July 31, 2013

လွမ်းလို့ ရေးသည်

မိဘနဲ့ သားသမီး ဇာတ်လမ်းလေး ကြည့်ပြီးတော့ မရှိတော့တဲ့ အဖေ့ကို သတိရသွားမိတယ်။ ကျနော်တို့ကို အဖေခွဲခွာသွားတာ အခုဆို ၁၁နှစ် ရှိသွားပြီ။ ၁၁နှစ်ဆိုတာ သိပ်မကြာသေးသလိုပါပဲ။ စိတ်ထဲမှာ အဖေ မရှိတော့ဘူး ဆိုတာကို သိနေပင်မဲ့၊ အဖေ အသက်သေဆုံးသွားတယ်ဆိုတာကို အခုထိ လက်ခံလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်မဲ့နေတဲ့ အဖေ့ရဲ့ ခန္ဓာကိုယ်ကို မမြင်တွေ့လိုက်ရလို့ပဲ ထင်မိပါတယ်။ အဖေနဲ့ ပတ်သက်တဲ့ သတိရစေနိုင်တဲ့ အကြောင်းအရာလေးတွေ အများကြီးတော့ မရှိခဲ့ပါဘူး။ ဒါပင်မဲ့ အဖေ့အကြောင်းလေးတွေကို စဉ်းစားကြည့်လိုက်တဲ့ အခါမှာတော့.....။

ကျနော့်ကို တွေ့ဖူးကြတဲ့ လူတိုင်းက အမေတူသားလို့ ပြောကြပါတယ်။ ကျနော် ကိုယ်၌ကလည်း အမေတူပဲ ဖြစ်ချင်ခဲ့တယ်။ အမေတူသား ချမ်းသာတယ်လို့ လူကြီးသူမတွေ ပြောစကားကို ယုံကြည်နေခဲ့မိတာကိုး။ အမှန်တော့ အမေတူတိုင်း၊ အဖေတူတိုင်းလည်း မချမ်းသာဘူးဆိုတာ လောကကြီးထဲကို ဝင်ရောက်လိုက်မိတဲ့ အချိန်မှာ ကောင်းကောင်းနားလည် သွားခဲ့ပါတယ်။ အလုပ်မလုပ်ဘူးဆိုရင်တော့ တူချင်တဲ့ သူနဲ့ ဘယ်လောက်ပဲ တူတူ အလကားပါပဲ။ အဖေက စကားနည်းတယ်။ စိတ်ဆိုး ခဲတယ်။ အရက်မူးရင်တော့ သွေးဆိုးတယ်။ အဲဒီအချက် သုံးချက်မှာ ကျနော်နဲ့မတူတာ တစ်ချက်မှ မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း အပြင်ပုံပန်းသဏ္ဌာန်ကို ကြည့်ရင်းတော့ အမေနဲ့ တူတယ်ဆိုပင်မဲ့ အတွင်းစိတ်က အဖေနဲ့ တစ်ပုံစံထဲပါ။

မရည်ရွယ်ပဲ ကျနော့်ဘဝမှာ အဖေ့ကို သွေးထွက်သံယို ဖြစ်အောင် တစ်ခါလုပ်ခဲ့ဖူးတယ်။ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာမဟုတ်ပင်မဲ့ ကျနော့်ကြောင့် ဆိုတဲ့ အသိကတော့ ခုချိန်ထိ စွဲကပ်နေတုန်းပဲ။ ငါ တစ်ချိန်ပြန်ခံစားရမှာပဲ ဆိုတဲ့ စိတ်က အမြဲလိုလို ခြောက်လှန့်နေတယ်။ ဘယ်လိုအခြေအနေပဲရောက်ရောက် ဝဋ်ရှိရင်တော့ ရှောင်လို့ မရတဲ့ အရာတွေပါပဲ။

မိဘမေတ္တာဟာ ဘာလဲဆိုတာကို သေသေချာချာ မသိပင်မဲ့ မေတ္တာရဲ့ သဘောတရား ရောင်ပြန်ဟပ်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ ကျနော် သိထားတယ်။ ကျနော့်မှာ ဖခင်တစ်ယောက်ရဲ့ စိတ်မရှိသေးပင်မဲ့ မေတ္တာပေးရင်း မေတ္တာ ပြန်ရမယ်ဆိုတာကိုတော့ လက်ခံတယ်။ ဖခင်တစ်ယောက်ရဲ့ ရုန်းကန်းမှုကို ကျနော် အပြစ်တင်ခဲ့ဖူးတယ်။ မိသားစုကို ပြန်မကြည့်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ အဖေ့ကို ပြစ်တင်ဖူးတယ်။ အဖေလည်း မိသားစုတာဝန်ကို နိုင်သလောက် ထမ်းခဲ့တာပါပဲ။ လူငယ်ဖြစ်တဲ့ ကျနော်ကသာ အားမရခဲ့တာ။ မကျေနပ်ခဲ့တာ။ 

ဝဋ် ဆိုတာ နောက်ဘဝ မကူးဘူး ဆိုတဲ့ စကားဟာ သိပ်မှန်တယ်။ အပြစ်တင်စောခဲ့တဲ့ ကျနော်၊ အဖေ့ကို အပြစ်တင်ခဲ့ဖူးတဲ့ ကျနော် ဖခင်ဆိုတဲ့ နေရာက မဟုတ်ပဲ မိသားစုရဲ့တာဝန်ကို ယူကြည့်စမ်းပါ သားရယ်လို့ မပြောရုံ တမယ် သင်ပြပေးသွားခဲ့တယ်။ အဖေ့ရဲ့ တာဝန်ကို ယူလိုက်ရတဲ့ အချိန်မှာ အဖေ့ကို ပိုပြီး နားလည်လာခဲ့တယ်။ အဖေလည်း သူမိသားစုကို ပြည့်ပြည့်စုံစုံနဲ့ ထားချင်ခဲ့မှာပဲ။ သူ့မိန်းမအတွက် သူ့သားသမီးအတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးချင်ခဲ့မှာပဲ။ ဒါတွေကို ကျနော် သိလိုက်ရတဲ့ အချိန်မှာတော့ ကိုယ်တိုင်ဖခင်တစ်ယောက် ဖြစ်ရမှာကို ကြောက်နေမိပြီ။

ရီနိုမာန်   

2 comments:

မမသီရိ said...

ဝဋ်ဆိုတဲ့အတွေး.. စိတ်ထဲမထားပါနဲ့ သားငယ်..
ကိုယ် မရည်ရွယ်ပဲ ဖြစ်ခဲ့တာ မျိုး ကိဘက် ကင်းမှာပါ .
အဖေ့ ကိုလွမ်းတာ ကိုယ်ချင်းစာတယ်. အမေ့ ကိုလွမ်း လဲ ကိုယ်ချင်းစာ တယ်..
တီလေး ဆို.. အဖေ ရော အမေရော ရဲ့ နောက်ဆုံး ချိန်တွေ မရှိခဲ့ဘူး .. ဒါပေမဲ့.. နေ့တိုင်းပဲ .. ဖေဖေ နဲ့ မေမေ က တီလေး နဲ့ အတူ ရှိနေတယ်..
အဆင်ပြေပျော်ရွှင်ပါစေ. သားငယ်
ချစ်တဲ့ တီလေး

Thain Garra said...

ဒီလိုပါပဲ ... ကို ရီနို ...
အလှည့်ကျမှ ကိုယ်ချင်းစာတတ်ကြတော့တာပါပဲ ...
ဖခင် ဖြစ်ရမှာတော့ မကြောက်ပါနဲ့ဗျာ ...
တော်ကြာ မိခင် ဖြစ်ရမယ့် သူ ကြောက်ဖို့ မကျန်ဘဲ နေဦးမယ် ... :)