July 29, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၂

စာမရေးနိုင်သေးလို့ မအိမ်ကံ ကိုသာ တင်နေရပါတယ်။ လာလည်ကျတဲ့ မောင်နှမ တွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။


မအိမ်ကံ၏ “ဟယ်”သံက ကျယ်ကျယ် လောင်လောင်ကြီး ထွက်သွားခဲ့သည်။ သမီးကို မျက်နှာထား တင်းတင်း ကြည့်လိုက်မိသည် အထိ ထူပူသွားခဲ့သည်။ ကုဋေတစ်သန်း တန်အောင် ရွရွကလေး လှမ်းခဲ့ကာမှ ခလုတ်တိုက်ရသည့် အဖြစ်။ မဦးမချွတ် ရှိရလေခြင်းလည်း ယူကျုံးမရဖြစ်ရသည်။ မအိမ်မြိုင်ကတော့ ကလေးပီပီ သူ့စကား ဘယ်ရောက်လို့ ဘာမှန်း မသိသော်လည်း မအေဖြစ်သူ အလိုမကျတာကိုတော့ သိပုံရသည်။ မျက်လုံး အ၀ိုင်းသားနှင့် ပြန်ကြည့်နေခဲ့ သည်ပင်။ မအိမ်ကံစိတ်ကို ပြန်လျှော့လိုက်သည်။ သမီးဖြစ် သူမျက်နှာကလေး ညှိုးသွားတာကို မြင်ရတော့လည်း စိတ်ကို ထိန်းရပြန်သည်။

“အမေ မကိုင်တာ အမေက မလှလို့ မကိုင်ရတာပါ သမီးရယ်။ ငါ့သမီးက ချောလိုက် လှလိုက်သာမှ၊ ဒါမျိုးက အင်မ တန်လှတဲ့ မိန်းကလေးမှ ကိုင်ရသာကွယ့်။ နောက်ဆို သည်လို ယောင်ယောင်မှားမှား မပြောရဘူးနော် သမီး”

မအိမ်မြိုင်က ခေါင်းညိတ်တော့လည်း သမီးခေါင်းက လေးပွတ်ပေးနေမိသည်။ တစ်ခါတစ်ခါတော့လည်း မအိမ်ကံ ပြန်စဉ်းစားကြည့်မိပါ၏။ သူကိုယ်တိုင်တုန်းကတော့ မိဘ ငယ်ပေါင်းမဟုတ်လို့ ကိုင်ခွင့်မရဘဲရှိခဲ့သည်။ မပြည့်စုံဘဲ တောင့်တခဲ့ရသည့်အဖြစ်။ အခုသမီးအလှည့်ကျတော့ကော။ မိစုံဖစုံဖြစ်ပါလျက် ကြောင့်ကြ နေရပြန်ပါပကော။


နောက်တစ်နေ့ ညနေခင်းမှာ အလှူလှည့်ကြပြီ။ မြို့အလှူ ဆိုတော့စည်လည်းစည်၊ ၀တ်ကောင်းစားလှတွေနှင့် လူရည် လူရောင်တွေကလည်း ပြောင်လွန်းလှပါ၏။ သို့သော်မဏ္ဍပ် အတွင်းမှာ ကလေးနှစ်ယောက်မအေ တောသူ မအိမ်ကံကပင် အလှဆုံးဟု ဆိုနိုင်လောက်ပါ၏။ ရင့်ကျက် တည်ငြိမ်သော အလှနှင့် ပင်ကိုအလှတို့ ပေါင်းစပ် ရောနှောထားသည့် အလှက မဏ္ဍပ်တွင်းမှာ တစ်ဘာသာ ထင်ရှား ပေါ်လွင်လျက် ရှိပါ၏။ သမီးမအိမ်မြိုင်နှင့် မအိမ်ခိုင်တို့ ညီအစ်မကလည်း ဖြူစင်ဝင်း မွတ်ချစ်စရာကလေးတွေ။ မအေ့ဘေးမှာ ပုံ့ပုံ့ကလေးတွေ ထိုင်နေကြလေသည်။ မအိမ်ခိုင်က ငယ်သေးသော်လည်း မအိမ်မြိုင် ကသိတတ်သည့် အရွယ်ဆိုတော့ မဏ္ဍပ်တွင်း ၀င်လာသမျှသော ပရိသတ်တွေကို လိုက်ကြည့်နေခဲ့သည်။ ကိုပြေသိမ်းကတော့ မဏ္ဍပ်တွင်း ရှေ့ပိုင်းမှာ မြို့ခံလူကြီးတချို့နှင့် စကားကောင်း နေခဲ့သည်။

“မအိမ်ကံ၊ ထမင်းသုံးဆောင်ပြီးပလား”

မအိမ်ကံတို့ သားအမိကို လာရောက် ဧည့်ခံ နှုတ်ဆက်ကြသူတွေ များလွန်းလှသည်။ အလှူထမင်းဟင်းကို ပွဲကတော်ကြီး အိမ်ထဲအထိ အရောက်ပို့ကာ ကျွေးမွေးသဖြင့် သားအမိ သားအဖတစ်တွေ စားပြီးကြပြီ။ မအိမ်ကံက ထမင်းရုံထဲဝင်ပြီး အများနှင့် ရောနှော စားချင်လှသော်လည်း ကလေး နှစ်ယောက်နှင့် တိုးဖို့ မလွယ်တော့ အိမ်ထဲမှာပင် စားလိုက်ရပါ ၏။

“ပြီးပါပြီရှင်။ အလှူထမင်း အလှူဟင်းတော့ မအိမ်ကံက ၀မ်းအေးလွန်းလို့ ကြိုက်သယ်ရယ်။ ပွဲကတော်ကြီး အလှူ ထမင်းဟင်းကောင်းလွန်းလို့ မအိမ်ကံတို့ ရွာအပြန် ထည့်တောင် ယူသွားဦးမှာရှင့်”

မအိမ်ကံ အပြောကို ကြားရသူတိုင်းက ၀မ်းသာကြသည်။ ကိုပြေသိမ်းက ထနောင်းတိုင်သား ဆိုသော်လည်း မြင်းခြံမြို့ပေါ်ကြီး မြို့ပေါ်နေ ဆိုတော့ လူတိုင်းက သိကြသူပင်။ ထိုကျောင်းဆရာ ကိုပြေသိမ်း၏ ဇနီး တောသူကြီး သမီး မိန်းမချော မအိမ်ကံကို ဆရာကတော် အဖြစ် ချစ်ခင် လေးစားကြပါ၏။ လင်ယောက်ျားကြောင့် တစ်ဂုဏ် တက်ရလေခြင်း အောက်မေ့ကာ မအိမ်ကံမှာ ကိုပြေသိမ်းကို တိုးလို့သာ ကြည်ညိုမိရပါ သည်။

အလှူ လှည့်ခါနီးတော့ မအိမ်ကံ ရင်တွေခုန်ရလေပြီ။ ကိုပြေသိမ်းကလည်း အနားမှာ မရှိတော့ မအိမ်ကံခမျာ များလှ သောလူတွေကြားမှာ ကလေးနှစ်ယောက် လက်ဆွဲကာ တိုးရပါ၏။ အလှဆုံး ပြင်ဆင်လာကြသော မြို့ခံ မိန်းမပျိုကလေးတွေက အရောင်အသွေး အမျိုးမျိုးဖြင့် လှချင်တိုင်း လှနေကြသည်။ ခေတ်ပေါ် အ၀တ်အစား အဆင်အပြင်နှင့် လွန်လွန်ကဲကဲ ၀တ်စားထားကြသူတွေလည်း ပါသည်။ ရိုးရိုးယဉ်ယဉ် ကလေးတွေကတော့ ခပ်များများ။ ဘယ်သူလဲ ကွမ်းတောင်ကိုင်။ ဘယ်မှာလဲ ဖက်စိမ်းကွမ်းတောင်။

“မြို့မှာတော့ ကွမ်းတောင်ကိုင်ဆိုတာ ဘယ်လို ရှိလေမလဲ။ ဥစ္စာပေါရုပ်ချောထဲကလား။ ကြုံရာသင့်ရာဆွေမျိုး တစ်ယောက်ယောက် ကိုင်ကြတာများလား။ ကွမ်းတောင်ကိုင် ဆိုတဲ့ မိန်းမကောင်းတို့ရဲ့ ဂုဏ်ဟာ တော်ရိလျော်ရိနဲ့ပဲ မှေးမှိန် သွားလေမလား။ အဲသလို ဘယ်ဟုတ်ပါ့မလဲ။ ဥပဓိရုပ်ကော ကိုယ်ကျင့်တရားကော လူအများက စံထားလောက်ပါပေရဲ့လို့ သဘောအလျောက် ရွေးချယ်ခံရတဲ့ မိန်းကလေး ဖြစ်ရမှာပေါ့”

မအိမ်ကံ တစ်ယောက်တည်း တွေးနေမိခြင်းဖြစ်သည်။ လူတွေကကြိတ်ကြိတ်၊ ကြိတ်ကြိတ် တိုးဝင်လာကြတာများ မဏ္ဍပ် ကွဲမတတ်ပင်။ မဏ္ဍပ် အပြင်ဆီက ဒိုးပတ်သံ၊ အိုးစည် သံတွေက စကားပြော မဖြစ်လောက်အောင် ပွက်နေရုံမက မဏ္ဍပ်တွင်းမှာလည်း လူသံတဝေါဝေါ။ လူငွေ့ဖြင့် စို့ပြန်လာသောချွေးကို ပ၀ါနုဖြင့်တို့ရင်း မဏ္ဍပ်ရှေ့ ကန်တော့ပွဲ တင်ရာ နေရာကို မအိမ်ကံ လှမ်းကြည့်နေခဲ့သည်။ ထိုစဉ်တွင် နိဗ္ဗာန်ဆော်၏ အသံကြီး စူးထွက်လာသည်။

“အလှူလှည့်ချိန် ရောက်ပါပြီခင်ဗျာ။ သာသနာ့အလံကိုင် ဘကြီးကြွား ကြွပါခင်ဗျာ။ အလှူဦး ကန်တော့ပွဲရွက်မယ့် အမေကြီးသင် ကြွပါခင်ဗျာ။ ကိုင်း ကိုင်းမိန်းကလေးများ ကုမ္မာရီများက မဏ္ဍပ်အပြင်မှာ ရွှေကွမ်းတောင် ငွေကွမ်း တောင်များ၊ ရွှေကလပ် ငွေကလပ်များ၊ ရွှေစိန်တောင် ငွေစိန် တောင်များ၊ ရွှေကွမ်းမြှောင့် ငွေကွမ်းမြှောင့်များ၊ သင်္ကန်းမောင်း ထောင်ချိုင့်၊ ပန်းမောင်းထောင်ချိုင့်များ ဆိုင်ရာဆိုင်ရာယူ ကြပြီး တန်းစီထားကြပါ။ ဖက်စိမ်းကွမ်းတောင် ကိုင်မယ့် မိန်းကလေး မဏ္ဍပ်တွင်းက ဘုရားကျောင်းဆောင်ကိုလာ ကန်တော့ပါ။ အလှူလှည့်လိုက်မယ့်သူများက”

မအိမ်ကံက နိဗ္ဗာန်ဆော်၏ အော်သံတွေထဲ စိတ်မရောက်တော့။ ဘုရားဝင်ကန်တော့မည့် ဖက်စိမ်းကွမ်းတောင်ကိုင် မိန်းကလေးကိုပဲ မျှော်နေမိလေ၏။ ဟော ၀င်လာပါပြီ။ ပုစွန် ဆီရောင်ဖျော့ဖျော့ ပိုးချိတ်ထဘီမှာ အုတ်ခဲရောင်ကြိုးလိမ် ထားသော ခုနစ်စင်းဂမုန်းကြိုး အချိတ်နှင့် တစ်ရောင်တည်း အုတ်ခဲရောင် အင်္ကျီလက်ရှည် ၀တ်ထားသူ ကလေး။ ဆံထုံးကြီးက မြင့်မောက် လှပါ၏။ ဆံထုံးအလယ်မှာ စိန်တစ်ပွင့်။ စိန်စီ လက်ကောက် နှစ်ရံ။ စိန်လည် တုန်တစ်ကုံးဖြင့် စိန်ရောင် တဖျပ်ဖျပ် တောက်နေသည့် မိန်းမလှကလေး တစ်ယောက် ဖက်စိမ်း ကွမ်းတောင်ပွေ့ရင်း ၀င်လာခဲ့လေပြီ။ ပွေ့လာသော ဖက်စိမ်း ကွမ်းတောင်ကို ဘုရား ကျောင်းဆောင်ရှေ့က စားပွဲပေါ် အသာတင်ကာ ဘုရားသုံးကြိမ်ဝတ်ဖြည့်နေတာကို အများက ၀ိုင်းကြည့် နေကြလေသည်။ ဘုရားရှိခိုးပြီး အထမှာတော့ ပရိသတ်ကို ပြုံးရုံ ကလေးပြုံးပြပြီး ကွမ်းတောင်ကိုပွေ့ရန် ပြင်လေပြီ။

“တွေ့လားသမီး၊ တွေ့လား။ ဖက်စိမ်း ကွမ်းတောင်ကိုင် ဆိုသာ အဲသာပဲ။ လှလိုက်သာနော် သမီး၊ မိန်းကလေးတွေ အများကြီးထဲက သူတစ်ယောက်ပဲ ကိုင်ရသာ၊ လူတွေအများကြီးက သူ့ကိုရွေးထားကြသာ၊ ကုသိုလ်ထူးလိုက်ပုံ ကြည့်ကြည့်သမီး။ သမီးကြီးရင် အဲသလိုကိုင်ရမှာ။ ရှေ့ကမတ် တတ်ရပ်နေသူတွေ ထိုင်ကြပါရှင်”

မအိမ်မြိုင်ကလည်း မျက်လုံးကလေးတွေ ၀ိုင်းနေအောင် ကြည့်နေလေသည်။ လူတွေက မိုးတိုးမတ်တတ် ရပ်ကုန်ကြတော့ မအိမ်ကံက သမီးကို ပြရင်းရှေ့က ပရိသတ်ကို အော်ရသေးသည်။ မအိမ်ကံက သမီးဖြစ်သူကို ခပ်လှမ်းလှမ်းက ပြတာမျိုး မဟုတ်ပါ။ ဖြစ်နိုင်လျှင် လူတွေကြားက တိုးကာတိုးကာ ဖက်စိမ်း ကွမ်းတောင်ကို သမီးလက်နှင့် ထိခိုင်း ချင်လှသည်။ အခုတော့ မအိမ်မြိုင်ရော၊ မအိမ်ခိုင်ကိုပါ တစ်ဖက်တစ် ချက်စီတွဲကာ လူတွေကို မတိုးသာ။ ကိုပြေသိမ်း အနားရှိလျှင်လည်း အငယ်မကိုထားကာ အကြီးမကို ပွေ့ချီပြီး တိုးလိုက်ချင်စမ်းသည်။ အခုတော့ မအိမ်ကံမှာ မချင့်မရဲနှင့်ပင် ငြိမ်နေလိုက် ရပါ၏။ မဏ္ဍပ်ထဲမှာ လူတွေ အားလုံးလိုလို မတ်တတ်ရပ်ကုန် ကြေလေပြီ။ တချို့က ရုံစမ်း ထမင်းရုံတွေဘက်ကို ကူးကြမည့်သူတွေ။ တချို့က အလှူလှည့်လိုက်ကြမည့်သူတွေ။ မဏ္ဍပ်က ၀င်းကြီး ကျယ်သလောက် ထိုးထားတာ မဟုတ်ပေသိ တော်တော်ကြီးကြီး ထိုးထားခြင်းဖြစ်၏။ အပြင်မှာရွှေထီး တ၀င်းဝင်း မြင်းတွေ။ မြင်းတွေပေါ်မှာ မောင်ရင်လောင်းတွေ။

“လာလာသမီး၊ အမေတို့အပြင်ထွက်ကြည့်ကြရအောင်”


လေးစားစွာဖြင့်
ရီနိုမာန်


July 26, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၁

ယခင်လမှ အဆက်.....

တုံ့ခနဲ ရပ်လိုက်သော လှည်းကြောင့် ကလေးလုသူ ဟန်ချက် ပျက်သွားခဲ့သည်။ ဖိုးကူးက ရုတ်တရက် ထရပ်လိုက်ပြီး ကလေးလုသူ၏ အင်္ကျီ မပါသည့် ကျောမည်းမည်းကြီးကို နကန်နှင့် ဖြန်းခနဲ ရိုက်ချလိုက်သည်။

ကလေးလုသူက နကန်ချက်ကို နာပုံပင်မရ။ ပါးစပ်ကြီးဖြဲကာ လက်ကြမ်းကြီးများနှင့် လုမြဲလုလျက် ရှိလေသည်။ ကိုပြေသိမ်းက အမှတ်တမဲ့ကြောင် နေရာက မျက်နှာကို လက်သီးပြင်းပြင်း တစ်ချက် ထိုးလိုက်တော့မှ အူးခနဲအော်ကာ မျက်နှာကို လက်ဖ၀ါးဖြင့် အုပ်လိုက်သည်။ ဖိုးကူး၏ နကန်ချက်တွေ ဆက်ကာဆက်ကာ ကျလာသည့် အခါမှာတော့ လှည်းပေါ်က ၀ုန်းခနဲ ခုန်ချ လိုက်လေ၏။ တက်မတက် ချက်မတက် အော်နေကြသော သမီးနှစ်ယောက်ကို ထွေးပွေ့ထားရင်း လှည်းပေါ်က ကျသွားသူကို မအိမ်ကံ ငုံ့ကြည့်လိုက်သည်။ ဘယ်သူလဲ၊ ဘာသဘောလဲ။ မအိမ်ခိုင်ကို ဘာဖြစ်လို့ လုရတာလဲ။ မအိမ်ကံ နားမလည်နိုင်။ လူကလည်း အရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။ ပြီးတော့ တလုတ် မန်ကျည်းတောထဲက ဘာကိစ္စ စောင့်နေရတာလဲ။ မအိမ်ကံတို့ လာမယ်ဆိုတာ ဘယ်သူက လက်ထောက်ချ လိုက်လို့ပါလိမ့်။ လှည်းဆက်ထွက်လာခဲ့ သော်လည်း ကလေးလုသူက လှည်းလမ်းပေါ်မှာ ကုန်းကုန်းကြီး။


“အရူးစက်ဖေဆိုသာပေါ့ မမကံ တစ်ရွာတစ်ရွာသည်လို ကူးနေတာ မမကံ မကြုံဖူးလို့ လှည်းပေါ်မှာ ကလေးပါရင် တက်လုနေကျ၊ ပြီးခဲ့တဲ့လကပဲ အနောက်ရွာက ကလေး တစ်ယောက်ကို အိမ်ပေါ်တက်လုလို့ ၀ိုင်းရိုက်လွှတ်လိုက်ကြ သေးသာ”

“အို..ကလေးလုသယ် ဟုတ်လား ဖိုးကူး။ ဟုတ်ကဲ့လားဟယ်။ အရူးစက်ဖေရယ်လို့တော့ ကြားဖူးသား။ ကလေး လုသာတော့ မကြားမိဘူး။ တော်ပါသေးရဲ့ အစ်ကိုရယ်၊ အစ်ကို သတိရှိလို့ သာပေါ့။ တော်တော်တော့ နာသွားရှာ ထင်ပါရဲ့ လှည်းပေါ်က ပြုတ်ကို ကျသွားသာ”

ဂျပန်ကို တော်လှန်ခဲ့သော တော်လှန်ရေးသမားကို ပြေသိမ်းပင် အမှတ်တမဲ့ ဆိုတော့ လန့်သွားပုံ ပေါ်ပါ၏။ ဖိုးကူးက အရူး တစ်ယောက်ပါ ဆိုတော့ စိတ်မကောင်း ဖြစ်သွားပုံ လည်းရသည်။ သမီးမအိမ်ခိုင်ကို ကြည့်လိုက်တော့ ကြေးညှော် တွေရော၊ လက်ဆုပ်အားကြောင့် အရာများပင် ထင်ကျန်ရစ် ခဲ့လေသည်။ မအိမ်မြိုင်ရော မအိမ်ခိုင်ပါ မအေ့ရင်ခွင်ထဲ တိုးဝင်နေကြသဖြင့် မအိမ်ကံ ချော့မော့နေရသည်။ ဖိုးကူးက
“ကလေးလုသာ ဇာတ်ထုပ်ရှိသယ် မမကံရဲ့။ ဦးစက်ဖေ ကြီးတို့က ပိုက်ဆံရှိကြသယ်တဲ့။ သူ့မိန်းမက မြစ်နားတန်းရွာ က စားကြူးသူ။ မိဘတွေ ရွာကိုပြန်ပြီး စစ်ပုန်းကြတုန်း ဗုံးကျင်းထဲ ဗုံးတည့်တည့်ကျလို့ မိန်းမရော၊ ကလေးတွေရော ဆုံးကြရရှာသာတဲ့”

“မင်းဟာ ဟုတ်ရဲ့လား ဖိုးကူးရာ”

“ရော် ဆရာလေးကလည်း တစ်နယ်လုံး အုန်းအုန်းထလို့ ဟာ။ ဆရာလေးရွာမှာ မရှိလို့ မကြားလိုက်သာနေမှာ”

ကိုပြေသိမ်းက ၀င်ပြောတော့ ဖိုးကူးက သေချာသပ လေညာက လုပ်နေလေ၏။ မအိမ်ကံကတော့ ဆရာလေးရွာမှာ မရှိလို့ မကြားလိုက်သာ နေမှာဆိုသည့် ဖိုးကူးစကားကြောင့် အတွေးတွေ ၀င်နေမိခဲ့သည်။ စားကြူးရွာတွေဘက် ဗုံးကျသည့် သတင်းကို မအိမ်ကံလည်း ကြားခဲ့ပါသည်။ စားကြူးရွာ ပင်မက တခြားရွာတွေလည်း ဗုံးကျတာ ရှိခဲ့ပါ၏။ သို့သော် ဦးစက်ဖေ ဇာတ်ထုပ်ကို မအိမ်ကံ မကြားမိခဲ့။ ဦးစက်ဖေတို့ မှာ ဘ၀က အကြောင်းပါလို့ စုံဖက်ကြပြီးကာမှ ကံမကောင်း အကြောင်းမလှလို့ ဘ၀ခြားကြရတာပါလား။ ဦးစက်ဖေက ပိုက်ဆံရှိလို့ ပြည့်စုံတယ် ထားပါဦး။ ကြင်ဖော်ကြင်ဖက်နှင့် ကွဲရပြီဆိုမှတော့ ဘာများ အဓိပ္ပါယ်ရှိသေးလို့လဲ။ မယားနှင့် ကလေးကို တမလွန်ပို့လိုက်ရသည့် ဘ၀ကို ခံနိုင်ရည်ရှိရှာ ဟန်မတူ။ စိတ်က ဖောက်ပြန်သော်လည်း သားသမီးဆိုသည့် မိဘမေတ္တာကတော့ ရူးသွပ်မသွားရှာပါလား။ မြင်ကရာ ကလေးကို သူ့ကလေး ထင်နေရှာလိမ့်မည်။ ကလေးကို ရန်ရှာချင်တာ မဟုတ်ဘဲ သူ့ရင်သွေးအမှတ်ဖြင့် ၀င်လုခြင်းသာ ဖြစ်လိမ့်မည်။

“အစ်ကိုရယ်၊ လူ့ဘ၀မှာ ကိုယ့်လင်၊ ကိုယ့်သား၊ ကိုယ့် မယားနဲ့ ဆင်းရဲအတူ ချမ်းသာအမျှ ဆိုသလို အတူတကွပေါင်း ဖက်နေထိုင်ရခြင်းဟာ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းသလဲနော်။ သုံးလွန်းတင်စားပြီး ကလေးတစ်ပြုံ တောင်ကြီးနဲ့ ရုန်းရကန်ရသဲ့ အိမ်ထောင်ပဲဖြစ်ဖြစ် အတူတကွ ပေါင်းဖက်ရခြင်းဟာ မင်္ဂလာရှိနေသာပဲလို့ မအိမ်ကံတော့ တွက်သယ်”

သုံးလွန်းတင်ဆိုတာ ပြောင်း၊ ဆန်နှင့် ပဲတို့ကို ရောကျို ချက်ရသော ဆင်းရဲသားထမင်းဖြစ်ကြောင်း ကိုပြေသိမ်း သိပါ၏။ ဇောင်ချမ်းကုန်းမှာ သုံးလွန်းတင် ထမင်းစားပြီးနေကုန် ကြသူတွေ ရှိသည်။ တချို့များ ကြေးဥ၊ သမုန်းဥကိုပင် အားပြုကြရပါ၏။ သို့သော်လည်း ဆင်းရဲရန်ကော မရှိကြ။ သိုက်သိုက်ဝန်းဝန်း ရှိရှာကြသည်။ ကိုပြေသိမ်း စစ်ထွက်စဉ်က မအိမ်ကံ ကိုယ်တိုင် ခံစားရသော ခံစားမှုသည် လှည်းပေါ်မှာပင် အသစ်ပြန်ဖြစ် ရလေပြီ။ သေသည်၊ ရှင်သည် မသိ၊ အတူရှိရာမှ ပဲ့ပါသွားရသည့် ခံစားမှုကား ကြီးလှပါသည်။ မအိမ်ကံကတော့ တင်းခံနိုင်ခဲ့သည်။ သည်စကားတွေ မအိမ်ကံ ထပ်မပြောချင်တော့။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ။ အသစ်ဖြစ် ရတိုင်း ထိုအချိန်ကာလက ခံစားမှုက ခြောက်လှန့်နေခဲ့သည်သာ။ ကိုပြေသိမ်းကတော့ မအိမ်ကံမျက်နှာကလေးကိုသာ ကြည့်လျက်ရှိပါ၏။ မအိမ်ကံ ဘာကိုဆိုလိုသလဲဆိုတာလည်း ပညာတတ်ပီပီ ခံစားနားလည်နေခဲ့သည်။ ရာကျော်ဇရပ်ကို ရောက်တော့ လှည်းမနားပါ။ ဆရာကြည့်ကို သတိရကြသဖြင့် တစ်ထောက်မနားဘဲ ခရီး ဆက်ခဲ့ကြသည်။

မြင်းခြံရောက်တော့ နေရင့်လှပြီ။ ပွဲကတော်ကြီးက ကုန်းကုန်း ကုန်းကုန်းနှင့် ဆီးကြိုရှာပါ၏။ အရွယ်အတော် အိုလှပြီဖြစ်သော်လည်း မြေးတွေ ရှင်ပြုပွဲမှာ ပျော်နေပုံရသည်။ မအိမ်ကံ ငယ်စဉ် ကလေးဘ၀ကတည်းက သည်အချိန်အထိ အမျှင်မပြတ် နှီးနွယ်ခဲ့ကြသော သံယောဇဉ်ကြောင့် သည်အလှူ ကိုမရောက်ရောက်အောင် လာခဲ့ကြခြင်း ဖြစ်သည်။

“မောင်ပြေသိမ်းတို့၊ မအိမ်ကံတို့ သားအဖ တစ်တွေကို အာရုံရှိလွန်းလို့ကို ဖိတ်ရတာပါ။ ဥတုကလည်း ပြင်းတော့ ကလေးတွေ ပန်းကြရှာမှာပဲ။ အချောကလေးတွေပါလားဟဲ့ ကိုင်း နားကြဦး၊ နားကြဦး။ ခရီးခတင်း ကရိကထကလည်း များသားကွယ့်”

“မအိမ်ကံတို့ကလည်း လာချင်နေသာပါ ပွဲကတော်ကြီးရယ်။ ပွဲမင်းကြီးကိုလည်း သတိရမိပါရဲ့။ ကျွန်မလည်း ရွာမှာ နေ့တကုပ်ကုပ်၊ ညတကုပ်ကုပ်ဆိုတော့ ခြေညောင်း လက်ဆန့် ရှိချင်တာလည်း ပါပါသယ်။ အစ်ကိုကလည်း ထနောင်းတိုင် မရောက်ဖြစ်သာ ကြာပြီလေ။ အစ်ကို့မိဘတွေလည်း မြေးတွေ လွမ်းကြရှာသယ်ကြားလို့ အပြန်ဝင်ကြဦးမလို့”

“ကောင်းပါလေ့ မအိမ်ကံရယ်။ ကိုင်းကိုင်း အိမ်အပေါ် ထပ်သာတန်းတက်ကြပါရော့ တခြားဧည့်မရှိပါဘူး။ ပြီးမှ ရေမိုးချိုးချင်သပဆိုလည်း ချိုးကြပေါ့ကွယ်။ နေ့လယ်စာ သုံးဆောင်ကြရအောင်။ နက်ဖြန်အလှူဝင်၊ သန်ဘက်ခါ အလှူကြီး၊ ဖိန်းနွှဲခါမှ ပြန်ကြပေါ့”

အိမ်ကြီးအပေါ်ထပ် အခန်းတစ်ခန်းမှာ မအိမ်ကံတို့ သားအမိ သုံးယောက်ခြေဆင်းလဲလူ အနားယူကြသည်။ ကိုပြေသိမ်းကတော့ ထုံးစံအတိုင်း လူတွေတရုန်းရုန်း မနေတတ်တော့ မြို့ထဲကို စက်ဘီး တစ်စီးနှင့် ထွက်သွားတော့သည်။ ဖိုးကူးကတော့ လှည်းချွတ် နွားစာချ ကျွေးပြီးကတည်းက ပျောက်သွားခဲ့ပြီ။ ဘိုင်စကုပ်ဆိုတာများ ရောက်သွားလေသလားမသိ။

မအိမ်ကံတို့ကို နေရာချပေးသည့် အခန်းက လှမ်းကြည့်လျှင် အလှူမဏ္ဍပ်ကို မြင်ရသည်။ မြို့အလှူဆိုပေသိ ၀ိုင်းသူ ရံသူတွေ များလှပါ၏။ ပွဲကတော်ကြီးက မြင်းခြံမြို့သူဆိုတော့ ရွာနေပြည်ထိုင်ပီပီ အသိအကျွမ်းများလှသည်။ ဈေး ဧည့်၊ ရွာဧည့်စုံလှပါ၏။ ကြက်သွန်လှီး၊ ပဲရွေး၊ ဆန်ရွေးကြသည့် မြင်းခြံသူကလေးတွေကို မြင်ရတော့သည်။ မိန်းကလေး တွေထဲမှာကော ဖက်စိမ်း ကွမ်းတောင်ကိုင် မိန်းကလေး ပါလေသလား လိုက်ကြည့်နေမိသည်။ မြို့သူကလေးတွေဆိုတော့ ယဉ်ယဉ်သန့်သန့် ကလေးတွေချည်း။ ဘယ်သူ့ဘယ်သူ ပိုလှသည် မဆိုသာ။ သည်မိန်းကလေးတွေမှာကော ဖက်စိမ်း ကွမ်းတောင် ခံစားမှုတွေ မရှိကြရော့သလား။ မအိမ်ကံတို့ ရွာမှာတော့ ဖက်စိမ်းကွမ်းတောင် ကိုင်ရခြင်းသည်ပင် တစ်ဂုဏ် မဟုတ်လား။ ကြားဖူးတာတော့ မြို့အလှူတွေမှာ ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်၊ ကွမ်းမြှောင့်၊ ကွမ်းကလပ်တွေ တစ်ယောက် တစ်လက်ကိုင်ကြသတဲ့။ ဖက်စိမ်းကွမ်းတောင်ကို သီးသန့်ကိုင်ရသည့် မြို့အပျိုချောဆိုတာကော ရှိရဲ့လား။ အလှူနှင့် ဖက်စိမ်းကွမ်းတောင် ဆိုတာ ထွန်နောက်ရေ ပါရသလို မဟုတ်လား။ ဖက်စိမ်းကွမ်းတောင်ကိုင် ရှိရမှာပေါ့။ ထုံးမီ စံကျ မိန်းမလှတစ်ယောက်တော့ ရှိရမှာပေါ့။ သမီးကြီး မအိမ်မြိုင်ကိုပင် ပြောမိပါ၏။

“သမီး မနက်ဖြန်အလှူလှည့်မှာ ဖက်စိမ်းကွမ်းတောင် ကိုင်ရတဲ့ မိန်းကလေးကို သမီး သေသေချာချာကြည့်နော် လှလည်းလှ၊ ယဉ်လည်းယဉ် လူအများရှေ့မှာကြော့ကြော့ မော့မော့နဲ့ အင်မတန်ကျက်သရေရှိတဲ့ မိန်းမချောကွယ့်။ ငါ့သမီးကြီးရင် အဲသလိုကိုင်ရမှာ၊ မနက်ကျအမေပြမယ်နော်။ သမီးကြီးရင် ဖက်စိမ်းကွမ်းတောင် ကိုင်မယ် မဟုတ်လား သမီး”

ခြောက်နှစ်အရွယ် သမီးကလေး နားလည်လေသလား၊ မလည်လေသလား မအိမ်ကံ မစဉ်းစားနိုင်။ မအိမ်ကံဇောတွေ ကရှေ့လောကြီးလျက် ရှိပါ၏။

“ဖက်စိမ်းကွမ်းတောင်က အလေးကြီးလား အမေ”

“မလေးပါဘူး သမီးရယ်။ အပျိုဖြစ်မှကိုင်ရမှာပါ။ ငှက်ပျောရွက်ကလေးတွေနဲ့ ကွမ်းတောင်ချိုးထားတာသမီးရဲ့ သိပ်လှသာ။ အမေဆိုရင် သိပ်ကိုင်ချင်ခဲ့ရသာပေါ့ မကိုင်ခဲ့ရဘူး။ ငါ့သမီးအလှည့်ကျရင် ကွမ်းတောင်ကိုင်ရပါပြီတော်။ အဲသည်ကျမှ အမေတ၀ကြီး ထိုင်ကြည့်လိုက်စမ်းမယ်နော် သမီး”

မအိမ်မြိုင်က မအေ့မျက်နှာကို ခပ်စူးစူးလှမ်းကြည့် နေသည်။ ဘာပြောနေမှန်းလည်း သိပုံမပေါ်။ အမေ မကိုင်ခဲ့ရဘူး ဆိုတာကိုတော့ နားလည်လိုက်ပုံရပါ၏။ မျက်နှာကလေး စူရာက ပြုံးသွားလေသည်။

“အမေမှ မကိုင်ရင် သမီးလည်း မကိုင်ဘူးနော်အမေ”

“ဟယ်”



လေးစားစွာဖြင့်
ရီနိုမာန်

July 25, 2009

မအိမ်ကံ ( for July ) အပိုင်း - ၇

ကိုပြေသိမ်းက ဆရာတော်ကြီးအားလျှောက်တင်သံကို မအိမ်ကံ ကြားနေရသည်။ ကိုပြေသိမ်း ဒါကြောင့် အိမ်ပြန် နောက်ကျရှာတာကိုး။ စက္ကူဖြူစာတမ်းနဲ့ ကိုပြေသိမ်းကကော ဘယ်လို ဆက်စပ်နေပါလိမ့်။ ကိုပြေသိမ်း ပြောနေ၊ လုပ်နေတာ တွေကို မအိမ်ကံ နားမလည်နိုင်တာ အမှန်ပဲဖြစ်သည်။

“တပည့်တော်တို့ တော်လှန်ရေးစလို့ တစ်လမပြည့်ခင်မှာ ပဲ ဒေါက်တာဘမော်တို့က ဂျပန်နဲ့ရောပြီး ပြေးကြပြီဘုရား။ ဂျပန်စစ်ဌာနချုပ်ကလည်း မော်လမြိုင် ရောက်သွားပါတယ် ဘုရား။ မဟာမိတ်တပ်တွေ ရန်ကုန်ဝင်ကြပြီဆိုတာနဲ့ ကွန်မြူ နစ်ပါတီဖွဲ့တယ်။ ဖတပလအဖွဲ့ချုပ်ကြီးပေါ်လာတယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာအလုပ်သမားအစည်းအရုံးပေါ်လာတယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂပေါ်လာတယ်။ အများ ကြီးပါပဲဘုရား။ ဆရာကြီးဦးဘခင်တို့ကတော့ ဦးဘဂျမ်းကို သံယောဇဉ်ရှိကြတော့ သူတို့ဖွဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံးဆိုတာလုပ်ကြပြန်တယ် ဘုရား”

“မောင်တို့ဟာက မနည်းပါလားကွ။ ဘာသဘောများ တုံး”

“ဘုရင်ခံကလည်း စက္ကူဖြူစာတမ်းကိုချပြနေပြီဆိုတော့ လက်မခံချင်ကြသူတွေက တူရာတူရာဖွဲ့ကြပြီး ဆန့်ကျင်ကြ တာပါပဲ ဘုရား”

“ဟေ...၊ အဖွဲ့များတော့ များများကွဲကြရုံပေါ့ကွာ။ နို့ မောင်က ဘယ်အဖွဲ့ကတုံး”

“လေ့လာတုန်းပါဘုရား”

ကိုပြေသိမ်းက ဘာများလေ့လာရပြန်တာပါလိမ့်။ ရွာမှာ နေပြီး ကျောင်းဆရာလုပ်မှာ မဟုတ်ဘူးလား။ သည်တုန်းက မအိမ်ကံ အတွေးဖြစ်သည်။ ဖိုးကူးကို ထနောင်းတိုင်လွှတ်ပြီး ကိုပြေသိမ်း ပြန်ရောက်လာပြီဖြစ်ကြောင်း မိဘများထံ အပြော လွှတ်ရသည်။ သည်ရက်ထဲ ဧည့်သည်တွေက အမျိုးမျိုး။ လာကြတော့လည်း စက္ကူဖြူ၊ စက္ကူဖြူတွေသာကြားရပြန်၏။




“ညည်းယောက်ျားဆီလာကြသူတွေအကုန်လုံး စက္ကူဖြူ၊ စက္ကူဖြူနဲ့ ဘာပြောသာတုံး မအိမ်ကံရဲ့”

“စက္ကူက ဖြူလို့နေမှာပေါ့ မလှအုံရဲ့”

“ညည်းပြောမှ ရှင်းတော့သယ်အေ”

ဟုတ်ပါရဲ့။ မလှအုံပြောလည်း ပြောစရာ။ ကြားလိုက်ရ လျှင် စက္ကူဖြူချည်း။ မအိမ်ကံပင်မသိမှတော့ မလှအုံခမျာ ပိုလို့သာဆိုးတော့မည်။ သိပ်မကြာခင်ရက်တွေမှာ ကျောင်းတွေ ပြန်ဖွင့်ခွင့်ရကြပြီ။ ကိုပြေသိမ်းပင် ကျောင်းစိတ်တွေပြန်ဝင်ကာ ကျောင်းနှင့်အိမ် အကူးကူးအလူးလူး။ သည်တစ်ခါကျောင်းဖွင့် တော့ ကျောင်းသားတွေများလာသည်။ မအိမ်ကံ ကျောင်း ကလေး စည်ကားလာရပြန်ပါပကော။

မအိမ်ကံဘ၀တွင် ကောင်းတစ်ခါ ဆိုးတစ်လှည့် တစ်ပြန် စီကြုံခဲ့ရတာကို မအိမ်ကံ သတိထားမိသည်။ အဆိုးတွေများ လာလျှင် အကောင်းဝင်တတ်သလို၊ အကောင်းလာခေါင်းဝှေ့ တော့လည်း အဆိုးတွေက ဆက်တိုက်ဆိုသလို ကြုံရတတ်ပြန် သည်။
ကိုပြေသိမ်း ပြန်ရောက်လာပြီး နောက်ပိုင်း မအိမ်ကံ ဘ၀လည်း တစ်ဖန်ပြန်လည်စိုပြည်လန်းဆန်းခဲ့ရပြန်ပါ၏။ ကိုပြေသိမ်း ကျောင်းဆရာပြန်လုပ်တော့ မအိမ်ကံလည်း ဆရာ ကတော်ဆိုသည့်ဂုဏ် တက်ခဲ့ရသည်။ တပည့်တပန်းတွေက ကန်တော့ကြသော ငှက်ပျောတစ်ခိုင်၊ ပန်းတစ်ခိုင်ကအစ မအိမ် ကံအတွက် တန်ဖိုးဖြစ်ခဲ့ရပါ၏။ မအိမ်ကံတို့အိမ်ကြီးကလည်း မအိမ်ကံ၏ ကံဇာတာအပေါ်မူတည်ကာ စိုလိုက်၊ ခြောက်လိုက် ရှိရတာကလား။ အခုတော့ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ကြီးထဲမှာ လူဦးရေပင် တိုးပွားလာခဲ့ပြီ။ ကျေးဥက သားနှစ်ယောက်၊ မအိမ်ကံက သမီးနှစ်ယောက်။

သမီးငယ်ကလေး၏ အမည်ကိုတော့ မအိမ်ခိုင်လို့အမည် ပေးထားသည်။ မအိမ်ကံတို့မိသားစုကလေး တစ်ဝန်းတစ်ဝိုင်း ထဲမှာ ခိုင်ခိုင်မြဲမြဲရှိပရစီဆိုသည့် အတိတ်နိတ်မိတ်ကို မအိမ်ကံ ရည်ရွယ်ရင်း ဖြစ်သည်။ အမေပန်းရုံနှင့် မလှအုံကတော့ မြေး လေးယောက်ထိန်းရတာနှင့်ပင် နေကုန်လို့ ကုန်မှန်းမသိလိုက် ကြ။ အသက်ကြီးခါမှ စိပ်ပုတီးမဆောင်နိုင်ကြရှာဘဲ ဘုစုခရု ကလေးများနှင့် တူတူရေ၀ါးနေကြရသည်။ အခုတော့လည်း အမေကြီးပန်းရုံနှင့် အမေကြီးလှအုံပေါ့။ ဘကြီးဖိုးငွေကတော့ ရေကန်စပ်က ရွှံ့ကိုသွားခူးကာ ရွှံ့ရုပ်ကလေးတွေ ဒိုင်ခံလုပ်ပေး နေရပြီ။ အငယ်ကောင် ဖိုးကူးပင်လျှင် လူပျိုသိုးကြီးဖြစ်ရှာပြီ မဟုတ်လား။
မအိမ်ကံကတော့ အုံနှင့်ကျင်းနှင့်ဖြစ်လာသော သူတို့ မိသားစုဘ၀ ၀ပ်ကျင်းကလေးကို ကျေနပ်ပါသည်။

ငယ်စဉ်က မြို့ကျောင်းကို ကျောင်းသွားတက်သောအစ်ကိုကို မျှော်ရင်း အထီးကျန်ခဲ့ရသည့် သူ့ဘ၀ထက်စာလျှင် လက်ရှိမိသားစုဘ၀ ကလေးက မြိုင်ဆိုင်လွန်းလှသည်မဟုတ်လား။ တစ်ခါတစ်ရံ ရွာကိုပြန်လာတတ်ကြသော အစ်ကိုမောင်မြတ်သာနှင့် မမစိမ်း မြတို့မိသားစုပါ ထည့်ပေါင်းလိုက်လျှင် နည်းတဲ့ဆွေစုမျိုးစု လား။ မအိမ်ကံအဖို့ရာတော့ သည်လောက်ပျော်စရာကောင်း သည့်ဘ၀မျိုး ရှိမည်တောင်မထင်။

သည်နေ့လည်း မအိမ်ကံတို့မိသားစု မြင်းခြံမြို့ကိုသွားကြ ဖို့ မနက်စောစောကြီးကတည်းက ရွာကထွက်ခဲ့ကြသည်။ မြင်း ခြံမြို့က မအိမ်ကံတို့ မိတ်ရင်းဆွေရင်းပွဲကတော်ကြီး၏မြေး ရှင်ပြုပွဲကိုလိုက်ခဲ့ကြခြင်းဖြစ်သည်။ ပွဲစားကြီးဦးကျော်ဂေါင် တော့ မရှိရှာတော့။ ပွဲကတော်ကြီးခမျာလည်း အိုရှာခဲ့ပြီ။ မသေခင်ပြုသည့် မြေးရှင်ပြုပွဲကို မအိမ်ကံတို့မိသားစု ဆက် ဆက်လာစေချင်ကြောင်း အမှာပါးခဲ့သည်။

၁၃၁၂ ခုနှစ်၊ ကဆုန် နယုန်လ။ နယုန်မိုးသေး မြက်သား မွေးဆိုသည့်အတိုင်း မအိမ်ကံတို့တစ်နယ်လုံး ပုရစ်နုကလေး များထိုးနေသည့်သစ်ပင်များဖြင့် စိမ်းစိုလွင်လျက်ရှိသည်။ မအိမ်ကံကတော့ သည်လိုမနက်စောစော လှည်းကလေးနှင့်ခရီး သွားရတာကို သဘောကျပါသည်။ လှည်းပေါ်မှာ သည်တစ် ခါတော့ သားအမိသားအဖလေးယောက်သာပါခဲ့သည်။ ဖိုးကူး ကတော့ ထုံးစံအတိုင်း လှည်းမောင်း။

ကိုပြေသိမ်း၊ မအိမ်ကံ၊ မအိမ်မြိုင်နှင့် မအိမ်ခိုင်။
သမီးကြီး မအိမ်မြိုင်က ၆ နှစ်၊ သမီးငယ် မအိမ်ခိုင်က ၃ နှစ်။ သမီးနှစ်ယောက်စလုံး ဖအေ့အချောနှင့် မအေ့အလှတို့ ပေါင်းစုနေကြသည်။ တစ်သွေးတစ်မွေး၊ တစ်ယောက်တစ်မျိုး ကြည်ကြည်စင်စင်ရှိကြတာကိုက မအိမ်ကံအတွက် ကုသိုလ်ကံ ထူးလှသည်အောက်မေ့မိပါ၏။ သမီးချောနှစ်ယောက်ကြောင့် မအိမ်ကံ ချင်ခြင်းတပ်ခဲ့သော ဖက်စိမ်းကွမ်းတောင်ကိုင် အိပ်မက်ကလည်း အညွန့်ငေါက်လို့လာခဲ့သည်။

ကြည့်စမ်းပါဦး။
ပန်းစည်းကြိုး ကြက်တောင်စည်းကလေးတွေနှင့် ပါး ကွက်ဝိုင်းကလေးတွေကွက်လိုက်လို့။ မြို့ကိုသွားမှာဆိုတော့ ၀တ်ကောင်းစားလှကလေးတွေ ဆင်တူဆင်မြန်းပေးထားခဲ့ သည်။ ရှန်ဟဲညွန့်ခေါ်ကြသည့် မိုးပြာရောင်ပိုးပျော့သားဇာပန်း ထိုးထဘီနှင့် အင်္ကျီကလေးတွေကြောင့် သမီးကလေးတွေက ပိုပြီးကျက်သရေရှိနေကြသလားထင်မိပါ၏။ အငယ်မကဖအေ့ ပေါ်ထိုင်ကာ အကြီးမက ဖိုးကူးကို ကုန်းပိုးထားရင်း လိုက်လာ ခဲ့ကြသည်။ ကိုပြေသိမ်းက ကျူထရံကွက်ပုဆိုး၊ လည်ခေါင်း တုံးအင်္ကျီကို သပ်သပ်ရပ်ရပ်ဝတ်စားထားသကဲ့သို့ မအိမ်ကံက လည်း ခရမ်းသွေးလုလုအချိတ်ထဘီနှင့် ဂျော်ဂျက်နိုင်လွန် လက်မောင်းတင်ကလေးနှင့်ဖြစ်၏။ မအိမ်ကံ၏ ပြည့်ပြည့် ၀န်းဝန်းလက်မောင်းသားပေါ်အောင်ချုပ်ထားသည့် လည်ထောင် အင်္ကျီက ခေတ်ဆန်လှသည်။ မအိမ်ကံတို့ အိမ်ကထွက်လာ တော့ နေလုံးပင် အရှေ့ကောင်းကင်မှာ မေးမတင်သေး။ သို့ပေ သိ ကဆုန် နယုန် ပူပူလောင်လောင်လဆိုတော့ မနက်ခင်းလင်း အားကြောင့် ဘေးဘီကိုကောင်းကောင်းမြင်နေရပြီ။ ရွာလမ်းက အထွက်လမ်းပေါ်မှာ သွားကြ၊ လာကြသူတွေ ဖြိုးဖြိုးဖြောက် ဖြောက်ရှိနှင့်ပြီ။ မအိမ်ကံက လမ်းမတန်းဘက်ကို စောင်း စောင်းကလေးထိုင်ရင်း လှည်းရံတိုင်ကိုကိုင်လိုက်လာခဲ့သည်။

“ဟင် မအိမ်ကံတို့သားအမိသားအဖတွေ ဘယ်တုံး။ စောစောစီးစီး”

“မြင်းခြံက အလှူဖိတ်လို့လေ။ သြော် ဘယ်သူများလဲလို့”

မအိမ်ကံက နှုတ်ဆက်သံကြောင့် ဖြေလိုက်ရသော်လည်း ကနဦးကတော့ ဘယ်သူမှန်းမသိ။ နောက်မှ အသံရှင်ကို ထင်းထင်းကြီးမြင်လိုက်ရသဖြင့် မျက်နှာတင်းသွားခဲ့သည်။ သာအောင်နှင့် ရွှေမှုံ။ ပြီးတော့ သူတို့သမီးကလေး မှုံနံ့သာ။ ရွှေမှုံခါးထစ်ခွင်မှာ သားကလေးတစ်ယောက်လည်းပါသေး သည်။ မှုံနံ့သာက ကိုပြေသိမ်းကို ဆရာလေးဟု နှုတ်ဆက် သည်။ မှုံနံ့သာပင် ကိုပြေသိမ်း၏ ကျောင်းတပည့်ဖြစ်နေခဲ့ပြီ။ ဟုတ်မှာပေါ့ မှုံနံ့သာက မအိမ်မြိုင်ထက် အခါလည်သာသာ လောက်ကြီးတာပဲလေ။ အရွယ်ကလေး လောက်လောက်လား လားဖြစ်လာတော့ မှုံနံ့သာက ငယ်ငယ်တုန်းကလို ပိန်ပိန်ပါးပါး ချွန်တွန်တွန်ကလေး မဟုတ်တော့။ အသားကလေးညိုတိုတိုနှင့် မျက်နှာပွင့်ပွင့်ကလေး။

ကိုပြေသိမ်းက သာအောင်ကို နှုတ်ဆက်သည်။ သူ့တပည့် မကလေး မှုံနံ့သာကိုနှုတ်ဆက်သည်။ ရွှေမှုံကတော့ လှည်းပေါ် မှာပါလာသော မအိမ်ကံသမီးနှစ်ယောက်ကို ငေးစိုက်ကြည့်နေ လေသည်။

“ညည်း ငါ့သမီးတွေကို ၀အောင်ကြည့်စမ်း ရွှေမှုံ။ ညည်း က သမီးတစ်ယောက် သားတစ်ယောက်၊ ငါက ရွှေဥ ဥထား တဲ့ သမီးနှစ်ယောက်။ အရွယ်များရောက်ကြရင် ငါ့သမီးတွေ က ကွမ်းတောင်ကိုင် ပြေးမလွတ်တော့ဘူးအေရဲ့။ ညည်း ထက် ငါကတောင် ထမ်းပိုးတင်နိုင်သေးပေါ့။ တစ်ပွင့်နဲ့တစ် ခက်ပေါ့အေ။ တစ်နေ့နေ့တော့ ညည်းရှေ့မှာ ငါ လက်ခမောင်း ခတ်လိုက်ရဦး”

မအိမ်ကံ ရင်ထဲကစကားတွေ။ ရင်ထဲမှာ စကားတွေ ဗလောင်ဆူလျက်ရှိ၏။
“အလှူဆိုတော့ မြင်းခြံမယ် တစ်ရက်နှစ်ရက်နေကြဦးမှာ ပေါ့။ အပြန်တော့ နေချိုမှပြန်ကြပါအေ။ ကလေးတွေ နေပူမိဦး မယ်။ ဥတုက ပူချက်တော့...”

ရွှေမှုံက ကရုဏာစကားဆိုသော်လည်း မအိမ်ကံ မတုံ့ပြန် မိ။ လှည်းဆက်ထွက်လာသည်အထိ မအိမ်ကံ မျက်နှာကလေး တင်းနေခဲ့သေးသည်။ ရွာရိပ်ကမလွတ်သေးသည့်လမ်းတစ် လျှောက် ဆရာလေးကိုရော၊ မအိမ်ကံကိုပါ နှုတ်ဆက်ကြသူ တွေ မနည်းပြီ။ အထူးသဖြင့် မအိမ်ကံကို ဆရာကတော်လို့ ခေါ်ကြတာကို ကျေနပ်နေမိသည်။ ဆရာလေးတို့၊ ဆရာ ကတော်တို့ ဘယ်များကြွကြမလို့တုံး ဆိုသည့်နှုတ်ဆက်သံတွေ နားထဲ ဝေစည်လျက်ရှိပါ၏။
ဖိုးကူးကတော့ မြင်းခြံရောက်လျှင် ဘိုင်စကုပ်ကြည့်ချင် ကြောင်း ကိုပြေသိမ်းကိုပြောနေသည်။ ဖိုးကူး ဘိုင်စကုပ်ကြိုက် တတ်နေပြီ။ မအိမ်ကံကို ဖိုးကူးက ချစ်လည်းချစ်၊ ကြောက် လည်းကြောက်သူဆိုတော့ တော်ရုံစကား၊ သူဖြစ်ချင်သည့် အကြောင်းရှိလျှင် ကိုပြေသိမ်းကိုတိုင်တည်တတ်သည်။ ကိုပြေ သိမ်းကလည်း မင်းသဘောပါကွာလို့ ခွင့်ပြုတတ်သည်။

ရွာကိုလွန်ခဲ့ကြပြီ။ တအီအီမောင်းနှင်ခဲ့ရင်းက ရာကျော် ဇရပ်ကိုပင်ရောက်တော့မည်။ ရာကျော်ဇရပ်မရောက်ခင် ကလေးမှာ တလုတ်မန်ကျည်းတောကြီးရှိသည်။ မအိမ်ကံတို့ရွာ ဘက်တွေက ဆေးမန်ကျည်းတောလို့လည်းခေါ်ကြသည်။ လှည်းလမ်းတစ်ဖက်တစ်ချက်ကိုပင် အကိုင်းချင်းယှက်မိုးထား သဖြင့် ညို့နေသည့်နေရာဖြစ်၏။ တလုတ်မန်ကျည်းတောကို ခဏဖြတ်ရသည်ပင် အေးမြလှသည်။ တလုတ်မန်ကျည်းပင် ကြီးတွေက သည်နေရာမှာ တောထနေရုံမက တစ်ပင်တစ်ပင် ထန်းလုံးလောက်ရှိကြပါ၏။

ထိုခဏ၌ပင် လှည်းနောက်ဖျား ဆီက ညွတ်ခနဲတက်လိုက်သော လူတစ်ယောက်ကြောင့် လှည်း ပင် အိခနဲဖြစ်သွားခဲ့သည်။ လူက ၀၀မည်းမည်း။ ညှီစို့စို့အနံ့ တွေက လှိုက်တက်နေသည်။ အပေါ်ပိုင်းအင်္ကျီမပါဘဲ ဆံပင် တွေ ကုပ်ပေါ်ဝဲကျနေတာကပင် ကြောက်စရာ။ သွားဝါ၀ါကြီး များနှင့်အတူပေါ်နေသောသွားဖုံးထူကြီးတွေမှာ အာစေးတွေ အမျှင်တန်းလျက်။ ထိုလူက တလုတ်မန်ကျည်းပင်ရိပ်က ရုတ် ခနဲထွက်လာပြီး လှည်းပေါ် စွေ့ခနဲတက်လိုက်ခြင်းဖြစ်သည်။ မအိမ်ကံတို့ပင် ရုတ်တရက် မတားသာခဲ့။ ထိုလူက လှည်း ပေါ်မှာထိုင်မိသည်နှင့် ကိုပြေသိမ်းပေါင်ပေါ်က သမီးငယ် မအိမ်ခိုင်ကိုလှမ်းဆွဲရင်း လုတော့သည်။ အသံက အက်ကွဲကွဲ။

“ပေးစမ်း ငါ့ကလေးကို။ ကလေးသူခိုးတွေ ခုမှမိသယ်။ လာခဲ့စမ်း”
မအိမ်ခိုင် အော်ငိုလိုက်သံက တလုတ်မန်ကျည်းတော တစ်တောလုံးကို ကိုင်လှုပ်လိုက်လေပြီ။

(ဆက်လက်ဖော်ပြပါမည်)


ခင်ခင်ထူး

July 24, 2009

မအိမ်ကံ ( for July ) အပိုင်း - ၆

“အစ်ကို ဘာတွေများ တွေးနေတာတုံး”

“မတွေးပါဘူးကွယ်။ လသာတာ လှလွန်းလို့ ထိုင်ကြည့် နေတာပါ”

မအိမ်ကံက ကိုပြေသိမ်းရင်ခွင်ထဲ အလိုက်သင့်လှဲမှီလိုက် သည်။ ကိုပြေသိမ်းက မအိမ်ကံကိုယ်လုံးကလေးကို သိုင်းဖက် ရင်း လက်ကလေးကို နမ်းလိုက်သည်။
“နောက်တစ်ခါတော့ မအိမ်ကံဘေးက တစ်ဖ၀ါးမှမခွာ ပါနဲ့တော့ အစ်ကို။ အဖေတို့သုံးတဲ့ စကားရှိသယ်။ လျှော့လျှင် ချစ်ခင်၊ တင်းလျှင် ရန်မုန်းတဲ့။ လျှော့လျှင် မိစ္ဆာ၊ တင်းလျှင် ဒိဋ္ဌိဆိုတဲ့ စကားလည်း ရှိသေးသယ်။ မအိမ်ကံကတော့ လျှော့ ချင်သူပါ။ လျှော့လို့ ချစ်ခင်ချင်သူပါ အစ်ကို။ လျှော့လို့ မိစ္ဆာ မဖြစ်ပါရစေနဲ့တော့”

မျက်ရည်တွေက ပါးပြင်နှစ်ဖက်ဆီမှ တသွင်သွင်စီးလာ ကြကာ တပေါက်ပေါက်ကျလျက် ရှိလေသည်။ ကိုပြေသိမ်း က မအိမ်ကံပါးပြင်က မျက်ရည်တွေကို ဖွဖွကလေးသုတ်ရင်း ချော့ရှာသည်။ ရွာထဲက ကြက်တွန်သံတွေ တစ်ချက်တစ်ချက် ကြားနေရသည်။ ကိုပြေသိမ်း စကားဝိုင်းသိမ်းပြီးမှ အိပ်ရာ ၀င်ခဲ့ကြတာဆိုတော့ မိုးသောက်ယံ တွန်သည့်ကြက်သံပင် ဖြစ်လိမ့်မည်။ လရောင်က မိုးလင်းခါနီးမှ တိုးပြီးလင်းလာ ခဲ့သည်။ မအိမ်ကံက ဆတ်ခနဲ ခေါင်းမတ်ကာ ကိုပြေသိမ်း မျက်နှာကို တည့်တည့်ကြည့်ရင်း ဆိုလိုက်သည်။

“အစ်ကို့ကို မအိမ်ကံ စကားတစ်ခွန်းပြောထားချင်သယ်။ တစ်ခါမှ မပြောဖူးခဲ့တဲ့စကားပါပဲ။ အစ်ကို စိတ်မဆိုးစေချင် ဘူး။ မအိမ်ကံ ရင်ထဲကစကားပါ အစ်ကို။ လင်နဲ့မယားဆို သာ ဖရုံတစ်ညှာ ဘူးတစ်ညှာမဟုတ်ဘဲကိုး။ မအိမ်ကံကတော့ ပြဿဒါးဆိုသာနဲ့ ကြောက်လန့်ပြီး ပြားနေအောင်ရုန်းမယ့် မိန်းမမျိုးမဟုတ်ဘူး။ မအိမ်ကံ ဘာကိုမှ မကြောက်ဘူး။ အစ်ကိုပြန်လာသာ မအိမ်ကံ ၀မ်းသာသယ်။ အစ်ကိုဟာ မအိမ်ကံအတွက် အဓိပ္ပာယ်ရှိချင်မှ ရှိပါလိမ့်မယ် အစ်ကို။ ဒါပေမယ့် သမီးလေးအတွက်တော့ဖြင့် အစ်ကိုဟာ အဓိပ္ပာယ် သိပ်ရှိပါသယ်”


မအိမ်ကံ၏ မျက်ဝန်းများက အရောင်တွေ တဖျပ်ဖျပ်စို လူးနေခဲ့သည်။ တိုးလွန်းညင်သာပြောနေသော မအိမ်ကံစကား တွေကို ကိုပြေသိမ်း နားထောင်နေရာက မအိမ်ကံကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ လရောင်ဆမ်းညရိပ်ထဲမှာပင် လှပ လွန်းလှသော မအိမ်ကံ၏ စူးရှရှမျက်လုံးများကို ရင်မဆိုင် ရဲသည့်အလား ကြမ်းပြင်ကို စိုက်ကြည့်နေလိုက်သည်။ မအိမ်ကံကတော့ စကားလုံးတွေ ရွေးချယ်နေသလို ခဏ ကလေး တိတ်ဆိတ်သွားပြန်၏။ ရွာတာလမ်းဘက်ဆီက မြို့ကိုသွားကြမည့် ထင်းလှည်းသံတအီအီကို ကြားနေရသည်။ မနက်စောစောနိုးကြသည့် ကျေးသံငှက်သံကလေးတွေ စိုးစိုး စီစီမြည်ကြလေပြီ။

“တိုင်းပြည်အတွက် စစ်ထွက်သွားသာကို မအိမ်ကံ သဘောတူသယ်ဆိုသာလည်း မှတ်ထားပါ။ မအိမ်ကံပြောချင် သာက သမီးအတွက် အစ်ကိုဟာ အရေးကြီးသယ်ဆိုသာ နားစွဲ နေစေချင်သာပါ။ မအိမ်မြိုင်အတွက် အစ်ကို ရှိရလိမ့် မယ်။ ရှိကိုရှိရလိမ့်မယ်။ မအိမ်ကံနဲ့ အစ်ကိုဟာ လက်သမား များ ပျဉ်နှစ်ချပ်စပ်သလို တစ်ဆက်တည်း ရှိကြရလိမ့်မယ်။ မအိမ်ကံမှာ ဘ၀နဲ့ရင်းထားရသဲ့အနာရှိသယ် အစ်ကို။ ဒါတော့ အစ်ကို နားလည်ပါ”

မအိမ်ကံ စကားတွေ ပြောလွန်းလှသည်၊ မျက်ရည်တွေ ကျလွန်းလှသည်ဆိုတာကလွဲ၍ ကိုပြေသိမ်း ကိုယ်တိုင်က မအိမ်ကံ စကားတွေကို ရှင်းရှင်းကြီး နားမလည်နိုင်ခဲ့။ သို့သော် သည်အချိန်မှာ ကိုပြေသိမ်း ဘာမှ ၀င်မပြောတာဘဲကောင်း သည်ဟု သဘောထားခဲ့ပါ၏။ မအိမ်မြိုင်အတွက် အစ်ကို ရှိရလိမ့်မယ်တဲ့။ မအိမ်ကံမှာ ဘ၀နှင့် ရင်းထားရတဲ့အနာ ရှိတယ်တဲ့။ မအိမ်ကံနှင့် အစ်ကိုဟာ လက်သမားများ ပျဉ်နှစ် ချပ်စပ်သလို တစ်ဆက်တည်း ရှိရလိမ့်မယ်တဲ့။ မအိမ်ကံ၏ စကားတွေက ထူးခြားလှချည်လား။ သို့သော် ကိုပြေသိမ်း ငြိမ်နေခဲ့သည်။

မအိမ်ကံကလည်း ကိုပြေသိမ်း ငြိမ်နေတာကို အကဲဖမ်း မိသည်။ တကယ်ဆို မအိမ်ကံတို့ သားအမိအနားက အစ်ကို တစ်ဖ၀ါးမှ မခွာပါဘူးကွယ်ဆိုသည့် နှုတ်ကတိတစ်လုံးတော့ ပေးစေချင်သည်။ ကိုပြေသိမ်း ဘာကြောင့်ငြိမ်နေရသလဲ။ မအိမ်ကံကို ဘာကြောင့် မေးခွန်းတွေ ပြန်ပြန်လှန်လှန် မမေး တာလဲ။
လရောင်က တဖြည်းဖြည်း ကျလာသည်။ လမင်း ပျောက်လို့ နေရောင်လာတော့မည်။ ၀ရန်တာကလေးကိုပင် မှောင်ရိပ်ကွယ်သွားခဲ့ပြီ။ ကိုပြေသိမ်းနှင့် မအိမ်ကံ စကားဆက် မပြောတော့ဘဲ ထိုင်နေခဲ့ကြတာ အကြာကြီး။

“သဗ္ဗေသတ္တာ သုခိတာ အဝေယာ ဟောန္တု။ သဗ္ဗေ-ခပ်သိမ်းကုန်သော၊ သတ္တာ- သတ္တ၀ါအပေါင်းတို့၊ သုခိတာ- ကိုယ်စိတ်နှစ်ပါး ကျန်းမာခြင်း ချမ်းသာခြင်းဖြင့်၊ အဝေရာ- ရန်မာန်တို့သည် မရှိကြကုန်သည်၊ ဟောန္တု-ဖြစ်ကြပါစေ သတည်း”
ခေါင်းရင်းအိမ်မှ အဘိုးသက်ပန်၏ ဘုရားရှိခိုး အမျှဝေ သံနှင့်အတူ ကြေးစည်ရိုက်သံကို ကြားလိုက်ရသည်။ မိုးပင် လင်းလုပြီ။

သည်မနက်တော့ ကိုပြေသိမ်းနှင့်အတူ ရွာဦးကျောင်း ဆရာတော်ကြီးထံ ဆွမ်းချိုင့် သွားပို့ကြသည်။ ဆရာတော် ကြီးက ဂျပန်တော်လှန်ရေးကြီးအကြောင်းကို ကျောင်းဆရာ ကိုပြေသိမ်းအား မေးတော်မူရှာ၏။ သက်တော်ကိုးဆယ်ဆို သော်လည်း ဆရာတော်ကြီးက နိုင်ငံ့အရေးကို စိတ်အားထက် သန်တော်မူသည်မဟုတ်လား။ ကိုပြေသိမ်းကလည်းသည်အ ကြောင်းတွေ ပြောလေတိုင်း တက်ထောင်မောင်းနင်းရှိလှပါ၏။

ကိုပြေသိမ်းပြောပြသော ဂျပန်တော်လှန်ရေးအတွေ့အကြုံ တွေကိုကြားရတော့ မအိမ်ကံ ခွင့်လွှတ်တန်သလောက်ခွင့်လွှတ် ခဲ့ရုံမက ကြားရတာကိုပင် သနားစိတ်ဝင်ခဲ့သည်။ ကိုပြေသိမ်း က မန္တလေး၊ စစ်ကိုင်း၊ မတ္တရာနယ်တွေကို ရောက်ခဲ့ သည်။ မန္တလေးမြောက်ဘက် မတ္တရာဘက်မှ ထိုးစစ်ဆင်လာသော အင်္ဂလိပ်တပ်များနှင့်ပူးပေါင်းကာခုခံခဲ့သည်။ရန်ကင်းတောင်မှာတိုက်ရတော့လည်းပါသည်။ကျောက်တစ်လုံးတွင်ဖမ်းထားသောမြန်မာတော်လှန်ရေးသမားတွေကို ဂျပန်တော် လက်ကလွတ်အောင်တိုက်ခဲ့သည်ဆိုပါ၏။ မြန်မာပြည်အထက် ပိုင်းတပ်ပေါင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတပ်များနှင့်ပါသွားရာ မှာတော့ ရွာငန် ရပ်စောက်အထိရောက်ခဲ့သည်။ ဗိုလ်မှူးကြီး ဗထူးနှင့်အတူ ပါသွားခဲ့ခြင်းဖြစ်သည်။

“မန္တလေးကို မီးလောင်တာများ မြင်မကောင်းဘူးဘုရား။ အင်္ဂလိပ်က မန္တလေးမှာဆုတ်ခါနီး မီးတိုက်ပစ်ခဲ့သလိုပဲ ပြန်ဝင် လာတော့လည်း ဂျပန်ခိုမယ့်နေရာတွေကို ဗုံးကြဲတဲ့အခါ မဆင် မခြင်လုပ်ခဲ့တယ် ဘုရား။ ကျောင်းတိုက်ကြီးတွေ မီးလောင် လိုက်တာ မနည်းဘူး။ ဘုရားစေတီတွေရဲ့ ဂန္ဓကုဋီတိုက်တော် တွေလည်း ပါကြတယ်။ စိတ်မချမ်းသာစရာပါဘုရား”

ကျောက်တော၊ နတ်စက်ကန်၊ ထင်းရှူးတောင်တိုက်ပွဲ များတွင် မြန်မာမျိုးချစ်များကျဆုံးခဲ့တာတွေပြောပြတော့ မျက် ရည်တွေဝဲလို့။ ၁၉၄၅ ခုနှစ်၊ ဇွန်လထဲရောက်တော့လည်း ကိုပြေသိမ်း မပြန်နိုင်။ ဗိုလ်မှူးကြီးဗထူးနှင့်အတူ တယ်လူး စခန်းမှာနေရသခိုက် ဖြစ်သည်။

“ဗိုလ်မှူးကြီး ဇွန်လ ၂ ရက်နေ့ညဘက်မှာ ငှက်ဖျားရော ဂါနဲ့ကွယ်လွန်သွားတော့ တပည့်တော် မျက်ရည်မဆည်နိုင်ခဲ့ ဘူးဘုရား။ ဇွန်လကုန်၊ ဇူလိုင်လထဲရောက်တော့မှ တပည့်တော် ပြန်လာခဲ့တာ။ တော်လှန်ရေးကြီးပြီးဆုံးပေမယ့် တာဝန်မပြီး ဆုံးသေးတာနဲ့ ခုနစ်လလောက်ကြာသွားတာပါ ဘုရား။ တပည့် တော်တို့လည်း ပင်ပန်းဆင်းရဲကြပါတယ်။ တစ်ခါတစ်ခါ ထမင်းတောင် ဘယ်ဆီမှန်းမသိရပါ ဘုရား”

“နို့ မေးစမ်းပါရစီဦး မောင်ပြေသိမ်းရဲ့။ တော်လှန်ရေးက ၀ါဆိုလကတည်းကပြီးသွားသာဆို၊ သာရင်တို့တစ်တွေ ပြန်လာ ခဲ့ကြသာကောကွယ့်”

“မှန်ပါ့ဘုရား တော်လှန်ရေးပြီးတော့ ဂျပန်က ပြေးပါပြီ။ တော်လှန်ရေး ရဲဘော်တွေလည်း ပြန်တဲ့လူပြန်၊ စစ်မြေပြင်မှာ ကျတဲ့လူကျပေါ့ဘုရား။ ဂျပန်ပြေးပေသိလို့ တကယ့် ကမ္ဘာသိ တရားဝင်လက်နက်ချတာက စက်တင်ဘာ ၂ ရက်နေ့ကျမှပါ ဘုရား။ ၀ါခေါင်လထဲပေါ့ဘုရား။ အခု တော်သလင်းဆိုတော့ ဘာကြာသေးတုံးဘုရား။ အင်္ဂလိပ်ဘုရင်ခံက ဗိုလ်ချုပ် အောင်ဆန်းနဲ့တွေ့ပြီး စက္ကူဖြူစာတမ်းဆိုတာ မြန်မာတွေလက်ခံ အောင်ပြောနေတာတွေ ကြားခဲ့ရတယ်ဘုရား။ တပည့်တော် လည်း စက္ကူဖြူစာတမ်းဆိုတာ သိချင်တာနဲ့ ဆရာကြီးဦးဘခင် တို့နဲ့အတူလိုက်ရင်းက ကြာသွားခဲ့ပါဘုရား”


July 21, 2009

တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့


ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို
သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။
၎င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း
တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့
မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့
သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ
ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ
ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့
နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။
ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိ
ုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ်
မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ
စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့...
အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊
နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့
မမေ့နဲ့နော်။

email မှာ တွေ့လို့ တင်ပေးလိုက်ပါတယ်။

July 20, 2009

မအိမ်ကံ ( for July ) အပိုင်း - ၅

ဆံပင်တွေက ဘယ်က ဘယ်လို ညှပ်လာတာလဲမသိ။ စက်ကပ်ကြေးနှင့် ဖြစ်ကတတ်ဆန်းထိုးထားပုံမျိုး။ လူကလည်း ပိန်ကျသွားလိုက် တာ ၀ါးခြမ်းပြားသာသာပင်။ မျက်တွင်းချောင်ကြီးနှင့် ခြေ တစ်ဖက်က ဆာချင်ချင်ဖြစ်နေသေးသည်။ ရင်ဘတ်နှင့်ကျောကုန်းမှာ အညိုအမည်းကွက်တွေက ဆေးရွက်ကြီးတွေ အချပ် လိုက်ကပ်ထားတာနှင့်တူသည်။ ဘယ်သောင်ဆိုက်လို့ ဘယ် ကမ်းရောက်ခဲ့သည် မသိရသော်လည်း တွင်းဆုံးကျလွန်းတာ ကိုတော့ မအိမ်ကံ မချိတင်ကဲရှိခဲ့သည်။ မလှအုံကပင် ကိုပြေသိမ်း ရောက်လာသည့်နေ့က မကောင်းသောအတိတ်၊ မကောင်းသောနိမိတ်တွေ အညံ့ပြေစေရန် ဖက်ကတော့ သက်စေ့ပြုကာ ပန်းသက်စေ့ထည့်၊ ရေချမ်းအိုးနံစေ့လှူပေး သည်။ မလှအုံကလည်း ကိုပြေသိမ်းကိုကြည့်ကာ စိတ်မသက် မသာ ရှိရှာသည်။

အမေပန်းရုံကတော့ မပြောနှင့်တော့။
“ဆန်မရှိတဲ့မောင်းဆုံ ကျည်ပွေ့စိုက်ရင် ခိုက်တတ်သယ်။ လူကြီးမိဘ၊ လင်သား၊ မိုး၊ မြေ၊ ရေ၊ နေကို စကားတင်းဆို လျှင် ခိုက်တတ်သယ်။ ရေလဲခေါင်းပေါင်းအင်္ကျီလက်ခွံစုပ် ချုပ်မ၀တ်ကောင်းဘူး၊ ခိုက်တတ်သယ်။ ညည်းယောက်ျားကို အပြစ်ရှိဦးတော့ စကားတင်းမဆိုနဲ့၊ ကြားလား မအိမ်ကံ။ ကောင်းသော စကားကိုပြော။ ညည်းကို မခိုက်စေနဲ့”



မလှအုံက မအိမ်ကံကို ကျိတ်ဆုံးမသည်။ မအိမ်ကံက လည်း စကားကောင်းကိုသာ ပြောပါ၏။ လင်နှင့်တင်၍ စကားတင်းဆိုဖို့ရာတော့ ဝေးရော။ သို့သော် ကိုပြေသိမ်း ဘာတွေဖြစ်ခဲ့တာလဲဆိုတာတော့ မအိမ်ကံ သိချင်သည်။ ခက်တာက ကိုပြေသိမ်းကလည်း ဘာမှမပြော။ ခမျာ မပြော ချင်ရှာသေးလို့ ထင်ပါရဲ့လေလို့သာ မှတ်ယူရတော့သည်။

ညဘက်မှာတော့ အောက်လင်းဓာတ်မီးပင် ထွန်းရ လေပြီ။ ရွာကျောင်းဆရာလည်းဖြစ်ပြန်၊ ရပ်ရွာကလည်း ချစ်ခင်သူ၊ လေးစားအားကိုးသူဆိုတော့ ဆရာလေးကိုပြေသိမ်း ကို သတင်းလာမေးကြသူတွေ များလှပါ၏။ ဂျပန်တော်လှန် ရေးတွင်ပါခဲ့ကြသူ ရပ်သူရွာသားအချို့ ပါလာကြသည်။ အချို့သူတွေကတော့ ရွာကိုပြန်မလာနိုင်ကြတော့ပြီ။ တော်လှန် ရေးတွင် ကျဆုံးခဲ့ကြသူတို့၏ သပိတ်မြေဆွမ်းသွပ်ပွဲတွေ ဟိုတစ်နေရာ၊ သည်တစ်နေရာရှိခဲ့တာကိုလည်း မအိမ်ကံ သတိရမိသည်။

မအိမ်ကံ ကိုယ်တိုင်ရောက်အောင် သွားမေးခဲ့ သေးသည်။ ငိုကြယိုကြတာကိုကြည့်ရင်း သြော် သူတို့ကမှ စိတ်ဖြောင့် ကိုယ်ဖြောင့် လွတ်လွတ်လပ်လပ် ငိုနိုင်ကြသေးရဲ့ လို့ အောက်မေ့ခဲ့သည်။ အခုတော့လည်း ကိုယ့်ရှေ့ ငုတ်တုတ် ရောက်လာသောလင်သားကို ကြည့်ပြီး ၀မ်းသာမျက်ရည်ဝဲ ရပြန်သည်။ ညည့်နက်သည်အထိ ဧည့်သည်တွေ မပြန်တော့ မအိမ်ကံတို့လည်း ရေနွေးပွဲနှင့် ပဲခြမ်းကြော်သုပ်တွေ ဒိုင်ခံပြင်ပေးရင်း စကားဝိုင်းကို ငေးနေခဲ့ကြသည်။

“မအိမ်ကံ ညည်းယောက်ျားလည်းကြည့်ပြောဦး၊ အစပ် လွန်တော့ အချိုနုတ်၊ အချဉ်လွန်တော့ အစပ်နဲ့နုတ်၊ စကားလွန် တော့ ဘာနဲ့နုတ်ရမှန်းတောင် မသိတော့ဘူး။ ပြောလိုက်တဲ့ စကားတွေတော်”

မလှအုံကပင် ကိုပြေသိမ်း စကားတွေပြောလွန်း၍ အငေါ် တူးလေ၏။ ကိုပြေသိမ်းကလည်း မေးသမျှဖြေရုံမက လက် သီးလက်မောင်းများပင် တန်းလိုက်ပါသေးသည်။ ဂျပန်နှင့် တိုက်ရသည့် တိုက်ပွဲတွေအကြောင်းလည်းပါသည်။ မန္တလေး မြို့ ဗုံးကြဲခံရတာလည်းပါသည်။ ဂျပန်တွေ ဆုတ်ရင်းသတ် ဖြတ်ခဲ့ကြလို့ ကျဆုံးရသူတွေအကြောင်းလည်းပါသည်။ ကိုပြေသိမ်းပြောပြတာတွေ နားထောင်ရတော့ မအိမ်ကံတို့ တစ်တွေ ခံစားခဲ့ရသောစစ်ဒုက္ခက ဘာမှမဟုတ်တော့။ တိုင်း ပြည်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သော လင်သားအတွက် ဂုဏ်ယူလေးစားစိတ်တွေပင် ၀င်လာမိခဲ့ သည်။ သို့သော် ကိုပြေသိမ်းက သူပျောက်နေသည့် ရက်တွေ အကြောင်းတော့ ပါတာမကြားရ။

“ဘကြီးကိုးနှယ် မန္တလေးမြို့ကြီးကို ဗြိတိသျှတပ်က သိမ်းတာကပဲ တော်တော်ကြာတယ်။ မန္တလေးတောင်မှာ ဂျပန် စစ်သားတချို့၊ မန္တလေးနန်းတော်တွင်းမှာ ဂျပန်စစ်သားတချို့ အောင်းနေကြတာကိုတိုက်ရတာ ဆယ့်သုံးရက်ကြာတယ်။ မြို့ ရိုးကြီးကလည်း ခိုင်လှသကောခင်ဗျာ။ အမြောက်နဲ့ထုတာ တောင် မပဲ့ဘူး။ အင်္ဂလိပ်လေယာဉ်ပျံတွေက မြို့ရိုးကို တည့် တည့်ထိအောင်ဗုံးကြဲတာလည်း ဘယ့်နှယ်မှမနေဘူး။ ဒါနဲ့ပဲ ပေါင်နှစ်ထောင်ဗုံးဆိုတာကြီးတွေနဲ့ ကျုံးရေထဲဗုံးချ၊ ဗုံးကန် အားနဲ့ မြို့ရိုးကိုထိတော့မှပေါက်တယ်။ ဒါတောင် တော်တော် ကြဲယူရတာကောခင်ဗျ”

“ရက်စက်လှချည့်လား မောင်ပြေသိမ်းရဲ့။ ဂျပန်ကလည်း အာဂပါလား။ နေရာကောင်းယူတတ်ကြပါကော”

“မန္တလေးတောင်ကို တက်တိုက်တော့လည်း ကျည်အကာ အကွယ်ကောင်းတော့ ဂျပန်ကို ချက်ချင်း မောင်းမချနိုင်ဘူး။ ဂေါ်ရခါးစစ်တပ်က ပစ်လည်းပစ်၊ တက်လည်းတက် တရ ကြမ်းပစ်ခတ်တက်ကြတာများ မိုးကြိုးပစ်နေသလားမှတ်ရပါ တယ်။ မန္တလေးတောင်တိုက်ပွဲမှာ ဂျပန်တွေ တော်တော်သေ ကြတယ်။ မန္တလေးနန်းမြို့ရိုးထဲမှာ ဂျပန်ဖမ်းထားတဲ့အင်္ဂလိပ် တွေလည်းလွတ်ကြတယ်။ ဂျပန်တချို့လည်း ရေထွက်ပြွန်က ထွက်ပြေးကြလို့ လွတ်ပါရဲ့”

“သြော်... လွတ်သွားကြသလား”

“အပြင်မှာဝိုင်းထားတဲ့တပ်က ဘယ်အလွတ်ပေးမလဲ။ ပစ်ကြတာများ သေကြတာ အတုံးအရုံးပဲ။ အင်္ဂလိပ်နဲ့ဂျပန်ပစ် ကြတာ ကြားကနန်းတော်ကြီးလည်း ကြေမွသွားရရှာတာပါပဲ”

“အင်း...၊ သင်္ခါရပေပေါ့ကွယ်။ ဖြစ်စရာရှိတော့ ဖြစ်ရ၊ ပျက်စရာရှိတော့ ပျက်ရ။ စစ်ဆိုတာ တစ်ကွက်မှမကောင်းပါ ဘူးလေ”

ကိုပြေသိမ်းက မတ္တရာတိုက်ပွဲ၊ ရန်ကင်းတောင်တိုက်ပွဲ၊ အောင်ပင်လယ်တိုက်ပွဲတွေအကြောင်း ပြောပြသည်။ ရွာသူရွာ သားတွေ များသည်ထက်များလာသဖြင့် ကိုပြေသိမ်းမှစကားစ မသိမ်းဝံ့ဘဲ ရှိရလေသည်။ ဂျပန်စစ်သားတွေက မြန်မာဘုန်းကြီး ယောင်ဆောင်ကာ မဟာမိတ်တွေကို အနီးကပ်ပစ်ကြတာလည်း ပါသည်။ မန္တလေးမြို့၊ စစ်ကိုင်းမြို့ ၊ အင်းဝမြို့များ ဂျပန်လက်က လွတ် ရပုံတွေလည်း ပါသည်။ ဂျပန်တွေက ဘုရားတန်ဆောင်းတွေ မှာ ကတုတ်ခံတပ်ပြုကာ ဘာသာသာသနာကိုစော်ကားသဖြင့် လည်းကောင်း၊ အမျိုးမျိုး ညှင်းပန်းနှိပ်စက်သည်ကို မခံနိုင်ကြ သဖြင့်လည်းကောင်း သူသေကိုယ်သေ တိုက်ကြသော်လည်း လယ်တောထဲက အိမ်ကလေးတွေမှာ ပုန်းနေကြသည့် ဂျပန် တွေကို ထမင်းကျွေးကြသည့် မြန်မာတို့၏ စိတ်နေစိတ်ထား အကြောင်းတွေ လည်းပါသည်။ ဘုန်းကြီးကျောင်းက ကုလား တက်ခေါက်သံကြားမှ လူစုလည်း ကွဲလေသည်။

ရွာပြန်ရောက်လာပြီးမှ ကိုပြေသိမ်း အအိပ်အစားမှန်လာ ပုံရသည်။ စားလိုက်၊ အိပ်လိုက်၊ နားလိုက်၊ သမီးကလေးကို မြှူလိုက်နှင့် လန်းဆန်းလို့လာသည်။ မအိမ်ကံကတော့ အိမ် အလုပ် တချို့ကို ဖိုးကူးနှင့် လက်လွှဲပေးထားသည်။ လယ် အလုပ် ကိုင်းအလုပ်တွေကိုလည်း ဖိုးတုတ်က တက်ကစီး လုပ်နိုင်ပြီ။ မအိမ်ကံမှာ အစ်ကိုပညာတတ်၊ လင်ပညာတတ် ရှိသော်လည်း လက်တွေ့ဘ၀မှာ ကိုဖိုးငွေနှင့် မလှအုံတို့ မိသားစုကိုပဲ အားကိုးအားထားပြုရတာကို ဆင်ခြင်မိသည်။ သို့သော် သည်ပညာတတ်တွေ၏ တန်ဖိုးကိုလည်း နားလည် ခံစားတတ်ပါ၏။

“အိမ်ကလေး သမီးလေး အိပ်သွားပြီ။ ချသိပ်လိုက်တော့ မယ်နော်”

ဖအေ့ပခုံးထက်မှာ အိပ်ပျော်သွားသော မအိမ်မြိုင်ကို လက်လွှဲယူလိုက်ပြီး ခုတင်ပေါ်မှာ ချသိပ်လိုက်သည်။ မအိမ်ကံ ကလေးသိပ်နေတုန်း ကိုပြေသိမ်းက ၀ရန်တာဘက် ထွက်ထိုင် နေလေတော့ မအိမ်ကံလည်း ထွက်လိုက်လာခဲ့၏။ လပြည့် ရက်နီးပြီမို့ထင့် လက သာလိုက်တာ။


July 19, 2009

အာဇာနည်နေ့


ကျနော်တို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း
ရှိများရှိနေခဲ့ရင်..........

ဒီ ၆၂နှစ်ဆိုတဲ့ ကာလမှာ
မြန်မာဆိုတာ.........

အကျင့်မကောင်းပဲ အဒွန့်ရှည်နေကြတဲ့
နေရာမှာ
ဘုန်းကြီးပြီး အသက်မရှည်ခဲ့ရတဲ့
ဗိုလ်ချုပ်အောင်ဆန်း သာဆိုလျှင်.............

လေးစားလျှက်
ရီနိုမာန်

ဆု နဲ့ စူး

ဒီလနဲ့ နောက်လတွေမှာ ကျနော် အလုပ်များနေမှာပါ။ အလုပ်လုပ်ရတာတော့ မပင်ပန်းပါဘူး။ မနက်စောစော အိပ်ရာထရတော့ တော်တော်လေးကို ဆိုးရွားပါတယ်။ ( အအိပ်မှတ်တာကိုး) ဒီနေ့တော့ အလုပ်ရှိတယ်။ ဆိုဒ်ထဲသွားစရာ မလိုဘူး။ ပုံမှန်အလုပ်ချိန်ဆိုတော့ ပိုစ့်လေးတစ်ခုလောက်တော့ တင်မယ်လို့ စဉ်းစားမိတယ်။ အလုပ်လုပ်ရင်းနဲ့ စဉ်းစားတာတော့ အများကြီးပဲ ရေးချင်စရာတွေ။ ကွန်ပြုတာရှေ့လည်းထိုင်ရော ဘာရေးလို့ ရေးရမှန်း မသိတော့ဘူး။ ကိုးနာရီလောက်ထဲက အိမ်တွေလိုက်လည်နေတာနဲ့ မနော်အိမ်မှာ စကားသွားပြောနေတာနဲ့ အချိန်က ကုန်ရော။ ခုရေလည်းချိုးပြီးတော့ မအိပ်ချင်သေးတာနဲ့ ကိုယ်က စတက့်ခ်တဲ့ တက်ခ့်ပိုစ့် လေးရေးမယ်ဆိုပြီး ထိုင်ရေးနေပါတော့တယ်။

လူတိုင်းလူတိုင်းမှာ အမှတ်တရဆိုတာ ရှိကြစမြဲပါ။ အမှတ်တရတွေထဲကမှ အမှတ်တရဖြစ်နေတဲ့ ဆု ဆိုတဲ့ အကြောင်းလေးကိုရေးချင်လာတယ်။


ကျနော်က ပညာရေးမှာ စာတော်တဲ့ ကျောင်းသားတော့ မဟုတ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က မှတ်ဥာဏ် လုံးဝ မကောင်ဘူး။ စာကျက်နှုန်းလည်း မပြေးဘူး။ သူများနှစ်ခေါက်ဆို ကျနော် ငါးခေါက်လောက်မှ ရတယ်။


ကျနော်လေးတန်းနှစ်က မှတ်မှတ်ရရ ရှိနေတဲ့ အကြောင်းကတော့ ကျနော်တို့ တုန်း လေးတန်းနှစ်မှာ အစိုးရစစ်ဗျ။ စာမေးပွဲကြီး မတိုင်ခင် ပထမစမ်းနဲ့ ဒုတိယစမ်းဆိုတာရှိတယ်။ ပထမစမ်းမှာက စာမေးပွဲကြီး အတိုင်းစစ်တာ။ ပထမစမ်းရဲ့ အဖြေလည်း ထွက်လာရော တစ်တန်းလုံးမှာ အောင်တဲ့လူ တစ်ယောက်ပဲရှိတယ်။ အောင်တဲ့ လူတစ်ယောက်ကလဲ ကျနော်ဖြစ်နေပြန်ရော။ (ကြက်ကန်း ဆန်အိုးတိုးသွားတာ) တစ်တန်းလုံးမှာ ပြိုင်ဖက်မရှိ ပထမရခဲ့တယ်။

တစ်ခါ ငါးတန်းမတက်ခင် စက်ကြား ဗုဒ္ဓဘာသာ သင်တန်းကျောင်းဖွင့်တော့ လည်း သွားတက်ရတယ်။ အဲ့ဒီမှာလဲ ပထမရတယ်။ ကျနော် အထင် အဖေမျက်နှာကြောင့်လို့ ထင်တာပဲ။ ကျနော်လည်း မေးသမျှ ဘုရားစာတွေကို အထစ်အငေါ့ မရှိဖြေနိုင်ခဲ့ပါတယ်။ တစ်တန်းလုံးမှာ စာတော်တဲ့ ကျနော်သူငယ်ချင်းကတော့ ဂုဏ်တော်ကိုးပါးမှာ အစမေ့နေလို့ ဒုတိယပဲ ရခဲ့တယ်။ (ကြွားတာ ကြွားတာ)

ကျနောသာ အတန်းထဲမှာ ဘာဆုမှ မရတာ ကျနော် ပေါင်းလိုက်တဲ့ သူငယ်ချင်းတွေကတော့ ပထမ၊ ဒုတိယ၊ တတိယ ရတဲ့ သူတွေချည်းပဲ။ ဒီလိုနဲ့ ကျနောခုနှစ်တန်းနှစ်မှာ ဘောလီဘော် ကစားတာ ဒုတိယ ဆုရတယ်။

ကျနော် ရှစ်တန်းရောက်တော့ အစိုးစစ်မဟုတ်တော့ဘူး။ ဘုတ်စစ်ဖြစ်သွားပြီ။ ရှစ်တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်လာတယ်။ ကဲ....ရခဲ့တဲ့ ဆုတွေကတော့ ကုန်ပြီ။ နောက်ထပ် ဆု တွေကတော့..............

ကျနော်ကို တွေ့ဖူးတဲ့ လူတွေကတော့ လိမ်မာမဲ့ ပုံစံပဲလို့ ထင်မှာပဲ။ အမှန်က အပေါင်းအသင်းကောင်းရင် သောင်းကျန်သလားလို့ မမေးနဲ့။
ကျနော်ဆယ်တန်းနှစ်မှာ ဘာအံးကိုရောက်နေပြီ။ အမေကတော့ အဖေနဲ့ ပင်လောင်းမှာပဲနေခဲ့တယ်။ ကျနော်တစ်ယောက်ထဲ ဘာအံးမှာ ကျောင်းလာတက်တယ်။ ဆယ်တန်း စာသင်နှစ်ကြီးမှာ ကျောင်းဝန်းထဲမှာ ရှိတဲ့ အလှထာတဲ့ သစ်တုံးကြီးကို ကျနော်တို့ အဖွဲ့ ပြောင်ပြန်လုပ်လို့ ရုံးခန်းရောက်ပို့ခံရတယ်။ ကျောင်းချိန်မှာ ကျောင်းမတက်ပဲ ဗီဒီယို သွားကြည့်နေလို့ ရွာကတိုင်တာကို ခံရဖူးတယ်။ ဟော့ နောက်ဆုံး လုပ်စရာမရှိတော့ ဆယ်တန်းပထမစမ်းမှာ ဘာသာစုံ အကျပြိုင်ဖူးတယ်။ အောင်စရင်းထွက်တော့ ဘာသာစုံကျလို့ အိမ်အထိ ဆရာမလိုက်တိုင်တာကို ခံရတယ်။

အဲ့ဒီလို အဲ့ဒီလို ဆရာ၊ ဆရာမတွေအပေါ်မှာ စိတ်အနှောက်အယှက် ဖြစ်လုပ်ခဲ့တဲ့ ကျနော်အတွက် ဘာပြန်ရလိုက်လဲဆိုတော့ ၁၉၉၈ မှာဖြေတဲ့ ဆယ်တန်းစာမေးပွဲကို ကွင်းလုံးကျွတ် ကျသွားခဲ့တယ်။ တန်ပြန်ရလိုက်တဲ့ ဆုလဒ်ပေါ့။ နောက်နှစ်မှာတော့ ပင်လောင်းမှာ ကျောင်းပြန်တက်ပြီး ဖြေတာ အောင်သွားခဲ့တယ်။

ပင်လောင်းမှာအောင်တော့ တက္ကသိုလ်ကို တောင်ကြီးကိုချပေးတယ်။ ကျောင်းကျတဲ့ အချိန်မှာ ကျနော်က ရန်ကုန်မှာ အလုပ်လုပ်နေပြီးဆိုတော့ ဘယ်လို့မှ သွားလိုက်ပြန်လိုက် လုပ်ဖို့ရာ အဆင်မပြေတော့ဘူး။ ဒါကြောင့် ရန်ကုန်ကို တောင်းပြောင်းလိုက်တယ်။ ရန်ကုန်ကလည်း နှစ်ကျောင်းပဲရှိတော့ ဘယ်ကျောင်းကိုရွေးရမှန်း မသိတာနဲ့ အဆင်ပြေတဲ့ အရှေ့ပိုင်း တာဝကိုပဲရွေးလိုက်တယ်။

ပထမနှစ်မှာ အလုပ်ကအရမ်းအလုပ်များတာနဲ့ အဝေးသင် ဆယ်ရက်ကို သွာမတက်နိုင်ဘူး။ စာမေပွဲ ဖြေခါနီးနှစ်ရက်လောက် အလိုမှ ကျောင်းသွားပြီး မေဂျာတိုင်းက ဆရာမတွေဆီသွားပြီး “ ဆရာမရယ် ကျနော် ခုမှနယ်ကပြန်ရောက်လို့ ကျောင်းမတက်နိုင်လိုက်ဘူး။ ကျနော် ဘာများကျက်ရမလဲပေါ့” ကံကောင်းစွာနဲ့ ဆရာမတွေက ကျက်စရာ တစ်ပုဒ်နှစ်ပုဒ် လောက်ပဲပေးလိုက်တယ်။ ကျက်တယ်ထင်လား။ မှားသွားမှာပေါ့။

ရုံးကိုပြန် စာစီစာရိုက်၊ မိတ္တူကူး၊ ဖြတ်ညှပ်ကပ် လုပ်ပြီး ပထမနှစ်နဲ့ ဒုတိယနှစ်ကို အောင်လာခဲ့တယ်။ စတွေ့တာတော့ နောက်ဆုံးနှစ်မှာပေါ့။ ကျနော်တို့ က ကျောင်းထဲမှာကျတော့ ဒီနှစ် စာခိုးတဲ့လူမိရင်း ၂ နှစ်နားမယ် ကျောင်းထုတ်မယ် ဘာညာပေါ့ ကြားနေရတယ်။ ဒါလည်း အနီးကပ် ၁၀ ရက်တက်လာမေး လုံးဝမတက်ပါ။

စာမေးပွဲဖြေရက် ၅ရက်မှာ သုံးရက်က အဆင်ပြေတယ်။ လေးရက်မြှေက်တဲ့ နေမှာ အခန်းစောင့်နဲ့ ပြသနာတက်တော့တာပေါ့။ ပြသနာ တက်ပုံတက်နည်း ကိုတော့ မပြောပြတော့ဘူးနော်။ နောက်ဆုံးတစ်ဘာသာကို တောင်သွားဖြေလို့ ရမယ်မထင်တော့ဘူးလို့တောင် ထင်နေတာ။ ရအောင်ကိုသွားဖြေ လိုက်သေးတယ်။ အောင်စရင်းထွက်တော့ ခက်လန့်လန့်နဲ့ သွားကြည့်ခဲ့တာပေါ့။ ကံကောင်းတယ်ဗျ။ အောင်လာတယ်။

အခန်းစောင့် ဆရာမနဲ့ ပြသနာကို ကျနော်ဘယ်ပြန်ပေး ဆက်လိုက်ရလည်း ဆိုတော့ ........
ကျနော်က သူများတွေ ဘွဲ့ယူတာကို ကြည့်ပြီး အရမ်း သဘောကျတာ။ ဘယ်လိုပဲဖြစ်ဖြစ် အဝေးရောက် မယူဘူး။ အနီးကပ်ပဲ ယူမယ်လို့ တွေးထားတာ။ ကျနော် ဘွဲ့ ယူမဲ့ နှစ်မှာပဲ ကျနော် မလေးရှားကို ထွက်ခဲ့ရတယ်။ ကျနော် ပြန်ပေးလိုက်ရတဲ့ အရာကတော့ ဘွဲ့ရပင်မဲ့ ဘွဲ့မယူလိုက်ရဘူး။ ဒါလည်း တန်ပြန်ရလိုက်တဲ့ ဆုလဒ်တစ်ခုပါပဲ။

ကျောင်းသား/သူ ဘဝမှာ အမှတ်တရ ရှိနေတဲ့ အရာလေးတွေကိုရေးပေးစေချင်ပါတယ်။ အောက်က ညီအကို မောင်နှမများ ရေးပေးပါအုံးနော်။
  1. သယ်ရင်း ဖိုးစိန်
  2. ညီလေးနေဒေးသစ်
  3. ညီလေး ဂျပန်ကောင်လေး
  4. ညီလေးတောင်ပေါ်သား
  5. သူငယ်ချင်း မြစ်ကျိုးအင်း
  6. ကိုလူထွေး
  7. ညီလေး မနောသား
  8. ညီလေး သားကြီး
  9. ညီလေးဝသန်
  10. ညီလေး မောင်ငယ်
  11. ညီမလေး မိုးခါး
  12. မကြီးဝါ
  13. ညီမလေး မေလေး
  14. မက်မက်
  15. မကီး
  16. မငုံ
  17. မကောင်းကင်ပြာ
  18. နွေးနေခြည်
လေးစားလျှက်
ရီနိုမာန်




July 17, 2009

ဆရာမ ခင်ခင်ထူး ( မအိမ်ကံ )


ရွှေအမြုတေ မဂ္ဂဇင်းမှာ အခန်းဆက်ဝတ္ထုရှည် အဖြစ် ဖော်ပြနေတဲ့ မအိမ်ကံနဲ့ ပတ်သက်ပြီး သိလိုစိတ် စောနေတဲ့ စာဖတ်ပရိသတ်များ အတွက် မအိမ်ကံ ဘယ်တော့ ပြီးမှာလဲ၊ ဘယ်လ ပြီးမှာလဲ စသဖြင့် လစဉ်လတိုင်း လိုလို မေးနေကြတာကြောင့် မန္တလေးမှာ နေထိုင်တဲ့ ဆရာမ ခင်ခင်ထူးထံ ဆက်သွယ်ပြီး မအိမ်ကံနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။

ဆရာမ... ဆရာမရဲ့ ပရိသတ်တွေက မအိမ်ကံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို မကြာခဏ ဆိုသလို မေးနေကြတယ်။ မအိမ်ကံ ဘယ်တော့ပြီးမှာ လဲတဲ့။ သူတို့က မအိမ်ကံ အခန်းဆက် ပြီးသွားမှာကို စိုးရိမ်နေကြတယ်။

ဆရာဦးဝင်းငြိမ်းနဲ့ ကျွန်မ ဒီဝတ္ထုနဲ့ ပတ်သက်ပြီး စညှိကြစဉ် ကာလကတည်းက ဦးဝင်းငြိမ်းက ဆရာမ ချုံ့မရေးနဲ့၊ ကြိုက်သလိုသာ ရေးလို့ ခွင့်ပေး ခဲ့တာကြောင့် ကျွန်မကလည်း မအိမ်ကံရဲ့ အသေးစိတ် စရိုက်ကလေးတွေ ပေါ်အောင် ရေးခဲ့တယ်။ ဒီကြားထဲမှာ တောသူ တောင်သားများရဲ့ အကျင့် စရိုက်ကလေးတွေ ထင်သာမြင်သာ ရှိအောင်လည်း ညှပ်ညှပ်ပြီး ရေးသွားတယ်။ ပထမပိုင်းမှာ မအိမ်ကံ ရဲ့ စရိုက်က အင်မတန်နူးညံ့တယ်။ ဒါပေမယ့်ကြီးတော် စံရွှေက သူ့သားနဲ့သမုတ်လိုက်ချိန်ကစပြီး မအိမ်ကံရဲ့ ရင်ထဲမှာ မဟုတ်ဘဲနဲ့ အပြောခံ ရတာက တစ်ကြောင်း၊ သူ ကွမ်းတောင်ကိုင် မဖြစ်နိုင်ဘူး ဆိုတာ သိလိုက်ရတာက တစ်ကြောင်း အနာကြီး
နာသွားတယ်။ အဲဒီက စပြီး မအိမ်ကံရဲ့စရိုက်ကလည်း အရင်လို နူးနူးညံ့ညံ့၊ သိမ်သိမ် မွေ့မွေ့ မဟုတ်တော့ဘဲ လိုအပ်ရင် လိုအပ်သလို စရိုက်ကြမ်းလာတယ်။


သူ့အဖေ သူကြီး ဦးသာထန်ကို ဂျပန်စစ်ဗိုလ်က သေနတ် ထုတ်ပေးဖို့ အတင်း ရိုက်နှက်တောင်းနေတဲ့ အချိန်မှာ မအိမ်ကံက ရုတ်တရက် ၀င်လာတာမျိုးပေါ့။

ဟုတ်တယ်။ အဲဒီလို စရိုက်မျိုးပေါ့။ ပင်ကို စရိုက်အတိုင်း ဆိုရင်တော့ မအိမ်ကံက ပဲမှော်တိုက်ထဲမှာပဲ ပုန်းနေမှာပဲ။ အခုတော့ သူ့စိတ်မှာ နာကြည်းချက် တွေလည်း ရှိနေတော့ ရုတ်တရက် သေနတ်ကို ဆွဲပြီး ဂျပန်စစ် ဗိုလ်ရှေ့ မျက်နှာချင်းဆိုင် ၀င်ရဲသွားတာပေါ့။

စာဖတ် ပရိသတ်က ပထမပိုင်းမှာတော့ မအိမ်ကံရဲ့ မင်းသားဟာ ဘယ်သူလဲလို့ တစ်လပြီး တစ်လ တွေးနေခဲ့ ကြရတာ အခုတော့မှပဲ မအိမ်ကံရဲ့မင်းသားကို တွေ့ကြရတော့တယ်။ ပထမတော့ ပရိသတ်က သာအောင် ပဲဖြစ်တော့ မလိုလို ထင်နေကြတာ။ နောက်တော့မှ ကိုပြေသိမ်း ဖြစ်သွားတာကိုး။


သာအောင်ဆိုတဲ့ ဇာတ်ကောင်ကို အစ ဆွဲထုတ်ခဲ့ရတာက နောင်မှာ ကြီးတော်စံရွှေနဲ့ မအိမ်ကံ ထိပ်တိုက်တွေ့နိုင်ဖို့ ဖန်တီးခဲ့ရတဲ့ ဇာတ်ကောင်ပါ။ သာအောင်က လူပျိုဖြစ်မှသာ မအိမ်ကံနဲ့ သမုတ်နိုင်မှာ ဖြစ်သလို ပရိသတ် အတွက်လည်း သို့လော သို့လော ဖြစ်အောင် ဖန်တီးခဲ့ ရတာပါ။

ဆရာမ မအိမ်ကံကို ရေးတဲ့အခါ အစအဆုံး ဇာတ်အကျဉ်းချုပ်ကို ချရေးထားပြီးမှ တစ်ကွက်ချင်း ချဲ့ယူ သွားတာလား။ ဒါမှမဟုတ် တစ်လချင်း ခေါင်းထဲမှာ ပေါ်လာသလို ချရေး သွားတာလား။

ဇာတ် အစအဆုံး ကျောရိုးကိုတော့ ကျွန်မ ရင်ထဲမှာ ရှိပြီးသားပါ။ ဒါပေမယ့် တစ်ခါတလေမှာတော့ ရေးနေရင်းနဲ့ ပေါ်လာတဲ့ အကြောင်းအရာတွေလည်း ရှိတတ် ပါတယ်။ အထူးသဖြင့် သမိုင်းဝင် အဖြစ် အပျက်တွေကို ရေးရတဲ့ အခါမျိုးမှာ ကျွန်မ စာရေးတဲ့ စားပွဲ အနား နှစ်တစ်ရာ ပြက္ခဒိန်ထားပြီး ညှိနှိုင်း ရေးပါတယ်။

ဆရာမ မအိမ်ကံကို ရေးတဲ့ ပုံစံက အရင်ဝတ္ထုတွေ ရေးခဲ့တဲ့ ပုံစံနဲ့ ကွာခြားတယ်နော်။

ဟုတ်တယ်။ အခန်းဆက် ၀တ္ထုရှည် ဖြစ်မယ့် အပြင် နှစ်နဲ့ချီပြီး မဂ္ဂဇင်းမှာ ဖော်ပြရမယ့် ကိစ္စဖြစ်တာကြောင့် ဒီလ အဆုံးသတ်ဟာ နောက်လ ဘာဖြစ်မှာလဲ ဆွဲဆောင်သွားနိုင်မှသာ စိတ်ဝင်စားမှာ ဖြစ်လို့ တခြား ၀တ္ထုတွေနဲ့တော့ မတူဘူး။

မအိမ်ကံကို ဘယ်တော့လောက် အဆုံးသတ် နိုင်မယ် ထင်သလဲ။

လတော့ အတိအကျ ပြောလို့ မရဘူး။ ၂၀၀၉ မှာတော့ အဆုံးသတ်နိုင် ပါလိမ့်မယ်။

အခု မဟေသီ မဂ္ဂဇင်းမှာလည်း အခန်းဆက် တစ်ပုဒ် စရေးနေတယ်နော်။

ဟုတ်ကဲ့။ မန္တလေး တက္ကသိုလ် နောက်ခံ ၀တ္ထုပါ။ ဆူးပန်းဝေသွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင် ဆိုတဲ့ ၀တ္ထုပါ။ ခေါင်းစဉ်ကတော့ ဗုံကြီးသံ သီချင်းထဲက စာသားတစ်ခုကို ယူထားတာပါ။

အဲဒါကော ဘယ်လောက်ကြာမလဲ ဆရာမ။

ဒါလည်း ကျွန်မစိတ် အထင် ပြောရရင် နှစ်နှစ် လောက်တော့ ရေးရလိမ့်မယ်။ မအိမ်ကံရော ဒီဝတ္ထုပါ လုံးချင်း ထွက်ဦးမှာပါ။

ဆရာမ မဂ္ဂဇင်း ၀တ္ထုရှည်တွေ ရေးနေတဲ့ အတွက် ၀တ္ထုတိုတွေ ရေးဖြစ်ပါ့မလား။

ကျွန်မ ရေးဖြစ်ပါတယ်။ ၀တ္ထုတိုလေးတွေလည်း လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ မြို့နယ် မဂ္ဂဇင်းတွေ၊ မန္တလေး နှစ် ၁၅၀ ပြည့်တို့မှာ ရေးဖြစ်တာကြောင့် အခု ဆိုရင် ကံ့ကော်ဝတ်ရည်စာပေက မ၀ိုင်းဆီကိုတောင် ၀တ္ထုတိုပေါင်းချုပ် ထုတ်နိုင်ဖို့ ၀တ္ထုတို ၁၅ ပုဒ် ပို့ထားပြီးပါပြီ။

ဆရာမ လုံးချင်းဝတ္ထု တစ်ပုဒ် ထွက်ဖို့ ကြော်ငြာ ထားသေးတယ်နော်။

ဟုတ်ကဲ့။ အဲဒါလည်း ကံ့ကော်ဝတ်ရည်ကပဲ ထွက်မှာပါ။ ဇန်န၀ါရီလထဲမှာ ထွက်ပါလိမ့်မယ်။ နာမည်က ပန်းကြာဝတ်မှုံ ပါ။

ကျေးဇူးပါပဲ ဆရာမ။


ကိုယ်တိုင်လည်း စာမရေးနိုင်၊ ဘလော့ဂ်လေးကိုလည်း ပစ်မထားရက်၊ သံယောဇဉ်ကိုလည်း မဖြတ်နိုင် ဆိုတော့ သူများတွေပြောသလိုပဲ ဆားချက်တယ်ပဲပြောပြော၊ ငပိချက်တယ်ပဲပြောပြော ပြောချင်တာပြောပါစေတော့ ဆိုတဲ့ သဘောနဲ့ ဒါလေးကို တင်လိုက်ရတာ မဟုတ်ပါဘူး။ ကျနော် အမြဲဖေါ်ပြနေတဲ့ မအိမ်ကံ ကိုရေးတဲ့ ဆရာမခင်ခင်ထူး နဲ့ အင်တာဗျူးလေးကို ပြန်လည် ခံစားဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ မအိမ်ကံ ကို အားပေးနေသူများ ကျေနပ်ကြလိမ့် မယ်လို့ မျှော်လင့်မိပါတယ်။

လေးစားလျှက်
ရီနိုမာန်




July 15, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (၃)

အိမ်ကိုပြန်ရောက်ရောက်ချင်း သူငယ်ချင်းတွေကိုပြောရသေးတယ်။ “မနက်ဖြန် ကျနော်တို့ တောင်ကြီးကို သွားမယ်။ သွားနိုင်လား မသွားနိုင်ဘူးလား။” မေးတော့ အားလုံးက ငြင်းကျတယ်ဗျ။ “သွားမယ်တဲ့ ”လေ။ ကဲ-သွားမယ်ဆိုရင်လည်း စောစောအိမ်တော့ လို့ ပြောပြီး အိပ်ခိုင်းလိုက်တယ်။ မအိပ်နိုင်တာက ကျနော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်ရဲ့ ရှည်လျားလှတဲ့ ဆံပင်တွေက လေတိုက် ဖုန်ကပ်နဲ့ ဆိုတော့ ကောလုံးကြီး ဖြစ်နေပြီ။ ခေါင်းမလျှော်ရင်း ဒီညအိပ်လို့ ရမှာမဟုတ်ဘူး။ နောက်နေ့ ရထားကလဲ မနက်ငါးနာရီ ဆိုထွက်ပြီ။ ဘာလုပ်၇မှန်း မသိတော့ ခေါင်းလျှော်ဖို့ ရေနွေးအိုးတည်းရသေးတယ်။ ရိုးရိုးရေနဲ့ မလျှော်ရဲဘူးလေ။ ( အသက်က ငယ်ငယ်လေးပဲရှိသေးတာကို)

ကျနော် ခေါင်းလျှော်လို့ ပြီးတဲ့ အထိ အဖေက မအိပ်သေးဘူး။ ကျနော်ကို အပစ်ပြောနေတာပေါ့။ ခေါ်လာတဲ့ ဧည့်သည်တွေကို အေးအေးဆေးဆေး မနေခိုင်းဘူး။ ညကြီးသန်းခေါင်ပြန်ရောက်ပြီ နောက်နေ့ စောစော ထက်ထွက်တော့ ပင်ပန်းတာပေါ့ နဲ့ ကျနော်ကို တရဆက်လွတ်နေတော့တာပေါ့။ ကျနော်လည်း အဖေ နားလည်အောင်ရှင်းပြပြီ ဝင်အိပ်လိုက်ပါတော့တယ်။

ဗုဒ္ဓဟူးနေ့

ဘော်...........ဘော်.........ဘော်
နားထဲမှာကြားနေရတယ် ဘာသံများလဲပေါ့။ သေသေချာချာ နားထောင်ကြည့်မှ ဟား .. သွားပြီ။ ရထားတော့ထွက်သွားပြီ။ သေပြီဆရာပဲ။ ခရီးပန်းလာကျတော့ ဘယ်သူမှလဲ မနိုးဘူး။ ပထမတော့ စဉ်းစားလိုက်သေးတယ်။ မနိုးတော့ဘူးပေါ့။ မနိုးလို့ မသွားရင်လဲ ရောက်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အားလုံးကို နိုးပြီ မေးရတယ်။ သွားမှာလား မသွားဘူးလားလို့ မေးတော့ အားလုံးပဲ ခေါင်းလေးထောင်လာပြီ “ သွားမယ်” တဲ့လေ။ သူတို့လည်းအေးလွန်လို့ ကွေးနေကြတာ။

သူ့တို့ဆီက သွားမယ်ဆိုတဲ့ စကားလည်းကြားရော ကျနော် က ဂွမ်းကပ်တွေကို ဆွဲလှန်လိုက်ရော လေးယောက်သာ ဘာဖြစ်နေတယ်မှတ်လဲ။ ပေါင်ကြားထဲမှာလက်လေးတွေ ထည့်ပြီး မေးရိုက်သံ ကိုကြားနေရတယ်။ ( တစ်မျိုးမထင်ပါနဲ့ဗျာ အေးလွန်လို့ ကွေးနေကြတာပါ)

ရထားမမှီမဲ့တူတူ ရရာကားနဲ့ သွားမယ် ဆိုပြီး လေးယောက်ပေါင်း တစ်အိပ်ထည့်ပြီ ပင်လောင်း မြို့ထဲကိုလမ်းလျှောက်လာခဲ့ကြတယ်။ ကံကောင်းချင်တော့ အောင်ပန်းသွားမဲ့ ကားကြုံရတယ်။ ကျနော်တို့လည်း ခရီးဖြစ်ဖို့ အရေးကြီးတယ်ဆိုပြီး တက်လိုက်သွားတယ်။ တောင်ကြီးမသွားခင် ကလောကိုအရင်းသွားမှာဆိုတော့ အောင်ပန်းမရောက်ခင် ပင်လောင်း- အောင်ပန်း - ကလော လမ်းဆုံမှာဆင်းလိုက်ကြတယ်။ ဒီလိုနဲ့ ကားစောင့်နေကြတာ ကလောသွားတဲ့ ကားတစ်စီးမှ မလာဘူး။ တောင်ကြီးကိုသွားတဲ့ ကားတွေသာ တစ်စီးပြီးတစ်စီး လာနေကြတယ်။

မထူးပါဘူး။ ရတဲ့ ကားနဲ့လိုက်မယ်လို့ စဉ်းစားလိုက်ကြတယ်။ကံကောင်းချင်တော့ ကျောက်သယ်တဲ့ ကားတစ်စီး ရောက်လာတာကိုတားပြီ ကလောထိလိုက်သွားကြတယ်။ ပထမဆုံး နှီးဘုရားကို အရင်းလိုက်ပို့ပေးလိုက်တယ်။ နှီးဘုရားကနေ မြင်းလှည်းငှားပြီး ရွှေဥမင်သဘာဝဂူ ကိုဆက်သွားကြတယ်။ ကလောမှာပဲ နေ့လည်စာစားပြီး တောင်ကြီးကိုသွားဖို့ ကားတစ်ခါစောင့်နေရပြန်ပါတယ်။ ရောက်လာတဲ့ ကားတွေက စင်းလုံးပြည့် ကုန်တွေ လူတွေနဲ့ ဆိုတော့ ကျနော်တို့ လူငါးယောက်လုံးတစ်ခါတည်းပါဖို့ ဆိုတာဘယ်လို့မှ ကို မလွယ်တာပါ။ ဒါနဲ့ ခေါင်းချင်းဆိုင်လိုက်ကြတယ်။ ကားငှားမယ်ပေါ့။ တစ်သောင်းလောက်ဆို ငှားမယ်ပေါ့ ဆိုပြီးမေးကြည့်တော့ ကိုးထောင်တဲ့။ အိုး.. ဘာပြောကောင်းမလဲ အငှားကားနဲ့ ပဲသွားမယ်ဆိုပြီး တက်လာကြတာ တောင်ကြီးရောက်တော့ ည ၇ နာရီလောက်ရှိပြီ။

အငှားကားဆိုပင်မဲ့ အဲဒီဖက်မှာက ကိုယ်ပိုင်ကားကို ငှားကြတာ။ ဖြစ်ချင်တော့ ကားမောင်းတဲ့ (ကားပိုင်ရှင်) က ကျနော် သူငယ်ချင်းရဲ့ သူငယ်ချင်း ဖြစ်နေတယ်။ (ဈေးတော့ မရှော့ပေးပါဘူး။) ကားပေါ်မှာကလည်း ကျနော့် သူငယ်ချင်းကို ကြိုက်နေတဲ့ ကျနော် သူငယ်ချင်းက ပါနေတယ်။ ဒီလိုနဲ့ ဟိုတယ်ရောက်ပြီး ရေမိုးချိုး အဝတ်လဲပြီး ထမင်းစားဖို့ ထွက်လာခဲ့ကြတယ်။ ထမင်းစားပြီးတော့ ရန်ကုန်မှာ ခေါင်းလျှော်ဆိုင် အမြဲသွားတဲ့ သူငယ်ချင်းက တောင်ကြီးရောက်နေတာတောင် စိတ်က မလျှော့နိုင်ဘူး။ ခေါင်းလျှော်ဆိုင်သွားပြီ ခေါင်းသွားလျှော်လိုက် ကြသေးတယ်။ ပြီးတော့ ဒီကကောင် ကရုပ်ရှင်သွားကြည့်မယ် ပြောတော့ တစ်ယောက်မှ မလှုပ်ကြဘူး။ ဘယ်ရမလဲ ဒီကောင်စိတ်ကြီးတာ ဒီကောင်ပဲသိတယ်။ တစ်ယောက်တည်းသွားကြည့် လိုက်တယ်။

လေးစားလျှက်
ရီနိုမာန်

မှတ်ချက်- နောက်တစ်ပိုင်းရေးပြီးရင်း ရှမ်းပြည် ခရီးစဉ် ပြီးဆုံးမှာဖြစ်ပါတယ်။ လာဖတ် သွားကြတဲ့ ကျနော် မောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ ကျနော် ခုတလော အလုပ်ပင်ပန်းနေလို့ ဘယ်မှ မသွားနိုင် မလာနိုင် ဖြစ်နေပါတယ်။ မောင်နှမများ အသစ်အသစ် တင်နေကျသော ပိုစ့်များကိုလည်း မဖတ်နိုင်ဖြစ်နေပါတယ်။ ကျနော် အလုပ်လေး ပြီးမှပဲ အားလုံးပေါင်းပြီ လိုက်ဖတ်ပါတော့မယ်။ ခုတော့ ကျနော် ရေးပြီးသလောက်လေး တင်ပေးလိုက်ရပါတယ်။ နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

July 13, 2009

မအိမ်ကံ ( for July ) အပိုင်း - ၎


“အလိုတော် ဆရာလေး၊ ဆရာလေး မသေဘူးပေါ့”

မုတ်ဆိတ်တွေရင့်ထော်နေသည့်ကြားက ကိုပြေသိမ်း၏ အပြုံးက ခါတိုင်းလိုပင်။ အေးမြချိုရှလျက်။ အသားတွေ ကတော့ မည်းညစ်နေလေသည်။ ကုတ်အင်္ကျီကလည်း ဇောင် ချမ်းကုန်းနှင့် ရွာတွေကိုကူးနေတတ်သောအရူးစက်ဖေကြီး၏ အင်္ကျီကမှ ပြောင်ပြောင်စင်စင် ရှိလိမ့်ဦးမည်။ ကျေးဥဆီပြေး လာသော သမီးကလေး မအိမ်မြိုင်ကိုပြူးကြည့်ရင်း အံ့သြနေ လေသည်။ မအိမ်မြိုင်ကို စွေ့ခနဲ ကောက်ချီလိုက်တော့ ကလေးက ကျေးဥကိုလက်လှမ်းရင်း စူးစူးဝါးဝါး ငိုလေတော့ သည်။ ငိုကာမှငိုရော ကိုပြေသိမ်းက သမီးကို နမ်းရင်း အိမ်မ ကြီးဘက် ဆက်လျှောက်လာခဲ့သည်။ ဖိုးကူးက မြက်စဉ်းနေ ရာက လှမ်းကြည့်ရင်း ၀ုန်းခနဲထပြေးလာတော့၏။

“ဆရာလေး၊ ဆရာလေး သေပြီပြောလို့ဗျာ ကျုပ်ဖြင့် ညတိုင်းငိုရသာ။ မမကံရေ မမကံ၊ ဗျိုး မမကံ”

ဖိုးကူးက ကျုံးအော်ရင်း ရက်ကန်းရုံဘက်ပြေးလာသည်။ မအိမ်ကံရော ရက်ကန်းရုံသားတွေပါ အထိတ်တလန့်အော်ရင်း ပြေးလာသော ဖိုးကူးကိုမြင်တော့ အထိတ်တလန့်ဖြင့် ရက်ကန်းရုံအပြင်ဘက် ထွက်လာခဲ့ကြသည်။ အမေပန်းရုံရော မလှအုံပါ မနေသာကြတော့ဘဲ ထွက်ကြည့်ကြသည်။

“မမကံ ဆရာလေးရယ်ပြန်လာပြီ။ မမကံတို့ပဲသေပြီဆိုဗျ”

“အစ်ကို...”


မအိမ်ကံက ကိုပြေသိမ်းကို ပြေးကြိုရင်းက မှင်တက်ကြီး မိနေသည်။ တစ်ရွာလုံးက သေလူအဖြစ်ထားခဲ့သော ကိုပြေသိမ်းကို ၀ိုင်းတိုက်ထဲမှာ အရှင်လတ်လတ် တွေ့ကြရ သည့်အတွက် အံ့သြကြသည်။ ၀မ်းသာကြသည်။ ကိုပြေသိမ်းကို ၀ိုင်းလိုက်ကြပြီး တစ်ယောက်တစ်ပေါက် နှုတ်ဆက်ကြသည်။ အမေပန်းရုံနှင့် မလှအုံတို့ကတော့ အီခနဲ ငိုချလိုက်ကြပြီး ပြေးလာရှာကြပါ၏။ ကိုပြေသိမ်းချီထားသော သမီးကလေး မအိမ်မြိုင်ကလည်း တက်မတတ် ချက်မတတ် ငိုတုန်းရှိသေးသည်။ အရီးကြာညွန့်ပါ ငိုပြန်တော့ ရက်ကန်း သမတွေကလည်း ဒီးတိုက်ကာ ငိုကြလေသည်။ ကျေးဥက လည်းငို၊ ဖိုးကူးကလည်းငို။ တော်ပါသေးရဲ့ ကိုဖိုးငွေနှင့် ဖိုးတုတ်တို့ တောထဲသွားကြလို့။ ကျေးဥက ကိုပြေသိမ်း လက်ထဲက ကလေးကို လှမ်းယူလိုက်သည်။ မိန်းမအုပ်ကြီးက ကိုပြေသိမ်းကိုဝိုင်းကြရင်း အိမ်မကြီးဘက်ခေါ်ခဲ့ကြသည်။

“အစ်ကို့ကို အမျှတောင်ဝေထားပြီးပါပြီတော်။ မောင်မင်း ကြီးသား ပန်းမကိုင်ဘဲကြွလာပါသကော”

ကိုပြေသိမ်း ရေးပေးခဲ့သောစာထဲက စကားလုံးကို မအိမ် ကံ တမင်ထည့်ပြောလိုက်ခြင်းဖြစ်သည်။ ကိုပြေသိမ်းက အိမ် ထဲရောက်လျှင်ရောက်ချင်း အမေပန်းရုံကို ထိုင်ကန်တော့သည်။ အမေပန်းရုံက ငိုတုန်း။ မလှအုံကတော့ အသံအကျယ်ဆုံး။

“ထနောင်းတိုင်နဲ့ ဇောင်ချမ်းကုန်း အပြန်အလှန်ကူသယ် ခေါက်သယ်လာမေးကြ၊ သွားမေးကြပါတော်။ ဟိုက မအေ မိဘများကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ သည်က မအေမိဘများကလည်း ဆွမ်းချက်ရမလိုလို၊ သပိတ်သွပ်ရမလို လို၊ မင်းနှယ်ကွယ်။ ထမင်းစားရင်း ငရုတ်သီးဆင်းခူးသာ အောက်ပြည်အောက်ရွာ ခုနစ်နှစ်ကြာဆိုသာမျိုးပါကော”

“ကျွန်တော် ရှမ်းနယ်ထဲ ရောက်နေလို့ပါ အစ်မရယ်။ နောက်တော့ ပြောပြပါမယ်”

ရက်ကန်းသမတွေ ရက်ကန်းရုံဘက် ပြန်သွားကြတော့ အိမ်ထဲမှာ မိသားစုတွေသာ ကျန်ခဲ့သည်။ ၀ိုင်းအပြင်မှာလည်း ရွာသူရွာသားတွေက ကျွက်စီကျွက်စီ။ ကိုပြေသိမ်းတပည့်တွေ ကလည်း သတင်းကြားနှင့် ပြေးလာခဲ့ကြသည်။ ကိုပြေသိမ်း ကို သတင်းပလင်း မေးချင်ကြလို့ တပြူပြူရှိနေကြပါ၏။ ကိုပြေသိမ်းက လူလုံးထွက်ပြရပြန်ပြီး ညဘက်မှလာကြဖို့ တောင်းပန်ရသည်။ ဖိုးကူးက ကိုပြေသိမ်း ထိုင်နေသည့် ကုလားထိုင်ခြေရင်းနား ထိုင်ချပြီး သူ့ဆရာကို ခြေသလုံး ကလေးတွေ နှိပ်ပေးနေရှာ၏။

မလှအုံက နို့ပူပူတစ်ခွက်ကို မတ်ခွက်ကြီးနှင့် အပြည့်ထည့်လာကာ ကိုပြေသိမ်းရှေ့လာချ တော့ အငမ်းမရသောက်သည်။ အမေပန်းရုံမှာ သမက်ဖြစ် သူကို အခုထိ စကား မပြောနိုင်သေး။ သမီးမအိမ်ကံ ငယ်ငယ် ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရရှာပြီဟု ခံစားနေရသည့်ဝေဒနာက အခုတော့လည်း ၀မ်းသာလုံးဆို့ကာ ဘာစကားမှထွက်မလာ။ မလှအုံကတော့ သူကြိမ်းဝါးထားသည့်အတိုင်း အိုးကြီးတိုက် ချက်ဖို့ ဟင်းစား အရှာထွက်သွားတော့သည်။

မအိမ်ကံကတော့ ဆံပင်တွေကုပ်ထောက်နေသော မုတ်ဆိတ်မွေး ဗရပွေနှင့်လင်သားကို ကြည့်ရင်း သနားနေမိ သည်။ သည်လိုမြင်ရပြန်တော့လည်း အကျိတ်အခဲကလေး တွေ ကျေရပြန်ပါ၏။ ခုနစ်လလောက် စုပ်စုပ်ကန်း ပျောက်နေသည့် လင်သားတစ်ယောက် မမျှော်လင့်ဘဲပြန် ရောက်လာတာကို အိပ်မက်များမက်နေလေသလားလို့ ထင်မိ သည်။ ရန်ပဲတွေ့ရမလား၊ ရင်ခွင်ထဲ ခေါင်းထိုးပြီး ငိုချ လိုက်ရမလား မသိတတ်နိုင်တော့ပါ။

“သမီး”
ကိုပြေသိမ်းက မအိမ်မြိုင်ကို လှမ်းခေါ်တော့ သမီးက မအေကို ပြေးတွယ်သည်။ ရင်ခွင်ထဲ တိုးဝင်လာသောသမီး ကလေးကို ငုံ့ကြည့်ရင်း သည်အခါကျမှ မျက်ရည်ထွေထွေ ကျလေ၏။

“အိမ်ကလေး အစ်ကို့ကို စိတ်ခုနေသလားဟင်”

“စိတ်တော့ မခုပါဘူး အစ်ကို။ သေကံမရောက် သက် မပျောက် မအိမ်ကံဆီ ဆိုက်ဆိုက်ကြီး ရောက်လာတာကိုပဲ ၀မ်းသာလှပါပြီ။ စားဝတ်နေရေးမပူပင်ရပေမယ့် ခေတ်ပျက် ကြီးထဲမှာ မအိမ်ကံ အတော်ကလေး တောင့်ထားရသယ်။ သည်ကြားထဲ လင်သားဆိုသူက သေသလား ရှင်သလားမသိရ တဲ့အဖြစ်ကတော့ ဆိုးလွန်းလှသယ်။ ညည်းယောက်ျားက ရေမျောကမ်းတင်မဟုတ်ပေသိ လုပ်သွားတဲ့အလုပ်က ရေစုန် ဒိုက်မျောအလုပ်မျိုးလို့ မပြောကြရုံဘဲရှိသာ မအိမ်ကံ သိသား ပဲ။ အရှိန်အ၀ါကြီးလွန်းလို့သာ မပြောဝံ့ကြသာပါ။ မအိမ်ကံမှာ နေရသာ မလုံခြုံခဲ့ပါဘူး အစ်ကို”

မအိမ်ကံ မျက်နှာညှိုးညှိုးငယ်ငယ်နှင့် သည်လိုပြောတော့ လည်း ကိုပြေသိမ်း မလှုပ်သာ။ မအိမ်ကံကလည်း သည့်ထက် တော့ ပိုမပြောပါ။ ပြောလို့လည်း မကောင်းမှန်းသိတာပါသလို ပြန်ရောက်လာမှတော့ မင်္ဂလာရှိသည့်စကားပဲ ပြောချင်တာပါ ပါ၏။ ကိုပြေသိမ်းခမျာလည်း ပင်ပန်းနွမ်းနယ်လှပုံ ပေါ်နေ သည်။ အသားတွေကလည်း မည်းညစ်သွားလိုက်တာ။ ထင်းလှည်းတိုက်သည့် ကိုဘသာရုပ် ပေါက်နေပြီ။ ကိုဘသာ ကို ကြည့်လိုက်လျှင် အသားတမည်းမည်း၊ ချွေးတစိုစို၊ ကျီးကန်းပါးစပ်နာ တစ်ဖက်တစ်ချက်နှင့် သွားရေတယိုယို ဆိုတော့ ရွာကလူပုံမဟန်လျှင် ဘသာကြီးကျလို့လို့ ပုံခိုင်း တတ်ကြသည်။
ကိုပြေသိမ်းကတော့ နဂိုရုပ်ရည်သန့်သူဆိုတော့ ညစ်တီး ညစ်ပေမဟုတ်ပေသိလို့၊ အသားတွေက နေလောင်တာများ သလို ကြေးပြားမီးဖုတ်ရောင် ပေါက်နေခဲ့သည်။


July 12, 2009

လွဲချော်မှု့

email အတွင်းမှ ရလို့ တင်ပေးလိုက်ပါတယ်။ မထင်မှတ်ပဲ လွဲချော်မှု့လေးတွေပေါ့။



...










...



























July 10, 2009

မအိမ်ကံ ( for July ) အပိုင်း - ၃

“စစ်ကြီးပြီးပါပြီ အမေပန်းရုံ။ အဖေမရှိတော့ပေမယ့် အမေပန်းရုံတို့ သားအမိကိုစောင့်ရှောက်ဖို့ ကျွန်တော့်မှာ တာဝန် ရှိပါတယ်။ တိုင်းပြည်အေးဆေးသွားရင် တပ်ကထွက်ပြီး ရွာမှာပဲ တောအလုပ်လုပ်ရင်း အမေပန်းရုံတို့နဲ့အတူနေတော့ မယ်။ မောင်ပြေသိမ်းလည်း ပြန်လာမှာပါ”

မောင်မြတ်သာ အပူငြိမ်းခဲ့သော်လည်း မောင်ပြေသိမ်း အပူက နှစ်ဆတိုးလာခဲ့ပြန်၏။ အမေပန်းရုံတို့ မိန်းမသားများ အဖို့ သားကိုသခင်၊ လင်ကိုဘုရား ကိုးကွယ်တတ်ကြရုံမက လင်နှင့်သားအတွက်ကို ပူရသည့်အပူကလည်း လောင်မြိုက် လွန်းလှပါတကား။

“အေး လှအုံရယ် မသိုင်းခြုံခေါ်စမ်းပါအေ။ မေးစမ်း ကြည့်ရအောင်လား”

နတ်ကတော် မသိုင်းခြုံကို မေးကြမည်ဆိုတော့ မအိမ်ကံ က မမေးစေချင်။ အကျော်ကရမက်မှန်လျှင် ပင်ကိုနံ့ထွက်လာ လိမ့်မည်။ နတ်ကတော်ဟောတော့မှ စိတ်ဒုက္ခမပိုချင်တာလည်း ပါပါ၏။ မအိမ်ကံကိုယ်တိုင်က ဗေဒင်မေး၊ နတ်မေးတွေကို ၀ါသနာ မထုံလှသော်လည်း ဘီလူးစည်း နတ်စည်း ကွဲလိုက် ချင်စမ်းမဟဲ့ ဆိုသည့်စိတ်တွေဝင်မိတာလည်း ခဏခဏ။ သို့သော် မအိမ်ကံခမျာ စိတ်သာရှိ၍ ကိုယ်မပါချင်ခဲ့။ ထွက်သွား သည့်လင် မင်မနေချင်တော့။ ဆန်ချေးတာနှင့် အဆဲခံရတာ မမျှဆိုသလို နတ်ကတော်ဖဲ့သမျှ ပဲ့မကျချင်တော့။

“အမေတို့ စိတ်ချမ်းသာမယ်ထင်ရင်တော့ အမေတို့ သဘောပါလေ။ မအိမ်ကံကတော့ ပါးစပ်တစ်ပေါက်၊ နား နှစ်ဖက် နည်းနည်းပြော၊ များများနားထောင်ချင်သာပဲရှိသယ်။ ဟုတ်ရင် မြည်လာပါလိမ့်မယ် အမေရယ်။ မပြောကောင်းမဆို ကောင်း ဘာသတင်းအစမှ မထွက်မှတော့ သူ မရှိလောက် တော့ဘူး ထင်ပါရဲ့”

“အမေတို့ကလည်း ချိုင်တော့တစ်ကိုင်း၊ ပြတ်တော့ တစ်ကိုင်း မဖြစ်ချင်သာပါအေ။ ဖြစ်နေသာကတခြား ထင်နေ သာက တလွဲဖြစ်မှာစိုးလို့ ပြောရသာပါ။ ငါ့သား သူတော် ကောင်း နဘယံ ဘေးမရှိပါစေနဲ့တော်”

နတ်ကတော် မသိုင်းခြုံရောက်လာခဲ့ပြီ။ အိမ်ကြီးအပေါ် ထပ်မှာ သင်ဖြူးလေးချပ်ခင်းကာ နတ်မေးခဲ့ကြသည်။ အုန်းငှက်ပျော ဘုရားပွဲတစ်ပွဲ၊ ဆိုင်ရာရိုးရာပွဲတစ်ပွဲပြင်ကာ ဘအိုကြီးနတ်ခေါ်ကြသည့် အဘမြင်းဖြူရှင်နတ်ကို ပင့်ဖို့ပြင် သည်။ မြင်းဖြူရှင်နတ်က မအိမ်ကံတို့ မိဆိုင်ဖဆိုင်နတ် မဟုတ်ပါ။ ရွာတော်ရှင်နတ်သာ ဖြစ်သည်။ မသိုင်းခြုံက ရွာတော်ရှင့်မေးမှ အဟောကောင်းထွက်မည်ဟု ဆိုပါ၏။ မအိမ်ကံတို့နယ်က ရွာတိုင်းမှာ မြင်းဖြူရှင်နတ်ကွန်းထူ၍ ရွာတော်ရှင်အဖြစ် ကိုးကွယ် ကြသည်။

“ထိုးကွင်းမင်ကြောင် ဆေးနီစနှင့် လူယဉ်လှ ပျိုထိပ်တင်၊ မြင်းဖြူကြီးရှင်၊ ရွှေပေါင်းတော်နီလွင်လွင်နှင့် နေ၀င်လျှင် ပေါက္ကံရောက်အောင် မြင်းငေါက်လို့နှင်...”
နတ်ကတော်မသိုင်းခြုံ၏အသံက ပြာအစ်အစ်။ မျက်လုံး တွေက ပြူးအစ်အစ်။ အသားမည်းလိုက်တာကလည်း ကောက်ညှင်းငချိတ်ပေါင်းကမှ ဖြူသေးသည်ဆိုရမလောက် ပင်။ ရွှေချည်တွေပါသော ငါးပိရောင်အင်္ကျီနှင့် အသားအရောင် တို့ကန်လျက်ရှိကြ၏။ မသိုင်းခြုံကိုယ်တိုင်ပင် မြင်းဖြူကြီးစီး ၀င်လာသလို တရွရွဖြစ်လာသည်။ ခေါင်းကိုငဲ့တာ၊ စောင်းတာ ကလည်း မြင်းဖြူကြီးကနေသလို။ အမေပန်းရုံက လက်အုပ်ချီ ကာ မျက်လုံးတွေ မှိတ်ထားလေ၏။ မလှအုံ၊ မအိမ်ကံ၊ ကျေးဥ နှင့် မအိမ်မြိုင်တို့ကလည်း ရို့ရို့ကလေး ထိုင်နေကြရသည်။

“နေလို ၀င်းတဲ့မြင်းဖြူရှင်၊ ခွာလေးဖက်စိန်စီတယ်၊ ဟန် ချီတဲ့နတ်မြင်း၊ ရန်မလုံရင် ခွာစုံနင်းမယ်၊ ဘိုးတော်ရဲ့မြင်း”
မသိုင်းခြုံက အဘမြင်းဖြူရှင်လေးပါးစလုံးပင့်လို့ရ ကြောင်းတွေ မွှမ်းနေခဲ့သေး၏။

“ထမင်းဦးပေါင်းခုနစ်စုံ၊ ထန်းလျက်ခုနစ်ခဲ၊ အုန်းခုနစ် စိတ်၊ မုန့်ဖြူခုနစ်ယှက်၊ မုန့်နီခုနစ်ယှက်၊ ရင်ပေါင်စာငါးမြီးစုံ ခေါင်းစုံ ခုနစ်ကောင်၊ စီးတော်မြင်းအတွက် လယ်ကညွတ် ခုနစ်စီး အသီးသီးရောက်ပါပြီ။ ကိုင်း ဘုရားရှင်ကန်တော့ ကိုယ့်ရိုးရာမိဆိုင်ဖဆိုင် ကန်တော့။ ပြီးမှ မြင်းဖြူရှင်ဘအိုကြီး ကန်တော့ကြ”
မအိမ်ကံတို့ ဘုရားကန်တော့နေကြစဉ်မှာပင် မသိုင်းခြုံက ကိုယ်ကို ယိမ်းစပြုလေ၏။

“ရွာတော်ရှင်တင်မကဘူး။ မြို့စောင့်ရွာစောင့်နတ်တွေ ဖြစ်တဲ့ ကိုးမြို့ရှင်နတ်၊ ရွှေစစ်သည်နတ်၊ ပြည်ကန်တော် မောင်နှမ၊ အောင်စွာမကြီးနတ်။ သမုဒ္ဒဃောသနဲ့ ဥမ္မာဒန္တီတို့ ကိုပါ ထည့်ပင့်လိုက်ရင် မအိမ်ကံ ညည်းလင် ဘယ်ပြေး လွတ်မှာတုံးဟဲ့။ စိန်ရောင်ငယ်လက်လက်၊ နားတောင်းသိင်္ဂီ၊ ကိုးမျက်ကယ်စုံစီ၊ ကြက်သွေးနီကတ္တီပါနဲ့၊ မွှေးစွာကြိုင်ပျံ့၊ ခေါင်းပေါင်းငယ်ကြယ်စီ၊ ပန်းဆိုးနီနဲ့၊ နှင်းဆီသော်မော်၊ မြင်းကျော်သခင်၊ နတ်သွင်တင့်လွန်း...”

နတ်ကတော်မသိုင်းခြုံ၏ မျက်နှာမည်းမည်းက မျက်ဖြူ ကြီးလန်ကာ တဆတ်ဆတ် တုန်လျက်ရှိ၏။ ငါးပိရောင်အင်္ကျီ ဘော်ကြယ်ထိုးကိုဝတ်ထားသည့် နတ်ဝင်သည် ပိန်ပါးပါး သည် နတ်လိပ်ပြာဝင်လာသည့်ပမာ မျက်နှာကြီး မဲ့လာခဲ့ သည်။ အမေပန်းရုံကစကာ အိမ်ကြီးပေါ်ရှိလူတွေအားလုံးကို စားတော့ ၀ါးတော့မည့်မျက်နှာနှင့် လိုက်ကြည့်နေခြင်းကပင် ကြောက်စရာကောင်းလှသည်။ မအိမ်မြိုင်ကလေးက စူးစူး ၀ါးဝါးငိုလိုက်သဖြင့် မလှအုံက အခန်းအပြင် ခေါ်သွားခဲ့ရ သည်။ နတ်ကတော် မသိုင်းခြုံက မအိမ်ကံကို စူးစိုက် ကြည့်သည်။ မအိမ်ကံကလည်း မျက်တောင်မခတ်စတမ်း ပြန်ကြည့်နေလေ၏။ အားပြိုင်နေကြသော မျက်လုံးများတွင် အခိုးတွေများ ထွက်နေကြပြီလားထင်ရလေသည်။

“မအိမ်ကံ နင့်လင် မသေဘူးဟဲ့။ သေကံမရောက် သက် မပျောက်ဘူးဟဲ့။ ကိုယ့်မွေးနံကစရေရင် သုံးခုမြောက်သဲ့နံ အရင်း ခြောက်ခုမြောက်သဲ့နံအဖျားမှာရောက်နေလို့ ဆင်းရဲနေ ရှာသယ်။ ညည်းလင်က နာမည်ရင်း သက်နှင်း... သီးနဲ့ ဖက် သန်းသား အနောက်တောင်ထောင့်မှာထားရမယ်။ ဘုရားမှာ ရေချမ်း၊ ပန်း၊ ဆီမီး၊ ထီး၊ တံခွန်လှူရမယ်။ ရိပ် ညောင်ပင်ရင်း၊ ဆဒ္ဒန်မင်း၊ ထန်ပြင်းမြားစူးရှ၊ သန်းရွေမြ လယ်၊ လွန်တင့်တယ်၊ မင်းကြွယ်ဘုန်းသစ်ထ၊ ကံကောင်းသ ကွဲ့နော။ နင့် လင်ပြန်လာပြီ။ အိမ်တံခါးဝကသာမျှော်တော့။ လာမယ့်မနက် ကျီးညိုကြီးတစ်ကောင် ၀င်းဝကသာလိမ့်မယ်။ ကြားလားဟဲ့ မအိမ်ကံ”

“ကြားပါသယ် အဖေကြီး”

“သက္ကရာဇ်ကိုတည်၊ အသက်နဲ့စား။ လဂ်ကို ခုနစ်နဲ့ မြှောက်။ ဆယ့်ခုနစ်နဲ့ထပ်စား။ သုည၊ တစ်၊ နှစ်ကြွင်းတော့ ကမ္မယက္ခ၊ သုံး၊ လေး၊ ငါးကြွင်းတော့ ဥပစ္ဆေဒက၊ ခြောက်၊ ခုနစ်၊ ရှစ်ကြွင်းတော့ ဥပပိဠိက၊ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ် ကြွင်းတော့ အာယုယက္ခ။ နင့်လင်က ဥပပိဠိကကျသယ်။ မသေဘူး၊ ကြားလားဟဲ့။ ငါ မြင်နေရပြီ လာနေပြီ လာနေပြီ”

အမေပန်းရုံက မျက်စိမှိတ်ထားရာက မအိမ်ကံကို လှည့် ပြုံးပြသည်။ သတင်းကောင်းရပြီ မဟုတ်လား။ မအိမ်ကံ ကတော့ ဗေဒင်ပါတွက်ပြနေသည့် နတ်ကတော်မသိုင်းခြုံကို စိုက်ကြည့်နေခဲ့သည်။ ကျေးဥ ထသွားပြီး မကြာခင် မလှအုံပြန် ၀င်လာခဲ့သည်။ မေးချင်တာ လေးငါးခွန်း မေးနေလိုက်သေး သည်။ မအိမ်ကံကတော့ ကိုပြေသိမ်း ပြန်လာတော့မယ်ဆို သည့် နတ်စကားကြားရသော်လည်း မတုန်လှုပ်သလိုရှိနေပါ ၏။ နတ်အဟော မှန်ပါစေလို့တော့ ဆုတောင်းမိသား။ ပြန် လာနေပြီတဲ့။ ဘယ်တော့လဲ။ ဘယ်ကိုရောက်နေပြီလဲ။ ကျီးညိုကြီးတစ်ကောင် ၀င်းဝကသာလိမ့်မတဲ့။ ရွှေကျီးညိုကို ပါ မျှော်ရတော့မှာပါလား။

နတ်ကတော် မသိုင်းခြုံပြန်တော့ အမေပန်းရုံက ဆန် တစ်စိတ်နှင့် ငွေတစ်ဆယ်ပေးလိုက်သည်။ မအိမ်ကံက ရက်ကန်းထည်ထဘီတစ်ကွင်းကိုပါပေးလိုက်ပါ၏။ နတ် အဟောမှန်တာ၊ မမှန်တာ နောက်ထား၊ သားသမက်ပြန်လာ နေပြီဆိုတာကိုပဲ အမေပန်းရုံ ၀မ်းသာနေရှာသည်။ မလှအုံ ကတော့ နတ်ကတော် မသိုင်းခြုံကို ဓာတ်ကျနေသူဆိုတော့ နတ်ကတော် ပေးသွားသော သဲစည်း၊ ခဲစည်း၊ ရေစည်းတွေ ၀ိုင်းဝသွားကြဲသည်။ တစ်ဝိုင်းလုံး အမှိုက်စင်စင်လှည်းသည်။ နတ်ကျသပြေပန်းတွေ ၀ိုင်းဝတိုင်နှစ်ဖက်မှာ နှီးတစ်ပင်စီနှင့် တုပ်သည်။

“ငါ့မောင်ပြန်လာမယ့်ရက် အိုးကြီးတိုက်ချက်လိုက်စမ်း မယ်။ တရော်ခုနစ်ပါးနဲ့ ခေါင်းဆေးခိုင်းရမယ်။ ရွှေကျီးညိုသာ ပါတော့ လှအုံတမော့မော့ပေါ့အေ”
မလှအုံ တတွတ်တွတ်ရွတ်သံကြောင့် မအိမ်ကံ ပြုံးရပါ ၏။ စိတ်ထဲက စကားတွေပြောနေမိပြန်သည်။

“ဟုတ်ပါရဲ့၊ ရွှေကျီးညိုသာပါတော့ မအိမ်ကံလည်း တမော့မော့ပါ အစ်ကို”
မအိမ်ကံ မျက်ရည်တွေကျရပြန်သည်။

ထိုနေ့က မအိမ်ကံတို့အိမ်ရှေ့က မနော်နွယ်သရက်ပင်ကြီး ထိပ်ဖျားမှာ ကျီးသာနေခဲ့သည်။ တအာအာသာနေသော ကျီးညိုကိုမော့ကြည့်ရင်း မအိမ်ကံရင်ထဲ လှိုက်ဖိုနေမိပါ၏။ မအိမ်ကံတို့အိမ်မှာ ကျီးသာတာ မဆန်းသလို ဧည့်သည်က လည်း တစ်ယောက်မဟုတ် တစ်ယောက်လာမြဲပင်။ သို့သော် မအိမ်ကံ မျှော်မောရသူကတော့ ပေါ်မလာခဲ့ပါ။ ကျီးညို ကလေးကိုမော့ကြည့်ရင်း မအိမ်ကံ မျက်ရည်တွေ ၀ဲလာမိ သည်။ သမီးကလေးက ဆပ်သွားဖူးရုံကြီးနားမှာ ပြေးလွှား ဆော့ကစားနေပါ၏။ ဖိုးကူးက ပြောင်းရိုးတွေစဉ်းရင်း သီချင်း ကလေးတအေးအေးဖြင့်။ ကျေးဥမှာ ကိုယ်ဝန်အရင့်အမာကြီး နှင့်မို့ ရက်ကန်းရုံမ၀င်နိုင်တော့ မအိမ်ကံမှာ မနက်စောစော ကတည်းက ရက်ထည်တွေနှင့် အလုပ်များနေခဲ့သည်။

ဖိုးကူးက သီချင်းညည်းရာက ၀င်ပေါက်ဆီလှမ်းကြည့် ရင်း ပဲညှစ်နေသောကျေးဥကို ရှူးခနဲအသံပေးသည်။ မေးထိုး ပြသည်။ ကျေးဥက ၀ိုင်းတံခါးဝဆီလှမ်းကြည့်သည်။

လူတစ်ယောက်...။
ပဲဇလုံကိုတွန်းဖယ်လိုက်ပြီး ၀င်းတံခါးဘက် ကျေးဥ တလှုပ်လှုပ် လျှောက်သွားလိုက်သည်။ တံခါးမင်းတုပ်ထဲလျှို ထားသောဝါးလုံးကို လက်တစ်ဖက်ဖြင့်ဆွဲပြီး တစ်ချပ်လှပ် လိုက်သည်။ ကျေးဥမှာ ရင်တွေပန်းတွေပင်တုန်သွားမိရပါ၏။


July 6, 2009

ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း

" အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ "

" ကညာမွန် အညာလွန် ချင်ရင် *ဆ၇ာဝန်* ကိုရွေးပါ "

" ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ "

" အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ "

" ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ "

" အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ့ "

" အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်* လည်းမရွေးနဲ့ "

" အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစားနဲ "့

" ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ "

" အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ "

" ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ "

" ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း *ကောင်လည်း မရွေးနဲ့ "့ 

" ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်းေ၇ှာင်ပါ "

" ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ "

" မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ** *့ဆ၇ာလည်း မရွေးနဲ့"

"နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့"


မေးလ်ထဲမှရလို့ အစ်မများနဲ့ ညီမလေးများ အတွက် တင်ပေးလိုက်ရပါတယ်။ စိတ်မဆိုးကြနဲ့နော်။
ဖတ်ပြီးရင်းတော့ စိတ်ဆိုးလည်း ပြောသွား စိတ်မဆိုးလည်းပြော သွားပါနော်။ ဟဲ ဟဲ
ခုတစ်လော အရမ်းပင်ပန်းနေလို့ စာရေးပျင်းနေပါတယ်။ ဘယ်မှ ကိုလည်း အိမ်လည် မသွားနိုင်
ဖြစ်နေပါတယ်။ အားလုံး ခွင့်လွှတ်ကြပါနော်။ ရေးစရာ ရှိတာများကိုလည်း ရေပါ့မယ်။
တက်ခ့်စရာရှိတာများ ကိုလည်း တက်ခ့်ဖို့ စဉ်းစားနေပါတယ်။ ခုတစ်လော တက်ခ့်ပို့စ်တွေ
မတွေ့တာကြာလို့ပါ စိတ်ဆင်းရဲနေရပါတယ်။ ပထမဆု ရယူဖို့ဟေ့ ဆိုတဲ့ တက်ခ့်ခေါင်းစဉ် ကိုပြောပြ
လိုက်တယ်နော်။ ဘယ်သူတွေလဲတော့ အဆင်သင့်ပြင်ထားကြပါ။ ကျနော် တက်ခ့်လိုက်ရင် လည်း သိကြတဲ့
အတိုင်း တစ်ဆွေလုံး တစ်မျိုးလုံးပါမှာ ဖြစ်ပါကြောင်းးးးးးးးးးးးးး..........

လေးစားလျှက်
ရီနိုမာန်

July 5, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (၂)

သူများ ဘလော့ဂ်တွေ လိုက်ဖတ်လိုက်ရင်း စာအရေးအသားလေးတွေ ကောင်းတာကိုတွေ့ရတော့ ကျနော်ရေးနေတဲ့ ကျနော် အကြောင်းတစ်ချို့တွေကို (အားလုံးနီးပါး) ပြန်ဖတ်လိုက်ရင် တကယ်ကို အရေးမလှတာတွေ တွေ့နေရတယ်။ ကျနော် ကိုယ်တိုင်လည်း သိပါတယ်။ ကျနော် စာအရေးအသား ညံ့မှန်း။ စာရေးချင်တဲ့ စိတ်ကတော့ အပြည့်ရှိတယ်။ ရေးလိုက်ရင်လည်း အစီအငေါ် လုံးဝမထည့်ဘူး။ ဒီလို မကောင်းတဲ့ ကြားကနေ မောင်နှမ သံယောဇဉ်နဲ့ မကောင်းလဲဖတ် ကောင်းလဲဖတ် ဆိုတဲ့အတိုင်း လာရောက်ဖတ်ရှူကြတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ကဲ ကျနော့်ရဲ့ ခရီးစဉ် လေးကို စလိုက်ကြရအောင်.............................


ပထမဆုံး ကျနော်တို့ အင်းလေးကို အရင်သွားကျတယ်။ အင်းလေးကိုရောက်တော့ မနက် ၁၀နာရီခွဲလောက် ရှိနေပြီ။ ကျနော်တို့ အဖွဲ့က လူလည်းများတော့ စက်လှေကို စင်းလုံးငှားလိုက်တယ်။ ဖောင်းတော်ဦးဘုရားကို မရောက်ခင်မှာ စက်လှေမောင်းတဲ့ အကိုကြီးက ရေပေါ်ရွာနဲ့ ရေပေါ်ဈေးကို လိုက်ပြခဲ့တယ်။ ဘုရားဖူး ပြီးအပြန်မှာလည်း ကြောင်လိမ္မာလေးတွေ ရှိတဲ့ ဘုန်းကြီးကျောင်း( ဘုန်းကြီးကျောင်း နာမည် မမှတ်မိတော့ပါ) ကိုလိုက်ပို့သေးတယ်။ ပြီးတော့ ရေလယ် ဟော်တယ်ကိုလည်ရောက်ခဲ့တယ်။ ရေလယ် ဟော်တယ်ကတော့ VIP ရှိမှ သုံးတယ်လို့ သိရတယ်။ ဟိုတယ်မှာပဲ ခြံလုပ်ပြီး ငါးတွေကို မွေးထားကြသေးတယ်။ ငါးခူးတွေများတယ် ။ စက်လှေဂိတ်ကို ပြန်ရောက်မှပဲ ကျနော်တို့ နေ့လည်စားကို စားကြပါတယ်။ အချိန်လည်းလုနေ ရပြီလေ။ နောက်သွားချင်တဲ့ နေရာက နှစ်နေရာ ကျန်သေးတာဆိုတော့။

ကျန်တဲ့ နှစ်နေရာထဲက ကုံလုံ ဆရာတော်ကျောင်းကို အရင်းသွားခဲ့ကြတယ်။ ဆရာတော်က တစ်နေ့ကို နှစ်ကြိမ် အဖူးမြော်ခံ ကြွတယ်။ တစ်ချို့ဆိုရင် ဆရာတော်ကို မဖူးရပဲ ပြန်သွားကြရတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဆရာတော့ အဖူးမြော်ခံတဲ့ အချိန်မဟုတ်ပါဘူး။ ဧည့်သည်များလို့ ခဏထွက် အကြည်ညိုခံ တာနဲ့ ကြုံသွားလို့ ဆရာတော်ကို အနီးကပ် ဖူးမြော်ခွင့် ရလိုက်ကြတယ်။ ဆရာတော်ကို ဖူးမြော်ပြီးတာနဲ့ ကျနော်တို့ အဖွဲ့ သုတ်ခြေတင်းရတော့တာပေါ့။ ည ၇ နာရီဆိုရင် ပင်းတယဂူက ပိတ်တာကို...............

ပင်းတယမြို့ထဲကိုရောက်တော့ တစ်ချိန်တုန်းက နတ်သမီးတွေ ရေလာချိုးကြတဲ့ ဘုတ်တလုပ် ( သတ်ပုံမှားရင် ခွင့်လွှတ်ကြပါနော်) ကန်ကိုတွေ့နေရတယ်။ ရေကန်ထဲက ရေဟာ တစ်နှစ်ပတ်လုံး ကျခြင်းတက်ခြင်း ခန်းခြင်း လုံးဝရှိဘူးလို့တော့ ကားဆရာ ပြောစကားအရ ကြားခဲ့ရတယ်။ ကန်ကြီးဘေးကနေမှ ဖြတ်ပြီး ပင်းတယဂူကို သွားကြတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဓာတ်လှေကားက ပိတ်သွားပြီ။ ကားကိုရောက်တဲ့ နေရာထိမောင်းပြီး ခြေချင်းတက်ခဲ့ ကြတယ်။ ဂူထဲမှာတော့ အေးစက်နေပြီး လက်ညိုးထိုးမလွဲ ဘုရားပေါင်း မြောက်မြားစွာ ရှိနေပါတယ်။ ကျနော် မှတ်မိနေတာတော့ အောင်မြေ၊ ကျောက်စက်ရေ ( ကျောက်တိုင်ကနေ ရေစိမ့်ထွက်နေတာ)၊ ကျောက်မောင်း( ကျောက်သား နံရံကို ထုလို့ရတာနဲ့ ထု မောင်းအသံမြည်းနေတာပါ။ အဲ့ဒီနေရာလေးတစ်ခုပဲ မြည်းပြီ ကျန်တဲ့ နေရာတွေကတော့ မမြည်းပါဘူး)၊ မှည့်ရှင် ဘုရား၊ ဝင်္ဂပါဘုရား တို့ ရှိတယ်။ ဂူရဲ့ ဟိုးအတွင်းပိုင်းရဲ့ နောက်ဆုံးမှာတော့ လူတစ်ယောက် ဝင်လို့ရတဲ့ ဂူသေးသေးလေး တစ်ခုရှိတယ်။ ပိတ်ထားတာတွေလို့ မေးကြည့်တော့ အဲဒီဂူထဲကို ကိုရင်တစ်ပါးဝင်သွားတာ လုံးဝပြန်ထွက်မလာလို့ ပိတ်ထားတာလို့ပြောကြတယ်။ တစ်ချို့ကလည်း ရှေးဟောင်းပုဂံထိ ရောက်တယ်လို့လဲ ပြောကြတယ်။ ဟုတ်မဟုတ်တော့ ကျနော်လည်း မသိဘူး။ ကျနော်တို့ အဖွဲ့ကံကောင်းကြပါတယ်။ ဂူအဆုံးကိုရောက်တော့ ဂူပိတ်တော့မဲ့ အကြောင်း ခေါင်းလောင်းတီး သံကို ကြားနေရပြီ။

အပြန်တော့ ပင်းတယ လက်ဆောင်တွေဝယ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ ဓါတ်ပုံရိုက်တယ်ဆိုလို့ အမှတ်တရ ပြောပြပါရအုံးမယ်။ အဲဒီအချိန်တုန်းက ကျနော်ဆံပင်က ပုခုံးကျော်ကျော်လေးရှည်ပါတယ်။ အမေနဲ့ ကျန်တဲ့ လူတွေက တောင်ခြေနားက ဆိုင်လေးထဲမှာ ဝင်ထိုင်နေကြတယ်။ ကျနော် နဲ့ သူငယ်ချင်းတွေက ဓါတ်ပုံ ရိုက်ဖို့ ကားနားမှာ လာရိုက်ကြတာ။ အားလုံး အမှတ်တရ ဆိုပြီး ကားခေါင်းမိုးပေါ် တက်ပြီး ရိုက်ကြတာပေါ့။ နယ်တွေရဲ့ ထုံစံ အတိုင်းသူစိမ်း တစ်ယောက်တွေ့ပြီး ဆိုရင် ဝိုင်းကြည့်တာလေ။

ခုလည်း ကျနော်တို့ အဖွဲ့ကို ဝိုင်းကြည့်နေကြတာပေါ့။ ကျနော် ကားခေါင်းမိုးပေါ် တက်တဲ့ အချိန်မှာ အမေတို့ သွားထိုင်နေတဲ့ ဆိုင်က အမကြီးက ကျနော်ကားခေါင်းမိုးပေါ်တက်တာကိုမြင်တော့ “ ဟိုး ကောင်းမလေးက ကားခေါင်းမိုးပေါ် တက်နေတယ်ရော” လို့ အံ့သြတဲ့လေသံနဲ့ ပြောတော့ အမေ လှည့်ကြည့်လိုက်တော့ ကျနော်ဖြစ်နေတယ်။ အမေတို့ လဲ အဲ့အမကြီးကို စချင်ကြတာနဲ့ ဘာမှမပြောပဲနေ လိုက်ကျတယ်။ ကျနော်တို့ ဓါတ်ပုံရိုက်ပြီး ဆိုင်ထဲကို ဝင်လာတော့ ဆိုင်ထဲမှာရှိတဲ့ လူတွေက ကျနော်ကို ဝိုင်းကြည့်နေကြတယ်လေ။ ကျနော်က အမေကို “ အမေဝယ်ပြီးရင်လည်း သွားကြရအောင်”လို့ လှမ်းပြောတော့ ခုနက အမကြီးက “ ဟင်း ယောက်ကျားသံကြီးနဲ့ ”လို့ ပြောမှပဲ အားလုံးက ဝိုင်းရယ်ကြပါတော့တယ်။ ကျနော်ကို ချစ်လို့တဲ့ မုန့်တောင်လက်ဆောင် ရလိုက်သေးတယ်။ ခုနက အမကြီးပေးတာ။

အောင်ပန်းရောက်တော့ ည ၉နာရီရှိနေပြီ။ အဲ့ကျမှ ညစားစားကျတယ်။ ပင်လောင်းကို ပြန်ရောက်တော့ ည ၁၂ထိုးနေပြီ။


ဆက်ရန်.........................

လေးစားလျှက်
ရီနိုမာန်


ခွင့်လွှတ်ကြပါနော်။ ကျနော် စာများများ မရိုက်နိုင်တဲ့ အတွက် အခုလို ခွဲခွဲပြီးရေးနေရတာပါ။ နောက်တစ်ပိုင်းမှာ ကလော နှင့် တောင်ကြီး ခရီးစဉ် ရှိပါသေးတယ်။

July 4, 2009

မအိမ်ကံ ( for July ) အပိုင်း - ၂

မအိမ်မြိုင်နှင့် မှုံနံ့သာ။
သူတို့နှစ်ဦးထဲကသာ ရွေးကြကြေးဆိုလျှင် ဘယ်သူ ကွမ်းတောင်ကိုင်ရလေမလဲ။ တွေးမိရာက မအိမ်ကံမှာ ရင်ထဲ ဆို့တက်လာခဲ့သည်။ သမီးကလေးအဖို့ရာ ကွမ်းတောင်ကိုင်ဖြစ် ဖို့အရေးမှာ ဖအေပျောက်ကိန်းကြုံရရှာပါပကော။ စဉ်စားကြည့်လေ ရင်နာစရာကောင်းလေ။ ကိုပြေသိမ်း က ရွာပြင်ထွက်ပြီး ချဉ်ပေါင်တစ်တက်၊ ရုံးပတီတစ်တောင့် သွားခူးတာမဟုတ်။ တစ်မြေတခြား ကုန်ရောင်းကုန်ဝယ် သွားတာမျိုးလည်း မဟုတ်။ စစ်မြေပြင်ကို သွားခြင်းဖြစ်သည်။ သွားပါပြီဆိုကတည်းက အသက်တစ်ဝက် ပေးထားနှင့်ပြီး သား။ ကိုယ်မဦးတော့ သူဦး၊ သူမဦးတော့ ကိုယ်ဦး။ ဘယ်သူ သေလို့ ဘယ်သူကြေမှန်းမသိရသည့်အဖြစ်။ သူတကာတွေ ပြန်ရောက်ကြပါလျက် ကိုပြေသိမ်း ပြန်မလာပုံထောက်တော့ မုဆိုးမစင်စစ် ဧကန်ဖြစ်ရပြီထင်ပါရဲ့လို့သာ အောက်မေ့ရတော့ သည်။ မအိမ်ကံအဖို့ရာ မုဆိုးမဖြစ်ရတာကိုလည်း မဥပါဒ်မိ။ အဖမဲ့သမီးမို့ ကွမ်းတောင်ကိုင် လွဲရရှာတော့မည့်သမီး အတွက်တော့ ဒုတိယအကြိမ် ရင်နှင့်အမျှခံစားရပါ၏။ မအိမ်ကံ ဒါကိုပဲ နာလွန်းလှသည်။

မအိမ်မြိုင်ကလေးကို ရွှေမှုံကပင် ချောလှပါပေ့ဆိုခဲ့သည်။ ရွှေမှုံက သူ့သမီးကလေးကို ကိုယ်တိုင်လက်ဆွဲလာသည့် ကြားက မအိမ်မြိုင်ကို အားရပါးရ ချီးကျူးခဲ့တာကိုတော့ မအိမ်ကံ ကျေနပ်နေမိခဲ့သည်။ သမီး မအိမ်မြိုင်က မှုံနံ့သာထက် ပိုချော၊ ပိုလှတာလည်း အမှန်ပင်။ သို့သော် အရွယ်တွေက ငယ်ကြသေးသည်။ သည်ရုပ်သည်ရည်လေးတွေကို အတည် ယူလို့ မရသေးမှန်းတော့ မအိမ်ကံ သိပါ၏။ နောင်ဆယ်နှစ် ကျော်ကျော်ဆိုလျှင်တော့ ခံဆူးလား၊ ဆီးဆူးလား ကွဲကြရော့ မည်။

ရက်ကန်းရုံထဲမှာ အလုပ်တွေ လုပ်နေခဲ့သည့်တိုင် မအိမ်ကံ ရင်မလင်းခဲ့။ ရေကြောင့် နွံဖြစ်ရပြီ။ နွံကြောင့်ပင် ရေနောက်ရ ပြန်ပါပကော။ ကျေးဥက ကလေးကိုချီလာတော့ သမီးကလေးကို မအိမ်ကံ ပွေ့ယူလိုက်သည်။ မအေ့ထက် တောင် ချောလှသူကလေးရယ်။ ညည်းအဖေနဲ့ငါ ရှင်ကွဲလား၊ သေကွဲလား။ ဘယ်လိုပဲကွဲကွဲ ကွဲကြပြီဆိုရင်တော့ လင်စုံ မယားဖက် မဟုတ်လို့ ညည်း ကွမ်းတောင်ကိုင်ဖြစ်စရာ မရှိ တော့ပါလား အေ။ အမေနဲ့ သမီး သည်နေရာမှာတော့ ဘ၀ချင်း မတူပါရစေနဲ့ သမီးရယ်။ သည်တစ်ခါတော့ ဇောင်ချမ်းကုန်း မှာ ညည်း ကွမ်းတောင်ကိုင်ပြစေချင်စမ်းပါဘိ။

မအိမ်ကံ မျက်ရည်ကျတော့ ကျေးဥက ကလေးကိုပြန်ဆွဲ ယူကာ ရက်ကန်းရုံထဲမှ ထွက်လာခဲ့သည်။ အခုတော့ လျှော့ တော့လည်း မိစ္ဆာ၊ သာတော့လည်း ဒိဋ္ဌိ။ ရှိပါစေတော့။ ဖရုံ တစ်ညှာ၊ ဘူးတစ်ညှာဖြစ်လာသမျှအကြောင်း အကောင်း ချည်းလို့သာ မအိမ်ကံ သဘောထားခဲ့လေသည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးပြီး၍ အုပ်ချုပ်ရေးသစ် ပြန်လည်စနေပြီဆိုသော်လည်း ကိုပြေသိမ်း ပြန်မလာသည့် အတွက် တစ်စတစ်စ စိတ်ပူပန်လာရသူမှာ အမေပန်းရုံဖြစ် သည်။ သမီးဖြစ်သူ၏ အိမ်ထောင်ရေးကိစ္စတွင် တောသူ တောင်သား မိဘပီပီ ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ အခြေ အနေကိုသာ အကဲခတ်နေခဲ့သည်။ တစ်နေ့ပြန်လာနိုး၊ တစ်ရက် ပြန်လာနိုး မျှော်ကိုးနေခဲ့မိသည်။ ပြန်မလာတော့တာသေချာ လျှင်လည်း ကုသိုလ်ကောင်းမှုပြုဖို့ရာ တာဝန်ရှိသည်။ ဘ၀ကူး ကောင်းရန် ဆွမ်းသပိတ်သွပ်ရမည့် ကိစ္စတွေရှိသည်။ ဘ၀ကံကပေးသမျှ ပေါင်းဖက်ခဲ့ရသည့်သမီးအတွက် ရိုးမြေ ကျ မပေါင်းဖက်ရလေခြင်းဆိုသည့် စိတ်ဒုက္ခကို လူမသိ သူမသိ ကျိတ်ခံစားရခြင်းတွင် ကာယကံရှင် မအိမ်ကံထက် မလျော့ပေ။ ကျီးသာလေတိုင်း ထွက်ကြည့်ရင်း မျှော်ရတာ အမော။ သားသမက်ဆိုသော်လည်း သမီး၏အိမ်သားဆိုတော့ သားရင်းနှင့်မခြား မေတ္တာမျှရသူပင်။

“လှအုံရယ် ငါ့မလည်း တစ်ဒုက္ခပါအေ။ မအိမ်ကံ သူ့အိမ် သားကိုမျှော်သလို ငါ့မလည်း သားမလာလို့မျှော်ရသဲ့မအေလို ၀မ်းခါးလွန်းလှပြီ။ ဘယ်နှယ့်အေ သေလေသလား၊ ရှင်လေ သလားမသိရသဲ့အဖြစ်ကိုက ဆိုးလွန်းလှသယ်။ ဘယ်သူ့ မေးလို့ မေးရမှန်းမသိသဲ့အဖြစ်ပါကော။ ငါတော့ စိတ်တုံးတုံး ချချင်လှပြီ”

“ဟုတ်ပါရဲ့ အရီးရယ်။ မောင်ပြေသိမ်းက လူသူတော် ကောင်းပါ။ သားပစ်၊ မယားပစ် ကစုတ်ကညစ်ထဲကမဟုတ် လေတော့ ပိုလို့တောင်စဉ်းစားရကျပ်သယ်။ ရှင်သေးသရွေ့ တစ်တီတူးများ ကမ္ဘာပြိုသယ်ထင်သလို ဇောက်ထိုးပြေးလာ မယ့်လူပါ။ ကျုပ်တော့ ဆိုင်ရာမေးချင်လှသတော်”

“အေး ငါလည်း ဒါပဲတွေးနေသာ။ ခက်သာက နတ်က တော်တော်၊ နတ်ကတော်ကယိမ်းလွန်းဆိုသာလို မမှန်မကန်တွေ ကလည်း များသား။ ညည်း ဘယ့်နှယ်စဉ်းစားတုံး လှအုံ”

“မသိုင်းခြုံတော့ စိတ်တွေ့သားပဲ။ မောင်မြတ်သာ အတွက်မေးတုန်းက ကြည့်ပါလား၊ ဒက်ထိတိုးတာတော်။ သိုင်းခြုံက နတ်မျိုးရိုး မဟုတ်ပေသိ နတ်ကြီးကောက်မို့ အဟောအပြောမှန်လို့ကို ကျုပ်က သဘောကျသာ”

ဖအေဆုံးတာတောင် ပေါ်မလာသော မောင်မြတ်သာ တုန်းကလည်း နတ်မေးခဲ့ကြသေးသည်။ ပြန်လာလိမ့်မည်ဟု နတ်ကတော်မသိုင်းခြုံ ဟောသည့်အတိုင်း မောင်မြတ်သာ ရွာကို ပြန်လာခဲ့ပါ၏။ စစ်သားကြီးလုံးလုံး ဖြစ်သွားသော မောင်မြတ်သာကတော့ ရွာမှာ တအိုးတအောင့်နေထိုင်ပြီး ဇနီးသည် မစိမ်းမြကိုပါ တစ်ပါတည်း ခေါ်သွားခဲ့သည်။ မောင်မြတ်သာလည်း ပေါ်မလာ အတော်ကြာပါပကော။


July 3, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (၁)

ခရီးသွားခြင်းနှင့် ပတ်သက်ပြီး ပြောရရင် မွေးကတည်းက ခုချိန်ထိ ထွက်နေရတဲ့ ခရီး မပြီးဆုံးသေးတဲ့ ဘဝခရီး၊ ခရီးပေါင်းမြောက်မြားစွာထဲမှ အမှတ်ရနေတဲ့ ခရီးစဉ်တစ်ခုကို ရေးသားဖေါ်ပြလိုက်ရပါတယ်။

၂၀၀၂ခုနှစ် မတ်လနောက်ဆုံးတစ်ပတ်အား ရုံးမှခွင့်ယူပြီး အဖေတာဝန်ကျနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းကို ရုံးမှသူငယ်ချင်းလေးယောက်နဲ့ စနေနေ့ နေ့လည် (၁)နာရီမှာ ရန်ကုန် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှ ရန်ကုန်-တောင်ကြီး အယ်ကွန်းကားကြီးနဲ့ ခရီးစတင်ထွက်ခဲ့ကြပါတယ်။ အဖေရှိတဲ့ ပင်လောင်းကို အရင်းသွားရမှာ ဖြစ်တဲ့အတွက်ကြောင့် လမ်းဆုံဖြစ်တဲ့ အောင်ပန်းမှာ ဆင်းကြရပါတယ်။ အောင်ပန်းကိုရောက်တဲ့ အချိန်ကမနက် ၅ နာရီလောက်ဆိုတော့ ရှမ်းပြည်ရဲ့ နွေရာသီကလည်း ရန်ကုန်ဆောင်းထက်ပင် အလွန်အေးပါသေးတယ်။ ရှမ်းပြည်ကို တစ်ခါမှ မရောက်ဖူးကြတဲ့ ကျနော့် သူငယ်ချင်းများကတော့ ကောင်းကောင်းကြီးကိုထိတော့ တာပေါ့။ ကျနော် ခေါ်လာတာ လူတွေပါ။ ဒါပင်မဲ့ ကျနော် အနားမှာ ဘဲတွေလိုပဲ ဂတ်......ဂတ်......ဂတ် နဲ့ပေါ့။


၉နာရီလောက်မှ ပင်လောင်းကိုသွားမဲ့ ကားတွေပင်လောင်းကနေ ရောက်လာကြတော့တယ်။ ယောက်ကျားလေး တွေပဲဆိုတော့ ကားနောက်ကနေ တွဲစီးလာကြတာပေါ့။ ပင်လောင်းကို နေ့လည် ၁၂ နာရီလောက်မှပဲ ရောက်တော့တယ်။ နေ့လည်စား ကို အိမ်ရောက်မှစားကြတာ။ (ချွေတာရေးပေါ့ ဟဲ ဟဲ) စားပြီးတော့ အိပ်တဲ့လူကအိပ်၊ ကျနော်ကတော့ ကျနော်တို့ရဲ့ ခရီးစဉ်ကို အမေကိုပြောပြနေတယ်။

ညနေပိုင်းရောက်တော့ တပ်ထဲမှာရှိတဲ့ ဖုန်ထူမြေနီလမ်းကို လျှောက်ပြီး ပတ်ဝန်းကျင် ကိုလိုက်ပြလိုက်တယ်။ တနင်္လာနေ့မှာတော့ အမေကိုနေ့လည်စား ပြန်စာမယ်ဆိုပြီး မနက်ထဲကခေါ်သွားတာ(သူငယ်ချင်းတွေကို) ။ မြို့ထဲခေါ်ပြီး ကုလားဆိုင်မှာ နွားနို့ တိုက်ပြီး (ရည်ရွယ်ချက်နဲ့) ကျနော်က ကျနော်ရဲ့ ကျူရှင်ဆရာကို ဝင်ကန်တော့ပြီး သူငယ်ချင်းတွေကို ဘယ်ခေါ်သွားတယ် ထင်လဲ။ (လျှောက်မတွေးနေနဲ့အုံး) ပင်လောင်းမှာရှိတဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဂျူးတောင်ကိုခေါ်သွားတာဗျ့။ တောင်ပေါ်ကို အားလုံးကရောက်နေကျပြီ။ မရောက်သေးပဲ တောင်တစ်ဝက်မှာ ကျန်နေတာက ကျနော်ရယ်ပါ။ ( ကုလားဆိုင်မှာတုန်းက နွားနို့ မသောက်ခဲ့လို့နဲ့တူပါတယ်။) ဟောဟဲ....ဟောဟဲ......နဲ့ဖြေးဖြေးချင် တက်ရင်းနဲ့တော့ ရောက်သွားပါတယ်။
မနက်ဖြန် ငှားထားတဲ့ ကားနဲ့ အင်းလေး၊ ကုံလုံ ၊ ပင်တယ ကို မနက်စောစောသွားကြရမှာဖြစ်တဲ့ အတွက် ဒီညနေတော့ ကျနော်တို့ ဘယ်မှ မသွားပဲ ရှမ်းပြည်ထုပ် လိမ္မော်ဖြူလေးနဲ့ ပဲ စောစောအိပ်ရာဝင် လိုက်ပါတော့တယ်။ လိမ္မော်ဖြူဆိုတာ လိမ္မော်နံ့လေးမွှေးနေတဲ့ အရက်ကိုပြောတာ။

အင်္ဂါနေ့

တီ...တီ.......တီ....... ကားဟွန်းသံ ကြားမှပဲ တအိမ်လုံးနိုးလာကြတယ်။ ရာသီဥတုက အေးအေးဆိုတော့ ကွေးကောင်းကောင်းနဲ့ ကွေးနေကြတာ ကားဟွန်းတီသံကြား မှပဲနိုးတော့တယ်။ တော်သေးတာပေါ့ အမေက ညကတည်းက အစားအသောက်နဲ့ အခြားလိုအပ်မဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားလို့။ ကားက ဟိုင်းလပ်ကား။ လူက ကားဆရာနှစ်ယောက်၊ ကျနော်တို့အဖွဲ့က ငါးယောက်၊ အကိုတို့ လင်းမယားနှစ်ယောက် ၊ အမေနဲ့ ညီမလေး ၊ နောက် အန်တီမနော်နဲ့ သူ့သမီးလေး အာလုံးပေါင်း ၁၃ယောက်။ ကားကိုဘေးထိုင်ခုံတွေ ဖြုတ်ပြီး ကားဝမ်းထဲမှာပဲ ဂွမ်းကပ်လေးထည်လောက်ထည့်လာပြီး ခရီးစတင်ပါတော့တယ်။ ရာသီဥတုက အေးအေး၊ ကားကလည်းလေဝင်၊ ဝင်တဲ့လေကလည်း အေးစိမ်းနေတော့ တစ်ယောက်နဲ့ တစ်ယောက်မဖက်ထားရုံတမယ် ကွေးနေကြတော့တာပေါ့ဗျာ။........

အရမ်းကိုအိပ်ချင်နေလို့ ဒီလောက်နဲ့ ပဲ ရပ်ထားလိုက်ပါတယ်ဗျာ။ နောက်ရက်မှ ကျန်တာဆက်ရေးပေးပါမယ်။


လေးစားလျှက်
ရီနိုမာန်

July 1, 2009

ကဗျာလေး


ကောင်းကင်ကြီးထဲမှာ
လှပတဲ့ အပြာရောင်ရှိတယ်

“မောင့်” ရင်ထဲမှာ
မင်းရဲ့ အပြုံးလှလှလေး တွေရှိတယ်


လောကကြီးထဲမှာ
သူ့ဟာနဲ့ သူ ပြည့်စုံနေတယ်

“မောင့်” ရင်ထဲမှာ
မင်းရဲ့ ပြည့်စုံတဲ့ အလှရှိတယ်


ကမ္ဘာမြေကြီးကို လူတွေက
ထားသွားတက်ကြတယ်

“မင်း” လည်း “မောင့်” ကို
ထားသွားမယ်ဆိုတာ “မောင်” သိနေတယ်


လူတွေက ပန်းတွေကို
နှစ်သက်ခဲ့ကြသလို

“မောင်”လည်း “မင်း” ကို မြတ်နိုး ခဲ့တာပါ

“မောင်” “မင်း” ကို ချစ်တာ
“မောင်” သာ အသိဆုံးပါ


လေးစားလျှက်
ရီနိုမာန်