပေါ့။ အဲဒီ အချိန်တုန်းက ကိုယ်ဝန်သယ်တွေကို လိုက်စစ်တဲ့ ဆရာဝန်က ဦးနေဝင်း သမီးဆိုလားပဲ။ လူနာတွေကို လိုက်စစ်ဆေးနေရင်း သူမကုတင်နားကိုရောက်လာတယ်။ သူမကုတင်က ဖိုင်းတွဲကိုယူကြည့်ပြီး ဆရာဝန်မျက်နှာ ပျက်သွားတာကို သတိထားမိလိုက်တယ်။ သူနာပြု ဆရာမကို လှမ်းမေးလိုက်တယ်

" ဒီလူနာ ဘယ်တုန်းက ရောက်တာလဲ "

ပြီးတော့ သူမဘက်လှည့်ပြီး ဆူပါတော့တယ်။ ဆူလို့လဲပြီးရော စိတ်ဆိုးနေတဲ့ လေသံနဲ့

" ဒီသမီးရဲ့ တပ်က ဆေးမှူးဆီက ဒီလူနာနဲ့ ပတ်သက်ပြီး ထုချေလွှာ တင်ပါလို့ ကြေးနန်းပို့ပါ "

လို့လဲ ဆိုရော သူမ ဆရာဝန်မကို ပြာပြာသလဲ တောင်းပန်နေပါတော့တယ်။


အမှန်က တပ်ကဆေးမှူးက လွှတ်နေတာကြာပေါ့။ သူမကိုယ်တိုင်က ခေါင်းမာနေလို့ခုလိုဖြစ်ရတာပါ။ ဆေးရုံးရောက်တဲ့ အချိန်ကလည်း မွေးရက်လွန်နေပြီ။ ဗိုက်ကလည်း မနာဆိုတော့ သူမအတွက် ဝိုင်းပြီစိုးရိမ်နေကျပြီ။ ဗိုက်နာ ဆေးတစ်လုံး ထိုးပြီသွားတဲ့ အထိဘာမှ မထူးခြားသေးဘူး။ နောက်တစ်လုံး လာထိုးအပြီး ဆရာမက ဒီတစ်ခါမှ မနာရင် ဗိုက်ခွဲမွေးမယ်လည်း ဆိုရော ဗိုက် စတင်လို့ နာလာပါပြီ။

သူမအနေနဲ့ ၉လ လွယ်ထားရတဲ့ ကာလမှာ ယောက်ျားလေးမှန်း မသိ၊ မိန်ကလေးမှန်းမသိသေးတဲ့ ကလေးအတွက် အားတွေအပြည့်နဲ့ပေါ့။ ဗိုက်နာပြီး သိပ်မကြာခင်မှာ မွေးဖွားခဲ့တယ်။

အဲ့ဒီနေ့က ကြာသပတေးနေ့၊ ရက်က ၁၀ရက်နေ့၊ လကတော့ ဒီစက်တင်ဘာလ၊ အချိန်က နေ့လည် ၂နာရီ။
ထိုအမျိုးသမီးက ကလေးရဲ့ အမေ ဒေါ်အေးအေးဟန်၊ အမျိုးသမီးရဲ့ ယောက်ျား ကလေးအဖေက ဦးကံစိန်။
၎င်းကလေးငယ်ကတော့ ခုဆို ၂၈နှစ်ပြည့်သွားပြီးဖြစ်တဲ့ စိတ်ညစ်ညစ်နဲ့ သူ့ဘလော့ဂ်လေးကို ပိတ်ထားခဲ့ဖူးတဲ့ ကျနော် ရီနိုမာန်ပါ။

မွေးနေ့ဆိုတာကို နားလည်တဲ့ အချိန်ထဲက ယခုအချိန်ထိ မွေးနေ့တိုင်းမှာ ခြောက်ခြောက်ကပ်ကပ်နဲ့ ပြီးဆုံးစေခဲ့တဲ့ နှစ်တွေ တော်တော်များများ ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ ကျနော် ၇တန်းနှစ်က ကျနော်မွေးနေ့ လုပ်ချင်လို့ စုထားတဲ့ ပိုက်ဆံတစ်ရာရှိတယ်။ အမေ့ကိုပြောတော့ သားမှာပိုက်ဆံရှိတာပဲ ကိုယ်ဟာကိုလုပ်ပေါ့တဲ့။ ကျနော်လည်း အမေ့ကို ပိုက်ဆံ ၁၀၀ပေးပြီး ကြက်သားဟင်းချက်ခိုင်းလိုက်တယ်။ မွေးနေ့မှာ ကျောင်းသွားတယ်။ နေ့လည်ပိုင်း ထမင်းစားချိန်ဆိုရင် ကျနော်က ဆရာမတွေနဲ့ တူတူ ထမင်းစားတယ်။ ကျနော့်ရဲ့ မွေးနေ့ အဲ့ဒီနေ့မှာ အိမ်ကပို့ပေးတဲ့ ကြက်သားဟင်း နှစ်ဆင့်ချိုင့်နဲ့ အပြည့်ပဲ။ ဆရာမတွေနဲ့ မွေးနေ့လုပ်ဖြစ်ခဲ့တယ်။ မွေးနေ့လက်ဆောင်ရတဲ့ ကွန်ပါဘူးလေးကိုသိမ်းထားတာ ခုထိရှိနေသေးတယ်။ ကျနော် အတွက် ပထမဆုံး အမှတ်ရနေတဲ့ မွေးနေ့ အမှတ်တရပေါ့။

စိတ်ပျက်ခဲ့ရတဲ့ မွေးနေ့တွေလည်းရှိခဲ့ရတယ်။ ဒါတွေတော့ ပြန်မရေးချင်တော့လို့ မရေးတော့ဘူးဗျာ။ ဒီနှစ်တော့ ကျနော် အလုပ်မလုပ်ခဲ့ဘူး။ ၉ရက်နေ့ ည ၁၂ ကျော်ကျော်လောက်မှာ အသိကုလားတစ်ယောက်ရဲ့ ဖုန်းMessage နဲ့ ဆုတောင်းခြင်း ပထမရရှိခဲ့တယ်။ မနက်မိုးလင်းတော့ တရုတ်တစ်ယောက်နဲ့ အကိုတစ်ယောက်ရဲ့ ဖုန်းMessage ဆုတောင်းနဲ့ အတူ အမတစ်ယောက်ရဲ့ ဆုတောင်းပါထပ်ရခဲ့တယ်။

အဲ့ဒီနေ့က မနက်စောစောထ တိုပါယိုက ဘုန်းကြီးကျောင်းကိုသွားပြီး တစ်နေ့လုံး စိတ်ထဲလုပ်ချင်တာတွေ ကိုလုပ်ပစ်လိုက်တယ်။ အမေနဲ့လည်း ဖုန်းပြောခဲ့တယ်။ အမေက ကျနော့်အတွက် ရည်ရွယ်ပြီး ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပေခဲ့တယ်တဲ့။ ဒီနှစ်မွေးနေ့လေးကတော့ ဒီလောက်ပါပဲ။ ပထမတော့ ပိုစ့်အဖြစ်မတင်တော့ဘူးလို့ တွေးထားပင်မဲ့ အမှတ်တရလေး အဖြစ်တင်လိုက်ရခြင်း ဖြစ်ပါတယ်။

အခွင့်ရှိနေအုံးမယ်ဆိုရင်တော့ ကျနော့်မောင်နှမများအားလုံးနှင့် နောက်လာမဲ့ မွေးနေ့တွေမှာ ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ချင်ပါကြောင်း.............................................


လေးစားစွာဖြင့်
ရီနိုမာန်

September 26, 2009

အားဆေး တစ်ခွက်

ခုတလော လူကလည်း စိတ်ညစ် အလုပ်ကလည်းပင်ပန်း အတွေးတွေကလည်း တောင်တွေးမြောက်တွေးနဲ့ ကိုယ့်စိတ်ကို မကျေနပ်ဖြစ် ဒေါသတွေကထွက်၊ ထွက်နေတဲ့ ဒေါသတွေကို ထိန်းမရတဲ့ နောက်ဆုံး အသက်မရှိပဲ၊ ကိုယ်အနိုင်ကျင့်တာကို အမြဲခံရပြီး ကိုယ့်ကို ဘာမှပြန်မပြောနိုင်တဲ့ ကျနော်ပြုသမျှ နုနေရတဲ့ ဟော့ဒီ ဘလော့ဂ်လေးအပေါ် ပုံချလိုက်တယ်။ စိတ်ထဲလည်း နည်းနည်းကျေနပ်သွားတယ်။ ကွန်ပြုတာကို ကိုင်ဖို့ စိတ်တွေညစ်နေတဲ့ အချိန်မှာပဲ ကွန်ပြုတာကလည်း ဘယ်အချိန်ထဲက မကျေနပ်နေမှန်း မသိဘူး။ စိတ်ညစ်နေတဲ့ ကျနော့်ကို အားပေးအားမြောက်လုပ်တဲ့ အနေနဲ့ ပျက်သွားလိုက်တာ တလလောက်ကြာသွားတယ်။ ပျက်သွားတာကိုပဲ ကျေးဇူးတင်နေမိပါတယ်။

ကွန်ပြုတာ ပျက်သွားတော့ ကျနော်အတွက်အချိန်တွေ ပိုထွက်လာခဲ့တယ်။ ကွန်ပျုတာရှိတုန်းကတော့ အချိန်က အရမ်းအကုန်မြန်တယ်။ အခုတော့ အချိန်တွေ ပိုထွက်လာခဲ့တယ်။ ဒါနဲ့ ကျနော်နေတဲ့ နေရာလေးကိုရှင်းတယ်။ စာအုပ်တွေကို ဟိုနေရာကနေ ဒီနေရာကိုရွှေ့တယ်။ ပြောင်းရွှေ့ရင်း နဲ့ စိတ်ထဲဖတ်ချင်လာတဲ့ စာအုပ်လေးတွေကို ဖယ်ထားလိုက်တယ်။ ဖယ်ထားတဲ့ အထဲကမှ ဆရာ နန္ဒသိန်းဇံရေးတဲ့ " တွေးချိန်ချင့်စရာ " ဆိုတဲ့ စာအုပ်လေးကို အရင်ဖတ်လိုက်တယ်။

>စာအုပ်လေးက အကိုတစ်ယောက်က ပေးထားတာ တော်တော်တောင်းကြာနေပြီ။ မဖတ်ဖြစ်သေးဘူး။ခုမှ စဖတ်ရင်းဖတ်ရင်းနဲ့ စာထဲမှာပါတဲ့ တစ်ချို့ စကားတွေက စာဖတ်သူဖြစ်တဲ့ ကျနော်ကို အားပေးနေသလို ခံစားလာရတယ်။ တစ်ချို့ စကားလေးတွေဆိုရင် စိတ်ဓာတ်ကျနေတဲ့ ကျနော့်အတွက်တော့ အားဆေးတစ်ခွက်ဖြစ်စေခဲ့တာ အမှန်ပဲ။

စကားတစ်ချို့ထဲမှ ကျနော်နှစ်သက် သဘောကျစေသော စကားများကို ပြန်လည်ကောက်နုတ် ဖေါ်ပြပေးလိုက်ပါတယ်။

ဆရာကြီး ပီမိုးနင်းက ဆရာ ငွေဥဒေါင်းကို " ကောင်အိုလေး ဘာဖြစ်နေတာလဲ " တဲ့၊

ဆရာ ငွေဥဒေါင်းက " စိတ်ဓါတ်ကျသွားတယ် " လို့ မထင်မှတ်ပဲပြောလိုက်မိတယ်။

ဆရာကြီး ပီမိုးနင်းက ဘာပြန်ပြောလဲဆိုတော့ " ဟဲ့ ကောင်အိုလေးရဲ့၊ ကျသွားရင်ပြန်ကောက်ယူထား အဲဒါပျောက်လို့ တော့ မဖြစ်ဘူး၊ ဘယ်နေရာမှာမှ မလျှော့ဘူးဆိုတဲ့ စိတ်ဓာတ်ရှိနေတာဟာ ရတနာသိုက်ကို ဖွင့်တဲ့ " သော့ " ကိုရနေတာလိုပဲ၊ ရတနာတွေရရင် ကိုယ်လိုချင်တာကို ရနိုင်တာပဲ၊ အဲ့ဒီ သော့ ကိုတော့ ကျမပျောက်စေနဲ့၊ ကျသွားရင် ပြန်ရှာပြီပြန်ကောက်ထား" တဲ့။

ဟုတ်တယ်၊ မလျှော့ဘူး ဆိုတဲ့ စိတ်ဓာတ်ရှိနေမှ လောကီအလုပ်တွေကော လောကုတ်တရာ အလုပ်တွေမှာပါ အောင်မြင်နိုင်တာ၊ အဲဒီ စိတ်ဓာတ်ကျသွားပြီး ပျောက်သွားပြီဆိုရင်တော့ ဘယ်နေရာမှာမှ မအောင်မြင်တော့ဘူး၊ စိတ်ဓာတ်ကျသွားရင် လူမှာရောဂါတွေပါ ရလာပြီ ဘဝဆုံးတော့တာပဲ။

ဆက်လက်ပြီး ဆရာကြီး ငွေဥဒေါင်းက " မိမိကိုယ်ကျိုးဆိုလို့ လုံးဝမပါပဲ အများအကျိုး အတွက်သက်သက် သယ်ပိုးရွက်ဆောင်နေတဲ့ ဂေါတမဗုဒ္ဓ မှာတောင် အနှောင့်အယှက် ဖျက်ဆီးသူတွေကအများကြီး၊ အဟန့်အတား လုပ်သူတွေ၊ အပြစ်ပြောသူတွေ၊ ဦးပြည်းယုတ် ရဟန်းဆိုပြီး ဆဲဆိုသူတွေလဲ အများကြီးပဲ။

ဒီလို နှောက်ယှက်လာလို့၊ မကောင်းပြောလာလို့ ဂေါတမမြတ်စွာဘုးရာဟာ သူ့ရဲ့ ဗုဒ္ဓကိစ္စတွေကို မလုပ်ပဲ ရပ်တံ့ မသွားပါဘူး။ လေးဆယ့်ငါးဝါ ကာလပတ်လုံး လုပ်ရမဲ့ အလုပ်တွေ၊ ဗုဒ္ဓ ကိစ္စတွေကို လုပ်ဆောင်ရင်း နိဗ္ဗာန်တိုင်း လှမ်းလျှောက်ကြွမြန်း သွားတာပဲ၊ ကိုယ်ကျိုးကြည့်မှု မကင်းသေးတဲ့ အတ္တစွဲ မကုန်သေတဲ့ ငါလို ဘာမဟုတ်တဲ့ ပုထုဇဉ်မှာ အနှောင့်အယှက် အဟန့်အတားတွေ ရတာဟာ အဆန်းမဟုတ်ပါဘူး။

ဒီအနှောင့်အယှက်တွေကြောင့် ကိုယ်လုပ်ရမှာ၊ ကိုယ်သွားရမှာကို ရပ်တံ့တွန့်ဆုတ်မသွားစေရဘူး၊ စိတ်ဓာတ် ကျမသွားစေရဘူး လို့ ဆရာလည်း အကြိမ်ကြိမ် နှလုံးသွင်းခဲ့တာပဲ၊ စိတ်ဓာတ်ကျကျသွားတာတွေတော့ ရှိတာပေါ့၊ ဒါပင်မဲ့ ဆရာကြီးပီမိုးနင်း သတိပေးတဲ့ အတိုင်းပဲ ကျသွားတာကို ပြန်ကောက်ရတာပဲ " ဟု ဆရာကြီး ငွေဥဒေါင်းမှ ပြောပြခဲ့ပါသည်။ (မှတ်ချက်။ ။ အထက်ပါ စာပိုဒ်အား ဆရာနန္ဒာသိန်းဇံ ၏တွေးချိန်ချင့်စရာ ထဲမှ ပြန်လည် ကောက်နုတ်ထားခြင်းဖြစ်ပါသည်)

အဲဒီစာအုပ်ကို ဖတ်ပြီး ကျနော်ရဲ့ စိတ်ဓာတ်တွေ ပြန်လည်တက်ကြွလာခဲ့တယ်။ ရှေ့လျှောက်ရမဲ့လမ်းတွေအ တွက်လည်း အားဆေးတစ်ခွက်ဖြစ်ခဲ့တယ်။ ကျနော်လိုပဲ စိတ်ဓာတ်ကျနေတဲ့ မောင်နှမများ ရှိနေခဲ့ရင် ဆရာကြီးပီမိုးနင်း သတိပေးခဲ့ သလိုပဲ ပြန်ကောက်ထားဖို့ မမေ့ကြပါနဲ့လို့ သတိပေးရင်း.....................


လေးစားစွာဖြင့်
ရီနိုမာန်