June 11, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၄)

"အိမ်ကလေး အစ်ကို စာရေး အကြောင်းကြား ပါသည်။ အစ်ကို့ကို ခွင့်လွှတ်စေချင်ကြောင်း ဦးစွာ ပြောလိုပါသည်။ မြန်မာများ အနေဖြင့် ဂျပန်တို့၏ ဘုရား တန်ဆောင်း၊ ကျောင်းကန်များကို ဖျက်ဆီးရုံမက မီးနှင့် ရှို့ကြ၊ ရဟန်းသံဃာ တို့ကိုပါ စော်ကား ကြတာကို သည်းမခံ နိုင်ကြတော့ပြီ။ ဗမာမှန်သမျှ အနှိပ်စက်ခံ ကြရတာလည်း များလှပြီ။ အပြစ်မရှိဘဲ သေခဲ့ကြသူတွေ များလွန်းမက များနေပါပြီ။ စစ်ဘေးကြီး ကြုံရသည်နှင့်အမျှ စစ်ကြေးပါ ဆောင်နေကြ ရသော်လည်း ဂျပန်နောက်လိုက် ခွေးများကိုပင် ကြောက်နေရသည့် ဘ၀က လွတ်ကင်းအောင် အစ်ကိုတို့လို မျိုးချစ်များက မကြာခင် ပြန်လည်ချေမှုန်း ကြတော့မည် ဖြစ်ပါ၏။ ဗိုလ်မြတ်သာတို့လည်း ပါဝင်ကြပါလိမ့်မည်။ ဂျပန်က ပေးသော လွတ်လပ်ရေးသည် အတုဖြစ်၍ လွတ်လပ်ရေး အစစ်ကို အစ်ကိုတို့ ရယူရန် ဖြစ်ပါတော့သည်။


အမေပန်းရုံ၊ အိမ်ကလေးနှင့် သမီးကလေး မြိုင်တို့ကို မပစ်ပယ်ရက် ပါသော်လည်း တိုင်းပြည်အတွက် လိုလားနေသော အချိန်ဖြစ်၍ အစ်ကို စဉ်းစား ဆုံးဖြတ်သည်ကို နားလည် ခွင့်လွှတ်ကြပါလေ။ ဘယ်လမ်း ဘယ်စခန်းကို ရောက်ရဦး မည်မသိ။ ဘယ်ထီးနှင့် ဘယ်ခရီးကို သွားရဦးမည်မသိ။ အရေးတော်ပုံ ပြီးသည်နှင့် အစ်ကို ပြန်လာခဲ့ပါမည်။ အစ်ကို မပြန်လာခဲ့သော် အမျှသာ ဝေပါလေတော့။ ထနောင်းတိုင်က မိဘများကိုပင် အသိမပေးရသေးပါ။ နှုတ်ဖြင့် လူလွှတ် မှာကြားရန် ဖိုးကူးကို လွှတ်ပါ။ ဆရာကြီး ဦးဘခင်တို့လည်း မရှိကြတော့။ ပွဲကတော်ကြီးမှ တစ်ဆင့် ဆက်သွယ်လျှင် ရကောင်းရနိုင်ပါလိမ့်မည်။ သည်စာကို ဖတ်ပြီးလျှင် မီးရှို့ရစ်ပါလေ။ အရေးကြီးပါ၏။ အိမ်ကလေး ခွင့်လွှတ် စေချင်သည်။

ကျန်းမာချမ်းသာ ကြပါစေသောဝ်။

ပြေသိမ်း

စာဖတ်ပြီးသည်နှင့် မအိမ်ကံမှာ စာရွက်ကို ကိုင်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။ သမီး ကလေး မအိမ်မြိုင်က ထမင်းပန်းကန်ကို မှောက်ပစ်လိုက်သည့် အတွက် ထမင်းလုံးတွေ ဖွေးခနဲ ပြန့်ကျဲကုန်သည်။ အရီး ကြာညွန့်က ကလေးကို ကောက်ချီသွားခဲ့သည်။ သည်အထိတော့ အမေပန်းရုံရော အရီးကြာညွန့်ပါ ဘာမှ မသိကြ ရသေး။ မအိမ်ကံ ငိုနေတာကို လှမ်းကြည့်ကြရင်း ဘာများပါလိမ့် ဆိုသည့် မျက်နှာများဖြင့် ရှိကြဆဲဖြစ်၏။ ဖိုးကူးက လှည်းချွတ်ပြီး မအိမ်ကံရှေ့ မ၀ံ့မရဲ လာရပ်နေရှာသည်။ သူနှင့် အတူသွားခဲ့တာ မဟုတ်လား။ သည်တစ်ခါ သွားကြသည့် ရွာတွေက ညောင်ငါးခွ အနောက်တောင်ဘက်က ရွာတွေဆိုတာလောက်တော့ မအိမ်ကံ သိထားခဲ့သည်။ အနောက်ကုန်း၊ လေးပင်အိမ်၊ တည်တောရွာတွေ။ မအိမ်ကံ တည်ငြိမ်အောင် ကြိုးစားရင်း မေးသည်။

"အစ်ကို ဘာမှာ သွားသေးသလဲ"

"ဘာမှ မမှာဘူး။ စာပေးသာပဲ ရှိသယ်။ စာကို နကန်ထဲ ထည့်သွားသဲ့။ မင်းအစ်မ လက်ထဲ တန်းမထည့်နဲ့သဲ့။ ကြီးတော် ပန်းရုံကို ပေးလိုက်သဲ့။ ငါ ပြန်လာမယ် ပြောလိုက်သဲ့။ ထနောင်းတိုင်ကို လွှတ်ရင် သွားလိုက်သဲ့"

"သူ ဘယ်ကိုသွားသာတုံး ဖိုးကူး"

"မြင်းခြံ ဆိပ်ကမ်းဘက် သွားကြသာ ထင်သယ်။ မြို့ဆိပ်ကို သွားကြသာတော့ ဟုတ်ပုံမရဘူး။ ကြားဆိပ်ကနေ ကူးတို့နဲ့ အောက်ပြည်စုန်ကြမယ့် သဘောတော့ ကြားသယ်။ ကျုပ်ကို ပြောသာတော့ မဟုတ်ဘူး။ တည်တောက လူတွေကို ပြောနေသာ ကြားခဲ့သာ"

ဖိုးကူး ပြောပြသော ရွာတွေက အောက်တောရွာတွေ ဖြစ်သည်။


ဧရာဝတီ မြစ်ဆိပ်ကမ်းရွာတွေ ဆိုတော့ ရေလမ်း ခရီးပေါက်သည်။ မအိမ်ကံက မေးရင်းပင် တုန်လှုပ် နေရပါ၏။ အဖေဆုံးခဲ့သည်ပင် မကြာတတ်သေး။ အစ်ကို လုပ်သူကလည်း ရွာပင်ပြန်မကပ်နိုင်တော့သည့် အခြေ။ အခုလည်း လင်သားက စစ်ထွက်ခဲ့ပြီ။ အခါလည် သမီးကလေးနှင့် အမေအိုသာ ရှိတော့သော မအိမ်ကံအဖို့ သည်လို ခေတ်ပျက် ကြီးထဲမှာ နွယ်တစ်ပင်ပင် တင်းတင်းရင်းရင်း လှမ်းကိုင်စရာ မရှိတော့။ ဆုပ်ဆုပ်ကိုင်ကိုင် ဘယ်လိုစကား တစ်ခွန်းမှ မဟခဲ့တာကိုလည်း အံ့သြမိသည်။ သားရယ်၊ မယားရယ်လို့တောင် ထိန်ဝှက်လွန်းတာကို မအိမ်ကံ ခွင့်လွှတ်ရမလား၊ နာကြည်းရမလား မပြောတတ် နိုင်အောင် ဖြစ်ရပါ၏။ ချစ်မိခဲ့ရသော တစ်မြို့သား။ အားကိုးခဲ့ရသော ကျောင်းဆရာ လူပညာတတ်။


တစ်နယ်လုံးက ဂွမ်းပေါက်နှင့် တို့ခဲ့ရသော ကျောင်းဆရာ ကတော်ဆိုသည့် အရှိန်သည် ချက်ချင်းလက်ငင်း ကျီးလည်ပင်း မီးကွင်း စွပ်မိသလို ဖြစ်ခဲ့ရပြီ။ ပြီးခဲ့သည့် တန်ဆောင်မုန်း လထဲက ကိုပြေသိမ်းနှင့် အတူ လူလေး ငါးယောက် ပါလာခဲ့ ဖူးတာကို မအိမ်ကံ မှတ်မိနေသည်။ မအိမ်ကံတို့ အိမ်ကြီးမှာပဲ တစ်ည အိပ်သွားခဲ့ကြပါ၏။ မအိမ်ကံတို့ အိမ်ကြီးမှာ မဟုတ်ဘဲ ရက်ကန်းမရက်တော့သော ရက်ကန်းရုံကြီးထဲမှာ တည်းကြခြင်း ဖြစ်သည်။ ရက်ကန်းရုံကြီးက အိမ်မကြီးနှင့် မလှမ်းမကမ်းတွင် ရှိသည်က တစ်ကြောင်း၊ လူသူလေးပါး ရုတ်တရက် မမြင်နိုင် သည်က တစ်ကြောင်းတို့ကြောင့် ကိုပြေသိမ်းက ကျေးဥနှင့် ဖိုးတုတ်ကို ရှင်းလင်းစေပြီး နေရာချထားခဲ့ခြင်း ဖြစ်သည်။ သူကြီးဦးသာထန် တစ်လပြည့် သပိတ် ဆွမ်းသွပ်ခဲ့ပြီးစ ရက်များဆိုတော့ တစ်ရွာတစ်ရွာက ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ၀င်၊ ထွက်နေဆဲ ဖြစ်ဟန်သဘော ရှိသဖြင့် ဂျပန်အလိုတော်ရိတို့ အကဲ မဖမ်းမိဘဲ ရှိကြလေသည်။ ရောက်လာသူ လေးယောက်စလုံးမှာ ညှဉ်းသိုးသိုး ညစ်စုတ်စုတ် ဆိုသော်လည်း ဥပဓိတွေက ခေတ်ပညာ တတ်တွေမှန်း သိသာပါ၏။ မုတ်ဆိတ် ရှည်ရှည်၊ ဆံပင်ကုပ် ထောက်၊ အ၀တ်အစား ညစ်ထပ်ထပ် ဆိုသော်လည်း တစ်ခါ တစ်ရံ မအိမ်ကံ လက်ဖက် ချ၊ ကွမ်းချ ရောက်သွားသည့် အခါမျိုးတွင် အင်္ဂလိပ်ဘာသာ စကားဖြင့် ငြင်းခုံနေကြတာလည်း ကြားရသည်။ မလှအုံက ရေနွေးကြမ်း၊ ငါးခြောက်ဖုတ် ကအစ ကရေကရာလို၊ ဆီးယိုလို အမြည်းဗန်း ချရာက အပြန် ကိုပြေသိမ်းတို့ လူစု အတင်း ပြောတတ်သည်။

"မအိမ်ကံရယ် လူတွေကြည့်တော့ တို့ရွာစေတီ စောင်းတန်းက နိပါတ်တော်တွေထဲ ပါသဲ့ အာဠာဝက နောက်လိုက် တွေများ ကျလို့၊ ပြောလိုက်ကြသဲ့ ဘိုလိုတော်။ တောခြောက်နေကြသလား မှတ်ရသယ်။ တရွှီးရွှီးနဲ့ ဘာတွေ ပြောကြ သာတုံး။ ဗမာလိုပြော ဖြစ်ရက်ကနဲ့"

"မသိပါဘူး မလှအုံရယ် သူတို့ကိစ္စ။ ရွှေဘိုတဲ့၊ ဂန့်ဂေါ တဲ့၊ ပခုက္ကူတဲ့၊ မိတ္ထီလာတဲ့ အဲသာကျတော့ ဗမာလို ပြောကြပြန်ရော။ ကြက်တငို အိုးပေါက်လည်းပါရဲ့"

"အဲသာတွေကျတော့ အင်္ဂလိပ်နာမည် မရှိလို့ ဖြစ်မှာပေါ့အေ။ ဘိုလိုပြောသာ ဗိုက်ဆာ ကြပုံပေါ်သယ်။ ညည်းနှယ် ချပေးသမျှ ဝေသာလီပြည် ဘီလူးကျသာ ကျလို့ ပန်းကန်ကို ပြောင်နေအောင် စားကြသာအေ့"

မလှအုံ စကားကြောင့် မအိမ်ကံမှာ ရယ်ခဲ့မိသည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကိုပြေသိမ်းတို့ စကားဝိုင်းက ကြာလွန်း လှသည်။ နေ့ခင်း ထမင်းစားချိန် ကလေးလောက်သာ အိမ်မကြီးဘက် ကူးကြတာ ရှိ၏။ ပြီးပြန်တော့ ရက်ကန်းရုံကြီးထဲ ပြန်ဝင်ကြကာ တကုပ်ကုပ် ရှိကြပြန်လေသည်။ ညနေဘက် ထမင်း စားကြပြီးသည့်နောက် အိမ်မကြီးထဲမှာ လက်ဖက်စား၊ ဆေးသောက်ကြရင်း အမေပန်းရုံတို့ မိသားစုနှင့် စကားတွေ ပြောကြတာတော့ ရှိပါ၏။ ကိုပြေသိမ်းကပဲ မိတ်ဆက်ပေးခြင်း ဖြစ်သည်။ တစ်ဦးက အသားညိုညို မျက်လုံး မျက်ဖန်ကောင်းကောင်း ဖြစ်၍ မျက်ခုံး ထူကြီးနှင့် ဖြစ်၏။ နာမည်က ကိုဘဆန်း။ လူလုံးလူဖန် ခပ်လှပ်လှပ်ကလေးက ကိုဖူးခေါင်။ ကိုမင်းရာ ဆိုသူက စကားနည်း သလောက် မျက်နှာကြီး တင်းလှပါ၏။




3 comments:

မိုးစက်အိမ် said...

ပထမဆုံးလာဖတ် သွားတယ်အကိုရေ....
အဆက်လေး မျှော်နေပါမယ်

နေဒေးသစ် said...

တဖြည်းဖြည်းနဲ့ ဇာတ်လမ်းဇာတ်အိမ်က ပိုပြီး ခိုင်မာလာပြီ ... ပိုပြီး ဇာတ်ရှိန်လည်း တက်လာပြီ ...ဇာတ်အိမ်ကောင်းတစ်ခုဆိုတာ တကယ်ကို ဖြေးဖြေးချင်း ဖတ်မှ ရသ အစစ်အမှန်ကို တွေ့နိုင်တာပဲ ... နောက်တစ်ပိုင်းဗျာ ....
နေဒေးသစ်။

ကောင်းကင်ပြာ said...

ဆက်ပါ ဆက်ပါ