November 16, 2009

လွမ်းတယ် အမေ

ကျွန်တော်အသက် အခုဆိုရင် ၂၉ထဲကိုရောက်ချင်းမလှရောက်နေပါပြီ။ ဒီ ၂၉နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော် ဘာများပြောင်းလဲသွားလဲ၊ ဘာများတိုးတက်မှုရှိလားလဲလို့ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ် ဆင်ခြင်မိတယ်။ကိုယ့်ကိုယ်ကိုလည်း သတိထားပြီး ကြည့်မိတယ်။ အသက်သာ လူ့သက်တမ်းရဲ့ တဝက်ကို ရောက်ချင်းမလှ ရောက်နေပြီ။ ပိုင်ဆိုင်မှု ဆိုတဲ့ လက်စုပ်လက်ကိုင် ပြနိုင်တာ ဘာတစ်ခုမှ မရှိသေးဘူး။


တခါတခါလည်း ကိုယ်ကိုယ်ကို ပြန်မေးနေမိတယ်။ စိတ်ပျက်မိလားလို့ပေါ့။ စိတ်ပါလက်ပါနဲ့ကိုပြန်ဖြေမိတယ်။ စိတ်ပျက်တယ်တဲ့( စိတ်ပဲ ပျက်တာနော်၊ စိတ်ဓာတ်မကျဘူး) ။ ဟုတ်တယ် ဘာလုပ်လုပ် အဆင်မပြေဘူး။ ဘာကိုစိတ်ပျက်မိလဲလို့ မေးပြန်တော့ စီးပွားရေး အခြေအနေပေါ့။ ကိုယ် သိတက်နားလည်တဲ့ အရွယ်ရောက်တော့ အိမ်ရဲ့ စီးပွားရေးကကျနေတဲ့ အချိန်ဖြစ်နေပြီ။


စီးပွားရေးကျလို့ စိတ်က မပျက်သေးဘူး။ မမျှော်လင့်ပဲ အဖေဆုံးသွားတော့ ကျွန်တော်မှာ အားကိုးပြီနေနေရတဲ့ တောင်ကြီးတစ်လုံး ပြိုကျသွားသလိုပဲ ကျနော်ခံစားခဲ့ရတယ်။ အဖေမရှိတော့ဘူးဆိုတဲ့ စိတ်နဲ့ ကျနော်တွေးပူနေဖို့ အချိန်မရှိခဲ့ပါဘူး။ ကျန်နေသေးတဲ့ အမေဆိုတဲ့ အားတွေနဲ့ ကျနော့် အဖေရဲ့ တာဝန်တွေကို ကျနော် ကျေကျေနပ်နပ်ကြီး ကျနော် ထမ်းဆောင်နေခဲ့တယ်။


ပညာရေး ကြပြန်တော့လည်း ထူးထူးချွန်ချွန်အောင်မြင်ထားတာမဟုတ်တော့ ပညာရေးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း လည်း မပြုနိုင်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေတော့ လိုအပ်လာမှာပါလေး ဆိုတဲ့စိတ်ကလေးနဲ့ မဖြစ်မနေ ယူလိုက်မိတဲ့ ဘွဲ့က B.A (History)။


ကဲ..ထားပါ။ ကျွန်တော့ကိုယ် ကျနော် မကျေနပ်တာက မကျေနပ်တာပေါ့။ အရှုံးပေးလားဆိုတော့ အရှုးံမပေးဘူး။ မရ ရတဲ့နည်းနဲ့ ကျနော်လှုပ်ရှားတယ်။ ကျွန်တော် ၁၈နှစ်မှာ ၁၀တန်းအောင်တယ်။ ၁၉နှစ်မှာ မိဘတွေနဲ့ ခွဲပြီး အလုပ်စလုပ်နေပြီ။ ၂၀၀၀ ဇန်နဝါရီလမှာ ကျနော်ရဲ့လစာ (၅၀၀၀)နဲ့ ရန်ကုန်မှာ အဆောင်နေ အသိအိမ်မှာ ခဏတည်၊ မိဘနဲ့ အဝေမှာနေပြီး ကျနော့်ရဲ့ ဘဝကို တစ်ယောက်ထဲ စခဲ့တာပေါ့။


အလုပ်လုပ်ချင်တဲ့ စိတ်၊ လွတ်လွတ်လပ်လပ် နေချင်တဲ့ စိတ်ကြောင့် မိဘနဲ့ ဝေးရာကိုထွက်လာခဲ့ပေမယ့် အေးအေးဆေးဆေးနေချင်တဲ့ ကျနော်ရဲ့စိတ်ကြောင့် ကျနော်ကျေနပ်နေခဲ့မိတာအမှန်ပါ။ အမေ့အိမ်ကို မတမ်းတမိခဲ့ဘူး။ မလွမ်းဆွတ်မိခဲ့ဘူး။ ရန်ကုန်မှာ အလုပ်လုပ်ဖို့ စီစဉ်တော့ အဖေကဆေးရုံးမှာ။ အဖေ အိမ်မှာရှိခဲ့မယ်ဆိုရင်လည်း ကျနော် ရန်ကုန်သွားပြီ အလုပ်လုပ်မဲ့ အစီအစဉ်ကို လက်ခံမှာ မဟုတ်ဘူး။ အဖေက ကျနော်ကိုသိပ်ချစ်တာဗျ။ အဖေဆေးရုံးရောက်နေတဲ့ အချိန်မှာ အမေကို ပူဆာပြီး အလုပ်လုပ်ဖို့ ထွက်လာခဲ့တာ။


အိမ်က မထွက်ခင်မှာ အမေကို ကျနော်စကားတစ်ခွန်းတော့ ပြောခဲ့မိတယ်။ အမေ … အမေ့သား အဆင်မပြေဘူးဆိုရင် အမေတို့နဲ့ သားလုံးဝ အဆက်အသွယ်မလုပ်ဘူး။ တကယ်လို့ သားဆက်သွယ်လာခဲ့ရင်တော့ အမေ သားကို အဆင်ပြေလားလို့ မေးဖို့ မလိုတော့ဘူး .. လို့ ကျနော် အမေကိုပြောခဲ့တယ်။


ရန်ကုန်က ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။ ဘယ်မှ မပြောင်းမရွှေ့ပဲ အဲကုမ္ပဏီမှာပဲ ကျနော် ၅နှစ်လောက် ကျနော် အလုပ်လုပ်ခဲ့တယ်။ အလုပ်သက်ကလေး ရလာတော့လည်း Rank အမျိုးမျိုးနဲ့ ကျနော် လုပ်ဖူးလိုက်တယ်။ အဲဒီမှတဆင့် ၂၀၀၄လောက်မှာ စင်ကာပူအလုပ် အခွင့်အရေးတစ်ခု ရတာနဲ့ ဝင်ပြီး အင်းတာဗျူးဖြေလိုက်တယ်။ ကံမကောင်းချင်တော့ လေးယောက်တစ်ဖွဲ့ဖြေရတဲ့ အထဲမှာ သုံးယောက်အောင်ပြီး ကျနော်က ကျကျန်နေခဲ့တယ်။


ကိုယ့်ဒေါသနဲ့ ကိုယ် ၂၀၀၄ ဇူလိုင်လောက်မှာ ကျနော်မလေးရှားကိုရောက်ခဲ့တယ်။ မလေးရှားမလာခင် မြန်မာပြည်က သဌေးက ကျနော်ကို ဘာပြောလဲဆိုတော့… ၁၅ရက်တောင်ခံမှာ မဟုတ်ဘူး ပြန်ရောက်လာမှာတဲ့..လေ။ ကံကောင်းချင်တော့ ကျနော်လုပ်ရတဲ့ အပိုင်းက လျှပ်စစ်ပိုင်းဆိုတော့ ကျနော် သက်သက်သာသာ နဲ့ပဲ အလုပ်လုပ်ခဲ့ရပါတယ်။


ဒီလိုနဲ့ ၂၀၀၇ မေလ လောက်မှာ မြန်မာပြည်ပြန်ခဲ့ပြန်တယ်။ မလေးရှားကိုသွားဖူးတဲ့ ကျနော်မိတ်ဆွေ အပေါင်းအသင်း တွေကပြောကြတယ်။ မလေးရှားက မကောင်းဘူးတဲ့..လေ။ ကျနော်ကိုယ်တိုင် မလေးရှားကို မရောက်ခင်အချိန်ထိကတော့ ဒီစကားကို သိပ်လက်မခံချင်ခဲ့ဘူး။ ကိုယ်တိုင် နှဖူးတွေ့ ဒူးတွေ့ ခံစားလိုက်ရမှပဲ လက်ခံမိတော့တယ်။ သုံးနှစ်ဆိုတဲံ အချိန်သာကုန်သွားတယ်။ ဘာသာစကားတစ်ခုကလွဲပြီး မယ်မယ်ရရ ပြစရာဘာမှမရှိခဲ့ဘူး။


စိတ်ဓာတ်ကျလားလို့ မေးအုံး။ လုံးဝပဲ။ ကျွန်တော် စင်ကာပူသွားဖို့ ထပ်ကြိုးစားတယ်။ သင်တန်းတွေတက်တယ်။ Agent အမျိုးမျိုးနဲ့အပ်ပြီး အလုပ်ရှားတယ်။ အင်းတာဗျူးတွေ ဝင်တယ်။ အဆင်မပြေဘူး။ ကျနော်ကပဲ ကံကောင်းတာလား၊ အကြောင်းကပဲတိုက်ဆိုင်သွားလို့ပဲလာတော့ မသိဘူး မလေးရှားမှာ တူတူလုပ်ခဲ့တဲ့ ကျနော်စူပါဗိုက်ဆာ မလေးတရုတ်နဲ့ အဆက်အသွယ်ရပြီ စင်ကာပူ ဆိုတဲ့ ကျွန်းလေးသေးသေးလေးပေါ်ကို ၂၀၀၈ မေလမှာ ရောက်လာခဲ့ပြန်တာပေါ့။ ခုဆိုရင် ၁နှစ်နဲ့ ၇ လလောက်ရှိပြီ။

၂၀၁၀ ဧပြီ ဆိုရင် ကျနော်ရဲ့ ပါမစ်သက်တမ်းကကုန်တော့မှာ။ ကျနော် မြန်မာပြည် ပြန်နိုင်လားလို့ ကျနော်ကိုယ် ကျနော် ပြန်မေးကြည့်တယ်။ အဖြေက … ဟင်းအင်း.. တဲ့။


၁၉နှစ်သားထဲက မိဘနဲ့ခွဲပြီး အဝေးမှာနေလာခဲ့တာ ခုဆိုရင် ၁၀နှစ်ဆိုတဲ့ ကာလကြီးကိုတောင်ရောက်နေပြီ။ ဘယ်ဘဝက ဝဋ်ကျွေးများလဲလို့ တစ်ခါတစ်ခါ တွေးမိတယ်။ မိဘနဲ့ ခွဲနေရပြီး မိဘကို လုပ်ကျွေးခွင့်ပဲရပြီ ပြုစုခွင့်မရတော့လည်း အခုချိန်မှာပေါ့လေ ကျနော်ကို အဖြစ်ချင်ဆုံး ဆန္ဒကိုပြောပါဆိုလျှင်……


… အမေ့ရဲ့ ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ကလေးလေး တစ်ယောက်လိုမျိုးနေချင် နေမိပါတော့တယ်…..


လေးစားစွာဖြင့်

ရီနိုမာန်

19 comments:

မမသီရိ said...

တကယ်တော့ ဘ၀တွေက ငှက်ကလေးတွေလိုပါပဲ
ငယ်ငယ် ရေ

မိဘ နဲ့ အိုးမကွာ အိမ်မကွာ နေပြီး ပြု စု လုပ်ကျွေးခွင့် ရတဲ့သူ ဆိုတာ အက်မတန်မှ ရှားပါတယ်

ငယ်ငယ် ကမှ အမေ့ကို ပြန်ပြီး လုပ်ကျွေး နိုငသေးတယ် တချို့ တွေဆို.. အသက်တွေ ဘယ်လောက်ကြိးကြီး မိဘ ဆီ လက်ဖြန့်တောင်းလိုက် သောက်လိုက်စားလိုက် လေးတွေ ရှိနေတော့

ငယ်ငယ် က အများ ကြီးတော်ပါသေးတယ်

ဖြစ်ချင်တာက ဆန္ဒ..
ဖြစ်လာတာ က .. ဘ၀.. တဲ့..

ချစ်တဲ့ တီလေး

သူကြီးမင်း (တုံးဖလား) said...

အေးဗျာ။
ဘ၀ဆိုတာ ရုန်းကန်မှုတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့လဲ
ဒီလိုဘဲ အားမာန်နဲ့ ပျံသန်းနေကြရတာပါဘဲ။
ဘ၀အတွက် မိဘနှင့်ခွဲပြီးနေချင်လဲ နေရမယ်။ ချစ်သူနှင့်လဲ ခွဲပြီးနေရကောင်းနေရနိုင်တယ်။ ယုတ်စွအဆုံး ပျံသန်းရင်းနဲ့ ဘ၀တစ်ခုလုံးကြေမွသွားကောင်း သွားနိုင်တယ်။

အဲဒါ ဘ၀ဘဲပေါ့။

အမေချစ်ချင်းမို့ ကိုယ်ချင်းစာပါတယ်။
ဆက်လက်ပြီး တောင်ပံချီ ပျံသန်းပါ။
အဆင်ပြေတဲ့ အနာဂါတ်ဆိုတာ မိဘမေတ္တာသိတတ်သူနှင့် ကြိုးစားရုန်းကန်သူအတွက် မကြာခင်ရောက်လာတော့မှာပါ။

အဆင်ပြေပျော်ရွှင်ပါစေ။

Anonymous said...

ကျနော်က ဆယ်တန်းအောင်ပြီးကတည်းက အိမ်ကထွက်လာခဲ့တာ။ ၁၇နှစ်သားဆိုပါတော့ဗျာ။ ၁၈နှစ်မှာ အလုပ်တစ်ခု စလုပ်ခဲ့တယ်။ အခုအချိန်အထိ အလုပ်တွေလုပ်နေရတုန်းပဲ။ ကျနော့ အမေ့ရင်ခွင်ကို ဧည့်သွား ဧည့်လာလိုပဲ သွားနေခဲ့ရတယ်။ ကိုယ်ရွေးချယ်တဲ့လမ်းမို့ အဝေးရောက်သားဆိုးတစ်ယောက် လို့ ကိုယ့်ကိုကိုယ်ခံယူလိုက်တယ်။ အမေလည်း ကျနော့ကိုလွမ်းနေမှာလေ..ကျနော်ကရော....

ဂျပန်ကောင်လေး said...

သေချာတာပေါ့..အစ်ကိုရာ.. အမေ့ရင်ခွင်ဟာ အနွေးထွေးဆုံးပါပဲ...

မိုးစက်အိမ် said...

ပိုစ်လေးဖတ်ပြီးတစ်စုံတစ်ရာပေါ့ ခံစားမိတယ် အစ်ကို
အကျဉ်းလေးရေးထားပေမဲ့  အကိုဖြတ်သန်းခဲ့တဲ့  ဘဝ
က ဒီစကားလုံးတွေထက် အဆပေါင်းများစွာခက်ခဲနေ
မှာပါ . . . အနွေးထွေးအိမ်ဟာလည်း အမေ့ရဲ့ အိမ်ဆို
တာ အကြွင်းမရှိလက်ခံပါတယ် အစ်ကို . . . အဆင်ပြေ
ပျော်ရွှင်ပါစေဗျာ . . .

စိုင်းစိုင်းလားရှိုး said...

ဒီရက်ပိုင်း အမေ့ကို လွမ်းလို့ စာရေးသူတွေ ပေါနေတယ်။
မိခင်ကို သတိရတာ ကောင်းပါတယ် အစစ အရာရာ အောင်မြင်ပါစေ ညီလေးရေ........

Yu Ya said...

အင်း..ကိုရီနိုရေ.. ကျွန်တော်လည်း ဟင်အင်းပါပဲဗျာ။

yu ya

ညီညီ said...

အစ်ကိုရီနိုရေ. မိဘကျေးဇူးသိတတ်တဲ့ အစ်ကိုတစ်ယောက် အရာရာ အောင်မြင်ပါစေ.။ အမေ့ရင်ခွင်မှာလည်း နားစက်နိုင်ပါစေ.။

ခင်မင်တဲ့

ညီညီ

ဆောင်းနှင်းရွက် said...

အမေ့ ရင်ခွင်လောက်
ဘယ်မှာမှတော့ မအေးချမ်းပါဘူးး ..
ဒါပေမယ့် ..
ဘ၀ ဆိုတာ ဒီလိုပါပဲ ...
စိတ်ဓာတ်ကျမသွားဖို့သာ အဓိကပါ ...

သီဟသစ် said...

ညီလေးရီနိုရေ..

မိဘကို သိတတ်တဲ့ သားသမီး စိတ်ချမ်းသာမှာပါကွာ
တကယ်တော့ မိဘကို ခွဲချင်လို့ ခွဲခဲ့တာမှ မဟုတ်ပဲကွာ..

ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

လွမ်းတယ်အကိုရာ အမေ့ကို အရမ်းလွမ်းတယ် ခုဆို ကျွန်းပေါ်ကျနေတာ ၂နှစ်တောင် ရှိပြီ ကျနော်လဲ တူတူပါပဲ.. ပြန်မလားဆို နိုးပဲ တတ်နိုင်သေးတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ဒီလောက်ထိတောင် ကြိုးစားခဲ့ပြီးပြီပဲ .. အောင်မြင်မှုက ရလာတော့မှာပါ .. ဆက်ပြီး ကြိုးစားပါ .. အမေ့ရင်ခွင်ကိုလည်း အမြန်ပြန်နေခွင့်ရပါစေ ..း)

Anonymous said...

တကယ်ပါပဲဗျာ အမေ့ရင်ခွင်လောက် ဘယ်ဟာမှမတမ်းတမိဘူး

ပုံ့မေ said...

မေသူတို့ လဲကြိုးစားနေရတုန်းပါပဲ အစ်ကိုရိန်နိုရေ.. ဘာမှဖြစ်မလာသေးဘူး...း(

အမေ၊ အဖေတို့ နဲ့ တော့ အတူနေချင်တာပေါ့...

စိတ်ဓာတ်မကျဘူးဆိုလို့ ဝမ်းသာပါတယ်

မငုံ said...

ရီနိုရေ..မိသားစုနဲ့ တူတူနေချင်တာပေါ့။ မဖြစ်နိုင်သေးတော့လဲ ဒီလိုပဲ နေရဆဲ။ တနေ့ အမေ့ရင်ခွင်မှာ နားရဦးမယ်လေ။ အားမလျော့နဲ့ ဆက်ကြိုးစား။
နိုဝင်ဘာ၁၈ရက်နေ့ မငုံအမေ မွေးနေ့ပိုစ့်တင်ဦးမယ်။ လာအားပေးဦး။

kaungkinpyar said...

အတူတူ ပါပဲလေ..

နှင်းနဲ့မာယာ said...

ကိုရီနိုရေ
ဘဝကိုက ဒီလို အဝေးရောက်စေမယ့်
အကြောင်းတရားတွေကို လက်ဆောင်ပေးခဲ့တာလေ...
အမိမြေ အမေ့အိမ် အမေ ဆိုတဲ့အသံကြားရုံနဲ့တင်
ငိုချင်တယ်...
ဒါက အဝေးကိုရောက်နေတဲ့ အမေ့သား အမေ့သမီးတိုင်းရဲ့
အားနည်းချက်တွေပေါ့...

နှင်း

နွေးနေခြည် said...

ဘ၀တူတွေပါပဲ အကိုရေ
၉၀% မြန်မာတွေက အမိမြေနဲ့ မိသားစုနဲ့ မခွဲခွာချင်ပဲ ခွဲခွာနေကြရတာပါ။

မြစ်ကျိုးအင်း said...

ငါတော့ ၄ နှစ်ရှိနေပြီ

စိတ်ထဲမှာတော့ အိမ်ကို လွမ်းကြတာ အတူတူပါပဲကွာ

မင်းလွမ်းသလို ငါတို့ အားလုံးလည်း လွမ်းနေကြတာပါပဲ