January 6, 2013

ခဏတော့ ပြန်ရအုံးမယ်

ကိုယ်ခြေထောက်မှာ ဗွေပါမှန်း သတိထားခဲ့မိတာ တော်တော်ကြာပြီလို့ ဆိုရမယ်။ တစ်နေရာတည်းမှာ ကြာကြာမနေချင်တာကိုက ပင်ကိုဗီဇ ဖြစ်နေပြီ။ ၂၀၁၃ နှစ်သစ်ရဲ့ ပထမဆုံးရက်ကို ကြိုဆိုလိုက်ကြတာ ကိုယ်တို့တွေ မနက် ငါးနာရီကိုထိုးရော။ နှစ်သစ်မရောက်ခင် ရက်တွေကတည်းက ညညဆို အိပ်မပျော် ဖြစ်နေခဲ့တာ ရက်သတပတ်လောက် ရှိနေခဲ့တာ။ သတိမထားမခဲ့ဘူး။ ဒီလိုနဲ့ နှစ်သစ်ရဲ့ ပထမဆုံးရက်မှာပဲ ကိုယ်တို့တွေ မလေးရှားကို သွားလည်ခဲ့ကြတယ်။ စင်ကာပူနဲ့ မလေးရှား ( ဂျိုဟို) ကတော့ ကိုယ့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ ဗီဇာ တစ်ခါတင်ထားလိုက်ရင် သက်တမ်းတစ်နှစ်ရတယ်။ ဘယ်ရမလဲ ကိုယ်ကလည်း တန်အောင်ကို သွားတာ။ ဗီဇာကြေးကလည်း မြင့်သထက်မြင့်လာပြီးကိုး။ 

မလေးရှား ခဏခဏသွားလို့ အထင်လည်း မကြီးလိုက်နဲ့အုံး။ ကိုယ်က ပိုက်ဆံရှိလည်း သွားတယ်။ မရှိလည်း သွားတယ်။ လက်ထဲမှာ စင်ကာပူ ၁၀ လောက်ပဲ ရှိအုံး ကိုယ့်အတွက်က အဆင်ပြေတယ်။ ဒါကြောင့်လည်း ခဏခဏဆိုသလို သွားဖြစ်နေတာ။ ဒါကတော့ ၂၀၁၃ရဲ့ ပွဲဦးထွက် ခရီးလို့ ပြောလို့ရတယ်။ ဒုတိယခရီးအနေနဲ့ အခွင့်အရေးနှစ်ခု ကိုယ်ရခဲ့တယ်။ ရွေးချယ်ခွင့်က တစ်ခုပဲ ရှိတယ်။ နှစ်ခုကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့် မရှိခဲ့ဘူး။ ဒါပင်မဲ့ ကိုယ်ရွေးချယ်လိုက်တဲ့ တစ်ခုကတော့ မကောင်းဖြစ်နေစေအုံးတော့ ကိုယ် ကျေကျေနပ်နပ်ကို လက်ခံတယ်။ 

ရွေးချယ်စရာ အခွင့်အရေးနှစ်ခုက ဘာလဲဆိုတော့ တစ်ခုက အလုပ်ကိစ္စနဲ့ အင်းဒိုးနီးရှားကို တစ်လလောက်သွားရမယ်။ နောက်တစ်ခုကတော့ တစ်ရုတ်နှစ်ကူးမှာ ကိုယ် အမေ့ဆီကို ခွင့်၁၀ရက်နဲ့ ပြန်ရမယ်။ ကိုယ်ပြန်မဲ့ ခွင့်၁၀ရက်က အလုပ်ကိစ္စတစ်လအတွင်းထဲမှာ ညှိနေတယ်။ ရွေးဖို့တစ်လမ်းပဲ ရှိတယ်။ ကိုယ် ဘာလုပ်ရမလဲ။ ကိုယ်ဘာလုပ်သင့်လဲ။ ကိုယ့်အနေနဲ့ အလုပ်ဖက်ကို သွေးတိုးစမ်းကြည့်သေးတယ်။ ရလာတဲ့ အဖြေက ဓါးသွားပေါ်မှာ လက်လျှောက်ရမဲ့ အဖြစ်။ ဒါနဲ့ ကိုယ်လည်း ဒုတိယ ခရီးစဉ်ကိုပဲ ရွေးလိုက်တယ်။ ဒုတိယ ခရီးစဉ်အတွက် ဒုတိယလမ်းကြောင်းကို ကိုယ်ရွေးလိုက်တဲ့ အချိန်မှာပဲ ကိုယ့်ရဲ့စိတ်တွေ လွတ်လပ်ပေါ့ပါးသွားရသလို ခံစားလိုက်ရတယ်။ ဘာကြောင့်လဲ....။ ကိုယ်ချစ်တဲ့ ကိုယ့်အမေရင်ခွင်ထဲမှာ တစ်ပတ်လောက်ပဲ နေရစေအုံးတော့ ကိုယ်ကျေနပ်တယ်။ အရာရာနဲ့ ကိုယ် လဲနိုင်တယ်။

ကိုယ် အင်းဒိုကိုသာ သွားခဲ့မယ်ဆိုရင် ဘာသုံးသုံး ဘာစားစား ဘယ်သွားသွား အလကားမတ်တင်းနဲ့ သွားရမှာ။ ခုတော့ မြန်မာပြည်ကို ပြန်ဖို့ ကိုယ်လက်မှတ်တွေ ဝယ်နေရပြီ။ ဟိုရောက်ရင် သုံးဖို့ ကိုယ်ပိုက်ဆံတွေ စုနေရပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်ပျော်ပါတယ်။ မြန်မာပြည်မှာ မနေချင်တာ မှန်းပင်မဲ့ မြန်မာပြည်ကို ကိုယ်ချစ်ပါတယ်။ မြန်မာပြည်ကို ချစ်တာထက် မြန်မာပြည်အတွင်းထဲမှာ ရှိတဲ့ ကိုယ်တို့ အိမ်လေးကို ကိုယ်အရမ်းခင်တွယ် မက်မောတယ်။ အဲဒီ အိမ်လေးကိုရောက်ရင် ကိုယ့်ချစ်တဲ့ အမေရှိမယ်။ ကိုယ်ချစ်တဲ့ ညီမလေးနဲ့ ကိုယ့်အကိုကမွေးတဲ့ တူလေးတစ်ယောက်ရှိမယ်။ ကိုယ်အိမ်ပတ်ဝန်းကျင်မှာ ရိုးသားတဲ့ ကရင်တိုင်းရင်သားမိသားစု အိမ်လေးတွေ ရှိမယ်။ ကိုယ်အိမ်ပြန်ရောက်နေမှန်း သိရင် ပကာသနမပါတဲ့ အသံကျယ်ကျယ်လောင်လောင်နဲ့ လှမ်းနှုတ်ဆက်ကြမယ်။ ပြီးရင် ငရုတ်သီးစိမ်းတွေထောင်းထည့်၊ ပြုတ်ထားတဲ့ ငါးသေးသေးလေးတွေကို ထည့်ထားတဲ့ ငပိရည်နဲ့ ကိုယ့်ကို ထမင်းခေါ်ကျွေးမဲ့ ရိုးသားတဲ့ ကရင်မိသားစုကိုလည်း ကိုယ်ချစ်တယ်။

ပြီခဲ့တဲ့ ၂၀၁၂ကတော့ ကိုယ်တစ်လ ခွင့်ရခဲ့လို့ ပြန်ခဲ့ရပြီးပြီ။ ဒီနှစ်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ရတာ။ အသွားအပြန် ၁၀ ရက်ဆိုတော့ အိမ်မှာ နေရမဲ့ရက်က ၇ ရက်လောက်ပဲရှိတယ်။ ဒီကြားထဲ ကိုယ်က ကျိုက်ထီးရိုး ဘုရားဖူးချင်သေးတာ ဆိုတော့ အချိန်က အနောက်က ကျားလိုက် သလို ဖြစ်မှာတော့ မြင်ယောင် ပါသေးတယ်။ ဒါပင်မဲ့ မတက်နိုင်ဘူး။ ကိုယ်ချစ်တဲ့ အမေ့ရင်ခွင်ထဲမှာ တစ်ရက်ပဲရရ၊ နှစ်ရက်ပဲ ရရ ကိုယ်နေချင်သေးတယ်။ နောက်လ ဒီလိုနေ့ရက် ဒီလိုအချိန်( မြန်မာပြည်အချိန်) ဆိုရင် ကိုယ်က အမေ့ဆီကို ရောက်ရှိနေမယ်ဆိုတာ သေချာသွားပါပြီ။

လေးစားစွာဖြင့်
ရီနိုမာန်