October 29, 2009

ကိုယ်တိုင်ကြုံဖူးမှသိတော့တယ်

ကိုယ်ကိုတိုင် ကြုံတော့မှပဲ တစ်ပါးသူတုန်းက ဘယ်လိုခံစားခဲ့ရတယ် ဆိုတာကို နားလည်တော့တယ်။ ကျနော်ငယ်ငယ်တုန်းက အမေကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ အဖြစ်လေးကို မနေ့ညမှ ကျနော်ကိုယ်တိုင် ခံစားလိုက်ရတော့မှပဲ အမေခံစားလိုက်ရတဲ့ ဝေဒနာကို နားလည်နိုင်တော့တယ်။

ဒီလိုဗျ.. ကျနော် သုံးနှစ်သားလောက်မှာ အဖေတာဝန်ကျတဲ့ တောင်ငူမြို့မှာ ဓမ္မာစကြ်ာရွတ်ဖတ်ပူဇော်ခြင်းကို တစ်မြို့လုံး ကားနဲ့ပတ်ပြီး ရွတ်ဖတ်ပူဇော်ကြတာ။ အဲဒီ အထဲမှာ အမေလည်းပါတယ်။ ရွာလေး တစ်ရွာနားရောက်တော့ ကားရပ်ပြီး ခဏနားကြတယ်။ ကားပေါ်မှပါလာကြတဲ့ အမျိုးသမီး အားလုံးလည်း အပေါ့အပါးသွား အညောင်ဆန့်ကြနဲ့ပေါ့။ အမေလည်း အပေါ့အပါးသွားပြီး ပြန်အလာမှာ အမေအရှေ့က ဖြတ်သွားတဲ့ ဝက်ဖြူကလေးနှစ်ကောင်ကိုတွေ့တော့ ဘာရယ်မဟုတ်ပဲ ပါးစပ်က လွတ်ကနဲ ထွက်သွားတယ်။

" ဟယ်..... ဝက်ကလေးတွေက ချစ်စရာလေးတွေ၊ ရွှေဖျဉ်ကြီး ရွှေဖျဉ်လေး ကျနေတာပဲ " တဲ့။

ဒီလိုနဲ့ ကားပြန်ထွက်တော့ ကားပေါ်မှာ အမေ တံတွေးမြိုချလိုက်တာ တံတွေးသီးပြီ လည်ပင်းမှာ နားသလို ခံစားလိုက်ရတယ်။ သိပ်မကြာခင်မှာပဲ နာ သထက် နာလာတယ်။ တံတွေးတောင် မြိုချလို့ မရတဲ့ အထိဖြစ်လာတယ်။ ကားပေါ်မှာပါလာကြတဲ့ အန်တီတွေကလည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိတော့ စိတ်ပူပြီ...

" ဟန်လေး သမီးဘာတွေ အစားမှားလို့လဲ "

" သမီး ဘာတွေများ ပြောမှားလုပ်မိလိုက်လဲ "

" ဟန်ဟန် သမီး ဘုရားပဲ အာရုံပြုထား "


ဆိုတဲ့ မေးခွန်းသံတွေသာ ကြားရပြီ အမေဆီမှ တစ်ခွန်းမှ ပြန်မပြောနိုင်ပဲ ခေါင်းညိတ်ခေါင်းခါ သာလုပ်နိုင်ခဲ့တယ်။ ကားတွေလဲ မဏ္ဍပ် ရောက်တော့ ရွတ်အဖွဲ့ကို ကြာဇံဟင်းခါးကျွေးတယ်။ အမေကလည်း ဗိုက်ကဆာတော့ ကြာဇံဟင်းခါးကိုသောက်တာ ဘယ်လို့မှ သောက်လို့ မရဘူး။ သောက်ကလည်း သောက်ချင်ဆိုတော့ အမေမှာ တော်တော်လေး စိတ်ပျက်ခဲ့ရတဲ့ အချိန်ပေါ့။ ဘေးကကြည့်နေတဲ့ လူတွေတောင် အမေကို သနားနေကြပြီ။

အမေကိုယ်တိုင်လည်း စဉ်းစားတယ်။ ငါဘာများ ပြောမှားဆိုမှားရှိလို့လဲပေါ့။ စဉ်းစားရင် စဉ်းစားရင် အမေသတိရသွားတယ်။ လမ်းမှာ ဝက်နှစ်ကောင်ကိုကြည့်ပြီး ပြောခဲ့မိတာ သတိရပြီ ချက်ချင်းပဲ စိတ်ထဲကနေ တောင်းပန်လိုက်တယ်။
" သမီး ဘယ်လိုရည်ရွယ်ချက်နဲ့မှ ပြောရခြင်း မဟုတ်ရပါဘူး။ မထင်မှတ်ပဲ ပါးစပ်က လွတ်ကနဲထွက်သွားတာပါ။ မသိလို့ပြောမိတာ ခွင့်လွှတ်ပေးပါ ဘာညာသာလကာပေါ့"
အမေကတော့ ပြောပြတယ် ကျနော်က မမှတ်မိတော့တာ။ အများကြီးမှ အများကြီး ဆုတောင်းလိုက်ရတာတဲ့လေ။ ဆုတောင်းလို့ ကြာဇံချက်လေး တစ်ဇွန်းလောက် သောက်ကြည့်လိုက်နဲ့ လုပ်ရင်းလုပ်ရင်းနဲ့ မထင်မှတ်ပဲ အနာသက်သာသွားတယ်တဲ့။ အမေပြောပြတုန်းကတော့ ဪ... အဲလောက်လဲ ခံစားရမှာမဟုတ်ပါဘူး။ အမေပြောတာပိုတာလဲ ဖြစ်မှာပါလို့ တွေးလိုက်မိတယ်။

ကဲ ကိုယ့် အလှည့်လည်းရောက်ရော ပိုတယ်လို့ကို မထင်တော့ဘူး။ "ဟုတ်မှာပါ ဟုတ်မှာပါ "အမေခံစားရတာ ငါဖြစ်တာထက်ပိုဆိုးမှာ ပါလို့နားလည်သွားတော့တယ်။ ဖြစ်ပုံကဒီလို.....................

အမှန်က အပူကန်တာ။ အာခေါင်မှာ အပူဖုပေါက်တာ။ အဲဒီညမှာပဲ အကျိုးနဲ့ အကြောင်း တိုင်ဆိုင်သွားတော့ အကြောင်းအရာလေး ဖြစ်ရသလိုပေါ့။ ညဦးပိုင်းမှာပဲ ကျနော်က ဘုရားစင်ကိစ္စ သူငယ်ချင်းကို ဘုရားစင်က ကုတင်နဲ့ ထိထားရင် ကုတင်လှုပ်ရင် ဘုရားသောက်တော်ေ၇တွေလည်း လှုပ်သွားရင် ဘုရားဘုန်းပေးတဲ့ အခါ အဆင်မပြေဖြစ်မှာပေါ့ ဆိုတာကို အမူအရာနဲ့ သူငယ်ချင်းကို လုပ်ပြခဲ့မိတယ်။

မနက်ကြတော့ အာခေါင်မှာ အပူဖုက တော်တော်ကိုနာနေပြီ။ တံတွေးမြိုချလိုက်ရင်လည်း တော်တော်လေးကို နာကျင်ခဲ့ရတယ်။ အလုပ်ကလည်း မသွားလို့ မရ။ အသွားဘူးဆိုရင် တစ်ရက်ကြိုပြောရမှာကိုး။ အလုပ်သွား၊ အလုပ်ထဲလည်း ဘယ်သူနဲ့မှ စကားမပြောနိုင်၊ ဖြစ်နေတာ ကျနော် ဘဝ။ တော်တော်လေးကို ဆိုးခဲ့တဲ့ ဘဝ အချိန်ပိုင်းလေးပါ။ ညနေငါးနာရီလောက်ထိ ထမင်းမစား ရေမသောက်ပဲ နေခဲ့ရတယ်။ ဘုရားကိုလည်း ဆုတောင်းပေါ့။ ငါးနာရီနောက်ပိုင်းလောက်မှ အပူကျသွားတယ်ထင်ပါ့ ရေစသောက်လို့ရတယ်။ ဗိုက်ကလည်း ဆာနေတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထမင်းလည်း စားလိုက်တော့ စားလို့ ရသွားတယ်။

ကိုယ့်ကိုတိုင် ဖြစ်တော့မှပဲ အမေပြန်ပြောပြခဲ့တာတွေကိုလက်ခံနိုင်တော့တယ်။ နောက်ပြီး ဝဋ် ဆိုတာ နောင်ဘဝမရှိဘူး ဆိုတာကိုလည်း ပိုပြီး နားလည်သဘောပေါက်လာတယ်။ ဒါကြောင့် ရှေ့လူကြီးတွေကပြောတာ "သွားသတိ၊ လာ သတိ၊ စား သတိ၊ နေ သတိ၊ ပြော သတိ "တဲ့။

လေးစားစွာဖြင့်
ရီနိုမာန်

သံယောဇဉ်

ရက်စက်မှုအပြည့်နဲ့
ရင်ကို စုံကန်သွားတဲ့ နင့်ကို
ငါ မေ့လို့ မရဘူးဟာ..........

ဘယ်အချိန်မှာ ပြန်လာမလဲလို့
ဆိုတဲ့ မျှော်လင့်ချက်နဲ့
စောင့်နေမိတာ ငါ့အမှားလားဟာ.......

ဘယ်တော့မှ ပြန်မလာမှန်း သိပေမယ့်
ငါ့ရဲ့ နှလုံးသားက နင့်ကို
သစ္စာရှိနေတယ် ဆိုတာ သိစေချင်တယ်ဟာ.....

ငါလေ.......ငါလေ.......
နင့်ကို ထာဝရ ချစ်နေမဲ့
နင့်ရဲ့ .............. ။


လေးစားစွာဖြင့်
ရီနိုမာန်

October 27, 2009

ဆရာမနုနုရည် (အင်းဝ)


ဆရာမနုနုရည် (အင်းဝ) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လညး ကန်တော့ခံတော်မူပါ။

ညီလေး သားကြီးမှ တောင်းဆိုထားသောကြောင့် တင်ပေလိုက်ရပါတယ်။ ညီလေး သားကြီးရေ စာတွေက များလွန်းလို့ အကို မရိုက်နိုင်တော့လို့ ခုလိုလုပ်ပြီး တင်ပေးလိုက်ပါတယ် အဆင်ပြေမယ်လို့ ထင်ပါတယ် ကွာ။

( ဝန်ခံချက်) ဆရာမရဲ့ စာအုပ်ကို ကျနော် နှစ်သက်သောကြောင့်၎င်း၊ ကျနော့်ဘလောဂ့်လေးတွင် လာရောက်စာလာဖတ်ကြသော ကျနော် ညီအကိုမောင်နှမများရဲ့ တောင်းဆိုချက်ကြောင့်၎င်း၊ ကျနော့် ဘလောဂ့်လေးတွင် အမှတ်တရရှိစေရန် ရည်ရွယ်ပြီး Can't Catch Group ရဲ့ခွင့်ပြုချက်နှင့် ဆရာမရဲ့ စာအုပ်လေးအား ပိုစ့်အဖြစ် တင်ရပါကြောင်း ဝန်ခံအပ်ပါသည်။

လေစားစွာဖြင့်
ရီနိုမာန်

October 25, 2009

မအိမ်ကံ ( For Oct အပိုင်း - ၅ )

မအိမ်ကံ အံတစ်ချက် တင်းတင်းကြိတ်ရင်း ထင်းပုံပေါ်က ဆင်းလာခဲ့၏။ သည်ကိစ္စမှာ မအိမ်ကံ တရားခံကို ဖော်နိုင်ခဲ့ပြီ။ တစ်ရွာလုံး မစဉ်းစားခဲ့သည့် ကိစ္စ။ တစ်ရွာလုံး မပြောပါနှင့် ကိုပြေသိမ်းပင် တရားခံ မရှာနိုင်ခဲ့သည့် ကိစ္စ။ လက်သည် ပေါ်တာတော့ ဟုတ်ပါပြီ။ ဘာဆက်လုပ်မလဲ။ ဘယ်သူ့ကို ပြောရမလဲ။ ရွာသူရွာသားတွေ အစည်းအဝေး ခေါ်ပြီး သည်ကိစ္စကို အူမ ချေးခါးဖွင့်ချရင်ကော။ မအိမ်ကံ ပြောပြလျှင်ကော ယုတ္တိယုတ္တာ ရှိပါ့မလား။ ညည်းကိုယ်တိုင် ဒိဋ္ဌမျက်မြင် ဟုတ်လို့လား မေးလျှင် ဘယ်လိုဖြေမလဲ။ ဘာနဲ့ သက်သေ ထူမလဲ။

မအိမ်ကံ အချိန် ယူရဦးမည်။ အကွက်တကျ စဉ်းစားရ ပါဦးမည်။ ကြီးတော်စံရွှေကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့က အရေးကြီးသည်။ ကိုပြေသိမ်းကိုပင် မပြောသေးဘဲ ဥာဏ်မီ သလောက် ဝေဖန် စဉ်းစားချင်ပါသေး၏။ မအိမ်ကံ အဖို့ရာ သွားလည်း သည်စိတ်၊ စားလည်း သည်စိတ်။ ထိုင်တော့လည်း သည်စိတ်၊ ထတော့လည်း သည်စိတ်။ သည်ကိစ္စ သင်္ကာ မရှင်းရမချင်း မအိမ်ကံဘက်က ရှုံးနိမ့်နေသလိုလည်း ခံစားရသည်။ တစ်ရက်ရက်မှာတော့ အစ်ကိုလေး ကိုစံကောင်းကို ဖွင့်ပြောပြပြီး တိုင်ပင်မည်လို့သာ တေးထားခဲ့ပါ၏။ တရားခံ သိလျက် အဖမ်းခက်ရသည့် အဖြစ်ကလည်း မခံချင်စရာတော့ အကောင်းသား။ ဘာပဲဖြစ်ဖြစ် ရင်ထဲငြိနေသော စလုံး စခုတော့ ကျေခဲ့ပြီ။

နောက်ရက်တွေမှာလည်း မအိမ်ကံ တနုံ့နုံ့ဖြစ်နေရသည်။ စာမရီ ငှက်လို အမွေးတစ်တောင် အကျွတ်မခံခဲ့ သူက ဘာမှ မလုပ်နိုင်ဘဲ ငုတ်တုတ် လည်စင်းဖြစ်နေရတာကိုပဲ မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့ရသည်။ သမုန်းကိုင်းကို လိုက်သွားကာ ရင်ဆိုင် ပစ်လိုက်ချင်စမ်းလှသည်။ ဘယ်သူမှ မပါကြေး ဓားရှည် တစ်လက်စီနှင့် ရင်ဆိုင်ပစ်ချင် စိတ်တွေသာ ရှိခဲ့သည်။ ကြီးတော် စံရွှေကတော့ “တို့သည်လို လုပ်လိုက်တော့ သင်း ဘာတတ်နိုင်သတုံး”လို့ ကွယ်ရာကများ ပြုံးနေ လေမလား။

“နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ အငြိုးဟာ အိုကြီးအိုမ အရွယ်အထိ ကျေပဲ မကျေနိုင်ခဲ့ပါလား။ ကြောင်တစ်ကောင်ကြောင့် ကြွက်တစ်မြုံလုံး သေကြရပြီ”

လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရသော ကျောင်းမီးရှို့ ခံရသည့် ကိစ္စကို ဖြေဖြန့်ချဖို့ အကွက် ချောင်းနေခဲ့သော မအိမ်ကံ အဖို့ရာ ပို၍ပင်ေ၀၀ါးသွားခဲ့ရပါ၏။ ကြီးတော်စံရွှေ ဆုံးပြီ ဆိုသည့် သတင်းရောက်လာခြင်းကြောင့်ပင်။ မအိမ်ကံကို နောက်ဆုံး လက်စားချေသွားခဲ့ပါပကော။ သေခြင်းနှင့် အတူ အနိုင်ပိုင်း သွားခဲ့ပြန်ပါပကော။ သင်္ကာ ရှင်းချင်ရင် တမလွန်ကို လိုက်ခဲ့တော့ မအိမ်ကံရေလို့ မှာသွားခဲ့သည်နှင့်ပင် တူလေတော့သည်။ သည်ကိစ္စ ဘယ်သူ့ကိုမှ မပြောတော့ဘူးလို့ပဲ မအိမ်ကံ ဆုံးဖြတ်ခဲ့သည်။ ကျောင်းကို လောင်မြိုက်ခဲ့သော မီးထက် အဆများစွာ ပူပြင်းလှသော မအိမ်ကံ၏ အမုန်းအာဃာတ မီးတောက်မီးလျှံကြီးသည် သာအောင်နှင့် ရွှေမှုံတို့ အပေါ် မိုးကြိုး လောင်မီးကျသလို ကျခဲ့ခြင်းသာ အဖတ်တင် လေတော့သည်။
မအိမ်ကံ ဘာလုပ်ရမလဲ။ သည်လိုနှင့် နေ့ရက်တွေသာ ကုန်ခဲ့လေပြီ။

“ဘုရားငုတ်တို ရောင်ခြည်လွှတ်မှ___ပုံတော်ဝတ်ကြပါ စို့ မယ်ခွေးရယ်___အောက်ပြည်ကလှေတော်ထိုး ပိုးဝယ်ခဲ့ မယ်___အနားမှာတဲ့ စိမ်းနုခြယ် အလယ်ခေါင်သံရောင်ကွက် နှင့် ပုံတော်ဝင်လို့ ရက်တော့___လက်ခတ်သံကျွန်းဖိုသား___ သောင်းတိုင်ကကြား___”

အရီးကြာညွန့် အသံက လွမ်းချင်စဖွယ် ကောင်းလှသည်။ သင်္ကြန် အခါတော်ရက် တစ်ကျော့နီးပြန်ခဲ့ပြီ။ အညာနွေ အပူရှိန်က လျော့ကျမသွားသော်လည်း တစ်ခါတစ်ရံ မိုးရိပ်ကလေး ဆင်သည်မို့ တန်ခူးလေက လေအေးရပါ၏။ သည်ကနေ့က ဥပုသ်နေ့။ ရက်ကန်းသားတွေ နားသည့်ရက်ဖြစ်သည်။ မအိမ်ကံက တစ်ပတ် တစ်ရက် နားခိုင်းထားသည်။ ရက်ထည် အမှာအပြုများတော့လည်း မနားကြပါ။ သည်ရက်တွေထဲမှာတော့ နည်းနည်းလေး အနားရကြပါ၏။ မအိမ်ကံနှင့် အရီး ကြာညွန့်တို့ နှစ်ယောက်ကတော့ ရက်ကန်းစင်တွေ အားသခိုက် အဆင်နှင့် ရက်သားတွေ လိုက်ကြည့်ကြရသည်။ သည်ရက် တွေထဲမှာ မအိမ်ကံ စိတ်ကူးရထားတာ ရှိသည်။ မြို့က အပ်ချုပ်စက်တွေ မှာပြီး ချုပ်ထည်ကလေးတွေပါ ချုပ်နိုင်လျှင် ဈေးပန်းလှမည်ဟု ထင်သည်။ အမရပူရမှာ ရက်ကန်းကျောင်း ဖွင့်နေသည်ကြားတော့ ရက်ကန်း သမတချို့ကို လွှတ်ချင်သည်။

“အပ်ချုပ်စက်တွေက မြင်းခြံတော့ ရောက်မရောက် မပြောတတ်သေးဘူး အရီးရဲ့။ မန်းလေးမှာတော့ တော်တော် တွင်ကျယ်နေသတဲ့။ ကိုပြေသိမ်း ပြန်လာလို့ ပြောသယ်။ မအိမ်ကံတော့ ချည်ထည်ကလေးတွ ခေတ်မီမီချုပ်ပြီး မြင်းခြံ တင်ရောင်းချင်နေမိသယ်”

သည်ခေတ်မှာ လက်တို၊ လက်စက၊ လက်ပြတ် အင်္ကျီတွေ အတော်အ၀တ်များလာကြသည်။ ရင်ဖုံးရင်စေ့ကလေးတွေမှာ ပန်းထိုး၊ ဘော်ကြယ်ပွင့်ထိုးကလေးတွေ ထိုးကြသည်။ စမူဆာ ရင်ဖုံး၊ သုံးထောင့်ချွန်း ရင်ဖုံး၊ ရင်ဖုံး ဇောက်ထိုး၊ ပခုံးဆက်၊ လက်ဖျားကား၊ လည်ခံခွေ အင်္ကျီပုံကလေးတွေကို မအိမ်ကံ သဘောကျသည်။ ရင်ဆက်ကျောဆက် အင်္ကျီတွေ တစ်ခေတ် ကုန်ပြန်တော့ လည်ထောင်ကလေးတွေ အ၀တ်များ လာကြသည်။ အင်္ကျီ လက်ဖျားကားကလေးတွေက ခေတ်မရှိ တော့သော်လည်း လက်ဖျားနှင့် လည်ပင်းမှာ တက်တင်းဇာ ကလေးတွေ ပါးပါးထည့်ကြတာကိုတော့ နှစ်သက်ကြတာ တွေ့ရသည်။ အပ်ချုပ်စက် လေးလုံးလောက် ၀ယ်လျှင် အင်္ကျီ ဆိုက်အမျိုးမျိုး သူ့စက်နှင့်သူ ခွဲပေးလိုက်ရုံပင်။ ပိတ်ညှပ်တာ၊ ချုပ်တာကတော့ မန်းလေးမှာ သွားသင်မှ အဆင်ပြေမည်။ ရွာက မိန်းကလေးတွေ စက်ချုပ် တတ်သွားလျှင် အလုပ်အကိုင် မရှားနိုင်တော့။ မြို့ကြိုက်ထည်တွေ ချုပ်ပြီး မြင်းခြံဈေးမှာ တင်လျှင် လုပ်ငန်း ဖြစ်နိုင်သည်။ မအိမ်ကံကတော့ ကိုယ့် စီးပွားဖြစ်ရေးထက် ရွာမိန်းကလေးတွေ ထမင်းတစ်လုတ် ထင်းခုတ် မစားကြရလျှင်ပင် တော်လှပြီ အောက်မေ့သည်။

“ကောင်းသာပေါ့အေ။ ဟောသည် နားရွာတွေ ရောင်းသာနဲ့သင် ကုန်သယ်။ ဘယ်မှ တင်နေစရာ မလိုပေါင်အေ။ ရွာက မိန်းကလေးတွေက သွားသင်ချင်ပါ့မလား။ တစ်ချက် စဉ်းစားစရာ”

“မန္တလေးက စက်ချုပ် ဆရာမ ငှားရင်ကော အဆင်ပြေမလား မသိဘူးနော်။ စရိတ်တောင် ကျဉ်းလောက်သယ်”

“အဲသာတော့ ဖြစ်လောက်သယ်။ တို့ရွာက ကလေးတွေက ညည်းသိတဲ့ အတိုင်း သွားဝံ့ကြမယ် မထင်ဘူး”

အရီးကြာညွန့်က ခတ်လက်စ ရက်ကန်းကို ဆက်ခတ်သည်။ တစ်ထည်လုံး စင်ပြီးအောင် ခတ်ခြင်း မဟုတ်ပါ။ တစ်တောင်၊ တစ်တောင့် တစ်မိုက် အဆင်ပေါ်ရုံ ခတ်ကြည့်နေခြင်း ဖြစ်၏။ ကိုပြေသိမ်းက မန္တလေးက နောက်ပိုင်း ၀ယ်လာသည့် ချည်ဆိုးဆေးတွေက အရောင်လွင်သည်။ စွဲလည်း စွဲသည်။ အရောင်က လှပြီးသားဆိုတော့ စိတ်ကူးကလေးနှင့် ဖက်လိုက်လျှင် ရှုချင် စဖွယ်ဖြစ်ရပါ၏။ အရီးကြာညွန့် ရက်နေသည့် စင်နံဘေး မအိမ်ကံ ရပ်ပြီး အဆင်ကို ကြည့်သည်။ ပြေပြေကလေးနှင့် အလှသား။ အစိမ်းနု၊ အဖြူနုကလေးချည်း ဆိုတော့ အရောင် ဖျော့ချင်သည်။ သည်အထဲမှာ လိမ္မော် ဖောက်လိုက်တော့ အနုကလည်း လိုက်ရင့်သည်။ အရင့်ကလည်း ပြေသွားသည်။ အရီးနှင့် မအိမ်ကံ စိတ်ကူးသမျှ လူကြိုက် များကြပါ၏။ အထူးသဖြင့် ဥာဏ်ကောင်းလှသော၊ မျက်စိ ရေးတတ်သော မအိမ်ကံ စိတ်ကူးနှင့် အကွက် ဖော်သမျှ အဆင် အသွေးကျ လှသည်မို့ မြင်းခြံနယ် တစ်ကြော မအိမ်ကံထည်တွေ နာမည်ကြီးလှပါ၏။ အခုလည်း စက်ချုပ် ဆရာမ ခေါ်ကာ အထည်ချုပ် လုပ်ငန်းပါ ပူးတွဲ လုပ်ဖို့ စိတ်ကူးလာပြန်ပြီ။

အရီးကြာညွန့်က ရက်ကန်းတန်းက ဆင်းလာခဲ့ကာ ဆေးပေါ့လိပ်ကို မီးညှိသည်။ မီးခိုးငွေ့တွေက အူအူထနေသည်။ ထရံကြားက ၀င်လာသော ကျနေ အလင်းတန်းတွေက မြားတွေလို ၀င်ရောက်နေကြသဖြင့် မီးခိုးငွေ့တွေ တလိပ်လိပ် လူးလွန့်နေတာကို မအိမ်ကံ မြင်နေရသည်။ အရီးကြာညွန့်က သောက်လက်စ ဆေးပေါ့လိပ်ကို စဥ့်ခွက်ထဲ အသာချသည်။

“ရှင်အိမ်ကံ၊ အရီး စကားတစ်ခွန်းကြားခဲ့သာ ရှိသယ်။ ဟုတ်မဟုတ်တော့ မပြောတတ်ပေါင်အေ။ ကြားသာရှိပါသေးသယ်”

“ဘာတဲ့လဲ အရီး။ ဘာကြားလို့လဲ”

“သာအောင်နဲ့ ရွှေမှုံတို့က မီးလောင်သွားသဲ့ ကျောင်းကြီး ပြန်ဆောက်လှူချင်ကြသယ်တဲ့။ သာအောင်က မအေကြီး ဆုံးသာ တစ်လပြည့်ဆွမ်းကျွေးတော့ ပြောနေသာ ကြားသာ။ မအေ့ ကုသိုလ်ပါချင်ဟန် တူပါရဲ့။ မအိမ်ကံတို့ကို လာပြောမယ် ပြောသာပဲ”

“ရှင်”

မအိမ်ကံ ဘယ်လိုမှ ထင်မထားသည့် စကား။ သာအောင် နှင့် ရွှေမှုံတို့က ကျောင်းကြီး ပြန်ဆောက် လှူချင်ကြလို့တဲ့လား။ မီးရှို့တုန်းကလည်း သူတို့၊ ပြန်ဆောက်ချင်တော့လည်း သူတို့လား။ ပြုစားတော့လည်း စုန်းမ၊ ဆေးကုတော့လည်း စုန်းမလား။ ဘယ်ရပါ့မလဲ ရွှေမှုံရယ်။ မအိမ်ကံကျောင်းကို ရွှေမှုံ ကျောင်းလုပ်ချင်လို့ အလကား ရပါ့မလား။ ဘယ်လို စိတ်ကူးများပါလိမ့်။ ကြံကြီး စည်ရာတော်။ မအေ့လက်ချက် ဆိုတာ သာအောင် သိထားလို့သာ ကျောင်းကို အလှူပြပြီး အကုသိုလ်ကို အဖတ်ဆယ်တာ သေချာပြီပေါ့။ မအိမ်ကံ ဘယ်လို ပြောရပါ့။ သည်ကိစ္စက မအိမ်ကံ တစ်ယောက်တည်းသာ သိထားသည့် ကိစ္စ။ သာအောင်နှင့် ရွှေမှုံသည် စကားပြောလာတော့ မအိမ်ကံ ပို၍ပင် နှလုံး နောက်ရသည်။ တခြားရွာတွေက ဖဲ့လှူပါရစေဆိုတာတောင် လက်မခံခဲ့ဘဲနဲ့ သင်းတို့ကျမှ လှူကြရော့ ဖြစ်ကြေးလား။
“အရီး၊ စောစောကဆိုသဲ့ သီချင်းလိုပါပဲ။ ဘုရားငုတ်တို ရောင်ခြည်လွှတ်သာတောင် ပုံတော်မ၀တ်စေရဘူးမှတ်၊ အရီးရယ်။ ကျုပ်ဖြင့် ကြားရသာတောင် နှလုံးနာလိုက်တာ တော်”

အရီးကြာညွန့်က မအိမ်ကံကို တွေတွေကြီး ကြည့်နေသည်။ သာအောင်တို့က ကျောင်းကြီး ဆောက်လှူချင်တာနှင့်ပင် နှလုံးနာလိုက်တာဆိုရအောင် ဘာဖြစ်လို့ပါလိမ့်လို့ တွေးနေပုံလည်း ရပါ၏။ ဆေးလိပ်တိုကို ကောက်ကိုင်ပြန်သည်။ မီးညှိသည်။

“မအိမ်ကံရယ်၊ ညည်းလှူခဲ့သဲ့ ကျောင်း မီးလောင်သာ ညည်းပြန်ဆောက်ချင်မှာပေါ့။ နို့ပေသိ ခမျာများလည်း မအေကို ရည်စူးပြီး လှူချင်ရှာ ထင်ပါရဲ့အေ။ ဒါကလည်း ကြားသာ ရှိသေးတာပါအေ”

မအိမ်ကံက သူ့ခံစားမှုကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ဆူတက်လာသော ဒေါသက မီးခိုးတွေလို မျက်နှာပေါ်က ချက်ချင်း လွင့်သွားပုံတော့ မရ။ မအိမ်ကံ ခေါင်းထဲ ထည့်တွက် မထားသော အရာဆိုတော့ အံ့သြရတာလည်း အမှန်ပင်။ ကျောင်းက အမှုအခင်းဖြစ်ထားတာမျိုး မဟုတ်ပေသိ မီးလောင်ခံရတာဆိုတော့ အစိုးရပိုင်းက စစ်လား၊ ဆေးလားတော့ လုပ်ချင်လုပ်လိမ့်မည်။ ကိုပြေသိမ်း မြင်းခြံသွားသည်ပင် တစ်ပတ်ကျော်ခဲ့ပြီ။

“အရီး ပြောသာလည်း မအိမ်ကံ သဘောပေါက်ပါသယ်။ မအိမ်ကံတို့ကိုတော့ ခွင့်တောင်းရဦးမှာပေါ့။ အကျိုး အကြောင်း ပြောကြပါဦးမှပေါ့။ မအိမ်ကံကျောင်း မအိမ်ကံ မဆောက်နိုင်ရင်လည်း တစ်မျိုးပေါ့။ ခုဟာက”

“သူတို့ကလည်း မအိမ်ကံကို တောင်းပန်ကြမယ် ပြောပါသယ်။ ရွှေမှုံက အရုပ်ပါအေ။ အရီးသိသလောက် တော့..”

“တော်ပါတော့ အရီးရယ်။ မအိမ်ကံ စိတ်ရှုပ်လွန်းလို့ပါ”

နောက်တစ်နေ့ ညနေပိုင်းမှာ ကိုပြေသိမ်း ပြန်ရောက်လာခဲ့သည်။ ကျောင်းကိစ္စ ဘယ်လို ပြီးပြတ်ခဲ့သလဲ မေးချင်လှသော်လည်း ချက်ချင်း မမေးဖြစ်။ ညဘက်ရောက်တော့ မိသားစု ထမင်းဝိုင်းမှာ ကိုပြေသိမ်းက လိုသလောက်တော့ ပြောပြသည်။ ကျောင်းကို ယာယီ ဖွင့်ထားနိုင်မည့် အဆောက် အအုံရှိလျှင် ဖွင့်ထားရန်နှင့် ရွာက ဆောက်နိုင်လျှင် အထက်ကို တင်ပြရမှာဖြစ်ကြောင်း ပြောပြသည်။ ကိုပြေသိမ်းက ဆရာတော်ကြီး မရှိသည့်နောက် ခန်းနေဆရာတော် ဦးခေမိန္ဒက ကျောင်းထိုင်ဖြစ်လာရာ ဦးခေမိန္ဒကို လျှောက်ပြီး ဘုန်းကြီး ကျောင်းမှာ ခေတ္တ ဖွင့်ထားချင်ကြောင်း ပြောနေသည်။

“အမေကတော့ ကျောင်းကို ပြန်ဆောက်လှူချင်သယ်။ ရွာကိုလည်း ကတိပေးခဲ့ပါရဲ့။ ရွာက တောင်းပန်ကြသယ်။ အများ ကုသိုလ်ဖြစ်အောင် တစ်ဖဲ့တစ်မ ပါခွင့်ပြုစေချင်သယ်သဲ့။ ငါ့သားများ၊ သမီးများ သဘောပါပဲ။ အမေကတော့ ဘယ်သူကပဲ ပြုပြု ကုသိုလ် အမှုဆိုသာ ကောင်းလှချည့် မဟုတ်လား”

မအိမ်ကံကတော့ စကားတစ်ခွန်းမှ မပြောဘဲ ပြောနေကြသမျှ နားထောင်နေတာပဲရှိ၏။ မနေ့တုန်းက အရီးကြာညွန့် ပြောခဲ့တဲ့ စကားမျိုးကို အမေပန်းရုံ ပြောချင်တာလား။ တကယ်ပဲ ရွာကအများက တစ်မူး တစ်မတ် ခွဲဝေ ပါချင်ကြတာလားတော့ မသေချာ။ မလှအုံက စကားတစ်ခွန်း ၀င်ပြောသည်။ သည်တစ်ခါဆောက်လို့ မီးရှို့ကြပြန်ရင်ကောတဲ့။ ဒါလည်း စဉ်းစားစရာပင်။ မအိမ်ကံက လွဲ၍ လက်သည် အစစ်ကို ရွာက သိကြတာ မဟုတ်။ သူပုန်သူကန်က လုပ်သလိုလို၊ ကိုပြေသိမ်းကို မုန်းလို့ လုပ်ကြသလိုလိုလောက်သာ ထင်ကြေးပေးနိုင်ကြတာပဲ ရှိပါ၏။ ကိုပြေသိမ်းကတော့ ကျောင်းကို ဘယ်သူကပဲ ဆောက်ဆောက်၊ ကျောင်းဖြစ်မြောက် လာဖို့သာ အရေးကြီးသည်ဟု ခံယူထားပုံရသည်။

“ပြောသာ ပြောရတာပါ အမေရယ်။ ရွာထဲ မြင်းနှစ်ကောင် ၀င်တာနဲ့ သည်လူတွေ လုပ်သွားတယ်လို့ အပ်ကျ မပ်ကျ ပြောဖို့ကလည်း ခက်သားပဲ။ ဘယ်သူ့ ဘယ်သူငြိုးလို့ လုပ်ရအောင်ကလည်း ဘယ်သူ့ ဘယ်သူမှာမှ အငြိုးကြီး ငြိုးစရာလည်း မရှိဘဲဟာ။ ကျွန်တော်တော့...”

မအိမ်ကံက တစ်စုံတစ်ရာ ၀င်ပြောရန် ပိုင်းဖြတ်လိုက်ပြီ။ မိသားစုကြားမှာတော့ သည်စကားပြောမှ ဖြစ်တော့မည်။ သူတစ်ယောက်တည်း သိနေတာကလည်း အဓိပ္ပာယ် မရှိ။ ဒါပေသိ ပြောလို့လည်း ယုံကြပါ့မလား။ ကိုပြေသိမ်းကပင် ခပ်လျော့လျော့ ပြောနေပြီ မဟုတ်လား။ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက် ငြိုးစရာရှိလို့လဲတဲ့။ ရှိပါ့တော်။ ရှိလိုက်တာမှ။ မအိမ်ကံ ပါးစပ်ဟခါနီးဆဲဆဲမှာပင် ခြံဝဆီက လူသံတွေ ကြားလိုက်ရသည်။

“ဆရာလေး၊ မအိမ်ကံ ကျုပ်တို့ပါ။ သာအောင်နဲ့ ရွှေမှုံ တို့ပါ။ ဆရာလေး ပြန်ရောက်ပြီဆိုလို့ ၀င်ခဲ့စမ်းပါရစီ”

မအိမ်ကံ၏ နှုတ်က ထွက်ကျခါနီး ဆဲဆဲ စကားလုံးတွေကို ချက်ချင်း မျိုချလိုက်ရပါ၏။ ရှားနှစ်မီးကျီးခဲတွေ လည်ချောင်းထဲ အခဲလိုက် စီးဆင်းသွားကြသလို ရှိခဲ့သည်။ သာအောင်နှင့် ရွှေမှုံ ဘာကိစ္စ လာကြတာလဲ။ အရီးကြာညွန့် ပြောခဲ့သည့် စကား မှန်ပါပကော။ မအိမ်ကံ ရင်ကလေးချီကာ မျက်နှာကို တင်းထားလိုက်သည်။ လာကြစမ်း ပလေ့စေ။ တစ်ချီတစ်မောင်း မအိမ်ကံအကြောင်း ကောင်းကောင်း သိ သွားစေရမည်။ မအိမ်ကံ တစ်ကိုယ်လုံးအပူဓာတ်ဖြင့် ရှိန် ရှိန်တောက်နေလေပြီ။

(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး


လေးစားစွာဖြင့်
ရီနိုမာန်

October 24, 2009

မျက်ဝန်းတစ်စုံ.... သို့

မျက်ဝန်းအစုံ ပေါင်းများစွာထဲကမှ သတိထားမိသွားတဲ့ မျက်ဝန်းတစ်စုံကို ရည်ရွယ်ပြီးတော့ ဒီပိုစ့်လေးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ကျနော်က စကားကိုသိပ်များများပြောတက်တဲ့ လူစား မဟုတ်ဘူးလို့ ကိုယ်ကိုကိုယ် ထင်ထားခဲ့တာပါ။ ဒါပေမယ့် ကျနော် ချစ်သော ၊ကျနော်က ခင်သော မိတ်ဆွေ သူငယ်ချင်း မောင်နှမများ ကို ကျနော်နဲ့ တွေ့ ဆုံတဲ့ အချိန်ခဏလေး အတွင်းမှာတော့ ပျော်ရွင်စေချင်တာ ကျနော်ရဲ့ စိတ်စေတနာ အမှန်ပါ။ ဒါကြောင့်လည်း ကျနော်က ဖော်ဖော်ရွေးရွေး နေခဲ့ပါတယ်။

ကျနော်နဲ့ တွေ့တဲ့ အခါမှာ ကျနော်ကြောင့် စိတ်ညစ်သွားကြမှာ၊ စိတ်ပျက်သွားကြမှာကို မလိုလားပါဘူး။ ဒါကိုတော့ ကျနော် အတက်နိုင်ဆုံး ဂရုစိုက်ပြီးနေပါတယ်။ ဒီလိုဂရုစိုက်ပြီးနေတဲ့ ကြားကမှ

အစားမတော် တစ်လုပ်၊
အသွားမတော် တစ်လှမ်း၊
အပြောမတက်တော့ ဆဲသလို

ဖြစ်တယ်ဆိုသလို ကျနော်ရဲ့ အပြောမတက်မှူကြောင့် အဓိပ္ပါယ် ပါပါနဲ့ ကြည့်လိုက်တဲ့ မျက်ဝန်းတစ်စုံကို သတိထားမိပြီ စိတ်ထဲမှာ နေမရထိုင်မရဖြစ်နေလို့ ခုလိုပိုစ့်လေး ရေးချပြီး တောင်းပန်လိုက်ရခြင်း ဖြစ်ပါတယ်။

၎င်း မျက်ဝန်းတစ်စုံမှ ဒီပိုစ့်လေး အားဖတ်မိသွားပါက ကျေနပ်ပေးပါလို့ ကျနော် အနေနဲ့ အနူးအညွှန့် တောင်းပန်လိုက်ရပါတယ်ဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

P.S - အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကျနော်အားကြည့်သော မျက်ဝန်းတစ်စုံ အားရည်ရွယ်ခြင်း ဖြစ်ပါသည်။

October 23, 2009

မအိမ်ကံ ( For Oct အပိုင်း - ၄ )

အဖေသူကြီး ရှိစဉ်အခါကတည်းက ရွာကျောင်းမှာ ဆွမ်းစားကျောင်း လှူခဲ့သည်။ စာသင်ကျောင်း ဆောက်သည်။ ရွာဦးဇရပ် ဆောက်လှူသည်။ ရေတွင်း နှစ်တွင်း၊ ရွာလယ် တံတားတွေ အသစ် တည်ပေးခဲ့သည်။ ကျောင်းသုံး ပရိဘောဂတွေဆိုတော့လည်း မအိမ်ကံပင်။ ဆရာတော်ကြီး ဈာပနမှာလည်း မအိမ်ကံတို့ပင် နင့်နင့်နဲနဲ မတည်ခဲ့ရသည်။

အခုလည်း အမေပန်းရုံက စာသင်ကျောင်းကလေး ပြန်ဆောက်ချင်သည် ဆိုတော့ မအိမ်ကံ မဖြစ်ဖြစ်အောင် ဆောက်လှူရတော့မည်။ အမေ ပန်းရုံခမျာ အသက်ရရှာပြီ။ သူလှူချင် သည်ဆိုတာကို မအိမ်ကံ ဖြစ်အောင်လုပ်ပေးဖို့သာ ရှိပါ၏။ မီးလောင်သည့်ညကပင် သည်ကျောင်းကို ငါပြန်ဆောက်လှူ မယ် ပြောခဲ့တာ မအိမ်ကံအသိ။ မအိမ်ကံကလည်း လှူချင် သည်။ မအိမ်ကံကျောင်းကို မအိမ်ကံ ပြန်လည် တည်ထောင် ရမည်။ သည်လို ကိစ္စတွေမှာ ကိုပြေသိမ်းကို အိမ်သားအဖြစ် အသိပေးခြင်းသာ ရှိ၍ မအိမ်ကံကပဲ ဆုံးဖြတ်လေ့ ရှိ၏။ ကိုပြေသိမ်းကလည်း မအိမ်ကံ လုပ်ချင်တာ မှန်သမျှ ကန့်ကွက် တာမျိုး၊ တားတာမျိုး မရှိခဲ့။ “အိမ်ကလေး သဘောပါ”လို့ ဆိုသည်ချည်းပင်။ အစစအရာရာ ရှားပါးနေချိန်တွင် မအိမ်ကံ တစ်ချီတစ်မောင်း ရုန်းထဖို့ တော်တော် ကြိုးစားရမှာကိုလည်း သိပါ၏။ သို့သော် မအိမ်ကံ ဆုံးဖြတ်ပြီးပြီ။

ကိုပြေသိမ်း မရှိသည့် တစ်ရက်တွင် အစ်ကိုလေး ကိုစံကောင်းကို မအိမ်ကံ အခေါ်ခိုင်းလိုက်သည်။ ကိုစံကောင်းက အမေပန်းရုံ၏ အစ်ကို ၀မ်းကွဲက မွေးသည့်သား ဖြစ်သည်။ ရွာမှာပဲ နေထိုင်သူ ဖြစ်၍ မအိမ်ကံတို့ အိမ်အလုပ်တွေ မနိုင်တိုင်း ကိုဖိုးငွေတို့နှင့် လာဝိုင်းတတ်သူဖြစ်၏။ မဟုတ်မခံ စိတ်ရှိသည့် အပြင် မအိမ်ကံကိုလည်း ချစ်ရှာသည်။

ကိုစံကောင်း ရောက်လာတော့ မအိမ်ကံက သရက်ပင်အောက် ခေါ်လာခဲ့သည်။
“ကိုင်း...ငါ့နှမ ပြောစမ်း။ ဘာများပါလိမ့်”

“ကိုဖိုးညောင်းနဲ့ ကိုစံမြကို ခေါ်ပေးစေချင်လို့။ မအိမ်ကံ နည်းနည်းပါးပါး မေးစရာရှိလို့ပါ အစ်ကိုလေး”

“ဖိုးညောင်းနဲ့ စံမြ ဘာလုပ်ဖို့လဲ။ သည်ကောင်တွေကို ပြောစရာရှိရင် ငါ့မှာလိုက်လေ။ ပိုက်ဆံ ရစရာရှိလို့လား”

“မဟုတ်ပါဘူး အစ်ကိုလေးရယ်။ မအိမ်ကံ သိချင်သာ ရှိလို့ပါ”

“အေးလေ ခေါ်ဆို ခေါ်ပေးပါ့မယ်။ သည်ကောင်တွေ ဘယ်များ ရှိမှာပါလိမ့်။ တောထဲတော့ မဆင်းလောက်ဘူး။ တွေ့သာနဲ့ ငါခေါ်ခဲ့မယ်ဟာ။ ကိုင်း...”

“ကနေ့ပဲ ရှာခေါ်ခဲ့နော်။ ကိုပြေသိမ်း မသိစေချင်လို့”

“အေးပါ”


နေ့ခင်းနာရီပြန် နှစ်ချက်လောက်မှာ ကိုစံကောင်းနှင့် အတူ ကိုဖိုးညောင်းတို့ ပါလာခဲ့သည်။ မအိမ်ကံက သရက်ပင် အောက်ကိုပဲ ခေါ်လာခဲ့ပါ၏။ မအိမ်ကံ ဘာတွေများ မေးချင်လို့ပါလိမ့် ဆိုတာကို ထူးဆန်း နေကြပုံတော့ ပေါ်သည်။ မအိမ်ကံက စကားခံ မနေတော့ဘဲ လိုရင်းကိုသာ မေးတော့သည်။

“ကိုရင် ဖိုးညောင်း၊ မအိမ်ကံ မေးမယ်။ ဖြည်းဖြည်းဖြေ။ စဉ်းစားပြီး ဖြေနော်။ မီးလောင်တဲ့ ညက ကိုရင်ဖိုးညောင်း မြင်သာ ပြန်ပြောစေချင်သာပါ။ တစ်ချက်ချင်း စဉ်းစားဖြေနော်။ ကဲ...ပြော”

“ငါပြောပြီးသားပဲ ငါ့နှမရာ။ ဟိုညက နင်လည်း ကြား ပြီးသားပဲ။ အဲသာပဲရှိသာ။ နောက်ထပ် ငါဘာမှ မသိဘူး။ ဘုရားစူးရပါစေ့ဟာ”

မအိမ်ကံ ချက်ချင်း သိလိုက်ပြီ။ ကိုဖိုးညောင်းတို့ကို မအိမ်ကံ ခေါ်မေးတာကိုပဲ သူတို့ကို မသင်္ကာလို့ ခေါ်မေးတယ် ထင်ကြပြီ။ မျက်စိမျက်နှာတွေများ ပျက်လို့။ လူအများ ရှေ့မှာ သိသလောက် ပြောပြီးသားကိစ္စ။ မအိမ်ကံက တစ်ချက်ချင်း ပြန်ပြောပါဆိုတာကို လန့်နေကြပုံလည်း ပေါ်ပါ၏။ မအိမ်ကံက သူ့သဘောထားကို ပြောပြရတော့သည်။

“သည်လိုပါ ကိုရင်ရဲ့။ အခုကိစ္စက ရွာလည်း သိက္ခာ ကျသယ်။ မအိမ်ကံလည်း အစော်ကား ခံရလေခြင်းလို့ ခံစား ရသယ်။ အခု ကိုရင်တို့ကို ခေါ်သာလည်း မယုံတာ၊ မသင်္ကာ တာ မရှိရပါဘူး။ စကားဆိုသာ ကျန်တတ်သယ် မဟုတ်လား။ မအိမ်ကံ သိချင်သာပဲ မေးပါတော့မယ်လေ။ အဲသည် နေ့က မြင်းနောက်က စီးလာသူဟာ အရပ်ပုသယ်။ ဟုတ်သယ်နော်”

“အေးဟ။ ရှေ့က စီးသဲ့ကောင်ကို နောက်ကကောင်က ဖက်ထားသာ တွေ့သယ်။ နောက်ကကောင်က တော်တော့်ကို အရပ်ပုသယ်။ ငါမြင်ရသာက အလင်းရောင် ရှိသေးသာကိုး။ ဘုန်းကြီးပျံပွဲက ဒုံးလွှတ်ပြီး မကြာဘူးလေ။ ပွဲက ဧည့်ခံ ဆိုင်းတီးနေပြီဟာ”

“ဟုတ်ပြီ။ နောက်ကလူက မျက်နှာသုတ် ပ၀ါတစ်ထည် ကုပ်ကို ခွထားသယ်။ မြင်းစီးရင် လေလွင့်မှာစိုးတော့ အစ နှစ်ဖက်ကို အင်္ကျီထဲ တစ်ဖက်စီထိုးထည့်ထားသယ်။ ဟုတ်ကဲ့လား”

ကိုဖိုးညောင်း တွေသွားသည်။ လည်ကြီးစောင်းကာ ထိုညနေက အဖြစ်ကို ပြန်စဉ်းစားနေသည်။ ကိုစံကောင်းကတော့ မအိမ်ကံ ဘာတွေ မေးနေမှန်းမသိ။ မျက်နှာသုတ်ပ၀ါ ကုပ်ခွထားတာကို ဘယ်လိုများ သိတာပါလိမ့်။ ဥာဏ်မမီ တော့လည်း အသာငြိမ်နေလိုက်ရ၏။ ကိုဖိုးညောင်းဆီက အသံ မထွက်သေး။ ပြီးမှ မအိမ်ကံကို မျက်လုံးပြူးကြည့် သည်။ စုန်းမနှင့်တွေ့နေရပုံမျိုး။

“ဟုတ်သယ်၊ ငါ့နှမရေ။ ပ၀ါတစ်ထည် ကုပ်မှာပါသယ်။ ဟုတ်သယ်၊ ဟုတ်သယ်၊ သေချာသယ်”

“ဟုတ်ပြီ။ ကိုင်း...ကိုစံမြကို တစ်ချက်ပဲ မေးမယ်။ မြောက်တံခါးက ထွက်သွားတော့ မြင်းနှစ်စီး လူနှစ်ယောက်တည်း ဆိုသာ သေချာရဲ့လား”

ကိုစံမြက တစ်အောင့်ပဲ စဉ်းစားကာ သေချာကြောင်း ပြောခဲ့ပါ၏။ မအိမ်ကံ ကျေနပ်သွားသည်။ ကိုစံကောင်းတို့ သုံးဦးကို ပုဆိုး တစ်ကွင်းစီ ပေးလိုက်သည်။ မအိမ်ကံ တွက်သည့် ကိန်းတော့ တည့်တည့်ကြီး တိုးနေပါပကော။ ကိုစံကောင်းတို့ကို သည်ကိစ္စ ဘယ်သူ့မှ မပြောစေချင်ကြောင်း အထပ်ထပ်မှာတော့ မပြောဖို့ ကတိပေးကြကာ ပြန်သွားကြသည်။ တစ်ချက်ပဲ မေးစရာကျန်တော့သည်။ မအိမ်ကံ ရက်ကန်းရုံဘက်ကို လာခဲ့ကာ အရီးကြာညွန့်နှင့် စကားတွေ ပြောနေခဲ့သည်။ အရီးကြာညွန့်က ခေါင်းတညိတ်ညိတ်။ ထိုညက မနက်မိုးလင်းမှာကို မအိမ်ကံ စောင့်နေခဲ့သည်။ အရီး ကြာညွန့်လာမည့် အချိန်ကို စောင့်နေခဲ့သည်။ မနက်ဆွမ်းခံ ပြန် မောင်းတီးတော့မှ အရီးကြာညွန့် ရောက်လာခဲ့ပါ၏။ အရီးကြာညွန့် ၀င်းတံခါးဝ ရောက်သည်နှင့် မအိမ်ကံ ပြေးတွေ့သည်။ သိချင်လှပြီ မဟုတ်လား။

“မနေ့ညက အရီး သွားခဲ့သယ်။ မရောက်သာ ကြာပါပြီ အေရယ်။ မစံရွှေကြီး အတော်မမာ နေရှာသာကော။ စိတ်ထောင်း ကိုယ်ကြေဖြစ်ထင်ပါရဲ့။ စီးပွားကလည်း ကျ၊ လူကလည်း အိုပြီပဲ။ အရီးရောက်သွားတော့ နှိပ်ခိုင်းလို့ နှိပ်ပေးခဲ့ရသေးသယ်။ “န”နေရှာပါပြီအေ”

“ဘာဖြစ်သာတဲ့လဲ”

“အသက်ရှူ မ၀သာတဲ့။ ပါးစပ်က ဟစိဟစိနဲ့ အသက် ရှူနေရရှာသယ်။ ဗမာဆရာနဲ့တော့ ကုနေသယ်ပြောသာပဲ။ ရွာထဲလည်း ပြောသံမကြားပါဘူးအေ။ ခက်သာက သူတို့ကလည်း ဘယ်သူမှ လူမထင်ကြဘူးအေ့”

“မအိမ်ကံ သိချင်သာကော”

မအိမ်ကံက သိချင်တာကို အလျင်စလို မေးလိုက်သည်။ ကြီးတော်စံရွှေတို့ အိမ် ဒါမှမဟုတ် သာအောင်နှင့် ရွှေမှုံတို့ ခွဲနေသည်ဆိုသော အိမ်၊ တစ်အိမ်အိမ်မှာ မအိမ်ကံ မျှော်လင့် ထားသော လူတစ်ယောက် ရှိရမည်ဟု တွက်ထားခဲ့သည်။ အရပ်ပုပုဆိုသူ လူက ဘုန်းကြီးပျံပြီးတာနှင့် ပြန်ချင်လည်း ပြန်သွားနိုင်သည်။ ရှိချင်လည်း ရှိနိုင်သည်။ မအိမ်ကံက မြားတစ်ချောင်း ပစ်ကြည့်လိုက်ခြင်း ဖြစ်၏။ အရီးကြာညွန့်က မဖြေသေးဘဲ အနားက ထင်းပုံပေါ် တက်ထိုင်သည်။ စကား များများ ပြောစရာ ရှိသည့်ပုံ။ မအိမ်ကံကလည်း လိုက်ထိုင် လိုက်သည်။ မလှအုံကပင် “တူအရီးနှစ်ယောက် နေစရာ ထိုင်စရာ ရှားလို့တော်”လို့ လှမ်းအော်နေပါ၏။

“အရီး ရောက်သွားတော့ အကောင်ပု မရှိတော့ဘူး။ သည်လိုအေ။ အရီးပြန်မယ် လုပ်တော့ မစံရွှေက သူ့ချွေးမ အကြီးမကို ဆန်သုံးပြည် ထည့်ပေးလိုက်စမ်းလို့ ခိုင်းတော့ ကွမ်းတောင်ကိုင်မ မိကြည်သန်းက ဆန်လိုက်ခြင်ပေးသယ်။ ဒါနဲ့ အရီးက ညည်းတို့အိမ် ဟိုရက်က အရပ်ပုပုနဲ့လူ တစ်ယောက် တွေ့ပါသယ်။ သူရင်းငှားလားဆိုတော့ မဟုတ်ဘူးတဲ့။ အမေ့တူတဲ့၊ တူဆိုပေသိ ခပ်ဝေးဝေးထဲကပါတဲ့။ သမုန်းကိုင်းက ခဏလာနေသာတဲ့။ ကိုယ်မကောင်းဘူးလို့လည်း ပြောသယ်။ မအိမ်ကံပြောသဲ့ အရပ်ပုပုလူဆိုသာ အဲသည်ကောင် ဖြစ်မှာပဲ”

ဟုတ်ပြီ။ အကုန်လုံး ထင်ထားသည့် အတိုင်း ဖြစ်နေခဲ့ပြီ။ မြဲရာ သံပတ် ကျပ်ရာသပ်ပင်း သည့်ထက် ခိုင်စရာ မရှိ။ မအိမ်ကံ ကျောင်းကို မီးရှို့ခိုင်းတာ သင်းပဲဖြစ်ရမည်။ ကိုယ်ရေရောဂါသည်၊ သမုန်းကိုင်းသား၊ လည်ပင်းမှာ တဘက် တစ်ထည် ခွတင်ထားတတ်တဲ့လူ။ အရပ်ပုပု။ သမုန်းကိုင်းကို မအိမ်ကံ ငယ်ငယ်က ရောက်ဖူးသည်။ ဇောင်ချမ်းကုန်းနှင့် ဝေးလှသည်။ ကြီးတော် စံရွှေနှင့် သွေးဝေးသော တူတော်သူ၊ ဇောင်ချမ်းကုန်းကို အရောက်အပေါက် နည်းသူလည်း ဖြစ်ပြန်ဆိုတော့ လက်ထောက်ချခိုင်းလိုက်တာ ဖြစ်မည်။ ထားပါဦးတော့။ ဘာဖြစ်လို့များ စာသင်ကျောင်း ကလေးကို မီးရှို့ရတာလဲ။ အရီးကြာညွန့်က ဆက်ပြောနေပြန်ပါ၏။

“မအိမ်ကံ၊ ညည်းက ငါ့ကျေးဇူးရှင်ပါအေ။ ငါမှန်သဲ့ စကားတစ်ခွန်းတော့ ပြောစမ်းပါရစီ။ မစံရွှေဆိုသာကလည်း ငါ့ကို ကျွေးမွေးနေသာပါပဲ။ သူတကာ့အပေါ် မကောင်းပေမယ့် ငါ့အပေါ်တော့ ကောင်းရှာပါရဲ့။ ပြီးခဲ့သဲ့ နှစ်နှစ်လောက်က အရီးကို စကားတစ်ခွန်း ပြောဖူးသယ်။ ငါ့ဝမ်းထဲ ငါထားခဲ့သဲ့ စကားပါအေ။ တစ်ဖက်နား မရောက်ကောင်းသဲ့ စကားပါ”

“ပြောပါ အရီးရဲ့။ မအိမ်ကံ သည်းခံနိုင်ပါသယ်”

“အော်...မအိမ်ကံနဲ့ သူနဲ့ ဖြစ်ခဲ့သဲ့ ကိစ္စဟောင်းကို ပြောသာပါ။ ငါ့ဘ၀မှာအေ ဆင်းရဲတုန်းကလည်း ဆင်းရဲ ခဲ့ပါရဲ့။ ချမ်းသာတော့လည်း သူတကာ့ ခေါင်းပေါ် မော်ခဲ့ရပါရဲ့။ ဒါပေမယ့် ကန်တော့ပွဲရွက်ပြီး ဘယ်သူ့ကိုမှ မတောင်းပန်ခဲ့ ရဖူးဘူးတဲ့။ သာအောင် တစ်ချက် မှားသာနဲ့ ငါ့မလဲ ဗန္ဓရ သရက် ပိုးချက်မကင်း ဖြစ်ရသယ်။ ငါ့တစ်သက် မကျေဘူးတဲ့”

“တစ်သက်မကျေတော့ နှစ်သက်ပေါ့ အရီးရယ်။ မအိမ်ကံ မမှားဘူး။ သူတို့မှားသာ။ မအိမ်ကံကတော့ ကျေခဲ့ပါပြီ။ အခုတစ်ခါ အိုးကွဲ ရေမလုံ ဖြစ်ရပြန်ပြီကော”

အရီးကြာညွန့်က မအိမ်ကံ ဘယ်လိုကြောင့်သည် အကြောင်း စုံစမ်းခိုင်းမှန်းလည်း မသိ။ ရွာကျောင်း မီးရှို့ခံရတာနှင့် ဆက်စပ်သည်လို့လည်း မထင်။ မအိမ်ကံကလည်း အကြောင်းရင်းကို မပြော။ အရီးညွန့် ရက်ကန်းရုံဘက် ထွက်သွားတော့လည်း မအိမ်ကံ ထင်းပုံပေါ်မှာပဲ ဆက်ထိုင်နေမိပါ ၏။ သမီးနှစ်ယောက် ပြေးလာကြပြီး ထင်းပုံပေါ်တက်ကြတော့မှ အတွေးလည်း ပျက်ရတော့သည်။ သေချာခဲ့ပြီ။ မအိမ်ကံ ကျောင်းကို ကြီးတော်စံရွှေတို့ လုပ်ကြံခဲ့ကြပြီ။ သာအောင် ပါလေသလား၊ မပါလေသလား မသေချာပေသိ သူလည်း သုံးခွက် တစ်ခွက်တင်။ မအေလုပ်သည့် အမှုတွင် ရွာ့မျက်နှာ မထောက်ဘဲ ရေငုံနေခဲ့ခြင်းကိုက အပြစ်ရှိခဲ့ပြီ။ ရွာ့အစည်း အဝေးညက နှုတ်ဆိတ်နေခဲ့သည်။ ရွှေမှုံကကော ဘာထူးသလဲ။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို လင့်စက်ရိပ် ခိုပြီး မတရားမှုမှာ မြင်းညိုကျိုင်း မလန့် ရှိခဲ့သူပင်။

ရွာရပ်အပေါ် ငွေတိုးကြေးတိုးချေး စားရင်း မတရားမှု ဖြင့် ချမ်းသာကြွယ်ဝလာသော ကြီးတော်စံရွှေ။ သားလုပ်သူ သာအောင်ကကော ဘာထူးလဲ။ တောသူတောင်သားများ၏ ကျေးဇူးရှင် နွားတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားပြီး နွားအလဲ အထပ်လုပ်ရင်း စီးပွားရှာသူ။ သင်းတို့တစ်တွေမှာ ဘယ်စိတ်ကောင်း နှလုံးကောင်း ရှိနိုင်ကြမှာလဲ။


လေးစားစွာဖြင့်
ရီနိုမာန်

October 21, 2009

စကားပေါင်း (၁၄၀) အမှတ်တရ - ၁

ဘာရယ်မဟုတ် အမှတ်တရအနေနဲ့ အမှတ်တရ ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ပါသည်။

20 Oct 09, 00:39
မချစ်ရ: လင့်လာယူသွားတယ်နော် မောင်လေးရေ
19 Oct 09, 23:54
မိုးခါး: လာလည်ပါတယ် အကိုတော်ရယ် အကိုတော်ကဖြင့် အသစ် မတင်ပဲနဲ့များ .. :D
19 Oct 09, 22:45
မချစ်ရ: လာလည်ပါတယ် ဒေါသအကြောင်းလေးဖတ်သွားတယ်
19 Oct 09, 21:51
မေသူ: အစ်ကိုတော်ကြီး ညီမလေးလာဆရာလုပ်သွားတယ် :P
19 Oct 09, 21:28
လင်းဦး(စိတ်ပညာ): လာရောက်ဖတ်ပါကြောင်း :D
19 Oct 09, 21:19
yu ya: ရောက်တယ်ကိုရီနိုရေ..
19 Oct 09, 20:28
ဂျပန်ကောင်လေး: ဟဲလို..ရောက်ပါတယ်...
19 Oct 09, 20:23
ုkom: ဒေါသထွက်နေရင် ခဏငြိမ်နေလိုကတာအကောင်းဆုံးပါ။
19 Oct 09, 20:03
myatwunnyo: ကိုရီနိုရေ.. အားပေးသွားတယ်နော်..
19 Oct 09, 11:18
ဒဏ္ဍာရီ: မင်္ဂ်လာပါ။ အိမ်လည်ရောက်တယ်။
19 Oct 09, 03:55
ကဗျာဦး: ရောက်စ့် :P :P :P :P :P
18 Oct 09, 23:15
ညီညီ: ကိုရီနိုရေ. လာမန့်ပေးတာ ကျေးဇူးတင်ပါတယ်.
18 Oct 09, 22:40
ဒဏ္ဍာရီ: ဟုတ် ပြင်ဆင်ပြီးကြောင်းး)
18 Oct 09, 22:34
ဒဏ္ဍာရီ: လင့်ပြီးကြောင်း သတင်းလာပို့တာပါ။း)
18 Oct 09, 19:05
ဒဏ္ဍာရီ: အိမ်လည်ရောက်ခဲ့ပါတယ်။ ဘလောဂ့်အသစ်လေးမှ ဖိတ်ခေါ်ပါတယ်။
17 Oct 09, 23:42
သံလွင်ဟီးရိုး: ကိုရီနိုရေ...ရောက်တယ်ဗျ
16 Oct 09, 17:44
မိုးစက်အိမ်: စာလာဖတ်သွားတယ် အစ်ကိုရေ
16 Oct 09, 13:27
ma phyu: ree noe, lar read twar par tal. tks for this good post


16 Oct 09, 08:52
ဗညားရှိန်: ရောက်လှည့်ပါတယ် ကိုရီနို
16 Oct 09, 08:02
မြူးလေး: ကိုကြိးးးရောက်စ်
16 Oct 09, 05:45
Angel Shaper: ရောက်တယ် ကိုရီနိုကြီးရေ...........
15 Oct 09, 13:26
Waing: အလည်ရောက်စ် စာတွေဖတ်သွားတယ်
15 Oct 09, 10:53
မေသူ: အကိုကြီး ရိန်နို ရေ ရောက်ပါကြောင်း
15 Oct 09, 05:12
Angel Shaper: ရောက်ပါတယ်ဗျ
15 Oct 09, 02:08
ချမ်းလင်းနေ: အကိုရေ မင်္ဂလာပါ ဗျာ။ လာလည်သွားပါတယ်။ ကိုယ်ယောင်ပျောက်ဆေးလဲ လာသောက်ပါဦးဗျာ။
15 Oct 09, 02:03
kiki: ရောက်ပါကြောင်း ..ကို ရီ နို ကြီး ရေ ....း)
15 Oct 09, 01:47
သံလွင်ဟီးရိုး: ကိုရီနိုရောက်တယ်ဗျ
15 Oct 09, 00:55
ကိုလူထွေး: ရောက်စ်စ်စ်တယ် ရီငိုရေ...
15 Oct 09, 00:49
PK: www.promyanmar.com ဒီ site မှာလည်းကောင်းတာလေးတွေရှိပါတယ်..
15 Oct 09, 00:49
PK: လာဖတ်သွားပါတယ်
14 Oct 09, 20:25
ဆောင်းနှင်းရွက်: အိမ်လည် မလာလို့ လာကြည့်တာ ... :lol:
14 Oct 09, 19:05
မေတ္တာရောင်ပြန်: လွမ်လို့ လာလည်သွားတယ်။
14 Oct 09, 18:00
စည်သူ: ပျော်ရွှင်ပါစေဗျာ
14 Oct 09, 18:00
စည်သူ: ရောက်တယ် ကိုရီနိုရေ...
14 Oct 09, 17:28
မငုံ: ရီနိုရေ..ရောက်စ် :)
14 Oct 09, 16:01
TNT: Ko Reno, Thanks for your wish. Don't be disheartened, Bro... There is the cupid for who is lovely and enthusiastic. :)
14 Oct 09, 13:53
ရေတမာ: လာလည်ဒယ်
14 Oct 09, 11:18
ဗညားရှိန်: ကိုရီနိုရေ ပြန်တဂ်လိုက်တယ်ဗျာ နောက်ကျတဂ်ပေါ့ဗျ
14 Oct 09, 11:01
မိုးကုတ်သား: သေချာရှာ။ တက်ဂ်ထားတယ်လေ
14 Oct 09, 10:09
wwkm: :D
14 Oct 09, 09:13
တောင်ပေါ်သား: အကိုရေ မင်္ဂလာမနက်ခင်းပါ အလည်လာပါတယ်ဗျို့
14 Oct 09, 05:56
Angel Shaper: ရောက်တယ် အကိုရေ...အဆင်ပြေပါစေကြောင်းးးးးးးးးးးးးးးး
14 Oct 09, 02:04
မိုးကုတ်သား: နာမည်တပ်ပီး မတက်ဂ်ထားဘူး။ လာဖတ်ပီး မရေးရသေးတဲ့ သူတွေတိုင်းကို တက်ဂ်တာလေဗျာ။ ရေးရမယ်။ ဒါပဲ။
13 Oct 09, 22:17
မိုးစက်အိမ်: အစ်ကိုရေ ဘာတွေလုပ်နေလည်းဗျို့  . . . အိမ်လိုက်လည်နေတာတော့ တွေ့ တယ် . . . :D
12 Oct 09, 21:01
myatwunnyo: ကိုရီနိုရေ..သတင်းရရခြင်းရောက်လာပါတယ်...ပျော်ရွင်အောင်မြင်ပါစေ..
12 Oct 09, 12:08
တောင်ပေါ်သား: အကိုရေ မပျောက်ပါဘူး အလည်လာပါတယ်း)
10 Oct 09, 16:44
ချမ်းလင်းနေ: ကိုရီနိုရေ မင်္ဂလာပါ။ လာလည်သွားပါတယ်။ ပျော်ရွှင်ပါစေဗျာ။
10 Oct 09, 11:35
kyaw kyaw: စာရေးသားဒါတွေကိုတော့ကြိုက်တယ်ဗျ...
10 Oct 09, 08:56
ကိုရဲ: ရောက်စ် ဘရားသားး)
9 Oct 09, 18:30
ဂျေဂျူဝိုင်: ဘုရားရှင်၏ စကားအရ ဖြေရှင်းခြင်း
9 Oct 09, 14:42
ရေတမာ: အကိုရေ စိတ်ရှုပ်နေလို့ဗျာ။ ဒီနေ့မှ ပျော်လို့ အိမ်လိုက်လည်နေတယ်
9 Oct 09, 11:48
Dr. Nyan: ညီလေးရေ။ ခုမှဘဲရောက်ဖြစ်တော့တယ်။ Parkကဆိုင်မှာဒုက္ခရောက်ကြတာတွေးမိပြီးရီနေမိတယ်။ စလုံးမှာထပ်တွေ့ကြဦးမယ်လေ။
9 Oct 09, 09:19
နှင်းဆီပန်းချစ်တဲ့သူ: ငြိမ်ဆို စက်ပျက်နေတာ ဆိုင်မှာဘဲရှိသေးတာကိုးးးးးးး ပြန်မရသေးလို့
9 Oct 09, 06:49
Angel Shaper: ရောက်စ့်ပါတယ်ဗျိုးးးးးးးးးးးးးးး
9 Oct 09, 02:25
sangpi: ရောက်တယ်ဗျာ ကောင်းတယ်။
9 Oct 09, 01:25
မိုးသွေးငယ်: အင်း ညီ အကို လာလည်ပါတယ်။အလုပ်တွေ အဆင်ပြေပျော်ရွှင် ပါစေ ညီ။
8 Oct 09, 23:44
ညီညီ: ကိုကြီး ရီနိုရေ. မတွေ့တာတောင်ကြာပေါ့နော်. လာလည်တယ်ဗျယ စာတွေဖက်သွားတယ်ယ လာလည်တာကျေးဇူးတင်ပါတယ်.
8 Oct 09, 22:18
moe moe: လည်လည်လာပြီးစာဖတ်ပါတယ်...
8 Oct 09, 21:52
မိုးစက်အိမ်: ပျော်ရွှင်ပါစေဗျာ
8 Oct 09, 21:52
မိုးစက်အိမ်: မဖတ်ရသေးတဲ့ ကဗျာတွေ လာဖတ်သွားတယ် အစ်ကိုရေ
8 Oct 09, 16:35
Lalique: Hello friend from Turkey
8 Oct 09, 15:46
Waing: လာလည်ပါတယ် ဇာတ်လမ်း အပိုင်း၁ကနေ ၃ကို အချိန်ရရင်လာဖတ်ဦးမယ်
8 Oct 09, 11:29
နှင်းဆီပန်းချစ်တဲ့သူ: ဟွမ်းးးးးးး မပြောချင်ဘူးတော်
8 Oct 09, 06:57
Angel Shaper: စာလာဖတ်တယ်အကို။ ပျော်ရွှင်ပါစေနော်
8 Oct 09, 01:46
ရန်ကုန်သား: အစ်ကိုရေ ညီရောက်တယ်ဗျို့  :))
7 Oct 09, 14:19
jr.လွင်ဦး: အလည်ရောက်ခဲ့ မန့်ခဲ့ပါတယ် ကိုရီနိုမန်ရေ။ ကောင်းသောနေ့ပါ။း)
7 Oct 09, 10:31
Waing: လာလည်ပါတယ် လင့်ကိုမနည်းလိုက်ရှာထားရတယ် :)
7 Oct 09, 10:28
နှင်းဆီပန်းချစ်တဲ့သူ: ရောက်တယ် နော်
7 Oct 09, 06:57
Angel Shaper: အကိုရေေ၇ာက်ပါတယ်နော်
7 Oct 09, 01:49
မြူး: ကိုကြီး စာလာဖတ်တယ်သိလား
7 Oct 09, 00:13
F@LL3N: အမေချစ်တဲ့/အမေ့ကိုချစ်တဲ့သား အဆင်ပြေပျော်ရွှင်ပါစေ
7 Oct 09, 00:13
F@LL3N: ကျနော်ရောက်တယ် ဖတ်တယ် မန့်တယ် ကျနော့်အစ်ကိုရေးးး
6 Oct 09, 23:09
ချမ်းလင်းနေ: အကိုရေ နေဝန်းထွက်ရာမြေသို့ (၂)ကို လာအားပေးပါဦးခင်ဗျာ။
6 Oct 09, 23:09
ချမ်းလင်းနေ: အကိုရေ လင်ယူသွားတယ်။ခွင်ြံ့ပုပါ။
6 Oct 09, 16:08
ဂျပန်ကောင်လေး: မရေးတော့ဘူးဆိုလို့လေ.. အခုတော့လည်း အစ်ကိုက စာတွေရေးနေပါ့လား..း)
6 Oct 09, 00:46
မိုးသွေးငယ်: ရောက်တယ် ညီရေ။
5 Oct 09, 23:26
မော်ကွန်းသစ်: www.newmawkun.blogspot.com
5 Oct 09, 23:25
မော်ကွန်းသစ်: ကျေးဇူးပါ။့ ကျန်းမာပါစေပေါ့။www.newmawkun.blogspot.com
5 Oct 09, 22:05
မိုးစက်အိမ်: အစ်ကိုရေ ဘာတွေလုပ် အဆင်ပြေရဲ.လားဗျ
5 Oct 09, 18:02
ဆောင်းနှင်းရွက်: အရှုပ်တွေ လုပ်ပြီး အလုပ်တွေ ရှုပ်နေလို့ ... ခုတော့ တွေ့တယ် ဟုတ် .. :glad:
5 Oct 09, 00:41
မြူး: ကိုကြီး စာလာဖတ်တယ်သိလား
5 Oct 09, 00:35
ရန်ကုန်သား: ပျော်ရွှင်ပါစေ အစ်ကို ရီနိုရေ :))
5 Oct 09, 00:35
ရန်ကုန်သား: ဟတ်ယတ်အစ်ကို ခုတော့ အိုကေနေပါပြီ ဖလူလေ ကိုက်ချက်နှယ် ကွေးနေတာပဲ :)) ကျေးဇူးအစ်ကို
4 Oct 09, 19:49
စိမ်း: အို ဒါဆိုလည်း ဆရာမခင်ခင်ထူးရဲကလက်ရာကို မိတ်ဆက်ပေးလို့ ကျေးဇူး အဟုတ်ကြီးကောင်းတာ... အရင်က တစ်ခါမှမဖတ်ဖူးဘူး
4 Oct 09, 16:06
ကိုလူထွေး: နေကောင်းပါစ ရီနိုရေ...
4 Oct 09, 15:07
ချမ်းလင်းနေ: ကိုရီနိုးရေ သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်ပါစေဗျာ။
4 Oct 09, 14:16
jr.လွင်ဦး: ပြန်လာလည်ပါတယ်ရှင်။ လာလည်သွားတာ ကျေးဇူးပါ။း)
4 Oct 09, 13:43
ဗညားရှိန်: ကိုရီနို ရေ ရောက်တယ်ဗျာ မဂ်လာပါ
4 Oct 09, 12:46
kp3: visit bro, greatsite,
4 Oct 09, 12:46
kp3: xiait, bro greatsite,
4 Oct 09, 11:31
နှင်းလေး: လာလည်ပါတယ် စာတွေလည်းဖတ်သွားပါတယ် ပျော်ရွှင်စရာအားလပ်ရက်လေးဖြစ်ပါစေ
4 Oct 09, 01:35
မငုံ: ရီနိုရေ..အေးချမ်းတဲ့ သီတင်းကျွတ်အခါသမယလေးပါ
3 Oct 09, 15:37
ရန်ကုန်သား: အစ်ကိုရေ မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယပါ :))
3 Oct 09, 01:19
yu ya: ရောက်တယ် ကိုရီနိုရေ.. ဆကှ်ေလျှာက်...ပါလို့။
2 Oct 09, 11:21
kiki: ဆက်သာလျှောက်ပါ ကိုရီနို ရေ..
2 Oct 09, 09:10
ရေတမာ: အကိုရေ လာလည်တယ်
1 Oct 09, 23:16
ကိုကိုမောင်: ရောက်ပါတယ်။
1 Oct 09, 10:36
ရေတမာ: လာလည်တယ်အကိုရေ
1 Oct 09, 09:49
Angel Shaper: ကိုရီနိုကြီးရေ...ပျော်ရွှင်ပါစေဗျာ....
1 Oct 09, 08:30
နှင်းဆီပန်းချစ်တဲ့သူ: မောနင်းးးးးးးး
1 Oct 09, 07:32
မြူး: ရောက်တယ်နော် ကိုကြီး
30 Sep 09, 23:31
yu ya: ရောက်တယ် ကိုရီနိုရေ... အဆင်ပြေပါစေခင်ဗျာ။
30 Sep 09, 23:16
စိမ်း: ရောက်ခဲ့ပါတုယ် ပထမဦးဆုံးထင်တယ်...
30 Sep 09, 20:16
htwe: ရောက်ပါတယ်
30 Sep 09, 18:18
မိုးစက်အိမ်: လာသွားတယ် အစ်ကိုရေ
30 Sep 09, 17:38
Angel Shaper: ရောက်ပါတယ်ဗျိုးးးးးးးး
30 Sep 09, 12:02
မေတ္တာရောင်ပြန်: အိမ်လည်ရောက်တယ် မောင်လေး
30 Sep 09, 09:51
မေသူ: ကိုကြီး ရီနိုရေ စာတွေပြန်ရေးနေတာ ဝမ်းသာပါတယ်... မေသူ လင့်သွားတယ်နော... အစ်ကိုလာကော်မန့် ပေးလို့ လဲ ကျေးဇူးတင်ပါကြောင်း..... :)
29 Sep 09, 19:34
ရန်ကုန်သား: အစ်ကိုရီနိုရေ ရောက်တယ်ဗျို့  :))
29 Sep 09, 16:35
မေတ္တာရောင်ပြန်: HAPPY BIRTHDAY MGLAY
29 Sep 09, 16:16
စည်သူ: ပျော်ရွှင်ပါစေဗျာ.. ဆုမွန်ချွေပါတယ်
29 Sep 09, 16:15
စည်သူ: ရှာရင်းဖွေရင်းနဲ့ပေါ့
29 Sep 09, 16:15
စည်သူ: ကိုရီနီုရေ..
29 Sep 09, 16:15
စည်သူ:ေ၇ာက်လာတယ်
29 Sep 09, 16:09
ဂျာမုန်းဒန်: စာတွေလာဖတ်တယ်
29 Sep 09, 16:09
ဂျာမုန်းဒန်: မောနင်းပါ
29 Sep 09, 16:09
ဂျာမုန်းဒန်: အလည်ရောက်ပါတယ်
29 Sep 09, 14:06
အနမ်း: ရီနိုရေ .. ရောက်ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
29 Sep 09, 13:56
ဆောင်းနှင်းရွက်: ကောင်းသောနေ့လည်ခင်းလေးပါ .. ဖတ်ဖို့အတွက် လင့်ခ် ယူသွားတယ် .. :D
29 Sep 09, 13:04
ရေတမာ: အကိုရေ လာလည်ဒယ် မုန့်ကျွေး
29 Sep 09, 11:09
မိုးခါး: မောနင်း ပျော်ရွှင်ဖွယ် နေ့ရက်များပိုင်ဆိုင်ပါစေး)))
29 Sep 09, 08:50
နှင်းဆီပန်းချစ်တဲ့သူ: မောနင်းးးးးးးးး
28 Sep 09, 23:45
Talkii: ရောက်တယ်ဗျ
28 Sep 09, 21:51
မိုးခါး: နေကောင်းလားဗျို့
28 Sep 09, 21:51
မိုးခါး: ရောက်ပြီး ဖတ်ပြီးတာကြာပေါ့ .. မမန့်ဖြစ်သေးတား)))
28 Sep 09, 11:38
မေတ္တာရောင်ပြန်: မောင်လေးရေ အိမ်လည်ရောက်တယ်။
27 Sep 09, 17:53
ဝါကြီး: အင်း..အားဆေးက တော်တော်ကောင်းတယ်..
27 Sep 09, 17:07
ワーワー: visited. :D
27 Sep 09, 05:30
မငုံ: ရောက်လာပါတယ် ရီနိုရေ
27 Sep 09, 00:44
JulyDream: အလည်တခေါက် ရောက်ခဲ့ပါတယ် ခင်ဗျာ။
27 Sep 09, 00:43
TNT: အားလို့ ကြုံရင် စကိတ်စီး လေ့ကျင့်ကြရအောင်လေ ဘရားသား
27 Sep 09, 00:34
ကြယ်ဖြူစင်: :P
27 Sep 09, 00:30
yu ya: ရောက်တယ် ကိုရီနိုရေ.. ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..
26 Sep 09, 23:28
Nwe Ni: I am happy to read your blog again. Thnks
26 Sep 09, 22:25
မိုးစက်အိမ်: :cool: ;)
26 Sep 09, 21:54
တောင်ပေါ်သား: ပြန်လာပြီလား ၀မ်းသာတယ်ဗျး) အစစအရာရာ ပျော်ရွှင်ပါစေ
26 Sep 09, 21:32
Angel Shaper: ၀မ်းသာလိုက်တာဗျာ...
26 Sep 09, 20:44
ရန်ကုန်သား: ဟာ အစ်ကို ဝမ်းသာတယ်ဗျာ :)
26 Sep 09, 20:42
ဝသန်မိုး: ဘလော့ဂ်ပြန်ဖွင့်ပြီကွ ဝေးးးးးးးးးးးးး
25 Sep 09, 17:36
ကိုလူထွေး: နေကောင်းလားကွ

လေးစားစွာဖြင့်
ရီနိုမာန်

October 20, 2009

ချစ်သူ့ လမ်းကလေး

မင်းကို ကိုယ်စတွေ့တာ
ဒီလမ်းလေးထဲမှာပဲ....ချစ်သူ

မင်းနဲ့ ကိုယ်စကား စပြောဖြစ်ကြတာလဲ
ဒီလမ်းလေးထဲမှာပဲ .... ချစ်သူ

ကိုယ့်ကို ရင်ခုန်သံတွေ မြန်စေခဲ့တာလဲ
ဒီလမ်းလေးထဲမှာပါပဲ .... ချစ်သူ

ကိုယ်တို့နှစ်ယောက်ရဲ့ ကမ္ဘာလေး
တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလဲ
ဒီလမ်းလေးထဲမှာပဲ .... ချစ်သူ

မှောင်မိုက်တဲ့ ညတစ်ညမှာ
မင်းရဲ့ ညို့မျက်ဝန်းတွေကြောင့်
ကိုယ်ဘာမှမသိပဲ မူးမေ့သွားစေခဲ့တာလဲ
ဒီလမ်းလေးထဲမှာပဲပေါ့ .... ချစ်သူ

ချစ်သူ .... ကိုယ်တို့နှစ်ယောက်ရဲ့
ဇာတ်လမ်းလေးကိုတော့
ဒီလမ်းလေးထဲမှာပဲ
အဆုံးမသတ် ပါရစေနဲ့ကွာ....


လေးစားလျှက်
ရီနိုမာန်

October 19, 2009

ဒေါသ

အမှန်အတိုင်းပြောရရင် ကိုယ်ကသာ လုပ်ချင်တာကို လုပ်နေချင်တာ။ သူများလုပ်ရင်တော့ သိပ်သဘောမတွေ့မိဘူး။ " ငါ " စွဲတွေ အရမ်းများမိတယ်။ ငါလုပ်တာတွေ ၊ ငါပြောတာတွေ ၊ ငါတွေးတာတွေ အားလုံးကမှန်တယ်လို့ ကိုယ့်ကိုယ်ကို အထင်တွေကြီးပြီး ဟိုလူကိုလည်း စကားမပြော၊ ဒီလူကိုလည်း စကားမပြောပဲ နေလာတာကြာတော့ လူလည်း အထီးကျန်သလို ခံစားလာရတယ်။ တစ်ကိုယ်တည်း အထီးကျန်သလို ခံစားလာရတော့ ဘာဖြစ်လာသလဲဆိုတော့ နေရင်းထိုင်ရင်း ဒေါသ ထွက်တက်လာတယ်။ ဒေါသရဲ့ နောက်မှာ စိတ်ထဲရှိတာကော ၊မရှိတာကော ပြောဖြစ်လာပြန်တယ်။ ဒီလိုပြောလိုက်တော့ နေရင်းထိုင်ရင်း နဲ့ မစော်ကားသင့်တဲ့ လူတွေကိုလည်း စော်ကားသလိုဖြစ်ပြန်ရော။ ပြောလိုက်တဲ့ ခဏမှာတော့ ဘာမှကိုမမြင်ဘူး။ ပြောပြီးမှ `ဪ ငါပြောတာ တော်တော်လွန်းသွားပါလားလို့ ပြန်ပြီး စဉ်းခြင်မိတယ်။ တောင်းပန်ခြင်းကို စိတ်မဝင်းစားတဲ့ ကျနော် အတွက်တော့ အပြစ်တွေကိုသာ ရင်ဝယ်ပိုက်ထား လိုက်တယ်။

ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲပေမယ့် အလုပ်နဲ့ ပတ်သက်လို့ရှိရင် အရင်းဆုံးဒေါသထွက်တက်တာ ကျနော်ပဲ ဖြစ်မှာပါ။ ဒေါသထွက်လို့ ပြောလိုက်တဲ့ စကားတွေကလည်း ပိဿလေးခဲပစ်လိုက်သလိုပဲ။ စိတ်ပျော့တဲ့ လူသာဆိုရင် အဲဒီနေရာမှတင် ထိုင်ငိုမှာသေချာတယ်။ ငိုတယ်ဆိုလို့ မှတ်မှတ်ရရ ကျနော်ဘဝမှာ မိန်းမတစ်ယောက်ကို ကောင်းကောင်းအော်ခဲ့ဖူးတယ်။ အော်တုန်းကတော့ အော်ကောင်းကောင်းနဲ့ အော်တာဆိုတော့ ဘာမှမမြင်ဘူး။ အော်ပြီးထွက်သွားတော့ အဲဒီအမ ငိုပြီးကျန်ခဲ့တာကို နောက်မှ ရုံးကလူတွေ ပြန်ပြောကြလို့ ကျနော် သိလိုက်ရတယ်။ တော်တော်လေးလည်း စိတ်မကောင်းဖြစ်သွားတယ်။ အဲနောက်ပိုင်း ကျနော်စိတ်ကို ကျနော် ထိန်းနိုင်အောင် ကြိုးစားပြီး ဒေါသကိုလည်း အတက်နိုင်ဆုံး မထွက်အောင် ကြိုးစားတက်လာခဲ့တယ်။

ပုထုဇဉ်ဖြစ်တဲ့ကျနော် ဒေါသမထွက်ပဲလဲ မနေနိုင်ပြန်ဘူး။ ခုနောက်ပိုင်းတော့ ကျနော်ဒေါသကို နည်းတစ်မျိုးနဲ့ ပြောင်းထိန်းလိုက်တယ်။ ဒေါသထွက်လာပြီး ဆိုရင်တော့ တေမိထုံ နှလုံးမူပြီး ဘယ်သူကိုမှ စကားမပြောပဲ နေလိုက်တော့တယ်။

အမှန်တော့ ဒေါသဆိုတာ ကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဘုရားဟော တရားတော်နဲ့လည်း မညီညွှတ်ပါဘူး။ ဒေါသကြောင့် ဖြစ်တဲ့ ကိစ္စတိုင်း လိုလို က ယခုဘဝမှာကော နောင်သံသရာမှာပါ ကောင်းတဲ့ ကိစ္စမဟုတ်မှန် အားလုံးသော ပုထုဇဉ်တိုင်း သိကျမှာပါ။ လူသားတိုင်းလိုလို ဒေါသနဲ့ မကင်းနိုင်ပေမယ့် အတက်နိုင်ဆုံး ဒေါသကို ထိန်နိုင်ရင်းတော့ ယခုသံသရာမှာကော နောင်သံသရာမှာပါ ကောင်းကြိုးသုခကို ခံစားရမှာ ဧကန်မလွဲ ဖြစ်မှာပါ။

လေးစားလျှက်
ရီနိုမာန်

October 18, 2009

မအိမ်ကံ ( For Oct ) အပိုင်း - ၃

“တစ်ခုတော့ ရှိသယ်ဗျ”

ဖိုးညောင်း အသံ။ စကားသံတွေ တိတ်ဆိတ်သွားပြန် သည်။
“မြင်းနောက်က စီးတဲ့ ကောင်က ရှေ့ကကောင်ကို ခါးဖက်ထားသယ်။ သည်တော့ လူလုံးချင်းယှဉ်ထိုင်သလို ဖြစ်နေသာပေါ့နော။ နောက်ကကောင်က လူပုပုရယ်ဗျ။ ပုပု ညှက်ညှက်ရယ်။ ကျုပ်မှတ်မိပြီ။ ဟုတ်သယ်။ ရှေ့ကကောင် နဲ့ ခေါင်းမညီဘူး။ ပုပုကလေးရယ်”

လူပုပုကလေး။ ဘယ်သူဖြစ်နိုင်သလဲ။ ကိုပြေသိမ်းက တရားခံကို မမျှော်လင့်ပါ။ အကြောင်း ရည်ရွယ်ချက်ကိုသာ သိချင်သည်။ အခုတော့ အစတစ်စ ထွက်လာပြီ။ အရပ်ပုပု လူတစ်ယောက်။ မီးကွင်းပစ်လိုက်သူဟာ အရပ်ပုပု။ သည်လောက်နှင့်ပင် ထိုနေ့က စကားသိမ်းလိုက်ရသည်။

မအိမ်ကံကတော့ အိပ်ရာထဲ ၀င်ခဲ့သည့်တိုင် မီးတောက် မီးလျှံများနှင့် လူပုပု တစ်ယောက်ကိုသာ မြင်ယောင်နေမိပါ ၏။ ကိုပြေသိမ်းက ဘာမှတော့ မပြော။ သူလည်း စဉ်းစားနေ ပုံရသည်။ နောက်တော့ ကိုပြေသိမ်း အိပ်ပျော်သွားသည်။ မအိမ်ကံကတော့ ရွာခေါင်းဆောင် သာအောင် တစ်ယောက် ဘာကြောင့် စကားတစ်ခွန်းမှ မပြောခဲ့တာလဲ ဆိုတာကို စဉ်းစား နေမိသည်။ တကယ်ဆိုလျှင် ရွာကင်း ခေါင်းဆောင် တစ်ယောက် အနေဖြင့် မေးရမည်။ မြန်းရမည်။ စကားတွေ ပြောရမည်။ ဆွေးဆွေးနွေးနွေး ရှိရမည်။ ဒါဖြင့် သူဘာကိစ္စ ငြိမ်နေရတာလဲ။ ပြောစရာ မရှိလို့ မပြောတာလည်း ဖြစ်နိုင်ပါ၏။ သို့ပေသိ မအိမ်ကံ စိတ်ထဲမှာ ၀ိုးဝိုးဝါးဝါး ခံစားနေ ရသည်။ တစ်စုံတစ်ရာ လွဲချော် နေသလို ရှိနေခြင်းပင်။ ရွာကျောင်းကို သာအောင် မီးရှို့ခဲ့တာ မဟုတ်။ ရှို့စရာလည်း အကြောင်းမရှိ။ သာအောင်မှာ သည်လို ယုတ်ညံ့သည့် စိတ်မရှိတာ မအိမ်ကံ ယုံကြည်ပါ၏။ တစ်စုံတစ်ယောက်က သည်အကြံအစည်မျိုး ရှိသည်ဆိုလျှင်ပင် တုတ်တပြက် ဓားတပြက် ထလုပ်မည့် လူမျိုး။ အစ်ကို မောင်မြတ်သာနှင့် အတူ တိုင်းပြည် ကိစ္စတွေမှာ ပါခဲ့သူပင်။

ဒါဖြင့်ရင် ကျောင်းမီးရှို့ခဲ့သည့် ကိစ္စမှာ ဘာကြောင့် သာအောင်ကို သံသယ ရှိနေတာလဲ။ မအိမ်ကံ ဒါကိုတော့ တွေးလို့ မရပါ။ ရေရေရာရာ ထင်းထင်းရှင်းရှင်း မရှိ။ မအိမ်ကံ စိတ်ထဲမှာ မှုန်မှိုင်းမှိုင်းအငွေ့ တစ်မျိုး ယှက်သန်းနေတာပဲ ရှိ၏။ မအိမ်ကံ မအိပ်နိုင်သေး။ အိပ်ရာက အသာထ လာခဲ့တာ ပြတင်းပေါက်နား လာရပ်သည်။ ဇောင်ချမ်းကုန်းရွာကလေးပင် ငြိမ်သက် အိပ်မောကျနေခဲ့ပြီ။ တပေါင်းလ၏ ညလေအေးအေးက တရှရှ တိုက်ခတ်နေသည်။ မအိမ်ကံပင် ခေါင်းကြည်သွားခဲ့သည်။ မအိမ်ကံမှာ ထူးခြားသော ဥာဏ်ရည် တစ်မျိုးရှိမှန်း သူ့ကိုယ်သူ သိသည်။ တစ်စုံတစ်ရာ ထင့်ခနဲ ဖြစ်သွားလျှင် သေချာအောင် တွေးသည်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တွေးသည်။ ရုပ်လုံးသဏ္ဌာန် ပေါ်အောင် တွေးလေ့ ရှိသည်။ အခုလည်း သာအောင်ကို သံသယ မရှိသော်လည်း မအိမ်ကံ စိတ်ထဲမှာ ထင့်ခနဲ ခံစားရတာတစ်ခု ရင်ထဲမှာ စလုံး စခု ခံနေပါ၏။

ထိုညက ကျောင်းကြီး မီးဟုန်းဟုန်း တောက်နေချိန်မှာ မအိမ်ကံ ဖိနပ်မပါဘဲ ကျောင်းဘက်ကို ပြေးခဲ့သည်။ ကျောင်းကြီး မီးတောက် စွဲနေတာကို အရွာရွာက ပွဲတော်လာတွေ ကြည့်နေကြတာ အုံကြီးခဲရ။ မအိမ်ကံ လူကြားထဲ တိုးကာ တိုးကာ လာခဲ့တော့ ရှေ့ဆုံးကို ရောက်လာခဲ့၏။ သာအောင်တို့ ရပ်ရွာကာကွယ်ရေး ကင်းသမားတွေက လူတွေကို ပွဲခင်းထဲ ပြန်ဖို့ အော်နေကြသည်။ ဒါကလည်း ပွဲခင်းထဲမှာ ပွဲပျက်မှာ စိုးလို့ဆိုတာ မအိမ်ကံ နားလည်ပါသည်။ မအိမ်ကံက ကိုပြေသိမ်း ရောက်လာသလား မေးတော့ သာအောင်က မလာကြောင်း ဖြေတာကိုလည်း မှတ်မိသည်။

မအိမ်ကံ အတွေးတွေကို ပြန်စုစည်းသည်။ လူအတော် များများက ရင်ပေါင်တန်းကာ ရပ်ကြည့်နေသူတွေကို တွန်းလွှတ်နေကြတာကို စူးစူးစိုက်စိုက် မျက်စိမြင်အောင် ကြည့်သည်။ လူတွေကို ပြန်ကြပါ၊ ပြန်ကြပါ နှင်ကြသူတွေ။ သည်လူတွေကကော ဇောင်ချမ်းကုန်းက ချည်းပဲလား။ သည်အချိန်မှာ သူ့ရွာသား ကိုယ့်ရွာသားရယ် မရှိနိုင်။ တစ်ရွာ့ တစ်ရွာ အကြောင်းကိစ္စ ရှိလျှင် သည်လိုပင် ၀ိုင်းကြမြဲ။ မအိမ်ကံ ၀ိုးဝိုး ၀ါးဝါးဖြစ်နေတာကို သဘောပေါက်လိုက်ပြီ။ သာအောင့် ဘေးမှာ လူတစ်ယောက် ရှိနေခဲ့သည်။ လည်ပင်းပေါ်မှာ မျက်နှာသုတ် ပ၀ါတစ်ထည် ခွတင်ထားသည့်လူ။ အရပ်ပုပု။ သည်လူကလည်း ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ အော်နေတာကို မအိမ်ကံ မှတ်မိပြီ။ သည်လူက သာအောင်နှင့် ဆက်စပ်နေသလား။ မဆက်စပ်ဘူးလား။ ဒါတော့ မအိမ်ကံ မသိ။ သေချာ တာက အရပ်ပုပု လူတစ်ယောက် ထိုနေ့က သာအောင်နှင့် အတူ ရှိနေခဲ့ခြင်းပင်။

မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်ခဲ့ပါ၏။ သည်ကိစ္စက သေချာတာ မဟုတ်တော့ မအိမ်ကံကိုယ်တိုင် ၀မ်းထဲ မျိုချ ထားလိုက်သည်။ ကိုပြေသိမ်းကတော့ အိပ်ပျော်နေဆဲ။
“ငါ့ကျောင်းကို မီးရှို့တဲ့လူ ဘယ်သူလဲ။ ဘာဖြစ်လို့များ ငါ့ကျောင်းကိုမှ မီးရှို့ရသာလဲ။ သည်ကိစ္စ တစ်နေ့တော့ ပေါ်ကို ပေါ်လာရမှာပဲ။ သင်းမလွတ်နိုင်ပါဘူး”
မအိမ်ကံ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက ရက်စက်ခြင်း၊ နာကြည်းခြင်း၊ ခံပြင်းခြင်း၊ ဆူဝေခြင်းစသော ခံစားမှုများအတွင်းက ယိုစိမ့်ကျလာသော အပြုံးပင် ဖြစ်လေသည်။

“သည်ကိစ္စ သာအောင့်ဆန္ဒတော့ မပါလောက်ဘူး။ ဒါပေမယ့် သာအောင် သိတယ်။ ဒါ ကြီးတော်စံရွှေနဲ့ ပတ်သက်တဲ့ လူဖြစ်ရမယ်။ မအေ လုပ်တဲ့ ကိစ္စဆိုတော့ သားတစ်ယောက် အနေနဲ့ ရေငုံနေတာပဲ ဖြစ်လိမ့်မယ်။ ဘယ်သူပဲ လုပ်လုပ်၊ ရွာက တောကြောင် တစ်ကောင်ပါနေပြီပဲ”
တစ်ခုတော့ ရှိပါရဲ့။ ကြီးတော်စံရွှေက ဂျပန်ခေတ် တစ်ခေတ်လုံး ငြိမ်နေခဲ့ပြီး ဘယ်လိုကြောင့် ခုမှ တစ်စခန်းထရ တာလဲ။ မအိမ်ကံ အတွေးတွေ မရပ်ခဲ့။ ထိုညက မိုးသာစင် စင်လင်းတော့သည်။

စာသင်ကျောင်း မီးလောင်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကိုပြေသိမ်းမှာ မြင်းခြံမြို့ရှိ ပညာရေး ဌာနရုံးသို့ ဖြစ်ပျက် ပုံတင်ပြရန် သွားရသည်။ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း ကိုပြေသိမ်းကို ကျောင်းအုပ်ဆရာကြီး အဖြစ် တရားဝင် ခန့်အပ် ခဲ့ရုံသာမက ကျောင်းကိုလည်း အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဇောင်ချမ်းကုန်းရွာ မူလတန်းကျောင်းဆိုသည့် တရားဝင် အမည်ရခဲ့သည် မှန်သော်လည်း ရွာတွေက မအိမ်ကံကျောင်းလို့ပင် နှုတ်ကျိုး နေကြလေပြီ။ မအိမ်ကံကျောင်း မီးလောင်လို့တဲ့ဆိုသည့် သတင်းက ရွာတိုင်းတွင် ပျံ့နှံ့လျက်ရှိပါ၏။

“မအိမ်ကံကျောင်း မီးလောင်သာ ထင်းတို တစ်ချောင်း မရလိုက်ဘူးသဲ့။ လုပ်ကြတုန်းက မအိမ်ကံတို့ အိမ်ကြီးကို မီးရှို့ချင်သာသဲ့တော်။ အိမ်ကြီးကို မလုပ်ရတော့ ကျောင်းကို မီးရှို့သာပေါ့။ ရက်စက် ယုတ်မာချက်တော့ မလုပ်ကောင်းသာ လုပ်ကြတာများ...”

“မအိမ်ကံကျောင်း မီးလောင်သာ ထူးတော့ ထူးဆန်း သားဗျ။ ဘုန်းကြီးပျံပွဲရက်မှ ထလုပ်ကြသာ စဉ်းစားလို့ မရဘူး။ လူတွေ ပွဲလန့်ပြီး ဘာမှ မဖြစ်ကြသာ ကံကောင်း။ ဘယ်လို လူတွေကများ သည်လောက် လက်ရဲ၊ ဇက်ရဲ နိုင်ကြ သာပါလိမ့်”

“ဆရာလေးက နိုင်ငံရေး စကားတွေ တွန်းပြောလို့ မကျေနပ်သဲ့ လူက လုပ်သာလို့လည်း ကြားသာပဲ။ တချို့ ကလည်း ဆရာလေးက ရွာကင်းတွေ လိုက်ဖွဲ့လို့ သူခိုး၊ ဓားပြက အငြိုးနဲ့ ရှို့သာလို့လည်း ပြောကြသယ်။ အမှန်တရားတော့ ဘုရားမှ သိမှာပဲ”

အထင်တွေ အမျိုးမျိုး၊ အတွေးတွေက အမျိုးမျိုး။ ရွာတွေမှာ သည်စကားက ကြက်ရေသောက်သလို အ၀င်သာရှိ၍ အထွက် မရှိ။ ဝေဖန်ချက်သာ ရှိ၍ အဖြေမရှိ။ ဘယ်လိုပင် ဖြစ်စေ ရွာပေါင်းစုံက ကလေးတွေ ကျောင်းမရောက်ရတာပဲ အဖတ်တင်သည်။ ကျောင်းဆောက်ဖို့ဆိုတာ လွယ်တာ မဟုတ်။ ချက်ချင်း ထဆောက်လိုက်စမ်းမဟဲ့ဆိုသော်လည်း ပညာရေးဌာနက စုံစမ်းတာတွေ ရှိလာဦးမည်။ အမိန့်ချမှတ် ပေးမှ ပြန်ဆောက်ခွင့်ရှိသည်။ ကိုပြေသိမ်းမြို့ကို သွားပြီး ကျောင်းပြန်ဖွင့်ရေး လုံးပမ်းနေတာကိုလည်း ရွာတွေက သိကြပါ၏။ သည်တစ်ကြိမ်တော့ ရွာပေါင်းစုံက ငွေထည့် လှူချင်ကြသည်။ တစ်ချိန်က စာသင်ကျောင်းကလေး အပေါ် အာရုံ မရှိခဲ့ကြသော ရွာများကပင် အချိုးကျ ထည့်ဝင်ရန် ပြောလာကြပါ၏။

“သြော် ရွာတွေမှာလည်း ဘုန်းကြီးပျံပွဲ အတွက် လုံးပမ်း ထားရတော့ ပင်ပန်းနေကြမှာပါရှင်။ လက်မခံပါရစေနဲ့။ မအိမ်ကံကျောင်းကို မအိမ်ကံပဲ ပြန်ဆောက်လှူစမ်းပါရစီ။ ကျွန်မတို့ မိသားစုအဖို့ သည်လောက်တော့ ရုန်းနိုင်ပါသေးသယ်။ ပညာရေးဌာနက ခွင့်ပြုပြီဆိုတာနဲ့ ကျောင်းပြန်ဆောက်မှာပါ”

ရပ်ရွာတွေက လူကြီးတွေ ငွေထည့်ဝင်ဖို့ ပြောလေတိုင်း မအိမ်ကံ ယဉ်ယဉ်ကျေးကျေး ငြင်းသည်ချည်းပင်။ မအိမ်ကံ တို့မှာလည်း စီးပွားရေးအရ အရင်ကလို “မား”လှတာတော့ မဟုတ်။ စစ်ကြီး တစ်ခေတ်လုံး ဝေကာမျှကာ ကျုံးကာ ရုန်းကာ ကုန်ခဲ့ရတာ တစ်မျိုး၊ ဓားပြ သုံးကြိမ်ဝင် အတိုက်ခံခဲ့ရတာ တစ်မျိုး၊ ဆွေတွေမျိုးတွေကို လူလုံးမျှအောင် ဝေရခြမ်း ရတာ တစ်မျိုးဆိုတော့ မအိမ်ကံမှာ စိတ်ရှိတိုင်း ကိုယ်မပါနိုင်။ သို့သော် မအိမ်ကံတို့ အဖို့ ဆင်ပိန်တော့ ကျွဲလောက်ဆိုသလို ကျန်သင့်သလောက် ကျန်ပါ၏။ မအိမ်ကံတို့မှာ လယ်တွေ၊ ချောင်းတွေ ကျန်သင့်သလောက် ကျန်သည်။


လေးစားစွာဖြင့်
ရီနိုမာန်

October 15, 2009

လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း

ဒီတစ်ခေါက်တော့ ကျနော် တွေ့ရှိမိတဲ့ ဘုရားရဲ့ ကျင့်စဉ်နှင့် ပတ်သက်ပြီး တစ်ခုလောက်သတိထားမိလို့ ပြန်လည်မျှဝေတယ်လို့ ပဲသဘောထားပေးကျပါ။ သိလို့ တက်လို့ ပြောခြင်းမဟုတ်ပါ။ မျှဝေခြင်း မျှသာဖြစ်ပါသည်။

တစ်နေ့ ဘလောဂ့်ဂါအမတစ်ယောက်နဲ့ အတူ Bukit Batok မှာရှိတဲ့ ဆရာကြီး မင်းသိင်္ခရဲ့ တပည့်ရင်းဖြစ်တဲ့ ဆရာမနှင်းဧရာလွင် ဆီကိုရောက်သွားကြပါတယ်။ ဆရာမအိမ်ကိုေ၇ာက်တော့ ဆ၇ာမက ခင်ပွန်းကြီး ၁၀ပါးကို ကန်တော့ဖို့ အတွက်ပြင်ဆင်နေတာကို တွေ့ရတယ်။ ကျနော်တို့ ရောက်ပြီး ဘုရားဝတ်ပြုပြီးတော့ ဆရာမက ကျနော်ကို မျက်နှာစိမ်းမှန်းသိတော့ စာအုပ်တစ်အုပ်ကို လှမ်းပေးပါတယ်။ ကျနော်လည်း အမှုမဲ့ အမှတ်မဲ့ သိမ်းထားလိုက်တယ်။

ကွန်ပျုတာကလည်း ပျက်၊ အလုပ်ကလည်း ပါးဆိုတော့ သိမ်းထားတဲ့ စာအုပ်လေးကို ဖတ်မယ်ဆိုတော့မှ ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဏိတ ဟောကြားထားတဲ့ ကျေးဇူးပြစ်မှား ဒဏ်ဆယ်ပါးနှင့် ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း စာအုပ်လေးထဲမှ ကျနော် မသိတာလေးတွေကို သိလိုက်ရတယ်။ တစ်ချို့စကားလုံးဆိုရင် ကြားဖူး၊ ပြောဖူးပေမယ့် စကားရဲ့ အဓိပ္ပါယ်ကို သေသေချာချာ မသိခဲ့ပါဘူး။ ဆရာတော်ရဲ့ ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့ ကျေးဇူးကြောင့် ကျနော် မသိသေးသော အသိတွေကိုရရှိလိုက်ရပါတယ်။ စာအုပ်ထဲမှာလည်း ဆရာတော်ရဲ့ တကယ့်ကိုယ်တွေ့တွေကိုလည်း သိရှိခွင့်ရလိုက်ရတဲ့ အတွက် ကျနော် မှာ ဗဟုသုတ တိုးပွားစေခဲ့ပါတယ်။

ဒီစာအုပ်ထဲမှ ကျနော် ပြန်လည်မျှဝေချင်တဲ့ အကြောင်းအရာကတော့ ဘုရားဖြစ်ဖို့ရာ ကျင့်ကြံ့ခဲ့တဲ့ ကာလလေးတစ်ခု အကြောင်းပါ။ ကျနော်တို့ သိထားပြီးဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရား ဟာဆိုရင် သဗ္ဗေညုရွှေညာဏ်တော်ကို ရဖို့ရာ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံလာခဲ့ပြီးမှ လောကမှာ အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရား အဖြစ်ကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ခုကျနော် ပြောချင်တာကလည်း ဒီ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ဆိုတဲ့ ကာလကို ရှင်းပြမှာဖြစ်ပါတယ်။

ကျနောတို့ နှုတ်ကနေ အလွယ်တကူ ပြောထွက်လာတဲ့ ဒီ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ကို ကျနော်တို့ သေသေချာချာသိလို့ ပြောနေကျတာလား ? ကြားဖူးလို့ ပြောနေကျတာလား ဆိုတာတော့ ကိုယ့်ကိုတိုင် ပဲ ပြန်မေးကြည့်ပါ။ လေးသင်္ချေ ဆိုတဲ့ အရေအတွက်ကို သိသွာရင်း ဘုရားရဲ့ ပါရမီကို အကြွင်းမဲ့ ယုံကြည်သွာပါလိမ့်မယ်။ ကျနော်တို့ မြန်မာ သင်္ချာမှာတောင် ကုဋေ ထိသာကြားဖူး သင်ဖူး တာပါ။ သင်္ချေ ဆိုတဲ့ အရေအတွက်ဟာ ၁ရဲ့ နောက်မှာ သုည အလုံးရေပေါင်း ၁၄၀ ရှိတယ်လို့ ဆရာတော်က ဟောကြားခဲ့တယ်။ လေးသင်္ချေ ဆိုတော့ ၄ ရဲ့ အနောက်မှာ သုည အလုံးပေါင်း ၁၄၀ရှိမယ်။ ဒါတွေဟာ ခုနှစ်တွေ မဟုတ်ဘူးနော်။ ကမ္ဘာလုံး အရေအတွက် ကိုပြောတာ။ ကမ္ဘာလုံး အရေတွက် လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း နေထိုင်ကျင့်ကြံ လာပြီးမှ လောကမှာ တုနှိုင်းစရာမရှိတဲ့ တစ်ပါးတည်းသော ဗုဒ္ဓုမြတ်စွာဘုရားဆိုတာကို သိရှိနားလည်ခဲ့ရတယ်။

တစ်ကမ္ဘာ ကိုဘယ်လောက်ကြာပါသလဲလို့ မေးတော့ ဘုရားရှင်က ယခုလိုဖြေကြားခဲ့တယ်။ ` ချစ်သားတို့ အလျား (၁၂) မိုင်၊ အနံ (၁၂) မိုင်၊ အမြင့် (၁၂) မိုင်ရှိတဲ့ ကန်ကြီးထဲကို မုံညင်းစေ့ အပြည့်ထည့်ပြီး အနှစ် (၁၀၀)ကြာမှ မုံညင်းစေ့ တစ်စေ့ဖယ်မယ်။ ထိုမုံညင်းစေ့များ ကုန်သွားသောကာလသည် တစ်ကမ္ဘာခန့် ဟုမှတ်တဲ့ ` ဘုရားရှင်တော်မြတ်က ဒီလိုမိန့်တော် မူခဲ့တယ်။

သံသရာဆိုတာ ပြတ်တယ်မရှိဘူး။ ဒါကြောင့် ဘုရားရှင်ဟာ သတ္တာဝါတွေရဲ့ ဘဝအစကို မဟောဘူး။ ဘာလို့လဲဆိုတော့ အချိန်မပေးနိုင်တာ။ ဘုရားရှင်ဟာ လူဘဝ အစနဲ့ ပတ်သက်ပြီး ယခုလိုလဲ ဟောခဲ့ပါသေးတယ်။

ချစ်သားတို့- လူတစ်ယောက်ရဲ့ အကြောင်းကို နောက်ဆုတ်တွေးလိုက်ရင် ငါဘုရား (၄၅) ဝါ ပြည့်တာတောင် အစရောက်မှာ မဟုတ်ဘူး `တဲ့။ အချိန်ပေးရတယ်။ ဒါကြောင့် ဘုရား မဟေားဘူး။ အကျိုးမထူးလို့တဲ့။

ကိုယ်မမြင်တာကိုလည်း ဖြီးဖြန်းပြီး မဟောဘူး။ အထင်နဲ့လည်း မဟောဘူး။ လိုအပ်ရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်က ဘာဖြစ်ခဲ့တယ်။ သံဝေဂရအောင်၊ တရားရအောင် တော့ ဟောတယ်လို့ ဆရာတော်ကြီးများလည်း အမိန့်ရှိခဲ့တယ် ဆိုတာကိုသိခဲ့ရပြန်ပါတယ်။

ဒါကြောင့် ကျနော်တို့နေထိုင်နေတဲ့ တိုတောင်းလှတဲ့ ဒီလူ့လောကမှာ အသက်ရှင်နေထိုင်နေစဉ် ကောင်းတာလေးတွေကို ရွေးလုပ်ကြပြီး၊ စိတ်ကောင်း နှလုံးကောင်းလေထားပြီး လူ့လောကကြီးကို အကောင်းမွန်ဆုံး ဖြတ်သန်းသွားနိုင်ကျပါစေလို့ ဆုတောင်းရင်း……………..

လေးစားလျှက်
ရီနိုမာန်

October 14, 2009

မအိမ်ကံ ( For Oct အပိုင်း - 2 )

“မအိမ်ကံ...မအိမ်ကံ”

မီးတွေက တစ်ရွာလုံးကို ကူးစက် လောင်ကျွမ်းနေသည်။ မီးပင်လယ်ကြီးလို တပြင်တပြန့်ကြီး လောင်နေခြင်း ဖြစ်၍ ရွာသူရွာသားတွေက ဆောက်တည်ရာ မရကြဘဲ မီးဘေးလွတ်ရာ ပြေးနေကြလေ၏။ မအိမ်ကံလည်း သမီး နှစ်ယောက်ကို လက်ဆွဲရင်း ပြေးနေရသည်။ ဇောင်ချမ်းကုန်း၊ ဇောင်ချမ်းကုန်း။ အော်သံတွေက ငရဲပွက်နေကြပါ၏။ မအိမ်ကံ အာရုံထဲမှာ ရှုပ်ထွေးနေသည်။

“မအိမ်ကံ...မအိမ်ကံ”

လူပေါင်းများစွာက ခေါ်နေတာကို ကြားသော်လည်း မအိမ်ကံ ပြေးနေရဆဲ ဖြစ်ပါ၏။ ထိုစဉ်မှာပင် အေးမြသော ရေတွေ မျက်နှာကို လာစင်သလို ခံစားလိုက်ရသည်။ မီးတောက်မီးလျှံတွေပါ ငြိမ်းကုန်ကြသလို အသံတွေလည်း တိတ်ဆိတ်သွားပါ၏။ ပရိတ်တော်ရေ၊ ပရိတ်တော်ရေ ဆိုသည့် အသံကို အဝေးကြီးက ပြောနေသလို ကြားနေရသည်။

မအိမ်ကံ မျက်လုံးတွေ ပွင့်လာခဲ့သည်။ ရင်ထဲမှာ အသည်းတွေ အူတွေ တလှပ်လှပ် ခုန်နေကြပါ၏။ အမေ ပန်းရုံနှင့် မလှအုံက ပရိတ်တော်ရေဖြင့် ခေါင်းကို သပ်နေကြသည်။ မျက်နှာသစ် ပေးနေကြသည်။ အေးမြလိုက်သည့် ပရိတ်တော်ရေ။

“အမေ”

“သမီး”

မျက်နှာပေါင်းများစွာ ငုံ့ကြည့်နေကြတာကို မအိမ်ကံ မြင်နေရပါ၏။ အမေ ပန်းရုံ၏ မျက်ရည်ပေါက်တွေ မအိမ်ကံ ပါးပေါ် တပေါက်ပေါက် ကျနေလေသည်။ မအိမ်ကံ၏ စီးကျလာသော မျက်ရည်တွေကတော့ ခေါင်းအုံးပေါ် တသွင်သွင်။ ဘေးမှာ လာရပ်ကြသမျှသော ဆွေမျိုးတွေ အားလုံးမှာလည်း မျက်ရည်တွေ အလူးလူး ရှိကြပါ၏။ ပွဲခင်းဆီက ဆိုင်းသံတွေ ဝေ့ခနဲ ကြားနေရသည်။ ပွဲကို ထိန်းလိုက်နိုင်ပုံရသည်။ ဒါကိုတော့ မအိမ်ကံ ၀မ်းသာသွားသည်။ သတိကောင်းကောင်းရပြီ ဖြစ်သော်လည်း နှလုံး ခုန်တာတွေ ငြိမ်သွားအောင် မျက်လုံး မှေးရင်း ငြိမ်နေလိုက်သည်။ မလှအုံ၏ အန္တရာယ်ကင်း ပရိတ်ရွတ်သံ ဝေး၍ ဝေး၍ သွားပြန် လေသည်။

မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ လူလေးငါးခြောက်ဆယ်လောက် ရှိနေကြသည်။ အိမ်ရှေ့ကွက်လပ်တွင် ဖျာကြမ်းတွေ ခင်းထားသော်လည်း လူများသည့် အတွက် တချို့က ဖုန်ထဲမှာပဲ ထိုင်ကြသည်။ စိတ်ဝင်စားကြသော ရွာသူရွာသား တချို့နှင့် ရွာလူကြီးသူမ နှစ်ယောက် သုံးယောက်ပါ ရှိနေကြပါ ၏။ ရွာခေါင်းဆောင် သာအောင်နှင့် ကင်းမှူး စံကောင်းတို့က ကိုပြေသိမ်းနှင့် အတူ ထိုင်လျက်ရှိကြသည်။ ဘုန်းကြီးပျံပွဲကြီး ပြီးသွားတာ တစ်ပတ်ကျော်ခဲ့လေပြီ။ ဆိုင်ရာ ငှားရမ်း ထားရသော ပစ္စည်းတွေ ပြန်တိုက်ပို့ရသည့် အတွက် ရွာလှည်းတိုင်း ကုသိုလ်ပါခဲ့ကြရသည်။ တည်းကျောင်း မဏ္ဍပ်များ အတွက် ငှားရမ်းထားသော တိုင်များ၊ ၀ါးများ၊ ထန်းလက် များက အစ များလှစွာသော ပစ္စည်းတွေ ဆိုင်ရာ ဆိုင်ရာ ရွာတွေကို ရောက်အောင် ပို့ကြရသည်။ ရွာလည်း ပန်းကြလှပြီ။ ငွေကြေး အလှူဒါနပြု သည့်အထဲ ထည့်ဝင်ကြရ သကဲ့သို့ လုပ်အား ဒါနတွေလည်း ပေးခဲ့ကြရပါ၏။

ရွာ့ကိစ္စ မဆွေးနွေးရသေးတော့ အားလုံးအားလောက်သည့် ညနေပိုင်းတစ်ပိုင်းမှာ သာအောင်က လူစုပေးခဲ့သည်။ ကျောင်းမီးလောင်သည့် ညက ကင်းတာဝန်ကျကြ သူတွေပါ ဆင့်ခေါ်ထားကြသဖြင့် ရွာက အဖြစ်မှန်ကို သိချင်နေကြ သူများပီပီ တဖွဲဖွဲ ရောက်လာကြသည်။ ရွာကင်းက ကင်းမကြီး လေးကင်းရှိသော်လည်း ကြားကင်းတွေလည်း ဖြိုးဖြိုးဖြောက်ဖြောက် ဆောက်ထားတာ ရှိသည်။ တောင်ကင်းက ကင်းမွှေလျှင် မြောက်ကင်းက ကြားနိုင်ဖို့ မလွယ်သဖြင့် ကြားကင်း ထားရခြင်း ဖြစ်၏။ ကြားကင်းသမားတွေလည်း ပါကြရသည်။ ထိုညက ပထမဆုံး သံချောင်း မွှေခဲ့သူမှာ ဖိုးညောင်းဖြစ်သည်။ ဖိုးညောင်း အသံကို ၀ိုင်းတိုက်ထဲမှာ အကျယ်ကြီး ကြားနေရသည်။ မအိမ်ကံတို့ အမျိုးသမီး တစ်သိုက်က အိမ်ပေါ် ၀ရန်တာမှာ ထိုင်နေကြသော်လည်း ကြားနေရပါ၏။

“အဲသည့်ညနေက ကျုပ်နဲ့ အတူကျသာက ငပြောင်းရယ်။ ငပြောင်းက ပွဲတော်ကွင်း အကြော် သွားဝယ်မယ်ဆိုတော့ ကျုပ်က လွှတ်လိုက်သယ်။ ကင်းစင်အောက်မှာ ရေနွေး အိုးကလည်း တည်ထားတော့ ကျုပ်လည်း မီးဆင်းထိုးပါ သေးသယ်။ အကြော်လာရင် ထမင်းစားမယ်ပေါ့ဗျာ။ ကင်းစင်ပေါ် ပြန်တက်တော့ ရွာဘက်ကို ၀င်မယ့် လမ်းမှာ ဖုန်ထ သာတော့ တွေ့သား။ ပွဲရက်ဗျာ။ ရွာပေါင်းစုံက ဥဒဟို ၀င်ထွက်နေကြသာ ကျုပ်ကလည်း သည်လိုဖြစ်လိမ့်မယ် ခေါင်းထဲကို မရှိသာဗျာ။ ရွာတံခါးကြီးကလည်း ပွဲရက် ဆိုတော့ တောက်လျှောက် ဖွင့်ထားရသာ မှုတ်လား။ ကင်းတံခါးကလည်း ဒလဟောပေါ့ဗျာ။ ခဏနေတော့ အဝေးက ဖုန်လုံးထသာတွေ့တော့ တွေ့သား။ ကျုပ်က အဝေး လှည်းတွေပဲ ထင်သာ။ ဒါနဲ့ အကြော်သွားဝယ်သဲ့ ငပြောင်း လှမ်းမျှော်နေတုန်း ၀ါးဆယ်ပြန်လောက်မှာ မြင်းနှစ်ကောင်၊ လူသုံးယောက် လှမ်းတွေ့လိုက်သယ်။ ဒါလည်း ကျုပ်က မကောင်းသူ မကောင်းသား မထင်ပါဘူး။ မြင်းနဲ့လည်း သွားလာနေကြသာကိုးဗျ။ ဒါပေသိ ကျုပ်က ကင်းစင်ပေါ်က လှမ်းတော့ မေးလိုက်သယ်။ ပွဲကြည့်လား ဆိုတော့ မဖြေဘူးဗျ။ အတင်းနှင်ကြတော့သာ။ ကျုပ်စိတ်ထဲ ပွဲကြည့်တွေပဲ မှတ်သေးသာ။ နောက်တော့ ပွဲခင်းဘက် မသွားဘဲ ရွာအရှေ့ ချိုးသွားသာ တွေ့လိုက်တော့ စိတ်ထဲ ယနမကင်းသာနဲ့ ကျုပ်လည်း ကင်းသံချောင်း ထမွှေသာပဲ”

ကိုစံကောင်းက ၀င်မေးသည်။ မျက်နှာက ခပ်မှုန်မှုန်။
“လူသုံးယောက် မြင်းနှစ်ကောင်ဟုတ်လား။ တစ်ကောင်က နှစ်ယောက်စီးသာလား”

“ဟုတ်သယ်။ နောက်မြင်းမှာ နှစ်ယောက်ပါသာ။ နှစ်ယောက်စီးသာပေါ့ကွာ”

“ခင်ဗျား မှတ်မိလား”

“ဘယ် မှတ်မိမှာတုံး။ မင်းနှယ်၊ ဗြောဆို ၀င်သွားပါ တယ်ဆိုမှ”

ဖိုးညောင်းက ဒါပဲပြောနိုင်သည်။ ဒုတိယသံချောင်း မွှေသည့် ကင်းသမားက လှဦးဖြစ်သည်။
“ကျုပ်က ကိုဖိုးညောင်း သံချောင်းသံ ကြားလို့ တွန်းခေါက်သာ။ ဘာရယ် သိသာ မှုတ်ဘူး။ ကျုပ်စိတ်ထဲ ဖိုးညောင်းမူးနေသယ် ထင်သေးတာ”

“မဟုတ်သာကွာ။ ကင်းကျသခိုက်တော့ ငါမသောက် ရပါဘူး။ ဘုရားစူးရပါစေ့”

ကင်းတွေက သံချောင်းသံ ဆက်သွားအောင် မွှေနိုင်ခဲ့ ကြပါ၏။ သည်လူတွေ ဘယ်ကင်းတံခါးက ထွက်သွားကြတာလဲ။ ကိုစံမြက သူ့ကင်းက ထွက်သွားသည်ဟု ဆိုသည်။ ရွာ့မြောက်ကင်းက လမ်းတစ်ဆစ် ချိုးကွယ်နေသည့် နေရာ ဖြစ်သည်။ မြင်းနှစ်စီး ရုတ်တရက် ထွက်လာတော့မှ မြင်လိုက် ရသည်ဟု ရိုးရိုးသားသား ဖြေသည်။

“တစ်ခုတော့ ရှိသယ်။ ကျုပ်မြင်လိုက်သာတော့ မြင်းနှစ်ကောင် လူနှစ်ယောက်ပဲ။ ကျုပ်မျက်လုံးကလည်း ၀ါးတားတားရယ်။ နို့ပေသိ သေချာပါသယ်”

ကိုစံမြနှင့်အတူ ကင်းကျသူကို ဥသြကလည်း မြင်းတစ်ကောင် လူတစ်ယောက်စီပဲလို့ ဆိုသည်။ ဒါဆိုလျှင် တစ်ယောက် ကျန်ရစ်ခဲ့တာပေါ့။ ဘယ်သူလဲ။ ဒါကလည်း ရှာဖို့ သိဖို့ မလွယ်။ ဈာပနပွဲရက်ကြီးဆိုတော့ မြင်းပေါ်က ကျန်ရစ်သူ ဘယ်သူဆိုတာ သိနိုင်ဖို့မလွယ်။ သည်တစ်ယောက်က ဘာကိစ္စ ကျန်နေခဲ့တာလဲ။ စာသင်ကျောင်း မီးရှို့မည့်သူက ပွဲကြည့်ချင်လို့ ဆင်းနေခဲ့တာတော့ မဖြစ်နိုင်။ မြင်းပြေးရင်း မီးကွင်းပစ်ကြတာလား၊ မီးတုတ်ပစ် တင်တာလား။ ဒါဆိုရင် နောက်က ထိုင်လိုက်ခဲ့ပြီး မြင်းနှင့် ပါမသွားဘဲ ကျန်ရစ်သူသာ မီးနှင့်တိုက်သူ ဖြစ်ရမည်။ ၀ိုင်းတိုက်ထဲမှာ ရှိကြသူတွေက ကျွက်စီကျွက်စီ မြည်လာကြသည်။ တစ်ယောက်တစ် ပေါက် သဘောထားတွေ ပြောလာကြသည်။ အသံတွေက ကျယ်သည်ထက် ကျယ်လာခဲ့ပါ၏။

“သည်လိုဗျ”

ကိုပြေသိမ်းအသံကြောင့် အသံတွေ ရှဲခနဲ တိတ်သွား ကြသည်။
“ကျွန်တော်တို့ ကျောင်းကလေးကို မီးရှို့ချင်တာတော့ သေချာပြီ။ စဉ်းစားစရာတွေတော့ ရှိတာပေါ့ဗျာ။ သည့်ပြင် ရက်တွေ ညဘက် လာရှို့လည်း ဖြစ်သားပဲ။ ဒါပေမယ့် ရွာတံခါးက ရှိနေတယ်။ ကင်းတွေ ရှိနေတယ်။ သည်တော့ ကင်းတံခါးတွေ ဖွင့်တဲ့ ရက်ကို ရွေးကြတာပဲ”

ကိုပြေသိမ်း ပြောတာကို ရွာလူကြီးတွေက ထောက်ခံကြသည်။ သည်ဘက်ရက်တွေမှာ ကင်းတွေကို ကျကျနန စောင့်စေသည်။ ကင်းသား အလဲမှာ ကင်းအပ်ပြီးမှ လဲကြရ သည်ဖြစ်၍ လူလစ်စရာ မရှိ။ သည်ရက်ကို တမင်စောင့်ကြ ခြင်းဖြစ်လောက်ပါ၏။

“အခု ဘာတွေ့သလဲဆိုတော့ လူတစ်ယောက် ရွာမှာ ကျန်ရစ်ခဲ့တယ်။ ကင်းသမားတွေပြောတာ တွက်ကြည့်ရင်ပေါ့ဗျာ။ အနောက်ကင်းမက ၀င်တယ်။ မြောက်ကင်းက ထွက်တယ်။ ဟုတ်ပြီ။ ဘာဖြစ်လို့ မြောက်ကင်းက ထွက်ကြတာလဲ။ မြောက်ကင်းမှာလမ်းက တစ်ဆစ် ချိုးသွားတယ်။ နည်းနည်း ထွက်လိုက်တာနဲ့ လှမ်းမမြင်နိုင်တော့ဘူး။ ဒါကို ကြည့်ရင် ရွာအနေအထားကို သိတဲ့လူတွေ ဖြစ်ရမယ်”

ရွာမိရွာဖတစ်ဦးဖြစ်သော ဘကြီးတင်က ကိုပြေသိမ်း စကားအဖြတ်တွင် တစ်ခွန်း ၀င်ပြောလိုက်သည်။
“မောင်ပြေသိမ်းရဲ့၊ ဘကြီးပြောမယ်။ ရွာထဲမှာ တစ်ယောက် ကျန်ကျန်၊ သုံးယောက်စလုံးပဲ ကျန်ကျန်၊ အခု ဟာက မြင်းနဲ့ လာကြလို့သာကိုး။ ရွာကင်းတံခါးတွေ ဖွင့်ထားသဲ့ ရက်မှာ ခြေကျင်လာလည်း ဖြစ်သာပဲကွယ့်။ ၀င်လာနိုင်ရင် မီးရှို့နိုင်သာပဲ မဟုတ်လား” ကိုပြေသိမ်းက ၀င်ဖြေသည်။

“ဟုတ်ပါတယ် ဘကြီးပြောတာ။ မြင်းနဲ့လာတာက အကြောင်းရှိတယ် ဘကြီးရဲ့။ မြင်းနဲ့က ပြေးပြေးပစ်ပစ် လုပ် နိုင်တယ်။ လူချည်းဆိုရင် တစ်ယောက်မဟုတ် တစ်ယောက် တိုးနိုင်တယ်။ ပိတ်ဆို့ ဖမ်းနိုင်မယ်။ မြင်းကျတော့ လိုက်ဖို့ ခက်တယ်”

“အေးကွ။ မောင်ပြေသိမ်းပြောသာ မှန်သယ်”

“စောစောက ရွာအနေအထား သိတဲ့လူ ဖြစ်ရမယ်ဆိုတာ ကျွန်တော် ပြောခဲ့တယ်။ စဉ်းစားကြည့်တော့ တစ်ရွာ့ တစ်ရွာ လမ်းသိနေကြသူတွေချည်း ဆိုတော့ ပြောရတာ ခက်တယ်။ ထားပါတော့ဗျာ။ ပဲစေ့တစ်တင်း သွန်ပြီး စုန်းပြူးကောက်ရ သလို ဖြစ်ရော့မယ်။ ကျွန်တော် စဉ်းစားတာက ဘာကိစ္စ ကျောင်းကို မီးရှို့ရတာလဲဆိုတဲ့ အချက်ပဲ ခင်ဗျ”

ထိုနေ့က စကားဝိုင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ မအိမ်ကံတို့ပင် ၀ရန်တာမှာ ထိုင်ရင်း စကား မဟခဲ့ကြ။ မအိမ်ကံ ကိုယ်တိုင်လည်း ကိုပြေသိမ်း စဉ်းစားသလို စဉ်းစားမိခဲ့သည်။ ရွာထဲက အိမ်တစ်အိမ် အိမ်ကို မီးရှို့သွားတာ မဟုတ်။ မအိမ်ကံတို့ကို ငြိုးသူဆိုရင်လည်း မအိမ်ကံတို့ အိမ်မကြီးကို လမ်းမပေါ်က မီးကွင်းပစ်ဖို့ မလွယ်။ လမ်းနှင့် အိမ်က တလင်းပြင်ကြီး ခြားနေတာ မဟုတ်လား။ သည်တော့ ကျောင်းကို ရန်ရှာသွားခဲ့တာ သေချာသည်။ သို့သော် ကိုပြေသိမ်း ပြောသလို လူမိဖို့ဆိုတာတော့ မဖြစ်နိုင်ပါ။ ပွဲရက် ဆိုတော့ တစ်ညလုံး ရွာတံခါးတွေက ဘယ်သူမဆို ၀င်နိုင် ထွက်နိုင်ကြတာ မဟုတ်လား။


လေးစားစွာဖြင့်
ရီနိုမာန်

October 13, 2009

မေဖန်ဆင်းသော ပန်းတစ်ပွင့်

စက်တင်ဘာလ ၅ရက်နေ့က စင်ကာပူမှရှိကြတဲ့ ဘလော့ဂ်ဂါးတော်တော်များများနဲ့ အတူဂျပန်က လာလည်တဲ့ ဘလောဂ့်ဂါးစုံတွဲဖြစ်တဲ့ ဦးဥာဏ်နဲ့ မဝါဝါခိုင်မင်း တို့နဲ့အတူ စင်တိုဆာနဲ့ Pasir Ris Park ကိုသွားလည်ခဲ့ကြပါတယ်။ ဓါတ်ပုံထဲမှာပဲ မြင်ဖူးပေမယ့် အပြင်မှာတစ်ခါမှမမြင်ဖူးသေးတဲ့ အတွက်အရမ်းကို တွေ့ဖူးချင်နေခဲ့ပါတယ်။ အဲဒီနေ့မတိုင်ခင်မှာ မကြီးမေတ္တာရောင်ပြန်ရဲ့ နှိုးဆော်ချက်အရ မကြီးရောင်ပြန် အိမ်ကိုအရင်ဆုံးရောက်သွားခဲ့ပါတယ်။ နောက်မှညီမမေလေးရောက်လာတယ်။ ပြီးတော့ ညီလေးရေတမာ ရောက်လာပြန်ပါတယ်။ အမဝါတို့ မိသားစုမရောက်ခင် ကျနော်တို့အဖွဲ့ စားဖို့ သောက်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ အမဝါတို့ရောက်တော့မယ်ဆိုလို့ ကျနော်အိမ်ပေါ်ကဆင်းပြီး ကားဂိတ်မှာ သွားစောင့်နေခဲ့ပါတယ်။ အမဝါတို့ မိသားစုကားဂိတ်မှားဆင်းလို့ နောက်ထပ်တမှတ်တိုင် ပြန်စီးခဲ့ကြရပါတယ်။

ကားပေါ်ကဆင်းတော့ သမီးလေးခိုင်၊ ဦးဥာဏ် နှင့် အမဝါတို့ကို မြင်ဖူးသွားရပါပြီ။ ကျနော်တို့က အမဝါ ခေါ်လို့လိုက်ခေါ်နေတဲ့ ဦးဥာဏ်ကို ဦး ၊ ဦး။ တပ်ခေါ်နေရပေမဲ့ ငယ်ငယ်ရွယ်ရွယ်၊တက်တက်ကြွကြွ နဲ့ သွက်လက်တဲ့ ဦးဥာဏ်ကိုတွေ့မှပဲ အမဝါနဲ့ တကယ့်ကို လိုက်ဖက်မှန်း ကျနော် စိတ်ထဲမှာ သတ်မှတ်လိုက်မိတယ်။အဲဒီနေ့မှာပဲ မောင်နှမလို့ ထင်ရတဲ့ အတွဲဖြစ်တဲ့ ညီမ နွေးနွေးသဲမွန်တို့ကိုလည်းတွေ့ လိုက်ရပါသေးတယ်။
ဒီလိုမှန်ကန်တဲ့ အခြမ်းပိုင်ရှင်တွေဟာ ဘယ်လို့အခက်အခဲနဲ့ကြုံကြုံ၊ ဘယ်လိုဒုက္ခပဲရောက်ရောက် သွားအတူတူ၊ နေအတူတူ စားအတူတူ မျှဝေခံစားကြတယ် လို့ ကျနော်ကြားဖူးပါတယ်။ ရာသက်ပန် ရိုးမြေကျ ပေါင်းဖို့ဆိုတာကိုတော့ ဗေဒင် သွားမေးရင် ဆန်ကုန်တာပဲ အဖက်တင်မှာပါ။ဘယ်သူခွဲခွဲ ဒို့မကွဲဆိုတဲ့ ဆောင်ပုဒ်ကို အသေကိုင်ထားကြတဲ့ လူသားတွေပါ။ အဲလို့အခြမ်းမှန်တဲ့ အတွဲတွေကိုတွေ့လိုက်ရတော့ ကျနော်လည်းတွေးလိုက်မိတာ တစ်ခုတော့ရှိသွားတယ်။ ငါ့ရဲ့ အခြမ်းများ ဘယ်များရောက်နေပါလိမ့်လို့………

အမဝါ ပြောတဲ့ ဒီအရွယ်မှ အမှီးမပေါက် ဘာမျောက်လဲလို့ ပြောရင်လဲ ကျနော်ကို ဇူလိုင်ဒရင်းခေါ် သလို့ပဲ ဟာနုမာန် မျောက်လို့ပဲ အပြောခံရတော့မှာပဲ အမဝါရေ……

အချစ်ရေးထပ် စစ်ရေး၊ နှလုံးသားရေးထက် ဝမ်းရေး၊ အိမ်ထောင်ရေးထက် မိသားစု အရေး( အမေနဲ့ညီမ) တို့ကို ဦးစားပေးနေရတဲ့ ကျနော့် အဖို့ အခုလက်ရှိအချိန်မှာတော့ အခြမ်းမှန်တဲ့ အတွဲတွေကိုကြည့်ပြီး ကြည်နူး မိရုံကလွှဲလို့ ဘာမှထူးခြားမှု မရှိသေးပါလို့ ဒီပိုစ့်လေးနဲ့အတူ အမရဲ့တက်ခ့်ပို့စ်ဖြစ်တဲ့ (မေဖန်ဆင်းသော ပန်းတစ်ပွင့်) လေးကို ကျေနပ်ပေးပါလို့ တောင်းပန်လိုက်ရပါတယ် အမဝါရေ။

နောင်တစ်ချိန်မှာ ထူးခြားပြောင်းလဲမှုများ ရှိလာပါက ပြန်လည်ပြင်ဆင်ရေးသားပေးပါမယ်လို့…………..

လေးစားလျှက်
ရီနိုမာန်


မအိမ်ကံ ( For Oct အပိုင်း - ၁ )

ယခင်လမှ အဆက်....
၃၀။
မီးတောင်ကြီး ပေါက်သကဲ့သို့ တဟူးဟူး လောင်မြိုက်နေသော မီးလျှံကြီးကပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ လောင်စာ မကုန်မချင်း သစ်တိုသစ်စ သစ်ချောင်း တစ်ချောင်း မကျန်အောင်လောင်နေသော မီးအရှိန်ကြောင့် မည်သူမျှ အနီးကို မကပ်နိုင်။ မီးခိုးများက တစ္ဆေသရဲ၏ ၀တ်ရုံမည်းကြီး ပမာ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းအုပ်ရန် အလိပ်လိပ် တက်လျက်ရှိသည်။ မီးတောက် မီးလျှံတွေကလည်းမကောင်းဆိုးဝါး တစ်ကောင်၏ အစွယ်များသဖွယ်ပင်။ ဇောင်ချမ်းကုန်း တစ်ရွာလုံးရှိ ရွာသူရွာသားများ သာမက အနယ်နယ် အရွာရွာက စုရုံးရောက်ရှိလာကြသော ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပွဲကြီးသည်ပင် ငြိမ်သက်သွားခဲ့ပါ၏။ မီးလောင်ရာသို့ အားလုံးလိုလို ရောက်လာကြသဖြင့် ဇောင်ချမ်းကုန်းရွာ လမ်းသည်ပင် ပြည့်သွားခဲ့သည်။ ပွဲကြည့် လှည်းတွေက နွားမလန့် ပွဲမပြိုအောင် ကွင်းထဲမှာ စောင့်နေကြ၍သာ တော်တော့သည်။

မအိမ်ကံ ကတော့ မျက်ရည် တွေတွေကျရင်း ကြောင်တောင်ကြီး ရပ်လျက်ရှိ၏။ ဘယ်သူကမှ ဘယ်သူ့ကို မဖေးမနိုင်ကြဘဲ မြင်ကွင်းကိုသာ ၀မ်းနည်း ကြေကွဲစွာ ကြည့်နေကြရတော့သည်။ လူအားနှင့် ၀ိုင်းဝန်း ငြှိမ်းသတ်ဖို့ပင် အချိန်မရတော့။ သံချောင်း မွှေသံကြီး ဆက်တိုက် ကြားရပြီးသည်နှင့် လူပေါင်းများစွာတို့ ဇောင်ချမ်းကုန်း ရွာဘက်ကို အပြေး လာခဲ့ကြပါ၏။ ဓားပြသူခိုး၊ အနုကြမ်း လူရမ်းကားတို့သာဆိုလျှင် လူအုပ်ကြီးကို မြင်ရုံနှင့် မူးမေ့ သွားကြလိမ့်မည်။ အခုက လက်သည်ကို ကောင်းကောင်း မသိလိုက်ကြရဘဲ ထလောင်လိုက်သော မီးဖြစ်၏။ ဘယ်သူက ဘယ်အငြိုးနှင့် မီးတုတ်တင် ရှို့ခဲ့သည် မပြောနိုင်သေးသော်လည်း ဇောင်ချမ်းကုန်း ရွာကျောင်းသည် နာရီပိုင်း အတွင်း ပြာပုံ ဘ၀ ရောက်ရတော့မည်။

“ရပ်ရွာလူကြီးတွေမှ အပ လူတွေ အားလုံး ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ။ ဇာတ်ပွဲ ဆက်မှာပါ။ ဒါခင်ဗျား တို့အလုပ် မဟုတ်ပါဘူး။ လူကြီးတွေ အလုပ်ပါ။ ပြန်ကြပါ၊ ပြန်ကြပါ။ အေးအေးဆေးဆေး ပွဲဆက်ကြည့်ကြပါ”

အသံအောင်လှသော အသံကြီး တစ်သံက လူပေါင်း မြောက်မြားစွာတို့၏ အသံ ပေါင်းများစွာကို ကျော်ကာ စူးစူး ၀ါးဝါး ထွက်ပေါ်လျက်ရှိ၏။ လူတွေက မပြန်ကြပါ။ တ၀ုန်းဝုန်း ပြိုကျနေသော မီးလောင် သစ်ချောင်းတွေကို ယိမ်းပွဲ ကြည့်သလို ကြည့်နေကြဆဲ ဖြစ်၏။ တပေါင်းလ၏ လေက တဟူးဟူး တိုက်လျက်ရှိရာ အိမ်တွေဘက်ကို မီးမကူးရန် အရေးကြီးသည်။ သို့သော် ချက်ချင်းကြီး မကူးနိုင်။ ရွာနှင့်ကျောင်းက လှမ်းတာ တစ်ကြောင်း၊ ကြားမှာ မီးတားကွက်လို ကွင်းကြီး ခြားသဖြင့်လည်းကောင်း စိုးရိမ်စရာတော့ သိပ်မရှိ။ သာအောင်နှင့် ၀ါးချွန်ကိုင်၊ ဒူးလေးကိုင်၊ လူလေးငါးဆယ်က လူတွေ ရှေ့ရောက်လာကြကာ ပွဲခင်းသို့ ပြန်ကြရန် အတင်းတွန်းထုတ် နေကြရသည်။ လက်နက်များ ကိုင်ဆောင်ထားကြသည့် အပြင် လူဖြန့်ကာ အတင်းအဓမ္မ လူစု ခွဲခိုင်းနေသဖြင့် တဖြည်းဖြည်း ဆုတ်သွားကြသော်လည်း လူအုပ်ကြီးက မလျော့နိုင်ဘဲ ရှိသည်။

“သာအောင်၊ ဘယ်သူ့လက်ချက်တုံးကွ။ မိုက်ရင် ရွာကို စမ်းလိုက်ပါလားကွာ။ စာသင်ကျောင်းကို မီးရှို့တာ သူရဲဘောကြောင်လှသကွာ။ အသက်ချင်း လဲလိုက်စမ်းမယ်”

“ကိုမှတ်ကြီး၊ ကျုပ်တို့ ကိစ္စ ကျုပ်တို့ ရှင်းမယ်။ ခင်ဗျား တို့ရွာက လူတွေ ခင်ဗျားတို့သာ နိုင်အောင်ထိန်း။ ပွဲမပျက်ဘူးနော်။ လှည်းတွေ မပြန်စေနဲ့။ ကျုပ်တို့ ဆရာတော်ကြီး ဈပန အပျက်မခံဘူး။ သွားတော့။ ခင်ဗျားပွဲ သွားထိန်း”

အော်ဟစ် ဆူညံနေကြသော လူအုပ်ကြီး၏ တစာစာ အော်သံတွေကြားက သာအောင့် အသံ စူးထွက်နေတာကိုလည်း မအိမ်ကံ ကြားနေရသည်။ တခြားရွာတွေက လာတက်ကြရသည့် ကလေးတွေရှိကြတော့ ကျောင်းကြီး မီးလောင်တာကို အကုန်လုံးက တောက်တခေါက်ခေါက် ရှိကြသည်။ ငိုယိုသူတွေက ငိုယိုနေကြသည်။ အော်သူတွေက အော်နေကြသည်။ ဒေါသတွေ ဆူဆူ ကြိုင်ကြိုင် လောင်မြိုက်နေကြတာကပင် ကျောင်းကို လောင်သည့် မီးထက် အဟုန်ပြင်းလှပါ၏။ ကိုပြေသိမ်း ဘယ်ရောက်နေသလဲ။ မအိမ်ကံ ကိုပြေသိမ်းကို စိတ်ရောက်မှ ဆတ်ခနဲ လှုပ်လာခဲ့သည်။ သမီးနှစ်ယောက်ကတော့ အိမ်မှာ။ မီးတဲ့ မီးတဲ့ဆိုမှ မအိမ်ကံ သည်ဘက်ကို ပြေးလာခဲ့ခြင်း ဖြစ်သည်။ ဖိနပ်ပင် မပါခဲ့။ ဆူးလေဆူးတွေက မအိမ်ကံ ဖ၀ါးမှာ သီးနေသော်လည်း မအိမ်ကံ ဆူးကို မထွင်နိုင်။ လူတွေကြား တိုးရင်း သာအောင်တို့ ဘက်ကို မအိမ်ကံ ရောက်လာခဲ့သည်။ သာအောင်တို့တစ်တွေက ရင်ပေါင်တန်းကြရင်း လူတွေကို ရင်ဘတ်ကတွန်းရင်း ပြန်ကြပါ...ပြန်ကြပါ အော်နေကြ၏။

“သာအောင်၊ ဆရာကော...ကိုပြေသိမ်းတွေ့လား”

“မတွေ့ဘူး မအိမ်ကံ။ သည်ကိုတော့ မရောက်သေးဘူး”

လူတွေက မအိမ်ကံကိုတွေ့တော့ ပိုပြီး စိတ်ဝင်စားကြ ပြန်သည်။ စာသင်ကျောင်း အလှူရှင်၊ စာသင်ကျောင်း အစ်မ မဟုတ်လား။ မအိမ်ကံကတော့ မျက်ရည်တွေကို လက်ဖမိုးနှင့် သုတ်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ရှိနေပါ၏။ လူကြားထဲက ပြန်တိုးလာခဲ့ကာ အိမ်ဘက်ကို လျှောက်လာတော့မှ ခြေဖ၀ါးတွေ ကျိန်းစပ် နာကျင်နေတာ သတိထားမိတော့သည်။ ဆူးလေ ဆူးတွေကိုမထွင်ဘဲ မအိမ်ကံ ဆက်လျှောက်လာခဲ့ရာက သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။ မီးညွန့်ကျိုးပြီ ဖြစ်သော်လည်း မီးတောက်တွေ မသိမ်းသေး။ တစ်ခါက ကျောင်းသားလူငယ်များဖြင့် ဝေစည်ခဲ့သော မအိမ်ကံ၏ ကျောင်း။ ကျောင်းဆရာ ကိုပြေသိမ်း၏ ရွာကျောင်း။ ခေါင်းလောင်းသံ၊ စာအံသံ၊ ပြေးလွှား ပျော်မြူးကြသံများနှင့် ပွင့်လန်းခဲ့သော ဇောင်ချမ်းကုန်း စာသင်ကျောင်း။ ခုတော့ ပြာ၊ မီးခိုးနှင့် မီးလျှံတွေကြားမှာ အော်ဟစ် ညည်းညူနေသလို တဖြောင်းဖြောင်း ကျိုးကြေနေပါပကော။ ဆို့တက်လာသော ခံစားမှုကို မအိမ်ကံ တင်းမခံနိုင်တော့ဘဲ အသံထွက်အောင်ပင် ရှိုက်ငိုမိခဲ့လေသည်။ သိမ့်သိမ့် ခါအောင် ငိုမိခဲ့ရပါ၏။

စာသင်ကျောင်းကလေးမှာ ဘာအပြစ် ရှိလို့လဲ။ ဘာအငြိုးနဲ့ လုပ်ကြတာလဲ။ ဇောင်ချမ်းကုန်းရွာကို မုန်းတာလား။ ကိုပြေသိမ်းကို မုန်းတာလား။ မအိမ်ကံကို မုန်းတာလား။ ကျောင်းပညာ သင်ယူနေကြတဲ့ ရွာကလေးတွေကိုပဲ မနာလို မရှုဆိတ် ဖြစ်ကြတာလား။ မအိမ်ကံမှာ အမေးသာ ရှိ၍ အဖြေမရှိ။ အဖြေ မရနိုင်တော့ လည်း မျက်ရည်တွေသာ တသွင်သွင် ကျခဲ့ရသည်။ ရွာကင်းတွေကတော့ သံချောင်းမွှေ ခဲ့ကြသည်။ ဘုန်းကြီးပျံပွဲမှာ မဲနေကြတော့ ရွာစွန်က ပိုက်ဆံရှိ အိမ်တွေကို သူခိုး၊ ဓားပြ ၀င်တာနေမှာလို့ သံချောင်းမွှေသံကြားကြားချင်း ထင်မိခဲ့သည်။ ဘုန်းကြီးပျံပွဲကြီး ၀က်ဝက်ကွဲစည်သည့် ရက်မှာမှ သင်းတို့လာဝံ့၊ လုပ်ဝံ့ရဲကြသေးသည်။ ရွာပေါင်းစုံက လူပေါင်းများစွာ အုန်းအုန်းကျွက်ကျွက် ရှိနေကြချိန်မှာမှ သင်းတို့ ၀င်ဝံ့ရဲကြ သကောလို့ပင် မအိမ်ကံ တွေးမိခဲ့သည်။ ကျောင်းကို မီးတင် ရှို့မည် လုံးဝ ထင်ခဲ့။ နောက်မှ မီးတောက်ကြီး ရှိန်းခနဲ ဟုန်းခနဲ တောက်လောင်လာတော့မှ “မီးဗျို့ မီးမီး”ဆိုသည့် အော်သံကြီးတွေ ကြားခဲ့ရသည်။

“ဘုန်းကြီးပျံက ကောက်ရိုးဒုံးရုပ်ကြီးတွေ မီးရှို့ကြသာ ထင်ပါရဲ့အေ။ လေက ပြင်းတော့ မီးစိုးရိမ်ရသယ်”

မလှအုံက ခပ်အေးအေးပင် ပြောနေခဲ့သေးသည်။ မလှအုံက လူတွေလှည်းတွေ ငြိမ်မှ ပွဲခင်းကို ကူးဖို့ ပြင်ထားသဖြင့် မီးလောင်စဉ်က အိမ်မှာ ရှိနေခဲ့ပါ၏။ ကျောင်းမီးလောင်လို့ ဆိုသည့် အသံကြားတော့မှ မလှအုံက အိမ်အပေါ်ထပ်က ကလေးနှစ်ယောက်ဆီ တက်ပြေးသည်။ မအိမ်ကံက ကျောင်းဘက်ကို ပြေးလာခဲ့ခြင်း ဖြစ်၏။

မအိမ်ကံ အိမ်ဝကိုရောက်တော့ လူအုပ်ကြီးတစ်အုပ် ၀ိုင်းတိုက်ထဲက ထွက်လာသည်။ ရှေ့ဆုံးမှာ ကိုပြေသိမ်း။ လူတွေက ကိုပြေသိမ်းနောက်မှာ ဓားတွေ လှံတွေ ကိုယ်စီကိုင်ရင်း ရပ်နေကြသည်။ မအိမ်ကံက ကိုပြေသိမ်းကို တွေ့လိုက်မှ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။ ကိုပြေသိမ်းက အလိုက် သင့်ပွေ့လိုက်သဖြင့်သာ လဲကျမသွားခြင်းဖြစ်သည်။

“အိမ်ကလေး သတိထားမှပေါ့။ တစ်ကျောင်းပြိုတော့ နှစ်ကျောင်းဆောက်ရုံပေါ့ကွယ်။ သွား...သွား အိမ်ထဲမှာ နားချေ။ ကျေးဥလာစမ်း။ လာတွဲခေါ်သွားစမ်း”

ထိုစဉ်မှာပင် အမေ ပန်းရုံနှင့် ကျေးဥရောက်လာခဲ့ကြပါ၏။ ကျေးဥက မအိမ်ကံကိုတွဲကာ အိမ်မကြီးဘက် ခေါ်သွားခဲ့သည်။
“မောင်ပြေသိမ်း မင်းဘယ်လဲ၊ မင်းမထွက်နဲ့။ ကျောင်းကို မီးရှို့တာ မင်းကို မကျေနပ်လို့ဆိုသာ အမေသိသယ်။ ငါ့သား မထွက်ပါနဲ့တော့”

အမေပန်းရုံ အသံက ဆို့ဆို့ကြီး နင့်လှသည်။ ကိုပြေသိမ်း က အမေ ပန်းရုံကို ဖျောင်းဖျသည်။ အိမ်ထဲဝင်ဖို့ ပြောသည်။
“ကျွန်တော် ပွဲခင်းဘက်ကို သွားမှဖြစ်မှာပေါ့။ ပွဲပြိုရင် ပိုဆိုးတော့မယ် အမေ။ လှည်းတွေ၊ နွားတွေက အစီးထောင် ချီရှိနေတာ။ အခုတောင် ဘာတွေဖြစ်ကုန်မယ် မပြောနိုင်သေးဘူး။ ကျွန်တော် အိမ်စိတ်မချလို့ ပြန်လာတာ။ မကြာပါဘူး။ ကျွန်တော် ပြန်လာမှာပါ”

ကိုပြေသိမ်းနောက် ရွာကင်းအဖွဲ့က ကိုပြေသိမ်းကို ၀ိုင်းရံလျက် ရှိကြသည်။ ကိုယ့်ရွာကျောင်း မီးရှို့ခံရတာကို ရှက်ခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ နှမြောတသခြင်း၊ ခံပြင်းခြင်း မျက်နှာများဖြင့် သုန်မှုန်နေကြလေသည်။ ကင်းသမားထဲက စံကောင်းက လူကောင် လူလုံးသန်လှသူဖြစ်၍ ဒေါ်ပန်းရုံတို့နှင့် အမျိုးမကင်းသူ ဖြစ်သည်။ မျက်နှာကြီး ရဲလျက် တဆတ်ဆတ် တုန်နေသည်။

“စိတ်ချစမ်းပါ ဒွေးလေးရာ။ ကျုပ်တို့ တစ်ချက်သတိ လွတ်သွားလို့သာပါ။ ဇောင်ချမ်းကုန်းသား သွေးနီမှန်း သိလို့ မိန်းမလို မိန်းမရ လုပ်သွားတာပါ။ တစ်နေ့ ပေါ်လာရမှာပေါ့ ဗျာ။ အကုသိုလ် ဘယ်နေလိမ့်မလဲ”

“စံကောင်း ရန်ကို ရန်ချင်း မတုံ့နှင်းနဲ့တော့။ ပြီးပြီးသား ပြီးကြပါစေတော့။ ကိုင်း...ကိုင်း...သွား...ညဉ့်မနက်ကြ နဲ့”

ကိုပြေသိမ်းတို့ ထွက်သွားချိန်မှာတော့ မအိမ်ကံ အိပ်ရာ ပေါ်လဲလျက်ရှိ၏။ ကျေးဥက ပြုစုပေးနေသည်။ ကိုပြေသိမ်းတို့ ဆွေမျိုးသားချင်းတွေလည်း ပွဲခင်းထဲက ပြန်ရောက်လာကြပြီ ဖြစ်၍ အိမ်အောက်ထပ်မှာ တချို့၊ အိမ်ပေါ်မှာ တချို့ ရှိနေကြသည်။ မအိမ်ကံ နားထဲမှာ ပြေးလွှားနေသလို တဒီးဒီး အသံတွေ ကြားနေရသည်။ စိတ်ထဲမှာ မီးတောက် မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေကြ၏။ မီးတောက်တွေထဲက အော်သံတွေ ကြားရသလိုလို။ မီးစွဲ သစ်သားချောင်းတွေ၊ ဆင့်တန်း ရက်မတန်းတွေ ပြုတ်ပြုတ်ကျနေကြသည်။ သက်ကယ် မိုးတွေ မီးလောင်နေကြတာကလည်း တရှိန်းရှိန်း မြည်ဟည်း နေသည်။ သံချောင်းမွှေသံတွေ၊ တစ်ကင်းက တစ်ကင်း၊ ကူးကာ...ကူးကာ။ အာရုံထဲမှာ ကမ္ဘာပျက်နေသလိုလို တစီစီ ပွက်လျက်ရှိ၏။

“မအိမ်ကံ”

“ဗုဒ္ဓမင်္ဂလံ၊ ဘုရားရှင်၏ မင်္ဂလာကျက်သရေတော်ကို အာဂမ္မ၊ အကြောင်းပြု၍၊ သဗ္ဗအန္တရာယာ၊ မကောင်းသော အန္တရာယ် အလုံးစုံတို့သည်၊ ၀ိနဿန္တု၊ ကင်းစင်လွင့်ပျောက်ပါစေ ဘုရား။ မကောင်းသော အတိတ်၊ မကောင်းသော နိမိတ်၊ မကောင်းသော ဘေးဥပဒ်၊ မကောင်းသော ဂြိုဟ်စီးဒသာ ကြမ္မာတို့ ကင်းလွတ်ပါစေ ဘုရား”


လေးစားစွာဖြင့်
ရီနိုမာန်

October 8, 2009

မအိမ်ကံ ( For Sep အပိုင်း - ၄ )

“ကိုကံကြီးမောင်တို့များ ကျွန်မတို့ အိမ်က ကျောင်းဆရာကို ဘာစာအုပ်တွေများ ငှားလိုက်သာလဲ မပြောတတ်ပေါင် ရှင်။ ဖတ်လိုက်သာမှ သည်းကြီးအူပြတ် ရောက်ကတည်းက ဖတ်သာ ခေါင်းမဖော်ဘူး”

“ကျုပ်ကလည်း လူကြုံနဲ့ပါ ပို့ပေးသေးသာဗျ။ ကွန်မြူ နစ်ဝါဒ အတွေးအခေါ် စာအုပ်တွေပါပဲ။ ကျုပ်က ရန်ကုန်မှာ မိတ်ဆွေတွေရှိတော့ စာအုပ်တွေ ရတတ်ပါသယ်။ ကိုပြေသိမ်းလည်း ဖတ်ခိုင်းရသယ်။ ကိုပြေသိမ်းက ကျုပ်နဲ့တော့ ဓာတ်တည့်သားဗျ”

ကွန်မြူနစ်ဝါဒ အတွေးအခေါ် စာအုပ်တွေတဲ့။ မအိမ်ကံ နားမလည်။ ကွန်မြူနစ်ဆိုသည့် ခေတ်ပညာတတ်တွေ ဆိုတော့ အသိတွေ၊ ပညာတွေက အများသား။ သည့်ထက်ပို သိရအောင် မေးချင်သဖြင့် စကားကောက်ရပြန်ပါ၏။ ကိုကံကြီးမောင်က ပါလီမန် ရွေးကောက်ပွဲတွေ လုပ်နေသော်လည်း တိုင်းပြည် မအေးချမ်းတာတွေ ပြောနေသည်။ အာဏာနှင့် အခွင့်အရေး တွေနောက်လိုက်ကြရင်း အစုတွေ ကွဲပုံတွေလည်း ပါသည်။ ဘောင်းဘီဝတ်က တစ်မျိုး၊ တောင်ရှည်က တစ်မျိုးဆိုတာ လည်းပါသည်။ လွတ်လပ်ရေးရခဲ့သည်ပင် နှစ်နှစ်သား ရှိခဲ့ သော်လည်း တိုင်းပြည်က ဆူကြပူကြတုန်းဆိုတာလည်းပါ သည်။ မအိမ်ကံ သိချင်သည့် စာအုပ် မရောက်တော့ဘဲ ကိုကံကြီးမောင် ပြောသမျှ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရလေသည်။

ကိုပြေသိမ်း ပြန်လာတော့ သရက်ပင်အောက်မှာ တန်းလျားခုံခင်းပြီး ထိုင်ကြသည်။ စကားတွေ ပြောကြသည်။ ရေနွေးကလည်း တစ်အိုးပြီး တစ်အိုး။ ကိုကံကြီးမောင်က ဇောင်ချမ်းကုန်းမှာ တစ်ည အိပ်သွားတာကလွဲလို့ အခြားထွေ ထွေထူးထူးတော့ မရှိ။ ကိုပြေသိမ်းလည်း အငြီးပြေသွားပုံ ပေါ်ပါ၏။
မအိမ်မြိုင်လည်း နေကောင်းစပြုလေပြီ။ မအိမ်ကံလည်း ရက်ကန်း ပြန်ဝင်ကာ အစပြန်ကောက်ရသည်။ အလုပ်ကိုတော့ စောစော သိမ်းရပါ၏။ ညဘက်တွင် အခြေအနေတွေက ပိုဆိုး လာသည်။ သေနတ်သံတွေ ဟိုကသည်က ကြားရသလို ဓားပြရန်၊ သူခိုးရန်ကလည်း ပူလှသည်။

မအိမ်ကံတို့ရွာတွင် ဆိုးဆိုး ရွားရွား မကြုံတွေ့ရသေးသော်လည်း နရန်း ရွာတွေက သတင်းဆိုးတွေ ကြားနေရသည်။ ဓားပြယောင်ဆောင်ကာ လူဝင်သတ် သွားတာတွေပါ ကြားလာရပါ၏။ ဟိုရွာသည်ရွာမှာ ကင်းတွေ ဖွဲ့သံကြားတော့ ဇောင်ချမ်းကုန်းက လူငယ်လူရွယ်များက ကိုပြေသိမ်းဆီ ရောက်လာကြကာ ရွာစည်းရိုးကာရေး၊ ၀ါးချွန် တပ်ဖွဲ့ရေး၊ ဒူးလေးတပ်ဖွဲ့ရေးတွေမှာ ခေါင်းဆောင်ဖို့ ပြော လာကြသည်။ ကိုပြေသိမ်းက တော်လှန်ရေးပြန် မျိုးချစ်စိတ် ရှိသူတစ်ဦးအနေဖြင့် လွတ်လပ်ရေးရကာမှ ကိုယ့်ရွာကိုယ် ပြန်ကင်းစောင့်ရတာကို မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့သည်။

“အေး ကောင်းတယ်။ ဒါပေမယ့်ကွာ ဆရာကတော့ မင်းတို့ လူငယ်တွေလို များများ ပါနိုင်မှာတော့ မဟုတ်ဘူး။ ခေါင်းဆောင်ဆိုရင်လည်း ခေါင်းဆောင်ရုံပေါ့ကွာ။ လူရွယ် ထဲက တစ်ယောက်တော့ ခေါင်းဆောင်ထားကြရမှာပေါ့”

မအိမ်ကံတို့ အိမ်ကြီးထဲမှာ ရွာက ကျောင်းသားကြီးတွေ၊ အရွယ်ကောင်း ယောက်ျားသားတွေ လာစုကြသည့်နေ့က အားရစရာပင် ကောင်းလှပါသည်။ ရွာကင်းတဲလေးလုံး ဆောက်ရန် အရေးပေါ်အချက်ပေးသံချောင်း ခေါက်ပုံတွေ တပြေးညီဖြစ်စေရန်၊ တုတ်၊ ဓားလက်နက်၊ ဒူးလေး၊ လင်း လေးတွေ အိမ်တိုင်းထားကြရန်နှင့် အရေးပေါ်လျှင် ချက်ချင်း လူစုကြရန်တွေပါ ဆွေးနွေးကြသည်။ အများက ကိုသာအောင် ကို ရွာခေါင်းဆောင် တင်ကြသည်။ ကိုသာအောင်ကလည်း လိုလိုလားလား လက်ခံပါ၏။

မအိမ်ကံက သာအောင် ကုပ်ကုပ်ကလေး ထိုင်နေတာကို လှမ်းကြည့်ရင်း ငယ်ငယ်က အကြောင်းတွေ စိတ်ရောက် နေခဲ့သည်။ ကွင်းထဲက တဲကလေး တစ်တဲထဲမှာ သာအောင်နှင့် နှစ်ကိုယ်ချင်း တွေ့ခဲ့ဖူးသည်။ အခုတော့ သူလည်း ရွှေမှုံနှင့် အိမ်ထောင်ကျပြီ။ မအိမ်ကံလည်း သမီးနှစ်ယောက် ရခဲ့ပြီ။ သာအောင်နှင့် ရွှေမှုံက မွေးသည့် မှုံနံ့သာ။ ကိုပြေသိမ်းနှင့် မအိမ်ကံက မွေးသည့် မအိမ်မြိုင်။ ဇောင်ချမ်းကုန်း တစ်ရွာ လုံးမှာ သည်မိန်းကလေး နှစ်ယောက်တည်းအား ပြိုင်စရာရှိတာ မဟုတ်။ သည်ကလေးနှစ်ယောက်နှင့် ရွယ်တူ မတိမ်း မယိမ်းတွေ များစွာရှိလိမ့်မည်။ ရှိလည်းရှိကြပါ၏။

သို့သော် မအိမ်ကံ ကိုယ်တိုင်က ရွှေမှုံကို ရှုံးခဲ့ရသည်ဟု ခံယူခဲ့ပြီး ကတည်းက တခြားဘယ်သူပဲ ကွမ်းတောင် ကိုင်ရကိုင်ရ ဘယ်လိုမှ ဥပဒ်စရာမရှိသော်လည်း ရွှေမှုံသမီး မှုံနံ့သာကိုတော့ အဖြစ်မခံနိုင်။ မအိမ်ကံမှာ သည်စိတ္တဇက မရုန်းသာဘဲရှိခဲ့ပါ၏။
သာအောင့်ကို လှမ်းကြည့်ရင်း မအိမ်ကံ တွေးနေမိခြင်း ဖြစ်၏။ ခုတော့ သာအောင်သည်လည်း ကိုသာအောင် ဖြစ်နေလေပြီ။ မအိမ်ကံကလည်း တွက်ကြည့်တော့ အသက်မနည်း တော့ပြီ။ ကြီးတော် စံရွှေတို့၊ အမှုပွဲစား ကျော်ဒင်တို့လည်း ဂျပန်ခေတ် နောက်ပိုင်း မတရားရှာခဲ့သည့် စီးပွားပျက်သူက ပျက်၊ ရွာက ပျောက်ချင်းမလှ ပျောက်သူကပျောက်။ ကျော်ဒင် ကတော့ တစ်နေရာမှာ သေသလိုလိုလည်း ကြားရပါ၏။ တချို့ကလည်း ကျော်ဒင်မသေဘဲ အလံနီထဲမှာ လိုလိုပြော ကြသည်။ လတကယ်တမ်း စီးပွားဖြစ်လာသူက သာအောင် ဖြစ်၏။ မအိမ်ကံ ကြားရသလောက် ခေတ်အပျက်မှာ ငွေတော်တော် ရလိုက်သည်ဟု ဆိုပါ၏။ ကြီးတော် စံရွှေတို့နှင့် အတူ မနေတော့ဘဲ ကိုယ့်ဝိုင်းကိုယ့်အိမ်နှင့် ဖြစ်နေကြပြီ။

“ကျွန်တော်တို့ အားလုံး သဘောပိုက်ရမှာက ကိုယ့်ရွာကိုယ် ကာကွယ်ရမယ်ဆိုတဲ့ စိတ်ကလွဲလို့ အခြား သူတစ်ပါးကို စော်ကားဖို့ အနိုင်ကျင့်ဖို့ ရန်စဖို့ မရှိကြစေချင်ဘူး။ ရွာက ညီညွတ်မှ မကောင်းသူမကောင်းသား မကပ်နိုင်မှာကို စိတ်စွဲ ကြဖို့လိုတယ်။ ရွာကင်းတွေမှာ တာဝန်ကျရင် တာဝန်ကို တိတိကျကျ ဆောင်ရွက်ကြဖို့လိုတယ်။ သူသွားလိမ့်မယ်။ ငါမရှိလည်းဖြစ်တယ် ဆိုတာမျိုးကနေ လျော့ရဲသွားတာမျိုး မဖြစ်စေချင်ဘူး။ နောက်အရေးကြီးတာက...”

ကိုပြေသိမ်းက အားလုံး ကြားအောင် မတ်တတ်ရပ်ရင်း ပြောနေခြင်း ဖြစ်သည်။ ရွာ့ယောက်ျားသားတွေ အားလုံး ငြိမ်ပြီး နားထောင်နေကြသည်။ ကိုပြေသိမ်းကို ရွာက ချစ်ခင် လေးစားကြသလို ကျောင်းဆရာဆိုသည့် ဂုဏ်ကြောင့် ကြည်ညိုကြတာ ပိုသေးသည်။ သည့်နောက်တော့ ရွာကင်းတဲ တည်ဆောက်ရေး ကိစ္စ၊ ဆူးစည်းရိုး ကာရံရေး ကိစ္စတွေ ဆက်ဆွေးနွေးကြလေသည်။ ရွာက သည်လို စုစုဝေးဝေးရှိကြတာ ကို မအိမ်ကံ ၀မ်းသာသည်။ ညဘက် ညဥ့်နက်နက် လူတွေ ပြန်ကြတော့ သမီးနှစ်ယောက် အိပ်ကြပြီဖြစ်သော်လည်း ကိုပြေသိမ်းနှင့် မအိမ်ကံ စကားတွေ ပြောဖြစ်ကြသည်။

“ရွာက ညီညွှတ်တော့ စိတ်ဖြောင့်ဖြောင့် အိပ်ရသာပေါ့။ အစ်ကို မြို့ကိုသွားသဲ့ ညတွေဆိုရင် မအိမ်ကံ ချောက်ချားနေမိ သယ်။ ရွာတွေမှာ ဗြောင်ကျကျ နွားဆွဲတာတွေ အနုကြမ်း စီးသာတွေ လုပ်နေကြသာကြားရလေ ကြောက်လေပဲ”

“အေးကွယ် တိုင်းပြည်က လွတ်လပ်ရေးရမှပဲ ပိုဆိုးတော့ တယ်။ ဂိုဏ်းဂဏတွေ ကွဲကြတယ်။ နိုင်ငံရေး ကွဲနေကြတယ်။ အိမ်ကလေး မသိလို့။ အခြေအနေက တော်တော်ဆိုးနေပြီ။ သတင်းစာတွေမှာ လူသတ် ပစ္စည်းလုတာတွေချည်း ဖတ်နေရ တယ်။ ပါလီမန်တွင်းမှာလည်း ပြင်းပြင်းထန်ထန် အကွဲအပြဲ ဖြစ်နေကြတယ်”

သည့်နောက်ပိုင်း ကျေးရွာတွေမှာ ကင်းတပ်တွေဖွဲ့ လာကြသည်။ တစ်ရွာ့တစ်ရွာ အသံနားစွင့်နေကြရန် ညှိထားကြ ရပါ၏။ အချို့ရွာတွေက ကိုပြေသိမ်းထံ ရောက်လာကြကာ ရပ်ရွာကာကွယ်ရေး ကိစ္စတွေ တိုင်ပင်ကြသည်။ အချို့ရွာတွေ ဆိုလျှင် ကိုပြေသိမ်းကို လေးစားကြသဖြင့် သူတို့ရွာတွေ အထိ ဖိတ်ပြီး ရပ်ရွာစည်းလုံးရေး ကိစ္စတွေ ဟောပြောခိုင်းတာတွေ ရှိလာသည်။ မအိမ်ကံကတော့ စီးပွားက တစ်ဖက်၊ သမီး နှစ်ယောက်က တစ်ဖက် အပြင် မအေအိုကြီးကိုပါ ထည့်တွက် နေရပါ၏။ အမေပန်းရုံလည်း အသက်အရွယ် ရလှပေပြီ။ ဟိုတုန်းကလို ရွာထဲ ရပ်ထဲတောင် မရောက်တော့။

သည်ကြားထဲ သက်တော် ကိုးဆယ်ကျော်ပြီဖြစ်သည့် ရွာဦးဆရာတော် ဘုရားကြီး ပျံလွန်တော်မူခဲ့သည်။ ဇောင်ချမ်း ကုန်းကို မဏ္ဍိုင်ပြု၍ နရန်းရွာတွေကပါ ဆရာတော်ကြီး ဈာပနကို ၀ိုင်းကြရသည်။ ခေတ်အခါကလည်း မကောင်း၊ ရွာကလည်း ကျပ်တည်းနေချိန်ဖြစ်သော်လည်း သက်တော်ကြီး၊ ၀ါတော်ကြီး ဆရာတော်ကြီး၏ အန္တိမ ဈာပနပွဲကို စည်ကားသိုက်မြိုက်အောင် ပူဇော်ချင်ကြသည် ဖြစ်၍ ကိုပြေသိမ်းကိုပင် တာဝန်ပေးလာကြပါ၏။ ၀ါဆိုဝါခေါင်လ ထဲမှာ ပျံတော်မူရှာတာဆိုတော့ ဘုန်းကြီးပျံပွဲကို ခြေခင်း လက်ခင်းသာသည့် တပေါင်းလအထိ ရွှေ့ဆိုင်းကြရသည်။ သို့သော် သည်လတွေကတည်းက စီမံစရာရှိတာ စီမံကြရသည်။ ဘုန်းကြီးပျံပွဲ အတွက် ဘုန်းကြီးပျံသိုင်းတွေ၊ ယိမ်းတွေ တိုက်သည့်ရွာတွေက တိုက်နေကြပြီ။ ဒိုးမောင်းသံ တညံညံ။

“သမီးရေ ဆရာရော ဒကာပါ ဘ၀တစ်ပါးပြောင်း သွားရှာပြီ။ ညည်းအဖေများ သူကြီး ဆိုပေသိ ဆရာတော်က ခေါ်ငေါက်ရင် နေစရာ မရှိရှာဘူး။ ကိုရင်၊ ကျောင်းသားများ ဆရာ ဘုန်းကြီးကို ကြောက်သလို ချစ်ကြောက်ရှာသယ်။ ဆရာတော် ပျံလွန်တော်မူတော့ ညည်းအဖေလည်း သတိရပါ့ အေ”

အမေပန်းရုံက သတိတရ ညည်းရှာပါ၏။ ကိုပြေသိမ်းလည်း အမျိုးသားရေးစိတ် ပြင်းထန်သော ဆရာတော်ကို နှမြောလွန်းလှသည် ဆိုပါသည်။
မအိမ်ကံ တချို့ညတွေမှာ သမီးနှစ်ယောက် လက်ဆွဲကာ မောင်းဆိုင်းဝိုင်းဘက်ကို ရောက်သွားတတ်သည်။ ရွာမှာ မောင်းဆိုင်း ကောင်းကောင်း မရှိတော့ ဟိုကဒိုး၊ သည်ကနှဲ၊ ဟိုချောင်က မောင်း စသည်ဖြင့် စုရခြင်းဖြစ်၏။ ဘုန်းကြီး ပျံသိုင်း တိုက်သံတွေက ညီလှသည်။ ဆရာတော့် ဈာပနက လာမည့် တပေါင်းလမှ ဆိုသော်လည်း ရက်လအားဖြင့် ခြောက်လလောက်သာ ကျန်တော့သည်။ ကိုပြေသိမ်းက ရပ်ရွာလူကြီးများနှင့် တိုင်ပင်ကာ ကြည့်ချင်ပွဲကြိုငှားထား ရပြီ။ ဧယဉ်ကျူး မင်းသမီး ငှားထားရပြီ။ စပ် ပန်းချီဆရာကို ခေါ်ပြီး မဏ္ဍပ်၊ စင်ယှဉ်၊ လောင်တိုက်တွေ အပ်ရပြီ။ တည်း ကျောင်း မဏ္ဍပ်တွေ ထိုးရန် တာဝန်ခွဲဝေပေးကြရသည်။ ရေ ကိစ္စ၊ ထင်းကိစ္စ၊ ဧည့်ခံကိစ္စတွေ တာဝန်ခွဲဝေရသည်။

“အစ်ကိုလည်း ပင်ပန်းရှာပြီ။ ရပ်ရွာ ကိစ္စတွေကလည်း အစ်ကို့ခေါင်းပေါ် ပုံကျနေပြီနော်”

“ရပါတယ် အိမ်ကလေးရယ် ကိုယ့်ရွာဆိုတော့ ကိုယ်ပါ ရမှာပေါ့။ ဘာလိုလိုနဲ့ ရက်နီးနေပြီ”

“ဟိုရက်က မောင်းဆရာဦးကျန်က မောင်းငှားရသာ ခက်သယ်တဲ့။ တခြားရွာပွဲတွေနဲ့ တိုက်နေရင် ငှားမရဘူးဆို လို့ မအိမ်ကံ ရွာပိုင် မောင်းဆိုင်းတစ်ဆင်စာ လှူလိုက်ချင် သယ်။ နောင်ဘ၀ အသံကောင်းအောင်လို့...”

ကိုပြေသိမ်းက ရယ်သည်။ ဇနီးဖြစ်သူကို ကြည့်ရင်း ပြုံးသည်။ မအိမ်ကံက ရွာကို မကြာခဏ လှူနေကျ။ လိုအပ်မှု အပေါ်လှူနေတာ ဆိုတော့ ကိုပြေသိမ်း သိလိုက်တာရှိသလို မ လိုက်တာလည်း ရှိသည်။ နောက်တော့လည်း ပြောပြရှာ ပါ၏။

“အိမ်ကလေး သဘောပါဗျာ။ အစ်ကိုကတော့ သည်လို သဒ္ဓါစိတ်ရှိတဲ့ အတွက် အိမ်ကလေးကို ပိုလို့တောင် ချစ်မိပါ သေးသဗျာ”
သမီးနှစ်ယောက်ကတော့ ညတိုင်လျှင် မောင်းဆိုင်းဝိုင်း ဘက်သွားချင်နေကြသဖြင့် အားသူက အားသလိုပို့ကြရပါ ၏။ ဘယ်သူကမှ မပို့လျှင် အမေပန်းရုံက ဗျစ်တောက် ဗျစ်တောက်။ သည်လိုဆိုတော့ မလှအုံ အလှည့်ကျလေ၏။

တပေါင်းလ။
ဘုန်းကြီးပျံပွဲကြီးက မထင်မှတ်လောက်အောင် စည်ကား လွန်းလှပါသည်။ ဇောင်ချမ်းကုန်း ဆရာတော်ဆိုသော်လည်း သက်တော်ကြီး ၀ါတော်ကြီး ဆရာတော်ဖြစ်၍ ရွာနီးရွာနား တွေကလည်း ဆရာရင်းနှင့် မခြား လေးစားကြည်ညိုခြင်း ခံရသည့် ဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်ကြီး၏ သက်တော်ဂုဏ်၊ ၀ါတော်ဂုဏ်၊ သီလသိက္ခာ ပညာဂုဏ်တို့ကို နောက်ဆုံး ပူဇော်ကြသည့် ပွဲဆိုတော့ ရွာပေါင်းစုံက လူပေါင်းစုံ၊ လှည်းပေါင်းစုံ ရောက်လာကြသည်။ ဇောင်ချမ်းကုန်းရွာ အရှေ့ကွင်းကြီးသည်လည်း မျက်စိတစ်ဆုံး ပွဲတော်ကွင်းကြီး ဖြစ်နေတော့သည်။ တစ်ရွာလျှင် တည်းကျောင်း တစ်ကျောင်း ကျ လာရောက်ပူဇော်ကြရာမှာ အရွာရွာက “တည်းကျောင်း” မဏ္ဍပ်တွေ များလှသည်ဖြစ်ရာ ကွင်းပင် မဆန့်ချင်တော့။ “တည်းကျောင်း”တစ်ကျောင်းနှင့် တစ်ကျောင်းကူးရသည်ပင် မလွယ်။ နေပူခေါင်ခေါင်ကြီးမှာ ခေါင်းပေါင်းကြီးတွေပေါင်း ကာ ချွေးပြိုက်ပြိုက် ဆူနေသည့်ကြားက သည်လိုပွဲမျိုး နွှဲလိုက်မဟဲ့။ ဆရာတော်ကြီးကို ပူဇော်ကန်တော့လိုက်စမ်းမဟဲ့ ဆိုသည့် မျက်နှာများဖြင့် ကြိတ်ကြိတ်တိုး စည်းကားလွန်း လှပါ၏။

သည်နေ့ သည်ရက်မှာမှ တစ်ပြိုင်နက်တည်း ပူဇော်ကြ ရတာဆိုတော့ အရွာရွာက သိုင်းပြာသာဒ်ကြီးတွေကလည်း တယိမ်းယိမ်း တနွဲ့နွဲ့သိုင်းနင်းကာ ပူဇော်ကြသလိုတည်း ကျောင်းမဏ္ဍပ်ကြီးတွေဆီက ဆိုင်းသံဗုံသံတွေကလည်း တခြိမ်းခြိမ်း။

“ဒကာ၊ ဒကာမနဲ့ တပည့်တွေဟာ ဆရာဘုရားရဲ့ က၀ိထေရ်ကိုတော့ မနေနိုင်၊ မထိုင်နိုင်အောင် လွမ်းကြတာမို့ ပြည်ခရိုင်ကြဋ္ဌန်းမှာ ဒါယကာတွေမှန်သမျှရယ်က သံဃာတွေ ပါလွမ်း သံဃာတွေပါလွမ်း...”

“ယောက်ျားမောင် ဘသားလေးလေး (တောက်)
မြေကကောက်လို့ တစ်ထောက်ချီ ခင်ဗျ ဒူးပေါ်ညီညီ မြှောက်လိုက်ကြစို့ (တောက်)”

သိုင်းရိုက်သံတွေ တတောက်တောက် တဖြောင်းဖြောင်း ညံနေသည့်ကြားကို မအိမ်ကံတို့ သားအမိတစ်တွေ မတိုးနိုင်ကြ။ ပြာသာဒ်ဖျားက ၀ါးညွန့်ကလေး တယိမ်းယိမ်း တနွဲ့နွဲ့ လှုပ်တာကိုပင် ငေးကြည့်နေရပါတော့၏။

“ယောက်ျားမောင် ဘသားလေးလေး (တောက်)
ဒူးကမြှောက်လို့ တစ်ထောက်ချီခင်ဗျ ပခုံးပေါ်ညီညီ မြှောက်လိုက်ကြစို့ (တောက်)...”

ဒူးပေါ်ကနေ ပခုံးပေါ်တင် မြှောက်လိုက်ကြပြီဆိုလျှင်တော့ သိုင်းကွက်နင်းကာ သိုင်းကကြတော့မည်။ လူတွေ တိုးသထက်တိုး စည်သထက် စည်လာခဲ့ပြီ။ မအိမ်ကံတို့မှာ ထွက်ပေါက် မရှိအောင် လူအုပ်ကြားထဲ ပိတ်မိနေလေတော့ သည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြိုင်သိုင်းနင်းကြပြီဆိုလျှင် ပိုလို့ သာ ဆိုးတော့မည်။ မအိမ်ကံက ရွာခံတည်းကျောင်း မဏ္ဍပ် ထဲမှာပဲ ဣနြေ္ဒရရ ထိုင်ကြည့်တော့မည် စိတ်ပိုင်း ဖြတ်လိုက်ပါ၏။ “တည်းကျောင်း”ထဲ ၀င်ထိုင်လိုက်မိလျှင်လည်း ပြန်ထွက် နိုင်ဖို့ မလွယ်။ သည်တော့ အိမ်ပြန်ဖို့ရာသာ စဉ်းစားရတော့သည်။

“လာ လာ သမီးတို့ အိမ်ခဏပြန်ရအောင်။ ဧည့်သည်တွေ ရှိသေးသယ်။ ညနေကျမှ ဒွေးအုံကို တစ်ခေါက်လိုက် ပို့ခိုင်းမယ်နော်”

ကလေးနှစ်ယောက်ကို လက်ဆွဲကာ မအိမ်ကံ လူအုပ်ကို တိုးထွက်ခဲ့သည်။ ဘယ်ဘက်တိုးရပါ့။ ရွာပေါင်းစုံက လှည်းတွေက ပွဲတော်ကွင်းနှင့် ခပ်လှမ်းလှမ်း နောက်ဘက်မှ အထပ်လိုက် ၀ိုင်းပတ်ကာရပ်ထားကြသည်။ ပေါင်းမိုးလှည်းကြီးများ ဖြစ်၍ လှည်းတစ်စီးလျှင် မိသားစုတွေကလည်း အပြည့်။ ပွဲတော် ကွင်းထဲမှာလည်း ဟိုရွာကသိုင်း၊ သည်ရွာသိုင်း ပြေးကြည့်ကြသူတွေ၊ ဟိုမဏ္ဍပ်က ဧယဉ်ကျူးကောင်းနိုးနိုး၊ သည် မဏ္ဍပ်က ဧယဉ်ကျူးကောင်းနိုးနိုးဖြင့် “တည်းကျောင်း” တစ်ဆောင်က တစ်ဆောင် ကူးလူးနေကြသူတွေ။ နှစ်ပေါင်း များစွာ အတွင်း သည်ဘုန်းကြီးပျံပွဲလောက် စည်ကားသိုက် မြိုက်သည့်ပွဲ မရှိခဲ့ကြောင်း ရှေးမီနောက်မီ လူကြီးသူမများ ကပင် ပြောစမှတ်ပြုရပါ၏။

“ဟဲ့ သားအမိတွေ ဧယဉ်ကျူး မကြည့်ခဲ့ကြဘူးလား ဟဲ့”

မအိမ်ကံတို့ အိမ်ရောက်တော့ မလှအုံက ဆီးမေးသည်။ မအိမ်ကံက ပွဲတော် ကွင်းထဲတိုးနိုင်ဖို့ မလွယ်ကြောင်းပြောပြ တော့ မလှအုံက “ကတဲမှအေ၊ ညည်းတို့များ အဖြစ်မရှိချက်တော့။ ငါ့မြေးတွေ တစ်သက်တစ်ခါ ကြုံရသဲ့ပွဲ ပြမှပေါ့အေ့။ လာ ဒွေးအုံ လိုက်ပြမယ်” ဆိုကာ ကလေးနှစ်ယောက်လက် ဇောင့်ခနဲ ဆွဲကာ ထွတ်သွားလေတော့၏။

မအိမ်ကံတို့ အိမ်မှာလည်း ရွာလှည်းတွေ အပြည့်။ အိမ်ပေါ် အိမ်အောက် လူမဆံ့လို့ တချို့ကို ရက်ကန်းရုံထဲမှာပဲ နေရာချထားရပါ၏။ ထနောင်းတိုင်က ရောက်လာကြသော ဆွေမျိုးတွေကချည်း လှည်းလေးစီးတိုက်ဆိုတော့ အိုးကြီးချက် ချက်ပြီး ကျွေးမွေး ဧည့်ခံနေကြရသည်။ မလှအုံနှင့် ကျေးဥတို့ မနိုင်ကြတော့ ကြည်တော်ကုန်းက မကြီးနှင့် မငယ်တို့ အဖွဲ့ကို ခေါ်ကာ အိုးအပ်ရသည် အထိ။ မအိမ်ကံတို့ အိမ်မှ မဟုတ်၊ ရွာလုံးကျွတ် အိမ်ပေါက်စေ့ ဧည့်သည် မရှိသည့် အိမ်ရယ်လို့ မရှိ။ ဧည့်များများလာလေ ဂုဏ်ရှိလေ အောက်မေ့ကြသည်မို့ မရှိတာ ရှိတာထား တန်းစေ့လမ်းစေ့ လှူနိုင်တန်းနိုင်၊ ကျွေးနိုင် မွေးနိုင်အောင် ကြိုတင်ရှာဖွေ ချေးငှားကျွေးကြ၊ မွေးကြ သူတွေလည်း ရှိပါ၏။ အဝေးဧည့်တွေအတွက် ဇာတ်ပွဲတွင် ဖျာခင်းနေရာ ဦးထားရတာလည်း ရှိသေးသည်။ ဇာတ်က မြင်းခြံမြို့မှ နာမည်ကြီးဇာတ် ဖြစ်၍ ထိုဇာတ်မှ မင်းသမီးကြီး အောင်သန်းစိန်က ဧယဉ်ကျူး အလောင်းပိုက်ရမှာ ဖြစ်သည်။ ပရိသတ်က ဒါကိုလည်း အားခဲထားကြပါ၏။

“မအိမ်ကံရော ညည်းတို့ ညပွဲကြည့်ကြဦးမှာလား”

“မကြည့်တော့ပါဘူး အမေ။ အမေ့မြေးတွေကလည်း အိပ်ကြမှာပါ။ အမေတို့ ကြည့်ကြပါ”

ကိုပြေသိမ်း၏ မိခင်က မေးခြင်းဖြစ်၏။ ထနောင်းတိုင် က ဆွေမျိုးဧည့်တွေကတော့ မအိမ်ကံ အထူးဧည့်ခံစရာမလို ပါ။ ခင်သီ တစ်ယောက် ပါလာတာကိုပဲ အားကိုးရလှပြီ။ ဖိုးတုတ်တို့ ညီအစ်ကိုကလည်း ရေစည်လှည်းတိုက်နေရာက ပြန်မလာကြ။ ဘုန်းကြီးပျံကွင်းမှာ သောက်ရေအိုး အလုံး တစ်ရာကို မအိမ်ကံ ကုသိုလ်ယူခဲ့သည်။ ရေအိုးရော ရေပါ လှူဒါန်းခဲ့ခြင်း ဖြစ်ပါ၏။

ညနေစောင်း နေကျပြီဆိုကတည်းက ဒုံးတွေ လွှတ်ကြ ပြီ။ ဒုံးကြီးတွေက ဆယ်ပေလောက်ရှိသော ဖယောင်းတိုင် ကြီးများနှင့်ပင်တူ၍ ဒုံးလွှတ်သည်နှင့် ပရိသတ်အော်သံကြီး တွေ ဟိန်းထွက်လာတော့၏။ ပွဲကွင်းက ညနေစောင်းလေ မြိုင်လေ။ အဝေးရွာလှည်းတချို့က နေချိုမှရောက်လာကြကာ ရွာလမ်း တစ်လမ်းလုံး ဖုန်တွေ သောသော ထနေကြလေ၏။ မလှအုံတို့ တူဝရီး တစ်တွေ ပြန်မလာတော့ မအိမ်ကံလိုက်ဖို့ ပြင်ရပြီ။

ကိုပြေသိမ်းကတော့ ပွဲတော်ကွင်းထဲမှာ အရွာရွာက လူကြီးတွေနှင့် အတူ ရှိနေလိမ့်မည်။ ခင်သီကို အဖော်ခေါ် ပြီး မအိမ်ကံ ပွဲကွင်းဘက် ထွက်ခဲ့သည်။ ပွဲတော်ကွင်းထဲ ရောက်တော့ ရွာတည်းကျောင်းကို တန်းမသွားသေးဘဲ သိုင်း အဖွဲ့တွေကို တစ်ဖွဲ့လျှင် နှစ်ရာနှုန်းဖြင့် အဖွဲ့ရှိသလောက် ဆုချခဲ့သေးသည်။ ရွာတည်းကျောင်းဝမှာလူတွေ ပိတ်ပိတ် သည်းလျက်ရှိ၏။ မင်းသမီးကြီး အောင်သန်းစိန်ပင် ဧယဉ် ကျူးနေခဲ့ပြီ။

“ကြော့ပါပေ့ဘုရာ့ ကန်တော့ကာလေ ပဏာမရယ်နဲ့ ဈာပနတော်စီမံပုံကောင်းလိုက်တာက ပြည်တန်တဲ့ အလောင်း ဆွေးချက်ကယ်ဖြာ လေးမျက်နှာပန်းတွေမံလို့ နန်းဝေယံရှုချင် ဖို့ တစ်ခန်းသာပ အများအတိဓဇနဲ့သဒ္ဓါဗလ၀ အခြေကောင်း သော်လည်း ဆရာတော်ဘုရာ့ အားမရှိကြပါဘု ဒကာ ဒကာမ ပြေရွာအပေါင်း...”

မအိမ်ကံက တည်းကျောင်းထဲ မျက်စိတောင်းမှောက် ရှာရသည်။ တွေ့ပါပြီတော် မလှအုံတို့ တူဝရီးတွေ။ စင်အလယ် တည့်တည့်နေရာမှာ ကျကျနနကြီး ထိုင်ကြလို့။ ဇာတ်စင်ပေါ် က မင်းသမီး ဧယဉ်ကျူးနေတာကို မလှအုံက အောက်ကနေ မျက်ရည်တို့ကာ တို့ကာ ငိုနေလေ၏။ သမီး နှစ်ယောက်ကတော့ မင်းသမီးကို ငေးနေကြသည်။ မအိမ်ကံက တစ်ဆင့် တစ်ဆင့်လက်တို့ပြီး မလှအုံတို့ တူဝရီးတွေကို ပွဲခင်းထဲက ဆွဲထုတ်ရပါ၏။ ကလေးတွေက မပြန်ချင်ကြ။

“ရေချိုးကြဦးလေ သမီးတို့ရဲ့။ ဒွေးအုံလည်း ဧည့်သည်တွေ ထမင်းကျွေးရဦးမှာ။ ညကျတော့ ထနောင်းတိုင်က အမေကြီးတို့နဲ့ ပွဲကြည့်ကြ ဟုတ်လား”

မလှအုံကတော့ ဧယဉ်ကျူးထဲနစ်မျောပြီး မျက်ရည်တွေ ကျရလွန်း၍ထင့်။ ပွဲခင်းထဲက ထွက်လာတော့ မျက်လုံးတွေ နီပြီး လမ်းလျှောက်တာတောင် ဇိုးတိုးဇတ်တပ် ဖြစ်နေလေ၏။ မအိမ်ကံတို့ ပြန်လာတော့ လမ်းမှာ သွားသူပြန်သူတွေ အပြည့်။ တစ်နေကုန် တစ်နေခန်း ပွဲတော်ကွင်းတစ်ကွင်းလုံး ရုန်း ရုန်းရင်းရင်း ရှိနေခဲ့သော်လည်း ညပွဲဦးထွက်ချိန်မှာတော့ ကွင်းလည်း ငြိမ်လေပြီ။ ဇာတ်စင်ရှေ့ ပွဲခင်းကတော့ လူများလွန်း လှ၍ ပွဲခင်းလျှံထွက်နေပါ၏။ ပွဲဆိုင်းက ဧည့်ခံတီးပြီး၍ ပွဲထွက်ခရာ သုံးကြိမ်မှုတ်လေပြီ။ အားလုံးက ပြည်ဖုံးကား ကြီးဆီမှာ အာရုံတွေရှိနေကြပါ၏။

ထိုစဉ်မှာပင်...။
ရွာကင်းဆီက သံချောင်း မွှေသံကြီး ကြားလိုက်ရလေသည်။ တစ်ကင်းမှ တစ်ကင်းကူးသွားသော သံချောင်း မွှေသံတွေက ကမ္ဘာပျက်တော့မလား မှတ်ရပါ၏။

(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

လေးစားစွာဖြင့်
ရီနိမာန်

October 7, 2009

မအိမ်ကံ ( For Sep အပိုင်း - ၃ )

ကိုပြေသိမ်း လုပ်နေကိုင်နေတာတွေကို မအိမ်ကံ ဘာမှ မပြောဘဲ ကြည့်နေလိုက်သည်။ သူတို့ပညာတတ်တွေ စဉ်းစား တာ တစ်မျိုးပါလားလို့သာ သဘောထားလိုက်သည်။ ကိုပြေ သိမ်းက ဗမာဆေးဆရာကြီး ဆရာဆောင်ပေးသည့် ဆေးတွေ ကိုကြည့်ကာ အသာပြန်ချထားသည်။ ဘာမှတော့ မပြော။ သမီး၏ နဖူးတွေ၊ ချိုင်းတွေ၊ လည်ပင်းအောက်တွေ စမ်းသည်။ မျက်ခမ်းဖြဲကြည့်သည်။ လျှာထုတ်ခိုင်းသည်။

“အိမ်ကလေးတို့ မြင်းခြံကို သွားကြဖို့ ကောင်းတယ်။ ဒေါက်တာ ဆင်းဆေးတိုက်ကို ပြရမှာပေါ့။ ဟိုမှာ နေရမယ် ဆိုရင်လည်း အစ်ကို့ညီ ရှိနေတာပဲ။ ပွဲကတော်ကြီးတို့၊ ကိုဝေဠု တို့လည်း ရှိတာပဲ။ ဗမာဆရာနဲ့ ရွာမှာတင် ကုနေလို့ ဘယ်ပျောက်ပါ့မလဲ။ ဆေးတစ်မျိုးနဲ့ ရေလဲ လုပ်နေလို့ မရဘူး”

မအိမ်ကံ ဘာမှပြန်မပြောခဲ့ပါ။ ဖအေဆိုတော့ စိုးရိမ်လို့ ပြောနေတာလို့ပဲ အောက်မေ့လိုက်သည်။ ကလေးက ရိုးရိုး ဖျားတာမဟုတ်၊ ရောဂါကြီးမလာခင် အပူပျိုးနေတာပါလို့ လည်းပြောဖို့ခက်သည်။ ဒါတွေကလည်း မအိမ်ကံ၏ အထင်သာ ဖြစ်၏။ မအိမ်ကံတို့လည်း ဗမာဆေးနှင့် ကြီးခဲ့ရသည် မဟုတ်လား။ မအိမ်ကံမှ မဟုတ်။ ကျေးလက်တောရွာမှာ ဗမာဆေးကိုပဲ အားကိုးရသည်။ ခေတ်အင်္ဂလိပ် ဆေးဝါးတွေကို သုံးလေ့ သုံးထမရှိကြတော့ ဘယ်သူကမှ အာရုံ မရှိ။ အင်္ဂလိပ် ဆေးဝါးတွေလည်း ကောင်းချင် ကောင်းပါလိမ့်မည်။ သို့သော် ကိုယ့်ဆေးကိုယ့်ဝါးကိုလည်း မပစ်ပယ်သာ။ ကိုပြေသိမ်းက များများ မပြောတော့ဘဲ ရေမိုးချိုး၊ ထမင်းစားသည်။ မျက်နှာ တော့ မကောင်း။ မအိမ်ကံကလည်း လင်ပြန်လာလျှင် သူ စိုးရိမ်နေတာတွေ ပြောပြဖို့ အားခဲထားသော်လည်း လင်ဖြစ် သူက ရောက်ရောက်ချင်း အပြစ်တင်နေတော့ အသာငြိမ် နေရပြန်သည်။


သမီးဖျားတာ သုံးရက်ရှိပြီ။ မအိမ်ကံ စိုးရိမ်သလို အဖုတွေ၊ အပိမ့်တွေ ထွက်လာတာတော့ မရှိ။ တချို့လူမမာ လာမေးကြသူတွေကတော့ ကန်ဆေး၊ ပွင့်ဆေးတွေ တိုက်ဖို့ အကြံပေးကြသည်။ အနာထွက်စရာ ရှိတော့ မြန်မြန်ထွက် သည်။ နို့မို့ကလေး ခံရသည်ဆိုတာလည်းပါတော့ ဘာလုပ် လို့လုပ်ကိုင်ရမှန်း မသိ။ ဆရာဆောင်ကတော့ နေ့စဉ်လာ ကြည့်ပါသည်။ လူနာကို လာကြည့်ပြီး ပေးစရာရှိသည့် ဆေးပေးပါ၏။ မလှအုံက ကလေး ခံတွင်းလိုက်အောင် ငါးရံ့လုံး ငါးပိကောင် ထွက်ရှာသည်။ ထမင်းဆီဆမ်းနှင့် ဟင်းချိုကလေး စီစဉ်သည်။ မအိမ်မြိုင်ခမျာ သုံးရက်လုံးလုံး မှိန်းနေရသည့် အပြင် ထမင်းပါ မစားနိုင်တော့ ပါးပါးလျား လျားကလေး ဖြစ်သွားခဲ့သည်။ ကိုပြေသိမ်းက သမီးကိုကြည့်ရင်း စိတ်မချမ်းသာ။ ကိုပြေသိမ်း ထမင်းစားပြီးတော့ ကလေးကို အိမ်ကြီးပေါ်မှ အောက်သို့ ပခုံးပေါ် မှောက်ပြီး ဆင်းလာခဲ့သည်။ မအိမ်မြိုင်က ဖအေချစ်ဖြစ်၏။ ဖအေ ပြန်လာတော့ ပိုလို့တောင် ချွဲနေလိုက်သေးတော့၏။

“အမေတို့ အစ်မအုံတို့ကလည်း သမီးသည်လောက် ဖျားနေတာကို မြင်းခြံက ဒေါက်တာဆင်းဆေးတိုက်ကို လွှတ်မှပေါ့။ သမီးက သုံးရက်လုံးလုံး အဖျားမကျဘူးဆိုတာ မကောင်းဘူး။ ဆေးတစ်ချောင်း၊ နှစ်ချောင်း ထိုးလိုက်ရင် သည်လောက် ဘယ်ခံရပါ့မလဲ”

ကိုပြေသိမ်းက အမေပန်းရုံနှင့် မလှအုံတို့ကို အပြစ်တင်သည်။ မြင်းခြံကို ဖြစ်ဖြစ်ချင်း မသွားရကောင်းလား ပြောနေခြင်းဖြစ်၏။ အမေပန်းရုံကတော့ ဘာမှမပြောပါ။ သားမက် ပညာတတ် ကျောင်းဆရာက ပြောနေတာဆိုတော့ ငြိမ်နေခဲ့ သည်။ မလှအုံကတော့ ထမင်း ဆီဆမ်းပြင် နေရာက ကိုပြေ သိမ်းကို ဖျန်းခနဲ လှမ်းကြည့်သည်။ ကြည့်ရုံသာရှိ၍ ထွေထွေ ထူးထူးတော့ မပြောပါ။ ကိုပြေသိမ်းက ဗမာဆေးတွေက ရောဂါနှင့် တိုက်ရိုက် မထိဘဲ အာနိသင်ပဲ နည်းသလိုလို ဆက်ပြောနေသည်။ မလှအုံက ကိုပြေသိမ်းရောက်ကတည်းက မအိမ်ကံကို အပြစ်တင်နေတာကို သည်းခံလို့သာ နေနေရပါ၏။ သည်တစ်ခါတော့ ပြန်ပြောဦးမှဆိုသည့်ပုံနှင့် လေပျော့ ကလေးနှင့် ၀င်ပြောလိုက်သည်။

“မောင်ပြေသိမ်းရယ်။ ကောက်ကာ ငင်ကာ ဖြစ်သာကွယ့် ဖြစ်ဖြစ်ချင်းတုန်းကများ သံပြားပူကြီး တစ်ချပ်လို ချစ်ချစ် တောက်လို့။ တို့လည်း ဆရာဆောင်ပင့်ပြီး ကုသာပဲ။ မြင်းခြံ တော့ ခေါင်းထဲ မရောက်ပေါင်ကွယ်။ ကလေးကို လေတိုး ကြီးထဲ ဖျားရက်နဲ့ ခေါ်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း ခရီးနီးမှတ်လို့”

“အဲဒါ ခက်တာပေါ့ဗျာ။ ကလေး လေတိုးမှာတို့၊ ညှော်မိမှာ ကြောက်တာတို့နဲ့ ကလေး အခန်းထဲ လှောင်ပိတ်ထားကြတော့ ပိုဆိုးတော့တာပေါ့”

“မခက်ပါဘူးတော်။ မြင်းခြံတောင် မဟုတ်ပါဘူး။ ရန်ကုန်မြို့သွားလည်း ဖြစ်ပါသယ်။ ရှင်အိမ်ကံသမီးဟာ ငါတို့ သွေးပါကွယ့်။ မောင်ပြေသိမ်းက သမီး ငါက တူမပါ။ တို့တောတော့ တောဘာသာ အလျောက်သည်လို ကြီးခဲ့ရသာ ပါ။ အင်္ဂလိပ်ဆေးက အင်္ဂလိပ်ဝင်လာမှ ပေါ်လာသာပါ။ တို့ဆေးက ဘိုးဘွားမိဘများ လက်ထက်ကတည်းက ရှိခဲ့သာ ပါ။ တို့ မြတ်စွာဘုရားတောင် ဇီဝကကြီးက ကုခဲ့ရသာပါ ကွယ့်။ မင်းနှယ်”

မလှအုံကို မအိမ်ကံပင် အံ့သြမိရပါ၏။ ကိုပြေသိမ်းကို ချက်နှင့် လက်နှင့် ပြန်တွယ်နေတော့ မအိမ်ကံပင် မ၀င်သာ။ ကိုပြေသိမ်းကကော ဘာဖြစ်လို့များသည်လို ဘဲ့တိုက်နေရတာ ပါလိမ့်။ တစ်ခုခုတော့ ဖြစ်လာခဲ့ပုံရသည်။ အမေ ပန်းရုံကတော့ မလှအုံနှင့် ကိုပြေသိမ်း တစ်ယောက်တစ်ခွန်းဖြစ်နေကြ တာကို စိတ်မကောင်းဖြစ်ပုံရသည်။ အပြင်ဘက် ထွက်သွားခဲ့ ပါ၏။

“ပျောက်ရင်ပြီးတာပါပဲဗျာ”

“ပျောက်ပါ့တော်။ ပြဒါးဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ ဆိုသာတွေ အလကား ဖြစ်ရရောလား။ နံ့သာမျိုး ဆယ်ပါး မလွတ်သဲ့ ဆေးဝါးများ အာဂမှတ်လို့”

မလှအုံကလည်း တစ်ခွန်း မခံ၊ ကိုပြေသိမ်းကလည်း ကပ်ဖိုး ကပ်ဖဲ့။ ကြားထဲက မအိမ်ကံ စိတ်ညစ်ရပြီ။ မအိမ်ကံ ကတော့ သုံးရက်မြောက်သည် အထိ အဖျား မကျတာကို စိတ်ပူ သော်လည်း ကျောက်ကြီးရောဂါ လက္ခဏာမပေါ်လာလို့ တစ်စိတ်တော့ အေးရပါ၏။ အရှင်း မပျောက်သေးတော့လည်း ပြောဖို့တော့ ခက်သားပင်။ မလှအုံက သမီးကို ထမင်းခူး ကျွေးဖို့ မီးဖိုထဲ ၀င်သွားတော့၏။ သည်တော့မှ ကိုပြေသိမ်းကို ပြောစရာရှိတာ ပြောရသည်။
“အစ်ကိုကလည်း အိမ်ကလူတွေမှာ ဘာလုပ်လို့ ဘာကိုင် ရမှန်း မသိဘူး။ တစ်အိမ်လုံးကို ပျာလို့။ မအိမ်ကံတို့ တောမှာ နေမကောင်း ထိုင်မသာဖြစ်ရင် ကိုယ့်ဆေးနဲ့ ကိုယ်ပြီးကြရတာ ပါ။ အင်္ဂလိပ်ဆေး သွားထိုးချေဦးမယ်ဆိုတာ ခေါင်းထဲ မရှိကြပါဘူး။ မအိမ်ကံ ပူသလို သူတို့ခမျာလည်း ပူကြရှာသာပါ ပဲ။ နေ့မအိပ်၊ ညမအိပ် ပြုစုကြရှာပါသယ်။ အစ်ကိုက အဲသလို ပြောနေတော့ သူတို့ ဘယ်စိတ်ကောင်းပါ့မလဲ”

“အေးပါလေ။ အစ်ကိုက ဗမာဆေးတွေ ညံ့သယ် မပြောပါဘူး။ မြန်မြန်ပျောက်စေချင်လို့ပါ။ အစ်ကိုတို့လည်း ဗမာ ဆေးနဲ့ ကြီးခဲ့ရတာပါပဲလေ။ အိမ်ကလေးတို့က ရိုးလွန်းကြလို့ ပြောတာ။ ခေတ်ကာလဆေးဝါးတွေက ခေတ်မီနေပြီ။ ဒါကို ပြောတာပါ။ မသက်သာလည်း အစ်ကိုတို့ မြင်းခြံပြေးကြ တာပေါ့”

သည့်ထက် ပြောနေရင်လည်း ရန်ဖြစ်ရုံဆိုတော့ မအိမ်ကံ စကား မဆက်တော့။ ကိုပြေသိမ်းက မအိမ်ကံ လက်ထဲ ကလေး ထည့်ပေးထားခဲ့ပြီး အင်္ဂလိပ် စာအုပ် တစ်အုပ်ကိုင်ကာ သရက် ပင်ရိပ်က ကွပ်ပျစ်ဆီ ထွက်သွားခဲ့ပြီ။ မလှအုံက ထမင်းဆီ ဆမ်းနှင့် ငါးရံ့လုံးငါးပိကောင်နှပ်၊ ပဲရွက်ဟင်းချိုပူပူကလေး ကို လင်ပန်း တစ်ချပ်နှင့် ခူးလာခဲ့ပြီး မအိမ်မြိုင်ကို ထမင်းခွံ့ ဖို့ပြင်သည်။ ဆန်ပြုတ်တွေချည်း သောက်နေရသည့် မြိုင်ကလေး ထမင်းခွံ့တော့ စားရှာပါသည်။ သမီးကိုကျွေး နေသည့် ငါးရံ့လုံး ငါးပိကောင်နံ့က မွှေးနေတော့ မအိမ်ကံပင် ၀မ်းဟာလာခဲ့သည်။ မလှအုံကိုလည်း ချော့ချင်သည်။

“မလှအုံ မအိမ်ကံဖို့ပါ ထမင်းဆီဆမ်း လုပ်ပေးဦး။ မလှအုံ သမီးကိုကျွေးတာ ကြည့်ပြီး မအိမ်ကံပါ ဆာလာပြီ”

“ညည်းယောက်ျား မောင်အင်္ဂလိပ်ကို မေးပါဦးအေ။ တော်ကြာ တောစာ ကျွေးသယ် ဖြစ်နေပါဦးမယ်။ ခုနင်က ငါ နားကြားပြင်းကပ်လို့ ပြောသာပါအေ။ မအိမ်ကံရေ ညည်းတို့ ငါတို့က ခေတ်ပညာ ခေတ်စာမတတ်ကြပေသိလို့ ငါတို့ ဘ၀နဲ့ ငါတို့ ဘယ်လို နေထိုင်စားသောက်ရမယ်၊ ဘယ်လိုဆိုရင် အကျိုး ယုတ်တယ်၊ ဘယ်လိုဆိုရင် အကျိုးရှိ သယ် သိကြပါသယ်အေ။ ညည်းတို့၊ ငါတို့က ဆွေကြီးမျိုးကြီး ဂိုဏ်းကြီးကျိုင်းကြီးက ဆင်းသက်လာသာပါအေ့။ တစ်သက်လုံး မိကျောင်းမှန်လို့ ရေဆန်ခဲ့ကြသာပါ။ ညည်းယောက်ျား က တစ်ခါတလေ တို့ကို မိကျောင်းမထင် သစ်တုံးထင်မှာ စိုးလို့ ငါပြောရသာ စိတ်ဆိုးလည်း မတတ်နိုင်ဘူးအေ”

မလှအုံကသည်လို ပြောခဲသည်။ ကိုပြေသိမ်းကိုလည်း ချစ်ရှာသည်။ အားလည်း ကိုးရှာပါ၏။ ဂုဏ်လည်း ယူရှာပါ ၏။ ကိုပြေသိမ်းကလည်း အဖေတို့၊ အမေတို့ သာမက အားလုံးကို ချစ်ခင်မှန်း မအိမ်ကံ သိပါ၏။ အခုလည်း သမီးဇောနှင့် ပြောတာဆိုတော့ အပြစ်တင်ချင်လို့လည်း မဖြစ်။ မလှအုံ ပြောနေတာကလည်း သဘာဝ ကျသည်။ တောသူ တောင်သား ဆိုပေသိ ကိုယ့်ရိုးရာနှင့်ကိုယ် ကျက်သရေရှိရှိ ဂုဏ်ရှိရှိ နေနိုင်ကြ၊ နေခဲ့ကြသူတွေပင်။ မလှအုံတို့ မိသားစုကလည်း စားစရာမဲ့ နေစရာမဲ့ မဟုတ်။ မအိမ်ကံ မမွေးခင်ကတည်းက သည်အိမ်ကြီးကို မိသားစုလိုက် ရောက်လာခဲ့ကြသူတွေ။ မလှအုံတို့ မိသားစုရှိလို့လည်း သည်အိမ်ကြီးမှာ အစစအရာရာ မျက်နှာလွှဲရသည်။ အိမ့်ဗာဟီရတွေမှာ မလှအုံတို့သားအဖ တစ်တွေလက် မရောက်သည့် နေရာမရှိ။ မအိမ်ကံ အဖို့တော့ မလှအုံသည်ပင် ဒုတိယ မအေဖြစ်ခဲ့သည်။ နောက်ဆုံး မလှအုံ ချွေးမ ကျေးဥအထိ မအိမ်ကံ ခင်တွယ် အားကိုးခဲ့ရသည်။

သားအမိနှစ်ယောက် ထမင်းတွေ မြိန်မြိန်ကြီး စားနေ တာကို မလှအုံကပြုံးပြီး ကြည့်နေခဲ့သည်။ မအိမ်ကံက သမီးကို ကိုယ်ပူ မပူ စမ်းကြည့်သည်။ နည်းနည်းတော့ အဖျားကျသွားသည်။ ချွေးကလေးစို့လို့။ မျက်လုံးကလေးတွေက ၀ိုင်းကြည် လို့။ သမီးကိုကြည့်ရင်း မအိမ်ကံ စိတ်ထဲက စကားတွေ ပြောဖြစ်ပါ၏။

“မြိုင်ကလေးရယ် ငါ့သမီး ကျောက်ကြီးရောဂါ မဖြစ် တော့ဘူးဆိုရင် အမေ ၀မ်းသာပါပြီအေ။ ငါ့သမီး အရုပ်ဆိုး အကျည်းတန်မှာ အမေ ကြောက်လှချည့်။ ကိုယ်ပူကျသွားရင် အမေ စိတ်ချမ်းသာပါပြီ။ ဘုရား သိကြားမလို့ သမီးကလေး ဘေးဘယာ ဝေးကွာပါရစီ”

အမေ ပန်းရုံ ရောက်လာပြီး မြေးမ နဖူးကလေးကို စမ်းသည်။

“ငါ့မြေး အဖျားလျော့သလားလို့ လှအုံ။ ဟုတ်ကဲ့လား”
“အဖျားကျသွားပါပြီတော်။ နာလန်တောင် ထပေါ့။ မနက်ဖျင် ထမပြေးတော့ပြော။ ဆရာဆောင့် ဆေးစွမ်းပါသယ် ဆိုနေမှ အင်္ဂလိပ်ဆေး မလိုပေါင်တော်”

“လှအုံရယ် ညည်းကလည်း စိတ်လျှော့ပါအေ။ ဟိုခမျာ ဖအေဆိုတော့ ပူပန်လို့ ပြောရှာသာပါ”

“ကျုပ်တို့က သာပြီး ပူတော့မပေါ့တော်။ ဖအေက စိတ်မထင်လို့ ဖုတ်ဖက်ခါ ထသွားရင် ဖြစ်သေးတယ်။ ကျုပ်တို့ က သည်ကလေးတွေနဲ့ တစ်သက်လုံး နေရမှာ အရီးရဲ့။ အခုပဲ ရှင်အိမ်ကံကို ပြောနေရသာ။ ညည်းယောက်ျားက ဖျင်မြင်တိုင်း ပင်နီမှတ်နေသာလို့”

အမေပန်းရုံကတော့ ပြုံးသည်။ မလှအုံက လူကိုယ် ရိုးပုံရိုးလက်နှင့် နှုတ်ရေးကြွယ်သည်။ မြိုင်ကလေး ထမင်းတွေ စားသည်ဆိုတော့လည်း မလှအုံ အစီအမံ တတ်ရှာလို့ ဆိုတာသိပါ၏။ မအိမ်ကံကတော့ အမေပန်းရုံ စိတ်ချမ်းသာ တာတွေ့တော့ ၀မ်းသာရပါ၏။ သမီးကလေး နေကောင်းစပြု လာတော့ သူပါ ရင်ကလေး ငြိမ်းရသည်။ မလှအုံက ထမင်း ဆီဆမ်းနှင့် ပဲရွက်ဟင်းချို ထပ်ယူလာပြီး အမေ ပန်းရုံကိုပါ စားစေပါ၏။ အမေပန်းရုံလည်း အခုမှ ထမင်းစားဖြောင့် ရှာတော့သည်။ စားရင်းက အမေပန်းရုံ တစ်စုံတစ်ရာ သတိရ သွားပုံပေါ်သည်။

“သမီး မအိမ်ကံ မောင်ပြေသိမ်းစားဖို့ တစ်ခုခုလုပ်ပေးဦးလေ။ ခမျာ စာဖတ်ရင်း စားရအောင်လို့ ရေနွေးကြမ်းကလေး နဲ့ လက်ဖက်ကလေး သုပ်လိုက်ပါလား”

“ဟုတ်ကဲ့ အမေ”

မလှအုံက ထမင်းစားနေသည့် မအိမ်ကံကို ဆက်စား စေသည်။ သူပဲ လက်ဖက်သုပ် သွားပေးမည်ဆို၏။

“နေ နေ မအိမ်ကံ အစ်မ သွားလိုက်မယ်။ ငါ့မောင် ချော့ရချေသေးအေ။ လက်ဖက်ကို အင်္ဂလိပ်လို သုပ်လိုက်ရ ဦး...”

မအိမ်ကံမှာ ထမင်းသီးအောင် ရယ်မိသည်။ ဘာပဲ ပြောပြော မအိမ်ကံတို့ မိသားစုနှင့် လာနေရှာမှတော့ လင်သားကို စိတ်မဆင်းရဲစေချင်။ နေရသည့် အိမ်က အပြစ် တင်ကြသည် မထင်စေချင်။ ကာယကံရှင် မလှအုံက သွားချော့မည် ဆိုတော့ လူကြီးတွေများ အမြော်အမြင်ရှိလေ ခြင်းလို့ တွေးမိရပါ၏။ တစ်ခုတော့ မအိမ်ကံ ရင်ထဲမှာ ရှိနေသည်။ မလှအုံ ပြောလိုက်သည့် စကားထဲက “ဖအေက စိတ်မထင်လို့ ဖုတ်ဖက်ခါ ထသွားရင် ဖြစ်သေးသယ်။ ကျုပ်တို့က သည်ကလေးတွေနဲ့ တစ်သက်လုံးနေရမှာ အရီးရဲ့” ဆိုသည့် စကားဖြစ်သည်။ သည်လင်၊ သည်မယား၊ သည် အဖေ၊ သည်သမီး ဖုတ်ဖက်ခါ သွားစရာ မရှိ။ မလှအုံက ကိုပြေသိမ်းကို စိတ်ချသေးပုံ မပေါ်။ ဒါကြောင့်လည်း သည်စကားပြောလိုက်လေသလား။ ရိုးရိုးတန်းတန်း ပြောတာလည်း ဖြစ်နိုင်တာပါပဲလေ။

မအိမ်ကံ ထမင်းစားပြီးတော့ သမီးကို ဆေးလူးပေး သည်။ ဆရာဆောင့် ဆေးတိုက်သည်။ ပြီးတော့ သမီးဘေးမှာပဲ လှဲနေလိုက်သည်။ သမီးက စကားတွေ ပြောနေတာကို နားထောင်နေခြင်း ဖြစ်၏။ ခိုင်ကလေးကတော့ ဖအေရောက် ကတည်းက မအေ့နားမကပ်တော့။ မလှအုံ ရောက်လာပြန် သည်။

“မောင်ပြေသိမ်းက တောင်းပန် ရှာသယ်။ ကျွန်တော်လည်း ခရီးရောက် ရောက်ချင်းဆိုတော့ ပူပန်သွားမိလို့ပါသဲ့။ သမီးတွေကို အစ်မ အုံ လက်အပ်ပါသယ်သဲ့တော်။ ပြောရှာပါတယ်အေ”

ကိုပြေသိမ်းက တောင်းပန်လိုက်သည် ဆိုတော့လည်း မအိမ်ကံ စိတ်ကြည်နူးမိရပါ၏။ အိမ်ဆိုမှတော့ ၀င်ပေါက် လည်းလွယ်၊ ထွက်ပေါက်လည်း လွယ်ရမှာပေါ့လေ။

ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်။
ပူပြင်းလှသော နွေခေါင်ခေါင်ရက် တစ်ရက်တွင် ထနောင်းတိုင် ရွာကြီးတွင် ခင်မင်ခဲ့ရသော ကိုကံကြီးမောင် ဆိုသူ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာခဲ့သည်။ ဘယ်က ဘယ်လို ဇောင်ချမ်းကုန်းကို ကူးလာသည် မသိရ။ ထနောင်းတိုင် ရွာတွင် တွေ့ခဲ့ရသလို အင်္ကျီကြွေတိုက်နှင့် ကြော့ကြော့ကလေး မဟုတ်တော့။ လည်ခေါင်းတုံး အင်္ကျီက ကြေးလက်လေးသစ် ထလျက်ရှိကာ ပုဆိုးကတော့ မြောက်ပြင်ထည် ခပ်လတ်လတ် နှင့်ဖြစ်ပါ၏။ ပိုလိုဘူး တစ်ဘူးနှင့် ဒန်မီးခတ်ကိုတော့ လက်တွင်း ဆုပ်ထား မပျက်။ ကိုကံကြီးမောင် ရောက်လာချိန်တွင် ကိုပြေသိမ်းက ကျောင်းကို ရောက်နေခိုက် ဖြစ်၏။ မအိမ်ကံနှင့် မျက်မှန်း တန်းဖူးသည် ဖြစ်၍ အိမ်မှာပဲ ဧည့်ခံထားလိုက်သည်။ မအိမ်ကံက ကိုကံကြီးမောင်ကို ဧည့်ခံရင်းက ကိုပြေသိမ်း ဖတ်သည့် စာအုပ်တွေ အကြောင်း စိတ်ရောက် သွားခဲ့သည်။ အတော်ပဲ။ သည်အချိန်မှာ မသိမသာ မေးလျှင် အစွန်းအစတော့ ရနိုင်သည်။

လေးစားစွာဖြင့်
ရီနိုမာန်

October 6, 2009

ဒီစိတ်ကြောင့်

စားလည်းဒီစိတ် သွားလည်း ဒီစိတ်၊ လူတွေတော်တော်များများဟာ ဒီစိတ်ကြောင့်ပဲ အဆင်ပြေကျသလို၊ ဒီစိတ်ကြောင့်ပဲ စိတ်ဆင်းရဲခဲ့ကြရတယ်။ ဒီစိတ်ကြောင့်ပဲ လူတွေပျော်ရွင်ခဲ့ရတယ်။ ခန္ဓာကိုယ် တစ်ခုကို ဖွဲ့စည်းထားတာလည်း ဒီစိတ်ပဲ။ ဒီစိတ်ကပဲ လူတွေကို စေခိုင်းချက်အမျိုးမျိုးနဲ့ ဘဝတွေ အဖုံဖုံ ဖြစ်စေခဲ့ပြန်တယ်။ ဝေးဝေးကိုကြည့်နေစရာ မလိုပဲ ဥပမာ - ကျနော် အကို့ကိုပဲ ကြည့်လိုက်မိတယ်။ မိဘတွေ စီးပွားရေးကောင်းနေတဲ့ အချိန်မှာ သူ့ရဲ့ ဒီစိတ်ကြောင့် အကောင်းဘက်ကို မရောက်ပဲ အဆိုးတွေဖြစ်အောင် ဒီစိတ်က ဖန်တီးပေးခဲ့တယ်။ ပညာသင်ရမယ့် အချိန်မှာ ပညာမသင်ပဲ ဆေးလိပ်လေးက သောက်တက်လာပြန်တယ်။ ကျောင်းလည်း ပြေးတက်လာတယ်။ နောက်ဆုံး ကျောင်းထွက်တဲ့ အထိဖြစ်လာခဲ့တယ်။ ဒါလည်း ဒီစိတ်ကြောင့်ပဲ ဖြစ်ခဲ့ရတာပါ။ ဒီဘာမှမသိ၊ ဘာမှမရှိတဲ့ အာရုံခံစားမှုနဲ့ ဖြစ်တည်နေတဲ့ ဒီစိတ်ကို ထိန်းနိုင်ဖို့ တော်တော် ကိုခက်ခဲပါတယ်။

ဒီစိတ်ကြောင့်ပဲ သူမနဲ့ ကျနော်ချစ်ခဲ့ကြတယ်။ ဒီစိတ်ကြောင့်ပဲ ပျော်ရွှင်မှုတွေ၊ သာယာမှုတွေ၊ ကြည်နူးမှုတွေ ဖြစ်စေခဲ့တယ်။ သိပ်မကြာပါဘူး။ ဒီစိတ်ကြောင့်ပဲ ဘာမှမဟုတ်ပဲ လမ်းခွဲခဲ့ကြပြန်တယ်။ ဒီစိတ် အကြောင်းပြောရမယ် ဆိုရင်လဲ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့။


ဒီစိတ်ကို ထိန်းချုပ်ဖို့ပဲ ကိုယ့်ကိုကိုယ် စေခိုင်းလိုက်တယ်။ " ငါဘယ်မှမသွားတော့ဘူးလို့ပေါ့ " ။ ခဏနေကျတော့ သူငယ်ချင်းတစ်ယောက်က ဖုန်းခေါ်လာတယ်။ နိုက်ကလပ် သွားမယ်တဲ့၊ ခုလေးတင် ထိန်းချုပ်ဖို့ ဒီစိတ်ကို ခိုင်းထားတယ်။ ခု နိုက်ကလပ် သွားမယ်ဆိုတော့ ဒီစိတ်က OK တဲ့ဗျာ။ ရောက်ပြီးမှတော့ မထူးပါဘူး။ မနက်ရထားကိုပဲ စောင့်ပြန်တော့မယ်လို့ ဒီစိတ်ကိုပြောလိုက်တယ်။ မနက်လေးနာရီလောက် ရောက်တော့ လူက ဟန်မဆောင်နိုင်အောင်ကို အိပ်ချင်နေပြီ။ ဒါနဲ့ ရထားနဲ့ ပြန်မဲ့ အစီအစဉ်ကို ဖြတ်ပြီး ကားငှားပြန်ခဲ့ရတော့ နေရင်းထိုင်ရင်းနဲ့ ဒီစိတ်ကြောင့်ပဲ ငွေကုန်သွားပြန်တာပေါ့ဗျာ။

ဒီစိတ်ကြောင့် ဖြစ်တည်လာတဲ့ အကြောင်းအမျိုးမျိုးကိုကြည့်ပြီး ဒီစိတ်ကို ပြန်ခိုင်းနိုင်အောင် ကြိုးစားနေမိတယ်။ လူကြီးတွေက ပြောကြတယ်။ အသက်ကကြီးလာတော့ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးတဲ့။ အသက်ကြီးမှရယ်မဟုတ်ပါဘူး။ လူငယ်တွေလဲ ဒီအတိုင်းပါပဲ။ စိတ်ကဖြစ်ချင်နေတာကို ကိုယ်ကလိုက်မလုပ်နိုင် ဘူး။ စိတ်ဆန္ဒအလိုကို လိုက်မလုပ်နိုင်တော့ ကိုယ့်ကိုကိုယ် ဒေါသဖြစ်ရတယ်။ မကျေမနပ်လဲ ဖြစ်ရပြန်တယ်။ နောက်ဆုံး ငါသေသွားရင် ကောင်းမှာပဲလို့ တွေးမိလာတဲ့ အထိဖြစ်သွားတယ်။

ဒီလိုဖြစ်လာတဲ့ အချိန်မှာ ကျနော်စိတ်ကို ထိန်းနိုင်တာကတော့ တစ်ခုပဲရှိတယ်။ အဲဒါကတော့ သက်ရှိဘုရားပါပဲ။ လူတိုင်းလူတိုင်းမှာ သက်ရှိဘုရားဆိုတာရှိတယ်နော်။ မရှိဘူးလို့ ပြောတဲ့ သူက အဲဒါ လူမဟုတ်လို့ပဲ။ လူမှန်ရင် သက်၇ှိဘုရား ရှိကို ရှိပါတယ်။ သက်ရှိဘုရားဆိုတာကလည်း ကိုယ်ကို လူတလုံး သူတလုံး ဖြစ်လာအောင် ၉လလွယ် ၁၀လရောက်မှ မွေးဖွားပေးခဲ့တဲ့ မွေးမိခင်ပဲဖြစ်ပါတယ်။

ဆရာ့ ဆရာတော်ကြီးများရဲ့ ဟောကြားချက်အရ ဗုဒ္ဓမြတ်စွာဘုရားကို နေ့တိုင်း မရှိခိုးရင်နေပါ။ နေ့တိုင်း ဆွမ်းမကပ်ရင်နေပါ။ သက်ရှိဘုရားဖြစ်တဲ့ အမေကို ညတိုင်းကန်တော့ပါ။ ထမင်းတစ်လုပ် နပ်မှန်အောင်ကျွေးပါ။ လောကမှာ အဆင်မပြေတဲ့ လူရယ်လို့ မရှိပါဘူးလို့ ပြောခဲ့ ဟောခဲ့ကြတယ်။ ဒါကြောင့် ဒီစိတ်တစ်ခုခု ဖြစ်လာပြီးဆိုတာနဲ့ သက်ရှိဘုရားကို သတိရလိုက်ပါ။ သက်ရှိဘုရားရဲ့ မေတ္တာတွေကို မျှဝေလက်ခံလိုက်ပါ။ ဒီစိတ်ဖြစ်နေတာတွေ အားလုံးပြည့်စုံလာပါလိမ့်မယ်။

လေးစားလျှက်
ရီနိုမာန်

စာကြွင်း - ဒီစိတ်ကြောင့် လုပ်ချင်တာတွေ မလုပ်ပဲ ဒီစိတ်ကို အကောင်းဆုံးပြန်ခိုင်းနိုင်တဲ့ လူသားဖြစ်ပါစေလို့ ဆုတောင်းဆန္ဒပြုလိုက်ရပါတယ်။