December 13, 2009

အနှိုင်းမဲ့ မေတ္တာရှင် သို့မဟုတ် အမေ


သားတို့ရုပ်ရည်
သီတာမည်သား
ရေကြည့်ချမ်းမြ
တစ်ပေါက်ကလေးကျရုံမျှနှင့်
မိဘတို့ဝမ်း ငြိမ်းစတမ်းတည်း။
(ရှေ့ရိုးဆိုစကား)

အမေ….
စင်စစ်အမေက အနှိုင်းမဲ့မေတ္တာရှင်လည်းဖြစ်၏။
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်လည်းဖြစ်၏။
အမေ့မေတ္တာ၊ အမေ့ကျေးဇူးအကြောင်းပြောလျှင် ကုန်နိုင်ဖွယ်မရှိ။
တစ်ထောင့်တစ်ည ပုံပြင်ပင် မှီမည်မဟုတ်ပါ။

သို့သော် အချို့က အမေ၏မေတ္တာကို မသိ။

မှန်ရာကိုဝန်ခံရလျှင် ဘဝအကျိုးပေးမကောင်းသဖြင့် ငယ်စဉ်က မိဘ၏အရိပ်နှင့် ဝေးခဲ့သဖြင့် နှလုံးသားကြမ်းကြမ်းနှင့် အမေ့ကို ကျွန်တော် ငြိုငြင်ခဲ့ဖူး၏။ သည်တော့ ဆရာတော် ဦးတေဇနိယက -“ ဟဲ့..ဒကာရဲ့၊ အမေဆိုတာ မငြိုငြင်ရဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေတိုင်းဟာ သားသမီးကို ချစ်ကြတာချည်းပဲ၊ ဘယ်သူ့အပေါ် ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ယုတ်မာ ယုတ်မာ၊ သားသမီးအေပေါ်ကိုတော့ ကြင်နာချစ်ခင်ကြတာချည်းပဲ “ ဟု ပြောပြီး အမေနှင့်ပတ်သက်သည့် အကြောင်းများအား ကျွတ်တော်ကို ညွှန်ပြ၏။ သည်အခါ အမေ့မေတ္တာ၊ အမေ့အကြင်နာက စံပြုစရာဟု သိရသည်။


(က) သုဝဏ္ဏသာမရဲ့အမေ

မိဘကိုလုပ်ကျွေးပြုစုနေသည့် ဘုရားအလောင်း သုဝဏ္ဏသာမ မြားဆိပ်သင့်ပြီး မေ့မျောနေသည့်အခါတွင် သားအတွက် ရတက်မအေး ဖြစ်ကာ မိခင်ကြီးပါရိကာ သစ္စာပြုခဲ့သည်။ ထိုသစ္စာစကားထဲ၌
... အမေဟာ သားကို အမေ့အသက်ထက်တောင်ချစ်ပါတယ်။ ဒီသစ္စာစကားကြောင့် မြားဆိပ်ပြယ်ပါစေသတည်း ...ဟု ပါရှိသည်။

စင်စစ် အမေတို့သည် သားသမီးတို့အား မိမိအသက်ထက်ပင် ပိုချစ်ခဲ့ကြ၏။ အမှန်မူ အမေဆိုသည်က ဒီဘဝသာမဟုတ်။ ရှေ့ဘဝက အမေသည်လည်း သားကိုချစ်၏။ သုဝဏ္ဏသာမ မြားဆိပ်မွှန်လျှင် သုဝဏ္ဏသာမ၏ ရှေ့ဘဝက မိခင်ဖြစ်ခဲ့ဖူးသည့် “ ဗဟုသုန္ဒရီ “ နတ်သမီးဟာ သားအတွက် သစ္စာပြုခဲ့၏။

...ငါ့သားထက် ပိုချစ်ရတဲ့သူ၊ ငါ့သားလောက်တန်းတူထားပြီး ချစ်ရမည့်သူ တစ်ယောက်မှမရှိ၊ ဤသစ္စာစကားကြောင့် မြားဆိပ်ပြေပါစေသတည်း .... ဟု ဆိုခဲ့၏။

အမေ၏အချစ်က သားသမီးအပေါ်တွင်စု၏။ သားသမီးထက် ပိုချစ်ရမယ့်သူမရှိတဲ့ အမေပင်တည်း။

(ခ) သားသမီးကို အပြစ်မယူရက်တဲ့ အမေ

အမေ၏မေတ္တာ အမေ၏ကြင်နာမှုများက ထူးကဲလှသည်ဟု ဆိုရမည်ပင်။ မိခင်၏ ထူးခြားသည့်မေတ္တာ၊ အကြင်နာနှင့် ပတ်သက်၍ မဟော်သဓာဇာတ်တော်၌ ထီးချက်စောင့်နတ်သမီ၏ ပုစ္ဆာများအနက် ထူးခြားမှုများကို မြင်တွေ့ရ၏။
ပုစ္ဆာ (၁)
.....ကိုယ့်ကို လက်တွေခြေတွေနဲ့ ရိုက်နှက်ပုတ်ခတ်၊ ကန်ကျောက်၊ ပါးစပ်နဲ့လည်း ကိုက်နေပါရက်နဲ့ အဲဒီလူကို မမုန်းတဲ့လူ၊ ချစ်နေတဲ့လူဟာ ဘယ်သူလဲ......

မဟောသဓာဇာတ်တော်မှာ ဤအမေးအား သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ မဏ္ဍုတ်အမတ်တွေ မဖြေနိုင်သည့်ပုစ္ဆာ။ မဟောသဓာ ပြခဲ့သည့် ပုစ္ဆာဖြစ်သည်။

အမေ့ရင်ခွင်မှာ ချီပွေ့ထားတဲ့ သားငယ်ကလေးက အမေရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ကန်တယ်၊ လက်သီးနဲ့ထိုးချင်ရင်လည်း ထိုးတယ်၊ မျက်နှာကိုလည်း လက်နဲ့ကုတ်တယ်၊ ဆံပင်ကိုလည်း ဆွဲချင်ဆွဲပစ်တယ်

အမေဆိုသည်က အပြုံးမပျက်သူ။
......တော်တော်ဆိုးတဲ့ ကလေး......
......လူဆိုးကလေး......
သည်လောက်ပဲပြောသည့် အမေ။ တဟဲဟဲ သဘောကျပြီး နမ်းလိုက်မွှေးလိုက်တဲ့ အမေ

ပုစ္ဆာ (၂)

......ပါးစပ်က ထင်တိုင်ဆဲ။ ထင်တိုင်းကျိန်းနေပေမယ့် စိတ်ထဲက ချမ်းသာချင်၊ ကြီးပွားချင်စိတ်များနေသူက ဘယ်သူလဲ.....
အဖြေက အမေလို့ ဖြေရမည်။
အမေသည် ကိုယ်သားသမီးအား အလုပ်တစ်ခုခုခိုင်းလို့ ပေကပ်ကပ်လုပ်နေရင်း တုတ်နဲ့ ရိုက်တာ။ ဒါပေမယ့် ဟန်ဆောင်ရိုက်တော့ ငေါက်နေဆူနေရက်ကနေ မုန့်ကျွေးတာ။
သားကဒီထက်ဆိုးပြီး ထွက်ပြေးရင် စိတ်ဆိုးပြီ

......မြွေကိုက်ပါစေ ကားတိုက်ပါစေ.....

လို့ ကျိန်ဆိုတက်သောလည်း စိတ်ထဲမှာပါသည်မဟုတ်။ .

....ဖွဟဲ့ လွဲပါစေ၊ဖယ်ပါစေ......
လို့ သားလေ(သမီးလေး) ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဆုတောင်းနေတာ အမေ

(ဂ) ထူးခြားတဲ့ အမေ့စိတ်

အမေ့စိတ်ဓာတ်သည် ထူးခြားသည့် စိတ်ဓာတ်ဟု ဆိုရမည်။ အမေ့စိတ်ဓာတ်က ကြင်နာမှု၊ ယုယမှု ထုံလွှမ်းသော ထူးကဲမြင့်မြတ်သော စိတ်ဓာတ်ဟု ဆိုရမည်။
ပေးဆပ်ခြင်း သည် အမေ့စိတ်ဓာတ်ပင်။ မဟောသဓာဇာတ်တော်မှ သားတရားစီရင်ခန်းကို ကြည့်လျှင် သိသာလေသည်။ မဟော်သဓာဇာတ်တော်မှ သားတရားစီရင်ခန်းသည် မြင့်မြတ်ဖြူစင်သော အမေ့စိတ်ဓာတ်ကို ညွှန်ပြသည့်ဇာတ်ဟု ဆိုရချိမ့်မည်။

ဇာတ်လမ်းက ဤသို့ဖြစ်သည်။

တစ်ခုသော ရေချိုးဆိပ်
မိခင်တစ်ဦးသည် ရေချိုးရန်အတွက် သားအား ချောင်းကမ်းနံဘေးတွင် ချသိပ်ထား၏။ရေဆင်းချိုး၏။
ထိုစဉ် ဘီးလူးမသည် လူယောင်ဆောင်ပြီး ကလေးနားသို့ လာ၏။

......အစ်မကြီး ကလေးကို ခတ္တချီပါရစေ........

ဟုဆို၏။ မိခင်ကခွင့်ပြု၏။လူယောင်ဆောင်သော ဘီလူးမသည် ကလေးကို ပြန်မပေးတော့ဘဲ သူ့ကလေးဟု ဆို၏။ကလေးအတွက် အချင်းများကြပြီး ထိုကိစ္စ မဟော်သဓာထံသို့ ရောက်သွားသည်။

ကောင်းပြီ.. ဤအမူကို ကျွန်ုပ် ဆုံးဖြတ်ပေးမည်…. ဟု မဟောသဓာသုခမိန်က ဆို၏။

ထို့နောက် စည်းတစ်ခုတား၏။ ကလေးကိုစည်းပေါ်တွင် တင်ထားပြီး တစ်ဖက်မှ မိခင်၊ တစ်ဖက်မှ ဘီလူးမကိုထားကာ ဟိုဖက်သည်ဖက် ဆွဲစေ၏။

ဤသို့ဖြင့် ဆွဲကြရင်း ကလေးမှာ နာ၍ငိုလျှင် မိခင်က လွှတ်လိုက်၏။ ကလေးကို ဘီလူးမ ရသွား၏။ ဘီလူးမက နိုင်ပြီဟုဆို၏။ ထိုအခါ မဟော်သဓာက

… ဟယ်… မိန်းမယုတ်၊ သင်က ကလေး၏ မိခင်မဟုတ်၊ သင် ဘီလူးမဖြစ်သည်ကို ကျွန်ုပ်သိ၏။ မိခင်ဟူသည် ကြင်နာသည့်နှလုံးသားရှိ၏။ အမေသည် သားသမီးအား နာကျင်အောင် ပြုသူမဟုတ်။ သင့်တွင် ထိုနှလုံးသားမရှိ။ ကလေး၏ ခြေရင်းမှဆွဲသော သူသည်သာ အမေရင်းဖြစ်သည်…. ဟုဆို၏။

မှန်သည်။

မိခင်ဟူသည်ကား ကိုယ့်သားသမီး နာကျင်မည်ကို မကြည့်ရက်သူလည်း ဖြစ်၏။

ဤတွင် ဆရာအောင်မြင်ဦး ရေးသားသော အနှိုင်းမဲ့မေတ္တာရှင် သို့မဟုတ် အမေ အကြောင်း အဆုံးသတ်သည်။

၈ရက်နေ့တွင် ကျရောက်ခဲ့တဲ့ အမေ့ရဲ့ (၅၃)နှစ်မြောက်မွေးနေ့အတွက် ရည်ရွယ်ပြီး အမှတ်တရ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ရီနိုမာန်


9 comments:

သံလွင် HeRo said...

မိခင်ရဲ့မေတ္တာကတော့ ဘာနဲ့မှ မလဲနိုင်ပါဘူးဗျာ
အမြဲ တသွင်သွင်စီးဆင်းနေအုံးမှာပဲ။

ကိုလူထွေး said...

သားငယ်လိမ္မာတယောက်ရဲ့ မေမေအတွက် ဂုဏ်ယူပါတယ် ရီနိုရေ...

Welcome said...

်Best ............

ဧပရယ်လ်ပူး@ပူးတေ said...

ကိုရီနိုရေ
ပို့စ်လေးဖတ်ပြီး အမေ့ကို အရမ်းသတိရသွားတယ်....

လင်းကြယ်ဖြူ said...

ကိုရီနို ရဲ့ မေမေ ရော
တစ်မိသားစု လုံး ကျန်းမာ ရွှင်လန်းလို့
ပျော်ပါစေခင်ဗျာ...

တောင်ပေါ်သား said...

ဖတ်သွားတယ် အကိုရေ လွမ်းတယ် အမေ့ကို


လေးစားလျက်
တောင်ပေါ်သား

ညရဲ့ကောင်းကင် said...

အစားထိုး နှိုင်းယှဉ်လို့မရတဲ့ အမေ့မေတ္တာတွေပါလား...

မေဇင် said...

သိပ်မှန်တာပဲ... အမေ နဲ့ အဖေ ရဲ့ မေတ္တာတွေက ဘယ်အရာနဲ့မှ နှိုင်းမရပါဘူး...။ သားလိမ္မာလေး အတွက် အမေ ဂုဏ်ယူ နေမှာပါ..။

ညီညီ said...

အမေကို ချစ်သောကိုရီနို အမေ့သားကောင်း သားလိမ္မာ တစ်ယောက် ဖြစ်ပြီး အမေ ကိုလုပ်ကျွေးပြုစုနိုင်သော သားဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)