June 22, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၈)

စာလာဖတ်သူများသို့

ဆရာမ ခင်ခင်ထူးရေးသားသော် မအိမ်ကံဝတ္ထုရှည် အား ဒီဇွန်လအတွက် ဒါနောက်ဆုံးဖြစ်ပါတယ်။ နောက်လများမှာလဲ ဆက်လက်ဖေါ်ပြပေးနေပါမည် အကြောင်း ပြောကြားရင်း ဒီဇာတ်လမ်းလေး စဖေါ်ပြကတည်းက ကျနော် ရေးသားသော် ဇာတ်လမ်း မဟုတ်ကြောင်းပြောပြခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ခါ ပြန်လည်၍ ထပ်ဝန်ခံပါတယ်။ ကျနော်နှစ်သက်သော ဆရာမ ခင်ခင်ထူးရေးသားတဲ့ ဒီ မအိမ်ကံ ဇာတ်လမ်းလေးအား ကျနော်မောင်နှမများ အား ပြန်လည်ဝေမျှ ခံစားတင်ပြခြင်းသာ ဖြစ်ပါကြောင်း...........

လေးစားလျှက်
ရီနိုမာန်

အပိုင်း (ရ) မှ အဆက်.........

"မအိမ်ကံကတော့ ကိုပြေသိမ်း ထွက်သွားသဲ့နေ့ ကတည်းက မေတ္တာပို့သယ်။ ကိုယ့်လင်သား ဆိုတော့ စိတ်လည်း ရောက်သယ်။ သမီးကလေး အိပ်နေသာ မြင်ရရင် ပိုတောင် သတိရမိပါရဲ့ ရှင်တို့ရယ်။ ညကြီးသန်းခေါင်တောင် ချိုးချိုး ချောက်ချောက် အသံကြားရင် ကိုပြေသိမ်း ပြန်လာ သာများလားလို့ ထကြည့်မိသယ်။ ဒါပေသိ သူထွက်သွား ကတည်းက မအိမ်ကံ နေတတ်အောင် နေခဲ့သယ်။ ဘယ်သူက မေးမေး အမျှ ဝေထားပြီးပြီလို့ပဲ ပြောသယ်။ တိုင်းပြည် အတွက် တစ်နေရာရာမှာ သူကျတယ် ဆိုရင်လည်း မအိမ်ကံ ဖြေနိုင်ပါရဲ့။ ကျွန်မလင်သား အဖြစ်သူ ကျဆုံးသွားတယ် ဆိုရင်လည်း ကျွန်မ ဖြေနိုင်အောင် ဖြေမယ့် သူပါ။ ကျွန်မ သမီးကလေး အတွက်တော့ ဖအေ ဖြစ်သူမဲ့ သွားသဲ့ အဖြစ်ကို ကျွန်မ ရင်မဆိုင်ရဲဘူး။ ကျွန်မလေ ကျွန်မ..."


ပြောရင်းက စကားတွေ တစ်ဆို့ သွားပြီး တစ်ချိန်လုံး တင်းဆယ် ထားသမျှ မျက်ရည်တာရိုး ကျိုးပေါက်သွားတော့သည်။ ထိုင်နေကြသူတွေ အားလုံး မအိမ်ကံကို ၀ိုင်းကြည့် နေခဲ့ကြသည်။ မအိမ်ကံ ဘာတွေ ပြောချင်တာလဲ။ မအိမ်ကံက စကားကို ဆက်ပြောသည်။

"စစ်ဆိုသာကြီး ဖြစ်လာမှတော့ လင်သေ သားဆုံး ဒုက္ခတွေ များကြရောပေါ့ရှင်။ သည်အဖြစ်ထဲ မအိမ်ကံ ပါနေရင် တော့လည်း အရင်းလည်း ထမ်း၊ အဖျားလည်းထမ်း ထမ်းရုံ ရှိတော့သာပေါ့။ မအိမ်ကံ ခံဝံ့သဲ့ သတ္တိရှိပါသယ်တော်"

ကိုဘဆန်းကတော့ ဒန်မီးခတ်ကိုပဲ စူးစူး စိုက်စိုက် ကြည့်နေလေသည်။ ကိုဝေဠုက မျက်လွှာကို ချထားသည်။ အမေပန်းရုံနှင့် မလှအုံက မအိမ်ကံ မျက်ရည်ကျတာကို ကြည့်ပြီး အင်္ကျီလက်မောင်းဖြင့် ကိုယ့်မျက်ရည် ကိုယ်တို့ ကြသည်။ စကားဝိုင်းက တစ်ဖန်ငြိမ်သက် သွားပြန်ပါ၏။

မအိမ်ကံ စိတ်တွေကတော့ စကားဝိုင်းမှာ မရှိ။ ရှေးဖြစ် နောက်ကြောင်းတွေကိုသာ စိတ်ရောက် နေခဲ့သည်။ တစ်သက်လုံး ရွှေလိုဥကာ နေလာခဲ့ပြီးမှ ကွမ်းတောင်ကိုင် မဖြစ်ခဲ့ရသော သူမဘ၀ ပုံရိပ်ဟောင်းများ...။

သူတကာတွေ ပြန်လာကြပြီ ကိုပြေသိမ်းရေ...၊ တော် ဘယ်မှာလဲ...။

ထိုနေ့က မအိမ်ကံတို့ အိမ်ဝိုင်းထဲမှာ ခတ္တာပန်းတွေ၊ လေးကျွန်းစကြာပန်းတွေ ဖွေးဖွေး လှုပ်လှုပ် ဖူးပွင့်နေကြသည်။ ပုန်းညက်ပင်အိုကြီးကလည်း ပုလဲခိုင်ပန်းတွေ တွဲရရွဲစီနေဆဲ။ အိမ်ထောင့်က ယင်းမာပင်ကြီးကလည်း အဖူးအခိုင်တွေ ထိုးထွက်နေကြသည်။ ပန်းတွေ ပွင့်နေတာမြင်တော့ အပျိုဘ၀ကို မအိမ်ကံ သတိရမိပါ၏။ ငယ်ကတည်းက ပန်းအလွန် ကြိုက်ခဲ့သော မအိမ်ကံသည် မနက်မိုးလင်းသည်နှင့် သနပ်ခါးပန်းမန် တဝေေ၀ဖြင့် လှချင်ရက် စက်စက် ယိုခဲ့သည်။ တစ်နယ်လုံးက မအိမ်ကံ၏ အလှကို ရင်သပ် ရှုမောရှိခဲ့ ကြသည်။ အခုတော့လည်း အပျိုလို မနေမိလို့ ကိုယ်ရိတယ် လေး ဆိုသလိုဖြစ်ခဲ့ရသည်။ အလှအပထက် ဘ၀ကို ဦးစား ပေးခဲ့ရပြီ။

အခါပျက် အတွင်းက ဓားပြသုံးကြိမ် အတိုက် ခံခဲ့ရသည်။ စစ်ဖြစ်နေသည့် အတွင်း လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသည်။ ပြန်လည် ထူမတ်နိုင်ဖို့ အတော် အားယူခဲ့ရပါ၏။ ကျောက်ထည် ကလေးတွေကို သမီးကလေး မအိမ်မြိုင် အတွက် နတ်ကိုးကြတ်သလို သိမ်းဆည်း ထားခဲ့ပြီး ရွှေထည်အချို့ ရောင်းချခဲ့သည်။ မအိမ်ကံမှာ မိသားစုအတွက် သာမက ကိုဖိုးငွေ၊ မလှအုံတို့ တစ်ပြုံကြီးနှင့် အရီးကြာညွန့်၊ ကျေးဥတို့တစ်တွေ အတွက်ပါ တာဝန်ယူခဲ့ရသည်။ စစ်အတွင်းက မိဘနှစ်ပါး ဆုံးပါး သွားရှာသော ယောက်မဖြစ်သူ မမစိမ်းမြတို့ ညီအစ်မ၏ စားဝတ်နေရေးကလည်း မအိမ်ကံ ခေါင်းပေါ် ပုံကျလာခဲ့သည်။ တစ်ချိန်က ပေးခဲ့ကမ်းခဲ့ ရှိခဲ့ရသော ဆွေဆွေမျိုးမျိုးတွေကလည်း လက်ဖြန့်ခံ လာတော့လည်း မျှတပေးကမ်း ရပြန်သည်။ ဥစ္စာပစ္စည်း အတွက် အလို လောဘ မရှိလှသော်လည်း တာဝန်တွေက မအိမ်ကံအပေါ် အလိုလို ပိကျ လာခဲ့ပါ၏။ ရှေ့က ဦးဆောင်မည့်သူ မရှိသော်လည်း မအိမ်ကံအတွက် နောက်လိုက် ကောင်းတွေ ရှိနေတာကိုပဲ ၀မ်းသာရသည်။ မအိမ်ကံမှာ ရှေ့ဆုံးက လမ်းဖောက် ရသော ပုရွက်ဆိတ်လိုပင် နောက်က တသီတတန်းကြီး ကပ်ပါနေကြပါ၏။

ပထမဆုံး ရက်ကန်းရုံ ကလေးကို ဖြစ်ဖြစ်မြောက်မြောက် ထူထောင် ရသည်။ ကုန်ကြမ်းတွေ ၀ယ်လှောင်ပြီး ရက်ကန်းသားတွေကို ငွေကြို ပေးထား လိုက်သည်။ အရီးကြာညွန့်နှင့် အတူ မအိမ်ကံ ကိုယ်တိုင် လုံ့လ ၀ီရိယ စိုက်ခဲ့သည်။ သမီးကလေးကိုပင် ကျေးဥလက်ထဲ ထိုးအပ် ထားရတော့သည်။ မလှအုံခမျာလည်း အသက်အရွယ် ကြီးလာသည့်တိုင် အိုး သူကြီးရာထူးက မဆင်းရသေး။ အမေပန်းရုံကတော့ လင့်ဝတ္တရားတွေ ကင်းပြီမို့ အေးအေး သက်သာစွာ စိပ်ပုတီးကလေး တချောက်ချောက် စိတ်လျက်ရှိပါ၏။

"+++ တို့အိမ်တောင်က ချဉ်ပေါင်ခင်း+++ ယုန်ဖို ယုန်မ ဆင်းပါ လို့လေး +++ ဟဲ့ +++ ကရို့ +++ ယုန် +++ ကရို့ +++ ယုန် +++ သည်မယ်မွေးသဲ့ ခွေးကြန်စုံ +++ ဇိအထက်ကဇက်ကိုငုံ +++ ရွှေယုန်ထွန့်ထွန့်လူးပါလို့လေး +++"

ကျေးဥ တစ်ယောက် သမီး မအိမ်မြိုင်ကို မြှူနေသော သီချင်းကြောင့် မအိမ်ကံ ပြုံးမိရသည်။ သမီးကလည်း ကျေးဥ လုပ်ပြတာကို ကြည့်ရင်း ခိုးခိုးခစ်ခစ် ရယ်လေသည်။ သမီးကလေးကို လှမ်းကြည့်ရင်း နမ်းချင်စိတ် ပေါ်မိသဖြင့် ရက်ကန်းရုံထဲက မအိမ်ကံ ပြေးထွက်လာခဲ့သည်။

"မအိမ်ကံ..."

ဝိုင်းဝဆီက မအိမ်ကံကို ခေါ်သံ ကြားလိုက်ရသည်။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ ရိုးရိုးရိပ်ရိပ်။ အသံက မိန်းမသံ။ ရွာထဲက တစ်ယောက်ယောက် ထင်ပါရဲ့။ မအိမ်ကံ ၀ိုင်းဝကို လျှောက်သွားပြီး တံခါးတစ်ချပ် လှပ်လိုက်သည်။ မအိမ်ကံ မမျှော်လင့်သော၊ ဘယ်သော အခါမှ မတွေ့ချင် မဆုံချင်သော မိန်းမ တစ်ယောက်။ စောစောက ကြည်နူးခဲ့ရသော စိတ်ကလေးပင် နောက်ကျိ သွားခဲ့သည်။ ၀ိုင်းပေါက်ဝမှာ ရပ်နေသူသည် မအိမ်ကံ အိမ်ရှေ့ကို ရောက်လာ လိမ့်မည်ဟု ထင်မထားခဲ့သူပင်။ လက်တစ်ဖက်က ကလေးကို ဆွဲထားရင်း မအိမ်ကံကို ပြုံးပြနေသည်။ မအိမ်ကံကတော့ ပြန်မပြုံး ဖြစ်ခဲ့။ နှုတ်တော့ ဆက်လိုက်သည်။

"အလို... ရွှေမှုံ ဘယ့်နှယ် မလာစဖူး"

မအိမ်ကံ၏ အသံက အလိုမကျခြင်းဖြင့် တုန်ရီနေလေသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး




6 comments:

နေဒေးသစ် said...

အဟဲ .. တို့ကိုကြီးဆီမှာ ၁ မယူရတာ ကြာပြီ ၁ လိုက်ဦးမယ် ... :D
နေဒေးသစ်။

နေဒေးသစ် said...

ဇာတ်လမ်းကောင်းဖတ်ပြီး ....
နောက်တစ်ပိုင်းမျှော်ပြီ အကိုရေ ...
ကိုပြေသိမ်း ပြန်လာပါစေ ...
နေဒေးသစ်။

သားကြီး said...

လာဖတ်တယ်နော်
ကြိုက်ပြီးသားကိုထပ်ကြိုက်တယ်

ကိုလူထွေး said...

အဲလိုအပင်ပမ်းခံမျှဝေတာကိုလဲ ကျေးဇူးတင်ထိုက်ပါတယ်...

းဝ)

မသက်ဇင် said...

ရီနိုလေးရေ
လာဖတ်သွားပါတယ်
ခင်မင်လျက်

စကားမစပ် ရီနိုက နာဂ တိုင်းရင်းသားလေးလား

မီးမီးချစ် said...

ဆက်ရန်ကို မျှော်နေပါသှ်..