December 5, 2009

မအိမ်ကံ ( For Dec အပိုင်း - ၃)

“ရှင်အိမ်ကံ့နှယ် ညည်းငယ်ငယ်က ဖအေ ဆုရလာလို့ ပွဲခင်းသဲ့ ဟာကို အငြိမ့်မင်းသမီး အနားက မခွာဘူး။ အက သင်ချင်လို့သဲ့။ ကတဲ အဲသည် ရက်က အိမ်မှာ ဟင်းတွေ ပွဲထိုး ထားသလို ဗောင်းလန် နေသာကို မစားဘူး။ ပွဲကြည့် လှည်းတွေ ထမင်းအိုးတောင်း ဟင်းအိုးတောင်း သွားမျှော်သာလေ။ ခရမ်းချဉ်သီး ဒလိမ်းထိုး ချက်စားချင် လှဆိုလို့ ကျုပ်ချက်ကျွေးရ ပါကောလား”


“ငယ်ငယ်က အင်တန် အနေအေးသာ။ ရွာထဲ သူတကာ့ ကလေးတွေနဲ့ ကစားချေပါဟဲ့ ဆိုလည်း မကစားဘူး။ အားအားရှိ အိမ်အပေါ်ထပ် က်ထိုင်နေတော့သာ။ မှို့စကြာကလေး တွေလွင့်လာသာကို လိုက်ငေးတတ်သယ်။ မလှအုံအဲသာလေး တွေက ဘာတွေလဲ၊ ဘယ်ကလွင့်လာကြသာလဲ၊ ဘယ်ကိုသွား ကြမှာလဲနဲ့ မေးတတ်လို့ ငါဖြင့် မဟုတ်ကရော၊ ဟုတ်ကရော ဖြေရသာပါအေ”

“တစ်ခါများ အစ်ကိုလုပ်သဲ့ သူကို ပုန်းညက်ပန်း ခူးပေးပါ ဆိုတော့ အစ်ကိုက အပင်ပေါ် မတက်ဘဲ အပင်ခြေက လှဲချ ပစ်လိုက်သာတော်။ ကိုင်း ငါ့နှမ ကြိုက်သလောက်ခူး စမ်းတဲ့။ တို့ဖြင့် အပင်ကလေး နှမြောလွန်းလို့ ရယ်ရခက်၊ ငိုရခက်”

မအိမ်ကံ အရွယ် ရောက်လာတော့ ငယ်ငယ်က အကြောင်းတွေကို မလှအုံက သူမှတ်မိသမျှ စီကာပတ်ကုံး ပြောပြလေ့ ရှိခဲ့သည်။
သည်အသက် သည်အရွယ် အထိ မအိမ်ကံ ကိုယ်တိုင် မမေ့နိုင်သော ပုံရိပ်တွေ ရှိခဲ့သည်။ မအိမ်ကံ ငယ်ငယ်ကပါပဲ။ ဘယ်အရွယ်လောက် ရှိမလဲ မအိမ်ကံ မမှတ်မိတော့ပါ။ ထိုနေရာတွင် ထီးကြက်တော် ခေါ်ကြသည့် ထီးဖြူကြီး ရှိသည်။ ကျောက်ထီးကြီးတွေ ကြားက ထီးဖြူတစ်လက်။ သည်ထီးတွေကြားမှာ မမ ဂွမ်းဖြူ။ စောစောတုန်းက သည်နေရာမှာ လူတွေ အများကြီးပါ။ နောက်တော့ မအိမ်ကံနှင့် မမ ဂွမ်းဖြူသာ ရှိတော့သည်။


“မမဂွမ်းဖြူရယ်၊ မအိမ်ကံဖြင့် တစ်ယောက်တည်းရယ် လို့ စိတ်အားငယ်လိုက်ရသာ မပြောပါနဲ့တော့။ လူတွေလည်း ဘယ်ရောက်ကုန်ကြမှန်း မသိပါဘူးတော်”

“လူတွေက ထီးဖြူတော် လာကပ် လှူကြသာကော မအိမ်ကံရဲ့၊ ပြန်ကုန်ကြပြီ”

“မမဂွမ်းဖြူက ဘာလာ လုပ်သာလဲဟင်”

“ဖက်စိမ်းကွမ်းတောင်လာပို့သာလေ။ သည်စေတီရင်ပြင်ပေါ်မှာ မိန်းကလေး တစ်ယောက်ကို ဖက်စိမ်းကွမ်းတောင် လွှဲပေးရမှာ မအိမ်ကံရဲ့”

“ဖက်စိမ်းကွမ်းတောင်က ဘယ်မှာလဲ”

“ဟိုမှာလေ ကျောက်ထီးရိပ်အောက်မှာ”

ဟုတ်သားပဲ။ ဖက်စိမ်းကွမ်းတောင်က ဖူးဖူးကြွကြွ၊ ရွရွ စိမ်းစိမ်းကလေး။ မအိမ်ကံက ဖက်စိမ်း ကွမ်းတောင်ကို သွားယူလိုက်ဖို့ ပြင်သည်။
“မထိနဲ့နော် မအိမ်ကံ။ ဖက်စိမ်းကွမ်းတောင်ဆိုသာ လွှဲအပ်ပြီးမှ ကိုင်ခွင့်ရှိသာ။ မမက လွှဲမပေးမချင်း မကိုင်ရဘူး။ မီးထ တောက်တတ်သယ်”

“အို မအိမ်ကံ ကိုင်ချင်လို့ပါနော်၊ မအိမ်ကံကို လွှဲပေးပါနော်”

“မလောပါနဲ့အေ။ အဲသလောက် ဘယ်လွယ်ပါ့မလဲ”

“အို မရလို့ကို မဖြစ်ပါဘူး၊ ဖယ်ပါ”

မအိမ်ကံ ကဇွတ်ဝင်လုတော့ လက်ထဲမှာ ဖက်စိမ်းကွမ်းတောင် ထိပ်က ငှက်ပျောဖက် ကြက်တူရွေး ရုပ်ကလေးသာ ပါလာခဲ့သည်။
မအိမ်ကံ ဘ၀မှာ မှတ်မှတ်ရရ ရှိခဲ့သည်။ ငယ်ငယ်က မက်ခဲ့သည့် အိပ်မက်။ သည်အိပ်မက်ပြီး နောင်နှစ်ပေါင်းများ စွာအထိ မကြာခဏ မက်ခဲ့ရသည့် အိပ်မက်။ တစ်ခါတော့ အစ်ကို မောင်မြတ်သာက ၀ါးကလေးတွေ သုံးပြီး ဖက်စိမ်း ကွမ်းတောင် ရုပ်ချိုးပေးသည်။ အဖျားမှာ ကြက်တူ ရွေးကလေး ပင်ပါသေးသည်။ မအိမ်ကံ ကွမ်းတောင်ရုပ်ကို ပွေ့ရင်း အပျို တစ်ယောက်လို ဟန်ဖြင့် ခြေဖျားကလေးထောက်၊ လည်တိုင် ကလေးမော့ပြီး လျှောက်သည်။ သည်အချိန်မှာပဲ အမေ ပန်းရုံ၏ အော်သံ၊ ချောက်ချား စရာပင်ကောင်းလှပါ၏။

“မအိမ်ကံ ညည်းလက်ထဲက ကွမ်းတောင်ရုပ်ကို အခု ချထားလိုက်စမ်း”

အနှစ် လေးဆယ်လောက်က အမေ့ အော်သံကို အခုပဲ ကြားလိုက်ရသလိုပင်။ ကွမ်းတောင်ကိုင် ဖြစ်ဖို့ ရူးသွပ်ခဲ့ ရသော မအိမ်ကံကို ရက်ရက်စက်စက် လက်ညှိုး ငေါက်ငေါက် ထိုးကာ အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့ရသော ကြီးတော် စံရွှေ၏ နင့်နင့်သီးသီး စကားလုံးများ။
“ညည်းက ငါ့စီးပွားလည်း ပြိုင်သေး ငါ့သားလည်း ချိုင်သေး။ ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူမှာအေ့။ ညည်းရုပ်က ပပ၀တီလောက် ချောသယ်ပြောပြော နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲ ညည်းသည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ်ဘူး”

အိုး...။ သည်ကနေ့ကျမှ မအိမ်ကံ ဘာဖြစ်တယ် မသိ။ ရှေးဖြစ် နောက်ကြောင်းတွေက အပ်ချည်မျှင် အစ ဆွဲမိလိုက် သလို အတန်းလိုက် အမျှင်လိုက် တောက်လျှောက် ပါလာလေရာ ဆုံးပဲ မဆုံးနိုင်တော့။ အာရုံတွေကို ဇွတ်မှိတ် ဖြတ်သော်လည်း မပြတ်။ ထပ်ကာ ထပ်ကာ ပေါ်လာ နေတော့၏။

မအိမ်ကံ အာရုံတွေက သမီးကြီး မြိုင်ကို မြင်းခြံ သွားပို့စက ရက်တွေဆီ ရောက်သွားခဲ့ပြန်သည်။ ထိုနေ့က ကိုပြေသိမ်း၊ ဖိုးကူး၊ ကိုဖိုးငွေနှင့် မလှအုံတို့ မြင်းခြံကို လိုက်သွားခဲ့ကြသည်။ အိမ်မှာ ဖိုးတုတ်က လွဲလျှင် မိန်းမသားတွေချည်း ကျန်ရစ်ခဲ့ကြသည်။ အစ်ကိုလေး ကိုစံကောင်းက လာစောင့် အိပ်ပေးခဲ့သည်။ ထိုညက အကြောင်းတွေကိုလည်း မအိမ်ကံ မမေ့နိုင်ပါ။ ဘယ်သူက ဘာရည်ရွယ်ချက်နှင့် လုပ်ခဲ့သည် ဆိုတာတော့ အခုထိလည်း မပြောနိုင်။ သို့သော် တိုက်ဆိုင်တာပဲလားတော့ မသိ။ သည်ကိစ္စဖြစ်ပြီးသည့် နောက်ပိုင်း အမေဆုံးသည်။ မလှအုံ ဆုံးသည်။

ထိုညက လကလေးပြက်ပြက်သာ နေခဲ့၏။ မလင်းမှုန်မှုန် လင်းမှုန်မှုန်။ ထိုညကအဖြစ်ကို မအိမ်ကံ ထင်းထင်းကြီး မြင်ယောင်နေဆဲဖြစ်သည်။ တွေးမိတိုင်းလည်း ကြောစိမ့် နေမိရဆဲ။ အဲသည်ညက မအိမ်ကံ အိပ်မပျော်ဘဲ နိုးနေခဲ့လေသည်။ မအိမ်ကံတို့ ၀ိုင်းကြီး ကျယ်ကျယ်ထဲမှာ အနောက် တောင်ထောင့်ကို အိမ်သားတွေ ရောက်ခဲကြသည်။ မြေလပ် မထားချင်သဖြင့် ဖိုးတုတ်က ပဲစင်းငုံကြဲ ထားခဲ့ရာ ရိတ်ဖြတ် ထားသော ပဲစင်းငုံ ငုတ်တွေက ထိုးထိုးထောင်ထောင် ရှိနေကြသည်က တစ်ကြောင်း၊ ထိုနေရာ အထိ ရောက်ရန် အခြား အကြောင်း မရှိသည်က တစ်ကြောင်းတို့ကြောင့် တစ်နှစ်နေလို့ တစ်ခေါက် မရောက်ကြသည့် နေရာ ဖြစ်သည်။ တစ်ဖက်ဝိုင်း တိုက်တွေကလည်း တောပင်၊ တောထင်းတွေ ပုံကြတာမျိုး၊ အိမ့်အတိုအစ ဗြုတ်စဗျင်းတောင်းတွေ ထားကြတာမျိုးဖြင့် ထိုနေရာ ထိုထောင့်မှာ လူသူ အရောက်အပေါက် နည်းသလို ဖြစ်နေသည်။


သည်ကြားထဲက တစ်ဖက်နှစ်ဝိုင်း စပ်ရာထောင့်မှာ ရေမရှိသည့် တွင်းခြောက်ကြီး ရှိသဖြင့် အမှိုက်သရိုက်များ ပစ်ကြရာက မြွေပါး ကင်းပါး ခိုနိုင်သလိုဖြစ်နေတာလည်း ပါပါ၏။ မည်သူမဆို လာရောက် ခိုနေနိုင်လောက်အောင် အဆက် ဝေးသဖြင့်လည်း ၀ိုင်းရှင်တွေ မသိဘဲ ၀င်ရောက်လာခဲ့သူ တစ်ယောက်က မအိမ်ကံတို့ ၀ိုင်းတိုက်ထဲကို အချိန်မတော် အညစ်အကြေးတွေ ပစ်သွားခဲ့ခြင်း ဖြစ်၏။ တောင်ဘက်ဝိုင်းနှင့် အနောက်ဘက် ၀ိုင်းတွေက သည်လို အလုပ်မျိုး လုပ်မှာ မဟုတ်တာကို မအိမ်ကံ ယုံသည်။ အပြင်သူစိမ်း တစ်ယောက်က သည်နေရာကို အကြောင်းတစ်ခုဖြင့် ခိုကာ ကြံစည်ခဲ့ပုံ ရသည်။ ကိုစံကောင်းနှင့် မအိမ်ကံတို့ ဓားတစ်လက်စီဖြင့် ရောက်သွား ကြသည့် အခါ နှစ်ယောက်စလုံး တောင့်သွားခဲ့ကြသည်။ မအိမ်ကံ ထိုးလိုက်သော ဓာတ်မီးရောင် အောက်တွင် အရာသုံးမျိုး တစ်နေရာစီ ပြန့်ကြဲနေပါ၏။

တစ်ခုက နှီးခေါပတောင်း တစ်လုံးဖြစ်၍ အခြားတစ်ခု ကတော့ သွေးတွေ တပွက်ပွက် ပေပွနေသော ပိတ်အနှီးစ တစ်စ ဖြစ်သည်။ အထဲမှာ တစ်စုံတစ်ရာ ပါသလို ရှိသဖြင့် ကိုစံကောင်းက ဓားဦးဖြင့် ထိုးခွဲကြည့်သည်။ အမဲသားတွေ၊ လတ်လတ် ဆတ်ဆတ် ရှိသေးရုံမက အနည်းဆုံး ငါးဆယ်သားလောက် ရှိလိမ့်မည်။ ပိတ်အနှီးစ ဟောင်းမှာတော့ ဆေးမည်းဖြင့် အင်းတွေလို အကွက်တွေ ရေးထားသည်။ ကိုစံကောင်းက မအိမ်ကံ ကို တစ်ချက် အကဲခတ် လိုက်သည်။ မအိမ်ကံကတော့ ဓာတ်မီး တစ်ဖက် ထိုးထားရင်း ဓားရှည်ကိုပင် မ မနိုင်လောက်အောင် ငိုင်ငိုင်ကြီး ရပ်နေလေသည်။

“အမဲသားတွေ ငါ့နှမ။ အင်းထိုးထားတဲ့ အနှီးစနဲ့ ထုပ်ပြီး ခေါပတောင်းနဲ့ ဘာနဲ့ တစ်ခုခုစီရင်ဖို့ လုပ်သာနေမှာ။ ခက်သာက လူကို မမိလိုက်ဘူး။ တို့မောင်နှမ ပြေးလာသာကို တွေ့သွား ပုံရသယ်။ ညနေလောက်ကတည်းက တွင်းခြောက်ကြီးထဲ ခိုနေလေသလား။ ခုမှ အသာဝင် လာသလားတော့ မပြောတတ်ဘူး။ နေဦး ဒါဘာပါလိမ့်”။ ခပ်ဝေးဝေး တစ်နေရာမှ မြေအိုးခြမ်းကွဲ။ နှစ်စိတ် ကွဲသွားပြီ ဆိုသော်လည်း ဆက်ကြည့် လိုက်တော့ နဂိုက တစ်ချပ်တည်း ဖြစ်ပုံရသည်။ ကိုစံကောင်းက နှစ်ချပ် စလုံးကို ဓားဦးနှင့် ထိုးလှန်ကြည့်သည်။ သံချွန်နှင့် ခြစ်ထားသည့် နေရာတွေ မွမွကြဲလျက် ရှိ၏။ ကိုစံကောင်းက ခြံထောင့် ငှက်ပျောပင်က အရွက်ဖားဖား နှစ်လက် ခုတ်ပြီး ခါးက ပိုင်းသည်။ နှီးခေါပတောင်းကို လှန်ကာ ခင်းသည်။ နောက်ထပ် ဖက်ရွက်တွေထဲကို အမဲသားထုပ်သွေးရွှဲရွှဲကို အထုပ်လိုက် မကိုင်ကာ ခေါပတောင်းထဲ ထည့်သည်။ သွေးစွန်း နေသည့် မြေကြီးတွေကိုပါ ဓားနှင့်ခြစ်ကာ မကျန်အောင် နှိုက်သည်။ အိုးခြမ်းပဲ့ နှစ်ချပ်ပါ ထည့်ပြီး အသာပိုက် လာခဲ့သည်။ မအိမ်ကံက ရှေ့က။ ကိုစံကောင်းက နောက်က။ ကိုစံကောင်းက ခြံတံခါးကြီးကို ဖွင့်ပြီး တာလမ်းနှင့် ဝေးဝေးက ချောက်ကြီးထဲ သွားပစ်သည်။ ပြန်လာပြီး ခြေလက်ဆေးသည်။ ဆေးလိပ် တစ်လိပ် ထိုင်ဖွာသည် အထိ မအိမ်ကံပါ အတူ ရှိနေခဲ့ပါ၏။

“အစ်ကိုလေး၊ ဘာတွေလဲ။ အဲဒါတွေက ဘာလုပ်ကြတာလဲ။ ဘယ်သူက လုပ်တာလဲ။ မကောင်းသာ လုပ်မှန်းတော့ သိပါရဲ့”

မအိမ်ကံက မေးခွန်းတွေ ဆက်တိုက် မေးလိုက်လို့လား တော့မသိ။ ကိုစံကောင်းက ဘာဖြေရမှန်း မသိဘဲ တော်တော နှင့် အသံမထွက်။ သူလည်း စဉ်းစားနေပုံရသည်။ မအိမ်ကံတို့ ရွာတွေမှာ ဒါမျိုးတွေ ကြားဖူးပါ၏။ တစ်ဖက်ကို အတိဒုက္ခ ရောက်အောင်၊ အစွဲအမှောင့်ဖြစ်အောင် လုပ်ကြတာမျိုး ဆိုတာ လောက်တော့ မအိမ်ကံ ခပ်စမ်းစမ်း သိထားသည်။ ကိုစံကောင်းကတော့ ကြားဖူးနားဝ ရှိနိုင်လောက်သည် ထင်လို့ အလောတကြီး မေးလိုက်ခြင်း ဖြစ်သည်။

“အစိမ်း တိုက်သာပေါ့ဟာ ရုပ်မြှုပ်သာတို့၊ နတ်တိုက်၊ ဓာတ်တိုက်၊ အစိမ်းတိုက် စသည်ဖြင့် ရှိသယ်။ အစ်ကိုလည်း ကောင်းကောင်းတော့ နားမလည်ဘူး။ ဒါတွေက ခြံထဲပစ်ချ ရုံလောက်နဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူး။ ၀ိုင်းထဲခြံထဲ မြေကြီးထဲ မြှုပ်မှဖြစ်သာ။ လုပ်တဲ့ ကောင်က မြှုပ်ချိန် မရလိုက် ဘူးနဲ့တူပါရဲ့။ သည်ကောင် မြောင်းကျင်းကြီးထဲကနေ အထုပ်ကို အရင် ပစ်လိုက်ပြီး နောက်မှ လူဝင်မှာ နေမှာ”

“ရက်စက်လှချည်လား အစ်ကိုလေးရယ်။ မအိမ်ကံတို့မှာ သည်ဘက်နှစ်ပိုင်းတွေထဲ အတော် အတိုက်အခိုက် လုပ်ကြသယ်။ သာအောင်တို့ နေမှာပဲ”

“ဥပါဒ် မစွဲပါနဲ့ နှမရာ။ သာအောင်တို့ကတော့ လုပ်မထင်ပါဘူး။ သည်ကောင်က သွေးမြောက် နေသာ ရှိသာပါ။ ကိုယ့် ရွာသူ ရွာသားချင်းသည်လောက် မလုပ်ဘူးလို့ ထင်သာပဲလေ”

“ရွာသူရွာသားချင်း မလုပ်လို့ တစ်ရွာက ဘယ့်နှယ့်လာ လုပ်ပါ့မလဲ အစ်ကိုလေးရယ်။ အသွား မတော်ရင် ဒုက္ခရောက် ရမယ့် ကိစ္စ။ တစ်ရွာတစ်ရွာ ၀င်ဖြစ် မှတ်လို့”

“ဒါလည်း ဟုတ်သယ်။ နေပါဦးဟာ။ ဒါမျိုး နားလည်သဲ့ ကိုဘဆင်ကို အစ်ကို မေးကြည့်ပါဦးမယ်။ အရီးတို့ကို မပြောနဲ့ဟ။ လူကြီးတွေ ဆိုတော့ ကြောက်ကြလိမ့်မယ်။ လက်သည် ပေါ်လို့ကတော့ ငါလုပ်သွားပါ့မယ်ဟာ။ နင်အသာ နေပါ”

မအိမ်ကံ အိပ်ရာထဲ ရောက်သည် အထိ အမဲသား နံ့ကြီးစွဲ နေခဲ့သဖြင့် သွေးဆေးတစ်တို့ လျက်ရသေးသည်။ ရေထ သောက်ပြီးမှ အိပ်ရာ ၀င်ခဲ့သည်။ သည်တစ်ခါတော့ တစ်အိမ်လုံး ရူးအောင် ဒါမှမဟုတ် ဒုက္ခရောက်အောင် အောက်လမ်းနည်းကို သုံးကြပြီ။ အမိုက်တွင်းဆုံး လုပ်ကြပါပေါ့လား။ ဒါတွေကို အယုံအကြည် ရှိတာ မရှိတာထက် ရည်ရွယ်ချက် တစ်ခုဖြင့် ခြံထဲဝင်းထဲ အရောက် ကျူးကျော်ကြတာကိုတော့ မအိမ်ကံ သည်းမခံနိုင်။ ဖြစ်နိုင်လျှင် ညတွင်းချင်းပင် ရှင်းလိုက်ချင်သေးသည်။ အိပ်လို့ မပျော်နိုင်အောင် မခံချိမခံသာ ဖြစ်နေခဲ့သည်။ နှစ်ရက်လောက် နေမှ ကိုစံကောင်း မယောင်မလည် ရောက်လာသည်။ မောင်နှမနှစ်ယောက် သရက်ပင်အောက် သွားထိုင်ကြ၏။

“ကိုဘဆင်ကို ငါမေးကြည့်သယ်။ မအိမ်ကံတို့ ၀ိုင်းထဲမှာ တွေ့သာလို့ မပြောပါဘူး။ ငါ့မိန်းမ ရွာမယ် အဲသလို ပစ် သွားသယ် ကြားသယ်လို့ ဆိုပြီးမေးသာ”

“ဘာတဲ့တုံး”

“မြေဘုတ်တွင်းစား ချသာလို့ ပြောသာပဲ။ အင်းပါပါရင် လူကို ဥပဒ်နိုင်သတဲ့။ မကောင်းဘူးပေါ့ဟာ။ မြေထဲ မမြှုပ် သာခံသာသာတဲ့”

ကိုစံကောင်းက ဆက်မပြောတော့။ မအိမ်ကံကလည်း မကြားချင်တော့ပါ။ မအိမ်ကံက တောင်ဘက်ဝိုင်း၊ အနောက် ဘက်ဝိုင်းက အိမ်ရှင်တွေကို ညဘက် လူကပ်ကြောင်း ပြောသဖြင့် ခြံကို လုံအောင် ကာကြသည်။ မြောင်းကျင်းကြီးထဲ ဆူးခက်တွေ မောက်နေအောင် ချလိုက်ကြသည်။ သည်ကိစ္စက သည်မှာတင် တစ်စခန်း ရပ်သွားခဲ့ပါ၏။ လက်သည်ကို အလိုလို သိနေမှတော့ သည်ကိစ္စ စုံစမ်းစရာလည်း မလိုတော့။ မအိမ်ကံ သတိနှင့်နေ သတိနှင့် သွားဖို့ရာသာ ရှိတော့၏။ ကိုစံကောင်းကတော့ ကိုပြေသိမ်းတို့ မြင်းခြံက ပြန်မလာမချင်း လာစောင့် ပေးရှာသည်။ တစ်ရက်၊ နှစ်ရက်အထိ မြင်းခြံကို ပို့လိုက်ရသော သမီး အတွက်ပင် မပူပန်မိရလောက်အောင် မအိမ်ကံ စိတ်တွေ ထွေနေခဲ့သည်။ နောက်နှစ်ရက်လောက် ရှိမှ ကိုပြေသိမ်းတို့၊ မလှအုံတို့ ပြန်ရောက်လာကြသည်။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ ရွှေအမြုတေမှ ဖေါ်ပြခြင်းဖြစ်ပါသည်။

2 comments:

Welcome said...

ပြန်ရှယ်ပေးလို့ ကျေးဇူး။
တကူးတက ရှာဖတ်စရာ မလိုတဲ့အတွက် အိုကေတယ်။

Wunna said...

မအိမ်ကံကို တင်ထားပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ နောက်လည်းလာလည်ပါ့မယ်။