September 23, 2011

ကန့်ကွက်ပါသည် ( မြစ်ဆုံစီမံကိန်း)


ကာတွန်း ဆရာဟာဂျူလီရဲ့ ကာတွန်းဖြစ်ပါတယ်။ ဒီပုံလေးကြည့်ပြီး ကျနော်ကိုယ်ကျနော် ပြန်မေးကြည့်လိုက်တယ်။ ကျနော် ဘယ်နေရာမှာ ရှိနေလဲပေါ့။ ကျနော့်ကို ကျနော် ပြန်မေးကြည့်လိုက်သလို မြန်မာနိုင်ငံမှာမွေး မြန်မာပြည်မှာကြီး မြန်မာသွေး ရှိနေကြသေးတဲ့ မြန်မာလူမျိုးအားလုံးကို ကျနော် ဒီနေရာကနေ မေးလိုက်ပါတယ်။ သင့်တို့ကော ဘယ်နေရာမှာ ရှိနေပါသလဲ။

ကျနော် ကတော့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားဖို့ အပြည့်အဝ ကန့်ကွက်ပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

September 15, 2011

ဒီမိုကရေစီ နှင့် ဧရာဝတီ

ဒီမိုကရေစီ ........ ။ ဒီစကာလုံးကို ကျနော်သိကျွမ်းနေခဲ့တာ ကြာခဲ့ပါပီ။ ဒါပင်မဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုလည်း  သေသေချာချာမသိဘူး။ သိအောင်လည်း ကျနော် မကြိုးစားခဲ့ဘူး။ အခုဒီစာရေးနေလို့ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ကို သိလိုရေးနေပီလို့လည်း မထင်လိုက်ပါနဲ့။ အခုချိန်ထိ မသိသေးပါဘူး။ ဒီအသက်အရွယ်ရောက်နေပီ ဒါတောင်မသိဘူးလားလို့ အပြစ်တင်ရင်လည်း ကျနော်ကျေကျေနပ်နပ် ခံယူပါတယ်။ သိသလို တက်သလိုတော့ ကျနော် တက်ယောင်ကာ မလုပ်ချင်ပါဘူး။ မသိဘူးပြောလိုက်လို့လည်း ကျနော် မရှက်ပါဘူး။ ကဲ .. ရှိပါစေတော့။ ပြောချင်တဲ့ စကားမရောက်ပဲ ဖြစ်နေပါအုံးမယ်။

ကျနော်သတိထားမိတာ တစ်ခုရှိတယ်ဗျ။ အဲဒါဘာလဲ ဆိုတော့ အနောက်နိုင်ငံမှာ နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ သမ္မတကို ပစ်ပစ်နစ်နစ် ဝေဖန်တာကို ကျနော်ကြားဖူးတယ်။ စာတွေမှာလည်း ကျနော်ဖတ်ဖူးတယ်။ သိပ်ဘောကျတာပဲ။ ကျနော်ရဲ့ ကလေးအတွေးနဲ့ ကျနော်တွေးဖူးတယ်။ သူတို့တွေတော့ အဖမ်းခံရတော့မှာပဲလို့ ကျနော်တွေးဖူးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့နိုင်ငံမှာ နိုင်ငံတော် အစိုးရကို မကောင်းပြောလို့မရဘူးလေ။ ပြောခဲ့ရင်တော့ အနည်းဆုံး အင်းစိန်မှာ ဧည့်စရင်း တိုင်စရာမလိုပဲ နေရမှာကိုး။  တကယ်မသိလို့ လည်း ကျနော်ထပ်သိတက်နားလည်တဲ့ အကိုတွေ အမတွေကိုလည်း ကျနော်မေးကြည့်တော့မှ အဖမ်းမခံရပါဘူး ဆိုတာ သိရတယ်။ ဘာဖြစ်လို့လည်းပေါ့။ ဒါ ဒီမိုကရေစီ နိုင်ငံဖြစ်လို့တဲ့။ ဒီမိုကရေစီ နိုင်ငံဖြစ်တာနဲ့ နိုင်ငံအုပ်ချုပ်မင်းလုပ်နေတဲ့ သမ္မတကို ပြောခွင့်ရှိတာပဲလား။ ရှိတာပေါ့ ။ သမ္မတ ဆိုတာ ပြည့်သူတွေက သဘောကျလို့ တင်ထားတဲ့ မင်း။ မင်းနဲ့ ပြည်သူက တသွေးထဲတသားထဲ ရှိကိုရှိနေရမှာ။ 

ဒါဆို ကျနော်တို့ မြန်မာနိုင်ငံကြီးလည်း ဒီမိုကရေစီ ရလာခဲ့ရင် အဲဒီအခွင့်အရေး အပြည့်အဝရရမှာပေါ့နော်။ သမ္မတနိုင်ငံတော် ဖြစ်တဲ့ အတွက် သူတစ်လူငါတစ်မင်း ပြုလို့မရတော့ဘူးပေါ့။ ပြည်သူရဲ့ သဘောထားဟာ မြန်မာပြည်ရဲ့ သဘောထားပါပဲ။ ပြည်သူ့ဖက်မှာ သမ္မတဆိုတာ ရှိနေသင့်တာပေါ့။ ဒါပင်မဲ့ဗျာ အခုကြားနေ မြင်နေ သိနေရတာကတော့ တစ်ခြားစီ ဖြစ်နေပြန်ပါတယ်။ သမ္မတ နိုင်ငံတော်လို့ ဆိုနေပင်မဲ့ သမ္မတနိုင်ငံနဲ့ တူတဲ့ အခွင့်အရေးတွေရော အပြည့်အဝရသေးရဲ့လား။ ပြည်သူတွေမှာရော ဘာများပြောဆို လုပ်ပိုင်ခွင့်တွေ ရှိနေပီလဲ။ အခုခြေအနေအရတော့ ဘာမှ မရသေးပါဘူးလို့ ကျနော် တစ်ဦးတစ်ယောက်ရဲ့ ခံစားမှုဖြင့် မြင်မိပါတယ်။

 ကျနော့် ထင်မြင်ချက်မှားကောင်းမှားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော် နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာမှနားမလည်ပါဘူး။ ဒီမိုကရေစီဆိုတဲ့ အဓိပ္ပါယ်ကို ကျနော် ကောင်းကောင်းမသိပါဘူး။ ဘာမှမသိပဲ ဘာမှနားမလည်ဘဲနဲ့များ ရေးနေသေးတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ လူတိုင်း လူတိုင်းမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ်။ ကျနော်ဘာမှ မသိလို့၊ ဘာမှ နားမလည်လို့ ဘာမှ မခံစားတက်လို့ ဘာမှ မလုပ်ရဘူးဆိုရင် လူတစ်ယောက်ရဲ့ ခံစားချက်ကို ချပြနိုင်ခွင့်ရနိုင်ပါ့အုံးမလား။  လူတစ်ယောက်ရဲ့ အခွင့်အရေးဆိုတာကရော ရှိနိုင်ပါ့အုံးမလား။ လူ့ အခွင့်အရေးဆိုတာ ဘာလဲ။

အမြင်ဆိုတာကလည်း ရှုထောင့်အမျိုးမျိုးကနေ မြင်ကြည့်မှလည်း ဘက်စုံလိုအပ်ချက်ကို မြင်နိုင်မှာပဲ မဟုတ်လား။ အခုတစ်လော ဖြစ်နေတဲ့ ဧရာဝတီ ရောဂါဆန်း ( ဝံချီး ဇော်မင်း ပြောစကား) ကို ကျနော် သတိထားမိတယ်။ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နိုင်ငံအရပ်ရပ်မှာ ရှိကြတဲ့ ပြည်သူတွေကရော၊ ပြည်တွင်းက ပြည်သူတွေ အနုပညာရှင်တွေကရော ဆက်မတည်ဆောက်ဖို့ ကန့်ကွက်နေကြတယ်။   ဒီကန့်ကွက်နေတဲ့ အကြောင်းအရာကို သမ္မတဆီ ရောက်မရောက်တော့ ကျနော်လည်း မပြောတက်ဘူး။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ ( သူ့ကိုယ်သူ) ခံယူထားတဲ့ လူတစ်ယောက် ( ဝံချီး ဇော်မင်း )ကတော့ သတင်းစာရှင်းလင်းပွဲ လုပ်ပီး ဘယ်သူတွေ ဘာပြောပြော ဒီစီမံကိန်းကို ဆက်လုပ်မှာပဲလို့ ဟစ်ကြွေးသွားခဲ့တယ်။ 

ကျနော်တစ်ခု တွေးကြည့်မိတယ်။ ဒီမိုကရေစီ နိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒက အဓိက မဟုတ်လား။ ပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်မပြုပဲ ငါထင်ရာ ငါလုပ်တယ်လို့ ဘာဖြစ်လဲဆိုတဲ့ သဘောကို ဆောင်နေမှတော့ ဒါဟာ ဒီမိုကရေစီ နိုင်ငံမှ ဟုတ်ပါလေစ။ ပြည်သူနဲ့ တစ်သွေးထဲတစ်သားထဲ ရှိနေပါတယ်ဆိုတဲ့ သမ္မတကြီးကရော ဘယ်ရောက်နေလဲ။ သူကရော အလိုတူ အလိုပါ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ပီး လက်ခံပေးနေမှာလား။ အခုချိန်မှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာခဲ့ရင်ရော သမ္မတကြီးက လက်နက်အားကိုးနဲ့ ဖြေရှင်းအုံးမှာလား။ 

အခုချိန်မှာ ကျနော်ဖြစ်ချင်နေမိတဲ့ ဆန္ဒပေါ့ဗျာ။ ဘယ်အချိန်က ကြည့်ခဲ့ကြည့်ခဲ့ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ မရှိသလောက်ပါပဲ။ အခုချိန်မှာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ အမိဧရာဝတီရဲ့ အသက်ကိုကာကွယ်ချင်နေကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဥပက္ခာမပြုပဲ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ ပြည်သူတွေရဲ့ ဆန္ဒကိုတော့ တစ်ခေါက်ဖြစ်ဖြစ် အသိအမှတ်ပြုသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါမှလည်း ဒီမိုကရေစီ နိုင်ငံပီသမယ်လို့ ကျနော်ထင်မြင်မိပါတယ်။ 

ကျနော်တို့ရဲ့ ကြွေးကြော်သံတွေ ဘယ်လောက်ပဲ ပဲ့တင်ထပ်နေပါစေ ကိုယ့်မြင်းကိုဆိုင်း စစ်ကိုင်းရောက်ရောက် လို့ တွေးထင်ထားခဲ့မယ်ဆိုရင်တော့ ၊ ကံဇာတာ ဂြိုလ်စီးလို့ ကိုယ့် -ီးကို မြွေမှတ်လို့ ထမပြေးမိကြပါစေနဲ့လို့  ပြောလိုက်ချင်မိပါတော့တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။      ။ လွတ်လပ်စွာ ဝေဖန်နိုင်ပါသည်။

September 6, 2011

သောင်ပြင်ပေါ်မှာ နားလှည့်ပါ

အချိန်တွေ ကုန်မြန်လိုက်တာ။ ဖြစ်နိုင်ရင် ကုန်လွန်သွားတဲ့ ၁၅နှစ်လောက်ကို ဗွီဒီယိုအခွေ ရစ်သလိုမျိုး ပြန်ရစ်ပစ်လိုက်ချင်ပါသည်။ ဘယ်အတွက်ကြောင့်များ အချိန်ဆိုတာကြီးကို တွေးနေမိပါလိမ့်။ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကရော ဘာတွေများ ပျော်ရွှင်စရာကောင်းခဲ့လို့လဲ။ ဘဝမှာ လူရယ်လို့ ဖြစ်လာတဲ့ အချိန်ကစလို့ ကျနော်မှာ ဘာများ ကျေနပ်ပျော်ရွှင်စရာတွေ ရှိခဲ့ဖူးလို့လဲ။ လောကအလယ်ကို ရောက်လာခဲ့တယ်။ အဖေဆိုတာ ဘယ်သူလဲ။ အမေဆိုတာကရော ဘယ်မှာလဲ။ သူတို့တွေ ကျနော့်ကို ဘာလို့ လောကအလယ်မှာ မျက်နှာငယ်အာင် လုပ်ရက်ကြတာလဲ။ တွေးတွေးပြီး ကျလာတဲ့ မျက်ရည်တွေကို မသိဖာသာ သုတ်လိုက်မိတယ်။

ကျနော်ကိုမွေးစားတဲ့ ကျနော့်ရဲ့အမေကို ကျနော်အကြောင်း မေးကြည့်ဖူးတယ်။ အမေက ဘာပြောလဲ ဆိုတော့ သိချင်လို့လားတဲ့။ ဘယ်နှယ်မေးလိုက်ပါလိမ့် အမေရယ်။ ကိုယ့်အဖေနဲ့ ကိုယ့်အမေ ဘယ်သူဘယ်ဝါဆိုတာလောက်တော့ ကျနော်မသိသင့်ဘူးလား။ ကျနော့်စိတ်ထဲက ပြန်ပြောနေမိပင်မဲ့ အပြင်မှာတော့ မွေးစားအမေကို ခေါင်းလေးတစ်ချက်လောက်ပဲ ညိတ်ပြလိုက်မိတယ်။
ကျနော့်မွေးစားအမေက ကျနော့်ကို ပညာတက်ကြီးဖြစ်အောင် မထားနိုင်ပင်မဲ့ သေစာရှင်စာ ဖတ်တက်အောင်တော့ ကျနော်ကိုသင်ပေးထားတယ်။ ဒီထက်လည်း ကျနော် မသင်ချင်ဘူး။ လောကမှာ ကျနော့်အတွက် ဘယ်အရာမှ ကောင်းကောင်းကန်ကန် ဆိုတာ ဘာရှိလို့လဲ။ သေစာရှင်စာ လောက်တက်တယ် ဆိုပင်မဲ့ ကျနော် လူရိုင်းစိုင်းတစ်ယောက် မဟုတ်ခဲ့ဘူး။ လူရိပ်လူကဲ နားမလည်ပင်မဲ့ လူအမြင်ကပ်အောင် ကျနော်မနေခဲ့ဘူး။ ဒါတွေဟာ ကျနော့်အတွက် ကျနော်ဘဝအတွက် အကောင်းဆုံး ဆိုတဲ့ အရာတွေပဲ။

တစ်ခါတစ်ခါ မွေးစားအမေက ကျနော့်ကို စိတ်ကူးပေါက်ရင် .... သားရေ ဖြစ်ပီတာကိုလည်း မစဉ်းစားနဲ့ ဖြစ်လာမဲ့ အရာတွေကိုလည်း ကြိုမတွေးနဲ့၊ အခုလက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင်နေလို့ ...... ခဏခဏပြောဖူးတယ်။ အမေ့ရဲ့ စကားတွေ နားရည်ဝနေပင်မဲ့ ကျနော်ရဲ့ မသိစိတ်ကတော့ အမေပြောနေတဲ့ စကားတွေရဲ့ အနောက်ကိုသာ လိုက်နေမိတယ်။ ကျနော့်ရဲ့ အဖေအရင်း အမေအရင်းဘယ်သူတွေလဲ ကျနော်မသိချင်တော့ဘူး။ သူတို့တောင် ကျနော့်ကို ထားသွားသေးတာပဲ။ ကျနော်ကရော ကျနော့်ကို ထားသွားတဲ့ အဖေအရင်း အမေအရင်းတွေ ကိုလွမ်းနေရအုံးမှာလား။

ကျနော်ငယ်ငယ်တုန်းက မှတ်မိသေးတယ်။ ရပ်ကွက်ဗွီဒီယိုရုံမှာ မြန်မာဇာတ်လမ်း တစ်ခုသွားကြည့်ဖူးတယ်။ တစ်ခါဆို တစ်ခါလောက်ပဲ အမှတ်ရစေခဲ့တယ်။ အဲဒီနောက်ပိုင်းကျနော် ဘာဇာတ်လမ်းမှ မကြည့်ဖြစ်တော့ဘူး။ ဇာတ်လမ်းထဲမှာက မွေးစားအမေကို စိတ်ဆင်းရဲအောင်လုပ်ပြီး အဖေအရင်းအမေအရင်း ကိုလိုက်ရှာဖို့ ထွက်လာတဲ့ အခန်းရောက်တော့ ကျနော်ဆက်မကြည့်တော့ဘူး။ ရုံအပြင်ကို ထွက်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ ပစ်ပစ်နစ်နစ် တစ်ခွန်းပဲ ပြောချလိုက်မိတယ်။ ...... အရူးတွေ....လို့။

လူ့လောကထဲကိုရောက်လာကတည်းက တစ်ယောက်တည်းပါ။ အခုလည်း ကျနော်တစ်ယောက်တည်းပါ။ ရှေ့ဆက်ပြီးတော့လည်း ကျနော်တစ်ယောက်တည်းပဲ ဖြစ်အုံးမှာပါ။ ကျနော်နဲ့ခရီးတစ်ဝက်အထိ အတူရှိနေပေးခဲ့တဲ့ ကျနော့်ရဲ့မွေးစားအမေကလည်း ကျနော့်ကို ထားသွားခဲ့ပါပြီ။ အမေ့ရဲ့ နောက်ဆုံးခရီးမှာ အမေ့ကို ကျနော် နောက်ဆံမတင်းစေချင်တော့ပါ။ အမေ ကောင်းရာဘုံဘဝမှာ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင် ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်ပါတော့တယ်။


လေးစားစွာဖြင့်
ရီနိုမာန်

September 5, 2011

မေ့အတွက် တေးတစ်ပုဒ်

တိမ်တွေလည်း ညိုနေပြီ မေ.......။

ကောင်းကင်မှာရှိတဲ့ အလှတရားတွေလည်း
တစ်စတစ်စ ပျက်ယွင်းစ ပြုနေပြီ မေ........။

ကမ္ဘာမြေထုကြီးလည်း ပူနွေးလာပြီးလို့ ပြောနေကြပြီ မေ.......။

၂၀၁၂ ရောက်လို့ ကမ္ဘာကြီး ပျက်ဆီးသွားမှာကို မောင် မကြောက်ပါဘူး မေ.......။

မေနဲ့ နှစ်ချီဝေးနေရတဲ့ ဝေဒနာကို မောင်ကြောက်နေမိပြီ မေ.......။

ဘယ်အရာတွေ ဘယ်လိုပဲ ရှိနေပါစေ မောင့်အနားမှာ မေရှိနေဖို့သာ လိုအပ်တာပါ။

မေ့ရဲ့ရင်ခုန်သံတိုင်းကို မောင် ကြားချင်တယ်။

မေ့ရဲ့ အိမ်မက်တွေထဲမှာလည်း မောင် ရှိနေချင်တယ်။

မေ့ရဲ့ ရင်ခွင်ထဲမှာလည်း မောင် မှေးစက်နားခိုချင်မိပြီ။

မောင် လောဘများကြီးသွားပြီးလား မေ.......။

လေးစားစွာဖြင့်
ရီနိုမာန်

September 4, 2011

အဝေးဆုံးမှ အနီးဆုံးသို့

အခုတစ်လော ကျနော် အလုပ်ကလည်း မအား၊ ကွန်ပျူတာကလည်းပျက် ဆိုတော့ စာရေးဖို့ နေနေ ဘာမှကို ကောင်းကောင်း မလုပ်ပဲ အလုပ်ထဲပဲ စိတ်နှစ်ထားလိုက်ပါတော့တယ်။ သြဂုတ်လ ၃၁ ရက်နေ့ကို ဘလောဂ့်တော်တော်များများမှာ ဘလောဂ့်နေ့ အဖြစ် ရေးထားတာတွေတွေ့တော့ ကျနော်လည်း ရေးချင်နေမိတယ်။ အလုပ်သာ လုပ်ချင်တာ အလုပ်တော့ မရှာဘူး။ ထိုင်နေလို့ အလုပ်ရမှာမှ မဟုတ်တာ။ ခုလည်း ရေးသာရေးချင်နေမိတာ ရေးဖို့အတွက် စိတ်က မရှိဘူး ဆိုသလို ဖြစ်နေတယ်။

စာမရေးတာကြာတော့လည်း ကိုယ့်အိမ်လေးကိုယ်ကြည့်ပြီး စိတ်မကောင်းတောင် ဖြစ်မိတယ်။ ကိုယ်ကလည်း စာရေးတဲ့ အလုပ်နဲ့ အသက်မွေးနေတာ မဟုတ်သလို၊ စကားတောင်လှအောင်မပြောတက်တာ စကားလုံးလှလှ ထွက်ကျလာဖို့ ကျနော်အတွက် မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း စာတစ်ပုဒ်ဖြစ်လာဖို့ ကျနော်အတွက် ခက်ခဲလှပါတယ်။

ဝါသနာကြောင့် စာရေးနေပင်မဲ့ ကျနော်စာရေးဆရာ မဟုတ်ပါ။ ထို့အတူပဲ ဘလောက်စပေါ့မှာ စာရေးနေလို့ ကျနော် ဘလောဂ့်ဂါလည်း မဟုတ်ရပါဘူး။ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားအရ လူတိုင်းလူတိုင်းမှာ ကိုယ်ဆီအတွေ့အကြုံ ဆိုတာရှိကြစမြဲပါ။ ကိုယ်ပိုင်အတွေ့အကြုံလေးကို ပြန်လည် ခံစားထားခြင်းသာဖြစ်ပါတယ်။

စာရေးကောင်းတဲ့ ညီအကိုမောင်နှစ်မများရဲ့စာတွေကို ဖတ်ရတဲ့အခါ အားကျလေးစားမိပါတယ်။ သူတို့လိုပဲ ငါလည်း ရေးတက်ချင်လိုက်တာလို့ အားကျတဲ့ စိတ်ဖြစ်မိပါတယ်။ အားကျလို့ လိုက်ရေးမိပါတယ်။ ဟင်းပွဲ တစ်ပွဲမှာ ဆားမထည့်ရင် စားလို့မကောင်းပဲ ပေါ့နေမှာပါ။ ကျနော်ရေးလိုက်သော စာများမှာလည်း ဆားမပါတဲ့ ဟင်းတစ်ပွဲနဲ့ တူနေပါတယ်။ ဒါကြောင့် စားလို့ကောင်းတဲ့ ဟင်းတစ်ပွဲဖြစ်လာအောင် ကျနော်အနေနဲ့ အများကြီးကြိုးစားရအုံးမှာ ဖြစ်ပါတယ်။
ကျနော် ဘလောဂ့်ဆိုတာကြီးကို သိတဲ့ အချိန်တုန်းက အရမ်းကိုပျော်ဖို့ ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခင်မင်ခဲ့ရတာလည်း တကယ့်ကို မောင်နှမအရင်းအခြားများ အတိုင်းပါပဲ။ ဘယ်အရာမှ မမြဲဘူးဆိုတာ သိထားကြတဲ့ အတိုင်းပါပဲ ပျော်စရာလို့ ထင်ထားတဲ့ အရာတွေဟာ တဖြေးဖြေးနဲ့ ပျောက်ဆုံးသွားခဲ့ပါတယ်။ ခင်မင်စရာကောင်းတဲ့ ညီအစ်ကိုမောင်နှမများ တစ်ချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျောက်ပျောက်သွားကြပြန်ပါတယ်။

အစပိုင်းတော့ စိတ်မကောင်းဖြစ်မိပင်မဲ့ ဒါဟာ မမြဲတဲ့ တရားဆိုတာကို ကျနော်ကိုယ်တိုင် နားလည်လာတဲ့ အချိန်မှာတော့ တဖြေးဖြေးနဲ့ အဝေးဆုံးကို ရောက်နေတဲ့ လူတွေ စရင်းမှာ ကျနော်ဟာ ထိပ်ဆုံးမှာ ပါဝင်လို့လာခဲ့ပြန်ပါတယ်။ အဝေးဆုံးမှာ နေရင်းနဲ့ အနီးဆုံးရောက်ဖို့ ကြိုးစားလိုက်ပါအုံးမယ်။

လေးစားစွာဖြင့်
ရီနိုမာန်