October 14, 2012

ငယ်...သူငယ်ချင်း ဆီသို့ စာတစ်စောင်

သို့

သူငယ်ချင်း နှင်းမေ

ငါတို့တွေ မတွေ့ဖြစ်ခဲ့ကြတာ နှစ်ပေါင်း ၂၀လောက် ရှိတော့မယ် သူငယ်ချင်း။ မထင်မှတ်ပဲ နင့်ကို မျက်နှာစာအုပ်ပေါ်မှာ ပြန်ရှာတွေ့ခဲ့တယ်။ နှစ်တွေ ဘယ်လောက်ပဲ ကြာနေပါစေ နင့်အပေါ်မှာ ရှိတဲ့ ငါ့ရဲ့ ခင်မင်မှုကတော့ အရင်တိုင်းပါပဲ သူငယ်ချင်း။ ငါတို့မိဘတွေက အစိုးရဝန်ထမ်းတွေဆိုတော့ သိတဲ့ အတိုင်းပဲပေါ့ သူငယ်ချင်း။ သူတို့ ပြောင်းတဲ့ နေရာ ငါတို့လည်း လိုက်ပြောင်းခဲ့ရတာပဲ မဟုတ်လား။ ငါတို့တွေ အလယ်တန်းပြီတဲ့ အထိ ကျောင်းအတူတူသွား၊ စာအတူတူကျက်ခဲ့ကြတာကို ခုချိန်ထိ သတိယနေတုန်းပဲ။ ကလေးဘဝက တကယ့်ကို ပျော်ဖို့ကောင်းခဲ့ကြတယ်နော်။ ငါတို့ သူငယ်ချင်းနှစ်ယောက် တစ်ခါတစ်ခါလည်း စိတ်ကောက်ခဲ့ကြသေးတယ်နော်။ များသောအားဖြင့် ယောက်ျားလေးဖြစ်တဲ့ ငါက နင့်အပေါ်မှာ အမြဲစိတ်ကောက်ခဲ့ရတာပါ။ နင်က ငါ့အပေါ် အမြဲကောင်းခဲ့တာ ငါမှတ်မိပါသေးတယ်။

အထက်တန်း စတက်တဲ့ အချိန်မှာတော့ ငါတို့ နယ်ပြောင်းခဲ့ရတယ်။ အထက်တန်းစတက်တဲ့ အချိန်က စပြီး ငါ့မှာ နင်လောက်ခင်ဖို့ ကောင်းတဲ့ သူငယ်ချင်း မရှိခဲ့ဘူး။ ငါ ဘွဲ့သာ ရသွားတယ်။ ကျောင်းနေဖက် သူငယ်ချင်းကောင်းဆိုတဲ့ ဝေါဟာရကို သိပဲ သိခွင့်ရလိုက်တယ်။ ပိုင်ဆိုင်ခွင့် မရခဲ့ဘူး သူငယ်ချင်း။ သူငယ်ချင်းကောင်းတွေ မပိုင်ဆိုင်ခဲ့ပင်မဲ့ မိတ်ဆွေကောင်းတွေတော့ ငါရလိုက်တယ် သူငယ်ချင်း။ ၁၀တန်းအောင်ပြီးတာနဲ့ ငါ အလုပ်ဝင်ခဲ့တယ် သူငယ်ချင်း။ အဲသည့်အချိန်ကစပြီး ပတ်ဝန်းကျင် အသစ်မှာ လူတွေ တော်တော်များများရဲ့ စိတ်ကို လေ့လာနိုင်ခဲ့တယ်။ လူတွေနဲ့ အဆင်ပြေပြေနေနိုင်အောင်လည်း ငါကြိုးစားနိုင်ခဲ့တယ်။ ဒါပင်မဲ့ သူငယ်ချင်း.... အသက်တွေက သုံးဆယ်သာ ကျော်သွားတာ။ ကောင်းကောင်း မရင့်ကျက်သေးဘူး။ 

၂၀၀၂လောက်မှာ ငါ့အဖေဆုံးတယ်။ အဖေဆုံးတော့ အိမ်ရဲ့ တာဝန် ( အဓိက ဝင်ငွေ) က ငါ့အပေါ်ကို အလိုလို ကျလာခဲ့တယ်။ ငါက ငါ့မိသားစုကို ရှာကျွေးချင်နေတဲ့ ကောင်ဆိုတော့ သိတဲ့ အတိုင်းပဲလေ။ ငါ ပျော်ပျော်ကြီး လက်ခံလိုက်တယ်။ အဲသည်အချိန်မှာ ငါရဲ့ စိတ်ကူးတွေလည်း ပြောင်းလဲလာခဲ့တယ်။ သိတဲ့ အတိုင်းပဲ သူငယ်ချင်းရယ်။ မြန်မာပြည်မှာ ရိုးရိုးမေဂျာဘွဲ့လေးနဲ့ လစာ ကောင်းကောင်း အလုပ်တစ်ခုကို ဘယ်လိုလုပ် ရှာနိုင်မှာတဲ့လဲ။ လက်ရှိလုပ်နေတဲ့ အလုပ်ကလည်း သုံးသောင်းမပြည့်ချင်ဘူး။ ဒါနဲ့ နိုင်ငံခြားထွက်ဖို့ အကြောင်းက ပေါ်လာတယ်လို့ပဲ ပြောရတော့မယ်။

အဝေးသင်နောက်ဆုံးနှစ် စာမေးပွဲပြီးတော့ ငါ မလေးရှားကို ထွက်လာခဲ့တယ်။ မလေးရှားကို မထွက်လာခင်အထိ အိမ်မှာ အဆင်ပြေနေသေးတယ်လို့ ပြောလို့ရတဲ့ အခြေအနေပေါ့ဟာ။ အဖေဆုံးတော့ အစိုးရက ထောက်ပံ့တဲ့ နစ်နာကြေးနဲ့ အမေစုထားတဲ့ ငွေက လက်ထဲမှာ ကျန်နေသေးတော့ သိပ်ပူပန်နေစရာ မလိုသေးတဲ့ အချိန်ပေါ့။ ဒါပင်မဲ့လည်း သူငယ်ချင်းရယ် ကံကြမ္မာက ငါကို မျက်နှာသာ မပေးခဲ့ဘူးလို့ပဲ ပြောရမလားပဲ။ ဒါမှမဟုတ် သည်လိုဖြစ်ဖို့ အတွက် ငါ့ကိုများ စောစောစီးစီးနေရာချထားပေး လိုက်သလားလို့တောင် ထင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောတဲ့ ငါ့အမေလက်ထဲမှာ ကျန်နေသေးတယ်ဆိုတဲ့ ငွေတွေ အကုန်လုံးနီပါး လူလိမ်ခံလိုက်ရတယ် သူငယ်ချင်း။ 

ငါ အမေ့ကို အပစ်မပြောရက်ပါဘူး။ သူလည်း ငါရှာရတာ သက်သာလို သက်သာကြောင်း တစ်ဖက်ကနေ ကြိုးစားကြည့်တာပဲလေ။ ကံကိုက သည်လိုပါလာမှာတော့ ဘာတက်နိုင်တော့မှာလဲ။ ငါအမေကို အားပေးခဲ့တယ်။ သူ့မှာ ပိုက်ဆံတွေကုန်လို့ စိတ်ဆင်းရဲနေရတာက တစ်ကြောင်း၊ တကယ်လို့များ ငါကပါ အပစ်ပြောနေမယ်ဆိုရင် ငါ့လောက်မိုက်တဲ့ သား သည်လောကမှာ ရှိနိုင်ပါ့အုံးမလား။ မလေးရှားမှာ နေခဲ့တဲ့ သုံးနှစ်အတွင်းမှာ ငါ့အတွက် စားပြီးသောက်ပြီး တစ်သိန်းတော့ ငါရအောင် ပို့ပေးနိုင်ခဲ့တယ်။ တစ်ချို့လတွေမှာ တစ်သိန်းနဲ့ မလောက်မှန်း ငါသိပင်မဲ့ အမေက ငါ့ကို ဘယ်တော့မှ မလောက်ဘူး ဆိုတဲ့စကားကို မပြောခဲ့ဖူးဘူး။ အဲသည့်အတွက်လည်း အမေ့ကို ငါ အခုချိန်ထိ ကျေးဇူးတင်နေမိတယ်။

သုံးနှစ်ပြည့်တော့ ငါ မြန်မာပြည်ကို ပြန်လာခဲ့တယ်။ ဆက်နေဖို့တော့ စဉ်းစားကြည့်ပါသေးတယ်။ စားပြီးသောက်ပြီး တစ်သိန်းလောက်ရနေရုံလောက်နဲ့ ငါမကျေနပ်သင့်သေးဘူးလို့လဲ ငါ့ကိုယ်ငါ အားပေးခဲ့ဖူးတယ်။ မြန်မာပြည်ပြန်ပြီး စင်ကာပူကို ထွက်နိုင်ဖို့ ငါ အမျိုးမျိုးကြိုးစားခဲ့တယ်။ အင်တာဗျူးတွေလည်း ခဏခဏ ဝင်ခဲ့တယ်။ အဆင်မပြေချင်ရင် ဘယ်လိုပဲ လုပ်လုပ် အဆင်မပြေဘူး သူငယ်ချင်း။ ဒါပင်မဲ့ ငါ ဇွဲမလျော့ခဲ့ဘူး။ ကံကောင်းချင်တော့ မလေးရှားမှာ အတူတူ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့ခေါင်းဆောင် တစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့တယ်။ သူ့ အကူအညီနဲ့ပဲ ငါ ၂၀၀၈ ခုနှစ် မေလဆန်းလောက်မှာ စလုံး( စင်ကာပူ) ကိုရောက်ခဲ့တယ် သူငယ်ချင်း။

အဆင်မပြေတော့လဲ ဘာလုပ်လုပ် အဆင်မပြေသလို၊ ကံကောင်းချင်ပြန်တော့လည်း စင်ကာပူကိုလာဖို့ အလုပ်ရဖို့ ဘာအေ့ဂျင့်ဖီမှ မပေးခဲ့ရဘူး။ မြန်မာပြည်မှာ တက်ရမဲ့ သင်တန်းတစ်ခုအတွက်လည်း အခုငါအလုပ်လုပ်နေတဲ့ ကုမ္ပဏီကပဲ စိုက်ထုတ်ပေးခဲ့တယ်။ သင်တန်းအောင်တော့ လေယာဉ်လက်မှတ်က အစ ငါဘာမှ မကုန်ခဲ့ဘူး သူငယ်ချင်း။ သည်ကိုရောက်ပြန်တော့လည်း လုပ်ရတဲ့ အလုပ်က ငါအတွက် အစိမ်းသက်သက်ဖြစ်မနေပြန်ဘူး။ မလေးရှားမှာ သုံးနှစ်လုံးလုံး လုပ်ခဲ့တဲ့ အလုပ်ဖြစ်နေပြန်တယ်။ ငါတို့ မြန်မာတွေရဲ့ အလုပ်ကြိုးစားချင်တဲ့ စိတ်ကြောင့်ပဲ ရောက်ပြီး သိပ်မကြာခင်မှာပဲ မထင်မှတ်လောက်အောင် လစာတိုးပေးခြင်း ခံခဲ့ရတယ်။ အခုဆို ငါဒီမှာရောက်နေတာ ငါးနှစ်ပြည့်တော့မယ် သူငယ်ချင်း။ 

ဘယ်တော့ ပြန်မလဲလို့တော့ မမေးနဲ့အုံး သူငယ်ချင်း။ တော်တော်နဲ့ပြန်ဖြစ်အုံးမယ် မထင်ဘူး။ ပျော်လို့နေနေတယ်လို့တော့လဲ မထင်နဲ့ သူငယ်ချင်း။ ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရဆိုတဲ့ ငယ်ငယ်တုန်းက အမေပြောပြောနေကျ စကားဟာ ငါ့ကိုများ ရည်ရွယ်လေးသလားလို့တောင် ထင်ရပါတယ်။ ဘာကြောင့်တော်ရာလို့ ပြောရသလဲဆိုတော့ ဒီမှာ ငါ့ရဲ့ ဝင်ငွေက စားပြီးသောက်ပြီး အမေ့ဆီကို သုံးလေးသိန်းလောက် ပို့ပေးနိုင်လို့ပဲ သူငယ်ချင်း။ မြန်မာပြည်မှာ ငါ့ရဲ့ ရိုးရိုးမေဂျာဘွဲ့လေး တစ်ခုနဲ့ ဘယ်လိုလုပ်ပြီး လစာ သုံးလေးသိန်း သွားရနိုင်မှာလဲ။ နင်လည်း သိမှာပါ။ နင်လည်း မြန်မာပြည်က အစိုးရ အင်ဂျင်နီယာ တစ်ယောက်ပဲလေ။

သူငယ်ချင်း နှင်းမေ စာလည်း တော်တော် ရှည်သွားပြီ။ နှစ် ၂၀လောက် ဝေးကွာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်အတွက် သည်စာလေးကို ဖတ်လိုက်ရတဲ့ အချိန်မှာ လူတစ်ယောက်စီရဲ့ ဘဝအတွေ့အကြုံ မတူညီမှုတွေကို ခံစားသိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း........စာကို အဆုံးသတ်လိုက်ပါတယ်။

နင့်ရဲ့ ငယ်သူငယ်ချင်း
ရီနိုမာန်
၁၄.၁၀.၂၀၁၂

လေးစားစွာဖြင့်
ရီနိုမာန်

October 5, 2012

ခရီးစဉ် အဆုံးသတ်

နေ့လည်ပိုင်း ဆူးလေဘုရားနား ရိုက်ထားတဲ့ ပုံ

ဆူးလေဘုရား
ညပိုင်း ပန်းခြံထဲကနေ ရိုက်ခဲ့တဲ့ ရွှေတိဂုံဘုရား
ညပိုင်း အလှ
ရှိုး လုပ်ရင် ဒီမှာပဲ လုပ်တယ်လို့ သူငယ်ချင်းက ပြောတယ်။ ခဏတော့ ထိုင်ဖြစ်ကြတယ်။
ရုပ်ရှင်ကြည့်ပြီး အပြန် ညပိုင်းဆူးလေဘုရား မြင်ကွင်း
စင်ကာပူ ပြန်မဲ့ မနက်ပိုင်း ရွှေတိဂုံဘုရားပေါ် သွားခဲ့တယ်။


နာဂစ်ဖြစ်တုန်းက ဒီအပင်ကြီး ဘာမှ မဖြစ်ပဲ ကျန်ခဲ့တာ အံ့သြမိတယ်။

ခြေတော်ရာ

စင်ကာပူကို ပြန်ရောက်နေတာ တစ်နှစ်တောင်ပြည့်တော့မယ်။ ခုထိအိမ်ပြန်တဲ့ ပို့စ်တွေက မကုန်နိုင်သေးတဲ့ အဖြစ်။ အမှန်က စာရေးရမှာ ပျင်းနေတာက ၇၀ ရာခိုင်းနှုန်းလောက်ရှိနေတာပါ။ သူများတွေ စာရေးတာ ပတ်ဝန်းကျင် အနေအထား ဘယ်လိုရှိမှ ရေးတက်ကြလည်းတော့ ကျနော်လည်း မသိဘူး။ ကျနော်ကတော့ ပတ်ဝန်းကျင်မှာ ငြိမ်နေမှ ကိုယ်လိုချင်တဲ့ ကိုယ်ရေးချင်တဲ့ အကြောင်းတွေကို စဉ်းစားလို့ရတယ်။ အခန်းပိတ်ပြီး ရေးမယ်လုပ်ပြန်တော့လည်း အခန်းထဲမှာက နေတာ လူရှစ်ယောက်ရှိတယ်။ အကုန်လုံးမောင်းထုတ် ပြီးမှပဲ ရေးလို့ရတော့မယ်။ သူတို့ ငြိမ်တဲ့ အချိန်ကို ကြည့်ပြန်တော့လည်း ညသံခေါင်ယံ ၁၂နာရီ ၁ နာရီ ရှိနေပြန်ပြီ။ ဒီလိုနဲ့ပဲ ရေးမယ်လုပ်လိုက် ရပ်ထားလိုက်နဲ့ သံသရာက မရှည်သင့်ပဲ ရှည်နေရပြီ။
စင်ကာပူကို ပြန်မလာခင် တစ်ည ရန်ကုန်မှာ ညအိပ်ဖြစ်တယ်။ လုပ်ချင်တာနဲ့ ကျန်တဲ့ အချိန်တွေက မလောက်ဘူး ဖြစ်နေတယ်။ ဒါနဲ့ လုပ်သင့်တာပဲ လုပ်လိုက်တော့တယ်။ လိုချင်တဲ စာအုပ်တစ်ချို့နဲ့ ဖတ်ချငတဲ့ စာအုပ်တစ်ချို့ လိုက်ဝယ်ပြီး တည်းခိုခန်းမှာ ပြန်ထားလိုက်တယ်။ ညနေပိုင်းမှာ သူငယ်ချင်းနှစ်ယောက်နဲ့ အတူညစာ သွားစားဖြစ်တယ်။ ညစာ စားပြီးအပြန်မှာ ပန်းခြံထဲ ဝင်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ အတူ လမ်းလျှောက်စကားတွေ ပြောဖြစ်ကြတယ်။ ည၁၀ နာရီလောက်ကျတော့ ကားငှားပြီး တည်းခိုခန်းကို ပြန်လာခဲ့ကြတယ်။ တည်းခိုတဲ့ နေရာရောက်တော့ အစီအစဉ်က တစ်မျိုးပြောင်းသွားကြတယ်။ စောစောစီးစီး မအိပ်ချင်သေးတာကြောင့် ရုပ်ရှင် နောက်ဆုံးကားကို သွားကြည့်လိုက်ကြပြန်တယ်။

စင်ကာပူကို ပြန်မဲ့မနက်စောစောမှာပဲေ၇ွှတိဂုံဘုရားကို သူငယ်ချင်းနဲ့ တူတူသွားဖြစ်ခဲ့ပါတယ်။ ဘုရားက ပြန်ရောက်တော့ ဟိုတယ်မှာပဲ မနက်စာ စား၊ ရေမိုးချိုးပြီး လေဆိပ်ကို ထွက်လာခဲ့ကြပါတော့တယ်။ ဒါဟာ ကျနော်မြန်မာပြည်ကို လေးနှစ်လောက်မပြန်ပဲ နေခဲ့ရာမှ ပထမဆုံးအကြိမ် ၁လခွင့်နဲ့ ပြန်ဖြစ်ခဲ့တဲ့ ခရီးစဉ် ဒီမှာပဲ ဆုံးသွားခဲ့ပါပြီ။

ခရီးစဉ်ဆုံးသွားခဲ့ရပင်မဲ့ မဆုံးသေးပဲ ကျန်နေခဲ့တာကတော့ ကျနော့်ရဲ့ စိတ်ပါပဲ။ လူကြီးသူမတွေက ပြောကြတယ် အသက်လေးရလာတော့ ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ သတိရတယ်။ ပြန်နေချင်တယ်တဲ့။ ပထမတော့ လက်မခံပင်မဲ့ ခုတော့ ကျနော်ကိုယ်တိုင်ကလည်း ကိုယ့်ရွာလေးနဲ့ ကိုယ်အိမ်လေးကို လွမ်းတဲ့ စိတ်ကြောင့်ရယ်၊ အသက်ရလာပြီး ဖြစ်တဲ့ အမေနဲ့ အတူနေချင်တဲ့ စိတ်ကလေးတွေကြောင့်ပဲ တစ်နှစ်တစ်ခေါက် တပတ်ရရ၊ ဆယ်ရက် ရရ မြန်မာပြည်ကို ပြန်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်