April 21, 2012

ပြင်ဦးလွင် ကိုရောက်ခဲ့လေပြီ

 အပေါ်ပုံနဲ့ အောက်ကပုံကတော့ ဟိုတယ်ကအထွက် လမ်းဆုံက ပန်းခြံလေးထဲက ပုံပါ။
မဟာအံ့ထူးကံသာဆုတောင်းပြည့် ဘုရား

မန္တလေးကိုရောက်တဲ့ အချိန်ကတော့ မနက်လေးနာရီလောက် ရှိနေခဲ့ပါပြီ။ ဒါနဲ့ပဲ ကျနော်တို့နှစ်ယောက် ပြင်ဦးလွင်ကို ဆက်တက်ဖို့အတွက် ကားကြီးဝင်းကနေ မန္တလေးမြို့အတွင်း တစ်ယောက်တစ်ထောင်ဖြင့် လိုက်ပို့ပေးတဲ့ ဟိုင်းလတ်ကားပေါ် တက်လာခဲ့ကြပါတယ်။ ဆောင်းတွင်ကြီးဆိုတော့လည်း မန္တလေးကိုရောက်နေပင်မဲ့ ကျနော်တို့ အနွေးထည် ချွတ်စရာမလိုခဲ့ပါဘူး။  ပြင်ဦးလွင်ကိုသွားဖို့ ရိုးရိုးလိုင်းကားတွေလည်း ရှိကြသလို၊ လေးယောက်စီး ဘန်ကားတွေလည်းရှိပါတယ်။ ရိုးရိုးလိုင်းကားဖြင့် ပြင်ဦးလွင်ကိုတက်ရင် ကားခ ဘယ်လောက်ပေးရ မလဲသေချာ မသိပင်မဲ့ ဘန်ကားနဲ့တက်ရင်တော့ တစ်ယောက်ကို ငါးထောင်နဲ့ အိမ်ရှေ့ထိ လိုက်ပို့ပေးပါတယ်။ လိုင်းကားနဲ့သွားရင် ကားခသက်သာပင်မဲ့  လူစောင့်ရတာအချိန်ကုန်မှာဆိုးလို့ ဘန်ကားဂိတ်ကိုပဲ ပို့ခိုင်းလိုက်ပါတယ်။ ကားဂိတ်ကို နာရီဝက်လောက် စောရောက်နေလို့ ခဏတော့ စောင့်လိုက်ရပါတယ်။ ဂိတ်ဖွင့်တဲ့ အချိန်မှာတော့ ပထမဆုံးထွက်တဲ့ ကားက ကျွန်တော်တို့ စီးနင်းလိုက်ပါမဲ့ ကားပဲဖြစ်နေပါတော့တယ်။

လမ်းတစ်ဝက်မှာ ပေါက်တော ခဏသွားတုန်း လိုင်းကားတစ်စီး ကျော်တက်သွားတာကို တွေ့လိုက်ရတယ်။ ဘယ်လောက်တောင် မောင်းလိုက်လဲမသိပါဘူး။ ကျနော်တို့စီးလာတဲ့ကား ပြင်ဦးလွင်ရောက်တဲ့အထိ ဘာလိုင်းကားမှ မတွေ့ရတော့ပါဘူး။ အဲသလောက်တောင် မြန်ပါတယ်။ ဟိုတယ်ကိုရောက်တော့ မနက် ၇ နာရီလောက်ရှိပါတော့မယ်။ ဘိုကင် ကြိုလုပ်ထားတဲ့အတွက် အခန်းထဲဝင်ပြီး လျှော်ရမဲ့အဝတ်တွေကို ဒိုဘီအပ်ဖို့ စီစဉ်လိုက်ပါတယ်။ ဟိုတယ်ကို ဒီနေ့အတွက် မနက်စာပါလားလို့ မေးကြည့်လိုက်တော့ မပါဘူးဆိုတာကြောင့် အပြင်မှာပဲ သွားစားကြမယ်ဆိုပြီး ကျနော်တို့ နှစ်ယောက် လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ အပြင်ထွက်မလာခင် ဟိုတယ်မှာပဲ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင်း၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ဒီသုံးနေရာကို သွားဖို့ ၁၀ နာရီမှာ ကားခေါ်ထားလိုက်ပါတယ်။

မနက်စာ စားပြီးတော့ ခဏနား ၁၀နာရီထိုးတော့ ကားရောက်လာပါတယ်။ ကျနော်တို့ ပထမဆုံး မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကို အရင်သွားတယ်။ ဘုရားကနေဆင်းတော့ ကျနော်တို့ ပိတ်ချင်းမြောင် ( မဟာနန္ဒမူ လိုဏ်ဂူတော်) ကို ဆက်သွားကြတယ်။ ပိတ်ချင်းမြောင်ဂူထဲက အထွက်မှာတော့ ဒုက္ခကို လှလှနဲ့တွေ့ကြပါတော့တယ်။ ဂူကဆင်းတော့ အောက်ဖက်မှာ အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေရှိပါတယ်။ ဟိုဘက်ကားလမ်းကို ကူးဖို့အတွက် ကြိုးတံတားလေး လုပ်ထားပေးပါတယ်။ ကားနဲ့ တောက်လျှောက်ပြန်မယ်ဆိုရင်တော့ ကြိုးတံတားပေါ်က ဖြတ်စရာမလိုပါဘူး။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် ကြိုးတံတားပေါ် ဖြတ်လျှောက်ချင်တာကြောင့် ကားဆရာကို ဟိုဖက်ကားလမ်းက သွားစောင့်ခိုင်းလိုက်ပါတယ်။ ကျနော်တို့ အရင်း ရွာဖက်ကလို့ ထင်ရတဲ့ မိသားစုအလိုက် ဘုရားလာဖူးတဲ့ အဖွဲ့က ကြိုးတံတားကို အရင် ဖြတ်လျှောက်ကြပါတယ်။ ကျနော်တို့က နောက်ကပေါ့။ ကြိုးတံတား ဟိုဖက်ထိပ်ရောက်တော့ အဖွဲ့ထဲမှ အန်တီကြီးတစ်ယောက် ထမီလှမ်းပြီး လမ်းမဘေးမှာ သေးထိုင်ပေါက်နေပါတော့တယ်။ မခံစားနိုင်လွန်းလို့ဆိုတာ နားလည်ပေးလို့ရပါတယ်။ 

ဒါပင်မယ့် အနောက်က လိုက်တက်လာတဲ့ ယောက်ျာင်္းလေးဆိုလို့ ကျနော်တို့ နှစ်ယောက်ပဲ ရှိပါတယ်။ အဲဒီ အန်တီနဲ့အတူတူလာတဲ့ ကောင်မလေးတွေကတော့ အစွမ်းကုန်အော်ပါတော့တယ်။ ကျနော်တို့ကိုမြင်လိုက်လို့ပါ။ ကျနော်တို့နှစ်ယောက်လည်း မထူးတော့ပြီမို့ သူတို့နားကပဲ ဖြတ်လျှောက်ပြီး ကားပေါ်တက်ခဲ့ရပါတယ်။ အပျိုအရွယ်ကောင်မလေး နှစ်ယောက်သုံးယောက်ကတော့ ကျနော်တို့ နှစ်ယောက်ကိုမြင်တယ်ဆိုရင်ပဲ ထွက်ပြေးသွားပါတယ်။ ကျနော်တို့နှစ်ယောက်လည်း မျက်နှာထား တည်တည်နဲ့ ဘာမှမပြောနိုင်ပဲ ကားပေါ်အရင်တက်ပြီးမှ ရယ်နိုင်ပါတော့တယ်။

အဲဒီကမှ ဆက်ပြီး ကျနော်တို့ ပွဲကောက်ကို ဆက်သွားကြပါတယ်။ ပွဲကောက်ရောက်တော့ လူတော်တော်များများကိုတွေ့ရပါတယ်။ အများစုကတော့ ကျောင်းသားတွေများပါတယ်။ အဖွဲ့လိုက်လာကြတဲ့ ပုံစံပါပဲ။ မိသားစုလိုက် လာကြတာကိုလည်း တွေ့ရပါတယ်။ ကျနော်တို့လည်း ဓါတ်ပုံရိုက် အရမ်းစားချင်နေတဲ့ စတော်ဘယ်ရီအသီးတွေ ဝယ်စားကြတယ်။ ကျနော့်သူငယ်ချင်းကတော့ မက်မန်းသီးမှ မက်မန်းသီးပါပဲ။ ကျနော်တို့အဲဒီက ပြန်ထွက်လာတော့ ထမင်းစားချိန်ကျော်နေပါပြီ။ ဗိုက်ကလည်း ဆာလောင်နေပါပြီ။ ဒါကြောင့် ကားဆရာကို ဟိုတယ် ပြန်မပို့ခိုင်းတော့ပဲ ဟိုတယ်နဲ့ နီးတဲ့ Woodland စားသောက်ဆိုင်ကိုပဲ ပို့ခိုင်းလိုက်ပါတော့တယ်။ စားချင်တာတွေ မှာစား၊ သောက်ချင်တာတွေ မှာသောက်လို့ အပြီးမှာတော့ သူငယ်ချင်းတော့ မသိဘူး။ ကျနော်ကတော့ ပင်ပန်းတဲ့ ဒဏ်ကြောင့်လို့ထင်တာပဲ ရီဝေဝေ ဖြစ်လို့နေပါပြီ။ ပြီးတော့ ကျနော်တို့နှစ်ယောက် ဟိုတယ်ကို လမ်းလျှောက်ပြန်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ရောက်တုန်း သတိထားလိုက်မိတာ တစ်ခုကတော့ ပြင်ဦးလွင်သူလေးတွေ တော်တော်ချောတယ်လို့ မှတ်ချက်ပေးချင်လောက်အောင် ဖြစ်ရပါတယ်။

ပထမဆုံး ကျနော်တို့ရဲ့ အစီအစဉ်က ပြင်ဦးလွင်မှာ ၂ည တည်းမယ်လို့ စီစဉ်လာခဲ့ကြတာပါ။ ဒါပင်မဲ့ မနက်ပိုင်းနဲ့တင် ကျနော်တို့ လည်ရမဲ့နေရာတွေက သုံးပုံနှစ်ပုံလောက် ကုန်သွားခဲ့ပါပြီ။ ညနေပိုင်း ရုက္ခဗေဒဥယျာဉ်ကို သွားလိုက်ပါက ကျနော်တို့ ပြင်ဦးလွင်မှာ လည်စရာ နေရာကုန်သလောက်ဖြစ်သွားပါပြီ။ ဒါနဲ့ ကျနော်တို့လည်း ချက်ချင်း အစီအစဉ်ကို ပြောင်းဖို့ စီစဉ်ရပါတော့တယ်။ အစီအစဉ်ပြောင်းမယ်လို့ စီစဉ်နေချိန်မှာပဲ ဟိုတယ်က ဖုန်းဆက်လာပါတယ်။ ကျနော်တို့ကို နောက်ရက်မှာ အခန်းပြောင်းနေပေးဖို့ ခွင့်လာတောင်းတာကြောင့် ကျနော်တို့ရဲ့ အစီအစဉ်အတိုင်း နောက်ရက် ကျနော်တို့ မပြောင်းတော့ဘူး။ မနက်မှာပဲ Check Out လုပ်ပြီး မန္တလေးပြန်ဆင်းမယ်လို့ ပြောလိုက်တော့ သူလည်း ဝမ်းသာသွားတယ်။ ကျနော်တို့လည်း အဆင်ပြေသွားတယ်။ ကျနော်တို့ကလည်း နှစ်ရက် ဘိုကင်တင်ထားတာကိုး။ သူကလည်း ကျနော်တို့ကို အခန်းပြောင်းခိုင်းရတာ အားနားနေတဲ့ ပုံပါပဲ။ အခုတော့ နှစ်ယောက်စလုံး အဆင်ပြေသွားကြပြီ။ ခဏနားပြီး ကျနော်တို့ နှစ်ယောက် ရထားလုံးနဲ့ ပန်းခြံကိုထွက် ဖို့ပြင်ဆင်လိုက်ပါတော့တယ်။


 မဟာအံ့ထူးကံသာဘုရားမှာ တွေ့ခဲ့ရတဲ့ ကြာသင်္ကန်းပါ

အပြင်က မြင်ရတဲ့ ပုံပါ။
ပိတ်ချင်းမြောင် လိုဏ်ဂူအဝင်ဝ

လိုဏ်ဂူ သမိုင်းအကျဉ်း ကျောက်စာ

ဒီတံတားပေါ့ ဒုက္ခကို လှလှနဲ့ တွေ့စေတာ
 
 ပွဲကောက်ရေတံခွန်ကို ရောက်ပါပြီ။

 ပွဲကောက်ရေတံခွန်မှာ တွေ့ရတဲ့ ကြိုးတံတား

 ပွဲကောက်ရေတံခွန်ရဲ့ အလှ

 ပွဲကောက်ရေတံခွန်မှာ ရှိတဲ့ ဆိုင်ခန်းတွဲ

 ဘာရယ်မဟုတ် အနီးကပ် ရိုက်လိုက်တာပါ

ဒီအောက်က ပုံတွေကတော့ ပြင်ဦးလွင်မှာ ရှိတဲ့ Woodland စားသောက်ဆိုင်မှာ စားဖြစ်ခဲ့တာတွေကို အမှတ်တရရိုက်ခဲ့ယုံ သက်သက်ပါ။








  ဒီနေရာမှာပဲ ခဏနားလိုက်ပါအုံးမယ်။ ပုံတွေ တင်ချင်တာကြောင့် ပိုစ့်အရမ်းကြီးသွားမှာလည်း ဆိုးပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

6 comments:

sawthanlwin said...

ပုံတွေ တော်တော် ကောင်းတယ်..
ကြည့်ခွင့်ရတာကျေးဇူးတင်တယ်..

SHWE ZIN U said...

ပုံလေးတွေ ကောင်းလားတော့ မသိဘူး စားချင်စရာတော့ အတော်ကောင်း စောင့်ဖတ်နေတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

ပုံလေးတွေ ကြည့်ပြီး
ပြင်ဦးလွင် ကို လွမ်းသွားပါတယ်..

မေမြို့မိုး said...

မွေးရပ်မြေကိုလွမ်းလိုက်တာဗျာ..။ ဆွေးဆွေးမြေ့မြေ့ အားပေးသွားကြောင်း.။

မေမြို့မိုး said...

မွေးရပ်မြေကိုလွမ်းလိုက်တာဗျာ..။ ဆွေးဆွေးမြေ့မြေ့ အားပေးသွားကြောင်း.။

မြစ်ကျိုးအင်း said...

မရောက်ဖူးသေးဘူး။ ပြန်မှပဲ သွားလည်အုံးမယ်။ ပုံတွေကြည့်ရတာ မရောက်ဖူးသေးတဲ့သူအဖို့ ပိုရင်းနှီးသွားစေတယ်။