November 30, 2009

မအိမ်ကံ ( For Dec အပိုင်း - ၂)

မအိမ်မြိုင် ကွမ်းတောင်ကိုင် ဖြစ်ရမည့် အရေး ပြောကြဆို ကြတုန်းကများ ကျေးဥပင် အံ့သြခဲ့ရသည်။ ကိုယ်တိုင်မဖြစ် လိုက်ရသည့် ကွမ်းတောင်ကိုင် ဘ၀၊ သမီးကျရင် ဖြစ်စေရမည် ဆိုတာကို ကျေးဥအပြစ် မပြောချင်ပါ။ သို့သော် စိတ်ကကြီး လွန်းလှတာကိုတော့ ကျေးဥ လက်မခံချင်။ မဖြစ်ရတော့ကော ဘာဖြစ်တုံး ဆိုတာမျိုး မရှိ။ ကွမ်းတောင် မကိုင်ရတာနဲ့ပဲ လူဖြစ် ရှုံးရရောလား။ ရွာထဲမှာ ကွမ်းတောင် ကိုင်ရတဲ့ အပျိုချောက တစ်ယောက်တည်း။ မကိုင်ရတာတွေက တစ်အုပ် တစ်မ။ ဘယ်သူမှ ခံစား မနေကြ။ ဘယ်သူမှ ပူဆွေး မနေကြ။ ရွာထဲက သူငယ်ချင်းမ အေးဆုံ ပြောသလို “ကွမ်းတောင် မကိုင်ရလည်း လင်တော့ ရသာပါ ပဲအေ။ ငါဖြင့် ကလေး ခြောက်ယောက်နဲ့ ဖတ်သီကို လိုက်လို့” ဆိုသည့် စကားကိုပင် သတိရမိသေးသည်။ ကျေးဥနှင့် မအိမ်ကံ ကွမ်းတောင်ကိုင် ကိစ္စ အိမ်ကြီးပေါ်မှာ ပြောကြတော့ မလှအုံ အနားတွင် အိပ်နေခဲ့သည်။ မလှအုံက သူတို့နှစ်ယောက် ပြောတာကို အကုန်ကြားသည်။ နောက်တစ်နေ့မှာပဲ ချွေးမ ဖြစ်သူ ကျေးဥကို မေးတော့သည်။ ကျေးဥကလည်း မှန်ရာကို ပြောလိုက်သည်သာ။ ထိုစဉ်က အမေ လှအုံကပင် ပြောခဲ့သေးသည်။

“ငါလည်း နားကြား ဆိုတော့ အံ့လည်း အံ့သြမိသယ်။ ငန်းဖွဲ့တော့မှ လယ်ကျယ်မှန်း သိရသာကိုးအေ့။ တမာလည်းနု ကျေးလည်းဥ၊ တမာလည်းသီး ကျေးလည်းကြီး၊ တမာလည်းရင့် ကျေးလည်း လွင့်ရမယ့်ဟာ သူ့မှာ မလွင့်နိုင်ဘူး။ ပထမတော့ ရီးပန်းရုံကို ပြောဦးမလို့ပဲ။ ခမျာ စိတ်ဆင်းရဲ သွားရှာမှာ စိုးသာနဲ့ပဲ မပြောတော့ပါဘူး။ ကိုယ့်စိတ်ထဲ ကိုယ်ပဲ ထားလိုက် ပါတော့မယ်။ နောင်များ မအိမ်ကံကို ညည်းမပြောနဲ့ သမီး။ အမေ ပြောမယ်။ မအိမ်ကံကို ညည်းမတိုးနိုင်ဘူး”


အမေ လှအုံလည်း ဆုံးရှာပြီ။ မအိမ်ကံကို ပြောသွားနိုင်ခဲ့ပုံ မရ။ ပြောလို့လည်း ရမည် မထင်။ မအိမ်ကံကို ညည်းမတိုး နိုင်ဘူး ဆိုပေသိ အမေလှအုံ ကိုယ်တိုင်လည်း မတိုးနိုင်တာ ကျေးဥ သိပါ၏။ သမီး စိတ္တဇက ကြီးသည့်ကြားထဲ သေကွဲတွေ နှင့် ကြုံရသည်။ ရှင်ကွဲတွေနှင့် ကြုံရသည်။ သည်တော့လည်း မအိမ်ကံ ရင်ထုမနာ ဖြစ်ရှာတာ အပြစ် မတင်ချင်။ ခင်ပုပ်လည်းပျံ ဘုတ်လည်းပျံ ဘ၀တွေ ဆိုတော့ ငယ်က ပေါင်းခဲ့သည့် သူငယ်ချင်းကောင်းယောက်မကို ကပ်ဖဲ့ မတိုက်တာ အကောင်းဆုံးလို့သာ ကျေးဥ ခံယူခဲ့သည်။

အခုတော့ မအိမ်ကံတို့ အိမ်ကြီး ဆူဆူဝေေ၀ မရှိတော့။ အိမ်ဦးခန်းမှာ ထိုင်ပြီး အကြောင်း အကျိုးအကောင်း အဆိုးကို ဝေဖန်ပိုင်းခြား ပေးတတ်သည့် အမေ ပန်းရုံလည်း ငုတ်တုတ် မည်းတည်း မရှိရှာတော့ပြီ။ အမေ့ ဆေးတောင်းကလေးကို မြင်တိုင်း ရင်လှိုက်ရ လွန်းသဖြင့် အိမ် အပေါ်ထပ်က အခန်းထဲ သိမ်းထားခဲ့ရသည်။ မလှအုံ မရှိတော့သဖြင့် ခါတိုင်းလို အိမ်မှာ သောသောညံညံ ဗျစ်တောက်ဗျစ်တောက် မရှိတာကပင် ခြောက်ကပ် သွားသလို ခံစားရသည်။ မုဆိုးဖို ကိုဖိုးငွေကတော့ လူအေးသလောက် ရိုးရှာ လွန်းသဖြင့် သနားရပါ၏။ ရက်ကန်း ရုံကလေးဘက်ရောက်တော့လည်း အရီးကြာညွန့်ကို သတိရ မိရပြန်သည်။ တူဝရီးနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ရက်ကန်း အဆင် ဆန်းကလေးတွေ အကွက်အသွေး ဖော်ခဲ့ကြပုံ တွေ။ သည်လူသည် လူတွေရဲ့ နေရာမှာ မအိမ်ကံ ကိုယ်တိုင် ထဘီ ခါးစောင်း တင်ခဲ့ရပြီ။ မီးဖိုချောင်ကို ကျေးဥ ၀င်ရပြီ။

တောက်တို မယ်ရကလေးတွေအတွက်တော့ ရက်ကန်းသမထဲ က အေးငြိမ်ကို ခေါ်ထားလိုက်သည်။ အေးငြိမ်က ရက်ကန်းရုံလည်း ၀င်နိုင်သည်။ အိမ့်ဗာဟီရမှာလည်း မျက်နှာလွှဲရသူ ကလေးဆိုတော့ အားကိုးရပါ၏။ တောအလုပ်၊ အခင်း အလုပ်တွေကို ဖိုးတုတ်နှင့် ကျေးဥတို့ လင်မယားက တက်ကစီးရှိ ကြသည်။ ဖိုးကူးကတော့ အိမ်မှာ ဂျိုကာရုပ် ဖြစ်ရပါပြီ။ ငယ်စဉ်ကတည်းက မအိမ်ကံ၏ လက်က သုံးတောင်ဝှေး ပီပီ မအိမ်ကံ အထူး အားကိုးရသူလည်း ဖြစ်လာသည်။ လူပျိုသိုးကြီး ပီပီ အပူမရှိ အပင်မရှိ နောက်ဆံ ငင်စရာလည်း မရှိ။ မအိမ်ကံကိုလည်း အင်မတန် ချစ်ရှာသည်။
မအိမ်ကံ ပြန်စဉ်းစားကြည့်တော့ သည်အိမ်ကြီးမှာ သွေးသား ရင်းချာရယ်လို့ မအိမ်ကံနှင့် သမီးငယ်ခိုင်သာ ရှိတော့သည်။ သည်လို အတွေး ရောက်သွားလေတိုင်း မအိမ်ကံ အူချာ ပေါက်အောင် ရူးချင်လာမိခဲ့၏။ သူကြီးမင်း ဦးသာထန်နှင့် အမေ ပန်းရုံတို့ သမီး ခင်ပွန်းက မအိမ်ကံ တစ်ယောက်တည်း မွေးခဲ့သည်။ အသက်ကြီးမှ ပွားစီးရသောသမီးမို့ တုန်နေအောင် ချစ်ခဲ့ကြသည်။ သမီးကလည်း သမီး ဆိုရလောက်အောင် ချောမောလှသူမို့ တစ်ရွာလုံး၊ တစ်နယ်လုံးက သူကြီး သမီး ရုပ်ကလည်း ချောသဟဲ့၊ အသံကလည်း လွင်သဟဲ့၊ လက်ကလည်း ပါသဟဲ့၊ စိတ်ကလည်း နူးညံ့သဟဲ့ ဆိုကြသည် အထိ မျက်နှာ ပန်းပွင့်ခဲ့သည်။

“ကျေးဥရယ် နှစ်ပေါင်းလေးဆယ် ဆိုသာ ခဏကလေး လိုပဲနော်။ ကနေ့ မအိမ်ကံ အသက် လေးဆယ်ပြည့်သယ်။ သည်အနှစ် လေးဆယ်ထဲမှာ အဖြစ်အပျက်တွေက များလိုက်သာ ၀မ်းသာစရာတွေလည်း ပါရဲ့၊ ၀မ်းနည်းစရာတွေလည်း ပါရဲ့၊ ကြောက်စရာတွေလည်း ပါရဲ့၊ ရင်မောစရာတွေလည်း ပါရဲ့ ဘ၀တွေများ တွေးကြည့်ရင် အံ့သြစရာ။ သည်မိသည်ဘနဲ့ တစ်သက်လုံး နေခဲ့ရမယ်လို့ ထင်ခဲ့သယ်။

သည်အရွယ် ရောက်မှ တွေးကြည့်တော့လည်း ရေကြည်လည်း သောက်ရ၊ ရေ နောက်လည်း သောက်ခဲ့ရသလိုပါပဲအေ”

သည်မနက်ပဲ ကျေးဥကို ပြောမိသေးသည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ် သည်လိုရက်မှာ မအိမ်ကံကို အမေ မွေးခဲ့သည်။ တပို့တွဲ လကြီး ချမ်းချမ်းစီးစီး။ မအိမ်ကံ အိမ်ပေါ်တက်ကာ ဇာတာခြင်းထဲက ဇာတာကို သွားယူသည်။ မအိမ်ကံ ငယ်ငယ်ကတည်းက ထိုင်နေကျ ၀ရန်တာ ကလေးဘက် ထွက်ပြီး ဇာတာကို ပြန်ဖတ်သည်။ သည်ဇာတာကလည်း မအိမ်ကံ နှင့် အတူ ရှိလာတာဆိုတော့ နှစ်ပေါင်း လေးဆယ်ပေါ့။ ဇာတာ ပေရွက်ကလေးပင် ရေနံချေးရောင် ပေါက်နေခဲ့ပြီ။

“ဇေယျတု ၅၀၂၁ သကရဇ် ဒီဃ ၁၂၈၂ ခုနှစ် <ကင် ၁၉၄ သူရိယကံ ဝေါဟာရမာသ တပိုတွဲလ္ဆုတ် ၁၂ ရက် ၁ နေ ညစက် ၉ နြီာ၊ မြမ္မာ ၄ ချတ္တီးအချိန်နြီာ ပတ်ပြိ ၉ ဗီဇနာ ရပြံ ၉ ခရာ ကံလဂ်မိန်စမ်း သနွေင်္ ဟောရက် ၅ တြင် ၅ န၀င်လက္စီ နက္ခတ် ၁၂ လုံ ၃ ပတ် ၅၂ လိတ္တာ တက် လက္စီ လျက် ထိုနြီာ၏ တိသမရနက္ခတ်ကား မိကသီ ဒုတိယပတ် တိမတ်သောအခါ ရတနာသုံးပါး ဦးထိတ္တင်၍ သမီးရတနာ ဖွားသည် နာမံ မအိမ်ကံ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော်” ရွာဦး ဆရာတော်ကြီး ဖွဲ့ပေးခဲ့သည်ဆိုသော ဇာတာကို တစ်လုံးချင်း ဖတ်နေမိသည်။ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော် (ပြည့်စေသော်)တဲ့။ အသက် တစ်ရာ့ နှစ်ဆယ်သာ နေရမည်ဆိုလျှင် နောက်ထပ် အသက် ရှစ်ဆယ်နေရဦးမှာတဲ့ လား။ လူတွေအသက် တစ်ရာ့နှစ်ဆယ် အထိ ရှည်ကြလို့လား။ အသက် လေးဆယ်မှာပင် မအိမ်ကံ အတွက် ၀န်တွေ ပိလှပြီ။ အပူတွေ ရွက်ခဲ့ရပြီ။ ကိုယ့်ကိစ္စ ပါသလို သူတစ်ပါး ကိစ္စမှာလည်း ရောယောင် ပါနေခဲ့ရသည်။ အနှစ်လေးဆယ်စာ ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်များကြောင့် နောက်ထပ်အနှစ် ရှစ်ဆယ်လည်း ထပ်ပြီး အသက်မရှည် လိုတော့ပြီ။ တစ်ဖက်က တွေးပြန်တော့ မအိမ်ကံ အဖို့ရာ ကံကောင်းသည်လို့ ဆိုရမည် ထင်၏။ မျိုးကြီး ရိုးကြီးထဲမှာ ၀င်စားခဲ့သည်။ မိကောင်း ဖကောင်းတို့၏ သမီး ဖြစ်ရသည်။ အိမ့်ဝမ်းစာမ ကြောင့်ကြရသည့် အရိပ်မှာ ခိုခွင့်ရခဲ့သည်။ မိဘကို ချစ်သည့် အချစ်၊ လင်သားကို ချစ်ရသည့် အချစ်၊ သားသမီးကို ချစ်ရသည့် အချစ်။ အချစ် သုံးမျိုးစလုံး မအိမ်ကံ ရယူ ခံစားနိုင်ခွင့် ရှိခဲ့သည်။ မအိမ်ကံကို မွေးဖွား ပေးခဲ့သော လက်သည် အမေ ကြီးရိုးပုံကပင် မအေက ဥပဓိသမ္ပတ္တိဖြစ်မှ မွေးမယ့် ကလေးက ဥပဓိသမ္ပတ္တိ ဖြစ်ရတယ်ဟု ပြောကြောင်း အမေပန်းရုံက ပြောဖူးသည်။ မအိမ်ကံကို ကိုယ်ဝန် ဆောင်စဉ်က အမေ့ခမျာ ငှက်ပျောအူ နုနုကလေးတွေ တဂျွမ်းဂျွမ်း ကိုက်စားချင်ခဲ့သတဲ့။ လပြည့်ကျော် ၁၄ ရက်ဖွားဆိုရင်တော့ အဆင်းရော အချင်းပါ လှမတဲ့။ အစ်ကို မောင်မြတ်သာက နှမကလေး လိုချင်တာ မြန်မြန်မွေးကြတော့ဗျာလို့ ပြောသတဲ့။ တကယ် မွေးတော့ တပို့တွဲလပြည့်ကျော် ၁၂ ရက်နေ့။ “ညည်းတို့ သမီးက တနင်္ဂနွေ သမီးဆိုတော့ ကျက်သရေ ဦးခေါင်းမှာ တည်သယ်။ ခေါင်းကို သန့်အောင်ထား။ မင်း မိဖုရားဂြိုဟ်နဲ့ ယှဉ်မွေးသဲ့ မိန်းမဟဲ့။ လပြည့်ကျော်ဆယ့်နှစ် ရက်ဖွားဆိုတော့ ကြွယ်ပိုးကြွယ်ဝ ရှိလိမ့်မယ်။ ကောင်းလိုက်တဲ့ ဇာတာ ညည်းတို့ စောင့်ကြည့်ပါအေ။ မင်းကတော် မဖြစ်တော့ပြော” အမေကြီး ရိုးပုံ ပြောခဲ့သည့် စကားတွေ မှန်ကြောင်း မလှအုံက မကြာခဏ ပြောတတ်လို့ မအိမ်ကံ အလွတ် ရနေခဲ့သည်။ မအိမ်ကံ မွေးသည့်ညက ထူးထူးခြားခြား အနောက်ရမ်း လေကြီး တိုက်ခဲ့သည်။ ၀င်းခနဲ ပြက်လိုက်သော လျှပ်စစ်မိုးကြိုး တစ်ချက်ကြောင့် ပဲမှော် တိုက်ကြီးတောင် သိမ့်ခနဲ ခါသွားခဲ့သည်။ အိမ်ခေါင်းရင်းမှာ နှစ်နှင့်ချီကာ အပွင့် မြုံနေသော ဆပ်သွားဖူးရုံ ကြီးကလည်း မအိမ်ကံ မွေးသည့် ရက်မှ အဖူးတွေ ထိုးခဲ့သည်။ ဘုန်းကြီး ကျောင်းရိပ်က ရေကန်ကြီးပင် ပြည့်သွားအောင် မိုးကြီး တစ်မရွာခဲ့သည်။ မအိမ်ကံ အာရုံတွေထဲမှာ မအိမ်ကံ မွေးခဲ့သည့် နှစ်ပေါင်း လေးဆယ်က အဖြစ်အပျက်တွေ ဖျန်းခနဲ ဖျန်းခနဲ ပေါ်နေခဲ့လေ၏။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ ရွှေအမြုတေမှ ဖေါ်ပြခြင်းဖြစ်ပါသည်။



November 28, 2009

စိတ်ထောင်း ကိုယ်ကျေ

ဒီခေါင်းစဉ်လေးနဲ့ ပတ်သက်ပြီး သင့်ဘယ်လိုများ အဓိပ္ပာယ်ဖွင့်မလဲတော့ ကျွန်ုပ်သိနိုင်မှာ မဟုတ်ဘူး။ ကျွန်ုပ်နားလည်မိသလောက်တော့ ပြောချင်မိတယ်။ လူရယ်လိုဖြစ်လာရင် တစ်ခုမဟုတ်တစ်ခုတော့ အလုပ်လုပ်နေရမှာပါ။ အလုပ်လုပ်တဲ့နေရာမှာလည်း နေရာနှစ်မျိုးရှိပါတယ်။ ပထမက ခွန်အားကိုသုံးပြီး အလုပ်လုပ်ရတဲ့ အလုပ်၊ နောက်တစ်ခုက ဦးနှောက်ကို အသုံးပြုပြီး လုပ်ရတဲ့ အလုပ်ဆိုပြီး ကျွန်ုပ်နားလည်ထားပါတယ်။

အလုပ်လုပ်နေတဲ့ လူတိုင်းမှာ အခက်အခဲ ဒုက္ခမျိုးမျိုး ကြုံတွေ့ရမှာပါ။ ဒီလိုကြုံတွေ့ လာရပြီဆိုရင်တော့ ပုထုဇဉ်ဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ခံနိုင်ရည်ရှိဖို့ လိုအပ်လာပါပြီ။ ခံနိုင်ရည်ရှိဖို့ ဆိုတဲ့ နေရာမှာ အဓိက ကျွန်ုပ်ကတော့ စိတ်ကိုပဲပြောချင်ပါတယ်။ စိတ်ဆိုတဲ့ အရာက ဦးဆောင်နေလို့လဲ ခုကျွန်ုပ်တို့ ဟာ အသက်ရှင်နေထိုင်နေရတာပါပဲ။ အကယ်၍များ စိတ်ဆိုတဲ့ အရာကြီးသာ မရှိခဲ့ဘူးဆိုရင် ကျွန်ုပ်ဆိုတာ ဖြစ်လာနိုင် စရာ အကြောင်းမရှိပါဘူး။


စိတ်ဆိုတဲ့ အကြောင်းအရာကို ကျွန်ုပ်တွေးမိတဲ့ အချိန်မှာ စကားလုံးလေး တစ်လုံးကိုလည်း တပြိုင်နက်တည်း စဉ်းစားလိုက်မိတယ်။ စိတ်ထောင်း ကိုယ်ကျေ ဆိုတာ ဘာကိုပြောတာလဲ.............
ဒီနေရာမှာ ကျွန်ုပ်တစ်ခုတော့ ပြောချင်မိတယ်။ သိလို့ တက်လို့ ပြောနေရေးနေတာ မဟုတ်ဘူး။ စဉ်းစားမိတာလေးကို နားလည်သလို့ စာဖတ်သူအနေနဲ့ နားလည်အောင် ရေးနေမိချင်ဖြစ်တယ်။ စာဖတ်သူ တစ်ယောက် အနေနဲ့လည်း ကိုယ်ထင်မြင်ချက်ကို လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါတယ်။

သိတက်စ ကလေး ( ၅နှစ်အရွယ်)ကို အရင်ကြည့်လိုက်ကြရအောင်။ ကျောင်းစတက်နေပြီဖြစ်တဲ့ ကလေးငယ်တစ်ယောက်ဟာ သူ့လိုချင်တာကို မိဘဆီမှာ ပူဆာမယ်။ ပူဆာလို့မှ မရရင် ငိုမယ်။ အဲဒီနှစ်ခုကိုကြည့်ခြင်းအားဖြင့် ကလေးငယ်က သူ့ရဲ့ မသိစိတ်နဲ့ စိတ်ကိုစေခိုင်းစေတယ်။ စိတ်ကိုစေခိုင်းလို့ မအောင်မြင်တော့ သူ့ရဲ့ခွန်အားဖြစ်တဲ့ ငိုကြွေးခြင်းကို ပြုလုပ်ပြီးထပ်ခိုင်းတယ်။ ဒါကိုနားလည်တဲ့ မိဘက သဘောပေါက်ရင် ကလေးငယ်အတွက် စိတ်ထောင်း ကိုယ်ကျေ ဆိုတဲ့ အဆင့်ကို မရောက်နိုင်တော့ဘူး။

နောက်တစ်ခုက အိမ်ထောင်သည်ဘဝကို ကြည့်လိုက်ရင်လည်း တူတူပါပဲ။ အိမ်ထောင်ဦးစီဖြစ်တဲ့ လင်ယောက်ျားက ပင်ပင်ပန်းပန်း ( ပိုက်ဆံကို ခွန်အားနဲ့ ရှာနေရတဲ့ လူ) အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ အချိန်မှာ မိန်းမဖြစ်တဲ့ မယားက ပွစိပွစိနဲ့ စိတ်ညစ်အောင် ထပ်ပြီးပြုလုပ်မယ်ဆိုရင် ဒီအိမ်ထောင်ရေးမှာ အဆင်ပြေမှာ မဟုတ်သလို မယားလုပ်တဲ့ မိန်းမကလည်း မယားဝတ္တရားငါးပါး မပျက်မကွက် လုပ်ဆောင်ပေးနေပါလျှက် ယောက်ျားလုပ်တဲ့ သူကလည်း လင့်ဝတ္တရားအတိုင်း ကောင်းကောင်းမွန်မွန် မထားနိုင်ခဲ့ဘူးဆိုရင်တော့ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်လာနိုင်စရာမရှိပါဘူး။ ဒါကြောင့်လည်း အိမ်ထောင်တစ်ခုမှာ နားလည်မှုဟာ အလွန့်ကိုအရေးကြီးတဲ့ လိုအပ်ချက် ဖြေရှင်းနည်း တစ်ခုပါပဲ။

နောက်တစ်ခုက HIV ရောဂါသည် တစ်ယောက်( ဥပမာ - ကျနော်ဆိုပါစို့) ဒီရောဂါရှိနေပြီလို့ သိလိုက်ရတဲ့ အချိန်မှာ တော်တော်လေးကို စိတ်ဆင်းရဲခဲ့ရတယ်။ ဟာ... ငါသေရတော့မှာပါလားဆိုတဲ့ စိတ်နဲ့ မစားနိုင် မသောက်နိုင်၊ ဟိုလူနဲ့ မတွေ့ရဲ ၊ ဒီလူနဲ့ မတွေ့ရဲ ဘဝမှာ ငါဘာလုပ်သင့်သလဲ ဆိုတဲ့ အတွေးမျိုး ဝင်လာတယ်။ အသက်ရှင်ဖို့ရက်က ရည်တွက်လို့ရနေပြီ။ စိတ်ဓာတ်တွေကျ မလုပ်ချင် မကိုင်ချင် ဖြစ်နေတဲ့ ကျနော့်ရဲ့ စိတ်ကို ငါစိတ်ဆင်းရဲနေမယ့်အစား ဒီရောဂါကိုမေ့ထားပြီ လုပ်သင့်လုပ်ထိုက်တာတွေကို အကောင်းဆုံးဖြစ်အောင်ဆိုတဲ့ စိတ်ကို Control ကောင်းကောင်းပေးနိုင်ခဲ့မယ်ဆိုရင် စိတ်ထောင်း ကိုယ်ကျေ ဆိုတဲ့ စကားကို ဂရုစိုက်စရာ မလိုပါဘူး။ လူ့ဘဝသက်တမ်းကိုလည်း ပြည့်ပြည့်ဝဝ ခံစားနေထိုင်သွားရမှာပါ။

ခုလိုတိုင်းတစ်ပါးမှာ လာပြီးအလုပ်လုပ်ကျောင်းတက်နေကြတဲ့ ညီငယ်၊ ညီမငယ်၊ ညီအကို မောင်နှမများ အားလုံးလည်း စိတ်ထောင်း ကိုယ်ကျေမဖြစ်ဖို့ အရေးကြီးပါတယ်။ ခွန်အားနှင့် အလုပ်လုပ်တဲ့ လူတွေက စိတ်ကို ပင်ပန်းအောင် မလုပ်မိစေဖို့နဲ့ ဦးနှောက်နဲ့ အလုပ်လုပ်တဲ့ လူတွေကလည်း ခွန်အားတွေ မဆုံးရှုံးသွားစေရန် ဂရုပြုသင့်ပါတယ်။

နောက်ဆုံးကျွန်ုပ်ပြောချင်တာကတော့ လူကောစိတ်ကော ပြိုင်တူ အပင်ပန်းမခံမိစေဖို့ အကြံပေးချင်ပါတယ်။ အကယ်၍များ သင်သည် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေခဲ့မယ်ဆိုလျှင် ကျွန်ုပ်ခုနက ပြောခဲ့တဲ့ လင်မယားနှစ်ယောက်ရဲ့ နားလည်မှုလေးကို ယူသုံးပြီ တစ်ခုခုတော့ ရှော့လိုက်ပါက စိတ်ထောင်း ကိုယ်ကျေဆိုတဲ့ စကားလုံးက သင့်နှင့် ခက်ဝေးဝေးမှာ ရှိနေမှာပါပဲ.......


လေးစားစွာဖြင့်
ရီနိုမာန်

November 25, 2009

လွမ်းချင်း

ရင်ထဲမှာ ငိုချင်သလို့ ခံစားနေရတယ်
ဘာများဖြစ်တာပါလိမ့်
ကော်ဖီသောက်တာ များသွားလို့လာပေါ့
ငါ့ရင်ထဲမှာလဲ ဘာမှ မခံစားရပါဘူး

ဘာများပါလိမ့် လို့စဉ်းစားနေရင်း
အမေ့ကို သတိရသွားတယ်
အမေ နေမှ ကောင်းပါစ
အမေ ငါ့ကိုများ လွမ်းလို့ တမ်းတနေတာများလား

ဘာတွေလဲကွာ ငိုချင်လိုက်တာ......
ပြောရင်းနဲ့ မျက်ရည်ကျလာပြီ
မျက်ရည်ကျရင်းနဲ့ စကားတွေပြောနေမိတယ်

အမေ့ကို လွမ်းလို့ကျတဲ့ မျက်ရည်တွေပါ
အမေ့ကြောင့် ကျနော် အသက်ရှင်နေရတာပါ
အမေ့ ဆီ သားတစ်နေ့ ပြန်လာခဲ့မယ်နော်
အမေနဲ့ သား အတူတူ နေမယ်နော် . အမေ...

လေးစားလျှက်
ရီနိုမာန်

မအိမ်ကံ ( For Dec အပိုင်း - ၁)


ယခင်လမှ အဆက်
၃၂။
“ဗုဒ္ဓေါစ မင်္ဂလာ လောကေ ဗုဒ္ဓေမင်္ဂလ မာဂမ္မသဗ္ဗ အန္တရာယာ ၀ိနသန္တု။ ဓမ္မောစ မင်္ဂလောလောကေ ဓမ္မ မင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယာ ၀ိနသန္တု။ သံဃောစ မင်္ဂလော လောကေ သံဃမင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယော ၀ိနသန္တု။ လောကေ လောက၌ ဗုဒ္ဓေါစ မြတ်စွာဘုရားသည် မင်္ဂလော မင်္ဂလာရှိပါ ပေ၏။ လောကေ လောက၌ ဓမ္မော တရားတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။လောကေ လောက၌ သံဃောစ သံဃာတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။ သည် မင်္ဂလာသုံးပါးကို အာဂမ္မအကြောင်း ပြု၍ သဗ္စအန္တရာယာ အလုံးစုံသော အန္တရာယ်တို့သည် (၀ါ) အလုံးစုံသော မကောင်းမှုတို့သည် ၀ိနဿန္တု ကင်းစင်ပပျောက်ကြရတယ်။ အဲသလို မှုတ်လား ဒကာမကြီး”

“တင်ပါ့ ဘုရား”

“တစ်ခါမှ မြတ်စွာဘုရားက ဟောတော်မူသယ်။ သတ္တ၀ါတွေဟာ အလိုမရှိအပ်၊ မနှစ်သက်အပ် မမြတ်နိုးအပ်တဲ့ တရားတွေ ဆုတ်ယုတ်ရင် ဘယ်လောက်ကောင်းမလဲ။ အလိုရှိအပ်၊ နှစ်သက်မြတ်နိုးအပ်တဲ့ တရားတွေချည်းရှိနေရင် ဘယ်လောက်ကောင်းမလဲလို့ တွေးကြတယ်တဲ့။ ကောင်းတာတွေချည်း အလိုမရှိဘူးဘား ဒကာမကြီး”

“အလိုရှိပါတယ် ဘုရား”

မကောင်းတွေချည်း ကျတော့ကောလိုချင်ရဲ့လား”

“မလိုချင်ပါ ဘုရား”




“တစ်ခါက မလ္လတိုင်း ဥရုဝေလ ကပ္ပရွာကြီးမှာ မြတ်စွာ ဘုရား သီတင်းသုံး နေတော်မူခိုက် ဘဒြက ရွာသူကြီးက ဆင်းရဲခြင်း အကြောင်းနဲ့ ပတ်သက်လို့ ဟောတော်မူပါဘုရား လို့လျှောက်သယ်။ သည်တော့ ဘုရားက အတိတ်ကို ဆောင်ပြီး ဟောရင်လည်း သင်ယုံမှာ မဟုတ်။ အနာဂတ်ကို ဆောင်ပြီးတော့ ဟောရင်လည်း သင်ယုံမှာ မဟုတ်။ လက်ငင်း ပစ္စုပ္ပန်မှာ ဖြစ်နေသာကို မေးမယ်တဲ့။ ဥရုဝေလ ကပ္ပရွာကြီးမှာ လူတွေ ဆင်းရဲ ကြသယ်၊ သေကြသယ်၊ ဆုံးရှုံးကြသယ်၊ အကဲ့ရဲ့ခံကြ ရသယ်၊ စိုးရိမ် ပူဆွေး နေကြရသယ်။ အဲသည့် လူတွေနဲ့ သင်နဲ့ ပတ်သက် သလားတဲ့ မေးသယ်”

“တင်ပါ့ဘုရား”

“ဘဒြက သူကြီးက မပတ်သက်ပါ ဘုရားပေါ့။ မပတ်သက်တော့ သင်ပူပန် သောက ရောက်ရသလား၊ ဆင်းရဲဒုက္ခလို့ ထင်သလား။ ကိုယ်စိတ်နှစ်ပါးဆင်းရဲလေခြင်းလို့ ခံစား ရသလားလို့ မေးပြန်သယ်။ သည်တော့ ဘဒြကသူကြီးက တပည့်တော်နဲ့ မပတ်သက်လို့ အဲသလိုလည်း မခံစားရပါဘူး ဘုရားတဲ့။ အဲသည်အထဲမှာ ကိုယ့်မိကိုယ့်ဘကိုယ့်ဆွေကိုယ့် မျိုးတွေ ပါနေပြီဆိုပါတော့ ဘယ်လို ခံစားရမလဲတဲ့။ ပူဆွေး သောက ရောက်ရမှာပါဘုရားလို့ ဘဒြကသူကြီးက ပြန် လျှောက်တယ်။ ရှင်းတယ်နော် ဒကာမကြီး”

“ရှင်းပါတယ် ဘုရား”

“ဒါနဲ့ ဘုရားရှင်က ဘဒြက သူကြီး သင်ပဲဖြေပါ။ အဲဒါ ဘာပြုလို့လဲတဲ့။ သည်တော့ ဘဒြက သူကြီးက ချစ်ခင် တွယ်တာလို့ပါ ဘုရားလို့ လျှောက်သယ်။ သည်တော့မှ ဘုရားရှင်က အဲဒါ အကြောင်းရင်းပဲတဲ့။ ချစ်ခင်ခြင်းတည်း ဟူသော ဆန္ဒသည် ဒုက္ခဆင်းရဲ၏ အကြောင်းရင်းဖြစ်တယ်လို့ ဟောတော်မူသယ်”

“တင့်ပါဘုရား”

“ဒါကို ဒကာမကြီး မအိမ်ကံ နှလုံးသွင်းပါ။ ပုထုဇဉ်တွေ ဖြစ်လို့ ဘုရား ရဟန္တာများလို မကျင့်ကြံနိုင်သော်လည်းပဲ နှလုံး သွင်းပြီး စိတ်၏ ချမ်းသာခြင်းကို တည်ဆောက်ရမယ်။ သည်ကနေ့ မွေးနေ့၊ မွေးရက်က စပြီး နောင်မွေးနေ့၊ မွေးရက် တွေတိုင်းမှာ တရားနဲ့ ပြည့်စုံသော ဘ၀ကို ရယူပွားများ နိုင်ဖို့လိုတယ်။ ဟုတ်ကဲ့လား ဒကာမကြီး”

“တင်ပါ့ ဘုရား”

“ကိုင်း ရေစက် ချရအောင်။ သည်အချိန် ကလေးဟာ အင်မတန် အရေးကြီးသယ်။ တစ်မျှင်ချင်း လွင့်သွားတဲ့ ဆံပင်များကို တစ်စုတည်း ဖြစ်အောင် ကျစ်ထားသော ဆံစုကဲ့သို့ ဟုတ်ပြီလား။ အာရုံ ကလေးမှာ တည်ပြီး အကုသိုလ် အဖို့ဘာဂ ကိုအောက်မေ့၊ မေတ္တာ စိတ်ကလေးပြုပြီး ညွှတ်ထားမယ်။ တတ်စွမ်းသမျှ လှူဒါန်းရသော ဒါန ကုသိုလ်ကို ရည်မှတ်ပြီး ကောင်းမှု ကုသိုလ်ကို ရည်မှတ်ပြီးလျှင် ဘ၀တစ်ပါး ခြားကြ ကုန်ပြီဖြစ်သော မိဘဘိုးဘွား များကအစ မိမိ မျက်မှောက်၌ ရှိကြကုန်သော ပုဂ္ဂိုလ်စသည် ဖြင့် အာရုံညွှတ်ထားရမယ်။ ဟုတ်ပြီလား၊ ကိုင်း လိုက်ဆို ဒကာမကြီး”

“ဘန္တေ ဘုရား”

“ဘန္တေ ဘုရား”

“နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”

“နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”

“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက် ပြုရပါလိုခြင်း အကျိုးငှာ လည်းကောင်း”

“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက်ပြုရပါ လိုခြင်း အကျိုးငှာ လည်းကောင်း”

“သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း”

“သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း”

“အန္တရာယ ၀ိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်းအကျိုးငှာ လည်းကောင်း”

“အန္တရာယ ၀ိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်း အကျိုးငှာ လည်းကောင်း”

“၀ိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌”

“၀ိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌”

“တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍”

“တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍”

ငုံ့ထားသော မျက်နှာတွင် မျက်ရည်တွေ တာကျိုးအံ့ ဆဲဆဲ ရှိသော်လည်း မအိမ်ကံ စိတ်ကို စိတ်နှင့်ပင် တုပ်နှောင် ထားခဲ့သည်။ ရေစက်ချ ကရားမှ ကနုတ် ပန်းခက်ကလေးတွေကို မြင်နေရသည်။ ကရားထိပ်မှ တစ်ပေါက်ချင်း ချလွှတ်သော ရေစက်ကို သတိနှင့် ထိန်းရင်း စိတ်ကို မပျံ့လွင့်အောင် ကြိုးစား ထားပါ၏။ ထိန်းထားသည့် ကြားက အဖေ့ကို မြင်ယောင်သည်။ အမေ့ကို မြင်ယောင်သည်။ မလှအုံကို မြင်ယောင်သည်။ ဦးပဉ္စင်းက မိမိ မျက်မှောက်၌ ရှိကြကုန်သော မိမိ မျက်မှောက်၌ မရှိကြကုန်သောတဲ့။ ရှိကြကုန် သောက ဘယ်သူတွေလဲ၊ မရှိကြကုန် သောက ဘယ်သူတွေလဲ။ သည်စိတ်က ခေါင်းထဲ ရောက်လာပြန်တော့ ရေစက် ကရားက တသွင်သွင် ကျနေသော ရေစက် တစ်ပေါက်ချင်းကို မမြင်ရပြန်။ မျက်ရည်များဖြင့် ဝေေ၀၀ါးဝါး ဖြစ်ရပြန်ပါ၏။ သတိတရား ၀င်လာ ပြန်တော့ မျက်ရည်ကို ထိန်းသည်။ လိုက်ဆို နေရသည့် ရေစက်ချကို ကတုန်ကယင် မဖြစ်အောင် ထိန်းရသည်။ စိတ်ကို မလွင့် မပျံ့အောင် ထိန်းရသည်။

“သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍”

“သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍”

“သမ္မောဒမာနာ ကြည်သာရွှင်လန်း ၀မ်းမြောက်ကြကုန် သည်ဖြစ်၍”

“သမ္မောဒမာနာ ကြည်သာရွှင်လန်း ၀မ်းမြောက်ကြကုန် သည်ဖြစ်၍”

ဖြစ်၍...ဖြစ်၍...ဖြစ်၍။ မအိမ်ကံ ညည်းစိတ်ကို ငြိမ်နေအောင် တည်ထားစမ်း။ ရေစက် ချတုန်း ချသခိုက် အချိန် ကလေးမှာ မပျံ့လွင့်စေနဲ့။ ပြုခဲ့ဖူးတဲ့ ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ ရကြစမ်းပါစေ။ ငါ့အသက် လေးဆယ် ပြည့်ပြီပဲ။ နှစ်ပေါင်းလေးဆယ် ဆိုတဲ့ လူ့ဘ၀ သက်တမ်းမှာ ညည်း ကုသိုလ်တွေ ပြုခဲ့ပြီပဲ။ ပေးခဲ့၊ ကမ်းခဲ့၊ လှူခဲ့၊ တန်းခဲ့ပြီပဲ။ ဖြည့်ဟဲ့၊ ဖို့ဟဲ့၊ ကျွေးဟဲ့၊ မွေးဟဲ့ ရှိခဲ့ပြီပဲ။ သံသရာကြီး ရှည်သရွေ့ ၀ဋ်ဆင်းရဲကြီး ရှည်မှာပဲ။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏ ဒုက္ခတွေ ရှိနေမှာပဲ။ ချစ်လျက်နဲ့ ကွေကွင်း ရခြင်း ဆင်းရဲ၊ မချစ် မနှစ်သက်ဘဲ ပေါင်းသင်း ဆက်ဆံရခြင်း ဆင်းရဲ။ ဘ၀တူမျှ အခြေတကျ ရှိချင်သော်လည်း ရှင်ကွဲကွဲ ရတဲ့ ဒုက္ခဆင်းရဲ...ဒါတွေလည်း ရှိမှာပဲ။ အို သတိလွတ်ရ ပြန်ပါပကော။ သတိ၊ သတိ။

“ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို”

“ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို”

“လဘိတွာ ရကြကုန်၍”

“လဘိတွာ ရကြကုန်၍”

“နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏”

“နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏”

ရေစက်ချအပြီးမှာတော့ မအိမ်ကံ လှိုက်ခနဲ ခံစားလိုက် ရသည်။ တစ်ချက်ရှိုက်ခြင်းနှင့် အတူ မျက်ရည်တွေ သွန်ကျ လာခဲ့ပါ၏။

၁၃၂၂ ခု၊ တပို့တွဲလ။
မအိမ်ကံ အသက် လေးဆယ်တင်းတင်း ပြည့်ခဲ့ပြီ။ မနက်ကပင် ရွာဦး ဆရာတော် ဦးခေမိန္ဒထံတွင် လွန်လေပြီးကြသူ တို့အတွက် မွေးနေ့ ကုသိုလ်ပြုခဲ့သည်။ ဘုန်းကြီးကျောင်းကို အ၀င်နတ် လမ်းရှည်ပြီး တစ်လျှောက်ဖြတ်တော့ ကိုပြေသိမ်းကို သတိရသည်။ နတ်လမ်းထဲမှာပဲ မအိမ်ကံကို မေတ္တာ ရှိကြောင်း သူပြောခဲ့တာ မဟုတ်လား။ သည်တစ်ခါတော့ ဆွမ်းချိုင့်ကို လက်က ဆွဲရင်း မအိမ်ကံ တစ်ယောက်တည်း ကျောင်းကို လာခဲ့ရပြီ။ ကျေးဥနှင့် သမီးငယ် ခိုင်က အိမ်မှာ နေခဲ့ကြပါ၏။ ဆရာတော် ဆုံးမလိုက်သော ရေစက်ချ တရားကို နာယူရတော့လည်း အပူကလေး ငြိမ်းရသလိုလို ရှိခဲ့သည်။ ရွှံ့နှင့်လုပ်သော နားတောင်းလို၊ ရွှေရည် ပွတ်ထားသော နှစ်ပြားတန် ကြေးနားတောင်းလို အပေါ်ယံလှရုံ ဟန်ဆောင် မထားနဲ့လို့လည်း ဆရာတော်က မှာလိုက်သေးသည်။ ဆရာတော်က မအိမ်ကံ အကြောင်းကို သိနေလို့များလား။ အတွင်းစိတ်က မငြိမ်းနိုင်ဘဲ ဟန်မဆောင်နဲ့လို့ မိန့်ချင်ပုံ ရပါ၏။

အခုတော့လည်း သည်အိမ်ကြီးမှာ မအိမ်ကံပဲ ရှိတော့သည်။ အဖေ မရှိတော့။ အမေ ပန်းရုံ ကွယ်လွန်ရှာခဲ့ပြီ။ မလှအုံလည်း ဆုံးပါးခဲ့ရပြီ။ သမီးကြီးမြိုင်ကို မြင်းခြံ ပို့ခဲ့သည့် ၁၃၁၉ ခုနှစ်က ရေတွက်လျှင် လေးနယုန်ပင် ကျော်ခဲ့ပြီ။ သည်လေး ငါးနှစ် အတွင်းမှာ မအိမ်ကံတို့ အိမ်ကြီးထဲက လူသုံးယောက်ကို ဖဲ့ယူ သွားခဲ့ပြီ။ အသက်လေးဆယ် ဆိုသည့် အရွယ်က ဘ၀မှာ အားအရှိဆုံး အချိန်ပင်။ ရင့်ကျက်သော ဘ၀ဖြင့် ရှေ့ခရီးကို လှမ်းရန် ခြေလှမ်းပြင် ခိုက်မှာပင် တစ်စုံ တစ်ယောက်က တွန်းလှဲပစ် လိုက်သလို ပုံလျက်သား လဲခဲ့ရသည်။

“ကျေးဥရယ်၊ ဖြစ်ရပုံများတော့အေ အမေဆုံးသယ်၊ မလှအုံ ဆုံးသယ်။ သည်ကြားထဲ ညည်းအမေ အရီး ကြာညွန့် ပါဆုံးသွားသာကကော မအိမ်ကံကို အငြှိုးနဲ့ လုပ်နေသလိုပဲ အေ။ ငါ အရိပ်ခိုရသယ့် လူတွေကိုချည်း တမလွန် ခေါ်သွား သာကတော့ တဆိတ်စာ ဖြေနိုင်စရာတောင် အကြောင်း မရှိပါလား အေရယ်။ ဆရာတော်ကတော့ ဟောရှာပါရဲ့။ ငါ ရေစက်တောင် ဖြောင့်အောင် မချနိုင်ခဲ့ပါဘူးအေ။ ငါမျက်ရည်ကျသာ ကို သမီးကလေး မမြင်စေချင်လို့ ညည်းတို့ကို ထားခဲ့သာ ပါ။ ကျောင်းက အပြန် နတ်လမ်းထဲမှာ ငါထိုင်ငိုမိသယ်။ ဘ၀ အကြောင်းများ မကောင်းပါဘူးအေ”

ကျေးဥကိုပင် ပြောမိခဲ့ရပါ၏။ ကျေးဥကတော့ တရား ရှိသူလိုပင် မလှုပ်မခြောက် ရှိနေလေသည်။ မအိမ်ကံကို သနားစရာ သတ္တ၀ါ တစ်ကောင်လို ကြည့်နေခဲ့သည်။ သည်လောကဓံလောက်တော့ ကျေးဥတို့က ခါးစောင်းတောင် တင်လိုက်ချင်သေး ဆိုသည့် မျက်နှာဖြင့် ရှိနေခဲ့သည်။ သူကကော ဘာထူး လို့လဲ။ အမေဆုံးသည်။ ယောက္ခမ မိဘ ဆုံးသည်။ မအိမ်ကံ ကြုံသလောက် ကျေးဥက ဖြစ်ရလေခြင်းရယ်လို့ မညည်းခဲ့။ မအေ ဆုံးတုန်းက ငိုခဲ့သည်။ ယောက္ခမ ဆုံးတော့ မျက်ရည် ကလေး သီသီ ဝေ့ခဲ့သည်။ ဒါပါပဲ။ သည့်နောက်တော့ စပ်လို့တောင် ပြောတာမျိုး မရှိ။ မအိမ်ကံမှာ ကျေးဥကို ကြည့်ပြီး တရားကျရ မလိုလို။ ညည်းမခံစားရဘူးလား ဆိုတော့ ခံစားလို့ကော ပြန်ရှင်လာမှာမှ မဟုတ်သာတဲ့။

“မအိမ်ကံရယ်၊ ငါလည်း လူပါဟယ်။ စိတ်မကောင်း မဖြစ်ဘဲနေပါ့မလား။ ငါ့ယောက္ခ မရီးလှအုံ ဆိုရင် ဆူဆူငေါက် ငေါက်နဲ့ ငါ့အပေါ် ကောင်းရှာသယ်။ အမေရင်းနဲ့ မခြားပါဘူးအေ။ အမေနဲ့ ရီးလှအုံ ဆုံးပါးကြသာ ငါ့အတွက် အင်မတန် ထိခိုက်ရသယ်။ ကြီးပန်းရုံဆိုပြောမနေနဲ့တော့၊ ဘယ်သူ့ အပေါ် မဆို စိတ်ကောင်း နှလုံးကောင်း ရှိခဲ့ရှာသယ်။ ကြီးပန်းရုံ ဆုံးတုန်း ငါကျွမ်းပစ် ငိုခဲ့မိသာပါအေ။ ဒါပေသိ ငါဖြေသယ်။ သြော် သူတို့ခမျာ အသက်ကြီး ရှာကြပြီ။ ဘ၀ ၀န်ထမ်းခဲ့ကြရသဲ့ နှစ်ထမ်းကြီး ရှည်လှပြီ။ ငါတို့တောင် သူတို့လောက် သီလ ကောင်းပါ့မလား အောက်မေ့မိသယ်။ အမှည့် တ၀င်းဝင်း၊ အကင်း တပြိုက်ပြိုက်ကိုးအေ့”

“အောင်မယ် ရသေ့မကတောင် ဟုတ် တုတ်တုတ်ပါလားဟဲ့။ အေးပါအေ၊ ညည်းလည်း ခံစား ရမှာပါပဲလေ။ တို့နှစ်ယောက်စလုံး အတူတူပါပဲ။ တို့အားကိုး အားထား ပြုရသဲ့ သူတွေ ချည်းဆိုတော့ အပဲ့ကြီး ပဲ့ရသာပါပဲ။ အင်း၊ ငါကတော့ ရှင်ကွဲ ပိုသာပေါ့ ကျေးဥရယ်”
ရှင်ကွဲ ပိုသာပေါ့အေ ဆိုသည့် စကားကြောင့် ကျေးဥ ငိုင်သွားခဲ့ရသည်။ ဘာမှ မပြောသာတော့။ မအိမ်ကံကို တစိမ့်စိမ့် ကြည့်နေတာပဲ ရှိသည်။ မအိမ်ကံ ငယ်ငယ်၊ မအိမ်ကံ အပျိုပေါက်၊ မအိမ်ကံ အပျိုဖားဖား၊ မအိမ်ကံ သားသည်မအေ။ တစ်လျှောက်လုံး ကျေးဥ မျက်စိအောက်မှာပဲ ရှိခဲ့သူ။ ခံစားမှု ကြီးသလို မဟုတ်တာ လုပ်ရမှာကို စက်ဆုပ်သူ။ မမှန်တာ ရှိလျှင်၊ မတရားတာ တွေ့လျှင် ရှေ့က ရပ်ပြီး ရင်ဆိုင် ၀ံ့ရဲသူ။ ဓားမကြောက်၊ လှံမကြောက် မိန်းမချောကို တစ်ခါတစ်ရံ ကျေးဥပင် အံ့သြရသည်။ ရုပ်ရည် ချောမောသည်။ ကိုယ်ကျင့် တရားကောင်းသည်။

ရပ်ရွာအပေါ် ညှာတာသည်။ မိဘတွေကို ခြေဆုပ်လက်နယ် ရှိသည်။ လင်သားကို ရိုသေသည်။ သား သမီးတွေကို ငှက်တောင်သိမ်းသိမ်းနိုင်သည်။ သို့သော် တစ်ခု ခုကို ထင့်လိုက်မိပြီ ဆိုလျှင်လည်း ဇွဲကြီး နပဲကြီး ပြန်သည်။ ဆုံးမ မရ၊ ဖျောင်းဖျ မရ။ လက်တွင်းဆုပ်မိလျှင် မဖြေတော့ တာမျိုးရှိသည်။

လေးစားစွာဖြင့်
ရီနိုမာန်

ဆရာမခင်ခင်ထူး ရေးသားပြီး ရွှေအမြုတေမှ ကူးယူဖေါ်ပြပါသည်။


November 24, 2009

တရားကျနေတာလား..မိုက်မဲမှုတခုလေလား......


သူ့မှာလဲ ချစ်တတ်တဲ့အသဲနှလုံးရှိတာပဲ..
ကိုယ့်အတွက်မဟုတ်ခဲ့တာ..မပြောသာ..

သူ့မှာလဲ ထားရမယ့်သစ္စာတရား ရှိမှာပေါ့..
ကိုယ့်အပေါ်မဟုတ်ခဲ့တာ..ကံကြမ္မာ..

ဘယ်အရာမှ မတည်မြဲတဲ့လောက
ကိုယ့်ကိုမှ ချစ်စေချင်တဲ့ ငါ့လောဘ..

သြော်သင်္ခါရတရားတွေ သိပါလျက်နဲ့
သံဝေဂမရနိုင်တဲ့ ငါ့မောဟ..

အချစ်အတုပါဆိုတာ သိရက်နဲ့
သူ့ကိုမှ ဥပက္ခာ မပြုနိုင်တဲ့ ငါ့ဘ၀..

သူ့မေတ္တာအတိမ်အနက်ကို မမေးဘူးခဲ့ပေမယ့်..
ကိုယ့်ရှေ့မှာ မလိမ်တတ်ခဲ့တာ ကျေးဇူး အနန္တ..
ငါ့လွတ်လပ်မှုတွေ ဆုံးရှုံး..
ငါ့ပျော်ရွှင်မှုတွေပျက်သုဉ်း..
မမုန်းနိုင်လေတော့လည်း.....
.........
.......

အင်းဒီလိုနဲ့ပဲ.. အချစ်ဆိုတာကို ခ၀ါချဖို့ အသက်က အချက်ပြလာပြီ..

လေးစားစွာဖြင့်
ရီနိုမာန်

ကဗျာပိုင်ရှင် - မမလွင်(ခ) မမိုး

November 23, 2009

မအိမ်ကံ ( For Nov အပိုင်း - ၆ )

“အပြစ်မရှိသဲ့ လှည်းသမားတွေကို နင်ကသာ ငြိုးသာ။ ငါက နင့်ကို ဘယ်တုန်းကမှ ခေါင်းထဲ မရှိဘူး။ ဖမ်းထားပြီး ဒဏ်ငွေ ရိုက်ချင်သာက ရှေ့က။ လူစာ၊ နွားစာတောင် မကျွေးဘူး ဆိုတော့ နင်လည်း တောသူ၊ တောင်သားပဲ မလွန်လွန်းဘူး လား။ တခြားရွာက လှည်းတွေ မပြောနဲ့။ ဇောင်ချမ်းကုန်းက တောင်သည် အမိန့်ကို ဘယ်သူမှ မသိကြဘူး”

“ဟုတ်ပါပြီလေ။ အခုက မအိမ်ကံနဲ့ ဘယ်လိုပတ်သက် လို့တုံး။ လှည်းသမားတွေထဲမှာ နင့် အမျိုးပါလို့လား”

“ဘယ့်နှယ့်မှ မပတ်သက်ဘူး။ ဘာအမျိုးမှလည်း မပါဘူး။ နင်လုပ်သဲ့ အလုပ် မဟုတ်လို့ လိုက်လာသာ။ မဟုတ်ရင် ဘယ်ဟာမှ မခံဘူး။ ငါရွာကျောင်း ဆရာကတော်လေဟဲ့။ မမှန်သာ မတရားသာ ရှိရင် ငါတို့က ရှေ့ကထွက်ရမှာပဲ။ ဘယ့်နှယ့်တော်၊ နှီးချက်နဲ့ တဲဆောက်ကာမှ သံတောင် နောက်ကောက် ကောက်ကျရသယ့် ကိန်းဆိုက်နေပါပကော”

ရုံးရှေ့မှာ လူတွေ အုံခဲနေကြပြီ။ မလှအုံလည်း ချက်ချင်း အပြေး ရောက်လာသည်။ လာတုန်းကတော့ မအိမ်ကံကို “နင်တန်၊ သူတန်” လုပ်ဖို့ လိုက်လာ ဟန်တူပါ၏။ သာအောင် နှင့် ခွန်းကြီးခွန်းငယ် အော်နေကြတာ တွေ့တော့ ကိုစံကောင်း အနား သွားရပ်သည်။ ကိုစံကောင်းကလည်း နှမဖြစ်သူကို တစ်ခွန်းဝင် မဟ။ သာအောင် လူပါး ၀နေတာကို ရွာက မခံချင် ကြသော်လည်း မိုးကောင်း နေချိန်ဆိုတော့ ငြိမ်နေကြရသည်။ ခုတော့ နှမ လုပ်သူက ချက်ကျ လက်ကျ တွယ်နေတော့ အဝေးက အသာကြည့် နေခြင်းဖြစ်၏။ သာအောင့်နောက်မှာ လူမိုက် နှစ်ယောက် ရှိနေကြတော့ နှမကို ကိုယ်ထိလက်ရောက် ရှိကြမှာ စိုး၍ ဖြစ်သည်။ မလှအုံက မအိမ်ကံ အနားသွားကာ လက်မောင်းအိုးကို ဆွဲသည်။

“မအိမ်ကံလာတော့ နေပူသယ်။ တို့ရွာလည်း ဆင်ကြိုးနဲ့ ကြက်ချည်၊ ကြက်ချည်ကြိုးနဲ့ ဆင်ချည် ဖြစ်နေပါပကော”

မအိမ်ကံက နေရာမှာပဲ ပေရပ်ကာ သာအောင့် စကားကို စောင့်နေခဲ့သည်။ သာအောင့် နှုတ်က အမိန့်မကျ သေးတာကို ပေစောင့်နေခြင်းဖြစ်၏။ တကယ်တော့ သာအောင်က မြင်းခြံ လမ်းပိုင်း ဌာနက စာအရ ဆောင်ရွက်ခြင်း ဖြစ်၍ သည်ကိစ္စ သည်လောက် ကြီးကျယ်သွားလိမ့်မည် မထင်ခဲ့။ အဝေးရွာက လှည်းတွေကို ဒဏ်ရိုက် လိုက်ရုံနှင့် ပြီးလိမ့်မည် ထင်ခဲ့သည်။ လှည်းသမားတွေနှင့် နွားရှစ်ကောင်ကို အစာရေစာ ကိစ္စ မစီ စဉ်မိခဲ့တာကတော့ ပေါ့ဆမှု ဖြစ်သည်။ မအိမ်ကံ ရောက်လာ ကာ သည်လို ကက်ကက်လန် ရန်တွေ့လိမ့်မည် လို့လည်း မထင်။ ရွာမှာ ကိုပြေသိမ်းတို့၊ မအိမ်ကံတို့က လွဲ၍ ပြောဝံ့ ဆိုဝံ့သူ မရှိတော့လည်း ထင်တိုင်းကြဲ နေကြတာ ကြာပြီ။ သာအောင်က ပါးသည်။ သူလွန်တာကို အများရှေ့မှာ အထုပ် ဖြေပြသလို အဖြစ်မခံဘဲ ချာခနဲ လှည့်သွားကာ ပြဿနာကို ရှောင်လိုက်သည်။ သူ့နောက်ပါ နှစ်ယောက်ကို တစ်စုံတစ်ရာ ပြောခဲ့ပြီး ရုံးထဲ ၀င်သွားသည်။ နွားသတ်သမား အောင်လှက လှည်းသမားတွေဆီ သွားကာ ပြန်ကြရန် ပြောနေလေပြီ။



“မလှအုံ လူတွေ၊ နွားတွေ အိမ်မှာ ထမင်းကျွေးဖို့ လုပ်ပေးပါဦး။ ခမျာများ ဆာကြရှာရော့မယ်။ လှည်းကောက်ပြီး အိမ်မောင်းခဲ့ခိုင်းလိုက်တော့”

ရွာသူရွာသားတွေကြားထဲက မအိမ်ကံ တိုးထွက်လာခဲ့ သည်။ ဇောနှင့်သာ လိုက်လာရသည်။ ပူလိုက်သည့်နေ။ ဤသို့ ဖြင့် ဇောင်ချမ်းကုန်းရွာ တာလမ်းပေါ် နွားမောင်းမှုကြီးပြီး သွားခဲ့ပါ၏။ တစ်ရွာလုံးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်ကျန် ရစ်ခဲ့သည်။ မအိမ်ကံ အကြောင်းက စကားဖြစ်နေခဲ့ပြီ။ မလှအုံက လှည်းသမားတွေကို လှည်းကောက်ခိုင်းရင်း ခါးကြီး တထောက်ထောက်နှင့် ကျန်ရစ်ခဲ့၏။ ကိုစံကောင်းလည်း နှမ ဖြစ်သူနောက် သုတ်သုတ်ပါအောင် လိုက်လာခဲ့သည်။

“ချက်ကျချက်တော့ဟာ... သည်ကောင် လူပါးဝနေသာ ကြာပြီ။ ငါက နှမထိရင် ၀င်ရိုက်မလို့။ ပြန်ပြန် ငါ့နှမ သည်ကောင်တွေတော့ သတိထားနော။ မကောင်းကြံချင် ကြံမယ့် ကောင်တွေရယ်”

“မကောင်းကြံတော့လည်း တစ်ပွဲ တွေ့ကြရုံပေါ့ အစ်ကို လေးရယ်။ ဘယ့်နှယ် ဇောင်ချမ်းကုန်းမှာ အကုသိုလ်က နိုင်စား ရမယ်လို့။ လူတွေက ခွေးဆိုး ဆိုသာနဲ့ ကြောက်ရတော့မှာ လား။ ခွေးဆိုးများ ပါးစောင်ဟက်တက် ဖြဲပစ်လိုက်ချင်သေး တယ်”

မအိမ်ကံ ဒေါသအရှိန်တွေ မပြေသေး။ မအိမ်ကံ စကား ကြောင့် ကိုစံကောင်းပင် စကားမဆက်နိုင်ဘဲ နှမကိုလှမ်းကြည့် လိုက်လေ၏။
“နေနှင့်ဦး။ လှည်းသမားတွေကို ပုဆိုးတစ်ထည်စီပါ ပေးလိုက်ရဦး”

မအိမ်ကံက ဒဏ်ရိုက်ခံကြရမည့် လှည်းသမားတွေဘက်က ရပ်တည်ခဲ့ကြောင်း၊ လူစာ၊ နွားစာ အိမ်မှာ ၀၀လင်လင် ခေါ်ကျွေးခဲ့ရုံမက ပုဆိုး တစ်ကွင်းစီပါ ပေးလိုက်သေးသတဲ့ ဆိုသည့် စကားတွေက ရွာပေါင်းစုံ ထုတ်ချင်းခတ်သွားခဲ့လေ ပြီ။ သာအောင်လည်း နည်းနည်းတော့ ကုပ်သွားလေ၏။ ထင်မထားသည့်ထောင့်က မအိမ်ကံ ပေါ်လာတာကို သာအောင် ကိုယ်တိုင် ဟန်ရေး မပြခဲ့နိုင်ခဲ့။ စဉ်းစားတွေးတောရင်း ပေါ်လာသည့် ရှေးဟောင်း နှောင်းဖြစ်တွေပင်။ မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်လာခဲ့သည်။ သမီးကြီးက အပူအပင် ကင်းကင်း အိပ်ပျော်လျက်။ အပြင်မှာ လရောင်က သာဆဲပင်။

မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ လှည်းနှစ်စီး ကောက်ထား ပြီးပြီ။ တစ်စီးက ဖိုးကူး မောင်းမည်။ နောက်တစ်စီးက ကိုကြက်တောလှည်း။ ကိုကြက်တောက လှည်းသာပေးလိုက် ခြင်းဖြစ်ပြီး ကိုဖိုးငွေက မောင်းမည်။ မလှအုံက အိမ်ပေါ်က သံသေတ္တာကြီး ရွက်ချတော့ ကိုဖိုးငွေက လှည်းပေါ်ကဆီးယူ သည်။ စုံစီနဖာတွေကလည်း မနည်းပါ။ ဘထွေးဖြစ်သူ ကိုသက်မင်းတို့ မိသားစုအတွက် အမေပန်းရုံ ထည့်ပေးလိုက် သည့် လက်ဆောင်တွေလည်းပါပါ၏။ အိမ်ကြီးမှာ လူတွေ များလှသည်။ အမျိုးတွေ အဆွေတွေပါမက နားကြားနှင့် လာရောက်ကြသူတွေလည်း များလေ၏။

“မအိမ်ကံ သမီးပို့ မလိုက်ဘူးလား။ မြင်းခြံကို။ ညည်း သမီးကတော့အေ တစ်ရွာ တစ်ယောက်ထွန်းပါပဲ။ မိန်းကလေး မြို့တက်ပညာသင်သာ တို့တစ်သက် မကြားစဖူးဘူး။ သမီး ကလည်းတော်၊ မိဘများကလည်း ကူဖော်ပံ့ဖက်ရ ဟန်ကျ ပါ့အေ”

မေးသူတွေက မေးကြတာကို မအိမ်ကံဖြေနေရသည်။ မအိမ်ကံ သမီးပို့မလိုက်တော့ပါ။ ဖအေလည်း ပါသည်။ မလှအုံ လည်း နေရာချရန်လိုက်သွားလိမ့်မည်။ မအေ ပါသွားလျှင် သမီးကြီး စိတ်ပြောင်းသွားမှာကို တွေးပြီး မလိုက်တော့ခြင်း ဖြစ်၏။ သမီးကြီးမြိုင်က စိတ်အပြောင်းအလဲကလည်း မြန်တတ်ပါ ဘိသနဲ့။ ပြီးတော့ အိမ်မှာ သက်ကြီးရွယ်အို မအေကြီး ခမျာ သမီးရော၊ မြေးပါ အိမ်က ခွာသွားလို့ကတော့ ၀မ်းထဲက အူတွေ ဆွဲနုတ် သွားသလို ဟာသွား ရှာမှာကို စိုးတာလည်း ပါပါသည်။ ဘာပဲဖြစ်ဖြစ် အမေပန်းရုံ အနားမှာ မအိမ်ကံရှိမှ ဖြစ်မည်။

မြိုင်ကလေးက သည်မနက် လှနေလိုက်သည့် ဖြစ်ခြင်း။ ဆယ့်နှစ်နှစ် သမီးဆိုတော့ အလှတွေ ရုန်းကန် ပွင့်ရန်အားယူ နေချိန် မဟုတ်လား။ ၀င်းဝါ၀ါ အသားအရေနှင့် မျက်နှာပွင့်ပွင့် ကလေးကြောင့် ဘွားအေက “ပပ၀တီ” ခေါ်တာလည်း မလွန်ပါ။ ကျောက်စိမ်းရောင် ပိုးထည်ကလေးနှင့် သပြေစိမ်းရောင် အင်္ကျီက တောက်ကြွားလွန်း လှပါ၏။ မျက်နှာချေကလေး ပုတ်ထားသဖြင့် မျက်နှာ နုနုကလေးသည်ပင် ပန်းသွေးရောင် ပြေးလျက် မျက်တောင်တစ်ချက် ပုတ်လိုက်တိုင်း စိန်ပွင့်တွေလို တဖျတ်ဖျတ် ရှိလေ၏။ မန္တလေးက ကတ္တီပါ ခြေညှပ်ဖိနပ် ကလေး စီးထားသည်။ ရွှေချည်ထိုး အိတ်ကလေး တစ်အိတ်ကို ကိုင်ထားသေးတော့ ကွမ်းတောင် ကိုင်တော့မည့် ရွာ့မိန်းမ ချောကလေးနှင့်ပင် တူသည်။ မအိမ်ကံက လွမ်းတာ တစ်ခြမ်း၊ ကျေနပ် အားရတာက တစ်ခြမ်းဖြင့် တစ်ကိုယ်တည်း နှစ်စိတ် ဖြစ်နေရတော့သည်။

“ကိုင်း မြိုင်ကလေး၊ ငါ့မြေး ဘွားအေကြီးကို ကန်တော့။ သွားကြရအောင်”

အလို။ သွားကြတော့မှာလား။ မအိမ်ကံ ရင်တွေ သည်တော့မှ ကတုန်ကယင် ရှိလာခဲ့သည်။ ကျေးဥက လူတွေရှေ့ မထွက်။ သူ့သားအငယ်နှင့် မအိမ်ခိုင်တို့ကို တစ်ဖက်တစ်ချက် စီဆွဲထားရင်း ခပ်ကွာကွာက လှမ်းကြည့်နေသည်။ ငိုချင်ချင် မျက်နှာက တင်းထားသဖြင့်သာ မျက်ရည်တွေ မကျခြင်း ဖြစ်၏။ မအိမ်မြိုင်က အမေ ပန်းရုံကို ဖျာပေါ်မှာ ထိုင်ကန်တော့တော့ အမေပန်းရုံက ဆုတွေ ပေးနေခဲ့သည်။ သည်မြင်ကွင်းကို ကြည့် ရင်း မအိမ်ကံ မျက်ရည် စို့ရပြီ။

“ပညာရှာသယ့် အခါ တောလိုက် မုဆိုးများသားကောင် ရှိရာ အရပ်မှာ ခြေလုံလုံပျ ၀ပ်ကျိုးနွံရှိသလို ကျင့်ရသယ်။ ရတနာ သုံးပါးကို ကြည်ညိုရာမှာ အဖိုးတန် လည်ဆွဲ တန်ဆာကို ပျောက်မှာစိုးလို့ မကြာခဏ စမ်းသလို အခါမလပ်အောက် မေ့ရသယ်။ တောမျောက်များ တစ်ည သုံးခါမြေကြီးကို ဆင်း စမ်းသလို ၀ီရိယ ရှိရသယ်။ ကြားလား ငါ့မြေး။ ယနေ့ယခု မှစ၍ မြေးလေး မအိမ်မြိုင် တစ်ယောက် စိတ်သွားတိုင်း ကိုယ် ပါ၍ လိုရာမှန်သမျှ ပြည့်စုံပြီးလျှင်...”

အမေပန်းရုံဆုပေးနေသခိုက် မအိမ်ကံ မျက်လုံးတွေ မှိတ်ထားခဲ့သည်။ မျက်ရည်တွေက ပိတ်ထားသော မျက်ခွံထဲက ယိုစီးကျလျက် ပါးပြင်ပေါ်သို့ တစ်လိမ့်ချင်းကျလာ လေ၏။ ရင်ထဲ လှိုက်တက်လာသော ခံစားမှု အဟုန်က အသိ သတိတရားတို့ကိုပါ ရိုက်ချိုး ပစ်လိုက်သည့် အခါ ကြေကွဲစရာ ကောင်းလှသော ရှိုက်သံကြီး ထွက်ပေါ်လာလေသည်။ ကျေးဥ၏ ငိုသံကလည်း ထက်ကြပ်မကွာ ပါလာခဲ့ပြီးသည့် နောက်မှာတော့ တရားဆုကို ပေးနေသော ဘွားအေပါ အသံတွေ တုန်လှိုက် လာရာက တဘက်ဟောင်းဖြင့် မျက်နှာကို အုပ်ကာငို ရှာလေသည်။ ၀ိုင်းတိုက်ထဲတွင် ရှိနေကြသော ဆွေမျိုးများရော ရွာခံများပါ မျက်ရည်တွေဝေ့ကြရပြီ။ ခံစားမှုနှင့် ပတ်သက်လျှင် အေးအေးလေးလေး ရှိရှာသူဟု ပြောစမှတ်ပြုရသော မအိမ်မြိုင်သည်ပင် မျက်ရည်တွေတွေ ကျရင်းက ဘွားအေကို တစ်လှည့်၊ မိခင်ကို တစ်လှည့်ကြည့်ရင်း ငိုနေခဲ့၏။

မအိမ်ကံနှင့် ဖအေကို လာကန်တော့သည့် အခါ သမီးကြီးကို အကန်တော့ မခံသေးဘဲ ပိုက်ဖက်ထားခဲ့သည်။ နဖူး ဆံစတွေကို နမ်းနေမိသည်။ သည်သမီးကလေး မွေးကတည်း က ရင်အုပ်မကွာ ရှိခဲ့ရာက သည်ကနေ့တော့ဖြင့် အဝေးတစ် နေရာဆီ သွားရရှာတော့မည်။ မိဘနှစ်ပါးကို ကန်တော့အပြီး မှာတော့ လှည်းပေါ် တက်ရပြီ။ ကိုပြေသိမ်းပင် မျက်နှာကို တစ်ဖက် လှည့်ထားရှာ၏။ မလှအုံနှင့် မအိမ်မြိုင် သားအဖက လှည်းတစ်စီး။ ကိုဖိုးငွေနှင့် ၀န်စည်စလယ်တွေက လှည်းတစ်စီး။ မအိမ်ကံ ငယ်ငယ်က အဖေနှင့် မြင်းခြံ အလည် လိုက်သွားခဲ့စဉ်က အမေပန်းရုံနှင့် ခွဲရသည့် ခံစားမှုကိုပင် ပြေးသတိရ လိုက်မိပါ၏။

“အမေ သွားတော့မယ်နော်၊ အမေကြီးပန်းရုံ သွားတော့ မယ်နော်၊ ကျေးကျေး သွားတော့မယ်နော်၊ ညီမလေးခိုင် မမ သွားတော့မယ်နော်”

“သွားတော့မြေးကြီးရေ၊ မြေးကြီးလာမှ အမေကြီး တွေ့ ရတော့မှာပါအေ၊ ကျောင်းပိတ်သာနဲ့ ပြန်ခဲ့နော်မြေး၊ အမေကြီး တို့ မျှော်နေမယ်နော်၊ ခလုတ်မထိ ဆူးမငြိ ဘေးရှိသမျှ ဝေးပါ စေတော်၊ ကျုပ်မြေးလေး”

လှည်းနှစ်စီး ရွာလယ် လှည်းလမ်းပေါ်ရောက်သွားခဲ့ပြီ။ ၀ိုင်းတိုက်ထဲက ရှိရှိသမျှ လူတွေအားလုံး ခြံဝက ထွက်ကြည့် ကြသည်။ မအိမ်ကံက လက်ပြတော့ သမီးကြီး မြိုင်ကလည်း လက်လှမ်းပြရှာပါ၏။ ဘ၀ဆိုတာ နှုတ်ဆက်ခြင်းများနှင့်ချည်း ပြီးရတာများလား။ သွားတော့ သမီးရေ။

ညသည် လပြည့်ကျော်စရက် ဆိုသော်လည်း ညဥ့်နက်ပိုင်းတွင် လရှိသေးသည်။ လထွက် နောက်ကျသည့် အတွက် ညဦးပိုင်းတုန်းကတော့ ဇောင်ချမ်းကုန်း တစ်ရွာလုံး မှောင်မည်း လျက်ရှိ၏။ ကလေးငိုသံ၊ သီချင်းဆိုသံ၊ ပုလွေသံစသော ကျေးရွာ တစ်ရွာ၏ ဆွတ်ပျံ့ဖွယ် အသံဗလံများ ငြိမ်သက်သွား ချိန်မှာတော့ ရွာကလေးလည်း တစ်စတစ်စ ငြိမ်သက် သွားခဲ့ပါ၏။

မအိမ်ကံတို့ အိမ်ကြီးမှာ ဖိုးတုတ်ကလွဲလျှင် မိန်းမသား တွေချည်း ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းရော၊ ကိုဖိုးငွေရော၊ ဖိုးကူးရော မရှိကြရုံမက မလှအုံပါ ပါသွားလေတော့ အိမ်မှာ အမေပန်းရုံ၊ မအိမ်ကံ၊ ကျေးဥနှင့် ကလေး သုံးယောက်သာ ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းတို့ လှည်းထွက်သွားကတည်းက သည်အချက်ကို မအိမ်ကံ သတိထားမိလိုက်သည်။ ညဘက်မှာ ဖိုးတုတ် တစ်ယောက်သာ ယောက်ျားသားရယ်လို့ ရှိပြီး မိန်းမသား တွေချည်း ကျန်ခဲ့ခြင်းသည် သည်လို ကာလကြီးမှာ မကောင်းနိုင်တာကို ရိပ်စားမိခဲ့ခြင်း ဖြစ်သည်။ အမေပန်းရုံက အသက် အရွယ်ကြီး ရင့်ပြီ။ ထွန်းပ၊ ထွန်းရ ညီအစ်ကိုနှင့် မအိမ်ခိုင်က ကလေးငယ်တွေ။ ကျန်တာ မအိမ်ကံနှင့် ကျေးဥပဲ ရှိတာဆိုတော့ ကိုစံကောင်းကို ညဘက်လာစောင့်ရှောက်ဖို့ မအိမ်ကံ စီစဉ်ခဲ့သည်။ ညနေက ကျေးဥကို အခေါ်လွှတ် လိုက်ကတည်းက ကိုစံကောင်းကလည်း ဓားရှည် တစ်လက်ဖြင့် ရောက်လာခဲ့ပါ၏။

“ဟုတ်သယ်၊ အစ်ကိုလေးလည်း စဉ်းစားမိသယ်၊ ခေတ်ကာလက မကောင်းတော့ ငါ့နှမတွေးသာ မှန်သာပေါ့၊ စိတ်ချသာ အိပ်ကြပါအေ၊ အစ်ကိုလေး ရှိပါသယ်”

ကိုစံကောင်း အတွက် လက်ဖက်တစ်ပွဲ ရေနွေးတစ်အိုး စီစဉ်ပေးပြီး အိပ်ရာ ၀င်ခဲ့ကြသည်။ သည်ညတော့ ကျေးဥတို့ သားအမိ တစ်တွေကလည်း မအိမ်ကံတို့နှင့် အတူ အိမ်ကြီးပေါ် လာအိပ်ကြသည်။ အိမ်အောက်ထပ် အေးခုတင်ကြီးပေါ်မှာ ဖိုးတုတ်နှင့် ကိုစံကောင်း အိပ်ကြလိမ့်မည်။ အိပ်ရာဝင်တော့လည်း မအိမ်ကံမှာ သမီးကြီးကို လွမ်းလွန်းသဖြင့် ချက်ချင်း အိပ်မပျော်နိုင်။ ကျေးဥကလည်း မအိမ်ကံလိုပင် ရှိခဲ့သည်။ အမေပန်းရုံကတော့ မြေးလွမ်း နေပုံရပါ၏။ ညနေစောင်းက တည်းက အိမ်ဦးခန်းက သင်ဖြူးဖျာ ကလေးပေါ်မှာ ၀င်ခွေ နေလေတော့သည်။ မအိမ်ကံနှင့် ကျေးဥ စကား တပြောပြော ရှိကြရာတွင် ညဥ့်နက်လာတော့ ကျေးဥလည်း အိပ်ရာဝင်ခဲ့ပြီ။

မအိမ်ကံမှာသာ အိပ်မပျော်နိုင်သေးဘဲ အတွေးတွေ စုံနေ ခဲ့ရပါ၏။ အောက်ထပ် နာရီကြီးဆီက တစ်ချက်ထိုးသံ ကြား ရပြီ။ ဒင်ခနဲမြည်လိုက်သော အသံက မအိမ်ကံကို ဖျတ်ခနဲ လှုပ်လိုက်သလိုရှိရာက တစ်စုံတစ်ရာ စိတ်မသိုးမသန့်သလို ခံစားလိုက်ရသည်။ ဘာသံမှတော့ မရှိ။ သို့သော် မအိမ်ကံတွင် အာရုံတစ်ခု ကပ်ငြိနေသလို ကြက်သီး ရိပ်ရိပ်ကလေးထိ သွားခြင်းဖြစ်၏။ မအိမ်ကံ အိပ်ရာက ထလာခဲ့ကာ ၀ိုင်းတိုက် လေးဖက် လေးတန်စလုံးကို မြင်ရသော ပြတင်းပေါက်များက တစ်ဆင့် စူးစူးစိုက်စိုက် လိုက်ကြည့်သည်။ လရောင်က ခပ်နောက်နောက်ဆိုတော့ သဲသဲကွဲကွဲတော့ မရှိ။ အစ်ကိုလေး ကိုစံကောင်းကော အိပ် နေလေသလား။

မအိမ်ကံ ကြည့်နေခိုက်မှာပင် ၀ိုင်းတိုက်ထဲသို့ အရာဝတ္ထု ဖြူဖြူတွေ တဖျောဖျော ကျလာသည်ဟု ထင်လိုက်မိသည်။ ပြတင်းပေါက်နှင့် ၀င်းထရံက တော်တော်လေး ဝေးသဖြင့် သေတော့ မသေချာ။ မအိမ်ကံက ကိုစံကောင်းကို အော်ခေါ် လိုက်ဖို့ တွေးမိလိုက်ချိန်မှာပင် ကိုစံကောင်းက ဓားရှည်ဝင့်ရင်း ၀င်းထရံဘက်ကို ပြေးသွားတာ မြင်လိုက်ရသည်။ မအိမ်ကံ ကလည်း နံရံပေါ်က ဓားရှည်ကို ဆွဲလိုက်ပြီး လှေကားပေါ်က အပြေးဆင်း လာခဲ့လေသည်။ လက်နှိပ်ဓာတ် မီးကိုတော့ ဆွဲဖြစ်အောင် ဆွဲခဲ့သည်။ ကိုစံကောင်းက ခြေသံတဖျတ်ဖျတ်ကြောင့် လှည့်ကြည့်လိုက်ပြီး မအိမ်ကံမှန်းသိ၍ စောင့်နေလိုက်သည်။ ခြံထောင့်ကိုရောက်ကြတော့ မအိမ်ကံက လက်နှိပ် ဓာတ်မီးဖြင့် ဟိုဟိုသည်သည် ထိုးကြည့်သည်။ တွေ့ပြီ။ ပစ္စည်းက သုံးနေရာ ပြန့်ကြဲနေသည်။

မှုန်ဝါးဝါး လရောင်ထဲမှာ မအိမ်ကံပင် သွေးဆုတ် သွားမတတ် ရှိခဲ့ရာမှ ကိုစံကောင်းကို မော့ကြည့်လိုက်သည်။ ဓားရှည်တစ်လက် ကိုင်ထားသော ယောက်ျားသားကြီး ကိုစံကောင်းပင်လျှင် တောင့်တောင့်ကြီး ငြိမ်သက်လျက် ရှိလေ၏။


(ဆက်လက်ဖော်ပြပါမည်)

ဆရာမခင်ခင်ထူး


လေးစားစွာဖြင့်
ရီနိုမာန်

ရွှေအမြုတေ မဂ္ဂဇင်းမှ ဖေါ်ပြပါသည်။


November 21, 2009

အစီအစဉ် လေးတစ်ခု ( Photo ReeNoeMann )

လေးစားချစ်ရပါသော ညီအစ်ကိုမောင်နှမများ ခင်ဗျာ

ကျနော်ဘလောဂ့်လေးမှာ ထူးခြားတယ်လို့ မဆိုနိုင်ပေမယ့် လစဉ်ပုံမှန် ဖြစ်တဲ့ ပြိုင်ပွဲလေးတစ်ခုလောက် လုပ်ချင်နေခဲ့သည်မှာ ကြာခဲ့ပါပြီ။ အကြောင်း အမျိုးမျိုးကြောင့်သော၎င်း၊ အချိန်မအားလပ်သောကြောင့်၎င်း၊ စိတ်ကူးမရသေး၍သော၎င်း အစီအစဉ်အား ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ ယခုအခါမှာ အစီအစဉ်သစ် တစ်ခုကိုတွေးမိသောကြောင့် ပြုလုပ်လိုစိတ်များ ဖြစ်ပေါ်နေပါသည်။ ထို့ကြောင့် မောင်နှမများ ဖက်မှ တက်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြပါလို့ အရင်းဆုံး ပြောကြားလိုပါတယ်။

အစီအစဉ်လေးကတော့ (Photo ReeNoeMann )ဓါတ်ပုံပြိုင်ပွဲလေး တစ်ခုပါ။ လူတိုင်းလူတိုင်းမှာ ဓါတ်ပုံရိုက်တာ ဝါသနာပါကြပါတယ်။ ဒါကြောင့် လစဉ်လတိုင်း စာဖတ်ပရိတ်သက်ရဲ့ မဲဆန္ဒနဲ့ ပုံလေးတွေကို ရွေးချယ်မှာဖြစ်ပါတယ်။ ကူညီပေးကြပါအုံးလို့ ပြောကြားရင် အောက်မှာပါတဲ့ စည်းမျဉ်းများ အတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

စည်းကမ်းချက်များ--

၁)ပတ်ဝန်းကျင် အလှပုံများ ဖြစ်ရမည်။ (လူပုံများ လုံးဝမပါဝင်ရ)
၂)ကြည်လင်ပြတ်သားရမည်။
၃)တစ်ခါပို့လျှင် တစ်ပုံမှ သုံးထိပို့နိုင်သည်။
၎)ဓါတ်ပုံနှင့်တကွ လူနာမည် (Nick Name ကိုသာ အသုံးပြုရန်) ထည့်ပေးရပါမည်။
၅)ကိုယ်တိုင်ရိုက်ထားသောဓါတ်ပုံဖြစ်ရပါမည်။

အထက်ပါစည်းကမ်းချက်များနဲ့ ကိုက်ညီမှသာလျှင် ဖေါ်ပြမှာဖြစ်ပါသည်။ မဲအများဆုံးရရှိသော ဓါတ်ပုံအား ကျနော်ဘလောဂ့်တွင် တစ်လတိတိ ဖေါ်ပြပေးမှာဖြစ်ပါသည်။ လစဉ်ပြုလုပ်မှာ ဖြစ်သောကြောင့် ပါဝင်စေချင်သော လ နှင့်တကွ ကြိုပို့ထားနိုင်သည်။

ဆက်သွယ်ရန်လိပ်စာ - reenoe1981@gmail.com သို့ပေးပို့နိုင်ပါသည်။

လေးစားစွာဖြင့်
ရီနိုမာန်

November 20, 2009

စာဖတ်သူ သက်သက်ပါ

ကဗျာရေးတိုင်း .ကဗျာဆရာမဟုတ်ပါဘူးး..
စာတွေရေးတိုင်း စာရေးဆရာမဟုတ်ပါဘူး...
ဒီစကားနှစ်ခွန်းလုံးကို အပြည့်အ၀ထောက်ခံတဲ့အနေနဲ့ ဒီစာလေးကို ချရေးမိတာပါ...
ကိုယ်ကတော့ စာဖတ်သူသက်သက်တယောက်ပါ.
ကဗျာတွေကိုချစ်တဲ့...
စာတွေကိုလေးစားတဲ့..
ဒဿနတွေကိုသဘောကျတဲ့...
(အရာအားလုံးရဲ့ အခြေခံကျတယ်ဆိုတဲ့ ရူပဗေဒနဲ့ကျောင်းပြီးထားသူတယောက်ဆိုပေမယ့် မှန်တယ်ဆိုတာ..မမှားပါဘူးလို့ သေချာနေတဲ့ အဖြေတခုကို မရေမရာဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ဒဿနိကဗေဒ ကိုအရမ်းကြိုက်ပါတယ်)..စာပေချစ်မြတ်နိုးသူပါ.
လူတိုင်းမှာ ခံစားချက်ကိုယ်စီနဲ့ အနုပညာကိုယ်စီရှိကြပါတယ်.ရင်ထဲက ခံစားချက်လေးတွေကို ချရေးတာနဲ့ တင်ပြတာမတူပါဘူး..ဟိုတုန်းကဆိုရင် အရမ်းခံစားရသည်ဖြစ်စေ.. ပျော်ရွှင်သည်ဖြစ်စေ.. နာကျည်းချက်များ.. အမှတ်တယများကို.. ဒိုင်ယာရီစာအုပ်ထဲမှာ.. ကိုယ့်ရဲ့ခံစားချက်တွေကို ကဗျာကလေးတွေအဖြစ်နဲ့တသွယ်.. ၀ထ္ထုလေးတပုဒ်အနေနဲ့တဖုံ.. အစုံစုံသော အကြောင်းအရာများကို အမှတ်တယရေးသားမှတ်တမ်း တင်ထားတတ်ပါတယ်.. အမှန်အတိုင်း.. စိတ်ရင်းအတိုင်း..အညွန့် အကွန့်တွေမပါဝင်ပဲ.. ရိုးရိုးစင်းစင်းလေး... ကိုယ်နားလည်ခံစားရသလိုလေးရေးကြတာပါ.. အရင်းခံလေးအတိုင်း စကားလုံးတွေကမလှပပါဘူး..
တင်ပြတာကျတော့ (ကိုယ်သိသလောက်ပေါ့လေ...) လူတွေကိုသိစေချင်တယ်.. မျှဝေချင်တယ်.. အသိလေးတွေပေးချင်တယ်.. ရှောင်စေချင်တယ်.. လိုက်နာစေချင်တယ်.. ရည်ရွယ်ချက် အမျိုးမျိုးနဲ့ပါ.. ကိုယ့်ရဲ့ခံစားချက်ကို လှပအောင် ကွန့်ညွန့်ပြီး စကားလုံးကြွယ်ကြွယ်နဲ့ လူတွေကိုဆွဲဆောင်. အောင်မြင်အောင် ကြိုးပမ်းမှုတမျိုးပါ..စည်းတွေ ..ဘောင်တွေ.. ကန့်သက်ချက်တွေရှိတယ်.. မျှော်လင့်ချက်တွေရှိတယ်..စာဖတ်သူရဲ့ တုံ့ပြန်မှု.. အားပေးမှု.ဝေဖန်မှု.. ချီးကျူးမှု..မှု ...မှု... အများကြီးနဲ့ပေါ့..
စာရေးခြင်းအတတ်ပညာမှာ ပါရမီမပါခဲ့လေတော့..စာဖတ်ပြီး..မှတ်သားတွေးတောနေရတာကိုပဲ (စာရေးတတ်သူများကို အထင်ကြီးအားကျနေရုံမှအပ) ကျေနပ်နှစ်သိမ့်နေတဲ့ စာပေအားပေးသူပါ..
DIARY: Dear! I always remember you. ဆိုသလို..ကျမတို့ ချရေးကြတဲ့ ကဗျာလေးတွေ.. စာတိုပတ်စလေးတွေရဲ့ ရည်ရွယ်ချက်လေးက ဒါပါပဲ.. ဘာမျှော်လင့်ချက်မှ မရှိပါဘူး.. ကိုယ့်ရဲ့လုပ်ဆောင်ချက်လေးတွေ.. ခံစားချက်လေးတွေကို အမှတ်ရစေချင်တာပါပဲ....
ကိုယ့်အတွက်တော့..Internet ဆိုတာ..စိတ်ရဲ့အပန်းဖြေရာ.. နှလုံးသားရဲ့ အလွမ်းခြေရာလေး တခုပါပဲ.. ခောတ်သစ်ဒိုင်ယာရီလေးတအုပ်ပေါ့ရှင်..

လေးစားစွာဖြင့်
ရီနိုမာန်

စာရေးသူ - မမလွင် (ခ) မမိုး

November 19, 2009

မအိမ်ကံ ( For Nov အပိုင်း - ၅ )

“ထားပါတော့လေ။ အစ်ကို ပြောချင်တာက သည်ကိစ္စ အမေ ပန်းရုံပဲ ဆုံးဖြတ်ပါစေ။ အိမ်ကလေးကလည်း နားထောင် လိုက်ပါ။ အမေပန်းရုံ ဆုံးဖြတ်တာကို အားလုံး နာခံသင့်တယ်။ ကိုသာအောင်တို့ကလည်း နာခံပါ ဟုတ်ပြီလား”

“ကျွန်တော်တို့က နာခံဖို့ လာကြသာပါ ဆရာလေးရာ။ အရီး ပန်းရုံတို့ ကျေနပ်အောင် လာခွင့်တောင်း နေကြသာပါဗျာ။ မအိမ်ကံကိုလည်း ဘယ့်နှယ်မှ မအောက်မေ့ပါဘူး”

မအိမ်ကံလည်း ငြိမ်လိုက်ရပြီ။ အားလုံးက တစ်ဖက် မအိမ်ကံက တစ်ဖက် ဖြစ်နေတာကိုလည်း ရိပ်စားမိခဲ့ပြီ။ အဖေ ဦးသာထန် သုံးနေကျ စကားကို မအိမ်ကံ သတိရ လိုက်ပါ၏။ အကြောင်းများ မကောင်းရင် မင်းကုသကြီးတောင် အိုးတော် လုပ်မီး ဖုတ်ရသဗျား ဆိုသည့် စကားဖြစ်၏။ အခုလည်း အကြောင်း မကောင်းသခိုက် ငြိမ်နေလိုက်ခြင်းသာ အကောင်း ဆုံးဟု တွေးမိတာလည်း ပါပါ၏။ ဖွဲကို ထောင်းလို့လည်း ဆန်ကောင်း ရစရာ မရှိ။ မအိမ်ကံ ငြိမ်နေလိုက်ရပြီ။ အမေပန်း ရုံကတော့ သည်အမှု သူ့အပေါ် သတ္တု ကျလာပြီ ဆိုကတည်းက သမီး မျက်နှာတစ်ချက် လှမ်းကြည့်ရှာသည်။

“သည်လိုတော့ လုပ်ကြသာပေါ့ကွယ်။ ရွာသူကြီးများ ပါပင့်ဖိတ်ပြီးတော့ ဟိုရွာ၊ သည်ရွာက ထည့်ချင်လှူချင်ကြ သာတွေလည်း ရှိသယ်ဆိုတော့ ငွေခံ အစည်းအဝေးကလေး လုပ်ကြသာပေါ့။ ရသမျှ မောင်ပြေသိမ်းနဲ့ ရပ်ရွာက ရပ်မိရပ်ဖ များက စာရင်းနဲ့ လက်ခံကြပါ။ ပြီးတော့ မောင်သာအောင် တို့၊ ရွှေမှုံတို့လည်း စိတ်ရှိသလောက် ထည့်ဝင်ပါ။ သည်ကြား ထဲက ငွေလိုမှာလည်း အမှန်ပဲ။ ကျန်သာကို ဘယ်လောက်ဖြစ်ဖြစ် အရီးတို့ မိသားစုက ကျသမျှဖြည့်ပါ့မယ်။ မကောင်းဘူး လား”


သာအောင်နှင့် ရွှေမှုံတို့ မျက်နှာ ပြုံးရွှင်လာခဲ့သည်။ ရွှေမှုံက မအိမ်ကံ လက်ကို လှမ်းဆုပ်ကာ ၀မ်းသာကြောင်းပြရှာပါ၏။ မအိမ်ကံ တစ်ကိုယ်လုံး သွေးဆူဆူတွေ လှည့်နေသည်။ ရွှေမှုံ့လက်ကို မရုန်းသော်လည်း ငါနိုင်တယ် မအိမ်ကံရေလို့ ပြောနေသလိုလည်း ခံစားနေရပါ၏။ မအိမ်ကံ ရွှေမှုံကို တစ်ချက် ပြုံးပြလိုက်ပါ၏။ အေးစက် နာကြည်းလွန်း လှသော အပြုံး။ သာအောင်နှင့် ရွှေမှုံက အမေပန်းရုံကို ထိုင်ကန်တော့ ကြသည်။ ရွာကျောင်း ဆရာဖြစ်သော ကိုပြေသိမ်းကို ကန်တော့ ကြသည်။ တော်တော်ကြာအောင် စကားစမြည် ပြောပြီးမှ နှုတ်ဆက်ပြန်ကြသည်။
သာအောင်တို့ ပြန်သွားတော့ ကိုပြေသိမ်းလည်း အိမ်အပေါ်ထပ်ကို တက်သွားတော့သည်။ ကိုပြေသိမ်း မရှိတော့မှ မအိမ်ကံက သိထားသမျှ ခရေစေ့တွင်းကျ ပြောပြခဲ့သည်။ သည်စကားကြားရတော့ အမေပန်းရုံရော၊ မလှအုံရော ထူးဆန်းသော စကားကို ကြားလိုက်ရသလို မှင်တက်မိ ကုန်ကြသည်။

“ငါ့သမီးရယ် ရှိသာတွေ ရှိကြပါစေတော့။ ကိုယ်က တပ်အပ် မမြင်မသိသာကို နောက်ထပ် အကုသိုလ် မဖြစ်စေချင် တော့ဘူး။ သမီး ပြောနေသာတွေ အကျိုးအကြောင်း ရှိပါသယ်။ မှန်သယ် ဆိုရင်လည်း သူ့အကုသိုလ်ထုပ် သူရွက်ပါလိမ့်မယ်။ မမှန်ရင် ကိုယ်ရွက် နေရလိမ့်မယ် သမီး”

ထိုညက မအိမ်ကံ ရင်ထဲမှာ ဆူးတစ်ချောင်း ထပ်စူးခဲ့ ပြီ။ “ရွှေမှုံဆိုသာ ရွာ့ကွမ်းတောင်ကိုင်ပါဟဲ့။ ထဆစ်လည်ကျိုး လှေပိုးထိုး မဟုတ်ပါဘူး။ ညည်းက ရှဥ့်တစ်ကောင် မြားတစ်စင်း ပစ်နေလို့ ပြောတာပါ” ဆိုသည့် ရွှေမှုံစကားတွေ က အဆိပ်ဆူးဖြူ တစ်ချောင်းလို တွေးမိတိုင်း နစ်ဝင် ခဲ့လေပြီ။ သမီးကြီး မအိမ်မြိုင် ခြောက်နှစ်သမီး အရွယ်က ဆယ့်နှစ်နှစ် သမီး အရွယ်ရောက် လာသည့်ကြား ကာလအတွင်း ဇောင် ချမ်းကုန်း ရွာသည်လည်း ပြောင်းလဲခဲ့သည်။ ဟိုတုန်း ဟိုခါ ကလို စရိုက်ဘာသာ အေးအေးလူလူ နေခဲ့ကြသူတွေချည်း မဟုတ်တော့။ အချိန်တန်တော့ မိုးရိပ် လေဆင်ကြည့်၍ ယာ ကလေးထွန်၊ ကိုင်းကလေးထွန်၊ ပြောင်းကလေးချ၊ နှမ်းက လေးချ ဆိုသည့် ဓားမဦးချတွေ ချည်းပါလို့ ပြောဖို့ပင် ခက် သွားလေပြီ။ လွတ်လပ်ရေး မရမီက အစစအရာရာ အသိအမြင် အောက်ကျခဲ့သည်ပဲဆိုဆို နိုင်ငံရေးသည် ကိုယ်နှင့် မဆိုင်သလို နေခဲ့ကြသည်။

တစ်ခါတစ်ရံ ဘယ်သူတွေ အုပ်ချုပ်နေမှန်းပင် မသိ။ လွှတ်တော်တွင်းမှာ နိုင်ငံရေး သမားတွေ အပြောင်းအလဲ ရှိတိုင်း ဇောင်ချမ်းကုန်းကို ရောက်လာတာ မဟုတ်တော့။ ငရုတ် တစ်ကိုက်၊ ထန်းတစ်ကိုက် စပ်တော့လည်း စပ်လို့ ချိုတော့လည်း ချိုလို့ ဆိုတာလောက်သာ အာရုံ ရှိခဲ့ကြပါ၏။ လွတ်လပ် ရေးရပြီးသည့် နောက်ပိုင်းမှာ တော့ ဇောင်ချမ်းကုန်းလည်း သက်တံကွေး ထွက်သလို စို့ထွက်လာကာ အရောင်စုံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေး ကာလနောက်ပိုင်း သူကြီး လုပ်ပိုင်ခွင့်တွေ များလာသည်။ ရွာသူကြီးကို ကျေးရွာကပဲ ရွေးကောက်ရသည်။ သူကြီး သက် ငါးနှစ်ကုန်လို့ နောက်ငါးနှစ် လုပ်ပိုင်ခွင့် ရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေး ကော်မတီ ရှိလာသဖြင့် ထိုနေရာတွေကို မက်မော လာကြရာက အုပ်စုကွဲ၊ ဆွေမျိုးကွဲတွေ ဖြစ်လာကြ သည်။ ကျေးရွာသူကြီးနှင့် ကျေးရွာ ကော်မတီတို့ တရားစီရင် ရေးတွင် အခွင့်အာဏာ အတန်အသင့် ရကြသည့် အလျောက် ထိုအခွင့်အာဏာ အပေါ် ယိုယွင်းမှုများ၊ မတရားမှုများ၊ ဘက်လိုက်မှုများ ရှိလာခဲ့သည်။

သည်မှစကာ ရှေးအခါက မည်သူမျှ စိတ်မ၀င်စားခဲ့သော နိုင်ငံရေးသည် ဇောင်ချမ်းကုန်းတွင် ခေတ်စား လာခဲ့ပါ၏။ အချင်းချင်း စိတ်ဝမ်းကွဲကြရာမှ မညီမညွတ် ဖြစ်လာကြကာ ရပ်ရေးရွာရေးထက် ကိုယ်ကျိုးကိစ္စ ခေါင်းပေါ် ရွက်လာကြသည်။ ကျေးရွာ အုပ်ချုပ်ရေးတွင် သူကြီးနှင့် အပြိုင်ဖြစ်သည့် ကျေးရွာ ကော်မတီတွင် သာအောင့်ကို ၀ိုင်းဝန်း မြှောက်တင်ကြ ရာမှ ဇောင်ချမ်းကုန်းတွင် သူကြီးထက်ကျော်ကာ သာအောင် က ထင်ပေါ်လာခဲ့ပါ၏။

“ငါ့ထက် ရိုးသာ သူခိုး ကျန်တော့သယ် ဆိုသလိုပါပဲအေ။ သူကြီးက မလှုပ်ဘူး။ သာအောင်ကချည်း လှုပ်နေလို့ ရွာက ငပိသည်က ခွေးမမောင်းရဘူး၊ ဆားသည်က ခွေး မောင်း နေပြီ ပြောနေကြသယ်။ သာအောင် တစ်ခေတ်ဆန်းပါ ပကောအေ”

မလှအုံက ဘယ်က ဘာကြားလာလို့မသိ။ တစ်ရက်မှာ ညည်းရှာသည်။ သာအောင်တို့ ကံဟုန်းဟုန်း ထတော့ ရွှေမှုံ ကလည်း သုံးဆယ့် ခုနစ်မင်း ပန်းမကိုင်ဘဲ ပူးနိုင်သူ ဖြစ်လာခဲ့ သည်။ ရွာရပ်က ကိုပြေသိမ်းကို အုပ်ချုပ်ရေး တစ်နေရာ ယူပါရန် တောင်းပန်သော်လည်း ကိုပြေသိမ်းက ငြင်းသည်။ ကျောင်းအလုပ်ကို အကြောင်းပြကာ ငြင်းလိုက်ခြင်းဖြစ်၏။

“ကျွန်တော် မလုပ်ပါရစေနဲ့။ ရွာရပ်မှာ သူကြီးလည်း ရှိပြီ၊ ကျေးရွာ ကော်မတီလည်း ရှိပြီ၊ ဆယ်အိမ်ခေါင်းလည်း ရှိကြပါပြီ။ ကောင်းဖို့ပဲ ရှိပါတော့တယ်”

ကိုပြေသိမ်းက အတန်တန် ငြင်းတော့လည်း ငြိမ်လိုက်ကြ ရသည်။ သာအောင်က အရင်တုန်းက သာအောင် မဟုတ်တော့။ ရပ်မှု ရပ်ခင်းတွေမှာ သူ့ခြေသူ့လက် လုပ်လာခဲ့သည်။ တတ်နိုင်သူ ဆိုတော့ မြင်းခြံ အရောက်အပေါက် များရာက လူရေးလူရာ ၀င်ဆံ့လာသည်။ နှစ်သက် ကလေးရလာတော့ ရွာမှာသူကြီး ထက်ပင် ပါဝါ များလာတော့သည်။ တစ်ခါမှာတော့ မအိမ်ကံနှင့် ထိပ်တိုက် တိုးခဲ့တာကိုလည်း မအိမ်ကံ မှတ်မိနေခဲ့ပါ၏။ အဝေးရွာများမှ ကုန်လှည်းများ ရွာလယ်တာ လမ်းပေါ်မှ မောင်းနှင်သည့် အတွက် လှည်းရော၊ နွားပါ ဖမ်းခိုင်းကာ ဒဏ်ငွေရိုက်သည့် ကိစ္စဖြစ်သည်။ တစ်သက်လုံး ရွာလမ်းမပေါ်က မောင်းခဲ့ကြသော လှည်းဆရာတို့ ခမျာ မရှိရသည့်ကြားက ကြိုးတုပ်ခံ၊ မောင်းမဲခံ ဘ၀ ရောက်ကြရသည်။ သည်သတင်း ကြားသည်နှင့် မအိမ်ကံ အသားများပင်ဆတ်ဆတ် တုန်ခဲ့သည်။ ဖိုးကူးကို အခြေအနေ စုံစမ်းခိုင်းသည်။

ဘယ်ရွာက လှည်းတွေလဲ၊ ဘယ်လှည်းသမားတွေလဲ၊ ဒဏ်ငွေ ဘယ်လောက် ရိုက်သ တဲ့လဲ၊ အခုကော လူတွေ၊ နွားတွေကို ဘယ်လိုထားသလဲ စုံစမ်းခိုင်းခြင်း ဖြစ်၏။ သူကြီးကလည်း လူရိုးလို့ပဲလား၊ သာအောင့်ကို မလွန် ဆန်နိုင်လို့ပဲလားတော့ မသိ၊ ဘာမှ ပြောသံမကြား။ ဖြစ်ချင်တော့ ထိုရက်က ကိုပြေသိမ်း မြင်းခြံ ရောက်နေသည့်ရက် ဖြစ်သည်။ ဖိုးကူးက အသေးစိတ်ပြောပြ တော့ မအိမ်ကံ ထဘီတိုတို ပါအောင်ဝတ်ပြီး ကျေးရွာရုံးကို လိုက်သွားခဲ့သည်။ ခေါင်းကဆံပင်ကိုပင် လမ်းမှာ တစ်ပတ် လျှိုသွားခဲ့ခြင်းဖြစ်၏။ မအိမ်ကံ ပျာယီးပျာယာ ထွက်လာတာကို ရွာကထွက်ကြည့်ကြသည်။

“ဟဲ့ သမီး မအိမ်ကံ၊ ကိုယ့်အလုပ်လည်း မဟုတ်ဘဲနဲ့ သမီးရယ်။ ခေတ်ကာလက ဖြစ်လာသာပါအေ။ ဒဏ်ရိုက်သယ် ဆိုတော့လည်း နောက်ဆင်ခြင်ကြတော့မပေါ့။ သူတို့ ဥပဒေ ရှိလို့ လုပ်သာနေမှာပေါ့”

အမေပန်းရုံက တားသော်လည်း မအိမ်ကံ ဇွတ်ထွက်လာခဲ့သည်။ ကျေးရွာရုံး ရောက်တော့ သာအောင်မရှိ။ နွားတွေ ရော၊ လူတွေရော မလွှတ်သေးဘဲ ဖမ်းထားဆဲ ဖြစ်၏။ နွားတွေကို မမြင်ရသော်လည်း လူတွေက ရုံးရှေ့မှာ ငုတ်တုတ်ထိုင်နေ ကြသည်။ ထမင်းပင် စားကြရသေးပုံ မပေါ်။ အိုဖြစ်ရလေ။ ကိုယ့်ရွာက မဟုတ်တာနဲ့ပဲ ရက်ရက်စက်စက် လုပ်ရသလား ဆိုသည့် စိတ်က ဆူဆူဝေလျက် ရှိ၏။ ရုံးထဲမှာရှိသည့် လူနှစ် ယောက်၊ သုံးယောက်ပင် မအိမ်ကံကို အံ့သြနေကြသည်။

“သာအောင် ဘယ်သွားသလဲ”


“ဦးသာအောင် အိမ်ခဏပြန်သယ်။ ထမင်းစားပြန်သာ”
“အခုက လှည်းတွေ၊ နွားတွေကို ဘယ်လို လုပ်ထားသလဲ။ လှည်းသမားတွေ ထမင်းစားပြီးကြပြီလား။ နွားတွေ ကိုရော နွားစာ ကျွေးရဲ့လား၊ ရေတိုက်ရဲ့လား။ ဖမ်းသာကကော ဘာအမှုပါလိမ့်”

မြေကြီးပေါ် ငုတ်တုတ်ထိုင်နေကြသည့် လှည်းသမားတွေ က မအိမ်ကံကို မော့ကြည့်ကြသည်။ ၀မ်းလည်းဝမ်းသာ သွားကြပုံပေါ်ပါ၏။ မအိမ်ကံက ရုံးထဲမ၀င်။ ရုံးရှေ့ ခါးထောက်ရပ်ရင်း အော်မေးနေခြင်းဖြစ်သည်။ သိပ်မကြာပါ။ ကိုစံကောင်း ရောက်လာသည်။ သစ်ပင်ရိပ်မှာ ရပ်ရင်း နှမဖြစ် သူကို အကဲခတ် နေခြင်းဖြစ်၏။ မလှအုံတို့ လွှတ်လိုက်တာ ဖြစ်မည်။ ခပ်လည်လည် ရွာသား တစ်ယောက်က ရှေ့ထွက်လာကာ မအိမ်ကံနှင့် မျက်နှာချင်း ဆိုင်သည်။ သူ့ကိုတော့ မအိမ်ကံ မသိ။ နောက်ပေါက်ထဲက ဖြစ်မည်။

“မကျွေးရသေးဘူး။ ခင်ဗျားက ဘယ်သူတုံး”

“မင်း ငါ့ကို မသိဘူးလား။ တစ်ရွာက ထင်သယ်။ ငါ မအိမ်ကံပဲ။ မင်းတို့က ဖမ်းထားသဲ့ လူတွေ၊ နွားတွေတော့ အစာရေစာ မကျွေးနိုင်ဘူး။ သာအောင်က အပင်းသွားဆို့ သလား။ ငါမကျေနပ်လို့ လိုက်လာသာဟေ့”

မအိမ်ကံနှင့် မျက်နှာချင်းဆိုင် ရပ်နေသူက ဘာမှမပြောနိုင်။ မအိမ်ကံကိုသာ ဘယ်လို မိန်းမပါလိမ့်ဆိုသည့် မျက်နှာနှင့် ကြည့်နေသည်။ မအိမ်ကံက သာအောင့် အိမ်ကို လိုက်သွားဖို့ စိတ်ကူးလိုက်သော်လည်း ရုံးကပဲ စောင့်ရန် ပိုင်းဖြတ်လိုက်ပြီး မနီးမဝေးက မြေပေါ်မှာ ချထားသော ထိပ်တုံးပေါ်သွား ထိုင်လိုက်သည်။ စောင့်မည်။ သာအောင်လာချိန် အထိစောင့်မည်။ မအိမ်ကံ ထဘီတိုတို ပါအောင်ဝတ်ပြီး ရွာရုံး လိုက်သွား သတဲ့ဆိုသည့် သတင်းကြောင့် ရွာက လူတွေ တဖွဲဖွဲ ရောက်လာ ကြပါ၏။ ဘယ်သူက သွားခေါ်သည် မသိ။ သာအောင် ရောက်လာသည်။ သာအောင့်နောက်မှာ လူနှစ်ယောက် ပါလာသည်။ ရွာက နွားသတ်သမား အောင်လှနှင့် သာအောင့်အမျိုး ထဲက တစ်ယောက်ဖြစ်၏။ သာအောင်က သတင်းကြားထား ပြီးပုံရသည်။ ရုံးထဲ မ၀င်ဘဲ မအိမ်ကံကို လှမ်းကြည့်လိုက်သည်။ မအိမ်ကံက ထိပ်တုံးနှုတ်ခမ်းပေါ် ထိုင်ရာက မတ်တတ် ရပ်လိုက်ပြီး သာအောင်နှင့် မျက်နှာချင်း ဆိုင်လိုက်၏။ သာအောင်က မခိုးမခန့်။

“သာအောင်... နင်တို့ အဝေး ရွာတွေက နွားလှည်းတွေ ရာ၊ လူတွေပါ ဖမ်းထားသယ်ဆိုလို့ ငါလိုက်လာသာ။ နင် ဘယ့်နှယ် လုပ်သာလဲ။ အမှုက တာလမ်းပေါ် နွားလှည်း မောင်းလို့ဆို။ ဆယ့်နှစ်မှု မင်းတိုင်းမကျေသဲ့ အမှုကြီးလိုပါ လားဟဲ့”

“ဟုတ်သယ်။ မအိမ်ကံနဲ့ မဆိုင်ပါဘူး။ ဒါက ရပ်ရွာ အုပ်ချုပ်ရေး ကိစ္စပါ။ အခုက မြင်းခြံရုံးကခိုင်းလို့ လုပ်သာ။ တာလမ်းပေါ် နွားလှည်းမောင်းရင် လမ်းဌာနက ဒဏ်ရိုက် ခိုင်းထားသယ်။ ကနေ့ စဖမ်းသာပဲ။ အဲသာ ဘယ့်နှယ်ဖြစ်လို့ တုံး”

“အလိုတော် မြို့ဝန်မင်း စောင်မမှ ထောင်ကျရသဲ့ ကိန်းပါ လား။ ဘယ်မှာလဲ ရုံးအမိန့်၊ ဘယ်မှာလဲ ရပ်ရွာ အသိပေးသာ။ဘယ်လမ်းဘေး စာကပ် ထားသလဲ။ သည်ကနေ့ စဖမ်းရအောင် အဝေးရွာက လှည်းတွေက သိသိနဲ့ ချိုးဖောက်ကြလို့ လား။ တာလမ်းပေါ်က မသွားရင် ဘယ်က သွားရမှာတုံး။ ဘယ်မှာတုံး လှည်းလမ်း။ ဒါမျိုးဆိုသာ ရွာစဉ်ပေါက် ကြေညာချက် ထုတ်ပြီးမှ လုပ်ရသဲ့ ကိစ္စ။ ငါသူကြီး သမီးပါ ဟဲ့။ ထစ်ခနဲရှိ ဒဏ်ငွေ၊ နင်တို့မို့ မရှက်သယ်”

သာအောင်က လူအများရှေ့ အပြော ခံရသဖြင့် မျက်နှာကြီး ရဲလာရာက ရှေ့ကို တိုးလာခဲ့သည်။ တပည့်နှစ်ယောက် ကလည်း ကပ်လျက်ချပ်လျက်။
“မအိမ်ကံ ပြန်ပါ။ သည်လောက်ပဲ ပြောပါရစေ။ နင် အငြိုးနဲ့ လာပြောလို့ မဖြစ်ဘူး။ ဒါအထက်က ခိုင်းလို့ လုပ်ရသာ”

အငြိုးနဲ့ လာမပြောနဲ့ ဆိုသည့် စကားကြောင့် မအိမ်ကံ ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။

November 17, 2009

အတွေးဆုတောင်း

မနေ့ကတနင်္ဂနွေနေ့ဆိုတော့ မစားရတာကြာပြီဖြစ်လို့ မုန်းဟင်းခါးနဲ့ လက်သုပ်စုံ လုပ်စားဖြစ်ကြတယ်. "ကြတယ်" ဆိုပေမယ့် ချက်တာ ပြင်တာ ဆင်တာက ကိုယ်တစ်ယောက်တည်းပါ.. ရုံးကသူငယ်ချင်း တရုတ်မတယောက်ရယ်. အိမ်နားက ညီမလေး ၂ယောက်ရယ် မောင်လေး ၂ ယောက်နဲ့ (တနင်္ဂနွေနေ့တိုင်း ပလန်းနက်အလှူ ဗီစီဒီ လာယူမယ်ဆိုပြီး ဘယ်တော့မှ ရောက်ရောက်မလာတဲ့) ကိုလင်းမောင်မောင် (ခ) လန်လန်ရယ်..ဖိတ်ကြားထားသူများပေါ့)

ချက်ရင်း ပြုတ်ရင်း..ဟိုတွေး ဒီတွေးနဲ့ အတွေးတိုင်းမှာပါနေကျ ကျမချစ်သူလေးကို သတိတယရှိသွားတယ် ..သူရော...( ရန်ကုန်မှာတုံးက ရုံးဆင်းပြီဆို ဘုရားမသွားခင် တရုတ်တန်းက အစုံသုပ်စားရင်းစား, မစားရင် သူ့ရုံးနားက မုန်းဟင်းခါးကောင်းတယ်ဆိုပြီး လက်ဖက်ရည်သောက်ရင်း သွားစားကြတာကို သတိရမိတယ်။ ချစ်သူ..ပျော်ရွှင်ပါစေကွယ်..)

သူလဲနိုင်ငံရပ်ခြားမှာ ဆိုတဲ့အသိနဲ့ ကိုယ်ဘာပဲစားစား သူ့ကို အမြဲသတိရနေတတ်တယ်။ ကိုယ်ကမိန်းခလေးမို့ ဘာမဆိုစားချင်တာကို ကိုယ်တိုင်အချိန်ယူပြီး သက်သက်သာသာနဲ့ လုပ်စားလို့ရပေမယ့် သူက၀ယ်စားဖို့တောင် အလွယ်တကူရပါ့မလား..ဆိုင်တွေနဲ့ ဝေးများနေမလား..နီးစေဦးတော့ အဆမတန်ဈေးကြီးလို့ ချွေတာပြီးပဲ မစားပဲနေနေမလား..ဖြစ်သလိုပဲစားပြီး အစားအသောက် ဆင်းရဲနေမလား..ထမင်းဟင်းတွေရော ဘယ်လိုများစီစဉ်ပြီး စားနေရပါလိမ့်နော် ..ခုလောက်ဆို အိမ်ထမင်း အိမ်ဟင်းတွေကို လွမ်းနေရောပေါ့.. (အမေက ဟင်းချက်အရမ်းကောင်းတယ်လို့ ပြောဖူးတယ်လေ..) ချစ်သူ..အစစအရာရာ စိတ်တိုင်းကျ အဆင်ပြေပါစေကွယ်..)

ဒါမှမဟုတ် (တအိမ်တည်းမဟုတ်တောင်) ဟိုရောက်နေကြတဲ့ မိန်းခလေးအဖော် သူငယ်ချင်းများနဲ့တပျော်တပါး ပွဲတော်တည်နေမလား (ကျမကိုမေ့နေမှာတော့ အသေအချာပါပဲ) ...ချစ်သူက ပျော်ပျော်နေတတ်တော့ စလိုက် နောက်လိုက်..ကောင်မလေးတွေနဲ့ ပြုံးရွှင်ရယ်မောနေမလား... ဘုရားရေ... ဦးနှောက်ထဲကို..ကျမရင်ထဲကို တိုးဝင်လာတဲ့ အတွေးတခု... အသက်ရှုမရလောက်အောင်မွန်းကျပ်သွားပါလား..အဲဒီအတွေးက ဘာကိုမှ ဆက်လုပ်ချင်စိတ်မရှိအောင် ခြေကုန်လက်ပန်းကျသွားပါလား.."အနီးဆုံးလူက အချစ်ဆုံး "လို့ စကားရှိတယ်လေ။ အဲဒီမိန်းခလေးအဖော်တွေနဲ့ ကျမချစ်သူ ရင်းနှီးသွားလေမလား... ဟင့်အင်းနော်.. ခွင့်မလွှတ်ဘူးကွယ်...

ကျမကိုထားခဲ့ပြီး ကျမအရင် သူ့ကောင်မလေးဆီကို ပြန်သွားတယ်ဆိုတာ ကြည်ဖြူနိုင်ပေမယ့် ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးကွယ်... ဘာအကြောင်းတွေကြောင့် သူ့ကောင်မလေးနဲ့ ခွဲခွာခဲ့တယ် ဆိုတာ မသိချင်ခဲ့ပေမယ့် အချစ်ဦးဆိုတာ မေ့နိုင်ကောင်းတဲ့ အရာ မဟုတ်တာကိုတော့ လက်ခံထားတယ်လေ..ကျမသိပ်ချစ်သလို သူ့ကောင်မလေးကို ကျမအချစ်တွေထက် မလျော့တဲ့ အချစ်မျိုးရှိလိမ့်မယ်ဆိုတာ မယုံကြည်နိုင်စရာ မရှိပါဘူး။

နိုင်ငံခြားရောက် မြန်မာအမျိုးသမီးတချို့တွေရဲ့ ပွင့်လင်းရဲတင်းမှု၊ ဖော်ရွေလိုက်လျောမှုတွေက ကျမချစ်သူရဲ့ တယောက်တည်း အထီးကျန်မှုတွေ၊ အလုပ်ရဲ့ အဆင်မပြေမှုတွေ၊ အစားအသောက် ခက်ခဲမှုတွေ.. နိုင်ငံခြားရောက် မြန်မာလူမျိုးတွေကြုံတွေ့ရတဲ့ ဖော်မပြနိုင်တဲ့ ခံစားမှုတွေကို သိမ်းပိုက်သွားမှာ စိုးတယ်..

ကျမတို့နှစ်ယောက်ရဲ့အနာဂတ်တွေကိုစွန့်ပစ်၊ ဘယ်သူမှ မမြင်နိုင်တဲ့ နှောင်ကြိုးတွေကို ဖျက်ပြီး အိပ်မက်အဟောင်းကို အသက်သွင်းဖို့ သူ့အချစ်ဦး ကောင်မလေးဆီပြန်သွားခဲ့တဲ့ ချစ်သူ.. သူ့ကောင်မလေးအပေါ် ထပ်ပြီး သစ္စာပျက်မှာ စိုးတယ်..
တခါဆိုတော့ သစ္စာပျက်တယ်...
နှစ်ခါဆိုရင်တော့ သစ္စာမဲ့တယ်...
ဘယ်လိုကံအကြောင်းတရားတွေကမှ ကျမချစ်သူကို သစ္စာမဲ့သူတယောက်ဖြစ်အောင် မလုပ်ပစ်ပါစေနဲ့ကွယ်..............။
။...............................................................................................................။
ဟယ်တော့ မုန်းဟင်းခါးအိုးကြီး ပွက်ပွက်ဆူနေပြီ......း)

စာရေးသူ - မမလွင်(ခ) မမိုး

လေးစားစွာဖြင့်
ရီနိုမာန်

November 16, 2009

လွမ်းတယ် အမေ

ကျွန်တော်အသက် အခုဆိုရင် ၂၉ထဲကိုရောက်ချင်းမလှရောက်နေပါပြီ။ ဒီ ၂၉နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော် ဘာများပြောင်းလဲသွားလဲ၊ ဘာများတိုးတက်မှုရှိလားလဲလို့ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ် ဆင်ခြင်မိတယ်။ကိုယ့်ကိုယ်ကိုလည်း သတိထားပြီး ကြည့်မိတယ်။ အသက်သာ လူ့သက်တမ်းရဲ့ တဝက်ကို ရောက်ချင်းမလှ ရောက်နေပြီ။ ပိုင်ဆိုင်မှု ဆိုတဲ့ လက်စုပ်လက်ကိုင် ပြနိုင်တာ ဘာတစ်ခုမှ မရှိသေးဘူး။


တခါတခါလည်း ကိုယ်ကိုယ်ကို ပြန်မေးနေမိတယ်။ စိတ်ပျက်မိလားလို့ပေါ့။ စိတ်ပါလက်ပါနဲ့ကိုပြန်ဖြေမိတယ်။ စိတ်ပျက်တယ်တဲ့( စိတ်ပဲ ပျက်တာနော်၊ စိတ်ဓာတ်မကျဘူး) ။ ဟုတ်တယ် ဘာလုပ်လုပ် အဆင်မပြေဘူး။ ဘာကိုစိတ်ပျက်မိလဲလို့ မေးပြန်တော့ စီးပွားရေး အခြေအနေပေါ့။ ကိုယ် သိတက်နားလည်တဲ့ အရွယ်ရောက်တော့ အိမ်ရဲ့ စီးပွားရေးကကျနေတဲ့ အချိန်ဖြစ်နေပြီ။


စီးပွားရေးကျလို့ စိတ်က မပျက်သေးဘူး။ မမျှော်လင့်ပဲ အဖေဆုံးသွားတော့ ကျွန်တော်မှာ အားကိုးပြီနေနေရတဲ့ တောင်ကြီးတစ်လုံး ပြိုကျသွားသလိုပဲ ကျနော်ခံစားခဲ့ရတယ်။ အဖေမရှိတော့ဘူးဆိုတဲ့ စိတ်နဲ့ ကျနော်တွေးပူနေဖို့ အချိန်မရှိခဲ့ပါဘူး။ ကျန်နေသေးတဲ့ အမေဆိုတဲ့ အားတွေနဲ့ ကျနော့် အဖေရဲ့ တာဝန်တွေကို ကျနော် ကျေကျေနပ်နပ်ကြီး ကျနော် ထမ်းဆောင်နေခဲ့တယ်။


ပညာရေး ကြပြန်တော့လည်း ထူးထူးချွန်ချွန်အောင်မြင်ထားတာမဟုတ်တော့ ပညာရေးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း လည်း မပြုနိုင်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေတော့ လိုအပ်လာမှာပါလေး ဆိုတဲ့စိတ်ကလေးနဲ့ မဖြစ်မနေ ယူလိုက်မိတဲ့ ဘွဲ့က B.A (History)။


ကဲ..ထားပါ။ ကျွန်တော့ကိုယ် ကျနော် မကျေနပ်တာက မကျေနပ်တာပေါ့။ အရှုံးပေးလားဆိုတော့ အရှုးံမပေးဘူး။ မရ ရတဲ့နည်းနဲ့ ကျနော်လှုပ်ရှားတယ်။ ကျွန်တော် ၁၈နှစ်မှာ ၁၀တန်းအောင်တယ်။ ၁၉နှစ်မှာ မိဘတွေနဲ့ ခွဲပြီး အလုပ်စလုပ်နေပြီ။ ၂၀၀၀ ဇန်နဝါရီလမှာ ကျနော်ရဲ့လစာ (၅၀၀၀)နဲ့ ရန်ကုန်မှာ အဆောင်နေ အသိအိမ်မှာ ခဏတည်၊ မိဘနဲ့ အဝေမှာနေပြီး ကျနော့်ရဲ့ ဘဝကို တစ်ယောက်ထဲ စခဲ့တာပေါ့။


အလုပ်လုပ်ချင်တဲ့ စိတ်၊ လွတ်လွတ်လပ်လပ် နေချင်တဲ့ စိတ်ကြောင့် မိဘနဲ့ ဝေးရာကိုထွက်လာခဲ့ပေမယ့် အေးအေးဆေးဆေးနေချင်တဲ့ ကျနော်ရဲ့စိတ်ကြောင့် ကျနော်ကျေနပ်နေခဲ့မိတာအမှန်ပါ။ အမေ့အိမ်ကို မတမ်းတမိခဲ့ဘူး။ မလွမ်းဆွတ်မိခဲ့ဘူး။ ရန်ကုန်မှာ အလုပ်လုပ်ဖို့ စီစဉ်တော့ အဖေကဆေးရုံးမှာ။ အဖေ အိမ်မှာရှိခဲ့မယ်ဆိုရင်လည်း ကျနော် ရန်ကုန်သွားပြီ အလုပ်လုပ်မဲ့ အစီအစဉ်ကို လက်ခံမှာ မဟုတ်ဘူး။ အဖေက ကျနော်ကိုသိပ်ချစ်တာဗျ။ အဖေဆေးရုံးရောက်နေတဲ့ အချိန်မှာ အမေကို ပူဆာပြီး အလုပ်လုပ်ဖို့ ထွက်လာခဲ့တာ။


အိမ်က မထွက်ခင်မှာ အမေကို ကျနော်စကားတစ်ခွန်းတော့ ပြောခဲ့မိတယ်။ အမေ … အမေ့သား အဆင်မပြေဘူးဆိုရင် အမေတို့နဲ့ သားလုံးဝ အဆက်အသွယ်မလုပ်ဘူး။ တကယ်လို့ သားဆက်သွယ်လာခဲ့ရင်တော့ အမေ သားကို အဆင်ပြေလားလို့ မေးဖို့ မလိုတော့ဘူး .. လို့ ကျနော် အမေကိုပြောခဲ့တယ်။


ရန်ကုန်က ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။ ဘယ်မှ မပြောင်းမရွှေ့ပဲ အဲကုမ္ပဏီမှာပဲ ကျနော် ၅နှစ်လောက် ကျနော် အလုပ်လုပ်ခဲ့တယ်။ အလုပ်သက်ကလေး ရလာတော့လည်း Rank အမျိုးမျိုးနဲ့ ကျနော် လုပ်ဖူးလိုက်တယ်။ အဲဒီမှတဆင့် ၂၀၀၄လောက်မှာ စင်ကာပူအလုပ် အခွင့်အရေးတစ်ခု ရတာနဲ့ ဝင်ပြီး အင်းတာဗျူးဖြေလိုက်တယ်။ ကံမကောင်းချင်တော့ လေးယောက်တစ်ဖွဲ့ဖြေရတဲ့ အထဲမှာ သုံးယောက်အောင်ပြီး ကျနော်က ကျကျန်နေခဲ့တယ်။


ကိုယ့်ဒေါသနဲ့ ကိုယ် ၂၀၀၄ ဇူလိုင်လောက်မှာ ကျနော်မလေးရှားကိုရောက်ခဲ့တယ်။ မလေးရှားမလာခင် မြန်မာပြည်က သဌေးက ကျနော်ကို ဘာပြောလဲဆိုတော့… ၁၅ရက်တောင်ခံမှာ မဟုတ်ဘူး ပြန်ရောက်လာမှာတဲ့..လေ။ ကံကောင်းချင်တော့ ကျနော်လုပ်ရတဲ့ အပိုင်းက လျှပ်စစ်ပိုင်းဆိုတော့ ကျနော် သက်သက်သာသာ နဲ့ပဲ အလုပ်လုပ်ခဲ့ရပါတယ်။


ဒီလိုနဲ့ ၂၀၀၇ မေလ လောက်မှာ မြန်မာပြည်ပြန်ခဲ့ပြန်တယ်။ မလေးရှားကိုသွားဖူးတဲ့ ကျနော်မိတ်ဆွေ အပေါင်းအသင်း တွေကပြောကြတယ်။ မလေးရှားက မကောင်းဘူးတဲ့..လေ။ ကျနော်ကိုယ်တိုင် မလေးရှားကို မရောက်ခင်အချိန်ထိကတော့ ဒီစကားကို သိပ်လက်မခံချင်ခဲ့ဘူး။ ကိုယ်တိုင် နှဖူးတွေ့ ဒူးတွေ့ ခံစားလိုက်ရမှပဲ လက်ခံမိတော့တယ်။ သုံးနှစ်ဆိုတဲံ အချိန်သာကုန်သွားတယ်။ ဘာသာစကားတစ်ခုကလွဲပြီး မယ်မယ်ရရ ပြစရာဘာမှမရှိခဲ့ဘူး။


စိတ်ဓာတ်ကျလားလို့ မေးအုံး။ လုံးဝပဲ။ ကျွန်တော် စင်ကာပူသွားဖို့ ထပ်ကြိုးစားတယ်။ သင်တန်းတွေတက်တယ်။ Agent အမျိုးမျိုးနဲ့အပ်ပြီး အလုပ်ရှားတယ်။ အင်းတာဗျူးတွေ ဝင်တယ်။ အဆင်မပြေဘူး။ ကျနော်ကပဲ ကံကောင်းတာလား၊ အကြောင်းကပဲတိုက်ဆိုင်သွားလို့ပဲလာတော့ မသိဘူး မလေးရှားမှာ တူတူလုပ်ခဲ့တဲ့ ကျနော်စူပါဗိုက်ဆာ မလေးတရုတ်နဲ့ အဆက်အသွယ်ရပြီ စင်ကာပူ ဆိုတဲ့ ကျွန်းလေးသေးသေးလေးပေါ်ကို ၂၀၀၈ မေလမှာ ရောက်လာခဲ့ပြန်တာပေါ့။ ခုဆိုရင် ၁နှစ်နဲ့ ၇ လလောက်ရှိပြီ။

၂၀၁၀ ဧပြီ ဆိုရင် ကျနော်ရဲ့ ပါမစ်သက်တမ်းကကုန်တော့မှာ။ ကျနော် မြန်မာပြည် ပြန်နိုင်လားလို့ ကျနော်ကိုယ် ကျနော် ပြန်မေးကြည့်တယ်။ အဖြေက … ဟင်းအင်း.. တဲ့။


၁၉နှစ်သားထဲက မိဘနဲ့ခွဲပြီး အဝေးမှာနေလာခဲ့တာ ခုဆိုရင် ၁၀နှစ်ဆိုတဲ့ ကာလကြီးကိုတောင်ရောက်နေပြီ။ ဘယ်ဘဝက ဝဋ်ကျွေးများလဲလို့ တစ်ခါတစ်ခါ တွေးမိတယ်။ မိဘနဲ့ ခွဲနေရပြီး မိဘကို လုပ်ကျွေးခွင့်ပဲရပြီ ပြုစုခွင့်မရတော့လည်း အခုချိန်မှာပေါ့လေ ကျနော်ကို အဖြစ်ချင်ဆုံး ဆန္ဒကိုပြောပါဆိုလျှင်……


… အမေ့ရဲ့ ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ကလေးလေး တစ်ယောက်လိုမျိုးနေချင် နေမိပါတော့တယ်…..


လေးစားစွာဖြင့်

ရီနိုမာန်

November 14, 2009

အတောင်ပံများနှင့်

တောင်ပံတွေ တလှပ်လှပ်ခတ်နေတဲ့
ငါ့ရင်ခွင် တစ်စုံကို ရင်ခုန်သံလားလို့
ပြန်မေးနေမိတယ်။

" ဒုံး " ဆိုတဲ့ တုံးထုသံတွေ မမြည်းပဲ
ငါ့ရင်ထဲမှာ တံဆိပ်တွေ အပြည့်နဲ့
မင်းရဲ့ ပုံရိပ်တွေ။

ဝင်လာခဲ့ပါလို့ ခေါ်နေလျှက်နဲ့
ငါ့ရင်ခွင်ကို ကားစီးထားတဲ့
မင်းရဲ့ လက်တစ်စုံ။

အိစပ်နုညံ့လှတဲ့ မင်းရဲ့ပါးပြင်
နမ်းမယ်လုပ်တော့ ကြိုဆိုနေကြတဲ့
အစိမ်းရောင် သွေးကြောလေးတွေ။

မင်းရဲ့ အထိအတွေ့မှာ
ငါ့အချစ်တွေ ပျော်ဝင်သွားတာ
တကယ်ကို မသိလိုက်ရပါလားကွာ..........။ ( အဟေးဟေး....ဟေ့)

လေးစားစွာဖြင့်
ရီနိုမာန်

November 11, 2009

မအိမ်ကံ ( For Nov အပိုင်း - ၄ )

အမေပန်းရုံက ဖျောင်းဖျပါ၏။ ကိုပြေသိမ်းက မအိမ်ကံ ၀င်ပြောလိုက်တာကို ကြားရတော့ အံ့သြသွားခဲ့သည်။ သူ ကိုယ်တိုင်ပင် မီးလောင်သည့်နေ့က တစ်ကျောင်းပြိုတော့ နှစ် ကျောင်းဆောက်ကြတာပေါ့လို့ ပြောခဲ့သည်။ တကယ်တမ်း ရပ်ရွာက၊ အလှူရှင်က၊ စေတနာရှင်က ကုသိုလ်ပါပါရစေ ဆိုတော့ တစ်ဦးကောင်းမဆန်သာပါ။ သစ်အဖျားဝါးအရင်း လူတိုင်းပါနိုင်လေ ကောင်းလေ။

“ဟုတ်သားပဲ အိမ်ကလေးရယ်။ မောင်သာအောင်တို့က တစ်ကျောင်းလုံး ဆောက်ပါရစေ ပြောနေတာ မဟုတ်ဘူး။ အခုဟာက အများထဲ ပါချင်ကြတာပါ။ အိမ်ကလေးက စေတနာ ရှိသလောက် မတည် လိုက်ပေါ့။ လိုတာအများက ဖြည့်တော့လည်း အများ ကောင်းမှုဖြစ်ရတာပေါ့”

မအိမ်ကံက အမေနှင့် လင်သားတို့၏ ဆန္ဒကို ဘဲ့မတိုက် ချင်သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ရွှေကျောင်းကြီး ဆောက်ဦးတော့ တစ်ဦးတည်းပဲ ဆောက်မည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။ ရှိသမျှ စည်းစိမ်တွေ ကုန်ချင်ကုန်စေတော့ အရှင်ထွက် ထွက်ရ ထွက်ရ၊ အသေထွက် ထွက်ရ ထွက်ရ အောလိုက်ဖို့လည်း ဆုံးဖြတ်ပြီးသားပင်။ သည်အချိန်မှာ အကွက်ကောင်း ၀င်နင်း လိုက်သူမှာ သာအောင်ဖြစ်သည်။


“ဟုတ်ပါသယ် မအိမ်ကံ။ တို့တစ်တွေလည်း အသက်တွေ မငယ်တော့ပါဘူး ငါ့နှမရာ။ လူ့မနော အချောချည်း မဟုတ်လေတော့ အရင်က ရှိခဲ့တဲ့ ပြောမှား ဆိုမှားရှိခဲ့တာတွေ ရှိခဲ့ရင်လည်း ကျောင်းအလှူနဲ့ ချေချင်သာလည်း ပါပါသယ်။ မအိမ်ကံက အမေ ခေါ်စရာ ရှိပါသေးသယ်။ ငါ့မှာ မရှိတော့ပါဘူး။ တို့မိဘများရောတို့ပါ စာမတတ်ကြလေတော့ ပညာ ပါရမီ သံသရာ ပါအောင် လှူချင်ကြသာပါ”

“ဟုတ်ပါသယ် သူငယ်ချင်းရယ်။ တို့ကနောင်မှ ခါးချိုး ရှာရရှာရ။ ရွာကျောင်း မီးလောင်သာကို ကျောင်းကြီး ငုတ်တုတ်ပြန်ပေါ်သဟဲ့ဆိုသာ တခြားရွာတွေကို ပြချင်သာလည်း ပါပါတယ်။ ကြွားဝါချင်သာ မဟုတ်ရပါဘူးအေ။ ဇောင်ချမ်းကုန်းက ညီသဟဲ့ ဖြစ်ချင်သာပါ။ ညည်းခွင့်ပြုရင် တစ်ကျောင်းလုံးတောင် တာဝန်ယူ လိုက်ချင်ပါရဲ့”

ရွှေမှုံစကားကို မအိမ်ကံ နားမ၀င်ပြီ။ ခွင့်ပြုရင် တစ်ကျောင်းလုံးတောင် လှူလိုက်ချင်သတဲ့လား။ ဇောင်ချမ်းကုန်းက ညီသဟဲ့လို့ ပြချင်ကြရော့လား။ ညည်းက ညှိချင်ဦးတော့ မညီနိုင်တော့ပေါင်အေ။ ပြဒါးရှင်လုံး ထန်းလျက်နဲ့ လဲရမယ်လို့။ မဟုတ်သဲ့ စကား မပြောစမ်းပါနဲ့။
“မဟုတ်ဘူး။ ညည်းတို့ ပြောနေသာတွေ မဟုတ်ဘူး။ သည်ကျောင်းကြီးက သူ့ဟာသူ လောင်သဲ့မီး မဟုတ်ဘူး။ လူရှို့သဲ့မီး။ မသမာသူက ရှို့ခိုင်းသဲ့မီး တခြားရွာက လူခေါ်ပြီး ရှို့ခဲ့သဲ့မီး။ ငါတို့မှာ တောစပါး လိုချင်လွန်းလို့ အိမ်စပါးနဲ့ ရင်းရသာအေ့။ တစ်ကျောင်းလုံးလည်း မရဘူး။ တစ်ချိုးတစ်ဖဲ့ လည်း မရဘူး။ စကားကုန်ပြီ”

မအိမ်ကံသည်လောက် ရက်ရက်စက်စက် ပြောနေတာမျိုး တစ်ခါမှ မကြုံဖူးကြတော့ အားလုံးက အံ့သြနေခဲ့ကြသည်။ မအိမ်ကံ ဘာကို ဆိုလိုချင်မှန်း မသိကြသော်လည်း တစ်စုံ တစ်ရာ မကျေမချမ်း ဖြစ်နေတာတော့ ရိပ်မိကြပုံပေါ်ပါ၏။ စကားကုန်ပြီဆိုသည့် စကားကြောင့် ကိုပြေသိမ်းက ဟန့်တားသည်။ အမေ ပန်းရုံက ၀င်ဖျောင်းဖျသည်။ မလှအုံက ၀င်ချော့သည်။ ကျေးဥကတော့ မအိမ်ကံ၏ ခံစားချက်ကို အူမချေး ခါးသိထားသူ ဆိုတော့ ဘာမှ ၀င်မပြောဘဲ နားထောင် နေခဲ့ပါ၏။ သာအောင်က မအိမ်ကံ အကြောင်း သိထားသူ ဆိုတော့ စိတ်ဆိုးပုံတော့ မရ။ သို့သော် သည်လောက်ခဲယဉ်းလိမ့်မည် မထင်တော့ ဘယ်စကား ပြောရမှန်း မသိဘဲ ရွှေမှုံ့မျက်နှာကို သာ ကြည့်နေခဲ့သည်။ ရွှေမှုံက အမေ ပန်းရုံဘက်ကို လှည့်ကာ တောင်းပန်သည်။

“အရီးရယ်။ ကျူပ်တို့ကို မအိမ်ကံ ဘယ့်နှယ် ဖြစ်နေသလဲ မပြောတတ်ပါဘူး။ မတွက်ကပ် သင့်သာ တွက်ကပ် နေသလိုပဲ။ ကျုပ်တို့က ရွာစိတ်ရပ်စိတ်နဲ့ လာတောင်းပန်သာပါ။ ကျုပ်တို့ သမီးလေးကလည်း ဆရာလေး ကျောင်းမှာပဲ ခရီး ဆုံးရမှာပါ။ မြို့ကျောင်းလည်း တက်မထားနိုင်ပါဘူး အရီးရယ်။ ကိုယ့်နယ် ကိုယ့်ရွာက ကလေးတွေ အားလုံးအတွက် စဉ်းစားသာပါ။ အခုတော့ ကျုပ်တို့ကို ထဆစ်(ထန်းဆစ်)လည်ကျိုး လှေပိုး ထိုးတွေကျလို့”

အမေပန်းရုံက သူ့ကို တိုင်တည်နေသော ရွှေမှုံကို ကြည့် ပီး သနားနေပုံ ပေါ်သည်။ ရွှေမှုံ ပြောတာလည်း မှန်သားပဲ။ သူတို့ ကိုယ်ကျိုး မပါပါ။ အများဆိုင် ကျောင်းမှာ တစ်ဖဲ့တစ် မလှူပါရစေဆိုတာ လက်ခံကောင်းသားပဲ။ သမီးက ဘာဖြစ် လို့ပါလိမ့်။ ခက်တာက တစ်ဖက်ကလည်း မငြင်းသာ။ တစ်ဖက်ကလည်း သမီး။ ဖြစ်နိုင်လျှင် အမေပန်းရုံ သည်ကိစ္စ သည်မှာတင် ပြီးချင်ပါ၏။ ကိုပြေသိမ်းကတော့ မအိမ်ကံ တစ်စခန်း ထလာတာကို ဇွတ်မငြင်းချင် သေးသလို အသာငြိမ် နေသည်။ မအိမ်ကံက ရွှေမှုံသမီး မှုံနံ့သာကို မြို့ကျောင်းလည်း တက်မထားနိုင်ပါဘူး ဆိုတာကြားတော့ မျက်နှာကို မော်ထား လိုက်ပါ၏။ လေတော့ လျှော့ချလိုက်သည်။

“ထဆစ်လည်ကျိုး လှေပိုးထိုးတွေ မဟုတ်မှန်းသိပါ သယ်အေ။ ညည်းတို့ကို ငါသည်လောက်ပဲ ပြောပါရစေတော့။ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေပါ ပေါ်ရော့မယ် ငါ”

ရွှေမှုံက မအိမ်ကံ စကားမပြီးခင်မှာပင် စကားဝင်ဖြတ်သည်။ ရွှေမှုံက လေသံ မာလာခဲ့ပြီ။
“နေပါဦး မအိမ်ကံ။ ညောင်မြစ် မကလို့ ပိန္နဲမြစ် တူးတူး ရွှေမှုံတို့မှာ ပုတ်သင်ဥ ပေါ်စရာ မရှိပါဘူးအေ့။ ရွှေမှုံဆိုသာ တစ်ချိန်က ရွာ့ကွမ်းတောင်ကိုင်ပါဟဲ့။ ဆွေနဲ့မျိုးနဲ့ ဂုဏ်နဲ့ဒြပ် နဲ့ပါ။ ညည်းက ရှဥ့်တစ်ကောင် မြားတစ်စင်း ပစ်နေလို့ ပြောရ တာပါ။ ညည်းသဘောပါအေ။ ကိုင်း ကိုသာအောင် သွားကြစို့”

ရွှေမှုံဆိုသာ ရွာ့ကွမ်းတောင်ကိုင်ပါတဲ့လား။ ဒါ ညည်း နိုင်လောက်တဲ့ စကားပေါ့။ ငါက ရှုံးခဲ့သာကိုးအေရဲ့။ မအိမ်ကံက ထိုင်နေရာက ၀ုန်းခနဲ မတ်တတ် ထရပ်လိုက်သည်။ ခါးကို တင်းတင်း ထောက်ထား လိုက်ရင်းက မဲ့ပြုံးပြုံးလိုက်သည်။ သမုန်းကိုင်းက ကြီးတော် စံရွှေတူဆိုသူ လူပုပု တစ်ယောက် ရွာကျောင်း မီးရှို့ခဲ့တာကို ထုတ်ပြောဖို့ အချိန်ကျပြီလို့လည်း ဆုံးဖြတ်လိုက်သည်။ စကားက တော်တော်နှင့် ထွက်မလာ။ လည်ချောင်းမှာ နာကြည်းမှုတွေ ဆို့ပြီး နင်နေသည်။ သည် အချိန်ကလေးမှာ ကိုပြေသိမ်းက အားလုံးကို ၀င်တားသည်။ စကားတွေ ရုန်းရုန်းရင်းရင်း ရှိကြတော့မှာကို မြင်လိုက်ပုံလည်း ရပါ၏။

“ကိုင်းပါလေ။ ဖြတ်ကြရအောင်။ အိမ်ကလေးကလည်း တော်ပါတော့။ မောင်သာအောင်တို့ကလည်း စိတ်မရှိကြပါနဲ့တော့။ ပြဿနာက ဘာမှ မဟုတ်ပါဘူး။ အိမ်ကလေးကလည်း သူလှူတဲ့ ကျောင်း မီးလောင်ကတည်းက ယူကျုံးမရ ဖြစ်နေရှာသယ်။ လက်သည်ကို မသိပေမယ့်”

“မအိမ်ကံ လက်သည်ကို သိသယ် အစ်ကို”

ကိုပြေသိမ်းက မအိမ်ကံကို တအံ့တသြ ကြည့်လိုက်သည်။ သို့သော် အရာရာကို ကိုပြေသိမ်း ရိပ်စားမိလိုက်ပြီ။ ဘယ်သူမှားသည်၊ ဘယ်သူမှန်သည် မပြောနိုင်သော်လည်း မအိမ်ကံ သိထားသည် ဆိုသူက သာအောင်တို့နှင့် ပတ်သက်နေသူ ဖြစ်ရမည်လို့ တွေးမိလိုက်ခြင်း ဖြစ်သည်။


November 10, 2009

လင်နဲ့မယား လျှာနဲ့သွား

အင်း..ဘာလိုလိုနဲ့ ကျုပ်တို့တောင် အိမ်ထောင်သက်ကလေးက ခြောက်နှစ်ကျော်လို့ ခုနှနှစ်ထဲတောင်ရောက် လာပြီ။ သားသမီးမထွန်းကားတဲ့ ကျုပ်တို့ လင်းမယားအတွက်တော့ တစ်ခုခုလိုအပ်နေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘုရားပေးတဲ့အတိုင်းပဲ ကျေနပ်နေကြတာပေါ့။ ကျုပ်တို့ နှစ်ယောက်အတွက် နှစ်ဖက်မိဘတွေရဲ့လက်ဖွဲ့များနှင့် ကောင်းကောင်းမွန်မွန် နေနိုင်ကြပေမယ့် အလုပ်မလုပ်ရရင် မနေနိုင်တဲ့ ကျုပ်ကတော့ ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုကို တည်ထောင်ထားလိုက်တယ်။

ကျုပ်မိန်းကလည်း ကလေးမရှိလို့နဲ့ တူပါတယ်။ ကျုပ်ကို သားကိုသခင်၊ လင်ကိုဘုရား ဆိုတဲ့ စကားပုံအတိုင်း ကျုပ်က တစ်ခါတစ်ခါလည်း သူမရဲ့ သားဖြစ်လိုက်၊ တစ်ခါတစ်ခါလည်း သူမရဲ့ အရှင်သခင်ဖြစ်လိုက်နဲ့ပေါ့။ ကျုပ်အလုပ်သွားခါးနီဆိုရင်လည်း လိုလေးသေးမရှိအောင် ပြင်ဆင်ပြီးသား။ ကျုပ်က ညနေတိုင်း အရက်သောက်နေကြဆိုတော့ အချိန်ရောက်ပြီးဆိုတာနဲ့ အမြည်းကအဆင်သင့်ဗျာ။

တစ်ခါတစ်ခါလည်း ကျုပ်မိန်းမက ကျုပ်အပေါ် စိတ်ကောက်တက်တယ်ဗျ။ ဒါလည်းမိန်းမ သဘာဝပါပဲလေ။ တစ်ခါကတော့ ကျုပ်မှတ်မိသေးတယ်။ ကျုပ်တို့ အိမ်ထောင်သက်ကလေးကလည်း ကြာလာပြီဆိုတော့ အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့ သားသမီးရတနာ တောင်းတမိကြတယ်။ ဒါနဲ့ကျုပ်လည်း ဘယ်သူ့ကြောင့် ၊ဘာကြောင့်ဆိုတာကို သိချင်လို့ ကျုပ်က မိန်းမကို ဆေးသွားစစ်ရအောင်လို့ တိုင်ပင်တော့ ကြည်ကြည်ဖြူဖြူပဲ သဘောတူလက်ခံ ခဲ့တယ်။ ဆေးစစ်မဲ့ မနက်ရောက်တော့ ကျုပ်ကလည်း ကျုပ်မိန်းမကို စ နေကြဆိုတော့ စလိုက်မိတယ်။

" မိန်းမ ဆေးအဖြေထွက်ရင် ငါက အိုကေတယ်ဆိုရင် ငါနောက်မိန်းမယူမှာနော် " လို့လည်းပြောလိုက်ရော ကံကောင်းလို့ဗျာ။ ညစာ မငတ်တယ်။ ( လျှောက်တွေးမနေနဲ့ ညနေစာ ထမင်းကိုပြောတာပါဗျ )

ဒီလိုပဲ လင်းနဲ့မယားဆိုတာ လျှာနဲ့ သွားလိုပါပဲ။ တစ်ခါတစ်ခါ စိတ်ဆိုးစိတ်ကောက်တာ ရှိသလို တစ်ခါတစ်ခါလည်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုပေး ရတာပါပဲ။ ဒါပေမယ့် ကျုပ်မိန်းမက ကျုပ်အပေါ် စိတ်ဘယ်လောက် ဆိုးဆိုးကောက်ကောက် ကျုပ်အပေါ်တော့ မယားဝတ္တာရား လုံးဝမပျက်ဘူး။ ဒါကြောင့်လည်း ကျုပ်ချစ်ရတာပေါ့ဗျာ။

မိန်းမဆိုတဲ့ သဘာဝကြောင့်လည်း လှချင်ပချင်တာပေါ့ဗျာ။ ကျုပ်ကလည်း အလှကြိုက်တဲ့ကောင် ဆိုတော့ ကျုပ်မိန်းမ လှနေတာပဲ မြင်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ခုတစ်လော ကျုပ်မိန်းမ အလှအရမ်းပြင်နေတာကိုတော့ ကျုပ်သတိထားမိတယ်။ ကျုပ်မိန်းမက သူ့ရဲ့မိန်းမအသုံးအဆောင် အလှကုန်ပစ္စည်းတွေကို ထိုင်ဝမ်မှာ ရှိတဲ့ သူ့သူငယ်ချင်းဆီက မှာသုံးနေကျ ဆိုတာကျုပ်သိတယ်။ ဟိုတလောကတော့ လောရယ်လ် ဆိုလားဘာလား သိပါဘူး။ သွားဝယ်လာခဲ့တယ်။ ကျုပ်လည်း လိုအပ်လို့နေမှာပါပဲလေ ဆိုပြီးဘာမှ မမေးခဲ့ဘူး။

အလှကုန်တွေ ဝယ်ပြီးလို့များ ပြီးသွားပြီလားလို့ မထင်နဲ့ဗျ။ နောက်တစ်နေ့ ဘာသွားလုပ်လာတယ်မှတ်လဲ။ ဆံပင်သွားဆက်လာတယ်ဗျ။ ကျုပ်လည်း အံ့သြသွားတယ်။ ကြည့်လို့တော့ ကောင်းသားဗျ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျုပ်မနေနိုင်ပဲ ပြောလိုက်မိတယ်။

" မိန်းမရာ ဒီအသက်အရွယ်ကြီးရောက်မှ မင်းကလည်း" လို့ ကျုပ်ကပြောတော့

" ခုအရမ်းခေတ်စားနေလို့ လုပ်ကြည့်တာပါ " တဲ့

အိမ်အပေါ်ထပ်မတက်ခင် ကျုပ်ကို သမင်လည်ပြန် လှည့်ကြည့်ပြီး " ဒါလင်ကလည်း " လို့ပြောလိုက်တဲ့ အခါမှာတော့ ကျုပ် ဘုရားမတပဲ မနေနိုင်တော့ဘူး။

"ဘုရား ဘုရား "လို့ ပါးစပ်က အသံထွက်ပြီး အပေါ်ထပ်တက်သွားတဲ့ ကျုပ်မိန်းမကို ကြောင်ကြောင်ကြီး ကြည့်နေမိတော့တယ်......


လေးစားစွာဖြင့်
ရီနိုမာန် (REE NOE MANN)

မှတ်ချက်၊ စိတ်ကူးဇာတ်လမ်းသာ ဖြစ်ပါသည်။

November 9, 2009

ခရစ္စမတ် အကြို

ဒါကတော့ သစ်ပင်မှာ မီးလုံးတွေကို အလှဆင်ထားတာပါ။ ဒီတစ်ပင်ထဲ အဟုတ်ရပါဘူး။ လမ်းဘေးအပင်တိုင်းကိုလုပ်ထားတာပါ။
မနေ့က အလုပ်ပိတ်ရက်မို့ တစ်နေ့လုံး ဘယ်မှမသွားပဲ ဗီဒီယိုကို တနေ့ကုန်ထိုင်ကြည့်နေလိုက်တာ ညနေလောက်မှ မျက်စိကညောင်းလာလို့ ဘယ်သွားရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ ကျနော် အလုပ်လုပ်နေတဲ့ ION ဘက်ကို သွားပြီး ဓာတ်ပုံသွားမယ်ဆိုပြီး ရ နာရီခွဲလောက်မှ အပြင်ကို ထွက်သွားလိုက်တယ်။ ခရစ္စမတ် အတွက် အကြိုပြင်ထားကြတာ လှမှလှပဲ။ လှမယ်ထင်တဲ့ နေရာတွေ ကိုလိုက်ရိုက်မိတာ တော်တော်များသွားတယ်။ အိမ်ကို ည ၁၁ လောက်မှ ပြန်ရောက်တော့တယ်။ အဲလို...အဲလို...

အောက်က ကလစ်လေးကို နိုပ်ပြီး ပုံတွေကို အားပေးသွားပါအုံးဗျာ။ မောင်နှမတွေကို ကြည့်စေချင်လို့ သွားရိုက်ထားတာပါ။ စင်ကာပူမှာ ရှိတဲ့ မောင်နှမတွေကတော့ ရောက်ဖူးလောက်ပြီး ထင်ပါတယ်။



TANGS Shopping Mall ကို အလှ ဆင်ထားတာပါ။
ဒါလည်းလှလို့ ရိုက်လိုက်တာ ဘယ်နားကမှန်း မသိလိုက်ဘူး
ဒါကတော့ လမ်းဘေး သစ်ပင်ငယ်လေးကို မီးလုံးလေးတွေတင်ပြီ အလှဆင်ထားတာ။
အပေါ်ကပုံနဲ့ တူတူပဲ
လမ်းဘေးမှာ ရှိတဲ့ အရုပ်လေးတွေပါ။ လူရှင်းတုန်း ပြေးပြီရိုက်ထားရတာ။ ဓါတ်ပုံရိုက်ဖို့ စောင့်နေကျတာ လူတွေအများကြီးပဲ။
ဒါက ION အရှေ့က ခရစ္စမတ် သစ်ပင်ကြီးပါ။

ခရစ္စမတ် သစ်ပင်ကြီးအထဲမှာ မီးတွေနဲ့ အလှဆင်ထားတာပါ။
သူများတွေ ရိုက်တဲ့ အတိုင်းလိုက်ရိုက်ထားတာပါ။ အောက်ကပုံက။

အော့ချက်လမ်း မုဓ်ဦးကြီးပါ












ပုံတွေက တော်တော်လေးကိုများလို့ တစ်ခုချင်းစီ မရှင်းပြနိုင်တော့ပါဘူးဗျာ။ တော်တော်လေးကိုလှပါတယ်။ လှလို့လည်း မော့ချက် ဆိုတာ နာမည်ကြီးတာထင်ပါ့ဗျာ။


လေးစားလျှက်
ရီနိုမာန်



November 8, 2009

သူတို့နဲ့ ပတ်သက်ပြီး ကျနော်စိတ်ကူးမိတယ်

မနက် ရ နာရီတောင်ထိုးသွားပြီပဲ။ ဒီနေ့ဘာနေ့ပါလိမ့်။ တနင်္ဂနွေနေ့ပဲ ဆက်အိပ်လို့ရနေတာပဲ။ ဆက်အိပ်မယ်လေဆိုပြီး အတင်းဆက်အိပ်ကြည့်တယ်။ မရဘူး။ ဘယ်လို့မှကို ပြန်အိပ်လို့မရဘူး။ အိပ်လို့မရလည်း နပ်နေလိုက်အုံးမယ်။ နပ်နေရင်းနဲ့ ငါဒီနေ့ဘာလုပ်ရင်း ကောင်းမလဲလို့လည်း တစ်ခါတည်း စဉ်းစားမိတယ်။ ကိုလူထွေး ကိုသွားသတိရမိတယ်။( မဆီမဆိုင်နော်) ဘလောဂ့်ဂါမောင်နှမတွေကို စုစုစီစီလေးဖြစ်အောင် အမြဲတမ်း ဇာတ်လမ်းအဖြစ် ဖမ်းတီးတက်လို့ပါ။

ဟာ..ဒီနေ့ ဥပုဒ်နေ့များလို့ ညီမလေးမိုးခါး(ထာဝရကြယ်စင်)က အမြဲတမ်းပိုစ့်အဖြစ်တင်နေတော့ သတိရပြီ အိပ်ရာဘေးနားမှာရှိတဲ့ ပြက္ခဒိန်ကို လှန်ကြည့်လိုက်မိတယ်။ ကဲ မဖြစ်သေးပါဘူးလေ။ အိပ်လို့မရမှတော့ မျက်နှာသစ် ရေချိုးလုပ်ပြီ မနက်စာ အတွက်ပြင်ဆင်မယ်ဆိုပြီး အိပ်ရာကထာတော့ နှင်းနဲ့မာယာ ရဲ့ အခန်းဖော်ကို သတိရပြီး ကျနော်ရဲ့ အခန်းဖော်ကို လှမ်းကြည့်လိုက်တော့ သူကအိပ်နေတာမှ သိုးနေတာပဲ။

မျက်နှာသုပ်ပဝါနဲ့ ရေလဲ ကိုယူပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ်။ ရေမချိုးခင် ညီလေးပန်ပန်(ဂျပန်ကောင်လေး) ရဲ့အီးဋီးကာကိုသွားသတိရ လို့ ရေမချိုးခင် ကိစ္စရှင်းလိုက်တယ်။ မနက်စာ စာဖို့ ပြင်ဆင်တော့ ခုတလောခွင့်ယူပြီပျောက်နေတဲ့ ညီမလေးမြူးသျှရီ ကိုသွားသတိရလိုက်မိပြန်တယ်။ ညီမလေးရေ ဘာလေးစာချင်တယ် ဘာလေးချက်ကျွေးပါဆို ချက်ကျွေးနေကြလေ။

မနက်စာ စားပြီတော့အပြင်ထွက်ဖို့ ပြင်ရတော့မယ်။ အဝတ်လဲဖို့ ဗီဒိုကိုဖွင့်တော့ ဝတ်စရာ အဝတ်ကကောင်းကောင်းမရှိဘူး။ မဖြစ်ဘူး မဖြစ်ဘူး နောက်လမှာ ဖိုးစိန် စင်ကာပူကိုလာမှာ။ သူက ညဝတ် ဝတ်စုံကို ၃၅စုံတောင် စုထားတာ။ ငါလည်း အမခင်ဦးမေ အတိုင်းပိုက်ဆံ မကုန်တဲ့နည်းနဲ့ Shopping ထွက်လိုက်အုံးမယ်လေ ဆိုပြီး ရှိတာလေးဝတ် အပြင်ထွက်ဖို့ ပြင်လိုက်ပါတော့တယ်။

ကျနော်နေတာက ငါးလွှာမှာဆိုတော့ အောက်ဆင်းခါနီး စဉ်းစားလိုက်မိတယ်။ Lift ကိုအဖော်ပြုပြီးဆင်းရင် ကောင်းမလား။ ဒါမှမဟုတ် လမ်းလျှောက်ဆင်းမယ်လေ ဆိုပြီးဆင်းလာရင်း ကိုရွာသားလေး(ဝိုင်တီယူ) ရဲ့ လှေခါးရယ် ရှည်လျားလေကွယ် ဆိုတာကိုသတိရပြီး မရှိသေးတဲ့ ကျနော်ချစ်သူကို ပုံဖေါ်ဆင်းလာခဲ့တာ ကြည်နူးဖို့တော့ ကောင်းသားဗျ။ အောက်ရောက်တယ်ဆိုရင်ပဲ ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း ရာသီဥတုကို ကောင်းမကောင်း ကောင်းကင်ကို မော်ကြည့်လိုက်တော့ ကောင်းကင်ကြီးအောက်မှာ ကြီးပြင်းလာတဲ့ အပြာရောင်ကြိုက်တဲ့ သာမန်မိန်းကလေးတဦးပါဆိုတဲ့ မကောင်းကင်ပြာ ကို သတိရသွားမိပြန်တယ်။

ဒီနေ့ ငါ့ရဲ့အားလပ်ရက်ပဲ အင်း ဒီညနေတော့ အမဝါ (အမှတ်တရလေးများ) ကို ပြောပြီး ဦးဥာဏ်( မြင်းမိုရ်ဦး) နဲ့အတူ Golf သွားရိုက်အုံးမှပဲ ဆိုပြီး အမဝါဆီ ကို ဖုန်းခေါ်မယ် အလုပ်မှာ နှင်းဆီပန်းချစ်တဲ့ ကောင်မလေး ဆီကဖုန်းဝင်လာတယ်။ ကိုရီနို ဒီနေ့ နေ့လည်စာ မကျွေးနိုင်တော့ဘူးတဲ့လေ။ Part time သွားရမှာမို့ အတွက်တဲ့လေ။ ရှိပါစေတော့လေ ပင်နီဇွဲလာမှာပဲ သံလွင်ဟီးရိုးနဲ့ ချမ်းရဲ ကိုခေါ်ပြီး ဒါကာလုပ်ခိုင်းတော့မယ် ဆိုပြီး ကိုယ့်အတွေးနဲ့ ကိုယ့်ပေါ့။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ကွန်ပြုတာရှေ့ထိုင်ပြီး ဘလောဂ့်တွေကို လျှောက်လည်တော့တာပေါ့။ ဒါကလည်း ကျနော်ရဲ့တစ်နေ့တာ အလုပ်တစ်ခုပဲလေ။ ဒီနေ့ ဒီရက်မှာ ဘလောဂ့်သက်တမ်းတစ်နှစ်ပြည့် တဲ့ အမအိန္ဒြာရဲ့ ဘလောဂ့်မွေးနေ့လေးကို ဝိုင်းပြီးပိုစ့် အဖြစ်တင်ပေးကြတဲ့ မကြီးနော်( မနော်ဟရီ) ၊ ဦးနော် ( ကိုရင်နော်ခင်လေးငယ်၊ ဖိုးစိန်(သယ်ရင်းဖိုးချစ်) နှင့် Wonderful Universe ကိုမိုးကုတ်သား (ကိုဘို) တို့ဆီ လိုက်လည် စာဖတ်ပြီး ဘယ်သူ့ဆီမှာမှ ကော့မန်မရေးဖြစ်ပဲ အမအိန္ဒြာ ဆီမှာပဲ ရေးပြီး ကွန်ပြုတာကိုပိတ်လိုက်တယ်။

ဪ ဘာလိုလိုနဲ့ ညနေခြောက်နာရီတောင်ရှိနေပါပြီကော။ မနက်ဖြန်က အလုပ်ရှိပင်မဲ့ ဒီညတော့ ညီလေးတောင်ပေါ်သားနဲ့ ညီလေးတလနွန် တို့က ဒီည နှဲသမားနဲ့ လိုက်သွားပြီမှ ပထမဆုံးပြန်ကတဲ့ မင်သမီး မြရေလျဉ် နဲ့ ပြဇာတ်မင်းသား စိုင်းစိုင်းလာရှိုး(ရှင်ရဲထွဋ်)တို့ရဲ့ ပထမဆုံးပွဲကို သွားကြည့်ရအောင်လို့ ပြောလာတော့။ အေးအေး သွားမယ်လို့ ပြောပြီး ပွဲဈေးတန်းကို စီစဉ်တဲ့ သူငယ်ချင်း မြစ်ကျိုးအင်း ဆီကို ဖုန်းဆက်လိုက်တော့ အေးအေး လာခဲ့ သယ်ရင်း ဆိုတော့လည်း သွားဖို့ လာဖို့ ပြင်ဆင်ရင် ခေါင်းထဲ အတွေးတစ်ခုကရောက်လာတယ်။

ဟာ.....မေ့နေတာ။ ဒီည မဆုမွန် နှုတ်ဆက်ပွဲရှိတယ်။ မဖြစ်ဘူး မဖြစ်ဘူး မဆုမွန် ဆီ ဖုန်းဆက်ပြီးပြောရမယ်။ အမနှုတ်ဆက်မယ့် အစီအစဉ် ကိုပျက်လိုက်တော့လို့ ဖုန်းဆက်လိုက်အုံးမှပဲ ............

ကဲ ကျနော်ရဲ့ သူတို့နဲ့ ပတ်သက်ပြီး စိတ်ကူးမိတာလေးတွေကို ဒီမှာပဲ ခဏရပ်နားပါရစေဗျာ။ အခါအခွင့် သင့်ရင် ကျနော် ဆက်လက်ရေးသားဖေါ်ပြပေးပါအုံးမယ်။ ဘလောဂ့်ဂါ မောင်နှမများရဲ့ နာမည်တွေကို တောင်းဆိုထားခြင်းမရှိပဲ ခုလိုမျိုး ရေးလိုက်ရတဲ့ အတွက် အထူးတောင်းပန်အပ်ပါတယ်ဗျာ။


လေးစားစွာဖြင့်
ရီနိုမာန်

ကျနော့်လက်ရာ

ဒါက ကျနော်အလုပ်လုပ်နေတဲ့ ION Shopping Centre ရဲ့ အပေါ်က လူနေ အဆောက်အဦးပါ။ ဈေးကတော့ ကြီးသလာတော့မမေးပါနဲ့။ ဈေးအနည်းဆုံးကတော့ စင်ကာပူဒေါ်လာ 5.5 Millions ကစပါတယ်။ စဉ်းစားနေတာ တစ်ခန်းလောက်ဝယ်လိုက်ရမလားလို့...
ကျနော်တို့ ဆောက်နေတဲ့ အထပ်က အားလုံးပေါင်း ၅၆ထပ်ပါ။ ခုကျနော် အလုပ်လုပ်နေတာအထပ်၄၄မှာပါ။
ဒီ ၄၄ထပ်ကနေ လက်အား အလုပ်အားနေတာနဲ့ လက်တည့်စမ်းထားတာပါ။











ဒီပုံတွေက စင်ကာပူ တစ်မြို့လုံးကို အကုန်မြင်နေရတဲ့ လေးဖက်လေးထောင့်ကနေ လိုက်ရိုက်ထားတဲ့ ပုံပါ။ ဘာမှမဟုတ် ဆားချက်သည်ပေါ့။ ဟဲဟဲ.......