July 28, 2012

မန္တလေးတောင်ပေါ်သို့ တစ်ခေါက်

မဟာမြတ်မုနိဘုရားကြီးကို ဖူးပြီးတော့ ကျွန်တော်တို့ မန္တလေးတောင်ကို ဆက်သွားခဲ့ကြတယ်။ တောင်ပေါ်ရောက်တော့ တော်ပေါ်က ကြည့်ရတဲ့ ရှုခင်းတွေဟာ ဘယ်အချိန်ပဲ ကြည့်ကြည့် စိတ်ထဲ တကယ်ကို ကြည်နူးစေပါတယ်။ မန္တလေးတောင်ပေါ်က မြင်ရတဲ့ မန္တလေးမြို့ရဲ့ အလှဟာလည်း ပြောမပြတက်အောင်ပါပဲ။ ဒါကြောင့်ပဲ ထင်ပါတယ်။ မန္တလေးသား၊ မန္တလေးသူဖြစ်ရတာကို ဂုဏ်ယူတက်ကြတယ်လို့ ကျွန်တော် သိထားပါတယ်။ ဂုဏ်ယူမယ်ဆိုရင်လည်း ယူချင်စရာပါပဲ။ မြန်မာဘုရင် နန်းဆိုက်ခဲ့တဲ့ မြို့တော်နေရာလည်း ဖြစ်ပြန်ပါတယ်။

တောင်ပေါ်ကို တက်တုန်းကတော့ ကျနော်တို့ စက်လှေကားနဲ့ တက်ခဲ့ကြတယ်။ အပြန်ကျတော့ ခြေချင်း ပြန်ဆင်းခဲ့ကြတယ်။ ပြန်အဆင်းမှာ ဗိုက်ဆာတာနဲ့ တောင်ပေါ်မှာ ရှိတဲ့ ဆိုင်တွေမှာပဲ မုန့်တီသုပ်မှာစားကြတယ်။ အမှန်တိုင်ပြောရရင် စားလို့ လုံးဝမကောင်းပါဘူး။ ဒါပင်မဲ့ ဆာလောင်နေတဲ့ ကျွန်တော့်တို့ ဗိုက်ကလေးတွေတော့ အဆင်ပြေသွားစေခဲ့ပါတယ်။ 





တောင်ပေါ်ကဆင်းတော့ ကျွန်တော်တို့ ရွှေနန်းတော်ကျောင်းနဲ့ မဟာ အတုလဝေယန် ကျောင်းတော်ကြီးဆီကို ဆက်သွားခဲ့ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

July 26, 2012

မကျွမ်းကျင်တဲ့ ဘာသာရပ်

အချစ်ဆိုတာ လူတွေအဓိပ္ပါယ် အမျိုးမျိုး ဖွင့်နေကြသလိုမျိုးမှ မဟုတ်တာ။ ချစ်ရင် ချစ်တယ်ပေါ့။ မချစ်တော့ကော မုန်းစရာမှ မဟုတ်တာ။ လူရယ်လို့ ဖြစ်လာပြီးမှ မုန်းဖို့ မွေးလာကြတာမှ မဟုတ်တာ။ တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိခဲ့ရင် အချစ်ဆိုတာ မပူလောင်တောင်မှ အေးချမ်းပါတယ်။ ကျွန်တော် သူငယ်ချင်း ကောင်လေးက သူငယ်ချင်းကောင်မလေးကို ချစ်တဲ့ အကြောင်းပြောတော့ သူငယ်ချင်းကောင်မလေးက သူငယ်ချင်းကောင်လေးကို မချစ်ဘူးဆိုတဲ့ အကြောင်းကိုပြောပြီး သူငယ်ချင်းကောင်လေးနဲ့ အဝေးဆုံးမှာ နေလိုက်တယ်။

တစ်နေ့ လမ်းမှာ သူငယ်ချင်းကောင်မလေးနဲ့ ကျွန်တော်တွေ့တော့ သူငယ်ချင်းကောင်မလေးက ကျွန်တော်ကိုပြောတယ်။ ငါမှားသွားတယ် သူငယ်ချင်းရာ။ အမှန်ဆို နင့်သူငယ်ချင်းကို ငါမချစ်နိုင်ပင်မဲ့ နင့်လိုပဲ သူငယ်ချင်း အဖြစ်ဆက်ခင်လို့ ရတာပဲတဲ့။ ဟုတ်ပါတယ်။ အချစ်ကြောင့် ဖြစ်သွားခဲ့ အကြောင်းအရာတွေပေါ့။ အဝေးမှ အဝေးဆုံးမှာ ရှိနေတဲ့ အချစ်ကို စမ်းသပ်ချင်တဲ့ သူက ရှိနေပြန်ပါသေးတယ်။ 

ကျွန်တော် ဘယ်တော့မှ မပြောခဲ့ပါဘူး။ အချစ်ဟာ စိတ်ပျက်စရာလို့။ အချစ်ဆိုတာ သုံးတက်ရင် သိပ်ကို အသုံးဝင်တဲ့ ပစ္စည်းတစ်ခုလိုမျိုးပါပဲ။ တစ်နေ့ အချစ်တစ်ခု ကျွန်တော့်ရှေ့ကို ရောက်လို့ လာခဲ့တယ်။ အချစ်နဲ့ ပတ်သက်ရင် အမြဲတမ်းရင်ခုန်တက်တဲ့ ကျွန်တော့်ရင်ဘတ်ကြီးက တဒိန်ဒိန်နဲ့ ခုန်နေခဲ့ဖူးတယ်။ 

အချစ်ကြောင်း ပြောနေကြတဲ့ လူတွေနဲ့ အကြားကြီး ပေါင်းခဲ့ဖူးတယ်။ တစ်ယောက် တစ်မျိုးစီပါပဲ။ အချစ်ကို ချစ်လွန်းလို့ ချစ်တယ်တဲ့။ အချစ်ကို မုန်းလို့ ချစ်ခဲ့ရတာတဲ့။ အချစ်အကြောင်း ကောင်းကောင်း မပြောတက်ပင်မဲ့ အချစ်ကို အချစ်လို့ မြင်ရင် အချစ်ဖြစ်ပါတယ်။ အချစ်ကြောင့် အမုန်းဖြစ်သွားခဲ့ရင်တော့ ဒါ အချစ်မဖြစ်နိုင်တော့ဘူးပေါ့။ အချစ်ဆိုတာ အချစ်ဆိုတဲ့ နေရာမှာပဲ နေတာ ကောင်းပါတယ်။  

အချစ်ကြောင့် ရူးသွပ်သွားတယ်ဆိုတဲ့ လူတွေ ကျွန်တော့် ပတ်ဝန်းကျင်မှာ အများကြီး တွေ့ဖူးတယ်။ သူတို့တွေ ရူးသွားပုံ မတူညီပင်မဲ့ အခြေခံ တစ်ခုကတော့ အချစ်ပါပဲ။ ကျွန်တော် ၁၀တန်းတုန်းက နားမလည်တဲ့ ဘာသာရပ်တစ်ခု ရှိခဲ့ဖူးတယ်။ စီးပွားရေးဆိုတဲ့ စကားလုံးကို အကြိမ်ရေအများဆုံးသုံးခဲ့တဲ့ ဘာသာရပ်မှာ ကျက်စာတစ်ပုဒ်ကို နားလည်အောင် မမှတ်နိုင်ခဲ့တဲ့ ကျွန်တော်၊ အခုလည်း ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုကို အဓိပ္ပာယ် ပြန်နေမိပြီ။ 

လေးစားစွာဖြင့်
ရီနိုမာန်

July 25, 2012

မန္တလေးည နှင့် ဘုရားကြီး

ဦးပိန်တံတားက ပြန်ရောက်တဲ့ အချိန်ကတော့ ည ၇ နာရီကျော်လောက် ရှိတော့မယ်။ ကားမောင်းပို့ပေးတဲ့ အကိုကြီးကို နောက်နေ့အတွက် ကားခ စကားပြောရင်း ဟိုတယ်နဲ့ အနီးဆုံး အကင်ဆိုင်ကိုပဲ ပို့ခိုင်းလိုက်တယ်။ အကင်ဆိုင်မှာ ညနေစာ စားပြီး ကျနော်တို့ သူငယ်ချင်းနှစ်ယောက် မန္တလေး ညကို လမ်းလျှောက်ရင်း ဟိုတယ်ကို ပြန်ခဲ့ကြတယ်။ 

မနက် ၈ နာရီကားခေါ်ထားတာကြောင့် ၇ နာရီလောက်မှာ အိပ်ယာထခဲ့ကြတယ်။ ဒီနေ့ နံက်စာကိုတော့ ဟိုတယ်က ကျွေးတဲ့ ဘူဖေးနံက်စာနဲ့ အဆင်ပြေသွားတယ်။ နံက်စာစားနေတဲ့ အချိန်မှာပဲ ဘယ်နိုင်ငံမှ မရှိတဲ့ မြင်ခွင်မျိုးကြောင့် ကျနော်အပါအဝင် ဟိုတယ်မှာ နံက်စာစားနေတဲ့ နိုင်ငံခြားသားတွေ အကုန်လုံး ဓါတ်ပုံရိုက်ယူရတဲ့ မနက်ခင်းအလှ တစ်ခုပေါ့။

နံက်စာစားပြီးတော့ ကျနော်တို့ ဘုရားကြီးကို အရင်ဆုံးထွက်ခဲ့တယ်။ လမ်းမှာ ၂၀၀၂လောက်တုန်းက ကြုံခဲ့ရတဲ့ ကိုယ်တွေ့လေးကို သူငယ်ချင်းကို ပြောပြဖြစ်တယ်။ ရုံးကအဖွဲ့နဲ့ အလည်လာတုန်းက ဘုရားဖူးရင်း အဘွားတစ်ယောက်နဲ့တွေ့ပြီး အလှူခံတာနဲ့ ကြုံရကြောင်း၊ သူက ရှမ်းပြည်က ဖြစ်ကြောင်း၊ အခုလူစုကွဲပြီး ကျန်ခဲ့ကြောင်း၊ ခုပြန်ဖို့ အတွက် ကားခမရှိကြောင်း၊ တက်နိုင်သလောက် ကူညီပေးစေလိုကြောင်း ပြောလာလို့ ကျနော်က တစ်ထောင်တန် တစ်ရွက်ပေးတော့ နှစ်ထောင်လောက်ပေးစေချင်ကြောင်း တောင်းလာကြောင်း သူငယ်ချင်းကို ပြောပြနေဖြစ်တယ်။ ခုလည်း အတင်းအလှူခံတွေ မင်းနဲ့ တွေ့ဖြစ်ခဲ့ရင် သတိထားဖို့ ပြောပြလိုက်တယ်။ 


ဒီလိုနဲ့ ကျနော်တို့ ဘုရားကြီးကိုရောက်တော့ ဘုရားဖူး၊ဈေးတန်းကိုလည်း သွားကြည့်ကြတယ်။ ဘုရားဝန်းထဲကို ပတ်ကြည့်နေတုန်း ကိုရင်နှစ်ပါး ဒကာကြီး၊ ဒကာကြီး ခေါ်လို့ ကြည့်လိုက်မိတယ်။ အာရုံဆွမ်း ကိစ္စမပြီးသေးလို့ မုန့်ဟင်းခါးဆွမ်း ကပ်ပေးပါတဲ့။ အမှန်တကယ်တော့ ကျနော်စိတ်ထဲမှာ ခုသွားတာတော့ အမှန်ပါ။ ဒါပင်မဲ့ စိတ်က မနေနိုင်ပါဘူး။ အရှင်ဘုရား တပည့်တော်တို့လည်း ခရီးသွားတွေမို့ ဆွမ်းလိုက်ကပ်ပေးဖို့ အဆင်မပြေလို့ ဝတ္ထူငွေကပ်ခွင့်ပေးပါ ဆိုပြီး ခွင့်တောင်းခဲ့ရတယ်။ ကုသိုလ်တော့ ရပါတယ်။ ဒါပင်မဲ့ အတင်းလိုက်အလှူခံတော့ စိတ်ထဲ သိပ်မကြိုက်ချင်ဘူး။


ဘုရားကြီး အတွင်းကို တော်တော်များများ လိုက်ကြည့်ဖြစ်တယ်။ ဓါတ်ပုံတွေလည်း ရိုက်ဖြစ်တယ် ဆိုပါတော့။

ဘုရားဈေးတန်းဖက်ကိုလည်း ရောက်ခဲ့တယ်။ ဝယ်ချင်တာလေးတွေ တွေ့ပင်မဲ့ ခရီးက ဒီမှာတင်ဆုံးမှာ မဟုတ်တော့ ဝယ်ချင်တဲ့ စိတ်ကလေးကို ထိန်းထားလိုက်ရတယ်။



ဘုရားကနေ ထွက်လာတော့ မြန်မာမုန့်တွေရောင်းနေတာ တွေ့လို့ အမျိုးစုံအောင် နည်းနည်းချင်းစီ ဝယ်ပြီး ဓါတ်ပုံရိုက်ခဲ့ပြန်ပါတယ်။

ဘုရားဖူးပြီးတော့ ကျနော်တို့ မန္တလေးတောင်ပေါ်ကို ဆက်သွားခဲ့ပါတယ်။ အဲဒီကမှ တဆင့် ကောင်းမှုတော်ဘုရား၊ ရွှေနန်းတော်ကျောင်း၊ မဟာအတုလဝေယန် ကျောင်းတော်ကြီး နှင့် မြနန်းစံကျော် ရွှေနန်းတော်ကြီး တို့ ဆီကို သွားဖြစ်ခဲ့ပါတယ်။ 

လေးစားစွာဖြင့်
ရီနိုမာန်

July 24, 2012

ကျနော်နဲ့ ဦးပိန်တံတား


အမှန်တကယ်တော့ ကျနော်တို့နှစ်ယောက် ပြင်ဦးလွင်မှာ နှစ်ညအိပ်မယ်လို့ စိတ်ကူးထားခဲ့ကြတာပါ။ ဒါကလည်း အေးအေးဆေးဆေး နေချင်တာရယ်၊ ရောက်တုန်းရောက်ခိုက် ဆိုတဲ့ အခြေအနေကြောင့် နေမယ်လို့ စိတ်ကူးဖြစ်တာပါ။ သိတဲ့ အတိုင်းပဲ ခုဒါလုပ်မယ် ဆိုပင်မဲ့ ဟိုဟာလုပ်ဖြစ်နေတာမျိုး။ ခုလည်း နောက်တစ်ရက်ဆက်နေရင် အခန်းရွှေ့ရမဲ့တူတူ ခရီးစဉ် နောက်တစ်ခုကို ထပ်တိုးလိုက်တယ်။ အဲဒါကတော့ ချောင်းသာကိုသွားမယ်ဆိုတဲ့ စိတ်ကူးပေါ့။

နောက်နေ့ မနက်မှာတော့ ဟိုတယ်ကကျွေးတဲ့ နံက်စာကို မစားပဲ မနေ့ကစားခဲ့တဲ့ ဆိုင်မှာပဲ သွားစားလိုက်တယ်။ စားပြီးပြန်လာတော့ မနေ့က ခေါ်ထားတဲ့ ကားကရောက်နေပြီ။ ဒါနဲ့ ကျနော်တို့လည်း အချိန်တစ်နာရီလောက် ထပ်ယူပြီး ပစ္စည်းတွေသိမ်း၊ ရေတော့ မချိုးဖြစ်ဘူး။ အေးလွန်တာကိုး။ မန္တလေးကိုရောက်တော့ ကြိုတင်ဘိုကင်လုပ်ထားတဲ့ ၂၇လမ်းနဲ့ ၈၃လမ်းထောင့်က Silver Star Hotel မှာ တည်းဖြစ်ကြတယ်။ ပြင်ဦးလွင်က မထွက်လာခင် သေချာအောင်ဟိုတယ်ကို ဖုန်းဆက်ကြည့်တော့ ဘိုကင် လုပ်ထားတာ မရှိတော့ဘူးတဲ့။ ဟာ.... အဲဒါမှ ဒုက္ခပဲ။ ရန်ကုန်ဘက် အခြမ်းက ဖျက်လိုက်တာတဲ့။ ကိုယ်ဟာကိုယ်ပဲ ပြန်တင်လိုက်တော့ တစ်ရက်ဆို ရမယ် နှစ်ရက်ဆိုရင်တော့ မရဘူးတဲ့။ ကျနော်တို့ကလည်း တစ်ရပ်ပဲ နေမှာဆိုတော့ အဆင်ပြေတယ်။ နောက်နေ ရန်ကုန်ပြန်ဆင်းကျမှာပဲ။ ကျနော်တို့ သွားတဲ့ အချိန်ကလည်း ခရီးသွားလို့ ကောင်းတဲ့ ဆောင်းတွင်းကြီးကိုး။


မန္တလေးကိုရောက်တဲ့ အချိန်က နေ့လည်စာ စားတဲ့ အချိန်ဆိုတော့ ကျနော်တို့နှစ်ယောက် ဘာစားမလဲ။ ဘယ်မှာ သွားစားမလဲ လုပ်နေတာနဲ့ နောက်ဆုံး ဆိုက်ကယ်Taxiငှားပြီး မြန်မာထမင်းဆိုင်ကိုပဲ ပို့ခိုင်းလိုက်တယ်။ စားလို့လည်းတော်တော်လေး ကောင်းတယ်။ ဈေးကလည်း နှစ်ယောက်စားတာကို ၂သောင်းနီးပါးလောက် ကုန်သွားတယ်။ အခုချိန်မှာ အပေါဆုံးက ငွေလေ။ ဒါပင်မဲ့ သူငယ်ချင်းနှစ်ယောက် နည်းနည်းတော့ နင်သွားတယ်။ ပြင်ဦးလွင်က Woodland စားသောက်ဆိုင်မှာ စားတုန်းကတောင် ၁သောင်းသုံးထောင်လောက်ပဲ ကျတယ်ဆိုတော့ တော်တော်လေးတော့ အံ့သြသွားရတဲ့ အထိပဲ။ ဆိုင်နာမည် မမှတ်မိပင်မဲ့ စားခဲ့တဲ့ ဟင်းပွဲတွေတော့ ဓါတ်ပုံရိုက်ခဲ့မိတယ်။ 
 
ထမင်းစားပြီးတော့ ရုပ်ရှင်သွားကြည့်မယ် ဆိုပြီး ရုပ်ရှင်ရုံကို ထွက်လာခဲ့ကြတယ်။ ရုပ်ရှင်ရုံရောက်တော့ ကြည့်ရမဲ့အချိန်တွေက ကျနော်တို့ ညနေအပြင်ထွက်ရမဲ့ အချိန်နဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်နေတာကြောင့် ဟိုတယ်ပြန်ပြီး နားနေလိုက်တော့တယ်။ ညနေ သုံးနာရီလောက်မှာတော့ ရေမိုးချိုး၊ အဝတ်လဲပြီး ဦးပိန် တံတားကို သွားဖို့ ကားငှားလိုက်တယ်။ အသွားအပြန် တစ်သောင်းခွဲတဲ့။ တံတားမှာ ကြိုက်သလောက်နေလို့ ရတယ်ဆိုတော့ မဆိုးပါဘူး ပေါ့။


ဒီလိုနဲ့ ကျနော်တို့ ဦးပိန်တံတားကို ရောက်လာခဲ့ပြီ။ ဦးပိန်တံတားကို မှတ်မှတ်ရရ အခုတစ်ခေါက်မပါပဲ သုံးခေါက်လောက် ရောက်ခဲ့ဖူးတယ်။ သုံးခေါက်စလုံး တံတားကြီးပေါ် ရောက်ဖူးတယ်ဆိုယုံလောက်၊ လမ်းလျှောက်ဖူးတယ် ဆိုယုံလောက်ပဲ ရောက်ခဲ့တာ။ တံတားကို စလယ်ဆုံး မလျှောက်ဖူးခဲ့ဘူး။ ဒီတစ်ခါတော့ ဘယ်လောက်ဝေးဝေး အဆုံးထိ လျှောက်မယ်လို့ သူငယ်ချင်းနဲ့ တိုင်ပင်ပြီး စကားလေး တပြောပြောနဲ့ လျှောက်လိုက်၊ ဓါတ်ပုံရိုက်လိုက်နဲ့ပေါ့။
 
ဒါလေးကတော့ ဦးပိန်တံတားရဲ့ သမိုင်းအကျဉ်းပေါ့။ တံတားကို သစ်တိုင်တွေနဲ့ ဆောက်ထားတယ် ဆိုပင်မဲ့လည်း တစ်ချို့နေရာတွေမှာတော့ အုတ်တိုင်တွေနဲ့ အစားထိုးထားတာကို တွေ့ရတယ်။ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စပါပဲ။ လူတွေတောင် အချိန်တန်ရင် သေကြရသေးတာပဲ။ သစ်သားတွေ ဆွေးမြေ့ကုန်တာ မအံ့သြတော့ပါဘူး။ ထူးခြားတာကတော့ ခုချိန်ထိ ကျန်နေသေးတဲ့ သစ်တိုင်တွေကို ကြည့်ပြီး သူ့တို့ရဲ့ သမိုင်းအတွက် အင်းအားပြနေတယ်လို့ပဲ ကျနော်ကတော့ မြင်မိတယ်။

နောက်ဆုံး တံတားအဆုံးကိုရောက်တဲ့ အချိန်မှာတော့ နောက်ဆုံးတိုင်ရဲ့ အရည်အတွက်ဟာ ၄၁၂ တိုင်လို့ ရေးထားတာ တွေ့ရတယ်။ ဒါ တစ်ဖတ်တည်းမှာ ရှိတဲ့ တိုင်အရည်အတွက်။ နှစ်ဖက်ပေါင်းဆိုရင် ၈၂၄တိုင် ရှိတယ်လို့ ပြောလို့ရတယ်။ ဒါမျိုးတံတားကို မြန်မာပြည်မှာပဲ ရှိမယ်လို့ ကျနော်ထင်ပါတယ်။




ကျနော်တို့ ရောက်တဲ့ အချိန်က ရေကျချိန်မို့ ရေသိပ်မရှိပါဘူး။ တံတား ဟိုးဖက်ထိပ်နဲ့ ဒီဖက်ထိပ်တွေမှာတော့ စားသောက်ဆိုင် တော်တော်များများ ရှိနေပါတယ်။

အမျိုးသမီးတွေကိုယ်တိုင် ရေထဲဆင်းပြီး ပိုက်ချ ငါးဖမ်းနေတာကို တွေ့ရတော့လည်း ဓါတ်ပုံရိုက်မိပြန်ပါတယ်။

တံတားကို အဆုံးထိလျှောက်ပြီး ပြန်အလှည့်မှာတော့ ညနေ နေဝင်တော့မဲ့ အချိန်ကို ရောက်နေခဲ့ပါပြီ။ ကမ်းစပ်တစ်နေရာမှာ နိုင်ငံခြားသားတွေ လှေပေါ်တက်ပြီး ရေပြင်ကျယ်ဘက်ကို ထွက်ထွက်သွားတာကို သတိထားမိတယ်။  စိတ်ထဲထင်တာ လှေမစီးဖူးလို့ လှေလိုက်စီးတယ်လို့ပဲ ထင်မိတာပေါ့။


တံတားပေါ်မှာ နားနေလို့ရမဲ့ ဇရပ် နှစ်နေရာ လုပ်ထားပေးတယ်။ အသွားကတည်းက တွေ့ခဲ့တဲ့ ကြွေဗေဒင်ကို အပြန်မှာတော့ ဝင်မေးခဲ့တယ်။ ကျနော် မေးတာတော့ မဟုတ်ဘူး။ သူငယ်ချင်းက မေးတာ။ အပို တစ်ခေါက် ဟောပေးမယ်ဆိုတဲ့ အခါကျမှ ကျနော် ကြွေချဖြစ်တာ။ အဖြေကတော့ ဒါမျိုးလေး ဆိုတော့ သဘောတွေ ခွေ့တော့တာပေါ့။

ခုဏက ပြောတယ် မဟုတ်လား။ လှေသွားစီးကြတဲ့ နိုင်ငံခြားသားတွေလေ။ ခုမှ သဘောပေါက်တော့တယ်။ နေဝင်ချိန်ကို စောင့်ပြီး ဦးပိန်တံတားရဲ့ အလှကို စောင့်ရိုက်ကြတာ။ ဟုတ်မှာပါ။ နေဝင်တဲ့ အချိန် ဦးပိန်တံတားရဲ့ အလှဟာ ကျနော့်ကိုတော့ ငေးမောစေလောက်အောင် ဖြစ်ခဲ့ရတယ်။ ဒီလို သဘာဝ အလှမျိုး ကိုယ်နေတဲ့ မြန်မာပြည်မှာ ရှိနေပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်ရတဲ့ အတွက် အရမ်းဂုဏ်ယူပါကြောင်း ပြောရင်း ဒီပို့စ်လေးကို ဒီမှာ ခဏရပ်လိုက်ပါအုံးမယ်။








လေးစားစွာဖြင့်
ရီနိုမာန်      

July 19, 2012

အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်များ အားလုံးကို ဒီနေရာကနေ ( ဒီပိုစ့်လေး)နှင့် လေးစားစွာ အလေးပြုလိုက်ပါသည်။

ကျနော်တို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း
ရှိများရှိနေခဲ့ရင်..........

ဒီ ၆၅နှစ်ဆိုတဲ့ ကာလမှာ
မြန်မာဆိုတာ.........

အကျင့်မကောင်းပဲ အဒွန့်ရှည်နေကြတဲ့
နေရာမှာ
ဘုန်းကြီးပြီး အသက်မရှည်ခဲ့ရတဲ့
ဗိုလ်ချုပ်အောင်ဆန်း သာဆိုလျှင်.............


လေးစားစွာဖြင့်
ရီနိုမာန်

July 18, 2012

ပြင်ဦးလွင်ရောက် လူမိုက်

 တော်တော်လေး အဆက်ပျက်သွားခဲ့တယ်။ ခရီးသွားပို့စ်ရေးနေရင်းနဲ့ အလုပ်မအားတာကြောင့် ဘာမှ ဆက်မလုပ်ဖြစ်ဘူး။ ဒီပို့စ်မှာတော့ ပုံတွေ တော်တော်များများကို တင်လိုက်မိတယ်။ ပုံတွေအကုန်လုံး ကျနော်ကိုယ်တိုင်ရိုက်ထားတာပါ။ 

ကျနော်တို့ ညနေပိုင်း လေးနာရီလောက်မှာ ရထားလုံနဲ့ ပန်းခြံကို ထွက်လာခဲ့တယ်။ ဟိုတယ်ကနေ ပန်းခြံ၊ ပန်းခြံကနေ မြို့ထဲ နာရီစင်ထိကို ခြောက်ထောင်ပေးရတယ်။ ပန်းခြံမှာလည်း အကြားကြီးစောင့်ပေးတယ်။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် အကြာကြီးမှ အကြာကြီး အေးအေးဆေးဆေး လမ်းလျှောက်ပြီး မှောင်လောက်ပြီး ဆိုမှ ပန်းခြံထဲက ပြန်ထွက်လာခဲ့ကြတယ်။ ညနေပိုင်း ထွက်လာတုန်းက ရာသီဥတုက သိပ်တော့ မအေးသေးဘူး။ ဒါကြောင့် ကျနော် ဘောင်းဘီအတိုကိုပဲ ဝတ်လာခဲ့တာပေါ့။ အခုချိန်ထိတော့ ဘာမှ ပြဿနာ မရှိသေးဘူး။ နာရီစင်နားက ညဈေးမှာ ကျနော်တို့ ညစာစားကြတယ်။ စားလို့ သောက်လို့ ပြီးတော့ လူတွေက လမ်းမလျှောက်ချင်တော့ဘူး။ ဒါနဲ့ ဆိုက်ကယ်TAXI ငှားပြန်တာပေါ့။ ခုနက လှချင်လို့ ဝတ်လာတဲ့ ဘောင်းဘီတိုက ဒုက္ခကို လှလှ ပေးတော့တာပေါ့။ ပြင်ဦးလွင်ရဲ့ ဆောင်းတွင်းညချမ်းကို ကောင်းကောင်းကြီး ခံလိုက်ရတယ်။ ဆိုက်ကယ်မောင်းတဲ့ အကိုကြီးကို ဖြေးဖြေးမောင်းပါလို့ ပြောရတဲ့ အထိပါပဲ။ ဆိုက်ကယ်မောင်းတဲ့ အကိုကြီးကလည်း ကျနော်တို့ အားပေးစကား ပြောပါတယ်။ " မင်း လူမိုက်ပဲတဲ့ " 
























ဒီပို့စ်မှာ ပါတဲ့ ပုံတွေကို ကျနော်ကိုယ်တိုင် ကန်တော်ကြီး ဥယျာဉ်ပန်းခြံထဲမှာ ရိုက်ခဲ့တာဖြစ်ပါတယ်။ ပုံတွေများသွားလို့ စာများများ မရေးတော့ပါဘူး။ ပြင်ဦးလွင်ကမှ တဆင့် မန္တလေးကို ပြန်ဆင်းလာခဲ့ကြပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်