November 4, 2009

မအိမ်ကံ ( For Nov အပိုင်း - ၂ )

ကျေးဥက အီခနဲ ငိုတော့ မအိမ်ကံလည်း မျက်ရည် မဆည်နိုင်ခဲ့။ သည်လို ချစ်ခြင်းမေတ္တာတွေကို မြင်ရပြန်တော့ လည်း မအိမ်ကံမှာ လုံခြုံသလိုခံစားရပြန်ပါ၏။ သည်အသိုက်၊ သည်အ၀န်းထက် အေးမြသောနေရာ မရှိပါလားလို့လည်း ခံစားရပြန်ပါ၏။ ဒါတွေကို မအိမ်ကံက ကိုပြေသိမ်းအား ပြောပြတော့ ကိုပြေသိမ်းလည်း စိတ်မကောင်းဖြစ်ရှာပါ၏။

“အစ်ကိုလည်း နားလည်ပါတယ် အိမ်ကလေးရယ်။ သူတို့ တစ်တွေက ချစ်လွန်းလို့ သမီးကြီးကို အလို လိုက်နေတာတွေ အစ်ကို တွေ့နေရသားပဲ။ ကြာတော့ ကလေးတောင် ဘ၀ မဆန်မှာ အစ်ကို စိုးနေမိသာ။ အခု ကိစ္စကတော့ကွယ် အစ်ကိုတို့ အလိုလိုက်လို့ မဖြစ်ဘူးလေကွယ်။ အစ်ကို့ သမီးတွေ နှစ်ယောက်စလုံး ပညာတတ်တွေ ဖြစ်ရမယ်။ အစ်ကို့ဘက်က ပေးနိုင်တဲ့ အမွေကလည်း ဒါပဲ။ တစ်ချိန်ကျရင် သမီး နှစ်ယောက်စလုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြရမှာကွယ့်”

ကိုပြေသိမ်း ပြောတာလည်း ဟုတ်သည်။ မအိမ်ကံ သမီးကြီး အရွယ်တုန်းက ရက်ကန်း အလုပ်ကလေးတွေ ခြေနိုင် လက်နိုင်ဝင် လုပ်ခဲ့ဖူးတာကို သတိရမိ၏။ တစ်နေ့တုန်းက မအိမ် မြိုင်ကို ဆပ်သွားတစ်ခုပေးကာ ချည်စာ ဖြီးခိုင်းရာသို့ အမေ ပန်းရုံ အပြေးရောက်လာခဲ့ပါ၏။
“မအိမ်ကံရယ်၊ ငါ့မြေးကို ချည်စာ ရှင်းခိုင်းရသယ်လို့ အေ။ ကလေး လက်ကလေးတွေ ချည်စာ စူးပါဦးမယ်။ နောင်ကြီးရင် ခိုင်းပါလေ့။ ပေးပေး ငါ့မြေး အမေကြီး ရှင်းလိုက်မယ်”



သမီး နှစ်ယောက်က တစ်မျိုးစီ။ မအိမ်မြိုင်က အကြီးပေသိ စိတ်က မအိမ်ကံဘက် တူချင်သည်။ စိတ်မာသည်။ အနေတည်သည်။ စကားများများ မပြောဘဲ ငေးငေးငိုင်ငိုင် ရှိတတ်သည်။ ကလေး သဘာဝ ကစားဟယ် ဆော့ဟယ်လည်း မရှိ။ ချောင်တစ်ချောင်မှာ ကုပ်ကုပ်ကလေး နေတတ် သဖြင့် မအိမ်ကံပင် အားမရ။ မိန်းကလေး သဘာဝ၊ တော သဘာဝ ဖန်ခုန်တာ၊ ကြက်ခွပ်တာ မျိုးတော့ ဝေးရော။ ကျောင်းက ပြန်ရောက်သည်နှင့် သလဲသီး မှည့်မှည့်တွေ ရွေးဆွတ်ပြီး အစေ့ရဲရဲ ကလေးတွေ တစ်စေ့ချင်း ခြွေသည်။ စံပယ်ပွင့် ကလေးတွေ၊ ဇွန်ပွင့် ကလေးတွေကို တစ်ပွင့်ချင်း ဆွတ်ကာ သီကုံးတာမျိုးလည်း ၀ါသနာ ပါသည်။ တစ်ခါ တစ်ခါ ထူးဆန်းသော မေးခွန်းတွေ မေးတတ်သည်။

“အမေ သလဲစေ့ကလေးတွေကို နီအောင်၊ စံပယ်ပန်းက လေးတွေကို ဖြူအောင် ဘယ်သူက ဆေးဆိုးပေးသာလဲ။ ချည်ခင်တွေကို ဆေးဆိုး သလိုပေါ့နော် အမေ”

“အေးပေါ့ သမီးရယ်၊ သဘာဝက ဆေးဆိုး ပေးသာပေါ့။ သလဲစေ့ ဆိုရင် နီရမယ်။ စံပယ်ပွင့် ဆိုရင် ဖြူရမယ်ဆိုသာ ရှိပြီးသား သမီးရဲ့”

“သလဲစေ့ အ၀ါလည်း ရှိသာပဲ မှုတ်လား အမေရဲ့”

ဒါလည်း ဟုတ်သား။ သလဲသီးအ၀ါမျိုးရှိသည်။ မအိမ် ကံတို့အိမ်မှာ မရှိသော်လည်း မမ စိမ်းမြတို့ ၀ိုင်းထဲမှာ သလဲပင် တစ်ပင်ရှိသည်။ မအိမ်မြိုင်က ဒါကို ပြောခြင်းဖြစ်သည်။
“သလဲသီး အ၀ါမျိုးဆိုတော့ သလဲစေ့ကလည်း အ၀ါ ရောင်ပေါ့ သမီးရဲ့”

“ဆန်းတယ်နော် အမေ”
မအိမ်မြိုင်က အဲသလို ရှာရှာဖွေဖွေ တွေးတတ်သည်။ ရှာရှာဖွေဖွေ မေးတတ်သည်။ သည်လို အခါမျိုးတွင် သမီးကို မအိမ်ကံ နားသွင်းရပါ၏။
“မဆန်းပါဘူး သမီးရယ်။ ဒါ မျိုးရိုးနဲ့ ဆိုင်သယ်။ သူ့ မျိုးရိုးက သူဆင်းသက်လာသာ ဆိုတော့ အရောင် မပြောင်းဘူး။ အစဉ် မပျက်ဘူးပေါ့ သမီးရယ်။ မျိုးရိုး အတိုင်း ဖြစ်ရသယ်။ ဒါကြောင့် မျိုးရိုး အရေးကြီးသယ် ပြောကြသာပေါ့။ မျိုးရိုးဆိုသာ မတိမ်ကော ကောင်းဘူး”

မအိမ်မြိုင်က ဖအေ့ဆီက နူးညံ့ခြင်း သိမ်မွေ့ခြင်း အမွေကို ရထားသကဲ့သို့ မအေ့ဘက်က ရုပ်ရည်နှင့် မာနကို ရရှိသူ ဖြစ်သည်။ မာန်မာန မဟုတ်သော မိန်းမသား တစ်ယောက်၏ စာရိတ္တ မာန ဖြစ်သည်။ ဒါကြောင့်ပင် ထင်ပါ၏။ မအိမ်မြိုင်သည် တစ်ခါတလေ နူးညံ့ နေတတ်ပြီး တစ်ခါ တစ်ရံမှာတော့ ပိုးပိုးပေါက်ပေါက် ရှိတတ်ပါ၏။ ရုပ်ရည်ကို ကြည့်ပြန်တော့ ဖအေနှင့်လည်း တူသည်။ မအေနှင့်လည်း တူသည်။ ဖအေ မအေတို့၏ အလှနှစ်မျိုး ရောထားသော ထူးခြားသည့် အဆင်ကွဲ အလှကလေးနှင့် ဖြစ်သည်။ ၀င်းဝါ၀ါ အသားအရေ၊ ဖူးစူစူ နှုတ်ခမ်းကလေးနှင့် မေးဝိုင်းကလေးက မအေ။ မျက်နှာကျ ပြေပြေ၊ နှာတံစင်းစင်း၊ မျက်လုံးတောက်တောက်က ဖအေ။ အမေပန်းရုံကဆိုလျှင် သူ့မြေးမကို ပပ၀တီလို့ပင် ခေါ်တတ်သည်။ စိတ်လိုလက်ရ ရှိလျှင် မြေးမခေါင်းကို အုန်းဆီကလေး ပွတ်ပေးရင်း မျက်နှာကို မေးစေ့က ပင့်ကာ မော့မော့ကြည့်သည်။

“ချောလိုက်သယ့် မိန်းမနှယ်အေ။ ကြည့်စမ်း လှအုံ။ ငါ့မြေး သည်အရွယ် သည်လောက် ချောမှတော့ ကြီးရင် ပြောစရာကို ရှိမှာ မှုတ်ဘူး။ ပပ၀တီတောင် ရှုံးလောက်သယ်။ အငယ်မြေးမကလည်း တစ်မျိုးချောသာအေ့။ ဆုတောင်း ကောင်းချက်တော့”

“ရှင်အိမ်ကံ သမီး၊ မောင်ပြေသိမ်း သမီး မချောဘဲလား။ ဖအေချော၊ မအေချော။ တော်ပါသေးရဲ့။ ဘိုးသာထန်ဘက် သွားမတူလို့”

မလှအုံ စကားကြောင့် အမေ ပန်းရုံရော မအိမ်ကံပါ ရယ်ကြရသည်။ သမီး နှစ်ယောက်ကို အမွှမ်းတင်တော့လည်း မအိမ်ကံ ရင်ကလေး နွေးရပါ၏။ သမီးချောတော့ ရွာက ပြောလိမ့်မည် ဆိုသလို လူတကာက မအိမ်ကံ သမီးတွေ ချောလှတယ် ဆိုကြသည်။ ထနောင်းတိုင်က အမျိုးတွေက ဆိုလျှင် ရွှေပေါ်မြတင် ရှိကြသည်။ ထနောင်းတိုင် သွားတိုင်း မြေးတွေကို ဂွမ်းပေါက်နှင့် တို့ထားမတတ် ချစ်ကြသည်။ အညစ်အကြေး မရှိလို့ စင်ကြယ်တာတဲ့။ သည်စကားကို မအိမ်ကံ သဘောကျ လှပါ၏။ သမီးတွေကို စိတ်အညစ်အကြေး၊ ကိုယ်အညစ်အကြေး မရှိအောင် မွေးမြူရမည်။

သည်လိုနှင့်ပင် သမီးကြီး မအိမ်မြိုင်ကို မြင်းခြံ ပို့ရမည့် ရက်နီး လာခဲ့လေပြီ။ မြင်းခြံမှာ ထားရမည့် အိမ်တွေ ရှိသော်လည်း ကိုပြေသိမ်းက သူ့ညီအရင်း ကိုသက်မင်းတို့ အိမ်မှာ ထားမည်ဆို၏။ ကိုပြေသိမ်း၏ အစ်ကိုကြီး ကိုသက်ဝင်းကတော့ ရွာစည်သူနှင့် အိမ်ထောင်ကျပြီးကတည်းက ရွာစည်မှာ တစ်အိုးတစ်အိမ် ထူထောင်ခဲ့တာပင် မအိမ်ကံနှင့် အကြောင်း မပါခင်က ဆိုတော့ ရွာစည်သား လုံးလုံး ဖြစ်နေခဲ့တာ ကြာပြီ။ သက်နှင်းနှင့် သက်မင်း ညီအစ်ကို နှစ်ယောက် ကျန်ကြသည့် အထဲက ကိုသက်မင်းမှာ နိုင်ငံရေးကို ၀ါသနာ အလျှင်း မရှိ။ မြင်းခြံမြို့စွန်မှာ ရွာထွက်ကုန်တွေ လှောင်သည့် အလုပ်လုပ် ကိုင်ရင်း တောသားကြီ လိုနေသူ ဖြစ်သည်။ မြို့မှာနေသည် ဆိုသော်လည်း မြို့သွေးမြို့ရည် မရှိ။ တကယ့်တောင်သူကြီး နှင့်မခြား ရိုးရိုးကုပ်ကုပ် နေသူသာ ဖြစ်၏။ ကိုသက်မင်း မိန်းမ မလှရှင်ကလည်း တောသူ ဆိုတော့ ကိုသက်မင်းနှင့် မခြား ရိုးရိုးအေးအေးကြီး ဖြစ်၏။ မြို့ထဲကို ကျောင်းတက်ရန် စက်ဘီးတစ်စီး ၀ယ်ပို့မည်ဆိုတော့ ကိုသက်မင်းက အပို့မခံ။ စက်ဘီး အသစ်တစ်စီး ၀ယ်ထားပြီး ဖြစ်ကြောင်း လူကြုံမှာ သည်။ အိမ်အပေါ်ထပ် အခန်းတစ်ခန်း ပေးထားသည့် အပြင် မလှရှင်က ကျောင်းထမင်းချိုင့်တောင်စီစဉ်ပြီးကြောင်း ဆိုသည်။

“သက်မင်းတို့ လင်မယားက အေးအေး။ ငါ့သမီးက အေးအေးနဲ့တော့ ဟန်ကျပြီပေါ့ကွာ။ ထားကြည့်သေးတာပေါ့ လေ။ သမီး မပျော်တော့လည်း မြို့ထဲ ရွှေ့ကြတာပေါ့။ မြို့ထဲမှာလည်း ထားစရာ အိမ်ရှိပါတယ်”

ကိုပြေသိမ်းက သမီး မပျော်မှာ စိုးရှာသည်။ ထူးဆန်းတာက မအိမ်မြိုင်ပင်။ မိဘနှစ်ပါးနှင့် တကွ ဘွားအေတွေ၊ ဒွေးကြီး၊ ဒွေးလေးတွေနှင့် ခွဲရမှာကိုလည်း ပူပန် လွမ်းဆွတ် ပုံမရ။ ညီမငယ် မအိမ်ခိုင်ကိုပင် လွမ်းပုံ မပေါ်။ ဘထွေးမင်းတို့ အိမ်နေရမှာနော် ဆိုတော့လည်း အင်းမလှုပ်။ မြို့ထဲ ရွှေ့သင့် ရွှေ့ကြတာပေါ့ ဆိုတော့လည်း မငြင်းပါ။ သည်ကလေးမက တစ်မျိုးပဲလို့သာ အောက်မေ့ရ တော့သည်။ ဘွားအေကြီးက တစ်ရက်တွင် မအိမ်မြိုင်ကို ခေါ်ကာ ခြောက်မူးသား ရွှေလက်စွပ်ကြီး တစ်ကွင်း လက်ခလယ်မှာ စွပ်ပေးသည်။ မြေးဦးကို အမှတ်တရ ပေးခြင်း ဖြစ်၏။

1 comment:

Angel Shaper said...

အလဲ့.. တစ်ရတယ် ဗျ။
အပေါ်က သုံးကို ဆက်ဖတ်လိုက်ဦးမယ်။