June 30, 2009

ကျနော် နေတဲ့ မြို့ကလေး


ကျွန်တော်နေတဲ့မြို့ကလေးမှာ
အရုဏ်တက် ဆိုရင်
ကုသိုလ်ရေး တရားသံတွေ ဝေနေပြီ
တရားခွေတွေဖွင့်ကြတယ်
ကျွန်တော် တရားသံတွေ နာရတယ်
အလှူရှင်အမည်တွေ ရွတ်ကြတယ်
နာမည်ဆန်းဆန်း ကြားရင် ကျွန်တော် ပြုံးမယ် ကျွန်တော် ပျော်မယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ငှက်မျိုးစုံ တွေ့ရတယ်
စာကလေးတွေ အသိုက်ဆောင်ရင် နွေရောက်ပြီ
ဗျိုင်းဖြူအုပ်တွေမြင်ရရင် မိုးရောက်ပြီ
ငှက်တော်ကလေးတွေတွေ့ရရင် ဆောင်းရောက်ပြီ
ကျွန်တော် ငှက်ကလေးတွေကြည့်ကြည့်နေတာ သူတို့မမြင်ပါ
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ပဋ္ဌာန်းရွတ်ဆိုပူဇော်ပွဲ အသံတွေ ကြားရတယ်ဗလီက၀တ်ပြုနှိုးဆော်သံတွေကြားရတယ်
ဘုရားရှိခိုးကျောင်းဆီက ခေါင်းလောင်းသံတွေ ကြားရတယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။
ကျွန်တော်နေတဲ့မြို့ကလေးမှာ
ပြောင်းဖူးပြုတ်ရောင်းသူလေးတွေရှိတယ်
ငုံးဥပြုတ်ရောင်းသူလေးတွေရှိတယ်
အခြား ဘာရောင်းမှန်း ကျွန်တော်မသိတဲ့ သူလေး တွေလည်းရှိတယ်
သူတို့ဘာရောင်းမှန်း
ကျွန်တော် သိသိ မသိသိ
သူတို့အော်ရောင်းတဲ့အသံတွေဟာ
ကျွန်တော့်အတွက် ဂီတသစ်ပေါ့
ကျွန်တော်နားထောင်နေတာ သူတို့မသိကြပါ
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ခြောက်သွေ့ရာသီရောက်ရင်
မီးအန္တရာယ်ကြိုတင်ကာကွယ်
နှိုးဆော်သံတွေကြားရတယ်
ကိုထွန်းရွှေသီချင်းသံကြားရတယ်
သတိပေးသံတွေကြားရတယ်
ဥသြသံတွေကြားရတယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော် ကောင်းကင်ကို မော့ကြည့်နေတာ မမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ဘုရားပွဲတွေရှိတယ်
နတ်ပွဲတွေရှိတယ်
မင်္ဂလာဆောင်ပွဲတွေလည်းရှိတယ်
အလှူပွဲတွေလည်းရှိတယ်
ဈေးသည်တွေ ဈေးရောင်းကြတယ်
ဆိုင်းဝိုင်းတွေ ဆိုင်းတီးကြတယ်
ဇာတ်သဘင်အဖွဲ့တွေ ဆိုကြတယ် ကကြတယ်
ညဘက်တွေမှာ အသံတွေဟာ အဆူညံဆုံးပေါ့
အသံစကြားရတဲ့အခါ
မင်္ဂလာဆောင်လား
နတ်ပွဲလား
ဘုရားပွဲလား ကျွန်တော်တို့ငြင်းကြတယ်(နှစ်တိုင်း အခါတိုင်းပဲလေ)
တပေါင်းလမှာလုပ်တဲ့နတ်ပွဲက ခေတ်မီတယ်
နတ်ချော့တေးတွေဆန်းသစ်တယ်
စပါတ်ကလင်အချစ်နဲ့ ချော့တယ်၊ ကတယ်
ပုစွန်ဆိတ်ကလေးနဲ့ ချော့တယ်၊ ကတယ်
နဂါးနီသီချင်းပါ ပါတယ်ဆိုတော့
ဒီနတ်စိမ်းက မျိုးချစ်စိတ်ကြီးလှပေါ့
ကျွန်တော်တို့ သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော်တို့ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
သင်္ကြန်ပွဲတွေဆင်နွှဲကြတယ်
ပျော်နေတဲ့အသံတွေကြားရတယ်
ရော့ခ်သီချင်းတွေကြားရတယ်
ဟစ်ဟော့ပ်သီချင်းတွေကြားရတယ်
သင်္ကြန်သီချင်းတွေလည်းကြားရတယ်
သူတို့ကနေကြလား ကျွန်တော်မသိပါ
ကျွန်တော်ကတော့ တစ်ခါတစ်ခါ တစ်ယောက်တည်း ထကတယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော်ကတာမမြင်ကြပါ။
ကျွန်တော်နေတဲ့မြို့ကလေးမှာ
(ဗုဒ္ဓပူဇနိယ)ပွဲတစ်ခု တော်သလင်းလမှာကျင်းပတယ်
ကားတွေနဲ့လှည့်ပြီး သီဆိုကြတယ်
လမ်းပိတ်နေရင် ဖယ်ခိုင်းတယ်
အလှူငွေထည့်ရင် ကြော်ငြာပေးတယ်
ကျွန်တော် သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ဝါကျွတ်ပြီဆိုရင် ဗျောက်အိုးသံတွေကြားရတယ်
မီးရှူးပန်းတွေတွေ့ရတယ်
မီးပုံးပျံတွေတွေ့ရတယ်
ခါတစ်ရံ ညကောင်းကင်မှာ အစီအရီပေါ့
လွှတ်တဲ့သူတွေကို ကျွန်တော် မမြင်ရပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
စာတိုက်တစ်ခုရှိတယ်
စာပို့လုလင်တွေရှိတယ်
စာတိုက်စာရေးမလေးတွေ ရှိတယ်
ကျွန်တော်တို့ဆီ စာတွေ၊ ဂျာနယ်တွေ၊ စာအုပ်တွေ
စာတိုက်မှတစ်ဆင့် ရောက်လာကြတယ်
ကျွန်တော်တို့လည်း စာတွေမှန်မှန်ရေးပြီး ထည့်တယ်
သူတို့တွေ ကျွန်တော့်ကိုသိကြတယ်
ကျွန်တော် သူတို့ကိုမမြင်ဖူးပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ဖူးကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
သတင်းစာပို့သူတွေရှိတယ်
ကျွန်တော် နေ့စဉ် သတင်းစာနှစ်စောင်ကို
လပေးဝယ်ဖတ်တယ်
သာရေးတွေဖတ်တယ်၊ နာရေးတွေဖတ်တယ်
ဆောင်းပါးတွေဖတ်တယ်
ကြော်ငြာတွေဖတ်တယ် ကြေညာချက်တွေ ဖတ်တယ်
ခေါင်းကြီးပိုင်းတွေဖတ်တယ်
ပြည်တွင်းသတင်းတွေဖတ်တယ် နိုင်ငံတကာသတင်းတွေ ဖတ်တယ်
သတင်းစာဖိုးတွေ ပြောင်းပြောင်းသွားတယ်
ကျွန်တော်ကတော့ ဖတ်တုန်းပေါ့
သတင်းစာပို့သူတွေပြောင်းပြောင်းသွားတယ်
ကျွန်တော်ကတော့ ၀ယ်ဖတ်တုန်းပါပဲ
ကျွန်တော် သူတို့ကိုမမြင်ဖူးပါ
သူတို့လည်း ကျွန်တော့်ကိုမမြင်ဖူးကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
လူတွေဟာ ရုပ်မြင်သံကြားမှာ ဘောလုံးပွဲတွေကြည့်ကြတယ်
ဂိုးဝင်၊ ဂိုးလွဲသွားတဲ့အခါတွေမှာ အော်သံတွေ ကျွန်တော်တို့ကြားရတယ်
ကမ္ဘာ့ဖလားပွဲတွေဟာ အဆူညံဆုံးပေါ့
ပြင်သစ်နိုင်တုန်းကလည်း သူတို့အော်ကြတယ်
ဘရာဇီးဒိုင်းရတော့လည်း သူတို့အော်ကြတယ်
(အသံတွေပိုကျယ်လာတယ်)
အီတလီဗိုလ်စွဲတော့လည်း သူတို့အော်ကြတယ်
(အသံတွေပိုပိုပြီးကျယ်လာတယ်)
ကျွန်တော်တို့ အော်သံတွေကိုထိုင်မှတ်တယ်
ကျွန်တော်တို့ သူတို့အော်သံတွေကိုမှန်းဆကြတယ်
ကျွန်တော်တို့ သူတို့ကိုမမြင်ရပါ
သူတို့လည်း ကျွန်တော်တို့ကိုမမြင်ကြပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
ဘူတာရုံရှိတယ်
ရထားတွေထွက်ကြတယ်
ရထားတွေဆိုက်ကြတယ်
ဘီးလှိမ့်သံတွေကြားရတယ်
ဥသြသံတွေကြားရတယ်
၀၂း၄၅ နာရီမှာကြားရတဲ့ရထားဥသြသံဟာ
ကျွန်တော့်အတွက် လွမ်းစရာအကောင်းဆုံးပါ
အဲသည့်ရထားဟာ ထွက်တာလား၊ ဆိုက်တာလား
ကျွန်တော် မသိပါ
ထွက်လည်း ဒီရထား၊ ဆိုက်လည်း ဒီရထားမို့
ကျွန်တော့် မေးမကြည့်တော့ပါ
ကျွန်တော် ရထားကြီးကိုမမြင်ရပါ
ရထားကြီးကလည်း ကျွန်တော့်ကိုမမြင်ရပါ။

ကျွန်တော်နေတဲ့မြို့ကလေးမှာ
စာအုပ်ဆိုင်တွေရှိတယ်
စာအုပ်တွေရောင်းတယ်၊ စာအုပ်တွေငှားတယ်
စာအုပ်တွေကို ကျွန်တော် လူကြုံနဲ့ဝယ်တယ်
ကျွန်တော့်ကို စာအုပ်ဆိုင်ကကောင်မလေးသိတယ်
ကျွန်တော်လည်း စာအုပ်ဆိုင်ကကောင်မလေးကို သိတယ်
တစ်နေ့မှာတော့
သူ့လက်ထပ်ပွဲသတင်း ကျွန်တော်ကြားရတယ်
ကျွန်တော် သူ့ကိုမမြင်ဖူးပါ
သူလည်း ကျွန်တော့်ကိုမမြင်ဖူးပါ
ကျွန်တော် ယနေ့ထိ စာအုပ်တွေဝယ်နေတုန်းပါပဲ။

ကျွန်တော်နေတဲ့မြို့လေးမှာ
ကျွန်တော်က ကျွန်တော်နေတဲ့မြို့ကလေးကို မမြင်ဖူးပါ
ကျွန်တော်နေတဲ့မြို့ကလေးကလည်း ကျွန်တော့်ကို မမြင်ဖူးပါ
ကျွန်တော်နေတဲ့မြို့ကလေးမှာ
ကျွန်တော် နေနေတုန်းပါ။


ဆရာ ကိုယက္ခ ရေးသားခြင်းဖြစ်ပါတယ်။ နှစ်သက်မိ၍ ပြန်လည်ခံစား တင်ပြခြင်းဖြစ်ပါတယ်။


လေးစားလျှက်
ရီနိုမာန်

12 comments:

နေဒေးသစ် said...

ကိုရီနိုရေးတာ ဖတ်ရတော့မှ ကျွန်တော်လည်း ကျွန်တော်နေတဲ့ မြို့ကလေးကို ပြန်သတိရသွားတယ် ...
ကျွန်တော်တို့ ဆီမှာလည်း အဲလိုပဲ ....
စနေ တနင်္ဂနွေလို နေ့မျိုးဆိုရင် လော်စပီကာနဲ့ အလှူခံတွေ ရှိတယ် .... နေ့လုံးပေါက် ညလုံးပေါက်နီးပါး ကြားရတယ် .... တစ်ခါတစ်လေ အဲ လို နာမည် ဆန်းဆန်းတွေလည်း ပါသေး .... တစ်ခါတစ်လေ အလှူရှင်နာမည် မှားအော်တာတို့ ဘာတို့လည်း ကြားရသေး .... ဗျိုင်းဖြူတော့ မရှိဘူး ... ဌက်ဆို စာကလေးလောက်ပဲ တွေ့ဖူးတယ် ... ကိုရီနိုနေတဲ့ မြို့လေးကတော့ ပိုပြီး နေချင်စရာ ကောင်းမယ် ထင်တယ် ...

လွမ်းသွားပြီဗျာ ....
နေဒေးသစ်။

သားကြီး said...

နဂါးနီသီချင်းတွေ
မီးဘေးရှောင်မလောင်ခင်တားတွေ
စည်ပင်ကားတွေရဲ့ တ ဒင်..ဒင်..ခေါင်းလောင်းသံတွေ
အလှူခံမဏ္ဍဆီက နှိုးဆော်သံတွေ
လက်ဖက်ရည်ဆိုင်ဂီတတွေ...
ကျနော်လည်း ကျနော့်မြို့လေးကို ပြန်လွမ်းသွားပြီဗျာ
...........
ပျော်ရွှင်ပါစေ။

chitpalone said...

ဟင့် မိုးချုန်းလို့ အိမ်ကိုလွမ်းပါတယ်ဆိုနေမှ အခုတော့ ပိုလွမ်းသွားပြီ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ရှင်ရဲထွတ် said...

ကျွန်တော်နေတဲ့ မြို့လေးမှာ ကျွန်တော်ရှိနေတုန်းပဲ
နှစ်သက်မိပါတယ်။

တောင်ပေါ်သား said...

တကယ့်ကို ကောင်းမွန်တဲ့ ကဗျာလေးပါပဲ ဖတ်ရတာ အရသာရှိ ပြန်လည် မြင်ယောင်လာနေမိတယ် တင်ပြပေးတဲ့ အတွက် ကျေးဇူး အကိုရေ..


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

ကဗျာလေး ဖတ်ရင်း ကျနော်နေတဲ့ မြို့ကလေး လွမ်းသွားတယ်ဗျာ။
ကျနော်တို့ မြို့မှာ ဘူတာရုံတော့ မရှိပါဘူး
လူတွေ ကျောက်တွင်းတူးဖို့ မြို့ကလေးကို ရောက်လာကြတယ်။ တစ်ချို့က တွင်းထဲ ၀င်သွားပြီး ပြန်ထွက်မလာကြဘူး။
တစ်ချို့ကလဲ ပြန်ထွက်လာပေမဲ့ လက်ဗလာ။
ရြတနာတွေ ကြွယ်ဝပေမဲံ အခြေမလှတဲ့ မြို့ကလေးမှာ
ကဗျာထဲက အသံတူတာတွေ ရှိနေပါတယ်။
ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ် ကိုရီနို။

ဂျပန်ကောင်လေး said...

ကြည်နူးစွာနဲ့ ဖတ်သွားတာ နောက်ဆုံးမှာ လည်ထွက်သွားတယ်... ဟီး

ဂျစ်တူးလေး said...

ဂျစ်နေတဲ့ မြို့လေးကို သတိရသွားတယ်...ကိုကြီးရေ

မနက်ဆိုရင် လမ်းထိပ်က ဓမ္မာရုံက
လော်စပီကာနဲ့ အလှူခံစအော်တာ ကြားရတယ်....
ဦး.....ဘယ်သူတဲ့ ...ဒေါ်....ဘယ်သူပေါ့...

ဂျစ်အလှူတော်ငွေ ထည့်ပြီးရင် ဂျစ်တို့မိသားစုက
အလှူတော်ငွေ ဘယ်လောက်ဆိုပြီး အော်ရင်
အလိုလို ပီတိဖြစ်နေရောပဲ....။

ဂျစ်လဲ ကိုကြီးနေတဲ့ မြို့လေးအကြောင်း လာခံစားဖတ်
သွားပါတယ်.....။

လေးစားစွာဖြင့်
ဂျစ်

ကိုလူထွေး said...

ဒီမှာတော့ စာကလေးရာသီရောက်နေပြီ..

မငုံ said...

မြို့လေးနဲ့ အိမ်ကို လွမ်းနေပါတယ်ဆိုမှ။ ကဗျာလေး ကောင်းတယ်။

မိုးခါး said...

ဘာလို့မမြင်တာလဲ မသိဘူးနော် .. ??????

မေလေး said...

နေမကောင်းလို့ အိမ်ကိုလွမ်းနေတာ ကိုကြီးလုပ်တာ ငိုချင်သွားပြီ။