May 15, 2013

၂၀၁၂ ရဲ့ နောက်ဆုံးခရီး

ကျနော် စာရေးမယ်လို့ စဉ်းစားလိုက်တဲ့ အချိန်မှာ ၂၀၁၂ နှစ်ကုန်ပိုင်းလောက်က သွားထားတဲ့ ခရီးစဉ်တစ်ခုကို သွားသတိရမိတယ်။ သည်ခရီးကို သွားဖို့ အခန်းထဲမှာ ရှိတဲ့ ကျနော့်သူငယ်ချင်း ခုနှစ်ယောက်ကို စည်းရုံးကြည့်တော့ သုံးယောက်က လိုက်မယ်။ လေးယောက်က လိုက်ချင်တယ် ပိုက်ဆံ မရှိဘူးလို့ ငြင်းကြတယ်။ တစ်ယောက်လောက်ဆိုရင်တော့ သဲ့ခေါ်သွားလို့ ရနိုင်ပါသေးတယ်။ ခုတော့ လေးယောက်ကြီးများဆိုတော့ ကျနော်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ သည်လိုနဲ့ ကျနော်အပါအဝင် အခန်းထဲက လေးယောက်။ အပြင်က သူငယ်ချင်း တစ်ယောက်နှင့် သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်။ စုစုပေါင်း ကျနော်တို့  ( ၆ ) ယောက် သွားဖို့ စ၍ စီစဉ်ရပါတော့သည်။

ကျနော်တို့ သွားမယ့် ခရီးစဉ်ကတော့ Indonesia နိုင်ငံရဲ့ ကျွန်းစုများထဲက Batam ဆိုတဲ့ ကျွန်းကို သွားမှာ ဖြစ်ပါတယ်။ သွားဖူးသူတွေရဲ့ ပြောစကားအရတော့ ကျနော်တို့ မြန်မာပြည်ထဲက မှော်ဘီလို မြို့လေးတစ်မြို့သာ ဖြစ်ကြောင်း ပြောတာ ကြားဖူးမိပါတယ်။ သို့သော် မရောက်ဖူးတဲ့ ကျနော်တို့ အတွက်တော့ နေရာသစ် တစ်ခုကို ရောက်ဖူးချင်လို့ သွားတယ်ဆိုလျှင် ပိုမှန်ပါမည်။ သွားရောက်လည်ပတ်ဖို့အတွက် နောက်ထပ်တွန်းအား တစ်ခုကတော့ ခရီးစရိတ် သက်သာလို့ပဲ ဖြစ်ပါသည်။ ခရီးထွက်ဖို့ အတွက် အွန်လိုင်းကနေ တစ်ညအိပ်နှစ်ရက် Tour လက်မှတ် ပထမဆုံးဝယ်ယူရပါတယ်။ လက်မှတ် တစ်စောင်ကို စင်ကာပူဒေါ်လာ ( ၆၉ ) ပေးရပြီး၊ လက်မှတ်တစ်စောင်ရဲ့ ခံစားခွင့်များကတော့ သင်္ဘော အသွား၊အပြန် ( သင်္ဘောဆိပ် မှာ လက်မှတ်ထုတ်တော့ တစ်ယောက်ကို စင်ကာပူဒေါ်လာ  - ၂၇ ထပ်ပေးရပါသည်) ။ နေ့လည်စာ တစ်ကြိမ်။ ရိုးရာ အနိုပ်ခန်း တစ်နာရီ နှင့် ဟိုတယ် တစ်ည ( Included Breakfast )  တည်းခို ခွင့်တို့ပဲ ဖြစ်ပါတယ်။ လက်မှတ် ဝယ်ပြီးတဲ့ အချိန်မှာတော့ တစ်ယောက်ကို စင်ကာပူဒေါ်လာ ၁၅၀ စီစုလိုက်ကြပါတယ်။ ဘာသုံးသုံး၊ ဘာစားစား ဒီအထဲကပဲ သုံးဖို့ ဖြစ်ပါတယ်။

ခရီးထွက်မယ့် မနက်မှာ သင်္ဘော ဆိပ်ကိုရောက်ဖို့ ကျနော်တို့ အိမ်ကနေ အစောဆုံးထွက်လာခဲ့ကြပါတယ်။ သင်္ဘော ဆိပ် မရောက်ခင် ခရီးစဉ်အတွက် အဓိကဖြစ်တဲ့ Passport စာအုပ်ကို အကြိမ်ကြိမ် သတိပေးရပြန်ပါသည်။ သင်္ဘောဆိပ်ကိုရောက်တော့ ကျနော်တို့ သင်္ဘောလက်မှတ်ကို သွားထုတ်လိုက်ပါတယ်။ လက်မှတ် ထုတ်ပြီးတော့ အချိန်ရသေးတာကြောင့် ကျနော်တို့ မနက်စာ ကို အဆင်ပြေတဲ့ ဆိုင်မှာပဲ မှာစားလိုက်ကြပါတယ်။ စင်ကာပူကနေ စထွက်တော့ မနက် ၈ နာရီ ခွဲလောက်ရှိနေပါပြီ။ ကျနော်တို့ သူငယ်ချင်းတွေ စကားတွေ တပြောပြောနဲ့ လုပ်နေလိုက်ကြတာ ၄၅ မိနစ်ဆိုတဲ့ အချိန်က ကုန်မှန်းမသိ ကုန်သွားခဲ့တယ်။ သဘောင်္စက်ရှိန် လျော့လိုက်မှပဲ အပြင်ကို သတိထားကြည့်လိုက်မိကြတယ်။ Batam ကိုရောက်နေပါပြီ။

မြန်မာပတ်စ်ပို့တွေက ပြည်ဝင်ခွင့်ဗီဇာ မလိုပင်မယ့် ကျနော်တို့ အဖွဲ့ထဲမှာ ပါလာတဲ့ ပြည်ကြီးတရုတ် သူငယ်ချင်းတစ်ယောက်ကတော့ On Arriving ဗီဇာအတွက် ဒေါ်လာ ၁၀ ထပ်ပေးလိုက်ရပါတယ်။ သဘောင်္ဆိပ်မှာ လာစောင့်နေတဲ့ Tour Guide နဲ့တွေ့ပြီး သိပ်အကြာကြီး မစောင့်လိုက်ရပါပဲ ခရီးစဉ်ကို စတင်လိုက်ကြပါတယ်။

ပထမဆုံး ကျနော်တို့ကို လိုက်ပို့တာကတော့ ချောကလပ်အိမ်လို့ အမည်ပေးထားတဲ့ ဆိုင်ကို ခေါ်သွားခဲ့ပါတယ်။ ဆိုင်မှာ ရှိတဲ့ ချောကလပ်ဈေးတွေကတော့ စင်ကာပူနဲ့ သိပ်အများကြီး မကွာလှပါဘူး။ မသိမသာ ဆိုရုံ လောက်ပါပဲ။  ဆက်ပြီးတော့ ကျနော်တို့ကို POLO Wearhouse ကို ခေါ်သွားပြန်ပါတယ်။ ကျနော်ကတော့ အစကတည်းက ပိုလိုကို သိပ်မကြိုက်တော့ စိတ်ပါလက်ပါ မကြည့်ဖြစ်ခဲ့ပါဘူး။ ဈေးတွေကို ကြည့်လိုက်ပြန်တော့ ထူးမခြားနားပါပဲ။ ပိုလိုကထွက်တော့ ကျနော်တို့ နေ့လည်စာ စားဖို့ အချိန်ရောက်လာခဲ့ကြပါပြီ။ Tour Company တွေနဲ့ ချိတ်ဆက်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ပါပဲ။ အဲဒီမှာ ကျနော်တို့  နေ့လည်စာ စားကြတယ်။ အစားအသောက်ကို သိပ်ချေးမများတတ်တဲ့ ကျနော့်အတွက်ကတော့ ကောင်းတယ်လည်း မဟုတ် မကောင်းဘူလည်း မဟုတ်ပါဘူး။ စားရတာ အဆင်ပြေပါတယ်ပေါ့။ ဆိုင်ရဲ့ ပတ်ပတ်လည်မှာတော့ ငါးကန်တွေရှိတယ်။ တစ်ချက်ချက် တိုက်ခတ်လာတဲ့ လေရဲ့ အနံ့တွေထဲမှာ ငါးငြီးနံ့က ပါလာတတ်ပါသေးတယ်။ စားသောက်ဆိုင်ရဲ့ အတွင်းထဲမှာ ဇာတ်ခုံလေးတစ်ခုရှိပြီး ရိုးရာ အကများနဲ့လဲ ဧည့်ခံတာကို ကြည့်ခဲ့ရပါသေးတယ်။

ဆက်လက်ပြီးတော့ ကျနော်တို့ ဂိမ်းကစားခွင့် တစ်ခုကိုလည်း ကစားခဲ့ကြပါသေးတယ်။ တစ်ခြားတော့ မဟုတ်ပါဘူး။ တာဝါတိုင် တစ်ခုပေါ်ကိုတက် ခါးပတ်မှာ ကြိုးချိတ်ပြီး တွဲလောင် ဆင်းရတာပါ။ ပထမတော့ ကြောက်နေမိပါသေးတယ်။ ဒါပင်မဲ့ အောက်ရောက်တဲ့ အချိန်မှာ ရင်ခုန်စရာ ဖြစ်ကျန်ခဲ့ရပြန်ပါတယ်။ အဲဒီကနေ ကျနော်တို့ အိမ်လုပ် အင်းဒို ရိုးရာကိတ် ပြုလုပ်တဲ့ အိမ်ကို ရောက်ခဲ့ကြပြန်ပါတယ်။ အဲဒီကနေမှ ဟိုတယ်ကို ပြန်မပို့ပေးခင် ကျနော်တို့ကို ရိုးရာ အနိုပ်ခန်းကို ပို့ပေးခဲ့ပြန်ပါတယ်။ အနိုပ်ခန်းမှာ ၁ နာရီစာ အနိုပ်ခံပြီးတော့ ကျနော်တို့ကို ဆိုင်ရာဆိုင်ရာ ဟိုတယ်ကို လိုက်ပို့ပေးပါတယ်။ ကျနော်တို့ ရွေးထားတဲ့ ဟိုတယ်က မြို့အစွန်းလို့ ပြောလို့ရတဲ့ တောင်ကုန်းပေါ်မှာပါ။ ဟိုတယ်ကို ရောက်တဲ့ အချိန်မှာတော့ ညနေ ၆ နာရီနီးပါးလောက် ရှိနေပါပြီ။ 

ပထမတော့ ကျနော်တို့ ညစာကို အပြင်မှာ ထွက်စားကျဖို့ပါပဲ။ ကျနော်တို့ ဟိုတယ်ကိုရောက်တဲ့ အချိန်မှာတော့ မိုးက တစ်ဖွဲဖွဲ ရွာစပြုနေပါပြီ။ ဒါနဲ့ပဲ ၆ ယောက်သာ တိုင်ပင်ပြီး ဟိုတယ်မှာပဲ ညစာစားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အချိန်က ရသေးတာကြောင့် ဟိုတယ်ရေကူးကန်မှာပဲ ကျနော်တို့ လေးယောက် ရေဆင်းကူးကြတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ရေမကူးပဲ ဓါတ်ပုံလျှောက်ရိုက်နေကြလေရဲ့။

ညနေစာ စားပြီးတော့ ကျနော်တို့ အဖွဲ့ ထမင်းမစားခင်က အတိုင်း နှစ်ဖွဲ့ကွဲသွားကြပြန်ပါတယ်။ ယောက်ျားလေးများအဖွဲ့က ဟိုတယ်မှာ ရှိတဲ့ Barကိုသွားကြတယ်။ ကျန်တဲ့ မိန်းကလေးနှစ်ယောက်ကတော့ ဟိုတယ် SPA မှာ အလှသွားပြင်ကြပါတယ်။ သူတို့ပြောတာတော့ ဈေးသက်သာတယ်တဲ့။ စင်ကာပူထပ် ဈေးအများကြီး သက်သာတယ်လို့ ပြောတာပဲ။ ဒီလိုနဲ့ ကျနော်တို့ရဲ့ တစ်ညအိပ်ခရီးစဉ်ကို မနက် ၃နာရီလောက်မှပဲ အိပ်စက်အနားယူလိုက်ကြပါတော့တယ်။ 

အေးချမ်းစွာ အိပ်စက်အနားယူပြီး ဟိုတယ်ရဲ့ အရသာရှိလှတဲ့ မနက်စာကို ၆ ယောက်သာ အတွဲညီညီနဲ့ အမုန်းစွဲလိုက်ကြပြန်ပါတယ်။ ၁၀နာရီလောက်မှာတော့ သင်္ဘော ဆိပ်ကို လိုက်ပို့ဖို့ ကားရောက်လာပါတယ်။ စင်ကာပူကို ပြန်ရမဲ့ အချိန်လိုနေသေးတာကြောင့် သင်္ဘော ဆိပ်မှာ ရှိတဲ့ Shopping Mall တစ်ခုမှာ  အချိန်ကုန်ဆုံးစေခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ရဲ့ တစ်ညအိပ် နှစ်ရက် ခရီးစဉ်လေးကို သူငယ်ချင်းတွေနဲ့ အတူ ပျော်ရွှင်စွာဖြင့် ကုန်ဆုံးစေခဲ့ပါတယ်။  

3 comments:

မြသွေးနီ said...

ရံဖန်ရံခါ အခုလို အပမ်းဖြေခရီးထွက်ပေးတာက စိတ်အညောင်းအညာပြေစေတဲ့အပြင် ဒေသန္တရဗဟုသုတပါရစေတယ်နော်။ ပြည်ပနိုင်ငံများကို သွားခွင့်ရတာက ပိုကံထူးတာပေါ့။ ဓာတ်ပုံလေးတွေနဲ့ပါတွဲတင်ရင် ပိုကောင်းမှာလို့ ဖတ်ရင်းက စိတ်ထဲ တွေးမိသွားပါကြောင်း..:)

Ree Noe Mann said...

ဟုတ်ကဲ့ပါ အမ ခုလို အချိန်ပေးပြီး လာဖတ်လို့ ကျေးဇူးတင်ပါတယ် အမ။
အဲခရီးမှာ ဓါတ်ပုံက လူတွေပုံပဲ များနေလို့ မတင်ဖြစ်လိုက်တာပါ အမ။

desertraindrops said...

စိတ်တအားညစ်လာရင်..အိမ်မှာ ဖြစ်တတ်တယ်မလား.ငြီးငွေ့လာတာလေ..အဲလိုချိန်ဆို ခရီးထွက်တတ်တယ်. နီးနီးနားနား တောင်ကြီးဖြစ်ဖြစ်..ဝေးဝေးလံလံဆိုလို့ ရန်ကုန်ပေါ့. အဲလိုသွားရင်း လမ်းတလျှောက်က ရှု့ခင်းတွေက မြင်ဖူးပြီးသားဆိုပေမဲ့ ငေးလို့ကောင်းတုန်း. စိတ်အလိုလိုပျော်သွားတယ်. ခရီးသွားတာရတာကို ကြိုက်တယ်..ကားမူးတာကို စိတ်ညစ်တယ်.

ရိနိုရဲ့ခရီးစဉ်ကို လေ့လာသည်။