October 4, 2009

မအိမ်ကံ ( For Sep အပိုင်း - ၁ )

ယခင်လမှအဆက်...
လရောင်က သာလွန်းလှသည်။ ဇော်ချမ်းကုန်း ရွာကလေးသည် လရောင်အောက်တွင် အေးမြငြိမ်သက် လျက်ရှိ၏။ တစ်နေ့ခင်းလုံး ပူပြင်းထားခဲ့သည့် အပူက ဟပ်ဟပ်ပြေးအောင် မပူတော့ သော်လည်း ညဦးတုန်းက အရှိန်တွေ ကျန်နေသေးသည်။

ညဥ့်နက်လာတော့မှ တဖြည်းဖြည်း ပြန်အေးလာခဲ့သည်။ သမီးကြီးက ပိတ်ခြင်ထောင်ထဲမှာ အိပ်ပျော်နေပြီ။ အရွယ်နှင့် မလိုက်အောင် ခံစားနေရသော ဝေဒနာကို ကြည့်ရင်း မအိမ်ကံ ရင်ထုမနာ ရှိခဲ့ရသည်။ ပိတ်ခြင်ထောင်ကြီးက လှောင်များနေရော့လား ဆိုသည့် စိတ်ကြောင့် မကြာခဏ လှပ်ကြည့်မိတာလည်း အကြိမ်ကြိမ် ရှိလေပြီ။ မအိပ်ခင်က အထိ သမီးနဖူးကို စမ်းကြည့်လိုက်တိုင်း လှည်းမီးချ ဒေါက်ဖိုက မီးတွေလို တရှိန်ရှိန် တောက်လောင်လျက်ရှိ၏။



ဇောင်ချမ်းကုန်း ဘုန်းကြီးကျောင်းကို သွားလျှင် ဘယ်ဘက်ချောင်မှာ လှည်းမီးဒေါက်ဖို ရှိသည်။ လှည်းဘီးတွေ သံခွေ စွပ်ပေးသည့် ဒေါက်ဖိုဖြစ်၍ ဒေါက်ဆရာ ဦးသာပိုဆိုလျှင် ဘယ်တုန်းကမှ အင်္ကျီ ကပ်ရသည် မရှိ။ ဖားဖိုထဲက ထုတ်ယူလာသော သံကွေးရဲရဲကို တပည့် နှစ်ယောက်က ညှပ်ဖြင့် ညှပ်ပေးထားရသည်။ ဘကြီးသာပိုက မီးမလျော့ခင် ပေါက်တူးကြီးနှင့် တထန်းထန်း ထုသည်။ မီးပွင့် မီးစာတွေ တဖွားဖွား။ မအိမ်ကံတို့ အိမ်က လှည်းကိုလည်း ဘကြီးသာပိုပဲဘီးခွေစွပ်ပေးခဲ့ခြင်း ဖြစ်သည်။ လှည်းက အရေးကြီးလို့ ဘကြီးသာပိုက မပြီးနိုင်လျှင် မအိမ်ကံ လိုက်သွားရတာ ရှိဖူး သည်။

“ဘကြီး တစ်နယ်လုံးက လှည်းတွေနဲ့ အပ်ထည်များလို့ ပါအေ။ နက်ဖြန်ကျတော့မှ ယူတော့ ငါ့တူမရယ်။ ဘကြီး မလည်း ဖိုကျင်ထိုးခံရတဲ့ မောင်တင့်တယ်သာ ကြည့်တော့။ မီးနဲ့ နပန်းလုံးနေရသာနဲ့ ဘ၀ပြီးရတော့မယ်နဲ့ တူပါရဲ့။ ထမင်း တစ်လုတ် အပူခံစားရသာပါအေ။ ဘကြီးလည်း လုပ်နေသာ ပါပဲနှော ငါ့တူမ”

သည်တုန်းက ဘကြီးသာပိုကို မအိမ်ကံ သနားခဲ့ရသည်။ ကိုယ့်အိမ်က လှည်းကျမှ ကြာသကောရယ်လို့ လိုက်သွားတော့မှ ဘကြီး သာပို၏ အပူကို မအိမ်ကံ ကိုယ်တွေ့မြင်ခဲ့ရသည်။ သမီးကြီး မအိမ်မြိုင် ခမျာလည်း သည့်ထက် မလျော့သော အပူဖြင့် ဝေဒနာကို ပြင်းစွာ ခံစားနေရတာကို နှိုင်းယှဉ်ကြည့်မိ ခြင်းဖြစ်သည်။ သမီးခမျာ အပူတရှိန်ရှိန်၊ အငွေ့တချောင်းချောင်း။ မအိမ်ကံမှာလည်း မထူးပါ။ သမီးအတွက် ရတက် မအေးရပြီ။ မီးလှည့်ခံရသော လှည်းဘီးသံခွေနှင့် မခြား အပူကြီးရလေပြီ။

“ရတနာသုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် သမီးကလေး ဘေးမသီ ရန်မခ ပကတိ အေးမြပါစေတော့။ ပွဲကတော်ကြီး ပြောသလိုများ ရောဂါကြီး ဖြစ်နေလေမလား။ ဘယ်လို အကုသိုလ်ကများ ခေါင်းပေါ်တည့်တည့် ကျလာရသာပါ လိမ့်။ ရောဂါကြီးဆိုရင်တော့ ပျက်စီးရင် ပျက်စီး၊ မပျက်စီးရင် ရုပ်ရည် အဆင်းမလှ ဖြစ်တတ်သတဲ့။ ဘယ်ဟာကမှ မကောင်း နိုင်ပါလား။ ဘယ်သူကများ ကျောက်ပေါက်မာ ဗရပွနဲ့ မိန်းကလေးကို ရွာ့ကွမ်းတောင်ကိုင် ရွေးကြမှာတဲ့လဲ။ ညည်း မဖြစ်ဘဲ ငါ့သာဖြစ်လိုက်ပါတော့လားအေ”

မအိမ်ကံခမျာ အရူးလို လူးလှိမ့် ပစ်လိုက်ချင်စိတ်သာ ရှိနေတော့သည်။ သည်အနီးအနား ရွာတွေမှာ သည်ရောဂါ ဖြစ်နေသတဲ့ ဆိုတာ ကြားနေရရင်လည်း ထားပါတော့။ ဟိုရွာမှာ ဖြစ်လို့တဲ့၊ သည်ရွာမှာ ဖြစ်လို့တဲ့ဆိုလျှင်လည်း ကလေးရဲ့ ဘ၀ကံလို့ အောက်မေ့ရပါရဲ့။ ခုတော့ ကွင်းကြီး ကျယ်ပါလျက်နှင့် တစ်ပင်တည်း မိုးကြိုးပစ်ခံရသော ထန်းပင်လို ဖြစ်ရပြီ။

ညဥ့်နက်လာတော့ လေညင်းကလေး သုန်လာသည်။ မအိမ်ကံ အိပ်မပျော်နိုင်သေး။ မလှအုံကတော့ ခွေခွေကလေး အိပ်ပျော်နေသည်။ သူ့ခမျာ တစ်နေ့ခင်းလုံး၊ တစ်ညနေလုံး ဆရာ ပြေးပင့်ရ၊ ဆေးလူး ဆေးတိုက်ရ ပင်ပန်းလှပြီ။ အမေပန်းရုံ ခမျာလည်း မြေးဦးဆိုတော့ မအိမ်မြိုင်ကို ဂွမ်းပေါက်နှင့် တို့မတတ် ချစ်ရှာလွန်းသူမို့ မျက်ရည်များပင် ကျခဲ့ရှာပါ၏။ ဖြစ်ချင်တော့ သည်ရက်မှာမှ ကိုပြေသိမ်းကလည်း ကုန်ဝယ် ထွက်သွားခဲ့သည်။ မနက်ဖြန်တောင် ပြန်လာဖို့ မသေချာ။

“သည်ရောဂါက ကူးသယ်တဲ့။ အမေ့ကို ကူးစမ်းပလေ့စေ။ သမီးမှာ ရောဂါ တစ်မှုန် တစ်စ မကျန်ခဲ့ရင် တော်ပြီ။ ရေလိုကဲ့သို့ သွန်လို့ရရင် ဘယ် လောက်များ ကောင်းလိုက် မလဲ။ ရောဂါကို အမေကဲ့ ယူချင်စမ်းလှအေ။ ညည်းမလှ လို့ မဖြစ်ဘူး။ ညည်းအကျည်း တန်လို့ မဖြစ်ဘူး။ သည်တစ်ခါ အမေ ရင်အကျိုးမခံနိုင်ဘူး”

မအိမ်ကံခမျာ အေးမြသော လရောင်အောက်မှာ သူပါ ရောပူလောင်နေရ ရှာလေသည်။ ဒေါက်ဖိုပေတုံးပေါ်က မီးလှည့်သံကွေးကို တထန်းထန်းထုလိုက်တိုင်း မီးပွင့်တွေ စင်ထွက်နေကြသလို မအိမ်ကံသည်လည်း တွေးမိလေတိုင်း ရင်နှင့်အမျှ စိုးရိမ် ထိတ်လန့်မှု မီးပွင့်တွေ ကျည်ခနဲ ကျည်ခနဲ ထွက်နေခဲ့၏။ မလှအုံကတော့ မအိမ်မြိုင် အပူကြီးကြီး ဖျားသည်ဆိုတာနှင့်ပင် သူ့ဆေးမြီးတိုတွေ မထုတ်တော့ပါ။ သူတကာကို ယတြာလေး၊ ဂါထာလေးနှင့် သမားမပါ၊ ဆေး မပါ ကုသခဲ့တာမျိုးရှိခဲ့သော်လည်း မြေးတူမ ကလေး အတွက်တော့ ဆရာဆောင်ကို ပြေးပင့် ရှာပါ၏။ ဆရာဆောင်က တောင်ရွာ ကြွသွားသည်ဆိုလို့ ဖိုးကူးကို လှည်းနှင့်အကြို လွှတ်ရပြန်သည်။ ဖိုးကူးလာတော့ ဆရာဆောင် ပါလာခဲ့ပါ၏။ ဆရာဆောင်က ကလေးကို အပူစမ်းသည်။ သွေးစမ်းသည်။

ဆရာဆောင်ကတော့ ရေကျောက်၊ ပဲသီတာ၊ ဂျိုက်သိုး၊ ပေါက်ချင်လို့ ကိုယ်တွင်း အပူတွေ ကန်နေခြင်းဖြစ်ကြောင်းသာ ဆို၏။ ကျောက်ကြီးလို့ မပြောသဖြင့် စိတ်ကလေး အေးရသော်လည်း သုံးရက်လောက် စောင့်ကြည့်ရဦးမည် ဆိုပြန် တော့ တစ်ဖန် ပူရပြန်သည်။ ဆေးတစ်မျိုးကို ပုလင်းတစ်လုံးတွင် ကဲ့ထည့်စေလျက် လေလုံ ပိတ်ထားစေသည်။ ဆေးဘုရင် ဖြစ်၍ အစွမ်းထက်လှကြောင်း ပြောရင်း သူ့ပုလင်းထဲက ဆေးမှုန့်ကို သနပ်ခါးရေကျဲဖြင့် တစ်ကိုယ်လုံး လူးခိုင်းသည်။ အပူဝမ်းသွားခဲ့သော် ဆေးကို ကြက်တက်ရေနှင့် တိုက်၊ အပူမကျသော် ကံ့ကူဆံ သွေးရေနှင့် တိုက်၊ ငန်းဖမ်းလျှင် ဇာတိပ္ဖိုလ်သီးသွေးပြီး တိုက်လေဟု မှာကြားခဲ့သည်။

“အပူရောက်ထ များကြသသူ၊ တွေ့ရှိမူကား၊ ကံ့ကူဆရေ၊ ဆက်တိုက်ပေရှင့်၊ တစ်တွေတစ်ခန်း၊ ငန်းဖမ်းလေပြီး သီးဇာတိပ္ဖိုလ် ထည့်သို သွေးကျိုက် ဆေးနှင့်တိုက်က မုချ ချမ်းသာ လွတ်မည်သာဟု ဆိုတဲ့ အတိုင်း ဆေးကိုချင့်ပြီး တိုက်ရင် ပျောက်ပါသယ်။ ၀ဋ်နာကြီး၊ ကံနာကြီး မဟုတ်ပါဘူး။ သို့ပေသိ သုံးရက်လောက်တော့ စောင့်ကြည့်ရမှာပေါ့။ အခုဟာက အပူကြီးလွန်းတော့ ၀မ်းများ သွားတတ်သယ်။ ငန်းဖမ်း တတ်သယ်။ ဒါကြောင့် အပူငြိမ်းအောင် လိမ်းလည်း လိမ်း၊ ကံ့ကူဆံရေနဲ့လည်း ၀င်အောင်တိုက်”

မလှအုံက ကလေးကို ဆေးလူးပေးတိုင်း ရှင်ဗာကုလ မထေရ်ကဲ့သို့ ရောဂါစင် ပျောက်ချမ်းသာရောက်ဟု သုံးခါ ရွတ်ရှာသည်။ မအိမ်ကံကတော့ ဘုရားရှင်ကိုသာ တနေမိ သည်ပင်။ တရှိန်ရှိန် တညီးညီး လောင်မြိုက်နေသလို ပူနေတော့ ကလေးက ကယောင်ကတမ်းတွေ ပြောနေတာတွေ ရှိပါသည်။ ဘယ်သူ့ကိုမှ မမှတ်မိသလို မျက်လုံးရွဲကြီးများဖြင့် တစ်အိမ်လုံးကို လိုက်ကြည့်သည်။ ကလေးကို ကိုင်တော့ လက်တွေကပူ။ ပါးကလေးကို ကိုင်တော့ ပါးတွေက ပူ။ အပူကြီးရာက အတွင်းတက် တက်မှာ စိုးတော့ အမေပန်းရုံက ကလေးထိန်းပြီး ကျေးဥကို အစောင့်ခိုင်းသည်။

မအိမ်ကံကလည်း တစ်ဖ၀ါး မခွာဘဲ သမီး အရိပ်အကဲကိုသာ ဖမ်းနေရတော့သည်။ မအိမ်ကံက ကျောက်ကြီး ရောဂါများလားလို့ မေးတော့ ဆရာဆောင်က ၀ဋ်နာကြီး၊ ကံနာကြီး မဟုတ်ပါဘူးလို့တော့ ဆိုပါ၏။ အကယ် တည့်ဟုတ်ခဲ့သော်။ မလှအုံနှင့် အမေပန်းရုံတို့ကို စိတ်ထဲ စွဲထင်နေသည့် စိုးရိမ်မှုကို မပြောမဖြစ်တော့လည်း ပြောပြရ တော့သည်။ ပွဲကတော်ကြီး မှာလိုက်သည့် စကားများနှင့် ဆက်စပ်၍ ကိုယ်ပူပြင်းပုံ ပြင်းနည်းကလည်း ဟုတ်မှန် လောက်သည်ဖြစ်၍ ကျောက်ကြီး ဖြစ်နေလေမလား ပြောလိုက် ခြင်းဖြစ်သည်။

“မဟုတ်သာအေ။ သည်နားတစ်ကြော ဒါမျိုးဖြစ်သယ် မကြားဘူးပေါင်။ ဖွဟဲ့ ဥဿဖယားထိပ်ဖျား တံခွန်။ တို့ငယ် ငယ်က ရွာလုံးကျွတ်ဖြစ်လို့ ပြေးရသာတော် ပြေးလို့လည်း မလွတ်ပေါင်အေ။ အနာလုံးကြီးတွေရဲ့ ယိုသီးမှည့်မှည့်လာ ကြရာက မျက်နှာကြီး ဖူးဖူးထတော့သာ။ မြိုင်ကလေးက ရိုးရိုး ဖျားသာပါအေ။ ငါသိပါတယ်။ ရာသီကလည်း ပူသကောအေ။ ၀မ်းတွင်းနုံ့တဲ့သူ ထဖြစ်သာပေါ့”

လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

စိမ်း... said...

အပိုင်း(၁)
ယခင်လမှအဆက် ??
ဘာပဲပြောပြော အရေးအသားရော စိတ်ဝင်စားစရာဇာတ်လမ်းဇာတ်ကွက်ရော အရမ်းကောင်းနေတော့ အပိုင်း(၂)ကိုမျှော်နေမိပြီ။ :)

Sweet said...

ဆရာမခင်ခင်ထူးဧ။် မအိမ်ကံဝတ္ထု
http://www.shweamyutay.com/index.php?option=com_content&view=article&id=1563:oc-09-&catid=94:2008-06-08-19-57-14&Itemid=473

သိပ်ကြိုက်လို့  သွားသွားဖတ်ဖြစ်တဲ့ ၀တ္ထုလေးပါ။

reenoemann said...

[ဟုတ်တယ် sweet ရေ ကျနော်လည်း ကြိုက်လို့ တင်လာတာ
တော်တော်လေး ကြာနေပါပြီ။
ခုတောင် တော်တော် နောက်ကျနေပါသေးတယ်။
ခုလို လာဖတ်တဲ့ အတွက်ကျေးဇူးပါဗျာ

ခင်တဲ့
ရီနိုမာန်