October 31, 2010

စီစဉ်သူရဲ့ အမှာစကား

ရွှေအမြုတေမဂ္ဂဇင်းရဲ့ သက်တမ်း ၂၁ပြည့်ခဲ့ပြန်ပါပြီ။ ကျွန်တော့် အသက်ကလည်း ၆၅ နှစ်ထဲကို ရောက်ရှိလို့ နေပြီဖြစ်လို့ ရွှေအမြုတေသက်တမ်း ရင့်လာတာနဲ့အမျှ ပရိသတ်များနဲ့ ကျွန်တော် ခွဲကြရမယ့်အချိန်လည်း နီးသထက်နီးလာပြီလို့ ခံယူမိပါတယ်။ အသက်အရွယ်ရလာတာနဲ့ အမျှ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်များ စကားသံများအပေါ် မူတည်ပြီး စဉ်းစားဖြစ်တာလေး တစ်ခုကို ပြောပြချင်ပါတယ်။

မြန်မာစကားမှာ " စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ " လို့ဆိုပါတယ်။ ဒါကြောင့် စကားဆိုတာ လိုအပ်သလောက်ပဲ ပြောသင့်ပါတယ်။ ပြောဖန်များလာရင် ကိုယ့်စကားတွေထဲကပဲ ကိုယ့်အကြောင်း ဖော်ပြနေတယ်ဆိုတာကို ငယ်ရွယ်သူများအနေနဲ့ သတိထားသင့်တယ်လို့ ပြောချင်ပါတယ်။

အခုတစ်လောမှာ " စကားကျွံ " လာသူများ တော်တော်များများကို ကြားရဖတ်ရနေပါတယ်။ သူတို့စကားတွေထဲကပဲ သူတို့ဇာတိတွေ ပြနေတာကို မြင်ရတော့ တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်စကားတစ်ခု ရှိပါသေးတယ်။ " နှုတ်ထွက်ကြမ်းရင် အမိယုတ်ညံ့ပြီး ကိုယ်အမှုအရာကြမ်းတမ်းရင်တော့ အဖယုတ်ညံ့တယ်" လို့ ဆိုပါတယ်။ ကိုယ်အနေမတတ်၊ အထိုင်မတတ်မှုကြောင့် အိမ်မှာရှိနေတဲ့ မိဘနှစ်ပါးပါ ယုတ်ညံ့တဲ့ဘဝကို အလိုလိုရောက်သွားစေတဲ့အတွက် ကိုယ်စကားတစ်ခွန်းပြောတော့မယ်ဆိုရင် အမေ့ကို သတိရသင့်သလို အပြုအမှုတစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း အဖေ့ကို သတိရသင့်ပါတယ်။

ကိုယ့်ကြောင့် မိဘနှစ်ပါးထိခိုက်တာမျိုး မဖြစ်ရအောင် သားသမီးများက ရှောင်ရှားသင့်ပါတယ်။ ကိုယ့်မိဘထိခိုက်မှာကို ဂရုမမူတဲ့ သူများအတွက်တော့ မဆိုလိုပါဘူး။ အဲဒါကတော့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော့်အတွေးထဲ ဝင်လာတာလေးကို ရွှေအမြုတေ ပရိသတ်များအတွက် ၂၁နှစ် အမှတ်တရအဖြစ် ပြောပြချင်တာ ဖြစ်ပါတယ်။

အစဉ်တစိုက် အားပေးခဲ့တဲ့အတွက် ကျွန်တော့်ပရိသတ်များကို အထူးကျေးဇူးတင်ပါတယ်။ မိဘကျေးဇူးကို သိ၊ နားလည်တတ်တဲ့ သားသမီးများလည်း ဖြစ်ကြစေချင်ပါတယ်။

လေးစားစွာဖြင့် (ဝင်းငြိမ်း)

ကျွန်တော် ဒီနေ့အလုပ်နားရက် ဖြစ်တာကြောင့် တစ်လမှာ တစ်ခါလောက်သာ သွားဖြစ်တဲ့ စီတီဟော ကိုရောက်သွားခဲ့ပါတယ်။ မထင်မှတ်ပဲ သူငယ်ချင်းတစ်ချို့နဲ့တွေ့ပြီး ဟိုဝင်ဒီဝင်လုပ်နေတုန်း အသက်ဝင်လှတဲ့ ချစ်သူနှစ်ဦးရဲ့ အပြုံးကိုတွေ့လိုက်ရတဲ့ အခိုက်မှာပဲ ကျွန်တော့်ရဲ့ စိတ်တွေကို ညို့ယူသွားသလို ခံစားလိုက်ရပါတယ်။ ဒါနဲ့ အိတ်ထဲက စင်ကာပူ ၆ ဒေါ်လာ အကုန်ခံပြီး အိမ်အပြန်လက်ဆောင်အဖြစ် ယူလာခဲ့ပါတယ်။ လမ်းရောက်မှ သေသေချာချာကြည့်လိုက်တော့မှပဲ ရွှေအမြုတေမဂ္ဂဇင်း ရဲ့ ၂၁နှစ်ပြည့် ဖြစ်နေမှန်း သိလိုက်ရပါတယ်။ စာအုပ်ကိုကြည့်ပြီး တစ်လုံးမကျန် အကုန်ဖတ်မယ်လို့ စိတ်ထဲတွေးပြီး စာရွက်တစ်မျက်နှာချင်း ဖတ်နေရာမှ စာမျက်နှာ ၆ အရောက်မှာတော့ ဆရာဦးဝင်းငြိမ်းရဲ့ အမှာစကားကို ဖတ်ပြီး အရမ်းသဘောကျမိတာကြောင့် ဆရာ့ဆီကို ခွင့်တောင်းပြီး ပြန်လည်ဖော်ပြလိုက်ရပါတယ်။

မိဘကျေးဇူးသိတတ် နားလည်သော သားသမီးများ ဖြစ်ကြပါစေလို့ ကျွန်တော်ကလည်း အားလုံးသော မောင်နှမများကို ဆုတောင်းပေးလိုက် ရပါတယ်ဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

October 30, 2010

မတူညီတဲ့ သူ့အရပ် ကိုယ့် အရပ်

ဒီနေ့ မနက်ပဲ အမနိုင်းနိုင်းစနေဘလောဂ့်က ကြုံရဆုံရ ဒီဘလော့ဂါဘဝ ဆိုတာလေးကို ဖတ်ပြီးတော့ ကျနော့်ဘလောဂ့် တစ်နှစ်ပြည့်တုန်းက အကိုတစ်ယောက် အမှတ်တရရေးပေးခဲ့တဲ့ စာလေးကို သတိရမိသွားလို့ ပြန်လည် ဆားချက်လိုက်ရပါတယ်။

နာမည်ကျော် အကျွန်ုပ် ဘလော်ဂါ၏ လူမသိသူမသိ အင်တာဗျူး အစီအစဉ်

တနေ့သ၌ အကျွန်ုပ်သည် မိမိ၏ မွေးရပ်ဌာနေဆီသို့ ပြန်ခဲ့လေသည်။ ထိုအခါအကျွန်ုပ်၏ ဘကြီးဖြစ်သူ ဘကြီးထွန်းနှင့် စကားလက်ဆုံ ဆွေးနွေးခဲ့ပုံများကို စာဖတ်သူများ ဖတ်စိမ့်သောငှာ ပြန်လည် ဝေမျှလိုက်ပါသည်။

အကျွန်ုပ်။ ဘကြီးထွန်းမာရဲ့ ချာရဲ့နော်ဗျာ။ အရင်လို လမ်းတွေဘာတွေလျှောက် သတင်းပုလင်းတွေ နားထောင်သေးလားဗျ။

ဘကြီးထွန်း။ ဟေ မောင်မောင်ပါလားကွ ဘယ်တုန်းက ရောက်သတုန်း။ ရောက်တုန်း အခါးရေလေး သောက်ပါဦးဟ။ မင့်မလည်း ထွက်သွားလိုက်တာ ရွာနားတောင် အဝေးပြေးခြောက်လမ်းသွား ဖောက်ပြီးတာတောင် ပြန်ရောက်မလာနိုင်ဘူး။

အကျွန်ုပ်။ ဟုတ်ပ ဘကြီးရာ ရေကြည်ရာမြက်နုဆိုပါတော့ဗျာ။ ဒါပေသိ ကျုပ်ရပ်ရွာတော့ တနေ့မှ မေ့မရတာအမှန်ပါ။ မဲဇာတောင်ခြေရတုတောင် အခွင့်သင့်တိုင်း နှုတ်က ရွတ်နေမိတာဗျ။ စာရေးတဲ့အထဲလည်း မကြာမကြာရေးမိပါတယ်။ ဒီရွှေပြည်ကြီးရယ် ခရီးက ဝေးသဟာမို့လို့။

ဘကြီးထွန်း။ အိမ်း မင်းက စာရေးသကိုး။ ဘယ်မှာတုန်းမောင်ရာ။ ငတို့လည်း ဖတ်ရှုကြည့်ရတာပ။ မင်းတို့ခေတ်လူငယ်တွေ နည်းပညာအသစ်တွေနဲ့ ဘယ်လောက်ယဉ်ပါးနေသလဲဆိုတာ။

အကျွန်ုပ်။ ဟာ နည်းပညာတော့ ပြောမနေပါနဲ့တော့ ဘကြီးရေ။ ကျုပ်တို့အချင်းချင်း စကားတီးတိုးပြောလို့ရအောင် ဆီဗောက်ဆိုတာလေးပါထည့်ထားသဗျ။ မြင်ကွင်းကျယ် ကြည့်ချင်သလား မြင်ကွင်းကျဉ်းကြည့်ချင်သလား။ စာလုံးကြီးကြီး ကြည့်ချင်သလား စာလုံးသေးသေးကြည့်ချင်သလား။ နောက်ခံကို အဖြူနဲ့ကြိုက်သလား အမည်းနဲ့ကြိုက်သလား စာလုံးကို ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ကို ကြည့်လို့ရတာဗျ။

ဘကြီးထွန်း။ ဟေ တယ်လည်း နေရာကျပါလား မောင်ရာ။ ဒါနဲ့ ဘယ်သူတွေကများ အကဲဖြတ်တင်သတဲ့တုန်း။

အကျွန်ုပ်။ ဟာ ဘကြီးကလည်း အခုခေတ်က လွတ်လွတ်လပ်လပ်ခေတ်ဗျ။ ခဏခဏ ရွတ်နေရတဲ့စကားလုံးလိုပဲ။ အားလုံးက ကိုယ့်စိတ်ကြိုက် ကိုယ့်ဖန်တီးမှုချည်းပေါ့ဗျ။ ဘောင်တွေ ကုလားနားတွေနဲ့ဆို ကြည့်မကောင်းပါဘူးဘကြီးရာ။ ခေတ်ရေစီးကြောင်းအတိုင်းပေါ့။

ဘကြီးထွန်း။ အိမ်း မင်းပြောတော့လည်း မှန်တာပါပဲလေ။ ဒါနဲ့ ဘယ်သူတွေကများ ဖတ်ရှုကြတာတုန်းကွ။

အကျွန်ုပ်။ ဒါတော့ သိပ်လွယ်သဗျ။ ကျုပ်စာရေးပြီးရင် ရေးပြီးတဲ့ အကြောင်းလေး အချင်းချင်းလက်တို့ သတင်းပေးလိုက်တာပဲ။ အချင်းချင်းဆိုတာက သူတင်ရင် ကိုယ်ဖတ် ကိုယ်တင်ရင် သူဖတ်ပေါ့ဗျာ။ လာမဖတ်တဲ့သူတွေကိုလည်း ခုံအောက်က လက်တို့ပြီး လာလကွာ မြန်မြန်လကွာ မင်းပဲကျန်တော့တာတို့ ဘာတို့ လုပ်ပေးရတာပေါ့။ အခုကာလက မာကတ်တင်းဆိုတာ ဖြစ်နေပြီ။ အဲ့ဒီတော့ မာကတ်တင်းကောင်းကောင်းဆင်းနိုင်မှ အောင်မြင်မှာပေါ့ဗျ။

ဘကြီးထွန်း။ ခေတ်ကြီးကိုတော့ တို့လိုက်မမှီတော့ပါဘူးကွာ။ ဒါနဲ့ မင်းက ဘာအကြောင်းများ ရေးသတုန်း။

အကျွန်ုပ်။ အင်….အယ်……အာ ဒါတော့ ပြောရသိပ်ခက်တယ်ဗျ

ဘကြီးထွန်း။ ဟင်….မင်းရေးတာလေးတော့ မင်းသိသင့်သပေါ့မောင်။

အကျွန်ုပ်။ ဒါက ဒီလိုရှိတယ် ဘကြီးရ။ ကျုပ်ရေးတဲ့ အကြောင်းအရာတွေက တယ်များတာဗျ။ ဗဟုသုတ ဖြစ်ဖို့ အတွက် ဟိုအရပ်က ဟိုသတင်းတွေ။ တနေ့တနေ့ ရုံးသွားရုံးပြန် ကားတွေကြပ်လာတယ်ဆိုတဲ့အကြောင်းတွေ။ တိုးတက်လာတဲ့ နည်းပညာတွေ။ ဘ၀ပေးဇာတ်လမ်းတွေ။ ပညာပေးဆောင်းပါးတွေ။ ရုပ်ရှင်ရိုက်သူတွေရဲ့ လိုအပ်ချက်တွေ။ ကျုပ်ရဲ့ နေ့စဉ်အောင်မြင်မှုတွေ များမှ များသိပ်ကိုများသဗျ။

ဘကြီးထွန်း။ အေးကွ တယ်လည်း ရေးစရာများတာပါပဲလား။ ဒီလောက်ပြည့်စုံအောင် မင်းလည်း တော်တော်လေး လေ့လာရမှာနော် ဟေ့ကောင်။

အကျွန်ုပ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီလေ ဘကြီးရ။ အပ်ကျတာတောင် သိနေမင့်ဟာပဲ။

ဘကြီးထွန်း။ ဒါနဲ့များ မင့်ဒွေးလေးဆုံးတာ မင့်ဆီက ၀မ်းနည်းစာလေး ဘာလေးတောင် မလာပါပဲကော။

အကျွန်ုပ်။ အာ…အင်… အီး ဒါတော့ ခွင့်လွှတ်ဗျာ။ ဒွေးလေး သတင်းကို ကျုပ် အင်တာနက်မှာ မရှာလိုက်မိဖူးဗျ။ ပြီးတော့ ဒီလောက်ခမ်းနားကြီးကျယ်တဲ့ စာတွေရေးဖို့ ကျုပ်ကို ကျုပ်တိုးတက်အောင် လုပ်ရသေးတာဗျ။ ဟိုစာလေးကြိုက်ရင် ကူး ဒီစာလေးသဘောကျရင် မ,လာနဲ့ အချိန်မလောက်ဖူးဖြစ်ဖြစ်နေတယ်ဗျာ။ အခုတောင် ရွာကိုချစ်လွန်လွန်းလို့ ပြန်လာတာ။ ကျုပ် အတွေးထဲက စာတွေ ပျောက်သွားမှာတောင် စိုးနေမိတယ်။

ဘကြီးထွန်း။ မင်းရဲ့ စာတစ်ပုဒ်နဲ့ ဘယ်အရာကို အကျိုးကျေးဇူးပြုပြီးပြီလဲ ငမောင်။

အကျွန်ုပ်။ အကျိုးပြုသပေါ့ဘကြီးရာ။ တလောက ကျုပ်ရေးလိုက်တဲ့ ရထားပေါ်မှာ အမှိုက်မချရ ပို့စ်ကြောင့် ကျုပ်သူငယ်ချင်း အရင်းကြီးတွေ နောင်ရထားပေါ်မှာ အမှိုက်မချတော့ဘူးဆိုတဲ့ အသိတရား ရသွားသဗျ။ နာမည်အကြီးဆုံးပို့စ်ဖြစ်တဲ့ မိဘကိုကျေးဇူးဆပ်ဆိုတဲ့ ပို့စ်ဆိုရင် ကြိုက်လှချည်ရဲ့ဆိုပြီး ဟိုလူကလည်း သူ့ဘလော့မှာ တင်ပါရစေ။ ဒီလူကလည်း သူ့ဆိုဒ်မှာ တင်ခွင့်ပြုပါနဲ့ကို ဖြစ်နေတာဗျ။

ဘကြီးထွန်း။ အိမ်း ကောင်းသကွ။ ဒါနဲ့ မင့်အမေ မနှစ်ကတည်းက လေဖြတ်သွားတာ မင့်ကို တမျှော်မျှော်နဲ့မောင်။ သူ့သတင်းကြားရင် သူသားက ပြေးလာမှာတဲ့ဗျ။ သူ့ကိုသိပ်ချစ်တဲ့သားဆိုပြီး ခြံစည်းရိုးကိုင်မိတိုင်း ငိုင်ပြီး တတွတ်တွတ်ရွတ်ရင်း ၀ါမထွက်ခင် သူအသက်ထွက်သွားတာပါပဲကွာ။

အကျွန်ုပ်။ တရားနဲ့ဖြေမှပေါ့ ဘကြီးရာ။ ကျုပ်ဖြင့် အွန်လိုင်းက တရားတွေနာတာနဲ့တင် အတော်လေး တရားကျနေဖြင့်ပဲ။

ဘကြီးထွန်း။ အင်း ဟုတ်တော့လည်း ဟုတ်တာပေါ့မောင်ရာ။ ဒါနဲ့မင်းက တို့ရပ်ရွာကို ဘယ်တော့ပြန်လာမလဲကွ။ မင့်အမေရှိတုန်းက သူ့သားကို ကျောင်းမှာ ဆရာပြန်လုပ်စေချင်တာချည်း ပြောနေတာ။ မင်းကလည်း မင်းဘ၀တိုးတက်ရေး ထွက်သွား သူ့ခမျာလည်းမတားသာဘူး။

အကျွန်ုပ်။ ပြန်လာမှာပေါ့ ဘကြီးရာ။ ကျုပ်တို့ရပ်ရွာအရေး ကျုပ်က တတပ်တအား ပါဝင်မပေါ့။ အခုလည်း ဆိုင်ရာဆိုင်ရာ တဒေါင့်တနေရာကနေ ကျုပ်ပါဝင်နေတာပါဗျ။ ဟိုးတလောက တောင်ပေါ်ဒေသမိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အလှူခံပေးတယ်ဆိုတဲ့ သတင်းဘကြီးဖတ်လိုက်ရမယ်ထင်တယ်။ ဒါ ကျုပ်လုပ်တာဗျ။ အဲ့ဒီသတင်းကို ကျုပ် အသိသတင်းထောက်မလေးက ရေးပေးပြီး ကျုပ်နဲ့ခင်တဲ့ အယ်ဒီတာက အရှေ့မျက်နှာဖုံးမှာ ဖော်ပြပေးတာဗျ။ ဒါ့အပြင် နာဂစ်တုန်းကလည်း ကျုပ်က စွမ်းစွမ်းတမံပါခဲ့သေးတာ။ ကိုယ့်ရပ်ရွာအရေးတော့ လက်နှေးနေလို့ ဘယ်ဖြစ်လိမ့်မလဲ။ ဘကြီးလည်း ဂျာနယ်များများသာဖတ် ငမောင့် နာမည် ပါကို ပါစေရမယ်ဗျာ။

လောလောဆယ်တော့ ပြန်မလာနိုင်သေးဘူးဗျာ။

ဘကြီးထွန်း။ အေးလေ လူတိုင်းတော့ သူ့အခက်အခဲနဲ့သူပေါ့။ ဒါနဲ့ မင့်စာတွေကို ငတို့ဘယ်လိုများ ဖတ်ရမလဲ။

အကျွန်ုပ်။ အင်း ဒါတော့ အင်တာနက်ဆိုတာလိုသဗျ။ ဒီလိုလုပ်ဗျာ ဘကြီးတို့က ရွာကို မီးရအောင် အရင်လုပ်။ ပြီးတော့မှ အင်တာနက်ဆိုတာချည်းကို တတ်ပေါ့။ အဲ့ဒီအချိန် ကျုပ်ရွာပြန်ရောက်နေပြီဆို တစ်ရွာလုံးကို အင်တာနက်ကြည့်တတ်အောင် သင်ပေးမယ်ဗျာ။ ရွာနဲ့ ကမ္ဘာကြီးကို တစ်သားတည်းဖြစ်အောင် လုပ်မယ်။

ဘကြီးထွန်း။ ဟမ်……အေးအေး မျှော်ပေါ့ မောင်ရာ။ မျှော်ပေါ့။

အကျွန်ုပ်။ စကားတော့ ပြောကောင်းပါပေ့ ဘကြီးရေ။ ကျုပ်လည်း ပြန်ရဦးမဗျ။

ဘကြီးထွန်း။ အေးလကွာ ပြန်ဟ နေဖြင့် အတော်မြင့်နေပြီပဲ. မင့်မလဲ ဒီရောဂါက တယ်ရင့်နေပြီပဲလေ…………………..


လေးစားစွာဖြင့်
ရီနိုမာန်

တော်တော်လေး တရားကျဖို့ ကောင်းပါတယ်

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က မိတ်ဆွေတစ်ချို့ကြောင့် ရီနိုတစ်ယောက် စိတ်ညစ်နေခဲ့ရာ တော်တော်နှင့် အနှယ်မထိုင် အရှိန်မသေဖြစ်နေခဲ့ရာမှ ဒီရက်ပိုင်းလောက်ကပဲ မိတ်ဆွေတစ်ယောက်ရဲ့ အကြံပေးနေထိုင်နည်းကြောင့် ရီနို အေးအေးဆေးဆေး ဖြစ်လို့နေခဲ့ပြန်ပါတယ်။

ရီနိုက အေးအေးဆေးဆေး ပဲနေတက်တဲ့ လူတစ်ယောက်ပါ။ အဲလိုနေတက်တဲ့ လူကိုမှ လောကကြီးက ချမ်းသာမပေးပြန်ပါဘူး။ (ပျင်းနေမှာ ဆိုးလို့နဲ့တူပါတယ်) သူ့ဟာသူ နေတဲ့ လူဆီကို ပြဿနာတစ်ချို့က မခေါ်ပဲ ရောက်လာခဲ့တယ်။ ပြဿနာဆိုတဲ့ အရာက အမှန်တော့ ရီနိုနဲ့ တော်တော်လေး အလှမ်းဝေးတဲ့နေရာမှာ ရှိနေခဲ့တာပါ။ ရောက်မဲ့ရောက်လာတော့လည်း ဆိုက်ဆိုက်မြိုက်မြိုက်ကြီး။

အကြောင်းအရာ တစ်ခုကို သေသေချာချာမသိပဲ ရီနို ပြဿနာ တစ်ခုကို ဖြေရှင်းလေ့မရှိပါဘူး။ ဖြေရှင်းဖို့လည်း ဝါသနာ မပါပါဘူး။ ရီနို့ မိတ်ဆွေအားလုံးက ထမင်းစားကြတဲ့ လူတွေကြီးပါပဲ။ ထမင်းစားကြတာချင်းတူတူ ရီနိုက ပိုစားတယ်လို့ အပြောခံရတဲ့ ဇာတာကတော့ ရီနိုမှာ ပါလာခဲ့တယ်နဲ့ တူပါတယ်။

ပြဿနာဆိုတာ စိတ်ထဲထားရင် ပိုကြီးတယ်။ မထားရင် ပျောက်ကွယ်သွားတက်တယ်လို့ စိတ်ထဲယူဆထားတဲ့ အတွက်ကြောင့် စိတ်ထဲ လုံးမထားခဲ့ပါဘူး။ ဒါပင်မဲ့ ရီနိုရဲ့ဇာတာမှာ အကြောင်းအရာတစ်ခုကို နှစ်ခါကြုံတွေ့ရတက်တဲ့ ကံပါလာတက်စမြဲမို့ အကြောင်းအရာတူတဲ့ နောက်ပြဿနာ တစ်ခုက မဖိတ်ခေါ်ပဲ ရောက်လို့လာပြန်ပါတယ်။

အခုတစ်လော ကံမကောင်းဘူး ဆိုပြီး အလုပ်ကိုသာ အဓိကထား စိတ်နှစ်ပြီး အလုပ်ကြီးပဲ လုပ်နေခဲ့တာပါ။ အိုတီ ဆင်းမလာလို့ လာမမေးနဲ့ ဆင်းပြီးသားပါ။ အိုတီဆင်းမှလည်း ရီနိုရပ်တည်နေတဲ့ ဘဝလေးက အေးချမ်းမှာကိုးဗျ။ အိုတီ ဆင်းရလွန်းလို့ ညဆို ၁၁လောက်မှ အိမ်ပြန်ရတဲ့ ရက်တွေ တော်တော်လေးများခဲ့ပါတယ်။

ဖြစ်ချင်တော့ ပြဿနာက ရီနိုနဲ့ အသက်တူပင်မဲ့ ဝါ မတူတဲ့ ရီနိုရဲ့ SV နဲ့ဖြစ်တာပါ။ SV ဆိုပင်မဲ့ ရီနိုနဲ့ ရွယ်တူဖြစ်နေတာကြောင့် သူငယ်ချင်းတွေလိုပဲ ဖြစ်နေတာပေါ့။ ဟာသတစ်ခုပြောမိတိုင်း ခွက်ခွက်လန်းအောင် ရယ်တက်တဲ့ သူနဲ့ ရယ်ပြီးရင်း ရပ်လို့မရတဲ့ ရီနိုနဲ့ အကြောင်းတိုက်ဆိုင်တိုင်း ရီနေကျပါ။ ဒီလိုတူညီမှုတွေ ရှိနေတာကြောင့်လည်း မလေးရှား တရုတ်ဖြစ်တဲ့ သူနဲ့ မလေးစကားကို ထမင်းမငတ်အောင်လောက် ပြောတဲ့တက် ရီနိုနဲ့ အဖွဲ့ကျလို့နေခဲ့ပါတယ်။

တစ်နေ့ သူ နဲ့ ရီနို ရီနေရင်းနဲ့ သူ့ရင်ဘတ်အရမ်းအောင့်လာပြီး စကားမပြောနိုင်အောင် ဖြစ်သွားပါတယ်။ နောက်နေ့ ရီနိုနဲ့ သူ အလုပ်အတူတူ တွဲလုပ်နေရင်း ရီနိုကို အပြစ်ပြောလာပါတော့တယ်။ မင်း ရီလို့ ငါလိုက်ရယ်တာ။ မင်းကြောင့် ငါ ကံကောင်းလို့ ဆေးရုံးမရောက်တာ။ နောက်ဆို ငါ့ကို လာမရယ်ပြနဲ့ ....တဲ့။

အထက်က ဖြစ်ခဲ့တဲ့ ပြဿနာအတိုင်းပါပဲ။ ကိုယ်ကြောင့် ဖြစ်တယ်လို့ စကားတစ်ခွန်း မပြောပဲ၊ အပြစ်တွေ အကုန်လုံး ရီနိုအပေါ် ပုန်ချလိုက်တာကို ကြည့်ပြီး ရီနို စိတ်ထဲက စကားလေး တစ်ခွန်းတော့ ရေရွတ်လိုက်မိတယ်။

ဪ .... တော်တော်လေး တရားကျဖို့ ကောင်းပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

October 26, 2010

အိမ်ထောင်ပြုခြင်း မပြုခြင်း

အသက် ၃၀ကျော်လာတာနဲ့အမျှ ဒီခေါင်းစဉ်က ကျွန်တော်ကိုများ တိုက်ရိုက် ပတ်သက်နေသလားလို့ ထင်နေမိတယ်။ အသက်အားဖြင့် ကြည့်မယ်ဆိုရင်လည်း အပျိုကြီး၊ လူပျိုကြီး စရင်းကို မသွင်းရပဲ အလိုလိုဝင်နေပြီပဲလေ။ ကျွန်တော်နဲ့ သက်တူ ရွယ်တူတွေကို ကြည့်မယ်ဆိုရင်လည်း အားလုံးက ကိုယ်ပိုင် အိမ်ထောင်လေးတွေနဲ့ ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်ထားနေကြပြီ။ ကိုယ့်မှာတော့ဖြင့်........။

၂၀၀၇ ခုနှစ်လောက်က ကျွန်တော် မြန်မာပြည်ကို တစ်ခေါက်ပြန်သွားခဲ့တယ်။ ကျွန်တော်အဲမှာ တစ်နှစ်လောက်ကြာခဲ့တယ်။ ကျွန်တော်နဲ့ အထက်တန်းတုန်းက အတူတူ တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံး လိုလို အိမ်ထောင်ကျကုန်ကြပြီ။ ကျွန်တော်သူတို့နဲ့ တစ်ယောက်ချင်းစီ လိုက်မတွေ့နိုင်ပင်မဲ့ ကျွန်တော်နဲ့ တွေ့ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့တော့ ကျွန်တော်စကားပြောဖြစ်တယ်။ သူတို့ရဲ့ အဆင်မပြေတဲ့ စီးပွားရေးအခြေအနေ ရှိနေပင်မဲ့ သူတို့ရဲ့ ကိုယ်ပိုင်မိသားစုအကြောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော့် ကိုပြောပြနေတာများ အားကျချင်စရာပါ။

ဒါပင်မဲ့ ကျွန်တော် အားမကျဘူး။ ကျွန်တော်တို့ဘဝက ပြည့်စုံတဲ့ ဘဝက လာတာမဟုတ်တဲ့ အတွက်ကြောင့် မပြည့်စုံတဲ့ ဘဝနဲ့ နေရမှာကို ကျွန်တော်ကြောက်နေတယ်။ ပြည့်စုံမှ အိမ်ထောင်ပြုရမယ်ဆိုပြန်ရင်လည်း အသက်သုံးဆယ် တောင်ကျော်နေပြီ။ ခုထိ ပြည့်စုံတယ်ဆိုတာ ဘာတစ်ခုမှ မရှိသေးဘူး။ ဘယ်တော့မှ ပြည့်စုံမယ်ဆိုတာကိုလည်း ကျွန်တော်မသိဘူး။

၂၀၀၇ လောက်တုန်းကတော့ ကျွန်တော့်အသက်က ၂၇ ဆိုတော့ ကိုယ့်ကိုကိုယ် ငယ်သေးတယ်လို့ပဲ ထင်နေတာပေါ့။ သူငယ်ချင်းတွေ အိမ်ထောင်ပြုကြတာကို ကြည့်ပြီး စောလိုက်တာလို့တောင် ထင်လိုက်မိသေးတယ်။ အခု ၂၀၁၀ရောက်တော့ သူငယ်ချင်းတွေအားလုံး ကလေးကိုယ်စီ ရကုန်ပြီ။ မပြောင်းလဲ သေးတာက ကျွန်တော်တစ်ယောက်တည်း။

ဒီလိုနဲ့ ကျွန်တော်ပြီးခဲ့တဲ့လက မြန်မာပြည်ပြန်တော့ အထက်တန်းတုန်းက တွဲခဲ့ကြတဲ့ သူငယ်ချင်း ၁၁ ယောက်ရှိတဲ့ အနက်မှ ၅ယောက်နဲ့ ကျွန်တော်တွေ့ဖြစ်ခဲ့တယ်။ ကျွန်တော်ကို သူတို့မေးတဲ့ အဓိကမေးခွန်းကတော့ မင်းဘာလုပ်မှာလဲတဲ့ .. သူတို့ဘာကိုမေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က မသိချင်ယောင်ဆောင်ပြီး ပြန်မေးလိုက်တော့ .... အေးငါတို့ အဖွဲ့ထဲမှာ မင်းနဲ့ ရုရှားရောက်နေတဲ့ ဟိုးကောင်ပဲ ကျန်တော့တာနော် ... ငါတို့ အဖွဲ့ထဲမှာလည်း နိုင်ငံခြားထွက်တာ မင်းတို့နှစ်ယောက်ပဲ ရှိတယ်။ အိမ်ထောင်မပြုသေးတာလည် မင်းတို့ နှစ်ယောက်ပဲ ကျန်တော့တယ်။ ဘာပဲပြောပြော ငါတို့ အရွယ်တွေက အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီလေ။ ကိုယ်ပိုင်မိသားစုလေးနဲ့ အေးအေးဆေးဆေးနေနိုင်ရမဲ့ အခြေအနေ ဖြစ်သင့်နေပြီကွ။ ခု ... မင်းကိုကြည့် .. ပိုက်ဆံသာ မင်း လွတ်ရှာနေတာ .. ဘယ်မှာလဲ မင်းပိုင်တဲ့ အရာ ဘာရှိလဲ..... သူတို့တွေက ဒီလိုပြောလာတော့လည်း အခုပဲ ထပြီး မိန်းမတစ်ယောက်ကို ကောက်ယူလိုက်ရတော့မလို။ ခုပဲ ကလေးတွေရ ၊ ပျော်စရာကောင်းတဲ့ မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ပဲ နေရတော့မလိုနဲ့ တွေးမိလျက်သားပေါ့။

ဒီလိုနဲ့ ဒီပြန်ရောက်ပြီတစ်နေ့ အလုပ်ဆိုဒ်ထဲသွားတော့ မြန်မာကောင်လေးတွေနဲ့ တွေ့တော့ စကားပြောဖြစ်ကြပြန်ရော။ ကျွန်တော်အသက်ကိုမေးပြီး ကျွန်တော့်ကို လူလွတ်လားတဲ့။ ကျွန်တော်ကလည်း ဟုတ်တယ် လို့ ဆိုပြန်တော့ သူက ဘာပြန်မေးတယ်မှတ်လဲ။ တကယ်တစ်ခါမှ မယူဖူးသေးဘူးလား..တဲ့လေ။ သူ့မေးးခွန်းကို ကျွန်တော်သဘောကျလို့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိတယ်။ အင်းပေါ့ ... ဘယ်ယုံနိုင်ပါမလဲ.. ဒီအသက်အရွယ် ရောက်နေပြီကိုး။

ကျွန်တော်ဘဝက ပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာခဲ့တာ မဟုတ်တော့ အမှန်တိုင်းပြောရရင် ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ချင်နေမိတာ ကျွန်တော်ရဲ့ အတ္တတစ်ခုလိုမျိုး ဖြစ်နေခဲ့တယ်။ မပြည့်စုံပင်မဲ့ ပျော်စရာများနဲ့ မေတ္တာအိမ်လေးတွေကို တွေ့တော့လည်း ကျွန်တော်အားကျမိတယ်။ ဒါပေမဲ့ ကျွန်တော် လက်တည့်စမ်းဖို့တော့ ကျွန်တော်မှာ လုံလောက်တဲ့ အင်အား ရှိမနေခဲ့ဘူး။

အိမ်ထောင်ပြုတာ၊ မပြုတာဟာ ကျွန်တော်ဘဝအတွက်တော့ အရေးကြီးတဲ့ သော့ချက် ဖြစ်လာမှာ မဟုတ်ဘူး။ ဘာကြောင့် အဓိက ဖြစ်မလာရတဲ့ အကြောင်းအရင်းက ကျွန်တော်မှာ အခိုင်အမာ ရှိနေခဲ့လို့ပဲ။
နံပါတ် ( ၁ ) မျိုးရိုးစဉ်ဆက် မချမ်းသာခဲ့ကြလို့၊
နံပါတ် ( ၂ ) အဖေ မရှိတော့လို့ ၊

ဘာဆိုင်လို့လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါတွေဟာ အဓိက ဖြစ်နေခဲ့လို့ အိမ်ထောင်ပြုခြင်း မပြုခြင်းက ကျွန်တော်အတွက် အဓိက မဟုတ်ရခြင်းရဲ့ အခြေခံတွေပဲပေါ့။

မျိုးရိုးစဉ်ဆက် မချမ်းသာခဲ့ကြလို့

ဒီအချိန် ကျွန်တော့်မှာ လုံလောက်တဲ့ ပိုက်ဆံသာ ရှိခဲ့မယ်ဆိုရင် ခုနက ကျွန်တော့်သူငယ်ချင်းတွေ အိမ်ထောင်ပြုတဲ့ အချိန်မှာ ကျွန်တော်လည်း တစ်ယောက်လောက်တော့ ယူပြီးသွားလောက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ငွေရေးကြေးရေး ပူပင်စရာမှ မလိုတာ။

အဖေ မရှိတော့လို့

ကျွန်တော်အဖေ့ မရှိတော့တဲ့ အချိန်မှာ အိမ်ရဲ့တာဝန်တွေ ကျွန်တော်အပေါ်ကို ရောက်မှန်းမသိေ၇ာက်ခဲ့တယ်။ ကျွန်တော်မှာ အမေရှိတယ်။ ညီမလေး ရှိတယ်။ နောက်ပြီး တူလေးတစ်ယောက်ရှိတယ်။ သူတို့တွေ အားလုံးက ကျွန်တော်ကိုမှီပြီး နေနေကြရတာလေ။ ကျွန်တော်ဒီအချိန်မှာ အိမ်ထောင်ပြုမယ်လို့ စဉ်းစားလိုက်ရင် ကျွန်တော်ကိုမှီခိုနေကြတဲ့ ကျွန်တော်ရဲ့ မိသားစုလေးကို ကျွန်တော်ဘယ်မှာ သွားထားရမှာလဲ။ ဘာပဲပြောပြော မရှိတော့တဲ့ကျွန်တော့်အဖေကို ကျွန်တော်ကျေးဇူးတင်တယ်။ အဖေသာရှိခဲ့မယ်ဆိုရင် လက်ရှိစောင့်ရှောက်နေရတဲ့ ကျွန်တော့်မိသားစုလေးကို ကျွန်တော်စောင့်ရှောက်ခွင့်ရမှာ မဟုတ်ဘူး။ အိမ်ထောင်ပြုခြင်း မပြုခြင်းဆိုတဲ့ ကျွန်တော်အတွက် အဓိက မဟုတ်တဲ့ အရာဟာလည်း ကျွန်တော့်အဖေ ရှိခဲ့မယ်ဆိုရင် အဓိက ဖြစ်ချင် ဖြစ်သွားနိုင်လိမ့်အုံးမယ်။ ခုတော့ မိသားစုလေးကို စောင့်ရှောက်ခွင့် ပေးခဲ့တဲ့ ကျွန်တော့်အဖေကို ကျေးဇူးတင်ရင်း အိမ်ထောင်ပြုခြင်း မပြုခြင်း ဆိုတဲ့ စကားလုံးနဲ့ အဝေးဆုံးနေရာမှာ ကျွန်တော် ရှိနေရပါအုံးမယ်။

လေးစားစွာဖြင့်
ရီနိုမာန်



October 25, 2010

တိုက်ပုံအင်္ကျီ

အမှန်အတိုင်းပြောရရင် ကျွန်တော် တိုက်ပုံ ဝတ်ရမှာကို မနှစ်သက်ခဲ့ပါ။ မကြိုက်ဖူးလို့ ပြောရင် ပိုမှန်လိမ့်မည် ဖြစ်သည်။ မြန်မာတစ်ယောက် ဖြစ်ပါလျှက် မြန်မာဝတ်စုံ ဖြစ်တဲ့ တိုက်ပုံအင်္ကျီ ကျွန်တော်မနှစ်သက်သည်ကို ကျွန်တော်မှာ ပြောစရာဆင်ခြေ မရှိခဲ့။ စိတ်ထဲ၌ မလွတ်လပ်ဘူးလို့တော့ ကျနော်ခံစားရသည်။ ခု အရွယ်ရောက်မှ တိုက်ပုံကို မဝတ်ချင်စိတ် ဖြစ်နေခဲ့သည် မဟုတ်။ ဟိုးငယ်ငယ်ကတည်းက ကျွန်တော် မဝတ်ချင်ခဲ့ပါ။

အတန်းထဲမှာ ကျွန်တော် နှစ်တိုင်းဆုရခဲ့သည်။ သို့သော်ကျွန်တော် နှစ်တိုင်း ဆုမယူခဲ့သည်မှာ အလယ်တန်းအဆင့် မှစ၍ ကျောင်းဆုပေးပွဲသို့ ကျွန်တော် မတက်ဖြစ်ခဲ့ပါ။ ကျွန်တော် မိဘများက ကျွန်တော်ကို ဆုတက်ယူစေချင်ကြသည်။ ကျွန်တော့်ရဲ့ အကြောင်းပြချက်ကတော့ တိုက်ပုံးမဝတ်ရဘူး ဆိုရင် သားဆုတက်ယူမယ် လို့ကျွန်တော် ဆင်ခြေပေးခဲ့ဖူးသည်။

၁၀တန်းအောင်တော့လည်း ကျွန်တော်စိတ်ဝင်စားတဲ့ အလုပ်ဖြစ်တဲ့ ရှေ့နေအလုပ်ကို ငယ်ငယ်ကတည်းက လုပ်မယ်လို့ ပြောနေခဲ့ပင်မဲ့ တိုက်ပုံဝတ်မှ ရှေ့နေတစ်ယောက်လုပ်ခွင့်ရမှာ ဆိုတာကြောင့် ကျွန်တော် ရွေးချယ်မှုကို လက်လွတ်ခဲ့ရပြန်သည်။ အရွယ်ရောက်လာတော့လည်း သူငယ်ချင်းများရဲ့ မင်္ဂလာဆောင်ကို သွားဖို့ရန် တွန့်ဆုတ်နေခဲ့ မိပြန်ပါတယ်။ ကျွန်တော့်အကြောင်းကို သိတဲ့ သူငယ်ချင်းများကတော့ ... သူငယ်ချင်း မင်းလာဖို့ပဲ လိုတယ်။ မင်းဝတ်ချင်တာ ဝတ်ခဲ့ရတယ်။ မင်းရောက်အောင် လာခဲ့ပါ.... ဆိုမှ ကျွန်တော် သွားဖြစ်ခဲ့တယ်။ မဟုတ်ရင်တော့ ကျွန်တော် ရောက်သွားလိမ့်မယ်လို့ မထင်မိပါ။

ဘွဲ့ယူတဲ့ နှစ်မှာတော့ မေမေနဲ့ ကျွန်တော် ဒီတိုက်ပုံကြောင့် စကားများခဲ့ရဖူးသည်။ မေမေက ကျွန်တော့်ကို မြန်မာဝတ်စုံနှင့် ဘွဲ့ယူစေချင်သည်။ ကျွန်တော်ကလည်း တိုက်ပုံဝတ်မှ ဘွဲ့ယူရမယ်ဆို ကျွန်တော် ဒီဘွဲ့ကို သွားမယူတော့ဘူးလို့ မေမေကိုပြောလို့ ကျွန်တော်ကို မေမေ စိတ်ဆိုးပြီး စကားမပြောခဲ့တာ တော်တော် ကြာသွားခဲ့သည်။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘာကြောင့်များ တိုက်ပုံးကို မဝတ်ချင်တာလဲပေါ့။ ဝတ်နေကျ မဟုတ်လို့များ မဝတ်ရဲတာလား။ ဒါလည်း ဖြစ်နိုင်တယ်။ ဝတ်ဖို့ကိုလည်း အတွေးထဲမှာ တစ်ခါမှ မဖြစ်ခဲ့။ မေမေ က ကျွန်တော်ကို မေးခဲ့ဖူးတယ်။ သား .... မင်းတိုက်ပုံမဝတ်ချင်ဘူး ဆိုရင် မင်းမိန်းမယူရင် ဘယ်နှယ့်လုပ်မလဲ။ .... အနောက်တိုင်းလိုပဲ ဆောင်မှာပေါ့ မေမေရဲ့ လို့ ကျွန်တော် ပြန်ပြောခဲ့သည်။

တိုက်ပုံဝတ်ရခြင်းနှင့် ပတ်သက်ပြီး အကြောက်အကန် ငြင်းဆန်ခဲ့ဖူးသည့် ကျွန်တော်။ တိုက်ပုံဝတ်မှ လုပ်ရမဲ့အလုပ်တွေကို ဘာတစ်ခုမှ မလုပ်ခဲ့တဲ့ ကျွန်တော်။ မြန်မာဆန်ပြီး မြန်မာမှု့ကိုမှ နှစ်သက်မြတ်နိုးတက်တဲ့ ကျွန်တော့်ရဲ့ တစ်ဦးထဲသော ကျွန်တော်က ချစ်ရသော ကျွန်တော့်ရဲ့ ချစ်သူလေးနှင့် မတွေ့ခင် အချိန်အထိ တော့ ကျွန်တော့်ရဲ့ စိတ်ကူးများသည် ကျွန်တော်နဲ့ အတူ ရှိနေခဲ့သည်။ ကျွန်တော်ချစ်သူလေးနှင့် လက်ထပ်ဖို့ရန် တိုင်ပင်သော အခါတွင်တော့ မေမေ့ကို ကျွန်တော် စကားတစ်ခွန်း လေးလေးနက်နက် ပြောဖြစ်ခဲ့သည်။ အဲ့ဒါကတော့.......

မေမေ ..... သား တိုက်ပုံ ဝတ်ကြည့်ချင်တယ် ..... မေမေ.....


လေးစားစွာဖြင့်
ရီနိုမာန်

October 22, 2010

နိုဝင်ဘာ အမုန်း

ဒီရာသီ ဒီအချိန်ဟာ သူတို့ သူတို့အတွက်

ရှိပြီးသာ ဗိမာန်ကို ထပ်တိုးချဲ့လို့

လူတိုင်းရဲ့ ပခုံးခြေနင်းလို့ သူတို့အဖို့

ရပ်ရန်မဟုတ် ဆက်ရန်အတွက် အင်္ကျီာအရောင်တွေ ပြောင်းကုန်ပြီ.....

ရှိပါစေ .... လုပ်ကြပါစေ..... သူတို့ခေတ် သူတို့အခါ

နောင်ဘဝမရှိ လှပကျော့ရှင်း ခြေဆင်း ဝဋ်တွေ

နောက်က ထက်ကြပ်မကွာ လိုက်နေပါလိမ့်မယ်...

လုပ်နိုင်သူတွေ လုပ်ကြလိမ့်မယ်....

မလုပ်နိုင်လည်း ဘာမှ အားမငယ်နဲ့ ..... အချိန်ကိုသာစောင့်

မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချဖို့တော့ မမေ့နဲ့...

ကြွေတစ်လှည့် ကြက်တစ်ခုန် စုန်ဆန်မောင်းလို့

ရေခပ်မကြုံ ၊ ထင်းခွေကြုံပါ့လိမ့်အုံးမယ်

ပြောနေလည်း ဘာမှမထူး၊ မေးနေလည်း ဘာမှ မသိ

ရင်ငုံနှုတ်ပိတ်နဲ့ စောင့်ကြည့်လိုက်အုံးပေါ့

နောက်ထပ် လေးနှစ်...................။


လေးစားစွာဖြင့်
ရီနိုမာန်