October 7, 2009

မအိမ်ကံ ( For Sep အပိုင်း - ၃ )

ကိုပြေသိမ်း လုပ်နေကိုင်နေတာတွေကို မအိမ်ကံ ဘာမှ မပြောဘဲ ကြည့်နေလိုက်သည်။ သူတို့ပညာတတ်တွေ စဉ်းစား တာ တစ်မျိုးပါလားလို့သာ သဘောထားလိုက်သည်။ ကိုပြေ သိမ်းက ဗမာဆေးဆရာကြီး ဆရာဆောင်ပေးသည့် ဆေးတွေ ကိုကြည့်ကာ အသာပြန်ချထားသည်။ ဘာမှတော့ မပြော။ သမီး၏ နဖူးတွေ၊ ချိုင်းတွေ၊ လည်ပင်းအောက်တွေ စမ်းသည်။ မျက်ခမ်းဖြဲကြည့်သည်။ လျှာထုတ်ခိုင်းသည်။

“အိမ်ကလေးတို့ မြင်းခြံကို သွားကြဖို့ ကောင်းတယ်။ ဒေါက်တာ ဆင်းဆေးတိုက်ကို ပြရမှာပေါ့။ ဟိုမှာ နေရမယ် ဆိုရင်လည်း အစ်ကို့ညီ ရှိနေတာပဲ။ ပွဲကတော်ကြီးတို့၊ ကိုဝေဠု တို့လည်း ရှိတာပဲ။ ဗမာဆရာနဲ့ ရွာမှာတင် ကုနေလို့ ဘယ်ပျောက်ပါ့မလဲ။ ဆေးတစ်မျိုးနဲ့ ရေလဲ လုပ်နေလို့ မရဘူး”

မအိမ်ကံ ဘာမှပြန်မပြောခဲ့ပါ။ ဖအေဆိုတော့ စိုးရိမ်လို့ ပြောနေတာလို့ပဲ အောက်မေ့လိုက်သည်။ ကလေးက ရိုးရိုး ဖျားတာမဟုတ်၊ ရောဂါကြီးမလာခင် အပူပျိုးနေတာပါလို့ လည်းပြောဖို့ခက်သည်။ ဒါတွေကလည်း မအိမ်ကံ၏ အထင်သာ ဖြစ်၏။ မအိမ်ကံတို့လည်း ဗမာဆေးနှင့် ကြီးခဲ့ရသည် မဟုတ်လား။ မအိမ်ကံမှ မဟုတ်။ ကျေးလက်တောရွာမှာ ဗမာဆေးကိုပဲ အားကိုးရသည်။ ခေတ်အင်္ဂလိပ် ဆေးဝါးတွေကို သုံးလေ့ သုံးထမရှိကြတော့ ဘယ်သူကမှ အာရုံ မရှိ။ အင်္ဂလိပ် ဆေးဝါးတွေလည်း ကောင်းချင် ကောင်းပါလိမ့်မည်။ သို့သော် ကိုယ့်ဆေးကိုယ့်ဝါးကိုလည်း မပစ်ပယ်သာ။ ကိုပြေသိမ်းက များများ မပြောတော့ဘဲ ရေမိုးချိုး၊ ထမင်းစားသည်။ မျက်နှာ တော့ မကောင်း။ မအိမ်ကံကလည်း လင်ပြန်လာလျှင် သူ စိုးရိမ်နေတာတွေ ပြောပြဖို့ အားခဲထားသော်လည်း လင်ဖြစ် သူက ရောက်ရောက်ချင်း အပြစ်တင်နေတော့ အသာငြိမ် နေရပြန်သည်။


သမီးဖျားတာ သုံးရက်ရှိပြီ။ မအိမ်ကံ စိုးရိမ်သလို အဖုတွေ၊ အပိမ့်တွေ ထွက်လာတာတော့ မရှိ။ တချို့လူမမာ လာမေးကြသူတွေကတော့ ကန်ဆေး၊ ပွင့်ဆေးတွေ တိုက်ဖို့ အကြံပေးကြသည်။ အနာထွက်စရာ ရှိတော့ မြန်မြန်ထွက် သည်။ နို့မို့ကလေး ခံရသည်ဆိုတာလည်းပါတော့ ဘာလုပ် လို့လုပ်ကိုင်ရမှန်း မသိ။ ဆရာဆောင်ကတော့ နေ့စဉ်လာ ကြည့်ပါသည်။ လူနာကို လာကြည့်ပြီး ပေးစရာရှိသည့် ဆေးပေးပါ၏။ မလှအုံက ကလေး ခံတွင်းလိုက်အောင် ငါးရံ့လုံး ငါးပိကောင် ထွက်ရှာသည်။ ထမင်းဆီဆမ်းနှင့် ဟင်းချိုကလေး စီစဉ်သည်။ မအိမ်မြိုင်ခမျာ သုံးရက်လုံးလုံး မှိန်းနေရသည့် အပြင် ထမင်းပါ မစားနိုင်တော့ ပါးပါးလျား လျားကလေး ဖြစ်သွားခဲ့သည်။ ကိုပြေသိမ်းက သမီးကိုကြည့်ရင်း စိတ်မချမ်းသာ။ ကိုပြေသိမ်း ထမင်းစားပြီးတော့ ကလေးကို အိမ်ကြီးပေါ်မှ အောက်သို့ ပခုံးပေါ် မှောက်ပြီး ဆင်းလာခဲ့သည်။ မအိမ်မြိုင်က ဖအေချစ်ဖြစ်၏။ ဖအေ ပြန်လာတော့ ပိုလို့တောင် ချွဲနေလိုက်သေးတော့၏။

“အမေတို့ အစ်မအုံတို့ကလည်း သမီးသည်လောက် ဖျားနေတာကို မြင်းခြံက ဒေါက်တာဆင်းဆေးတိုက်ကို လွှတ်မှပေါ့။ သမီးက သုံးရက်လုံးလုံး အဖျားမကျဘူးဆိုတာ မကောင်းဘူး။ ဆေးတစ်ချောင်း၊ နှစ်ချောင်း ထိုးလိုက်ရင် သည်လောက် ဘယ်ခံရပါ့မလဲ”

ကိုပြေသိမ်းက အမေပန်းရုံနှင့် မလှအုံတို့ကို အပြစ်တင်သည်။ မြင်းခြံကို ဖြစ်ဖြစ်ချင်း မသွားရကောင်းလား ပြောနေခြင်းဖြစ်၏။ အမေပန်းရုံကတော့ ဘာမှမပြောပါ။ သားမက် ပညာတတ် ကျောင်းဆရာက ပြောနေတာဆိုတော့ ငြိမ်နေခဲ့ သည်။ မလှအုံကတော့ ထမင်း ဆီဆမ်းပြင် နေရာက ကိုပြေ သိမ်းကို ဖျန်းခနဲ လှမ်းကြည့်သည်။ ကြည့်ရုံသာရှိ၍ ထွေထွေ ထူးထူးတော့ မပြောပါ။ ကိုပြေသိမ်းက ဗမာဆေးတွေက ရောဂါနှင့် တိုက်ရိုက် မထိဘဲ အာနိသင်ပဲ နည်းသလိုလို ဆက်ပြောနေသည်။ မလှအုံက ကိုပြေသိမ်းရောက်ကတည်းက မအိမ်ကံကို အပြစ်တင်နေတာကို သည်းခံလို့သာ နေနေရပါ၏။ သည်တစ်ခါတော့ ပြန်ပြောဦးမှဆိုသည့်ပုံနှင့် လေပျော့ ကလေးနှင့် ၀င်ပြောလိုက်သည်။

“မောင်ပြေသိမ်းရယ်။ ကောက်ကာ ငင်ကာ ဖြစ်သာကွယ့် ဖြစ်ဖြစ်ချင်းတုန်းကများ သံပြားပူကြီး တစ်ချပ်လို ချစ်ချစ် တောက်လို့။ တို့လည်း ဆရာဆောင်ပင့်ပြီး ကုသာပဲ။ မြင်းခြံ တော့ ခေါင်းထဲ မရောက်ပေါင်ကွယ်။ ကလေးကို လေတိုး ကြီးထဲ ဖျားရက်နဲ့ ခေါ်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း ခရီးနီးမှတ်လို့”

“အဲဒါ ခက်တာပေါ့ဗျာ။ ကလေး လေတိုးမှာတို့၊ ညှော်မိမှာ ကြောက်တာတို့နဲ့ ကလေး အခန်းထဲ လှောင်ပိတ်ထားကြတော့ ပိုဆိုးတော့တာပေါ့”

“မခက်ပါဘူးတော်။ မြင်းခြံတောင် မဟုတ်ပါဘူး။ ရန်ကုန်မြို့သွားလည်း ဖြစ်ပါသယ်။ ရှင်အိမ်ကံသမီးဟာ ငါတို့ သွေးပါကွယ့်။ မောင်ပြေသိမ်းက သမီး ငါက တူမပါ။ တို့တောတော့ တောဘာသာ အလျောက်သည်လို ကြီးခဲ့ရသာ ပါ။ အင်္ဂလိပ်ဆေးက အင်္ဂလိပ်ဝင်လာမှ ပေါ်လာသာပါ။ တို့ဆေးက ဘိုးဘွားမိဘများ လက်ထက်ကတည်းက ရှိခဲ့သာ ပါ။ တို့ မြတ်စွာဘုရားတောင် ဇီဝကကြီးက ကုခဲ့ရသာပါ ကွယ့်။ မင်းနှယ်”

မလှအုံကို မအိမ်ကံပင် အံ့သြမိရပါ၏။ ကိုပြေသိမ်းကို ချက်နှင့် လက်နှင့် ပြန်တွယ်နေတော့ မအိမ်ကံပင် မ၀င်သာ။ ကိုပြေသိမ်းကကော ဘာဖြစ်လို့များသည်လို ဘဲ့တိုက်နေရတာ ပါလိမ့်။ တစ်ခုခုတော့ ဖြစ်လာခဲ့ပုံရသည်။ အမေ ပန်းရုံကတော့ မလှအုံနှင့် ကိုပြေသိမ်း တစ်ယောက်တစ်ခွန်းဖြစ်နေကြ တာကို စိတ်မကောင်းဖြစ်ပုံရသည်။ အပြင်ဘက် ထွက်သွားခဲ့ ပါ၏။

“ပျောက်ရင်ပြီးတာပါပဲဗျာ”

“ပျောက်ပါ့တော်။ ပြဒါးဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ ဆိုသာတွေ အလကား ဖြစ်ရရောလား။ နံ့သာမျိုး ဆယ်ပါး မလွတ်သဲ့ ဆေးဝါးများ အာဂမှတ်လို့”

မလှအုံကလည်း တစ်ခွန်း မခံ၊ ကိုပြေသိမ်းကလည်း ကပ်ဖိုး ကပ်ဖဲ့။ ကြားထဲက မအိမ်ကံ စိတ်ညစ်ရပြီ။ မအိမ်ကံ ကတော့ သုံးရက်မြောက်သည် အထိ အဖျား မကျတာကို စိတ်ပူ သော်လည်း ကျောက်ကြီးရောဂါ လက္ခဏာမပေါ်လာလို့ တစ်စိတ်တော့ အေးရပါ၏။ အရှင်း မပျောက်သေးတော့လည်း ပြောဖို့တော့ ခက်သားပင်။ မလှအုံက သမီးကို ထမင်းခူး ကျွေးဖို့ မီးဖိုထဲ ၀င်သွားတော့၏။ သည်တော့မှ ကိုပြေသိမ်းကို ပြောစရာရှိတာ ပြောရသည်။
“အစ်ကိုကလည်း အိမ်ကလူတွေမှာ ဘာလုပ်လို့ ဘာကိုင် ရမှန်း မသိဘူး။ တစ်အိမ်လုံးကို ပျာလို့။ မအိမ်ကံတို့ တောမှာ နေမကောင်း ထိုင်မသာဖြစ်ရင် ကိုယ့်ဆေးနဲ့ ကိုယ်ပြီးကြရတာ ပါ။ အင်္ဂလိပ်ဆေး သွားထိုးချေဦးမယ်ဆိုတာ ခေါင်းထဲ မရှိကြပါဘူး။ မအိမ်ကံ ပူသလို သူတို့ခမျာလည်း ပူကြရှာသာပါ ပဲ။ နေ့မအိပ်၊ ညမအိပ် ပြုစုကြရှာပါသယ်။ အစ်ကိုက အဲသလို ပြောနေတော့ သူတို့ ဘယ်စိတ်ကောင်းပါ့မလဲ”

“အေးပါလေ။ အစ်ကိုက ဗမာဆေးတွေ ညံ့သယ် မပြောပါဘူး။ မြန်မြန်ပျောက်စေချင်လို့ပါ။ အစ်ကိုတို့လည်း ဗမာ ဆေးနဲ့ ကြီးခဲ့ရတာပါပဲလေ။ အိမ်ကလေးတို့က ရိုးလွန်းကြလို့ ပြောတာ။ ခေတ်ကာလဆေးဝါးတွေက ခေတ်မီနေပြီ။ ဒါကို ပြောတာပါ။ မသက်သာလည်း အစ်ကိုတို့ မြင်းခြံပြေးကြ တာပေါ့”

သည့်ထက် ပြောနေရင်လည်း ရန်ဖြစ်ရုံဆိုတော့ မအိမ်ကံ စကား မဆက်တော့။ ကိုပြေသိမ်းက မအိမ်ကံ လက်ထဲ ကလေး ထည့်ပေးထားခဲ့ပြီး အင်္ဂလိပ် စာအုပ် တစ်အုပ်ကိုင်ကာ သရက် ပင်ရိပ်က ကွပ်ပျစ်ဆီ ထွက်သွားခဲ့ပြီ။ မလှအုံက ထမင်းဆီ ဆမ်းနှင့် ငါးရံ့လုံးငါးပိကောင်နှပ်၊ ပဲရွက်ဟင်းချိုပူပူကလေး ကို လင်ပန်း တစ်ချပ်နှင့် ခူးလာခဲ့ပြီး မအိမ်မြိုင်ကို ထမင်းခွံ့ ဖို့ပြင်သည်။ ဆန်ပြုတ်တွေချည်း သောက်နေရသည့် မြိုင်ကလေး ထမင်းခွံ့တော့ စားရှာပါသည်။ သမီးကိုကျွေး နေသည့် ငါးရံ့လုံး ငါးပိကောင်နံ့က မွှေးနေတော့ မအိမ်ကံပင် ၀မ်းဟာလာခဲ့သည်။ မလှအုံကိုလည်း ချော့ချင်သည်။

“မလှအုံ မအိမ်ကံဖို့ပါ ထမင်းဆီဆမ်း လုပ်ပေးဦး။ မလှအုံ သမီးကိုကျွေးတာ ကြည့်ပြီး မအိမ်ကံပါ ဆာလာပြီ”

“ညည်းယောက်ျား မောင်အင်္ဂလိပ်ကို မေးပါဦးအေ။ တော်ကြာ တောစာ ကျွေးသယ် ဖြစ်နေပါဦးမယ်။ ခုနင်က ငါ နားကြားပြင်းကပ်လို့ ပြောသာပါအေ။ မအိမ်ကံရေ ညည်းတို့ ငါတို့က ခေတ်ပညာ ခေတ်စာမတတ်ကြပေသိလို့ ငါတို့ ဘ၀နဲ့ ငါတို့ ဘယ်လို နေထိုင်စားသောက်ရမယ်၊ ဘယ်လိုဆိုရင် အကျိုး ယုတ်တယ်၊ ဘယ်လိုဆိုရင် အကျိုးရှိ သယ် သိကြပါသယ်အေ။ ညည်းတို့၊ ငါတို့က ဆွေကြီးမျိုးကြီး ဂိုဏ်းကြီးကျိုင်းကြီးက ဆင်းသက်လာသာပါအေ့။ တစ်သက်လုံး မိကျောင်းမှန်လို့ ရေဆန်ခဲ့ကြသာပါ။ ညည်းယောက်ျား က တစ်ခါတလေ တို့ကို မိကျောင်းမထင် သစ်တုံးထင်မှာ စိုးလို့ ငါပြောရသာ စိတ်ဆိုးလည်း မတတ်နိုင်ဘူးအေ”

မလှအုံကသည်လို ပြောခဲသည်။ ကိုပြေသိမ်းကိုလည်း ချစ်ရှာသည်။ အားလည်း ကိုးရှာပါ၏။ ဂုဏ်လည်း ယူရှာပါ ၏။ ကိုပြေသိမ်းကလည်း အဖေတို့၊ အမေတို့ သာမက အားလုံးကို ချစ်ခင်မှန်း မအိမ်ကံ သိပါ၏။ အခုလည်း သမီးဇောနှင့် ပြောတာဆိုတော့ အပြစ်တင်ချင်လို့လည်း မဖြစ်။ မလှအုံ ပြောနေတာကလည်း သဘာဝ ကျသည်။ တောသူ တောင်သား ဆိုပေသိ ကိုယ့်ရိုးရာနှင့်ကိုယ် ကျက်သရေရှိရှိ ဂုဏ်ရှိရှိ နေနိုင်ကြ၊ နေခဲ့ကြသူတွေပင်။ မလှအုံတို့ မိသားစုကလည်း စားစရာမဲ့ နေစရာမဲ့ မဟုတ်။ မအိမ်ကံ မမွေးခင်ကတည်းက သည်အိမ်ကြီးကို မိသားစုလိုက် ရောက်လာခဲ့ကြသူတွေ။ မလှအုံတို့ မိသားစုရှိလို့လည်း သည်အိမ်ကြီးမှာ အစစအရာရာ မျက်နှာလွှဲရသည်။ အိမ့်ဗာဟီရတွေမှာ မလှအုံတို့သားအဖ တစ်တွေလက် မရောက်သည့် နေရာမရှိ။ မအိမ်ကံ အဖို့တော့ မလှအုံသည်ပင် ဒုတိယ မအေဖြစ်ခဲ့သည်။ နောက်ဆုံး မလှအုံ ချွေးမ ကျေးဥအထိ မအိမ်ကံ ခင်တွယ် အားကိုးခဲ့ရသည်။

သားအမိနှစ်ယောက် ထမင်းတွေ မြိန်မြိန်ကြီး စားနေ တာကို မလှအုံကပြုံးပြီး ကြည့်နေခဲ့သည်။ မအိမ်ကံက သမီးကို ကိုယ်ပူ မပူ စမ်းကြည့်သည်။ နည်းနည်းတော့ အဖျားကျသွားသည်။ ချွေးကလေးစို့လို့။ မျက်လုံးကလေးတွေက ၀ိုင်းကြည် လို့။ သမီးကိုကြည့်ရင်း မအိမ်ကံ စိတ်ထဲက စကားတွေ ပြောဖြစ်ပါ၏။

“မြိုင်ကလေးရယ် ငါ့သမီး ကျောက်ကြီးရောဂါ မဖြစ် တော့ဘူးဆိုရင် အမေ ၀မ်းသာပါပြီအေ။ ငါ့သမီး အရုပ်ဆိုး အကျည်းတန်မှာ အမေ ကြောက်လှချည့်။ ကိုယ်ပူကျသွားရင် အမေ စိတ်ချမ်းသာပါပြီ။ ဘုရား သိကြားမလို့ သမီးကလေး ဘေးဘယာ ဝေးကွာပါရစီ”

အမေ ပန်းရုံ ရောက်လာပြီး မြေးမ နဖူးကလေးကို စမ်းသည်။

“ငါ့မြေး အဖျားလျော့သလားလို့ လှအုံ။ ဟုတ်ကဲ့လား”
“အဖျားကျသွားပါပြီတော်။ နာလန်တောင် ထပေါ့။ မနက်ဖျင် ထမပြေးတော့ပြော။ ဆရာဆောင့် ဆေးစွမ်းပါသယ် ဆိုနေမှ အင်္ဂလိပ်ဆေး မလိုပေါင်တော်”

“လှအုံရယ် ညည်းကလည်း စိတ်လျှော့ပါအေ။ ဟိုခမျာ ဖအေဆိုတော့ ပူပန်လို့ ပြောရှာသာပါ”

“ကျုပ်တို့က သာပြီး ပူတော့မပေါ့တော်။ ဖအေက စိတ်မထင်လို့ ဖုတ်ဖက်ခါ ထသွားရင် ဖြစ်သေးတယ်။ ကျုပ်တို့ က သည်ကလေးတွေနဲ့ တစ်သက်လုံး နေရမှာ အရီးရဲ့။ အခုပဲ ရှင်အိမ်ကံကို ပြောနေရသာ။ ညည်းယောက်ျားက ဖျင်မြင်တိုင်း ပင်နီမှတ်နေသာလို့”

အမေပန်းရုံကတော့ ပြုံးသည်။ မလှအုံက လူကိုယ် ရိုးပုံရိုးလက်နှင့် နှုတ်ရေးကြွယ်သည်။ မြိုင်ကလေး ထမင်းတွေ စားသည်ဆိုတော့လည်း မလှအုံ အစီအမံ တတ်ရှာလို့ ဆိုတာသိပါ၏။ မအိမ်ကံကတော့ အမေပန်းရုံ စိတ်ချမ်းသာ တာတွေ့တော့ ၀မ်းသာရပါ၏။ သမီးကလေး နေကောင်းစပြု လာတော့ သူပါ ရင်ကလေး ငြိမ်းရသည်။ မလှအုံက ထမင်း ဆီဆမ်းနှင့် ပဲရွက်ဟင်းချို ထပ်ယူလာပြီး အမေ ပန်းရုံကိုပါ စားစေပါ၏။ အမေပန်းရုံလည်း အခုမှ ထမင်းစားဖြောင့် ရှာတော့သည်။ စားရင်းက အမေပန်းရုံ တစ်စုံတစ်ရာ သတိရ သွားပုံပေါ်သည်။

“သမီး မအိမ်ကံ မောင်ပြေသိမ်းစားဖို့ တစ်ခုခုလုပ်ပေးဦးလေ။ ခမျာ စာဖတ်ရင်း စားရအောင်လို့ ရေနွေးကြမ်းကလေး နဲ့ လက်ဖက်ကလေး သုပ်လိုက်ပါလား”

“ဟုတ်ကဲ့ အမေ”

မလှအုံက ထမင်းစားနေသည့် မအိမ်ကံကို ဆက်စား စေသည်။ သူပဲ လက်ဖက်သုပ် သွားပေးမည်ဆို၏။

“နေ နေ မအိမ်ကံ အစ်မ သွားလိုက်မယ်။ ငါ့မောင် ချော့ရချေသေးအေ။ လက်ဖက်ကို အင်္ဂလိပ်လို သုပ်လိုက်ရ ဦး...”

မအိမ်ကံမှာ ထမင်းသီးအောင် ရယ်မိသည်။ ဘာပဲ ပြောပြော မအိမ်ကံတို့ မိသားစုနှင့် လာနေရှာမှတော့ လင်သားကို စိတ်မဆင်းရဲစေချင်။ နေရသည့် အိမ်က အပြစ် တင်ကြသည် မထင်စေချင်။ ကာယကံရှင် မလှအုံက သွားချော့မည် ဆိုတော့ လူကြီးတွေများ အမြော်အမြင်ရှိလေ ခြင်းလို့ တွေးမိရပါ၏။ တစ်ခုတော့ မအိမ်ကံ ရင်ထဲမှာ ရှိနေသည်။ မလှအုံ ပြောလိုက်သည့် စကားထဲက “ဖအေက စိတ်မထင်လို့ ဖုတ်ဖက်ခါ ထသွားရင် ဖြစ်သေးသယ်။ ကျုပ်တို့က သည်ကလေးတွေနဲ့ တစ်သက်လုံးနေရမှာ အရီးရဲ့” ဆိုသည့် စကားဖြစ်သည်။ သည်လင်၊ သည်မယား၊ သည် အဖေ၊ သည်သမီး ဖုတ်ဖက်ခါ သွားစရာ မရှိ။ မလှအုံက ကိုပြေသိမ်းကို စိတ်ချသေးပုံ မပေါ်။ ဒါကြောင့်လည်း သည်စကားပြောလိုက်လေသလား။ ရိုးရိုးတန်းတန်း ပြောတာလည်း ဖြစ်နိုင်တာပါပဲလေ။

မအိမ်ကံ ထမင်းစားပြီးတော့ သမီးကို ဆေးလူးပေး သည်။ ဆရာဆောင့် ဆေးတိုက်သည်။ ပြီးတော့ သမီးဘေးမှာပဲ လှဲနေလိုက်သည်။ သမီးက စကားတွေ ပြောနေတာကို နားထောင်နေခြင်း ဖြစ်၏။ ခိုင်ကလေးကတော့ ဖအေရောက် ကတည်းက မအေ့နားမကပ်တော့။ မလှအုံ ရောက်လာပြန် သည်။

“မောင်ပြေသိမ်းက တောင်းပန် ရှာသယ်။ ကျွန်တော်လည်း ခရီးရောက် ရောက်ချင်းဆိုတော့ ပူပန်သွားမိလို့ပါသဲ့။ သမီးတွေကို အစ်မ အုံ လက်အပ်ပါသယ်သဲ့တော်။ ပြောရှာပါတယ်အေ”

ကိုပြေသိမ်းက တောင်းပန်လိုက်သည် ဆိုတော့လည်း မအိမ်ကံ စိတ်ကြည်နူးမိရပါ၏။ အိမ်ဆိုမှတော့ ၀င်ပေါက် လည်းလွယ်၊ ထွက်ပေါက်လည်း လွယ်ရမှာပေါ့လေ။

ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်။
ပူပြင်းလှသော နွေခေါင်ခေါင်ရက် တစ်ရက်တွင် ထနောင်းတိုင် ရွာကြီးတွင် ခင်မင်ခဲ့ရသော ကိုကံကြီးမောင် ဆိုသူ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာခဲ့သည်။ ဘယ်က ဘယ်လို ဇောင်ချမ်းကုန်းကို ကူးလာသည် မသိရ။ ထနောင်းတိုင် ရွာတွင် တွေ့ခဲ့ရသလို အင်္ကျီကြွေတိုက်နှင့် ကြော့ကြော့ကလေး မဟုတ်တော့။ လည်ခေါင်းတုံး အင်္ကျီက ကြေးလက်လေးသစ် ထလျက်ရှိကာ ပုဆိုးကတော့ မြောက်ပြင်ထည် ခပ်လတ်လတ် နှင့်ဖြစ်ပါ၏။ ပိုလိုဘူး တစ်ဘူးနှင့် ဒန်မီးခတ်ကိုတော့ လက်တွင်း ဆုပ်ထား မပျက်။ ကိုကံကြီးမောင် ရောက်လာချိန်တွင် ကိုပြေသိမ်းက ကျောင်းကို ရောက်နေခိုက် ဖြစ်၏။ မအိမ်ကံနှင့် မျက်မှန်း တန်းဖူးသည် ဖြစ်၍ အိမ်မှာပဲ ဧည့်ခံထားလိုက်သည်။ မအိမ်ကံက ကိုကံကြီးမောင်ကို ဧည့်ခံရင်းက ကိုပြေသိမ်း ဖတ်သည့် စာအုပ်တွေ အကြောင်း စိတ်ရောက် သွားခဲ့သည်။ အတော်ပဲ။ သည်အချိန်မှာ မသိမသာ မေးလျှင် အစွန်းအစတော့ ရနိုင်သည်။

လေးစားစွာဖြင့်
ရီနိုမာန်

4 comments:

ချမ်းလင်းနေ said...

ဟုတ်တယ်အကိုရာ တချိန်က ကျွန်တော်တို့နိုင်ငံမှာ ကျောက်ရောဂါဆိုးခေတ်စားတုန်းက လူတွေဒီရောဂါကြောင့် သေကြတယ်လိုတော့ ကြားဖူးဖတ်ဖူးတယ်။အရင်အပိုင်းတွေကိုလဲ လိုက်ဖတ်လိုက်ဦးမယ်။

Angel Shaper said...

အကိုရေ...... အဲဒါ ကျောက်ရောဂါ ဆိုတာလားးးးးဗျ။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

မအိမ်ကံလာဖတ်တယ် အကိုတော်

စိမ်း... said...

အင်း လာဖတ်ပြီ ဘယ်နှပိုင်းတောင်ကျန်သေးတာလဲဟင်...