October 26, 2010

အိမ်ထောင်ပြုခြင်း မပြုခြင်း

အသက် ၃၀ကျော်လာတာနဲ့အမျှ ဒီခေါင်းစဉ်က ကျွန်တော်ကိုများ တိုက်ရိုက် ပတ်သက်နေသလားလို့ ထင်နေမိတယ်။ အသက်အားဖြင့် ကြည့်မယ်ဆိုရင်လည်း အပျိုကြီး၊ လူပျိုကြီး စရင်းကို မသွင်းရပဲ အလိုလိုဝင်နေပြီပဲလေ။ ကျွန်တော်နဲ့ သက်တူ ရွယ်တူတွေကို ကြည့်မယ်ဆိုရင်လည်း အားလုံးက ကိုယ်ပိုင် အိမ်ထောင်လေးတွေနဲ့ ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်ထားနေကြပြီ။ ကိုယ့်မှာတော့ဖြင့်........။

၂၀၀၇ ခုနှစ်လောက်က ကျွန်တော် မြန်မာပြည်ကို တစ်ခေါက်ပြန်သွားခဲ့တယ်။ ကျွန်တော်အဲမှာ တစ်နှစ်လောက်ကြာခဲ့တယ်။ ကျွန်တော်နဲ့ အထက်တန်းတုန်းက အတူတူ တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံး လိုလို အိမ်ထောင်ကျကုန်ကြပြီ။ ကျွန်တော်သူတို့နဲ့ တစ်ယောက်ချင်းစီ လိုက်မတွေ့နိုင်ပင်မဲ့ ကျွန်တော်နဲ့ တွေ့ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့တော့ ကျွန်တော်စကားပြောဖြစ်တယ်။ သူတို့ရဲ့ အဆင်မပြေတဲ့ စီးပွားရေးအခြေအနေ ရှိနေပင်မဲ့ သူတို့ရဲ့ ကိုယ်ပိုင်မိသားစုအကြောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော့် ကိုပြောပြနေတာများ အားကျချင်စရာပါ။

ဒါပင်မဲ့ ကျွန်တော် အားမကျဘူး။ ကျွန်တော်တို့ဘဝက ပြည့်စုံတဲ့ ဘဝက လာတာမဟုတ်တဲ့ အတွက်ကြောင့် မပြည့်စုံတဲ့ ဘဝနဲ့ နေရမှာကို ကျွန်တော်ကြောက်နေတယ်။ ပြည့်စုံမှ အိမ်ထောင်ပြုရမယ်ဆိုပြန်ရင်လည်း အသက်သုံးဆယ် တောင်ကျော်နေပြီ။ ခုထိ ပြည့်စုံတယ်ဆိုတာ ဘာတစ်ခုမှ မရှိသေးဘူး။ ဘယ်တော့မှ ပြည့်စုံမယ်ဆိုတာကိုလည်း ကျွန်တော်မသိဘူး။

၂၀၀၇ လောက်တုန်းကတော့ ကျွန်တော့်အသက်က ၂၇ ဆိုတော့ ကိုယ့်ကိုကိုယ် ငယ်သေးတယ်လို့ပဲ ထင်နေတာပေါ့။ သူငယ်ချင်းတွေ အိမ်ထောင်ပြုကြတာကို ကြည့်ပြီး စောလိုက်တာလို့တောင် ထင်လိုက်မိသေးတယ်။ အခု ၂၀၁၀ရောက်တော့ သူငယ်ချင်းတွေအားလုံး ကလေးကိုယ်စီ ရကုန်ပြီ။ မပြောင်းလဲ သေးတာက ကျွန်တော်တစ်ယောက်တည်း။

ဒီလိုနဲ့ ကျွန်တော်ပြီးခဲ့တဲ့လက မြန်မာပြည်ပြန်တော့ အထက်တန်းတုန်းက တွဲခဲ့ကြတဲ့ သူငယ်ချင်း ၁၁ ယောက်ရှိတဲ့ အနက်မှ ၅ယောက်နဲ့ ကျွန်တော်တွေ့ဖြစ်ခဲ့တယ်။ ကျွန်တော်ကို သူတို့မေးတဲ့ အဓိကမေးခွန်းကတော့ မင်းဘာလုပ်မှာလဲတဲ့ .. သူတို့ဘာကိုမေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က မသိချင်ယောင်ဆောင်ပြီး ပြန်မေးလိုက်တော့ .... အေးငါတို့ အဖွဲ့ထဲမှာ မင်းနဲ့ ရုရှားရောက်နေတဲ့ ဟိုးကောင်ပဲ ကျန်တော့တာနော် ... ငါတို့ အဖွဲ့ထဲမှာလည်း နိုင်ငံခြားထွက်တာ မင်းတို့နှစ်ယောက်ပဲ ရှိတယ်။ အိမ်ထောင်မပြုသေးတာလည် မင်းတို့ နှစ်ယောက်ပဲ ကျန်တော့တယ်။ ဘာပဲပြောပြော ငါတို့ အရွယ်တွေက အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီလေ။ ကိုယ်ပိုင်မိသားစုလေးနဲ့ အေးအေးဆေးဆေးနေနိုင်ရမဲ့ အခြေအနေ ဖြစ်သင့်နေပြီကွ။ ခု ... မင်းကိုကြည့် .. ပိုက်ဆံသာ မင်း လွတ်ရှာနေတာ .. ဘယ်မှာလဲ မင်းပိုင်တဲ့ အရာ ဘာရှိလဲ..... သူတို့တွေက ဒီလိုပြောလာတော့လည်း အခုပဲ ထပြီး မိန်းမတစ်ယောက်ကို ကောက်ယူလိုက်ရတော့မလို။ ခုပဲ ကလေးတွေရ ၊ ပျော်စရာကောင်းတဲ့ မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ပဲ နေရတော့မလိုနဲ့ တွေးမိလျက်သားပေါ့။

ဒီလိုနဲ့ ဒီပြန်ရောက်ပြီတစ်နေ့ အလုပ်ဆိုဒ်ထဲသွားတော့ မြန်မာကောင်လေးတွေနဲ့ တွေ့တော့ စကားပြောဖြစ်ကြပြန်ရော။ ကျွန်တော်အသက်ကိုမေးပြီး ကျွန်တော့်ကို လူလွတ်လားတဲ့။ ကျွန်တော်ကလည်း ဟုတ်တယ် လို့ ဆိုပြန်တော့ သူက ဘာပြန်မေးတယ်မှတ်လဲ။ တကယ်တစ်ခါမှ မယူဖူးသေးဘူးလား..တဲ့လေ။ သူ့မေးးခွန်းကို ကျွန်တော်သဘောကျလို့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိတယ်။ အင်းပေါ့ ... ဘယ်ယုံနိုင်ပါမလဲ.. ဒီအသက်အရွယ် ရောက်နေပြီကိုး။

ကျွန်တော်ဘဝက ပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာခဲ့တာ မဟုတ်တော့ အမှန်တိုင်းပြောရရင် ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ချင်နေမိတာ ကျွန်တော်ရဲ့ အတ္တတစ်ခုလိုမျိုး ဖြစ်နေခဲ့တယ်။ မပြည့်စုံပင်မဲ့ ပျော်စရာများနဲ့ မေတ္တာအိမ်လေးတွေကို တွေ့တော့လည်း ကျွန်တော်အားကျမိတယ်။ ဒါပေမဲ့ ကျွန်တော် လက်တည့်စမ်းဖို့တော့ ကျွန်တော်မှာ လုံလောက်တဲ့ အင်အား ရှိမနေခဲ့ဘူး။

အိမ်ထောင်ပြုတာ၊ မပြုတာဟာ ကျွန်တော်ဘဝအတွက်တော့ အရေးကြီးတဲ့ သော့ချက် ဖြစ်လာမှာ မဟုတ်ဘူး။ ဘာကြောင့် အဓိက ဖြစ်မလာရတဲ့ အကြောင်းအရင်းက ကျွန်တော်မှာ အခိုင်အမာ ရှိနေခဲ့လို့ပဲ။
နံပါတ် ( ၁ ) မျိုးရိုးစဉ်ဆက် မချမ်းသာခဲ့ကြလို့၊
နံပါတ် ( ၂ ) အဖေ မရှိတော့လို့ ၊

ဘာဆိုင်လို့လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါတွေဟာ အဓိက ဖြစ်နေခဲ့လို့ အိမ်ထောင်ပြုခြင်း မပြုခြင်းက ကျွန်တော်အတွက် အဓိက မဟုတ်ရခြင်းရဲ့ အခြေခံတွေပဲပေါ့။

မျိုးရိုးစဉ်ဆက် မချမ်းသာခဲ့ကြလို့

ဒီအချိန် ကျွန်တော့်မှာ လုံလောက်တဲ့ ပိုက်ဆံသာ ရှိခဲ့မယ်ဆိုရင် ခုနက ကျွန်တော့်သူငယ်ချင်းတွေ အိမ်ထောင်ပြုတဲ့ အချိန်မှာ ကျွန်တော်လည်း တစ်ယောက်လောက်တော့ ယူပြီးသွားလောက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ငွေရေးကြေးရေး ပူပင်စရာမှ မလိုတာ။

အဖေ မရှိတော့လို့

ကျွန်တော်အဖေ့ မရှိတော့တဲ့ အချိန်မှာ အိမ်ရဲ့တာဝန်တွေ ကျွန်တော်အပေါ်ကို ရောက်မှန်းမသိေ၇ာက်ခဲ့တယ်။ ကျွန်တော်မှာ အမေရှိတယ်။ ညီမလေး ရှိတယ်။ နောက်ပြီး တူလေးတစ်ယောက်ရှိတယ်။ သူတို့တွေ အားလုံးက ကျွန်တော်ကိုမှီပြီး နေနေကြရတာလေ။ ကျွန်တော်ဒီအချိန်မှာ အိမ်ထောင်ပြုမယ်လို့ စဉ်းစားလိုက်ရင် ကျွန်တော်ကိုမှီခိုနေကြတဲ့ ကျွန်တော်ရဲ့ မိသားစုလေးကို ကျွန်တော်ဘယ်မှာ သွားထားရမှာလဲ။ ဘာပဲပြောပြော မရှိတော့တဲ့ကျွန်တော့်အဖေကို ကျွန်တော်ကျေးဇူးတင်တယ်။ အဖေသာရှိခဲ့မယ်ဆိုရင် လက်ရှိစောင့်ရှောက်နေရတဲ့ ကျွန်တော့်မိသားစုလေးကို ကျွန်တော်စောင့်ရှောက်ခွင့်ရမှာ မဟုတ်ဘူး။ အိမ်ထောင်ပြုခြင်း မပြုခြင်းဆိုတဲ့ ကျွန်တော်အတွက် အဓိက မဟုတ်တဲ့ အရာဟာလည်း ကျွန်တော့်အဖေ ရှိခဲ့မယ်ဆိုရင် အဓိက ဖြစ်ချင် ဖြစ်သွားနိုင်လိမ့်အုံးမယ်။ ခုတော့ မိသားစုလေးကို စောင့်ရှောက်ခွင့် ပေးခဲ့တဲ့ ကျွန်တော့်အဖေကို ကျေးဇူးတင်ရင်း အိမ်ထောင်ပြုခြင်း မပြုခြင်း ဆိုတဲ့ စကားလုံးနဲ့ အဝေးဆုံးနေရာမှာ ကျွန်တော် ရှိနေရပါအုံးမယ်။

လေးစားစွာဖြင့်
ရီနိုမာန်



17 comments:

ငွေလမင်း said...

မိသားစု ကို သိတတ်တာ ဒီခေတ်ကြီးထဲမှာ တော်တော်ရှားနေပါပြီ သာဓု ခေါ်ပါတယ် နေတတ်ရင် ကျေနပ်စရာ ပါ

ဆောင်းနှင်းရွက် said...

ယောင်္ကျားလေးဆိုတာ
သီးချိန်တန် သီး
ပွင့်ချိန်တန် ပွင့် ရတယ် လေ .. :D
((သဲသဲ ဆိုရိုး စကား))

အသက် ၃၀ ဆိုတာလည်း
မကြီးသေးပါဘူး ..
ခုမှ ဘ၀ စတာ ..

သူများတွေဆို
၃၅ နှစ် လောက်မှ
စားရတာတွေလည်း ရှိတာပဲ ..

ခု လည်း
မိသားစု အတွက်
လုပ်နေတာပဲ ..

နေတတ်ရင် ပျော်စရာကြီးပဲ ..း))

Sonata Cantata said...

ကိုဧရာလည်း နံပါတ် ( ၁ ) မျိုးရိုးစဉ်ဆက် မချမ်းသာပါဘူး
နံပါတ် ( ၂ ) (သူကျောင်းသားဘ၀ကတည်းက)အဖေ မရှိတော့ပါဘူး
ဒါပေမဲ့ မသီတာနဲ့တွေ့တော့လည်း
သူ့ခမျာ အိမ်ထောင်ပြုရရှာပါတယ်း)

မာလာ said...

ကောင်းပါတယ်ရှင်.. ကုသိုလ်ရတာပေါ့ .. အဲဒီလိုမိသားစုတာဝန်အရမ်းကြီးတဲ့သူကိုလည်းဖြစ်နိုင်ရင်..ဘယ်အမျိုးသမီးမှလက်တွဲချင်မည်မထင်ပါ။

~ဏီလင်းညို~ said...

ဒီလိုပါပဲကိုရီနို.......
ကျွန်တော်ဆိုရင် တစ်ခါတစ်ခါ.....ဒီလိုနေရတာပဲ ပိုကောင်းနေသလိုလို ခံစားမိရတယ်......။
မိဘကလွဲလို့ တွယ်တာစရာ သိပ်မရှိတော့လည်းလေ..........း)
ဖိုက်းတင်း...........

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

:P said...

မသီတာကဲ့သို့ပြောသွားပါတယ်။
အိမ်ကမောင်ကြီးလည်း မချမ်းသာပါဘူး..
သူစက်မှုတက္ကသိုလ် ပထမနှစ်မှာ သူ့အဖေဆုံးသွားပါတယ်။
သူ့မှာလည်း အမေအပါအဝင် ကြည့်ရှူစောင့်ရှောက်ရမဲ့အမျိုးတွေရှိပါတယ်။
အိမ်ထောင်ကျတော့ သူ့အမေကိုရော၊ သူ့ကိုယ်ပိုင်မိသားစုကိုရော မျှမျှတတ ထောက်ပံ့ပါတယ်။
ဘယ်အရာမဆို မျှမျှတတ ရှိရင် အားလုံးအဆင်ပြေမှာပါ။
ယူဖို့ အစီအစဉ်ရှိရင်ယူလိုက်ပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိသားစုကို သိတတ်ပြီး အိမ်ထောင်မပြုတာဟာ ချီးကျူးဖို့ကောင်းပါတယ်. ကောင်းတဲ့အကျိုးပေးကိုခံစားရမှာပါ။

မြစ်ကျိုးအင်း said...

ဘဝကို သေသေချာချာ တွေးတဲ့သူရော ဖြစ်ချင်ရာကို ဇွတ်လုပ်လိုက်တဲ့သူရော အတူတူပါပဲကွာ။ ဘာလို့ဆိုတော့ လျှောက်ပြီးသွားတဲ့ လမ်းမှာ အဆင်ပြေအောင် ဘယ်သူမဆို ကြိုးစားကြတာပဲ မဟုတ်လား။လူဆိုတာကိုက လှုပ်ရှားရုန်းကန်နေရတာလေ။ ကိုယ်ရွေးချယ်မှုအပေါ် စိတ်ချမ်းသာနေသ၍ မှန်နေမှာပဲ မဟုတ်လား။ ဆင်းရဲပေမယ့် အိမ်ထောင်ရေးမှာ ပျော်ရွှင်နေရင်လည်း သူ့အတွက်တော့ မှန်နေတာပါပဲ။
ငါတို့လည်း တွေရင်း ငေးရင်း ပေါ့...။
စက္ကန့်တွေကတော့ တရွေ့ရွေ့ပဲ။ ဒီအတိုင်းနေလို့ ကျေနပ်ရင်လည်း ဒါအဆင်ပြေတာပါပဲ။

ဇွန်မိုးစက် said...

အပေါ်က အစ်မတွေပြောသွားသလို မပြည့်စုံပေမယ့်လည်း မျှမျှတတနဲ့ စီစဉ်နိုင်ရင် အဆင်ပြေသွားမှာပါ။
ရီနို မိသားစုတာဝန်ကြောင့် အိမ်ထောင်မပြုနိုင်သေးတာ နားလည်တယ်။ အစ်မနဲ့သူငယ်ချင်းတွေလည်း မိသားစုတာဝန်ကို ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ယူထားကြသူများဖြစ်လို့ အိမ်ထောင်ရေးကို ရှေ့တန်းသိပ်မတင်ဖြစ်ကြဘူး။ အခွင့်အရေးရတုန်း၊ ကိုယ်ရှာနိုင်တုန်း မိဘမောင်နှမတွေကို ကြည့်နိုင်တာ ကောင်းပါတယ်။ တကယ်လို့ အိမ်ထောင်ကျသွားတဲ့အခါ လူလွတ်ဘ၀လောက် ကြည့်နိုင်ချင်မှ ကြည့်နိုင်တော့မှာ။ ဘာပဲဖြစ်ဖြစ် ခုချိန်ထိ အမေနဲ့မောင်နှမတွေကို အဝေးကနေပြီး ထောက်ပံ့နေတဲ့ရီနိုက သားလိမ္မာတစ်ယောက်ဖြစ်နေတာ ဂုဏ်ယူလိုက်ပါ။း)

သုခုမလေဒီ said...

ရီနိုရေ..နောင်နှစ်သီတင်းကျွတ်ပေါ့း)))
အမထက်တော့ ငယ်သေးတာပဲးP

Zephyr said...

အဖေမရှိရင် မင်္ဂလာမဆောင်ရဘူးဆိုတာ ဘယ်စာအုပ်ထဲမှာမှမပါပါ။:P

မင်္ဂလာဆောင်ကြတဲ့သူတွေဟာ ပိုက်ဆံပေါလို့ ဆောင်လိုက်တာလည်းမဟုတ်ပါ။

ပိုက်ဆံက မရှိလည်းစုလို့ရတယ်။ ယူပြီးဆက်စုသွားလည်းရတယ်။ ထို့ကြောင့် အထက်ပါ အဆိုသည် sufficient မဖြစ်ပါ။

ထို့အတူ၊ မိသားစုကို ထောက်ပံ့တာကလည်း မိန်းမယူလိုက်လို့ ထိခိုက်စရာမရှိပါ။ မလောက်ရင် မိန်းမဆီက ချေးလို့တောင် ရဦးမယ်။ (ဆေးပေးကြွေးယူလေးပေါ့) :P

ဆင်ခြေတွေအများကြီးပေးနေရင်လည်း အလုပ်မဖြစ်တော့ဘူး။ မယူချင်လို့မယူတာကိုတော့ဘာမှပြောစရာမရှိပါ။ ယူစရာရှိတာကို မယူရင်တော့ ဆင်ခြေတွေကို သဘောမကျဘူးလို့လာပြောတာပါ။

အဆင်ပြေမှသာယူကြမယ်ဆိုရင် ကမ္ဘာ့လူဦးရေလည်း အခုလက်ရှိရဲ့ အဆနှစ်ထောင်မကလျှော့နည်းနေဦးမယ်။

ရီနို ယူစရာရှိတာ အမြန်သာယူလိုက်။
မဖြစ်နိုင်တာတွေကို များများတွေးကြည့်ရင် ဖြစ်နိုင်တာမရှိဘူးလို့ ထင်လာတတ်တယ်။

B goal-oriented.

စေတနာဖြင့် လာရောက် ချောက်တွန်းသွားသည်။

(အသက်သုံးဆယ်သည် Mid-life crisis ဆိုသော အခါသမယတည်း ....မိဘကို လုပ်ကျွေးသော သားတို့သည် ... စိတ်၏ချမ်းသာခြင်းကို ရလေကြကုန်သတည်း .....)

ကိုရီး{ကိုကြီး} said...

ကိုရီနို

ကျနော့်မှာတော့ မိဘနှစ်ပါး အစုံအလင် ရှိသေးတယ်
ကျန်တာတွေအားလုံး နီးပါး ကျနော်နဲ့ တိုက်ဆိုင်နေတယ်
ခွင့်ပြုမယ်ဆိုရင် ကူးယူခွင့် ပြုပါခင်ဗျာ။

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

သိင်္ဂါကျော် said...

ဘယ်သူတွေ ဘာပြောပြော ဒီတိုင်းနေရတာလည်း ကောင်းတာပဲ မဟုတ်လား.. လွတ်လွတ်လပ်လပ်နဲ့ စိတ်သွားတိုင်း ကိုယ်ပါတယ်..
မိဘ မောင်နှမ ကို သိတတ်တာကလည်း ကုသိုလ် အများကြီး ရမှာ..
(ကိုယ် အခုတက်နေတဲ့ သင်တန်းက အာဖရိကန် သူငယ်ချင်းတွေကတော့ အသက် ၃၀ ကျော်မှာ အိမ်ထောင်မရှိသေးတာ ကို အတော် ထူးဆန်းနေကြတယ်.. အိမ်ထောင်မပြုချင်ဘူး.. ဘယ်သူ့မှလည်း မချစ်ချင်ဘူး.. ဆိုတော့ ဘာဖြစ်လို့လည်းတဲ့ why တွေ တက်လာတယ်..
အင်း.. သူတို့ ကျေနပ်လောက်တဲ့ reason မပေးနိုင်ဘူး ဖြစ်နေတယ်..)

Ree Noe Mann said...

အမျိုးမျိုး အကြံပေးသွားကြတဲ့ မောင်နှမအားလုံးကို
ကျေးဇူးတင်ပါတယ်ဗျာ။

ကိုရီး (ကိုကြီး)

ကူးယူနိုင်ပါတယ်ဗျာ။ ခွင့်တောင်းတဲ့ အတွက်လည်း ကျေးဇူးပါဗျာ

ကိုရီး{ကိုကြီး} said...

ကိုရီနို

ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျာ။
ကျနော့်ကို မေးမြန်းနေတဲ့ သူငယ်ချင်း ညီ ညီမတွေကို ဒီပိုစ့်လေးကို မျှဝေလိုက်ပါ့မယ်..
စာရေးသူကို ခင်မင် လေးစားမှုအနေနဲ့ပါ။
ချမ်းမြေ့ပါစေဗျာ။

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုရီး{ကိုကြီး} said...

ကိုရီနို

အပေါ်က "မမာလာ" မန့်သွားတာလေးကို ကျနော် လက္ခံတယ်ဗျ။

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

Julia Saw said...

အသက်သုံးဆယ်နားပတ်ဝန်းကျင်တွေက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အိမ်ထောင်ပြုတာနဲ့ပတ်သက်လို့ ဟိုဟိုဒီဒီလျှောက်တွေးတတ်ကြတယ်တဲ့.. ကိုယ်ချစ်တဲ့သူ တွေ့ထားပြီးပြီဆိုရင်တော့ အချိန်ဆွဲနေရင် မကောင်းဘူး.. ပိုက်ဆံအလုံအလောက်ရှာပြီးမှ အိမ်ထောင်ပြုမယ်ဆို သိပ်နောက်ကျသွားလိမ့်မယ်.. ပိုက်ဆံဆိုတာ ဘယ်တော့ရှာရှာ ရှာလို့ကို မဆုံးဘူး.. မိဘကို အိမ်ထောင်ပြုပြီးလည်း လုပ်ကျွေးလည်း ရပါတယ်.. အဲဒီတော့ ချစ်တဲ့သူရှိရင် လက်ထပ်ဖို့စဉ်းစားပါလို့ တိုက်တွန်းလိုက်ပါတယ်.. :)