October 8, 2009

မအိမ်ကံ ( For Sep အပိုင်း - ၄ )

“ကိုကံကြီးမောင်တို့များ ကျွန်မတို့ အိမ်က ကျောင်းဆရာကို ဘာစာအုပ်တွေများ ငှားလိုက်သာလဲ မပြောတတ်ပေါင် ရှင်။ ဖတ်လိုက်သာမှ သည်းကြီးအူပြတ် ရောက်ကတည်းက ဖတ်သာ ခေါင်းမဖော်ဘူး”

“ကျုပ်ကလည်း လူကြုံနဲ့ပါ ပို့ပေးသေးသာဗျ။ ကွန်မြူ နစ်ဝါဒ အတွေးအခေါ် စာအုပ်တွေပါပဲ။ ကျုပ်က ရန်ကုန်မှာ မိတ်ဆွေတွေရှိတော့ စာအုပ်တွေ ရတတ်ပါသယ်။ ကိုပြေသိမ်းလည်း ဖတ်ခိုင်းရသယ်။ ကိုပြေသိမ်းက ကျုပ်နဲ့တော့ ဓာတ်တည့်သားဗျ”

ကွန်မြူနစ်ဝါဒ အတွေးအခေါ် စာအုပ်တွေတဲ့။ မအိမ်ကံ နားမလည်။ ကွန်မြူနစ်ဆိုသည့် ခေတ်ပညာတတ်တွေ ဆိုတော့ အသိတွေ၊ ပညာတွေက အများသား။ သည့်ထက်ပို သိရအောင် မေးချင်သဖြင့် စကားကောက်ရပြန်ပါ၏။ ကိုကံကြီးမောင်က ပါလီမန် ရွေးကောက်ပွဲတွေ လုပ်နေသော်လည်း တိုင်းပြည် မအေးချမ်းတာတွေ ပြောနေသည်။ အာဏာနှင့် အခွင့်အရေး တွေနောက်လိုက်ကြရင်း အစုတွေ ကွဲပုံတွေလည်း ပါသည်။ ဘောင်းဘီဝတ်က တစ်မျိုး၊ တောင်ရှည်က တစ်မျိုးဆိုတာ လည်းပါသည်။ လွတ်လပ်ရေးရခဲ့သည်ပင် နှစ်နှစ်သား ရှိခဲ့ သော်လည်း တိုင်းပြည်က ဆူကြပူကြတုန်းဆိုတာလည်းပါ သည်။ မအိမ်ကံ သိချင်သည့် စာအုပ် မရောက်တော့ဘဲ ကိုကံကြီးမောင် ပြောသမျှ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရလေသည်။

ကိုပြေသိမ်း ပြန်လာတော့ သရက်ပင်အောက်မှာ တန်းလျားခုံခင်းပြီး ထိုင်ကြသည်။ စကားတွေ ပြောကြသည်။ ရေနွေးကလည်း တစ်အိုးပြီး တစ်အိုး။ ကိုကံကြီးမောင်က ဇောင်ချမ်းကုန်းမှာ တစ်ည အိပ်သွားတာကလွဲလို့ အခြားထွေ ထွေထူးထူးတော့ မရှိ။ ကိုပြေသိမ်းလည်း အငြီးပြေသွားပုံ ပေါ်ပါ၏။
မအိမ်မြိုင်လည်း နေကောင်းစပြုလေပြီ။ မအိမ်ကံလည်း ရက်ကန်း ပြန်ဝင်ကာ အစပြန်ကောက်ရသည်။ အလုပ်ကိုတော့ စောစော သိမ်းရပါ၏။ ညဘက်တွင် အခြေအနေတွေက ပိုဆိုး လာသည်။ သေနတ်သံတွေ ဟိုကသည်က ကြားရသလို ဓားပြရန်၊ သူခိုးရန်ကလည်း ပူလှသည်။

မအိမ်ကံတို့ရွာတွင် ဆိုးဆိုး ရွားရွား မကြုံတွေ့ရသေးသော်လည်း နရန်း ရွာတွေက သတင်းဆိုးတွေ ကြားနေရသည်။ ဓားပြယောင်ဆောင်ကာ လူဝင်သတ် သွားတာတွေပါ ကြားလာရပါ၏။ ဟိုရွာသည်ရွာမှာ ကင်းတွေ ဖွဲ့သံကြားတော့ ဇောင်ချမ်းကုန်းက လူငယ်လူရွယ်များက ကိုပြေသိမ်းဆီ ရောက်လာကြကာ ရွာစည်းရိုးကာရေး၊ ၀ါးချွန် တပ်ဖွဲ့ရေး၊ ဒူးလေးတပ်ဖွဲ့ရေးတွေမှာ ခေါင်းဆောင်ဖို့ ပြော လာကြသည်။ ကိုပြေသိမ်းက တော်လှန်ရေးပြန် မျိုးချစ်စိတ် ရှိသူတစ်ဦးအနေဖြင့် လွတ်လပ်ရေးရကာမှ ကိုယ့်ရွာကိုယ် ပြန်ကင်းစောင့်ရတာကို မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့သည်။

“အေး ကောင်းတယ်။ ဒါပေမယ့်ကွာ ဆရာကတော့ မင်းတို့ လူငယ်တွေလို များများ ပါနိုင်မှာတော့ မဟုတ်ဘူး။ ခေါင်းဆောင်ဆိုရင်လည်း ခေါင်းဆောင်ရုံပေါ့ကွာ။ လူရွယ် ထဲက တစ်ယောက်တော့ ခေါင်းဆောင်ထားကြရမှာပေါ့”

မအိမ်ကံတို့ အိမ်ကြီးထဲမှာ ရွာက ကျောင်းသားကြီးတွေ၊ အရွယ်ကောင်း ယောက်ျားသားတွေ လာစုကြသည့်နေ့က အားရစရာပင် ကောင်းလှပါသည်။ ရွာကင်းတဲလေးလုံး ဆောက်ရန် အရေးပေါ်အချက်ပေးသံချောင်း ခေါက်ပုံတွေ တပြေးညီဖြစ်စေရန်၊ တုတ်၊ ဓားလက်နက်၊ ဒူးလေး၊ လင်း လေးတွေ အိမ်တိုင်းထားကြရန်နှင့် အရေးပေါ်လျှင် ချက်ချင်း လူစုကြရန်တွေပါ ဆွေးနွေးကြသည်။ အများက ကိုသာအောင် ကို ရွာခေါင်းဆောင် တင်ကြသည်။ ကိုသာအောင်ကလည်း လိုလိုလားလား လက်ခံပါ၏။

မအိမ်ကံက သာအောင် ကုပ်ကုပ်ကလေး ထိုင်နေတာကို လှမ်းကြည့်ရင်း ငယ်ငယ်က အကြောင်းတွေ စိတ်ရောက် နေခဲ့သည်။ ကွင်းထဲက တဲကလေး တစ်တဲထဲမှာ သာအောင်နှင့် နှစ်ကိုယ်ချင်း တွေ့ခဲ့ဖူးသည်။ အခုတော့ သူလည်း ရွှေမှုံနှင့် အိမ်ထောင်ကျပြီ။ မအိမ်ကံလည်း သမီးနှစ်ယောက် ရခဲ့ပြီ။ သာအောင်နှင့် ရွှေမှုံက မွေးသည့် မှုံနံ့သာ။ ကိုပြေသိမ်းနှင့် မအိမ်ကံက မွေးသည့် မအိမ်မြိုင်။ ဇောင်ချမ်းကုန်း တစ်ရွာ လုံးမှာ သည်မိန်းကလေး နှစ်ယောက်တည်းအား ပြိုင်စရာရှိတာ မဟုတ်။ သည်ကလေးနှစ်ယောက်နှင့် ရွယ်တူ မတိမ်း မယိမ်းတွေ များစွာရှိလိမ့်မည်။ ရှိလည်းရှိကြပါ၏။

သို့သော် မအိမ်ကံ ကိုယ်တိုင်က ရွှေမှုံကို ရှုံးခဲ့ရသည်ဟု ခံယူခဲ့ပြီး ကတည်းက တခြားဘယ်သူပဲ ကွမ်းတောင် ကိုင်ရကိုင်ရ ဘယ်လိုမှ ဥပဒ်စရာမရှိသော်လည်း ရွှေမှုံသမီး မှုံနံ့သာကိုတော့ အဖြစ်မခံနိုင်။ မအိမ်ကံမှာ သည်စိတ္တဇက မရုန်းသာဘဲရှိခဲ့ပါ၏။
သာအောင့်ကို လှမ်းကြည့်ရင်း မအိမ်ကံ တွေးနေမိခြင်း ဖြစ်၏။ ခုတော့ သာအောင်သည်လည်း ကိုသာအောင် ဖြစ်နေလေပြီ။ မအိမ်ကံကလည်း တွက်ကြည့်တော့ အသက်မနည်း တော့ပြီ။ ကြီးတော် စံရွှေတို့၊ အမှုပွဲစား ကျော်ဒင်တို့လည်း ဂျပန်ခေတ် နောက်ပိုင်း မတရားရှာခဲ့သည့် စီးပွားပျက်သူက ပျက်၊ ရွာက ပျောက်ချင်းမလှ ပျောက်သူကပျောက်။ ကျော်ဒင် ကတော့ တစ်နေရာမှာ သေသလိုလိုလည်း ကြားရပါ၏။ တချို့ကလည်း ကျော်ဒင်မသေဘဲ အလံနီထဲမှာ လိုလိုပြော ကြသည်။ လတကယ်တမ်း စီးပွားဖြစ်လာသူက သာအောင် ဖြစ်၏။ မအိမ်ကံ ကြားရသလောက် ခေတ်အပျက်မှာ ငွေတော်တော် ရလိုက်သည်ဟု ဆိုပါ၏။ ကြီးတော် စံရွှေတို့နှင့် အတူ မနေတော့ဘဲ ကိုယ့်ဝိုင်းကိုယ့်အိမ်နှင့် ဖြစ်နေကြပြီ။

“ကျွန်တော်တို့ အားလုံး သဘောပိုက်ရမှာက ကိုယ့်ရွာကိုယ် ကာကွယ်ရမယ်ဆိုတဲ့ စိတ်ကလွဲလို့ အခြား သူတစ်ပါးကို စော်ကားဖို့ အနိုင်ကျင့်ဖို့ ရန်စဖို့ မရှိကြစေချင်ဘူး။ ရွာက ညီညွတ်မှ မကောင်းသူမကောင်းသား မကပ်နိုင်မှာကို စိတ်စွဲ ကြဖို့လိုတယ်။ ရွာကင်းတွေမှာ တာဝန်ကျရင် တာဝန်ကို တိတိကျကျ ဆောင်ရွက်ကြဖို့လိုတယ်။ သူသွားလိမ့်မယ်။ ငါမရှိလည်းဖြစ်တယ် ဆိုတာမျိုးကနေ လျော့ရဲသွားတာမျိုး မဖြစ်စေချင်ဘူး။ နောက်အရေးကြီးတာက...”

ကိုပြေသိမ်းက အားလုံး ကြားအောင် မတ်တတ်ရပ်ရင်း ပြောနေခြင်း ဖြစ်သည်။ ရွာ့ယောက်ျားသားတွေ အားလုံး ငြိမ်ပြီး နားထောင်နေကြသည်။ ကိုပြေသိမ်းကို ရွာက ချစ်ခင် လေးစားကြသလို ကျောင်းဆရာဆိုသည့် ဂုဏ်ကြောင့် ကြည်ညိုကြတာ ပိုသေးသည်။ သည့်နောက်တော့ ရွာကင်းတဲ တည်ဆောက်ရေး ကိစ္စ၊ ဆူးစည်းရိုး ကာရံရေး ကိစ္စတွေ ဆက်ဆွေးနွေးကြလေသည်။ ရွာက သည်လို စုစုဝေးဝေးရှိကြတာ ကို မအိမ်ကံ ၀မ်းသာသည်။ ညဘက် ညဥ့်နက်နက် လူတွေ ပြန်ကြတော့ သမီးနှစ်ယောက် အိပ်ကြပြီဖြစ်သော်လည်း ကိုပြေသိမ်းနှင့် မအိမ်ကံ စကားတွေ ပြောဖြစ်ကြသည်။

“ရွာက ညီညွှတ်တော့ စိတ်ဖြောင့်ဖြောင့် အိပ်ရသာပေါ့။ အစ်ကို မြို့ကိုသွားသဲ့ ညတွေဆိုရင် မအိမ်ကံ ချောက်ချားနေမိ သယ်။ ရွာတွေမှာ ဗြောင်ကျကျ နွားဆွဲတာတွေ အနုကြမ်း စီးသာတွေ လုပ်နေကြသာကြားရလေ ကြောက်လေပဲ”

“အေးကွယ် တိုင်းပြည်က လွတ်လပ်ရေးရမှပဲ ပိုဆိုးတော့ တယ်။ ဂိုဏ်းဂဏတွေ ကွဲကြတယ်။ နိုင်ငံရေး ကွဲနေကြတယ်။ အိမ်ကလေး မသိလို့။ အခြေအနေက တော်တော်ဆိုးနေပြီ။ သတင်းစာတွေမှာ လူသတ် ပစ္စည်းလုတာတွေချည်း ဖတ်နေရ တယ်။ ပါလီမန်တွင်းမှာလည်း ပြင်းပြင်းထန်ထန် အကွဲအပြဲ ဖြစ်နေကြတယ်”

သည့်နောက်ပိုင်း ကျေးရွာတွေမှာ ကင်းတပ်တွေဖွဲ့ လာကြသည်။ တစ်ရွာ့တစ်ရွာ အသံနားစွင့်နေကြရန် ညှိထားကြ ရပါ၏။ အချို့ရွာတွေက ကိုပြေသိမ်းထံ ရောက်လာကြကာ ရပ်ရွာကာကွယ်ရေး ကိစ္စတွေ တိုင်ပင်ကြသည်။ အချို့ရွာတွေ ဆိုလျှင် ကိုပြေသိမ်းကို လေးစားကြသဖြင့် သူတို့ရွာတွေ အထိ ဖိတ်ပြီး ရပ်ရွာစည်းလုံးရေး ကိစ္စတွေ ဟောပြောခိုင်းတာတွေ ရှိလာသည်။ မအိမ်ကံကတော့ စီးပွားက တစ်ဖက်၊ သမီး နှစ်ယောက်က တစ်ဖက် အပြင် မအေအိုကြီးကိုပါ ထည့်တွက် နေရပါ၏။ အမေပန်းရုံလည်း အသက်အရွယ် ရလှပေပြီ။ ဟိုတုန်းကလို ရွာထဲ ရပ်ထဲတောင် မရောက်တော့။

သည်ကြားထဲ သက်တော် ကိုးဆယ်ကျော်ပြီဖြစ်သည့် ရွာဦးဆရာတော် ဘုရားကြီး ပျံလွန်တော်မူခဲ့သည်။ ဇောင်ချမ်း ကုန်းကို မဏ္ဍိုင်ပြု၍ နရန်းရွာတွေကပါ ဆရာတော်ကြီး ဈာပနကို ၀ိုင်းကြရသည်။ ခေတ်အခါကလည်း မကောင်း၊ ရွာကလည်း ကျပ်တည်းနေချိန်ဖြစ်သော်လည်း သက်တော်ကြီး၊ ၀ါတော်ကြီး ဆရာတော်ကြီး၏ အန္တိမ ဈာပနပွဲကို စည်ကားသိုက်မြိုက်အောင် ပူဇော်ချင်ကြသည် ဖြစ်၍ ကိုပြေသိမ်းကိုပင် တာဝန်ပေးလာကြပါ၏။ ၀ါဆိုဝါခေါင်လ ထဲမှာ ပျံတော်မူရှာတာဆိုတော့ ဘုန်းကြီးပျံပွဲကို ခြေခင်း လက်ခင်းသာသည့် တပေါင်းလအထိ ရွှေ့ဆိုင်းကြရသည်။ သို့သော် သည်လတွေကတည်းက စီမံစရာရှိတာ စီမံကြရသည်။ ဘုန်းကြီးပျံပွဲ အတွက် ဘုန်းကြီးပျံသိုင်းတွေ၊ ယိမ်းတွေ တိုက်သည့်ရွာတွေက တိုက်နေကြပြီ။ ဒိုးမောင်းသံ တညံညံ။

“သမီးရေ ဆရာရော ဒကာပါ ဘ၀တစ်ပါးပြောင်း သွားရှာပြီ။ ညည်းအဖေများ သူကြီး ဆိုပေသိ ဆရာတော်က ခေါ်ငေါက်ရင် နေစရာ မရှိရှာဘူး။ ကိုရင်၊ ကျောင်းသားများ ဆရာ ဘုန်းကြီးကို ကြောက်သလို ချစ်ကြောက်ရှာသယ်။ ဆရာတော် ပျံလွန်တော်မူတော့ ညည်းအဖေလည်း သတိရပါ့ အေ”

အမေပန်းရုံက သတိတရ ညည်းရှာပါ၏။ ကိုပြေသိမ်းလည်း အမျိုးသားရေးစိတ် ပြင်းထန်သော ဆရာတော်ကို နှမြောလွန်းလှသည် ဆိုပါသည်။
မအိမ်ကံ တချို့ညတွေမှာ သမီးနှစ်ယောက် လက်ဆွဲကာ မောင်းဆိုင်းဝိုင်းဘက်ကို ရောက်သွားတတ်သည်။ ရွာမှာ မောင်းဆိုင်း ကောင်းကောင်း မရှိတော့ ဟိုကဒိုး၊ သည်ကနှဲ၊ ဟိုချောင်က မောင်း စသည်ဖြင့် စုရခြင်းဖြစ်၏။ ဘုန်းကြီး ပျံသိုင်း တိုက်သံတွေက ညီလှသည်။ ဆရာတော့် ဈာပနက လာမည့် တပေါင်းလမှ ဆိုသော်လည်း ရက်လအားဖြင့် ခြောက်လလောက်သာ ကျန်တော့သည်။ ကိုပြေသိမ်းက ရပ်ရွာလူကြီးများနှင့် တိုင်ပင်ကာ ကြည့်ချင်ပွဲကြိုငှားထား ရပြီ။ ဧယဉ်ကျူး မင်းသမီး ငှားထားရပြီ။ စပ် ပန်းချီဆရာကို ခေါ်ပြီး မဏ္ဍပ်၊ စင်ယှဉ်၊ လောင်တိုက်တွေ အပ်ရပြီ။ တည်း ကျောင်း မဏ္ဍပ်တွေ ထိုးရန် တာဝန်ခွဲဝေပေးကြရသည်။ ရေ ကိစ္စ၊ ထင်းကိစ္စ၊ ဧည့်ခံကိစ္စတွေ တာဝန်ခွဲဝေရသည်။

“အစ်ကိုလည်း ပင်ပန်းရှာပြီ။ ရပ်ရွာ ကိစ္စတွေကလည်း အစ်ကို့ခေါင်းပေါ် ပုံကျနေပြီနော်”

“ရပါတယ် အိမ်ကလေးရယ် ကိုယ့်ရွာဆိုတော့ ကိုယ်ပါ ရမှာပေါ့။ ဘာလိုလိုနဲ့ ရက်နီးနေပြီ”

“ဟိုရက်က မောင်းဆရာဦးကျန်က မောင်းငှားရသာ ခက်သယ်တဲ့။ တခြားရွာပွဲတွေနဲ့ တိုက်နေရင် ငှားမရဘူးဆို လို့ မအိမ်ကံ ရွာပိုင် မောင်းဆိုင်းတစ်ဆင်စာ လှူလိုက်ချင် သယ်။ နောင်ဘ၀ အသံကောင်းအောင်လို့...”

ကိုပြေသိမ်းက ရယ်သည်။ ဇနီးဖြစ်သူကို ကြည့်ရင်း ပြုံးသည်။ မအိမ်ကံက ရွာကို မကြာခဏ လှူနေကျ။ လိုအပ်မှု အပေါ်လှူနေတာ ဆိုတော့ ကိုပြေသိမ်း သိလိုက်တာရှိသလို မ လိုက်တာလည်း ရှိသည်။ နောက်တော့လည်း ပြောပြရှာ ပါ၏။

“အိမ်ကလေး သဘောပါဗျာ။ အစ်ကိုကတော့ သည်လို သဒ္ဓါစိတ်ရှိတဲ့ အတွက် အိမ်ကလေးကို ပိုလို့တောင် ချစ်မိပါ သေးသဗျာ”
သမီးနှစ်ယောက်ကတော့ ညတိုင်လျှင် မောင်းဆိုင်းဝိုင်း ဘက်သွားချင်နေကြသဖြင့် အားသူက အားသလိုပို့ကြရပါ ၏။ ဘယ်သူကမှ မပို့လျှင် အမေပန်းရုံက ဗျစ်တောက် ဗျစ်တောက်။ သည်လိုဆိုတော့ မလှအုံ အလှည့်ကျလေ၏။

တပေါင်းလ။
ဘုန်းကြီးပျံပွဲကြီးက မထင်မှတ်လောက်အောင် စည်ကား လွန်းလှပါသည်။ ဇောင်ချမ်းကုန်း ဆရာတော်ဆိုသော်လည်း သက်တော်ကြီး ၀ါတော်ကြီး ဆရာတော်ဖြစ်၍ ရွာနီးရွာနား တွေကလည်း ဆရာရင်းနှင့် မခြား လေးစားကြည်ညိုခြင်း ခံရသည့် ဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်ကြီး၏ သက်တော်ဂုဏ်၊ ၀ါတော်ဂုဏ်၊ သီလသိက္ခာ ပညာဂုဏ်တို့ကို နောက်ဆုံး ပူဇော်ကြသည့် ပွဲဆိုတော့ ရွာပေါင်းစုံက လူပေါင်းစုံ၊ လှည်းပေါင်းစုံ ရောက်လာကြသည်။ ဇောင်ချမ်းကုန်းရွာ အရှေ့ကွင်းကြီးသည်လည်း မျက်စိတစ်ဆုံး ပွဲတော်ကွင်းကြီး ဖြစ်နေတော့သည်။ တစ်ရွာလျှင် တည်းကျောင်း တစ်ကျောင်း ကျ လာရောက်ပူဇော်ကြရာမှာ အရွာရွာက “တည်းကျောင်း” မဏ္ဍပ်တွေ များလှသည်ဖြစ်ရာ ကွင်းပင် မဆန့်ချင်တော့။ “တည်းကျောင်း”တစ်ကျောင်းနှင့် တစ်ကျောင်းကူးရသည်ပင် မလွယ်။ နေပူခေါင်ခေါင်ကြီးမှာ ခေါင်းပေါင်းကြီးတွေပေါင်း ကာ ချွေးပြိုက်ပြိုက် ဆူနေသည့်ကြားက သည်လိုပွဲမျိုး နွှဲလိုက်မဟဲ့။ ဆရာတော်ကြီးကို ပူဇော်ကန်တော့လိုက်စမ်းမဟဲ့ ဆိုသည့် မျက်နှာများဖြင့် ကြိတ်ကြိတ်တိုး စည်းကားလွန်း လှပါ၏။

သည်နေ့ သည်ရက်မှာမှ တစ်ပြိုင်နက်တည်း ပူဇော်ကြ ရတာဆိုတော့ အရွာရွာက သိုင်းပြာသာဒ်ကြီးတွေကလည်း တယိမ်းယိမ်း တနွဲ့နွဲ့သိုင်းနင်းကာ ပူဇော်ကြသလိုတည်း ကျောင်းမဏ္ဍပ်ကြီးတွေဆီက ဆိုင်းသံဗုံသံတွေကလည်း တခြိမ်းခြိမ်း။

“ဒကာ၊ ဒကာမနဲ့ တပည့်တွေဟာ ဆရာဘုရားရဲ့ က၀ိထေရ်ကိုတော့ မနေနိုင်၊ မထိုင်နိုင်အောင် လွမ်းကြတာမို့ ပြည်ခရိုင်ကြဋ္ဌန်းမှာ ဒါယကာတွေမှန်သမျှရယ်က သံဃာတွေ ပါလွမ်း သံဃာတွေပါလွမ်း...”

“ယောက်ျားမောင် ဘသားလေးလေး (တောက်)
မြေကကောက်လို့ တစ်ထောက်ချီ ခင်ဗျ ဒူးပေါ်ညီညီ မြှောက်လိုက်ကြစို့ (တောက်)”

သိုင်းရိုက်သံတွေ တတောက်တောက် တဖြောင်းဖြောင်း ညံနေသည့်ကြားကို မအိမ်ကံတို့ သားအမိတစ်တွေ မတိုးနိုင်ကြ။ ပြာသာဒ်ဖျားက ၀ါးညွန့်ကလေး တယိမ်းယိမ်း တနွဲ့နွဲ့ လှုပ်တာကိုပင် ငေးကြည့်နေရပါတော့၏။

“ယောက်ျားမောင် ဘသားလေးလေး (တောက်)
ဒူးကမြှောက်လို့ တစ်ထောက်ချီခင်ဗျ ပခုံးပေါ်ညီညီ မြှောက်လိုက်ကြစို့ (တောက်)...”

ဒူးပေါ်ကနေ ပခုံးပေါ်တင် မြှောက်လိုက်ကြပြီဆိုလျှင်တော့ သိုင်းကွက်နင်းကာ သိုင်းကကြတော့မည်။ လူတွေ တိုးသထက်တိုး စည်သထက် စည်လာခဲ့ပြီ။ မအိမ်ကံတို့မှာ ထွက်ပေါက် မရှိအောင် လူအုပ်ကြားထဲ ပိတ်မိနေလေတော့ သည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြိုင်သိုင်းနင်းကြပြီဆိုလျှင် ပိုလို့ သာ ဆိုးတော့မည်။ မအိမ်ကံက ရွာခံတည်းကျောင်း မဏ္ဍပ် ထဲမှာပဲ ဣနြေ္ဒရရ ထိုင်ကြည့်တော့မည် စိတ်ပိုင်း ဖြတ်လိုက်ပါ၏။ “တည်းကျောင်း”ထဲ ၀င်ထိုင်လိုက်မိလျှင်လည်း ပြန်ထွက် နိုင်ဖို့ မလွယ်။ သည်တော့ အိမ်ပြန်ဖို့ရာသာ စဉ်းစားရတော့သည်။

“လာ လာ သမီးတို့ အိမ်ခဏပြန်ရအောင်။ ဧည့်သည်တွေ ရှိသေးသယ်။ ညနေကျမှ ဒွေးအုံကို တစ်ခေါက်လိုက် ပို့ခိုင်းမယ်နော်”

ကလေးနှစ်ယောက်ကို လက်ဆွဲကာ မအိမ်ကံ လူအုပ်ကို တိုးထွက်ခဲ့သည်။ ဘယ်ဘက်တိုးရပါ့။ ရွာပေါင်းစုံက လှည်းတွေက ပွဲတော်ကွင်းနှင့် ခပ်လှမ်းလှမ်း နောက်ဘက်မှ အထပ်လိုက် ၀ိုင်းပတ်ကာရပ်ထားကြသည်။ ပေါင်းမိုးလှည်းကြီးများ ဖြစ်၍ လှည်းတစ်စီးလျှင် မိသားစုတွေကလည်း အပြည့်။ ပွဲတော် ကွင်းထဲမှာလည်း ဟိုရွာကသိုင်း၊ သည်ရွာသိုင်း ပြေးကြည့်ကြသူတွေ၊ ဟိုမဏ္ဍပ်က ဧယဉ်ကျူးကောင်းနိုးနိုး၊ သည် မဏ္ဍပ်က ဧယဉ်ကျူးကောင်းနိုးနိုးဖြင့် “တည်းကျောင်း” တစ်ဆောင်က တစ်ဆောင် ကူးလူးနေကြသူတွေ။ နှစ်ပေါင်း များစွာ အတွင်း သည်ဘုန်းကြီးပျံပွဲလောက် စည်ကားသိုက် မြိုက်သည့်ပွဲ မရှိခဲ့ကြောင်း ရှေးမီနောက်မီ လူကြီးသူမများ ကပင် ပြောစမှတ်ပြုရပါ၏။

“ဟဲ့ သားအမိတွေ ဧယဉ်ကျူး မကြည့်ခဲ့ကြဘူးလား ဟဲ့”

မအိမ်ကံတို့ အိမ်ရောက်တော့ မလှအုံက ဆီးမေးသည်။ မအိမ်ကံက ပွဲတော် ကွင်းထဲတိုးနိုင်ဖို့ မလွယ်ကြောင်းပြောပြ တော့ မလှအုံက “ကတဲမှအေ၊ ညည်းတို့များ အဖြစ်မရှိချက်တော့။ ငါ့မြေးတွေ တစ်သက်တစ်ခါ ကြုံရသဲ့ပွဲ ပြမှပေါ့အေ့။ လာ ဒွေးအုံ လိုက်ပြမယ်” ဆိုကာ ကလေးနှစ်ယောက်လက် ဇောင့်ခနဲ ဆွဲကာ ထွတ်သွားလေတော့၏။

မအိမ်ကံတို့ အိမ်မှာလည်း ရွာလှည်းတွေ အပြည့်။ အိမ်ပေါ် အိမ်အောက် လူမဆံ့လို့ တချို့ကို ရက်ကန်းရုံထဲမှာပဲ နေရာချထားရပါ၏။ ထနောင်းတိုင်က ရောက်လာကြသော ဆွေမျိုးတွေကချည်း လှည်းလေးစီးတိုက်ဆိုတော့ အိုးကြီးချက် ချက်ပြီး ကျွေးမွေး ဧည့်ခံနေကြရသည်။ မလှအုံနှင့် ကျေးဥတို့ မနိုင်ကြတော့ ကြည်တော်ကုန်းက မကြီးနှင့် မငယ်တို့ အဖွဲ့ကို ခေါ်ကာ အိုးအပ်ရသည် အထိ။ မအိမ်ကံတို့ အိမ်မှ မဟုတ်၊ ရွာလုံးကျွတ် အိမ်ပေါက်စေ့ ဧည့်သည် မရှိသည့် အိမ်ရယ်လို့ မရှိ။ ဧည့်များများလာလေ ဂုဏ်ရှိလေ အောက်မေ့ကြသည်မို့ မရှိတာ ရှိတာထား တန်းစေ့လမ်းစေ့ လှူနိုင်တန်းနိုင်၊ ကျွေးနိုင် မွေးနိုင်အောင် ကြိုတင်ရှာဖွေ ချေးငှားကျွေးကြ၊ မွေးကြ သူတွေလည်း ရှိပါ၏။ အဝေးဧည့်တွေအတွက် ဇာတ်ပွဲတွင် ဖျာခင်းနေရာ ဦးထားရတာလည်း ရှိသေးသည်။ ဇာတ်က မြင်းခြံမြို့မှ နာမည်ကြီးဇာတ် ဖြစ်၍ ထိုဇာတ်မှ မင်းသမီးကြီး အောင်သန်းစိန်က ဧယဉ်ကျူး အလောင်းပိုက်ရမှာ ဖြစ်သည်။ ပရိသတ်က ဒါကိုလည်း အားခဲထားကြပါ၏။

“မအိမ်ကံရော ညည်းတို့ ညပွဲကြည့်ကြဦးမှာလား”

“မကြည့်တော့ပါဘူး အမေ။ အမေ့မြေးတွေကလည်း အိပ်ကြမှာပါ။ အမေတို့ ကြည့်ကြပါ”

ကိုပြေသိမ်း၏ မိခင်က မေးခြင်းဖြစ်၏။ ထနောင်းတိုင် က ဆွေမျိုးဧည့်တွေကတော့ မအိမ်ကံ အထူးဧည့်ခံစရာမလို ပါ။ ခင်သီ တစ်ယောက် ပါလာတာကိုပဲ အားကိုးရလှပြီ။ ဖိုးတုတ်တို့ ညီအစ်ကိုကလည်း ရေစည်လှည်းတိုက်နေရာက ပြန်မလာကြ။ ဘုန်းကြီးပျံကွင်းမှာ သောက်ရေအိုး အလုံး တစ်ရာကို မအိမ်ကံ ကုသိုလ်ယူခဲ့သည်။ ရေအိုးရော ရေပါ လှူဒါန်းခဲ့ခြင်း ဖြစ်ပါ၏။

ညနေစောင်း နေကျပြီဆိုကတည်းက ဒုံးတွေ လွှတ်ကြ ပြီ။ ဒုံးကြီးတွေက ဆယ်ပေလောက်ရှိသော ဖယောင်းတိုင် ကြီးများနှင့်ပင်တူ၍ ဒုံးလွှတ်သည်နှင့် ပရိသတ်အော်သံကြီး တွေ ဟိန်းထွက်လာတော့၏။ ပွဲကွင်းက ညနေစောင်းလေ မြိုင်လေ။ အဝေးရွာလှည်းတချို့က နေချိုမှရောက်လာကြကာ ရွာလမ်း တစ်လမ်းလုံး ဖုန်တွေ သောသော ထနေကြလေ၏။ မလှအုံတို့ တူဝရီး တစ်တွေ ပြန်မလာတော့ မအိမ်ကံလိုက်ဖို့ ပြင်ရပြီ။

ကိုပြေသိမ်းကတော့ ပွဲတော်ကွင်းထဲမှာ အရွာရွာက လူကြီးတွေနှင့် အတူ ရှိနေလိမ့်မည်။ ခင်သီကို အဖော်ခေါ် ပြီး မအိမ်ကံ ပွဲကွင်းဘက် ထွက်ခဲ့သည်။ ပွဲတော်ကွင်းထဲ ရောက်တော့ ရွာတည်းကျောင်းကို တန်းမသွားသေးဘဲ သိုင်း အဖွဲ့တွေကို တစ်ဖွဲ့လျှင် နှစ်ရာနှုန်းဖြင့် အဖွဲ့ရှိသလောက် ဆုချခဲ့သေးသည်။ ရွာတည်းကျောင်းဝမှာလူတွေ ပိတ်ပိတ် သည်းလျက်ရှိ၏။ မင်းသမီးကြီး အောင်သန်းစိန်ပင် ဧယဉ် ကျူးနေခဲ့ပြီ။

“ကြော့ပါပေ့ဘုရာ့ ကန်တော့ကာလေ ပဏာမရယ်နဲ့ ဈာပနတော်စီမံပုံကောင်းလိုက်တာက ပြည်တန်တဲ့ အလောင်း ဆွေးချက်ကယ်ဖြာ လေးမျက်နှာပန်းတွေမံလို့ နန်းဝေယံရှုချင် ဖို့ တစ်ခန်းသာပ အများအတိဓဇနဲ့သဒ္ဓါဗလ၀ အခြေကောင်း သော်လည်း ဆရာတော်ဘုရာ့ အားမရှိကြပါဘု ဒကာ ဒကာမ ပြေရွာအပေါင်း...”

မအိမ်ကံက တည်းကျောင်းထဲ မျက်စိတောင်းမှောက် ရှာရသည်။ တွေ့ပါပြီတော် မလှအုံတို့ တူဝရီးတွေ။ စင်အလယ် တည့်တည့်နေရာမှာ ကျကျနနကြီး ထိုင်ကြလို့။ ဇာတ်စင်ပေါ် က မင်းသမီး ဧယဉ်ကျူးနေတာကို မလှအုံက အောက်ကနေ မျက်ရည်တို့ကာ တို့ကာ ငိုနေလေ၏။ သမီး နှစ်ယောက်ကတော့ မင်းသမီးကို ငေးနေကြသည်။ မအိမ်ကံက တစ်ဆင့် တစ်ဆင့်လက်တို့ပြီး မလှအုံတို့ တူဝရီးတွေကို ပွဲခင်းထဲက ဆွဲထုတ်ရပါ၏။ ကလေးတွေက မပြန်ချင်ကြ။

“ရေချိုးကြဦးလေ သမီးတို့ရဲ့။ ဒွေးအုံလည်း ဧည့်သည်တွေ ထမင်းကျွေးရဦးမှာ။ ညကျတော့ ထနောင်းတိုင်က အမေကြီးတို့နဲ့ ပွဲကြည့်ကြ ဟုတ်လား”

မလှအုံကတော့ ဧယဉ်ကျူးထဲနစ်မျောပြီး မျက်ရည်တွေ ကျရလွန်း၍ထင့်။ ပွဲခင်းထဲက ထွက်လာတော့ မျက်လုံးတွေ နီပြီး လမ်းလျှောက်တာတောင် ဇိုးတိုးဇတ်တပ် ဖြစ်နေလေ၏။ မအိမ်ကံတို့ ပြန်လာတော့ လမ်းမှာ သွားသူပြန်သူတွေ အပြည့်။ တစ်နေကုန် တစ်နေခန်း ပွဲတော်ကွင်းတစ်ကွင်းလုံး ရုန်း ရုန်းရင်းရင်း ရှိနေခဲ့သော်လည်း ညပွဲဦးထွက်ချိန်မှာတော့ ကွင်းလည်း ငြိမ်လေပြီ။ ဇာတ်စင်ရှေ့ ပွဲခင်းကတော့ လူများလွန်း လှ၍ ပွဲခင်းလျှံထွက်နေပါ၏။ ပွဲဆိုင်းက ဧည့်ခံတီးပြီး၍ ပွဲထွက်ခရာ သုံးကြိမ်မှုတ်လေပြီ။ အားလုံးက ပြည်ဖုံးကား ကြီးဆီမှာ အာရုံတွေရှိနေကြပါ၏။

ထိုစဉ်မှာပင်...။
ရွာကင်းဆီက သံချောင်း မွှေသံကြီး ကြားလိုက်ရလေသည်။ တစ်ကင်းမှ တစ်ကင်းကူးသွားသော သံချောင်း မွှေသံတွေက ကမ္ဘာပျက်တော့မလား မှတ်ရပါ၏။

(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

လေးစားစွာဖြင့်
ရီနိမာန်

5 comments:

စိမ်း... said...

တစ်
နေရာဦးထားတယ်

စိမ်း... said...

ခုမှ ပြန်ရောက်လို့ အိပ်ချင်နေပြီ မနက်မှ ထဖတ်မယ်... :P

Angel Shaper said...

ဖတ်သွားပါသည်။
ဆက်လက်ဖော်ပြရင် ဆက်ဆက်ပြန်လာကြည့်ပါမည်။ အဲလေ.. ဆက်ဆက်ပြန်လာဖတ်ပါမည်။ အဟဲ..
ဖတ်သွားတယ် အကိုေ၇......

ချမ်းလင်းနေ said...

အပိုင်း၎ကို လာအားပေးတယ်အကိုရေ။

စိမ်း... said...

သူပုန်လား ဂျပန်လား အင်္ဂလိပ်လား.... လွတ်လပ်ရေးတော့ရပြီးနေပြီ... အင်္ဂလိပ်နဲ့ ဂျပန်မဟုတ်လောက်တော့ဘူး... ဘာတုန်းဟ...
အင်း တွေးစရာချန်ခဲ့ပြန်ပြီ...