November 11, 2009

မအိမ်ကံ ( For Nov အပိုင်း - ၄ )

အမေပန်းရုံက ဖျောင်းဖျပါ၏။ ကိုပြေသိမ်းက မအိမ်ကံ ၀င်ပြောလိုက်တာကို ကြားရတော့ အံ့သြသွားခဲ့သည်။ သူ ကိုယ်တိုင်ပင် မီးလောင်သည့်နေ့က တစ်ကျောင်းပြိုတော့ နှစ် ကျောင်းဆောက်ကြတာပေါ့လို့ ပြောခဲ့သည်။ တကယ်တမ်း ရပ်ရွာက၊ အလှူရှင်က၊ စေတနာရှင်က ကုသိုလ်ပါပါရစေ ဆိုတော့ တစ်ဦးကောင်းမဆန်သာပါ။ သစ်အဖျားဝါးအရင်း လူတိုင်းပါနိုင်လေ ကောင်းလေ။

“ဟုတ်သားပဲ အိမ်ကလေးရယ်။ မောင်သာအောင်တို့က တစ်ကျောင်းလုံး ဆောက်ပါရစေ ပြောနေတာ မဟုတ်ဘူး။ အခုဟာက အများထဲ ပါချင်ကြတာပါ။ အိမ်ကလေးက စေတနာ ရှိသလောက် မတည် လိုက်ပေါ့။ လိုတာအများက ဖြည့်တော့လည်း အများ ကောင်းမှုဖြစ်ရတာပေါ့”

မအိမ်ကံက အမေနှင့် လင်သားတို့၏ ဆန္ဒကို ဘဲ့မတိုက် ချင်သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ရွှေကျောင်းကြီး ဆောက်ဦးတော့ တစ်ဦးတည်းပဲ ဆောက်မည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။ ရှိသမျှ စည်းစိမ်တွေ ကုန်ချင်ကုန်စေတော့ အရှင်ထွက် ထွက်ရ ထွက်ရ၊ အသေထွက် ထွက်ရ ထွက်ရ အောလိုက်ဖို့လည်း ဆုံးဖြတ်ပြီးသားပင်။ သည်အချိန်မှာ အကွက်ကောင်း ၀င်နင်း လိုက်သူမှာ သာအောင်ဖြစ်သည်။


“ဟုတ်ပါသယ် မအိမ်ကံ။ တို့တစ်တွေလည်း အသက်တွေ မငယ်တော့ပါဘူး ငါ့နှမရာ။ လူ့မနော အချောချည်း မဟုတ်လေတော့ အရင်က ရှိခဲ့တဲ့ ပြောမှား ဆိုမှားရှိခဲ့တာတွေ ရှိခဲ့ရင်လည်း ကျောင်းအလှူနဲ့ ချေချင်သာလည်း ပါပါသယ်။ မအိမ်ကံက အမေ ခေါ်စရာ ရှိပါသေးသယ်။ ငါ့မှာ မရှိတော့ပါဘူး။ တို့မိဘများရောတို့ပါ စာမတတ်ကြလေတော့ ပညာ ပါရမီ သံသရာ ပါအောင် လှူချင်ကြသာပါ”

“ဟုတ်ပါသယ် သူငယ်ချင်းရယ်။ တို့ကနောင်မှ ခါးချိုး ရှာရရှာရ။ ရွာကျောင်း မီးလောင်သာကို ကျောင်းကြီး ငုတ်တုတ်ပြန်ပေါ်သဟဲ့ဆိုသာ တခြားရွာတွေကို ပြချင်သာလည်း ပါပါတယ်။ ကြွားဝါချင်သာ မဟုတ်ရပါဘူးအေ။ ဇောင်ချမ်းကုန်းက ညီသဟဲ့ ဖြစ်ချင်သာပါ။ ညည်းခွင့်ပြုရင် တစ်ကျောင်းလုံးတောင် တာဝန်ယူ လိုက်ချင်ပါရဲ့”

ရွှေမှုံစကားကို မအိမ်ကံ နားမ၀င်ပြီ။ ခွင့်ပြုရင် တစ်ကျောင်းလုံးတောင် လှူလိုက်ချင်သတဲ့လား။ ဇောင်ချမ်းကုန်းက ညီသဟဲ့လို့ ပြချင်ကြရော့လား။ ညည်းက ညှိချင်ဦးတော့ မညီနိုင်တော့ပေါင်အေ။ ပြဒါးရှင်လုံး ထန်းလျက်နဲ့ လဲရမယ်လို့။ မဟုတ်သဲ့ စကား မပြောစမ်းပါနဲ့။
“မဟုတ်ဘူး။ ညည်းတို့ ပြောနေသာတွေ မဟုတ်ဘူး။ သည်ကျောင်းကြီးက သူ့ဟာသူ လောင်သဲ့မီး မဟုတ်ဘူး။ လူရှို့သဲ့မီး။ မသမာသူက ရှို့ခိုင်းသဲ့မီး တခြားရွာက လူခေါ်ပြီး ရှို့ခဲ့သဲ့မီး။ ငါတို့မှာ တောစပါး လိုချင်လွန်းလို့ အိမ်စပါးနဲ့ ရင်းရသာအေ့။ တစ်ကျောင်းလုံးလည်း မရဘူး။ တစ်ချိုးတစ်ဖဲ့ လည်း မရဘူး။ စကားကုန်ပြီ”

မအိမ်ကံသည်လောက် ရက်ရက်စက်စက် ပြောနေတာမျိုး တစ်ခါမှ မကြုံဖူးကြတော့ အားလုံးက အံ့သြနေခဲ့ကြသည်။ မအိမ်ကံ ဘာကို ဆိုလိုချင်မှန်း မသိကြသော်လည်း တစ်စုံ တစ်ရာ မကျေမချမ်း ဖြစ်နေတာတော့ ရိပ်မိကြပုံပေါ်ပါ၏။ စကားကုန်ပြီဆိုသည့် စကားကြောင့် ကိုပြေသိမ်းက ဟန့်တားသည်။ အမေ ပန်းရုံက ၀င်ဖျောင်းဖျသည်။ မလှအုံက ၀င်ချော့သည်။ ကျေးဥကတော့ မအိမ်ကံ၏ ခံစားချက်ကို အူမချေး ခါးသိထားသူ ဆိုတော့ ဘာမှ ၀င်မပြောဘဲ နားထောင် နေခဲ့ပါ၏။ သာအောင်က မအိမ်ကံ အကြောင်း သိထားသူ ဆိုတော့ စိတ်ဆိုးပုံတော့ မရ။ သို့သော် သည်လောက်ခဲယဉ်းလိမ့်မည် မထင်တော့ ဘယ်စကား ပြောရမှန်း မသိဘဲ ရွှေမှုံ့မျက်နှာကို သာ ကြည့်နေခဲ့သည်။ ရွှေမှုံက အမေ ပန်းရုံဘက်ကို လှည့်ကာ တောင်းပန်သည်။

“အရီးရယ်။ ကျူပ်တို့ကို မအိမ်ကံ ဘယ့်နှယ် ဖြစ်နေသလဲ မပြောတတ်ပါဘူး။ မတွက်ကပ် သင့်သာ တွက်ကပ် နေသလိုပဲ။ ကျုပ်တို့က ရွာစိတ်ရပ်စိတ်နဲ့ လာတောင်းပန်သာပါ။ ကျုပ်တို့ သမီးလေးကလည်း ဆရာလေး ကျောင်းမှာပဲ ခရီး ဆုံးရမှာပါ။ မြို့ကျောင်းလည်း တက်မထားနိုင်ပါဘူး အရီးရယ်။ ကိုယ့်နယ် ကိုယ့်ရွာက ကလေးတွေ အားလုံးအတွက် စဉ်းစားသာပါ။ အခုတော့ ကျုပ်တို့ကို ထဆစ်(ထန်းဆစ်)လည်ကျိုး လှေပိုး ထိုးတွေကျလို့”

အမေပန်းရုံက သူ့ကို တိုင်တည်နေသော ရွှေမှုံကို ကြည့် ပီး သနားနေပုံ ပေါ်သည်။ ရွှေမှုံ ပြောတာလည်း မှန်သားပဲ။ သူတို့ ကိုယ်ကျိုး မပါပါ။ အများဆိုင် ကျောင်းမှာ တစ်ဖဲ့တစ် မလှူပါရစေဆိုတာ လက်ခံကောင်းသားပဲ။ သမီးက ဘာဖြစ် လို့ပါလိမ့်။ ခက်တာက တစ်ဖက်ကလည်း မငြင်းသာ။ တစ်ဖက်ကလည်း သမီး။ ဖြစ်နိုင်လျှင် အမေပန်းရုံ သည်ကိစ္စ သည်မှာတင် ပြီးချင်ပါ၏။ ကိုပြေသိမ်းကတော့ မအိမ်ကံ တစ်စခန်း ထလာတာကို ဇွတ်မငြင်းချင် သေးသလို အသာငြိမ် နေသည်။ မအိမ်ကံက ရွှေမှုံသမီး မှုံနံ့သာကို မြို့ကျောင်းလည်း တက်မထားနိုင်ပါဘူး ဆိုတာကြားတော့ မျက်နှာကို မော်ထား လိုက်ပါ၏။ လေတော့ လျှော့ချလိုက်သည်။

“ထဆစ်လည်ကျိုး လှေပိုးထိုးတွေ မဟုတ်မှန်းသိပါ သယ်အေ။ ညည်းတို့ကို ငါသည်လောက်ပဲ ပြောပါရစေတော့။ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေပါ ပေါ်ရော့မယ် ငါ”

ရွှေမှုံက မအိမ်ကံ စကားမပြီးခင်မှာပင် စကားဝင်ဖြတ်သည်။ ရွှေမှုံက လေသံ မာလာခဲ့ပြီ။
“နေပါဦး မအိမ်ကံ။ ညောင်မြစ် မကလို့ ပိန္နဲမြစ် တူးတူး ရွှေမှုံတို့မှာ ပုတ်သင်ဥ ပေါ်စရာ မရှိပါဘူးအေ့။ ရွှေမှုံဆိုသာ တစ်ချိန်က ရွာ့ကွမ်းတောင်ကိုင်ပါဟဲ့။ ဆွေနဲ့မျိုးနဲ့ ဂုဏ်နဲ့ဒြပ် နဲ့ပါ။ ညည်းက ရှဥ့်တစ်ကောင် မြားတစ်စင်း ပစ်နေလို့ ပြောရ တာပါ။ ညည်းသဘောပါအေ။ ကိုင်း ကိုသာအောင် သွားကြစို့”

ရွှေမှုံဆိုသာ ရွာ့ကွမ်းတောင်ကိုင်ပါတဲ့လား။ ဒါ ညည်း နိုင်လောက်တဲ့ စကားပေါ့။ ငါက ရှုံးခဲ့သာကိုးအေရဲ့။ မအိမ်ကံက ထိုင်နေရာက ၀ုန်းခနဲ မတ်တတ် ထရပ်လိုက်သည်။ ခါးကို တင်းတင်း ထောက်ထား လိုက်ရင်းက မဲ့ပြုံးပြုံးလိုက်သည်။ သမုန်းကိုင်းက ကြီးတော် စံရွှေတူဆိုသူ လူပုပု တစ်ယောက် ရွာကျောင်း မီးရှို့ခဲ့တာကို ထုတ်ပြောဖို့ အချိန်ကျပြီလို့လည်း ဆုံးဖြတ်လိုက်သည်။ စကားက တော်တော်နှင့် ထွက်မလာ။ လည်ချောင်းမှာ နာကြည်းမှုတွေ ဆို့ပြီး နင်နေသည်။ သည် အချိန်ကလေးမှာ ကိုပြေသိမ်းက အားလုံးကို ၀င်တားသည်။ စကားတွေ ရုန်းရုန်းရင်းရင်း ရှိကြတော့မှာကို မြင်လိုက်ပုံလည်း ရပါ၏။

“ကိုင်းပါလေ။ ဖြတ်ကြရအောင်။ အိမ်ကလေးကလည်း တော်ပါတော့။ မောင်သာအောင်တို့ကလည်း စိတ်မရှိကြပါနဲ့တော့။ ပြဿနာက ဘာမှ မဟုတ်ပါဘူး။ အိမ်ကလေးကလည်း သူလှူတဲ့ ကျောင်း မီးလောင်ကတည်းက ယူကျုံးမရ ဖြစ်နေရှာသယ်။ လက်သည်ကို မသိပေမယ့်”

“မအိမ်ကံ လက်သည်ကို သိသယ် အစ်ကို”

ကိုပြေသိမ်းက မအိမ်ကံကို တအံ့တသြ ကြည့်လိုက်သည်။ သို့သော် အရာရာကို ကိုပြေသိမ်း ရိပ်စားမိလိုက်ပြီ။ ဘယ်သူမှားသည်၊ ဘယ်သူမှန်သည် မပြောနိုင်သော်လည်း မအိမ်ကံ သိထားသည် ဆိုသူက သာအောင်တို့နှင့် ပတ်သက်နေသူ ဖြစ်ရမည်လို့ တွေးမိလိုက်ခြင်း ဖြစ်သည်။


4 comments:

ညီညီ said...

ဖတ်သွားတယ် အစ်ကိုရေ.။ နောက်တစ်ပိုင်းမျှော်နေပါသည်။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ahphyulay said...

ဟေ့ ..ဟေ့ .. တိုတိုလေးနဲ့ ဘာလို့ ရပ်တာလဲ၊ကျွန်တော့် လို
ရှည်ရှည်ရေးပြီးမှ ဖြတ်ပါ။ အချိန်မရလို့ လား....။

kokomaung.uk said...

ခက်ပါ့ဗျာ။ လူတွေကလဲ။ ရွာကျောင်းကြီးကိုမှ မီးရှို့ ရတယ်လို့။ မနာလို ၀န်တိုမှုတွေကြောင့် ထင်ပါရဲ့ ။
ဇာတ်လမ်းလေးက ကောင်းပါတယ်။
ဆက်လက်ရေးပါ ရီနိုရေ။။။။။

နှင်းနဲ့မာယာ said...

မအိမ်ကံ ဇာတ်လမ်းလေးကို စောင့်ဖတ်နေပါတယ်
ကိုရီနိုရေ...
ဆရာမ ခင်ခင်ထူး လက်ရာလေးကို ဒီမှာ ဖတ်ရတဲ့အတွက်လဲ ကိုရီနိုကို ကျေးဇူးတင်ပါတယ်...

ခင်တဲ့
နှင်း