May 16, 2012

သုံးရောင်ခြယ် အတွေး

တစ်နေ့ သူပြန်လာလိမ့်မယ်လို့ ဘာလို့ တွေးနေတာလဲ။
မုန်းလို့ ထားသွားတဲ့ သူ့ကို ဘာလို့ စိတ်စွဲနေရတာလဲ။
ချစ်တယ်လို့ ပြောထားပြီးပြီပဲ...ဘာလို့ သံသယရှိနေရတာလဲ။

တွေးနေပင်မဲ့ ပြန်မလာမှာကိုလည်း သိနေတယ်။
စိတ်ထဲ စွဲနေပင်မဲ့ သူမုန်းသွားခဲ့ပြီးဆိုတာ သိနေတယ်။
သံသယ ရှိနေပင်မဲ့ ငါ တကယ်ကိုး ချစ်ခဲ့တာပါ။

ကံတရားက အခွင့်အရေးပေးလို့ လိုရာဆုတောင်းပါဆို....။
တစ်ခေါက်လောက်တော့ မင်းနဲ့ ပြန်ဆုံချင်မိတယ်။

စိတ်ထဲ စွဲနေတဲ့၊ တွေးနေတဲ့၊ သံသယရှိနေတဲ့ အရာတွေ
မင်းနဲ့ အတူ ထည့်ပေးလိုက်ချင်လို့ပါ။

တစ်ချိန်ချိန်မှာတော့ ငါ့အနား ပြန်လာခဲ့ပါလို့ ပြောလိုက်ပါရစေ။


လေးစားစွာဖြင့်
ရီနိုမာန်

May 14, 2012

အသက်ပါတဲ့ မျက်ရည် မဖြစ်ပါရစေ

ကျနော့်နာမည် အရင်းက မျိုးမင်းလတ်။ အိမ်က မေမေနဲ့ ဖေဖေက ကျနော့်ကို မင်းမင်း လို့ပဲ ခေါ်တော့ ကျနော့် ပတ်ဝန်းကျင်မှာ မျိုးမင်းလတ် ဆိုတဲ့ နာမည်ပျောက်ပြီး မင်းမင်း ဆိုတဲ့ နာမည်ပဲ သိကြတော့တယ်။ ဖေဖေက အစိုးရဝန်ထမ်း။ မေမေကတော့ အငြိမ်စား မှီခို။ ကျနော့်တို့ အိမ်မှာ မိသားစုဝင် ငါးယောက်ပဲ ရှိတယ်။ ဖေဖေရယ် မေမေရယ် ကိုကိုရယ် ကျနော်ရယ် နောက်ပြီး ညီမလေးရယ်။ ဖေဖေက ကျနော်တို့ကို သိပ်ချစ်တာ။ ကျနော်တို့ မောင်နှမ ဘာလိုလဲ နှစ်ခွန်းပြောစရာ မလိုဘူး။ မေမေလည်း ဘာထူးလဲ။ ကျနော်တို့ ကြိုက်တက်တဲ့ ဟင်းတွေကို သေသေချာချာ တစ်နေ့ တစ်မျိုး မရိုးစေရဘူး။ အားလုံးထဲမှာ ကျနော်ကတော့ နည်းနည်းလေး ထူးလိုက်ရမှ ကျေနပ်တက်တာကြောင့် ကျနော် ကြိုက်ဟင်းက တစ်ပတ်ကို နှစ်ရက် အမြဲတမ်းရှိတယ်။ 

ကျနော်တို့ မိသားစုမှာ ထူးခြားတာ တစ်ခုက တစ်ပတ်မှာ တစ်ရက် သတ်သက်လွတ်စားကြတယ်။ ဘယ်ရက်လို့ ပုံမှန်မထားပဲ တစ်ပတ်မှာ မိသားစုဝင်တစ်ယောက်ရဲ့ မွေးရက်ကို စားဖြစ်ကြတယ်။ ဒီအပတ် ဖေဖေ မွေးရက်ဆို နောက်တစ်ပတ် မေမေ့ မွေးရက်။ မေမေ ပြီးတော့ ကိုကို၊ ကိုကို ပြီးတော့ ကျနော်၊ ကျနော်ပြီးတော့ ညီမလေး အလှည့်။ အလှည့်ကျ မွေးရက်ရောက်တိုင်း တစ်ပတ်မှာ တစ်ရက်တော့ ပုံမှန် တစ်အိမ်လုံး စားကြတယ်။ အဲဒါလေးကလည်း ကျနော့်တို့ မိသားစုမှာ ချစ်စရာကောင်းတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။ 

ကျနော်တို့အိမ်မှာ ကိုကိုက ဥာဏ်အရမ်းကောင်းတယ်။ စာလည်းတော်တယ်။ သူငယ်တန်းကနေ ကိုးတန်းထိ ကိုကိုက ကျောင်းမှာ တစ်နှစ်သုံး အဆင့် အမြဲဝင်တယ်။ ဆယ်တန်းကို ကိုကိုက ဂုဏ်ထူး လေးဘာသာနဲ့ အောင်တော့ ဖေဖေနဲ့ မေမေက ကိုကို ကို ဆေးကျောင်းတက်စေချင်တယ်။ ဒါပင်မဲ့ ကိုကိုက သူ ဝါသနာပါတဲ့ အင်ဂျင်နီယာ လိုင်းကိုပဲ ရွေးလိုက်တယ်။ ကိုကို တက္ကသိုလ်စတက်တော့ ကျနော်က ရ တန်းပဲ ရှိသေးတယ်။ ငယ်ငယ်လေး ကတည်းက မိဘနဲ့ မခွဲဖူးတော့ ကိုကိုကျောင်းစတက်တဲ့ နှစ်က ကိုကို့ကို ကားဂိတ်လိုက်ပို့တော့ ကျနော်တို့ မောင်နှမတွေ ဖက်ပြီး ငိုခဲ့ရဖူးတယ်။ ကျနော်တို့ မိသားစုမှာ ဒါဟာ ကျနော်ဘဝရဲ့ မှတ်မှတ်ရရ ဖြစ်နေတဲ့ ပထမဆုံးသော မျက်ရည်ပဲ။ ကိုကိုက စကားအရမ်းနည်းတယ်။ စိတ်လည်း သိပ်ရှည်တယ်။ ကျနော့်ကို တိုတိုလေး ကပ်မှာတယ်။ .... ညီ မေမေနဲ့ ဖေဖေကို ဂရုစိုက်နော်တဲ့..... ။

တစ်မိပေါက် တစ်ယောက်ထွန်းဆိုတဲ့ စကားကို ပတ်ဝန်းကျင်က ကျနော်တို့ မိသားစုကိုကြည့်ပြီး မင်းမင်းတို့ မိသားစုနဲ့ အဲစကားပုံက တက်တက်ဆင်အောင်လွဲနေပြီတဲ့။ အမှန်တကယ်တော့ တစ်မိပေါက် တစ်ယောက်ထွန်း ရှိကြစမြဲပါ။ အဲဒါ ဘယ်သူမှမဟုတ်ဘူး။ ကျနော် ဆိုတဲ့ မျိုးမင်းလတ်ပဲ။ ကိုကိုနဲ့ ညီမလေးက စာတော်သလောက် ကျနော်ကတော့ တစ်နှစ်တစ်တန် ပုံမှန်အောင်တဲ့ အနေအထားပဲ။ ကျနော် ဆယ်တန်း တစ်နှစ်ကျတော့ ကိုကိုက သူ့ကျောင်းတစ်နှစ်အောက်ပြီး ကျနော်ကို ဂိုက်ပြန်လာလုပ်ပေးမယ်ပြောလို့ ကျနော် ဒီနှစ်အောင်အောင် ဖြေပါ့မယ် ဆိုတဲ့ ဂတိကို ပေးလိုက်ရတယ်။ ကိုကို ကျနော့်အပေါ် ဘယ်လောက်ချစ်တယ် ဆိုတာကို ကျနော်  သိပြီးသားပျါ။ ကိုကိုက ကျနော့်ကိုတင် ချစ်တာမဟုတ်ဘူး။ ညီမလေးကိုလည်း ကိုကိုက သူ့ သမီးလေးတစ်ယောက်လိုချစ်တယ်။ ညီမလေးကလည်း ကိုကိုနဲ့ ကျနော်ကိုဆိုရင် ကိုကို ကိုပိုချစ်တယ်ဆိုတာ ကျနော် သိပါတယ်။ ကျနော်ကလည်း ညီမလေးကို ချစ်တော့ စိတ်မဆိုးရက်ပါဘူး။

ကျနော် ဆယ်တန်း ဒုတိယနှစ်ဖြေပြီးတဲ့ အချိန်မှာ ဖေဖေ လူကြီးရောဂါနဲ့ ဆေးရုံးတက်ရတယ်။ အရမ်းစိတ်ပူတက်တဲ့ ကိုကို့ကို ဖေဖေ ဆေးရုံးတက်ရတဲ့ အကြောင်း လုံဝ အသိမပေးခဲ့ဘူး။ ကိုကို သာသိခဲ့လျှင် ကျနော့်ကိုဆူမှာ သေချာတယ်။ မတော်တဆ အပြောကောင်း မဆိုကောင်း ဖေဖေသာ တစ်ခုခုဖြစ်သွားခဲ့ရင်လို့ တွေးလိုက်တော့ မဖြစ်မနေကိုကို့ ကို အသိပေးဖို့ အားတွေ ဝင်လာပြီး ကိုကိုဆီ ဖုန်းသွားခေါ်မယ်လို့ ထရပ်လိုက်တဲ့ အချိန်မှာပဲ ရုတ်တရက် မေမေ့ရဲ့ အသံကြားလိုက်ရတယ်။ မေမေ့ အော်သံကို ကြားလိုက်ရတဲ့ အချိန်မှာပဲ ကျနော်ရင်ဘတ်ကို တစ်ခုခုနဲ့ ပြေးဆောင့်ခံလိုက်ရသလိုပဲ အသက်ရှုဖို့ မေ့သွားခဲ့တယ်။ ကျနော့်ရဲ့ အကြည့်အာရုံကို သေသေချာချာ ကြည့်လိုက်တော့ ဖေဖေ့ကုတင်နားမှာ ဖြူဖြူတွေပဲတွေ့နေရတယ်။ ကျနော် သိလိုက်ပါပြီ။ ကျနော် ထင်သလို မဖြစ်ပါစေနဲ့။ ရပ်နေတဲ့ ကျနော့်ခြေထောက်တွေ အားမရှိတော့ သလို ပြိုဆင်းသွားခဲ့ရတော့တယ်။

ဖြစ်ချင်တော့ ဖေဖေဆုံးတဲ့ ရက်နဲ့ ကိုကို စာမေးပွဲရက်နဲ့ ကွက်တိဖြစ်နေတာကြောင့် ကျနော်နဲ့ မေမေ တိုင်ပင်ပြီး ကိုကို့ကို အသိမပေးဖြစ်ခဲ့ဘူး။ ဖေဖေ ရက်လည်မတိုင်ခင် တစ်ရက်မှာ ကိုကိုဆီက ဖုန်းဝင်လာတယ်။ မေမေကတော့ ဖုန်းပြောနိုင်လောက်တဲ့  ခွန်းအားမရှိလို့တဲ့ ကျနော့်ကို သွားပြောခိုင်းတယ်။ ညီမလေးကို သွားပြောခိုင်းရင်လည်း သေချာပေါက် ငိုနေမှာသိလို့ ကျနော်ကို သွားပြောခိုင်းတယ်။ မေမေက ဖေဖေကိစ္စ တစ်ခွန်းမှ မဟဖို့ အတန်တန်မှာတယ်။ ကျနော်လည်း ကိုကို စိတ်ထိခိုက်မှာ ဆိုးတာကြောင့် လုံးဝမပြောဘူးလို့ ဆုံးဖြတ်ထားလိုက်တယ်။ ကျနော် ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ် ဆိုရင်ပဲ ..... ညီ ဖေဖေ နေကောင်းလား...။ ကိုကို ညတုန်းက အိပ်မက်မက်တယ်.....။ ဖေဖေ ကိုကို့ဆီကို အဝတ်အသစ်တွေ ဝတ်ပြီး ကိုကို့ကို လာပြုံးပြတယ် ညီ။ ဖေဖေ နေကောင်းရဲ့ လားညီ။ ကိုကို့ ကို တစ်ခုခု ပြန်ပြောအုံးလေ ညီ။ ဖေဖေ နေကောင်းရဲ့လားလို့...။ ညီ ... ကိုကို မေးနေတယ်လေ......။

ကျနော် ဖုန်းခွက်ကို ကိုင်လျှက် ပါးပေါ်မှာ မျက်ရည်တွေ သွင်းသွင်းစီးနေပါတော့တယ်။ မနက်ဖြန် ဖေဖေ့ ရက်လည်လို့ ဘယ်လိုခွန်အားတွေနဲ့ ကျနော် ပြန်ပြောရမှာလဲဗျာ။ ကျနော် ဘာမှ မပြောလို့ ကိုကိုစိတ်ဆိုးချင်လည်း ဆိုးပါစေတော့....။ ပါးပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေကို လက်နဲ့ သက်ချလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို အသံမထွက်အောင် ချလိုက်တယ်။ ပြီးတော့ လည်ပင်ကို အကောင်းဆုံး အနေအထားပြောင်းပြီး

....... ကိုကို .... မနက်ဖြန် အရောက်ပြန်လာခဲ့နော်... ညီ ကားဂိတ်မှာ လာစောင့်နေမယ်။ 
....... မနက်ဖြန် မရောက်ရောက်အောင် ပြန်လာခဲ့ပါနော် ကိုကို .... ကျနော် ဖုန်းချလို့ အပြီးမှာတော့......

ကျနော့်ရင်ဘတ်ကြီး တစ်ခုလုံး ကွဲလုမတက် ဖြစ်နေရပြီ။ ဖေဖေ နေရာမှာ ကျနော်သာ ဖြစ်လိုက်ပါတော့လားဗျာ။ 

ဒုတိယ အကြိမ်မြောက် ကျရတဲ့ မျက်ရည်တွေက ခါးသီးလွန်းလှပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

May 10, 2012

အသက် ၂၀ လောက်တုန်းကပေါ့

ကျွန်တော်က ရှင်ဘုရင် မဖြစ်ဖူးတော့ ရှင်ဘုရင်ရဲ့ ခံစားချက်မျိုး ကျွန်တော်မခံစားတက်သေးဘူး။ သူဌေးတစ်ယောက် မဖြစ်ဖူးသေးပြန်တော့လည်း သူဌေးတွေရဲ့ ခံစားချက်မျိုး ကျနော့်မှာ ရှိမနေပြန်ဘူး။ ဒါဟာ ဖြစ်တက်တဲ့ သဘာဝပါပဲလေ။ 

၉၉ မှာ ကျနော် ၁၀အောင်တော့ အလုပ် အရမ်းလုပ်ချင်ခဲ့တယ်။ နေတာက နယ်မှာ။ အလုပ်လုပ်ချင်တာက ရန်ကုန်မှာ။ အလုပ်လျှောက်ဖို့အတွက် ၁၀ အောင်တယ်ဆိုတာလေးပဲ ရှိတယ်။ ဒါတောင် အောင်လက်မှတ် မထုတ်ရသေးဘူး။  ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ချင်တဲ့ စိတ်ကတော့ ဦးဆောင်ပြီး ခေါ်ဆောင် သွားခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော် ရန်ကုန်မှာ အလုပ်လုပ်ဖြစ်ခဲ့တယ်။ ကျနော့်အကျင့်က အကောင်းဖက်ကို ရှာတွေးတက်တဲ့ အကျင့်ကြောင့်ပဲလား မပြောတက်ဘူး။ စိတ်ပျက်စရာတွေ ခဏခဏ ကြုံရပင်မဲ့ အလုပ်က ထွက်မယ် ဆိုတဲ့ စိတ် တစ်ခါလေးတောင် မဖြစ်ခဲ့ဘူး။ အမှန်တကယ်တော့ နားလည်ပြီးသာ အလုပ်တစ်ခုကနေ ဘာမှ မသိမတက်တဲ့ အလုပ်တစ်ခုကို အသစ်ကနေ ပြန်လုပ်ရမှာ ကြောက်တာလဲ ပါပါတယ်။ ဒါကြောင့်ပဲ ကျနော် ပထမဆုံး လုပ်တဲ့ အလုပ်မှာ လေးနှစ်ကျော် ငါးနှစ်လောက် ကြာသွားခဲ့တယ်။

ရုံးရောက်ရောက်ချင်းကတော့ ပျာတာပေါ့။ ၁၀ တန်းအောင်ရုံ ရှိသေးတာဆိုတော့လည်း ပျာတာ ဆိုလည်း ပျော်နေတာ မပြောပါနဲ့တော့။ ဟိုရုံး သွားလိုက်ပါအုံး။ ဒီရုံး သွားလိုက်ပါအုံး။ ဟိုဖိုင်လေး တွဲလိုက်ပါအုံး။ ဟိုလူ့ကို ဖုန်းဆက်ပြီး ရုံးလာဖို့ ခေါ်လိုက်ပါအုံး ဆိုတာတွေနဲ့ လုပ်လာခဲ့တာ တစ်နှစ်လောက် ကြာတော့ လုပ်သက်လေးကလည်း ရလာပြီးဆိုတော့ ဘယ်သူ့မှ ရာထူးမတိုးပေးပင်မဲ့ နေရာလေးက ရလာခဲ့ပြီ။ သူ့ကိုခေါ်သွား ဟိုရုံးမှာ လုပ်တဲ့ အလုပ်တွေကို သင်ပေးထား၊ မင်းက ဒီကနေ စာရွက်စာတမ်း စီစဉ်ပေး ဆိုတဲ့ စကားလေးတွေ စကြားလာရပြီ။ ဘာဖြစ်ဖြစ် အလုပ်လုပ်ရရင် ပျော်နေတက်တဲ့ ကောင်ဆိုတော့လည်း သိတဲ့ အတိုင်းပေါ့ အိတ်သွန်ဖာမှောက် သင်ပေးတော့တာပေါ့။ သင်ပေးလွန်းအားကြီးလို့ ကျနော့်ဆရာက ကျနော့်ကို ပြန်ဆူရတဲ့ အထိပါပဲ။

အလုပ်စလုပ်ပြီး သိပ်မကြာဘူး။ ဖုန်းတစ်လုံးရဲ့ တန်ဖိုးလောက် တန်ဖိုးမရှိလောက်အောင် အပြောခံရဖူးတယ်။ အပြောခံရတာချင်း ထပ်တူမကျအောင် ကျနော် ကြိုးစားတယ်။ အမှားတွေရဲ့ အပေါ်မှာ ကျနော် သင်ခန်းစာယူပြီး လူတွေရဲ့ စိတ်ကို နားလည်လာအောင် ကြိုးစားတယ်။ တစ်ဖြည်းဖြည်းနဲ့ လူတွေရဲ့ အကြောင်းကို နားလည်လာတယ်။ ကျနော် နားမလည်နိုင်တာက ကျနော့် သဌေး။ ကျနော့် ရုံးစရောက်တော့ ကျနော့် သူဌေးမှာ အတွင်းရေးမှူး နှစ်ယောက်ရှိနေတာကို သတိထားမိတယ်။ နောက်မှ သိလိုက်တာက အရင်းတစ်ယောက်က အလုပ်ထွက်တော့မှာမို့ အသစ်တစ်ယောက်ကို တွဲသင်ပေးနေတာတဲ့။ 

အတွင်းရေးမှူး အဟောင်းဘာကြောင့် အလုပ်ထွက်တယ်ဆိုတာတော့ ကျနော်လည်း သေချာ မသိလိုက်ဘူး။ ကျနော်တို့ လက်ထပ်မှာတော့  အတွင်းရေးမှူး အသစ်ကို မျက်ရည်နဲ့ မျက်ခွက် မြင်တွေ့နေရတာ အဆန်းတကျယ် ဖြစ်မနေတော့ပါဘူး။ ဘာကြောင့်လည်း ဆိုတာ မသိပင်မဲ့ နားလည်လို့ ရပါသေးတယ်။ သဌေးဆူလို့ပေါ့။ ကျနော် လုပ်သက်နှနှစ်လောက်ရောက်တော့ ကျနော့်တို့သူဌေး စီးပွားရေးကောင်းတယ်လို့ ပြောလိုရတဲ့ အချိန်မှာ သူ့မှာ အတွင်းရေးမှူး လေးယောက် ဖြစ်နေပါပြီ။ ဒါလည်း မအံ့သြသေးပါဘူး။ အလုပ်များတာကိုး။ 

ကျနော် လုပ်သက် သုံးနှစ်လောက်ရောက်တော့ ခုနက အတွင်းရေးမှူး လေးယောက်က တစ်ယောက်ပြီး တစ်ယောက် အလုပ်စတင် ထွက်လာကြပါတယ်။ နောက်ဆုံးတစ်ယောက်ပဲ ကျန်တော့တယ်။ သူမကလည်း သူမအတွင်းရေးမှူး မဖြစ်ခင်အထိ ကျနော်တို့နဲ့ အတူတူအလုပ်လုပ်ဖူးတယ်။ ကျနော် သုံးနှစ်ကျော်လို့ လေးနှစ်ထဲ လုပ်သက်လေးရလာတဲ့ အချိန်မှာတော့ သူမဆီက အကူအညီ တစ်ခုတောင်းလာတယ်။ တောင်းလာတဲ့ အကူအညီကို ကူညီသင့် မကူညီသင့် စဉ်းစားနေရင်းနဲ့ပဲ ငွေမျက်နှာ ကြည့်လိုက်မိပါတော့တယ်။

အဲ့ဒီအချိန်ကစပြီး သူဌေးနဲ့ ကျနော် ပွဲစကြမ်းပါတော့တယ်။ အရင့်အရင်းက အတွင်းရေးမှူတွေ ဘာကြောင့် မျက်ရည်ကျရသလဲ၊ ဘာကြောင့် အလုပ်ထွက်ချင်ရတာလဲ ဆိုတာ ကျနော် ရေရေချင်း မြင်မိရာက နောက်ဆုံး ဘာကြောင့် ဆိုတဲ့ အချက်ကို အတွင်းကျကျ သိလိုက်ရပါတော့တယ်။ ကျနော်တို့ သူဌေးက သဘောအရမ်းကောင်းပါတယ်။ မိသားစု စိတ်ဓါတ်လည်း အပြည့်ရှိပါတယ်။ သဘောကောင်းပင်မဲ့ အပြောလေးကတော့ ကြမ်းပါတယ်။ ကျနော် ကိုယ်တိုင် ငါ နဲ့ ကိုင်အတုတ်ခံလိုက်ရမှပဲ အရင်းက အတွင်းရေးမှူးတွေ ဘာကြောင့် ငိုခဲ့ရသလဲ ဆိုတာ ကျနော် သဘောပေါက်သွားရပါတယ်။ အတွင်းရေးမှူးက အပျိုလေးတွေဖြစ်တာက တစ်ကြောင်း အဆဲခံရတော့ ရှက်လို့ ငိုခဲ့ကြသလို ဝမ်းနည်းလို့လည်း ပါပါလိမ့်မယ်။ 

နောက်တော့ ကျနော်ကိုယ်တိုင် မခံစားနိုင်တော့တဲ့ အဆုံး၊ ကိုယ့် ခံစားချက်ကို ပြောဖို့ အခန်းတံတားပိတ်ပြီး သူဌေးနဲ့ ဆွေးနွေးမှုယူလိုက်ရတဲ့ အထိပါပဲ။ အဲဒီနောက်ပိုင်းတော့ အဆဲလည်း မခံရတော့ သလို၊ အလုပ် လုပ်ရာမှာလည်း အဆင်ပြေပြေ လုပ်နိုင်ခဲ့ပါတယ်။ လုပ်သက် ငါးနှစ်အရောက်မှာတော့ ပြည်ပမှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့တာ ယခုဆိုရင် ၁၀ နှစ်တောင် ပြည့်တော့မှာပါလား.....။

တစ်ခါတစ်လေတော့လည်း အဆဲအဆိုလေးတွေကို သတိရသလို၊ အလုပ် အတူတူ လုပ်ခဲ့ကြတဲ့ မြန်မာပြည်က မောင်နှမတွေကို သတိရမိပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်    

May 5, 2012

အဖေတူသား

ငယ်ငယ်က ကြားဖူးနေကျ စကားလေး တစ်ခွန်းရှိတယ်။ အဖေတူ သမီး၊ အမေတူ သား ချမ်းသာတယ်တဲ့။ ကျွန်တော် ငယ်ငယ်တုန်းကပေါ့။ ဘယ်သူနဲ့တွေ့တွေ့ တွေ့လိုက်တာနဲ့ နိုင်လင်းက အမေတူ သားလေးပဲ။ ဟုတ်တယ် ကျွန်တော် ကိုယ်၌ကလည်း အမေပဲ တူချင်နေခဲ့တာ။ ကျွန်တော် သိတက်နားလည် အရွယ်ရောက်တဲ့ အချိန်မှာ ကျွန်တော်နားမှာ အမေတစ်ယောက်ထဲ ရှိနေခဲ့တယ်။ ကျွန်တော်ဘဝမှာ အမေတစ်ခု သားတစ်ခု နေလာခဲ့တာ နေသားကျနေပါပြီ။ ကျွန်တော် ဆင်းရဲမှာ အလွန်ကြောက်ခဲ့တယ်။ ကျွန်တော် တစ်နေ့နေ့ ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကြားဖူးနေတဲ့ ဒီစကားလေးတစ်ခွန်း ( အမေတူ သား ချမ်းသာတယ်)ကြောင့် ကျွန်တော်ဟာ တစ်နေ့တော့ ချမ်းသာလိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်။ ခုချိန်ထိလည်း ကျွန်တော် ယုံကြည်နေတုန်း။ ဓါတ်ပုံတွေ ပြန်ကြည့်လိုက်တိုင်းလည်း ကျွန်တော်ဟာ အဖေနဲ့ တစ်စက်ကလေးမှ မတူဘူးဆိုတာကို လက်ခံနေမိတယ်။

အဖေကတော့ ကျွန်တော်တို့နဲ့ ခွဲသွားခဲ့တာ တော်တော်လေး ကြားသွားခဲ့ပြီ။ အဖေမရှိလို့ ဘာမှ မဖြစ်ဘူးလို့ ကျွန်တော်စိတ်ကို ကျွန်တော် အမြဲပုံသွင်းခဲ့တယ်။ အဖေနဲ့လည်း ကျွန်တော် မတူချင်ဘူး။ အဖေနဲ့ တူရင် ကျွန်တော် မချမ်းသာတော့မှာကို ကျွန်တော်ကြောက်နေမိတယ်။ အမေနဲ့ပဲ ကျနော် ဇွတ်အတင်း တူဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ အဖေနဲ့ မတူချင်သလို၊ အဖေ့လိုမျိုးလည်း ကျနော် မဖြစ်ချင်ဘူး။ အဖေနဲ့ မတူချင်တဲ့ စိတ်ကပဲ ကျွန်တော်ကို အလုပ်လုပ်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်စေခဲ့တာ နောက်ပိုင်းမှ ကျွန်တော် အလိုလို သိလာခဲ့ရတယ်။ အဖေဆိုတဲ့ မသိစိတ်တစ်ခုက ကျွန်တော့်ကို လမ်းကြောင်းမှန်ထဲကို ပို့သွင်းပေးခဲ့တယ်။ 

အမြဲတမ်းလိုလို အဖေဟာ ကျွန်တော်ဘဝအတွက် မလိုအပ်ဘူးလို့ ပုံသွင်းထားတဲ့ ကျွန်တော်ရဲ့စိတ်တွေဟာ အဖေ လောကကြီးက ထွက်သွားတဲ့ တစ်နေ့မှာတော့ ကျွန်တော်ဘဝရဲ့ ဆုံးရှုံးမှုတွေတိုင်းမှာ တစ်ခါမှ မကျခဲ့ဖူးတဲ့ မျက်ရည်တွေဟာ တားဆီးလို့ မရအောင်ဖြစ်ခဲ့ရတယ်။ ကျွန်တော် လူရှေ့သူရှေ့မှာ မငိုခဲ့ဘူး။ ကျွန်တော် ငိုနေတာကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး။ နောက်ဆုံး ကျွန်တော့်ကို အသည်းမာတဲ့ကောင်လို့ ပြောကြတဲ့ အထိခံခဲ့ရတယ်။ ဒါပင်မဲ့ ဘယ်သူမှ မသိတဲ့ အချိန် ကျွန်တော် တစ်ယောက်တည်း ငိုနေခဲ့ရတယ်။ ကျွန်တော့ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေနဲ့အတူ အဖေက သူမရှိတော့တဲ့ နောက်ပိုင်း ကျွန်တော့်ကို ဘာဆက်လုပ်ရမယ်ဆိုတာ ပြောပြနေခဲ့တာ ဘယ်သူများသိနိုင်မှာလဲ။

ကျွန်တော် မျက်ရည်တွေသာ ကျနေခဲ့တာ။ ခုချိန်ထိ အဖေနဲ့ တူချင်တဲ့ စိတ်ကလေး တစ်စက်ကလေးမှ မဖြစ်ခဲ့သေးဘူး။ ကျွန်တော် တစ်နေ့ ချမ်းသာလာလိမ့်မယ် ဆိုတဲ့ ခံယူချက်နဲ့ အလုပ်တွေကို လုပ်လာခဲ့တာ ၁၀နှစ်တောင် ကျော်တော့မယ်။ အသက်အရွယ်အရဆိုရင်လည်း လူလတ်ပိုင်းထဲရောက်နေပြီ။ ဖခင်တစ်ယောက်ရဲ့ ခံစားချက်မျိုးရှိနေပင်မဲ့ ကျွန်တော် အဖေနဲ့ လုံးဝ မတူချင်သေးဘူး။ ဒါပင်မဲ့ တစ်နေ့မှာတော့ ဖခင်တစ်ယောက်ရဲ့ ရင်ကို အစိမ်းသက်သက်ခွဲ စေမဲ့ ကျွန်တော့်သားငယ်ရဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ အဖေ့ကို သိပ်ချစ်ခဲ့တဲ့ ကောင်ပါလားဆိုတာ သိလိုက်ရတယ်။

ကျွန်တော် ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတုန်း အပြင်မှ ပြန်လာတဲ့ ကျွန်တော့် အမျိုးသမီးနဲ့ သားငယ် အိမ်ထဲအရောက်မှာတော့ ..... မေမေ့ စကားဆို နည်းနည်းမှ နားမထောင်ဘူး..... သား လုပ်ချင်ရာ သားလုပ်တယ်.... မင်း အဖေနဲ့ တစ်ပုံစံတည်းပဲ.... ကျွန်တော့်အမျိုးသမီးဆီက ဒီစကားထွက်လာအပြီးမှာတော့.....

သား ..... ဖေဖေ နဲ့ မတူချင်ပါဘူးဗျာ...... ကျွန်တော် ကြားလိုက်ရတဲ့ အချိန်မှာတော့ လက်ထဲမှာ ကိုင်ထားတဲ့ သတင်းစာ ပြုတ်ကျသွားတဲ့ အထိအောင်ပါပဲ။ 

ဝဋ္ဋ်ဆိုတာ နောက်ဘဝ မကူးဘူးဆိုတာကို ကျွန်တော် နားလည်သဘောပေါက်သွားခဲ့တယ်။ ကျွန်တော့်တုန်းက အဖေ့ရှေ့မှာ အဖေနဲ့ မတူချင်ပါဘူးဆိုတဲ့ စကားမျိုးကို မပြောဖြစ်ခဲ့ပင်မဲ့ အမြဲတမ်းလိုလိုတော့ အဖေနဲ့ မတူချင်ခဲ့တာ အမှန်ပါ။ 

ခုတော့ အဖေနဲ့ မတူချင်တဲ့ အဖေ့သားမှာ သားလိုပဲ အဖေနဲ့ မတူချင်တဲ့ သား တစ်ယောက် ရှိနေပြီ ဆိုတာ ပြောပြလို့ရရင် ပြောပြချင်မိပါတော့တယ် အဖေရယ်။


လေးစားစွာဖြင့်
ရီနိုမာန်