March 6, 2017

ဘဝတွေက ခါးတယ်

အခန်း   ( ၁ )


လာ.. ညီမလေး ထိုင်... အစ်ကိုတို့က ညီမလေး မလာတော့ဘူးထင်နေတာ....

ချိန်းထားတဲ့အချိန်ထက် နှစ်နာရီတောင် နောက်ကျတာဆိုတော့လေ.... နောက်တစ်နာရီလောက်မှ ညီမလေး မလာတော့ဘူးဆိုရင် အစ်ကိုတို့လည်း အပြင်သွားတော့မလို့.... 

ကဲ ... ခုတော့ ညီမလေး ရောက်လာပြီးဆိုတော့ ပြောထားတဲ့အတိုင်းပဲ မိတ်ကပ်စလိမ်းလိုက်ကြရအောင်....

ကျွန်မ နာမည်က သင်းသင်း။ အလုပ်က အရောင်းဝန်ထမ်း။ အိမ်မှာက အဖေရယ်၊ အမေရယ်၊ ညီမလေးနှစ်ယောက်နဲ့ မောင်လေး တစ်ယောက် ရှိတယ်။ အဖေက ဆိုက်ကားနင်းတယ်။ အမေကတော့ အဝတ်လိုက်လျှော်တယ်။ညီမလေးနှစ်ယောက်နဲ့ မောင်လေးကတော့ ကျောင်းနေတယ်။ ကျွန်မကတော့ ၈တန်းနဲ့ကျောင်းထွက်ပြီး အိမ်စရိတ်ရဖို့ အရောင်းဝန်ထမ်း အလုပ်ကိုလုပ်နေတာ။ ၈တန်းအောင်လောက်နဲ့ အလုပ်ရဖို့ ဒီခေတ်ကြီးထဲမှာ မလွယ်မှန်း ကျွန်မသိပါတယ်။ ဒီအရောင်းဝန်ထမ်း အလုပ်ရဖို့ ကျွန်မတို့လမ်းထဲက အစ်မတစ်ယောက်ရဲ့ အကူအညီနဲ့ ရခဲ့တာ။ 

ညီမလေး...... အသံလာရာကို ကျွန်မလှမ်းကြည့်လိုက်တော့ ကျွန်မရှေ့ကို စာအိတ်လေး တစ်အိတ် ထိုးပေးလာတယ်။

ဒါ... ဒီနေ့အတွက် ညီမလေး လုပ်အားခ ငါးသောင်း ......

ကျွန်မ စာအိတ်ကို ကိုင်ပြီး ဝမ်းသာလွန်းလို့ လက်တွေတောင် တုန်နေတယ်။ ဒါပင်မဲ့ ကျွန်မ အိမ်ပြန်နောက်ကျလို့ မဖြစ်ဘူး။ အချိန်ကကော အစ်ကိုလို့ ကျွန်မ လှမ်းမေးလိုက်တော့.......

အများဆုံး ကြာ ၂ နာရီလောက်ပဲ ညီမလေး...... ဘာမှစိတ်မပူနဲ့ အွန်လိုင်းမှာ အစ်ကိုတို့ ပြောထားတဲ့ အတိုင်းပဲ... ဘာမှမပြောင်းလဲဘူး....... ညီမလေးလည်း စိတ်ထဲ ဘာမှ စိုးရိမ်မနေနဲ့..... ဟုတ်ပြီလား......

ဘာပဲပြောပြော ကျွန်မလက်ထဲ ပိုက်ဆံ ရနေခဲ့ပြီ။ ကျွန်မပျော်တယ်။ အိမ်မှာ လိုအပ်တဲ့ အိမ်စရိတ်ကို ကျွန်မနိုင်သလောက် ပိုကူညီနိုင်တော့မယ်။ ဒီပိုက်ဆံတွေ ဘယ်ကရလဲလို့ အမေ မေးရင် ဒုက္ခ...။ ကျွန်မ ဘယ်လို ပြန်ဖြေရမလဲ။ သူငယ်ချင်းဆီက ချေးခဲ့တယ်လို့ပဲ ပြောလိုက်မယ်။ ဒါဆို အမေယုံသွားနိုင်တယ်။ ဒီလိုပဲ ခဏခဏ ကျွန်မ ချေးပေးနေကျဆိုတော့....။

ညီမလေး အဆင်သင်ဖြစ်ရင် ရိုက်လိုက်ကြရအောင်...... တော်ကြာ ၂ နာရီကျော်သွားလို့ အပိုချိန်အတွက် ထပ်ပေးနေရအုံးမယ်.......ဟားဟားဟား

ဟာ မဟုတ်တာပဲ အစ်ကိုရယ် ရပါတယ်....... ....။

ကျွန်မ ခုမှပဲ စိုးရိမ်နေတဲ့ စိတ်ကလေး နည်းနည်း သက်သာရာ ရလာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမသိတဲ့ တစိမ်း ယောက်ျားလေးတစ်ယောက် ချိန်းတဲ့ဆီကို သွားရင်ကောင်းမလား မသွားရင်ကောင်းမလား လွန်ခဲ့တဲ့ တစ်နာရီလောက်ကအထိ  ဝေခွဲမရဖြစ်နေခဲ့တာ။ ဒါမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်လိုက်မယ်ဟာ...။ အခြေအနေ သိရတာပေါ့။ အလုပ်ကလည်း နေ့တပိုင်း ခွင့်ယူထားပြီးပြီ။ ပေးထားတဲ့ လိပ်စာအတိုင်း လာသာလာခဲ့ရတာ။ ဟုတ်ပါ့မလား အဆင်မှပြေပါမလား။ တစ်ခုခုဆို ဒုက္ခလို့ တွေးနေခဲ့တဲ့ ကျွန်မစိတ်တွေ အခုလို အလုပ်ရှင် အစ်ကိုရဲ့ စနောက်သံ ကြားလိုက်ရမှပဲ ဟင်းချနိုင်တော့တယ်။

ကဲ.... ညီမလေး ဒီနေ့ လာတာ နောက်ကျတာက လွဲရင် အားလုံးအဆင်ပြေတယ်..... ညီမလေး မျက်နှာနဲ့ အစ်ကိုလိုချင်တဲ့ ပုံစံနဲ့ ကိုက်တယ်.... အစ်ကိုတို့ ပစ္စည်းက အခုမှ ဈေးကွက်ထဲ စဝင်မှာဆိုတော့ အချိန်တော့ နည်းနည်းပေးရအုံးမယ်......

ပစ္စည်းအသစ်တွေ ထပ်ရောက်လာရင် ညီမလေးကို ထပ်ပြီး ဆက်သွယ်လိုက်မယ်... ကူညီပေးအုံးနော်.....

ဟုတ် အစ်ကို စိတ်ချပါ........ အဲဒါဆို ကျွန်မကို ပြန်ခွင့်ပြုပါအုံးနော်.......

ကောင်းပါပြီဗျာ ထပ်တွေ့မယ် ညီမလေး...........

ကျွန်မ ခုနက စာအိတ်လေးကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး လာတုန်းကပါလာတဲ့ ဆွဲခြင်းကို.ယူပြီး လေးလွှာကနေ ဆင်းလာခဲ့လိုက်တယ်။ လကုန်ရက်တိုင်း ပုံမှန်လစာ ရှိနေပင်မဲ့ မလောက်မငဖြစ်နေတာ ကျွန်မကိုယ်တိုင်အသိပါ။ အဖေရယ်၊အမေရယ် ကျွန်မရယ် သုံးယောက်ပေါင်းဝင်ငွေက အိမ်သုံးစားဝတ်နေရေးနဲ့ အငယ်သုံးယောက်ရဲ့ ကျောင်းစရိတ်နဲ့တင် လည်နေတာ။ အဖေ့ကိုလည်း သနားတယ်။ အမေ့ကိုလည်း သနားတယ်။ အဖေနဲ့အမေ ပင်ပန်းနေကြပြီ။ ဒါပင်မဲ့ ကျွန်မလည်း ဘယ်လိုမှ မကူညီနိုင်ဘူး။ ကူညီချင်တဲ့ စိတ်ပဲ ရှိနေခဲ့တာ။ ကျွန်မခွန်ကျွန်မအားနဲ့ ပိုက်ဆံများများလည်း မရှာနိုင်ခဲ့ဘူး။ ခုတော့ ၂နာရီလောက်ကလေး အလှဓါတ်ပုံ ရိုက်ပေးလိုက်တာနဲ့ ငါးသောင်း တောင်ရတယ်။ နောက်တစ်ခေါက် အလုပ်မြန်မြန်ပေါ်ပါစေလို့ ကျွန်မ ဆုတောင်းနေလိုက်မိတယ်။ 

အဲဒီနေ့က ကျွန်မ အိမ်ကို ဆီဖုထမင်းကြော် ပွဲကြီးနှစ်ပွဲ ဝယ်သွားလိုက်တယ်။ အဖေရယ် အမေရယ် အငယ်လေးသုံးယောက်ထိုင်ပြီး မြိန်ရေရှက်ရေ စားနေကြတာကို ကြည့်နေရတာနဲ့တင် ကျွန်မ ပျော်ရွှင်ခဲ့ရပါတယ်။

ဘာပဲပြောပြော ဒီနေ့ လုပ်ခဲ့တဲ့ ကျွန်မရဲ့ လုပ်ရပ်ကို ကျွန်မကျေနပ်တယ်။ ပူပင်နေတဲ့ စိတ်ကလေးရှိနေပင်မဲ့ အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့တဲ့ အတွက်လည်း ကျွန်မ ဝမ်းသာနေမိတယ်။ ဒီအလုပ်ကလေးသာ ပုံမှန်ရှိနေခဲ့မယ်ဆိုရင် ကျွန်မတို့ အိမ်ကလေးမှာ ပျော်ရွှင်စရာ ပိုကောင်းသွားမှာလို့ ကျွန်မတွေးနေမိတယ်။     
( ဆက်ရန်)
ရီနိုမာန်

February 16, 2017

အဖေတူသား

ငယ်ငယ်က ကြားဖူးနေကျ စကားလေး တစ်ခွန်းရှိတယ်။ အဖေတူ သမီး၊ အမေတူ သား ချမ်းသာတယ်တဲ့။ ကျွန်တော် ငယ်ငယ်တုန်းကပေါ့။ ဘယ်သူနဲ့တွေ့တွေ့ တွေ့လိုက်တာနဲ့ နိုင်လင်းက အမေတူ သားလေးပဲ။ ဟုတ်တယ် ကျွန်တော် ကိုယ်၌ကလည်း အမေနဲ့ပဲ တူချင်နေခဲ့တာ။ ကျွန်တော် သိတတ်နားလည်ပြီး အရွယ်ရောက်တဲ့ အချိန်မှာ ကျွန်တော်နားမှာ အမေတစ်ယောက်ထဲ ရှိနေခဲ့တယ်။ ကျွန်တော်ဘဝမှာ အမေတစ်ခု သားတစ်ခု နေလာခဲ့တာ နေသားကျနေပါပြီ။ ကျွန်တော် ဆင်းရဲမှာ အလွန်ကြောက်ခဲ့တယ်။ ကျွန်တော် တစ်နေ့နေ့ ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်နေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကြားဖူးနေတဲ့ ဒီစကားလေးတစ်ခွန်း ( အမေတူ သား ချမ်းသာတယ်)ကြောင့် ကျွန်တော်ဟာ တစ်နေ့တော့ ချမ်းသာလာလိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်။ ခုချိန်ထိလည်း ကျွန်တော် ယုံကြည်နေတုန်း။ ဓါတ်ပုံတွေ ပြန်ကြည့်လိုက်တိုင်းလည်း ကျွန်တော်ဟာ အဖေနဲ့ တစ်စက်ကလေးမှ မတူဘူးဆိုတာကို လက်ခံနေမိတယ်။

အဖေကတော့ ကျွန်တော်တို့နဲ့ ခွဲသွားခဲ့တာ နှစ်တော်တော်လေး ကြားသွားခဲ့ပါပြီ။ အဖေမရှိလို့ ဘာမှ မဖြစ်ဘူးလို့ ကျွန်တော်စိတ်ကို ကျွန်တော် အမြဲပုံသွင်းခဲ့တယ်။ အဖေနဲ့လည်း ကျွန်တော် မတူချင်ဘူး။ အဖေနဲ့ တူရင် ကျွန်တော် မချမ်းသာတော့မှာကို ကျွန်တော်ကြောက်နေမိတယ်။ အမေနဲ့ပဲ ကျနော် ဇွတ်အတင်း တူဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ အဖေနဲ့ မတူချင်သလို၊ အဖေ့လိုမျိုးလည်း ကျနော် မဖြစ်ချင်ဘူး။ အဖေနဲ့ မတူချင်တဲ့ စိတ်ကပဲ ကျွန်တော်ကို အလုပ်လုပ်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်စေခဲ့တာကို နောက်ပိုင်းမှ ကျွန်တော် အလိုလို သိလာခဲ့ရတယ်။ အဖေဆိုတဲ့ မသိစိတ်တစ်ခုက ကျွန်တော့်ကို လမ်းကြောင်းမှန်ထဲကို ပို့သွင်းပေးခဲ့တယ်။ 

အမြဲတမ်းလိုလို အဖေဟာ ကျွန်တော်ဘဝအတွက် မလိုအပ်ဘူးလို့ ပုံသွင်းထားတဲ့ ကျွန်တော်ရဲ့စိတ်တွေဟာ အဖေ လောကကြီးက ထွက်သွားတဲ့ တစ်နေ့မှာတော့ ကျွန်တော်ဘဝရဲ့ ဆုံးရှုံးမှုတွေတိုင်းမှာ တစ်ခါမှ မကျခဲ့ဖူးတဲ့ မျက်ရည်တွေဟာ တားဆီးလို့ မရအောင်ဖြစ်ခဲ့ရတယ်။ ကျွန်တော် လူရှေ့သူရှေ့မှာ မငိုခဲ့ဘူး။ ကျွန်တော် ငိုနေတာကို ဘယ်သူ့ကိုမှ မမြင်စေချင်ခဲ့ဘူး။ နောက်ဆုံး ကျွန်တော့်ကို အသည်းမာတဲ့ကောင်လို့ ပြောကြတဲ့ အထိခံခဲ့ရတယ်။ ဒါပင်မဲ့ ဘယ်သူမှ မသိတဲ့ အချိန် ကျွန်တော် တစ်ယောက်တည်း ငိုနေခဲ့ရတယ်။ ကျွန်တော့ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေနဲ့အတူ အဖေက သူမရှိတော့တဲ့ နောက်ပိုင်း ကျွန်တော့်ကို ဘာဆက်လုပ်ရမယ်ဆိုတာ ပြောပြနေခဲ့တာ ဘယ်သူများသိနိုင်မှာလဲ။

ကျွန်တော် မျက်ရည်တွေသာ ကျနေခဲ့တာ။ ခုချိန်ထိ အဖေနဲ့ တူချင်တဲ့ စိတ်ကလေး တစ်စက်ကလေးမှ မဖြစ်ခဲ့သေးဘူး။ ကျွန်တော် တစ်နေ့ ချမ်းသာလာလိမ့်မယ် ဆိုတဲ့ ခံယူချက်နဲ့ အလုပ်တွေကို လုပ်လာခဲ့တာ ၁၀နှစ်တောင် ကျော်တော့မယ်။ အသက်အရွယ်အရဆိုရင်လည်း လူလတ်ပိုင်းထဲရောက်နေပြီ။ ဖခင်တစ်ယောက်ရဲ့ ခံစားချက်မျိုးရှိနေပင်မဲ့ ကျွန်တော် အဖေနဲ့ လုံးဝ မတူချင်သေးဘူး။ ဒါပင်မဲ့ တစ်နေ့မှာတော့ ဖခင်တစ်ယောက်ရဲ့ ရင်ကို အစိမ်းသက်သက်ခွဲ စေမဲ့ ကျွန်တော့်သားငယ်ရဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ အဖေ့ကို သိပ်ချစ်ခဲ့တဲ့ ကောင်ပါလားဆိုတာ သိလိုက်ရတယ်။

ကျွန်တော် ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတုန်း အပြင်က ပြန်လာတဲ့ ကျွန်တော့် အမျိုးသမီးနဲ့ သားငယ် အိမ်ထဲအရောက်မှာတော့ ..... မေမေ့ စကားဆို နည်းနည်းမှ နားမထောင်ဘူး..... သား လုပ်ချင်ရာ သားလုပ်တယ်.... မင်း အဖေနဲ့ တစ်ပုံစံတည်းပဲ.... ကျွန်တော့်အမျိုးသမီးဆီက ဒီစကားထွက်လာအပြီးမှာတော့.....

သား ..... ဖေဖေ နဲ့ မတူချင်ပါဘူးဗျာ...... ကျွန်တော် ကြားလိုက်ရတဲ့ အချိန်မှာတော့ လက်ထဲမှာ ကိုင်ထားတဲ့ သတင်းစာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတဲ့ အထိအောင် ကျွန်တော်ဟာ ငေးငိုင်သွားခဲ့ရပါတယ်။

ဝဋ္ဋ်ဆိုတာ နောက်ဘဝ မကူးဘူးဆိုတာကို ကျွန်တော် နားလည်သဘောပေါက်သွားခဲ့တယ်။ ကျွန်တော့်တုန်းက အဖေ့ရှေ့မှာ အဖေနဲ့ မတူချင်ပါဘူးဆိုတဲ့ စကားမျိုးကို မပြောဖြစ်ခဲ့ပင်မဲ့ အမြဲတမ်းလိုလိုတော့ အဖေနဲ့ မတူချင်ခဲ့တာ အမှန်ပါ။ 

ခုတော့ အဖေနဲ့ မတူချင်တဲ့ အဖေ့သားမှာ သားလိုပဲ အဖေနဲ့ မတူချင်တဲ့ သား တစ်ယောက် ရှိနေပြီ ဆိုတာ ပြောပြလို့ရရင် ပြောပြချင်မိပါတော့တယ် အဖေရယ်။


လေးစားစွာဖြင့်
ရီနိုမာန်   

February 8, 2017

ငါ့..............

စိတ်ကူးပုံရိပ် အတွေးရပ်ဝန်း
ကျင်လည်ခဲ့တာ ကြာခဲ့ပါပြီ။
ပျက်စီးပျောက်ကွယ် ရင်ခုန်သံလည်း
ရပ်တံ့ခဲ့တာ ကြာခဲ့ပါပြီ။

ချစ်သူရယ် အနားမှာ မင်းမရှိတော့
အသက်ရှူသံတွေလည်း မကြားရတော့ဘူး
နွေးထွေးတဲ့ မင်းရဲ့ရင်ခွင်မှာလည်း
ခိုးနားခွင့် မရတာလည်း ကြာခဲ့ပါပြီ။

ငါမင်းကို လွမ်းလို့ သေတော့မယ်
ဒါကို မင်းမသိလို့လား ချစ်သူရယ်
ငါ့ စိတ်ထဲမှာ မင်းအကြောင်းပဲ
တွေးနေခဲ့တာပါ ချစ်သူရယ်။

ငါ မင်းကို သတိရလို့ ကဗျာတွေရေးနေမိတယ်။
ကဗျာတွေထဲမှာလည်း မင်းအကြောင်းတွေ
စိတ်ကူးတွေထဲမှာလည်း မင်းပုံရိပ်တွေ
သတိရမိတာလည်း မင်းပါပဲ ချစ်သူရယ်......................

ရီနိုမာန်
( ၂၀၀၉ ဧပြီ)

February 5, 2017

သို့

တိမ်တွေကို ကျွန်တော် စီးသွားခဲ့တယ်။
အရှေ့မှာ မြင်နေရတဲ့ အပြာရောင် ကောင်ကင်းကြီးဆီကို။
ရုတ်တရက် ကျွန်တော့်ရှေ့မှာ ပေါ်လာတာက တံခါးကြီး နှစ်ချပ်။
လူပုံသ ဏ္ဌာန် အရိပ်နှစ်ခုက ကျွန်တော့်ကို ဆီကြိုနေကြပြန်တယ်။
တိမ်တွေကို ခဏရပ်ပြီး တစ်အောင့်လောက် ငေးကြည့်လိုက်မိတယ်။

စိတ်.... စိတ်တွေများ ပျံဝဲနေလိုက်ကြတာ.........။
မီးရောင်လည်း မဟုတ်၊ လရောင်လည်း မဟုတ်၊ ကြယ်တွေရဲ့ အရောင်လည်း မဖြစ်နိုင်၊
အဖြူရောင်လို့ ထင်ရပင်မဲ့ တစ်ကယ်တန်းကျတော့ မသေချာဘူး။
အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် ရွှေ့လျားနေတဲ့ ဒီစိတ်။

အမှောင်ထဲမှာ ခဏလောက် ရပ်နေလိုက်မိတယ်။
ရှေ့ဆက်သွားဖို့ လမ်းကို ရှာကြည့်လိုက်တော့....။
လမ်းဆုံးရဲ့ ညဖက်ထောင့်နားလေးမှာ မြှားတစ်ခုနဲ့ စာလေးတစ်ကြောင်း။

သေမင်းနိဗ္ဗာန်ဆီသို့...........။


လေးစားစွာဖြင့်
ရီနိုမာန် 

၂၀၁၂ က ရေးထားတဲ့ အဟောင်းလေးပါ။

June 9, 2016

ကျေးဇူး

ဒီကမ္ဘာပေါ်မှာ ရှင်သန်ခြင်း အခွင့်ကိုပေးတဲ့
အဖေနဲ့အမေကို ကျေးဇူးတင်တယ်။

ဒီအသက်အရွယ်ထိ နေထိုင်ခြင်း အခွင့်ကိုပေးတဲ့
လောကကြီးကို ကျေးဇူးတင်တယ်။

ဆုတောင်းခြင်းတွေကို မသိမသာ ဖြည့်ဆည်းပေးတဲ့
ဘုရားရှင်ကိုလည်း ကျေးဇူးတင်တယ်။

ခင်မင်ခြင်းဆိုတဲ့ အခွင့်ကိုပေးတဲ့
သူငယ်ချင်း အားလုံးကို ကျေးဇူးတင်တယ်။

ချစ်ခင်ခြင်းဆိုတဲ့ အခွင့်ကိုပေးတဲ့
မောင်နှမများ အားလုံးကို ကျေးဇူးတင်တယ်။

နားလည်မှုဆိုတဲ့ အခွင့်ကို အပြည့်အဝ အသုံးချပေးတဲ့
တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်တယ်။

ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ့်ဘေးနားမှာရှိပြီး
ကိုယ်မလိုအပ်တော့တဲ့အချိန်မှာ အနားကတိတ်ဆိတ်စွာ
ထွက်ခွာပေးသွားကြတဲ့ အယောက်အားလုံးကိုလည်း
ကျေးဇူးတင်တယ်။

ယခုချိန်ထိ ကိုယ်နဲ့စိတ်တူကိုယ်တူရှိနေပေးတဲ့
တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်တယ်။

ကိုယ့်အပေါ် နားလည်ပြီး ချစ်ပေးနေတဲ့
တစ်ယောက်သော သူကိုလည်း ကျေးဇူးတင်တယ်။

အရာအားလုံးကို အကောင်းရော အဆိုးရော
ဖန်တီးပေးနေတဲ့ ကံကြမ္မာကိုလည်း ကျေးဇူးတင်တယ်။

အဓိက ကတော့ အပျော်၊ အပြုံး၊ အမဲ့၊ အငို၊ အလွမ်း၊
အချစ်၊ ဒုက္ခ၊ သုခ များစွာကို ခံနိုင်ရည်ရှိခဲ့တဲ့
ရှိနေစဲဖြစ်တဲ့ ကိုယ့်ရဲ့ စိတ်ကို ကျေးဇူးတင်တယ်။

ရီနိုမာန်

February 27, 2016

စိတ်ရွက်လှေ

စိတ် ကြည်လင်သွားတဲ့ တစ်နေ့
အရောက်လှမ်းခဲ့မယ်။
သစ်ပင်အို အရိပ်အောက်ဆီ
စောင့်နေလို့ပေးပါ။
ကော်ဖီတစ်ခွက်နဲ့ ဝိုင်တစ်ခွက်
စိတ် အေးချမ်းသွားတဲ့ တစ်နေ့
အပြုံးတွေ ချွေလိုက်ပါ့မယ်။
ခန်းနားတဲ့ အဆောင်အယောင်တွေထဲ
လျှောက်လှမ်းလို့ လာခဲ့ပါ။
စောင့်နေပါ့မယ် ဟိုတစ်နေရာဆီက
စိတ် ခမ်းခြောက်သွားတဲ့ တစ်နေ့
အရောင်တွေလည်း မှေးမှိန်လို့
ကျကွဲသွားတဲ့ ဖန်စတွေက
ဟိုတစ်စ ဒီတစ်စ
စောင့်နေလိုက်ပါ ရောက်မဲ့အချိန်ထိ
စိတ် လေလွှင့်သွားခဲ့ ရပြီ။
စိတ် ပျောက်ဆုံးသွားခဲ့ ရပြီ။
စိတ် အခန့်မသင့်စွာဖြင့်
အနားယူလိုက်ရပြီ။

ရီနိုမာန်