October 23, 2009

မအိမ်ကံ ( For Oct အပိုင်း - ၄ )

အဖေသူကြီး ရှိစဉ်အခါကတည်းက ရွာကျောင်းမှာ ဆွမ်းစားကျောင်း လှူခဲ့သည်။ စာသင်ကျောင်း ဆောက်သည်။ ရွာဦးဇရပ် ဆောက်လှူသည်။ ရေတွင်း နှစ်တွင်း၊ ရွာလယ် တံတားတွေ အသစ် တည်ပေးခဲ့သည်။ ကျောင်းသုံး ပရိဘောဂတွေဆိုတော့လည်း မအိမ်ကံပင်။ ဆရာတော်ကြီး ဈာပနမှာလည်း မအိမ်ကံတို့ပင် နင့်နင့်နဲနဲ မတည်ခဲ့ရသည်။

အခုလည်း အမေပန်းရုံက စာသင်ကျောင်းကလေး ပြန်ဆောက်ချင်သည် ဆိုတော့ မအိမ်ကံ မဖြစ်ဖြစ်အောင် ဆောက်လှူရတော့မည်။ အမေ ပန်းရုံခမျာ အသက်ရရှာပြီ။ သူလှူချင် သည်ဆိုတာကို မအိမ်ကံ ဖြစ်အောင်လုပ်ပေးဖို့သာ ရှိပါ၏။ မီးလောင်သည့်ညကပင် သည်ကျောင်းကို ငါပြန်ဆောက်လှူ မယ် ပြောခဲ့တာ မအိမ်ကံအသိ။ မအိမ်ကံကလည်း လှူချင် သည်။ မအိမ်ကံကျောင်းကို မအိမ်ကံ ပြန်လည် တည်ထောင် ရမည်။ သည်လို ကိစ္စတွေမှာ ကိုပြေသိမ်းကို အိမ်သားအဖြစ် အသိပေးခြင်းသာ ရှိ၍ မအိမ်ကံကပဲ ဆုံးဖြတ်လေ့ ရှိ၏။ ကိုပြေသိမ်းကလည်း မအိမ်ကံ လုပ်ချင်တာ မှန်သမျှ ကန့်ကွက် တာမျိုး၊ တားတာမျိုး မရှိခဲ့။ “အိမ်ကလေး သဘောပါ”လို့ ဆိုသည်ချည်းပင်။ အစစအရာရာ ရှားပါးနေချိန်တွင် မအိမ်ကံ တစ်ချီတစ်မောင်း ရုန်းထဖို့ တော်တော် ကြိုးစားရမှာကိုလည်း သိပါ၏။ သို့သော် မအိမ်ကံ ဆုံးဖြတ်ပြီးပြီ။

ကိုပြေသိမ်း မရှိသည့် တစ်ရက်တွင် အစ်ကိုလေး ကိုစံကောင်းကို မအိမ်ကံ အခေါ်ခိုင်းလိုက်သည်။ ကိုစံကောင်းက အမေပန်းရုံ၏ အစ်ကို ၀မ်းကွဲက မွေးသည့်သား ဖြစ်သည်။ ရွာမှာပဲ နေထိုင်သူ ဖြစ်၍ မအိမ်ကံတို့ အိမ်အလုပ်တွေ မနိုင်တိုင်း ကိုဖိုးငွေတို့နှင့် လာဝိုင်းတတ်သူဖြစ်၏။ မဟုတ်မခံ စိတ်ရှိသည့် အပြင် မအိမ်ကံကိုလည်း ချစ်ရှာသည်။

ကိုစံကောင်း ရောက်လာတော့ မအိမ်ကံက သရက်ပင်အောက် ခေါ်လာခဲ့သည်။
“ကိုင်း...ငါ့နှမ ပြောစမ်း။ ဘာများပါလိမ့်”

“ကိုဖိုးညောင်းနဲ့ ကိုစံမြကို ခေါ်ပေးစေချင်လို့။ မအိမ်ကံ နည်းနည်းပါးပါး မေးစရာရှိလို့ပါ အစ်ကိုလေး”

“ဖိုးညောင်းနဲ့ စံမြ ဘာလုပ်ဖို့လဲ။ သည်ကောင်တွေကို ပြောစရာရှိရင် ငါ့မှာလိုက်လေ။ ပိုက်ဆံ ရစရာရှိလို့လား”

“မဟုတ်ပါဘူး အစ်ကိုလေးရယ်။ မအိမ်ကံ သိချင်သာ ရှိလို့ပါ”

“အေးလေ ခေါ်ဆို ခေါ်ပေးပါ့မယ်။ သည်ကောင်တွေ ဘယ်များ ရှိမှာပါလိမ့်။ တောထဲတော့ မဆင်းလောက်ဘူး။ တွေ့သာနဲ့ ငါခေါ်ခဲ့မယ်ဟာ။ ကိုင်း...”

“ကနေ့ပဲ ရှာခေါ်ခဲ့နော်။ ကိုပြေသိမ်း မသိစေချင်လို့”

“အေးပါ”


နေ့ခင်းနာရီပြန် နှစ်ချက်လောက်မှာ ကိုစံကောင်းနှင့် အတူ ကိုဖိုးညောင်းတို့ ပါလာခဲ့သည်။ မအိမ်ကံက သရက်ပင် အောက်ကိုပဲ ခေါ်လာခဲ့ပါ၏။ မအိမ်ကံ ဘာတွေများ မေးချင်လို့ပါလိမ့် ဆိုတာကို ထူးဆန်း နေကြပုံတော့ ပေါ်သည်။ မအိမ်ကံက စကားခံ မနေတော့ဘဲ လိုရင်းကိုသာ မေးတော့သည်။

“ကိုရင် ဖိုးညောင်း၊ မအိမ်ကံ မေးမယ်။ ဖြည်းဖြည်းဖြေ။ စဉ်းစားပြီး ဖြေနော်။ မီးလောင်တဲ့ ညက ကိုရင်ဖိုးညောင်း မြင်သာ ပြန်ပြောစေချင်သာပါ။ တစ်ချက်ချင်း စဉ်းစားဖြေနော်။ ကဲ...ပြော”

“ငါပြောပြီးသားပဲ ငါ့နှမရာ။ ဟိုညက နင်လည်း ကြား ပြီးသားပဲ။ အဲသာပဲရှိသာ။ နောက်ထပ် ငါဘာမှ မသိဘူး။ ဘုရားစူးရပါစေ့ဟာ”

မအိမ်ကံ ချက်ချင်း သိလိုက်ပြီ။ ကိုဖိုးညောင်းတို့ကို မအိမ်ကံ ခေါ်မေးတာကိုပဲ သူတို့ကို မသင်္ကာလို့ ခေါ်မေးတယ် ထင်ကြပြီ။ မျက်စိမျက်နှာတွေများ ပျက်လို့။ လူအများ ရှေ့မှာ သိသလောက် ပြောပြီးသားကိစ္စ။ မအိမ်ကံက တစ်ချက်ချင်း ပြန်ပြောပါဆိုတာကို လန့်နေကြပုံလည်း ပေါ်ပါ၏။ မအိမ်ကံက သူ့သဘောထားကို ပြောပြရတော့သည်။

“သည်လိုပါ ကိုရင်ရဲ့။ အခုကိစ္စက ရွာလည်း သိက္ခာ ကျသယ်။ မအိမ်ကံလည်း အစော်ကား ခံရလေခြင်းလို့ ခံစား ရသယ်။ အခု ကိုရင်တို့ကို ခေါ်သာလည်း မယုံတာ၊ မသင်္ကာ တာ မရှိရပါဘူး။ စကားဆိုသာ ကျန်တတ်သယ် မဟုတ်လား။ မအိမ်ကံ သိချင်သာပဲ မေးပါတော့မယ်လေ။ အဲသည် နေ့က မြင်းနောက်က စီးလာသူဟာ အရပ်ပုသယ်။ ဟုတ်သယ်နော်”

“အေးဟ။ ရှေ့က စီးသဲ့ကောင်ကို နောက်ကကောင်က ဖက်ထားသာ တွေ့သယ်။ နောက်ကကောင်က တော်တော့်ကို အရပ်ပုသယ်။ ငါမြင်ရသာက အလင်းရောင် ရှိသေးသာကိုး။ ဘုန်းကြီးပျံပွဲက ဒုံးလွှတ်ပြီး မကြာဘူးလေ။ ပွဲက ဧည့်ခံ ဆိုင်းတီးနေပြီဟာ”

“ဟုတ်ပြီ။ နောက်ကလူက မျက်နှာသုတ် ပ၀ါတစ်ထည် ကုပ်ကို ခွထားသယ်။ မြင်းစီးရင် လေလွင့်မှာစိုးတော့ အစ နှစ်ဖက်ကို အင်္ကျီထဲ တစ်ဖက်စီထိုးထည့်ထားသယ်။ ဟုတ်ကဲ့လား”

ကိုဖိုးညောင်း တွေသွားသည်။ လည်ကြီးစောင်းကာ ထိုညနေက အဖြစ်ကို ပြန်စဉ်းစားနေသည်။ ကိုစံကောင်းကတော့ မအိမ်ကံ ဘာတွေ မေးနေမှန်းမသိ။ မျက်နှာသုတ်ပ၀ါ ကုပ်ခွထားတာကို ဘယ်လိုများ သိတာပါလိမ့်။ ဥာဏ်မမီ တော့လည်း အသာငြိမ်နေလိုက်ရ၏။ ကိုဖိုးညောင်းဆီက အသံ မထွက်သေး။ ပြီးမှ မအိမ်ကံကို မျက်လုံးပြူးကြည့် သည်။ စုန်းမနှင့်တွေ့နေရပုံမျိုး။

“ဟုတ်သယ်၊ ငါ့နှမရေ။ ပ၀ါတစ်ထည် ကုပ်မှာပါသယ်။ ဟုတ်သယ်၊ ဟုတ်သယ်၊ သေချာသယ်”

“ဟုတ်ပြီ။ ကိုင်း...ကိုစံမြကို တစ်ချက်ပဲ မေးမယ်။ မြောက်တံခါးက ထွက်သွားတော့ မြင်းနှစ်စီး လူနှစ်ယောက်တည်း ဆိုသာ သေချာရဲ့လား”

ကိုစံမြက တစ်အောင့်ပဲ စဉ်းစားကာ သေချာကြောင်း ပြောခဲ့ပါ၏။ မအိမ်ကံ ကျေနပ်သွားသည်။ ကိုစံကောင်းတို့ သုံးဦးကို ပုဆိုး တစ်ကွင်းစီ ပေးလိုက်သည်။ မအိမ်ကံ တွက်သည့် ကိန်းတော့ တည့်တည့်ကြီး တိုးနေပါပကော။ ကိုစံကောင်းတို့ကို သည်ကိစ္စ ဘယ်သူ့မှ မပြောစေချင်ကြောင်း အထပ်ထပ်မှာတော့ မပြောဖို့ ကတိပေးကြကာ ပြန်သွားကြသည်။ တစ်ချက်ပဲ မေးစရာကျန်တော့သည်။ မအိမ်ကံ ရက်ကန်းရုံဘက်ကို လာခဲ့ကာ အရီးကြာညွန့်နှင့် စကားတွေ ပြောနေခဲ့သည်။ အရီးကြာညွန့်က ခေါင်းတညိတ်ညိတ်။ ထိုညက မနက်မိုးလင်းမှာကို မအိမ်ကံ စောင့်နေခဲ့သည်။ အရီး ကြာညွန့်လာမည့် အချိန်ကို စောင့်နေခဲ့သည်။ မနက်ဆွမ်းခံ ပြန် မောင်းတီးတော့မှ အရီးကြာညွန့် ရောက်လာခဲ့ပါ၏။ အရီးကြာညွန့် ၀င်းတံခါးဝ ရောက်သည်နှင့် မအိမ်ကံ ပြေးတွေ့သည်။ သိချင်လှပြီ မဟုတ်လား။

“မနေ့ညက အရီး သွားခဲ့သယ်။ မရောက်သာ ကြာပါပြီ အေရယ်။ မစံရွှေကြီး အတော်မမာ နေရှာသာကော။ စိတ်ထောင်း ကိုယ်ကြေဖြစ်ထင်ပါရဲ့။ စီးပွားကလည်း ကျ၊ လူကလည်း အိုပြီပဲ။ အရီးရောက်သွားတော့ နှိပ်ခိုင်းလို့ နှိပ်ပေးခဲ့ရသေးသယ်။ “န”နေရှာပါပြီအေ”

“ဘာဖြစ်သာတဲ့လဲ”

“အသက်ရှူ မ၀သာတဲ့။ ပါးစပ်က ဟစိဟစိနဲ့ အသက် ရှူနေရရှာသယ်။ ဗမာဆရာနဲ့တော့ ကုနေသယ်ပြောသာပဲ။ ရွာထဲလည်း ပြောသံမကြားပါဘူးအေ။ ခက်သာက သူတို့ကလည်း ဘယ်သူမှ လူမထင်ကြဘူးအေ့”

“မအိမ်ကံ သိချင်သာကော”

မအိမ်ကံက သိချင်တာကို အလျင်စလို မေးလိုက်သည်။ ကြီးတော်စံရွှေတို့ အိမ် ဒါမှမဟုတ် သာအောင်နှင့် ရွှေမှုံတို့ ခွဲနေသည်ဆိုသော အိမ်၊ တစ်အိမ်အိမ်မှာ မအိမ်ကံ မျှော်လင့် ထားသော လူတစ်ယောက် ရှိရမည်ဟု တွက်ထားခဲ့သည်။ အရပ်ပုပုဆိုသူ လူက ဘုန်းကြီးပျံပြီးတာနှင့် ပြန်ချင်လည်း ပြန်သွားနိုင်သည်။ ရှိချင်လည်း ရှိနိုင်သည်။ မအိမ်ကံက မြားတစ်ချောင်း ပစ်ကြည့်လိုက်ခြင်း ဖြစ်၏။ အရီးကြာညွန့်က မဖြေသေးဘဲ အနားက ထင်းပုံပေါ် တက်ထိုင်သည်။ စကား များများ ပြောစရာ ရှိသည့်ပုံ။ မအိမ်ကံကလည်း လိုက်ထိုင် လိုက်သည်။ မလှအုံကပင် “တူအရီးနှစ်ယောက် နေစရာ ထိုင်စရာ ရှားလို့တော်”လို့ လှမ်းအော်နေပါ၏။

“အရီး ရောက်သွားတော့ အကောင်ပု မရှိတော့ဘူး။ သည်လိုအေ။ အရီးပြန်မယ် လုပ်တော့ မစံရွှေက သူ့ချွေးမ အကြီးမကို ဆန်သုံးပြည် ထည့်ပေးလိုက်စမ်းလို့ ခိုင်းတော့ ကွမ်းတောင်ကိုင်မ မိကြည်သန်းက ဆန်လိုက်ခြင်ပေးသယ်။ ဒါနဲ့ အရီးက ညည်းတို့အိမ် ဟိုရက်က အရပ်ပုပုနဲ့လူ တစ်ယောက် တွေ့ပါသယ်။ သူရင်းငှားလားဆိုတော့ မဟုတ်ဘူးတဲ့။ အမေ့တူတဲ့၊ တူဆိုပေသိ ခပ်ဝေးဝေးထဲကပါတဲ့။ သမုန်းကိုင်းက ခဏလာနေသာတဲ့။ ကိုယ်မကောင်းဘူးလို့လည်း ပြောသယ်။ မအိမ်ကံပြောသဲ့ အရပ်ပုပုလူဆိုသာ အဲသည်ကောင် ဖြစ်မှာပဲ”

ဟုတ်ပြီ။ အကုန်လုံး ထင်ထားသည့် အတိုင်း ဖြစ်နေခဲ့ပြီ။ မြဲရာ သံပတ် ကျပ်ရာသပ်ပင်း သည့်ထက် ခိုင်စရာ မရှိ။ မအိမ်ကံ ကျောင်းကို မီးရှို့ခိုင်းတာ သင်းပဲဖြစ်ရမည်။ ကိုယ်ရေရောဂါသည်၊ သမုန်းကိုင်းသား၊ လည်ပင်းမှာ တဘက် တစ်ထည် ခွတင်ထားတတ်တဲ့လူ။ အရပ်ပုပု။ သမုန်းကိုင်းကို မအိမ်ကံ ငယ်ငယ်က ရောက်ဖူးသည်။ ဇောင်ချမ်းကုန်းနှင့် ဝေးလှသည်။ ကြီးတော် စံရွှေနှင့် သွေးဝေးသော တူတော်သူ၊ ဇောင်ချမ်းကုန်းကို အရောက်အပေါက် နည်းသူလည်း ဖြစ်ပြန်ဆိုတော့ လက်ထောက်ချခိုင်းလိုက်တာ ဖြစ်မည်။ ထားပါဦးတော့။ ဘာဖြစ်လို့များ စာသင်ကျောင်း ကလေးကို မီးရှို့ရတာလဲ။ အရီးကြာညွန့်က ဆက်ပြောနေပြန်ပါ၏။

“မအိမ်ကံ၊ ညည်းက ငါ့ကျေးဇူးရှင်ပါအေ။ ငါမှန်သဲ့ စကားတစ်ခွန်းတော့ ပြောစမ်းပါရစီ။ မစံရွှေဆိုသာကလည်း ငါ့ကို ကျွေးမွေးနေသာပါပဲ။ သူတကာ့အပေါ် မကောင်းပေမယ့် ငါ့အပေါ်တော့ ကောင်းရှာပါရဲ့။ ပြီးခဲ့သဲ့ နှစ်နှစ်လောက်က အရီးကို စကားတစ်ခွန်း ပြောဖူးသယ်။ ငါ့ဝမ်းထဲ ငါထားခဲ့သဲ့ စကားပါအေ။ တစ်ဖက်နား မရောက်ကောင်းသဲ့ စကားပါ”

“ပြောပါ အရီးရဲ့။ မအိမ်ကံ သည်းခံနိုင်ပါသယ်”

“အော်...မအိမ်ကံနဲ့ သူနဲ့ ဖြစ်ခဲ့သဲ့ ကိစ္စဟောင်းကို ပြောသာပါ။ ငါ့ဘ၀မှာအေ ဆင်းရဲတုန်းကလည်း ဆင်းရဲ ခဲ့ပါရဲ့။ ချမ်းသာတော့လည်း သူတကာ့ ခေါင်းပေါ် မော်ခဲ့ရပါရဲ့။ ဒါပေမယ့် ကန်တော့ပွဲရွက်ပြီး ဘယ်သူ့ကိုမှ မတောင်းပန်ခဲ့ ရဖူးဘူးတဲ့။ သာအောင် တစ်ချက် မှားသာနဲ့ ငါ့မလဲ ဗန္ဓရ သရက် ပိုးချက်မကင်း ဖြစ်ရသယ်။ ငါ့တစ်သက် မကျေဘူးတဲ့”

“တစ်သက်မကျေတော့ နှစ်သက်ပေါ့ အရီးရယ်။ မအိမ်ကံ မမှားဘူး။ သူတို့မှားသာ။ မအိမ်ကံကတော့ ကျေခဲ့ပါပြီ။ အခုတစ်ခါ အိုးကွဲ ရေမလုံ ဖြစ်ရပြန်ပြီကော”

အရီးကြာညွန့်က မအိမ်ကံ ဘယ်လိုကြောင့်သည် အကြောင်း စုံစမ်းခိုင်းမှန်းလည်း မသိ။ ရွာကျောင်း မီးရှို့ခံရတာနှင့် ဆက်စပ်သည်လို့လည်း မထင်။ မအိမ်ကံကလည်း အကြောင်းရင်းကို မပြော။ အရီးညွန့် ရက်ကန်းရုံဘက် ထွက်သွားတော့လည်း မအိမ်ကံ ထင်းပုံပေါ်မှာပဲ ဆက်ထိုင်နေမိပါ ၏။ သမီးနှစ်ယောက် ပြေးလာကြပြီး ထင်းပုံပေါ်တက်ကြတော့မှ အတွေးလည်း ပျက်ရတော့သည်။ သေချာခဲ့ပြီ။ မအိမ်ကံ ကျောင်းကို ကြီးတော်စံရွှေတို့ လုပ်ကြံခဲ့ကြပြီ။ သာအောင် ပါလေသလား၊ မပါလေသလား မသေချာပေသိ သူလည်း သုံးခွက် တစ်ခွက်တင်။ မအေလုပ်သည့် အမှုတွင် ရွာ့မျက်နှာ မထောက်ဘဲ ရေငုံနေခဲ့ခြင်းကိုက အပြစ်ရှိခဲ့ပြီ။ ရွာ့အစည်း အဝေးညက နှုတ်ဆိတ်နေခဲ့သည်။ ရွှေမှုံကကော ဘာထူးသလဲ။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို လင့်စက်ရိပ် ခိုပြီး မတရားမှုမှာ မြင်းညိုကျိုင်း မလန့် ရှိခဲ့သူပင်။

ရွာရပ်အပေါ် ငွေတိုးကြေးတိုးချေး စားရင်း မတရားမှု ဖြင့် ချမ်းသာကြွယ်ဝလာသော ကြီးတော်စံရွှေ။ သားလုပ်သူ သာအောင်ကကော ဘာထူးလဲ။ တောသူတောင်သားများ၏ ကျေးဇူးရှင် နွားတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားပြီး နွားအလဲ အထပ်လုပ်ရင်း စီးပွားရှာသူ။ သင်းတို့တစ်တွေမှာ ဘယ်စိတ်ကောင်း နှလုံးကောင်း ရှိနိုင်ကြမှာလဲ။


လေးစားစွာဖြင့်
ရီနိုမာန်

4 comments:

ညီညီ said...

နောက်တစ်ပိုင်းကျ ရှည်ရှည်လေးရေးပါဗျို့. ဖက်ရတာ ဆန့်တငန့်ငန့် ဖြစ်သွားတယ်.။ နောက်တစ်ပိုင်းမျှော်နေပါသည်.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

သားကြီး said...

အစ်ကို့ကိုတစ်ခုတောင်းဆိုချင်ပါတယ်(ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ)
စာရေးဆရာမနုနုရည်အင်းဝရေးတဲ့“ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ”ကိုတင်ပေးလို့ရမလား ပြန်ဖတ်ချင်လို့ဗျာ
ဆရာမစာတွေအရမ်းကြိုက်ပါတယ်
အခု “မအိမ်ကံ”လည်း အစ်ကို့ဘလော့ကိုပဲအားကိုးရတော့မှာပါ
ရွှေအမြုတေမဝယ်ဖြစ်တော့ဘူး အပြင်မထွက်ဖြစ်တော့လို့

စိမ်း... said...

ကိုညီညီပြောတာကိုရော ကိုသားကြီးပြောတာကိုရော ထပ်ဆင့်ထောက်ခံပါသည်ရှင့်... ဟီး..

myatwun said...

ကိုရီနိုရေ..တောင်းဆိုလို့ ရမယ်ဆိုရင်.. ဆရာမနုနုရည် (အင်းဝ) ရဲ့ စာအုပ်အဟောင်းလေးတွေကို တင်ပေးပါလို့ ..၀တ်ထုတိုလေးတွေရော..အရှည်တွေရောပေါ..မရဲတရဲဘာဝယ်မလဲရှင့်၊ ဘိုကေတစ်ထောင်မှာတစ်ယောက်လောက်တော့စွဲကောင်းပါရဲ့၊ အမှတ်မရှိ လမ်းမရှိ ကီင်္လီဘောတံတား၊ သောက်တော့ဒူးယား ၀တ်တော့မလေးရှား နေတော့ခြုံကြား... အများကြီးပါဘဲ.. နောက်ပြီး.. မြစိမ်းပြာကမာရွတ်.. နောက်ပြီး.. အတိုထဲက.. နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင် ...အများကြီးပါဘဲ.. နုနုရည် (အင်းဝ) စာအုပ်တွေနဲ့ ဆယ်ကျော်သက်ဘ၀ ကို ကြီးပြင်းလာခဲ့ရပါတယ်..မန်းလေးကိုပြန်ဖြစ်ခဲ့ ရင်လည်း တို့ ဆီမှာရှိတဲ့ သူ့ စာအုပ်အဟောင်းတွေယူခဲ့ပေးပါ့မယ်..