November 23, 2009

မအိမ်ကံ ( For Nov အပိုင်း - ၆ )

“အပြစ်မရှိသဲ့ လှည်းသမားတွေကို နင်ကသာ ငြိုးသာ။ ငါက နင့်ကို ဘယ်တုန်းကမှ ခေါင်းထဲ မရှိဘူး။ ဖမ်းထားပြီး ဒဏ်ငွေ ရိုက်ချင်သာက ရှေ့က။ လူစာ၊ နွားစာတောင် မကျွေးဘူး ဆိုတော့ နင်လည်း တောသူ၊ တောင်သားပဲ မလွန်လွန်းဘူး လား။ တခြားရွာက လှည်းတွေ မပြောနဲ့။ ဇောင်ချမ်းကုန်းက တောင်သည် အမိန့်ကို ဘယ်သူမှ မသိကြဘူး”

“ဟုတ်ပါပြီလေ။ အခုက မအိမ်ကံနဲ့ ဘယ်လိုပတ်သက် လို့တုံး။ လှည်းသမားတွေထဲမှာ နင့် အမျိုးပါလို့လား”

“ဘယ့်နှယ့်မှ မပတ်သက်ဘူး။ ဘာအမျိုးမှလည်း မပါဘူး။ နင်လုပ်သဲ့ အလုပ် မဟုတ်လို့ လိုက်လာသာ။ မဟုတ်ရင် ဘယ်ဟာမှ မခံဘူး။ ငါရွာကျောင်း ဆရာကတော်လေဟဲ့။ မမှန်သာ မတရားသာ ရှိရင် ငါတို့က ရှေ့ကထွက်ရမှာပဲ။ ဘယ့်နှယ့်တော်၊ နှီးချက်နဲ့ တဲဆောက်ကာမှ သံတောင် နောက်ကောက် ကောက်ကျရသယ့် ကိန်းဆိုက်နေပါပကော”

ရုံးရှေ့မှာ လူတွေ အုံခဲနေကြပြီ။ မလှအုံလည်း ချက်ချင်း အပြေး ရောက်လာသည်။ လာတုန်းကတော့ မအိမ်ကံကို “နင်တန်၊ သူတန်” လုပ်ဖို့ လိုက်လာ ဟန်တူပါ၏။ သာအောင် နှင့် ခွန်းကြီးခွန်းငယ် အော်နေကြတာ တွေ့တော့ ကိုစံကောင်း အနား သွားရပ်သည်။ ကိုစံကောင်းကလည်း နှမဖြစ်သူကို တစ်ခွန်းဝင် မဟ။ သာအောင် လူပါး ၀နေတာကို ရွာက မခံချင် ကြသော်လည်း မိုးကောင်း နေချိန်ဆိုတော့ ငြိမ်နေကြရသည်။ ခုတော့ နှမ လုပ်သူက ချက်ကျ လက်ကျ တွယ်နေတော့ အဝေးက အသာကြည့် နေခြင်းဖြစ်၏။ သာအောင့်နောက်မှာ လူမိုက် နှစ်ယောက် ရှိနေကြတော့ နှမကို ကိုယ်ထိလက်ရောက် ရှိကြမှာ စိုး၍ ဖြစ်သည်။ မလှအုံက မအိမ်ကံ အနားသွားကာ လက်မောင်းအိုးကို ဆွဲသည်။

“မအိမ်ကံလာတော့ နေပူသယ်။ တို့ရွာလည်း ဆင်ကြိုးနဲ့ ကြက်ချည်၊ ကြက်ချည်ကြိုးနဲ့ ဆင်ချည် ဖြစ်နေပါပကော”

မအိမ်ကံက နေရာမှာပဲ ပေရပ်ကာ သာအောင့် စကားကို စောင့်နေခဲ့သည်။ သာအောင့် နှုတ်က အမိန့်မကျ သေးတာကို ပေစောင့်နေခြင်းဖြစ်၏။ တကယ်တော့ သာအောင်က မြင်းခြံ လမ်းပိုင်း ဌာနက စာအရ ဆောင်ရွက်ခြင်း ဖြစ်၍ သည်ကိစ္စ သည်လောက် ကြီးကျယ်သွားလိမ့်မည် မထင်ခဲ့။ အဝေးရွာက လှည်းတွေကို ဒဏ်ရိုက် လိုက်ရုံနှင့် ပြီးလိမ့်မည် ထင်ခဲ့သည်။ လှည်းသမားတွေနှင့် နွားရှစ်ကောင်ကို အစာရေစာ ကိစ္စ မစီ စဉ်မိခဲ့တာကတော့ ပေါ့ဆမှု ဖြစ်သည်။ မအိမ်ကံ ရောက်လာ ကာ သည်လို ကက်ကက်လန် ရန်တွေ့လိမ့်မည် လို့လည်း မထင်။ ရွာမှာ ကိုပြေသိမ်းတို့၊ မအိမ်ကံတို့က လွဲ၍ ပြောဝံ့ ဆိုဝံ့သူ မရှိတော့လည်း ထင်တိုင်းကြဲ နေကြတာ ကြာပြီ။ သာအောင်က ပါးသည်။ သူလွန်တာကို အများရှေ့မှာ အထုပ် ဖြေပြသလို အဖြစ်မခံဘဲ ချာခနဲ လှည့်သွားကာ ပြဿနာကို ရှောင်လိုက်သည်။ သူ့နောက်ပါ နှစ်ယောက်ကို တစ်စုံတစ်ရာ ပြောခဲ့ပြီး ရုံးထဲ ၀င်သွားသည်။ နွားသတ်သမား အောင်လှက လှည်းသမားတွေဆီ သွားကာ ပြန်ကြရန် ပြောနေလေပြီ။



“မလှအုံ လူတွေ၊ နွားတွေ အိမ်မှာ ထမင်းကျွေးဖို့ လုပ်ပေးပါဦး။ ခမျာများ ဆာကြရှာရော့မယ်။ လှည်းကောက်ပြီး အိမ်မောင်းခဲ့ခိုင်းလိုက်တော့”

ရွာသူရွာသားတွေကြားထဲက မအိမ်ကံ တိုးထွက်လာခဲ့ သည်။ ဇောနှင့်သာ လိုက်လာရသည်။ ပူလိုက်သည့်နေ။ ဤသို့ ဖြင့် ဇောင်ချမ်းကုန်းရွာ တာလမ်းပေါ် နွားမောင်းမှုကြီးပြီး သွားခဲ့ပါ၏။ တစ်ရွာလုံးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်ကျန် ရစ်ခဲ့သည်။ မအိမ်ကံ အကြောင်းက စကားဖြစ်နေခဲ့ပြီ။ မလှအုံက လှည်းသမားတွေကို လှည်းကောက်ခိုင်းရင်း ခါးကြီး တထောက်ထောက်နှင့် ကျန်ရစ်ခဲ့၏။ ကိုစံကောင်းလည်း နှမ ဖြစ်သူနောက် သုတ်သုတ်ပါအောင် လိုက်လာခဲ့သည်။

“ချက်ကျချက်တော့ဟာ... သည်ကောင် လူပါးဝနေသာ ကြာပြီ။ ငါက နှမထိရင် ၀င်ရိုက်မလို့။ ပြန်ပြန် ငါ့နှမ သည်ကောင်တွေတော့ သတိထားနော။ မကောင်းကြံချင် ကြံမယ့် ကောင်တွေရယ်”

“မကောင်းကြံတော့လည်း တစ်ပွဲ တွေ့ကြရုံပေါ့ အစ်ကို လေးရယ်။ ဘယ့်နှယ် ဇောင်ချမ်းကုန်းမှာ အကုသိုလ်က နိုင်စား ရမယ်လို့။ လူတွေက ခွေးဆိုး ဆိုသာနဲ့ ကြောက်ရတော့မှာ လား။ ခွေးဆိုးများ ပါးစောင်ဟက်တက် ဖြဲပစ်လိုက်ချင်သေး တယ်”

မအိမ်ကံ ဒေါသအရှိန်တွေ မပြေသေး။ မအိမ်ကံ စကား ကြောင့် ကိုစံကောင်းပင် စကားမဆက်နိုင်ဘဲ နှမကိုလှမ်းကြည့် လိုက်လေ၏။
“နေနှင့်ဦး။ လှည်းသမားတွေကို ပုဆိုးတစ်ထည်စီပါ ပေးလိုက်ရဦး”

မအိမ်ကံက ဒဏ်ရိုက်ခံကြရမည့် လှည်းသမားတွေဘက်က ရပ်တည်ခဲ့ကြောင်း၊ လူစာ၊ နွားစာ အိမ်မှာ ၀၀လင်လင် ခေါ်ကျွေးခဲ့ရုံမက ပုဆိုး တစ်ကွင်းစီပါ ပေးလိုက်သေးသတဲ့ ဆိုသည့် စကားတွေက ရွာပေါင်းစုံ ထုတ်ချင်းခတ်သွားခဲ့လေ ပြီ။ သာအောင်လည်း နည်းနည်းတော့ ကုပ်သွားလေ၏။ ထင်မထားသည့်ထောင့်က မအိမ်ကံ ပေါ်လာတာကို သာအောင် ကိုယ်တိုင် ဟန်ရေး မပြခဲ့နိုင်ခဲ့။ စဉ်းစားတွေးတောရင်း ပေါ်လာသည့် ရှေးဟောင်း နှောင်းဖြစ်တွေပင်။ မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်လာခဲ့သည်။ သမီးကြီးက အပူအပင် ကင်းကင်း အိပ်ပျော်လျက်။ အပြင်မှာ လရောင်က သာဆဲပင်။

မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ လှည်းနှစ်စီး ကောက်ထား ပြီးပြီ။ တစ်စီးက ဖိုးကူး မောင်းမည်။ နောက်တစ်စီးက ကိုကြက်တောလှည်း။ ကိုကြက်တောက လှည်းသာပေးလိုက် ခြင်းဖြစ်ပြီး ကိုဖိုးငွေက မောင်းမည်။ မလှအုံက အိမ်ပေါ်က သံသေတ္တာကြီး ရွက်ချတော့ ကိုဖိုးငွေက လှည်းပေါ်ကဆီးယူ သည်။ စုံစီနဖာတွေကလည်း မနည်းပါ။ ဘထွေးဖြစ်သူ ကိုသက်မင်းတို့ မိသားစုအတွက် အမေပန်းရုံ ထည့်ပေးလိုက် သည့် လက်ဆောင်တွေလည်းပါပါ၏။ အိမ်ကြီးမှာ လူတွေ များလှသည်။ အမျိုးတွေ အဆွေတွေပါမက နားကြားနှင့် လာရောက်ကြသူတွေလည်း များလေ၏။

“မအိမ်ကံ သမီးပို့ မလိုက်ဘူးလား။ မြင်းခြံကို။ ညည်း သမီးကတော့အေ တစ်ရွာ တစ်ယောက်ထွန်းပါပဲ။ မိန်းကလေး မြို့တက်ပညာသင်သာ တို့တစ်သက် မကြားစဖူးဘူး။ သမီး ကလည်းတော်၊ မိဘများကလည်း ကူဖော်ပံ့ဖက်ရ ဟန်ကျ ပါ့အေ”

မေးသူတွေက မေးကြတာကို မအိမ်ကံဖြေနေရသည်။ မအိမ်ကံ သမီးပို့မလိုက်တော့ပါ။ ဖအေလည်း ပါသည်။ မလှအုံ လည်း နေရာချရန်လိုက်သွားလိမ့်မည်။ မအေ ပါသွားလျှင် သမီးကြီး စိတ်ပြောင်းသွားမှာကို တွေးပြီး မလိုက်တော့ခြင်း ဖြစ်၏။ သမီးကြီးမြိုင်က စိတ်အပြောင်းအလဲကလည်း မြန်တတ်ပါ ဘိသနဲ့။ ပြီးတော့ အိမ်မှာ သက်ကြီးရွယ်အို မအေကြီး ခမျာ သမီးရော၊ မြေးပါ အိမ်က ခွာသွားလို့ကတော့ ၀မ်းထဲက အူတွေ ဆွဲနုတ် သွားသလို ဟာသွား ရှာမှာကို စိုးတာလည်း ပါပါသည်။ ဘာပဲဖြစ်ဖြစ် အမေပန်းရုံ အနားမှာ မအိမ်ကံရှိမှ ဖြစ်မည်။

မြိုင်ကလေးက သည်မနက် လှနေလိုက်သည့် ဖြစ်ခြင်း။ ဆယ့်နှစ်နှစ် သမီးဆိုတော့ အလှတွေ ရုန်းကန် ပွင့်ရန်အားယူ နေချိန် မဟုတ်လား။ ၀င်းဝါ၀ါ အသားအရေနှင့် မျက်နှာပွင့်ပွင့် ကလေးကြောင့် ဘွားအေက “ပပ၀တီ” ခေါ်တာလည်း မလွန်ပါ။ ကျောက်စိမ်းရောင် ပိုးထည်ကလေးနှင့် သပြေစိမ်းရောင် အင်္ကျီက တောက်ကြွားလွန်း လှပါ၏။ မျက်နှာချေကလေး ပုတ်ထားသဖြင့် မျက်နှာ နုနုကလေးသည်ပင် ပန်းသွေးရောင် ပြေးလျက် မျက်တောင်တစ်ချက် ပုတ်လိုက်တိုင်း စိန်ပွင့်တွေလို တဖျတ်ဖျတ် ရှိလေ၏။ မန္တလေးက ကတ္တီပါ ခြေညှပ်ဖိနပ် ကလေး စီးထားသည်။ ရွှေချည်ထိုး အိတ်ကလေး တစ်အိတ်ကို ကိုင်ထားသေးတော့ ကွမ်းတောင် ကိုင်တော့မည့် ရွာ့မိန်းမ ချောကလေးနှင့်ပင် တူသည်။ မအိမ်ကံက လွမ်းတာ တစ်ခြမ်း၊ ကျေနပ် အားရတာက တစ်ခြမ်းဖြင့် တစ်ကိုယ်တည်း နှစ်စိတ် ဖြစ်နေရတော့သည်။

“ကိုင်း မြိုင်ကလေး၊ ငါ့မြေး ဘွားအေကြီးကို ကန်တော့။ သွားကြရအောင်”

အလို။ သွားကြတော့မှာလား။ မအိမ်ကံ ရင်တွေ သည်တော့မှ ကတုန်ကယင် ရှိလာခဲ့သည်။ ကျေးဥက လူတွေရှေ့ မထွက်။ သူ့သားအငယ်နှင့် မအိမ်ခိုင်တို့ကို တစ်ဖက်တစ်ချက် စီဆွဲထားရင်း ခပ်ကွာကွာက လှမ်းကြည့်နေသည်။ ငိုချင်ချင် မျက်နှာက တင်းထားသဖြင့်သာ မျက်ရည်တွေ မကျခြင်း ဖြစ်၏။ မအိမ်မြိုင်က အမေ ပန်းရုံကို ဖျာပေါ်မှာ ထိုင်ကန်တော့တော့ အမေပန်းရုံက ဆုတွေ ပေးနေခဲ့သည်။ သည်မြင်ကွင်းကို ကြည့် ရင်း မအိမ်ကံ မျက်ရည် စို့ရပြီ။

“ပညာရှာသယ့် အခါ တောလိုက် မုဆိုးများသားကောင် ရှိရာ အရပ်မှာ ခြေလုံလုံပျ ၀ပ်ကျိုးနွံရှိသလို ကျင့်ရသယ်။ ရတနာ သုံးပါးကို ကြည်ညိုရာမှာ အဖိုးတန် လည်ဆွဲ တန်ဆာကို ပျောက်မှာစိုးလို့ မကြာခဏ စမ်းသလို အခါမလပ်အောက် မေ့ရသယ်။ တောမျောက်များ တစ်ည သုံးခါမြေကြီးကို ဆင်း စမ်းသလို ၀ီရိယ ရှိရသယ်။ ကြားလား ငါ့မြေး။ ယနေ့ယခု မှစ၍ မြေးလေး မအိမ်မြိုင် တစ်ယောက် စိတ်သွားတိုင်း ကိုယ် ပါ၍ လိုရာမှန်သမျှ ပြည့်စုံပြီးလျှင်...”

အမေပန်းရုံဆုပေးနေသခိုက် မအိမ်ကံ မျက်လုံးတွေ မှိတ်ထားခဲ့သည်။ မျက်ရည်တွေက ပိတ်ထားသော မျက်ခွံထဲက ယိုစီးကျလျက် ပါးပြင်ပေါ်သို့ တစ်လိမ့်ချင်းကျလာ လေ၏။ ရင်ထဲ လှိုက်တက်လာသော ခံစားမှု အဟုန်က အသိ သတိတရားတို့ကိုပါ ရိုက်ချိုး ပစ်လိုက်သည့် အခါ ကြေကွဲစရာ ကောင်းလှသော ရှိုက်သံကြီး ထွက်ပေါ်လာလေသည်။ ကျေးဥ၏ ငိုသံကလည်း ထက်ကြပ်မကွာ ပါလာခဲ့ပြီးသည့် နောက်မှာတော့ တရားဆုကို ပေးနေသော ဘွားအေပါ အသံတွေ တုန်လှိုက် လာရာက တဘက်ဟောင်းဖြင့် မျက်နှာကို အုပ်ကာငို ရှာလေသည်။ ၀ိုင်းတိုက်ထဲတွင် ရှိနေကြသော ဆွေမျိုးများရော ရွာခံများပါ မျက်ရည်တွေဝေ့ကြရပြီ။ ခံစားမှုနှင့် ပတ်သက်လျှင် အေးအေးလေးလေး ရှိရှာသူဟု ပြောစမှတ်ပြုရသော မအိမ်မြိုင်သည်ပင် မျက်ရည်တွေတွေ ကျရင်းက ဘွားအေကို တစ်လှည့်၊ မိခင်ကို တစ်လှည့်ကြည့်ရင်း ငိုနေခဲ့၏။

မအိမ်ကံနှင့် ဖအေကို လာကန်တော့သည့် အခါ သမီးကြီးကို အကန်တော့ မခံသေးဘဲ ပိုက်ဖက်ထားခဲ့သည်။ နဖူး ဆံစတွေကို နမ်းနေမိသည်။ သည်သမီးကလေး မွေးကတည်း က ရင်အုပ်မကွာ ရှိခဲ့ရာက သည်ကနေ့တော့ဖြင့် အဝေးတစ် နေရာဆီ သွားရရှာတော့မည်။ မိဘနှစ်ပါးကို ကန်တော့အပြီး မှာတော့ လှည်းပေါ် တက်ရပြီ။ ကိုပြေသိမ်းပင် မျက်နှာကို တစ်ဖက် လှည့်ထားရှာ၏။ မလှအုံနှင့် မအိမ်မြိုင် သားအဖက လှည်းတစ်စီး။ ကိုဖိုးငွေနှင့် ၀န်စည်စလယ်တွေက လှည်းတစ်စီး။ မအိမ်ကံ ငယ်ငယ်က အဖေနှင့် မြင်းခြံ အလည် လိုက်သွားခဲ့စဉ်က အမေပန်းရုံနှင့် ခွဲရသည့် ခံစားမှုကိုပင် ပြေးသတိရ လိုက်မိပါ၏။

“အမေ သွားတော့မယ်နော်၊ အမေကြီးပန်းရုံ သွားတော့ မယ်နော်၊ ကျေးကျေး သွားတော့မယ်နော်၊ ညီမလေးခိုင် မမ သွားတော့မယ်နော်”

“သွားတော့မြေးကြီးရေ၊ မြေးကြီးလာမှ အမေကြီး တွေ့ ရတော့မှာပါအေ၊ ကျောင်းပိတ်သာနဲ့ ပြန်ခဲ့နော်မြေး၊ အမေကြီး တို့ မျှော်နေမယ်နော်၊ ခလုတ်မထိ ဆူးမငြိ ဘေးရှိသမျှ ဝေးပါ စေတော်၊ ကျုပ်မြေးလေး”

လှည်းနှစ်စီး ရွာလယ် လှည်းလမ်းပေါ်ရောက်သွားခဲ့ပြီ။ ၀ိုင်းတိုက်ထဲက ရှိရှိသမျှ လူတွေအားလုံး ခြံဝက ထွက်ကြည့် ကြသည်။ မအိမ်ကံက လက်ပြတော့ သမီးကြီး မြိုင်ကလည်း လက်လှမ်းပြရှာပါ၏။ ဘ၀ဆိုတာ နှုတ်ဆက်ခြင်းများနှင့်ချည်း ပြီးရတာများလား။ သွားတော့ သမီးရေ။

ညသည် လပြည့်ကျော်စရက် ဆိုသော်လည်း ညဥ့်နက်ပိုင်းတွင် လရှိသေးသည်။ လထွက် နောက်ကျသည့် အတွက် ညဦးပိုင်းတုန်းကတော့ ဇောင်ချမ်းကုန်း တစ်ရွာလုံး မှောင်မည်း လျက်ရှိ၏။ ကလေးငိုသံ၊ သီချင်းဆိုသံ၊ ပုလွေသံစသော ကျေးရွာ တစ်ရွာ၏ ဆွတ်ပျံ့ဖွယ် အသံဗလံများ ငြိမ်သက်သွား ချိန်မှာတော့ ရွာကလေးလည်း တစ်စတစ်စ ငြိမ်သက် သွားခဲ့ပါ၏။

မအိမ်ကံတို့ အိမ်ကြီးမှာ ဖိုးတုတ်ကလွဲလျှင် မိန်းမသား တွေချည်း ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းရော၊ ကိုဖိုးငွေရော၊ ဖိုးကူးရော မရှိကြရုံမက မလှအုံပါ ပါသွားလေတော့ အိမ်မှာ အမေပန်းရုံ၊ မအိမ်ကံ၊ ကျေးဥနှင့် ကလေး သုံးယောက်သာ ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းတို့ လှည်းထွက်သွားကတည်းက သည်အချက်ကို မအိမ်ကံ သတိထားမိလိုက်သည်။ ညဘက်မှာ ဖိုးတုတ် တစ်ယောက်သာ ယောက်ျားသားရယ်လို့ ရှိပြီး မိန်းမသား တွေချည်း ကျန်ခဲ့ခြင်းသည် သည်လို ကာလကြီးမှာ မကောင်းနိုင်တာကို ရိပ်စားမိခဲ့ခြင်း ဖြစ်သည်။ အမေပန်းရုံက အသက် အရွယ်ကြီး ရင့်ပြီ။ ထွန်းပ၊ ထွန်းရ ညီအစ်ကိုနှင့် မအိမ်ခိုင်က ကလေးငယ်တွေ။ ကျန်တာ မအိမ်ကံနှင့် ကျေးဥပဲ ရှိတာဆိုတော့ ကိုစံကောင်းကို ညဘက်လာစောင့်ရှောက်ဖို့ မအိမ်ကံ စီစဉ်ခဲ့သည်။ ညနေက ကျေးဥကို အခေါ်လွှတ် လိုက်ကတည်းက ကိုစံကောင်းကလည်း ဓားရှည် တစ်လက်ဖြင့် ရောက်လာခဲ့ပါ၏။

“ဟုတ်သယ်၊ အစ်ကိုလေးလည်း စဉ်းစားမိသယ်၊ ခေတ်ကာလက မကောင်းတော့ ငါ့နှမတွေးသာ မှန်သာပေါ့၊ စိတ်ချသာ အိပ်ကြပါအေ၊ အစ်ကိုလေး ရှိပါသယ်”

ကိုစံကောင်း အတွက် လက်ဖက်တစ်ပွဲ ရေနွေးတစ်အိုး စီစဉ်ပေးပြီး အိပ်ရာ ၀င်ခဲ့ကြသည်။ သည်ညတော့ ကျေးဥတို့ သားအမိ တစ်တွေကလည်း မအိမ်ကံတို့နှင့် အတူ အိမ်ကြီးပေါ် လာအိပ်ကြသည်။ အိမ်အောက်ထပ် အေးခုတင်ကြီးပေါ်မှာ ဖိုးတုတ်နှင့် ကိုစံကောင်း အိပ်ကြလိမ့်မည်။ အိပ်ရာဝင်တော့လည်း မအိမ်ကံမှာ သမီးကြီးကို လွမ်းလွန်းသဖြင့် ချက်ချင်း အိပ်မပျော်နိုင်။ ကျေးဥကလည်း မအိမ်ကံလိုပင် ရှိခဲ့သည်။ အမေပန်းရုံကတော့ မြေးလွမ်း နေပုံရပါ၏။ ညနေစောင်းက တည်းက အိမ်ဦးခန်းက သင်ဖြူးဖျာ ကလေးပေါ်မှာ ၀င်ခွေ နေလေတော့သည်။ မအိမ်ကံနှင့် ကျေးဥ စကား တပြောပြော ရှိကြရာတွင် ညဥ့်နက်လာတော့ ကျေးဥလည်း အိပ်ရာဝင်ခဲ့ပြီ။

မအိမ်ကံမှာသာ အိပ်မပျော်နိုင်သေးဘဲ အတွေးတွေ စုံနေ ခဲ့ရပါ၏။ အောက်ထပ် နာရီကြီးဆီက တစ်ချက်ထိုးသံ ကြား ရပြီ။ ဒင်ခနဲမြည်လိုက်သော အသံက မအိမ်ကံကို ဖျတ်ခနဲ လှုပ်လိုက်သလိုရှိရာက တစ်စုံတစ်ရာ စိတ်မသိုးမသန့်သလို ခံစားလိုက်ရသည်။ ဘာသံမှတော့ မရှိ။ သို့သော် မအိမ်ကံတွင် အာရုံတစ်ခု ကပ်ငြိနေသလို ကြက်သီး ရိပ်ရိပ်ကလေးထိ သွားခြင်းဖြစ်၏။ မအိမ်ကံ အိပ်ရာက ထလာခဲ့ကာ ၀ိုင်းတိုက် လေးဖက် လေးတန်စလုံးကို မြင်ရသော ပြတင်းပေါက်များက တစ်ဆင့် စူးစူးစိုက်စိုက် လိုက်ကြည့်သည်။ လရောင်က ခပ်နောက်နောက်ဆိုတော့ သဲသဲကွဲကွဲတော့ မရှိ။ အစ်ကိုလေး ကိုစံကောင်းကော အိပ် နေလေသလား။

မအိမ်ကံ ကြည့်နေခိုက်မှာပင် ၀ိုင်းတိုက်ထဲသို့ အရာဝတ္ထု ဖြူဖြူတွေ တဖျောဖျော ကျလာသည်ဟု ထင်လိုက်မိသည်။ ပြတင်းပေါက်နှင့် ၀င်းထရံက တော်တော်လေး ဝေးသဖြင့် သေတော့ မသေချာ။ မအိမ်ကံက ကိုစံကောင်းကို အော်ခေါ် လိုက်ဖို့ တွေးမိလိုက်ချိန်မှာပင် ကိုစံကောင်းက ဓားရှည်ဝင့်ရင်း ၀င်းထရံဘက်ကို ပြေးသွားတာ မြင်လိုက်ရသည်။ မအိမ်ကံ ကလည်း နံရံပေါ်က ဓားရှည်ကို ဆွဲလိုက်ပြီး လှေကားပေါ်က အပြေးဆင်း လာခဲ့လေသည်။ လက်နှိပ်ဓာတ် မီးကိုတော့ ဆွဲဖြစ်အောင် ဆွဲခဲ့သည်။ ကိုစံကောင်းက ခြေသံတဖျတ်ဖျတ်ကြောင့် လှည့်ကြည့်လိုက်ပြီး မအိမ်ကံမှန်းသိ၍ စောင့်နေလိုက်သည်။ ခြံထောင့်ကိုရောက်ကြတော့ မအိမ်ကံက လက်နှိပ် ဓာတ်မီးဖြင့် ဟိုဟိုသည်သည် ထိုးကြည့်သည်။ တွေ့ပြီ။ ပစ္စည်းက သုံးနေရာ ပြန့်ကြဲနေသည်။

မှုန်ဝါးဝါး လရောင်ထဲမှာ မအိမ်ကံပင် သွေးဆုတ် သွားမတတ် ရှိခဲ့ရာမှ ကိုစံကောင်းကို မော့ကြည့်လိုက်သည်။ ဓားရှည်တစ်လက် ကိုင်ထားသော ယောက်ျားသားကြီး ကိုစံကောင်းပင်လျှင် တောင့်တောင့်ကြီး ငြိမ်သက်လျက် ရှိလေ၏။


(ဆက်လက်ဖော်ပြပါမည်)

ဆရာမခင်ခင်ထူး


လေးစားစွာဖြင့်
ရီနိုမာန်

ရွှေအမြုတေ မဂ္ဂဇင်းမှ ဖေါ်ပြပါသည်။


3 comments:

ချမ်းလင်းနေ said...

ဆရာမ ခင်ခင်ထူးရဲ့ မကံအိမ်အခန်းဆက်ကို လာဖတ်သွားပါတယ်ဗျာ။

နှင်းနဲ့မာယာ said...

အကိုရေ
အသည်းတွေယားလာပီနော်..
မြန်မြန်ဆက်ပါ...

မဟာဆန် said...

ဝတ္ထုကို တင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်
အမြဲတမ်း စောင့်ဖတ်ပါတယ်
နောက်အပိုင်း မြန်မြန်တင်ပေးပါနော်