ခြေထောက်မှာ ဗွေပါခဲ့တာကို ငယ်ငယ်တုန်းက သတိမထားခဲ့မိပေမဲ့ ဆယ်တန်းအောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကိုယ်ခြေထောက် ကိုယ်ပြန်ကြည့်ရတဲ့အထိ အဖြစ်ပါ။ အကျိုးအကြောင်း ဆက်စပ်ကြည့်လိုက်တော့လည်း အမေ့ဝမ်းထဲမှာ နေစဉ်ကတည်းက ဗွေပါခဲ့တာကို သတိမထားမိခဲ့ပါဘူး။ နေရာ အခြေတကျ မရှိတဲ့ ကိုယ့်အတွက်တော့ ဗွေဆိုတာ ဘာအကောင် ကြီးလည်းလို့ ပြန်မေးရမဲ့ အဖြစ်ပါ။
အမိဝမ်းမှာနေတုန်းကလည်း ငြိမ်ငြိမ် မနေခဲ့သလို့ ဝမ်းကထွက်ဖို့ ပြင်ဆင်တော့လည်း အမိကိုပါ ဗွေပေါက်ခိုင်းတဲ့ အဖြစ်နဲ့ပေါ့။ တောင်ငူ၊ ဖျာပုံ၊ ပုသိမ်၊ ခန္တီး၊ ပင်လောင်း၊ မြိုင်ကလေး ဆိုတဲ့ နေရာတွေက နှစ်ရှည်လများ ဗွေပေါက်ခဲ့တဲ့ နေရာလေးတွေပဲပေါ့။ ရန်ကုန်ဆိုတဲ့ မြို့တော်ကြီးမှာလည်း ငါးနှစ်ဆိုတဲ့ အချိန် ကြာခဲ့ပေမဲ့ တစ်နေရာတည်းမှာ ကြာကြာမနေတက်တဲ့ ဒီဗွေကြောင့်ပဲ ၉မိုင်ခွဲ၊ သာကေတ၊ ဗိုလ်တထောင်၊ ဗိုလ်ကလေးဈေးလမ်း၊ သိမ်ဖြူလမ်း၊ ၁၆၅လမ်း တာမွေ၊ စမ်းချောင်း၊ မြောက်ဒဂုံ ဆိုတဲ့ နေရာတွေမှာ ဗွေ သဘောကျ သွားလာနေထိုင်ခဲ့တယ်။
ကျေနပ်နေပြီးလာလို့ မထင်လိုက်နဲ့။ ဗွေက တော်တော် ခြေဆန့် ချင်နေသေးတာလေ။ ဒီလောက်တောင် ဖြစ်လှတာ ဆိုပြီး လွှတ်ပေးလိုက်မိတာ။ သုံးနှစ်လောက် မလေးရှားကို ရောက် သွားခဲ့တယ်။ သုံးနှစ်ပြည့်တော့ သူ ငြီးငွေ့နေပြီထင်ပါတယ်။ ပြည်တော်ပြန် ခဲ့တာ တစ်နှစ်လောက် ကြာတော့ ဗွေပေါက်ဖို့ အရေး တွေးကာငေးလို့ ဟောဒီ ကျွန်းသေးသေးလေးပေါ်ကို ရောက်လို့ လာခဲ့ပြန်ပါတယ်။
ခု ၂နှစ်ပြည့်တော့ သူက တစ်မျိုး ဗွေဖေါက်လာပြန်ပါတယ်။ ဟိုး.. ဘာလဲ ဖြူသီဆိုတဲ့ သီချင်းကို အားကျလို့နဲ့တူပါရဲ့ ( အင်ဒိုနီရှား ပိုလာဘာလီ ကျွန်းလေးဝယ် သူနဲ့လည်း တွေ့ လို့ ချစ်ကြိုးသွယ်)။ သူဗွေ ပေါက်တာ အရေးမကြီးဘူး။ သူ ဗွေပေါက်ရာ ကျွန်တော်က လိုက်နေရတော့ လည်း ပိုက်ပိုက်ကုန်တယ်လို့တော့ မငြီးတော့ပါဘူး။ နေရာ အသစ် ဒေသအသစ်ကို ခံစား သိခွင့်မြင်ခွင့်ရလိုက်တယ်လို့ပဲ တွေးလိုက်ပါတယ်။
တစ်ခါတည်း မောင်နှမအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ကံမကုန်သေးလို့ ပြန်ဆုံ ဖြစ်မယ်ဆိုရင်တော့ ဇွန်လ နောက်ဆုံးအပတ်ထဲ ပြန်ရောက်ဖြစ်ပါမယ်။ အဲအခါကျ မှပဲ ပြန်လည်ဆုံတွေ့ကြပါအုံး စို့ ..............
လေးစားစွာဖြင့်
ရီနိုမာန်
ခုဒီ ပို့စ်လေးကို တင်လိုက်တဲ့ အချိန်ဆိုရင် ကျွန်တော် လေဆိပ်ကိုရောက်နေပါပြီ။ အားလုံးကို နှုတ်ဆက်သွားပါတယ်ဗျာ။
်