December 30, 2009

မအိမ်ကံ ( for Jan အပိုင်း - ၁ )

ယခင်လမှအဆက်.....
မအိမ်ကံ ၀င်းတံခါးကြီး လှပ်လိုက်သည့် အခါ တောပုန်းရည်သည် ဆိုသူကို ညစ်ထေးထေး ပေစုတ်စုတ် အ၀တ်အစားဖြင့် တွေ့လိုက်ရသည်။

သူက မအိမ်ကံကို တစ်ချက် မော့ကြည့်ပြီး လွယ်ထားသော လွယ်အိတ်ကြီးကို ပုတ်ပြသည်။ ရေနှင့် မိုးနှင့် ဘယ်လောက်တောင် ဝေးနေသည် မသိ။ ချဉ်တူးတူး ချွေးနံ့က ထောင်းထောင်းပင် ထနေခဲ့သည်။ မုတ်ဆိတ် ကျင်စွယ်များ ရိတ်မထားတာကလည်း ကြာပြီဆိုတော့ မုတ်ဆိတ်တွေက ရသေ့ မုတ်ဆိတ်လို အမျှင်လိုက် ကျနေကြ၏။ မအိမ်ကံက ခြေဆုံးခေါင်းဆုံး ကြည့်ပြီးမှ ၀င်ခဲ့ပါဟု တစ်ခွန်းပြောရင်း လူတစ်ကိုယ်စာ ငဲ့ပေးလိုက်သည်။ မအိမ်ကံက ၀င်းတံခါးကို ပြန်ပိတ်လိုက်ပြီး တောပုန်းရည်သည် ရှေ့က ကျော်ကာ ပဲမှောင် တိုက်ဘက်ဆီ လျှောက်လာခဲ့သည်။ တောပုန်းရည်သည်လည်း လိုက်လာခဲ့သည်။ တောပုန်းရည်..။

သည်စကားလုံးက လျှို့ဝှက်စကားလုံး ဖြစ်သည်။ ကိုပြေသိမ်း တောခိုခဲ့ပြီး ဆိုသည့် နောက်ပိုင်း တောပုန်းရည်သည် အဖြစ် ဈေးသည်တစ်ယောက် ရောက်လာသည့် အခါတိုင်း အဆက်အသွယ် လုပ်ရန် ပထမ တစ်ခေါက်ပို့လိုက်သည့် စာမှာ ပါခဲ့ခြင်းကြောင့် ဖြစ်သည်။ ကိုပြေသိမ်း၏ ရက်စက်မှုက မအိမ်ကံ အတွက် သည်းကြီးအူပြတ် ဖြစ်ခဲ့ရသည်။ ဂျပန်ခေတ်တုန်းက မပြောမဆို စစ်ထွက်ခဲ့ဖူးသည်။


အနောက်တန်း ရွာတွေကို သွားရင်းက မြစ်နားတန်းမှ တစ်ဆင့် တော်လှန်ရေးထဲ ပါသွားခဲ့ခြင်းဖြစ်သည်။ သည်တုန်းကလည်း ဘယ်သူ့ကိုမှ ဘာအသိမှ ပေးခဲ့တာ မရှိ။ မယားရယ်၊ သားရယ်လို့ မှာ ခြွေစကား တစ်လုံး တစ်ပါဒ ဖွင့်ဟခဲ့တာ မရှိ။ တစ်ချိန်လုံး နူးညံ့စွာ နေထိုင်ခဲ့ရာက ကောက်ကာငင်ကာ ပစ်ထားရက် ခဲ့သော ကိုပြေသိမ်း၏ စိတ်ကိုလည်း နားလည်ရ ခက်ခဲ့သည်။ လိုအပ်လာလျှင် သူ့မှာ သံယောဇဉ် မရှိ။ လေးစားမှု မရှိသူပါလားလို့ ထိုစဉ်ကတည်းက မအိမ်ကံ သဘော ပိုက်ခဲ့မိပါ၏။ အမေ ပန်းရုံတို့၊ မလှအုံတို့ကပင် အံ့သြခဲ့ကြသည်။ မယား တောသူကို ပစ်ရက်ခဲ့တာထား၊ ရင်သွေး ကလေးကိုပင် ပစ်ပယ်ရက်နိုင်သော နှလုံးသားကို အံ့သြကြခြင်း ဖြစ်သည်။ လိုအပ်လျှင် ဒါမျိုး နောက်တစ်ခါလည်း ရှိဦးမှာပဲလို့ မအိမ်ကံ ကြိုတွေးထားခဲ့တာ မမှားပါလား။

ဂျပန်ခေတ် တော်လှန်ရေးထဲ လိုက်သွားတုန်းကလည်း သူတကာ ပြန်လာလို့ မပြန်ခဲ့။ စစ်ကြီးပြီးလို့ အတော်ကြီးကြာမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သေလေသလား၊ ရှင်လေသလား မသိ။ အိမ်သူအိမ်သားတွေ စိတ်ပူ နေရော့မလား မရှိ။ စာတစ်စောင် ပေတစ်ဖွဲ့ မပြောနှင့် သတင်း အစအနကလေးသော်မှ မကြားခဲ့ရ။ အိမ်လည် လွန်ရာက ပြန်ရောက် လာသလို မထီတရီ ရောက်လာခြင်းမျိုးပင်။ သည်တုန်းကလည်း မအိမ်ကံ စိတ်ကို ယတိပြတ် ဖြတ်နိုင်ခဲ့ပါ၏။ ဇဝေဇ၀ါ မရှိ။ မပြတ်မသား မရှိ။ သူကမှ မကြင်တာ ကိုယ်က မင်စရာ မရှိလေလို့သာ အောက်မေ့ခဲ့သည်။ ချင်းစိမ်းနှင့် မိဿလင် သဘော ထားခဲ့သည်။ ပြန်လာတော့လည်း အကောင်းပင်။ တန်ခိုးရှင် တစ်ယောက်က ဆေးနှင့်တို့ကာ ညှို့ခေါ် သွားသလိုလိုနှင့် ပြီးခဲ့ရသည်။

အခုတစ်ကြိမ်ကတော့ အရက်စက်ကြီး ရက်စက် လွန်းလှသည်။ ၁၃၁၉ ခုနှစ် ၀ါခေါင် လထဲမှာ အမေပန်းရုံ ဆုံးသည်။ ၁၃၂၀ အမေ ပန်းရုံဆုံးတာ အခါမလည်ခင် တစ်လအလို ၀ါဆိုလထဲမှာ မလှအုံ ဆုံးပါးပြန်သည်။ မအိမ်ကံတို့ အိမ်ကြီး တစ်အိမ်လုံး ခြောက်ခန်းသွားရသည် အထိ၊ အထိ နာခဲ့သည်။ အမေနှင့် အစ်မ နှစ်ပါးစလုံး ဆုံးရှာကြလို့ မအိမ်ကံ တစ်အား လျော့ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ငါ အမေ နေရာရောက်ပြီ၊ အစ်မ နေရာရောက်ပြီပဲ၊ ငါ့ဘ၀ ငါပဲရုန်းရမှာ၊ ငါဝမ်းနည်း ပူဆွေး နေလို့ မဖြစ်ဘူးဆိုသည့် စိတ်ဖြင့် မိမိကိုယ် မိမိ ထူမတ်ထားခဲ့ရသည်။ အနားမှာ လင်သားရှိသည်။ အရွယ် ရောက်ကြပြီ ဖြစ်သော သားသမီးနှစ်ယောက် ရှိသည်။ ကိုဖိုးငွေတို့ သားအဖ တစ်တွေရှိကြသေးသည်။ ကျေးဥ ရှိသည်။ နောက်ဆုံး ရွာနှင့် ရပ်နှင့်ရှိကြပါသေး၏။ သည်စိတ်ဖြင့် မလဲမပြိုရပ်တည် နေနိုင် ခဲ့ခြင်း ဖြစ်၏။

“ကျေးဥရယ် ညည်းတို့ သားအမိ သားအဖ တစ်တွေ ရှိခဲ့သာ ငါ့ဘ၀မှာ သိပ်ကို အကျိုးရှိခဲ့ပါသယ်။ လူတွေ မအိမ်ကံတို့ အိမ်ကြီးက တစ်ဦးစီ ပဲ့တော့မှ သည်ကျေးဇူးတရား တွေကို မအိမ်ကံ ပိုသိလာသယ်။ အထူးသဖြင့် ညည်းပေါ့အေ။ ညီအစ်မ အရင်းနဲ့ မခြား ငါ့အနွံအတာ ခံခဲ့သာ အပြောအဆို ခံခဲ့ သာ၊ အစီးအပိုး ခံခဲ့သာတွေ ငါ နားလည်ပါသယ်။ ငါ့အမှား ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါအေ။ငါနဲ့လည်း တစ်သက်လုံးသာ နေပါ။ မြိုင်တို့၊ ခိုင်တို့ကိုလည်း သမီးတွေလို စောင့်ရှောက်ပါ။ အမေတို့၊ မလှအုံတို့ မရှိတော့ သာ၊ အရီးကြာညွှန့် မရှိတော့သာ မအိမ်ကံမှာ လက်နှစ်ဖက် ပြုတ်ရသလိုပါပဲ။ ကိုပြေသိမ်း ဆိုသာကတော့ လင်သားပေါ့အေ။ အိမ်ဦး နတ်ဆိုရင်လည်း ဟုတ်ပါရဲ့။ နို့ပေသိ ဘုရင်နဲ့ မိဖုရားဆိုသာ တစ်ချိန်လုံး ရာဇပလ္လင်ချည်း ထိုင်နေကြရသာ မဟုတ်ဘူး။

ဘုရင်ကလည်း ဘုရင့် အလုပ်၊ မိဖုရားကလည်း မိဖုရား အလုပ် ဆိုသာလိုပဲ။ မအိမ်ကံချည်း လုပ်ရသဲ့ အလုပ် တွေရှိသယ်။ ကိုပြေသိမ်း မပါရမယ့် အလုပ်တွေ ရှိသယ်။ အဲသာမျိုးမှာ အားကိုးရသဲ့ အဖော်ဆိုသာ သိပ်ကို အရေးကြီးသာ မဟုတ်လား။ သည့်အတွက် ညည်းကျေးဇူးတွေ ရှိသယ်လို့ ပြောသာ”
ကြီးခေါင်ကြီးမားအရွယ် ရောက်နေပြီဖြစ်သည့် သမီးခိုင့် ကို ထမင်းခွံ့နေသော ကျေးဥကိုကြည့်ရင်း မအိမ်ကံ ၀မ်းပန်း တနည်း ပြောမိခဲ့သည်။ ကျေးဥက သူ့သားနှစ်ယောက်ကိုပင် အဲသည်လောက် ဂရုတစိုက်မရှိ။ တောသူတောင်သား သားသမီးပီပီ လှည်းပေါ်လိုလို၊ သစ်ပင်ရိပ်လိုလို၊ တလင်းပြန့် ပေါ်မှာလိုလို ပစ်ထားခဲ့တာများသည်။ မြိုင်နှင့် ခိုင်တို့ကိုတော့ အရိပ်တကြည့်ကြည့် ရှိခဲ့ရှာသည်။ သည်သမီး နှစ်ယောက်ကလည်း ကျေးကျေးချင်း ထပ်ကာ မအေ့ထက်ပင် သံယောဇဉ်ပို ကြသေးသည်။ မအိမ်ကံထက် ကျေးဥကို ပိုကပ်ကြသည်။ တစ်အိမ်လုံးကိစ္စကို ကျုံးကျုံးရုန်းရုန်းရှိရသူ မအိမ်ကံကိုယ် တိုင်ကတော့ သမီးတွေနှင့် အဟပ်ကွာခဲ့ရတာတွေ ရှိသည်။ လှည့်မကြည့်နိုင်တာတွေ ရှိခဲ့သည်။ သည်တာဝန်ကို ကျေးဥ ယူခဲ့ပါ၏။ ၀တ်ကျေတန်းကျေ မဟုတ်။ မျက်နှာပြလှရုံ မဟုတ်။ ရင်နှင့်အမျှ သွေးမခြား သားမခြား ရှိလွန်းရှာသူ ဖြစ်သည်။

“ငါ့တော့ မပြောပါနဲ့အေ။ ညည်းနဲ့ ငါ အပျိုမပေါက် တစ်ပေါက်ကတည်းက ချစ်ခင်ခဲ့ကြသူတွေပဲဟာ၊ ညည်းအကြောင်း ညည်းအမေတောင် ငါ့လောက် မသိပါဘူး။ အတူ အိပ်၊ အတူစား၊ အတူသွားခဲ့ကြသာ သည်အရွယ်တွေတောင် ရောက်ကြပေါ့ဟာ။ သည်အိမ်ကြီးကို ဘယ်တုန်းကမှ ငါ့အိမ်မှ မဟုတ်သာလို့ ငါမတွေးမိခဲ့ပေါင်အေ။ ညည်း ကျေးဇူးသာ ငါတို့ မိသားစုမှာ ပုံအောတကြီး ရှိခဲ့သာပါ။ အမေကဆိုရင် အမြဲဆုံးမတယ်။ စိတ်နဲ့တောင် မငြူစူ မိစေနဲ့တဲ့။ သည်ကြားထဲ ညည်းတူနဲ့ အိမ်ထောင်ကျပြန်တော့ ဆွေမျိုးတောင် တော်ရပါသေးသယ်။ ညည်းသာ စိတ်ချမ်းသာ အောင်နေပါအေ။ ငါ ညည်းမျက်နှာကိုကြည့်သာနဲ့ ညည်း ပျော်နေသလား၊ ၀မ်းနည်းနေသလား သိပါ့။ သည်ရက်ထဲ ညည်းစိတ်ဆင်းရဲနေသာ ငါသိတယ်”

ကျေးဥပြောသလိုပင် မအိမ်ကံ စိတ်ဆင်းရဲ နေခဲ့တာ လည်းအမှန်။ မျက်နှာကို ချီထားသော်လည်း စိတ်နှလုံးက ညှိုးငိုက် နေခဲ့ရသည့် ရက်တွေ များလှပြီ။ ကျေးဥက မအိမ်ကံ ခံစားမှုကို သိနေသည့် အတွက် အံ့တော့လည်း မသြမိ။ ကျေးဥက အစင်းသိ အတွင်းသိ မဟုတ်လား။ မအိမ်ကံ့ စိတ်ကို သိသည်။ မအိမ်ကံ့ ခံစားမှုကို သိသည်။ မအိမ်ကံ့ ရင်ထဲက စကားတွေကို နှုတ်က ထုတ်မပြောသည့်တိုင် “ကြား”နိုင်သူ ဖြစ်သည်။ မအိမ်ကံ ကိုယ်တိုင်က စမြင်းဒေါသ မကျေနိုင်သော ဝေဒနာသည်လို ဖြစ်နေရချိန်မှာ ကျေးဥ တစ်ယောက်သာ မိန်းမ ဖော်ရယ်လို့ ရှိတော့တာကို တွေးမိရာက ကျေးဥကိုသာ တွယ်မိ တွယ်ရာ တွယ်ရတော့၏။ ကျေးဥကလည်း မအိမ်ကံ အတွက်ဆို ခေါင်းကဆံပင် ရင်က အသည်းပင် ပေးဝံ့ရဲသူ။

၁၃၂၁ ခုနှစ်မှာ မြိုင်ဆယ့်ငါးနှစ် ပြည့်ပြီ။ ခုနှစ်တန်း ကျောင်းသူကြီး ဖြစ်နေပြီ။ မလှအုံက မြင်းခြံကျောင်း တစ်ကျောင်းလုံးမှာ မအိမ်မြိုင် အလှဆုံးလို့ ဆိုခဲ့သည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကျေးဥကို အဖော်ခေါ်ရင်း မြင်းခြံကို လိုက်သွား လေတိုင်း သမီးကြီးမြိုင်နှင့် အတူ ကျောင်းဝကို ရောက်အောင် သွားခဲ့သည်။ ၀ါကဆုန်၊ နှမ်းနယုန်။ သူ့အခါနှင့် သူ့ရာသီ “မျိုးစေ့မြေကျ” ရှိကြရသည်။ စိုက်ပျိုးမိပါပြီ ဆိုကတည်းက အရိပ် တကြည့်ကြည့် ရှိကြရသည်။ အပင်တွေသန် အဖူးတွေစီ တော့လည်း ၀မ်းသာရသည်။ ရိတ်ချိန် သိမ်းချိန် ဆင်ရာတိမ်မိုး လွတ်အောင် ဖိဖိစီးစီး ရှိကြရသည်။ ပုတ်ထဲ ကျီထဲ ရောက်အောင် သွင်းကြရသည်။ သမီး မိန်းကလေးများကကော ဘာထူး လို့လဲ။

ဆက်လက်ဖေါ်ပြပါမည်။
ရွှေအမြုတေမှ ဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ရီနိုမာန်

5 comments:

Welcome said...

ဖတ်သွားတယ် ..

လှပတဲ့ နှစ်သစ်နေ့တွေ ပိုင်ဆိုင်နိုင်ပါစေ

ပိုးဟပ်လေး said...

လာရောက် လည်ပတ် ဖတ်ရှု့သွားပါတယ်


ခင်တဲ့
ပိုးဟပ်လေး

ညီညီ said...

အစ်ကိုရေ. လာဖတ်သွားတယ်ခင်ဗျာ။ အညာသူအညာသား ကျမ ဆွေမျိုးများ ရှိရင်လည်း တင်ပေးဘို့ ပူဆာလိုက်ပါသည် ခင်ဗျာ။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

ကြည်ဖြူပိုင် said...

ကိုရီနိုရေ
စင်္ကာပူတစ်နိုင်ငံထဲမှာနေကြသူတွေပဲကိုး
တစ်နေ့မဟုတ်တစ်နေ့တွေ့ဖြစ်ကြမှာပါ။ တို့လဲတွေ့ဖူးချင်ပါတယ်။:D
ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေနော်

reenoemann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!